Skip to main content

100





အပိုင်း (၁၀၀)

"ဟင်းချက်တာကတော့ ကျွန်တော့်ကိုပဲ လွှတ်ထားလိုက်ပါ"

ဦးလေးလျူကတော့ ချန်ကျန့်၏ဖခင်နောက်သို့ မီးဖိုချောင်ထဲသို့ လိုက်ပါသွားပြီးနောက် ဟင်းချက်ပြုတ်ရာတွင် တက်တက်ကြွကြွ ကူညီလေတော့သည်။

ထိုအချိန်တွင် ရှန်ယွီက သူ၏မိဘများနှင့် ဆွေမျိုးများကို တည်းခိုခန်းအတွင်း လိုက်လံပြသနေ၏။ သူတို့သည် ဒုတိယထပ်ရှိ ဝရံတာသို့ ရောက်ရှိလာကြသည်။ မြစ်ပြင်ကျယ်ကြီးကို လှမ်းမြင်နေရသော ရှုခင်းကိုကြည့်ကာ ဥက္ကဋ္ဌလျူက သဘောကျစွာ ချီးကျူးသည်။

"ဒီနေရာက ရှုခင်းက တကယ်ကို လှတာပဲ။ စိတ်အေးချမ်းစရာပဲ"

"ဟုတ်တယ်။ ဒီနေရာလေးက နေဝင်ချိန်ဆိုရင် ပိုတောင် လှသေးတယ်"

ရှန်ယွီက ဂုဏ်ယူစွာဖြင့် ရှင်းပြနေ၏။ သူတို့ လှည့်လည်ကြည့်ရှုနေစဉ် လောင်ဝူသည်လည်း သူ၏အလုပ်များကို ခပ်သွက်သွက် လုပ်ကိုင်နေသည်။ သူသည် ဧည့်သည်များ ရှေ့တွင် စည်းကမ်းရှိသော ဝန်ထမ်းတစ်ဦးအဖြစ် ပေါ်လွင်စေရန် အစွမ်းကုန် ကြိုးစားနေခြင်း ဖြစ်၏။

"မင်းရဲ့ ဝန်ထမ်းတွေက တော်တော်လေး ယဉ်ကျေးကြတာပဲ"

ပရော်ဖက်ဆာရှန်က မှတ်ချက်ပေး၏။

"ဟုတ်တယ် ပါး။ သူတို့က ငယ်ပေမဲ့ အလုပ်အပေါ်မှာ တကယ်ကို တာဝန်ကျေကြပါတယ်"

သူတို့သည် တည်းခိုခန်း၏ အပေါ်ထပ် အခန်းများကိုလည်း လိုက်လံကြည့်ရှုကြသည်။ အခန်းတိုင်းမှာ သန့်ရှင်းသပ်ရပ်နေရုံသာမက ချန်ကျန့် စီစဉ်ထားသော အလှဆင်ပစ္စည်းလေးများကြောင့် နွေးထွေးသော ခံစားချက်ကို ပေးစွမ်းနေ၏။

"ဒီအခန်းတွေရဲ့ ဒီဇိုင်းက ရိုးရှင်းပေမဲ့ ဆွဲဆောင်မှုရှိတယ်။ ချန်ကျန့်က တကယ့်ကို အနုပညာမျက်စိ ရှိတာပဲ"

လျူဝူ၏မိခင်က ချီးကျူးစကား ဆို၏။ ရှန်ယွီက ပြုံးလျက် ခေါင်းညိတ်လိုက်သည်။

"သူက ဒီတည်းခိုခန်းအတွက် အစအဆုံး စိတ်ရောကိုယ်ပါ နှစ်ပြီး လုပ်ထားတာပါ"

တစ်ဖက်တွင်လည်း လျူဝူနှင့် ဟူဖန်တို့သည် နောက်ဖေးဝင်းထဲတွင် ခွေးလေးနှင့် ကစားနေကြ၏။ လျူဝူသည် ဟူဖန်နှင့် စကားပြောခွင့်ရသဖြင့် တော်တော်လေး ပျော်ရွှင်နေပုံရသည်။

"ဒီခွေးလေးက တော်တော်လိမ္မာတာပဲနော် ကျဲ"

"အင်း... သူက အရမ်းလည်း ဖော်ရွေတယ်"

ဟူဖန်က ပြုံးလျက် ပြန်ဖြေသည်။

မကြာမီတွင် မီးဖိုချောင်ဘက်မှ ဟင်းနံ့များ မွှေးပျံ့လာ၏။ နေ့လယ်စာစားရန် အချိန်နီးကပ်လာပြီဖြစ်ရာ အားလုံးက ထမင်းစားခန်းဘက်သို့ တဖြည်းဖြည်း စုရုံးလာကြတော့သည်။

"မင်းက ထမင်းတစ်နပ်အတွက် ကျန်နေတာ မဟုတ်ဘူးဆိုရင် ပြန်လိုက်တော့လေ!"

လောင်စစ်က အော်ထုတ်သည်။

"ငါက ထမင်းအတွက် မဟုတ်ပါဘူး။ ဆိုင်မှာပဲ နေချင်လို့ပါဆို!"

လောင်ဝူက ပြန်ပြောသည်။

"မင်းမှာ ပိုက်ဆံတစ်ပြားမှ မရှိဘဲနဲ့ ဆိုင်မှာမနေလို့ ဘယ်သွားမှာလဲ!"

လောင်စစ်က ဆို၏။

"မင်း အဲ့ဒါကို နောက်တစ်ခါ ထပ်ပြောကြည့်ဦး!"

လောင်ဝူ၏ မျက်လုံးများ ပြူးကျယ်သွား၏။

"နောက်တစ်ခါလား! နောက်တစ်ခါ ပြောမယ်။ နောက်တစ်ခါ ထပ်ပြောမယ်! နှစ်ခါ၊ သုံးခါတောင် ပြောဦးမယ်!"

လောင်စစ်ကလည်း အသံကို မြှင့်လိုက်သည်။

"အို... ဒုက္ခပါပဲ"

ဟူဖန်က စားပွဲပေါ်ထောက်ကာ နားထင်ကို ဖိလျက် ဆို၏။

"ငါတော့ ဆက်နားမထောင်နိုင်တော့ဘူး"

"ထမင်းတစ်နပ်အတွက် ငြင်းခုန်နေကြတဲ့ လူမိုက်နှစ်ယောက်ပါပဲ"

ဆွန်နာနာက ဆိုသည်။

"အပြင်ထွက်ပြီး သွားငြင်းကြစမ်း"

ချန်အာဟူ ဝင်ကာ မောင်းထုတ်လိုက်သည်။ လောင်စစ်နှင့် လောင်ဝူတို့သည် ချက်ချင်းပင် လှည့်ထွက်သွားကြတော့သည်။

"သူတို့ အပေါ်ထပ်ကို တက်သွားကြပြီလား"

ချန်ကျန့်က ရှန်ယွီနှင့် သူ၏မိသားစုကို မမြင်ရသဖြင့် ပတ်ဝန်းကျင်ကို ဝေ့ကြည့်ကာ မေးမြန်းလိုက်၏။

"အင်း... တက်သွားတာ ကြာပြီ"

ဟူဖန်က ခေါင်းညိတ်ပြသည်။

"လိုက်ကြည့်နေကြတာလေ။ ဒီမှာ ကြည့်စရာတွေ ရှိတယ်မဟုတ်လား။ စာကြည့်ခန်းတို့၊ အားကစားခန်းမတို့၊ ရှုခင်းကြည့်ဝရန်တာတို့၊ ပြီးတော့ ဘော့စ်ရဲ့ ရုံးခန်းတို့ပေါ့..."

"ဪ"

ချန်ကျန့်က ပြန်ထူးလိုက်၏။ အခြားအရာများမှာ ပြဿနာမရှိသော်လည်း ဘော့စ်ရုံးခန်းကိုပါ လိုက်ပြနေကြသည်လား။ ၎င်းမှာ ပုံမှန်ပင် ဖြစ်သော်လည်း သူတို့သည် မိမိသား၏ ရုံးခန်းကို ကြည့်ရှုကြမည်မှာ အသေအချာပင်။ လျူဝူကဆိုလျှင် ရုံးခန်းထဲရှိ အိပ်ခန်းထဲမှာပင် အိပ်မည်ဟု ဆိုထားသေးသည်။

အိပ်ခန်း!

ချန်ကျန့်၏ မျက်လုံးအိမ်မှာ ထိုခဏတွင်ပင် ကျဉ်းမြောင်းသွား၏။

"ကျွန်တော် အပေါ်ကို တက်ကြည့်လိုက်ဦးမယ်"

သူက ဆိုကာ လှေကားဘက်သို့ အပြေးအလွှား သွားတော့သည်။

"ညစာက အဆင်သင့်ဖြစ်တော့မှာနော်။ သူတို့ကို ဆင်းလာခဲ့ဖို့ ပြောလိုက်ဦး"

ဆွန်နာနာက လှမ်းပြော၏။

"ဟုတ်"

ချန်ကျန့်က ပြန်ပြောလိုက်သော်လည်း ရှန်ယွီ တစ်ယောက် အိပ်ခန်းကို သေသေချာချာ သိမ်းဆည်းထားရဲ့လားဆိုသည်ကို သူ မဝေခွဲနိုင်ပေ။ ရှန်ယွီ၏ "ကိုယ့်ဘာသာကိုယ် ဘာဖြစ်ဖြစ် ဂရုမစိုက်" တတ်သည့် စရိုက်နှင့်ဆိုလျှင် တကယ်ကို မသေချာလှပေ။

ကုတင်ဘေးက စားပွဲ... ကုတင်ဘေးက စားပွဲ...

ဘော့စ်က ဂရုမစိုက်သော်လည်း မန်နေဂျာကမူ စိတ်ပူနေရ၏။ အရှက်ကွဲလျှင် ရှန်ယွီ မဟုတ်ဘဲ ချန်ကျန့်သာ အရှက်ကွဲမည် မဟုတ်ပါလား။

ချန်ကျန့်သည် စတုတ္ထထပ်သို့ လေအဟုန်ဖြင့် ပြေးတက်သွား၏။ အထပ်တိုင်းတွင် အသံရှိမရှိ နားစွင့်သော်လည်း ဘာမှ မကြားရပေ။ စတုတ္ထထပ် လှေကားထိပ်သို့ ရောက်သောအခါမှ ပရော်ဖက်ဆာရှန်၏ အသံကို ရုတ်တရက် ကြားလိုက်ရသည်။

"ဒီဝရန်တာက နေရောင်ခြည်ကောင်းကောင်း ရတဲ့နေရာပဲ..."

ချန်ကျန့်က ခြေလှမ်းများကို ချက်ချင်းရပ်လိုက်ပြီး လှေကားထိပ်ရှိ နံရံကို မှီကာ ထိုဘက်မှ စကားသံများကို နားထောင်နေမိ၏။

"ရာသီဥတု အေးတဲ့အခါဆိုရင် ဒီနေရာက အသုံးဝင်တယ်လေ။ ဧည့်သည်တွေက ဒီမှာ နေပူစာလှုံရတာကို သဘောကျကြတယ်"

ရှန်ယွီ၏ အသံမှာ ဝရန်တာဘက်သို့ ဝင်သွားသည့်ဟန်ဖြင့် တဖြည်းဖြည်း တိုးဝင်သွားတော့သည်။

ခေတ္တအကြာတွင် လူအားလုံး၏ အသံများသည် အထဲသို့ ဝင်သွားကြ၏။

ချန်ကျန့်သည် တည်ငြိမ်အေးဆေးသော ခြေလှမ်းများဖြင့် လှေကား၏ နောက်ဆုံးအဆင့်သို့ တက်လှမ်းလိုက်သည်။ သူ လှမ်းကြည့်လိုက်ရာ ထိုနေရာတွင် မည်သူမျှ မရှိတော့ဘဲ အားလုံး အထဲသို့ ဝင်သွားကြပြီ ဖြစ်၏။ ထို့နောက် သူသည် ရှန်ယွီ၏ ရုံးခန်းရှိရာသို့ အမြန်ပြေးသွားတော့သည်။

ရုံးခန်းတံခါးမှာ ဟဟလေး ပွင့်နေဆဲ။

သူသည် တံခါးကို တွန်းဖွင့်လိုက်ပြီး အိပ်ခန်းရှိရာသို့ တန်းတန်းမတ်မတ် သွားလိုက်သည်။ အိပ်ခန်းတံခါးမှာလည်း ပိတ်ထားခြင်း မရှိပေ။ သူ ပထမဆုံး လှမ်းကြည့်လိုက်သည်မှာ ကုတင်ဘေးရှိ စားပွဲခုံပေါ်သို့ ဖြစ်၏။ တွေးထားသည့်အတိုင်းပင်!

