Skip to main content

34




အခန်း (၃၄) - ကလေးရယ်... မင်းကို ငါ တကယ် စိတ်ပျက်မိတယ်!

ယွီနျန့် တစ်ယောက် စိတ်နဲ့လူနဲ့ မကပ်ဘဲ အာရုံများနေသည်ကို မုန့်ယွမ် သတိထားမိသွားသည်။ လက်ထဲက စာရွက်လိပ်ဖြင့် ယွီနျန့်၏ မျက်စိရှေ့တွင် ယမ်းပြလိုက်၏။

"မင်း အနားယူတာ အဆင်မပြေဘူးလား ဒီရက်ပိုင်း မင်းကြည့်ရတာ စိတ်လေနေသလိုပဲ"

ထို့နောက် ယွီနျန့်၏ ဖုန်းစခရင်ကို မတော်တဆ မြင်သွားသောအခါ သူက အံ့ဩတကြီးဖြင့် မေးလာသည်။

"ဘာလို့ ဒီနှစ်ရက်အတွင်း စီးပွားရေးသတင်းတွေနဲ့ လူမှုရေးသတင်းတွေကိုပဲ လိုက်ကြည့်နေရတာလဲ"

ယွီနျန့်မှာ ထိုစကားကြောင့် အနည်းငယ် လန့်သွားကာ

"ကျွန်တော်... ကျွန်တော် သတင်းတွေပဲ အမြဲကြည့်နေမိလို့လားဟင်" ဟု ပြန်မေးမိ၏။

မုန့်ယွမ်က ခေါင်းညိတ်၍ အသေအချာပင် အတည်ပြုပေးသည်။

"ဟုတ်တယ်။ မင်းကြည့်တဲ့ အကြိမ်ရေက တော်တော်များနေတယ်။"

မုန့်ယွမ် လက်ထဲက ပန်းသီးကို တစ်ကိုက် ကိုက်လိုက်ရင်း ယွီနျန့်၏ မျက်နှာအမူအရာကို အကဲခတ်ရင်းမှ

"နျန့်နျန့်... ငါ့ကို အမှန်အတိုင်းပြောပါဦး။ တစ်ခုခု ဖြစ်နေတာလား"

"မဟုတ်ပါဘူး"

ယွီနျန့်က ဖုန်းစခရင်ကို ပိတ်လိုက်ပြီး ခေတ္တစဉ်းစားကာ ပြောလိုက်သည်။

"ကျွန်တော့်သူငယ်ချင်းတစ်ယောက်လေ... ဒီရက်ပိုင်း အခြေအနေ သိပ်မကောင်းဘူးထင်လို့။ ကျွန်တော်လည်း သူ့ကို ဘာမှမကူညီနိုင်တော့ စိတ်ထဲကနေပဲ အမြဲစိုးရိမ်နေမိတာ။"

ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း ရှဲ့မိသားစုနှင့် ပတ်သက်သည့် သတင်းများ လုံးဝထွက်မလာတော့သလို စုန့်ခဲ့၏ ကားအက်စီးဒင့်နှင့် ပတ်သက်ပြီးလည်း နောက်ဆက်တွဲ သတင်းများ ပျောက်ချက်သားကောင်းနေသည်။ တစ်စုံတစ်ဦးက ထိုကိစ္စကို ဖုံးကွယ်ရန်အတွက် အစီအမံများ ပြုလုပ်လိုက်ပြီ ဖြစ်ဟန်တူ၏။

မုန့်ယွမ်သည် ယွီနျန့် ပြောနေသည့်သူမှာ မည်သူဖြစ်သည်ကို မသိသော်လည်း ယွီနျန့်ကို ဤမျှအထိ စိတ်မအေးဖြစ်စေသည်ကို ထောက်ဆလျှင် ထိုသူမှာ အလွန်အရေးကြီးသူ ဖြစ်ရမည်။ ယွီနျန့်သည် သူ့လက်အောက်က အနုပညာရှင်တစ်ဦး ဖြစ်သော်လည်း သူတစ်ပါး၏ ပုဂ္ဂိုလ်ရေးကိစ္စများကိုမူ သူ အလွန်အကျွံ ဝင်မစွက်ဖက်ပေ။

"လူတစ်ယောက်ရဲ့ ဘဝက အရမ်းတိုတောင်းသလို တစ်ခါတလေလည်း အရှည်ကြီးပါပဲ။ အတက်အကျတွေ အများကြီး ရှိနေမှာပဲလေ။ အဲဒါတွေကို ကျော်ဖြတ်နိုင်ရမှာပေါ့။ ဒါမှမဟုတ်လည်း... မင်းသူငယ်ချင်းကို မင်း ယုံကြည်ပေးလိုက်သင့်တာလား"

ယွီနျန့် ပြုံးလိုက်သည်ကို မြင်ရပြီး စိတ်အနည်းငယ် လျော့ကျသွားပုံရသောအခါမှ မုန့်ယွမ်က စာရွက်လိပ်ကို ကမ်းပေးလိုက်သည်။

"ကဲ... အလုပ်အကြောင်း ပြောရအောင်။ ဒါက ဒီကာလအတွင်း လုပ်ဆောင်ရမယ့် အချိန်ဇယားပဲ။"

