Skip to main content

81





အပိုင်း (၈၁)

ရှန်ယွီကို ကြည့်ရင်း ချန်ကျန့်က ခေတ္တမျှ ငြိမ်သက်နေပြီးမှ

"မင်း အိမ်ပြန်ရောက်သွားတော့ စိတ်ကြည်နေတာ သိသာတယ်နော်"

"ဟုတ်လို့လား"

ရှန်ယွီ နှုတ်ခမ်းထောင့်လေး ကွေးညွှတ်တက်လာသည်။

"ဒီည ယွဲ့လန်နဲ့ ထမင်းစားရတာ တော်တော်ပျော်စရာကောင်းခဲ့ပုံပဲ"

ချန်ကျန့်က ဗီရိုထဲမှ ဘောင်းဘီတစ်ထည်ကို ထုတ်ယူလိုက်သည်။

"လန်ကော လို့ မခေါ်တော့ဘူးလား"

"မင်းကပဲ လန်ကော လန်ကောနဲ့ ချိုသာနေတာလေ ။ ငါကတော့ အဲ့ဒီထဲ မပါချင်ဘူး"

ရှန်ယွီ ဘာမှပြန်မပြောဘဲ ကုလားထိုင်ပေါ်တွင် မှီထိုင်ကာ ဘေးက စားပွဲပေါ်သို့ ခြေထောက်တင်လျက် ကုလားထိုင်ကို အသာအယာ လှုပ်ယမ်းနေသည်။ ခဏကြာမှ

"မင်း သဝန်တိုနေတာလား"

ချန်ကျန့်က ဘောင်းဘီကို ကုတင်ပေါ်သို့ တင်လိုက်ပြီး

"ဘာကို သဝန်တိုရမှာလဲ။ သူနဲ့ သဝန်တိုမယ့်အစား မင်းရဲ့ အိမ်မြှောင်ကိုပဲ သဝန်တိုလိုက်မယ်"

"ဟင်"

"ယွဲ့လန် ပြောတယ်လေ…မင်းက မင်းရဲ့အိမ်မြှောင်နဲ့တောင် ရည်ငံခဲ့တာတဲ့”

ချန်ကျန့်က ရယ်ချင်စိတ်ကို အောင့်ထားရင်း ပြောလိုက်သည်။ ရှန်ယွီ စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားပြီးမှ အားရပါးရ ရယ်မောတော့သည်။

"ဟား ဟား ငါ သူ့ ကို တအား လွှတ်ပေးထားမိတာပဲ"

ချန်ကျန့်က ဘာမှမပြောဘဲ ပြုံးလျက် ဖုန်းကင်မရာကို မှန်ဘက်သို့ ချိန်လိုက်ပြီး သူ၏လက်ချောင်းများဖြင့် ဘောင်းဘီခါးပတ်ကို ချိတ်လိုက်သည်။

"မင်း တကယ် လဲနေတာလား"

ရှန်ယွီက ကုလားထိုင် လှုပ်ယမ်းနေရာမှ ရပ်လိုက်သည်။ ချန်ကျန့် အားကစားဘောင်းဘီကို ဝတ်ထားခြင်း ဖြစ်သည်။ သူသည် ခါးပတ်ကို ကိုင်ကာ အောက်သို့ ဆွဲချလိုက်သည်။

"ဟိုး"

ရှန်ယွီ အနည်းငယ် အံ့သြသွားပြီး ခြေထောက်များကို ပြန်ရုပ်လိုက်သည်။ ချန်ကျန့်က အနည်းငယ် ထပ်မံ ဆွဲချလိုက်သည်။ ရှန်ယွီ၏ မျက်နှာက ဖုန်းနှင့် ပိုမိုနီးကပ်လာသည့် အခိုက်အတန့်တွင် ချန်ကျန့်က ဗီဒီယိုကောကို ပိတ်လိုက်တော့သည်။ ထို့နောက် ဖုန်းကို ကုတင်ပေါ် ပစ်တင်လိုက်ပြီး ဘောင်းဘီကို ပြန်ဆွဲတင်ကာ ရယ်မောနေတော့သည်။

ရှန်ယွီ၏ ဗီဒီယိုကောမှာ ချက်ချင်းပင် ပြန်ဝင်လာခဲ့သည်။

"ဟယ်လို"

ချန်ကျန့်က ပြန်ထူးလိုက်သည်။ ရှန်ယွီက ရေသေနတ်တစ်လက်နှင့် ချိန်ရင်း ‌မေးလိုက်၏။

"ပြောစမ်းပါဦး။ ဒီလို ညစ်ပတ်တဲ့ နည်းလမ်းတွေကို ဘယ်က သင်လာတာလဲ"

"အရူးတစ်ယောက်နဲ့ အကြာကြီး ပေါင်းမိရင် ဒါတွေက တတ်လာတာပဲလေ။ မပစ်ပါနဲ့ ဘော့စ်ရာ"

ချန်ကျန့်က လက်မြှောက်ပြလိုက်သည်။

"ငါက အဲ့ဒီလောက်ကြီး မရူးပါဘူး"

ချန်ကျန့်သည် ရယ်မောရင်း အိပ်ခန်းထဲမှ ထွက်လာကာ စားပွဲတွင် ပြန်ထိုင်လိုက်သည်။ ရှန်ယွီ၏ ကွန်ပျူတာမှာ ပွင့်နေဆဲဖြစ်ပြီး အကြိမ်ပေါင်း သုံးထောင်မက ကြည့်ဖူးသည့် ခရီးသွားလုပ်ငန်း တင်ပြချက်မှာ ပေါ်နေဆဲပင်။

"မင်း အားကစားဘောင်းဘီပဲ ဝတ်ထားတာလား"

"အတွင်းခံလည်း ပါတာပေါ့"

