Skip to main content

3



အခန်း (၃)

ဤတည်းခိုခန်း စတင်တည်ဆောက်ချိန်ကတည်းက ချန်ကျန့်တစ်ယောက် စောင့်ကြည့်ခဲ့ဖူးသည်။ မြို့သစ်စီမံကိန်း စတင်ချိန်တွင် ပုံစံအမျိုးမျိုး၊ စီးပွားရေးမော်ဒယ်အမျိုးမျိုးဖြင့် တည်းခိုခန်းများစွာ ပေါ်ထွက်လာခဲ့သော်လည်း အများစုမှာ ပျက်စီးသွားကြသည်ကိုလည်း သူ မြင်တွေ့ခဲ့ရသည်။

“ကျန့်ရှီး” သည် အခြားသော တည်းခိုခန်းများထက် ပို၍ ကြာရှည်ခံခဲ့သည်။ အကယ်၍ လွန်ခဲ့သော ခြောက်လခန့်က တတိယထပ်တွင် ကိုယ့်ကိုယ်ကိုယ် သတ်သေမှုသာ မရှိခဲ့လျှင် ဤထက် ပို၍ ကြာရှည်ခံနိုင်ကောင်း ခံနိုင်ပေလိမ့်မည်။ ထိုအမှုကို ကိုယ့်ကိုယ်ကိုယ် သတ်သေမှုအဖြစ် ရဲတပ်ဖွဲ့က တရားဝင် အတည်ပြုခဲ့သော်လည်း ပတ်ဝန်းကျင်တွင်မူ ကြောက်မက်ဖွယ် ကောလာဟလများ ပျံ့နှံ့နေသဖြင့် မည်သူမျှ ဤအဆောက်အအုံ၏ မီတာ ၅၀၀ ပတ်လည်အတွင်းသို့ပင် မလာရဲကြတော့ပေ။

တည်းခိုခန်းပိုင်ရှင် ချန်းယွီ ထွက်ပြေးသွားစဉ်က ချန်ကျန့်ကို လစာအကြွေးများ ပေးရန် ကျန်ရှိနေခဲ့ပြီး “ကြိုက်တဲ့ပစ္စည်း ယူသွား” ဟု ပြောခဲ့သော်လည်း သော့ကိုမူ ပေးမသွားခဲ့ပေ။ တကယ့်ကို တာဝန်မယူတတ်သော လူစားမျိုးပင်။ ချန်ကျန့်သည် ဤနေရာသို့ မကြာခဏ လာလေ့ရှိသော်လည်း တံခါးများ ပိတ်ထားသဖြင့် ဘာမှမယူခဲ့ဖူးပေ၊ ထို့ပြင် တန်ဖိုးရှိသည့် ပစ္စည်းများမှာလည်း သယ်ဆောင်ရန် ခက်ခဲလွန်းသည်။

ဤနေရာသို့ မကြာခဏ လာဖြစ်သည့် တကယ့်အကြောင်းရင်းမှာ ဤနေရာရှိ မွေ့ရာများမှာ အလွန်အိပ်ပျော်၍ ကောင်းသောကြောင့် ဖြစ်သည်။ သရဲပုံပြင်များ ပို၍ ကြောက်စရာကောင်းလာလေလေ၊ ဤနေရာမှာ ပို၍ တိတ်ဆိတ်အေးချမ်းလာလေလေ ဖြစ်သည်။ အထူးသဖြင့် တတိယထပ်မှာ ပို၍ တိတ်ဆိတ်လှသည်။

ချန်ကျန့်သည် တတိယထပ်ရှိ လှေကားများအတိုင်း သတိထားကာ တက်လာခဲ့သည်။ သူ ပုံမှန်အိပ်လေ့ရှိသော အခန်းမှာ အမှုဖြစ်ပွားခဲ့သည့် အခန်း၏ မျက်စောင်းထိုးရှိ အခန်းဖြစ်ပြီး သူကိုယ်တိုင် သန့်ရှင်းရေး လုပ်ထားခြင်း ဖြစ်သည်။ မနေ့က သူ၏လွယ်အိတ်ကို ဤအခန်းထဲ၌ ထားခဲ့မိသည်။

သူသည် ပုံမှန်အတိုင်းပင် ဒုတိယထပ် ပြတင်းပေါက်မှတစ်ဆင့် ကျော်ဝင်ကာ တတိယထပ်သို့ တက်လာခဲ့ပြီး သော့မခတ်ထားသည့် တစ်ခုတည်းသော အခန်းတံခါးကို ဖွင့်ကာ မီးခလုတ်ကို နှိပ်လိုက်သည်။ ဤအခန်းမှာ တည်းခိုခန်းတစ်ခုလုံးတွင် မီးလာသည့် တစ်ခုတည်းသော အခန်းဖြစ်ပြီး အပြင်ဘက်မှ မီးကြိုးကို သူကိုယ်တိုင် သွယ်တန်းထားခြင်း ဖြစ်သည်။