အရာအားလုံးသည် မူလအတိုင်း ရှိနေဆဲ။

သူသည် စားပွဲနားသို့ သွားကာ အံဆွဲကို ဆွဲဖွင့်လိုက်ပြီး စားပွဲပေါ်ရှိ ပစ္စည်းအားလုံးကို အံဆွဲထဲသို့ သိမ်းကျုံးထည့်လိုက်၏။ ထိုအခါမှသာ သူသည် သက်ပြင်းချနိုင်တော့သည်။

သူသည် အိပ်ခန်းထဲမှ ထွက်လာစဉ် တံခါးကိုလည်း တစ်ခါတည်း ပိတ်ခဲ့လိုက်၏။ သို့သော် သူ ရုံးခန်းထဲမှ ထွက်ရန် ပြင်လိုက်စဉ်မှာပင် စင်္ကြံလမ်းဘက်မှ စကားပြောသံများကို ကြားလိုက်ရသည်။

ထိုရှုခင်းကြည့်ဝရန်တာက ဒီလောက်တောင် သေးနေသလား။ နှစ်မိနစ်လောက်တောင် လှည့်ပတ်ကြည့်ရှုစရာ မရှိဘူးလား။ အထဲကို တစ်ပတ်ပတ်ကြည့်ရုံနဲ့ ဘယ်လိုလုပ် ချက်ချင်း ပြန်ထွက်လာကြတာလဲ။

အကယ်၍ သူသာ ယခုအချိန်တွင် အပြင်သို့ ထွက်သွားပါက သူတို့နှင့် တည့်တည့်တိုးပေတော့မည်။ ၎င်းမှာ အနည်းငယ် အနေရခက်စရာ ကောင်းလှ၏။

ဘာအကြောင်းကြောင့်မှ မရှိဘဲ မန်နေဂျာတစ်ယောက်က ဘော့စ်ရုံးခန်းထဲမှာ ဘာလုပ်နေသနည်းဟု အမေးခံရနိုင်သည် မဟုတ်ပါလား။

အဓိကအချက်မှာ ဘော့စ်ကိုယ်တိုင်ပင် ထိုနေရာ၌ မရှိခြင်း ဖြစ်၏။

ပုန်းနေရမလား။ ရုံးခန်းက အလွန်သေးငယ်သဖြင့် အရွယ်ရောက်ပြီးသူ တစ်ယောက် ပုန်းကွယ်နေရန် နေရာမရှိပေ။

အာ့ကော ကို အစာကျွေးနေဟန် ဆောင်နေရမလား။

ချန်ကျန့်သည် အာ့ကော၏ မှန်အိမ်ရှိရာသို့ အပြေးအလွှား သွားလိုက်၏။ သူသည် ပိုးစာကောင်အချို့ကို ယူရန် ပြင်လိုက်ပြီးမှ ပြန်လည်ရပ်တန့်သွားသည်။ ဤနေရာမှနေ၍ စင်္ကြံလမ်းရှိ စကားပြောသံများကို အတိုင်းသား ကြားနေရ၏။ အကယ်၍ ဘော့စ်လာနေသည်ကို ကြားပါလျက်နှင့် ဤနေရာ၌ တုတ်တုတ်မလှုပ်ဘဲ အိမ်မြှောင်အစာကျွေးဟန် ဆောင်နေလျှင် တကယ့်ကို လုပ်ဇာတ်ခင်းနေသလို ဖြစ်မနေပေဘူးလား။

ထို့ကြောင့် သူသည် နှစ်စက္ကန့်ခန့် ငြိမ်သက်စွာ ရပ်နေပြီးနောက် တံခါးဘက်သို့ လှည့်၍ လျှောက်သွားလိုက်သည်။ ဘာပဲဖြစ်ဖြစ် ဖြစ်ချင်ရာဖြစ်တော့ဟု သူ ဆုံးဖြတ်လိုက်၏။

လူတိုင်းက ရယ်မောနေကြချိန်မှာ ငါတစ်ယောက်တည်း ဘာလို့ သူခိုးတစ်ယောက်လို ပြုမူနေရမှာလဲ။ ဘာလို့ ဒီလောက်တောင် အနေရခက်နေရမှာလဲ။

သူ တံခါးဘက်သို့ ခြေလှမ်းနှစ်လှမ်းခန့် လှမ်းလိုက်ချိန်မှာပင် ရုံးခန်းတံခါးမှာ ပွင့်သွားပြီး ရှန်ယွီ ဝင်လာခဲ့သည်။ ချန်ကျန့်သည် ထိုနေရာ၌ပင် ကြက်သေ သေသွားတော့၏။

"ငါ့ကို ရှာနေတာလား။"

ရှန်ယွီသည် အနည်းငယ် အံ့အားသင့်သွားပုံရသော်လည်း အလွန်ပင် သဘာဝကျကျနှင့် ပုံမှန်အတိုင်းပင် မေးမြန်းလိုက်သည်။

"ဟုတ်ကဲ့။"

ချန်ကျန့်က ရှန်ယွီ၏နောက်မှ လိုက်ပါလာသော ဥက္ကဋ္ဌလျူကို လှမ်းကြည့်လိုက်၏။

"ဥက္ကဋ္ဌလျူ... လိုက်ကြည့်ရတာ အဆင်ပြေရဲ့လားဗျ။"

"အရမ်းကောင်းပါတယ်"

ဥက္ကဋ္ဌလျူက ပြုံးလျက် ဆို၏။

"သားက ဒီနေရာကို အမြဲတမ်း စီမံခန့်ခွဲနေတာဆိုတော့ ပိုသိမှာပေါ့။ ရှန်ယွီကတော့ အများကြီး မသိဘူးကွယ်။ အန်တီ ဘာမေးမေး သူက ဘာမှ မသိဘူး ဖြစ်နေတယ်။"

"ဒါက ပုံမှန်ပါပဲဗျာ"

ချန်ကျန့်က ဝေခွဲမနေဘဲ ချက်ချင်းပင် တုံ့ပြန်လိုက်၏။

"ဧည့်သည်တွေ မေးရင်လည်း သူက ဒီအတိုင်းပဲ ပြန်ဖြေတာလေ။"

