အပိုင်း (၉၉)
လျူဝူ၏ မိခင်သည် ကားပေါ်မှ ဆင်းလာ၏။ ချန်ကျန့်ကလည်း သူမအား ဆက်လက်၍ နှုတ်ဆက်လိုက်သည်။
"ဒေါ်လေး... ပျော်ရွှင်စရာ နှစ်သစ်ကူးပါဗျာ။"
ထိုအချိန်တွင် ဟူဖန်နှင့် ဆွန်နာနာတို့လည်း အပြင်သို့ ထွက်လာကြ၏။ လျူဝူသည် ဟူဖန်ကို မြင်သည်နှင့် ချက်ချင်းပင် သူမထံသို့ ပြေးသွားတော့သည်။
"ဖန်ဖန်!"
လျူဝူက လှမ်းအော်လိုက်၏။ သူသည် သူမအား ဖက်၍မရသဖြင့် လက်များကိုသာ လေထဲတွင် နှစ်ချက်၊ သုံးချက်ခန့် ယမ်းပြရင်း ဆိုသည်။
"မင်းက အရင်ထက်တောင် ပိုလှလာသေးတယ်နော်။"
"ဝါး... တကယ်လား။ ငါလည်း အဲ့ဒီလိုပဲ ထင်နေတာ။"
ဟူဖန်က ပြန်ပြော၏။ ဆွန်နာနာကလည်း ပြုံးလျက် ဝင်ရောက်ပြောဆိုသည်။
"တာ့ယွင်မှာ အလုပ်လုပ်ရတာ အရမ်းပျော်နေလို့ နေမှာပေါ့။"
သူမသည် စကားပြော အလွန်ပါးနပ်သူဖြစ်ကြောင်း ချန်ကျန့် တွေးမိလိုက်၏။
"ကျယ်ကျဲလည်း ပျော်ရွှင်စရာ နှစ်သစ်ကူးပါဗျ။"
လျူဝူက ဆွန်နာနာကိုလည်း ချက်ချင်းပင် နှုတ်ဆက်လိုက်သည်။ လျူဝူက လူတိုင်းကို လိုက်လံနှုတ်ဆက်နေစဉ် လျူဝူ၏ ဖခင်သည်လည်း ပစ္စည်းအချို့ကို ကိုင်လျက် ကားပေါ်မှ ဆင်းလာ၏။ ရှန်ယွီ လှမ်းမေးလိုက်သည်။
"ကျွန်တော့်အဖေ ကားထဲမှာ ပိတ်မိနေတာလား။"
လျူဝူ၏ ဖခင်က ဖိနပ်တစ်စုံကို ကိုင်လျက် ပြန်ပြော၏။
"ဟေး... ညီမလေး။ ငါ့ယောက်ဖရဲ့ ဖိနပ်တွေက ငါ့ကားထဲမှာ ကျန်ခဲ့လို့။"
ပရော်ဖက်ဆာရှန် တစ်ယောက် ကားထဲတွင် အကြာကြီး ငုံ့ရှာနေရခြင်းမှာ ဖိနပ်မစီးရသေး၍သာ။ ချန်ကျန့် အံ့အားသင့်သွားရ၏။ ဥက္ကဋ္ဌလျူက ဆိုသည်။
"သူ့ကို မြန်မြန် ပေးလိုက်စမ်းပါ၊ နောက်ကျနေရင် သူ ကားခြေနင်းဖျာတွေနဲ့ ဖိနပ်ချုပ်စီးနေဦးမယ်။"
"ဦးလေး... ပျော်ရွှင်စရာ နှစ်သစ်ကူးပါဗျာ"
ချန်ကျန့်က လျူဝူ၏ ဖခင်အား နှုတ်ဆက်လိုက်၏။ လျူဝူ၏ မိခင်က ချန်ကျန့်အနားသို့ လျှောက်လာပြီး ကြည့်ကာ ပြောလာသည်။
"မင်းက မန်နေဂျာချန် ဖြစ်မှာပေါ့။ လျူဝူက မနှစ်က ပြန်လာကတည်းက ‘မန်နေဂျာချန်က အဲ့ဒီလို မန်နေဂျာချန်က ဒီလို’ နဲ့ တစ်လခွဲလောက်ကို မနားတမ်း ပြောနေတာ။ မင်းက ဒီလောက် ငယ်မယ်လို့ မထင်ထားဘူး။ လျူဝူနဲ့ အသက်တူတူပဲလား။"
"ဟုတ်ကဲ့... ကျွန်တော် ဒီနှစ် ၂၁ နှစ်ပါဗျ။"
ချန်ကျန့်က ပြုံး၍ ပြန်လည်ဖြေပေးလိုက်သည်။ ကားထဲတွင် ပိတ်မိနေသော ပရော်ဖက်ဆာရှန် သည်လည်း သူ၏ ယောက်ဖဖြစ်သူ ကျေးဇူးဖြင့် နောက်ဆုံးတွင် လွတ်မြောက်လာခဲ့ပြီ။ကားထဲတွင် ဖိနပ်ရှာနေရသဖြင့် အနည်းငယ် ဖရိုဖရဲ ဖြစ်သွားသော်လည်း သူသည် ကားပေါ်မှ ဆင်းလာသောအခါ အလွန်ပင် တည်ငြိမ်နေ၏။ မူလက ချန်ကျန့်သည် ရှန်ယွီအား သူ၏ မိခင်နှင့် ပိုတူသည်ဟု ထင်ခဲ့သော်လည်း ပရော်ဖက်ဆာရှန်ကို မြင်သောအခါမှ ရှန်ယွီသည် သူ၏ ဖခင်နှင့် ပိုတူကြောင်း သတိပြုမိလိုက်သည်။ ပရော်ဖက်ဆာရှန်၏ အေးဆေးတည်ငြိမ်သော ပညာတတ်ဟန်ပန်သာ ရှန်ယွီတွင် မရှိခြင်း ဖြစ်၏။ စရိုက်ပိုင်းအရမူ ရှန်ယွီသည် ဥက္ကဋ္ဌလျူ၏ သားအရင်းဖြစ်ကြောင်း အထင်အရှား။
"ရှန်..."
