အခန်း (၃၅) - ကြယ်စုံတဲ့ ကောင်းကင်ယံဟာ တကယ်ကို လှပလွန်းပါတယ်
လေယာဉ်ပေါ်မှ ဆင်းပြီးနောက် ရုပ်ရှင်အဖွဲ့က လေဆိပ်သို့ ကြိုဆိုရန် လွှတ်လိုက်သော ကားပေါ်သို့ သူတို့ တက်ခဲ့ကြသည်။ တော်တော်ကြာအောင် မောင်းနှင်ပြီးနောက်မှသာ ရုပ်ရှင်အဖွဲ့ စခန်းချရာနေရာ အနီးသို့ ရောက်ရှိလာတော့သည်။
ရှီရို့သည် ကားပြတင်းပေါက်ကို လက်ထောက်၍ အပြင်ဘက် ရှုခင်းများကို ငေးကြည့်ရင်း ယွီနျန့်ကို စိတ်လှုပ်ရှားစွာ လှမ်းပြော၏။
"ဂိုဘီသဲကန္တာရကို ငါ မြင်ဖူးတာ ဒါပထမဆုံးပဲ။ နျန့်နျန့်ရော ဒီကို ရောက်ဖူးလား"
ယွီနျန့်က ခေါင်းညိတ်ပြကာ ပြုံးလျက် ပြန်လည်စဉ်းစားကြည့်သလို ပုံစံလေးနှင့် စဥ်းစဥ်းစားစားပြောသည်။။
"အရင်က အဘိုးနဲ့အတူ ရောက်ဖူးတယ်။ ဒါပေမဲ့ အဲဒီတုန်းက ကျွန်တော် ငယ်သေးတယ်။ ဆယ်နှစ်တောင် မပြည့်သေးဘူးထင်တယ်။ မှတ်မိတာကတော့ နေ့ဘက်ဆို အရမ်းပူပြီး ညဘက်ဆို အရမ်းအေးတာပဲ။ ပတ်ပတ်လည်မှာလည်း ဘာမှမရှိဘဲ ခြောက်ကပ်နေတာ။ အဘိုးက အရမ်းအလုပ်များနေတော့ ကျွန်တော်လည်း တစ်ယောက်တည်း သဲတွေနဲ့ ဆော့နေရတာပေါ့။ အိမ်ပြန်ရောက်လို့ အဘွား မြင်တဲ့အခါမှာတော့ ကျွန်တော်က မည်းတူးနေလို့ အဘွားတောင် မမှတ်မိတော့ဘူးလေ"
ရှီရို့သည် ပါးစပ်ကို လက်ဖြင့်အုပ်ကာ ရယ်မောလိုက်သည်။
"နျန့်နျန့် မည်းတူးနေတဲ့ပုံကို ငါ စိတ်ကူးကြည့်လို့တောင် မရဘူး!"
သူမက ကားဆရာကိုလည်း စပ်စုမေးမြန်းလိုက်၏။
"ဦးလေး... ဒီအနီးအနားမှာ အလည်အပတ်သွားစရာ ဘာတွေရှိလဲဟင်"
ကားဆရာက တစ်ဖက်သို့ လက်ညှိုးညွှန်ပြကာ မကျွမ်းကျင်သော မန်ဒရင်းဘာသာစကားဖြင့် ရှင်းပြသည်။
"အချိန်ရရင် ဟိုဘက်ကို သွားကြည့်ပေါ့။ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ထောင်ကျော်က တူးဖော်ထားတဲ့ ဗုဒ္ဓဘာသာ ဂူကျောင်းတွေ ရှိတယ်။ အဲဒီမှာ ကျမ်းစာပေါင်း သောင်းနဲ့ချီပြီး ရှေးဟောင်းပစ္စည်းတွေလည်း အများကြီး ထွက်ခဲ့တာဆိုတော့ အခုတော့ အဲဒါကို ပြတိုက်လုပ်ထားတယ်။ ပြတိုက်က သေးပေမဲ့ ပစ္စည်းတွေကတော့ တကယ့်ကို တန်ဖိုးမဖြတ်နိုင်တာတွေချည်းပဲ!"
ယွီနျန့်သည် သူ၏အဘိုးဖြစ်သူက ထိုဂူကျောင်းများနှင့် နှစ်ပေါင်းထောင်ချီ၍ သဲဝါများအောက်တွင် မြုပ်နှံနေခဲ့သော ရှေးဟောင်းရတနာများကို ကြည့်ရှုစဉ်က ပြောခဲ့သည့် စကားတစ်ခွန်းကို ပြန်လည်သတိရမိ၏။ အဘိုးကလည်း ထိုအတိုင်းပင် သက်ပြင်းချရင်း ပြောခဲ့သည်မှာ
"တကယ်ကို တန်ဖိုးမဖြတ်နိုင်ပါလား!" ဟူ၍ပင် ဖြစ်သည်။
ကားသည် ရုပ်ရှင်အဖွဲ့၏ နယ်မြေအတွင်းသို့ ဝင်ရောက်လာပြီးနောက် နောက်ဆုံးတွင် ရပ်တန့်သွားတော့သည်။ ကားဆရာသည် ကားပေါ်မှ ခုန်ဆင်းကာ တံခါးဖွင့်ပေးပြီး ယွီနျန့်နှင့် ရှီရို့တို့ ဆင်းလာသည်ကို စောင့်ဆိုင်းနေသည်။ ထို့နောက် ကားနောက်ဖုံးကိုဖွင့်၍ ခရီးဆောင်အိတ်များကို စတင်ထုတ်ယူတော့သည်။
ယွီနျန့် ကားပေါ်မှဆင်း၍ မတ်မတ်ရပ်လိုက်သည်နှင့်တစ်ပြိုင်နက် နောက်ကျောကို ဖြတ်ခနဲ ရိုက်ခြင်း ခံလိုက်ရသည်။
"ရောက်လာပြီလား"
ယွီနျန့် လှည့်ကြည့်လိုက်ကာ ပြုံးလျက် "အစ်မ!" ဟု ခေါ်လိုက်သည်။ သူသည် ယွီချင်းကို သေသေချာချာ ကြည့်ရှုပြီးနောက်
"အစ်မ ကျွန်တော့်ကို မလိမ်ပါဘူး၊ အစ်မရဲ့ အသားအရေက တကယ်ကို အရင်ကထက် အများကြီး ပိုဆိုးသွားတာပဲ" ဟု ပြောလိုက်တော့သည်။
“သွားစမ်းပါ!”