သို့သော် ယနေ့တွင် တစ်ခုခု ထူးခြားနေသကဲ့သို့ သူ ခံစားလိုက်ရသည်။ တံခါးလက်ကိုင်ကို ကိုင်လိုက်သည့် တစ်ခဏမှာပင် တစ်စုံတစ်ရာ မှားယွင်းနေသည်ကို သူ ရိပ်မိလိုက်သည်။ စက္ကန့်ဝက်ခန့် တွေဝေသွားပြီးနောက် သူ တံခါးကို ဖွင့်လိုက်၏။ တခြားအခန်းများတွင် ရေလည်းမလာ၊ မီးလည်းမရှိ၊ သန့်ရှင်းရေးလည်း မလုပ်ထားသဖြင့် ရှန်ယွီနှင့် လျူဝူတို့ ရှိနေလျှင်ပင် အမှုဖြစ်ပွားရာ အခန်းရှေ့ရှိ ဤအခန်းကို ရွေးချယ်လိမ့်မည်မဟုတ်ဟု သူ တွေးထားသည်။

သူ အထဲသို့ ဝင်ကာ နောက်ကနေ တံခါးကို ပြန်ပိတ်လိုက်သည်။ ကောလာဟလများကို မယုံသော်လည်း သရဲများ သူ့နောက်ကို လိုက်လာမည်ကိုတော့ စိုးရိမ်မိသည်။ နောက်တစ်စက္ကန့်တွင်မူ သူ ကြောင်အသွားတော့သည်။ အခန်းထဲတွင် ပုံမှန်ရှိနေကျ ဖုန်နံ့များအပြင် ပင်လယ်ရေရနံ့ သင်းသင်းလေးကိုပါ သူ ရလိုက်သောကြောင့် ဖြစ်သည်။ ရေမွှေးနံ့လား။

သူ ထပ်မံမစဉ်းစားရသေးခင်မှာပင် အခန်းမီးများ လင်းလာတော့သည်။ ရှန်ယွီသည် ဘီးတပ်ကုလားထိုင်ပေါ်တွင် ထိုင်လျက် သူ့ကို စိုက်ကြည့်နေသည်။ ဤအခြေအနေမှာ ချန်ကျန့် လုံးဝ ထင်မထားခဲ့သော အခြေအနေပင် ဖြစ်သည်။ ဤလူက ရူးနေတာလား။ ဤနေရာမှာ နေတာ ထားပါဦး၊ ဘာလို့မှ ဒီအခန်းကိုမှ ရွေးရတာလဲ။

ချန်ကျန့်မှာ အခန်းထဲတွင် နှစ်လှမ်းခန့် လှမ်းပြီးရင်း တောင့်တောင့်ကြီး ဖြစ်နေတော့သည်။ နှုတ်ဆက်ရမလား၊ ပြန်လှည့်ထွက်သွားရမလား၊ ပြတင်းပေါက်ကပဲ ခုန်ချရမလား၊ ဒါမှမဟုတ် လမ်းမှားဝင်လာတာပါလို့ တောင်းပန်ပြီးမှ ခုန်ချရမလား။ မလားပေါင်းများစွာနှင့်သူ ဝေခွဲမရဖြစ်နေသည်။ ထိုစဉ် ရှန်ယွီ၏ ဘီးတပ်ကုလားထိုင် ဘေးတွင် မှီထားသော ဘေ့စ်ဘောတုတ်ကို မြင်လိုက်ရသည်။ ထိုသူသည် ဒီအတိုင်း ထိုင်နေခြင်း မဟုတ်ဘဲ သူခိုးဖမ်းရန် စောင့်နေခြင်း ဖြစ်သည်။

ချန်ကျန့်သည် နောက်ထပ် တွန့်ဆုတ်မနေတော့ဘဲ နောက်သို့ ခြေတစ်လှမ်း ဆုတ်ကာ တံခါးလက်ကိုင်ကို လှမ်းကိုင်ရန် ကြိုးစားလိုက်သည်။ သို့သော် ရှန်ယွီက ပို၍ မြန်သည်။ ချန်ကျန့် တံခါးလက်ကိုင်ကို မထိရသေးခင်မှာပင် ရှန်ယွီက တုတ်ကို လှမ်းယူကာ သူရှိရာဘက်သို့ အရှိန်ဖြင့် လွှဲပစ်လိုက်လေသည်။ တုတ်မှာ လေထဲတွင် ဝဲပျံလာပြီး ၎င်းမှာ သတ္တုတုတ်ဖြစ်ကြောင်း အသံကြားရုံဖြင့် ချန်ကျန့် သိလိုက်သည်။