ဥက္ကဋ္ဌလျူက ပြုံးလျက် ရှန်ယွီအား တစ်ချက် လှမ်းကြည့်လိုက်သည်။

ဟင်။ ဒါက မဟုတ်သေးပါဘူး။ ငါ ဘော့စ် ကို အားနာသင့်တာ မဟုတ်လား။

"ဒါပေမဲ့ အရေးကြီးတဲ့ ကိစ္စမှန်သမျှကိုတော့ ဘော့စ်ပဲ ကိုင်တွယ်ရတာပါ။ မီးပုံပွဲတော်တုန်းကလည်း သူပဲလေ။ ဒီတစ်ခေါက် မြို့နယ် ယဉ်ကျေးမှုနဲ့ ခရီးသွားလာရေး ဗျူရိုက လာတုန်းကလည်း သူသာမရှိရင် အဆင်ပြေမှာ မဟုတ်ဘူး။ ကျွန်တော်တို့ဆိုရင် တခြားတည်းခိုခန်းတွေနဲ့ ပြဿနာတက်ရင်... အဲ့ဒီလို ပူးပေါင်းဆောင်ရွက်မှုမျိုးတွေမှာ သိပ်မတော်ကြဘူးဗျ"

ရှန်ယွီက ပြုံးလိုက်၏။

"အဲ့ဒါတော့ ဟုတ်တယ်"

လျူဝူ၏ မိခင်က ခေါင်းညိတ်ရင်း ဆိုသည်။

"ဒီလို ပါးနပ်တာ၊ ဒီလို ဦးနှောက်ကောင်းတာတွေကတော့ သူ့အမေဆီက အကုန်ရထားတာပဲ"

"မင်း အိမ်မြှောင် နောက်တစ်ကောင် ထပ်ရထားတာလား"

ဥက္ကဋ္ဌလျူက အာ့ကော၏ မှန်အိမ်ရှိရာသို့ လျှောက်သွားရင်း မေး၏။

"ချန်ကျန့် ပေးထားတာပါ"

ရှန်ယွီက ဆိုသည်။

"မင်းရဲ့ အဟောင်းလေးနဲ့ တော်တော်တူတာပဲ"

ဥက္ကဋ္ဌလျူက ငုံ့ကြည့်ရင်း ဆို၏။

"နည်းနည်းလေး ပိုသေးတာပဲ ရှိတယ်"

"ဒါ ဝူလေး သေအောင်မွေးလိုက်တဲ့ ကောင်လေးလား"

လျူဝူ၏ မိခင်ကလည်း အနားသို့ လာကြည့်ရင်း ဆိုသည်။

"ဪ... တကယ်တူတာပဲ။ ဒါလေးလည်း ချစ်စရာကောင်းသား"

"ဒီပြတင်းပေါက် နှစ်ချပ်ကနေဆိုရင် ရှေ့ဝင်းတစ်ခုလုံးကို အကုန်မြင်ရမှာပဲနော်"

ပရော်ဖက်ဆာရှန်က ပြတင်းပေါက်နားတွင် ရပ်ပြီး အောက်သို့ ငုံ့ကြည့်ကာ ဆို၏။

"ဟုတ်ကဲ့၊ ကျွန်တော် ဒီမှာရပ်ပြီး ခဏခဏ ကြည့်ဖြစ်တယ်"

ရှန်ယွီက ဆိုသည်။

"မင်းရဲ့ အထက်တန်းကျောင်းတုန်းက အတန်းပိုင်ဆရာမကြီး အတိုင်းပဲ"

ပရော်ဖက်ဆာရှန်က ဆို၏။ ရှန်ယွီက နှုတ်ခမ်းတစ်ချက် စေ့လိုက်သည်။

"ဒါဆိုရင် ဦးဦးနဲ့ ဒေါ်လေးတို့ကို လိုက်ပြပေးလိုက်ဦးနော်။ ကျွန်တော် အရင်ဆင်းသွားတော့မယ်"

ချန်ကျန့်က ရှန်ယွီအား ခွင့်တောင်းသလို ပြောလိုက်သည်။

"ထမင်းလည်း အဆင်သင့်ဖြစ်ပြီဆိုတော့ ခဏနေရင် ဆင်းလာခဲ့ကြလေ"

"အတူတူ ဆင်းကြတာပေါ့"

လျူဝူ၏ မိခင်က ဆို၏။

"အကုန်လည်း မြင်ပြီးပြီပဲ။ ဘော့စ်ရုံးခန်းထဲမှာ ဒီတိုင်း လျှောက်သွားနေရတာလည်း မကောင်းပါဘူး"

"မင်းသားက လျှောက်သွားနေရုံတင် မဟုတ်ဘူး၊ ဒီမှာပဲ နေတော့မှာလေ"

ဥက္ကဋ္ဌလျူက ဆိုသည်။

"အဲ့ဒါ အိပ်ခန်းလား"

လျူဝူ၏ မိခင်က အိပ်ခန်းတံခါးကို ညွှန်ပြကာ မေး၏။

"ဟုတ်ကဲ့"

ရှန်ယွီက ပြန်ဖြေရင်း ထိုဘက်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။ ထို့နောက် ချန်ကျန့်ဘက်သို့ လှည့်ကာ အဓိပ္ပာယ်ပါသော အပြုံးလေးဖြင့် ကြည့်လိုက်၏။

ဘာကို ပြုံးနေတာလဲ။ မင်းက ပြုံးနိုင်သေးတယ်ပေါ့လေ!

အောက်ထပ်သို့ ဆင်းသောအခါ ရှန်ယွီသည် ဓာတ်လှေကားကို မစီးဘဲ ချန်ကျန့်နှင့်အတူ လှေကားမှ လမ်းလျှောက်ဆင်းခဲ့သည်။

"မင်းရဲ့ ကုတင်ဘေးက စားပွဲပေါ်မှာ ဘာတွေရှိနေလဲ မင်းသိရဲ့လား"

ချန်ကျန့်က အသံတိုးတိုးဖြင့် မေးလိုက်၏။

"သိတာပေါ့"

ရှန်ယွီက ဆိုသည်။

"သိရက်နဲ့ လူတွေကို ရုံးခန်းထဲ ခေါ်လာတာလား"

ချန်ကျန့်က သူ့ကို ကြည့်လိုက်၏။

"သူတို့ အထဲကို ဝင်မှာမှ မဟုတ်တာ"

ရှန်ယွီက တကယ်ကို သေချာနေပုံ။

"မင်းက တံခါးတောင် မပိတ်ထားဘူးလေ။ သူတို့ အထဲဝင်ဖို့ မလိုဘူး၊ တံခါးဝကနေ လှမ်းကြည့်လိုက်ရုံနဲ့ မြင်နေရပြီ!"

