Skip to main content

1


အခန်း (၁)

ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။

ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။

ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။

“ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။

ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး

“ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။

ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။

Spam အဖြစ် မှတ်သားထားတဲ့ နံပါတ်တစ်ခုဖြစ်ပြီး ပြတ်သွားခဲ့ပြီ။ သူ့ဖုန်းကို ထိုင်ခုံကြားထဲ ပြန်ထိုးထည့်လိုက်ပြီး

"နားလည်း တော်တော်ပါးတာပဲ၊ အဲ့ဒါကိုတောင် မင်းကြားတယ်ပေါ့" ပြောတော့..

"ကျွန်တော်က လူငယ်လေ" ဟု လျူဝူ က မိုက်ကရိုဖုန်းကို ကိုင်ထားရင်းမှ ပြန်ပက်လာသည်။

"အဲ့ဒီဟာကြီး ချလိုက်စမ်းပါ"

ရှန်ယွီက မျက်မှောင်ကြုတ်ပြီး ငေါက်လိုက်ရတော့သည်။

"ဒီလို စုတ်ပြတ်နေတဲ့ လမ်းနဲ့၊ ဒီလို စုတ်ပြတ်နေတဲ့ မိုးထဲမှာ ကားမောင်းတာကိုပဲ အာရုံစိုက်စမ်းပါ"

"ကျွန်တော်ကော ဒါကြီးကို ကိုင်ထားချင်တယ် ထင်လို့လား"

လျူဝူကလည်း မခေ။ မိုက်ကရိုဖုန်းကို ဆက်ကိုင်ထားဆဲ။

"အေးပါ... ငါကြားရပါတယ်!"

ရှန်ယွီက သက်ပြင်းချရင်း၊ အရိုးထိန်းကိရိယာတပ်ထားရသည့် သူ့ရဲ့ ဘယ်ဘက်ခြေထောက်ကို မလိုက်ပြီး ၊
မနည်း မတ်မတ်ထိုင်ဖို့ ကြိုးစားရပြန်သည်။ ထို့နောက် ပြတင်းပေါက်အပြင်ဘက်က ဖြူဖွေးနေသည့် မိုးမြူတွေကို ကြည့်လိုက်ပြီး…

"မင်းပဲ ဒီနေ့ မိုးဖွဲဖွဲပဲ ရွာမယ်လို့ မိုးလေဝသက ပြောတယ်ဆို"

"အခုကြည့်ကြည့်လိုက်ဦး၊ အခုထိ မိုးဖွဲဖွဲပဲလေ။ ဒါကို တစ်နေရာတည်း ကွက်ပြီး သည်းထန်စွာရွာတဲ့မိုး

လို့ ခေါ်တာ" လျူဝူက ပြန်ပြောလာသည်။

"ရောက်ဖို့ ဘယ်လောက်လိုသေးလဲ"

"လမ်းညွှန် ထဲမှာတော့ လေးကီလိုမီတာ ကျန်သေးတယ်လို့ ပြတယ်"

"ချန်းယွီလည်း ဘယ်သူမှမရှိတဲ့ တောအုပ်ကြီးထဲမှာ သွားပြီး တည်းခိုခန်းဖွင့်ထားတယ်..."

ရှန်ယွီက တိုးတိုးလေး ရေရွတ်လိုက်သည်။

"အဲ့ဒါကို လွှဲမယူပါနဲ့လို့ ကျွန်တော်ပြောသားပဲ" လျူဝူက အထွန့်ထပ်တက်သည်။

"ငါကော လွှဲယူချင်တယ် ထင်လို့လား"

ရှန်ယွီက ညာဘက်ခြေထောက်နဲ့ ရှေ့ကို ကန်လိုက်သည်။

"ကျွန်တော် သိပါတယ်"

လျူဝူက နောက်ကြည့်မှန်ထဲကနေ သူ့ကို တစ်ချက်ကြည့်ပြီး လေသံခပ်အေးအေးနဲ့ ပြောလိုက်သည်။

"စိတ်မဆိုးပါနဲ့ဗျာ။ ဒီနှစ်တွေထဲမှာ ကျွန်တော် အစ်ကို့ကို ကောင်းကောင်း သင်ပေးထားတာပဲ မဟုတ်လား..."

ရှန်ယွီက မျက်မှောင်ကြုတ်ပြီး ဘာမှပြန်မပြောဘဲ လျူဝူရဲ့ ခေါင်းနောက်စေ့ကိုသာ စိုက်ကြည့်နေလိုက်တော့၏။ လျူဝူက သူ့ခေါင်းသူ ပြန်စမ်းလိုက်ပြီး လေသံပြောင်းကာ

"တကယ်တော့ အဲ့ဒီနေရာက တော်တော်လေး ကောင်းပါတယ်။ ကျွန်တော် ရောက်ဖူးတယ်၊ တစ်မျိုးစီ လှတဲ့
မြို့လေးပဲ... ရှေးဟောင်းမြို့လား ဘာလားတော့ မသိဘူးပေါ့။ နှင်းလျှောစီးကွင်းသာ ဖွင့်လိုက်ရင်တော့ စီးပွားရေး တကယ်ကောင်းမှာပဲ"

"စောစောက ငါတို့ဖြတ်လာတဲ့ မြို့လေးမှာ ရှေးဟောင်းမြို့လို့ ဆိုင်းဘုတ်တပ်ထားတယ်လေ"

လျူဝူက စကားပြန်ထောက်သည်။

"အင်း ။ အဲ့ဒါက တကယ့် ရှေးဟောင်းမြို့အစစ်ပဲ"

"အဲ့ဒါဆို ဘော့စ်ချန်း ရဲ့ တည်းခိုခန်းက လူလုပ်ထားတဲ့ ရှေးဟောင်းမြို့ထဲမှာ ရှိနေတာပေါ့ ဟုတ်လား"

ရှန်ယွီက မေးတော့…

“ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေပေါ့” ဟု လျူဝူက
ပြန်ရှင်းပြလေသည်။

“အေးပါ” ရှန့် ယွီက ခပ်ဖွဖွရယ်ရင်း “ဘာပဲဖြစ်ဖြစ်လေ” ဟုသာ တုံ့ပြန်လိုက်သည်။

နာရီဝက်ခန့် ထပ်မံမောင်းနှင်ပြီးနောက် မိုးသည် သိသိသာသာ စဲသွားသော်လည်း ရွှံ့ဗွက်များဖြင့် ပျက်စီးနေသောလမ်းကြမ်းကြီးကိုသာ တွေ့မြင်ရတော့သည်။ ထူးဆန်းသည်မှာ လမ်းမျက်နှာပြင်ကို မျက်ဝါးထင်ထင်
မြင်တွေ့နေရခြင်းက ကားကို ပို၍ဆောင့်နေသကဲ့သို့ ခံစားရစေခြင်းပင် ဖြစ်၏။