ယွီနျန့် စာရွက်ကို ဖြန့်ကြည့်လိုက်သောအခါ မုန့်ယွမ်က ဆက်ရှင်းပြသည်။

"ဒါရိုက်တာရွှီတို့နဲ့ စာချုပ်နှစ်ခုလုံး လက်မှတ်ထိုးပြီးပြီ။ မနက်ဖြန်ကျရင် မင်း စတူဒီယိုထဲဝင်ပြီး ပရိုမိုးရှင်းသီချင်း စပြီး အသံသွင်းရမယ်။ သုံးရက်အတွင်း အပြီးဆိုနိုင်အောင် ကြိုးစားကြည့်။ အသံသွင်းတာ စောစောပြီးရင် သရုပ်ဆောင်သင်တန်းအတွက် နောက်ထပ် နှစ်ရက်လောက် အချိန်ပိုရမယ်။ အဲဒါပြီးရင်တော့ ရိုက်ကူးရေးအဖွဲ့ဆီ သွားရမယ်။ ဇာတ်ညွှန်းကို မင်းရဲ့ Mail ထဲ ပို့ထားပြီးပြီ။ ရိုက်ရမှာက ဆယ်ရက်လောက် ကြာမယ်ထင်တယ်။ ရိုက်ကူးရေးက ပြန်လာရင်တော့ Florence အတွက် ကြော်ငြာရိုက်ရမယ်" ယွီနျန့်က

ယွီနျန့် အချိန်ဇယားကို သေချာဖတ်ကြည့်သည်။

"ကောင်းပါပြီ"

မုန့်ယွမ်က စာရွက်ပေါ်က နောက်ဆုံး စာကြောင်းအချို့နဲ့ ပတ်သတ်၍ ရှင်းပြသည်။

"EP ကို ပြင်ဆင်မှုအစီအစဉ်ထဲ ထည့်ထားပြီးပြီ။ Variety shows နှစ်ခုအတွက်လည်း ညှိနှိုင်းနေတယ်။ ဒါပေမဲ့ အနုပညာကြေးကတော့ အတည်မဖြစ်သေးဘူး။ ပရိုမိုးရှင်းသီချင်း ထွက်လာတဲ့အခါ အစီအစဉ်တွေမှာ ပါဝင်ဖို့ အချိန်သတ်မှတ်ရဦးမယ်။ ပြီးတော့ Florence နဲ့ ပတ်သက်တဲ့ နောက်ဆက်တွဲ လှုပ်ရှားမှုတွေလည်း ရှိသေးတယ်"

(TN // EP - တေးအယ်လ်ဘမ်အသေး)

ယွီနျန့်က ခေါင်းညိတ်ပြသည်။

"အစ်ကိုမုန့်... EP အတွက် အဆင့်က အခု သီချင်းရွေးချယ်တဲ့ အဆင့်ကို ရောက်နေပြီလားဟင်"

"ဟုတ်တယ် ။ အရင်ဆုံး သီချင်းတွေ စုမယ်။ ပြီးမှ သေသေချာချာ ပြန်ရွေးကြတာပေါ့။"

မုန့်ယွမ် တစ်ခုခုကို သတိရသွားပြီး ရင်ထဲမှာ ထိတ်ခနဲ ဖြစ်သွားသည်။

"နျန့်နျန့်... မင်းက အယ်လ်ဘမ်ထုတ်ဖို့ကိုပဲ အာရုံစိုက်ချင်နေတာလား"

သူက မေးခွန်းကို ပါးပါးနပ်နပ်လေး လွှဲမေးလိုက်တာ ဖြစ်ပေမဲ့ တကယ်တမ်း ဆိုလိုတာကတော့ ယွီနျန့်တစ်ယောက် တခြားအလုပ်ကိစ္စတွေကို ရှောင်ချင်လို့ အယ်လ်ဘမ်ဘက်ကိုပဲ အာရုံလွှဲနေတာလားဆိုတာကို သိချင်နေတာပဲ ဖြစ်သည်။

ယွီနျန့်ကလည်း မုန့်ယွမ်သဘောကို ရိပ်မိတာကြောင့် ရယ်မောလိုက်ပြီး

"မဟုတ်ပါဘူး အစ်ကိုမုန့်ရာ အထင်မလွဲပါနဲ့။"

သူ ခဏ စဉ်းစားပြီးမှ

"အခုခေတ်မှာ အယ်လ်ဘမ်ထုတ်တယ်ဆိုတာ ရှုံးတဲ့လုပ်ငန်းမှန်း ကျွန်တော် သိပါတယ်။ ဘယ်လောက်ပဲ အဆိုကောင်းတဲ့ အဆိုတော် ဖြစ်ပါစေ။ တခြား နယ်ပယ်တွေကနေပါ အကျိုးအမြတ် ရှာပေးနိုင်ဖို့ လိုအပ်တယ်လေ။ ကုမ္ပဏီက ကျွန်တော့်ကို စာချုပ်ချုပ်ထားတာက အလှူလုပ်ဖို့ မဟုတ်ဘူးလေ။ ပြိုင်ဆိုင်မှုကလည်း အရမ်းပြင်းထန်တာဆိုတော့ ကျွန်တော် တကယ် နာမည်ကြီးလာမှပဲ လူတွေက ကျွန်တော့်သီချင်းကို လိုက်နားထောင်ကြမှာပါ"

"ကဲ... ဒါတွေ ဆက်မပြောကြနဲ့တော့။"

မုန့်ယွမ် တစ်ယောက် စိတ်အေးသွားရပြန်ပြီ။ သူက ပြုံးလျက် ယွီနျန့်၏ ပုခုံးကို အားပေးသလို ပုတ်ပေးလိုက်သည်။

"မင်းအစ်ကိုမုန့်တော့ လန့်သွားတာပဲကွာ။ လာ... အပြင်ခဏထွက်ပြီး အတူတူ အကောင်းစားတွေ သွားစားကြစို့!"

