အခန်း (၄)
ဘာတွေအကြောင်း ပြောရမည်နည်း။ မနေ့ညက လျူဝူက စကားပြောရန် ခေါ်ခဲ့သလို ယနေ့တွင်လည်း ရှန်ယွီက ထပ်မံ၍ စကားပြောရန် ဆိုလာပြန်ရာ ချန်ကျန့်မှာ ဘာပြန်ပြောရမှန်းပင် မသိတော့ပေ။
လျူဝူ ပြောပြသမျှကို နားထောင်ပြီး ရှန်ယွီ၏ သဘောထားကို ကြည့်ရသည်မှာ သူသည် ဤသရဲခြောက်သည့်တည်းခိုခန်းကြီးကို တကယ်ပင် လွှဲပြောင်းယူလိုက်ပြီ ဖြစ်ကြောင်း သိသာလှသည်။ ဤနေရာက ကောင်းပါသည်ဟု ပြောလျှင်လည်း လိမ်ရာကျမည်ဖြစ်သလို၊ ဆိုးလှသည်ဟု ပြောပြန်လျှင်လည်း အားငယ်သွားစေမည်လားဟု သူ စိုးရိမ်မိသည်။
ထို့ပြင် ရှေ့ကလူမှာ ခြေထောက်ဒဏ်ရာနှင့် ဖြစ်နေသည် မဟုတ်ပါလား။
“မင်း...” ထိုအကြောင်းကို တွေးမိရင်း ချန်ကျန့်က မနေနိုင်ဘဲ “မင်းခြေထောက်က တကယ်ကျိုးသွားတာလား” ဟု မေးမြန်းလိုက်မိသည်။
“မဟုတ်ရင်ကော” ရှန်ယွီက သူ၏ဘီးတပ်ကုလားထိုင်ကို တစ်ပတ်လှည့်လိုက်ရင်း
“မကျိုးပါဘူး။ ငါ့ဝါသနာက သွားရလာရ ခက်ခဲအောင် ခြေထောက်မှာ အထိန်းကိရိယာကြီး တပ်ထားရတာလေ” ဟု
ခပ်နောက်နောက်ပင် တုံ့ပြန်လိုက်၏။
ချန်ကျန့်က ပြုံးလိုက်ရင်း
“ဒီလောက်အထိ အသေးစိတ် ပြန်ဖြေနေဖို့ မလိုပါဘူး၊ ငါက ဒီအတိုင်း အမှတ်မထင် မေးလိုက်တာပါ”
“မင်းရဲ့ ဆံပင်ကောက်ကောက်တွေက သဘာဝအတိုင်းလား၊ ဒါမှမဟုတ် တမင်ကောက်ထားတာလား”
ရှန်ယွီက တစ်ဖန် ပြန်လည်မေးခွန်းထုတ်၏။
“ငါ့ကို ‘ကောက်ကောက်’ လို့ မခေါ်နဲ့”
“ငါက မင်းကို ‘ကောက်ကောာက်’ လို့ မခေါ်ပါဘူး”
ရှန်ယွီက အေးဆေးပင် ပြန်ပြော၏။
ချန်ကျန့် ခဏမျှ စဉ်းစားကြည့်လိုက်ရာ ရှန်ယွီက ထိုသို့ တိုက်ရိုက်ခေါ်ခဲ့ခြင်း မရှိသည်ကို သတိပြုမိသွားပြီး
“ဘာပဲဖြစ်ဖြစ်... ‘ကောက်ကောက်’ လို့တော့ မခေါ်နဲ့ပေါ့” ဟုသာ ထပ်လောင်းပြောလိုက်ရတော့သည်။
“ဒါဆို... ‘အမွှေးစုတ်ဖွားလေး’ လို့ ခေါ်ရမလား”
ရှန်ယွီက ခပ်နောက်နောက် အပြောကြောင့် ချန်ကျန့်သည် ကြောင်အကာ ပြန်ကြည့်လျက် ဘာပြန်ပြောရမှန်း မသိဖြစ်သွား၏။
“ကောက်ကောက်” ရှန်ယွီက အမည်ပြောင်ကို ပြောင်းလိုက်ပြန်သည်။
“ငါ သွားတော့မယ်” ချန်ကျန့်က စားပွဲကို ဒုန်းခနဲ မြည်အောင် ရိုက်လိုက်ပြီး တံခါးဆီသို့ လှည့်ထွက်သွားလေသည်။