"မင်းက တော်တော် အအေးခံနိုင်တာပဲ"

"မင်းလည်း အပြင်မထွက်ရင် ဘောင်းဘီ အထူတစ်ထည်ပဲ ဝတ်တာ မဟုတ်လား"

"အဲ့ဒါက အပြင်မထွက်လို့လေ။ အပြင်ထွက်ရင်တော့ ထပ်ဝတ်တာပေါ့။ မင်းကတော့ အထဲအပြင် တောက်လျှောက် သွားနေရတာ၊ ကားမောင်းလည်း သင်နေရသေးတယ်လေ"

"ဟား ဟား ခုနတင် ရေချိုးပြီးတာဆိုတော့ ထပ်မဝတ်ချင်တော့လို့ပါ။ နောက်ဆုံးတစ်ခေါက် ကင်းလှည့်ပြီးရင် အိပ်တော့မယ်"

"အင်း"

ရှန်ယွီသည် ကုလားထိုင်ပေါ်တွင် မှီထိုင်နေဆဲပင်။ ဘေးတွင် စားပွဲတင် မီးအိမ်လေး တစ်လုံးသာ လင်းနေပြီး၊ ထိုနူးညံ့သော အလင်းရောင်ကြောင့် ရှန်ယွီ မျက်နှာတစ်ခြမ်းမှာ ပို၍ ကြည့်ကောင်းနေကာ အေးချမ်းသည့် ပုံပေါက်နေသည်။

ချန်ကျန့်သည် ရှန်ယွီကို ငေးကြည့်နေမိပြီး မိမိကိုယ်တိုင်ပါ ငိုက်မြည်းလာသလို ခံစားရသည်။

"ခုနကလေ...ကျွန်တော်က မလုပ်ချင်လို့ မဟုတ်ပါဘူး... ဒါပေမဲ့ ကျွန်တော်က..."

"ဟား ဟား ငါ သိပါတယ် ။ ငါလည်း ဘာမှ လုပ်ဖို့ မရည်ရွယ်ပါဘူး။ မင်း စိတ်လှုပ်ရှားနေမှန်း ငါ သိတာပေါ့"

ချန်ကျန့် ပြုံးလိုက်ပြီး မေးကို လက်နှင့်ထောက်ကာ ရှန်ယွီနှင့် ကွန်ပျူတာကို တစ်လှည့်စီ ကြည့်နေမိသည်။

"မနက်ဖြန် နာနာ လိုက်မှာလား"

"အင်း"

"တစ်ယောက်ယောက် အဖော်ပါတော့ ပိုပြီး စိတ်အေးရတာပေါ့၊ မဟုတ်ဘူးလား"

"နည်းနည်းတော့ သက်သာပါတယ်၊ ဒါပေမဲ့ သိပ်တော့ မထူးပါဘူး ။ မင်း ရေးထားတာတွေကိုပဲ ကျွန်တော် ထိုင်ကြည့်နေမိတာ"

"ဒါက အစည်းအဝေးလေ၊ စာမေးပွဲ မဟုတ်ပါဘူး။ စဉ်းစားကြည့်လေ၊ လူတွေ အများကြီး ရှိမှာပဲ၊ ဒါ့လီ လို လူတွေတောင် ပါဦးမှာ။ သူတို့တောင် မတုန်လှုပ်တာ၊ မင်းက ဘာဖြစ်လို့ ကြောက်နေမှာလဲ"

"သိပါတယ်၊ အမှန်တော့ မင်းသာ အတူပါရင် ကျွန်တော် သေချာပေါက် မကြောက်ပါဘူး၊ ဘာပဲဖြစ်ဖြစ် မင်းက ကျွန်တော့်ရဲ့ အနောက်မှာ ရှိနေမှာပဲလေ။ ဒါပေမဲ့ အခုကျတော့ ကျွန်တော်က တခြားလူတွေရဲ့ အနောက်မှာ ရှိနေပေးရမယ့်လူ ဖြစ်နေပြီလေ။ ခံစားချက်က မတူတော့ဘူး"

"မင်းက ဆယ်ကျော်သက် အရွယ်ကတည်းက မင်းအဖေရဲ့ အားကိုးရာ ဖြစ်ခဲ့တာပဲလေ ။ မင်း မကိုင်တွယ်နိုင်တဲ့ ကိစ္စဆိုတာ ရှိလို့လား"

ချန်ကျန့် စဉ်းစားကြည့်ပြီး ပြုံးလိုက်မိသည်။

"ငါ အဲ့ဒီလို ပြောလိုက်တော့ စိတ်အေးသွားပြီ မဟုတ်လား"

"မင်း ဘာပြောပြော ကျွန်တော်ကတော့ စိတ်အေးနေမှာပါပဲ"

"စိတ်အေးသွားပြီဆိုရင်လည်း စောစော အိပ်တော့လေ။ မနက်ဖြန် အစည်းအဝေးမှာ မင်း စကားပြောတာ ဘယ်လိုပဲ ဖြစ်ဖြစ် ကိစ္စမရှိပါဘူး။ အဆိုးဆုံးကတော့ လူကြီးတွေ စကားပြောနေတုန်း မင်း အိပ်ပျော်သွားတာပဲ ဖြစ်လိမ့်မယ်"

"ဟား ဟား ဟုတ်ကဲ့ပါ"

ချန်ကျန့် ခပ်တိုးတိုး ရယ်မောလိုက်ပြီးမှ မျက်နှာပြင်နား တိုးကပ်ကာ အသံနှိမ့်ပြီး

"ဟေး... သူတို့က ထမင်းပါ ကျွေးမှာတဲ့ သိလား။ နေ့လယ်ကျရင် သူတို့ရဲ့ ထမင်းစားဆောင်မှာ စားရမှာ"

