အပိုင်း (၇၉)
ညဘက် အိပ်ပျော်သွားပြီးနောက် ဤမျှစောစော နိုးလာခြင်းမှာ ရှားပါးလှသော ဖြစ်ရပ်တစ်ခုပင်။ ရှန်ယွီသည် ဖုန်းကို လှမ်းယူကာ အချိန်ကို ကြည့်လိုက်ရာ နံနက် ရှစ်နာရီပင် မရှိသေးပေ။
အိပ်ရေးဝသည်ဖြစ်စေ၊ မဝသည်ဖြစ်စေ တစ်ခါနိုးလာပြီးလျှင် ပြန်အိပ်ပျော်ရန် ခက်ခဲလှသည်။ အကယ်၍ သူသာ တာယွင်တွင် ရှိနေပါက ယခုအချိန်၌ အိပ်ရာမှထကာ ပြတင်းပေါက်မှတစ်ဆင့် ပန်းခြံကို ရှင်းလင်းနေသော ဝန်ထမ်းများ၊ အပြင်ဘက် လမ်းကလေးကို တံမြက်စည်းလှည်းနေသော အလုပ်သမားများနှင့် မနက်စောစော လမ်းလျှောက်ထွက်လာကြသော ခရီးသည်များကို ငေးကြည့်နေမိမည်။
သို့သော် ယခုမူ သူသည် အိမ်သို့ ရောက်နေခြင်း ဖြစ်သည်။ သူ မျက်လုံးဖွင့်လိုက်သည့်အခါ စိမ်းသက်နေသော အခန်းအတွင်းမှ ရင်းနှီးသည့် အရာများကို ရှာဖွေရန် စက္ကန့်အနည်းငယ်မျှ အချိန်ယူလိုက်ရသည်။
မျှော်လင့်ထားသည့်အတိုင်းပင် နေ့စဉ် နံနက် ခုနစ်နာရီဝန်းကျင်တွင် နိုးလေ့ရှိသော ချန်ကျန့်သည် သူ့ထံသို့ ဆက်သွယ်ခြင်း မရှိသေးပါဘူး။ ရှန်ယွီ ပြုံးလိုက်မိသည်။ ၎င်းမှာ ချန်ကျန့်၏ စရိုက်ပင် ဖြစ်လေသည်။ နိုးလျှင် ဖုန်းဆက်ရန် မှာထားသော်လည်း၊ သူသည် ရှန်ယွီ ပုံမှန်နိုးလေ့ရှိသော အချိန်အထိ စောင့်ဆိုင်းနေဦးမှာ။ ရှန်ယွီ့ကို စောစောစီးစီး နှိုးမိပြီး အိပ်ရေးပျက်သွားမှာကို သူ စိုးရိမ်နေသည် မဟုတ်ပါလော။
မျက်နှာသစ်၊ အဝတ်အစားလဲပြီးနောက် ရှန်ယွီသည် အိပ်ခန်းထဲမှ ထွက်ကာ ထမင်းစားခန်းဘက်သို့ လျှောက်လာစဉ် မနက်စာ၏ မွှေးပျံ့သော အနံ့ကို ရလိုက်သည်။ သူ၏ မိဘများမှာ စားပွဲတွင် ထိုင်နေကြပြီဖြစ်ပြီး မနက်စာ စားပြီးပုံ ရလေသည်။
သူ၏အမေက မော့ကြည့်ကာ နှုတ်ဆက်သည် ။
“မင်္ဂလာပါ ဘော့စ်ရှန်။ ကောင်းကောင်း အိပ်ပျော်ရဲ့လား”
“ဟုတ်ကဲ့၊ အိပ်ပျော်သွားတယ်”
“နိုးပြီလား” အဖေဖြစ်သူက ခေါင်းလှည့်ကာ ရှန်ယွီ၏ မျက်နှာကို အကဲခတ်ရင်း
“မနက်စာ စားလေ။ ဒီနေ့ မား ကို ဆေးရုံ လိုက်ပို့မှာ မဟုတ်လား”
ရှန်ယွီ ခေါင်းညိတ်ပြရင်း မီးဖိုချောင်ဘက်ကို လှမ်းကြည့်သည်
“ဟုတ်ကဲ့။ ပါးတို့ဘာသာ ချက်တာလား”
“ဘယ်ကသာ! ငါတို့မှာ အဲ့ဒီလို ပညာတွေမှ မရှိတာ။ အိမ်အကူက မနက်စောစော လာလုပ်ပေးသွားတာလေ။ မင်း အကြိုက်ဆုံးဟာတွေကိုပဲ လုပ်ခိုင်းထားတာ။ ဒီနှစ်တွေအတွင်း မင်းအကြိုက်တွေ ပြောင်းသွားမလားတော့ မသိဘူးပေါ့”
“ကြိုက်တုန်းပါပဲ၊ အကြိုက်ဆိုတာ အဲ့ဒီလောက် အလွယ်တကူ မပြောင်းပါဘူး”
ရှန်ယွီက ဆိုကာ မိမိအတွက် ဆန်ပြုတ်တစ်ခွက် ခပ်လိုက်သည် ။ အသားနု ဆန်ပြုတ်နှင့်အတူ အပေါ်မှ ကြွပ်ကြွပ်လေးများ ဖြူးထားပြီး၊ ရှုမိုင် အချို့လည်း ပါဝင်လေသည်။ ဤသို့ဖြင့် ကာဗိုဟိုက်ဒရိတ်၊ သကြားနှင့် ဆီတို့ ရောပြွမ်းနေပြီး ပရိုတင်းဓာတ် လုံးဝမပါသလောက်ဖြစ်သော ကျန်းမာရေးနှင့် မညီညွတ်သည့် မနက်စာမှာ ပြည့်စုံသွားတော့သည်။
“မား ဆေးစစ်ဖို့က ဘယ်အချိန် ချိန်းထားတာလဲဟင်”
“ရှစ်နာရီခွဲနဲ့ ကိုးနာရီကြားမှာလေ”