“ချန်ကျန့်”
ရှန်ယွီက နောက်ဆုံးမှ နာမည်အရင်းကို မှန်ကန်စွာ ခေါ်လိုက်၏။ သို့သော် ချန်ကျန့်မှာ မကြားချင်ယောင်ဆောင်ကာ ရှေ့သို့သာ ဆက်လျှောက်နေသည်။
“မင်း ပိုက်ဆံလိုနေတာလား” ရှန်ယွီ၏ မေးခွန်းကြောင့် ချန်ကျန့် ခြေလှမ်းတန့်သွား၏။
အမှန်တကယ်ပင် သူ ပိုက်ဆံလိုနေသည်။ မည်သူက ပိုက်ဆံမလိုဘဲ နေပါမည်နည်း။ ပိုက်ဆံဆိုသည်မှာ အမြဲလိုလို လိုအပ်ချက် ရှိနေသည်သာ ဖြစ်၏။ ချန်ကျန့်သည် နောက်သို့ ပြန်လှည့်ကြည့်လိုက်သည်။
“ငါ့ကို ဒီမှာ နှစ်လလောက် ကူညီပေးမလား။ မင်းရဲ့ အရင်လစာရဲ့ သုံးဆ ငါပေးမယ်။”
ချန်ကျန့်သည် ချက်ချင်းကြီး ပြန်လှည့်မသွားချင်သဖြင့် တံခါးဘောင်ကို ကိုင်ထားရင်း ရှန်ယွီကို ကြည့်ကာ…
“ငါက အဲ့ဒီလို လူမျိုးလို့ မင်းထင်နေတာလား” ဟု မေးမြန်းလိုက်သည်။
“မစမ်းကြည့်ဘဲနဲ့ မင်းက အဲ့ဒီလိုလူမျိုး ဟုတ်မဟုတ် ဘယ်သိနိုင်မှာလဲ” ရှန်ယွီက သူ၏ ဘယ်ဘက်ခြေထောက်ကို အားပြုကာ အနေအထား ပြင်ထိုင်လိုက်သည်။
“ဒါနဲ့... မင်းက အဲ့ဒီလို လူမျိုးပဲလား။”
“ ဒီနေ့အတွက်တော့ ဟုတ်တယ်” ချန်ကျန့်က တံခါးဘောင်ကို လွှတ်လိုက်ပြီး ပြန်လျှောက်လာခဲ့သည်။
“ဒါပေမဲ့ အခြေအနေတစ်ခုတော့ ရှိတယ်။”
ပြန်လှည့်ပြောလာသော ချန်ကျန့်ကို ရှန်ယွီ ပြုံးရင်းစကားထောက်ပေးလိုက်သည်။
“အင်း... ပြောလေ”
“ငါ့ကို ဆံပင်ကောက်၊ ဆံပင်ကောက်လေး၊ ကောက်ကောက်၊ အမွှေးစုတ်၊ အာမောင်... အဲ့ဒါတွေ မခေါ်နဲ့…ဘာပဲဖြစ်ဖြစ် ဆံပင်ကောက်တာ၊ အမွှေးအမျှင်နဲ့ ပတ်သက်တာတွေ မပြောနဲ့၊ ငါ မကြားချင်ဘူး။”
“ကောင်းပြီလေ”
ရှန်ယွီက ချန်ကျန့်၏ နဖူးပေါ်တွင် ဝဲကျနေသော ဆံနွယ်တစ်စုကို ကြည့်ကာ ဇွဲမလျှော့ဘဲ ထပ်မေးသည်။
“ဒါဆိုရင် မင်းရဲ့... ဒီ ကောက်ကြောင်းပါတဲ့ ဆံပင်တွေက သဘာဝလား၊ တမင်လုပ်ထားတာလား”
ချန်ကျန့် ခေတ္တမျှ တိတ်ဆိတ်သွားပြီးမှ
“သဘာဝအတိုင်း ကောက်နေတာကိုမှ ထပ်ပြီး ကောက်ထားတာ”
“နှစ်မျိုးစလုံးပေါ့လေ” ရှန်ယွီက မှတ်ချက်ထပ်ပေး၏။
“မင်း နားလည်ရင် ပြီးတာပဲ၊ လူလည်မကျနဲ့”
ချန်ကျန့်က ဘားကောင်တာတွင် ပြန်လာထိုင်လိုက်သည်။
“လစာနဲ့ အလုပ်အသေးစိတ်ကို ပြောကြရအောင်...”