"ငါ တံခါးမပိတ်ခဲ့ဘူးလား"

ရှန်ယွီက ခဏစဉ်းစားပြီးနောက်…

"ငါ ပိတ်ခဲ့တယ်လို့ ထင်တာပဲ"

"မပိတ်ခဲ့ဘူးဗျ!"

ချန်ကျန့်က အသံနှိမ့်ကာ ဟောက်လိုက်၏။ ရှန်ယွီက ရုတ်တရက် ရယ်မောလိုက်ပြီး ချန်ကျန့်၏ ပုခုံးကို ဖက်ကာ လှုပ်လိုက်သည်။

"ဟေး... မင်းက သရုပ်ဆောင်တစ်ယောက်လိုပဲလို့ ငါထင်ခဲ့တာ။ ငါ့မှာ ဒီလောက် စေ့စပ်သေချာတဲ့ မန်နေဂျာရှိနေတာ တကယ်ကံကောင်းတာပဲ"

"မြှောက်ပင့်မနေပါနဲ့ဗျာ"

"အဲ့ဒီလောက်တောင် ယဉ်ကျေးနေတာလား"

နေ့လယ်စာကတော့ တော်တော်လေးကို ပေါ့ပေါ့ပါးပါးပါပဲ။ ဖက်ထုပ်တွေ၊ အသုပ်ပန်းကန်ကြီးတစ်လုံးနဲ့ အမဲသားနှပ်တွေ ပါတဲ့ သာမန်ထမင်းဝိုင်းလေးပါပဲ။

ဒါ့အပြင် အားလုံးကလည်း တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးနေကြပြီး ရှန်ယွီရဲ့ မိသားစုကလည်း တကယ်ကို အရှိန်အဝါ မပြကြပါဘူး။ ဟူဖန်နဲ့ ဆွန်နာနာတို့ကတော့ ကယ်တင်ရှင်တွေပါပဲ။ တစ်ယောက်က စကားပြောကောင်းပြီး နောက်တစ်ယောက်ကလည်း အလိုက်အထိုက် နေတတ်၏။ အဲ့ဒီထဲမှာ စကားများတဲ့ လျူဝူနဲ့ သူနဲ့အပြိုင် စကားပြောပေးရသည့် ဆန်ပင်းတို့ပါ ပေါင်းလိုက်တော့...

နေ့လယ်စာ ဝိုင်းလေးက ပျော်စရာကောင်းပြီး အေးအေးလူလူနှင့် ပြီးသွားသည်။

ထမင်းစားပြီးနောက် အားလုံးက အခန်းအသီးသီးကို ပြန်သွားကြလျက်။ လျူဝူရဲ့ မိခင်က နေ့လယ်ဘက် ခဏအိပ်တတ်တဲ့ အလေ့အကျင့် ရှိသည်။ အချိန်က နည်းနည်းကျော်နေပြီ ဆိုပေမဲ့လည်း သူကတော့ ခဏတဖြုတ် မှေးဦးမှာပါ။

ပရော်ဖက်ဆာရှန်က ငါးဖမ်းထွက်မည်ဖြစ်ပြီး ဥက္ကဋ္ဌလျူကတော့ လေတပ် နေရာကို သွားလည်မည်။ လျူဝူရဲ့ ဖခင်ကတော့ စားဖိုမှူးချန် နဲ့အတူ ရွာထဲကို လိုက်ကြည့်ဖို့ ပြင်နေသည်။ စားဖိုမှူးချန်က ရွာထဲမှာ တောင်ပေါ်ထွက်ကုန်တွေ ရောင်းတဲ့ ဆိုင်လေးတွေ အများကြီးရှိတယ်လို့ ပြောတာကြားလို့ သူက သွားဝယ်ချင်နေတာပါ။

"ကျွန်တော် ပရော်ဖက်ဆာရှန်နဲ့ ငါးဖမ်းတာကို လိုက်ပေးရမလား"

ချန်ကျန့်က မေး၏။

"မင်း သူ့ကို ငါးဖမ်းဖို့ နေရာကောင်း ရှာပေးလို့ရတယ်လေ"

ရှန်ယွီက ဆိုသည်။

"ငါကတော့ ဘာမှ မသိတဲ့သူ ဖြစ်နေတာ မဟုတ်လား"

"ဟုတ်ကဲ့"

ချန်ကျန့်က ခေါင်းညိတ်လိုက်ပြီးမှ ခဏစဉ်းစားကာ ရှန်ယွီ့ကို ကြည့်လိုက်သည်။

"မင်းရော လိုက်မှာလား"

"ပေါက်ကရတွေ…ငါသာ မလိုက်ရင် မင်း မြစ်နားမရောက်ခင်မှာတင် မူးလဲသွားမှာ စိုးလို့ပါ။ ငါ့အဖေက ကိုယ့်ဖိနပ်တောင် ကိုယ်ရှာမတွေ့တဲ့ ပညာတတ်ကြီးလေ။ သူ မင်းကို ပွေ့မသယ်နိုင်ဘူး။"

ချန်ကျန့် ရယ်မောလိုက်မိသည်။

"ဒီလောက်ကြီးလည်း မဟုတ်ပါဘူးဗျာ။ ကျွန်တော် အခုတော့ ကျင့်သားရနေပါပြီ။"

"ဒါဆို ငါမလိုက်တော့ဘူး" ရှန်ယွီက ပြန်စလိုက်၏။

"လျှောက်မလုပ်ပါနဲ့။ ကျွန်တော် အခု လောလောဆယ် နောက်ပြောင်တာတွေကို လက်ခံနိုင်တဲ့ အခြေအနေမှာ မဟုတ်ဘူး။"