ချန်ကျန့်သည် စကားစရန် နှစ်စက္ကန့်ခန့် ဝေခွဲမရ ဖြစ်သွား၏။ သူသည် ဥက္ကဋ္ဌလျူအား ဥက္ကဋ္ဌလျူ ဟု မခေါ်ခဲ့သဖြင့် ပရော်ဖက်ဆာရှန်အားလည်း ပရော်ဖက်ဆာရှန် ဟု မခေါ်လျှင် ပိုကောင်းမည်လားဟု စဉ်းစားမိသည်။
"ပျော်ရွှင်စရာ နှစ်သစ်ကူးပါ၊ ပျော်ရွှင်စရာ နှစ်သစ်ကူးပါ။"
ပရော်ဖက်ဆာရှန်က ချန်ကျန့် စကားမဆုံးခင်မှာပင် ပြုံးလျက် ခေါင်းညိတ်နှုတ်ဆက်သည်။ ရှန်ယွီက ချန်ကျန့်၏ နာနာသို့ ကပ်၍ တိုးတိုးလေး ဆို၏။
"သူ့ကို ပရော်ဖက်ဆာရှန်လို့ပဲ ခေါ်လို့ရပါတယ်။ သူက ဥက္ကဋ္ဌလျူ မဟုတ်ဘူးလေ။ မင်းကို စီမံကိန်း အစီရင်ခံစာတွေ တင်ခိုင်းမှာ မဟုတ်ပါဘူး။"
ချန်ကျန့် ပြုံးလိုက်မိသည်။
"အားလုံးပဲ အထဲကို အရင် ကြွကြပါဦး။ အပြင်မှာ လေတိုက်နေလို့ပါ။"
ဆွန်နာနာက ပြော၏။ လျူဝူ၏ မိခင်က ဆွန်နာနာအား မေးမြန်းသည်။
"ဟုတ်သားပဲ၊ အထဲကို သွားကြရအောင်။ ပူပူနွေးနွေး သောက်စရာ တစ်ခုခု ရှိမလား။ အန်တီ နည်းနည်း ချမ်းနေလို့။ ကားထဲမှာက အပူပေးစက် ဖွင့်ထားရင် အိုက်ပြီး ပိတ်လိုက်ရင် ပြန်အေးလာလို့လေ။"
"ရှိပါတယ်ရှင်၊ ကော်ဖီ၊ လက်ဖက်ရည်နဲ့ နွားနို့အပူတွေ ရှိပါတယ်။ ဦးဦးနဲ့ ဒေါ်လေးတို့ ဘာသောက်ချင်ကြလဲဟင်။ သမီး ပြင်ပေးပါ့မယ်။"
"အန်တီ့ကို ကော်ဖီလေး ပေးပါ။"
လျူဝူ၏ မိခင်က ဆို၏။ ဥက္ကဋ္ဌလျူကလည်း ဝင်ပြောသည်။
"ငါ့ကိုတော့ ကိုကာကိုလာ အအေးလေး ပေးပါ။ ဦးဦးနှစ်ယောက်အတွက်တော့ လက်ဖက်ရည်ပဲ ဖျော်ပေးလိုက်ပါကွယ်။ အလုပ်ရှုပ်သွားစေပြီ။"
"မရှိပါဘူးရှင်၊ ဒါက သမီးတို့ အလုပ်ပဲဥစ္စာ။"
ဆွန်နာနာက ပြုံးလျက် ပြန်လည်ပြောကြားလိုက်၏။
ရှန်ယွီက လူစုကို ဦးဆောင်ကာ ကော်ဖီဆိုင်ထဲသို့ အရင်ဝင်၍ ထိုင်စေ၏။ ဆန်ပင်းနှင့် ဝက်ခြံအဖွဲ့သားများသည် ထိုနေရာတွင် အသင့်စောင့်ဆိုင်းနေခဲ့ကြသည်မှာ ကြာပြီဖြစ်ရာ ယခုအခါတွင် အားလုံးက တညီတညွတ်တည်း လျှောက်လာကြပြီး နှုတ်ဆက်ကြလေသည်။
"ဦးဦးတို့ ဒေါ်ဒေါ်တို့ ကြွကြပါခင်ဗျာ။ ပျော်ရွှင်စရာ နှစ်သစ်ကူးပါ!"
လူကြီးတစ်စုမှာ လန့်သွားကြပြီး သူတို့အား ပြိုင်တူ လှည့်ကြည့်မိကြ၏။ ဧည့်သည်များကို ထားပါဦး။ ချန်ကျန့်ပင်လျှင် လန့်သွားလွန်း၍ ခေါင်းပင် ဝှေ့ယမ်းသွားရသည်။
"အို... အားလုံးပဲ ပျော်ရွှင်စရာ နှစ်သစ်ကူးပါကွယ်။ တာ့ယွင်မှာ သံစုံတီးဝိုင်းရှိတာလား။ အသံတွေက တော်တော်အားရဖို့ ကောင်းတာပဲ"
ဥက္ကဋ္ဌလျူက ပြုံးလျက် ဆို၏။ ဆန်ပင်းက အနားသို့ လျှောက်လာကာ…
"ဦးဦးတို့ ဒေါ်ဒေါ်တို့ ခဏလောက် အနားယူကြပါဦး။ အထုပ်အပိုးတွေကိုတော့ ကျွန်တော်တို့ အရင်အပေါ်ကို သယ်ပေးထားပါ့မယ်"
ချန်ကျန့်သည် ခရီးဆောင်အိတ်များကို ဆန်ပင်းနှင့် အခြားသူများလက်သို့ လွှဲပေးလိုက်၏။
"ကားထဲမှာ တခြားရှိသေးလား။ သယ်စရာရှိတာ အကုန်တစ်ခါတည်း သယ်ခိုင်းလိုက်မယ်"
ရှန်ယွီက မေးမြန်းရာ ဥက္ကဋ္ဌလျူက အိတ်အချို့ကို ညွှန်ပြလျက် ပြန်ပြော၏။
"ဒါပဲရှိတော့တယ်။ ဒါတွေက မင်းဒေါ်လေး ယူလာတဲ့ နှစ်သစ်ကူးလက်ဆောင်တွေ။ ဪ... ပြီးတော့ ဟင်းချက်ဖို့ ပြင်ဆင်ရမယ့် ဟင်းသီးဟင်းရွက်တွေလည်း ပါတယ်"
"ဒါဆို ကျွန်တော် မီးဖိုချောင်ထဲ သွားပို့ပေးလိုက်ပါ့မယ်"