ယွီနျန့်က ပြုံးလျက် လက်နှစ်ဖက်ကို ဖြန့်ပြကာ အေးအေးဆေးဆေးပင် ပြောလိုက်သည်။

"အစ်ကိုမုန့်ပဲ ဒိုင်ခံကျွေးရမှာနော်။ ကျွန်တော့်မှာ အခု ပိုက်ဆံ တစ်ပြားမှ မရှိတော့ဘူး"

“ဟမ် မင်းမှာ ပိုက်ဆံ ထပ်ကုန်ပြန်ပြီလား။ မင်း အကုန်လုံးကို ရင်းနှီးမြှုပ်နှံလိုက်တာလား။ ငါ တစ်ခုတော့ ပြောပါရစေ။ ရင်းနှီးမြှုပ်နှံတာပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် သေသေချာချာ စီမံခန့်ခွဲမှ ဖြစ်မယ်။ ပိုက်ဆံရှိသမျှ အကုန်မသုံးလိုက်နဲ့လေ"

ယွီနျန့်ကတော့ အများကြီး ရှင်းမပြတော့ဘဲ

"ဟုတ်ကဲ့၊ နောက်တစ်ခါ အဲဒီလို မဖြစ်စေရပါဘူး" ဟုသာ ပြန်ဖြေလိုက်တော့သည်။

***

နောက်တစ်နေ့ နံနက်တွင် မုန့်ယွမ်သည် ယွီနျန့်ကို အသံသွင်းစတူဒီယိုသို့ လိုက်ပို့ခဲ့ပြီး ထိုနေရာသို့ ဒါရိုက်တာ ရွှီရှန့်လန်လည်း ရောက်ရှိနေသည်။ ယွီနျန့်က နှုတ်ဆက်ရန် အနားသို့ သွားသောအခါ ရွှီရှန့်လန်သည် သူ့ကို ခြေဆုံးခေါင်းဆုံး ကြည့်ရှုပြီးနောက်

"ကြည့်လေ ကြည့်လေ။ ကုရွှမ်းနင်နဲ့ ပိုတူလေပဲ!" ဟု ရေရွတ်လိုက်၏။

ကုရွှမ်းနင် ဆိုသည်မှာ ရွှီရှန့်လန်က ယွီနျန့်အား သရုပ်ဆောင်ရန် ဖိတ်ခေါ်ထားသည့် ဇာတ်ကောင်၏ အမည် ဖြစ်သည်။

"ကျွန်တော် ဇာတ်ညွှန်းကို ဖတ်ပြီးပါပြီ။ ကုရွှမ်းနင်ရဲ့ ဇာတ်ရုပ်က တကယ်ကို ကောင်းမွန်လှပါတယ်။ အခုလို အခွင့်အရေးပေးတဲ့အတွက် ဒါရိုက်တာရွှီကို တကယ် ကျေးဇူးတင်ပါတယ်!"

ယဉ်ကျေးပျူငှာပြီး စကားပြောတတ်သောသူကို မည်သူက မနှစ်သက်ဘဲ နေပါမည်နည်း။ ရွှီရှန့်လန်က သက်သောင့်သက်သာရှိသော လေသံဖြင့် ပြောလာသည်။

"ဒါက ရေစက်ပါပဲကွာ။ ဒီဇာတ်ရုပ်အတွက် သင့်တော်မယ့်သူကို ငါ အကြာကြီး လိုက်ရှာနေခဲ့တာ။ ဘုရားသခင်က မင်းကို ငါ့ရှေ့တည့်တည့် ရောက်အောင် ပို့ပေးလိုက်သလိုပါပဲ!"

ဝန်ထမ်းများနှင့် ညှိနှိုင်းပြင်ဆင်ပြီးနောက် ယွီနျန့်သည် အသံသွင်းခန်းထဲသို့ ဝင်သွားတော့သည်။ မုန့်ယွမ်ကတော့ အပြင်မှာ စောင့်ဆိုင်းရင်း ရွှီရှန့်လန်နှင့် စကားစမြည် ပြောနေခဲ့သည်။

"ငါ Sounds of Nature ကို ကြည့်ခဲ့ပါတယ်။ ယွီနျန့်က နောက်ဆုံး နှစ်ပိုင်းအထိ စင်ပေါ်တက်ဖို့ တကယ်ပဲ ဇွတ်အတင်း လုပ်ခဲ့တာလား"

မုန့်ယွမ်က သက်ပြင်းချလျက်

"ဟုတ်ပါ့ ဆရာရယ်၊ သူက တော်တော်လေး ခေါင်းမာတာ။ ခြေထောက် ဒဏ်ရာရထားတာတောင် နာကျင်မှုကို အောင့်ခံပြီး ကပြခဲ့တာလေ။ သူ့ရဲ့ ကပြဖျော်ဖြေဝတ်စုံဆိုရင် ချွေးအေးတွေနဲ့တောင် စိုရွဲလို့။ နောက်ပိုင်းမှာ ဆရာဝန်ရော ကျွန်တော်ပါ ကပြတာကို သဘောမတူကြတော့ပေမဲ့ သူကတော့ ဇွတ်တိုးပြီး လုပ်ခဲ့တာပါပဲ" ဟု ပြန်လည်ပြောပြလိုက်ပါသည်။