သွားပြီ၊ အဲ့ဒါကြီးသာ မျက်နှာကို တည့်တည့်မှန်ရင်တော့ မျက်နှာရိုးတွေ ကြေကုန်တော့မှာပဲ။ သို့သော် မထိခါနီးလေးမှာတင် ထိုတုတ်မှာ တစ်စုံတစ်ဦးက ပြန်ဆွဲလိုက်သကဲ့သို့ လမ်းကြောင်းပြောင်းသွားသည်။ ၎င်းမှာ ချန်ကျန့်ရှေ့ နားတွင် ကြမ်းပြင်ကို ထိမှန်ကာ ကျယ်လောင်သော သတ္တုသံ ထွက်ပေါ်လာပြီးနောက် ဆန့်ကျင်ဘက်သို့ ပြန်လည် ဝဲပျံသွားကာ ရှန်ယွီ၏ လက်ထဲသို့ ပြန်လည် ရောက်ရှိသွားသည်။ ဤဖြစ်ရပ်တစ်ခုလုံးမှာ တစ်စက္ကန့်ပင် မပြည့်ပေ။

ချန်ကျန့်၏ လက်မှာ တံခါးလက်ကိုင်ကို လှမ်းကိုင်ထားရင်း လေထဲတွင် တောင့်တောင့်ကြီး ဖြစ်ကျန်ရစ်ခဲ့တော့သည်။




“တကယ့်ကို အလန်းစားပဲဗျာ။”

“ဒါက အဝေးထိန်းစနစ်နဲ့လေ။”

ရှန်ယွီသည် ဘေ့စ်ဘောတုတ်ကို ဘီးတပ်ကုလားထိုင်ဘေးသို့ ပြန်ချလိုက်ပြီး ကျန်လက်တစ်ဖက်ရှိ အဝေးထိန်းခလုတ်ကို အေးအေးလူလူပင် လှည့်ကစားနေ၏။

“တော်တော်လေးကို အဆင့်မြင့်တယ်လို့ ပြောရမှာပေါ့။”

“ဒေါ်လာ ၃၀ ပဲပေးရတယ်၊ ပို့ခက အလကားပဲ” ဟု ချန်ကျန့်က ဆိုသည်။ ရှန်ယွီက သူ့ကို မော့ကြည့်လိုက်၏။

“ကျွန်တော်ကတော့...” ချန်ကျန့်က ပြတင်းပေါက်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။

“မင်းရဲ့လွယ်အိတ်ကို ယူပြီးရင် တံခါးကနေပဲ အေးအေးဆေးဆေး ထွက်သွားလို့ရပါတယ်၊ ခုန်ချနေဖို့ မလိုတော့ဘူး” ဟု ရှန်ယွီက ခွင့်ပြုလိုက်၏။

“ကျွန်တော်လည်း တံခါးကနေပဲ ထွက်ဖို့ စိတ်ကူးထားတာပါ၊ ဒါပေမဲ့ အဲ့ဒီတုတ်ကြီးက ခွင့်မပြုဘူးလေ” ချန်ကျန့်က ဘေ့စ်ဘောတုတ်ကို ကြည့်ရင်း ပြောဆိုသည်။

“ငါက နောက်မှ လို့ ပြောတာလေ” ရှန်ယွီက ဘီးတပ်ကုလားထိုင်ပေါ်တွင် နောက်မှီကာ အေးဆေးပင် ထိုင်နေ၏။

“ကောင်းပါပြီ” ချန်ကျန့်က ထပ်မံငြင်းခုံမနေတော့ဘဲ ကုလားထိုင်တစ်လုံးကို မှီရပ်လိုက်ကာ ထွက်ပြေးရန် စိတ်ကူးကို လက်လျှော့လိုက်တော့သည်။

“မင်း ချန်းယွီကို ကောင်းကောင်းသိလား” ရှန်ယွီ စတင်မေးမြန်း၏။

“သိပ်တော့ မသိပါဘူး၊ အသိအကျွမ်း အဆင့်ပါပဲ။ ဒီမြို့ထဲက လုပ်ငန်းရှင်အချင်းချင်းဆိုတော့ သိနေကြတာပေါ့” ဟု ချန်ကျန့် ပြန်ဖြေလိုက်သည်။

“ဪ...” ရှန်ယွီက လက်ထဲက အဝေးထိန်းခလုတ်ကို လှည့်ကစားနေရင်း

“ဟိုဘက်အခန်းထဲမှာ ဘာဖြစ်ခဲ့တာလဲ” ဟူ၍ ထပ်မေးမြန်းလိုက်၏။

“စုံတွဲတစ်တွဲ ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့တာလေ” ချန်ကျန့်က ပွင့်ပွင့်လင်းလင်းပင် ဆိုသည်။

“သတ်သေတယ်ဆိုရင် အဆိပ်သောက်တာမျိုးပေါ့၊ ဘာလို့ ကုတင်ပေါ်မှာ သွေးတွေ အများကြီး ရှိနေရတာလဲ”