ရှန်ယွီ ထိုင်လိုက်ပြီး ရှုမိုင်တစ်လုပ် စားရင်း ဖုန်းကို ကြည့်လိုက်ရာ ရှစ်နာရီ ဆယ်မိနစ် ရှိနေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။ သူ ချက်ချင်း ပြန်ထရပ်လိုက်သည်။
“မလောပါနဲ့။ မင်း အေးအေးဆေးဆေး စားပါ”
ရှန်ယွီ မလှုပ်ရှားတော့ပါဘူး။ သူသည် ပါးစပ်ထဲက ရှုမိုင်ကို ကုန်အောင် ဝါးမျိုပြီးမှ…
“ကျွန်တော် စားပြီးမှ သွားရင် မား ရက် ပြန်ချိန်းရမှာ မဟုတ်လား”
“ကိစ္စမရှိပါဘူး။ လူနာဆောင်မှာ ခဏ စောင့်နေလို့ ရတာပဲ။ စားစရာရှိတာ ဆက်စား”
ရှန်ယွီ ခေတ္တမျှ တုံ့ဆိုင်းနေပြီးမှ ပြန်ထိုင်ကာ ဆန်ပြုတ်သောက်လိုက်သည်။
“ရှင် မသွားသေးဘူးလား၊ ဒီမနက် ဆွေးနွေးပွဲ တစ်ခု ရှိတယ်ဆို”
အဖေဖြစ်သူက ရှန်ယွီကို ကြည့်ကာ ဆိုသည်။
“သူ စားပြီးမှ သွားတော့မယ်လေ ။ သူ တခြား တစ်ခုခု ထပ်စားချင်ရင် ငါ သွားဝယ်ပေးလို့ ရတာပေါ့”
“ဒါဆိုလည်း သူ့ဘေးမှာပဲ ရပ်နေလိုက်ပါလား။ သူ့ကို လက်သုတ်ပဝါလေး ကမ်းပေးလိုက်ပေါ့။ ပြီးရင် သူ့ဆီကနေ ၁၀ ယွမ်လောက် မုန့်ဖိုး တောင်းလိုက်ဦး”
အဖေဖြစ်သူကတော့ ရယ်မောနေတော့သည်။ ရှန်ယွီ ပြုံးလျက် ရေတစ်ငုံ သောက်လိုက်သည်။
“ပါး လုပ်စရာရှိတာ သွားလုပ်ပါ၊ ဒါဆို ရပါပြီ”
“ဒါဆိုလည်း ငါ ခဏသွားပြလိုက်ဦးမယ် ။ ဖြည်းဖြည်းစားနော်”
မိခင်ဖြစ်သူက မလောရန် ပြောသော်လည်း ရှန်ယွီသည် မနက်စာကို အမြန်ပင် လက်စသတ်လိုက်သည်။ နောက်ဆုံး ရှုမိုင်တစ်လုံးကိုတော့ ဓာတ်လှေကားထဲ အဝင်မှာမှ မျိုချလိုက်ရလေသည်။
သူ ကိုယ်တိုင် ကားမောင်းလျှင် လမ်းမှတ်မိဦးမလားဟု တွေးနေစဉ်မှာပင်၊ ကားဂိုဒေါင်သို့ ရောက်သည့်အခါ လက်ထောက်ဖြစ်သူ ရှောင်ယဲ့မှာ ဂိုဒေါင်တံခါးဝတွင် စောင့်နေသည်ကို တွေ့လိုက်ရသည်။
“ရှောင်ယဲ့ မောင်းမှာလား”
ရှန်ယွီက မေးသည်။ အရင်ကတော့ သူ၏ မိခင်မှာ ကိုယ်တိုင် မောင်းလေ့ရှိသည်။ အခုတော့ ခြံရံသူတွေ ရှိနေပါလား။
“အင်း”
မိခင်ဖြစ်သူက ခေါင်းညိတ်ပြရင်း သူ၏ နားနားသို့ ကပ်ကာ တိုးတိုးလေး ဆိုသည်။
“ဒီနှစ်ရက်အတွင်း ငါ့မျက်စိက နည်းနည်း ပိုမှုန်လာလို့လေ။ အရင်ကတည်းကလည်း အစက်အပြောက်တွေ မြင်နေရတာဆိုတော့၊ အထူးသဖြင့် ညဘက် ကားမောင်းရင် သေသေချာချာ မမြင်ရတော့ဘူး”
“ဒါဆိုရင်တော့ လူတစ်ယောက် မောင်းခိုင်းတာက ပိုစိတ်ချရတာပေါ့”
ရှန်ယွီ့ ရင်ထဲမှာ ရုတ်တရက် ဝမ်းနည်းမှု တစ်ခု ဖြစ်ပေါ်လာခဲ့သည်။ အမေနှင့် ပတ်သက်သော အမှတ်အရများအားလုံးမှာ လွန်ခဲ့သော ငါးနှစ် ခြောက်နှစ်ခန့်က အခြေအနေတွင်သာ ရပ်တန့်နေခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က မိခင်မှာ ဘယ်တော့မှ အိုမင်းသွားမှာ မဟုတ်သည့် စူပါဝူးမန်း တစ်ဦးကဲ့သို့ပင်။ ပြတ်သားသည်၊ ကြောက်ရွံ့မှု ကင်းသည်၊ စွမ်းအင်တွေ ပြည့်နှက်နေခဲ့သည်။
ယခုမူ အမေမှာ ဖျားနာလာခဲ့ပြီ၊ ကြောက်ရွံ့တတ်လာခဲ့ပြီ၊ မျက်စိတွေလည်း မှုန်လာခဲ့ပြီ။
ကားဂိုဒေါင်ထဲမှ ထွက်လာသည့်အခါ ရှန်ယွီသည် နောက်ထိုင်ခုံတွင် မိခင်ဖြစ်သူနှင့်အတူ ထိုင်လိုက်သည်။ အင်္ကျီအတွင်းအိတ်ထဲမှ ဖုန်းကို ထုတ်ကြည့်လိုက်သည်။ ချန်ကျန့်ဆီမှ ဖုန်းရော စာပါ မလာသေးပါဘူး။
ဒီကောင်လေးကတော့ တကယ်ပါပဲ!
