အခန်း (၂)
မိုးမှာ တဖွဲဖွဲတစ်လှည့်၊ သည်းထန်စွာတစ်လှည့် ဆက်လက်ရွာသွန်းနေဆဲ…ဆိုင်တံခါးအပြင်ဘက်ရှိ မိုးကာအမိုးပေါ်တွင် ရေများပြည့်လျှံနေပြီး အချိန်မရွေး ပြိုကျတော့မည့်အလား ။
လျူဝူသည် ထိုအမိုးကို ခေတ္တမျှ စောင့်ကြည့်နေပြီးနောက် လက်ညှိုးထိုးပြကာ မေးမြန်းစူးစမ်းခန်းစသည်။
“အဲ့ဒီဟာက ရေတွေကို အလိုအလျောက် စီးဆင်းအောင် လုပ်ပေးနိုင်တာလား”
“ဟုတ်တယ်”
ချန်ကျန် ခပ်တိုတိုပဲ ပြန်ဖြေ၏။
“ဟင်”
လျူဝူသည် အံ့အားသင့်သွားပြီး
“တကယ်ကြီး အလိုအလျောက်လား” ဟု ထပ်မေးသည်။
“အသံနဲ့ ခိုင်းရတာလေ”
“ဗျာ”
ချန်ကျန့် အဖြေကြောင့် လျူဝူမှာ ပို၍ပင် ဝေခွဲမရဖြစ်သွားတော့သည်။ ရှန်ယွီသည် သက်ပြင်းချရင်း မျက်နှာကို အခြားတစ်ဖက်သို့ လွှဲလိုက်ရတော့၏။
ချန်ကျန် မတ်တတ်ရပ်လိုက်ပြီး တံခါးဘေးရှိ ခွတစ်ခုကို ယူကာ မိုးကာအမိုးအောက်သို့ လမ်းလျှောက်သွားသည်။ ထို့နောက် အမိုး၏ အပေါ်ဘက်ကို နှစ်ချက်ခန့် ဆွလိုက်ရာ စုပုံနေသော မိုးရေများမှာ ဝေါကနဲ စီးကျသွားပြီး မိုးကာအမိုးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။
“မင်း ပြောလိုက်တဲ့ ခဏမှာပဲ ရေတွေက စီးဆင်းသွားတာလေ” ချန်ကျန် ပြန်လည်ထိုင်လိုက်ရင်း “အသံနဲ့ ခိုင်းရတာဆိုတာ အဲ့ဒါကို ပြောတာ” ဟု ဆိုသည်။
“အသံနဲ့ ခိုင်းရတယ်ဆိုတာ ဒါကို ပြောတာလား” လျူဝူသည် နှစ်စက္ကန့်ခန့် ဆွံ့အသွားပြီးနောက် ကုလားထိုင်ကို မှီကာ ကျယ်လောင်စွာ ရယ်မောတော့သည်။
“ဟာ... ခင်ဗျားကတော့ တကယ်ကို ဟာသလုပ်တတ်တာပဲ”။
ချန်ကျန်သည်စက်ရုပ်အရုပ်လေးတစ်ရုပ်ကဲ့သို့ တဟားဟားရယ်နေသော လျူဝူကိုကြည့်ပြီးမေးရတော့သည်။
“မင်း အသက်ဘယ်လောက်ရှိပြီလဲ”
“ခုမှ ၁၈ နှစ် ပြည့်တာပါ၊ ကားမောင်းလိုင်စင်တောင် ရထားပြီးပြီ”
“ဪ…”
လျူဝူက သာမန်ကာလျှံကာ တုံ့ပြန်သော်လည်း
“ကြည့်ရတာ ၁၈ နှစ်နဲ့ မတူဘူး၊ အလယ်တန်းကျောင်းသားလေးနဲ့တောင် တူသေးတယ်”
ချန်ရှောင်ဟူက ဘေးမှနေ၍ ခပ်ဖွဖွရယ်ရင်း ဝင်ပြောသည်။
“ကျွန်တော်က ရုပ်နုလို့ပါ”
ရှန်ယွီသည် သူ့ကို မတတ်သာသည့် အကြည့်ဖြင့် လျူဝူ ကို တစ်ချက်ကြည့်လိုက်သည်။ ချန်ရှောင်ဟူက ပြုံးလျက် သိချင်စိတ်အပြည့်ဖြင့် ဆက်လက်မေးမြန်းသည်။
“ကျောင်းမတက်တော့ဘူးလား။ မင်းအစ်ကိုနဲ့အတူ စီးပွားရေးလာလုပ်တာလား”။
“ကျွန်တော် ကျောင်းတက်နေတုန်းပါ၊ ကောလိပ် စတက်တာပဲ ရှိပါသေးတယ်” လျူဝူက သူ၏ကျောင်းသားဘဝကို မိတ်ဆက်ရင်း အစ်ကိုဖြစ်သူဘက်သို့ တစ်ချက်ဝေ့ကြည့်သည်။
“အစ်ကို့ကို လာပို့တာပါ။ သူက အဲ့ဒီတည်းခိုခန်းကို လွှဲယူထားတာ၊ ပြန်ပြင်ပြီးမှ ဖွင့်ဖို့ စီစဉ်ထားတယ်။ ဒါပေမဲ့ အချိန်တော့ တော်တော်ယူရဦးမယ် ထင်တာပဲ၊ အဓိကကတော့ သူက မလုပ်ချင်...”