ရှန်ယွီက သိလိုစိတ်ဖြင့် ထပ်မေး၏။

“သူတို့က အဆိပ်အရင်သောက်ပြီးမှ လက်ကောက်ဝတ်ကို လှီးခဲ့တာ။ သွေးတွေက မွေ့ရာထဲအထိ စိမ့်ဝင်ကုန်တာပေါ့။ အဲ့ဒါကြောင့်လည်း မကျွတ်မလွတ်တဲ့ နာနာဘာဝတွေ ကျန်ခဲ့တယ်လို့ ပြောကြတာပဲ။ ညဘက်ဆိုရင် အသံတွေကြားရတယ်၊ တစ်ခါတလေ ငိုသံတွေတောင် ကြားရတယ်တဲ့”

ချန်ကျန့်က ခြောက်လှန့်သည့်သဘောဖြင့် ပြောလိုက်သည်။

“အင်း... အဲ့လိုလား” ရှန်ယွီက ခေါင်းညိတ်ကာ တိတ်ဆိတ်သွား၏။

“မင်းကော ဘာအသံမှ မကြားဘူးလား”

“မကြားပါဘူး” ရှန်ယွီက သမ်းဝေလိုက်ရင်း

“ငါ ညဘက် ပိုပြီးတော့ နောက်ကျအောင် စောင့်ကြည့်ရမယ် ထင်တယ်” ဟု အေးဆေးပင် တုံ့ပြန်လေသည်။

ချန်ကျန့်မှာ ဘာမှထပ်မပြောနိုင်တော့ပေ။ ဤလူမှာ တကယ်ပင် သတ္တိခဲကြီး ဖြစ်ရမည်။ ရှန်ယွီက သူ့ကို ထပ်မံမေးမြန်းဦးမလားဆိုသည်ကို သူ ခေတ္တစောင့်နေသော်လည်း ထိုသူမှာ သူ့ကို လွှတ်ပေးမည့်ပုံ မပေါ်သေးပေ။

ထို့ကြောင့် သူကပဲ ဦးအောင် မေးလိုက်သည်။

“မင်း ဒီမှာ တမင်စောင့်နေတာလား၊ ငါ ဒီအခန်းကို သုံးမယ်ဆိုတာ ဘယ်လိုသိတာလဲ”

ရှန်ယွီက ခပ်ဖွဖွရယ်ရင်း

“ဒီတစ်ခန်းပဲ မီးလာတာလေ။ တစ်ယောက်ယောက်တော့ ဒီအခန်းထဲမှာ ရှိနေလိမ့်မယ်လို့ ငါမှန်းထားတာ။ အဲ့ဒါ မင်းဖြစ်နေမယ်လို့တော့ မသိခဲ့ဘူး”

“ငါက ဒီမှာ နေတာမဟုတ်ပါဘူး၊ တစ်ခါတလေမှ လာအိပ်တာပါ”

“အင်း...”

ရှန်ယွီက ခေါင်းညိတ်ကာ စားပွဲပေါ်က လွယ်အိတ်ကို ညွှန်ပြလိုက်လျက်မှ

“ယူသွားတော့လေ။”

ချန်ကျန့်သည် ဘေ့စ်ဘောတုတ်ကို တစ်ချက်ကြည့်လိုက်သော်လည်း ရှန်ယွီက သူ့ကို မကြည့်ဘဲ လက်နှစ်ဖက်ကိုသာ ယှက်ထားသည်ကို တွေ့ရ၏။ ချန်ကျန့်သည် လွယ်အိတ်ကို လှမ်းယူကာ အလျင်အမြန်ပင် ထွက်ခွာရန် ပြင်လိုက်သည်။

တံခါးပိတ်ရန် ပြင်လိုက်စဉ်မှာပင် ရှန်ယွီက “ကောက်ကောက်” ဟု လှမ်းခေါ်လိုက်သည်။

အမှန်အတိုင်းပြောရလျှင် ချန်ကျန့်တစ်ယောက် မကြားချင်ယောင်ဆောင်ကာ ထွက်သွားချင်သော်လည်း ယနေ့ညတွင် သူကိုယ်တိုင်က မှားထားသည်ဖြစ်ရာ ပြန်လှည့်ကြည့်ကာ “ဘာလဲ” ဟု ထူးလိုက်ရသည်။

“ဒါကို လျူဝူဆီ ပေးပေးပါဦး” ရှန်ယွီက ပစ္စည်းတစ်ခုကို သူ့ဆီသို့ လှမ်းပစ်ပေးလိုက်သည်။

ချန်ကျန့်က ဖမ်းယူလိုက်ရာ ၎င်းမှာ ဖုန်းအားသွင်းကြိုးတစ်ခု ဖြစ်နေသည်။

“ဒါကို ဘယ်ကို သွားပေးရမှာလဲ၊ သူက ဒီမှာ မအိပ်ဘူးလား”

“လမ်းဆုံက တည်းခိုခန်းတစ်ခုမှာ ရှိလိမ့်မယ်၊ နာမည်ဘာလဲတော့ မသိဘူး။ မင်းက ဒီမြို့ထဲက လုပ်ငန်းရှင်တွေကို သိတယ်ဆို၊ စုံစမ်းကြည့်လိုက်လေ”။