ယွီချင်းသည် Mask အကြီးကြီးတစ်ခုကို တပ်ဆင်ထားသည်။ သူမ၏ လေသံမှာ ပြတ်သားခက်ထန်နေသော်လည်း မျက်ဝန်းများတွင်မူ အပြုံးရိပ်များ ထင်ဟပ်နေ၏။ သူမသည် ထူထဲသော မက်တစ်ခုကို ယွီနျန့်ထံ လှမ်းပစ်ပေးလိုက်ရင်း ဆော်သြသည်။
“အမြန်တပ်လိုက် ဒီမှာက လေနဲ့သဲက အရမ်းကြမ်းတာ။ အသက်တစ်ခါရှူလိုက်ရင် သဲတွေ ပါလာတတ်လို့ ငါ့အဆုတ်ထဲမှာ သဲတွေပဲ ပြည့်နေပြီလားလို့တောင် ထင်မိတယ်!”
ယွီနျန့်သည် နှာခေါင်းစည်းကို တပ်ဆင်လိုက်ရာ သူ၏အသံမှာ အနည်းငယ် အက်ရှရှ ဖြစ်သွား၏။
“အစ်မက ရိုက်ကူးရေး မရှိဘူးလား”
“ငါ့အခန်းတွေက ရိုက်ပြီးသလောက် ဖြစ်နေပြီ။ အချိန်ဇယားကလည်း သိပ်မကျပ်တော့ဘူး။”
ယွီချင်းက မျက်ခုံးပင့်ပြရင်း
“ဘာလဲ... ငါကိုယ်တိုင် မင်းကို လာကြိုတာကို မပျော်ဘူးလား” ဟု မေးလိုက်သည်။
ယွီနျန့်က အလျင်အမြန်ပင် ဖြေရှင်းချက်ပေးသည်။
“ဘယ်ကလာ... မဟုတ်တာ။ မင်းသမီးကြီး ယွီချင်းကိုယ်တိုင် လာကြိုတာ ကျွန်တော့်အတွက် ဂုဏ်ယူစရာပေါ့”
ယွီချင်းသည် ငယ်စဉ်က သိုင်းဝတ္ထုများကို ဖတ်ရှုခဲ့ပြီး သိုင်းသမားတစ်ယောက် ဖြစ်ချင်ခဲ့သူပင်။ ထို့ကြောင့် သူမကို ထိုသို့သော ဘွဲ့ထူးအမည်များဖြင့် ခေါ်ဝေါ်ရန် ယွီနျန့်ကို အတင်းအကျပ် ခိုင်းစေခဲ့ဖူး၏။ ယခု ထိုအမည်ကို ပြန်ကြားလိုက်ရသည့်အခါ ယွီချင်းကိုယ်တိုင်ပင် မအောင့်နိုင်ဘဲ ရယ်မောလိုက်ပါတော့သည်။
ခရီးဆောင်အိတ်အားလုံးကို ချပြီးသွားသောအခါ အများစုမှာ ယွီချင်း၏ ပစ္စည်းများသာ။ ယွီနျန့်တွင်မူ ခရီးဆောင်အိတ်တစ်လုံးနှင့် ကျောပိုးအိတ်တစ်လုံးသာ ပါ၏။ ယွီချင်း၏ လက်ထောက်နှစ်ဦးက အိတ်များကို လာသယ်ပေးစဉ် ယွီနျန့်က သေတ္တာတစ်လုံးကို ညွှန်ပြကာ
“အဲဒီထဲမှာ ငရုတ်သီးဆော့စ်တစ်ဗူး ပါတယ်။ အခုပဲ ထုတ်ထားလိုက်မလား” ဟု မေးလိုက်သည်။
ယွီချင်း၏ မျက်ဝန်းများမှာ ချက်ချင်း တောက်ပသွားပြီး
“တောက်... ငါ ငယ်ငယ်တည်းက မင်းကို အလကား ခေါ်ဆော့ခဲ့တာ မဟုတ်ဘူးပဲ!”