“မင်းတို့ဆီမှာ ရေခဲမုန့်ရှိလား”
ရှန်ယွီက လျူဝူ၏ စကားကို ဖြတ်၍ မေးမြန်းလိုက်ရာ လျူဝူမှာ စကားစပြတ်ကာ နှုတ်ဆိတ်သွားတော့သည်။
“ရှိလောက်ပါတယ်” ချန်ကျန်က မတ်တတ်ရပ်လျက် ရေခဲသေတ္တာကို ဖွင့်ကာ ရေခဲမုန့်တစ်ခု ထုတ်ပေးလိုက်သည်။
“လေးယွမ်ပါ။”
ရှန်ယွီက လက်ခံသည့်အနေဖြင့် ခေါင်းညိတ်ပြသော်လည်း နောက်ဆက်တွဲစကားကြောင့် ငြိမ်သက်သွားရပြန်သည်။
“ဒါပေမဲ့ သက်တမ်းကုန်တာ သုံးလလောက် ရှိပြီဗျ”
ချန်ကျန်ခပ်အေးအေးပင် ထပ်လောင်းပြောလိုက်ရာ ရှန်ယွီတစ်ယောက် ဆွံ့အလျက် စိုက်ကြည့်နေမိသည်။ ချန်ကျန်သည်လည်း ဘာမှမပြောဘဲ ရှန်ယွီကို ထိုနည်းတူစွာပင် ပြန်လည်စိုက်ကြည့်နေသည်။
“ဒါပဲ ရှိတာလား”
ရှန်ယွီက မယုံကြည်နိုင်သလိုမျိုး ရေခဲသေတ္တာထဲသို့ မျက်လုံးဖြင့် လိုက်လံရှာဖွေနေမိသည်။
“တခြားဟာ ဘာမှမရှိတော့ဘူးလား။”
“မရှိတော့ဘူး။ ဒါက အရင်တုန်းကဟာ။ ငါကိုယ်တိုင် ဝယ်ထားပြီး မစားဖြစ်လို့ ကျန်နေတာ။”
“...ထားလိုက်တော့”
ရှန်ယွီက ချန်ကျန်ကို လက်ကာပြရင်း စိတ်ပျက်လက်ပျက်ဖြင့် အပြင်ဘက်ကို ငေးကြည့်လိုက်သည်။
“ဒီနားတစ်ဝိုက် ကီလိုမီတာ တော်တော်များများမှာ ဒီတစ်ဆိုင်ပဲ စားစရာနဲ့ သောက်စရာ ရောင်းတာတွေ့တယ်။ ဘာလို့ ဘယ်သူမှ စီးပွားရေး မလုပ်ကြတာလဲ။”
“အမြတ်မထွက်လို့ပေါ့”
ချန်ကျန် ပြုံးလျက် ရေခဲမုန့် တစ်ကိုက် ကိုက်လိုက်သည်။
“အဲ့ဒါက စားလို့ရသေးလို့လား”
လျူဝူက ဘေးမှနေ၍ စိုးရိမ်တကြီးဖြင့် ချန်ကျန့်ကို စေ့စေ့ကြည့်ကာ မေးမြန်းရှာသည်။
“ရတာပေါ့၊ သက်တမ်းကုန်တယ်ဆိုတာ ပုပ်သိုးသွားတာမှ မဟုတ်တာ” ချန်ကျန် အေးဆေးပင် ပြန်ဖြေရင်း အရသာခံစားနေ၏။
လျူဝူက ရှန်ယွီဘက်သို့ လှည့်ကာ “အစ်ကို... စားချင်လား” ဟု တိုးတိုးလေး ကပ်မေးလိုက်ရာ ရှန်ယွီမှာ ဒေါသလှိုင်းငယ်လေးများ ထလာတော့သည်။
“စားချင်လား ဟုတ်လား... ဒီမှာ တစ်ခုတည်း ရှိတာလေ။ ငါက ဘာကို စားရမှာလဲ” ရှန်ယွီက စိတ်မရှည်တော့ဘဲ လျူဝူကို စိုက်ကြည့်လိုက်သည်။
“မင်း တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို ကိုယ့်ဘာသာကိုယ်ပဲ ဖြေခဲ့တာရော ဟုတ်ရဲ့လား။”
ချန်ကျန် ကတော့ ရေခဲမုန့်စားရင်း ထိုညီအစ်ကိုနှစ်ဦးကို ကြည့်ကာ တဟားဟား ရယ်မောနေ၏။
“ဒီကလေးကတော့ တကယ့် အအ လေးပဲ”
ချန်ရှောင်ဟူကလည်း လျူဝူကိုကြည့်ကာ မအောင့်နိုင်ဘဲ လိုက်လံရယ်မောတော့သည်။ခန့်မှန်းထားသည့် အချိန်ထက် ဆယ်မိနစ်ခန့် နောက်ကျပြီးနောက် တန်ရွှီ နှင့် သူ၏ တပည့်ဖြစ်သူ ရှောင်ဖန်း တို့သည် မြို့ထဲမှ ကားဖြင့် ဆိုင်ရှေ့သို့ ဆိုက်ဆိုက်မြိုက်မြိုက် ပြန်လည်ရောက်ရှိလာကြသည်။
“ရွှေကော” ချန်ကျန် ထိုင်ရာမှထကာ နှုတ်ဆက်လိုက်သည်။
“မိုးတွေ ဒီလောက် သည်းနေတာကို မင်း ရောက်လာသေးတယ်ပေါ့”
ရှောင်ဖန်းက ကားပေါ်မှဆင်းရင်း အံ့ဩတကြီး မေးမြန်းလိုက်သည်။
“ငါ ထွက်လာတုန်းက မိုးမရွာသေးဘူးလေ” ချန်ကျန် ပုခုံးတွန့်ပြကာ တုံ့ပြန်လိုက်သည်။
“အချိန်ကိုက်ပဲ၊ နောက်မှ ငါတို့ ဂိမ်းအချီအနည်းငယ် ဆော့ကြမလား” ရှောင်ဖန်းက ချန်ကျန့်အနားသို့ တိုးကပ်ကာ ပုခုံးကို ပုတ်လျက် ဖိတ်ခေါ်လေသည်။
ချန်ကျန်သည် တံခါးဘေးရှိ ဘီးကို လက်ညှိုးထိုးပြရင်း အလုပ်အရင်လုပ်ရန် အချက်ပြလိုက်သည်။
“ဘီးအရင်ဖာပေးလိုက်ဦး။”
“ဆရာ ပြန်ရောက်ပြီလားခင်ဗျာ”
လျူဝူကတော့ မျှော်လင့်ချက်အပြည့်ရှိသော မျက်လုံးများဖြင့် အလျင်အမြန် မေးမြန်းလိုက်လေတော့သည်။
“အေး” တန်ရွှီက ခေါင်းညိတ်ပြရင်း ဘီးနားသို့ လျှောက်သွားကာ တစ်ချက်ကြည့်ပြီး အခြေအနေကို အတည်ပြု မေးမြန်း၏။
“ဘီးပေါက်သွားတာလား။”
“ဟုတ်တယ်ဗျ”
လျူဝူက အထူးအဆန်းဖြစ်နေသလိုမျိုး လက်ဟန်ခြေဟန်ဖြင့် အသံနေအသံထားကို မြှင့်၍ ပြောဆိုသည်။
“တြိဂံပုံစံ သံချွန်ကြီးဗျ။ တြိဂံပုံစံ... သံချွန်ကြီး။”