ချန်ကျန့်သည် အိတ်များကို ကောက်မလိုက်ရင်းပြောလိုက်သည်။ သူသည် ဤနေရာမှ စက္ကန့်ပိုင်းလောက်ဖြစ်ဖြစ် ခဏတာ ထွက်ပြေးချင်နေမိသည်။
"ငါလည်း လိုက်ကြည့်ရင်း လက်ဆေးလိုက်ဦးမယ်"
ဥက္ကဋ္ဌလျူက သူ၏နောက်သို့ လိုက်လာခဲ့၏။
အန်တီ့သားလေးကိုသာ လိုက်ပြခိုင်းပါတော့ ဥက္ကဋ္ဌလျူရယ်၊ တောင်းပန်ပါတယ်။
ချန်ကျန့် စိတ်ထဲမှ ကြိတ်၍ ဆုတောင်းနေမိသည်။
"လက်ဆေးတဲ့နေရာက ဒီဘက်မှာပါ ဒေါ်လေး"
ချန်ကျန့်က လမ်းညွှန်ပေးရ၏။ သူတို့ ဧည့်ကြိုကောင်တာရှေ့မှ ဖြတ်သွားစဉ် ဖုန်းပြောပြီးခါစဖြစ်သော ဟူဖန်က ချက်ချင်းရောက်လာပြီး ချန်ကျန့်လက်ထဲမှ အိတ်တစ်အိတ်ကို ကူ၍သယ်ပေး၏။ ဟူဖန် ရှိနေသဖြင့် ချန်ကျန့် အနည်းငယ် စိတ်သက်သာရာ ရသွားသည်။ သို့သော် နောက်တစ်စက္ကန့်တွင် ကောင်တာနားတွင် ရပ်နေသော လျူဝူကလည်း အနားသို့ရောက်လာပြီး ဟူဖန်လက်ထဲမှ အိတ်ကို ပြန်၍ လုယူသွားပြန်၏။ ဟူဖန်က လျူဝူအား မျက်စောင်းထိုးလိုက်ပြီး ချန်ကျန့်လက်ထဲမှ အခြားအိတ်တစ်အိတ်ကို မတတ်သာသည့်အဆုံး ထပ်၍ ယူလိုက်ရသည်။
သူတို့ ဘားကောင်တာသို့ ရောက်သောအခါ ချန်ကျန့် အဖေက မီးဖိုချောင်ထဲမှ ထွက်လာ၏။
"ဒါက ကျွန်တော့်အဖေပါ။ ဒီမှာ လာကူပေးနေတာပါ"
ချန်ကျန့်က သူ၏အဖေကို ဥက္ကဋ္ဌလျူနှင့် မိတ်ဆက်ပေးလိုက်၏။ လျူဝူက ဝင်ပြောသည်။
"ဦးလေးချန်... ပျော်ရွှင်စရာ နှစ်သစ်ကူးပါဗျာ။ ကျွန်တော်က ရှန်ယွီရဲ့ ဝမ်းကွဲညီ၊ နာမည်က လျူဝူ ပါ"
"အေးအေး... ပျော်ရွှင်စရာ နှစ်သစ်ကူးပါ ငါ့တူရာ"
အဖေက ပြန်နှုတ်ဆက်၏။ ဥက္ကဋ္ဌလျူက လက်ကမ်းနှုတ်ဆက်ရင်း ဆိုသည်။
"အလုပ်ရှုပ်သွားစေပြီ ဆရာကြီးချန်။ ကျွန်မက ရှန်ယွီရဲ့ အမေပါ၊ မျိုးရိုးနာမည်က လျူ ပါ"
"မင်္ဂလာပါ ဥက္ကဋ္ဌလျူ။ ပျော်ရွှင်စရာ နှစ်သစ်ကူးပါ။ အလုပ်မရှုပ်ပါဘူး၊ ဒီကလေးတွေကို ဝိုင်းကူပေးနေတာပါ။"
သူ၏ဖခင်သည် ချန်ကျန့်ကဲ့သို့ စိတ်မလှုပ်ရှားသော်လည်း လက်ဆွဲနှုတ်ဆက်သည့် အလေ့အထမရှိသဖြင့် အနည်းငယ်တော့ အနေရခက်ပုံရ၏။ ထိုသည်မှာ ပုံမှန်ပင် ဖြစ်၏။ တစ်ဆိုင်လုံးတွင် စိတ်အလှုပ်ရှားဆုံးသူမှာ မန်နေဂျာဖြစ်သူသာ ရှိတော့သည်။
"ဟင်းချက်နေပြီလားဟင်။"
ဥက္ကဋ္ဌလျူက မီးဖိုချောင်ထဲသို့ ကြည့်ရင်း မေးမြန်း၏။
"ဟုတ်ကဲ့၊ ခဏနေရင် အကုန်အဆင်သင့် ဖြစ်မှာပါ။"
အဖေက ပြန်ဖြေ၏။
"ဒီမှာ ကူညီပေးမယ့်သူ တစ်ယောက်ရှိတယ်လေ။"
ဥက္ကဋ္ဌလျူက ပြုံးလျက် ကော်ဖီဆိုင်ဘက်သို့ လက်လှမ်းပြလိုက်၏။
"ဪ... မဟုတ်တာ၊ မဟုတ်တာ။ အားလုံးပဲ အနားယူကြပါ။"
သူ၏ဖခင်က လက်ခါပြရင်း အလျင်အမြန် တားဆီး၏။ ချန်ကျန့်ကလည်း ဥက္ကဋ္ဌလျူအား ဝိုင်း၍ တားဆီးရန် ကြိုးစားလိုက်သည်။
"ခရီးပန်းလာမှာပေါ့။ နေ့လယ်စာက ရိုးရိုးရှင်းရှင်းလေးပဲမို့လို့ ဘာမှ အလုပ်မရှုပ်ပါဘူးဗျာ။"
"ရပါတယ်၊ ဒါကို လုပ်ရတာ အရမ်းဝါသနာပါတဲ့သူ တစ်ယောက် ရှိနေလို့ပါ။"
ဥက္ကဋ္ဌလျူက ဆို၏။ ချန်ကျန့် ကော်ဖီဆိုင်ဘက်သို့ လှည့်ကြည့်လိုက်ရာ ရှန်ယွီကလည်း သူတို့ဘက်သို့ ကြည့်နေပုံရ၏။ ဥက္ကဋ္ဌလျူ လက်လှမ်းပြလိုက်သည်နှင့် သူက ချက်ချင်းမြင်သွားပြီး ထိုဘက်ရှိ လူများကို တစ်ယောက်ချင်း လိုက်ညွှန်ပြတော့သည်။
ပထမဆုံး သူညွှန်ပြသူမှာ ပရော်ဖက်ဆာရှန် ဖြစ်၏။ ဥက္ကဋ္ဌလျူက ခေါင်းခါပြလိုက်သည်။ ဒုတိယမြောက်မှာ လျူဝူ၏ မိခင်ဖြစ်၏။
"ဟေး!"