“ကောင်းပါပြီ”

ချန်ကျန့်သည် ရှန်ယွီပေးသော အားသွင်းကြိုးကို လွယ်အိတ်ထဲ ထိုးထည့်ကာ ထွက်လာခဲ့သည်။

လျူဝူသည် လမ်းဆုံနားက တည်းခိုခန်းလေးတစ်ခုတွင် ရှိနေသည်။ ထိုနေရာမှာ သရဲခြောက်သည့် အိမ်ကြီးနှင့် နီးလွန်းသဖြင့် စီးပွားရေး တော်တော်လေး ညံ့နေခဲ့ရာ ယနေ့ညအတွက် လျူဝူတစ်ယောက်တည်းသာ ဧည့်သည်ဖြစ်ပုံရ၏။

“လော့ကျဲ” ချန်ကျန့်က ဧည့်ကြိုကောင်တာမှ အမျိုးသမီးကို နှုတ်ဆက်လိုက်သည်။

“ဟိုကလေးဆီ ပစ္စည်းတစ်ခု သွားပေးမလို့ပါ”။

“သွားလေ” ဟု ထိုအမျိုးသမီးက ဖုန်းကိုသာ စိုက်ကြည့်ရင်း ပြန်ဖြေသည်။

“ပိုင်ရှင်အသစ် ဘော့စ်ရှန်ကို မင်းသိလား”။

“မသိပါဘူး၊ ဘာလို့လဲ” ချန်ကျန့်က မေးလိုက်၏။

“အဲ့ဒီကလေးက သူ့အစ်ကိုက ချန်းယွီနဲ့ သူငယ်ချင်းတွေလို့ ပြောလို့လေ၊ အဲ့ဒါ မင်းလည်း သိမလားလို့”

“မသိပါဘူး”

ချန်ကျန့်သည် ပထမထပ် စင်္ကြံလမ်းအတိုင်း လျှောက်သွားရင်း လျူဝူတစ်ယောက် လူတိုင်းကို လျှောက်ပြောနေသည့်အပေါ် စိတ်ပျက်မိသည်။

လျူဝူသည် တံခါးဖွင့်လိုက်ပြီး ချန်ကျန့်ကို မြင်သည်နှင့် လူပျောက်ပြန်တွေ့သကဲ့သို့ ဝမ်းသာအားရ ဖြစ်သွားတော့သည်။

“ခင်ဗျား ရောက်လာပြီပဲ၊ တော်သေးတာပေါ့!”

“ရှန်ယွီက ဒါပေးခိုင်းလိုက်လို့”

ချန်ကျန့်က အားသွင်းကြိုးကို ထုတ်ပေးလိုက်သည်။

“မင်းက ဘာလို့ သူ့ကို တစ်ယောက်တည်း ထားခဲ့တာလဲ၊ တည်းခိုခန်းမှာပဲ မအိပ်ဘူးလား”

“ဘယ်သူက အိပ်ရဲမှာလဲဗျ! တတိယထပ်မှာ ဘာဖြစ်ခဲ့တယ်ဆိုတာ ခင်ဗျားသိသားနဲ့…ဘယ်သူက အဲ့ဒီမှာ နေရဲမှာလဲဗျာ။ ကျွန်တော်ကတော့ ကြောက်လွန်းလို့ သေတော့မယ်။ ခင်ဗျားတို့လည်း ကားပြင်တုန်းက ဘာမှမပြောကြဘူး၊ တော်တော်လေး မဟုတ်တာဗျာ”

“သူက မင်းအစ်ကို မဟုတ်ဘူးလား” ချန်ကျန့်က ရယ်မောရင်း မေးသည်။

“သူ့ကျတော့ ဘာလို့ အဲ့ဒီလောက် သတ္တိကောင်းနေတာလဲ”။

“ဝမ်းကွဲအစ်ကိုပါ” လျူဝူက ပြင်ပေးလိုက်ရင်း တစ်ခုခုကို သတိရသွားပုံရသည်။

“နေဦး... ခင်ဗျား သူ့ဆီကို သွားတွေ့တာလား”။

“ပစ္စည်းသွားယူရင်းနဲ့ ဆုံခဲ့တာပါ”

“ဟာ..ခင်ဗျားက ညဘက်ကြီး အဲ့ဒီနေရာကို ပစ္စည်းသွားယူရဲတယ်ပေါ့၊ တကယ် သတ္တိရှိတာပဲ”

“ပုံမှန်ပါပဲ…ငါ သွားတော့မယ်၊ ဖုန်းအားသွင်းထားလိုက်ဦး”

“မသွားပါနဲ့ဦးဗျာ”

လျူဝူက နောက်ကနေ လိုက်လာရင်း

“ကျွန်တော်နဲ့ စကားခဏလောက် ပြောပါဦး။ တတိယထပ်က အခန်းက တကယ်ပဲ...”