တန်ရွှီသည် လျူဝူကို တစ်ချက်ကြည့်လိုက်သော်လည်း ဘာမှပြန်မပြောဘဲ ရှောင်ဖန်းကိုသာ လှမ်းခေါ်ပြီး အလုပ်စလိုက်သည်။ ချန်ကျန့်မှာလည်း ဘာမှကူညီပေး၍ မရသဖြင့် မတ်တတ်ရပ်ကာ အတွင်းခန်းထဲသို့ ဝင်လာခဲ့သည်။
ထိုအခန်းမှာ မီးဖိုချောင်ဖြစ်ပုံရသော်လည်း ပစ္စည်းမျိုးစုံမှာ ရှုပ်ပွပြန့်ကျဲနေ၏။
“မင်း မပြန်သေးဘူးလား”
ချန်ရှောင်ဟူက အသံကိုနှိမ့်ကာ မေးမြန်းလိုက်သည်။
“သူတို့ ဘီးပြင်ပြီးတာနဲ့ အဲ့ဒီ သရဲခြောက်တဲ့အိမ်ကြီးဆီကို တန်းသွားကြတော့မှာ။”
“ရွှေကော ကျွန်တော့်ဆိုင်ကယ်ကို ပြင်ပေးပြီးမှပဲ သွားတော့မယ်” ချန်ကျန် ခပ်အေးအေးပင် တုံ့ပြန်သည်။
“ဒါပေမဲ့ သူတို့က အဲ့ဒီကို အရင်ရောက်ပြီး အခြေချနေထိုင်လိုက်ရင် ဘယ်လိုလုပ်မလဲ”
ချန်ရှောင်ဟူက ဆိုင်အပြင်ဘက်သို့ တစ်ချက်လှမ်းကြည့်လိုက်သည်။
“အဲ့ဒီ ဘော့စ်ရှန်ဆိုတဲ့သူက ကြည့်ရတာ လူအေးလေးလိုလိုနဲ့ ဒါပေမဲ့ သူ့ဆီကနေ ရလာတဲ့ ခံစားချက်က... တော်ရုံတန်ရုံနဲ့ ရင်ဆိုင်ရမယ့်သူမျိုးတော့ မဟုတ်ပုံပဲ။”
“သူတို့ အဲ့ဒီမှာ ညအိပ်နိုင်ကြမှာ မဟုတ်ပါဘူး။ ကြောက်လန့်ပြီး တောင့်တောင့်ကြီး
ဖြစ်သွားကြလိမ့်မယ်။”
ချန်ကျန်က မှတ်ချက်ပေးလိုက်သည်။
“သူ့ခြေထောက်က အခုတောင် တောင့်တောင့်ကြီး ဖြစ်နေတာ မဟုတ်လား”
ချန်ရှောင်ဟူက အသံကို ထပ်နှိမ့်ကာ
“အဲ့ဒီခြေထောက်က အတုကြီးလား” ဟု သိလိုစိတ်ဖြင့် မေးမြန်းသည်။
“မသိဘူး။ ကျိုးသွားတာလည်း ဖြစ်နိုင်တာပဲ။ ခြေတုသာဆိုရင် သူ ဒီလောက်အထိ အနေရခက်ခက်နဲ့ လှုပ်ရှားနေမှာ မဟုတ်ဘူး။ ခြေတုတပ်ထားတဲ့သူတွေက တကယ့်ကို အားရပါးရ ပြေးနိုင်ကြတာလေ။”
ချန်ကျန့်က ရေခဲမုန့်ကို တစ်ကိုက် ကိုက်လိုက်ရင်း သူ၏ အသိအမြင်ဗဟုသုတကို ချန်ရှောင်ဟူကို ဝေမျှပေးလေ၏။
“မင်း ဒီမှာပဲ ထမင်းစားမှာလား”
ချန်ရှောင်ဟူ အာရုံသည် ရှန်ယွီခြေထောက်ထံမှ ချန်ကျန်၏ ဝမ်းရေးဘက်သို့ ကူးပြောင်းသွားသည်။
“မစားတော့ဘူး။ မနေ့က လက်ကျန်တွေ ရှိသေးတယ်”
“အေးပါ... ဒါဆိုရင်လည်း မြန်မြန်ပြန်တော့။ သူတို့နဲ့ ဆုံမိရင် အနေရခက်တာတွေ ဖြစ်မနေစေနဲ့။ နောက်ပိုင်းကျရင်လည်း သူတို့ကို ခဏခဏ တွေ့ရဦးမှာပဲ”
“သိပ်ပြီးတော့လည်း ခဏခဏ တွေ့ဖြစ်မှာ မဟုတ်ပါဘူး။ ဒီလိုနေရာမှာ စီးပွားရေးလုပ်တာက အထွက်ပဲရှိပြီး အဝင်မရှိတဲ့ လုပ်ငန်းမျိုးလေ”
ချန်ကျန် အပြင်သို့ထွက်ရန် လှည့်လိုက်ရင်း
“သူတို့ ဘယ်လောက်ကြာကြာ ခံနိုင်မယ်လို့ မရီး ထင်သလဲ”
ချန်ရှောင်ဟူ ကိုယ်တိုင်ပင် အဖြေမရှိ။
***
ဆိုင်ရှင်သည် ဘီးပြင်ခြင်းလုပ်ငန်း၌ အလွန်ကျွမ်းကျင်ပုံရသည်။ မကြာမီမှာပင် ဘီးကို ဖာထေးပြီးသွားပြီး ကားပေါ်တွင် ပြန်လည်တပ်ဆင်ပေးလိုက်ကာ ကားခေါင်မိုးကို ပုတ်လျက် အချက်ပြသည်။
“ရပြီ။ မြို့ထဲအထိတော့ ရောက်အောင်သွားနိုင်ပါပြီ။”
“ပြီးတော့ကော” လျူဝူ သိလိုစိတ်ဖြင့် မေးမြန်းသည်။
“မင်းတို့ ဒီဘီးကို အသစ်လဲရလိမ့်မယ်။အ ရမ်းဟောင်းနေပြီ။ ငါ အခုလောလောဆယ် ဖာပေးထားပေမယ့် ခဏနေရင် ထပ်ပေါက်သွားနိုင်သေးတယ်နော်။”
“ဘော့စ်ရာ... ကျွန်တော်တို့ကားကို အဲ့ဒီလိုကြီး နိမိတ်မဖတ်ပါနဲ့ဦး၊ ပြင်စရာရှိရင်လည်း ခင်ဗျားဆီပဲ လာမှာပါ” လျူဝူက စနောက်လျက် ဆို၏။
“ငါက ဘီးလည်းမရောင်းသလို ဒီကားကိုလည်း အကုန်လုံးပြင်မပေးနိုင်ဘူး”
ဆိုင်ရှင်က ခပ်ပြတ်ပြတ်ပင် ဆိုသည်။
“မြို့ထဲက ဝပ်ရှော့ကိုပဲ သွားရလိမ့်မယ်။”
“ရှေ့က မြို့ထဲမှာလား” ရှန်ယွီက ကားတံခါးကို ဖွင့်ရင်း မေးမြန်းလိုက်သည်။
“ရှေးဟောင်းမြို့ထဲမှာလေ” ဆိုင်ရှင်က ရှင်းပြသည်။
“မြို့သစ်မှာ ဝပ်ရှော့မရှိဘူး။ အဲ့ဒီနေရာက ဘာမှအသုံးမကျဘူး။”
လျူဝူသည် ရှန်ယွီကို ကားပေါ်သို့ ဖြည်းညှင်းစွာ တွဲတင်ပေးလိုက်ပြီး သူ၏ခြေထောက်ကို သေချာနေရာချပေးပြီးနောက် ဆိုင်ထဲရှိသူများကို လက်ဝှေ့ယမ်း နှုတ်ဆက်လိုက်သည်။
“ကျွန်တော်တို့ သွားပြီဗျ။ ကျေးဇူးတင်ပါတယ်!”