"အစည်းအဝေးက ၁၀ နာရီခွဲဆိုတော့ ပြီးရင် နေ့လယ်စာ အချိန်ပဲလေ။ ပုံမှန်ပါပဲ ။ ထမင်းစားဆောင်က အစားအသောက်က ဘာများ ကောင်းမှာမို့လို့လဲ။ မင်း နာနာ့ကို အပြင်ခေါ်ပြီး ကောင်းကောင်း သွားကျွေးလိုက်ပါလား"

"ကျွန်တော်တို့ နှစ်ယောက်စလုံးက အဲ့ဒီလို နေရာမျိုးမှာ တစ်ခါမှ မစားဖူးလို့ပါ။ စမ်းစားကြည့်ချင်လို့၊ ပြီးတော့ မြန်လည်း မြန်တာပေါ့။ နေ့ခင်းကျရင် တခြားလူတွေအတွက် ပစ္စည်းတွေ ဝယ်ပေးရဦးမှာလေ.... ဟူဖန် ကလည်း သိုးမွေးချည်လုံးတွေ ဝယ်ခဲ့ပေးပါဦးတဲ့၊ ပဝါ ထိုးမလို့တဲ့လေ" ဟု ဆိုသည်။

"သူ ဘယ်သူ့အတွက် လုပ်ပေးမလို့လဲ"

"သူ့ဘာသာသူပေါ့၊ ဘယ်သူ့အတွက် ရှိဦးမှာလဲ" ဟု ချန်ကျန့်က ဆိုသည်။

"မင်းအတွက် ကျစ်ပေးမလို့ ထင်နေတာ။ မင်းတို့နှစ်ယောက်က ဆက်ဆံရေး တအား ကောင်းကြတာပဲ မဟုတ်လား"

"ဒါဆို မင်းပဲ ကျွန်တော့်အတွက် တစ်ထည် ထိုးပေးလေ။ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးက ပိုတောင် ကောင်းသေးတယ် မဟုတ်လား"

ချန်ကျန့်က ပြန်ပက်လိုက်သည်။ ရှန်ယွီက မျက်ခုံးပင့်လိုက်သည်

"ဟိုး…အခုဆို တော်တော်လေးကို သတ္တိတွေ ကောင်းနေပါလား"

ချန်ကျန့် ပြုံးရုံသာ ပြုံးပြပြီး ဘာမှ ပြန်မပြောပါဘူး။

"ငါ တကယ် လုပ်တတ်တယ်နော်။ ဒါပေမဲ့ သိုးမွေးထိုးတာပဲ တတ်တာ"

ချန်ကျန့် မှင်သက်သွားရပြီး ထိုစကားကို နားမလည်သလို ဖြစ်သွားရသည်။

"လိုင်းကျသွားတာလား" ရှန်ယွီက လေချွန်လိုက်သည်။

"မင်းက ဒါမျိုးတွေ တတ်တာလား"

ချန်ကျန့်က အံ့သြတကြီး မေးလိုက်သည်။

"ရိုးရိုးရှင်းရှင်းလေးတွေပေါ့ ။ ဦးထုပ်တွေ၊ ပဝါတွေ အဲ့ဒီလိုမျိုးပေါ့"

"နေပါဦး"

ချန်ကျန့်သည် ရှန်ယွီနှင့် ဤအရည်အချင်းကို ဘယ်လိုမှ ဆက်စပ်၍ မရဖြစ်နေသည်။

"မင်းက ဘယ်လို ကံကြမ္မာ အလှည့်အပြောင်းကြောင့် ဒါမျိုးတွေကို သင်ဖြစ်ခဲ့တာလဲ"

"ငါ့ရဲ့ အဒေါ်ကြီးက သင်ပေးတာလေ။ ငါက ငြိမ်ငြိမ်မနေတတ်တော့၊ စိတ်ရှည်လာအောင်ဆိုပြီး သင်ခိုင်းတာ"

"လက်မှုပညာက စိတ်ရှည်အောင် သင်ပေးတယ်ဆိုတာ ကောလာဟလပဲဆိုတာ အခု သက်သေပြလိုက်တာပဲ"

ချန်ကျန့်က ရှန်ယွီ့ကို ခေတ္တမျှ စိုက်ကြည့်နေပြီးမှ သတိဝင်လာကာ ဖုန်းနား တိုးကပ်လိုက်သည်။

"မင်း အားတဲ့အခါကျရင်လေ...."

"ဘာလုပ်ဖို့လဲ" ရှန်ယွီ ပြုံးလိုက်သည်။

"ကျွန်တော့်အတွက် မာဖလာတစ်ထည် ထိုးပေးပါလား"

"မင်းက အမြဲတမ်း ပျောက်ပျောက်သွားတာပဲဟာ။ ပုံမှန်ဆိုရင်လည်း မင်း မပတ်ပါဘူး"

"မင်း ပေးတဲ့ဟာဆိုရင်တော့ လုံးဝ မပျောက်စေရပါဘူး။ ပြီးတော့ ကျွန်တော်က အခု အလုပ်ကြမ်းသမား မဟုတ်တော့ဘူးလေ၊ မန်နေဂျာ ဖြစ်နေပြီဟာ။ တာယွင်ရဲ့ မန်နေဂျာချန် လေ၊ မနက်ဖြန် မြို့ပေါ်မှာ အစည်းအဝေး သွားတက်ရမယ့် မန်နေဂျာချန် ပေါ့"

ရှန်ယွီ အကြာကြီး ရယ်မောနေတော့သည် ။

"ဦးထုပ်ကော မလိုချင်ဘူးလား"

"ဘယ်လိုမျိုးလဲ ။ ဘေ့ဘောဦးထုပ်လိုလား"

"သွားစမ်းပါ။ မင်းကလည်း မှာနေလိုက်တာ။ အရိုးရှင်းဆုံး အမျိုးအစားပဲ ရမယ်"

