Skip to main content

73

 

အခန်း (၇၃) - မင်းကိုယ်တိုင်ကကို အံ့သြဖို့ကောင်းလွန်းတာပါ




ချက်စစ်ခုံကြီးမှာ သူတို့နှစ်ဦးကြားတွင် တည်ငြိမ်စွာ ရှိနေဆဲဖြစ်ပြီး ရှဲ့ယို့ မတ်မတ်ထရပ်လိုက်သည်။ သူ မျက်လွှာအသာချလျက် သူ၏အဖြူရောင်ရှပ်အင်္ကျီ ကော်လာမှ ကြယ်သီးနှစ်လုံးကို ဖြည်းဖြည်းချင်း ဖြုတ်လိုက်သည်။ ထို့နောက် ချက်စစ်ခုံ၏ ဘေးတစ်ဖက်တစ်ချက်စီတွင် လက်နှစ်ဖက်ကို အားပြုထောက်လိုက်ပြီး အောက်သို့ ကိုယ်ကိုကိုင်းလျက် ယွီနျန့်၏ နှုတ်ခမ်းလွှာများကို အပိုင်စီး နမ်းရှုိက်လိုက်ပါတော့သည်။

အစပိုင်းတွင်တော့ သူ နည်းနည်းလေးမျှပင် မလှုပ်ရှားရဲခဲ့ပေ။ ယွီနျန့်၏ လျှာဖျားလေးက သူ၏အောက်နှုတ်ခမ်းလွှာကို ညင်သာစွာ လာရောက်ထိတွေ့လိုက်သည့် အခိုက်အတန့်ကျမှသာ... ထိုအခြေအနေသည် ခြောက်သွေ့နေသော ထင်းပုံထဲသို့ မီးပွားတစ်ခု ပစ်ချလိုက်သကဲ့သို့ ရုတ်တရက်ဆိုသလို အရှိန်အဟုန်ပြင်းစွာ တောက်လောင်သွားခဲ့ရတော့သည်။ ရှဲ့ယို့၏ ထင်ရှားလှသော ဧဒင်ပန်းသီးမှာ စိတ်လှုပ်ရှားမှုကြောင့် အထက်အောက် လှုပ်ခါသွားပြီး အသက်ရှူသံများ ပြောင်းလဲလာခဲ့သည်။ နောက်တစ်စက္ကန့်၌ သူ၏လျှာဖျားက ယွီနျန့်၏ သွားတန်းလေးများကြားသို့ အသည်းအသန် တိုးဝင်သွားလျက်။

သူတို့၏ နှုတ်ခမ်းများနှင့် လျှာဖျားလေးများမှာ အပြန်အလှန် ရစ်ပတ်နှောင်ဖွဲ့နေကြရာ ယွီနျန့်တစ်ယောက် ထိုအနမ်းက ဘယ်အချိန်မှာ ပြီးဆုံးသွားမှန်းပင် သေသေချာချာ မခွဲခြားနိုင်တော့ပေ။ ပတ်ဝန်းကျင်တစ်ခုလုံးရှိ အောက်ဆီဂျင်များအားလုံး အစုပ်ယူခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး ဦးခေါင်းတစ်ခုလုံးမှာလည်း လေဟာနယ်ဖြစ်သွားကာ မူးနောက်နောက်ဖြင့် အာရုံများ ဝေဝါးကုန်ရသည်။ ထိုအခိုက်အတန့်၌ ရှဲ့ယို့တစ်ဦးတည်းသာလျှင် သူအသည်းအသန် အာရုံခံစားမိနိုင်သော တစ်ခုတည်းသော တည်ရှိမှု ဖြစ်လာသည်။

ရှဲ့ယို့ သူ၏လက်မဖြင့် ယွီနျန့်၏ နူးညံ့ပြီး အနည်းငယ် စိုစွတ်နေဆဲဖြစ်သော နှုတ်ခမ်းလွှာလေးကို အသာအယာ ပွတ်သပ်ပေးရင်း မျက်ဝန်းများထဲတွင် အချစ်ရိပ်များဖြင့် မူးယစ်နေလျက် တိုးတိုးလေး ဆိုသည်။

"နျန့်နျန့်က တအား ချိုတာပဲ"

သူ၏ အသံမှာ အက်ကွဲခြောက်ကပ်နေပြီး မတည်ငြိမ်သေးသော အသက်ရှူသံပြင်းပြင်းများ လျှံထွက်နေဆဲပင်။

ထိုစကားလုံး ယွီနျန့်၏ နားထဲသို့ စီးဝင်သွားသည့် အခိုက်အတန့်တွင် ရင်ထဲ၌ ရှဲ ခနဲ အသံနှင့်အတူ ပူနွေးလှသော ရင်ခုန်သံလှိုင်းကြီးက ကျောရိုးတစ်လျှောက်မှတစ်ဆင့် တစ်ကိုယ်လုံးဆီသို့ တဟုန်ထိုး ပြန့်နှံ့သွားရတော့သည်။ ရှဲ့ယို့၏ လက်ချောင်းထိပ်လေးများက မိမိ၏နှုတ်ခမ်းပေါ်တွင် ညင်သာစွာ ပွတ်သပ်နေသည်ကို ခံစားမိရရင်း စိတ်ထဲတွင် ယားကျိကျိနှင့် ပြင်းပြလှသော ဝေဒနာကို ခံစားလိုက်ရသဖြင့်... သူ မသိစိတ်ဖြင့် ရှဲ့ယို့၏ လက်ချောင်းလေးကို သွားလေးဖြင့် အသာအယာ ကိုက်လိုက်မိသည်။

ရှဲ့ယို့၏ လှုပ်ရှားမှုများ ချက်ချင်း ရပ်တန့်သွားပြီး သူက အလိုမကျသလိုမျိုး တိုးတိုးလေး ညည်းတွားရှာသည်။

"မင်း ငါ့ကို ကိုက်လိုက်တယ်နော် နျန့်နျန့်။"

ထိုသို့ မကျေမနပ် ညည်းတွားသံကို ကြားရသောအခါ ယွီနျန့်က ခပ်နောက်နောက် လေသံဖြင့် "ဒါဆိုရင်... ကျွန်တော် ဘာပြန်လုပ်ပေးရမလဲဟင်" ဟု ပြန်လည် စနောက်လိုက်သည်။

ရှဲ့ယို့၏ မျက်ဝန်းအစုံမှာ ပိုမိုနက်ရှိုင်းသွားပြီး သူ၏လက်ချောင်းကို ယွီနျန့်၏ နှုတ်ခမ်းဝဆီသို့ ပိုမိုတိုးကပ်လိုက်ရင်း စကားဆိုသည်။

"မင်း... ငါ့ကို နောက်ထပ်တစ်ခေါက်လောက် ထပ်ပြီး ကိုက်ပေးလို့ ရမလားဟင်"

အကယ်၍ စောနက လက်ချောင်းကို ကိုက်မိလိုက်ခြင်းက မတော်တဆဟု ပြောနိုင်သော်လည်း၊ အခုတစ်ကြိမ် တောင်းဆိုမှုကတော့ တကယ့်ကို တိုက်ရိုက်ကြီး မြှူဆွယ်နေခြင်း ဖြစ်သည်။ ယွီနျန့် ရရမရဆိုတာကို စကားဖြင့် ပြန်မဖြေတော့ဘဲ သူ၏မျက်တောင်လေးများကို အသာအယာ ချထားလိုက်ပြီး... ရှဲ့ယို့၏ လက်ချောင်းလေးကို သူ၏ပါးစပ်လေးထဲသို့ ညင်သာစွာ ငုံသွင်းလိုက်ပါတော့သည်။ သူ အားပြင်းပြင်းကိုက်မိရင် တစ်ဖက်လူ နာကျင်သွားမှာ စိုးရိမ်သဖြင့် သွားလေးများဖြင့် ရှဲ့ယို့၏ လက်ချောင်းထိပ်လေးကို ခပ်ဖွဖွလေး ထိတွေ့လိုက်ပြီးမှ လျှာဖျားလေးဖြင့် သေသေချာချာ သပ်တင်ပေးလိုက်မိသည်။

ထိုအခါ ရှဲ့ယို့ထံမှ အောင့်အီးထိန်းချုပ်ထားရသော သက်ပြင်းချသံပြင်းပြင်းတစ်ခု ထွက်ပေါ်လာခဲ့ပြီး သူ၏ခန္ဓာကိုယ် ကြွက်သားအားလုံး တင်းခနဲ ဖြစ်သွားသည်ကို ခံစားလိုက်ရသည်။

သူ့သွားတန်းလေးများကြားတွင် စိုစွတ်သွားခဲ့ပြီဖြစ်သော လက်ချောင်းလေးကို ပြန်လည်လွှတ်ပေးလိုက်ပြီးနောက် ယွီနျန့် ချက်ချင်း မျက်နှာလွှဲလိုက်ပြီး




"တို့တွေ... ချက်စစ် ဆက်ပြီး ဆော့ကြဦးမလားဟင်" ဟု အလောတကြီး မေးလိုက်မိသည်။




ရှဲ့ယို့ သူ၏လက်ချောင်းကို ပြန်ရုပ်လိုက်ပြီး အသာအယာ ဆုပ်ကိုင်ထားမိသည်။ တုန်ရီနေဆဲဖြစ်သော ရင်ခုန်သံ အထိအတွေ့လေးက လက်ဖျားပေါ်တွင် ကျန်ရှိနေဆဲပင်။ သူက အက်ကွဲနေသော လေသံဖြင့်




"မင်း ဖြစ်ချင်တာမှန်သမျှ... ငါအကုန်လုံး လိုက်လျောပေးပါ့မယ်"

ယွီနျန့် ချက်ချင်း ထရပ်လိုက်ပြီး ရှဲ့ယို့ကို ကျောခိုင်းလျက်

"ဒါဆိုရင် တို့တွေ တီဗီကြည့်ကြမလားဟင်။ ဪ... ဒါနဲ့ စကားမစပ် ကျွန်တော် အသီးဝယ်ထားတာ ရှိတယ်လေ။ မင်း မက်မွန်သီး စားမလားဟင်"




"စားမယ်။"




ဆိုဖာပေါ်တွင် အတူတူ ထိုင်လိုက်ကြစဉ် ယွီနျန့် သစ်သီးများကို အခွံနွှာပေးနေမိသော်လည်း သူ၏နှလုံးခုန်သံမှာ အခုအချိန်အထိ လုံးဝ ငြိမ်သက်မသွားသေးပေ။ သူ ပြန်လည်တွေးတောမိသည် ။ တို့တွေက စောနကတင် ချက်စစ်ကို ကောင်းကောင်းမွန်မွန် ဆော့နေကြတာ မဟုတ်ဘူးလား၊ ဘာဖြစ်လို့ အခြေအနေက ဒီလိုမျိုးကြီး ဖြစ်သွားရတာလဲဟင်။

သူ အသက်ကို ပြင်းပြင်းရှူလိုက်ပြီး မက်မွန်သီးကို ထက်ဝက်တိတိ ဖြတ်လိုက်ရင်းကပင် နှုတ်ခမ်းလေး ကွေးရုံမျှ တစ်ယောက်တည်း ပြုံးလိုက်မိပါတော့သည်။




***




ရက်အနည်းငယ် ကြာပြီးနောက်

လုပ်ငန်းစဉ် အဆင့်ဆင့်ကို ဖြတ်သန်းပြီးသောအခါ ယွီနျန့်သည် Hersey ဘက်က စာချုပ်ပေါ်တွင် တရားဝင် လက်မှတ်ရေးထိုးလိုက်သည်။ ပါးနပ်လှသော မုန့်ယွမ်က သူ၏ အတွေ့အကြုံများကို အသုံးချကာ ဟာဆေးဘက်က မသင့်တော်သော စည်းကမ်းချက်အချို့ကို ပြန်လည် ညှိနှိုင်းပြင်ဆင်ပေးခဲ့သည်။ ယွီနျန့်ကိုယ်တိုင်လည်း ဒါကို သေသေချာချာ ထပ်မံစစ်ဆေးပြီးနောက်တွင်မှ စာချုပ်ကိစ္စမှာ အလွန်အမင်း ချောမွေ့စွာဖြင့် ပြီးဆုံးသွားခဲ့ပါတော့သည်။

ထို့နောက်တွင်တော့ အစီအစဉ်အတိုင်း ယွီနျန့်သည် ပထမဆုံးအကြိမ် တရားဝင် ပရိုမိုးရှင်း ပုံရိပ်များ ကို ရိုက်ကူးရန်အတွက် စတူဒီယိုအတွင်းသို့ လှမ်းဝင်ခဲ့သည်။

ဒါရိုက်တာ မေဆာက အထဲတွင် ကြိုတင်ပြင်ဆင်ပြီး စောင့်ဆိုင်းနေခဲ့သည်။ သူ ယွီနျန့် ဝင်လာသည်ကို မြင်လိုက်ရသောအခါ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လှမ်းလာပြီ ပြုံးလျက် ယွီနျန့်ကို ရင်ခွင်ထဲထည့်ကာ တင်းတင်းကြပ်ကြပ် ဖက်လိုက်သည်။




"မင်းနဲ့ နောက်တစ်ခေါက် ထပ်ပြီး လက်တွဲလုပ်ဆောင်ခွင့်ရတာ တကယ်ကို ဝမ်းမြောက်စရာပဲကွ"




ယွီနျန့်လည်း လှပစွာ ပြုံးလိုက်ပြီး "ကျွန်တော်လည်း တအား ပျော်ပါတယ်ခင်ဗျာ! ပြီးတော့... ဒီတစ်ခါတော့ ကျွန်တော် ဆရာ့ကို တကယ်ပဲ သီးသန့် အများကြီး ကျေးဇူးတင်ရမှာပါခင်ဗျာ!"





"မင်းရဲ့ ကျေးဇူးတင်စကားကို ငါဝမ်းသာအားရ လက်ခံလိုက်တယ်ဟေ့!"




မေဆာသည် ယွီနျန့်ကို ဖက်ထားရာမှ လွှတ်ပေးလိုက်ပြီး တက်ကြွရွှင်လန်းစွာဖြင့်




"ဒါပေမဲ့ တကယ်တော့... Florence ကြော်ငြာတုန်းကတင် မင်းက မစ္စတာ စလီမိန်းရဲ့ အမြင်ထဲ ရောက်သွားပြီး သူတို့ရဲ့ စောင့်ကြည့်စာရင်းထဲ ပါသွားခဲ့တာပါ။ ငါကတော့ အလယ်ကနေ ချီးကျူးစကား နည်းနည်းပဲ ထပ်ဖြည့်ပေးလိုက်ရုံပါ"




ထိုသို့ပြောရင်း သူက လက်ညှိုးနှင့် လက်ခလယ် နှစ်ချောင်းကိုပါ ထောင်ပြလိုက်သေးသည်။

ယွီနျန့်၏ နှုတ်ခမ်းထက်က အပြုံးမှာ နည်းနည်းလေးမျှ ပျက်ယွင်းမသွားဘဲ




"ဆရာ့ဆီက အခုလို ချီးကျူးစကား ကြားရတာတင်ပဲ ကျွန်တော့်အတွက် တကယ့်ကို ဂုဏ်ယူစရာပါခင်ဗျာ!" ဟု ပြန်လည် တုံ့ပြန်လိုက်သည်။




မေဆာ တဟားဟား ရယ်မောတော့သည်။




"ဒီတစ်ခေါက် လက်တွဲမှုကလည်း လူတွေကို မှင်တက်သွားစေမယ့် အမိုက်စား လက်ရာတွေ ထွက်လာဦးမယ်လို့ ငါမျှော်လင့်တယ်ကွာ!"

သူက စကားဆက်ပြန်သည်။




"ဒါနဲ့... သူတို့ မင်းကို ပြောပြပြီးပြီလား။ မင်း ဒီနေ့ ဝတ်ဆင်ရမယ့် ဝတ်စုံတွေကို မစ္စတာ စလီမိန်း ကိုယ်တိုင် စိတ်ကြိုက်ရွေးချယ်ပြီး တွဲဖက်ပေးထားတာလေ။ မင်းဆိုရင် ဒီဝတ်စုံရဲ့ စစ်မှန်တဲ့ အနှစ်သာရကို သေချာပေါက် ဖော်ဆောင်ပေးနိုင်လိမ့်မယ်လို့ သူက ပြောခဲ့တာ"




ယွီနျန့် သပ်ရပ်စွာ ချိတ်ဆွဲထားသော အဝတ်အစားများကို မြင်လိုက်ရသည့်အခါ မျက်ဝန်းထဲတွင် အံ့ဩဝမ်းသာရိပ်များ ပေါ်လွင်သွားသည်။

"ဒါက... retro စတိုင်လားဟင်။ တကယ်ကို တအားလှတာပဲ... ဘယ်လို စကားလုံးနဲ့ ဖော်ပြရမှန်းတောင် မသိတော့ဘူး... တကယ့်ကို ပြည့်စုံလွန်းပါတယ်ခင်ဗျာ!"




“အေး... ငါလည်း အဲဒီအတိုင်းပဲ ခံစားရတယ်!”

မေဆာလည်း အဝတ်စင်ရှေ့တွင် ယွီနျန့်နှင့်အတူ ဘေးချင်းယှဉ်ရပ်ကာ လက်ပိုက်လျက် စိုက်ကြည့်နေမိသည်။




“မစ္စတာ စလီမိန်းက မင်းမှာ တကယ့်ကို အထက်တန်းဆန်ပြီး နက်ရှိုင်းတဲ့ ဆွဲဆောင်မှုရှိတယ်လို့ ယုံကြည်နေတာ။ လွန်ခဲ့တဲ့ ဆယ်စုနှစ်ပေါင်းများစွာက လောင်းအိုင်းလန်း နဲ့ ပမ်းဘိခ်ျက အိမ်ကြီးရခိုင်တွေမှာ နေထိုင်ခဲ့ကြတဲ့ ရှေးရိုးသူဌေးကြီးတွေရဲ့ သခင်လေးမျိုးပေါ့။ အဲဒါကြောင့်ပဲ သူက ဒီဝတ်စုံကို မင်းအတွက် သီးသန့် ရွေးချယ်ပေးခဲ့တာလေ။ ကဲ... သွားပြီး ဝတ်ဆင်ကြည့်လိုက်ပါဦး”




ယွီနျန့် ခေါင်းညိတ်ပြသည် ။




"ဒါထက် ကောင်းတာ ဘာရှိဦးမလဲခင်ဗျာ!"




ယွီနျန့် အဝတ်လဲခန်းထဲမှ ထွက်လာသောအခါ မေဆာ ခေတ္တမျှ မှင်တက်စွာ ငေးကြည့်နေမိပြီးမှ ရုတ်တရက် ပြုံးလျက် စကားဆိုသည်။




“စလီမိန်းကတော့ တကယ့်ကို မျက်စိစူးရှတာပဲဟေ့။ မင်းအတွက် အသုံးအဆောင် အသေးစားလေးတစ်ခုကိုပါ သီးသန့် ရွေးပေးလိုက်သေးတယ်!”

ထိုသို့ပြောရင်း မေဆာက လက်ထဲက သစ်သားသေတ္တာလေးကို ယွီနျန့်ထံ ကမ်းပေးလိုက်သည်။




ယွီနျန့် ၎င်းကို ဖွင့်ကြည့်လိုက်ရာ အထဲတွင် Hersey ၏ logo ပါရှိသော ရွှေရောင်ကိုင်းပါးပါး မျက်မှန်တစ်စုံဖြစ်နေသည်ကို တွေ့ရသည်။ သူ ၎င်းကို နှာခေါင်းပေါ်သို့ အသာအယာ တင်လိုက်သည့်အခါ မေဆာက လက်ခုပ်တီးလျက် “အတိအကျပဲကွ!” ဟု အော်တော့သည်။




ယွီနျန့် သူ၏လက်ကို ဘောင်းဘီအိတ်ကပ်ထဲသို့ သဘာဝအတိုင်း ထည့်လိုက်ပြီး နှုတ်ခမ်းလေး ကွေးရုံမျှ ပြုံးကာ "အတိအကျပဲ ဆိုတာ... ဘာကို ပြောတာလဲဟင်?" ဟု မေးလိုက်သည်။




“ counts down ဖြစ်မယ့်အမျိုးအစားပေါ့... ဟို အချစ်ရေးမှာ ယောက်ျားလေးတွေ၊ မိန်းကလေးတွေ အများကြီးကို စိတ်ပျက်အောင် လုပ်ခဲ့ပြီး နှလုံးသားတွေကို လိုက်ကစားတတ်တဲ့ ရှေးရိုးသူဌေးအသိုင်းအဝိုင်းက ဆိုးပေတဲ့ သူဌေးသားလေး playboy လိုမျိုး အရှိန်အဝါ ထွက်နေတာကို ပြောတာ!”

မေဆာက အားရပါးရ ထောက်ပြတော့သည်။ထိုစကားကြောင့် ဘေးနားရှိ ဝန်ထမ်းများအားလုံး တဟားဟား ရယ်မောကြပါတော့သည်။

ယွီနျန့်ကတော့ ဘာမှမသိနားမလည်ဟန်ဖြင့် ပုခုံးလေး တွန့်ပြရှာသည်။




"ဒါပေမဲ့ ကျွန်တော်က တကယ့်ကို အချစ်အပေါ် သစ္စာရှိတဲ့သူပါနော်!"




မေဆာက လက်ကို ယမ်းပြသည်။




“ငြင်းမနေပါနဲ့ဦးကွာ။ မင်းရဲ့ လက်ရှိပုံစံက... ညတိုင်း ပင်လယ်ကမ်းခြေ ဗီလာအိမ်ကြီးတွေမှာ အပန်းဖြေ ပါတီဆင်နွှဲနေပြီး ယောကျ်ားလေးဖြစ်ဖြစ်၊ မိန်းကလေးဖြစ်ဖြစ် လာသမျှ မျက်စပစ်တာတွေကို အေးအေးဆေးဆေး လက်ခံနေတတ်တဲ့... လောကကြီးကို ပျော်ပျော်ပါးပါး ဖြတ်သန်းနေတဲ့ သူဌေးသား ကောင်လေးတစ်ယောက်အတိုင်းပဲ!”




မေဆာ၏ စကားကို ကြားရသောအခါ ယွီနျန့် သူ၏စိတ်ထဲတွင် မြင်ကွင်းတစ်ခုကို တိုက်ရိုက် ပုံဖော်ကြည့်လိုက်မိသည်။ သူ ဘေးနားရှိ ချက်စစ်ခုံပေါ်မှ ချက်စစ်အလုံးလေးတစ်လုံးကို ပေါ့ပေါ့ပါးပါးပင် ကောက်ယူကာ လက်ထဲတွင် လှန်ကစားလိုက်ပြီး မေဆာဘက်သို့ ခေါင်းအသာလှည့်လျက် နှုတ်ခမ်းထောင့်ကို အနည်းငယ် ပင့်ပြုံးလိုက်သည် ။

"ဒီလိုမျိုး ပုံစံလား"

“ဘုရားသခင်... တကယ့်ကို ပြည့်စုံလွန်းတယ်!”

မေဆာ အသည်းအသန် အလေးအနက် ဆိုသည်။“

မင်း... အဲဒီပုံစံအတိုင်းပဲ ငြိမ်ငြိမ်လေး နေနော်! မီးအလင်းအမှောင်ဆရာ... အမြန် လာခဲ့စမ်း!”




မေဆာ၏ စိတ်အားထက်သန်မှုများကို ဘယ်လိုမှ ထိန်းချုပ်၍ မရတော့ဘဲ ရိုက်ကူးရေးလုပ်ငန်းစဉ်မှာ တဖြည်းဖြည်းနှင့် ညနေခင်း မှောင်ရီပျိုးစအချိန်အထိ ဆက်တိုက်ဆိုသလို ရှိနေခဲ့ပါတော့သည်။

ပုံစံအမျိုးမျိုး ပို့စ်ပေးလွန်းသဖြင့် တောင့်တင်းနေသော သူ၏လက်ကောက်ဝတ်ကို လျှော့ချလိုက်ပြီးနောက် ယွီနျန့်သည် မေဆာ၏ မျက်နှာထက်က အနည်းငယ် နှမြောတသဖြစ်နေသော အမူအရာကို သတိပြုမိသွားသဖြင့် အနားသို့ လျှောက်သွားလိုက်သည်။

"ဘာဖြစ်လို့လဲဟင်"

“ငါ ဓာတ်ပုံပေါင်း ၁,၈၀၀ ကျော် ရိုက်ခဲ့တာကို... အခုကျတော့ သုံးပုံတည်းကိုပဲ ရွေးချယ်ပြီး သုံးရမယ်တဲ့ကွ။ တကယ့်ကို နှမြောဖို့ကောင်းတယ်။ တခြားပုံတွေအများကြီးကလည်း ပြည့်စုံလုနီးပါး ကောင်းလွန်းနေတာကို!”

မေဆာက သက်ပြင်းချသည်။ယွီနျန့်က သူ့ကို နှစ်သိမ့်ပေးရှာသည်။

"ဒါက... ကျွန်တော် သီချင်းစာသား ပုဒ်ရေတစ်ရာလောက် ရေးခဲ့ရင်တောင်မှ... တကယ်တမ်း သုံးလို့ရတာက နှစ်ပုဒ်လောက်ပဲ ရှိတတ်တာမျိုးနဲ့ အတူတူပါပဲခင်ဗျာ။ ကျွန်တော် သီချင်းသံစဉ် ငါးဆယ်လောက် စပ်ဆိုခဲ့ပေမဲ့ တစ်ပုဒ်မှ ကျွန်တော် မျှော်လင့်ထားသလို ဖြစ်မလာတာမျိုးလည်း ရှိတာပဲလေ။ အနုပညာရဲ့ လမ်းစဉ်ဆိုတာ ပြီးပြည့်စုံမှုကိုပဲ အသည်းအသန် လိုက်လံရှာဖွေရတာမို့... ပြည့်စုံလုနီးပါး ဖြစ်နေတဲ့ အရာတွေကလည်း တို့တွေအတွက်တော့ အပြစ်အနာအဆာတွေပဲ မဟုတ်ဘူးလားခင်ဗျာ"

“အင်း... မင်းပြောတာ တအားမှန်တာပဲ။”

မေဆာ သူ၏တွန့်ကွေးနေသော မျက်မှောင်ကြီးကို လျှော့ချလိုက်ပြီး ယွီနျန့်၏ ပုခုံးကို အသာပုတ်ပေးလိုက်ရာ မျက်ဝန်းထောင့်လေးများတွင် အပြုံးရိပ်များ ပြန်လည် ပေါ်ထွက်လာသည်။ “ကျေးဇူးပါပဲကွာ၊ အခုမှပဲ ငါစိတ်ထဲ နေလို့ကောင်းသွားတော့တယ်။ မင်းအခုပြောလိုက်တဲ့ စကားကို ငါသေသေချာချာ မှတ်ထားလိုက်မယ်”

မေဆာနှင့် သူ၏အဖွဲ့သားများ ထွက်ခွာသွားပြီးနောက် မုန့်ယွမ်သည် ယွီနျန့်တစ်ယောက် အိမ်ပြန်ဖို့အတွက် လောဆော်ခြင်းမရှိဘဲ အေးအေးဆေးဆေး ဖြစ်ပြနေသည်ကို မြင်ရသောအခါ ပြုံးလျက်

“ဟောဗျာ... မင်းက ဒီနေ့ကျမှ ဘာဖြစ်လို့ ဒီလောက်တောင် အေးဆေးနေရတာလ” ဟု မေးလိုက်သည်။




"ရှဲ့ယို့က အလုပ်ကိစ္စနဲ့ ပြည်ပကို လေယာဉ်နဲ့ သွားရတာလေ။ မနက်ဖြန် ၇ ရက်နေ့ မွန်းတည့်ချိန်ကျမှပဲ ပြန်ရောက်မှာမို့လို့ပါ"




“ဪ... ချစ်သူက အနားမှာ မရှိတော့ အလုပ်ပြီးတာနဲ့ အိမ်ကို ပျာပျာသလဲ ပြေးပြန်ချင်တဲ့ တွန်းအားတွေ လျော့နည်းသွားတာပေါ့ ဟုတ်လား”

မုန့်ယွမ်က စကားလမ်းကြောင်း လွှဲလိုက်သည် ။

“ဒါနဲ့ ၇ ရက်နေ့ ဆိုလို့... မင်း ဓာတ်ပုံရိုက်နေတုန်းက ငါ ဟာဆေးဘက်ကလူနဲ့ စကားပြောခဲ့သေးတယ်ကွ။ သူတို့ရဲ့ တရားဝင် ကြေညာချက်ကို မေလ ၇ ရက်နေ့ မနက် ၉ နာရီ တိတိမှာ ချပြလိမ့်မယ်တဲ့”

ယွီနျန့် ခေါင်းညိတ်ပြသည်။

"၇ ရက်နေ့ အတူတူပဲပေါ့နော်။ အမှန်အတိုင်း ပြောရရင်... ကျွန်တော်လည်း ဒီတစ်ခေါက် ရိုက်ထားတဲ့ ပုံတွေကို တကယ်ကို စိတ်လှုပ်ရှားစွာနဲ့ မျှော်လင့်နေမိတာပါခင်ဗျာ"




၇ ရက်နေ့ မနက် ၉ နာရီ တိတိတွင်။

Hersey ၏ တရားဝင် Weibo အကောင့်ကနေ ပို့စ်အသစ်တစ်ခုကို တရားဝင် တင်လာခဲ့ပါတော့သည်။

@Hersey - တို့တွေရဲ့ ဘရန်းသံတမန် @ယွီနျန့် ရဲ့ ခြေလှမ်းတွေနောက်ကို လိုက်ပါရင်း... ဟာဆေးရဲ့ ဆန်းပြားလှတဲ့ အလှတရားအသစ်စက်စက်တွေကို အတူတူ လိုက်လံ စုံစမ်းကြည့်ရှုကြရအောင်ခင်ဗျာ။ #မင်းကိုယ်တိုင်ကကို_အံ့သြဖို့ကောင်းလွန်းတာပါ (#YouAreAstonishingyourself)




ထုတ်ပြန်လိုက်သော ဓာတ်ပုံများမှာ လွမ်းဆွတ်ဖွယ်ရာ အတိတ်ကမ္ဘာကို ပုံဖော်ထားသည့် အဖြူအမည်းကာလာများ ဖြစ်သည်။ ယွီနျန့်သည် စတိုင်ကျလှသော အင်္ကျီအပေါ်ထပ် နှင့် အဖြူရောင် ရှပ်အင်္ကျီကို ဝတ်ဆင်ထားပြီး ဆွဲဆောင်မှုရှိလှသော ခါးလိုင်းလေးများ ပေါ်လွင်လျက် အသာအယာ မတ်မတ်ရပ်နေသည်။

သူသည် ရွှေရောင် ဖယောင်းတိုင်ခုံများ၊ လှပလှသော ပန်းစည်းများ၊ အရက်တစ်ဝက်ခန့် ပါရှိသော ဖန်ခွက်ကြီး တစ်ခွက်နှင့်အတူ... သပ်ရပ်လှပလှသော ပန်းကန်ခွက်ယောက်များ၊ လက်ဖြင့် ဆေးခြယ်ထားသည့် ဇိမ်ခံ ကြွေပန်းကန်ပြားများနှင့် ပန်းထိုးလက်သုတ်ပုဝါများ ပြန့်ကျဲနေသည့် သစ်သားစားပွဲကြီးကို အသာအယာ မှီထားမိသည်။ ထိုမြင်ကွင်းမှာ တကယ့်ကို ကျော့ရှင်းလှပလျက် သူဌေးကြီးများ၏ ညစာစားပွဲ ပါတီကြီးတစ်ခု၏ အလယ်ဗဟိုတွင် ရောက်ရှိနေသည့်အလား။

သူ၏ ဘယ်ဘက်လက်ထဲတွင်တော့ ချက်စစ်အလုံးလေး တစ်လုံးကို ကိုင်ထားပြီး၊ လက်ဖြင့် သေသေချာချာ ရက်လုပ်ထားသော ဇာပန်းပုဝါပေါ်တွင် အသာအယာ မှောက်ထားမိသည်။ အခြားလက်တစ်ဖက်ကမူ မီးခြစ်လေးတစ်ခုကို ပေါ့ပေါ့ပါးပါး ကိုင်တွယ်လှုပ်ရှားနေပြီး၊ နှာခေါင်းပေါ်တွင် ရွှေရောင်ကိုင်း မျက်မှန်လေးကိုပင့်တင်ထားလျက်... ကင်မရာဆီသို့ တကယ့်ကို ဆိုးပေပြီး ဆွဲဆောင်မှုရှိလွန်းလှသော အပြုံးကြီးတစ်ခုဖြင့် စိုက်ကြည့်နေပါတော့သည်။

တရားဝင် ထုတ်ပြန်ချက် ထွက်ပေါ်လာပြီး သိပ်မကြာမီမှာပင်... #မင်းကိုယ်တိုင်ကကို_အံ့သြဖို့ကောင်းလွန်းတာပါ ဟူသော hashtag မှာ အင်တာနက်ပေါ်တွင် တဟုန်ထိုး ရေပန်းစားလာခဲ့ပြီး၊ trending topics အကြား ထိပ်ဆုံး နံပါတ် ၃ နေရာအတွင်းသို့ ချက်ချင်း အရှိန်အဟုန်ဖြင့် တက်လှမ်းသွားခဲ့ပါတော့သည်။




[#မင်းကိုယ်တိုင်ကကို_အံ့သြဖို့ကောင်းလွန်းတာပါ အမလေး... ငါတော့ လုံးဝ အသက်ရှူရတာ ကျပ်လာပြီ! ဒီတရားဝင်ပုံတွေက တကယ့်ကို စကားလုံးနဲ့ ဖော်ပြလို့ မရနိုင်လောက်အောင် လှလွန်းတာပဲ! မင်းသိလား... ဒီယောကျ်ားက လူဆိုးတစ်ယောက်၊ နှလုံးသားတွေကို လိုက်ခွဲတတ်တဲ့သူ၊ မင်းကို လာပြီး ကစားနေတာမှန်း သိသိကြီးနဲ့တောင်မှ... မင်းက ဖယောင်းတိုင်မီးကို တိုးဝင်မယ့် ပိုးဖလံလေးလိုမျိုး၊ သူ မင်းကို တစ်ချက်လောက် လှည့်ပြုံးပြဖို့အတွက်ပဲ မျှော်လင့်နေမိသလိုပဲ!]

[#မင်းကိုယ်တိုင်ကကို_အံ့သြဖို့ကောင်းလွန်းတာပါ အိုမိုင်ဂေါ့... အိုမိုင်ဂေါ့... စူးစူးဝါးဝါးကို အော်ဟစ်မိနေပြီ! Play boy ဆန်ဆန် သူဌေးသားလေး၊ ဒီယောကျ်ားက တကယ့်ကို စွဲလမ်းစေတဲ့ အဆိပ်အတောက်ပဲ! ဘာဆေးမှ ကုလို့မရတော့ဘူး!]

[#မင်းကိုယ်တိုင်ကကို_အံ့သြဖို့ကောင်းလွန်းတာပါ ဘုရားရေ! Hersey ဟုတ်လား။ နျန့်နျန့်က တကယ်ပဲ ဟာဆေးရဲ့ သံတမန် ဖြစ်သွားတာလား! ငါ လန့်ဖြန့်သွားပြီးတာနဲ့ ချက်ချင်းပဲ အဲဒီနေရာမှာတင် ထိုင်ပြီး ကခုန်မိတော့တာပဲ! ပြီးတော့ အဲဒီလက်ချောင်းလေးတွေက မီးခြစ်ကို ကိုင်ရင်း ချက်စစ်အလုံးလေးကို ညှပ်ထားတဲ့ ပုံစံကတော့... hand fetish ရှိတဲ့ ငါ့အတွက်တော့ လုံးဝ အသက်ရှူရပ်မတတ်ပဲ!]

[#မင်းကိုယ်တိုင်ကကို_အံ့သြဖို့ကောင်းလွန်းတာပါ ဟုတ်တယ် နျန့်နျန့်... မင်းက တကယ်ကို အံ့ဩဖို့ကောင်းလွန်းတာပါ! တအား လှလွန်းတယ်! အပြင်ပန်းမှာ ကြည့်ကောင်းပြီး လူဆိုးပုံစံပေါက်နေတဲ့ ယောကျ်ားတွေကို ဘာဖြစ်လို့ လူတွေက ဒီလောက်တောင် သဘောကျနေကြလဲဆိုတာ ငါအခုမှပဲ ကောင်းကောင်းကြီး နားလည်သွားတော့တယ်!]

‘Let Me Sing’ အစီအစဉ်ရဲ့ မိတ်ကပ်ပြင်ခန်းအတွင်းမှာတော့ ရှီရို့လည်း သူမရဲ့ ဖုန်းကို ကိုင်ပြီး Weibo ပေါ်က သတင်းတွေကို လှန်လှောကြည့်ရှုနေမိသည်။ သူမ ရင်ဘတ်ကို လက်နဲ့ဖိပြီး “အားးးးး” လို့ အကြိမ်ပေါင်းများစွာ အော်ဟစ်ရင်း

“ဒီပုံက တကယ့်ကို မယုံနိုင်စရာပဲ! ငါတော့ မရတော့ဘူး! ဒါကို ငါ့ဖုန်းရဲ့wallpaper ရော၊ Lock screen မှာပါ ချက်ချင်း ပြောင်းပစ်ရမယ်!” ဟု ဆိုသည်။

ယွီနျန့်က သူမကို စနောက်လိုက်သည်။




"ဒါပေမဲ့ ကျွန်တော့်ကို နေ့တိုင်း မြင်နေရတာပဲ မဟုတ်ဘူးလားဟင်"




“ဒါက မတူဘူးလေ! ဒီလိုမျိုး ဆိုးပေပြီး အထက်တန်းဆန်တဲ့ ယွီနျန့်ကို ငါခဲခဲယဉ်းယဉ်း မြင်ဖူးတာ။ တကယ့်ကို တအားချောပြီး ဆွဲဆောင်မှု ရှိလွန်းတာပဲ! ပရိသတ်တွေတင် မကဘူး။ ငါ့ရဲ့ Weibo homepage တစ်ခုလုံးလည်း ပေါက်ကွဲကုန်ပြီ! လူတိုင်းက ရေလွှမ်းမိုးသလိုမျိုး တရစပ် repost နေကြတာ!”

ယွီနျန့်လည်း ထွက်ပေါ်လာတဲ့ ပုံတွေကို အတော်လေး ကျေနပ်မိသည် ။




"ဒါရိုက်တာ မေဆာက တကယ် တော်တာပဲ။ ကျွန်တော်ကိုယ်တိုင်တောင် ကျွန်တော့်ရုပ်ကို ပြန်ကြည့်ပြီး မမှတ်မိချင်ဘူး"




ရှီရို့ ပါးစပ်ကလေးပိတ်ကာ ရယ်မောလိုက်ပြီး Weibo ကို ထပ်မံ စစ်ဆေးကြည့်လိုက်စဉ် ရုတ်တရက် လှုပ်ရှားမှုများ ရပ်တန့်သွားသည် ။

“အလိုလေး... ဒါက ဘာကြီးလဲ”

"ဘာဖြစ်လို့လဲဟင်"

ရှီရို့ သူမ၏ ဖုန်းကို ယွီနျန့်ထံ ကမ်းပေးလိုက်ပြီး ရေပန်းစားမှု ထိပ်ဆုံးသတင်းများရဲ့ အောက်ခြေကို လက်ညှိုးညွှန်ပြသည်။

“ဒီမှာကြည့်ဦး... Trending ခေါင်းစဉ် အသစ်စက်စက် တက်လာပြီ။ #ယွီနျန့်_ဟာဆေးသံတမန်ဖြစ်ခြင်း_ထန်ရှောက်ခဲ့_Weiboဖျက်ခြင်း# တဲ့”




“သူက တကယ်ပဲ Weibo တွေ ဖျက်ပစ်လိုက်တာလား”




ယွီနျန့် Trending ပေါ်က ဆွေးနွေးမှုတွေကို စစ်ဆေးကြည့်လိုက်ရာ




"ဒါက ပိုက်ဆံပေးပြီး အတင်းလုပ်ထားတဲ့ ခေါင်းစဉ်မျိုးတော့ မဟုတ်ပုံရဘူးနော်"




“သေချာပေါက် ပိုက်ဆံပေးပြီး လုပ်ထားတာ မဟုတ်ဘူးလေ။ ဟာဆေးရဲ့ တရားဝင် ကြေညာချက် ထွက်ပေါ်လာပြီးတာနဲ့... နျန့်ကောင်းတွေနဲ့ ထန်ရှောက်ခဲ့ရဲ့ ဖန်တွေကြားမှာ အကြီးအကျယ် ပွဲဖြစ်ခဲ့တာ။ အဲဒီနောက်မှာပဲ ထန်ရှောက်ခဲ့က သူ့ရဲ့ Weibo ပေါ်မှာ တင်ထားခဲ့ဖူးတဲ့ ဟာဆေးနဲ့ ပတ်သက်တဲ့ ပို့စ်တွေအကုန်လုံးကို အပြတ်အသတ် လိုက်ဖျက်ပစ်လိုက်တာပဲ!”




ရှီရို့၏ မျက်ဝန်းလေးများက စိတ်လှုပ်ရှားမှုကြောင့် တလက်လက် တောက်ပနေသည်။




“ဝိုး... ငါအခု ထန်ရှောက်ခဲ့ရဲ့ မျက်နှာအမူအရာကို တကယ် မြင်ချင်မိလိုက်တာ။ ဒေါသထွက်လွန်းလို့ သူ့မျက်နှာတစ်ခုလုံး ဖောင်းအမ်းနေလောက်ပြီ။ တကယ်ကို အားရကျေနပ်ဖို့ ကောင်းလိုက်တာ!”




ယွီနျန့် ရှဲ့ယို့ထံသို့ မက်ဆေ့ချ် ပို့နေရင်းကပင် ရှီရို့၏ စကားကို နားထောင်ပြီး ခေါင်းညိတ်ပြသည်။




"ကြည့်ရတာ... သူ တကယ်ကို ရင်ထဲမှာ တုန့်ဆိုင်းပြီး နာကျင်နေရမှာ သေချာပါတယ်"




ရှီရို့ အနည်းငယ် စိုးရိမ်သွားသည် ။




“သူ ထပ်ပြီး ပြဿနာ လာရှာဦးမလား မသိဘူးနော်”




ယွီနျန့် ခပ်တိုးတိုး ရယ်မောလိုက်သည်။




"ဒါကတော့ သေချာမပြောတတ်ပေမဲ့... တို့တွေဘက်က ကြောက်နေစရာ မလိုပါဘူး။ ဟုတ်တယ်မလားခင်ဗျာ"




သူမ၏ စိုးရိမ်နေသော မျက်နှာပေးမှာ ချက်ချင်း ကွယ်ပျောက်သွားပြီး ရှီရို့ ခေါင်းကို တရစပ် ညိတ်ပြသည် ။




“ဟုတ်တယ်၊ တို့တွေ ကြောက်စရာ မလိုဘူး!”




ခဏမျှ ကြာပြီးနောက် မုန့်ယွမ် တံခါးကို အရှိန်ပြင်းပြင်း တွန်းဖွင့်ကာ အခန်းထဲသို့ ဝင်လာခဲ့သည်။ သူမ၏ မျက်နှာတစ်ခုလုံးတွင် ဒေါသရိပ်များ ပြည့်နှက်နေသည်။

ရှီရို့ အလျင်အမြန်ပင် ဖုန်းကို အိတ်ထဲထည့်လိုက်ပြီး သတိကြီးစွာဖြင့် မေးမိသည်။




“အစ်ကိုမုန့်... အစ်ကိုက အဓိက ထုတ်လုပ်သူ နဲ့ သွားတွေ့တာ မဟုတ်ဘူးလား။ ယွီနျန့် ဒုတိယမြောက် ပရိုမိုးရှင်း ပုံရိပ်တွေ ရိုက်ဖို့အတွက် အချိန် ဘယ်တော့လဲတဲ့လဲ။ နေဦး... ဘယ်သူက အစ်ကို့ကို ဒီလောက်အထိ ဒေါသထွက်အောင် လုပ်လိုက်တာလဲဟင်”




မုန့်ယွမ် နှာခေါင်းရှုံ့လျက် “ဘယ်သူ ရှိဦးမလဲ”




သူ ထိုင်ချလိုက်ပြီး လက်ထဲက ဖုန်းကို စားပွဲပေါ်သို့ ဝုန်းခနဲ ဆောင့်ချလိုက်သည်။ လေသံမှာ ရေခဲစိုင်ကြီးတစ်ခုလို အေးစက်နေလျက်




“ဟာဆေးဘက်က ကြေညာချက် ထွက်လာတာနဲ့... ထန်ရှောက်ခဲ့က တအား ဒေါသထွက်ပြီး ချက်ချင်း ပို့စ်တွေ ဖျက်ပစ်လိုက်တာလေ။ အဲဒါတင်မကဘဲ သူက သူ့အဖေဆီ သွားပြီးတော့... ‘Let Me Sing’ အစီအစဉ်အဖွဲ့ဆီကို သတိပေးချက် လှမ်းပို့ခိုင်းတယ်ကွ။ အကယ်၍ အစီအစဉ်အဖွဲ့က ယွီနျန့်ကို ဆက်ပြီး ထားမယ်ဆိုရင်တော့ ထန်ရှောက်ခဲ့ဘက်က ရင်းနှီးမြှုပ်နှံထားတဲ့ ပိုက်ဆံတွေအကုန်လုံးကို ချက်ချင်း ပြန်ရုပ်သိမ်းလိုက်မယ်တဲ့။ တကယ်လို့ ယွီနျန့်ကိုသာ ဒီအစီအစဉ်ကနေ ဖယ်ထုတ်ပေးမယ်ဆိုရင်တော့... သူတို့ဘက်က အစီအစဉ်အတွက် မူလထက် ပိုက်ဆံနှစ်ဆ ထပ်ပြီး တိုးပေးမယ်လို့ လာခြိမ်းခြောက်နေတာဗျာ!”




ရှီရို့ ထိုနေရာမှာတင် တောင့်တောင့်ကြီး ဖြစ်သွားပြီး ကတုန်ကရင် မေးမိသည်။

“ထန်ရှောက်ခဲ့ရဲ့ မိသားစုက တို့အစီအစဉ်ထဲကို ပိုက်ဆံ ