အပိုင်း (၈၀)
သူ့အမေ၏ ဆေးစစ်မှုမှာ တော်တော်မြန်လှသည်။ နံနက် ၁၀ နာရီမတိုင်ခင်မှာပင် ပြီးစီးသွားခဲ့သည်။ ဦးလေးဖြစ်သူ၏ မိသားစုနှင့် နေ့လယ်စာစားရန် ချိန်းထားသည့်အချိန်အထိ အချိန်အနည်းငယ် ကျန်ရှိနေသေးရာ၊ အမေဖြစ်သူမှာ လူနာခန်းထဲတွင် ခေတ္တအနားယူပြီးနောက် ငြိမ်ငြိမ်မနေနိုင်တော့ပေ။
“ကုမ္ပဏီကို သွားကြရအောင်။ ဟိုကားကို သွားယူရအောင်”
“အဲ့လောက် မလောပါဘူး မားရာ။ ကျွန်တော် အခုချက်ချင်း ပြန်သွားမှာမှ မဟုတ်တာ”
“ဒီရက်ပိုင်း မင်း ယွဲ့လန်တို့နဲ့ လျှောက်သွားဦးမှာ မဟုတ်လား။ သွားလာဖို့ ကားတစ်စီးတော့ လိုအပ်တယ်လေ။ ငါ့ကားကိုပဲ အမြဲ မျှစီးနေချင်လို့လား”
“ဒါဆို မား ဒီမှာပဲ စောင့်နေလေ။ ရှောင်ယဲ့နဲ့ ကျွန်တော်ပဲ သွားယူလိုက်မယ်”
အမှန်အတိုင်း ပြောရလျှင် အမေ ကုမ္ပဏီသို့ ရောက်သွားပြီး ပြန်မထွက်လာတော့မှာကို ရှန်ယွီ တော်တော်လေး စိုးရိမ်မိသည်။ ၎င်းမှာ သူ၏ ငယ်ဘဝ ဒဏ်ရာတစ်ခုပင် ဖြစ်သည်။
“ဒီနေ့က သောကြာနေ့လေ။ ကုမ္ပဏီကလူတွေလည်း ငါ့ကို မမြင်ချင်ကြပါဘူး။ ကားပဲ ယူပြီး ပြန်ထွက်လာမှာပါ။ ဒီမှာ ဒီအတိုင်း ထိုင်စောင့်နေရတာလည်း ပျင်းစရာကြီးလေ”
နောက်ဆုံးတွင်တော့ သူတို့ ကုမ္ပဏီသို့ ကားသွားယူရန် ဆုံးဖြတ်လိုက်ကြသည်။
“ရှန်ယွီ မောင်းမယ်။ ကားပါကင် ရောက်ရင် ရှောင်ယဲ့က ဆင်းပြီး ကုမ္ပဏီထဲ သွားယူမယ်၊ သော့ယူပြီး ကားကို မောင်းထုတ်လာခဲ့မယ်။ ပြီးမှ ငါတို့ စားသောက်ဆိုင်ကို သွားကြတာပေါ့”
သူမသည် ရှန်ယွီ၏ တွန့်ဆုတ်မှုကို ရိပ်မိပုံရသည်။ သူမ၏ အစီအစဉ်အရ သူမသည် ကားပေါ်မှ ဆင်းစရာ မလိုဘဲ ရှန်ယွီနှင့်အတူ ကားပေါ်မှာပဲ တောက်လျှောက် ရှိနေမည် ဖြစ်သည်။
ကုမ္ပဏီဘက်သို့ မောင်းလာစဉ် ရှန်ယွီသည် အပြင်ဘက်က စည်ကားလှသော လမ်းမထက်က မြင်ကွင်းများကို ငေးကြည့်နေမိသည်။ မီးပွိုင့်မှာ တန်းစီနေသော ကားများ၊ ဘေးမှ သွက်လက်စွာ ဖြတ်မောင်းသွားသော လျှပ်စစ်စကူတာများနှင့် လမ်းဘေးတွင် သွားလာနေကြသော လူအုပ်ကြီးပေါ့။ သူက မေးလိုက်သည် ။
“အဖေကော အခု ဘာကားမောင်းလဲ”
“သူ့ရဲ့ အစုတ်အပြတ် လျှပ်စစ်စကူတာလေးကိုပဲ မောင်းတာပေါ့ ။ သူ အခုထိ ကားမောင်းလိုင်စင် မရသေးဘူးလေ”
ရှောင်ယဲ့က ဘေးမှ သတိပေးသည်။
“ရထားပါတယ် ဘော့စ် ရဲ့…သူ ဆိုင်ကယ်လိုင်စင် ရထားတာပါ”
“အေးပါ၊ ဆိုင်ကယ်လိုင်စင် ရထားတာပေါ့။ တကယ်ကို ထူးဆန်းတဲ့ လူပဲ။ အလုပ်သွားရင် လျှပ်စစ်စကူတာလေး စီးသွားပြီး၊ ငါးမျှားသွားရင်တော့ ဆိုင်ကယ် စီးသွားမယ်တဲ့လေ”
“ပါး က ငါးမျှားတတ်သေးတာလား”
ရှန်ယွီ အနည်းငယ် အံ့သြသွားသည်။ အဖေ့မှာ ဒီလို ဝါသနာရှိမှန်း သူ မသိခဲ့ပါဘူး။
“ငါးမျှားတာ မဟုတ်ပါဘူး၊ မြက်ပင်တွေ လိုက်မျှားနေတာပါ။ သူများတွေ ငါးမျှားသွားရင် သူက လိုက်ချင်တာလေ ။ စုစုပေါင်း သုံးခါပဲ သွားဖူးတာ။ တစ်ခါက ဆည်မှာ၊ နှစ်ခါကတော့ ပိုက်ဆံပေးပြီး မျှားရတဲ့ ကန်မှာပေါ့။ ဆည်မှာ သွားမျှားတုန်းက တစ်ယောက်ယောက်က သနားလို့ ငါးတစ်ကောင် ပေးလိုက်တယ်လေ။ ကန်မှာ မျှားတုန်းကလည်း အတူတူပါပဲ။ ပိုက်ဆံ ယွမ် ရာချီ ကုန်ပေမဲ့ တစ်ကောင်မှ မရဘူး။ နောက်ဆုံးတော့ သူ တိတ်တိတ်လေး ဈေးထဲသွားပြီး ငါးနှစ်ကောင် ဝယ်လာတယ်လေ....”