ရှန်ယွီက တော်တော်ကြာအောင် ရယ်မောနေခဲ့သည်။

ချန်ကျန့်၏အဖေက လျူဝူ၏ဖခင်ကို ခေါ်ကာ ချန်ကျန့်၏ဆိုင်ကယ်ဖြင့် ရွာထဲသို့ ထွက်သွားကြ၏။ ရှန်ယွီကမူ ကားမောင်းပြီး ဥက္ကဋ္ဌလျူနှင့် သူမ၏ ခင်ပွန်းကို မြစ်ကမ်းဘက်သို့ ခေါ်သွားခဲ့သည်။ ငါးဖမ်းရန်အတွက် အကင်စားသည့်နေရာဘက်သို့ သွား၍မရသဖြင့် မြစ်ကမ်းဘေးအတိုင်း မောင်းနှင်ကာ ရွာအစွန်ရှိ တောအုပ်နားအထိ သွားကြရ၏။

ရောက်ခါနီးအချိန်တွင် ရှန်ယွီ၏ဖုန်း မြည်လာသည်။ ဒါရိုက်တာလု ပို့လိုက်သော ခွေးလေး ရောက်လာပြီ ဖြစ်၏။

"ခဏနေရင် ငါသွားကြိုလိုက်မယ်"

ရှန်ယွီက ဘေးတွင်ထိုင်နေသော ချန်ကျန့်ကို တစ်ချက်ကြည့်ရင်း ဆိုသည်။

"ပြီးမှ ပြန်လာခဲ့မယ်။"

"အင်း"

ချန်ကျန့်က တည်တည်ငြိမ်ငြိမ်ပင် ပြောလိုက်သော်လည်း အနည်းငယ်တော့ ရုန်းကန်ကြည့်သေးသည်။

"လမ်းသိရဲ့လား။ မသိရင် ကျွန်တော် သွားကြိုပေးမယ်လေ။"

"လမ်းသိပါတယ်"

"ကောင်းပါပြီ"

ချန်ကျန့် ခေါင်းညိတ်လိုက်သည်။ နေရာသို့ ရောက်သောအခါ လူစုသည် ကားပေါ်မှ ဆင်းကြ၏။ အချိန်ကုန်သက်သာစေရန်နှင့် အမြန်ပြန်လာနိုင်ရန်အတွက် ရှန်ယွီသည် ကားပေါ်မှပင် မဆင်းတော့ဘဲ ကားကို ချက်ချင်း လှည့်မောင်းထွက်သွားတော့သည်။ ချန်ကျန့်က ပရော်ဖက်ဆာရှန်၏ ငါးဖမ်းကိရိယာအိတ်ကို ကောက်ယူကာ ပုခုံးတွင် လွယ်လိုက်၏။

"ဦးလေးဘာသာ သယ်ပါ့မယ်ကွယ်"

"ရပါတယ်ဗျာ၊ဒီလမ်းက လျှောက်ရတာ သိပ်မလွယ်ဘူး။"

"ဦးလေးလည်း တစ်ခါတလေ မြစ်ဘက်ကို..." ပရော်ဖက်ဆာရှန် စကားမဆုံးခင်မှာပင် ကျောက်ခဲလုံးတစ်လုံးကို နင်းမိကာ ချော်သွားတော့၏။ အောက်ကို ငုံ့ကြည့်ရင်း…

"အင်း... အလုပ်ရှုပ်သွားစေပြီ၊ ကျေးဇူးပါပဲကွယ်။"

"ဟိုးရှေ့ တောအုပ်စပ်နားမှာလေ" ချန်ကျန့်က ရယ်ချင်စိတ်ကို အောင့်ထားရင်း ဆိုသည်။

"အဲ့ဒီမှာ ရေဝဲလေးတစ်ခု ရှိတယ်၊ ငါးတွေလည်း ရှိတယ်။ ရှောင်သိုအာရဲ့ အဖိုးက အမြဲတမ်း အဲ့ဒီမှာ ငါးဖမ်းတာလေ။ သူက အားရင် အဲ့ဒီမှာ ငါးစာ သွားကျွေးတတ်တယ်"

"ဒီက ရှုခင်းက တကယ်လှတာပဲ"

ဥက္ကဋ္ဌလျူက ပတ်ဝန်းကျင်ကို ဝေ့ကြည့်ရင်း ဆို၏။

"ချန်ကျန့်လေးက ဒီမှာပဲ ကြီးပြင်းလာတာလား။"

"ဟုတ်ကဲ့၊အလယ်တန်းတက်မှ မြို့ပေါ်ကို ရောက်တာပါ။"

"တည်းခိုခန်းက ကလေးတွေကလည်း အကုန်လုံး ဒီရွာကပဲလား"

ဥက္ကဋ္ဌလျူက ထပ်မံမေးမြန်း၏။

"မိန်းကလေး နှစ်ယောက်ကလွဲရင် ချန်အာဟူ၊ ဆန်ပင်းနဲ့ ကျန်တဲ့သူတွေကတော့ ကျွန်တော်တို့ ရွာကချည်းပါပဲ" ချန်ကျန့်က ပြုံး၍ ဆိုသည်။

"သူတို့တွေ အပြင်ထွက်ပြီး အလုပ်လုပ်ဖို့ စိတ်မကူးကြဘူးလား" ဥက္ကဋ္ဌလျူက ထပ်မေးပြန်၏။

နေရာသို့ ရောက်ရှိသွားကြပြီ ဖြစ်သည်။ ချန်ကျန့်က ငါးဖမ်းအိတ်ကို မြေကြီးပေါ်ချလိုက်ပြီး ပရော်ဖက်ဆာရှန် ထိုင်ရန်အတွက် ရေစပ်နားရှိ ကျောက်တုံးကြီးတစ်တုံးကို ရွှေ့ပေးလိုက်၏။

"ကျွန်တော့်အတွက်ကတော့... အခြေအနေက ခွင့်မပြုခဲ့လို့ပါ"

ချန်ကျန့်က ဥက္ကဋ္ဌလျူ၏ ဘေးတွင်ရပ်ရင်း ရှင်းပြလိုက်သည်။

"သူတို့ကတော့... ရှန်ယွီသာ မရှိရင် မြို့ငယ်လေးထဲမှာပဲ အချိန်ဖြုန်းနေကြဦးမှာပါ။"