ဆူပူရန် စာပို့ရန် ပြင်လိုက်စဉ်မှာပင် ဖုန်းမြည်လာခဲ့သည်။ ချန်ကျန့်ဆီမှ ဖြစ်လေသည်။ ရှန်ယွီ နှစ်စက္ကန့်ခန့် စောင့်ပြီးမှ ဖုန်းကို ကိုင်လိုက်သည် ။
“ဟယ်လို”
“နိုးပြီလား”
“အပြင်တောင် ရောက်နေပြီလေ”
ချန်ကျန့် အံ့သြသွားသည်။
“အာ…အစောကြီးပါလား။ အမေနဲ့အတူ ဆေးရုံ သွားနေတာလား”
“အင်း၊ ဒီမနက် ဆေးစစ်ဖို့ ရှိလို့လေ” ရှန်ယွီက မိခင်ဖြစ်သူကို တစ်ချက် လှမ်းကြည့်ရင်း ဆိုလိုက်သည်။
“ကားပေါ်မှာလား” ချန်ကျန့်၏ အသံမှာ ရုတ်တရက် တိုးလျ နူးညံ့သွားခဲ့သည်။
ရှန်ယွီ ပြုံးလိုက်မိသည် ။
“အင်း”
“မင်း မောင်းနေတာလား”
“မဟုတ်ပါဘူး”
“မား ကို မောင်းခိုင်းတာလား။မားကို မောင်းခိုင်းရသလား”
ချန်ကျန့်က အလွန် အံ့သြသွားသော်လည်း၊ စီအီးအိုလျူ ကြားသွားမှာ စိုးသဖြင့် အသံကိုတော့ တိုးတိုးလေးသာ ထားသည်။
“သူ့လက်ထောက် မောင်းနေတာပါ”
“ဒါဆိုရင်တော့ မင်းက စီအီးအိုလျူကို မမီသေးပါဘူး။ မင်းရဲ့ လက်ထောက် (ချန်ကျန့်) ကတော့ ခုနတင် တတိယအဆင့် ကားမောင်းစာမေးပွဲအတွက် ရက်ချိန်း ယူထားရတာလေ”
ရှန်ယွီ မရယ်ဘဲ မနေနိုင်တော့ပါဘူး ။
“ရပါတယ်၊ နှစ်မကုန်ခင်တော့ လိုင်စင် ရမှာပါ”
“တိုးတိုးပြောပါဦး။ ဆေးရုံရောက်လို့ အားရင် ပြန်ဆက်လိုက်နော်။ မင်းကို ပြောစရာ ရှိလို့”
“အခု ပြောလေ။ ဆေးရုံရောက်ဖို့ နာရီဝက်လောက် လိုသေးတယ်”
“ကားပိတ်နေတာဆိုတော့ မိနစ် လေးဆယ်ကျော်လောက် ကြာလိမ့်မယ် အစ်ကိုလေး”
ရှောင်ယဲ့က တိုးတိုးလေး ဝင်ပြောသည်။
“အော်... မိနစ် လေးဆယ်ကျော် ကြာမယ်တဲ့” ရှန်ယွီက ချန်ကျန့်ကို ပြန်ပြောပြသည်။
“ပြောစရာ ကိစ္စ နှစ်ခု ရှိတယ်။ အတိုဆုံး တစ်ခုကနေ စပြောမယ်နော်။ ခုနတင် လျန်ရွီ ဆိုင်မှာ ရန်ဖြစ်ကြလို့။ စားပွဲထိုး တစ်ယောက်က ဒါ့လီ နဲ့ ပြဿနာတက်ပြီး ဝက်အူလှည့်နဲ့ လိုက်ထိုးမလို့ လုပ်နေတာလေ”
“မင်းတို့ တားလိုက်ကြတယ် မဟုတ်လား”
“အင်း၊ မင်း ဘယ်လို သိတာလဲ”
“သူ့ဆိုင်က ဝန်ထမ်းတွေက မိန်းကလေးတွေချည်းပဲဟာ။ မင်းတို့သာ သွားမတားရင် ဒါ့လီ တစ်ယောက် အခုဆို ရေပန်း တစ်ခု ဖြစ်နေလောက်ပြီ”
သူ့စကားကို ဘေးနားရှိ မိခင်ဖြစ်သူမှာလည်း ရယ်မောနေတော့သည်။
“အဲ့ဒီ စားပွဲထိုးက လျန်ရွီမှာ ဆက်မနေချင်တော့ဘူးဆိုပြီး ငါတို့ဆိုင်မှာ ခဏ နားချင်တယ်လို့ ပြောနေတာ။ ပြဿနာ အကြီးကြီး ဖြစ်မှာစိုးလို့ ငါလည်း ခေါ်လာလိုက်တယ်လေ။ အခု ဒါကို ဘယ်လို ကိုင်တွယ်ရမလဲဟင်” ချန်ကျန့်က အသံတိုးတိုးဖြင့် မေးသည်။
“ဘာလို့ ရန်ဖြစ်ကြတာလဲ”
“နှစ်လရှိပြီ၊ သူ ခွင့်တစ်ရက်မှ မရသေးဘူးတဲ့။ သိုလှောင်ရုံထဲမှာ ခိုးနားနေတာကို ဒါ့လီက တွေ့သွားပြီး ဆဲဆိုရာကနေ ပေါက်ကွဲသွားတာလေ။ သူ့ပုံစံ ကြည့်ရတာ.... ငါတို့ဆိုင်မှာ အလုပ်လုပ်ချင်တယ်လို့ ပြောလာရင် ဘယ်လိုလုပ်ရမလဲ”
“မင်းကော ဘယ်လို ထင်လဲ”
“တတ်နိုင်သလောက် ကူညီချင်ပေမဲ့လည်း....အခုလောလောဆယ် ငါတို့ဆီမှာ လူပိုနေတာလေ။ လောင်စစ်နဲ့ လောင်ဝူတောင်မှ ပညာသင် သွားရမှာကို အခုထိ မသွားရသေးဘူး မဟုတ်လား....”