“မင်း ညဘက်ကြီး အဲ့ဒီအကြောင်းကို တကယ်ကြားချင်လို့လား”

ချန်ကျန့်က လှည့်ကြည့်ကာ မေးလိုက်ရာ လျူဝူမှာ စကားစပြတ်သွားတော့သည်။ အတန်ကြာ စဉ်းစားပြီးနောက်

“ထားလိုက်ပါတော့၊ မနက်ကျမှပဲ မေးတော့မယ်” ဟု ဆိုကာ ပြန်လှည့်သွားလေသည်။

နောက်တစ်နေ့ မနက်ခင်းမှာ သာယာလှပသော နေရောင်ခြည်များ ဖြာကျနေသည်။ လျူဝူ အခန်းထဲက ထွက်လာချိန်တွင် တည်းခိုခန်းပိုင်ရှင်က တစ်စုံတစ်ဦးနှင့် စကားပြောနေသည်ကို တွေ့ရသော်လည်း သူ မမေးရဲခဲ့ပေ။ သူသည် ကျန့်ရှီးတည်းခိုခန်းဆီသို့ တန်းသွားခဲ့သည်။ ပုံမှန်အားဖြင့် ရှန်ယွီမှာ ဤအချိန်၌ နိုးလေ့မရှိသော်လည်း ရေရောမီးပါ မရှိသည့်အတွက် အခြေအနေကို သွားကြည့်ရန် သူ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ ပထမထပ်တွင် ဘီးတပ်ကုလားထိုင်ဖြင့် သွားလာနေသော ရှန်ယွီကို မြင်လိုက်ရသောအခါ သူ အံ့အားသင့်သွားရသည်။

“အစ်ကို အောက်ကို ဘယ်လိုဆင်းလာတာလဲ”။

“ကုလားထိုင်ကို အရင်ပစ်ချလိုက်တယ်၊ ပြီးမှ ငါက ခြေတစ်ဖက်တည်းနဲ့ ခုန်ဆင်းလာတာပေါ့” ဟု ရှန်ယွီက အေးဆေးပင် ပြန်ဖြေသည်။

လျူဝူက ကုလားထိုင်ကို စစ်ဆေးရင်း…

“ကျွန်တော့်ကို လှမ်းခေါ်သင့်တာပေါ့ ။ ဒါက ဈေးကြီးတယ်လေ၊ ပျက်သွားပြီလား မသိဘူး” ဟူ၍ ဆူဆူပူပူ ပြောလာသည်။

“နောက်တစ်ခါကျရင်တော့ ငါ့ကိုယ်ငါ အရင်ပစ်ချလိုက်မယ်၊ ငါက ကုလားထိုင်လောက် ဈေးမကြီးဘူးလေ” ဟု ရှန်ယွီက ခနဲ့လိုက်တော့မှ…

လျူဝူက ရယ်ကျဲကျဲဖြင့်

“အစ်ကို ပြုတ်ကျမှာကိုတော့ ကျွန်တော် မပူပါဘူး၊ အစ်ကိုက တော်သားပဲ” ဟုတုံ့ပြန်သည်။

“မနေ့ညက အိပ်ပျော်ရဲ့လား”

“လုံးဝပဲဗျာ…အပြင်မှာ တိရစ္ဆာန်အော်သံတွေ၊ ရုန်းရင်းဆန်ခတ် အသံတွေနဲ့ တော်တော်လေး ဆူညံနေတာ။ အစ်ကိုကော ဘယ်လိုလဲ”။

“ငါကတော့ ကောင်းကောင်းအိပ်ပျော်တယ်၊ ဘာသံမှ မကြားလိုက်ဘူး”

“အစ်ကိုကတော့ တကယ်ပဲ ဘာကိုမှ မကြောက်တာပဲ”

လျူဝူက ဘားကောင်တာရှိ သန့်ရှင်းနေသော ဘေစင်ကို ကြည့်ကာ

“အစ်ကို မျက်နှာသစ်ပြီးပြီလား၊ ရေမလာဘူး မဟုတ်လား” ဟု မေးသည်။

“ရေသန့်တွေ ရှိတယ်လေ”

ရှန်ယွီက ဘေးနားက စတိုခန်းကို ညွှန်ပြလိုက်ရာ ထိုနေရာ၌ ရေဘူးများနှင့် တစ်ကိုယ်ရေသုံးပစ္စည်းများ စုပုံနေသည်ကို တွေ့ရသည်။

“ဒီရေတွေက သက်တမ်းကုန်နေတာလား” လျူဝူက မေးလိုက်၏။

“သက်တမ်းကုန်တာက ပုပ်သွားတာမှ မဟုတ်တာ။ ငါတို့ ငယ်ငယ်တုန်းက နွားချေးပါတဲ့ စမ်းချောင်းရေတောင် သောက်ခဲ့ကြတာပဲ မဟုတ်လား” ဟု ရှန်ယွီက ပြန်ချေပသည်။