“အောက်ဆင်းလိုက်ပါဦး”
ရှန်ယွီက ဆိုသည်။ ဘော့စ်တစ်ယောက်၏ အရှိန်အဝါက စားပွဲပေါ်သို့ ရောက်လာလေပြီ။ ချန်ကျန့်သည်လည်း လိမ္မာစွာပင် အောက်သို့ဆင်းကာ ဘားကောင်တာကို မှီရပ်လိုက်သည်။ နောက်ဆုံးတော့ ထိုသူမှာ တကယ့်ပိုင်ရှင် ဖြစ်နေသည် မဟုတ်ပါလား။
“ချန်းယွီက မင်းကို အရင်က ဘယ်လောက်ပေးတာလဲ” ရှန်ယွီက မေးသည်။
“သုံးထောင် တစ်ရာ့ငါးဆယ်”
ရှန်ယွီက ဘာမှမပြောဘဲ သူ့ကို စိုက်ကြည့်နေသည်။
“သုံးဆဆိုတော့ ကိုးထောင် လေးရာ့ငါးဆယ်ပေါ့၊ ကိုးထောင်ပဲ ပေးလည်း ရပါတယ်”
ချန်ကျန် ထပ်ဖြည့်ပြောသည်။
“ငါ့ပုံစံက လျူဝူနဲ့ တူလို့လား”
ရှန်ယွီ မေးတော့ ချန်ကျန့်က ဘာမှပြန်မပြောပေ။
“ချန်းယွီက ဘာမှပေးမသွားဘူးလို့ ငါပြောခဲ့တယ် မဟုတ်လား”
ချန်ကျန့်က သက်ပြင်းချရင်း
“နှစ်ထောင်ပါ။ မင်း အဲ့ဒါကို မေးမယ်ဆိုတာ ငါသိသားပဲ”
“မင်း ဘယ်လောက်တောင် ပိုက်ဆံလိုနေလဲဆိုတာ သိချင်လို့ပါ။ တစ်လကို ခြောက်ထောင်၊ စားစရိတ်၊ နေစရိတ်၊ သွားလာစရိတ်တွေအပြင် ဆိုင်အတွက် ပြင်ဆင်ဖို့ ကူညီပေးမယ့်သူ တစ်ယောက်ကိုပါ ငါစီစဉ်ပေးမယ်။”
“အဲ့ဒါက အလုပ်တွေ အရမ်းများမနေဘူးလား” ချန်ကျန့်က တွေးတောရင်း ဆိုသည်။
“ပိုက်ဆံကလား”
“အလုပ်တွေကလေ!”
ချန်ကျန့် အသံမြှင့်ပြောလိုက်သည်။
“လူတစ်ယောက်ကို ခေါ်ခိုင်းတာလေ၊ မင်းကိုယ်တိုင် လုပ်ခိုင်းတာမှ မဟုတ်တာ”
“မင်းကိုပဲ စောင့်ရှောက်ပေးရမယ့် အထိန်းတစ်ယောက်ငှားရင်တောင် ငါးထောင် ခြောက်ထောင် ပေးရမှာလေ”
ချန်ကျန့်က မိမိကိုယ်ကိုယ် အခွင့်အရေးရအောင် ကြိုးစားကြည့်သည်။
“ဒါဆို မင်းကို နှစ်ထောင်ပေးမယ်၊ ပြီးရင် ငါ အထိန်းတစ်ယောက် ငှားလိုက်မယ်” ရှန်ယွီက ခပ်ပြတ်ပြတ်ပင် တုံ့ပြန်လိုက်သည်။
“မင်းကတော့...”