ရှန်ယွီ အားရပါးရ ရယ်မောလိုက်တော့သည် ။
“အဲ့ဒါကို မားက ဘယ်လိုလုပ်ပြီး သိသွားတာလဲ”
ရှောင်ယဲ့က ပြုံးလျက် ဆိုသည် ။
“ကျွန်မ ဈေးဝယ်သွားရင်း တွေ့လိုက်တာလေ ။ အန်ကယ်က သူ့ရဲ့ ငါးမျှားပုံးထဲကို ဝယ်လာတဲ့ ငါးတွေ ထည့်နေတာ မြင်လိုက်ရတာ”
“နောင်ကျရင်တော့....” ရှန်ယွီ ခေတ္တ တုံ့ဆိုင်းနေပြီးမှ မိခင်ဖြစ်သူဘက်သို့ လှည့်ကာ …
“မား အားရင် ဟုန်ယဲ့မြို့ မှာ ငါးလာမျှားကြည့်လေ။ ဟိုက မြစ်ထဲမှာ ငါးတွေ ရှိမှာပါ”
“ဟုတ်တယ်၊ အဲ့ဒီမြို့က နှစ်သစ်ကူးကျရင်လည်း ပျော်စရာကောင်းမှာပဲ။ မီးရှူးမီးပန်းတွေလည်း လွှတ်လို့ ရတာပေါ့” ရှောင်ယဲ့က ချက်ချင်း ဝင်ပြောသည်။
“မြို့ပေါ်ထက်စာရင် နှစ်သစ်ကူး အငွေ့အသက် ပိုရှိမှာပါ”
ရှန်ယွီသည် နောက်ကြည့်မှန်မှတစ်ဆင့် သူမကို လှမ်းကြည့်လိုက်သည်။ သူ့အမေ ကိုယ်တိုင် သင်ကြားပေးထားသည့် လက်ထောက်ဆိုတော့လည်း အကဲခတ် တော်လိုက်တာ။
“ဒါဆို ဘော့စ်ရှန်ကပဲ ငါတို့အတွက် စီစဉ်ပေးမှာပေါ့ ဟုတ်လား” သူ့အမေက ပြုံးလျက် ဆိုသည်။
“ဟုတ်ကဲ့” ရှန်ယွီ ခေါင်းညိတ်ပြလိုက်သည်။
သူ၏ မိသားစု ထုံးစံအရ နှစ်သစ်ကူး အကြိုည (Thirtieth) မှာ ဆွေမျိုးအားလုံး စုံစုံလင်လင် ဆုံကြရစမြဲ ဖြစ်သည်။ နေ့လယ်စာ တစ်နပ်နှင့် ညစာ တစ်နပ်ပေါ့၊ အဖေ့ဘက်က အမျိုးတွေနဲ့ အမေ့ဘက်က အမျိုးတွေအတွက် တစ်နပ်စီ ဖြစ်သည်။ လူကြီးတွေ မရှိတော့သော်လည်း မိဘတွေရဲ့ မျိုးဆက် ညီအစ်ကို မောင်နှမတွေကြားမှာတော့ ဆက်ဆံရေးက အလွန် နွေးထွေးကြသည်။
အကယ်၍ သူ၏ မိဘများ တကယ်ကြီး မြို့ငယ်လေးသို့ လာဖြစ်ခဲ့လျှင်တော့ ၎င်းမှာ နှစ်သစ်ကူး ပထမရက် သို့မဟုတ် ဒုတိယရက် နောက်ပိုင်းမှသာ ဖြစ်လိမ့်မည်။ ဘာကြောင့်လဲတော့ မသိပါဘူး၊ ၎င်းမှာ အစီအစဉ်တစ်ခုသာ ရှိသေးသော်လည်း၊ စတီယာရင်ကို ကိုင်ထားသော ရှန်ယွီ၏ လက်များမှာ မသိမသာ ချွေးပြန်လာခဲ့သည်။ ပြောမပြတတ်သော ခံစားချက်တစ်ခုပင်။ မျှော်လင့်ချက်နှင့်အတူ ငြိုငြင်မှု၊ စိုးရိမ်စိတ်နှင့်အတူ စိတ်လှုပ်ရှားမှုတို့ ရောပြွမ်းနေလေသည်။ တကယ်ကို ရှုပ်ထွေးလှပါသည်။
သူ့အမေ၏ ကုမ္ပဏီမှာ မူလအဆောက်အအုံဟောင်းမှာပင် ရှိနေသေးပြီး နေရာမပြောင်းပါဘူး။ ရှန်ယွီ ရုတ်တရက် စိတ်သက်သာရာ ရသွားရသည်။ အနည်းဆုံးတော့ သူ မရှိတဲ့ အချိန်မှာ အရာအားလုံးက ပြောင်းလဲမသွားခဲ့တာပဲလေ။
“မြန်မြန်သွား၊ တိတ်တိတ်လေး သွားနော်” သူ့အမေက ရှောင်ယဲ့၏ ပုခုံးကို တို့ကာ ..
“ကားသွားခိုးချေ”
“အဲ့ကား မမောင်းတာ ဘယ်လောက် ကြာပြီလဲ။ ဆီကော ရှိသေးရဲ့လား”
ရှန်ယွီ အခုမှ အရေးကြီးတဲ့ မေးခွန်းကို သတိရသွားသည်။
“မရှိဘူးလေ။ ရှောင်ယဲ့က ကြိုးတစ်ချောင်း ယူသွားပြီး ကားကို ဆွဲပြေးလာလိမ့်မယ်”
ရှန်ယွီ ရယ်မောလိုက်မိသည်။
“ပုံမှန် စစ်ဆေးတာမျိုးတော့ လုပ်ထားပါတယ်ရှင်”
ရှောင်ယဲ့က ကားပေါ်မှ ဆင်းရင်း ပြုံးလျက် ဆိုသည်။
“နှစ်လ သုံးလ တစ်ခါတော့ လူတစ်ယောက်ကို အပြင် ထုတ်မောင်းခိုင်းထားပါတယ်”
“အင်း”
ရှောင်ယဲ့ ဂိုဒေါင်ထဲ ဝင်သွားပြီးနောက်၊ ရှန်ယွီ ကားကို U-turn လှည့်ကာ ထွက်ပေါက်ဘေးက ယာယီနေရာ တစ်ခုမှာ ရပ်ထားလိုက်သည်။ ကားထဲတွင် သူနှင့် သူ့အမေ နှစ်ယောက်တည်းသာ ကျန်ရစ်တော့သည်။ အိမ်မှာ ဝိုင်သောက်ရင်း စကားပြောရတာနှင့်တော့ ခံစားချက်ချင်း မတူပါဘူး။ သူ အနည်းငယ်တော့ နေရခက်နေမိသည်။
“ဒီတစ်ခါ ဘယ်နှစ်ရက် နေမှာလဲ”
“အဆင်ပြေသလိုပါပဲ။ အချိန်အတိအကျတော့ မရှိပါဘူး။ တည်းခိုခန်းမှာလည်း လုပ်စရာ သိပ်မရှိဘူးလေ”
“အခုက အလုပ်များတဲ့ ရာသီ မဟုတ်ဘူးလား။ ချန်လေး တစ်ယောက်တည်း လုပ်နိုင်ပါ့မလား”
“တခြားလူတွေလည်း ကူညီပေးကြမှာပါ၊ ဒါပေမဲ့....”
ရှန်ယွီ တည်းခိုခန်းက ဝန်ထမ်းတွေကို တစ်ယောက်ချင်းစီ ပြန်စဉ်းစားကြည့်ရင်း ရယ်ချင်စိတ် ပေါက်လာပြန်သည် ။
“အားလုံးကတော့ သူတို့ အလုပ်အပေါ် တကယ်ကို စိတ်အားထက်သန်ကြပါတယ်”
“မင်း အလုပ်များရင်လည်း လိုအပ်တဲ့ အချိန်မှာ ပြန်သွားပါ၊ ငါတို့အတွက်နဲ့တော့ ရက်တွေ အတင်း တိုးမနေပါနဲ့။ မင်း အိမ်ပြန်လာတာကို မြင်ရရုံနဲ့တင် ငါတို့ စိတ်အေးသွားပါပြီ”
“နောက်အပတ်ကျမှ အခြေအနေ ကြည့်ရမှာပေါ့။ အမေတို့ကော နှစ်သစ်ကူးကျရင် ဘယ်သွားဖို့ စဉ်းစားထားလဲ”
“ငါတို့ သွားရင်တော့ လျူဝူက သေချာပေါက် လိုက်မှာပဲ။ သူ လိုက်ပြီဆိုရင်တော့ မင်းဦးလေးနဲ့ အဒေါ်ကလည်း သေချာပေါက် လိုက်ကြမှာပေါ့ ။ လူအုပ်ကြီး ဒီလောက်များများ သွားရင် မန်နေဂျာချန် အတွက် ဖိအားတွေ တအား များသွားမလား”
“လျူဝူ့ကိုတော့ ပေးမလိုက်ပါဘူး”
“ဟုတ်လား။ မင်း သူ့ကို တားနိုင်မယ် ထင်လို့လား။ လျူဝူ မင်းနောက် တကောက်ကောက် လိုက်နေတာက မင်းက သူ့ကို အလိုအလိုက်ဆုံးမို့လို့လေ”
ရှန်ယွီ တောက်တစ်ချက် ခေါက်လိုက်မိသည်။
“တကယ်လို့ ငါတို့ သွားဖြစ်ခဲ့ရင်တော့။ သူ့ကို ကြိုပြောထားလိုက်ဦး၊ သူ အရမ်း အားနာမနေရအောင်လို့လေ”
“ဟုတ်”
သူ့အမေ ခေတ္တမျှ တန့်သွားပြီးမှ နောက်ထပ် မေးခွန်းတစ်ခု ထပ်မေးပြန်သည်။
“သူ့မိသားစု အခြေအနေကရော…”
“သူ ငယ်ငယ်လေးတည်းက.... အမေ ဆုံးသွားတာလေ။ မိသားစုက အကြွေးတွေ အများကြီး တင်ခဲ့တော့၊ သူနဲ့ သူ့အဖေ နှစ်ယောက်တည်း အကြွေးတွေ ဆပ်လာခဲ့ကြတာ။ အခုထိတော့ အကုန် မကျေသေးပါဘူး၊ ဒါပေမဲ့ ကျေခါနီးနေပါပြီ”
“ဒါကြောင့်လည်း သူ တက္ကသိုလ် မတက်ခဲ့တာကိုး။ မင်းကော.... သူ့ကို အကြွေးဆပ်ဖို့ ကူညီပေးမှာလား”
“မကူညီပါဘူး။ သူကလည်း လက်ခံမှာ မဟုတ်ဘူးလေ”
“အင်း…အမှန်တော့ ငါ မမေးရင်တောင် မင်း ဒါကို ကောင်းကောင်း ကိုင်တွယ်နိုင်မယ်ဆိုတာ ငါ သိပါတယ်။ ဒါပေမဲ့ အမေတစ်ယောက် အနေနဲ့ကတော့ စိတ်မပူဘဲ မနေနိုင်ဘူးလေ။ အရင်ကတော့ မင်း စိတ်ညစ်မှာ စိုးလို့ မမေးရဲခဲ့တာ....”
“ကျွန်တော် စိတ်မညစ်ပါဘူး ။ အခုလည်း စိတ်မညစ်တော့ပါဘူး”
သူ့အမေက ပြုံးလျက် လက်ကို လှမ်းလိုက်သော်လည်း လေထဲမှာ တန့်သွားပြန်သည်။ သူ့ပုခုံးကို ပုတ်ပေးရမလား၊ ဘာလုပ်ရမလား မဝေခွဲတတ်သလိုမျိုးပေါ့။ ရှန်ယွီကတော့ သူမဘက်သို့ ခေါင်းကို အနည်းငယ် စောင်းပေးလိုက်သည်။
သူ့အမေက သူ၏ဆံပင်များကို အသာအယာ ဖွပေးလိုက်သည် ။
“ဆံပင်ညှပ်ဖို့ လိုနေပြီနော်။ ဆံပင်တွေ တအား ရှည်နေပြီ”
“ဒီနေ့ မွန်းလွဲပိုင်း သွားညှပ်လိုက်မယ်။ အရင်ဆိုင်က အခုထိ ရှိသေးလားတော့ မသိဘူး”
“ရှိပါတယ်။ မင်းအဖေက အခုထိ အဲ့ဒီဆိုင်မှာပဲ သွားညှပ်နေကျလေ”
“အဲ့ဒီအဝေးကြီးအထိ သွားတာလား”
“သူ့ရဲ့ လျှပ်စစ်စကူတာလေးနဲ့ သွားတာပေါ့၊ တကယ့်ကို သွက်လက်ချက်ပဲ။ သူ သွားချင်ရင်လည်း သွားပါစေလေ။ နောက်နှစ်အနည်းငယ်ဆိုရင် သူ့ဆံပင်တွေ ကျွတ်ကုန်တော့မှာ။ အဲ့ဒီကျရင်တော့ ညှပ်နေစရာတောင် မလိုတော့ဘူး၊ ခေါင်းလျှော်ရုံပဲ ရှိတော့မှာ၊ မျက်နှာသစ်ဆေးနဲ့ပဲ ခေါင်းလျှော်ခိုင်းလိုက်ရမယ်....”
“ဟေး....အဖေ့ကို အဲ့ဒီလောက်ကြီး မနှိပ်စက်ပါနဲ့”
ရှောင်ယဲ့သည် ရင်းနှီးနေသော S500 ကို ဂိုဒေါင်ထဲမှ မောင်းထုတ်လာပြီး ဟွန်းတစ်ချက် တီးလိုက်သည်။
“သွားကြစို့၊ သွားကြစို့…မြန်မြန် ထွက်ပြေးရအောင်”
“Navigation ဖွင့်ဦးလေ ။ ဘယ်ဘက်က သွားရမှာလဲ”
သူ့အမေက စခရင်ကို နှိပ်ရင်း လမ်းညွှန်ပေးသည် ။
“ဟိုဘက်က ဓားသွားလို ပုံစံနဲ့ အဆောက်အအုံဆီကို အရင်မောင်း။ အဲ့ဒီ အဆောက်အအုံ ကျော်ရင် ညာဘက် ကွေ့လိုက်”
“ဟုတ်ကဲ့” ရှန်ယွီ လမ်းဆုံမှ မောင်းထွက်လာခဲ့ပြီး ရှောင်ယဲ့က နောက်မှ လိုက်လာခဲ့သည်။
ငယ်ငယ်တုန်းက သူ့အမေက ဒါမျိုးတွေ ကစားရတာ အလွန် ဝါသနာပါခဲ့သည်လေ။ အဖေနှင့်အတူ သူ့ကို ခေါ်ပြီး ထွက်ပြေးတမ်း ကစားတာမျိုး၊ ဒါမှမဟုတ် Mr. & Mrs. Smith တို့လိုမျိုး ဟန်ဆောင်တာမျိုးပေါ့....။ ကံမကောင်းစွာဖြင့် မိသားစု အကုန်လုံး အဲ့ဒီလိုမျိုး အတူတူ ထွက်ရတဲ့ အခွင့်အရေးက နည်းပါးလွန်းလှပါသည်။ သူ့အမေကသာ ရုတ်တရက်ကြီး ဒါမျိုး မလုပ်ခဲ့လျှင် ရှန်ယွီလည်း အကုန် မေ့နေလောက်ပါပြီ။
ရှောင်ယဲ့ကို အနောက်က ထားခဲ့ပြီး သူတို့ ထွက်ပြေးလာကြသည်။ Navigation ၏ လမ်းညွှန်မှုအောက်တွင် သူတို့သည် ဦးလေးဖြစ်သူ၏ မိသားစုနှင့် ချိန်းထားသော စားသောက်ဆိုင်သို့ ဘေးအန္တရာယ် ကင်းရှင်းစွာ ရောက်ရှိခဲ့ကြသည်။