“ခြေထောက်က ဘယ်လိုနေသေးလဲ” လျူဝူက မေးလာတော့ လည်း

“မကောင်းဘူး။ မင်း ငါ့ကို ချီပြီး ပျံပေးဖို့ လိုမယ်” ဟု ရှန်ယွီက ဘာမှ မဖြစ်သလိုလို ခပ်ရွတ်ရွတ်
ပြန်ဖြေလိုက်သည်။ သို့ပေမဲ့

“အစ်ကို ဒါကို ပြန်စဉ်းစားသင့်တယ် ထင်တယ်”

လျူဝူကတော့ သူနဲ့ ဆန့်ကျင်စွာ သက်ပြင်းချရင်း လေးလေးနက်နက် ဆိုလာသည်။

“အစ်ကို့ရဲ့ ခြေထောက် အခြေအနေနဲ့ လုပ်ငန်းပြန်စချင်ရင်တောင် ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး။ ဆေးရုံမှာ
ပြန်ပြရမှာတွေ၊ အရိုးထိန်းကိရိယာ ဖြုတ်ရမှာတွေလိုမျိုး ကိုင်တွယ်ဖြေရှင်းရမယ့် ကိစ္စတွေ အများကြီး ရှိသေးတယ်လေ”။

“ငါ့ဘာသာငါပဲ ဖြုတ်လိုက်မယ်”

လျူဝူသည် စကားခဏရပ်သွားပြီး လက်မထောင်ပြကာ

“အစ်ကိုကတော့ တကယ့်ကို အံ့ဩစရာပဲ”

ရှန်ယွီကမူ ဘာမှပြန်မပြောဘဲ ပြတင်းပေါက်အပြင်ဘက်သို့သာ ငေးကြည့်နေလိုက်သည်။

“အစ်ကို ဘယ်မှာလဲဆိုတာ အဒေါ်ကို မသိစေချင်ဘူးဆိုရင် ဒါက မခက်ပါဘူး။ ကျွန်တော့်ဆီမှာ နေလို့ရတာပဲ။

ကျွန်တော် အခန်းနှစ်ခန်းပါတဲ့ တိုက်ခန်းအသစ်တစ်ခန်း ငှားထားတာ မကြာသေးဘူးလေ။ အစ်ကိုလာနေလို့ရတယ်”

“ကားကိုပဲ ဆက်မောင်းစမ်းပါ”

လျူဝူစေတနာကို နားလည်ပေမဲ့ ရှန့်ယွီသဘောထားကိုလည်း မြင်သာအောင် ပြလိုက်တော့…
လျူဝူသည် ရှန်ယွီ၏ မျက်နှာပေါ်မှ မကျေနပ်မှုကို မြင်တွေ့လိုက်ရသဖြင့် နှုတ်ဆိတ်သွား၏။ သို့သော် မကြာလိုက်။ သူသည် တစ်ခုခုကို ထပ်မံပြောဆိုရန် သတ္တိမွေးလိုက်ပုံရပြီး အသက်ကို ပြင်းပြင်းရှူကာ စကားစရန် ပြင်လိုက်စဉ်မှာပင်အပြင်ဘက်မှ ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာလေတော့သည်။

“ဟင်...” ရှန်ယွီက မော့ကြည့်လိုက်၏။

“အား... သွားပြီ!” လျူဝူသည် လန့်ဖျန့်သွားပြီး ဘရိတ်ကို ရုတ်တရက် နင်းလိုက်ရ၏။

ကားသည် ရွှံ့ဗွက်များကြားတွင် ဘေးတစောင်း အရှိန်ဖြင့် လျှောတိုက်သွားလျက်…

“ဒီလိုအချိန်မျိုးမှာ ဘာလို့ ဘရိတ်ကို အတင်းနင်းရတာလဲ! သေချင်လို့လား။ နောက်ခန်းမှာ ဓားတစ်ချောင်း ရှိတယ်။

အဲ့ဒါနဲ့ပဲ မင်းလည်ပင်းကို မင်းလှီးလိုက်တော့!”

ရှန်ယွီသည် ဒဏ်ရာရထားသော သူ၏ခြေထောက် ရှေ့သို့ အရှိန်ဖြင့် မဆောင့်မိစေရန် ရှေ့ထိုင်ခုံကို အတင်းအားပြု၍ထိန်းထားလိုက်ရသည်။

“အဲ့ဒါ ဘာအသံကြီးလဲ” ကားရပ်သွားပြီးနောက် လျူဝူသည် စိတ်ကို ပြန်လည်စုစည်းကာ မေးလိုက်၏။

“မင်းရဲ့ ဂူရှေ့မှာ ငါ ဗျောက်အိုးဖောက်ပေးတဲ့ အသံလေ”

ရှန်ယွီသည် မနည်းရုန်းကန်ကာ အနေအထားကို ပြန်ပြင်ထိုင်လိုက်သည်။ လျူဝူကမူ ဘာမှပြန်မပြောဘဲ
တကယ်ကို ဝေခွဲမရဖြစ်နေသော မျက်လုံးများဖြင့်သာ ရှန်ယွီကို စိုက်ကြည့်နေလေသည်။

“ဘီးပေါက်သွားတာ”

ရှန်ယွီသည် ပြတင်းပေါက်အပြင်ဘက်မှ ဘီးကို ကြည့်လိုက်ပြီး ဒေါသများ အနည်းငယ် လျော့ကျသွား၏။

“ဒီဘီးကို သုံးတာ ဘယ်လောက်တောင် ကြာနေပြီလဲ”။

“ကျွန်တော် လည်း မသိဘူး။ အခု ငါတို့ ဘာလုပ်ကြမလဲ”

လျူဝူသည် အနည်းငယ် ထိတ်လန့်သွားပြီး အပြင်သို့ ငုံ့ကြည့်ကာ

“ဟာ! တကယ်ကြီး ပြားသွားတာပဲ၊ ဘယ်လိုလုပ်ပြီး ဒီလောက်မြန်မြန် ပြားသွားရတာလဲ” ဟု ဆိုလေ၏။