"ဟား ဟား လူငယ်ဆိုတာ ဒီလိုပဲ တိုက်ပွဲဝင်ရဲရမှာပေါ့။ ဒီလိုစိတ်ဓာတ်မျိုးကို ငါ တန်ဖိုးထားတယ်။ ဒါ့အပြင် ငါက ဒီ Green Screen တွေ ၊ အထူးပြုလုပ်ချက်တွေကို သိပ်မကြိုက်ဘူး။ ရိုက်ကူးရေးအဖွဲ့က တကယ့်နေရာတွေမှာ သွားရိုက်နေတာဆိုတော့ ပတ်ဝန်းကျင်ကလည်း တော်တော်လေး ခက်ခဲတယ်။ ယွီချင်းတောင် မနေ့ကမှ ငါ့ကို လာကျိန်ဆဲသွားသေးတယ်။ ဒီရက်ပိုင်း ရိုက်ကူးရေးလုပ်နေရတာ ငါးနှစ်လောက်တောင် အိုစာသွားသလိုပဲတဲ့"

ထိုအချိန်တွင် ယွီနျန့်သည် နားကြပ်ကို တပ်ဆင်ပြီးသွားပြီဖြစ်ရာ စက်ပစ္စည်းများကို စစ်ဆေးနေသော ဆရာက သူ့ကို အချက်ပြလိုက်သည်။ ထိုအခါမှ ရွှီရှန့်လန်နှင့် မုန့်ယွမ်တို့လည်း စကားပြောခြင်းကို ရပ်တန့်လိုက်ကြ၏။

ယွီနျန့်သည် သီချင်းဆိုသည့်အခါ အမြဲတမ်း အလွန်အာရုံစိုက်တတ်သည်။ သူ၏ ရှည်လျားထူထဲသော မျက်တောင်များမှာ အနည်းငယ် စင်းကျနေပြီး သီချင်းထဲတွင် လုံးဝ နစ်မျောနေတော့သည်။

ခေတ္တမျှ သေသေချာချာ နားထောင်ပြီးနောက် မုန့်ယွမ်၏ ယွီနျန့်အပေါ် မြင်သည့်အမြင်မှာ အနည်းငယ် ပြောင်းလဲသွားရ၏။ သူသည် ယွီနျန့်၏ သီချင်းဆိုနှုန်းနှင့် ကကွက်အဆင့်အတန်းကို ကောင်းကောင်း သိထားသူ ဖြစ်သည်။ ယခုမူ ယွီနျန့်သည် သူ၏သီဆိုဟန်ကို အနည်းငယ် ထပ်မံပြုပြင်ထားပြီး သီဆိုမှုစွမ်းရည်မှာလည်း ပိုမိုတိုးတက်လာသည်။ ရွှီရှန့်လန်၏ မျက်နှာအမူအရာကို ကြည့်ရုံနှင့်ပင် တစ်ဖက်လူမှာ အလွန်ကျေနပ်နေသည်မှာ သိသာလှ၏။

"သီချင်းဆိုတယ်ဆိုတာ ဘုရားပေးတဲ့ ပါရမီအပေါ် အများကြီး မူတည်တာ။ ယွီနျန့်အတွက်ကတော့ ဘုရားသခင်က သူ့ကို စားပွဲကြီးတစ်လုံးစာ ပါရမီတွေ ပုံပေးထားတာပဲ!"

ရွှီရှန့်လန်က မုန့်ယွမ်ဘက်သို့ လှည့်၍ ပြောသည်။

"အဲဒီတုန်းက ယွီနျန့်ကို ရွေးမလား၊ ရူရူကို ရွေးမလားဆိုပြီး ထုတ်လုပ်သူ နင်ကောနဲ့ ငါ အခြေအတင် ဖြစ်ခဲ့သေးတယ်။ ငါကတော့ စားပွဲကို ရိုက်ပြီး လောင်းကြေးထပ်ခဲ့တာ... ယွီနျန့်က ရူရူထက် ပိုပြီး မြန်မြန် နာမည်ကြီးလာမှာဖြစ်သလို ရူရူထက်လည်း ပိုပြီး ခရီးဝေးသွားနိုင်လိမ့်မယ်လို့လေ"

မုန့်ယွမ်ကတော့ ထိုစကားကို တိုက်ရိုက် သဘောမတူဘဲ ယွီနျန့်အတွက် နှိမ့်နှိမ့်ချချပဲ ပြန်တုံ့ပြန်ဖြစ်သည်။

"သူက လူသစ်ပဲ ရှိပါသေးတယ်။ ခရီးက အခုမှ စတာဆိုတော့ နောင်ဘာဖြစ်မယ်ဆိုတာ ပြောဖို့ ခက်ပါတယ်"

သို့သော် ရွှီရှန့်လန်က ခေါင်းခါလျက် ပြန်ငြင်းသည်။

"ပါရမီနဲ့ ကြိုးစားအားထုတ်မှုဆိုတာ ခွဲခြားလို့မရဘူး။ သူကတော့ အဲဒီနှစ်ခုလုံးကို ပိုင်ဆိုင်ထားတာပဲ"

ယွီနျန့်သည် အလွန်တည်ငြိမ်စွာ သီဆိုခဲ့ပြီး အသံအခြေအနေမှာလည်း အသံသွင်းနေစဉ်အတွင်း အကောင်းဆုံး ဖြစ်နေသည်။ သုံးကြိမ်မျှ ဆိုပြီးသောအခါ အောင်မြင်စွာ အသံသွင်းယူနိုင်ခဲ့တော့သည်။ နားကြပ်ကို ချွတ်လိုက်ပြီးနောက် ယွီနျန့်သည် အသံသွင်းဆရာကို ဦးညွှတ်၍ ကျေးဇူးတင်စကား ဆိုလိုက်သည်။