“မင်း ကားတစ်စီး ငှားပြီး အိမ်ကို တန်းပြန်လိုက်တော့ ။ ဒီနေ့ မွန်းလွဲပိုင်း ဘာမှ မရှိရင် ကုမ္ပဏီကိုလည်း သွားမနေနဲ့တော့”
“ဟုတ်ကဲ့ပါ ဘော့စ် ။ မနက်ဖြန်တော့ ဆေးရုံက ဆင်းရဦးမှာ မဟုတ်လားဟင်”
“အဲ့ဒါကိုတော့ ငါ ကိုင်တွယ်လိုက်မယ် ။ မင်း အနားယူလိုက်ပါ”
“ရှန်ယွီ! အစ်ကိုရေ!” လျူဝူ၏ အသံ အနောက်မှ ထွက်ပေါ်လာသည်။
“ကျွန်တော့်ရဲ့ အချစ်တော် ဝမ်းကွဲအစ်ကိုကြီးရေ…”
“အမလေး....”
ရှန်ယွီ မတတ်သာသလို လှည့်ကြည့်ပြီး လက်မောင်းတွေကို ဖြန့်ပေးလိုက်ရသည်။ မျှော်လင့်ထားသည့်အတိုင်းပင် လျူဝူသည် လက်မောင်းကြီးများကို ဖြန့်ကာ အပြေးရောက်လာတော့သည်။
“အခုမှ ရောက်တာလား” ရှန်ယွီက သူ့ကို ဖက်ရင်း မေးလိုက်သည်။
“ရောက်တာ ကြာပါပြီဗျာ။ အစ်ကိုတို့ ရောက်တော့မယ် ထင်လို့ အပြင်ထွက် စောင့်နေတာ။ အခန်းထဲမှာ ထိုင်စောင့်နေရတာ ပျင်းစရာကြီးလေ”
“မင်းအမေက မင်းရည်းစားအကြောင်း ထပ်မေးနေပြန်ပြီလား”
“မရှိပါဘူးလို့ ပြောတာကို သူက မယုံဘူးလေ”
“ဒါဆိုလည်း ရှိပါတယ်လို့ပဲ ပြောလိုက်လေ၊ ဒါပေမဲ့ ကျောင်းပိတ်ခါနီးမှပဲ ပြတ်သွားတယ်လို့ ပြောလိုက်ပေါ့။ အခုတော့ အသည်းကွဲနေလို့ ဘယ်သူမေးမေး စိတ်တိုနေတာပါလို့ ပြောလိုက်။ သူ ထပ်မေးရင်တော့ ကြမ်းပြင်ပေါ် လှဲချလိုက်ရုံပဲ”
အမေက အကြံတွေ တသီကြီးပေးသည်။
“သူ့ရဲ့ သရုပ်ဆောင်မှုနဲ့လား။ ထားလိုက်ပါတော့”
ရှန်ယွီ ရယ်မောရင်း ဆိုသည်။
“သူသာ ကျွန်တော့်ကို ထပ်နှိပ်စက်နေရင်တော့ ဒီဆောင်းတွင်း ပိတ်ရက် တစ်ခုလုံး တာယွင်မှာပဲ သွားနေတော့မယ်”
“သွားစမ်းပါ”
ရှန်ယွီ လျူဝူကို တစ်ချက် လှမ်းကြည့်လိုက်သည်။
***
“နှစ်သစ်ကူးမှာ ဆိုင်မှာ အလုပ်လုပ်မယ့် လူစာရင်းကို ငါ စစ်ပြီးပြီ”
ဟူဖန်က ဖုန်းကို ကိုင်ကာ ရုံးခန်းစားပွဲကို မှီရပ်ရင်း ပြောသည်။
“ကျောက်ကျဲကတော့ နှစ်သစ်ကူးမှာ အိမ်ပြန်မယ်၊ ဒေါ်ဟွမ် လည်း အတူတူပဲ။ ဒါပေမဲ့ အလုပ်တွေ တအား များရင်တော့ ဒေါ်ဟွမ်က လာကူပေးမယ်လို့ ပြောတယ်။ လောင်စစ်ကတော့ သူ့ရွာကို ပြန်မယ်၊ နှစ်သစ်ကူး တတိယရက်မှ ပြန်လာမယ်တဲ့။ ဆန်းပင်းနဲ့ လောင်ဝူကတော့ အကြိုည ကလွဲရင် ရှိနေမယ်။ ငါနဲ့ နာနာကတော့ အိမ်မပြန်ဘူး။ မင်းကော ဘယ်လိုလဲ”
“အကြိုညမှာတော့ ငါ့အဖေနဲ့အတူ ထမင်းစားရမှာပေါ့....”