"ရတယ်လေ" ချန်ကျန့်က ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။

"အိပ်တော့နော် ။ မနက်ဖြန် ငါ စောစော ထရမှာမို့လို့၊ ခဏလောက်တော့ အိပ်ကြည့်ဦးမယ်"

"ဘယ်ကို အစောကြီး သွားမလို့လဲ"

"ကိစ္စတစ်ခု သွားရှင်းမလို့ပါ။ ပြီးမှ ပြောပြမယ်"

ချန်ကျန့် ဖုန်းကို ကိုင်ကာ ထရပ်လိုက်သည် ။

"ဟုတ်ကဲ့။ ဒါဆိုလည်း အိပ်ကြရအောင်"

“ဝမ်အန်း" ဟု ရှန်ယွီက ဆိုသည်။

"ဝမ်အန်း ပါ ပေါင်ပေါင်း" ချန်ကျန့်က ဆိုလိုက်သည်။

ရှန်ယွီ နှစ်စက္ကန့်ခန့် တန့်သွားပြီးမှ ရယ်မောလိုက်တော့သည် ။

" ဝမ်အန်း ပါ ပေါင်ပေါင်း"

ထိုညတွင် ချန်ကျန့် နှစ်ခြိုက်စွာ အိပ်ပျော်သွားခဲ့သည်။ အိပ်ပျော်မှာ မဟုတ်ဘူးဟု သူ ထင်ခဲ့သော်လည်း၊ ရှန်ယွီ ခြောက်နာရီကျော်မှာ ပို့လိုက်သည့် ရှန်ယွီ စာပို့လာသံကိုတောင် မကြားလိုက်။

[Fa Dan Ke Chen] : မောနင်း ပေါင်ပေါင်း

[ချန်လေး] : ??

[ချန်လေး] : ကျွန်တော် အခုမှ နိုးတာ၊ မင်းက ဘာလို့ ဒီလောက် အစောကြီး နိုးနေရတာလဲ။

သို့သော် ရှန်ယွီမှာ အလုပ်များနေပုံရပြီး ပြန်စာ မလာပါဘူး။

[ချန်လေး] : ကျွန်တော် နာနာနဲ့ မြို့ပေါ်ကို အခုပဲ ထွက်တော့မယ်။ အစည်းအဝေး ပြီးမှ ဖုန်းပြန်ဆက်လိုက်မယ်နော်။

***

ယနေ့တွင် ဆွန်နာနာမှာ အလွန်ပင် လှပနေလေသည်၊ တည်ငြိမ်ပြီး တော်သည့် အမျိုးသမီးတစ်ဦး၏ အလှမျိုးပင်။ သူမ၏ ဆံပင်များကို စုချည်ထားပြီး၊ ကုတ်အင်္ကျီအတိုလေးကို ဝတ်ဆင်ကာ၊ ဒေါက်ဖိနပ် အမြင့်များအစား ဒေါက်နိမ့် ဖိနပ်လေးများကို ပြောင်းလဲစီးထားလေသည်။

“မင်္ဂလာပါ ဘော့စ်” ချန်ကျန့်က နှုတ်ဆက်လိုက်သည်။

“ချန်လေး နိုးပြီလား” ဆွန်နာနာက ကော်ဖီသောက်ရင်း ပြန်နှုတ်ဆက်သည်။

“တစ်ခုခု မြန်မြန် စားပြီးရင် သွားကြမယ်လေ။ ငါတို့က နေရာနဲ့ မရင်းနှီးတော့ ဟိုရောက်မှ လိုက်ရှာနေရဦးမှာ”

“ဟုတ်ကဲ့” ချန်ကျန့် ခေါင်းညိတ်ပြလိုက်သည်။

ယနေ့ ကျောက်ကျဲ လုပ်ပေးထားသော မုန့်ပြားလေးများမှာ အလွန်မွှေးပျံ့လှသည်။ ချန်ကျန့် နှစ်ခု စားပြီးသည့် နောက် ဗိုက်ပြည့်လုနီးပါး ဖြစ်နေသော်လည်း၊ နောက်ရက်များတွင် ကျောက်ကျဲ၏ လက်ရာကို စားခွင့်ရတော့မှာ မဟုတ်ဘူးဟု တွေးမိသဖြင့် ချန်ကျန့် နောက်ထပ် တစ်ခု ထပ်ယူလိုက်ပြန်သည်။

“ဒီမုန့်တွေက အကြီးကြီးတွေပဲဟာ၊ သုံးခုတောင် စားမှာလား” ဟူဖန်က ပဲနို့သောက်ရင်း ဆိုသည်။

“ငါ့အဖေ့လက်ရာက ကျောက်ကျဲကို မမီဘူးလေ ။စားနိုင်တုန်း စားထားရမှာပေါ့”

ဟူဖန် ရယ်မောလိုက်သည်။

“ဟား ဟား ငါ့ဆီမှာ ရှင့် အကြောင်းတွေ ရေးထားတဲ့ မှတ်စုစာအုပ်လေး ရှိတယ်နော်။ ဒီနှစ်ရက်အတွင်းတင် ရှင့်အကြောင်းတွေ တော်တော်များများ ရေးထားပြီးပြီ”

ချန်ကျန့်သည် မုန့်ကို ပါးစပ်မှာ ကိုက်ထားရင်း၊ အပြင်သို့ ထွက်သွားစဉ် သူမဘက်သို့ လှည့်ကာ လက်ချောင်းလေးဖြင့် သေနတ်ပစ်သလို အမူအရာ လုပ်ပြလိုက်သည်။

သူ “ခလုတ်ဆွဲ” လိုက်သည့် အခိုက်အတန့်မှာပင် ဆန်းပင်းက သူတို့ကြားသို့ အပြေးရောက်လာပြီး ဟူဖန်၏ ကိုယ်စား ကျည်ဆန်ကို ခံယူလိုက်လေသည်။

“အား!” သူ သူ၏ ရင်ဘတ်ကို ဖိလိုက်သည် ။

“ဖန်ဖန်... ငါကတော့....”