“နေရာ ရှိရင်တောင်မှ သူ့ကို လက်မခံသင့်ဘူး။ ဒီလိုလူက စိတ်အခြေအနေကို ခန့်မှန်းရ ခက်တယ်။ အာဟူတို့လိုလည်း ငါတို့ သူ့အကြောင်း မသိဘူးလေ။ သူ့ကို ထားလိုက်ရင် နောင်ကျရင် ပြဿနာ ရှိလာနိုင်တယ်”
“အင်း၊ နားလည်ပါပြီ”
“သူ့ကို ကောင်းကောင်းမွန်မွန်ပဲ ပြောပြလိုက်။ သူ ထွက်သွားချင်တယ်ဆိုရင် အာဟူ့ကို ကားမောင်းပြီး မြို့ထဲအထိ ပို့ခိုင်းလိုက်ပေါ့ ။ သူ ငါတို့အပေါ် အငြိုးမထားပါစေနဲ့.... ဘယ်လို ပြောရမလဲဆိုတာ ငါ သင်ပေးဖို့ လိုမလား”
“မလိုပါဘူး! မင်းသာ သင်ပေးရင်၊ မင်း ပြောခိုင်းတဲ့အတိုင်း ပြောပြီးတာနဲ့ သူ ငါ့ကိုပါ ဝက်အူလှည့်နဲ့ လာထိုးနေဦးမယ်”
ရှန်ယွီ အားရပါးရ ရယ်မောလိုက်တော့သည်။
“နောက်ထပ် တစ်ခု ရှိသေးတယ်၊ ဒါကတော့ တော်တော်လေး ဒုက္ခရောက်မယ့် ကိစ္စပဲ”
ချန်ကျန့်၏ အသံမှာ ရုတ်တရက် ညှိုးငယ်သွားခဲ့သည်။ ချန်ကျန့် မျက်မှောင်ကြုတ်ထားမှန်း အသံကို နားထောင်ရုံနှင့်ပင် သိသာလှသည် ။
“ဘာလုပ်ရမှန်းကို မသိတော့ဘူး”
“ပြောပါဦး၊ ဘယ်လို ကိစ္စမို့လို့ ကိုင်တွယ်လို့ မရရတာလဲ”
“ဦးလေးဒင် အခုတင် ဖုန်းဆက်တာလေ။ ငါတို့ကို မြို့ပေါ်က အစည်းအဝေး တစ်ခု တက်ခိုင်းနေတာ။ ယဉ်ကျေးမှုနဲ့ ခရီးသွားလုပ်ငန်း ဌာနက ကျင်းပတဲ့ အရေးကြီး ခရီးသွား နေရာတွေရဲ့ အစည်းအဝေးတဲ့။ တာယွင် အနေနဲ့ မဖြစ်မနေ တက်ရမယ်တဲ့”
“ဘယ်တော့လဲ”
“လာမယ့် တနင်္လာနေ့လေ။ နောက်နှစ်ရက်နေရင်ပေါ့”
“အဲ့ဒါက ကောင်းတဲ့ ကိစ္စပဲ မဟုတ်လား”
“ကိစ္စကတော့ ကောင်းပါတယ်၊ ဒါပေမဲ့ ဘယ်သူက သွားမှာလဲ!”
ချန်ကျန့်က အသံကို နှိမ့်ကာ အံကြိတ်ပြီး ပြောသည်။
“ဒါက မြို့နယ်အဆင့် အစည်းအဝေးလေ! စားသောက်ဆိုင် ကိုယ်စားလှယ်တွေ၊ တည်းခိုခန်း ကိုယ်စားလှယ်တွေ၊ ခရီးသွားလုပ်ငန်း စီမံကိန်း မန်နေဂျာတွေ အကုန် လာကြမှာလေ!”
“ငါတို့အပြင် တခြား ဘယ်သူတွေ သွားကြမှာလဲ”
“လူတွေ အများကြီးပဲပေါ့။ ငါ့တစ်သက်မှာ တက်ဖူးသမျှ အကြီးဆုံး ပွဲဆိုတာ ကျောင်းက အဖွင့်အပိတ် အခမ်းအနားတွေပဲ ရှိတာလေ”
ချန်ကျန့်မှာ ရှန်ယွီ၏ မေးခွန်းကိုပင် မကြားနိုင်တော့ဘဲ ဆက်ပြောနေသည်။
“ပြီးတော့ ဦးလေးဒင်က ပြောသေးတယ်၊ ငါ စကားပြောရနိုင်တယ်တဲ့၊ မိန့်ခွန်းတောင် ပြောရမလား မသိဘူး! ဘော့စ်ရေ! ငါသာ မိန့်ခွန်းပြောရရင် ဘယ်လိုလုပ်မလဲ။ ငါတို့ ဝန်ထမ်း အစည်းအဝေးမှာတောင် ငါက ရူးမတတ် ဖြစ်နေရတာလေ....”