ချန်ကျန့်က ရှန်ယွီကိုကြည့်ကာ လက်မထောင်ပြလိုက်ရင်း “တကယ့်ကို တော်ပါတယ်” ဟု
ဆိုလိုက်ရတော့သည်။
“မင်းပဲ ပိုက်ဆံလိုနေတာ မဟုတ်ဘူး ။ ငါလည်း ပိုက်ဆံလိုနေတာပဲ၊ အပြန်အလှန် နားလည်ပေးကြရအောင်။”
ပိုက်ဆံလိုနေလျက်နှင့် ဤမျှ အရှုံးပေါ်မည့် လုပ်ငန်းကို လွှဲယူလိုက်သည်မှာ ထူးဆန်းလှသည်ဟု ချန်ကျန့် တွေးမိသော်လည်း ခြောက်ထောင်ကို လက်လွတ်မခံချင်သဖြင့် အပြင်သို့ ထုတ်မပြောမိပေ။
“အလုပ်က ဘယ်တော့ စရမှာလဲ”
“အခုပဲ။ငါ အပြင်ကို လမ်းလျှောက်ထွက်မလို့၊ ငါ့နောက်က လိုက်ခဲ့ပြီး ဒီမြို့အကြောင်းကို လမ်းတစ်လျှောက် ရှင်းပြပေး။”
ရှန်ယွီ ချက်ချင်းပြန်ဖြေရင်းမှ အလုပ်သဘော တောင်းဆိုမှုတွေကို စတင်လာတော့၏။
“ကားနဲ့လား၊ လျူဝူ ပြန်လာတာကို စောင့်မလို့လား”
ချန်ကျန့် ညှိနှိုင်းကြည့်ပေမဲ့ အချဥ်းနှီးသာ တစ်ဖက်သား၏
“ငါက ထိုင်လိုက်မယ်၊ မင်းက လမ်းလျှောက်ပေါ့” ဟူသော ခနဲ့တဲ့တဲ့ အပြောကိုသာ ပြန်ရလာသည်။
“ကျွန်တော် တစ်ခုတော့ သတိပေးပါရစေ ဘော့စ်” ချန်ကျန့်က ရှန်ယွီနှင့် သူ၏ ဘီးတပ်ကုလားထိုင်ကို ကြည့်ကာ ဆိုသည်။
“ဒီမှာ ခရီးသည် မရှိတဲ့အချိန်ဆိုရင် လူတွေက အထူးအဆန်း ကြည့်ရတာ အရမ်းဝါသနာပါကြတာ။ မင်းသာ ဒီပုံစံနဲ့ အပြင်ထွက်ရင် သူတို့က မင်းမျက်နှာနားအထိ ကပ်ပြီး ဝိုင်းကြည့်ကြလိမ့်မယ်။”
“ငါ့မျက်နှာက ကြည့်လို့မရအောင် ရုပ်ဆိုးနေတာမှ မဟုတ်တာ”
ရှန်ယွီက ဘီးတပ်ကုလားထိုင်၏ ခလုတ်ကို နှိပ်ကာ တံခါးဆီသို့ ဦးတည်မောင်းနှင်သွားတော့သည်။
“ကောင်းပါပြီလေ”
ချန်ကျန့် အနေနဲ့ ဘာတတ်နိုင်အုံးမှာလဲ။
ယနေ့မှာ နေသာသောနေ့ ဖြစ်သဖြင့် မြို့ထဲတွင် မနေ့ညကထက် ပို၍ လူစည်ကားနေသည်ကို တွေ့ရ၏။ လမ်းမပေါ်တွင် ကားများ ရှိနေသလို လူအချို့လည်း လမ်းလျှောက်နေကြသည်။
“မနက်စာ စားထွက်တုန်းကထက် ပိုပြီး စည်ကားလာသလိုပဲ။ စောစောကဆိုရင် ဘယ်ဆိုင်မှတောင် မဖွင့်သေးဘူး။”
“အခုလည်း လမ်းတစ်ဝက်လောက်က ပိတ်ထားတုန်းပါပဲ၊ ဒါပေမဲ့ ဒီနေ့က ရုံးပိတ်ရက်လေ”
ချန်ကျန့်က ရှင်းပြသည်။