“အဲ့ဒါက နွားချေးရေ မဟုတ်ပါဘူး၊ စမ်းချောင်းရေပါ! အပေါ်ဘက်မှာ နွားတွေရှိနေလို့ပါ” ဟု လျူဝူက

ပြန်လည်ပြင်ဆင်ပေး၏။

“အရသာတော့ ရှိသားပဲ” ရှန်ယွီက ပြုံးလိုက်သည်။ သူတို့နှစ်ဦးမှာ ခဏတာ တိတ်ဆိတ်သွားပြီးနောက် တဟားဟား ရယ်မောကြတော့သည်။

လျူဝူသည် ရှန်ယွီကို အပြင်သို့ခေါ်ထုတ်သွားပြီး မနက်စာ သွားစားကြရန် တိုက်တွန်းလေသည်။ ရှန်ယွီကလည်း သဘောတူလိုက်၏။

“မင်း ဒီနေ့ ပြန်တော့မလို့လား” ရှန်ယွီက မေးသည်။ “မင်း ခွင့်ယူထားတာ နှစ်ရက်ပဲ မဟုတ်လား။ ကျောင်းဖွင့်စမှာ ကျောင်းမတက်တာ မကောင်းဘူးလေ”။

“နောက်ထပ် ရက်နည်းနည်းလောက် ထပ်တိုးလိုက်ပါ့မယ်။ ဒီနေရာက ဒီလိုအခြေအနေကြီး ဖြစ်နေမယ်လို့ ကျွန်တော် မထင်ထားခဲ့ဘူး။ အစ်ကို တစ်ယောက်တည်း ဘယ်လိုလုပ်မလဲ”

လျူဝူအသံမှာကို က စိုးရိမ်တကြီးရှိလှ၏။

“လူငှားလိုက်ရင် ရပါတယ်၊ မပူပါနဲ့။ မနက်ကျရင် ရေနဲ့မီး ကိစ္စတွေကို အရင်ဖြေရှင်းပေးပြီးမှ ပြန်ပါ”

“အစ်ကို့ကို ဘယ်သူက ကုလားထိုင် တွန်းပေးမှာလဲ”

လျူဝူမေးတော့

“ဒါက လျှပ်စစ်ကုလားထိုင်လေ”

ရှန်ယွီ အဖြေကြောင့်လျူဝူမှာ နှစ်စက္ကန့်ခန့် ဆွံ့အသွားပြီးနောက်

“နေဦး... ဒါက လျှပ်စစ်ကုလားထိုင်ဆိုတော့... အစ်ကိုက အဲ့ဒါကြီးကို လှေကားပေါ်ကနေ ပစ်ချလိုက်တာလား! ပေါက်ကွဲသွားရင် ဘယ်လိုလုပ်မလဲ!” ဟု အလန့်တကြား မေးလိုက်လေသည်။

“မပေါက်ကွဲပါဘူး”

လျူဝူသည် မနက်စာစားပြီးနောက် ရေနှင့်မီးမီတာခများ သွားရောက်ပေးဆောင်ကာ အခြေအနေကို ဖြေရှင်းပေးခဲ့သည်။ ရှန်ယွီသည် စတိုခန်းထဲက ဝန်ထမ်းမှတ်တမ်းစာအုပ်ကို ဖတ်ကြည့်နေရင်း ဒေသခံများနှင့် အဆက်အသွယ်ရှိမည့်သူကို ရှာဖွေနေ၏။ ထို့နောက် သူသည် နံပါတ်တစ်ခုကို ဖုန်းခေါ်လိုက်သည်။

“ဟယ်လို ဘယ်သူလဲ” တစ်ဖက်မှ အသံမှာ အိပ်ချင်မူးတူးဖြင့် စိတ်တိုနေပုံရသည်။

“ကောက်ကောက်”

တစ်ဖက်မှလူမှာ ခဏတာ တိတ်ဆိတ်သွားပြီးနောက်

“နေဦး... ငါ့နံပါတ်ကို မင်းဘယ်လိုရတာလဲ” ဟု အံ့ဩတကြီး မေးမြန်း၏။

“ချန်ကျန့်... မင်း ဒီမှာအလုပ်လုပ်တုန်းက မနက်စောစော နိုးတတ်တယ်လို့ မှတ်တမ်းထဲမှာ ပါတယ်လေ”

ချန်ကျန့်က ဘာမှပြန်မပြောဘဲ အတန်ကြာမှ

“ချန်းယွီဆီကနေ ရတာလား” ဟု မေးသည်။

“မဟုတ်ပါဘူး၊ မှတ်တမ်းတွေထဲမှာ တွေ့တာပါ။ ဒီကိုလာပြီး ကူညီပေးပါဦး”