ချန်ကျန့်မှာ သူ၏ စိုးရိမ်စိတ်များကြောင့် အသံကို မထိန်းနိုင်ဘဲ ပို၍ ကျယ်လောင်လာခဲ့သည်။ ဘေးတွင် ထိုင်နေသော စီအီးအိုလျူမှာ အကုန် ကြားနေရသဖြင့် ခေါင်းလွှဲကာ တိတ်တဆိတ် ရယ်မောနေတော့သည်။ ရှန်ယွီ ရယ်မောရင်း ချန်ကျန့်ကို စကားဖြတ်လိုက်သည်။
“ဟေး..ငါ မေးနေတာလေ၊ တခြား ဘယ်သူတွေ ပါသေးလဲလို့”
“သြော်...တာယွင် အပြင်၊ ပန်းရှန်း စားသောက်ဆိုင် နဲ့ ဟို ဖောင်စီးတဲ့ နေရာက လူတွေ ပါမယ်တဲ့။ ဦးလေးဒင်လည်း ပါမှာပေါ့”
ရှန်ယွီ ခေတ္တ စဉ်းစားလိုက်သည်။
“ဒါဆို တာယွင်ကို တော်တော် အလေးထားတာပဲ။ စိတ်မလှုပ်ရှားနဲ့။ ဟုန်ယဲ့မြို့ က ကိုယ်စားလှယ် လေးယောက် သွားမှာလေ။ လူတွေ အများကြီး ရှိနေမှာပါ။ မင်းကို စကားပြောခိုင်းရင်တောင် နှစ်ခွန်း သုံးခွန်းလောက်ပဲ ရှိမှာပါ။ ဘာကြောက်နေတာလဲ”
“ဒါဆို တကယ်ကြီး ကျွန်တော်ပဲ သွားရမှာလား”
ချန်ကျန့် မှင်သက်သွားရသည်။
“တည်းခိုခန်းနဲ့ မြို့အကြောင်းကို မင်းက ဦးလေးဒင်တို့ထက် ပိုသိတယ်လေ။ သွားကြမယ့်လူတွေထဲမှာ မင်းကပဲ တကယ့် ဒေသခံ စစ်စစ် ဖြစ်နေတာ မဟုတ်လား။ မင်းက အသိဆုံးပဲလေ”
ရှန်ယွီက အေးအေးဆေးဆေးပင် ဖျောင်းဖျလိုက်သည်။ ချန်ကျန့် ဘာမှမပြောပါဘူး၊ သူ စဉ်းစားနေပုံရသည်။
“ငါ့ကွန်ပျူတာထဲက လုယွင် ဆီ ပို့ထားတဲ့ ဖိုင်ကို ကြည့်လိုက်လေ။ တကယ်လို့ မိန့်ခွန်းပြောရရင် အဲ့ဒီထဲက အချက်အလက် အချို့ကို အတိုချုပ်ပြီး ပြောလိုက်ရင် ရတာပဲ”
“လုယွင် က ဘယ်သူလဲ” ချန်ကျန့်က မေးသည်။
“ဒါရိုက်တာလု လေ။ နာမည်က ညီညာပြန့်ပြူးခြင်း လို့ အဓိပ္ပာယ်ရတယ်” ရှန်ယွီက ရှင်းပြသည်။
“ဘော့စ် ဆိုတာ တကယ်ပဲ မမှားဘူး၊ ဒါမျိုးတွေတောင် သိတယ်နော်”
“ငါလည်း ရှာကြည့်ထားလို့ပါ”
ချန်ကျန့် ခေတ္တမျှ တန့်သွားပြီးနောက် ရယ်မောလိုက်သည်။
“မင်းမှာ ပြင်ဆင်ဖို့ အချိန် ရှိပါသေးတယ်။ အဆင်ပြေသွားမှာပါ ။ တကယ်လို့ ငါ့ကိုသာ အတင်း သွားခိုင်းရင်တော့၊ မိန့်ခွန်းပြောရမယ့် အချိန်ကျရင် ငါ အိမ်သာ ပြေးနေမိမှာ”
“မင်းကတော့လေ....မင်းလည်း သွားလို့မရဘူးဆိုတာ ငါ သိပါတယ်။ အိမ်ပြန်တာ နှစ်ရက်ပဲ ရှိသေးတာကို ချက်ချင်း ပြန်ပြေးလာဖို့ဆိုတာ မကောင်းဘူးလေ”
“ချန်ကျန့်” ရှန်ယွီ သူ၏ နာမည်ကို ခေါ်လိုက်သည်။
“ကျွန်တော့် နာမည်ကို မခေါ်ပါနဲ့!”