သူ အပြင်သို့ ထွက်လာသောအခါ ရွှီရှန့်လန်က သူ့ဘေးနားရှိ ရေဖန်ခွက်ကို ကိုယ်တိုင် ကမ်းပေးလိုက်၏။

"ဒီညတော့ အရေးကြီးတဲ့ ညစာစားပွဲတစ်ခု ရှိနေလို့။ ရင်းနှီးမြှုပ်နှံမှု ကိစ္စတွေချည်းပဲဆိုတော့ မင်းကို မဖိတ်တော့ဘူးနော်"

"ဒါရိုက်တာရွှီမှာ အစီအစဉ်ရှိတာပဲ။ ကျွန်တော်တို့က အချိန်မဖြုန်းပါဘူး။ ဒါပေမဲ့ ဒါရိုက်တာရဲ့ ရုပ်ရှင်သစ်အတွက် ရင်းနှီးမြှုပ်နှံမှုတွေက အကုန်ပြည့်စုံသွားပြီလို့ အရင်က ကြားထားသလိုပဲ"

ရွှီရှန့်လန်က လက်ယမ်းပြကာ

"ဒါလည်း ကံဆိုးတာပဲကွာ။ အပြောင်းအလဲ အချို့ ရှိသွားလို့ ဟွမ်ယွီက သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ပြန်ရုပ်သိမ်းသွားတယ်။ အဲဒါကြောင့် တခြားသူကို ထပ်ရှာနေရတာ။ ငါ ရိုက်ကူးရေးအဖွဲ့မှာ ဒီလောက်ကြာအောင် ရှိနေရတာလည်း တစ်စိတ်တစ်ပိုင်းက ဒါကြောင့်ပဲ"

သူက အသံကို ထပ်နှိမ့်လိုက်ပြီး

"အရင်က သတင်းတွေထဲမှာ ပါတယ်မဟုတ်လား။ ရှဲ့ကော်ပိုရေးရှင်းရဲ့ ဒါရိုက်တာတစ်ယောက် ကားအက်စီးဒင့်ဖြစ်ပြီး ဆေးရုံပို့ဖို့တောင် အချိန်မရဘဲ ဆုံးသွားတာလေ။ အခြေအနေအရဆိုရင် အဲဒီဘက်က အဆင့်မြင့် အမှုဆောင်တွေကြားမှာ အပြောင်းအလဲတွေ ထပ်ဖြစ်ဦးမယ်။ ဟွမ်ယွီဘက်က အရင်းအနှီးတွေ ပြန်ရုပ်တာကလည်း ဒီကိစ္စကြောင့်ပဲ ဖြစ်မှာပါ။ သူတို့ ပြန်ရနိုင်သမျှ ရံပုံငွေတွေကို အကုန် ပြန်သိမ်းနေကြတာလေ"

ရွှီရှန့်လန်က ထပ်မံရယ်မောလိုက်ရင်း နှုတ်ဆက်စကားဆိုလိုက်သည်။

"ကဲ... မပြောတော့ဘူး၊ ငါ အရင်သွားနှင့်တော့မယ်"

ဒါရိုက်တာရွှီကို ပို့ဆောင်ပြီးနောက် ယွီနျန့်က စကားစလိုက်သည်။

"အစ်ကိုမုန့်... ဒါရိုက်တာရွှီရဲ့ ရုပ်ရှင်သစ်ကနေ ရင်းနှီးမြှုပ်နှံမှု ပြန်ရုပ်သိမ်းသွားတဲ့သူက ဟွမ်ယွီ လားဟင်"

"ဟုတ်တယ်။ ဟွမ်ယွီရင်းနှီးမြှုပ်နှံမှုအုပ်စုပဲ။ အဲဒီနောက်ကွယ်မှာ ရှဲ့မိသားစုရဲ့ ဒါရိုက်တာတစ်ယောက်ရှိတယ်။ မျိုးရိုးက တင်း လို့ ထင်တာပဲ။ ဟွမ်ယွီက ငွေကြေးသုံးစွဲတာ ရက်ရောတော့ နာမည်ကြီး ဒါရိုက်တာတွေနဲ့ ထုတ်လုပ်သူတွေက သူတို့နဲ့ လက်တွဲရတာကို သဘောကျကြတယ်။"

မုန့်ယွမ်က ယွီနျန့်ကို စပ်စုရုံသက်သက်ဟုသာ ထင်မှတ်နေသည်။

"ဒါပေမဲ့ ဒီတစ်ခါတော့ ဒါရိုက်တာရွှီ တကယ်ကို စိတ်ညစ်ရတော့မယ်။ ဒီရင်းနှီးမြှုပ်နှံမှုက ရုပ်ရှင်တစ်ခုလုံးရဲ့ အချိုးအစားအတော်များများကို ယူထားတာဆိုတော့ သူတို့ ပြန်ရုပ်သွားတဲ့ဟာကို အစားပြန်ဖြည့်ဖို့ဆိုတာ တကယ့်ကို အားစိုက်ထုတ်ရမှာပဲ"

မျိုးရိုးအမည်က တင်းလား ယွီနျန့်သည် ထိုအချက်ကို စိတ်ထဲ၌ မှတ်သားလိုက်ပြီးနောက် စကားလမ်းကြောင်းကို သဘာဝကျကျပင် ပြောင်းလဲလိုက်သည်။

***




ရှဲ့ယို့ အိမ်သို့ ပြန်ရောက်သောအခါ မှောင်နေပြီ ဖြစ်သည်။ ဆောင်းဦးည၏ လေပြည်မှာ အနည်းငယ် အေးစက်နေ၏။ သူသည် အိမ်ထဲသို့ လမ်းလျှောက်ဝင်လာရာ ရွမ်ယွင်မေ (Ruan Yunmei) က ဆိုဖာပေါ်တွင် သူ့ကို စောင့်ဆိုင်းနေဆဲဖြစ်သည်ကို တွေ့လိုက်ရသည်။

"မား... ကျွန်တော် ပြန်လာပြီ။"

ရွမ်ယွင်မေက မျက်မှောင်ကြုတ်ထားသည်ကို ဖြေလျှော့လိုက်ကာ ပုခုံးခြုံပဝါကို ခေါက်လျက် ထရပ်လိုက်သည်။ သူမက နူးညံ့ပြီး စိုးရိမ်တကြီး လေသံဖြင့်

"ဗိုက်ဆာနေပြီလား မီးဖိုချောင်မှာ စွပ်ပြုတ်တည်ခိုင်းထားတယ်။ ဒီရက်ပိုင်း မင်း အချိန်ပိုတွေ အလုပ်လုပ်နေရတာ။ ကိုယ့်ကျန်းမာရေးကိုလည်း ဂရုစိုက်ဦးမှပေါ့" ဟု ဆိုသည်။

"ဟုတ်ကဲ့။ နောက်တစ်ခါ ကျွန်တော့်ကို စောင့်မနေပါနဲ့တော့။ စောစောအိပ်လိုက်ပါ"

ရွမ်ယွင်မေသည် အဖြူရောင် သိုးမွှေးခြုံပဝါကို ဆွဲပြင်လိုက်သည်။ ရှဲ့ယို့ အနည်းငယ် ပိန်သွားသည်ကို မြင်ရသောအခါ စိတ်မကောင်းဖြစ်မိသော်လည်း အပြင်ပန်းတွင်မူ မပြသဘဲ ပြုံးလျက်

"မားက မင်းကို အများကြီး မကူညီနိုင်ပေမဲ့ ဒီအချိန်ဆိုရင်တော့ တစ်ယောက်တည်း အိပ်မပျော်နိုင်ဘူးလေ"

ရှဲ့ယို့က ခေါင်းညိတ်ပြလိုက်၏။

"ဒါနဲ့... ရှောက်ရန် ရောက်နေတယ်။ မင်းရဲ့ စာကြည့်ခန်းထဲမှာ စောင့်နေတာ ကြာလှပြီ။ အပေါ်တက်ပြီး သွားကြည့်ဦးမလား"

စာကြည့်ခန်းတံခါးကို ဖွင့်လိုက်သည့်အခါ ချွိရှောက်ရန်က ဆိုဖာတွင် မှီလျက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည်ကို ရှဲ့ယို့ မြင်လိုက်ရသည်။ သူသည် ချွိရှောက်ရန်ကို မနှိုးတော့ဘဲ ကော်ဇောပေါ် ခြေသံဖွဖွနင်းကာ ကွန်ပျူတာကိုသာ ဖွင့်လိုက်တော့သည်။

ခဏအကြာတွင် ချွိရှောက်ရန် ခေါင်းကို ဟိုဘက်ဒီဘက် လှည့်ကာ လန့်နိုးလာသည်။ သူသည် မျက်လုံးများကို ပွတ်ကာ ရှဲ့ယို့ကို မြင်လိုက်ရသောအခါ သမ်းဝေရင်း "ပြန်လာပြီလား" ဟု မေးလိုက်၏။

"ဘာကိစ္စရှိလို့လဲ"

"ဟုတ်တယ်၊ ဟုတ်တယ်!"

ချွိရှောက်ရန်သည် ချက်ချင်းပင် အိပ်ချင်ပြေသွားပြီး ခါးကို မတ်မတ်ထိုင်လိုက်သည်။

"ရှဲ့ရှောင်ယို့... ငါ ဒီနေ့ မင်းတို့အိမ်က ယွီနျန့်ရဲ့ အချိန်ဇယားကို ကြည့်လိုက်မိတယ်။ သူက လွန်ခဲ့တဲ့ နှစ်ရက်က ဒါရိုက်တာ ရွှီရှန့်လန်ရဲ့ ရုပ်ရှင်ပရိုမိုးရှင်းသီချင်းကို အသံသွင်းပြီးပြီ။ သဘက်ခါ မနက်စောစောကျရင် ရိုက်ကူးရေးလုပ်ဖို့ လေယာဉ်နဲ့ သွားရတော့မယ်။ သူတို့ ရိုက်ကူးရေးအဖွဲ့က တော်တော်ဝေးတယ်ဟ။ ဂိုဘီသဲကန္တာရရဲ့ ဟိုဘက်အခြမ်းမှာဆိုတော့ ပြန်လာဖို့ အနည်းနည်း ကြာနိုင်တယ်"

ရှဲ့ယို့သည် သူ၏နက်ကတိုင်ကို လျှော့လိုက်ရင်း အတော်ကြာအောင် တုံ့ဆိုင်းနေပြီးမှ

"မနက်ဖြန် ငါ မင်းတို့ကုမ္ပဏီကို လာခဲ့မယ်" ဟု ပြောလိုက်သည်။

ရှဲ့ယို့ ဘာလုပ်ချင်နေမှန်း ချွိရှောက်ရန်က ရိပ်မိသဖြင့် စိတ်လှုပ်ရှားသွား၏။

"ဒါဆိုရင်တော့ ဥက္ကဋ္ဌရှဲ့ ကြွလာမှာကို ငါ မျှော်နေပါ့မယ်!"

ယွီနျန့်သည် သရုပ်ဆောင်သင်တန်း ပြီးဆုံးပြီးနောက် ယွီချင်းထံမှ ဖုန်းဝင်လာသည်။

"ဒီနေရာစုတ်က တကယ်ကို ဆိုးတာပဲ။ မင်း ဒီဘက်လာရင် ငါ့အတွက် ပစ္စည်းလေးတွေ တစ်ခါတည်း ဝယ်လာပေးဦး။ ငါ့အိမ်သော့ မင်းဆီမှာ ရှိတယ်မဟုတ်လား။ အိမ်ထဲဝင်ပြီး ပစ္စည်းတွေ ယူလာခဲ့လိုက်။ လိုတဲ့စာရင်းကို ငါ ခဏနေ ပို့လိုက်မယ်"

ယွီနျန့်က "ဘာစားစရာတွေရော ဝယ်လာပေးရမလဲ" ဟု မေးလိုက်သည်။

ယွီချင်းက သက်ပြင်းချလျက်

"စားဖို့တော့ မေ့လိုက်တော့။ ဒီရက်ပိုင်း ရိုက်ကူးရေးလုပ်နေတာ ငါ ငါးပေါင်လောက်တောင် ကျသွားပြီ။ တကယ်ကို သေတော့မှာပဲ! ဒါနဲ့... မင်း ဒီဘက်လာရင် သေသေချာချာ ဂရုစိုက်ဦးနော်။ ငါ ဒီမှာ ရိုက်ကူးရေးလုပ်နေတာ လူသိများပေမဲ့ ပါပရာဇီ တွေကတော့ အနားမှာ ချောင်းနေတုန်းပဲ" ဟု မှာကြားသည်။

"ဟုတ်ကဲ့ပါ အစ်မ၊ စိတ်မပူပါနဲ့။"

ဖုန်းချပြီးနောက် ယွီနျန့်သည် ယွီချင်း ပို့ပေးထားသော စာရင်းကို အကြမ်းဖျင်း ကြည့်လိုက်သည်။ အခြေခံ လူသုံးကုန်ပစ္စည်းများသာ ဖြစ်သဖြင့် ညဘက်မှ အိမ်သို့သွား၍ သိမ်းဆည်းရန် ဆုံးဖြတ်လိုက်၏။ အချိန်ကို ကြည့်လိုက်ရာ မွန်းလွဲ ၁၂ နာရီခွဲ နီးပါး ရှိနေပြီ။ ၁၂ နာရီခွဲတွင် ချွိရှောက်ရန်၏ ရုံးခန်းသို့ လာခဲ့ရန် မုန့်ယွမ် ပြောထားသည်ကို သတိရသဖြင့် ယွီနျန့်သည် ရေဘူးကို ကိုင်၍ ဓာတ်လှေကားဆီသို့ လျှောက်သွားလိုက်တော့သည်။

သူသည် ရှင်းယောင်အဆောက်အအုံ၏ ၅၁ ထပ်သို့ ရောက်ခဲလှသည်။ ဓာတ်လှေကားထဲမှ ထွက်လာသည့်အခါ အတွင်းရေးမှူးထိုင်ခုံတွင်လည်း လူမရှိ တစ်ထပ်လုံး တိတ်ဆိတ်ခြောက်ကပ်နေ၏။

ထိုအချိန်တွင် ချောက် ခနဲ မြည်သံနှင့်အတူ ရုံးခန်းတံခါး ပွင့်လာပြီး အနက်ရောင်ဝတ်စုံနှင့် ရှပ်အင်္ကျီအဖြူကို ဝတ်ဆင်ထားသော အမျိုးသားတစ်ဦး ထွက်လာသည်။

ယွီနျန့်မှာ အံ့ဩသွားရ၏။

တောက်ပြောင်နေသော ကြမ်းပြင်ပေါ်တွင် နင်းလိုက်သည့် အနက်ရောင် သားရေဖိနပ်သံမှာ လူ၏ နားစည်ကို လာခေါက်နေသကဲ့သို့ စည်းချက်ကျကျ ထွက်ပေါ်နေသည်။ ရှဲ့ယို့သည် တစ်လှမ်းချင်း တိုးကပ်လာပြီးနောက် ယွီနျန့်နှင့် နှစ်လှမ်းအကွာတွင် ရပ်တန့်လိုက်သည်။

ပတ်ဝန်းကျင် လေထုထဲ၌ အာရဇ်နံ့ခပ်သင်းသင်းမှာ ရုတ်တရက် ပျံ့လွင့်လာသဖြင့် ယွီနျန့်က မသိစိတ်မှပင် ပြုံးလိုက်မိ၏။

"မင်း ပိန်သွားသလိုပဲ။ ဒီရက်ပိုင်းအတွင်း... အဆင်ပြေရဲ့လား"

"အင်း ပြေပါတယ်။"

ရှဲ့ယို့သည် ယွီနျန့်၏ မျက်နှာကို တမ်းတမ်းတတ ငေးကြည့်နေမိသည်။ ဆယ်စက္ကန့်ခန့်အကြာတွင်မှ အကြည့်ကို အားတင်း၍ လွှဲလိုက်ပြီး လက်ထဲရှိ အိတ်ကို ယွီနျန့်ထံ ကမ်းပေးလိုက်သည်။

ယွီနျန့် လှမ်းယူကြည့်လိုက်ရာ အိတ်အလှလေးထဲတွင် မီးခိုးရောင်ဓာတ်ဗူးလေးကို တွေ့လိုက်ရ၏။ တစ်ခုခုကို သတိရသွားသဖြင့် သူ၏အပြုံးမှာ ပို၍ပင် အသက်ဝင်သွားတော့သည်။

ရှဲ့ယို့၏ အကြည့်သည် ယွီနျန့်၏ လက်ကောက်ဝတ်ဆီသို့ ရောက်ရှိသွားပြီး သူ၏မျက်ဝန်းများမှာ နူးညံ့ပျော့ပျောင်းနေသော်လည်း မသိမသာ စိုးရိမ်နေဟန်ဖြင့် "မင်း... ဒါကို ကြိုက်ရဲ့လား" ဟု မေးလိုက်သည်။

"ကြယ်သီး တွေကိုလား"

ယွီနျန့်သည် ရှဲ့ယို့ ၏ အကြည့်နောက်သို့ လိုက်ကြည့်ကာ ပြုံးလျက်

"အရမ်းကြိုက်တာပေါ့။ ကြယ်သီးလေးတွေက တကယ်လှတယ်။ မင်းတကယ်အမြင်ကရှိတာ။ ကျေးဇူးတင်ပါတယ်နော်"

ချီးကျူးစကား ကြားလိုက်ရသဖြင့် ရှဲ့ယို့မှာ ကျေနပ်သွားရပြီ။ သူ၏ နားရွက်ဖျားလေးများမှာ ပျော်ရွှင်မှုကြောင့် နီရဲလာသဖြင့် မျက်နှာ လွှဲလိုက်ပြီး

"ဒါဆို ငါ အရင်သွားနှင့်တော့မယ်။ ရိုက်ကူးရေးမှာ အဆင်ပြေပါစေလို့ ဆုတောင်းပေးပါတယ်"

ဟုသာ ပြန်ပြောသည်။

ဓာတ်လှေကားတံခါး ပွင့်သွားပြီး ပြန်ပိတ်သွားသောအခါ ရုံးခန်းတံခါးနောက်မှာ ပုန်းနေသည့် ချွိရှောက်ရန်မှာမူ သူ၏လက်သီးကို ကိုက်ကာ သက်ပြင်းချနေတော့သည်။

တကယ့်ကို သူရဲဘောကြောင်တာပဲ! ပျင်းစရာကောင်းလိုက်တာ! ငါ့မှာသာ လူတွေအကုန်ဖယ်ပြီး အချိန်ပေးနိုင်အောင် အပင်ပန်းခံ စီစဉ်ပေးလိုက်ရတာ အလကားပဲ။ ကလေးရယ်... မင်းကို ငါ တကယ်ပဲ စိတ်ပျက်မိတယ်!







Comments

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

2

အခန်း (၂) မိုးမှာ တဖွဲဖွဲတစ်လှည့်၊ သည်းထန်စွာတစ်လှည့် ဆက်လက်ရွာသွန်းနေဆဲ…ဆိုင်တံခါးအပြင်ဘက်ရှိ မိုးကာအမိုးပေါ်တွင် ရေများပြည့်လျှံနေပြီး အချိန်မရွေး ပြိုကျတော့မည့်အလား ။ လျူဝူသည် ထိုအမိုးကို ခေတ္တမျှ စောင့်ကြည့်နေပြီးနောက် လက်ညှိုးထိုးပြကာ မေးမြန်းစူးစမ်းခန်းစသည်။ “အဲ့ဒီဟာက ရေတွေကို အလိုအလျောက် စီးဆင်းအောင် လုပ်ပေးနိုင်တာလား” “ဟုတ်တယ်” ချန်ကျန် ခပ်တိုတိုပဲ ပြန်ဖြေ၏။ “ဟင်” လျူဝူသည် အံ့အားသင့်သွားပြီး “တကယ်ကြီး အလိုအလျောက်လား” ဟု ထပ်မေးသည်။ “အသံနဲ့ ခိုင်းရတာလေ” “ဗျာ” ချန်ကျန့် အဖြေကြောင့် လျူဝူမှာ ပို၍ပင် ဝေခွဲမရဖြစ်သွားတော့သည်။ ရှန်ယွီသည် သက်ပြင်းချရင်း မျက်နှာကို အခြားတစ်ဖက်သို့ လွှဲလိုက်ရ‌တော့၏။ ချန်ကျန် မတ်တတ်ရပ်လိုက်ပြီး တံခါးဘေးရှိ ခွတစ်ခုကို ယူကာ မိုးကာအမိုးအောက်သို့ လမ်းလျှောက်သွားသည်။ ထို့နောက် အမိုး၏ အပေါ်ဘက်ကို နှစ်ချက်ခန့် ဆွလိုက်ရာ စုပုံနေသော မိုးရေများမှာ ဝေါကနဲ စီးကျသွားပြီး မိုးကာအမိုးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ “မင်း ပြောလိုက်တဲ့ ခဏမှာပဲ ရေတွေက စီးဆင်းသွားတာလေ” ချန်ကျန် ပြန်လည်ထိုင်လိုက်ရင်း “အသံနဲ့ ခိုင်းရတာဆိုတာ အဲ့ဒါကို ပြောတာ” ဟု ဆိုသည်။ “အသံနဲ့ ခိုင်းရတယ်ဆို...