“ဘီးအပိုနဲ့ လဲလိုက်လေ”

ရှန်ယွီပြောတော့…

“ဘီးအပို မရှိတော့ဘူး”

လျူဝူသည် သူ့စကားနဲ့သူ စိတ်ပျက်အားလျော့သွားပုံရပြီး

“အခုတပ်ထားတဲ့ဘီးကပဲ ဘီးအပို ဖြစ်နေပုံရတယ်” ဟူ၍ ထပ်ဖြည့်ပြောလေသည်။

“မင်း ဒီကားကို ဘယ်ကနေ ရလာတာလဲ။ အမှိုက်ပုံထဲကနေ သွားခိုးလာတာလား”

ရှန်ယွီ ငေါ့လိုက်ပေမဲ့ တစ်ဖက်သားကတော့ အသေအချာလေး ရှင်းပြရှာသည်။

“သူငယ်ချင်းဆီက ငှားလာတာပါ။ ကျွန်တော်က တက္ကသိုလ်ပထမနှစ် ကျောင်းသားလေးပဲ ရှိသေးတာ၊

အစ်ကို့ ကို ဒီအထိ ပို့ပေးဖို့ ကားတစ်စီး ရလာတာကိုက တကယ့်အံ့ဩစရာဖြစ်နေပြီလေ။”

လျူဝူသည်လည်း သက်ပြင်းချရင်း ပြတင်းပေါက်ကို ပိတ်လိုက်လေသည်။

“အခု ဘာဆက်လုပ်ကြမလဲ အစ်ကို”။

“ဆက်မောင်းရုံပေါ့”

“ကားက ရွေ့နိုင်ပါဦးမလား” လျူဝူသည် တွေဝေသွားပြီး ကားကို ချက်ချင်းမနှိုးသေးပေ။

“မင်းဆီမှာ ကားကို ဆွဲမဲ့ ဆွဲကြိုးရှိလား” ရှန်ယွီက မေးသည်။

“ရှိတယ်၊ တစ်ချောင်းရှိတယ်။ အဲ့ဒါကို ဘယ်လိုသုံးမှာလဲ”

လျူဝူက လှည့်ကြည့်၍ မေး၏။

“ကားဘမ်ပါမှာ ချည်လိုက်၊ ပြီးရင် မင်းက ရှေ့ကနေ ဆွဲရမှာပေါ့”

လျူဝူသည် ရှန်းယွီကို နှစ်စက္ကန့်ခန့် စိုက်ကြည့်နေပြီးနောက် ရှေ့သို့ပြန်လှည့်ကာ

ကားနှိုးလိုက်တော့သည်။

***

“ရွှေကော”

ချန်ကျန့်သည် ဆိုင်ထဲသို့ လမ်းလျှောက်ဝင်လာရင်း လှမ်းခေါ်လိုက်သည်။ သူသည် ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေသောစက်ပစ္စည်းအစိတ်အပိုင်းများနှင့် ကိရိယာတန်ဆာပလာများကို ခြေထောက်ဖြင့် ဘေးသို့ကန်ထုတ်ကာ
ကုလားထိုင်တစ်လုံးကို ခြေထောက်ဖြင့် ဆွဲယူလိုက်၏။

“ခဏနေရင် သူပြန်လာလိမ့်မယ်၊ ရှောင်ဖန်းနဲ့အတူ မြို့ထဲကို သွားတယ်”

ချန်ရှောင်ဟူ သည် အဝတ်စုတ်တစ်ထည်ကို ကိုင်လျက် အတွင်းခန်းထဲမှ ထွက်လာသည်။

သူမသည် ချန်ကျန့်ကို မြင်လိုက်ရသောအခါ အံ့ဩသွားပြီး

“နင် မိုးထဲထဲမှာ လာတာလား” ဟု မေးလိုက်၏။

“မရီး” ချန်ကျန့်က နှုတ်ဆက်လိုက်ရင်း

“လမ်းခုလတ်မှာ ရုတ်တရက်ကြီး မိုးသည်းလာတာ၊ ကျွန်တော့်ထီးလည်း လေတိုက်လို့ လွင့်သွားတယ်။”

ချန်ကျန့် အကျိုးအကြောင်း ရှင်းပြလိုက်ရသည်။

“အင်္ကျီတွေ ချွတ်လိုက်လေ၊ ငါ အခြောက်ခံပေးမယ်”

ချန်ကျန့်သည် ကုလားထိုင်ပေါ်တွင် ထိုင်လိုက်ပြီး သူ၏ဆံပင်များကို လက်ဖြင့်သပ်တင်ကာ အလုပ်မရှုပ်စေမဲ့
ကိစ္စကိုသာ အကူအညီတောင်းလိုက်သည်။

“မျက်နှာသုတ်ပုဝါတစ်ထည်ပဲ ပေးပါ၊ ခေါင်းကိုပဲ သုတ်လိုက်တော့မယ်”

ချန်ရှောင်ဟူသည် အတွင်းခန်းထဲသို့ ဝင်သွားပြီး သူ၏အတွက် မျက်နှာသုတ်ပုဝါတစ်ထည်ယူလာပေးသည်။ ချန်ကျန့်သည် မျက်နှာသုတ်ပုဝါကို လှမ်းယူကာ သေချာကြည့်‌တော့ ချန်ရှောင်ဟူက သူစိတ်သန့်စေရန် သေချာလေးဖြေရှင်းပေးသေး၏။

“သန့်ပါတယ်! မင်းက အသန့်ကြိုက်တတ်မှန်း ငါသိပါတယ်၊ ရွှေကော သုံးထားတဲ့ဟာကို ငါမင်းကို မပေးပါဘူး”

ချန်ကျန့်သည် ပြုံးလိုက်ပြီး မျက်နှာသုတ်ပုဝါကို သူ၏ခေါင်းပေါ်သို့ တင်လိုက်၏။

“အဲ့ဒီ စိုရွှဲနေတဲ့ အင်္ကျီတွေကို ဆက်ဝတ်ထားဦးမှာလား” ချန်ရှောင်ဟူက ထပ်မေးလာသည်။

“ဟုတ်ကဲ့”

“မင်းတော့ ရူးနေပြီပဲ၊ ရှက်မနေစမ်းပါနဲ့”

ချန်ရှောင်ဟူသည် သူ့ကို ကရုဏာပါသော အကြည့်ဖြင့် ကြည့်ကာ

“ငါ့သားလေးသာ မသေခဲ့ရင် မင်းထက် တစ်နှစ်ပဲ ငယ်မှာ။ မြန်မြန်ချွတ်လိုက်၊ မဟုတ်ရင် အအေးမိလိမ့်မယ်!”