“ငါက ခေါင်းကို ပစ်လိုက်တာလေ”

ချန်ကျန့်က မုန့်ကို ပါးစပ်ထဲမှ ထုတ်ရင်း ဆိုလိုက်သည်။ဆန်းပင်းမှာ လက်မလျှော့ဘဲ ဧည့်ကြိုကောင်တာကို ကိုင်ကာ ရုန်းကန်ပြနေသည်။

“ငါကတော့....ဖန်ဖန်ရေ....”

“ဒိုင်း ဒိုင်း ဒိုင်း!”

ချန်ကျန့် နောက်ထပ် သုံးချက် ထပ်ပစ်လိုက်သည်။ ဆန်းပင်း ဆက်လက် ရုန်းကန်နေစဉ်မှာပင် ထပ်ဖြည့်ပြောလိုက်သည်။

“ဝုန်း! ငါ လက်ပစ်ဗုံးပါ ပစ်လိုက်ပြီ”

“တောက်! မင်းတော့လား ချန်ကျန့်!” ဆန်းပင်းက ဆဲဆိုတော့သည်။

အာဟူကတော့ ဘေးကနေ ရယ်နေတော့သည်။

“မင်းကလည်းကွာ။ ‘ဖန်ဖန် ဖန်ဖန်’ နဲ့ လေးလုံး ပြောလိုက်တာလေ။ အဲ့ဒီအစား အသုံးဝင်တဲ့ စကားတစ်ခွန်း ပြောလိုက်ရင် ရတာကို၊ အခုတော့ ဘာမှ မပြောလိုက်ရဘဲ အလကား သေသွားပြီ မဟုတ်လား”

ချန်ကျန့် ရယ်မောရင်း တံခါးဝသို့ လျှောက်သွားခဲ့သည်။ ဆွန်နာနာမှာ ကားမောင်းပြီး ရောက်နေလေပြီ။

“ဦးလေးဒင်ကို သွားကြိုဖို့ လိုမလား”

“မလိုပါဘူး၊ ဦးလေးဒင်ရဲ့ မိသားစုက မြို့ပေါ်မှာလေ။ သူ ပိတ်ရက် အိမ်ပြန်သွားတာ။ မနေ့ကတော့ သူ လာကြိုမယ်လို့ ပြောပေမဲ့၊ ငါတို့ဘာသာ သွားမယ်ဆိုတော့ သူ အစည်းအဝေးလုပ်မယ့် နေရာမှာပဲ စောင့်နေမယ်တဲ့”

“ဒါဆို သွားကြစို့!” ဆွန်နာနာက စတီယာရင်ကို ပုတ်ကာ … မြူးတူးနေ၏။

“ဟေးဟေး”

“ဟေး....”

ချန်ကျန့်မှာ သူမကြောင့် လန့်သွားရသည်။ သူမ လီဗာကို နင်းကာ ဝင်းထဲမှ အရှိန်ဖြင့် မောင်းထွက်သွားသည်ကို မြင်သည့်အခါ

“ငါတို့က အစည်းအဝေး သွားမှာလေ၊ ပြိုင်ပွဲ သွားတာ မဟုတ်ဘူး” ဟု သတိပေးလိုက်ရသည်။

“သိပါတယ်။ ငါ စိတ်ပျော်နေလို့ပါ”

“မြို့ပေါ်သွားရလို့ ပျော်နေတာလား”

“ကိုယ်သွားချင်တဲ့ နေရာကို လွတ်လွတ်လပ်လပ် သွားလို့ရတဲ့ ပျော်ရွှင်မှုမျိုးပေါ့”

“ဟို ရှောင်ကျန်း ဆိုတဲ့ လူကော ။ သူ မင်းကို နှောင့်ယှက်နေတုန်းပဲလား”

“အခုတလောတော့ မလာတော့ပါဘူး။ ငါ ရှေ့နေနဲ့ ဆက်သွယ်ထားပြီးပြီ။ နှစ်သစ်ကူးပြီးတာနဲ့ ကွာရှင်းတဲ့ ကိစ္စကို အပြီးသတ်လိုက်မယ်”

“သူ့ဆီ သွားရင် ငါတို့ကို ပြောနော် ။ ငါတို့ အဖော်လိုက်ပေးမယ်လေ”

“မန်နေဂျာချန်” ဆွန်နာနာ သူ့ကို လှည့်ကြည့်လိုက်သည်။

“ဟင်”

“ကျေးဇူးတင်ပါတယ်” ဟု ဆွန်နာနာက ဆိုလိုက်သည်။

“ဟား...ငါက ဘာများ ပြောမလို့လဲလို့”

“ငါ အတည်ပြောတာပါ”

“ဒါဆိုလည်း အတည်ပဲ လက်ခံလိုက်မယ်လေ” ချန်ကျန့် ပြုံးလျက် ဆိုလိုက်သည်။

အစည်းအဝေးမှာ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း ဌာနတွင် ဖြစ်သည်။ ချန်ကျန့်အနေဖြင့် ဤဌာနဘက်သို့ တစ်ခါမှ မရောက်ဖူးပါဘူး။ ဤပတ်ဝန်းကျင်တွင် အစိုးရရုံး အတော်များများ ရှိနေသဖြင့်.... ဖော်ပြရခက်လှသော တည်ကြည်လေးနက်သည့် အငွေ့အသက်မျိုး ရှိနေလေသည်။ သို့သော် တစ်ချိန်တည်းမှာပင် ထိုရုံးများ၏ ပတ်ပတ်လည်တွင် စည်ကားလှသော ကုန်သွယ်ရေး လမ်းမကြီးများလည်း တည်ရှိနေလျက်။

ထူးခြားလှပသော ဆိုင်လေးတစ်ဆိုင်မှာ ကားမှန်အပြင်ဘက်မှ ဖြတ်ကျော်သွားခဲ့သည်။ ချန်ကျန့် ထိုဆိုင်၏ နာမည်ကို မြင်လိုက်ရသည်နှင့် ကားမှန်မှာ မျက်နှာကပ်ပြီး ကြည့်လိုက်မိသည်။

“ဘာဖြစ်လို့လဲ။ လမ်းမှားသွားလို့လား။ ရှေ့တည့်တည့်မှာပဲ ရှိတာကို”

“လမ်းမမှားပါဘူး၊ ငါ လှမ်းကြည့်လိုက်တာ”

ချန်ကျန့်သည် ထိုဆိုင်မှာ အိမ်မြှောင်နှင့် တွားသွားသတ္တဝါများ ရောင်းသည့်ဆိုင် (Reptile pet shop) ဖြစ်ကြောင်း သေသေချာချာ မြင်လိုက်ရသည်။

“အစည်းအဝေး ပြီးရင် ဒီနားမှာ လျှောက်သွားကြတာပေါ့။ လိုချင်တာတွေ အကုန် ဝယ်လို့ ရတာပဲဟာ”

“အင်း” ချန်ကျန့် ခေါင်းညိတ်ပြလိုက်သည်။

သူတို့ ရောက်သည့် အချိန်မှာပင် ဦးလေးဒင်လည်း ရောက်လာသဖြင့် ကားပါကင်တွင် ဆုံကြလေသည်။ ဟုန်ယဲ့မြို့ မှ အခြား ကိုယ်စားလှယ်များလည်း ရောက်နေကြပြီ ဖြစ်သည်။

“မနက်စာ စားခဲ့ကြပြီလား” ဦးလေးဒင်က မေးသည်။

“ဟုတ်ကဲ့ ။ စားခဲ့ပါပြီ”

“မင်းတို့ မစားရသေးရင် ဆိုပြီး ငါ ပေါက်စီတွေယူလာခဲ့တာလေ” ဦးလေးဒင်က ပြုံးပြသည်။

“အိမ်မှာ လုပ်တာလားဟင်”

“ငါ့မိန်းမ လုပ်တာလေ။ သူ ပေါက်စီလုပ်ရင်တော့ ပထမတန်းစားပဲ” ဦးလေးဒင်၏ လေသံမှာ ဂုဏ်ယူမှုများ ပြည့်နှက်နေလေသည်။

“ဒါဆိုရင်တော့ ကျွန်တော် မြည်းကြည့်ရမှာပေါ့”

ဦးလေးဒင်က ပြုံးလျက် သူ၏ကားထဲမှ အိတ်တစ်အိတ်ကို ထုတ်ပေးသည် ။

“ရော့”

ကားပါကင်မှသည် အဆောက်အအုံ၏ ဘယ်ဘက်အစွန်းရှိ အစည်းအဝေးခန်းငယ်လေးသို့ လမ်းလျှောက်သွားသည့် တစ်မိနစ်ခန့်အတွင်းမှာပင် ချန်ကျန့်သည် အိတ်ထဲက ပေါက်စီ အကြီးကြီး နှစ်လုံးကို အကုန် စားပစ်လိုက်တော့သည်။

သူ တစ်လုပ်စားတိုင်း ဆွန်နာနာက သူ့ကို လှည့်ကြည့်နေလေသည်။ ဦးလေးဒင် အစည်းအဝေးခန်းထဲသို့ အရင် ဝင်သွားသည့် အခါမှသာ သူမက ချန်ကျန့်၏ နားနားသို့ ကပ်ကာ တိုးတိုးလေး ဆိုသည်။

“အမလေး... နင်ကတော့ တကယ်ကို စားနိုင်တာပဲ....”

“ကိုင်ထားစရာ နေရာမရှိလို့ပါ။ ပြီးတော့ ဒါက ဦးလေးဒင်က တမင် ယူလာပေးတာလေ....”

“နင်ကတော့ တကယ်ပဲ” ဆွန်နာနာက မှတ်ချက်ချလိုက်သည်။

အစည်းအဝေးခန်းထဲတွင် လူအတော်များများ ရောက်နေကြလေပြီ။ အဝေးက လာရသူအချို့မှာ တစ်ရက်ကြိုပြီး ရောက်နေကြခြင်း ဖြစ်သည်။ ချန်ကျန့်သည် “ဟုန်ယဲ့မြို့” ဟု ရေးထားသော ဆိုင်းဘုတ်ကို ရှာတွေ့သဖြင့် ဆွန်နာနာနှင့်အတူ ဝင်ထိုင်လိုက်သည်။ ဘေးနားက လူတွေကို သူ မသိသော်လည်း၊ မြို့ထဲမှာ မြင်ဖူးသလိုလိုတော့ ရှိလေသည်။

ဦးလေးဒင်က မိတ်ဆက်ပေးလိုက်သည်။ ပန်းရှန်း စားသောက်ဆိုင် ပိုင်ရှင်ဖြစ်သူ ပိန်ပိန်ပါးပါး အမျိုးသမီး ရွှီ (Xu) နှင့်၊ ဖောင်စီးခြင်းနှင့် ရေကစားနည်း စီမံကိန်းများ ပိုင်ရှင်ဖြစ်သူ အသားညိုညို ကိုယ်လုံးကြီးကြီး ဦးလေးယန် (Yang) တို့ ဖြစ်ကြသည်။

တခြားလူတွေ အကုန်လုံးက ပိုင်ရှင်တွေချည်းပဲ လာကြတာပါလား!