ချန်ကျန့်က စိုးရိမ်တကြီးနှင့် အသံကို နှိမ့်ကာ ဆိုသည်။
“မင်းမား ကြားသွားရင် ကျွန်တော်မှန်း သိသွားမှာပေါ့”
“သူ သိလို့ မရဘူးလား”
“မသိပါဘူး၊ နည်းနည်းတော့ ရှက်လို့ပါ။ ပြီးခဲ့တဲ့ တစ်ခေါက်က မားရဲ့ ဖုန်းကို ကိုင်မိတုန်းက အခြေအနေကို ပြန်တွေးမိတိုင်း နေရခက်လို့ပါ”
ရှန်ယွီ ပြုံးရုံသာ ပြုံးပြပြီး ဘာမှ မပြောပါဘူး။ ခဏအကြာတွင် ချန်ကျန့် တစ်ခုခုကို သတိရသွားပုံဖြင့် ခပ်တိုးတိုး မေးလိုက်သည်။
“မားက... သိနေပြီလား”
“ဘာကိုလဲ”
ရှန်ယွီ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသည်။
“အဲ့ဒါလေ....မင်းရဲ့ ဝမ်းတွင်းသိစွမ်းအားတွေကို ဘာလို့ အခု မသုံးတာလဲ”
“အင်း၊ သိတယ် ။ မင်းပြောတဲ့ ကိစ္စကို မား သိတယ်”
“ဟာ!” ချန်ကျန့်၏ အာမေဍိတ်သံမှာ ဗိုက်နာနေသူ တစ်ယောက်လိုပင်…
“ဒါဆိုရင်တော့ ဒီလောက်နဲ့ပဲ ရပ်လိုက်ရအောင်။ အမေ့ကိုပဲ အဖော်လုပ်ပေးလိုက်ပါတော့”
“ဟိုဖိုင်ကို ကြည့်ပြီး ပြင်ဆင်ထားနော်။ ပြီးတော့ အစည်းအဝေးက အဓိက အချက်တွေကိုလည်း မှတ်ထားဦး။ ငါ့ကို ပြန်ပြီး သတင်းပို့ရမှာနော်”
“သိပါပြီဗျာ၊ သိပါပြီ” ချန်ကျန့်က တရစပ် ပြန်ဖြေသည်။
“အလုပ်သွားလုပ်တော့လေ”
“အင်း၊ ဖုန်းချလိုက်တော့မယ်နော်” ချန်ကျန့်က ဆိုသော်လည်း ဖုန်းကို မချသေးပါဘူး။
ရှန်ယွီလည်း ဖုန်းမချပါဘူး။ စက္ကန့်အနည်းငယ် ကြာမှ ချန်ကျန့်က ထပ်မေးသည် ။
“မင်းက ကျွန်တော့်ကို အရင် ချစေချင်နေတာလား”
“မဟုတ်ပါဘူး”
ချန်ကျန့် တိုးတိုးလေး ပြောလာသည်။
“မင်းကို တအား လွမ်းတာပဲ။ အထူးသဖြင့် တနင်္လာနေ့မှာ အစည်းအဝေး တစ်ယောက်တည်း သွားရမယ်လို့ တွေးမိတိုင်း ပိုပြီး လွမ်းလာတယ်”
“အင်း။ ဖုန်းချလိုက်တော့”
ဖုန်းချပြီးနောက် မိခင်ဖြစ်သူက မေးသည် ။
“မင်း အဲ့ဒီ အစည်းအဝေးကို မသွားဘူးလား”
“မသွားဘူး၊ ကျွန်တော် အခုမှ ပြန်ရောက်တာလေ ။ သူက စိတ်လှုပ်ရှားတတ်ပေမဲ့၊ အလုပ်ကိစ္စဆိုရင်တော့ အမြဲတမ်း အကောင်းဆုံး လုပ်နိုင်တဲ့ လူစားမျိုးပါ”
“မင်း အားရင်တော့ သွားသင့်တာပေါ့။ သူ့အသံ နားထောင်ရတာ ကြောက်လွန်းလို့ ဆံပင်တွေတောင် ထောင်နေလောက်ပြီ ။ သူက ငယ်ပါသေးတယ်၊ လျူဝူနဲ့ ရွယ်တူလောက်ပဲ ရှိဦးမှာလေ”
“လျူဝူထက်တော့ အများကြီး ပိုပြီး အားကိုးရပါတယ်”
“လျူဝူသာ ဒါကို ကြားရင်တော့ စိတ်မကောင်း ဖြစ်မှာပဲ”
“အမေက သွားမတိုင်ရင် ရတာပဲလေ”
“မသေချာဘူးနော်”
ရှန်ယွီ ပြုံးလျက် သူမကို လှည့်ကြည့်လိုက်သည်။
“ငါ ပြောလိုက်ရင်တောင် သူ့အပေါ် သက်ရောက်မှု ရှိမှာ မဟုတ်ပါဘူး။ အရင်တုန်းက မင်းအဒေါ်ဟာ မင်းနောက်ကို လျူဝူ တကောက်ကောက် လိုက်နေတာကို တားဖို့ ဘယ်လောက်တောင် ကြိုးစားခဲ့ရလဲ။ ဘာမှ မထူးပါဘူး”
“အဲ့ဒီတုန်းက ကျွန်တော်ကတော့....” ရှန်ယွီ သက်ပြင်းအသာ ချလိုက်သည်။
“မင်းမှာ ဘာအပြစ်မှ မရှိပါဘူး။ တစ်ခါတစ်လေ ငါကလည်း မင်းကို သူ့ကို အမြဲ ခေါ်မသွားစေချင်တာက စိတ်ရှုပ်လို့လေ။ မင်းအဒေါ်ကို မြင်စေချင်တာပေါ့၊ တွေ့လား... မင်းတို့ သားအမိတောင် မောင်းထုတ်လို့ မရဘူး ဆိုတာလေ”
“မား က ကလေးဆန်တာပဲလား” ရှန်ယွီ ပြုံးလိုက်သည်။
“မတတ်နိုင်ဘူးလေ၊ အရမ်းကြီး ရင့်ကျက်နေရင် မြန်မြန် အိုသွားလိမ့်မယ်”
ရှောင်ယဲ့မှာ လမ်းများကို အလွန် ကျွမ်းကျင်လှသည်။ ရှန်ယွီ မသိသော လမ်းဖြတ်လမ်းကြားများမှတစ်ဆင့် မောင်းနှင်လာရာ၊ ဆေးရုံသို့ ရောက်သည့်အခါ ကိုးနာရီပင် မထိုးသေးပါဘူး။ မိခင်ဖြစ်သူ၏ ဆေးစစ်ချိန်နှင့် ကွက်တိပင် ဖြစ်သည်။
ရှန်ယွီ မိခင်ဖြစ်သူအား ဆေးရုံလိုက်ပို့ခြင်းမှာ တကယ်တော့ အဖော်လုပ်ပေးရုံသက်သက်သာ ဖြစ်သည်။ သူသည် ဤဆေးရုံနှင့် မရင်းနှီးဘူး။ အဓိက အလုပ်များကိုတော့ ရှောင်ယဲ့ကသာ လုပ်ဆောင်ပေးနေခြင်း ဖြစ်သည်။ သူ၏ တာဝန်မှာ မိခင်ဖြစ်သူ၏ ဘေးတွင် ရှိနေပေးရန်သာ။
အမေ ဆေးစစ်နေစဉ်အတွင်း ရှန်ယွီသည် ရှောင်ယဲ့နှင့်အတူ စင်္ကြံလမ်းတွင် စောင့်ဆိုင်းနေခဲ့သည်။
“အစ်ကိုလေး အရင်က ပြည်ပမှာ နေခဲ့တာလား”
“အင်း... အဲ့ဒီလိုမျိုးပေါ့”
တခြားလူဆိုလျှင်တော့ သူ ထောင်ကျနေတာလို့ တည့်တိုး ပြောမိမှာပါ။ ဒါပေမဲ့ ဒါက မိခင်ဖြစ်သူ၏ ကုမ္ပဏီမှလူ ဖြစ်သဖြင့် သူ အဲ့ဒီလောက်ထိတော့ မရဲပါဘူး။
“ဒါပေမဲ့ အိမ်မပြန်ဖြစ်တာ နှစ်တွေ ကြာပြီဆိုတာတော့ အမှန်ပါပဲ”
“စီအီးအိုလျူ က ဒီနေ့ တော်တော်လေး စိတ်ကြည်နေတာနော် ။ ခံစားလို့ ရပါတယ်၊ အားတဲ့အခါ အိမ်ကို ခဏခဏ ပြန်လာပါဦး”
“...ဟုတ်ကဲ့ ။ ရှောင်ယဲ့က အမေ့ဆီမှာ အလုပ်လုပ်တာ ဘယ်လောက် ကြာပြီလဲ”
“နှစ်နှစ် ရှိပါပြီ ။ ဒါပေမဲ့ ကျွန်မက ကျောင်းပြီးတာနဲ့ ကုမ္ပဏီမှာ စဝင်တာလေ၊ အဲ့ဒီမတိုင်ခင် နှစ်နှစ်ကတော့ အငယ်တန်း စာရေးအနေနဲ့ လုပ်ခဲ့တာ”
“မဆိုးပါဘူး”
“စီအီးအိုလျူ က ကျွန်မကို အများကြီး သင်ပေးခဲ့တာပါ။ အရင်ကဆို ကျွန်မ အမှားတွေ ခဏခဏ လုပ်ခဲ့တာလေ။ သူက ကျွန်မကို တစ်ဆင့်ချင်းစီ သင်ပေးခဲ့တာ”
သူမ၏ စကားထဲတွင် “ကျွန်မကိုလည်း”
ဆိုသည့် စကားလုံး ပါဝင်နေခြင်းမှာ ရှန်ယွီနှင့် ချန်ကျန့်တို့ ကားပေါ်တွင် ဖုန်းပြောသည်ကို သူမ ကြားသွားသောကြောင့် ဖြစ်ပေလိမ့်မည်။
“အစ်ကိုလေးက အမေနဲ့ တော်တော် တူတာပဲနော်”
ရှန်ယွီ ပြုံးလိုက်သည် ။
“အမေအရင်းပဲလေ၊ တူမှာပေါ့”
ရှောင်ယဲ့မှာ အလွန် အလုပ်များသူ ဖြစ်သည်။ စင်္ကြံလမ်းတွင် ထိုင်နေစဉ်မှာပင် သူမသည် ဖိုင်တွဲတစ်ခုကို ကိုင်ကာ ဖုန်းများကို မနားတမ်း ဆက်နေလေသည်။ ရှန်ယွီ ပြတင်းပေါက်နားသို့ လျှောက်သွားပြီး သူလည်း ဖုန်းတစ်ခေါက် ဆက်လိုက်သည်။ ချန်ကျန့်ကို ထိုအစည်းအဝေးသို့ သွားစေချင်သော်လည်း၊ အရင်ဆုံး အချို့ကိစ္စများကို သူ နားလည်ထားရန် လိုအပ်သည် မဟုတ်ပါလော။
“ဟယ်လို” ယောင်ယီ၏ အသံ ထွက်ပေါ်လာသည်။
“အလုပ်များနေလား”
“မများပါဘူး။ နင် ပြန်ရောက်နေပြီလား” ယောင်ယီက မေးသည်။
“မနေ့က မွန်းလွဲပိုင်းကပဲ ရောက်တာ။ မနက်ဖြန် မရီး ယောကျ်ားကို ထမင်းကျွေးဖို့ ခေါ်ချင်လို့လေ”
“အင်း…ငါ့ကို ဘာခိုင်းစရာ ရှိလို့လဲ”
“တော်တော်လေးကို အကဲခတ် တော်တာပဲ”
“နင် က ငါ့ကို အလကား ထမင်းကျွေးမယ့် လူစားမှ မဟုတ်တာ”
“အဲ့ဒီဘက်က ယဉ်ကျေးမှုနဲ့ ခရီးသွားလုပ်ငန်း ဌာနက လူတွေနဲ့ မင်း ရင်းနှီးလား”
“အသင့်အတင့်ပါပဲ။ ပြည်နယ်အဆင့် အစည်းအဝေးတွေမှာတော့ ဆုံဖြစ်ကြတာပေါ့။ ဘယ်သူလဲဆိုတာအပေါ်မှာပဲ မူတည်တာပေါ့”
“လုယွင် ကို သိလား”