ချန်ကျန့်သည် လက်မြှောက်ကာ စိုရွှဲနေသော အင်္ကျီကို ချွတ်လိုက်၏။ ထိုစဉ် အပြင်ဘက်ရှိ ကျဉ်းမြောင်းသော လမ်းကလေးအတိုင်း ကားတစ်စီးသည် တုန်တုန်ချိချိဖြင့် မောင်းနှင်လာလေသည်။ ဆိုင်ရှေ့တွင် မိုးကာအမိုး ရှိနေသောကြောင့် ကားမှာ အတွင်းသို့ ဝင်မရဘဲ လမ်းဘေးတွင်သာ ရပ်လိုက်ရသည်။ ကား၏ ဘယ်ဘက်နောက်ဘီးမှာ ပြားနေပြီး ဘီးခွေ ပင်လျှင် အနည်းငယ် ပုံပျက်နေသည်ကို ချန်ကျန့်က ချက်ချင်း သတိပြုမိသွား၏။ ကားကို သည်နေရာအထိ မည်သို့ရောက်အောင် မောင်းလာနိုင်သည်ကိုပင် သူ အံ့ဩမိပါရဲ့။
ကားမောင်းသူသည် တံခါးကိုဖွင့်၍ ဆိုင်ထဲသို့ ပြေးဝင်လာကာ ချန်ကျန့်ကို ကြည့်ပြီး အားကိုးတကြီးမေးလိုက်သည်က…

“ဆရာ... ဘီးပြင်ပေးလို့ ရမလားခင်ဗျာ” ဟူ၍။

“ဘီးခွေက ပုံပျက်သွားပြီ။ ဘီးကိုပဲ ပြင်လိုက်လို့လည်း အဆင်ပြေမှာ မဟုတ်ဘူး”

ချန်ကျန့် ရှင်းပြတော့

“ခင်ဗျားတို့ဆီမှာ ဘီးအပိုရှိလား။ အသစ်လဲပေးလို့ ရမလား”

ကားမောင်းသူသည် ဆိုင်ပတ်ပတ်လည်ကို ဝေ့ဝဲကြည့်ရှုရင်း မျှော်လင့်တကြီးပြန်မေး၏။ ချန်ကျန့်သည် ဘာမှပြန်မပြောပေ။ ဆိုင်ကို တစ်ချက်ကြည့်ရုံဖြင့် သည်ဆိုင်မှာ ဘီးနှင့်ပတ်သက်၍ ပြုပြင်ခြင်းအဆင့်တွင်သာ ရှိသည်ကို ကားမောင်းသူ သိသင့်သည်။ အကယ်၍ ဆိုင်တွင် ဘီးအပိုရှိခဲ့လျှင်ပင် ထိုဘီးမှာ မော်တော်ဆိုင်ကယ်အတွက်သာ ဖြစ်လိမ့်မည်။

“အစ်ကို”

ကားမောင်းသူသည် မိုးထဲသို့ ပြန်လည်ထွက်ခွာသွားပြီး ကားဆီသို့ သွားလေသည်။

“ဘယ်လိုလုပ်ကြမလဲ။ ဒီဆိုင်မှာ ဘီးအသစ်လဲလို့ မရဘူး ထင်တယ်”။

စက္ကန့်အနည်းငယ် ကြာပြီးနောက် ကားမောင်းသူသည် ပြန်လည်ရောက်ရှိလာပြန်သည်။

ခမျာမှာခြေဆုံးခေါင်းဆုံး စိုရွှဲနေပြီး

“ဒါဆိုရင်လည်း အခုလောလောဆယ် ကားမောင်းလို့ရရုံလောက်ပဲ ပြင်ပေးလို့ ရမလားခင်ဗျာ” ဟု ထပ်မေးလာသည်။

ချန်ကျန့်သည် ကားနောက်ခန်းတွင် ထိုင်နေသော လူကို ကြည့်လိုက်၏။ ပြတင်းပေါက်မှန်ကို ပိတ်ထားသဖြင့်
သေချာမမြင်ရသော်လည်း ထိုသူသည် တော်တော်လေး ဟိတ်ဟန်ကြီးပုံရသည်။ ဟောင်းနွမ်းနေသော
ကားအစုတ်ကြီးကို စီးလာသော်လည်း ကားမောင်းသူကို မိုးထဲရေထဲတွင် စကားပါးခိုင်းရန် ဟိုဟိုဒီဒီ
ပြေးခိုင်းနေခြင်းသည် မလျော်မကန်တွေ လုပ်နေတာမဟုတ်ဘူးလား ။

“အခုလောလောဆယ် ငါမပြင်ပေးနိုင်ဘူး”

“ဘာလို့လဲဗျ”

ကားမောင်းသူသည် စိုးရိမ်တကြီးဖြင့် အသံမြှင့်ကာ

“ခင်ဗျားမှာ တခြားအလုပ်တွေလည်း ရှိနေပုံမရပါဘူး” ဟု ထပ်ပြောသည်။

ထိုစဥ်မှာပင် ချန်ရှောင်ဟူသည် အတွင်းခန်းထဲမှ ထွက်လာပြီး

“အလုပ်သမားက ဒီမှာမရှိဘူး! သူ မြို့ထဲသွားတယ်။ နောက်မိနစ်နှစ်ဆယ်လောက်နေရင် ပြန်ရောက်လိမ့်မယ်။

စောင့်နိုင်ရင်လည်း စောင့်ပေါ့” ဟူ၍စကားဝိုင်းထဲ ဝင်ရောက်ရှင်းလင်းပေးသည်။

ဒါတောင် ကားမောင်းသူက လက်မလျှော့။

“သူကရော အလုပ်သမားမဟုတ်ဘူးလား”

ကားမောင်းသူသည် အရှုံးမပေးဘဲ ချန်ကျန့်ကို လက်ညှိုးထိုးပြကာ ထပ်မံစောဒကတက်နေသေး၏။

“သူက မလုပ်တတ်ဘူး။ သူက ငါတို့ဆီကို လာလည်တဲ့ ဧည့်သည်လေ” ချန်ရှောင်ဟူ ထပ်ရှင်းပြမှ

“... ဪ” ဟု ဆိုကာ ကားမောင်းသူလည်း လက်လျှော့လိုက်တော့၏။

“ခဏလောက် ထိုင်စောင့်ပါလား” ချန်ရှောင်ဟူက ကုလားထိုင်တစ်လုံးကို ညွှန်ပြရင်းဖိတ်ခေါ်သည်။