ချန်ကျန့် ခေတ္တ စဉ်းစားလိုက်သည် ။
“မဟုတ်ရင်လည်း သူ့ကို ဒီပဲ ခေါ်လာခဲ့မယ်လေ”
“ခေါ်လာခဲ့ပါလား။ လူများလေ ပျော်စရာ ကောင်းလေပေါ့”
“ကျွန်တော်တို့ အကြိုညအတွက် ဘွတ်ကင်တွေ မဖွင့်ထားဘူး မဟုတ်လား”
“မဖွင့်ထားပါဘူး၊ ဒါပေမဲ့ နှစ်သစ်ကူးမှာ လာတည်းဖို့ ကြိုမှာထားတဲ့ ဧည့်သည်တွေတော့ ရှိတယ်လေ။ တော်တော်များများပဲ”
“ဘယ်သူ ထမင်းချက်မှာလဲ”
“...ငါလား?” ဟူဖန်က ပြန်မေးသည်။
ချန်ကျန့် သူမကို ကြည့်လိုက်သည်။ အကယ်၍ ကျောက်ကျဲသာ မရှိရင်တော့ ဆိုင်က ဒီလူစုမှာ မနက်စာတောင် ကောင်းကောင်း လုပ်နိုင်ကြမှာ မဟုတ်ပါဘူး။
“ဒါဆိုရင်တော့....” ချန်ကျန့် အံကြိတ်ကာ ဆုံးဖြတ်လိုက်သည် ။
“ငါ့အဖေ ချက်ခိုင်းရင်ကော”
“ကောင်းသားပဲ!” ဟူဖန် ချက်ချင်း ခေါင်းညိတ် ထောက်ခံသည်။
“ငါ့အဖေကတော့ ရွာဟင်းတွေပဲ ချက်တတ်တာနော်။ ဧည့်သည်တွေကို ကြိုပြီး Confirm လုပ်ထားရမယ်။ ကျောက်ကျဲ မရှိတဲ့ ရက်တွေမှာ ထမင်းစားချင်တဲ့လူ ရှိရင် ကြိုပြောခိုင်းလိုက်ပေါ့။ ငါတို့က ရွာဟင်းတွေပဲ ကျွေးနိုင်မယ်လို့ ပြောထားရမယ်။ ဒါမှမဟုတ် ငါတို့နဲ့အတူ နှစ်သစ်ကူး ညစာ အတူစားချင်ရင်လည်း ရတာပဲလေ”
“အင်း” ဟူဖန် မျက်လုံးများ လင်းလက်သွားသည် ။
“ဧည့်သည်တွေလည်း သဘောကျမှာပါ။ ဘယ်လောက်တောင် ပျော်စရာ ကောင်းလိုက်မလဲ!”
“ငါ့အဖေ့ကိုတော့ ပိုက်ဆံပေးရမယ်နော်” ချန်ကျန့်က ဆိုသည်။
“ဒါပေါ့၊ နှစ်သစ်ကူးဆိုတော့ လစာ သုံးဆ ပေးရမှာပေါ့”
ဟူဖန်က ဆိုသည်။
“မင်းနဲ့ နာနာ ဒီရက်ပိုင်းအတွင်း ငါတို့နဲ့ ရင်းနှီးတဲ့ ဆိုင်တွေကို သွားမေးကြည့်လိုက်ဦး။ နှစ်သစ်ကူး ကာလအတွက် ဟင်းတွေကို ကြိုမှာထားလို့ ရမလား ဆိုတာလေ။ ပြီးတော့ ကျောက်ကျဲကိုလည်း လိုအပ်တဲ့ ပစ္စည်းတွေ ကြိုဝယ်ခိုင်းထားမယ်၊ လုပ်လို့ရတဲ့ အသားတွေကိုလည်း ကြိုပြင်ပြီး အေးခဲထားခိုင်းမယ်....”
ချန်ကျန့်သည် ကွန်ပျူတာထဲက ဖိုင်ကို ကြည့်ရင်း နောက်ထပ် ဘာတွေ ကြိုပြင်ရမလဲဆိုတာ အသည်းအသန် စဉ်းစားနေတော့သည်။
“ဟေး... ငါ သတိထားမိတာတစ်ခု ရှိတယ်၊ မင်း ဒီစားပွဲနောက်မှာ ထိုင်နေတဲ့ ပုံစံက တကယ့် ဘော့စ်တစ်ယောက်နဲ့ တူတယ်နော်”
ဟူဖန်က နောက်သို့ နှစ်လှမ်းဆုတ်ကာ သူ့ကို အကဲခတ်ရင်း ဆိုသည်။
“ဘော့စ် မရှိတုန်း တော်လှန်ရေး လုပ်နေတာလား” ချန်ကျန့် ပြုံးလိုက်သည်။
“ငါ့ကို သွားမတိုင်နဲ့ဦးနော်!”