“ရပါတယ်။ ဖြည်းဖြည်းမောင်းကြ”
ဆိုင်ရှင်က မှာကြားလိုက်သည်။
“လမ်းမှာ ချိုင့်ထဲကို ထပ်ကျရင်တော့ အဲ့ဒီဘီးက တကယ်ကြီး ပေါက်သွားနိုင်တယ်နော်။”
“ဟုတ်ကဲ့” လျူဝူက ခေါင်းညိတ်ပြကာ ကားပေါ်သို့ တက်လိုက်လေသည်။
ကားလေးသည် အရှိန်မတင်ဘဲ မောင်းနှင်သွား၏။
လျူဝူသည် တကယ့်ကို လိမ္မာသော ကလေးတစ်ဦးကဲ့သို့ ကားအရှိန်ကို တစ်နာရီ ၄၀ ကီလိုမီတာအောက်၌သာ ထိန်းမောင်းနေသည်။
“အစ်ကို” သူက ရှန်ယွီဘက်သို့ လှည့်ကြည့်ကာ မေးလိုက်သည်။
“အဲ့ဒီသံကို တစ်ယောက်ယောက်က တမင်သက်သက် ပစ်ထားတာလို့ ထင်လား။”
“မသိဘူး။ ဒီလောက်အထိ ပါးလွှာနေတဲ့ ဘီးအပိုနဲ့ဆိုရင် ဘယ်သူမှ သံနဲ့မထိုးရင်တောင် ဒါက ဘယ်လိုမှ ခံမှာမဟုတ်ပါဘူး။ တစ်ယောက်ယောက်က လာပေါက်ပေးလိုက်လို့တောင် ကောင်းသေးတယ်၊ ဒါမှ အခုလို ပြင်ဖြစ်သွားတာပေါ့” ရှန်ယွီက အေးအေးဆေးဆေးပင် တုံ့ပြန်သည်။
“မင်းက ဘာလို့ ဒါတွေကို လျှောက်တွေးနေတာလဲ။”
“ဒါက သံသယဖြစ်စရာကြီးလေ!”
လျူဝူက မျက်မှောင်ကြုတ်လျက်ဆက်ပြောသည်။
“ဒါကို မစဉ်းစားလို့ ဘာစဉ်းစားရမှာလဲ။ အစ်ကိုကကော ဘာတွေစဉ်းစားနေတာလဲ၊ တစ်ခွန်းမှလည်း မပြောတော့ဘူး။”
“အဲ့ဒီတည်းခိုခန်းမှာ တစ်ခုခု မရိုးသားတာ ရှိနေမလားလို့ ငါစဉ်းစားနေတာ”
“ဟင်။ ဘာကို ဆိုလိုတာလဲ။ အာ…အစ်ကိုပြောမှပဲ သတိထားမိတော့တယ်။ ချန်ကျန့်နဲ့ ဟိုဆိုင်ရှင်မတို့ရဲ့ အမူအရာက တစ်မျိုးကြီးပဲနော်။”
“ချန်းယွီက ငါ့ကို တစ်ခုခု ဖုံးကွယ်ထားတာ ဖြစ်ရမယ်”
ရှန်ယွီသည် သူ၏ နားထင်ကို လက်ဖြင့် ဖိထားလိုက်သည်။ ခြေထောက်ကလည်း နာကျင်နေသလို အခုတော့ ခေါင်းပါ ကိုက်လာလေပြီ။
“သူ့ကို ဖုန်းဆက်ပြီး မေးကြည့်ပါလား” လျူဝူက အကြံပြုသည်။
“မေးမနေတော့ဘူး”
ရှန်ယွီသည် သူ၏ခြေထောက်ကို ကားနောက်ခန်းတွင် တင်ထားလိုက်သည်။
“အခုအချိန်မှာ သူပြောတဲ့ ဘာစကားတစ်ခွန်းကိုမှ ငါမယုံတော့ဘူး။ ကိုယ့်မျက်စိနဲ့ကိုယ်ပဲ သွားကြည့်တော့မယ်။”
“မှန်တာပေါ့။ ကိုယ်တိုင်မြင်မှ ယုံရမှာလေ” လျူဝူက ထောက်ခံသည်။
သို့သော် ကိုယ်တိုင်မြင်ရသည့် အခါတွင်မူ ယုံရုံတင်မကဘဲ ထိတ်လန့်သွားရတော့သည်။
မြို့ထဲသို့ ချဉ်းကပ်လာသောအခါ လမ်းတစ်လျှောက်တွင် “တောင်ပေါ်အပန်းဖြေမြို့တော်” ဟု ကြော်ငြာထားသော လမ်းညွှန်ဆိုင်းဘုတ်များကို ခဏခဏ တွေ့ရသည်။ ဒီဇိုင်းမှာ ခေတ်မီပြီး လူငယ်များကို ဆွဲဆောင်ရန် ရည်ရွယ်ထားမှန်း သိသာလှသည်။
သို့သော် မြို့ထဲသို့ မောင်းဝင်လိုက်သည်နှင့် ရှန်ယွီသည် စိတ်မအေးဖြစ်လာတော့သည်။
စောစောက အချိုရည် ဘာလို့မရောင်းသလဲဟု သူကမေးစဉ်က ချန်ကျန် က “မတန်လို့” ဟု ပြောခဲ့သည်။ ထိုစဉ်က သူသည် ထိုစကား၏ အဓိပ္ပာယ်ကို နားမလည်ခဲ့ပေ။အခုတော့ သူ နားလည်သွားလေပြီ။ဤနေရာ၌ လူတစ်ယောက်မှ မရှိပေ။ သူတို့ မြို့ထဲတွင် ဆယ်မိနစ်ခန့် မောင်းနှင်ခဲ့သော်လည်း တွေ့ရသည်မှာ လူဆယ်ယောက်ပင်မပြည့် ။ ထိုဆယ်ယောက်မပြည့်သည့် ကြားထဲမှ တချို့က ဆိုင်ခန်းများထဲတွင် ရပ်နေရင်း သူတို့ကို စိုက်ကြည့်နေသော ဆိုင်ရှင်များသာ ဖြစ်ကြ၏။
“မင်း ဒီကို ရောက်ဖူးတယ် ဟုတ်လား”
ရှန်ယွီသည် ခြောက်ကပ်နေသော လမ်းမများနှင့် သူတို့ကို စိုက်ကြည့်နေသော ဆိုင်ရှင်များကို ကြည့်ရင်း မေးမြန်းလိုက်သည်။
“ဟုတ်ကဲ့၊ နှစ်ညတောင် အိပ်ခဲ့ဖူးတာဗျ” လျူဝူက ခေါင်းညိတ်ပြသည်။
“ဒါကိုပဲ မင်းက ‘စီးပွားရေး တကယ်ကောင်းမှာ’ လို့ ပြောတာလား” ရှန်ယွီသည် ရှေ့က လျူဝူ၏ ခေါင်းနောက်စေ့ကို စိုက်ကြည့်ရင်း မေးလိုက်သည်။
“နှင်းလျှောစီးကွင်းသာ ဖွင့်လိုက်ရင်တော့ ကောင်းမှာပါလို့ ကျွန်တော် ဆိုလိုတာပါ” လျူဝူသည် ယုံကြည်မှုမရှိသော လေသံဖြင့် ပြန်ဖြေရှာသည်။
“အဲ့ဒါဆို အဲ့ဒီကွင်းက ဘယ်တော့ဖွင့်မှာလဲ”
ရှန်ယွီသည် ထိုင်ခုံကြားမှ သူ၏ဖုန်းကို နှိုက်ထုတ်၍ အချိန်ကို ကြည့်လိုက်သည်။ ညစာစားရမည့် အချိန်ပင် ရောက်နေပြီဖြစ်သော်လည်း မည်သည့် စားသောက်ဆိုင်ထဲတွင်မျှ စားသုံးသူတစ်ဦးတစ်ယောက်ကိုမျှ မတွေ့ရပေ။