ကားမောင်းသူမှာ အနည်းငယ် အနေရခက်သွားပုံရပြီး မလှုပ်မယှက်ဘဲ ချန်ကျန့်ကို တစ်ချက်ကြည့်လိုက်၏။

“ဘာလဲ... ငါ့ကုလားထိုင်ကို သဘောကျနေလို့လား” ချန်ကျန့်သည် မတ်တတ်ရပ်လိုက်ပြီး “မင်းကို ပေးစေချင်လို့လား” ဟု မေးလိုက်သည်။

“မဟုတ်ပါဘူး” ကားမောင်းသူသည် လက်ကာပြကာ

“ကျွန်တော် ကားထဲမှာပဲ စောင့်ပါ့မယ်”

လျူဝူသည် မိုးရေများ စိုရွှဲလျက် ကားထဲသို့ ပြန်ဝင်လာ၏။ သူက ခေါင်းလှည့်လိုက်သောအခါ ဆံပင်မှ
မိုးရေများသည် ရှန်ယွီ၏ မျက်နှာပေါ်သို့ စင်သွားလေသည်။

“ပြင်မယ့်လူက နောက်မိနစ်နှစ်ဆယ်နေရင် ပြန်ရောက်မယ်တဲ့။ ကျွန်တော်တို့ စောင့်ကြမလား။
အစ်ကို့ ခြေထောက်က တော်တော်ကြီး ရောင်လာပြီလား”။

“စောင့်ကြတာပေါ့။ ဒီကားက ရှေ့ဆက်သွားနိုင်တော့မှာ မဟုတ်ဘူး”

ရှန်ယွီသည် သူ၏ခြေထောက်ကို ထိုင်ခုံပေါ်သို့ တင်လိုက်ပြီး တစ်ရှူးဖြင့် မျက်နှာကို သုတ်လိုက်သည်။

“မင်း ဆိုင်ထဲမှာပဲ စောင့်နေလို့ မရဘူးလား။ မိုးထဲထဲမှာ ဟိုပြေးဒီပြေး လုပ်နေရတယ်လို့”။

“ကျွန်တော့်အစ်ကိုက တကယ်ကို လူအများအပေါ် ဂရုစိုက်တတ်တာပဲ။”

လျူဝူသည် စိတ်လှုပ်ရှားစွာဖြင့် ပြုံးလျက် ပြောလာသည်။

“မင်းက ငါ့မျက်နှာကို ရေတွေနဲ့ ပက်လိုက်တာလေ။” ရှန်ယွီ ချက်ချင်း ပြန်ပက်၏။

“စောစောက အစ်ကို ရေငတ်တယ်ဆိုလို့ပါ” လျူဝူ ပြန်ချေပသည်။

“ငါ့ကို လာပြီး ပျို့အန်အောင် မလုပ်စမ်းပါနဲ့”

ရှန်ယွီသည် ကားမှန်ပြတင်းမှတစ်ဆင့် ပြင်ဆင်ရေးစခန်းကို ကြည့်ရှုရင်း

“အဲ့ဒီမှာ ရေရောင်းလား။ ရေခဲသေတ္တာတစ်လုံး တွေ့လိုက်သလိုပဲ”

“ကျွန်တော် သွားမေးလိုက်မယ်။ ကျွန်တော်လည်း တကယ် ရေငတ်နေတာ။”

လျူဝူသည် ကားပေါ်မှ ထပ်ဆင်းရန် ပြင်ဆင်လေသည်။

“မိုးရေထဲ ဆင်းရတာ စွဲလမ်းနေတာလား။ ကားထဲမှာပဲ နေစမ်းပါ”

ရှန်ယွီသည် လျန်ဝူကို ပြန်ဆွဲထားပြီး ကားမှန်ကို ချလိုက်၏။ မိုးရေများမှာ ကားထဲသို့ ချက်ချင်းပင် စင်ဝင်လာတော့သည်။ ရှန်ယွီ ဆိုင်ဘက်သို့ ဦးတည်၍ ကျယ်လောင်စူးရှသော လေချွန်သံတစ်ချက် ပေးလိုက်ရာ အော်ဟစ်ခေါ်ဆိုခြင်းထက်ပို၍ ထိရောက်လေသည်။ ခေါင်းပေါ်တွင် မျက်နှာသုတ်ပုဝါ တင်ထားသောသူ (ချန်ကျန့်) က ချက်ချင်းလှည့်ကြည့်လာ၏။

“ရေရှိလား” ဟု ရှန်ယွီ လှမ်းမေးလိုက်သည်။

ဆံပင်ကောက်ကောက်နှင့်သူ (ချန်ကျန့်) သည် သူ့ကို စက္ကန့်အနည်းငယ်ကြာ စိုက်ကြည့်နေ၏။ ရှန်ယွီက
တစ်ဖန် ထပ်မံအော်ဟစ်ရန် ပြင်လိုက်စဉ်မှာပင် လျူဝူက ဝင်တားသည်။

“ငါးမိနစ်ပဲ ရှိသေးတာလေ! ဘာတွေ ဒီလောက် လောနေတာလဲ။”

ရှန်ယွီသည် တိတ်ဆိတ်စွာပင် ကားမှန်ကို ပြန်ပိတ်လိုက်ပြီး လျူဝူကို ကြည့်ကာ

“မင်းပဲ ဟိုဘက်ကို သွားလိုက်တာ ပိုကောင်းမယ် ထင်တယ်” ဟူ၍ သဘောထားကို တင်ပြလာတော့လည်း လျူဝူ မိုးရေကြားမှပင် ဆိုင်ရှိရာသို့ ထပ်ပြေးရပြန်သည်။

“ရေလား။ ရှိပါတယ်”

လျန်ဝူ ပြေးဝင်လာတာ မြင်တော့ ချန်ရှောင်ဟူက ရေခဲသေတ္တာကို ညွှန်ပြကာ

“စိတ်ကြိုက်ယူပြီး QR code scan ဖတ်လိုက်ပါ”

“စက်ပြင်ဆရာက နောက် ၁၅ မိနစ်နေရင် ပြန်ရောက်မှာလားခင်ဗျာ”