သူမက အသံကို နှိမ့်လိုက်ရင်း
“တိုးတိုးနေဦး၊ အခုချက်ချင်းကြီး မထုတ်နဲ့ဦး။ တခြားသူတွေ မြင်သွားရင် ဒီငရုတ်သီးဆော့စ်ဗူးက ဒီညကို ကျော်ဖြတ်နိုင်မှာ မဟုတ်ဘူး!” ဟု ဆိုသည်။
ယွီနျန့် ခေါင်းညိတ်ပြပြီး သဘောတူလိုက်သည်။
သူသည် ဒါရိုက်တာ ရွှီရှန့်လန်နှင့် ထုတ်လုပ်သူ နင်ကောတို့ထံသို့ သွားရောက်သတင်းပို့ပြီးနောက် ရုပ်ရှင်အဖွဲ့သားများကို နှုတ်ဆက်လိုက်သည်။ သိပ်မကြာမီမှာပင် ကောင်းကင်ကြီး မှောင်အတိ ကျသွားလေသည်။
ယွီနျန့် နေထိုင်ရသည့်နေရာမှာ ယာယီဆောက်လုပ်ထားသော အခန်းလေးတစ်ခုဖြစ်ပြီး အလွန်ကျဉ်းမြောင်းသည်။ အထဲတွင် တစ်ယောက်အိပ်ကုတင်တစ်လုံး၊ ပစ္စည်းတင်ရန် စားပွဲငယ်တစ်လုံးနှင့် အင်္ကျီချိတ်ရန် တန်းတစ်ခုသာ ရှိ၏။ ပြတင်းပေါက်မှ အပြင်သို့ လှမ်းကြည့်လိုက်လျှင် တောက်ပသော်လည်း အထီးကျန်ဆန်သော လမင်းကြီးနှင့် ခြောက်ကပ်နေသော ကန္တာရကြီးကိုသာ မြင်တွေ့ရသည်။
ယွီနျန့်သည် စားပွဲသုတ်နေခြင်းကို ရပ်တန့်ကာ ခေတ္တမျှ ငေးကြည့်နေမိ၏။ လောကကြီးမှာ ရုတ်တရက် ပို၍ ကျယ်ပြောသွားသလို ခံစားလိုက်ရသည်။
သူ့တွင် ပစ္စည်းအများကြီး မပါသဖြင့် အမြန်ပင် စီစဉ်လိုက်သည်။ ဒါရိုက်တာရွှီက တံခါးခေါက်၍ ဝင်လာသောအခါ ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီး
“အိုး... ရှောင်ယွီက နေထိုင်မှုပုံစံ တော်တော်စနစ်ကျတာပဲ!” ဟု ပြုံးလျက် ဆိုသည်။ ယွီနျန့် ထရပ်ရန် ပြင်လိုက်သည်ကို မြင်သောအခါ သူက လက်ကို ပြကာ တားသည်။
“အားမနာပါနဲ့၊ ဒီအတိုင်းပဲ ထိုင်ပြီး စကားပြောရအောင်”
ယွီနျန့်က ခေါင်းညိတ်ပြလျက် "ကျေးဇူးတင်ပါတယ် ဒါရိုက်တာရွှီ" ဟု ဆိုလိုက်သည်။
ရွှီရှန့်လန်သည် သူနှင့်အတူပါလာသော ခေါက်ကုလားထိုင်ကို ဖြန့်၍ ထိုင်လိုက်ပြီးနောက် ယွီနျန့်ကို စကားစသည်။
"နေထိုင်ရတာ အဆင်မပြေတာရှိရင် ရုပ်ရှင်အဖွဲ့ကို ပွင့်ပွင့်လင်းလင်းပြောပါ။ တို့တွေ တတ်နိုင်သမျှ ဖြည့်ဆည်းပေးပါ့မယ်။"
ယွီနျန့် ခေါင်းညိတ်သည်ကို မြင်သောအခါ သူက ထပ်မံမေးမြန်း၏ ။
"ဇာတ်ညွှန်းကိုရော အကျွမ်းတဝင်ရှိပြီလား"
ယွီနျန့်က အနည်းငယ် ရှက်ကိုးရှက်ကန်းဖြင့် ပြန်ဖြေသည်။
"အကျွမ်းတဝင်တော့ ရှိပါပြီ။ ဒါပေမဲ့ ကျွန်တော်က ရုပ်ရှင်တစ်ခါမှ မရိုက်ဖူးတော့ ဒါရိုက်တာဘက်က အချိန်နည်းနည်း ပိုပေးရပါလိမ့်မယ်"
"ဒါက ကိစ္စမရှိပါဘူး။ မင်းဘက်က သေသေချာချာ သင်ယူမယ်ဆိုရင် ငါလည်း အလေးအနက် သင်ပေးမှာပေါ့။ ဘယ်သူမဆို အစပိုင်းမှာ လူသစ်ပဲ မဟုတ်လား။ ငါဆိုရင်လည်း အစတုန်းက ကင်မရာဘယ်လိုဖွင့်ရမလဲတောင် မသိခဲ့ဘူး!"
ရွှီရှန့်လန်သည် သူ၏ရေနွေးအိုးကို ဖွင့်ကာ ရေတစ်ငုံသောက်လိုက်ရင်း
"မင်းရဲ့ အခန်းတွေကို ဒီနေရာမှာတင် အပြီးရိုက်လို့ရတယ်။ တို့တွေ အရှိန်မြှင့်ကြတာပေါ့။ မင်းရဲ့ အပိုင်းပြီးရင် ရုပ်ရှင်အဖွဲ့လည်း ရိုက်ကူးရေးအပြီးသတ်ဖို့ အချိန်နီးလာပြီ။"
သူက ထပ်မံရယ်မောလျက်
"ဟား ဟား ငါ စိတ်ထဲက တွက်ကြည့်တာ... ဒီကားရိုက်နေတာ ခြောက်လကျော်ပြီပဲ။ အချိန်က တကယ်မနည်းတော့ဘူး၊ အဖွဲ့သားတွေအားလုံးလည်း ပင်ပန်းနေကြပြီ"
ထိုအချိန်တွင် တံခါးခေါက်သံ ခပ်တိုးတိုး ထွက်ပေါ်လာ၏။ ခေါက်သည့်သူက တမင်တကာ အားလျှော့ခေါက်နေသကဲ့သို့ပင်။ ရွှီရှန့်လန် တံခါးဖွင့်လိုက်သောအခါ အပြင်ဘက်တွင် ရောက်နေသော ယွီချင်းနှင့် တည့်တည့်တိုးတော့သည်။
ရွှီရှန့်လန်၏ မျက်လုံးများက စူးရှလှသည်။
"ယွီချင်း... မင်းအိတ်ထဲမှာ ဘာတွေလဲ"
ယွီချင်းက ဘာမှပြန်မပြောပေ။
ရွှီရှန့်လန်က တကယ့်ကို လူလည်ကြီး ဖြစ်သည်။
"မင်း မပြောဘူးဆိုရင် မနက်ဖြန်ကျရင် အခန်းတစ်ခန်းတည်းကို အကြိမ် ၂၀ လောက် ပြန်ရိုက် ခိုင်းပစ်မယ်။"
"တောက်!"