ဦးလေးယန် ဆိုလျှင် လက်ထောက် တစ်ယောက်တည်းတောင် မကပါဘူး။ တာယွင်ကလည်း “လက်ထောက်” တစ်ယောက် ခေါ်လာတာပါပဲ၊ ဒါပေမဲ့ အဲ့ဒီ လက်ထောက်က ယုံကြည်မှု ကင်းမဲ့နေတဲ့ မန်နေဂျာတစ်ယောက်ကို ကူညီဖို့ လာခဲ့ရခြင်း ဖြစ်သည်လေ။

တကယ်တော့လည်း ၎င်းမှာ အစည်းအဝေး အသေးစားလေး တစ်ခုသာ ဖြစ်ပြီး တက်ရောက်သူ ၃၀ ကျော်ခန့်သာ ရှိလေသည်။ စားပွဲပေါ်က နာမည်ကတ်များကို ကြည့်ရသလောက်တော့ ဟုန်ယဲ့မြို့ ပတ်ဝန်းကျင်က ခရီးသွား နေရာများမှ လူတွေချည်းပါပဲ။ ထိုနာမည်ကတ်များကို မြင်မှသာ ဤနေရာ၌ ဤကဲ့သို့သော ဆိုင်များ ရှိနေပါလားဟု ချန်ကျန့် သိလိုက်ရခြင်း ဖြစ်သည်။

အစည်းအဝေးတွင် အစီအစဉ် တင်ဆက်သူ မပါပါဘူး။ လူကြီးများ လမ်းလျှောက်ဝင်လာသည့် အခါတွင်မူ ချန်ကျန့် လှမ်းကြည့်လိုက်ရာ လုယွင် (Lu Yun) နှင့်အတူ သူ မသိသော လူတစ်ဦးကို တွေ့လိုက်ရသည်။ ထိုသူက မိမိကိုယ်ကို အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ဌာနမှ လင် (Lin) ဟု မိတ်ဆက်သည်။ သူ၏ လေယူလေသိမ်းမှာ အနည်းငယ် ဝဲနေသဖြင့် ချန်ကျန့် သူ၏ နာမည်အပြည့်အစုံကို သေသေချာချာ မကြားလိုက်ပါဘူး။ ထို့နောက် သူက လိုရင်းကို ပြောကာ ဒု-ညွှန်ကြားရေးမှူး လုယွင် အား စကားပြောရန် ဖိတ်ခေါ်လိုက်သည်။

“အားလုံးပဲ လမ်းခရီး ပင်ပန်းလာကြပြီနော်။ ကျွန်တော်တို့ရဲ့ အလုပ်အပေါ် ပူးပေါင်းဆောင်ရွက်ပေးကြလို့ ကျေးဇူးတင်ပါတယ်။ အချိန် မဖြုန်းတော့ဘဲ စလိုက်ကြရအောင်....”

ချန်ကျန့် သူ၏ အင်္ကျီအတွင်းအိတ်ထဲမှ မှတ်စုစာအုပ်ငယ်လေးကို ထုတ်ကာ၊ ဘောပင်ကို ကိုင်ပြီး မှတ်သားရန် ပြင်လိုက်သည်။ သူ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ လူအများစုမှာလည်း ဂရုတစိုက် နားထောင်နေကြသော ကျောင်းသားလေးများကဲ့သို့ ဖြစ်နေသည်ကို တွေ့ရသဖြင့်၊ ဤကဲ့သို့သော အစည်းအဝေးမျိုးကို ပထမဆုံးအကြိမ် တက်ရောက်သူမှာ သူတစ်ယောက်တည်း မဟုတ်မှန်း သိလိုက်ရသည်။ ထိုအခါမှသာ သူ အနည်းငယ် စိတ်အေးသွားရတော့သည်။

“လွန်ခဲ့တဲ့ ရက်ပိုင်းက ကျွန်တော်နဲ့ ကျွန်တော့် လုပ်ဖော်ကိုင်ဖက်တွေဟာ ဒီဒေသက ခရီးသွား အရင်းအမြစ်တွေကို လေ့လာ ဆန်းစစ်ခဲ့ကြပါတယ်.... အရင်းအမြစ်တွေကတော့ တော်တော်လေး ကြွယ်ဝတာတွေ့ရတယ်၊ ဒါပေမဲ့ တစ်ဦးချင်းစီက ကိုယ့်ဘာသာကိုယ်ပဲ လုပ်နေကြပြီး၊ အဓိက ဆွဲဆောင်မှု တစ်ခု ကင်းမဲ့နေပါတယ်....”

လုယွင်၏ စကားပြောနှုန်းမှာ မမြန်လှပါဘူး၊ သူ၏ အသံမှာလည်း တည်ငြိမ်လှသဖြင့် မှတ်သားရသည်မှာ အဆင်ပြေလှသည်။

ချန်ကျန့် သူ၏ ဖုန်းထဲက အသံဖမ်းစက် (Voice recorder) ကို ဖွင့်ထားသလို၊ လက်ကလည်း မှတ်စုစာအုပ်ထဲတွင် တရစပ် ရေးမှတ်နေလေသည်။ ဘယ်စာကြောင်းက အဓိက အချက်လဲဆိုတာ သူ မသိပါဘူး၊ သို့သော် ၎င်းမှာ သူ ကျောင်းတက်တုန်းက အသုံးပြုခဲ့သော နည်းလမ်းပင် ဖြစ်လေသည်။ အလုပ်ရှုပ်နေပုံ ပေါက်အောင်သာ ဆက်တိုက် လိုက်ရေးနေခြင်း ဖြစ်သည်။ ဆွန်နာနာကတော့ သူမ၏ မေးကို လက်ချောင်းလေးများနှင့်ထောက်ကာ ကျက်သရေရှိစွာ ထိုင်ရင်း၊ လုယွင် ပြောသည်ကို နားထောင်ကာ ရံဖန်ရံခါ ခေါင်းညိတ်ပြနေလေသည်။