လျူဝူ က ရေယူကာ ငွေပေးချေရင်း တစ်ဖက်သူကို ထပ်မေးမြန်းတော့ …

“မိနစ် ၂၀ လို့ ငါပြောပြီးပြီလေ” ဟု စကားပိုတွေ ထပ်ပြောနေရပြန်ပြီဆိုသော အမူအရာနှင့် ပြန်တုံ့ပြန်လေ၏။

“ငါးမိနစ်တောင် ကုန်သွားပြီ မဟုတ်လား”

လျူဝူက ထပ်ကွန့်လိုက်သည်။

“အဲ့ဒီလောက်ကြီး တိကျနေမှာ မဟုတ်ဘူး”

ချန်ကျန့်က လျူဝူကို ကြည့်ကာ “ဒါက ခန့်မှန်းခြေပဲလေ” ဟု ဆို၏။

“မင်းတို့ လောနေလို့လား” ဟု ချန်ရှောင်ဟူက ဝင်မေးသည်။

“ဟုတ်ကဲ့။” လျူဝူက ကားဘက်သို့ လှည့်ကြည့်ရင်း “ကျွန်တော့်အစ်ကိုက...”

“ဒါဆိုလည်း…ချန်ကျန့်... သူတို့ကို ဘီးအရင် ဖြုတ်ပေးထားလိုက်ပါလား။ ဒါဆိုရင် တခြားသူတွေ

ပြန်ရောက်လာတဲ့အခါ ချက်ချင်း အလုပ်စလို့ ရတာပေါ့”

လျူဝူ လောနေပုံကြောင့် ချန်ရှောင်ဟူက အကြံပြုလေသည်။

“ကောင်းပါပြီ”

ချန်ကျန့်က ခေါင်းညိတ်လက်ခံ၏။ ထိုအခါမှ လျူဝူသည် ကားဆီသို့ ပြန်ပြေးသွားပြီး ပြတင်းပေါက်မှတစ်ဆင့် ရှန်ယွီကို ရေဘူးကို လှမ်းပေးလိုက်သည်။

“မစောင့်နိုင်လို့ ထွက်ပြေးသွားမှာ စိုးရိမ်လို့လား။ သူတို့ကားက ဒီအခြေအနေနဲ့ ဘယ်မှ သွားလို့ရမှာ မဟုတ်ဘူး”

ချန်ကျန့်က ကားဆီကို မျှော်ကြည့်ပြီး ပြောတော့ ချန်ရှောင်ဟူ က ကရုဏာသံဖြင့် ပြန်ရှင်းပြသညါ။

“အဲ့ဒါကြောင့် မဟုတ်ပါဘူး ။ အဲ့ဒီကလေးက ဟိုပြေးဒီပြေးနဲ့ တော်တော်လေး ပင်ပန်းနေပုံရလို့ပါ။ သူက

မင်းနဲ့ ရွယ်တူလောက်ပဲ ရှိမှာမလား။ ဒါပေမဲ့ သူက သူများအတွက် ကားမောင်းပေးနေရပြီ”။

“ဒီအလုပ်က ကျွန်တော့်ထက်တောင် ပိုဝင်ငွေကောင်းနေဦးမယ် မဟုတ်လား”

ချန်ကျန့်က ရယ်မောရင်း ဂျက် ကို ကောက်ကိုင်ကာ ကားဆီသို့ လမ်းလျှောက်သွားလေသည်။

“ဘီးကို အရင်ဖြုတ်ထားလိုက်မယ်တဲ့”

ကားမောင်းသမားလေးက အမြန်ပြန်ပေးသွားပြီး ကားထဲရှိလူကို အရင်အသိပေး၏။ ချန်ကျန့် နောက်မှ
ကပ်ပါလာပြီး ကားပေါ်က လူကို

“လူက အပြင်ထွက်ပေးဖို့ လိုမယ်” ဟူ၍ သတိပေးတော့

“လူရှိနေတာက ဘာမှ မကွာခြားပါဘူး” ဟု ပြန်ပြောလာ၏။

ချန်ကျန်သည် ဤမျှအထိ ဟိတ်ဟန်ကြီးသောသူမျိုးကို တစ်ခါမျှ မတွေ့ဖူးသေးပေ။ သူသည် ကားမှန်ကို မှီလျက်အတွင်းသို့ ငုံ့ကြည့်လိုက်ရာ လူငယ်တစ်ဦးသည် နောက်ခန်းတွင် မှီထိုင်လျက် သူ့ကို လှည့်ကြည့်နေသည်ကို တွေ့ရသည်။ ထိုသူ၏ လည်ပင်းဘေးမှ နားရွက်နောက်အထိ တက်တူး အနက်ရောင်လိုင်း အနည်းငယ် ဆွဲထားသည်ကိုလည်း တွေ့ရ၏။

“လူရှိနေတုန်း အလုပ်လုပ်တာက မလုံခြုံဘူး။ ပြင်စေချင်ရင် အပြင်ထွက်ပါ”

ချန်ကျန့် စိတ်ကို ဆွဲဆန့်ပြီး ပြေပြေလည်လည် ရှင်းပြသော်လည်း ထိုလူငယ်က ဘာမှပြန်မပြောပေ။

“ခြေထောက်က အဆင်မပြေလို့လား။ ငါ မင်းကို ချီပြီး ထုတ်ပေးရမလား”

ချန်ကျန့် စိတ်မရှည်စွာဖြင့် ထပ်မေးလိုက်၏။ ထိုအခါမှ ထိုသူသည် မဖြေဘဲ ကားတံခါးကိုသာတွန်းဖွင့်လိုက်သည်။

“ဖယ်ပေးပါ၊ ဖယ်ပေးပါ” လျူဝူက ကြားထဲမှ တိုးဝင်လာပြီး ထိုသူ၏ လက်မောင်းကို တွဲကူလိုက်၏။

ချန်ကျန့်သည် ထိုသူက သူ၏ညာဘက်ခြေထောက်ကို မနည်းဆန့်ထုတ်ပြီးနောက် လျူဝူ၏ အကူအညီဖြင့်
ကားပေါ်မှ ဖြည်းညှင်းစွာ ဆင်းလာသည်ကို စောင့်ကြည့်နေသည်။ ထိုအခါမှသာ ချန်ကျန့်သည် ထိုသူ၏
ဘောင်းဘီအောက်မှ ထွက်ပေါ်နေသော သတ္တုအရိုးထိန်းကိရိယာကို မြင်တွေ့လိုက်ရသဖြင့် အံ့အားသင့်သွားပြီး
ဘာလုပ်ရမှန်း မသိဖြစ်သွားတော့သည်။ ကားထဲတွင် ငြိမ်၍ထိုင်နေသောသူမှာ အမှန်တကယ် ခြေထောက်မသန်စွမ်းသူဖြစ်နေလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့မိ။