"အဲ့ဒီလိုလား" ဥက္ကဋ္ဌလျူက စဉ်းစားဟန်ဖြင့် ခေါင်းညိတ်သည်။

"သူတို့အားလုံးက ရှန်ယွီကို လေးစားကြတယ်။ ရှန်ယွီ တစ်ယောက်တည်းကပဲ သူတို့ကို အခွင့်အရေး ပေးချင်တာလေ။ သူတို့တင် မဟုတ်ဘူး။ မြို့ထဲက တည်းခိုခန်းပိုင်ရှင်တွေတောင် သူ့ကို လက်ခံထားကြတာ။ ဒါက ရိုးရိုးလေးစားရုံတင် မဟုတ်ပါဘူး။"

"ဘယ်လိုမျိုးလဲဟင်" ဥက္ကဋ္ဌလျူက ပြုံးလျက် မေးမြန်း၏။

"ချန်အာဟူတို့က သူ့ကို အထင်ကြီး လေးစားကြတာ"

ချန်ကျန့်က ခဏစဉ်းစားပြီးနောက်…

"ချန်အာဟူရဲ့ လူတွေကတော့ သူ့ကို အရှုံးပေးသွားကြတာပေါ့။"

"အရှုံးပေးတယ်" ဥက္ကဋ္ဌလျူက မျက်ခုံးပင့်ကာ မေး၏။

"တကယ်ကြီး အရိုက်ခံရတာမျိုး မဟုတ်ပါဘူး"

ချန်ကျန့်က လက်ဟန်ခြေဟန်ဖြင့် အလျင်အမြန် ရှင်းပြသည်။

"ဒါက စကားအဖြစ် ပြောတာပါ။"

တကယ်တမ်း အရိုက်ခံခဲ့ရသူများမှာ ချန်အာဟူနှင့် အဖွဲ့သားများသာ ဖြစ်သည်။

"နားလည်ပြီ" ဥက္ကဋ္ဌလျူက ရယ်မောလိုက်ပြီးနောက်

"သူ ဒီမှာ ဒီလောက်အထိ အဆင်ပြေပြေ လုပ်နိုင်လိမ့်မယ်လို့ အန်တီ မထင်ထားခဲ့ဘူး။" ဟု လေးလေးနက်နက် ပြောလာ၏။

"တကယ်ကို ထူးထူးခြားခြား အဆင်ပြေနေတာပါ"

"သူ တကယ်ပဲ တစ်ယောက်ယောက်ကို ရိုက်ခဲ့တာတော့ မဟုတ်ပါဘူးနော်။ ဘာမှ မလုပ်ဘဲ အဆင်ပြေတယ် ဆိုတာ…အဲ့ဒါက သူ့စတိုင် မဟုတ်ဘူးလေ။"

ဒါက ပြောပြသင့်တဲ့ အကြောင်းအရာမျိုးလား။ ချန်ကျန့်က ဥက္ကဋ္ဌလျူကို တစ်ချက်ကြည့်လိုက်၏။ ရှန်ယွီ ရန်ဖြစ်တာနဲ့ ပတ်သက်ပြီး ဥက္ကဋ္ဌလျူက သိပ်ပြီး အဆိုးမြင်ပုံမရတာကို သူ သတိထားမိလိုက်သည်။

"ဟို... တကယ်တော့" ချန်ကျန့်က ဝေခွဲမရဖြစ်နေပြီးမှ သတိထားကာ ဝန်ခံလိုက်ရတော့၏။

"သူ ရိုက်ခဲ့ဖူးပါတယ်ခင်ဗျာ။"

"ငါ ထင်သားပဲ" ပရော်ဖက်ဆာရှန်က ကျောက်တုံးပေါ်မှာ ထိုင်ပြီး ငါးစာချိတ်ရင်း ပြောလိုက်သည်။

"သူ့စရိုက်နဲ့ဆိုရင်တော့ လူကို နားဝင်အောင် ပြောနေတာထက်စာရင် အနိုင်ရိုက်ပြီး လက်ခံလာအောင် လုပ်မှာပဲ။"

"ရိုက်လိုက်တာက ပိုပြီး ထိရောက်တာကိုး"

အမေဖြစ်သူကတော့ သားဘက်ကပဲ။

ဒါက အလိုလိုက်လွန်းရာ မရောက်ဘူးလား... ဒါ ရန်ဖြစ်တာလေ! ရန်ဖြစ်လို့ ရဲစခန်းရောက်လိုက်၊ ဆေးရုံရောက်လိုက် ဖြစ်နေတာ အကြိမ်ကြိမ်ပါပဲ ဥက္ကဋ္ဌလျူရယ်။

"ဒါပေမဲ့ အခုတော့ သူ ရန်မဖြစ်တော့ပါဘူး"

"အခု သူလုပ်နေတဲ့ အရာတွေက ရန်ဖြစ်ရုံနဲ့ ဖြေရှင်းလို့ရတဲ့ အရာတွေမှ မဟုတ်တာ"

ဥက္ကဋ္ဌလျူက ပြုံးလိုက်၏။

"ကိစ္စတစ်ခုနဲ့တစ်ခုက ဖြေရှင်းပုံချင်း မတူကြဘူးလေ။"

"ဟုတ်ကဲ့ အဲ့လိုပေ့ါ"

"မင်းတို့ နှစ်ယောက် ခဏလောက် တိတ်တိတ်နေပေးကြပါဦး"

ပရော်ဖက်ဆာရှန်က လက်မြှောက်ပြီး အချက်ပြလိုက်၏။

"ငါးတွေ လာနေပြီလို့ ခံစားရလို့။"

"ကျွန်မတို့ တကယ်ကြီး တိတ်တိတ်နေလိုက်ရင် ခဏနေ ငါးတစ်ကောင်မှ မမိတဲ့အခါ ရှင့်မှာ ဆင်ခြေပေးစရာ ရှိမှာမဟုတ်တော့ဘူးနော်"

"ဒီရွာမှာ ငါးရောင်းတဲ့ ဦးလေးတစ်ယောက် ရှိပါတယ်။ တကယ်လို့ ငါးမမိရင် သူ့ဆီမှာ သွားဝယ်လို့ ရတာပဲ..."