မိနစ် ၂၀ ခန့် ကြာပြီးနောက်တွင် ချန်ကျန့်၏ မှတ်စုစာအုပ်မှာ ဖတ်မရအောင် ရှုပ်ထွေးနေသော စာလုံးများဖြင့် နှစ်မျက်နှာ ပြည့်သွားခဲ့ပြီ ဖြစ်သည်။ အသံဖမ်းထားလိုက်ခြင်းမှာ မှန်ကန်သော ဆုံးဖြတ်ချက် ဖြစ်ကြောင်း သူ သိလိုက်ရသည်၊ မဟုတ်လျှင်တော့ ယခုကဲ့သို့သော လက်ရေးများဖြင့် သူ နောက်ကျလျှင် ပြန်ဖတ်နိုင်မှာ မဟုတ်ပါဘူး။

...လက်တွေတောင် နာလာပြီ။

သူ ဘောပင်ကို ချလိုက်ပြီး လက်ကို နှိပ်နေစဉ်မှာပင်၊ မျက်လုံးထောင့်မှနေ၍ အစည်းအဝေးခန်း အနောက်ဘက် တံခါး ပွင့်သွားသည်ကို မြင်လိုက်ရသည်။ ဧည့်ကြို အမျိုးသမီးက အထဲသို့ လျှောက်ဝင်လာပြီး သူတို့ ရှိရာဘက်သို့ လက်ညှိုးထိုးပြနေပုံရလေသည်။

ချန်ကျန့် ခေါင်းလှည့်ကြည့်လိုက်သည့် အခါတွင်မူ ထိုအမျိုးသမီး၏ အနောက်မှ လူတစ်ယောက် လျှောက်ဝင်လာသည်ကို တွေ့လိုက်ရသည်။ ထိုသူ၏ မျက်နှာကို သေသေချာချာ မြင်လိုက်ရသည့် အခိုက်အတန့်တွင် ချန်ကျန့်၏ အသက်ရှူသံများမှာ ရပ်တန့်သွားခဲ့ရသည်။

ရှန်ယွီ ဖြစ်နေသည် မဟုတ်ပါလော။

ရှန်ယွီက သူ့ကို ပြုံးပြလိုက်ပြီးနောက်၊ ကိုယ်ကို ကိုင်းကာ သွက်လက်စွာ လျှောက်လှမ်းလာပြီး သူတို့ အနောက်က လွတ်နေသော ခုံတွင် ဝင်ထိုင်လိုက်တော့သည်။

“ဘာလို့ ဒီရောက်နေတာလဲ”

ချန်ကျန့်က အသံတိုးတိုးဖြင့် မေးလိုက်သည်။ သူ၏ နှလုံးခုန်သံမှာ သူ ပြောလိုက်သော စကားသံထက်ပင် ပို၍ ကျယ်လောင်နေသလို သူ ခံစားလိုက်ရလေတော့သည်။

“ပျော်စရာကောင်းမလားလို့ လာကြည့်တာလေ” ဟု ရှန်ယွီက တိုးတိုးလေး ပြန်ပြောလိုက်သည်။
___________________________________________________________________________

NEXT



Comments

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

2

အခန်း (၂) မိုးမှာ တဖွဲဖွဲတစ်လှည့်၊ သည်းထန်စွာတစ်လှည့် ဆက်လက်ရွာသွန်းနေဆဲ…ဆိုင်တံခါးအပြင်ဘက်ရှိ မိုးကာအမိုးပေါ်တွင် ရေများပြည့်လျှံနေပြီး အချိန်မရွေး ပြိုကျတော့မည့်အလား ။ လျူဝူသည် ထိုအမိုးကို ခေတ္တမျှ စောင့်ကြည့်နေပြီးနောက် လက်ညှိုးထိုးပြကာ မေးမြန်းစူးစမ်းခန်းစသည်။ “အဲ့ဒီဟာက ရေတွေကို အလိုအလျောက် စီးဆင်းအောင် လုပ်ပေးနိုင်တာလား” “ဟုတ်တယ်” ချန်ကျန် ခပ်တိုတိုပဲ ပြန်ဖြေ၏။ “ဟင်” လျူဝူသည် အံ့အားသင့်သွားပြီး “တကယ်ကြီး အလိုအလျောက်လား” ဟု ထပ်မေးသည်။ “အသံနဲ့ ခိုင်းရတာလေ” “ဗျာ” ချန်ကျန့် အဖြေကြောင့် လျူဝူမှာ ပို၍ပင် ဝေခွဲမရဖြစ်သွားတော့သည်။ ရှန်ယွီသည် သက်ပြင်းချရင်း မျက်နှာကို အခြားတစ်ဖက်သို့ လွှဲလိုက်ရ‌တော့၏။ ချန်ကျန် မတ်တတ်ရပ်လိုက်ပြီး တံခါးဘေးရှိ ခွတစ်ခုကို ယူကာ မိုးကာအမိုးအောက်သို့ လမ်းလျှောက်သွားသည်။ ထို့နောက် အမိုး၏ အပေါ်ဘက်ကို နှစ်ချက်ခန့် ဆွလိုက်ရာ စုပုံနေသော မိုးရေများမှာ ဝေါကနဲ စီးကျသွားပြီး မိုးကာအမိုးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ “မင်း ပြောလိုက်တဲ့ ခဏမှာပဲ ရေတွေက စီးဆင်းသွားတာလေ” ချန်ကျန် ပြန်လည်ထိုင်လိုက်ရင်း “အသံနဲ့ ခိုင်းရတာဆိုတာ အဲ့ဒါကို ပြောတာ” ဟု ဆိုသည်။ “အသံနဲ့ ခိုင်းရတယ်ဆို...