ယွီချင်း ရင်ထဲမှာ အကြီးအကျယ် ဒေါသထွက်သွားသော်လည်း အကြိမ် ၂၀ ဆက်တိုက် NG ဖြစ်မည့်ဒဏ်ကို မခံနိုင်သဖြင့် သူမ၏အိတ်ထဲမှ ငရုတ်သီးဆော့စ်တစ်ဗူးကို မကျေမချမ်းဖြင့် ထုတ်ပေးလိုက်ရတော့သည်။
"ဟား ဟား ရဲဘော် ယွီချင်းရေ... တို့ရဲ့ ရုပ်ရှင်အဖွဲ့သားတွေဆိုတာ တစ်ယောက်ကိုတစ်ယောက် ချစ်ကြတဲ့ မိသားစုကြီးပဲလေ။ ကောင်းတာလေးရှိရင် အတူတူ ခံစားကြရမှာပေါ့!"
မကြာမီမှာပင် ပတ်ဝန်းကျင်ရှိ ယာယီအိမ်လေးများတွင် နေထိုင်ကြသူအားလုံးက ရုပ်ရှင်အဖွဲ့ထဲ၌ ငရုတ်သီးဆော့စ်တစ်ဗူး ရောက်နေပြီမှန်း သိသွားကြတော့သည်။ ထို့ကြောင့် တစ်ယောက်တစ်လုပ်စီ ခွဲဝေစားလိုက်ကြရာ ထိုငရုတ်သီးဆော့စ်ဗူးမှာ ဆယ်မိနစ်ပင် မခံလိုက်ပေ။ ယွီနျန့်က အဝေးကြီးကနေ သယ်လာပေးမှန်း သိသွားကြသည့်အခါ အားလုံးက ပြုံးရွှင်လျက် အနားသို့လာကာ ကျေးဇူးတင်စကား ပြောကြသည်။ ယွီချင်းကတော့ ရွှီရှန့်လန်ကို တကယ်ပင် ရန်ဖြစ်ချင်စိတ် ပေါက်သွားရ၏။
နောက်တစ်နေ့ နံနက်စောစောတွင် ယွီနျန့်သည် မည်သူမျှ လာမနှိုးဘဲ အလိုအလျောက် နိုးလာခဲ့သည်။ ဝန်ထမ်းတစ်ဦးက သမ်းဝေရင်း သူ့ကို မိတ်ကပ်မှန်ရှေ့တွင် ထိုင်ခိုင်းလိုက်ပြီး ပြုံးလျက် ပြောလာ၏။
"မနေ့က မင်းယူလာတဲ့ ငရုတ်သီးဆော့စ်က ငါ့ရဲ့ ပျောက်ဆုံးနေတဲ့ အရသာခံအာရုံကို ပြန်ကယ်တင်လိုက်တာပဲ! အဲဒီလို အရသာမျိုး မစားရတာ ဘယ်လောက်တောင် ကြာပြီလဲ မင်းသိမှာမဟုတ်ဘူး!"
တန်နီ ဟု အမည်ရသော အခြားမိတ်ကပ်ဆရာမတစ်ဦးကလည်း ခေါင်းကို တရစပ်ညိတ်လျက်
"ဟုတ်တယ်! အခုဆိုရင် ငရုတ်သီးဆော့စ်က ကမ္ဘာပေါ်မှာ အကောင်းဆုံး အစားအစာလို့တောင် ငါခံစားနေရပြီ!" ဟု ဆိုသည်။
ယွီနျန့်က ထိုစကားကို ကြားသောအခါ တကယ်ရယ်ချင်သွားမိသည်။
"ဒါမျိုးဖြစ်မယ်မှန်း သိရင် ကျွန်တော် အများကြီး သယ်လာခဲ့ပါတယ်။ ဒါဆိုရင် အားလုံး တစ်ယောက်ကို ဗူးတစ်ဝက်လောက်စီတော့ ရနိုင်တာပေါ့"
"မလိုပါဘူး၊ အများကြီးဆိုရင်လည်း သယ်ရတာ ပင်ပန်းမှာပေါ့ နျန့်နျန့်ရဲ့!"
တန်နီက ပြောရင်းနှင့် မိတ်ကပ်ပစ္စည်းများကို အစီအရီကို ချလိုက်သည်။
"အရင်ဆုံး မင်းရဲ့ ဆံပင်ပုံစံနဲ့ ဦးထုပ်အပိုင်းကို ပြင်ပေးမယ်။ ပြီးမှ အဝတ်အစားတွေ လဲကြည့်ကြမယ်နော်။ အဆင်ပြေရဲ့လား"
ယွီနျန့်က ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ်ခင်ဗျာ။"
ပြင်ဆင်မှုတစ်ခုလုံးသည် နှစ်နာရီနီးပါး ကြာမြင့်ခဲ့သည်။ ယွီနျန့် ဝတ်စုံအပြည့်အစုံ ဝတ်ဆင်ပြီးသွားသောအခါ တန်နီသည် သူမ၏ဖုန်းကိုထုတ်၍ ထောင့်ပေါင်းစုံ၊ Filter ပေါင်းစုံဖြင့် ဓာတ်ပုံများ တရစပ်ရိုက်တော့သည်။ သူမသည် ဓာတ်ပုံရိုက်ရင်း သက်ပြင်းချလျက်
"နျန့်နျန့်... မင်းက ရှေးဟောင်းဝတ်စုံနဲ့ တကယ်လိုက်တာပဲ။ ဒါရိုက်တာရွှီရဲ့ အမြင်ကတော့ ကျမသွားသေးဘူး၊ မင်းလို ပုလဲတစ်လုံးကို ရှာတွေ့ခဲ့တာပဲ!"