လျူဝူက တိုက်ရိုက်ပင် လှမ်းအော်လိုက်သည်။
"ကျွန်တော့်အဖေကို ဟင်းချက်ဖို့ ခေါ်လိုက်လေ!"
"တကယ်ကို အသံချဲ့စက်ကြီးပဲ။"
ဥက္ကဋ္ဌလျူက မျက်မှောင်ကြုတ်လိုက်၏။ လျူဝူ၏ ဖခင်က အနားသို့ ပြေးလာကာ မေးသည်။
"အကူအညီ လိုလို့လား။"
"မဟုတ်တာ... မဟုတ်တာ..."
သူ၏အဖေမှာ ဘာပြန်ပြောရမှန်းပင် မသိတော့ပေ။ တကယ်တမ်းတွင် သူသည် ယွမ်သုံးထောင်ကို လက်ခံထားပြီးဖြစ်ရာ ယခုအခါ အခြားသူတစ်ယောက်ကိုပါ ဟင်းချက်ခိုင်းရမည်ဖြစ်သဖြင့် အားနာစိတ်များ တဖွားဖွား ပေါ်ပေါက်နေတော့သည်။
"ရပါတယ်ဗျာ။"
လျူဝူ၏ ဖခင်က အင်္ကျီလက်ကို မတင်ရင်း ဆို၏။
"ကျွန်တော်က မီးဖိုချောင်ထဲမှာ နေရတာကို တကယ် ဝါသနာပါတာပါ။ နောက်ရက်တွေမှာ ဘာလုပ်ဖို့ လိုလို ကျွန်တော့်ကိုသာ ခိုင်းပါ ဆရာကြီး။"
"ဒီဟင်းချက်ဆရာကြီးက ချန်ကျန့်ရဲ့ အဖေလေ။"
ဥက္ကဋ္ဌလျူက မိတ်ဆက်ပေးလိုက်သည်။
"သူက ဒီကလေးတွေကို ကူညီပေးဖို့ အထူးတလည် လာပေးတာ။ သူသာ မရှိရင် သူတို့ တည်းခိုခန်း ဒီရက်ပိုင်း ပိတ်ထားရမှာ။"
"ဟင်းပွဲတွေ အများကြီးကို ဆရာကြီး တစ်ယောက်တည်း လုပ်နေတာလား။"
လျူဝူ၏ ဖခင်က ဆို၏။
"တကယ့်ကိုပဲ... ကျားဖခင်ကနေ... ကျားသားပဲ မွေးတာပဲ။"
သူသည် ချန်ကျန့်နှင့် သူ၏ဖခင် နှစ်ဦးစလုံးမှာ အရည်အချင်းရှိသူများဖြစ်ကြောင်း ချီးကျူးလိုသဖြင့် "ကျားဖခင်ကနေ ခွေးသား မမွေးဘူး" ဟု ပြောလိုပုံရသော်လည်း ထိုစကားပုံမှာ လက်ရှိအခြေအနေနှင့် သိပ်မကိုက်ညီသဖြင့် စကားလုံး ပြောင်းလိုက်ရ၏။
"ခွေးသားက..."
"ခွေးသားအဖေမှာ ကျားသားမရှိဘူး ဆိုတာကလည်း မဟုတ်သေးပါဘူး ဦးလေးလျူရာ။"
"မင်းရဲ့ ခွေးသားက ဒီမှာလေ။"
ဥက္ကဋ္ဌလျူက လက်ဆေးရင်း လျူဝူကို တစ်ချက်လှမ်းကြည့်ကာ ဆို၏။
"ဟီးဟီး။"
လျူဝူက ပျော်ပျော်ရွှင်ရွှင်ပင် ရယ်မောလိုက်သည်။
"ကျားသား..."
ဦးလေးလျူကတော့ စကားပုံကို မှန်အောင် ဆက်၍ ကြိုးစားနေဆဲ ဖြစ်၏။
"ဒါဆို ကျွန်တော်နဲ့ လိုက်ခဲ့လေ။"
ချန်ကျန့် အဖေက ဖိတ်ခေါ်လိုက်သည်။ သူသည် ပုံမှန်အားဖြင့် လူမှုရေးကိစ္စများတွင် ကျွမ်းကျင်သူမဟုတ်သော်လည်း လက်ရှိအနေရခက်မှုကို ဖြိုခွင်းရန်အတွက် စကားစလိုက်ခြင်းသာ။
"ကျွန်တော် အသုပ်တစ်မျိုး သုပ်မလို့ စဉ်းစားနေတာ..."
"ဒါဆို ကျွန်တော် ကျွမ်းကျင်တယ်ဗျ။"
ဦးလေးလျူက သူ၏နောက်သို့ မီးဖိုချောင်ထဲ လိုက်သွားရင်း ဆို၏။
"ကျွန်တော် ကိုယ်တိုင်လုပ်ထားတဲ့ ဆော့စ်တောင် ပါလာသေးတယ်..."