“ဒါဆိုရင်လည်း...” ချန်ကျန့်သည် ထိုသူ၏ လက်မောင်းကို အလျင်အမြန် ကူတွဲပေးလိုက်ရင်း

“မင်း ကားထဲမှာပဲ ဆက်ထိုင်နေပါလား” ဟု အားနာစိတ်ဖြင့် ပြောသော်လည်း

ထိုသူသည် ကားထဲသို့ ပြန်နှိုက်ကာ ခေါက်ချိုးချိုင်းထောက် တစ်စုံကို ထုတ်ယူလိုက်ပြီး မြေပြင်ပေါ်တွင် အားပြုလျက်မတ်မတ်ရပ်ကာ သူ့ကို ရင်ဆိုင်ကြည့်ရှုသည်။

“မင်း ငါ့ကို နောက်နေတာလား”။

“မဟုတ်ပါဘူး”

ချန်ကျန့် အားနာစိတ်ကြီးစိုးလျက် ချက်ချင်း ငြင်းဆိုတော့ ထိုသူဘာမှ ဆက်မပြော။တွဲကူသူ အားကိုးနှင့် ဆိုင်ရှိရာသို့ဖြည်းဖြည်းချင်းထွက်သွားပြီး ဆိုင်ထဲ ရောက်မှ…
ချန်ကျန့်သည်လည်း ကျွမ်းကျင်စွာဖြင့် ကားဘီးကို ဖြုတ်လိုက်ပြီး ဆိုင်ရှေ့ရှိ မိုးကာအမိုးအောက်သို့ လှိမ့်ယူသွားဖြစ်သည်။

“ဘယ်နားမှာ ပေါက်သွားတာလဲ” လျူဝူက အနားသို့ လိုက်လာရင်း မေးသည်။

ချန်ကျန့်သည် ဘီးကို စစ်ဆေးကြည့်ရှုပြီးနောက် ဘီးမျက်နှာပြင်ထဲမှ တြိဂံပုံစံ သံချွန်တစ်ခုကို ဆွဲထုတ်လိုက်၏။

“ဟာ!” လျူဝူက အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်သည်။

“ဒါက တစ်ယောက်ယောက်က တမင်သက်သက် ပစ်ထားတာ ဖြစ်ရမယ်၊ မဟုတ်ဘူးလား”။

“ဘယ်သူကများ ဒီလိုလုပ်မှာလဲ။”

ချန်ရှောင်ဟူသည်လည်း အနားသို့ လာကြည့်ရင်း အာမေဍိတ်သံဖြင့် ဆိုသည်။

“ငါတို့လုပ်တာတော့ မဟုတ်ဘူးနော်။ ငါတို့က အဲ့ဒီလိုမျိုးတွေ မလုပ်တတ်ဘူး! ဒါက ဒီအတိုင်း လမ်းပေါ်မှာ

အမှတ်မထင် ကျနေနိုင်တဲ့အရာမျိုး မဟုတ်ဘူး။ ငါတို့လည်း ဒါမျိုး ပုံမှန်မသုံးဘူး”

လျူဝူသည် ဒေါသအနည်းငယ်ထွက်လာပြီး ထိုသံချွန်ကို ကိုင်ကာ ရှန်ယွီအား ပြသလေသည်။

“အစ်ကို... ကြည့်ဦး”

ရှန်ယွီသည် လက်ထဲမှ သံချွန်ကို တစ်ချက်ကြည့်ပြီးနောက် ဘေးရှိ ဆိုင်ရှင်ကို ကြည့်ကာ

“အဲ့ဒါကို လွှင့်ပစ်လိုက်စမ်းပါ။ အမှတ်တရအနေနဲ့ သိမ်းထားမလို့လား” ဟု ဆို၏။

လျူဝူသည် တွေဝေသွားသော်လည်း ချက်ချင်း မလှုပ်ရှားသေးပေ။

“ဒါဆိုရင်လည်း အိမ်ယူသွားပြီး ကစားစရာလုပ်လိုက်လေ” ဟု ရှန်ယွီက ထပ်ပြောလာသည်။

လျူဝူသည် သတိပြန်ဝင်လာပြီး သံချွန်ကို အနီးရှိ ကွန်ကရစ်ကြမ်းပြင်ပေါ်သို့လွှင့်ပစ်လိုက်လေတော့သည်။
လောလောဆယ်တွင် သူတို့သည် ဘီးပြင်ရန် ဤဆိုင်ကိုသာ အားကိုးနေရသဖြင့် အငြင်းပွားရန် မသင့်တော်ပေ။
ဘီးကို ဖြုတ်ပြီးသွားပြီးနောက် ပေါက်သွားရသည့် အကြောင်းရင်းကိုလည်း သိရှိခဲ့ရပြီဖြစ်သည်။
သူတို့ လေးဦးစလုံးမှာ ဆိုင်ထဲတွင် တိတ်ဆိတ်စွာ ထိုင်နေကြပြီး အပြင်ဘက်မှ မိုးရွာနေသည်ကို ငေးကြည့်ရင်း
စက်ပြင်ဆရာ ပြန်အလာကို စောင့်ဆိုင်းနေကြ၏။
ချန်ကျန်သည် အခြားနှစ်ဦး၏ ခံစားချက်ကို မသိသော်လည်း သူကိုယ်တိုင်မှာမူ အနည်းငယ် အနေရခက်သကဲ့သို့ခံစားနေရသည်။ ချန်ရှောင်ဟူကသာ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်ပြီး

“မင်းတို့က ဟိုဘက်က မြို့ထဲကို လည်ပတ်ဖို့ သွားကြမလို့လား” ဟု မေးမြန်းလေသည်။

“လည်ပတ်ဖို့ မဟုတ်ပါဘူး” လျူဝူက ဆိုသည်။

“ကျွန်တော့်အစ်ကိုက တည်းခိုခန်းတစ်ခုကို လွှဲယူထားလို့ ဒီနေ့ သွားကြည့်မလို့ပါ”။

“တည်းခိုခန်းလား”