“မကြာခင် ဖွင့်တော့မယ်လို့ ကျွန်တော် ကြားခဲ့တာပဲ” လျူဝူက ဆိုသည်။
“ဘယ်တုန်းက ကြားတာလဲ” ရှန်ယွီက ထပ်မံ၍ ဖိမေးလိုက်သည်။
“အဲ့ဒါကတော့...” လျူဝူသည် တွေဝေသွားပြီး
“ပြီးခဲ့တဲ့ တစ်ခေါက်ကလေ” ဟု ဆို၏။
“အဲ့ဒါက ဘယ်တုန်းကလဲ” ရှန်ယွီက ထပ်မေးပြန်သည်။
လျူဝူသည် ချက်ချင်းမဖြေဘဲ ကားကိုသာ ရှေ့သို့ ဆက်မောင်းနေပြီးနောက်မှ တိုးတိုးလေး ရေရွတ်လိုက်သည်။
“ကျွန်တော် အထက်တန်း ဒုတိယနှစ်တုန်းကပေါ့။”
ရှန်ယွီမှာ ဆွံ့အသွားပြီးနောက် ခပ်ဖွဖွ ရယ်မောလိုက်တော့သည်။
“ဒီနေရာကို လွှဲမယူပါနဲ့လို့ ကျွန်တော် ပြောသားပဲ!”
လျူဝူသည် ရှန်ယွီ၏ ရယ်သံကြောင့် အနေရခက်သွားပြီး ကားစတီယာရင်ကို လက်ဖြင့် ဖွဖွပုတ်လျက် မတိုးမကျယ်ပြန်ပြောသည်။
“ငါ့မှာများ ရွေးချယ်စရာ ရှိနေလို့လား!”
ရှန်ယွီသည် ရှေ့ထိုင်ခုံနောက်မှီကို ခြေထောက်ဖြင့် ကန်လိုက်လေသည်။
“ငါတို့တွေ ပတ်ချာလည်နေပြီ”
လျူဝူက သက်ပြင်းချရင်း ဆိုသည်။
“တည်းခိုခန်းကို အရင်သွားကြည့်ရအောင်”
ရှန်ယွီသည် ခေါင်းကိုမှီကာ မျက်လုံးမှိတ်ထားလိုက်သည်။
“စီးပွားရေး ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ဒါက အခုတော့ ငါတို့ပိုင်တဲ့နေရာ ဖြစ်သွားပြီ။ တခြား ရွေးချယ်စရာ မရှိတော့ဘူး။”
“အစ်ကို့ရဲ့ စိတ်ဓာတ်က တကယ့်ကို ကောင်းတာပဲ။ အောင်မြင်မယ့်သူတွေ အကုန်လုံးက အစ်ကို့လိုပဲ စဉ်းစားကြတာ”
လျူဝူက ချက်ချင်းပင် မြှောက်လုံးစကား ဆိုလိုက်သည်။
“မင်း မြှောက်လုံးစကား ပြောနည်းဆိုတဲ့ စာအုပ်တစ်အုပ်လောက် ဝယ်ဖတ်သင့်တယ်၊ ကျောင်းသားသစ်လေး”
ရှန်ယွီက ခပ်နောက်နောက်ပင် တုံ့ပြန်သည်။
“အဲ့ဒီလို စာအုပ်မျိုး တကယ်ရှိလို့လား” လျူဝူက သိလိုစိတ်ဖြင့် အတည်ကြီးမေးလာပြန်သည်။
“မင်း ကျောင်းမှာ တစ်နှစ်လောက် ပြန်နေသင့်တယ် ထင်တယ်”
ရှန်ယွီက ဆိုသည်။
“မင်း ကောလိပ်ရောက်ရင် အနိုင်ကျင့်ခံရမှာကို ငါ စိုးရိမ်နေတာ။”
“မဖြစ်နိုင်တာ။ အားလုံးက ကောလိပ်ကျောင်းသားတွေက အတတ တွေချည်းပဲလို့ ပြောကြတာပဲ” လျူဝူက ယုံကြည်မှုအပြည့်ဖြင့် ပြန်ပြော၏။
တည်းခိုခန်းသည် လမ်း၏အဆုံး၌ တည်ရှိသည်။ ကတ္တရာလမ်း ကုန်ဆုံးသွားသောအခါ ကျောက်ခဲလမ်းလေး တစ်လျှောက်ကို ဖြတ်သန်းသွားရသည်။ လမ်းဘေးတွင် ပန်းခင်းများနှင့် သစ်ပင်များဖြင့် လှပအောင် စီစဉ်ထားပုံမှာ တကယ့်ကို ဆွဲဆောင်မှုရှိသော နေရာလေးတစ်ခု ဖြစ်လေသည်။ သို့သော် ထိုနေရာမှာ ဂရုမစိုက်ဘဲ ပစ်ထားခြင်း ခံထားရသည်မှာ သိသာလှပြီး ပျက်စီးယိုယွင်းနေသော ခံစားချက်ကို ပေးစွမ်းနေသည်။ ထို့ပြင် သူတို့၏ ဟောင်းနွမ်းနေသော ကားအိုကြီးအတွက်မူ ဤကျောက်ခဲလမ်းက ဒုက္ခစင်စစ်ပေ။
လျူဝူသည် စူးရှသော ကျောက်ခဲများကြောင့် ဘီးထပ်ပေါက်သွားမည်ကို စိုးရိမ်သဖြင့် ကိုယ်တစ်ပိုင်းလုံး ကားစတီယာရင်ပေါ်သို့ မှောက်လျက် စိုးရိမ်တကြီးဖြင့် အာရုံစိုက် မောင်းနှင်နေရလျက်…ဘီးများမှာ တောင့်ခံနိုင်ခဲ့သဖြင့် ကားသည် လမ်းခုလတ်တွင် ပေါက်ထွက်မသွားဘဲ ကျန့်ရှီးတည်းခိုခန်း၏ ဝင်းထဲသို့ ချောချောမွေ့မွေ့ ရောက်ရှိလာလေသည်။
လျူဝူသည် ကားကို ချက်ချင်းမရပ်သေးဘဲ ရှေ့တိုးနောက်ငင်ဖြင့် အကြိမ်ကြိမ် နေရာညှိနေ၏။
“မင်း ဘာတွေ အလုပ်ရှုပ်နေတာလဲ” ရှန်ယွီက စိတ်မရှည်စွာဖြင့် လှမ်းမေးသည်။
“သတ်မှတ်ထားတဲ့ နေရာမှာ ကွက်တိဖြစ်အောင် ရပ်နေတာလေ၊ ဒီမှာ ကားရပ်ဖို့ မျဉ်းတွေတောင် ဆွဲထားသေးတယ်။မျဉ်းတွေက ဘာလုပ်ဖို့လဲ”
လျူဝူက ဂုဏ်ယူစွာဖြင့် ပြန်တောင်မေးလိုက်သေး။
ရှန်ယွီက ကားတံခါးကို ဖွင့်လိုက်ရင်း ပြန်ခနဲ့လိုက်သည်။
“မင်း ဒီကားတစ်စီးလုံးကို အစိပ်စိပ်အမွှာမွှာ ဖြုတ်ပြီး ဒီဝင်းထဲမှာ ခင်းထားရင်တောင် ဒါကို သတိထားမိမယ့်သူဆိုလို့ သရဲပဲ ရှိလိမ့်မယ်!”