ရှန်ယွီ၏ ဖိတ်ခေါ်မှုကို ချန်ကျန့်က ချက်ချင်းပင် ငြင်းပယ်ကာ ဖုန်းချသွားလေသည်။

သို့သော် ငါးမိနစ်မပြည့်မီမှာပင် ချန်ကျန့်က ဖုန်းပြန်ဆက်လာပြီး

“ငါ့ရဲ့ မှတ်ပုံတင်ကို မင်းယူထားတာလား” ဟု မေးလာသည်။ ရှန်ယွီက မယူထားကြောင်း ငြင်းဆိုလိုက်သော်လည်း ချန်ကျန့်တစ်ယောက် ဆိုင်ကယ်ဖြင့် တည်းခိုခန်းဆီသို့ ရောက်လာခဲ့သည်။

ချန်ကျန့် ရောက်လာသောအခါ ရှန်ယွီမှာ ဘားကောင်တာတွင် ထိုင်နေ၏။ သူသည် ချန်ကျန့်၏ မှတ်ပုံတင်ကို ကောင်တာပေါ်တွင် တင်ပေးလိုက်ရာ ချန်ကျန့်မှာ ဆွံ့အသွားရသည်။

“မင်း... ဒါကို တကယ်ပဲ ယူထားတာပေါ့”

“တွေ့လို့ သိမ်းထားပေးတာပါ” ဟု ရှန်ယွီက အေးဆေးပင် ပြန်ဖြေသည်။

“မင်းရဲ့ညီကော”

“မြို့ထဲကို သွားတယ်”

ချန်ကျန့်က သူ့ကို စိုက်ကြည့်ရင်း

“မင်း တကယ်ပဲ... ဒီနေရာက အရင်ကတည်းက အခြေအနေမကောင်းတာကို တကယ်ပဲ မသိတာလား”

ချန်ကျန့် အမေးကို ရှန်ယွီက “မသိဘူး” ဟု သာ ခပ်ပြတ်ပြတ် ပြန်ဖြေလေသည်။

“မင်း တကယ်ပဲ အူကြောင်ကြောင် နိုင်တာပဲ”

ချန်ကျန့်က သက်ပြင်းချရင်း ဆိုလိုက်ရာ ရှန်ယွီက

“ဒါဆိုရင်လည်း ငါ့ကို ရှင်းပြပါဦး၊ ငါ နားထောင်နေပါတယ်” ဟူ၍ စကားဆက်ရန် ကမ်းလှမ်းလိုက်၏>



_____________________________________________________________________
Next

Comments

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

2

အခန်း (၂) မိုးမှာ တဖွဲဖွဲတစ်လှည့်၊ သည်းထန်စွာတစ်လှည့် ဆက်လက်ရွာသွန်းနေဆဲ…ဆိုင်တံခါးအပြင်ဘက်ရှိ မိုးကာအမိုးပေါ်တွင် ရေများပြည့်လျှံနေပြီး အချိန်မရွေး ပြိုကျတော့မည့်အလား ။ လျူဝူသည် ထိုအမိုးကို ခေတ္တမျှ စောင့်ကြည့်နေပြီးနောက် လက်ညှိုးထိုးပြကာ မေးမြန်းစူးစမ်းခန်းစသည်။ “အဲ့ဒီဟာက ရေတွေကို အလိုအလျောက် စီးဆင်းအောင် လုပ်ပေးနိုင်တာလား” “ဟုတ်တယ်” ချန်ကျန် ခပ်တိုတိုပဲ ပြန်ဖြေ၏။ “ဟင်” လျူဝူသည် အံ့အားသင့်သွားပြီး “တကယ်ကြီး အလိုအလျောက်လား” ဟု ထပ်မေးသည်။ “အသံနဲ့ ခိုင်းရတာလေ” “ဗျာ” ချန်ကျန့် အဖြေကြောင့် လျူဝူမှာ ပို၍ပင် ဝေခွဲမရဖြစ်သွားတော့သည်။ ရှန်ယွီသည် သက်ပြင်းချရင်း မျက်နှာကို အခြားတစ်ဖက်သို့ လွှဲလိုက်ရ‌တော့၏။ ချန်ကျန် မတ်တတ်ရပ်လိုက်ပြီး တံခါးဘေးရှိ ခွတစ်ခုကို ယူကာ မိုးကာအမိုးအောက်သို့ လမ်းလျှောက်သွားသည်။ ထို့နောက် အမိုး၏ အပေါ်ဘက်ကို နှစ်ချက်ခန့် ဆွလိုက်ရာ စုပုံနေသော မိုးရေများမှာ ဝေါကနဲ စီးကျသွားပြီး မိုးကာအမိုးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ “မင်း ပြောလိုက်တဲ့ ခဏမှာပဲ ရေတွေက စီးဆင်းသွားတာလေ” ချန်ကျန် ပြန်လည်ထိုင်လိုက်ရင်း “အသံနဲ့ ခိုင်းရတာဆိုတာ အဲ့ဒါကို ပြောတာ” ဟု ဆိုသည်။ “အသံနဲ့ ခိုင်းရတယ်ဆို...