ချန်ရှောင်ဟူသည် ချန်ကျန့်ကို တစ်ချက်ကြည့်လိုက်ပြီး

“ဘယ်တည်းခိုခန်းလဲ” ဟု ထပ်မေး၏။

“နာမည်က... နာမည်က... ဘာတဲ့လဲ”

လျူဝူသည် မျက်မှောင်ကြုတ်ကာ ခဏလောက် စဉ်းစားပြီးမှ

“ဪ... ကျန့်ရှီး တဲ့” ဟု ဖြေသည်။

“ကျန့်ရှီး။ လူကြီးမင်းချန်း ရဲ့ နေရာလား။”

ချန်ရှောင်ဟူသည် အနည်းငယ် အံ့အားသင့်သွားပုံရ၏။

“ဘာဖြစ်လို့လဲ” ရှန်ယွီက ချက်ချင်းပင် မေးမြန်းလိုက်သည်။

“ဘာမှမဟုတ်ပါဘူး”

ချန်ကျန်က တိုတိုတုတ်တုတ်သာ ပြန်ဖြေလိုက်သည်။

“အဲ့ဒီတည်းခိုခန်းက ပိတ်ထားတာ တစ်နှစ်ခွဲနီးပါး ရှိနေပြီ။ တစ်ယောက်ယောက်က လွှဲယူလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး”။

“အဲ့ဒီမှာ တစ်ခုခု ပြဿနာရှိလို့လား”

လျူဝူသည် အခြေအနေတစ်ခုခုကို ရိပ်မိပုံရပြီး ထပ်ဆင့်မေးမြန်းသည်။

“မရှိပါဘူး၊ ငါတို့လည်း မသိဘူး”

ချန်ရှောင်ဟူက ပြုံးလျက်

“ငါတို့က အဲ့ဒီနေရာနဲ့ တော်တော်ဝေးဝေးမှာ နေတာလေ။ မင်းတို့ နာမည် က ဘယ်သူလဲ” ဟု စကားလမ်းကြောင်းလွဲ၏။

“လျူဝူ ပါ”

လျူဝူက သူ၏အစ်ကိုကို ကြည့်ကာ

“ကျွန်တော့်အစ်ကိုရဲ့ မျိုးရိုးက ရှန် ပါ၊ ရှန်ယွီ လို့ ခေါ်ပါတယ်” ဟု ထပ်မံမိတ်ဆက်ပေးသည်။

“ငါတို့အားလုံးကတော့ ချန်မျိုးရိုးတွေပါ”

ချန်ရှောင်ဟူက ချန်ကျန့်ကို လက်ညှိုးထိုးပြကာ

“သူက ချန်ကျန့်။ ဒီနားတစ်ဝိုက်မှာ ချန် မျိုးရိုးတွေ အများကြီး ရှိတယ်လေ”

ရှန်ယွီသည် အသံတစ်ချက်ပေး၍ အသိအမှတ်ပြုလိုက်သော်လည်း ဘာမှ ထွေထွေထူးထူး ထပ်မပြောပေ။

“ခင်ဗျားတို့ အားလုံးက မြို့ထဲမှာပဲ နေကြတာလား”

“ဟိုဘက်ဒီဘက် သွားလာနေကြတာပါပဲ၊ ရှေးဟောင်းမြို့ထဲမှာလည်း နေကြတယ်”

လျန်ဝူ့ အမေးကို ဆိုင်ရှင်က ပြုံးလျက် ပြန်ဖြေ၏။

“ချန်ကျန် ကတော့ ပုံမှန်အားဖြင့် မြို့ထဲမှာပဲ ရှိတတ်တာမို့ နောက်ပိုင်းမှာ မင်းတို့ သူ့ကို ခဏခဏ တွေ့ရဖို့ ရှိပါတယ်”။

“ဪ...”

ရှန်ယွီသည် ချန်ကျန် ကို တစ်ချက် လှမ်းကြည့်လိုက်လေတော့သည်။
__________________________________________________________________

Comments

Popular posts from this blog

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

2

အခန်း (၂) မိုးမှာ တဖွဲဖွဲတစ်လှည့်၊ သည်းထန်စွာတစ်လှည့် ဆက်လက်ရွာသွန်းနေဆဲ…ဆိုင်တံခါးအပြင်ဘက်ရှိ မိုးကာအမိုးပေါ်တွင် ရေများပြည့်လျှံနေပြီး အချိန်မရွေး ပြိုကျတော့မည့်အလား ။ လျူဝူသည် ထိုအမိုးကို ခေတ္တမျှ စောင့်ကြည့်နေပြီးနောက် လက်ညှိုးထိုးပြကာ မေးမြန်းစူးစမ်းခန်းစသည်။ “အဲ့ဒီဟာက ရေတွေကို အလိုအလျောက် စီးဆင်းအောင် လုပ်ပေးနိုင်တာလား” “ဟုတ်တယ်” ချန်ကျန် ခပ်တိုတိုပဲ ပြန်ဖြေ၏။ “ဟင်” လျူဝူသည် အံ့အားသင့်သွားပြီး “တကယ်ကြီး အလိုအလျောက်လား” ဟု ထပ်မေးသည်။ “အသံနဲ့ ခိုင်းရတာလေ” “ဗျာ” ချန်ကျန့် အဖြေကြောင့် လျူဝူမှာ ပို၍ပင် ဝေခွဲမရဖြစ်သွားတော့သည်။ ရှန်ယွီသည် သက်ပြင်းချရင်း မျက်နှာကို အခြားတစ်ဖက်သို့ လွှဲလိုက်ရ‌တော့၏။ ချန်ကျန် မတ်တတ်ရပ်လိုက်ပြီး တံခါးဘေးရှိ ခွတစ်ခုကို ယူကာ မိုးကာအမိုးအောက်သို့ လမ်းလျှောက်သွားသည်။ ထို့နောက် အမိုး၏ အပေါ်ဘက်ကို နှစ်ချက်ခန့် ဆွလိုက်ရာ စုပုံနေသော မိုးရေများမှာ ဝေါကနဲ စီးကျသွားပြီး မိုးကာအမိုးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ “မင်း ပြောလိုက်တဲ့ ခဏမှာပဲ ရေတွေက စီးဆင်းသွားတာလေ” ချန်ကျန် ပြန်လည်ထိုင်လိုက်ရင်း “အသံနဲ့ ခိုင်းရတာဆိုတာ အဲ့ဒါကို ပြောတာ” ဟု ဆိုသည်။ “အသံနဲ့ ခိုင်းရတယ်ဆို...