လျူဝူသည် သက်ပြင်းချကာ ကားရပ်လိုက်ပြီး ဘီးတပ်ကုလားထိုင်ကို ထုတ်ရန် ကားနောက်ဖုံးဆီသို့ အပြေးအလွှား သွားလေသည်။ ချန်းယွီသည် ဤတည်းခိုခန်းအတွက် ငွေအမြောက်အမြား အကုန်အကျခံထားပုံရ၏။ လေးထပ်ရှိသော အဖြူရောင်အဆောက်အအုံမှာ ခေတ်မီလှပသော်လည်း မြို့ထဲက အခြားနေရာများကဲ့သို့ပင် ပေါင်းပင်များဖြင့် ဖုံးလွှမ်းကာ ပျက်စီးယိုယွင်းနေသည်။
“အတွင်းပိုင်း ဒီဇိုင်းကလည်း တော်တော်မိုက်တယ်ဗျ။ မီးလင်းဖိုလည်း ပါသလို အားကစားခန်းမလည်း ရှိသေးတယ်”
လျူဝူက တည်းခိုခန်းတံခါးကိုဖွင့်ကာ ရှန်ယွီကို အတွင်းသို့ တွန်းပို့ရင်း စိတ်လှုပ်ရှားစွာ ပြောဆိုသည်။
“စာကြည့်တိုက်တောင် ပါသေးတယ်ဆိုတော့ အစ်ကို ကော်ဖီသောက်ရင်း စာဖတ်လို့ရတာပေါ့”။
အတွင်းခန်းမှာ တံခါးများ ပိတ်ထားသဖြင့် အတော်အတန် သန့်ရှင်းနေသော်လည်း တစ်နှစ်ခွဲခန့် ပိတ်ထားသောကြောင့် ဟောင်းနွမ်းသော အနံ့အသက် အနည်းငယ်တော့ ရှိနေသည်။
လျူဝူက သူ့ကို ဓာတ်လှေကားဆီသို့ တွန်းသွားသော်လည်း “ဓာတ်လှေကားက သုံးလို့မရဘူးဗျ” ဟု ဆိုသည်။
“သိတာပေါ့” ရှန်ယွီက ခပ်အေးအေးပင် တုံ့ပြန်လိုက်၏။
“ငါတို့ ဝင်လာတုန်းက မင်း မီးခလုတ်နှိပ်တာ ဘာမှမဖြစ်ဘူးလေ၊ ဒီမှာ မီးမလာဘူး”။
“အစ်ကို...” လျူဝူက စိုးရိမ်တကြီးဖြင့် သူ့ကို ကြည့်ကာ “ကျွန်တော်တို့ ဒီည ဒီမှာပဲ တကယ်အိပ်ကြမှာလား” ဟု မေးမြန်းသည်။ ရှန်ယွီက တိုက်ရိုက်မဖြေ ။
“အပေါ်ထပ်ကို အရင်သွားကြည့်ရအောင်” ဟုသာ ခိုင်းလာသည်။
“ကျွန်တော် အစ်ကို့ကို ချီသွားရမလား”
“မဟုတ်ရင် ငါက မင်းကို ပြန်ချီရမလား”
လျူဝူသည် သိပ်ပြီးတော့ ပါးနပ်သူမဟုတ်သော်လည်း ခွန်အားတော့ ရှိသူဖြစ်သည်။ သူသည် ရှန်ယွီကို ဒုတိယထပ်သို့ ချီသွားပြီးနောက် တတိယထပ်အထိ ဆက်လက်ချီတက်ခဲ့သည်။ ရှန်ယွီသည် လက်နှိပ်ဓာတ်မီးကိုင်ကာ အခန်းတစ်ခုချင်းစီကို အမြန်စစ်ဆေးသည်။ တည်းခိုခန်းမှာ တကယ်ပင် ကောင်းမွန်စွာ ပြင်ဆင်ထားပြီး အဆင့်မြင့်တည်းခိုခန်းတစ်ခုအဖြစ် ရည်ရွယ်ထားပုံရသော်လည်း ရင်းနှီးမြှုပ်နှံထားသည့် ငွေများကို ပြန်လည်ရရှိခဲ့ပုံပင် မရချေ။ တတိယထပ်သို့ ရောက်သောအခါ ပစ္စည်းစုံလင်သည့် အားကစားခန်းမကို အရင်တွေ့ရပြီး စင်္ကြံလမ်းထဲသို့ ဝင်ရန် ပြင်လိုက်စဉ်မှာပင် လျူဝူက ရုတ်တရက် ရပ်တန့်သွားသည်။
“အစ်ကို...” သူ၏ အသံမှာ တုန်ယင်လျက် ကြောက်ရွံ့နေပုံရ၏။ “ကျွန်တော် မျက်စိမှားတာလား မသိဘူး”။
“သရဲတွေ့လို့လား”
ရှန်ယွီက ဓာတ်မီးဖြင့် အခန်းကို ဝေ့ယမ်းကြည့်လိုက်သည်။ ပြတင်းပေါက် လိုက်ကာများ ပိတ်ထားသဖြင့် အခန်းထဲမှာ မှောင်ရီပျပျ ဖြစ်နေသည်။
“ဟိုဘက်က စင်္ကြံလမ်းမှာလေ” လျူဝူက နောက်သို့ နှစ်လှမ်းခန့် ဆုတ်လိုက်ရင်း ထိတ်လန့်တကြား တိုးတိုးလေး ပြောလာသည်က…
“ဘာလို့ ရဲကားတွေမှာပါတဲ့ အဝါရောင်တိတ်တွေ ကပ်ထားရတာလဲ”။
“ဟင်”
လျန်ဝူစကားကြောင့် ရှန်ယွီပင် စိတ်မအေးဖြစ်သွားပြီး ဓာတ်မီးကို စင်္ကြံလမ်းဘက်သို့ အမြန်လှည့်လိုက်သည်။ လျူဝူ ထင်ယောင်ထင်မှားဖြစ်သည် မဟုတ်ပေ။ စင်္ကြံန်လမ်း၏ အဆုံးရှိ အခန်းတစ်ခန်း၏ ရှေ့တွင် အဝါရောင် ရဲတပ်ဖွဲ့တားမြစ်တိပ်ပြားများ ရှိနေသည်။ ထိုတိပ်ပြားများမှာ ဟောင်းနွမ်းပြီး ပြဲနေသော်လည်း ရဲတပ်ဖွဲ့က ကပ်ထားခဲ့ခြင်းမှာ အမှန်ပင် ဖြစ်သည်။