"ဒီမှာ ခွေးရှိတယ်ဆို၊ ဘယ်မှာလဲဟင်။"
လျူဝူက ဟူဖန်အား မေးမြန်း၏။
"နောက်ဖေးဝင်းထဲမှာလေ။"
ဟူဖန်က တံခါးဘက်သို့ ညွှန်ပြကာ ဆိုသည်။
"သွားကြည့်လိုက်လေ။"
"ငါ့ကို လိုက်မပြဘူးလား။ ခွေးလေးက လူစိမ်းဆိုရင် ကြောက်နေမှာပေါ့။ ငါ့လို လူစိမ်းကြီးကို မြင်ရင် သူ လန့်သွားပါဦးမယ်။"
လျူဝူက ဆို၏။
"ငါ အလုပ်လုပ်နေတယ်လေ။"
ဟူဖန်က ပြန်ပြော၏။ ဟူဖန်သည် အလွန်ပင် သိတတ်သူဖြစ်၏။ ချန်ကျန့်မှာ စိတ်လှုပ်ရှားသွားရသည်။ ဟူဖန်နှင့် ဆွန်နာနာတို့သည် ရှန်ယွီနှင့် သူ၏ ပတ်သက်မှုကို ရိပ်မိနေကြပြီဖြစ်ကြောင်း သူ သိလိုက်၏။ သူတို့သည် ချန်ကျန့်အား အနေရခက်ခြင်းမှ ကယ်တင်ရန်အတွက် ဤနေရာတွင် ရှိနေပေးကြခြင်း ဖြစ်သည်။
သို့သော် လျူဝူက ဥက္ကဋ္ဌလျူ၏ ရှေ့တွင် လိုက်ပြရန် ဇွတ်အတင်း ပြောဆိုနေမည်ကိုလည်း ချန်ကျန့် စိုးရိမ်မိ၏။
"လိုက်ပြလိုက်ပါ ဟူဖန်။ နာနာက ကောင်တာမှာ ခဏ ကြည့်ပေးထားလိမ့်မယ်။"
ချန်ကျန့် ဝင်ပြောကြည့်သည်။
"အင်း... ဒါဆိုလည်း သွားကြတာပေါ့။"
ဟူဖန်က ခေါင်းညိတ်ကာ လျူဝူအား နောက်ဖေးဝင်းဘက်သို့ ဦးဆောင်ခေါ်သွားတော့သည်။
"မင်းတို့မှာ ခွေးလည်း ရှိတာလား။"
ဥက္ကဋ္ဌလျူက လက်ဆေးပြီးနောက် ရေပိုက်ခေါင်းကို ပိတ်ရင်း မေးမြန်း၏။
"ဟုတ်ကဲ့... ဒေသခံ ခွေးလေး တစ်ကောင်ပါ။"
ချန်ကျန့်က တစ်ရှူးနှစ်ရွက်ကို ကမ်းပေးရင်း ဆိုသည်။
" ဘော့စ် ဝယ်လာတာပါ။"
"သူက ဒေသခံခွေးကို ဝယ်လာတာလား။"
ဥက္ကဋ္ဌလျူမှာ အနည်းငယ် အံ့အားသင့်သွား၏။
"လိုင်းကားပေါ်မှာ တစ်ယောက်ယောက်က မြို့ထဲသွားရောင်းမလို့ သယ်လာတာကို သူက ဝယ်လိုက်တာပါဗျ။"
ချန်ကျန့်က ပြုံး၍ ဆို၏။
"လိုင်းကားလား။"
ဥက္ကဋ္ဌလျူမှာ အံ့သြနေဆဲပင် ဖြစ်၏။
"ဒီနေရာကနေ ထွက်ဖို့ဆိုရင် ကားမမောင်းရင် လိုင်းကားတစ်မျိုးပဲ ရှိတာပါ။"
ချန်ကျန့်က ရှင်းပြ၏။
"ဪ... ဟုတ်သားပဲ။"
ဥက္ကဋ္ဌလျူက ခေါင်းညိတ်သည်။
"အန်တီ ငယ်ငယ်တုန်းက ခရိုင်ထဲကို အလုပ်ကိစ္စနဲ့ သွားတုန်းကလည်း သူများရဲ့ ကြက်တွေကို ပွေ့ထားပြီး လိုင်းကား စီးခဲ့ရဖူးတာပဲ။"
ချန်ကျန့်မှာ ရယ်မောမိတော့သည်။
"ကျွန်တ်ော လိုက်ပြပေးရမလား။"
ရှန်ယွီ၏ အသံ ထွက်ပေါ်လာ၏။ ချန်ကျန့် လှည့်ကြည့်လိုက်ရာ ရှန်ယွီသည် သူထံသို့ လျှောက်လာနေ၏။ ထိုအချိန်တွင် ချန်ကျန့်၏ ခံစားချက်မှာ ဖော်ပြ၍ပင် မရတော့ပေ။
"မင်း ရောက်လာပြီပဲ! ဘော့စ် ... ကော... ကျွန်တော့်ကို ကယ်ပါဦး!" ဟု စိတ်ထဲမှ အော်ဟစ်နေမိသည်။
"ကောင်းတာပေါ့။"
ဥက္ကဋ္ဌလျူက ဆို၏။
"စားသောက်ပြီးရင် မြစ်ဘက်ကို လိုက်ပြဦး။ မင်းအဖေက ငါးဖမ်းကိရိယာတွေတောင် ယူလာသေးတာ။"
"ပါး အနားမယူချင်ဘူးလား။"
"ဘာအနားယူရမှာလဲ။ တစ်လမ်းလုံး အိပ်လာတာလေ။ ဟောက်သံကလည်း ကျယ်လွန်းလို့ ငါတောင် မင်းဦးလေးကားပေါ်ကို သူ့ကို နှင်ထုတ်လိုက်ရတာ။"
"သူ ကားပြန်ပြောင်းစီးတုန်းက ဖိနပ်မပါဘူးလား။"
"ဟိုတယ်ကပေးတဲ့ ဖိနပ်အပါးလေး စီးထားတာလေ။"
ဥက္ကဋ္ဌလျူက ချန်ကျန့်အား ကြည့်ကာ ပြုံးလျက် ဆိုသည်။
"အနေရခက်သွားရင် ခွင့်လွှတ်ပါကွယ် ချန်ကျန့်လေး။"
"မဟုတ်တာ"
ချန်ကျန့်က ပြုံးလျက် ပြန်ပြောလိုက်၏။ 'မန်နေဂျာချန်ကတော့ တကယ့်ကို အေးစက်စက်နိုင်လွန်းလှသည်' ဟု သူ ကိုယ့်ကိုယ်ကိုယ် ပြန်တွေးမိ၏။ သို့သော်လည်း ထိုစကားမှလွဲ၍ အခြားဘာပြောရမည်ကို သူ မသိတော့ပေ။ "ဘာမှ ရှက်စရာမကောင်းပါဘူး" ဟု ပြန်ပြောရမည်လော။