“နှုတ်ပိတ်ခ ပေးလေ”
“ကော်ဖီ တစ်ခွက်ပေါ့” ဟူဖန်က စားပွဲပေါ်သို့ ခုန်တက်ထိုင်လိုက်ရင်း…
“ငါနဲ့ နာနာ အသစ်တစ်ခု သင်ထားတယ်၊ Breve တဲ့။ တအား မွှေးတာပဲ။ စမ်းကြည့်မလား”
“ဘယ်လို လုပ်တာလဲ”
“Espresso ထဲကို နွားနို့နဲ့ ခရင်မ် (Cream) ရောထည့်တာလေ၊ Half and half ပေါ့” ဟူဖန်က ဆိုသည်။
“Half ဘာဖြစ်တယ်။”
“အင်္ဂလိပ်လိုလေ! Half and half တဲ့”
“နာနာနဲ့ ပေါင်းပြီး အဆင့်တွေ မြင့်နေတာပေါ့၊ အခုဆို အင်္ဂလိပ်လိုတွေပါ သုံးနေပြီ”
ချန်ကျန့် ရယ်မောရင်း ဆိုသည် ။
“အင်္ဂလိပ် နာမည်ကော ရပြီလား”
“မရသေးဘူး”
“ငါ ပေးမယ်လေ။ မင်းကို ဖန်ဖန်ဒါ လို့ ခေါ်ကြစို့”
ဟူဖန် ခေတ္တ မှင်သက်သွားပြီးမှ အားရပါးရ ရယ်မောတော့သည်။
“အတိုကောက်ဆိုရင် ဖန်ဖန် ပေါ့၊ နာနာနဲ့လည်း လိုက်ဖက်တယ်လေ” ဟု ချန်ကျန့်က ဆိုသည်။
“ဟားဟားဟားဟား.... ရယ်ရလိုက်တာ” ဟူဖန် ရယ်ရင်းနှင့် အပြင်သို့ ထွက်သွားသည်။
“ကော်ဖီဆင်းသောက်ဦး မန်နေဂျာ! Half and half နော်!”
“OK and OK ပါဗျာ”
သူ အောက်ထပ် ဆင်းဖို့ လိုအပ်ပါသည်၊ ကော်ဖီသောက်ဖို့တင် မဟုတ်ဘဲ ဆွန်နာနာနှင့် တိုင်ပင်စရာ ရှိသေးသည်လေ။
မနေ့ညက ရှန်ယွီနှင့် စကားပြောဖြစ်စဉ်က သူသည် ထိုအစည်းအဝေးအတွက် စိတ်မအေး ဖြစ်နေခဲ့သေးသည်။ ရှန်ယွီ၏ ဖိုင်ကို အလွတ်နီးပါး ကျက်ထားသော်လည်း၊ သူ၏ အသက် ၂၀ အတွင်းမှာ “မြို့ပေါ်မှာ အစည်းအဝေး သွားတက်ရမယ်” ဆိုသည့် အသုံးအနှုန်းမျိုးကို စိတ်တောင် မကူးဖူးပါဘူး။
ရှန်ယွီက သူ့ကို ပြောခဲ့သည် ။ တကယ်လို့ စိတ်လှုပ်ရှားနေရင် ဆွန်နာနာကို အတူ ခေါ်သွားပါတဲ့။
“သူက ဘော့စ် အယောင်ဆောင်မှာလား”
“အရာရှိတွေက မင်းတို့ ဘော့စ်ကို တွေ့ဖူးပြီးသားလေ။ ပြီးတော့ နာနာက အခန်းဌာန မန်နေဂျာ ဆိုတာကိုလည်း သူတို့ သိကြတယ်လေ”
ရှန်ယွီက သတိပေးသည်။
“ဟုတ်သားပဲ” ချန်ကျန့် သတိဝင်လာသည်။
“သူ့ကို ခေါ်သွားရင် မင်းအတွက် အဖော်ရတာပေါ့၊ ဒါဆိုရင် အဲ့လောက် မလှုပ်ရှားတော့ဘူး။ တစ်ခုခုဆိုရင်လည်း တိုင်ပင်လို့ ရတာပေါ့။ ပြီးတော့ ဦးလေးဒင်ရဲ့ ကားကိုလည်း အားနာစရာ မလိုတော့ဘူးလေ ။ ဒါက တည်းခိုခန်း အနေနဲ့ ဒေသခံ ဆန်မှုကိုလည်း ပြသနိုင်သလို၊ တစ်ဖက်မှာလည်း ခေတ်မီတဲ့ လူငယ်စတိုင်လ် ရှိတယ်ဆိုတာကိုပါ ပြသရာ ရောက်တယ်လေ။ အဆင်ပြေပါတယ်”
“မင်းကတော့ တကယ်ကို.... ဉာဏ်ကောင်းတာပဲ”
ချန်ကျန့် အထင်ကြီးစွာ ဆိုလိုက်သည်။
“ငါ့မှာ ဒါပဲ ရှိတာလေ”
“မဟုတ်ပါဘူး၊ မင်းမှာ တခြား ပညာတွေ အများကြီး ရှိပါသေးတယ်။ မင်းရဲ့ ဟို မှတ်စုစာအုပ်ကို ငါ ဖွင့်ကြည့်တုန်းကဆိုရင် အံ့သြလွန်းလို့ စကားတောင် မပြောနိုင်ဘူး....”