"ဟင်"

ပရော်ဖက်ဆာရှန်က ခေါင်းလှည့်ကြည့်လာသည်။ ဥက္ကဋ္ဌလျူက ရုတ်တရက် ရယ်မောလိုက်၏။

"ဟား ဟား သား ဘယ်လိုသိတာလဲ။ ရှန်ယွီ ပြောပြတာလား။"

ချန်ကျန့် အနည်းငယ် ကြောင်သွားသည်။

"ဗျာ... ဘာကိုလဲခင်ဗျာ။ ကျွန်တော် ဆိုလိုတာက ငါးစားချင်ရင် အဲ့ဒီမှာ သွားဝယ်လို့ ရတယ်လို့ ပြောတာပါ။"

"သွားကြစို့၊ သွားကြစို့" ဥက္ကဋ္ဌလျူက ချန်ကျန့်ရဲ့ လက်မောင်းကို ပုတ်ပြီး ဆိုသည်။

"သူ့ကို နေရာပေးလိုက်ရအောင်။ သူက ငါးကို တိတ်တိတ်လေး ဝယ်ရမှာလေ။"

ချန်ကျန့်သည် ဥက္ကဋ္ဌလျူနောက်သို့ မီတာနှစ်ဆယ်ခန့် လိုက်သွားပြီးမှ သဘောပေါက်သွားတော့၏။

"ဪ!"

"အခုမှ သဘောပေါက်တာလား" ဥက္ကဋ္ဌလျူက ဆို၏။

"သဘောပေါက်ပါပြီ။ အဲ့ဒီနေရာကတော့ တစ်ကောင်ကောင် မိမှာပါ။ ကျွန်တော်တောင် အဲ့ဒီမှာ ငါးတစ်ခါဖမ်းဖူးတယ်၊ အဲ့ဒါ ကျွန်တော့်ဘဝမှာ တစ်ခါတည်းသော ငါးဖမ်းဖူးတာပဲ..."

"အဲ့ဒါကိုတော့ သူ့ကို သွားမပြောနဲ့ဦး" ဥက္ကဋ္ဌလျူက ပြုံးပြီး လက်ခါပြလိုက်သည်။

သူတို့နှစ်ဦးသည် မြစ်ကမ်းနားမှတစ်ဆင့် လမ်းကျဉ်းလေးအတိုင်း လျှောက်လာခဲ့ကြ၏။ ဥက္ကဋ္ဌလျူက စကားမပြောသဖြင့် ချန်ကျန့်လည်း ခဏတာ ဘာပြောရမှန်း မသိဖြစ်နေသည်။

သူက မူလကတည်းက စကားနည်းသူဖြစ်ရာ စကားဝိုင်းစရန် ခေါင်းစဉ်ရှာရသည်မှာ ခက်ခဲလှ၏။ သူနှင့် သိပ်မရင်းနှီးသူများနှင့် ရှိနေလျှင် သူက များသောအားဖြင့် ငြိမ်နေတတ်သည်။ ဥက္ကဋ္ဌလျူနှင့် စကားပြောဖြစ်ခဲ့သည့် အကြိမ်အနည်းငယ်မှာလည်း သူမဘက်က စတင်ခဲ့ခြင်းသာ။

ယခု ဥက္ကဋ္ဌလျူက ငြိမ်နေသဖြင့် ချန်ကျန့်လည်း ဘာမှ မပြောဘဲ နေလိုက်သည်။

"ချန်ကျန့်လေး" ဥက္ကဋ္ဌလျူက နောက်ဆုံးတွင် စကားပြန်စလာ၏။

"အန်တီ သားကို ကျေးဇူးတင်ရမယ်။"

သို့သော် ထိုစကားကို သူ ဘယ်လိုပြန်တုံ့ပြန်ရမည်မှန်း မသိခဲ့ပေ။

"ဟုတ်" ဟုသာ ပြန်ပြောမိသည်။

ဥက္ကဋ္ဌလျူက ချန်ကျန့်ကို လှည့်ကြည့်လာ၏။ စကားမပြောဘဲ ပြုံးရုံသာ ပြုံးပြနေလေသည်။


_______________________________________________________________________

Comments

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

2

အခန်း (၂) မိုးမှာ တဖွဲဖွဲတစ်လှည့်၊ သည်းထန်စွာတစ်လှည့် ဆက်လက်ရွာသွန်းနေဆဲ…ဆိုင်တံခါးအပြင်ဘက်ရှိ မိုးကာအမိုးပေါ်တွင် ရေများပြည့်လျှံနေပြီး အချိန်မရွေး ပြိုကျတော့မည့်အလား ။ လျူဝူသည် ထိုအမိုးကို ခေတ္တမျှ စောင့်ကြည့်နေပြီးနောက် လက်ညှိုးထိုးပြကာ မေးမြန်းစူးစမ်းခန်းစသည်။ “အဲ့ဒီဟာက ရေတွေကို အလိုအလျောက် စီးဆင်းအောင် လုပ်ပေးနိုင်တာလား” “ဟုတ်တယ်” ချန်ကျန် ခပ်တိုတိုပဲ ပြန်ဖြေ၏။ “ဟင်” လျူဝူသည် အံ့အားသင့်သွားပြီး “တကယ်ကြီး အလိုအလျောက်လား” ဟု ထပ်မေးသည်။ “အသံနဲ့ ခိုင်းရတာလေ” “ဗျာ” ချန်ကျန့် အဖြေကြောင့် လျူဝူမှာ ပို၍ပင် ဝေခွဲမရဖြစ်သွားတော့သည်။ ရှန်ယွီသည် သက်ပြင်းချရင်း မျက်နှာကို အခြားတစ်ဖက်သို့ လွှဲလိုက်ရ‌တော့၏။ ချန်ကျန် မတ်တတ်ရပ်လိုက်ပြီး တံခါးဘေးရှိ ခွတစ်ခုကို ယူကာ မိုးကာအမိုးအောက်သို့ လမ်းလျှောက်သွားသည်။ ထို့နောက် အမိုး၏ အပေါ်ဘက်ကို နှစ်ချက်ခန့် ဆွလိုက်ရာ စုပုံနေသော မိုးရေများမှာ ဝေါကနဲ စီးကျသွားပြီး မိုးကာအမိုးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ “မင်း ပြောလိုက်တဲ့ ခဏမှာပဲ ရေတွေက စီးဆင်းသွားတာလေ” ချန်ကျန် ပြန်လည်ထိုင်လိုက်ရင်း “အသံနဲ့ ခိုင်းရတာဆိုတာ အဲ့ဒါကို ပြောတာ” ဟု ဆိုသည်။ “အသံနဲ့ ခိုင်းရတယ်ဆို...