အပိုင်း (၇၈)
ချန်ကျန့်သည် ခွေးအိမ်၏ လိုက်ကာကို ပိတ်လိုက်ပြီးနောက် ဘေးတံခါးမှတစ်ဆင့် ကဖေးဆိုင်ထဲသို့ ဝင်ကာ ဘေးနားရှိ ကုလားထိုင်တစ်လုံးတွင် ဝင်ထိုင်လိုက်ရင်း ဧည့်ကြိုကောင်တာဘက်သို့ လှမ်းကြည့်လိုက်သည်။
ယနေ့ညမှာ ဆွန်နာနာ တာဝန်ကျခြင်းဖြစ်ပြီး သူမသည် အနားယူသည့် ကုလားထိုင်ပေါ်တွင် အိပ်ပျော်နေလေသည်။
“ချွေတာနိုင်တာလေးတွေ ချွေတာရမှာပေါ့။ အလုပ်များတဲ့ ရာသီဆိုရင် ကားတစ်စီးတည်းနဲ့ မလောက်ဘူးလေ၊ အဲ့ဒါကြောင့် တစ်စီးဝယ်ဖို့ စဉ်းစားနေတာ”
ရှန်ယွီ၏ အသံမှာ အနည်းငယ် ဝင်နေသည်။ တစ်နေကုန် ကားစီးလာရသည့်အပြင် မိခင်ဖြစ်သူနှင့် ရင်ဖွင့်စကားများ ပြောထားရသဖြင့် သူ အနည်းငယ် ပင်ပန်းနေပုံရသည်။ သို့သော် သူ၏ စိတ်အခြေအနေမှာ ကောင်းမွန်နေပြီး ပျော်ရွှင်နေပုံလည်း ရလေသည်။
“ဒီကားက အသစ်တော့ မဟုတ်ပါဘူး၊ မောင်းထားတာ နှစ်တွေ အကြာကြီး ရှိနေပြီ။ ဒါပေမဲ့ အခု တည်းခိုခန်းမှာရှိတဲ့ မာဇဒါ (Mazda) ထက်တော့ အများကြီး ပိုကောင်းပါတယ်”
“ဘယ်လိုကားမျိုးလဲဟင်” ချန်ကျန့်က အသံတိုးတိုးဖြင့် မေးလိုက်သည်။
“မာစီးဒီး (Mercedes) S500 လေ။ ငါ့အမေက ကားဝယ်တဲ့နေရာမှာ တော်တော်လေး နှိမ့်ချတတ်တယ်”
“အဲ့ဒါက နှိမ့်ချတာလား။ ပြီးတော့ အဲ့ဒါက တစ်ပတ်ရစ် မာဇဒါထက် ‘နည်းနည်းလေး’ ပိုကောင်းတာပဲလား”
“ဟား ဟား နှစ်စီးလုံးက တစ်ပတ်ရစ်တွေပဲဟာကို”
“ဒီနေ့... စကားတွေ အများကြီး ပြောဖြစ်ကြလား” ချန်ကျန့် မနေနိုင်ဘဲ မေးလိုက်မိသည် ။
“ဒါမှမဟုတ် အမေ့ဆီက ကားပဲ တောင်းလိုက်တာလား”
“ပြောဖြစ်တာပေါ့။ ကားတောင်းပြီးမှ စကားတွေ ပြောဖြစ်ကြတာ”
ဘော့စ်ရှန် ရဲ့ အရင်းရှင် စိတ်ဓာတ်ကတော့ ဘယ်နေရာမဆို ပါတာပဲ....
“ဘယ်လို အခြေအနေ ရှိလဲဟင်”
ချန်ကျန့် ချက်ချင်းပင် ကိုယ်ကို မတ်လိုက်သည်။
“မား က... ငါ့ကို စကားပြောချင်နေတာ ကြာပြီတဲ့။ သူ့မှာ အခွင့်အရေး မရခဲ့လို့ပါ၊ ငါတို့ မတွေ့ဖြစ်ကြတာ နှစ်တွေ ကြာပြီပဲဟာ”
“ဒါပေါ့၊ အမေက တည်းခိုခန်းကိုတောင် ဖုန်းလှမ်းဆက်ခဲ့သေးတာပဲ ။ ဒါဆို... အမေနဲ့ စကားပြောပြီးတော့ မင်း ဘယ်လို.... ခံစားရလဲ”
ချန်ကျန့် အလွန် သတိထားကာ မေးလိုက်ခြင်း။ ပုံမှန်အားဖြင့် ရှန်ယွီ၏ စိတ်ခံစားချက်ကို ခန့်မှန်းရ ခက်ခဲသည်လေ။ စကားပြောလို့ အဆင်ပြေသွားလို့ စိတ်ပျော်နေတာလား၊ ဒါမှမဟုတ် အဆင်မပြေလို့ စိတ်လေနေတာလားဆိုတာ ချန်ကျန့် မဝေခွဲတတ်ပါဘူး။
“အဆင်ပြေပါတယ်” ရှန်ယွီ ခေတ္တမျှ တန့်သွားပြီး သက်ပြင်းအသာ ချလိုက်သည်။
“အမှန်တော့ အရာအားလုံးက ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ မိသားစုနဲ့ ငါ့ရဲ့ ဆက်ဆံရေးက... စကားတစ်ခါ ပြောလိုက်ရုံနဲ့တင် ချက်ချင်းကြီး ရင်းနှီးသွားမှာတော့ မဟုတ်ဘူးလေ။ ဒါပေမဲ့ ဒီနှစ်တွေ အကြာကြီးမှာ ငါ့ဘာသာ တွေးမိခဲ့တာတွေ ရှိပေမဲ့၊ အမေ ကိုယ်တိုင် ပြောတာကို ကြားလိုက်ရတော့.... ခံစားချက်က ကွဲပြားသွားတာပေါ့”
“အင်း…အခုတော့ စိတ်ပေါ့ပါးသွားပြီ မဟုတ်လား”
ချန်ကျန့် အသံလေးက တိုးတိုးနွေးနွေးရယ်…
“အများကြီး ပေါ့ပါးသွားပါပြီ။ အထူးသဖြင့် မင်း ပို့လိုက်တဲ့ စာကို ဖတ်ပြီးတဲ့နောက်မှာပေါ့”
“ကျွန်တော့်ကို မြှောက်ပင့်မနေပါနဲ့။ ကျွန်တော်က.... စိုးရိမ်လို့ပါ။ မင်းကတော့ ဒါမျိုးတွေကို သတိပေးနေစရာ မလိုတဲ့ လူစားမျိုးပါ”
“လိုတာပေါ့။ လူတိုင်းက အမြင်ချင်း မတူကြဘူးလေ။ အချို့အရာတွေကိုတော့ ထုတ်ပြောဖို့ လိုတာပဲ။ ငါ့ရဲ့ စွမ်းအားတွေကလည်း အမြဲတမ်း အလုပ်လုပ်နေတာမှ မဟုတ်တာ”
“ဟုတ်ပါပြီ”
“ဒီနေ့ အလုပ်အခြေအနေကော ဘယ်လိုလဲ”
ချန်ကျန့်သည် ဧည့်ကြိုကောင်တာမှာ အိပ်ပျော်နေသော ဆွန်နာနာကို တစ်ချက် လှမ်းကြည့်လိုက်ပြီး အသံတိုးတိုးဖြင့်ပင် ဆက်ပြောသည် ။
“အကုန် အဆင်ပြေပါတယ်၊ ဘာပြဿနာမှ မရှိပါဘူး။ လောင်ဝူ ပန်းခြံထဲမှာ ဆေးလိပ်သောက်လို့ ဧည့်သည်က လာတိုင်တာ တစ်ခုပဲ ရှိတာပါ”
“အားတဲ့အခါ သူတို့ကို အစည်းအဝေး ခေါ်လိုက်ဦး၊ စည်းကမ်းတွေကို သေသေချာချာ ပြန်ပြောပြလိုက်။ အရင်ကတော့ ဧည့်သည်နည်းလို့၊ သူတို့ကလည်း အသစ်တွေမို့လို့ ငါ လျစ်လျူရှုပေးထားတာလေ။ ဒါပေမဲ့ နောင်ကျရင်တော့ ဒါမျိုးတွေကို လက်ခံမှာ မဟုတ်ဘူး။ သူတို့ရဲ့ လမ်းသရဲ အကျင့်တွေကို ဖျောက်ရမယ်”
“ဟုတ်ကဲ့…အခုတော့ မင်းက တကယ့် ဘော့စ်တစ်ယောက်နဲ့ တူနေပြီနော်”
“စီအီးအိုလျူ အနားမှာ နေရတော့လည်း ကူးစက်တာပေါ့ ။ ဒီနေ့ ဆေးရုံမှာ မားက သူ့လက်ထောက်ကို စကားပြောနေတာ ကြည့်ပြီး၊ ငါတောင်မှ နံရံမှာ ကပ်ပြီး မတ်မတ်ရပ်နေမိမလို ဖြစ်သွားတယ်”
“ပြီးခဲ့တဲ့ တစ်ခေါက်က အမေ့ဖုန်းကို ကျွန်တော် ကိုင်တုန်းကဆိုရင်၊ သူ ပြောတဲ့ သုံးခွန်းတည်းနဲ့တင် ကျွန်တော့် ကျောတွေတောင် တောင့်ကုန်တာ”
“ဟား ဟား မားက မင်းကို အခုထိ မှတ်မိနေတုန်းပဲ”
“...ဘာကို မှတ်မိတာလဲ” ချန်ကျန့် ရုတ်တရက် ထိတ်လန့်သွားပြီး သူ ဘာတွေ ပြောခဲ့မိလဲဆိုတာ အသည်းအသန် ပြန်စဉ်းစားနေမိသည်။
“ပြီးခဲ့တဲ့ တစ်ခေါက်က.... ကျွန်တော် အများကြီး မပြောမိပါဘူးနော်။ သူ မှတ်မိစရာ မရှိပါဘူး”
“မျက်နှာပြောင်တိုက်ပြီး အတည်ကြီး လိမ်ပြောနေတဲ့ မင်းပုံစံကို ဘယ်သူမဆို စွဲထင်နေမှာပေါ့”
“မင်းပဲ အဲ့ဒီလို ပြောခိုင်းတာလေ”
ချန်ကျန့်က အသံကို နှိမ့်ပြီး အံကြိတ်ကာ ပြောလိုက်သည်။
“အင်းလေ။ မန်နေဂျာ ဆိုတာ အဲ့ဒါအတွက် ရှိတာပေါ့”
ချန်ကျန့် သက်ပြင်းချလိုက်ပြီးမှ တစ်ခုခုကို သတိရကာ စိုးရိမ်တကြီး မေးလိုက်သည်။
“မင်းတို့ ရင်ဖွင့်ကြတာက တည်းခိုခန်း ကိစ္စတွေချည်းပဲလား”
“မဟုတ်ပါဘူး”
“အော်...”
ချန်ကျန့် ဆက်မမေးတော့ပါဘူး။ ၎င်းမှာ အလွန် ပုဂ္ဂိုလ်ရေး ဆန်လှသော ကိစ္စဖြစ်သဖြင့် ရှန်ယွီ မပြောချင်လျှင် သူ မမေးသင့်ပါဘူး။
“ငါ့ရဲ့ ငယ်ဘဝ အကြောင်းတွေကို ပြောဖြစ်ကြတာပါ ။ ခေါင်းထဲမှာလည်း ရှုပ်နေတာပဲ။ ပြန်ရောက်မှပဲ ဖြည်းဖြည်းချင်း ပြောပြတော့မယ်”
သေချာတာပေါ့၊ ရှန်ယွီသာ ပြောပြချင်လျှင် သူ သေချာပေါက် နားထောင်ပေးမှာပါ။
“အင်း…အစကတော့ မင်း နှစ်သစ်ကူးမှာ အိမ်မပြန်ဘူးလို့ စီစဉ်ထားတာလေ။ အခုကျတော့....”
“လောလောဆယ်တော့ နှစ်သစ်ကူးကို အိမ်မှာ ကုန်ဆုံးဖို့ အစီအစဉ် မရှိသေးပါဘူး ။ ဒါပေမဲ့ မား ရဲ့ အခြေအနေကို ကြည့်ဖို့အတွက် ဒီတစ်ခါတော့ ရက်ပိုင်းလောက် ပိုနေဖြစ်မယ် ထင်တယ်။ မား က အမြဲတမ်း အဆင်ပြေပါတယ်လို့ ပြောပေမဲ့၊ သူက အောင့်ထားတတ်တဲ့ လူစားမျိုးလေ။ အမှန်အတိုင်း မပြောမှာကို ငါ စိုးရိမ်လို့ပါ။”
“အင်း…အမေနဲ့ အချိန်ပိုပေးလိုက်ပါဦး။ လျူဝူတောင်မှ မင်းကို လပိုင်းလောက် မတွေ့ရရင် ရူးမတတ် ဖြစ်နေတာလေ၊ မားကတော့ သားဖြစ်သူကို မတွေ့ရတာ နှစ်တွေ ကြာလှပြီ မဟုတ်လား.... ဘာပဲဖြစ်ဖြစ် ဒီမှာတော့ နှစ်သစ်ကူး မတိုင်ခင် ထူးထူးခြားခြား ဖြစ်စရာ မရှိပါဘူး။ ဦးလေးဒင်ကိုလည်း ကျွန်တော် မေးပြီးသားပါ”
“လောင်ဝူ့ ကိစ္စကို မင်း ဘယ်လို ဖြေရှင်းလိုက်လဲ”
“အဲ့ဒါကတော့.... ဧည့်သည်က ပြဿနာ အကြီးကြီး မလုပ်ချင်ပါဘူး၊ သတိပေးပေးဖို့ပဲ ပြောသွားတာပါ။ ပြီးတော့ ဓာတ်ပုံပါ တွဲရိုက်သွားသေးတယ်....”
ချန်ကျန့် စကားမဆုံးသေးမီမှာပင် ရှန်ယွီက ဖြတ်မေးလိုက်သည်။
“ဓာတ်ပုံ။ သက်သေ အဖြစ်နဲ့လား”
“မဟုတ်ပါဘူး၊ ဧည့်သည်က ကျွန်တော်နဲ့ ဓာတ်ပုံတွဲရိုက်ပြီးမှ ထွက်သွားတာပါ ။ ပြီးမှ ကျွန်တော် လောင်ဝူ့ကို သွားရှာလိုက်တာ....”
“ဧည့်သည်က မိန်းကလေး မဟုတ်လား”
“ဗျာ” ချန်ကျန့် ရိပ်မိသွားသည် ။
“...အာ၊ ဟုတ်ကဲ့”
ရှန်ယွီက “တောက်” တစ်ချက် ခေါက်လိုက်သည်။
“အဓိကကတော့ သူက တော်တော် ယဉ်ကျေးလို့ပါ.... ပြီးတော့ လောင်ဝူက သူ့ရှေ့တင် ဆေးလိပ်သောက်နေတာဆိုတော့....”
ရှန်ယွီက နောက်တစ်ခါ ထပ်ပြီး “တောက်” ခေါက်ပြန်သည်။
“ဓာတ်ပုံရိုက်တာပဲဟာ၊ ဘာဖြစ်လို့လဲ” ချန်ကျန့်က မေးသည်။
ရှန်ယွီကတော့ “တောက်” ကို ဆက်တိုက် ခေါက်နေတော့သည်။
“သာမန် ဓာတ်ပုံတစ်ပုံပါပဲဗျာ” ချန်ကျန့် ရယ်မောလိုက်မိသည်။
ရှန်ယွီကတော့ “တောက်၊ တောက်၊ တောက်” နှင့် မရပ်မနား လုပ်နေလေသည်။
“မင်းက ခွေးကို စနေတာလား!” ချန်ကျန့်ကလည်း ပြန်ပြီး “တောက်” ခေါက်လိုက်သည်။
“မင်းကို စနေတာလေ။ မှိုလေးတောင်မှ လူတွေနဲ့ ဓာတ်ပုံ တွဲမရိုက်ဘူး”
“မှိုလေးကတော့ နေ့တိုင်း အပွေ့ခံပြီး ဓာတ်ပုံရိုက်ခံနေရတာပဲဟာ”
“မင်း သဝန်တိုနေတာလား”
ချန်ကျန့် သက်ပြင်းချလိုက်မိသည် ။
“နောက်ခါကျရင်တော့ ငြင်းလိုက်ပါ့မယ်”
“နောက်တစ်ခါတောင် ရှိသေးတာလား။ လူတွေက မင်းနဲ့ ဓာတ်ပုံခဏခဏ တွဲရိုက်ချင်ကြတာလား။ ဟား ငါတို့ မန်နေဂျာက တော်တော်လေး ဆွဲဆောင်မှု ရှိတာပဲနော်”
“...ဘော့စ်ကိုတော့ ဘယ်မီပါ့မလဲ” ချန်ကျန့်က ပြန်ပက်လိုက်သည်။
“ဘော့စ်သာ တစ်နေကုန် ရုံးခန်းထဲမှာ အောင်းမနေရင်၊ ဘော့စ်ရဲ့ ပုံတွေက နေရာအနှံ့ ပျံနှံ့နေမှာ သေချာတယ်”
“ပြန်ပြောတတ်နေပြီပေါ့ ဟုတ်လား”
ရှန်ယွီက ထပ်ပြီး “တောက်” ခေါက်ပြန်သည်။
“မင်း ရှောင်သိုအာ ကို ‘အစ်မ’ လို့ပဲ ခေါ်လိုက်ပါတော့လား”
ချန်ကျန့် စကားကြောင့် ရှန်ယွီ အားရပါးရ ရယ်မောလိုက်တော့သည်။
“မင်း အိပ်တော့လေ။ ငါလည်း ဒီနေ့တော့ အိပ်ပျော်မယ် ထင်တယ်။ ခေါင်းထဲမှာလည်း ထုံကျင်ကျင်နဲ့၊ တော်တော်လည်း ပင်ပန်းနေပြီ”
“အဲ့ဒါ မင်းဦးနှောက်ထဲမှာ ပိုးကောင်တစ်ကောင် ရှိနေလို့ ဖြစ်မှာပါ”
ချန်ကျန့်က ဆိုပြီးမှ သူကိုယ်တိုင်လည်း ပင်ပန်းနေသဖြင့် ဘာတွေ ပြောမိမှန်း မသိဖြစ်သွားရသည်။
“မင်းဦးနှောက်ထဲမှာ လောင်ဝူ ရောက်နေတာ ဖြစ်မှာပါ”
ချန်ကျန့် ရယ်မောလိုက်မိသည်။
“ကျွန်တော်လည်း နည်းနည်းတော့ ပင်ပန်းနေပြီ။ တစ်နေကုန် မင်းကိစ္စတွေကိုပဲ စဉ်းစားနေမိလို့ပါ။ ပုံမှန်ဆိုရင် လုပ်စရာတွေ များပေမဲ့ ဦးနှောက် သုံးစရာ သိပ်မလိုဘူးလေ”
“အိပ်တော့နော်” ရှန်ယွီက တိုးတိုးလေး ပြောလိုက်သည်။
“အိပ်မပျော်ရင် စာပို့လိုက်နော်၊ ကျွန်တော် ကြားမှာပါ”
“အိုကေ”
“ဝမ်အန်း ပါ”
“ဝမ်အန်း ။ ချန်ကျန့် မင်း မနက်ဖြန် နိုးရင်လည်း ငါ့ကို စာပို့ဦးနော်”
“အင်း၊ ဝမ်အန်း”
“ဝမ်အန်း”
“အင်း”
“မင်း မပင်ပန်းသေးရင် သွားပြီး ခွေးကြောင်းလိုက်ဦး၊ ဒီဖုန်းက မချနိုင်သေးဘူးလား၊ ‘အင်း’ တစ်ခွန်း ထပ်ပြောရဲ ပြောကြည့်စမ်း” ရှန်ယွီက တရစပ် ပြောလိုက်သည်။
ချန်ကျန့် ရယ်မောလိုက်ပြီး၊ နောက်ဆုံး ‘အင်း’ တစ်ခွန်းကို ပြောကာ ဖုန်းကို အမြန် ချလိုက်တော့သည်။
စက္ကန့်အနည်းငယ် အကြာတွင် ရှန်ယွီဆီမှ စာဝင်လာသည်။
[Fa Dan Ke Chen] : မင်း ‘အင်း’ တစ်ခွန်း ထပ်ပြောရဲ ပြောကြည့်စမ်း။
[ချန်လေး] : မင်းက မပြောနဲ့ဆိုလို့ ‘အိုကေ’ လို့ ပြောမလို့ပဲ၊ အော်... အဲ့ဒါက စာပို့တာကို ပြောတာပေါ့။ အင်း။
ချန်ကျန့် သတိထားမိလိုက်သည်မှာ ထိုအချိန်တိုလေးအတွင်းမှာပင် ရှန်ယွီသည် သူ၏ Profile ပုံကို ယောင်ယီ ရိုက်ပေးထားသော သူတို့နှစ်ယောက်တွဲပုံလေး ပြောင်းလိုက်ခြင်းပင် ဖြစ်သည်။ သူသည် ထိုပုံကို နှိပ်ကြည့်ကာ ရှန်ယွီ၏ မျက်နှာကို ငေးကြည့်နေမိသည်။ ခုနကတင် ဖုန်းပြောလို့ ပြီးတာကို၊ လွမ်းတဲ့စိတ်က ချက်ချင်း ပြန်ပေါ်လာပြန်ပြီ။
ဒီတစ်နေကုန် ဖုန်းပြောခဲ့သမျှ အချည်းနှီးပါပဲလား....။
သူ ထရပ်လိုက်ပြီး ဆိုင်ထဲကို နောက်တစ်ခေါက် ကင်းပတ်ကြည့်ကာမှ အိပ်ဆောင်သို့ ပြန်ခဲ့တော့သည်။
အကယ်၍ သူ တာဝန်ကျသည့် နေ့မဟုတ်လျှင် ချန်ကျန့်မှာ ပုံမှန်အားဖြင့် မနက် ၇ နာရီမှာ နိုးလေ့ရှိသည်။ ယနေ့လည်း အတူတူပါပဲ။ သို့သော် အလိုအလျောက် နိုးလာခြင်း မဟုတ်သလို၊ နှိုးစက်ကြောင့် နိုးလာခြင်းလည်း မဟုတ်ပါဘူး။ စိတ်လှုပ်ရှားနေသော ဆန်းပင်း၏ ဆွဲနှိုးမှုကြောင့် နိုးလာခြင်း ဖြစ်သည်။ သူ မျက်လုံးပွင့်လာသည့် အခိုက်အတန့်တွင် ဆန်းပင်းကို ပြတင်းပေါက်ကနေ လွှတ်ပစ်လိုက်ချင်စိတ် ပေါက်သွားသော်လည်း၊ အပြင်ဘက်မှ ရန်ဖြစ်သံများကို ကြားလိုက်ရသည်။
“သူတို့တွေ ချတော့မယ် ထင်တယ်!”
ဆန်းပင်းက ချန်ကျန့်၏ လက်မောင်းကို အသည်းအသန် ဆွဲရင်း…
“ငါတို့ သွားကြည့်ကြမလား၊ ဒါမှမဟုတ် သွားဖျန်ဖြေပေးရမလား။ အရင်သွားကြည့်ပြီးမှ အခြေအနေ မဟန်ရင် ဝင်ဖျန်ဖြေကြမလား”
“ဘယ်သူလဲ”
ချန်ကျန့် ထရပ်လိုက်ရာ၊ အာဟူနှင့် လောင်စစ်တို့မှာ ပြတင်းပေါက်မှာ ကပ်ပြီး အောက်ကို ငုံ့ကြည့်နေကြသည်ကို တွေ့ရသည်။
“ဒါ့လီ နဲ့ သူ့ဆိုင်က စားပွဲထိုး တစ်ယောက်လေ” ဆန်းပင်းက ဆိုသည်။
ချန်ကျန့် သက်ပြင်းအရှည်ကြီး တစ်ချက် ချလိုက်နိုင်တော့သည်။ တာယွင်က လူတွေ မဟုတ်သရွေ့တော့ အရာရာက ကိုင်တွယ်ရ လွယ်ကူပါသေးသည်။ တကယ်တော့လည်း တာယွင်က လူတွေမှာ ရန်ဖြစ်ခဲလှသည် မဟုတ်ပါလော။ ဖြစ်လျှင်လည်း ဧည့်သည်နှင့်သာ ဖြစ်မှာပေါ့။
ချန်ကျန့် အဝတ်အစားလဲပြီး အောက်ထပ် ဆင်းလာခဲ့သည်။ ဆူညံသံကြောင့် နိုးလာကြသော လူတစ်စုလည်း သူ့နောက်မှ ချက်ချင်း လိုက်လာကြတော့သည်။ အားလုံးမှာ အိပ်ရေးမဝသဖြင့် မျက်လုံးများ နီနေကြသော်လည်း၊ ပြဿနာကို သွားကြည့်ချင်သည့် စိတ်ကိုတော့ မထိန်းနိုင်ကြပါဘူး။
“အမလေး... တကယ်ပါပဲ” ဟူဖန်မှာ ပေါက်ကွဲနေသော ဆံပင်အဖွာသားဖြင့် ပြေးဆင်းလာသည် ။
“ဒါ့လီ့ စရိုက်နဲ့ဆိုရင် တစ်နေ့နေ့ သူ့ဝန်ထမ်းနဲ့ ရန်ဖြစ်မယ်ဆိုတာ ငါ သိသားပဲ....”
“သူက အရိုက်ခံချင်နေတာလေ။ သူက မန်နေဂျာ အသေးစားလေး ဖြစ်ပြီးတော့၊ တကယ့် ဘော့စ်ကြီးလိုမျိုး ဟန်လုပ်နေတာ။ အောင်မြင်မှု အနည်းငယ် ရရုံနဲ့ ဘဝင်မြင့်နေတဲ့ လူစားမျိုး....”
အာဟူဝင် ဝေဖန်သည်။
“သူ့ရာထူးက ချန်ကျန့်နဲ့ အတူတူပဲ မဟုတ်လား” လောင်ဝူက အနောက်မှ လှမ်းမေးသည်။
“မင်းကတော့ တည့်တိုးကြီး ပြောရမှလား” အာဟူက ဆူလိုက်သည်။
“ဘော့စ် ပြောတဲ့ စကားကို လျစ်လျူမရှုသင့်ဘူးလေ” ချန်ကျန့်က ဝင်ပြောလိုက်သည်။
“ငါ မင်းကို ပြောတာ မဟုတ်ပါဘူး” အာဟူက ချန်ကျန့်ကို တစ်ချက် လှမ်းကြည့်သည်။
“အင်း... သိပါတယ်”
အာဟူသည် သူ၏စကားမှာ သိပ်ပြီး အဆင်မပြေဖြစ်သွားမှန်း သိသဖြင့်၊ မရှိသော ဘော့စ်ဖြစ်သူကိုပါ ဆွဲထည့်လိုက်ပြန်သည်။
“မင်းက ဒါ့လီနဲ့ မတူပါဘူး။ ဘာပဲဖြစ်ဖြစ် ငါတို့ တာယွင်မှာတော့.... ရှန်ယွီက ဘာမှ မစီမံဘူးလေ”
“ရှင်ကတော့ တကယ် စကားပြောတတ်တာပဲ” ဟူဖန်က ဆိုလိုက်သည်။
ချန်ကျန့် ရယ်မောလိုက်မိသည်။ ဤစကားကို အသံသွင်းထားပြီး နောက်ကျမှ ရှန်ယွီ့ကို အကြိမ်ကြိမ် ပြန်ဖွင့်ပြလိုက်ချင်စိတ် ပေါက်သွားသည်။
အခုမှ မိုးသောက်ကာစ ရှိသေးသဖြင့် တည်းခိုခန်း တစ်ခုလုံးမှာ တိတ်ဆိတ်နေလေသည်။ ဘေးက လျန်ရွီ ဆိုင်မှ အော်ဟစ်သံများကိုသာ ကြားနေရခြင်း ဖြစ်သည်။ သူတို့ အနောက်တံခါးဘက်သို့ ပြေးသွားသည့်အခါ၊ ဆွန်နာနာ တစ်ယောက် အနွေးထည် အကြီးကြီးကို ခြုံကာ အနောက်တံခါးမှာ ကပ်ပြီး ကြည့်နေသည်ကို တွေ့ရသည်။ သူမသည် ဧည့်သည်တစ်ယောက် ပေးသွားပုံရသော စပျစ်သီးခြောက်ထုပ်ကို ကိုင်ကာ တစ်လုံးပြီးတစ်လုံး ပါးစပ်ထဲ ထည့်စားနေလေသည်။
“ရောက်လာကြပြီလား”
သူတို့ကို မြင်သည့်အခါ ဆွန်နာနာက သူမလက်ထဲက စပျစ်သီးခြောက်များကို ကမ်းပေးသည် ။
“ရော့... စားကြဦး”
“ဘာတွေ ဖြစ်နေတာလဲ”
ဟူဖန်က တစ်ဆုပ်စာ နှိုက်ယူပြီး ပါးစပ်ထဲ အကုန် ထည့်ဝါးရင်း လှမ်းကြည့်လိုက်သည်။
“ရိုင်းလိုက်တာ” ဆွန်နာနာက သူ့ကို မျက်စောင်းထိုးသည်။
“ဒါက ကျက်သရေ ရှိတာလေ”
ဟူဖန်က ဆိုကာ နောက်ထပ် တစ်လုံးကို ယူပြီး သွားလေးဖြင့် ကိုက်ကာ စားပြသည်။
“အချိန်ပို ကိစ္စထင်တယ်”
ဆွန်နာနာက အသံတိုးတိုးဖြင့် ဆိုသည်။
“ဒုတိယထပ်မှာ စပြီး ရန်ဖြစ်နေကြတာ၊ အခုတော့ ပထမထပ် ရောက်လာပြီ။ ခဏနေရင် ဝင်းထဲ ထွက်လာကြတော့မှာ”
ဆွန်နာနာ စကားပြောပြီးသည်နှင့် လျန်ရွီ စားပွဲထိုး ယူနီဖောင်း ဝတ်ထားသော အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး အမျိုးသား တစ်ဦးမှာ ဆဲဆိုရင်း ထွက်လာသည်ကို တွေ့လိုက်ရသည်။
ချန်ကျန့်၏ အတွေးမှာ ပြဿနာကြည့်နေရင်းမှ လမ်းလွဲသွားပြန်သည်။
အရာရှိတွေတောင် လာစစ်သွားပြီပဲ။ ငါတို့လည်း နောက်ကျရင် ပိုပြီး စနစ်ကျသွားအောင် ယူနီဖောင်းတွေ လုပ်သင့်လား မသိဘူး....
“ငါ တကယ်ကို သည်းမခံနိုင်တော့ဘူး! နှစ်လရှိပြီ၊ ငါ တစ်ရက်မှ အနားမရသေးဘူး! ခွင့်တစ်ရက် တောင်းဖို့ကိုတောင် မင်းရဲ့ မျက်နှာကို ကြည့်နေရသေးတယ်”
ထိုအမျိုးသားက မြေပြင်ပေါ် တံတွေးထွေးရင်း အော်ဟစ်တော့သည်။
“မင်းက တကယ်ကြီး ဒီဆိုင်ကို မင်းပိုင်တယ်လို့ ထင်နေတာလား! ဒီဆိုင်ရဲ့ မျိုးရိုးနာမည်က လီ လို့ ခေါ်သလား!”
ချန်ကျန့်၏ လွင့်နေသော အတွေးများ ပြန်ရောက်လာခဲ့သည်။
“မျိုးရိုးနာမည်က ဟယ် ပါ” ဆန်းပင်းက တိုးတိုးလေး ဝင်ပြောသည်။
“မင်း အရက်မူးပြီး ရူးမနေနဲ့!” ဒါ့လီက ထိုသူကို လက်ညှိုးထိုးရင်း ဆိုင်ထဲမှ ထွက်လာသည်။
“မင်း နေ့တိုင်း သိုလှောင်ရုံထဲမှာ ဖုန်းဘယ်လောက် ခိုးကစားလဲဆိုတာ ငါ မသိဘူးလို့ ထင်နေလား။ ခွင့်ရက်တောင်းချင်တယ် ဟုတ်လား။ မင်း ရသင့်တဲ့ ခွင့်ရက်တွေ အကုန်လုံးက ဖုန်းကစားရင်းနဲ့ ကုန်သွားပြီလေ!”
ချန်ကျန့် ဘေးက ဝက်ခြံဂိုဏ်းသားများကို လှမ်းကြည့်လိုက်သည်။
“ငါတို့ကို လာမကြည့်နဲ့။ ငါတို့က ဇရပ်မှာ ဆေးလိပ်သောက်တာလေ၊ သိုလှောင်ရုံမှာ မဟုတ်ဘူး”
“မင်းတို့က အအေးဒဏ် ပိုခံနိုင်တာကိုး”
အာဟူ့ စကားကို ချန်ကျန့်က ချက်ချင်း ပြန်ပက်လိုက်၏။
၎င်းမှာလည်း အမှန်တရား တစ်ခုပါပဲ။ အရင်က ဝက်ခြံဟောင်းမှာ သူတို့ စုဝေးခဲ့ကြစဉ်က ထိုပျက်စီးနေသော တဲအိုလေးမှာ လေတောင် ကောင်းကောင်း မကာကွယ်နိုင်ပါဘူး။ အအေးဒဏ် သက်သာအောင် မီးဖိုပြီး နေခဲ့ရသည် မဟုတ်ပါလော။ သူတို့က လေ့ကျင့်သား ရနေပြီးသား။
“ငါတို့က သိုလှောင်ရုံထဲမှာ ခိုးနားတာက အနားယူချိန် မရှိလို့လေ! မင်းလို ကောင်ကတော့လေ!”
ထိုအမျိုးသားက ရုတ်တရက် အော်ဟစ်လိုက်ပြီး သူ၏ လက်ကို ပြင်းပြင်းထန်ထန် ဝှေ့ယမ်းလိုက်သည်။ထိုအခိုက်အတန့်တွင် သူ၏ အင်္ကျီလက်ထဲမှ သတ္တုရောင် တလက်လက်နှင့် အရာတစ်ခု လျှောထွက်လာခဲ့သည်။
“ဟာ!”
ချန်ကျန့် လန့်သွားပြီး နောက်တစ်စက္ကန့်မှာပဲ ပြေးထွက်သွားတော့သည်။ အာဟူသည်လည်း ဘာမှမပြောဘဲ ချန်ကျန့်နှင့် တစ်ပြိုင်နက်တည်း လျန်ရွီ ဝင်းထဲသို့ ပြေးဝင်သွားခဲ့သည်။
“သတိထားဦး!” ဆွန်နာနာလည်း အတိုင်းသား မြင်လိုက်ရသဖြင့် အနောက်မှနေ၍ ခုန်ပေါက်ကာ အော်ဟစ်နေတော့သည် ။
“ဖန်ဖန်... ပြန်လာခဲ့! ဘာသွားလုပ်တာလဲ!”
“နာနာ နင် လိုက်ဝင်မလာနဲ့နော်”
ဟူဖန်က လှမ်းအော်ရင်း ယောကျ်ားလေးများနောက်သို့ လိုက်သွားခဲ့သည်။
ထိုအမျိုးသား၏ လက်ထဲတွင် အရှည် တစ်ပေခန့်ရှိသော ပြုပြင်ထားသည့် ဝက်အူလှည့် အကြီးကြီး တစ်ခု ပါလာခဲ့သည်။ သူတို့ လျန်ရွီ ဝင်းထဲသို့ ပြေးဝင်သွားသည့် အချိန်တွင် ထိုသူမှာ ဒါ့လီကို လိုက်ထိုးရန် ဆိုင်ထဲသို့ ပြန်ဝင်သွားလေပြီ။
သူတို့ အထဲရောက်သွားသည့်အခါ ဒါ့လီ၏ အော်ဟစ်သံကို ကြားလိုက်ရသည်။
“ရဲခေါ်ကြပါဦး! သူ့ကို တားကြပါဦး! တစ်ယောက်ယောက် တားပေးကြပါ”
တာယွင်နှင့် မတူဘဲ လျန်ရွီ၏ ဝန်ထမ်းအများစုမှာ မိန်းကလေးများ ဖြစ်ကြသည်။ ၎င်းတို့ထဲတွင် ဟူဖန်ကဲ့သို့သော အမျိုးအစားလည်း မပါဝင်ချေ။ ထို့ကြောင့် မည်သူမျှ သွားမတားရဲကြဘူး။
ထိုအမျိုးသားနှင့် ဒါ့လီကြားတွင် မည်မျှလောက်အထိ နက်ရှိုင်းသော ပဋိပက္ခရှိသလဲဆိုတာ ချန်ကျန့် မသိသော်လည်း၊ သူသာ ဒေါသနှင့် ထိုးလိုက်လျှင်တော့ တန်းပြီး သေသွားနိုင်သည်လေ။ ၎င်းမှာ ကြီးမားလှသော အဖြစ်အပျက်ကြီး ဖြစ်သွားမှာ သေချာပါသည်။
ကံကောင်းထောက်မစွာဖြင့် ထိုအမျိုးသားမှာ အပြေးမမြန်ပါဘူး။ ချန်ကျန့်က ခြေလှမ်းအနည်းငယ်အတွင်းမှာပင် မီသွားခဲ့သည်။ ထိုသူက ဒါ့လီကို လှေကားပေါ်အထိ လိုက်ရန် ပြင်စဉ်မှာပင် ချန်ကျန့်က သူ၏ ကျောပြင်ကို အားပြင်းပြင်းနှင့် ကန်လိုက်တော့သည်။
ထိုသူ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်နှင့် အာဟူက အပေါ်မှ ဖိချလိုက်ပြီး ဝက်အူလှည့်ကို ကိုင်ထားသော လက်ကို ဖမ်းချုပ်လိုက်သည်။
“ငါ့ကို လွှတ်စမ်း!” ထိုသူက ရုန်းကန်ရင်း အော်ဟစ်နေတော့သည်။
“ငါ သည်းမခံနိုင်တော့ဘူး! အဲ့ဒီကောင်ကို ငါ သတ်ပစ်မယ်!”
“မင်း သူ့ကို သတ်လို့ မရဘူး!” ချန်ကျန့် အနားသို့ သွားကာ ဝက်အူလှည့်ကို ကန်ထုတ်လိုက်ပြီး အသံနှိမ့်ကာ ဆိုလိုက်သည်။
“မင်းကိုယ်မင်း ဖျက်ဆီးရာ ရောက်လိမ့်မယ်!”
“မင်းက ငါ့ကို သတ်ချင်တယ် ဟုတ်လား။ မင်းကိုယ်မင်း ဘာလဲဆိုတာ ပြန်ကြည့်ဦး....”
ဒါ့လီသည် အခြေအနေကို ထိန်းချုပ်လိုက်နိုင်ပြီမှန်း သိသည်နှင့် လှေကားပေါ်မှ ပြန်ဆင်းလာပြီး ထိုသူကို လက်ညှိုးထိုးကာ ဆဲဆိုတော့သည် ။
“ငါ ပြောလိုက်မယ်....”
“ပါးစပ်ပိတ်ထားစမ်း!”
ချန်ကျန့် ဒါ့လီကို စူးစူးရဲရဲ စိုက်ကြည့်ကာ အသံမာမာဖြင့် ဆိုလိုက်သည်။
“နောက်တစ်ခွန်း ထပ်ပြောရင် သူ့ကို ငါ လွှတ်ပေးခိုင်းလိုက်မယ်”
ဒါ့လီ တန့်သွားပြီး ဘာမှ ထပ်မပြောတော့ပါဘူး။
“လွတ်နေတဲ့ အခန်း ရှိလား” ဟူဖန်က ဘေးက စားပွဲထိုးမလေးကို မေးလိုက်သည်။
“ရှိ... ရှိပါတယ်” ထိုမိန်းကလေးက ခေါင်းညိတ်ပြသည်။
“အခန်းတစ်ခန်း ဖွင့်ပေးလိုက် ညီအစ်မ။ သူ့ကို အထဲမှာ ခဏ စိတ်ငြိမ်အောင် ထားလိုက်မယ်!”
“အာ!”
ထိုမိန်းကလေးက ပြန်ထူးသော်လည်း မလှုပ်ရှားပါဘူး။ သူမက ဒါ့လီကို အရင် လှမ်းကြည့်သည်။ ဒါ့လီက မျက်နှာပျက်ပျက်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။
“မလိုပါဘူး”
အာဟူတို့၏ ဖိချုပ်ခြင်း ခံထားရသော ထိုအမျိုးသားမှာ ရုတ်တရက် ရုန်းကန်ခြင်း ရပ်လိုက်ပြီး၊ သူ၏ လေသံမှာလည်း ပျော့ပြောင်းသွားခဲ့သည် ။
“မန်နေဂျာချန်... ကျွန်တော် ခင်ဗျားတို့ ဆီမှာ ခဏ နေလို့ ရမလား။ ကျွန်တော် ဒီမှာ မနေချင်တော့ဘူး”
ချန်ကျန့် စက္ကန့်အနည်းငယ်မျှ တုံ့ဆိုင်းသွားသည်။
“ငါတို့ ဆီလာရင်လည်း၊ မင်း အရင်ဆုံးတော့ အခန်းပိတ်ပြီး စိတ်ငြိမ်အောင် နေရမှာပဲနော်”
“ရပါတယ်”
သူတို့ လူတစ်စုမှာ ထိုသူကို တာယွင်၏ အစည်းအဝေးခန်းသို့ ခေါ်လာခဲ့ပြီး တံခါးပိတ်ထားလိုက်သည်။
“နင်တို့ကတော့ သူများကိစ္စဆို တကယ်ကို ပါချင်တာပဲ”
ဆွန်နာနာက အစည်းအဝေးခန်း တံခါးကို လှမ်းကြည့်ရင်း ဆိုသည်။
“လျန်ရွီမှာ လူသတ်မှု ဖြစ်သွားရင်၊ သေတာ ထားပါတော့၊ ဒဏ်ရာရရုံဆိုရင်တောင်မှ၊ ဒီမှာ လူသေဖူးတဲ့ ကိစ္စကို လူတွေက ပြန်ဖော်ကြဦးမှာလေ။ နှစ်သစ်ကူး နီးနေပြီဖြစ်တဲ့ အချိန်မှာ သွေးထွက်သံယို ဖြစ်သွားရင် တို့ စီးပွားရေးကိုပါ ထိခိုက်နိုင်တယ် မဟုတ်လား”
ချန်ကျန့်က ရှင်းပြလိုက်သည်။ သို့သော် ဤလူကို ဘယ်လို ကိုင်တွယ်ရမလဲဆိုတာ ချန်ကျန့် လုံးဝ မသိပါဘူး။
သူ အစည်းအဝေးခန်းထဲမှာ နာရီဝက်ကျော်လောက် နေပေးလိုက်သည်။ ထိုသူ အနည်းငယ် စိတ်တည်ငြိမ်သွားမှန်း မြင်ရသည့်အခါမှသာ အာဟူနှင့် ဆန်းပင်းကို စောင့်ကြည့်ခိုင်းထားခဲ့သည်။
ချန်ကျန့် ဖုန်းကို ယူကာ အစည်းအဝေးခန်းထဲမှ ထွက်ခဲ့ပြီး ရှန်ယွီ့ထံ ဖုန်းဆက်ကာ အကြံဉာဏ် တောင်းရန် ပြင်လိုက်သည်။ အခု မနက် ၈ နာရီ ရှိနေပြီဖြစ်သဖြင့် ရှန်ယွီ နိုးမနိုး သူ မသေချာ။
သူ WeChat ကို ဖွင့်ကာ စာအရင် ပို့ရန် ပြင်လိုက်သည်။ စာရိုက်နေစဉ်မှာပင် ဖုန်းဝင်လာသဖြင့် သူ မှားယွင်းကာ ကိုင်လိုက်မိသည်။ ဖုန်းကိုင်လိုက်ပြီးမှသာ ဦးလေးဒင်ဆီမှ ဖုန်းဖြစ်ကြောင်း သူ သိလိုက်ရသည်။ ဦးလေးဒင်၏ ဖုန်းများမှာ အမြဲတမ်း တာယွင်နှင့် ပတ်သက်သော ရုံးကိစ္စများသာ ဖြစ်သဖြင့် သူ အနည်းငယ် စိတ်လှုပ်ရှားသွားရသည်။
“ဟယ်လို”
“ချန်လေးရေ။ ဒီလိုပါ၊ ငါ တစ်ခု အကြောင်းကြားမလို့ပါ။ လာမယ့် တနင်္လာနေ့မှာ မြို့ပေါ်မှာ အစည်းအဝေး တစ်ခု ရှိတယ်။ ဟုန်ယဲ့မြို့ ရဲ့ တည်းခိုခန်း ကိုယ်စားလှယ် အနေနဲ့ တာယွင်က တစ်ယောက် လွှတ်ပေးရမယ်....”
“ဗျာ” ချန်ကျန့် မှင်သက်သွားရသည်။
“နှစ်သစ်ကူး မတိုင်ခင် ထူးထူးခြားခြား ပွဲတွေ မရှိဘူးလို့ အန်ကယ် ပြောခဲ့တယ် မဟုတ်လား”
“အရာရှိတွေ လာစစ်တာမျိုး မဟုတ်ပါဘူး။ အစည်းအဝေး အသေးစားလေး ပါပဲ”
ဘယ်လောက်အထိ အသေးစားလဲ။ လူ ဆယ်ယောက်လား။ ဒါမှမဟုတ် ငါးယောက်လား.... ၃ ယောက်ထက် ကျော်ရင်တော့ အစည်းအဝေး အကြီးကြီးပဲ ဖြစ်ရမှာပေါ့။
“တာ့ယွင် ပဲသွားရမှာလားဟင်” ချန်ကျန့်က မေးသည်။
“မဟုတ်ပါဘူး၊ ကိုယ်စားလှယ် သုံးယောက်ပေါ့။ တည်းခိုခန်း၊ စားသောက်ဆိုင်နဲ့ စီမံခန့်ခွဲရေးရုံးက ကိုယ်စားလှယ်တွေပေါ့။ ငါလည်း ပါမှာပါ။ မင်းအနေနဲ့ စကားပြောရတာမျိုးလည်း ရှိနိုင်တယ်၊ ဒါပေမဲ့ မသေချာပါဘူး....”
ချန်ကျန့်မှာ သူ၏ ဦးနှောက်ထဲတွင် ဝုန်းခနဲ အသံများ မြည်လာသလို ခံစားလိုက်ရသည်။
ရှန်ယွီ! ကယ်ပါဦး! မင်းရဲ့ တည်းခိုခန်းကို လာကယ်ပါဦးဗျာ!
NEXT
Comments
Post a Comment