“ဒီနေ့ကျရင် ခရီးတို လာလည်တဲ့သူတွေ ရှိလိမ့်မယ်၊ ဒီနေ့လာပြီး မနက်ဖြန် ပြန်မယ့်သူမျိုးတွေပေါ့။”
“သူတို့တွေက ဘယ်မှာ တည်းလေ့ရှိကြလဲ” ရှန်ယွီက မေးသည်။
“အခုက သိပ်မအေးသေးဘူးဆိုတော့ အများစုက တဲထိုးပြီး စခန်းချကြတာပေါ့” ချန်ကျန့်က လိမ္မာပါးနပ်စွာ ဖြေလိုက်သည်။
“သူတို့တွေက သရဲမကြောက်ကြဘူးလား”
ရှန်ယွီ ကျန့်ရှီးတည်းခိုခန်းရှိရာ လမ်းကို ပြန်လှည့်ကြည့်ရင်း မေး၏။
“စခန်းချတဲ့နေရာက ဒီကနေ သုံးကီလိုမီတာလောက် ဝေးတယ်လေ။ သရဲတွေက အဲ့ဒီလောက်အထိ လမ်းလျှောက်ရမှာ ပျင်းကြတယ်လေ။ သူတို့မှာမှ ကားတွေ၊ လျှပ်စစ်ကုလားထိုင်တွေ ရှိတာမှ မဟုတ်တာ။”
ချန်ကျန့် အပြောကို ရှန်ယွီက ခပ်ဖွဖွရယ်ရင်း သက်ပြင်းချလိုက်သည်။
“ကျန့်ရှီးက နှင်းလျှောစီးကွင်းနဲ့ ပိုနီးတယ်လေ”
ချန်ကျန့်က ဘော့စ် စိတ်မပျက်သွားအောင် အားပေးစကား အနည်းငယ် ထပ်လောင်းပြောဆိုသည်။
“နှင်းလျှောစီးကွင်းသာ ဖွင့်လိုက်ရင်တော့ လာတည်းမယ့်သူတွေ ရှိလာမှာပါ။”
“ဒါဆို သူတို့က ကွင်းထဲမှာရှိတဲ့ ဟိုတယ်မှာပဲ မတည်းကြဘူးလား” ရှန်ယွီက မေးလိုက်ရာ ချန်ကျန့်မှာ စကားစပြတ်သွားတော့၏။
“မင်း အဲ့ဒါကို ကြိုသိနေတာလား” ချန်ကျန့်က မအောင့်နိုင်ဘဲ မေးမိတော့သည်။ ရှန်ယွီကတော့ ရယ်မောနေ၏။
“ဟော... ဘီးတပ်ကုလားထိုင်နဲ့ ဘော့စ်ကြီးပါလား!” အနားမှ အသံတစ်ခု ထွက်ပေါ်လာသည်။ “မနက်စာ စားပြီးပြီလား။”
ရှန်ယွီ လှည့်ကြည့်လိုက်ရာ အမျိုးသမီးတစ်ဦးသည် သူမ၏ဆိုင်ရှေ့တွင် ရပ်ကာ နေကြာစေ့ စားနေသည်ကို တွေ့ရသည်။ ဆိုင်းဘုတ်တွင် “ရှောင်ဖန်း ခေါက်ဆွဲဆိုင်” ဟု ရေးထား၏။
“ဘာလို့ လှမ်းအော်နေတာလဲ”
ချန်ကျန်က စပ်စုသော ဆိုင်ရှင်ကို ပြန်စွာပေမဲ့ ရှန်ယွီက
“ဒီမှာ ဆိတ်သားခေါက်ဆွဲ ရလား” ဟု ရုတ်တရက်လှမ်းမေးလိုက်သည်။
“ရတာပေါ့!” ထိုအမျိုးသမီးက နေကြာစေ့များကို အင်္ကျီအိတ်ထဲ ထည့်လိုက်ပြီး ရှန်ယွီ၏ ဘီးတပ်ကုလားထိုင်ကို ကိုင်ကာ ဆိုင်ထဲသို့ ဆွဲခေါ်သွားတော့သည်။
ကုလားထိုင်မှာ ရှေ့သို့ တိမ်းစောင်းသွားသဖြင့် ရှန်ယွီမှာ ပြုတ်ကျလုနီးပါး ဖြစ်သွား၏။