“ဟာ... သွားပြီ။ ဒါက ဘာကြီးလဲဗျာ”။
လျူဝူ၏ အသံမှာ တုန်ယင်နေတော့သည်။
“သွားကြည့်ရအောင်” ရှန်ယွီက ဆိုသည်။
“ဗျာ” လျူဝူက အလန့်တကြား အော်ဟစ်လိုက်မိ၏။
“အဲ့ဒီကို သွားမယ် ဟုတ်လား။ အစ်ကို စိတ်မှန်ရဲ့လား”။
“ကြည့်ရုံတင်ပါ၊ လူသတ်မှုပဲ ဖြစ်ဖြစ် အခုဆိုရင် အမှုပိတ်သွားလောက်ပါပြီ” ရှန်ယွီက အေးဆေးပင် တုံ့ပြန်သည်။
“အဲ့ဒါက အမှုပိတ်တာ၊ မပိတ်တာနဲ့ မဆိုင်ဘူးလေ...” လျူဝူမှာ ငိုချင်ချင်ပင် ဖြစ်နေတော့သည်။
“ငါ့ကို ချပေးလိုက်တော့” ရှန်ယွီသည် သူ၏ခါးနောက်မှ ခေါက်ချိုင်းထောက်ကို ထုတ်ကာ ဖြန့်လိုက်သည်။
“မင်း ဒီမှာပဲ နေပြီး ငိုချင်ငိုနေတော့၊ ငါ သွားကြည့်မယ်”။
လျူဝူသည် ကြောက်နေသော်လည်း ရှန်ယွီကို တစ်ယောက်တည်း မထားခဲ့ဘဲ ရှန်ယွီကို ပြန်ချီကာ ထိုအခန်းဆီသို့ တလှမ်းချင်း တုန်တုန်ယင်ယင်ဖြင့် သွားလေသည်။
“ချပေးလို့ ရပြီ” ရှန်ယွီက ဓာတ်မီးဖြင့် အခန်းထဲသို့ ထိုးကြည့်လိုက်၏။
“ဘာမှ ထူးထူးခြားခြား မရှိပါဘူး။ သရဲလည်း မရှိသလို အလောင်းလည်း မရှိဘူး၊ ကြမ်းပြင်ပေါ်မှာ သွေးတွေလည်း မတွေ့ပါဘူး”။
“တော်ပါတော့ဗျာ၊ မပြောပါနဲ့တော့...” လျူဝူသည် ရှန်ယွီကို ချက်ချင်းချပေးပြီး စင်္ကြံနံရံကို မှီကာ အခြားတစ်ဖက်သို့ မျက်နှာလွှဲထားတော့သည်။
ရှန်ယွီသည် ချိုင်းထောက်ကို အားပြုကာ အခန်းထဲသို့ ခုန်ဝင်သွားပြီး ပြတင်းပေါက်လိုက်ကာများကို ဆွဲဖွင့်လိုက်သည်။ အခန်းထဲမှာ ချက်ချင်း လင်းထိန်သွားပြီး ပရိဘောဂများကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။ ၎င်းမှာ ကုတင်ကြီးတစ်လုံး၊ ပုလင်းများဖြင့် ပြည့်နေသည့် စင်တစ်ခုနှင့် လက်ဖက်ရည်ဝိုင်း ပါဝင်သည့် ဇိမ်ခံအခန်းတစ်ခန်း ဖြစ်သည်။ ကြမ်းပြင်ပေါ်တွင် ဖန်ခွက်ကွဲစအချို့ ပြန့်ကျဲနေသည်။ အပြင်ဘက်က တားမြစ်တိပ်ပြားအဝါများမှလွဲ၍ တခြားအခန်းများနှင့် မတူသည်မှာ မရှိသလောက်ပင် ဖြစ်သည်။
“အစ်ကို အဆင်ပြေရဲ့လား၊ ကျွန်တော် ဝင်လာရမလား” လျူဝူက အခန်းထဲသို့ ခေါင်းလေးပြူကာ စိုးရိမ်တကြီး လှမ်းမေးသည်။
ရှန်ယွီသည် အစပိုင်းတွင် ဘာမှမထူးခြားဟု ထင်သဖြင့် လျူဝူ၏ ကြောက်စိတ်ပြေရန် အထဲသို့ ခေါ်ဖို့ ပြင်လိုက်သော်လည်း ကုတင်ပေါ်ရှိ စောင်ပုံအောက်မှ မည်းနက်နေသော အစွန်းအထင်းတစ်ခုကို မြင်လိုက်ရသဖြင့်
“မလိုဘူး” ဟု ချက်ချင်းပင် လေသံပြောင်းလိုက်သည်။
“ဪ... ကောင်းပါပြီ” လျူဝူမှာ စိတ်အေးသွားဟန်ဖြင့် ပြန်ဖြေ၏။
ရှန်ယွီသည် ကုတင်နားသို့ ခုန်ဆွခုန်ဆွသွားပြီး မျက်မှောင်ကြုတ်ကာ စောင်ကို မကြည့်လိုက်ရာ ၎င်းမှာ အမှန်တကယ်ပင် သွေးကွက်တစ်ခု ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ မယုံနိုင်စရာပင်။ ဤနေရာ၌ လူတစ်ယောက် သေဆုံးခဲ့သော်လည်း ချန်းယွီမှာ သန့်ရှင်းရေးပင် မလုပ်ဘဲ ဤအတိုင်း ပစ်ထားခဲ့ခြင်း ဖြစ်သည်။
***
တန်ရွှီ က ဆိုင်ကယ်ကို ပုတ်လျက်
“အကုန်ပြီးပြီ။ အသစ်အတိုင်း ပြန်ဖြစ်သွားပြီ။” ဟု လက်စသတ် ပြောလာသည်။
“ဒါက အသစ်ပဲလေ၊ ခုမှ ဝယ်ထားတာ”
“အခု မြို့ထဲကို ပြန်တော့မလို့လား” တန်ရွှီက ဆေးလိပ်အတစ်လိပ် မီးညှိရင်း ချန်ကျန့် ကို မေးသည်။