ယွီနျန့်သည် ဓာတ်ပုံအရိုက်ခံရန် ငြိမ်သက်စွာ ရပ်နေရင်း စကားပြောရန် ပြင်လိုက်စဉ်မှာပင် တံခါးပွင့်လာပြီး ရွှီရှန့်လန် ဝင်လာသည်။ သူသည် ယွီနျန့်နှင့် နှစ်လှမ်းအကွာတွင် ခြေလှမ်းများ ရပ်တန့်သွား၏။ ရွှီရှန့်လန်သည် သူ့ကို ခြေဆုံးခေါင်းဆုံး သေသေချာချာ ကြည့်ရှုစစ်ဆေးပြီးနောက် မျက်တောင်မခတ်ဘဲ
"ဟိုခေါက်ယပ်တောင်ကို ယူခဲ့!" ဟု အမိန့်ပေးလိုက်သည်။
တန်နီသည် လေးထောင့်သေတ္တာတစ်လုံးကို ထုတ်ယူလိုက်ရာ အထဲမှ ခေါက်ယပ်တောင်တစ်ခု ထွက်လာသည်။
ရွှီရှန့်လန်က ထိုယပ်တောင်ကို ကြည့်ကာ အလေးအနက်မှာကြားသည်။
"ဒါက ငါ ဝါရင့်ပညာရှင်တစ်ယောက်ဆီကနေ အထူးတလည် တောင်းဆိုထားရတဲ့ ယပ်တောင်အနည်းငယ်ထဲက တစ်ခုပဲ။ ဒီတစ်ခါတော့ အသုံးအဆောင်ပစ္စည်းအနေနဲ့ သုံးဖို့ ငါ တကယ်ပဲ အရင်းအနှီး အများကြီး စိုက်လိုက်ရတယ်။ မပျက်စီးစေနဲ့ဦး!"
ယွီနျန့်သည် ထိုယပ်တောင်ကို ဂရုတစိုက် ဖြန့်ကြည့်လိုက်ရာ သူ၏မျက်ဝန်းအစုံမှာ အနည်းငယ် ဝိုင်းစက်သွားရ၏။
နှင်းကဲ့သို့ ဖြူဖွေးသော ယပ်တောင်ပေါ်တွင် "ဖုန်းယာ" ဟူသော စာလုံးကို မှင်ဖြင့် ရေးသားထားသည်။ လက်ရေးမှာ နှင်းများပေါ်တွင် လေပြင်းတိုက်ခတ်နေသကဲ့သို့ အားပါလှပြီး၊ ထောင့်စွန်းရှိ တံဆိပ်တုံးလေးပေါ်တွင်တော့ ရှေးဆန်ပြီး ရိုးရှင်းသော စာလုံးလေးနှစ်လုံးဖြစ်သည့် "ရှို့နင်" ဟု ရေးထိုးထားသည်။
ဒါက သူ့အဘိုး၏ လက်ရေးအစစ်အမှန် ဖြစ်သည်။
ယွီနျန့်သည် အသက်ကို ခပ်ဖွဖွရှူလျက် ခေါက်ယပ်တောင်ကို လက်ထဲ၌ တင်းတင်းဆုပ်ကိုင်ကာ ခေါင်းညိတ်ပြလိုက်၏။
"ကျွန်တော် တကယ်ကို ဂရုစိုက်ပါ့မယ်"
ဝတ်စုံလဲ၍ မိတ်ကပ်ဓာတ်ပုံများ ရိုက်ကူးပြီးနောက် ယွီနျန့်သည် ခေါက်ကုလားထိုင်တစ်လုံးကို ရှာဖွေကာ ဘေးနားတွင် ထိုင်လျက် ရိုက်ကူးရေးကို စောင့်ကြည့်နေသည်။ သူသည် ဘောပင်နှင့် စက္ကူကိုယူ၍ မှတ်သားစရာများကိုလည်း ရေးသားနေခဲ့၏။
ရွှီရှန့်လန်က ထိုအခြင်းအရာကို မြင်သောအခါ သူ၏လက်ထောက်ကို
"သူ့ရဲ့ စိတ်နေစိတ်ထားကတော့ တကယ်မှန်ကန်တယ်။ ယွီနျန့်ဆီသွားပြီး နားမလည်တာရှိရင် မေးဖို့ ပြောလိုက်ပါ။ ရှိရင်လည်း သူ့ကို သေသေချာချာ ရှင်းပြပေးလိုက်" ဟု ခိုင်းစေလိုက်သည်။
မွန်းတည့်ချိန်နီးလာသောအခါ ယွီနျန့်၏ အလှည့်သို့ ရောက်ရှိလာသည်။ ရွှီရှန့်လန်သည် သူ့ကို အခက်မတွေ့စေလိုသဖြင့် အသားကျသွားစေရန်နှင့် ခံစားချက်ရစေရန်အတွက် အလွယ်ကူဆုံး အခန်းကိုသာ အရင်ဆုံး ရိုက်ကူးစေခဲ့၏။
အပြင်ဘက်တွင် နှစ်ပေါင်းရာချီ၍ လေနှင့်သဲများ တိုက်ခတ်နေသော ပျက်စီးယိုယွင်းနေသည့် လက်ဖက်ရည်ဆိုင်လေးတစ်ခု ရှိသည်။ ကြည့်ရသည်မှာ နောက်ထပ် လေပြင်းတစ်ချက်လောက် တိုက်လိုက်ရုံနှင့်ပင် ထိုနေရာတစ်ခုလုံး ပြိုကျသွားတော့မည့်ပုံပင်။ သာမန်အရပ်သား ဝတ်စုံဝတ်ထားသော လူကြမ်းတစ်ယောက်က ကြေးကွင်းများပါသည့် ဓားမကြီးကို စားပွဲပေါ်သို့ ဒုန်းခနဲ မြည်အောင် ဆောင့်ချလိုက်ရာ သစ်သားစားပွဲကြီးမှာ ဒဏ်မခံနိုင်သကဲ့သို့ ကျွိ ခနဲ မြည်သံ ထွက်ပေါ်လာသည်။
ထိုသူက ဘေးဘက်သို့ ဒေါသတကြီး လှည့်ကြည့်ကာ
"မင်းက ဘယ်သူလဲ" ဟု မေးလိုက်၏။
နှစ်ပေါင်းများစွာ အသုံးပြုလာခဲ့သည့် လေးထောင့်စားပွဲရှေ့တွင် ထိုင်နေသူမှာ ဝတ်စုံဖြူဝတ် လူငယ်လေးတစ်ဦး ဖြစ်သည်။ သူသည် မည်သို့မျှ တုံ့ပြန်ခြင်းမရှိဘဲ နောက်ကျိနေသော လက်ဖက်ရည်ကို အေးအေးဆေးဆေး သောက်နေသည်။ ကြမ်းတမ်းသော လက်ဖက်ရည်ခွက်အလွတ်ကို ပြန်ချလိုက်ပြီးနောက် သူက မေးခွန်းမေးသူကို မော့ကြည့်ကာ နှုတ်ခမ်းကို အနည်းငယ် ကွေးညွှတ်၍ ပြုံးပြလိုက်၏။ ထိုအပြုံးမှာ နှင်းများပေါ်တွင် လေပြည်တိုက်ခတ်လိုက်သကဲ့သို့ အေးမြလှသည်။
"အရှေ့မြို့တော်က ကုရွှမ်းနင်ပါ။"
သူက တိုးညှင်းသော လေသံဖြင့် ဆက်ပြောသည်။
"မင်းတို့ စစ်သူကြီးကို သွားပြောလိုက်ပါ။ ငါ သူ့ကို တွေ့ချင်တယ်လို့"
"Cut!"
ယွီနျန့်သည် သစ်သားတန်းလျားရှည်ပေါ်တွင် ထိုင်နေရင်း အသက်ကို ဝဝရှူလိုက်ကာ ရွှီရှန့်လန်ကို စိုးရိမ်တကြီး ကြည့်၍ မေးလိုက်သည်။
"လောင်ရှီး... ကျွန်တော် ဘယ်လိုရိုက်လိုက်မိလဲဆိုတာ ကြည့်လို့ရမလားဟင်"
ရွှီရှန့်လန်က ရယ်မောလိုက်ပြီး
"ဘာလို့ ဒီလောက်တောင် သနားစရာကောင်းအောင် မေးနေရတာလဲ ပထမဆုံးအကြိမ်မှာ ဒီလိုရလဒ်မျိုး ထွက်လာတာ တကယ်ကို ကောင်းပါတယ်။ ဒါပေမဲ့ လှုပ်ရှားမှုတွေကတော့ နည်းနည်း သဘာဝမကျသေးဘူး။ ရပါတယ်။ နောက်တစ်ခါ ပြန်ရိုက်ကြတာပေါ့။ အားလုံး အဆင်သင့်ပြင်!"
ယွီနျန့်သည် သူထင်ထားသည်ထက် ပိုမိုမြန်ဆန်စွာပင် ရုပ်ရှင်အဖွဲ့၏ ဘဝတွင် အသားကျလာခဲ့ပြီး အားလုံးကို ပြုံးရွှင်စွာ ဆက်ဆံတတ်သည်။ သူ ရိုက်ရမည့်အချိန် မဟုတ်လျှင် ခေါက်ကုလားထိုင်ပေါ်တွင် ပေါက်စီ တစ်လုံးကို ကိုင်ကာ အခြားသူများကို လေ့လာမှတ်သားရင်း ခပ်အေးအေးစားသောက်နေတတ်၏။
ရံဖန်ရံခါတွင် ရွှီရှန့်လန်၊ ယွီချင်းနှင့် အခြားသူများ အလုပ်ရှုပ်နေပါက ယွီနျန့်သည် ဆယ်စုနှစ်တစ်ခုကျော်ကြာ ရုပ်ရှင်အဖွဲ့အမျိုးမျိုးတွင် ကျင်လည်ခဲ့သော လူကြမ်းသရုပ်ဆောင်များကို မည်သည့်နေရာတွင် မည်သို့သရုပ်ဆောင်ရမည်ကို လိုက်လံမေးမြန်းလေ့ရှိပြီး သေသေချာချာ ပြန်လည်စဉ်းစားလေ့ရှိသည်။ အကြိမ်အနည်းငယ် ကြာပြီးနောက်တွင်မူ သူ NG ဖြစ်သည့်အကြိမ်အရေအတွက်မှာ တဖြည်းဖြည်း နည်းပါးလာတော့သည်။
***
ရုံးခန်း
လက်ထောက် ချင်ကျန့် သည် ရှဲ့ယို့ထံသို့ စာရွက်စာတမ်းများ ကမ်းပေးရင်း တိုးညှင်းသောလေသံဖြင့် သတင်းပို့သည်။
"ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်း တင်းကျောက်ရှန်းက ဘုရားကျောင်းမှာ ဥပုသ်စောင့်နေပါတယ်။ တခြား ဘာလှုပ်ရှားမှုမှ မရှိပါဘူး"
"ဥပုသ်စောင့်နေတာလား"
ရှဲ့ယို့၏ လက်မှတ်ထိုးနေသော လက်မှာ ရပ်တန့်မသွားဘဲ
"ငါ စောင့်ကြည့်ခိုင်းထားတဲ့ လူနှစ်ယောက်ကော ဘယ်လိုလဲ" ဟု ထပ်မေးလိုက်၏။
"အေးအေးဆေးဆေးပါပဲ။ ဒါပေမဲ့ စုန့်ခဲ့က မမျှော်လင့်ဘဲ ဆုံးသွားတော့ သူ့ရဲ့ ကလေးသုံးယောက်က အမွေကိစ္စနဲ့ အချင်းချင်း ပြိုင်ဆိုင်နေကြတယ်။ တင်းကျောက်ရှန်းဘက်က အဲဒီလူနှစ်ယောက်က စုန့်ခဲ့ရဲ့ သားကြီးနဲ့ သားလတ်တို့ဆီ အသီးသီး ဆက်သွယ်ထားတာ တွေ့ရတယ် ။ စုန့်ခဲ့ လက်ထက်က ပိုင်ဆိုင်ခဲ့တဲ့ ရှယ်ယာတွေကို စိတ်ဝင်စားနေပုံရတယ်"
"သိပြီ။"
ရှဲ့ယို့သည် ဘောပင်အဖုံးကို ပြန်ပိတ်ကာ ထရပ်လိုက်ရင်း "ကားပြင်လိုက်တော့" ဟု အမိန့်ပေးလိုက်သည်။
မြေအောက်ကားပါကင်သို့ ရောက်ရှိသောအခါ ချင်ကျန့်သည် ရှေ့သို့တက်၍ ရှဲ့ယို့အတွက် နောက်ခန်းတံခါးကို ဖွင့်ပေးလိုက်သည်။ ထိုင်ခုံတွင် ထိုင်လိုက်ပြီးနောက် ရှဲ့ယို့သည် စတီယာရင်ကို ကိုင်ထားသော တစ်ဖက်လူ၏ လက်များကို မတော်တဆ မြင်လိုက်ရ၏။ ထိုသူကို သူ တစ်ခါမှ မမြင်ဖူးပေ။
ရှဲ့ယို့သည် ခုနက ပိတ်လိုက်သော တံခါးကို ပြန်တွန်းဖွင့်ကာ ကားပေါ်မှ ဆင်းလိုက်တော့သည်။
ချင်ကျန့်မှာ ဇဝေဇဝါဖြစ်သွားကာ "ဥက္ကဋ္ဌရှဲ့" ဟု မေးရင်း တစ်ခုခုကို သတိရသွားပုံဖြင့် မျက်နှာပျက်သွားရ၏။
ရှဲ့ယို့က သူ့ကို ခေါင်းအနည်းငယ် ခါပြလိုက်ပြီး "ငါ စာရွက်စာတမ်းတစ်ခု မေ့ကျန်ခဲ့လို့" ဟု ပြောလိုက်သည်။
မူလလမ်းအတိုင်း နှစ်လှမ်းခန့် လျှောက်သွားပြီးနောက် ရှဲ့ယို့ ရပ်တန့်လိုက်သည်။ ထို့နောက် ပြန်လှည့်လာကာ ကားဘေးသို့ လျှောက်သွားပြီး ကားမောင်းသူနေရာတွင် ထိုင်နေသောသူကို ကြည့်လျက်
"မင်း ကားကို အပြင်ကို မောင်းထုတ်လိုက်" ဟု အမိန့်ပေးလိုက်သည်။
တစ်ဖက်လူမှာ မည်သို့မျှ လှုပ်ရှားခြင်းမရှိပေ။
ရှဲ့ယို့၏ မျက်ဝန်းများ မှောင်မှောင်သွားကာ စကားလုံးများကို သည်မှာ -
"မောင်းထုတ်လိုက်" ဟူ၍ ပြတ်သားစွာ ပြောလိုက်သည်။
ထိုအချိန်တွင် ရှဲ့ယို့နောက်မှ လိုက်လာသော သက်တော်စောင့်ကလည်း တစ်ခုခု မှားယွင်းနေသည်ကို သတိထားမိသွားပြီး အသက်ရှူပင် ရပ်မတတ် ဖြစ်သွားရ၏။ ရှဲ့ယို့သည် ကားမောင်းသူနေရာတွင် ငြိမ်သက်စွာ ထိုင်နေသောသူကို ကြည့်ကာ အေးစက်သောအသံဖြင့် လှောင်ပြုံးပြုံးပြလျက်
"မင်းကို တင်းကျောက်ရှန်း ခိုင်းလိုက်တဲ့အတိုင်းပဲ လုပ်ပါ၊ နားလည်လား"
***
ကျောက်စရစ်ခဲများပေါ်တွင် တာယာများ လိမ့်သွားသဖြင့် တရှရှမြည်သံ ထွက်ပေါ်နေသည်။ ယွီချင်းသည် ပဝါတစ်ထည်ကို ပတ်ထားပြီး ဦးထုပ်တစ်လုံးကို ဆောင်းထားရာ သူမ၏ မျက်နှာမှာ တစ်ခုလုံးနီးပါး ဖုံးကွယ်နေ၏။ ယွီနျန့်သည် ရှေ့ခန်းတွင် ထိုင်နေရင်း ဖုန်းစခရင်၏ ညာဘက်အပေါ်ထောင့်ရှိ အမှတ်အသားကို သေသေချာချာ ကြည့်နေသည်။
"အစ်မ... ဒီဘက်သွားရင် လိုင်းပိုကောင်းလာမှာလား"
"ဟုတ်တယ်။ ဒီလမ်းက ငါ အမှတ်မိဆုံးလမ်းပဲ။"
ယွီချင်းသည် စတီယာရင်ကို ကျွမ်းကျင်စွာ လှည့်ရင်း ရှင်းပြသည်။
"ရုပ်ရှင်အဖွဲ့က ဟိုမှာ စခန်းချနေတော့ လူတွေက အများကြီးပဲလေ။ လိုင်းက တစ်ခါတလေ မကောင်းတာနဲ့တင် တကယ် စိတ်တိုစရာကြီး"
ခေတ္တမျှ မောင်းနှင်ပြီးနောက် ယွီချင်းက ဘရိတ်နင်းလိုက်ပြီး မေးသည်။
"ရောက်ပြီ။ ကြည့်လိုက်ဦး... အင်တာနက် အမြန်နှုန်း ဘယ်လိုနေလဲ"
ယွီနျန့် စမ်းကြည့်လိုက်ရာ အားရဝမ်းသာ ဖြစ်သွားရသည်။
"ဗီဒီယိုတွေတောင် ကြည့်လို့ရပြီ!"
ယွီချင်းက ခေါင်းညိတ်ပြရင်း ထိုင်ခုံနောက်မှီကို လှဲချလိုက်သည်။
"ဒါဆိုလည်း မင်းဘာသာမင်း ဖုန်းကြည့်နေတော့။ ငါက သန်းခေါင်ယံမှာ ရိုက်ကူးရေးရှိလို့ ခဏလောက် အိပ်လိုက်ဦးမယ်။ အချိန်တန်ရင် နှိုးဖို့ မမေ့နဲ့ဦးနော်"
"ဟုတ်ကဲ့၊ အေးအေးဆေးဆေး အိပ်ပါ"
ယွီနျန့်သည် ယွီချင်းကို အနှောင့်အယှက်ဖြစ်မည်စိုးသဖြင့် အနွေးထည်အထူကြီးကို ခြုံကာ ကားထဲမှ ထွက်လာခဲ့သည်။ သူသည် အဝေးကြီးသို့ မသွားရဲဘဲ ကားရှေ့မီးရောင်အောက်တွင် လမ်းဘေးက ကျောက်တုံးတစ်တုံးကို ရှာ၍ ထိုင်လိုက်၏။
သူ ခေတ္တစဉ်းစားပြီးနောက် Weibo ကို အရင်ဆုံးဖွင့်၍ ကြည့်လိုက်သည်။ ရှဲ့ယို့၏ အပ်ဒိတ်မှာ ယခင်အတိုင်းပင် ဖြစ်နေပြီး ဘာသတင်းသစ်မှ မရှိပေ။ ပုံမှန်အတိုင်း စီးပွားရေးနှင့် လူမှုရေးသတင်းများကို ဆက်လက်ဖတ်ရှုသော်လည်း သူသိချင်သည့်အကြောင်းအရာ တစ်ခုမှ ပါမလာပေ။
ယွီနျန့် ဖုန်းပိတ်တော့မည့်ဆဲဆဲမှာပင် သတင်းတစ်ခု ရုတ်တရက် တက်လာသည်။ ခေါင်းစဉ်တွင် ကားအက်စီးဒင့် ဆိုသည့် စကားလုံးကို မြင်လိုက်ရသည့်အခါ သူ၏ အသက်ရှူသံများ တုန်ရီသွားပြီး အလျင်အမြန်ပင် နှိပ်ကြည့်လိုက်တော့သည်။
သတင်းခေါင်းစဉ်မှာ သရဲကား ဟု ဖြစ်သည်။ သတင်းပေးပို့ချက်အရ ကန့်သတ်ထုတ်လုပ်ထားသော ဇိမ်ခံကားတစ်စီးသည် တံတားလက်ရန်းကို တိုက်မိကာ ယနေ့ညနေတွင် မြစ်ထဲသို့ ထိုးကျသွားခဲ့သည်။ ကားကို ပြန်လည်ဆယ်ယူပြီးနောက်တွင်မူ ကားထဲ၌ လူတစ်ဦးတစ်ယောက်မျှ ရှိမနေသည်ကို တွေ့ရ၏။ ကားမောင်းသူ ပျောက်ဆုံးနေသလို အလောင်းကိုလည်း ရှာမတွေ့ပေ။ စစ်ဆေးအတည်ပြုချက်အရ ကားပိုင်ရှင်၏ မျိုးရိုးအမည်မှာ ရှဲ့ ဖြစ်ပြီး နောက်ဆက်တွဲအခြေအနေများကို စုံစမ်းနေဆဲ ဖြစ်သည်။
ရှဲ့ ဆိုသည့် စကားလုံးကို မြင်လိုက်ရသည့်အခါ ယွီနျန့် ရင်ဘတ်ထဲ ဟာခနဲ ဖြစ်သွားရ၏။ စက္ကန့်အနည်းငယ်အကြာတွင် တုန်ရီနေသော လက်များဖြင့် ဖုန်းနံပါတ်စာရင်းကို ဖွင့်ကာ ရှဲ့ယို့၏အမည်ကို ရှာ၍ ခေါ်လိုက်တော့သည်။
ဖုန်းဝင်နေပြီ။
ဖုန်းဝင်နေသည်ဆိုသည်မှာ... သူ ဘေးကင်းသည်ဟု ဆိုလိုခြင်းလော
ယွီနျန့် အသက်ကို ဝဝရှူလိုက်ပြီး နောက်တစ်ကြိမ် ထပ်ခေါ်ရန် ပြင်လိုက်စဉ်မှာပင် ဖုန်းမြည်လာသည်။ စခရင်ပေါ်တွင် ပြနေသည့် မရင်းနှီးသော နံပါတ်ကို ကြည့်ကာ ယွီနျန့် ဖုန်းကိုင်လိုက်၏။ တစ်ဖက်မှ မည်သူမျှ စကားမပြောသေးဘဲ နားစည်ကို လာစုတ်ဖြဲနေသကဲ့သို့ လေတိုးသံများကိုသာ ကြားနေရသည်။
"ရှဲ့ယို့... လား"
အသက်ရှူသံ အချို့ကြားရပြီးနောက် အနည်းငယ် အေးစက်သော အသံတစ်ခု ထွက်ပေါ်လာသည်။
"ငါပါ"
ထိုအခါမှသာ ယွီနျန့်၏ တင်းမာနေသော ကြွက်သားများ ချက်ချင်းပင် လျော့ကျသွားပြီး သဲပြင်ပေါ်သို့ ပက်လက်လှန် လဲချလိုက်ကာ တိုးညှင်းစွာ ရယ်မောနိုင်တော့၏။
"ကျွန်တော် အခု ဂိုဘီသဲကန္တာရထဲမှာ... ဒီည ကြယ်စုံတဲ့ ကောင်းကင်ကြီးက တကယ့်ကို လှလွန်းတယ် သိလား"
ကားမြစ်ထဲကျခဲ့သည့် နေရာတွင် ရပ်နေသော ရှဲ့ယို့သည် အေးစက်သော ချောက်ကမ္ဘာသဖွယ် စီးဆင်းနေသည့် မြစ်ရေပြင်ကို ကြည့်ရင်း ခန္ဓာကိုယ်ထဲ စိမ့်ဝင်နေသော အအေးဒဏ်များမှာ ချက်ချင်းပင် ပျောက်ကွယ်သွားကာ ပြန်လည် နွေးထွေးလာသလို ခံစားလိုက်ရပါတော့သည်။
_______________________________________________________________________
TN // ဒီ အင်ထရိုဗက်အတွဲလေးကို တကယ် အသဲယားတာ ။ ပိုက်ဆံရှိ စီအီးအို တွေထဲ ရှဲ့ယိုက အစိမ်းဆုံးလိုပဲ။ အရှက်အကြောက်လည်း ကြီးပြီး သနားဖို့လည်း ကောင်းတာ ။ အရမ်းစိတ်တိုင်းကျမိတဲ့ ကုံးပဲ။
NEXT
Comments
Post a Comment