“ဒါက လျှပ်စစ်နဲ့မောင်းတာဗျ!” ချန်ကျန့်က အမြန်ဝင်တားသော်လည်း ထိုအမျိုးသမီး၏ အရှိန်ကို မမီပေ။
“ဘက်ထရီ ချွေတာပေးတာပါ” ဟု ဟူကျဲက ဆိုကာ ရှန်ယွီကို စားပွဲတစ်ခုတွင် နေရာချပေးလိုက်သည်။
“ဟို သရဲခြောက်တဲ့အိမ်မှာ မီးမလာဘူး မဟုတ်လား။ ကုလားထိုင်ကိုတောင် အားသွင်းလို့ ရမှာမဟုတ်ဘူး။”
“သရဲခြောက်တဲ့အိမ်”
ရှန်ယွီက ချန်ကျန့်ကို အမေးသဘောပါသော အကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။ ချန်ကျန့်မဖြေခင် ဆိုင်ရှင်အစ်မက ဝင်ပြောတော့သည် ။
“သရဲခြောက်တာပေါ့။ ငါ့ယောက်ျား ပြီးခဲ့တဲ့ရက်က အဲ့နားက ဖြတ်သွားတာ အထဲမှာ မိန်းမတစ်ယောက် သီချင်းဆိုနေတာ ကြားခဲ့တယ်တဲ့၊ ကြောက်လွန်းလို့ သေတော့မယ်”
ပြောရင်း ပြင်ပေးလာသည့် ခေါက်ဆွဲကို ရှန်ယွီသည်လည်း မငြင်းနိုင်တော့ဘဲ စားလိုက်ရတော့သည်။ ချန်ကျန့်ကတော့ ဘာတစ်ခွန်းမှ ဝင်မပါဘဲ ဘေးကနေ ကြည့်နေ၏။
“မင်းလည်း စားပြီးပြီလား”
“ဟုတ်တယ်၊ ဘေးဆိုင်က ပေါက်စီ နှစ်လုံး စားခဲ့တယ်” ချန်ကျန့်က ဆိုသည်။ “ဒီမှာ ခေါက်ဆွဲမစားလို့ ဟူကျဲက စိတ်ကောက်နေတာလေ။”
ချန်ကျန့်သည် ဤဒေသခံများနှင့် ရင်းနှီးပုံရသည်ကို ရှန်ယွီ သတိပြုမိသွား၏။
ရှန်ယွီသည် ခေါက်ဆွဲကို အားရပါးရ စားနေသည်ကို ကြည့်ပြီး ချန်ကျန့်မှာ အံ့ဩနေမိသည်။ ဤဆိုင်က ခေါက်ဆွဲမှာ သိပ်အရသာရှိလှသည် မဟုတ်သော်လည်း ရှန်ယွီမှာ ဘာမှမပြောဘဲ အကုန်စားပစ်လိုက်သည်။
“မနေ့ညက ထမင်းမစားရဘူးလား” ချန်ကျန့် မေးတော့
“စားနေတုန်း စကားမပြောနဲ့လေ” ဟု ရှန်ယွီက တုံ့ပြန်၏။
ရှန်ယွီသည် ခေါက်ဆွဲကို စားရုံတင်မကဘဲ ဟင်းရည်ကိုပါ သောက်ပစ်လိုက်သည်ကို မြင်ရသဖြင့် ဟူကျဲမှာ အလွန်ဝမ်းသာသွားတော့သည်။ သူတို့ ဆိုင်ထဲက ထွက်လာပြီးနောက် ရှန်ယွီက မနေ့ညက အသင့်စား ခေါက်ဆွဲစားခဲ့ကြောင်း ပြောပြသည်။
“ငါက မအိပ်ရရင် နေနိုင်ပေမယ့် မစားရရင်တော့ မနေနိုင်ဘူး” ဟု ရှန်ယွီထပ်ရှင်းပြ၏။