“ရင်းရင်းနှီးနှီးတော့ မဟုတ်ဘူး၊ ဒါပေမဲ့ သိပါတယ်။ အလုပ်ကြူးတဲ့ လူစားမျိုး၊ အနာဂတ်မှာလည်း တော်တော်လေး အောင်မြင်မယ့်သူပဲ။ သူက အဲ့ဒီမှာ အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ဌာနရဲ့ ဒု-ညွှန်ကြားရေးမှူးလေ။ ဘာဖြစ်လို့လဲ”
“သူ လွန်ခဲ့တဲ့ ရက်ပိုင်းက တာယွင် ကို လာစစ်သွားသေးတယ်”
“ဒါဆိုရင်တော့ မင်းတို့မြို့က အခွင့်အရေး ရှိပြီပေါ့။ သူက ဒီနှစ် ရာထူးတက်လာကတည်းက ရှေးဟောင်းရွာ အတော်များများကို ကြော်ငြာပေးခဲ့တာ၊ တော်တော်လေးလည်း အောင်မြင်တယ်လေ”
“ဒါဆို လာမယ့်အပတ်က အစည်းအဝေးကလည်း သူ့အစည်းအဝေး ဖြစ်မှာပေါ့.... ဒါဆို ငါ သဘောပေါက်ပါပြီ”
“ငါ့ကို စကားလေး ဘာလေး ပါးပေးစေချင်လား”
“နင်နဲ့ မရင်းနှီးဘူးဆို” ရှန်ယွီက ပြန်ပက်လိုက်သည်။
“ငါက သူနဲ့ ရင်းနှီးတဲ့လူတွေကို သိတာလေ”
“နောက်မှပေါ့ ။ အစည်းအဝေး အခြေအနေကို သိချင်လို့ မေးကြည့်ရုံတင်ပါ။ ဒီလောက်အထိ အကူအညီ ယူစရာ မလိုပါဘူး”
“ဟားဟား ဘော့စ်ရှန် ကတော့ တော်တော်လေးကို အလေးထားနေတာပဲနော်။ နင်က အဲ့ဒီမြို့ငယ်လေးမှာပဲ တစ်သက်လုံး အခြေချတော့မလို့လား”
“အားနေလို့ပါကွာ”
ရှန်ယွီ၏ ကွန်ပျူတာ ပွင့်လာသည့် အခါတွင်မူ ချန်ကျန့် မှင်သက်သွားရသည်။ Desktop Background မှာ ပန်းခြံထဲရှိ အသားကင်ပွဲတုန်းက သူတို့နှစ်ယောက် တွဲရိုက်ထားသော ပုံဖြစ်နေလျက်…ပုံထဲတွင် တခြားဝန်ထမ်းတွေလည်း ပါနေသော်လည်း၊ ၎င်းမှာ အနည်းငယ်တော့.... ရှန်ယွီ ဒါကို ဘယ်တုန်းက ပြောင်းလိုက်သလဲ သူ မသိပါဘူး။ သို့သော် တခြားလူသာဆိုလျှင်တော့ တစ်ချက်ကြည့်ရုံနှင့် မြင်နိုင်မှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ Desktop တစ်ခုလုံးမှာ ဖိုင်တွဲတွေ၊ ဖိုင်တွေနှင့် ပြည့်နှက်နေသောကြောင့် ဖြစ်သည်။ သူတို့၏ မျက်နှာများကိုပင် ထိုဖိုင်များက ဖုံးအုပ်ထားလေသည်။
ချန်ကျန့်သည် ဟိုဖိုင်ကို ဘယ်ကနေ စရှာရမလဲတောင် မသိတော့ပါဘူး။ သူ ဖိုင်တွဲများကို တစ်ခုချင်းစီ လိုက်ကြည့်နေရတော့သည်။ အချို့ကို ကြည့်ပြီးနောက် သူ ရပ်တန့်လိုက်မိသည်။ တာယွင်၏ လစာစာရင်း၊ အချိန်ဇယားများအပြင်၊ တည်းခိုခန်း စီမံခန့်ခွဲမှုနှင့် ပတ်သက်သော အချက်အလက်များ၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သတင်းများ၊ ဆောင်းပါးများစွာကိုလည်း တွေ့လိုက်ရသည်လေ။
ချန်ကျန့်သည် ကုလားထိုင်ပေါ်တွင် မှီထိုင်ရင်း ခေတ္တမျှ ကြောင်အသွားရသည်။ ထို့နောက် သူ ဖုန်းထုတ်ကာ ပုံရိုက်ပြီး ရှန်ယွီ့ဆီ ပို့လိုက်သည်။
[ချန်လေး] : ဘယ်ဖိုင်တွဲထဲမှာလဲဟင်။
ရှန်ယွီ ချက်ချင်းပင် ပြန်စာ ပို့လာသည်။ ၎င်းမှာ ဓာတ်ပုံပေါ်တွင် မြှားလေး တစ်စင်း ဆွဲထားပြီး၊ လက်ရေးဖြင့် ရေးထားသော စာသားလေးပင် ဖြစ်သည် ။
“ဒါကို ထိုးလိုက်” ။
ချန်ကျန့်သည် အရင်က “ဒီနေရာကို ရိုက်ချ” ဆိုသည့် ကိစ္စကို သတိရသွားပြီး၊ တစ်ယောက်တည်း ထိုင်ကာ ပြုံးနေမိတော့သည်။
___________________________________________________________________
TN // မပျင်းပါဘူးနော် ။ အတန်းထဲ စာကျိတ်လုပ်တဲ့ ဟိုက်ပါတွေ အထာပါကွာ ဒီဘဲက…
Comments
Post a Comment