ထိုအကြောင်းကို ပြန်တွေးမိတိုင်း ချန်ကျန့် မရယ်ဘဲ မနေနိုင်ပါဘူး။
“ဟေး....” ဆွန်နာနာက သူ့မျက်လုံးရှေ့မှာ လက်ယမ်းပြသည် ။
“အစည်းအဝေး သွားမယ်၊ ပြီးတော့ ဘာဖြစ်လဲ”
“အင်း” ချန်ကျန့် အတွေးများကို ပြန်စုစည်းလိုက်သည်။
“အစည်းအဝေးပဲလေ။ ငါတို့ နှစ်ယောက် သွားမယ်။ မင်း ကားမောင်း”
“သတ်မှတ်ချက်တွေ ရှိလား။ နက်ကတိုင် ဘာညာ ဝတ်ရမှာလား” ဆွန်နာနာက မေးသည်။
“ဒါက ယဉ်ကျေးမှုနဲ့ ခရီးသွားလုပ်ငန်း ဌာနက အစည်းအဝေးဆိုတော့၊ အဲ့ဒီလောက်ကြီးတော့ လိုမယ် မထင်ဘူး....” ချန်ကျန့် စဉ်းစားလိုက်သည်။
“သိပြီ” ဆွန်နာနာ ခေါင်းညိတ်ပြသည်။
“ငါ သိပ်ပြီး မပေါ်လွင်ပေမဲ့ စတိုင်လ်ကျမယ့် ဝတ်စုံတစ်ခု စီစဉ်လိုက်မယ်။ နင်ကော ဘာဝတ်မှာလဲ”
“ငါကတော့.... မဆုံးဖြတ်ရသေးဘူး” ချန်ကျန့်က ဆိုသည်။
သူ့မှာ အဝတ်အစားက အစုံလိုက် မရှိပါဘူး၊ အခုမှ အသစ်ဝယ်ဖို့ဆိုတာလည်း အချိန်မမီတော့ပါဘူး။ ဒါပေမဲ့ ရှန်ယွီကတော့ ဒေသခံ လူငယ်တစ်ယောက်ရဲ့ ပုံစံအတိုင်းပဲ ဝတ်သွားဖို့ ပြောထားသည်လေ။
သူသည် ဘေးနားမှာ သူတို့ပြောတာကို နားထောင်နေသော ဆန်းပင်းကို လှမ်းကြည့်လိုက်သည်။
...ထားလိုက်ပါတော့၊ အဲ့ဒီလောက်အထိ ‘ဒေသခံ’ ဆန်ဖို့တော့ မလိုလောက်ပါဘူး။
***
“သေသေချာချာ မြင်ရရဲ့လား”
ချန်ကျန့်သည် ဖုန်းကင်မရာကို ရှန်ယွီ၏ အိပ်ခန်းထဲက မှန်ဆီသို့ ချိန်ထားသည်။
“အင်း” ရှန်ယွီက ဗီဒီယိုထဲမှနေ၍ ပြန်ဖြေသည်၊ သူသည် အိမ်က စားပွဲမှာ ထိုင်ရင်း ကုလားထိုင်ပေါ် မှီကာ ချန်ကျန့်ကို ကြည့်နေလေသည် ။
“ဟို အင်္ကျီတိုလေးကို ဝတ်ကြည့်ပါလား”
“တအား အေးတာကို”
ချန်ကျန့်က ဆိုကာ ရှန်ယွီ၏ ဗီရိုထဲမှ အောက်ခံအင်္ကျီ (Down jacket) အတိုလေးကို ထုတ်ယူလိုက်သည်။
“အစည်းအဝေးက အပြင်မှာ လုပ်မှာမှ မဟုတ်တာ!” ရှန်ယွီက ဆိုသည်။
“အင်း” ချန်ကျန့် ရှန်ယွီ ပြသော အင်္ကျီကို ဝတ်လိုက်သည်။
“ဒါက မင်းရဲ့ ခြေထောက်တွေကို ပိုရှည်သယောင် ထင်ရစေတယ်”
“အဲ့ဒါက အဓိကလား” ချန်ကျန့်က မေးသည်။
“ငါ့အတွက်တော့ အဲ့ဒါက အဓိကပဲလေ ။ အစည်းအဝေးမှာတော့ မင်း ကြိုက်တာ ဝတ်သွားလို့ ရပါတယ်”
၎င်းမှာလည်း အမှန်တရားပါပဲ။ တည်းခိုခန်း ကိုယ်စားလှယ် တစ်ယောက် ဘာဝတ်လာသလဲဆိုတာ ဘယ်သူမှ ဂရုစိုက်မှာ မဟုတ်ပါဘူး။ ချန်ကျန့် ရှန်ယွီနှင့် ဤသို့ စကားပြောနေခြင်းမှာ အဝတ်အစား ရွေးချယ်ချင်ရုံ သက်သက် မဟုတ်ပါဘူး။
သူသည် ရှန်ယွီနှင့် ခဏလောက် စကားပြောချင်ရုံတင်ပါ။ အစည်းအဝေးက မနက်ဖြန်ဆိုတော့ သူ့ရင်ထဲမှာ မအေးမမြ ဖြစ်နေသည်လေ။ ရှန်ယွီ့ကို ကြည့်နေရမှသာ သူ စိတ်အေးသွားရစမြဲ ဖြစ်သည်။
“ဘောင်းဘီပါ လဲဝတ်ကြည့်ဦးလေ”
“အင်္ကျီကိုတောင် ဘယ်သူမှ ကြည့်မှာ မဟုတ်တာ၊ ဘောင်းဘီကော ဘယ်သူ ကြည့်ဦးမှာလဲ”
“ကြည့်မယ့်သူ ရှိတာပေါ့။ ပြပါဦး”
“ဘာပြရမှာလဲ” ချန်ကျန့် ကြောင်သွားသည်။
“မန်နေဂျာ ဘောင်းဘီလဲတာကို ထိုင်ကြည့်မလို့လေ”
___________________________________________________________________
TN // မြေခွေးကြီး အမယ်လေး အမြီးကိုးချောင်းနဲ့ မြေခွေးကြီး !!!
မပြောရဲတာ မရှိဘူးနော် ဒင်းကတော့
ReplyDelete