သူတို့နှစ်ဦးသည် မြို့ထဲရှိ လမ်းမကြီးတစ်လျှောက် ဆက်လက် လမ်းလျှောက်ခဲ့ကြသည်။ ရှန်ယွီသည် ဘီးတပ်ကုလားထိုင်ဖြင့် ရှေ့ကမောင်းနှင်ပြီး ချန်ကျန့်က ဘေးကနေ လိုက်ပါလာ၏။ လမ်းဘေးက ဆိုင်ရှင်များမှာ ရှန်ယွီကို အထူးအဆန်း ကြည့်နေကြသည်မှာ ချန်ကျန့် ပြောခဲ့သည့်အတိုင်းပင် ဖြစ်သည်။ ရှန်ယွီ၏ ဖုန်းမြည်လာသောအခါ လျူဝူဖြစ်ကြောင်း သူ သိလိုက်သည်။
“အစ်ကို ဘယ်မှာလဲ” လျူဝူ၏ အသံမှာ တိုးညှင်းလျက် ရှိသည်။
“လမ်းပေါ်မှာလေ၊ ဘာဖြစ်လို့လဲ။ နေ့ခင်းကြောင်တောင် သရဲတွေ့လို့လား”
“ကျွန်တော် အခု တည်းခိုခန်း ဝင်းထဲကို ပြန်ရောက်နေတာ။ လူတွေ အများကြီးပဲဗျ၊ အစ်ကို တစ်ခုခု ပြဿနာ ရှာထားတာလား” လျူဝူက စိုးရိမ်တကြီး ဆိုသည်။
“ဘယ်လိုလူတွေလဲ” ရှန်ယွီက ဝှီးချဲကို ရပ်လိုက်သည်။
“ဆိုင်ကယ်သမားတွေနဲ့ တူတယ်ဗျ၊ လူငါးယောက်၊ ဆိုင်ကယ် ခြောက်စီးရှိတယ်။ သူတို့ထဲက တစ်ယောက်ကတော့ ပျောက်နေတယ်၊ ဘယ်ရောက်သွားလဲ မသိဘူး...”
“အဲ့ဒီတစ်ယောက်က ငါ့ဘေးမှာ ရှိနေတယ်”
ရှန်ယွီက ချန်ကျန့်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။
“သူတို့ ဘာလာလုပ်တာလဲတဲ့လဲ” ရှန်ယွီက မေး၏။
“ဘာမှမပြောဘူးဗျာ၊ ဝင်းထဲမှာ ဖဲရိုက်နေကြတာ”
ရှန်ယွီက ကုလားထိုင်ကို ပြန်လှည့်လိုက်ရင်း
“မင်း အဲ့ဒီကနေ အခုချက်ချင်း ထွက်ခဲ့လိုက်တော့။ လမ်းဆုံက တည်းခိုခန်းမှာ သွားစောင့်နေ၊ ငါ အခု ပြန်လာခဲ့မယ်” ဟု မှာကြားလိုက်လေတော့သည်။
“ဘာဖြစ်လို့လဲ” ချန်ကျန့်က မေး၏။
“ဝင်းထဲမှာ ဧည့်သည်တွေ ရောက်နေတယ်၊ မင်း ဆိုင်ကယ်မျိုးတွေနဲ့လေ” ရှန်ယွီက ဆိုသည်။
ချန်ကျန့်သည် ဘာဖြစ်နေသည်ကို ရိပ်မိသွားပြီး မျက်မှောင်ကြုတ်လိုက်မိသည်။ ရှန်ယွီကိုလည်း မပြန်ရင် တစ်ဆက်တည်း တားလိုက်၏။
“ပြဿနာ လာရှာတာ ဖြစ်ရမယ်၊ မင်း အခုချက်ချင်း မပြန်နဲ့ဦး၊ ငါ အရင်သွားကြည့်လိုက်မယ်”
“သူတို့က လူသတ်မှာမို့လို့လား”
“မဟုတ်ပါဘူး၊ ဘာလို့ အဲ့လိုတွေးရတာလဲ”
“ဒါဆိုရင် ဘာကြောက်စရာ ရှိလို့လဲ” ဟု ရှန်ယွီက အေးဆေးပင် တုံ့ပြန်လိုက်လေတော့သည်။
______________________________________________________________________
Comments
Post a Comment