"ငါ သူတို့ကို လိုက်ပြလိုက်ပါ့မယ်။ မင်း အလုပ်ကိစ္စတွေ သွားလုပ်တော့လေ"
ရှန်ယွီ ချန်ကျန့်ကို ပ ထုတ်ပေးသည်။
"စတုတ္ထထပ်က အခန်းတွေ အားလုံး အဆင်သင့်ဖြစ်နေပါပြီ။ မြစ်ဘက်အလှကို ကြည့်လို့ရတဲ့ အခန်းသုံးခန်းပါ"
ချန်ကျန့်က ဧည့်ကြိုကောင်တာမှ အခန်းကတ်များကို ယူရင်း ပြောလိုက်၏။
"နှစ်ခန်းဆို လုံလောက်ပါပြီ။ လျူဝူက ရှန်ယွီ့အခန်းမှာပဲ အိပ်မယ်လို့ လမ်းမှာကတည်းက ပြောလာတာ။ အဆင်မပြေရင်လည်း ကြမ်းပြင်ပေါ်မှာ မွေ့ရာခင်းပေးလိုက် ဒါမှမဟုတ် ဆိုဖာပေါ်မှာပဲ အိပ်ခိုင်းလိုက်ပေါ့"
ဥက္ကဋ္ဌလျူက ဆို၏။ ချန်ကျန့်က ရှန်ယွီအား တစ်ချက် လှမ်းကြည့်လိုက်သည်။
"ဒါဆိုရင်လည်း နှစ်ခန်းပဲ ထားလိုက်တော့မယ်"
ရှန်ယွီက သက်ပြင်းတစ်ချက်ချရင်း ဆို၏။
"အနားယူချင်ကြပြီလား။ ရှန်ယွီက ငါတို့ကို လိုက်ပြပေးလိမ့်မယ်"
ဥက္ကဋ္ဌလျူက ကော်ဖီဆိုင်ထဲရှိ အခြားသူများကို မေးမြန်းလိုက်သည်။
"လိုက်ကြည့်ရမှာပေါ့၊ အသေအချာ လိုက်ကြည့်ရမှာပေါ့"
လျူဝူ၏ မိခင်က ဆို၏။ ရှန်ယွီသည် ထမင်းစားခန်းဘက်သို့ အနည်းငယ် လျှောက်သွားရာ ချန်ကျန့်ကလည်း နောက်မှ လိုက်သွားခဲ့သည်။
"ခဏလောက်တော့ မင်း စိတ်ပူမနေပါနဲ့တော့။ ငါ သူတို့ကို လိုက်ပြလိုက်ဦးမယ်၊ ပြီးမှ ထမင်းစားကြတာပေါ့"
"အင်း"
ချန်ကျန့်က တိုင်တစ်ခုကို မှီလျက် သက်ပြင်းသဲ့သဲ့ ချလိုက်ရင်း မေးလိုက်သည်။
"ကျွန်တော်... အဆင်မပြေတာမျိုး ရှိခဲ့လားဟင်"
"မရှိပါဘူး"
ရှန်ယွီ၏ နှုတ်ခမ်းများ ကွေးညွတ်သွားကာ ပြုံးလိုက်၏။
"မင်းကသာ စိတ်လှုပ်ရှားနေတယ်လို့ ထင်နေတာ၊ အပြင်မှာတော့ လုံးဝ မပေါ်ဘူး"
"တကယ်လား"
ချန်ကျန့်က မျက်မှောင်ကြုတ်ကာ စဉ်းစားနေမိသည်။
"တကယ်ပေါ့"
ရှန်ယွီက အသံကို နှိမ့်လျက်
"တည်တည်ငြိမ်ငြိမ်နဲ့ ယဉ်ယဉ်ကျေးကျေး။ တကယ့်ကို မိုက် နေတာပဲ"
"အဲ့ဒီ မိုက် ဆိုတဲ့ စကားလုံးကို နောက်တစ်ခါ ထပ်မပြောပါနဲ့တော့ဗျာ"
ရှန်ယွီက ပြုံးလျက် ချန်ကျန့်လက်မောင်းကို ပုတ်ပေးလိုက်သည်။
"ဥယျာဉ်နဲ့ ရင်ပြင်ဘက်ကို အရင်သွားကြည့်ကြစို့။ ပြီးမှ ကျွန်တော့်ရုံးခန်းနဲ့ ရှုခင်းကြည့် ဝရန်တာဘက်ကို သွားတာပေါ့"
ရှန်ယွီက ကော်ဖီဆိုင်ထဲသို့ ပြန်ဝင်လာရင်း ပြောလိုက်၏။
"သွားကြစို့"
ဥက္ကဋ္ဌလျူ ထရပ်လိုက်သည်။ လူစုသည် ကော်ဖီဆိုင်၏ ဘေးတံခါးမှတစ်ဆင့် ရှန်ယွီ၏နောက်သို့ လိုက်ပါသွားကြ၏။ ရင်ပြင်သို့ ရောက်ရှိချိန်တွင် ဟယ်လျန် တစ်ယောက် လက်ဆောင်ခြင်းတစ်ခြင်းကို ကိုင်ဆောင်ကာ နောက်ဖေးတံခါးမှ ဝင်လာသည်ကို မြင်တွေ့လိုက်ရသည်။ ရှန်ယွီ တန့်သွား၏။ ဟယ်လျန်သည် ရှန်ယွီကို မြင်သည်နှင့် ခြေလှမ်းများကို မြှင့်လိုက်ပြီး ပြုံးလျက် လျှောက်လာခဲ့သည်။ သူသည် ရှန်ယွီ၏ ရှေ့တည့်တည့်သို့ ရောက်ရှိလာမှသာ ရှန်ယွီက စကားစလိုက်၏။
"ဘော့စ်ဟယ် ရောက်လာတာလား"
"လျန်ယဲ့ ကိုယ်စား နှစ်သစ်ကူး နှုတ်ခွန်းဆက်ဖို့ လာတာပါ"
ဟယ်လျန်က ပြုံးလျက် ဆို၏။
"အားနာစရာ၊ ဘော့စ်ဟယ်"
"ဘော့စ်ရှန်... ဧည့်သည်တွေ ရောက်နေတာလား"
ဟယ်လျန်က ဝေခွဲမရဖြစ်စွာဖြင့် မေးမြန်းလိုက်၏။
"ဟုတ်ကဲ့... သူတို့က..."