“ဟုတ်တယ်၊ အဲ့ဒီ သရဲခြောက်တဲ့ အိမ်မှာ ကျန်ခဲ့တဲ့ ကျွန်တော့်ပစ္စည်းတွေ သွားယူရဦးမယ်” ချန်ကျန့်က သူ၏ ဆိုင်ကယ်ပေါ်သို့ ခွတက်လိုက်ရင်း ဆိုသည်။
“သိပ်အရေးမကြီးရင် မသွားပါနဲ့တော့၊ ပိုင်ရှင်အသစ်နဲ့ တွေ့ရင် မင်းကို သူခိုးလို့ ထင်နေပါဦးမယ်”
တန်ရွှီက သတိပေး၏။
“ကျွန်တော့်လွယ်အိတ်က အဲ့ဒီမှာ ကျန်ခဲ့တာလေ”
ချန်ကျန့်က ဂရုမစိုက်ဟန်ဖြင့် ဆိုသည်။
“အဲ့ဒီလူနှစ်ယောက်က ဒီည အဲ့ဒီမှာ အိပ်ရဲကြမှာ မဟုတ်ပါဘူး။ မီးလည်း မရှိဘူးလေ။ သူတို့သာ ဒီည မပြေးကြဘူးဆိုရင်တော့ တကယ့်ကို သတ္တိရှိတဲ့သူတွေပဲ”။
“သူ့နာမည်က ဘယ်သူတဲ့လဲ”
ရှောင်ဖန်းကဆေးလိပ်သောက်ရင်း ဆောင့်ကြောင့်ထိုင်နေလျက်က ထပ်မေးသည်။
“ဘယ်သူသိမှာလဲ၊ မမေးလိုက်မိဘူး”
“သူ့ပုံစံက တော်တော် ချမ်းသာမယ့်ပုံပဲ၊ကားက အစုတ်ကြီး ဖြစ်နေပေမယ့် ဝတ်ထားတဲ့ အင်္ကျီတွေကတော့ တော်တော် ဈေးကြီးမယ့်ပုံပဲ။”
ရှောင်ဖန်းက လူစိမ်းပုံစံကို ပြန်မြင်ယောင်ကည့်ရင်း တွေးတွေးဆဆ ပြောသည်။
“မင်းကတော့ လူတိုင်းကို ချမ်းသာတယ်လို့ပဲ မြင်နေတာပဲ။ ချန်းယွီကိုလည်း ချမ်းသာတယ်လို့ မင်းပဲ ပြောခဲ့တာလေ၊ အခုတော့ သူ မီတာခတောင် မပေးနိုင်တော့ဘူး”
ချန်ကျန့်က ပြောရင်းက ဆိုင်ကယ် စက်နှိုးလိုက်သည်။
“သူက တကယ့်ကို သူဌေးရုပ်ဗျ၊ ပြီးတော့ သူ့နာမည်ကလည်း ‘ချန်’ (ပိုက်ဆံ) လို့ အဓိပ္ပာယ်ရတယ်လေ!”
ဟု ရှောင်ဖန်းက လှမ်းအော်ပြောလိုက်သည်။
“အေးပါ... ‘ပိုက်ဆံအိုကြီး’ ပေါ့”
ချန်ကျန့် ရှောင်ဖန်းကို ပြန်အော်ပြောရင်း
“မင်းတို့ကောင်တွေကို ပြောထားလိုက်ဦး၊ နောက်ရက်တွေမှာ ပြဿနာ မရှာကြနဲ့ဦးလို့!”
ဆိုင်ကယ်ကို မောင်းထွက်သွား၏။
“သိပါပြီ၊ ကျွန်တော်တို့ အရင် သွားကြည့်လိုက်ဦးမယ်”
ရှောင်ဖန်းက လက်ဝှေ့ယမ်းပြရင်းမှ ကျန်ရစ်ခဲ့သည်။
ချန်ကျန့်သည် ညစာစားပြီးမှ ထိုတည်းခိုခန်းဆီသို့ ထွက်လာခဲ့သည်။ ဆိုင်ကယ်ကို ဝင်းတံခါးဝတွင် ရပ်ထားခဲ့ပြီး အတွင်းသို့ ခြေသံလုံလုံဖြင့် လမ်းလျှောက်ဝင်လာ၏။ ရှန်ယွီတို့ ပြေးသွားကြပြီဟု သူ ယုံကြည်ထားသော်လည်း မတော်တဆ ရှိနေခဲ့လျှင်ဟူသော အတွေးဖြင့် သတိထားလှုပ်ရှားနေခြင်း ဖြစ်သည်။
ဝင်းထဲတွင် ကားရပ်ထားသည်ကို မြင်လိုက်ရသောအခါ သူ တန့်သွားမိသည်။ ထိုခြေထောက်မသန်စွမ်းသူမှာ ထွက်မသွားသေးဘူးလား။ သူ ဒုတိယထပ် ပြတင်းပေါက်များကို မော့ကြည့်လိုက်ရာ မှောင်အတိ ကျနေသည်ကို တွေ့ရ၏။ ဘီးတပ်ကုလားထိုင်ဖြင့် ထွက်သွားကြပြီလား။ အကယ်၍ လူရှိနေလျှင် ဖယောင်းတိုင်မီး ဖြစ်ဖြစ် တွေ့ရမည် ဖြစ်သည်။
ချန်ကျန့် အဆောက်အအုံ၏ အနောက်ဘက်သို့ ပတ်သွားပြီး ဒုတိယထပ်ရှိ ဝရံတာငယ်လေးတစ်ခုကို ခြေလှမ်းအနည်းငယ် ဆုတ်၍ အရှိန်ယူကာ ခုန်တက်လိုက်သည်။ သူ၏ လက်က ဝရံတာအစွန်းကို ဆွဲကိုင်နိုင်လိုက်ပြီး နံရံကို ခြေထောက်ဖြင့် အားပြုကာ ဒုတိယထပ်သို့ သွက်လက်စွာ ဆိုက်ရောက်သွားပြီးနောက် ဟနေသော ပြတင်းပေါက်မှတစ်ဆင့် အတွင်းသို့ တိတ်တဆိတ် ဝင်ရောက်သွားလေတော့သည်။
_____________________________________________________________________________
ရှန်ယွီ - "ငါ့ခြေထောက်မှာ တပ်ထားတဲ့ အရိုးထိန်းကိရိယာက ခြေတုမဟုတ်ပါဘူးဗျာ ﹁_﹁။"
Comments
Post a Comment