ရှန်ယွီက ပြန်ဖြေရန် ပြင်စဉ် ချန်ကျန့်က ဘေးတံခါးမှ ထွက်လာပြီး ဟယ်လျန်အား နှုတ်ဆက်လိုက်သည်။
"ဘော့စ်ဟယ်... ပျော်ရွှင်စရာ နှစ်သစ်ကူးပါဗျာ"
"ဟေး... ပျော်ရွှင်စရာ နှစ်သစ်ကူးပါ"
ဟယ်လျန်က ပြုံးလိုက်၏။
"အထဲကို ကြွပါဦးဗျာ"
ချန်ကျန့်က ဘေးသို့ ဖယ်ပေးရင်း ဟယ်လျန်အား အထဲသို့ ဝင်ရန် ဖိတ်ခေါ်လိုက်သည်။
"ကောင်းပါပြီ"
ဟယ်လျန်က ရှန်ယွီအား ကြည့်လျက် ဆို၏။
"ဒါဆိုရင် ကျွန်တော် မန်နေဂျာချန်နဲ့ပဲ စကားပြောလိုက်ပါ့မယ်"
"ဟုတ်ကဲ့"
ရှန်ယွီက ခေါင်းညိတ်ပြလိုက်ပြီး သူ၏မိခင်နှင့် အခြားသူများကို ဥယျာဉ်ဘက်သို့ ဦးဆောင်ခေါ်သွားတော့သည်။
"သူက ဟိုဘက်က တည်းခိုခန်းက ဘော့စ်လား။ မင်း သွားပြီး ဧည့်မခံသင့်ဘူးလား"
သူ၏မိခင်က မေးမြန်း၏။
"ချန်ကျန့် ဧည့်ခံနိုင်ပါတယ်"
"ကျွန်တော် သူတို့နဲ့ စကားပြောရတာကို အဆင်မပြေဘူး။ သူတို့ပြောတဲ့ စကားတစ်ခွန်းက ကမ္ဘာပတ်နေတာ။ သူနဲ့ စကားတစ်ခွန်း ပြောပြီးသွားရင် ကျွန်တော် အသက်ရှစ်ဆယ့်ရှစ်နှစ်တောင် ဖြစ်သွားလိမ့်မယ်"
"မင်းရဲ့ နှုတ်သီးကတော့လေ"
သူ၏ဒေါ်လေးက ရှန်ယွီအား ပြုံးလျက် ကြည့်ကာ ဆို၏။
ယခုအချိန်တွင် ဥယျာဉ်ထဲ၌ ပန်းများစွာ မပွင့်သေးဘဲ အပင်အတော်များများမှာ ညှိုးနွမ်းခြောက်သွေ့နေပြီ ဖြစ်၏။ သို့သော်လည်း ချန်ကျန့် အရင်က စီစဉ်ထားခဲ့သော ဥယျာဉ်အလှဆင် ပစ္စည်းလေးများက ယခုအခါတွင် အလွန်ပင် အရေးပါနေတော့သည်။ အရောင်အသွေး စုံလင်သော အလှဆင်ပစ္စည်းလေးများကြောင့် ဥယျာဉ်လေးမှာ အသက်ဝင်နေ၏။
"ဒီဥယျာဉ်လေးက သေသေသပ်သပ်လေးပဲ။ အပြင်အဆင်ကို သေသေချာချာ စီစဉ်ထားတာပဲ"
ဥက္ကဌလျူက ချီးကျူးပေးသည်။
"ဥယျာဉ်ရော၊ အပြင်ဘက် တံတိုင်းတွေရော၊ တည်းခိုခန်း မဖွင့်ခင်က လိုအပ်တာမှန်သမျှ အကုန်လုံးကို ချန်ကျန့် တစ်ယောက်တည်း လုပ်ခဲ့တာပါ။ ကျွန်တော်ကတော့ ဘာမှ သိပ်မလုပ်ဖြစ်ခဲ့ဘူး"
"လူအချင်းချင်း နှိုင်းယှဉ်လို့တော့ မရပါဘူးလေ"
သူ၏ဒေါ်လေးက ခံစားချက်ပါပါဖြင့် ဆို၏။
"ဝူလေးကိုပဲ ကြည့်လေ။ ဒီနှစ်မှ တစ်ဆယ့်ကိုးနှစ်ပဲ ရှိသေးတာ။ သူ့ကိုသာ ဒါမျိုးတွေ ခိုင်းကြည့်လိုက် အကုန်လုံးကို အမှားမှားအယွင်းယွင်း ဖြစ်အောင် လုပ်ပစ်မှာ အသေအချာပဲ"
"လူတိုင်းမှာ ကိုယ်စီအားသာချက်တွေ ရှိကြတာပါပဲ"
သူ၏မိခင်က ဝင်ပြော၏။
"ရှန်ယွီလည်း ဒါမျိုးတွေ လုပ်နိုင်မှာ မဟုတ်ပါဘူး။ သူတောင် အခု အသက်နှစ်ဆယ့်ရှစ် ရှိနေပြီပဲကို"
"နှစ်ဆယ့်ခုနစ်တောင် မပြည့်သေးပါဘူး"
ရှန်ယွီက အမေဖြစ်သူကို ပြန်၍ သတိပေးလိုက်သည်။
"မင်း အဲ့ဒီဘော့စ်ဟယ်နဲ့ တစ်ခါမှ စကားမပြောဖူးတာတော့ မဟုတ်ပါဘူးနော်"
"သူနဲ့သာ နှစ်ခါလောက် စကားပြောကြည့်လိုက်။ မင်း အသက်သုံးဆယ် ဖြစ်သွားလိမ့်မယ်"
ဥယျာဉ်ထဲတွင် လှည့်ပတ်ကြည့်ရှုပြီးနောက် သူတို့သည် ခွေးအိမ်ရှိရာဘက်သို့ ရောက်လာကြ၏။ လျူဝူသည် မှိုလေးကို ဓာတ်ပုံရိုက်နေပြီး ဟူဖန်က မှိုလေးအား ပုံစံအမျိုးမျိုး ရအောင် ဝိုင်းကူပေးနေသည်။
"ဒီကောင်လေးက ဒီမိန်းကလေးကို သဘောကျနေတာလား"
သူ၏ဖခင်က မေးမြန်း၏။
"ရှင်တောင် မြင်တယ်ဆိုရင်တော့ ဒါဟာ အမှန်ပဲ ဖြစ်ရမယ်"
သူ၏မိခင်က ဆိုသည်။
"ဟုတ်တယ်"
သူ၏ဒေါ်လေးကလည်း ထောက်ခံ၏။
"ဒီတစ်ခေါက် သူ ဇွတ်လိုက်လာတာက တစ်ဝက်က သူ့အစ်ကိုအတွက်ဆိုရင် ကျန်တဲ့တစ်ဝက်ကတော့ ဒီမိန်းကလေးအတွက် ဖြစ်မယ်လို့ ငါထင်တယ်"
"အဲ့ဒီမိန်းကလေးက သူ့ကို စိတ်ဝင်စားမှာ မဟုတ်ပါဘူး"
"ဒါကတော့ မသေချာပါဘူး"
ရှန်ယွီ့အပြောကို သူ၏ဒေါ်လေးက ငြင်းသည်။
"သေချာပါတယ်"
ရှန်ယွီကတော့ အခိုင်အမာပဲ။
"မင်းက ဘာလို့ ဒီလောက်တောင်..."
"စိတ်ပျက်ဖို့ ကောင်းနေတာလဲ ပေါ့ဟုတ်လား ဒေါ်လေး။”
ရှန်ယွီက အေးအေးဆေးဆေးပင် ပြန်ပြောလိုက်သည်။
"သူ ငယ်ငယ်ကတည်းက တစ်စက်မှ မပြောင်းလဲဘူးနော်"
သူ၏ဒေါ်လေးက ရှန်ယွီ၏မိခင်အား ကြည့်ကာ အဖော်စပ်သည်။
"ဟုတ်တယ်မလား အစ်မ။ နည်းနည်းလေးတောင် မပြောင်းဘူး"
"ပြောင်းလဲသွားတာလေးတော့ ရှိပါတယ်"
သူ၏ဖခင်က ဝင်ပြော၏။
"စကားပြောတာ အရင်ကထက် အများကြီး ထိန်းထိန်းသိမ်းသိမ်း ရှိလာတယ်။ အရင်တုန်းကဆိုရင် သူပြောတဲ့ စကားတွေကြောင့် လူကို ဒေါသထွက်ပြီး ငိုအောင်တောင် လုပ်နိုင်တာ"
"အို... အဲ့ဒါတွေကိုတော့ ထည့်တောင်မပြောပါနဲ့တော့"
သူ၏ဒေါ်လေးက လက်ခုပ်တီးလျက် ဆိုလေသည်။
ပထမထပ် စင်္ကြံလမ်းသို့ ပြန်ရောက်သောအခါ လောင်ဝူ သည် အစည်းအဝေးခန်း အဝင်ဝတွင် ဖုန်စုပ်စက်တစ်လုံးနှင့် ရပ်နေသည်ကို တွေ့ရ၏။ သူသည် လူစုကို မြင်သည်နှင့် ချက်ချင်းပင် စက်ကိုဖွင့်ကာ ဝူးဝူးဝါးဝါး အသံများဖြင့် ဖုန်စုပ်ဟန် ဆောင်လေတော့သည်။
ထို့နောက်မှ သူတို့အား အခုမှ မြင်လိုက်ရသည့်အဟန်ဖြင့် ဖုန်စုပ်စက်ကို ပိတ်လိုက်ပြီး ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်သည်။
"ဘော့စ်ရှန်... ဦးဦးတို့ ဒေါ်ဒေါ်တို့ မင်္ဂလာပါ"
"အေးအေး... ပင်ပန်းရကျိုး နပ်ပါစေကွယ်"
သူ၏ဖခင်က ခေါင်းညိတ်ပြ၏။
"မပင်ပန်းပါဘူး ဦးလေး"
လောင်ဝူ၏ အသံမှာ ပုံမှန်ထက်ပင် ပို၍ စည်းစနစ်ကျနေလေသည်။
ရှေ့သို့ ဆက်လျှောက်ပြီး ဒုတိယထပ်သို့ တက်မည့် လှေကားနားသို့ ရောက်သောအခါ ချန်အာဟူ သည် မှတ်စုစာအုပ်လေး တစ်အုပ်ကို ကိုင်ကာ ဆင်းလာ၏။
"ဘော့စ်ရှန်"
ချန်အာဟူသည် သူ၏မှတ်စုစာအုပ်ကို ကြည့်နေဟန် ဆောင်လျက် ဆိုသည်။
"မတ်လအစမှာ မီးသတ်ဆေးဘူး အချို့ကို အသစ်လဲဖို့ လိုပါလိမ့်မယ်"
"အင်း။ မန်နေဂျာချန်ကို ပြောလိုက်လေ"
"ဟုတ်ကဲ့"
ချန်အာဟူက သူ၏မှတ်စုစာအုပ်ကို ပိတ်လိုက်ပြီး ဘေးဘီသို့ပင် လှည့်မကြည့်ဘဲ တည့်တည့်မတ်မတ် လျှောက်သွားတော့သည်။ ဝန်ထမ်းတိုင်းမှာ အလွန်ပင် စည်းကမ်းရှိနေကြ၏။
"မင်း သူတို့ကို ကိုယ်တိုင် အုပ်ချုပ်တာလား"
သူ၏မိခင်က ချန်အာဟူကို လှည့်ကြည့်ရင်း တိုးတိုးလေး မေးမြန်း၏။
"ကျွန်တော် မအုပ်ချုပ်ပါဘူး"
ရှန်ယွီက ပြတ်ပြတ်သားသားပင် ငြင်းတော့ မေမေက ရယ်ပါလေရော။ ခဏအကြာတွင် သူမက ထပ်မံ၍ တိုးတိုးလေး ပြောလာပြန်သည်။
"ဒါဆိုရင် ချန်ကျန့်လေးက တော်တော်စွမ်းတာပဲ။ ဒီလို ကလေးတစ်သိုက်ကို အုပ်ချုပ်နိုင်တာကိုကြည့်ရင်လေ။ သူတို့ထဲက ဘယ်သူမှတော့ လွယ်လွယ်နဲ့ ကိုင်တွယ်လို့ရမယ့်ပုံ မပေါ်ဘူး"
"ဒါကြောင့်လည်း သူက မန်နေဂျာ ဖြစ်နေတာပေါ့"
"မင်းက တကယ်ကို ဂုဏ်ယူနေတာပဲ"
"ဂုဏ်ယူထိုက်လို့ ဂုဏ်ယူတာပါ"
အမေ့ စကားကို ရှန်ယွီက ခပ်ပြုံးပြုံးဖြင့် တုံ့ပြန်လိုက်သည်။
__________________________________________________________
သိတတ်လိုက်တာ သူ့သဲသဲကို အမှတ်တွေ ယူပေးနေတာ
ReplyDelete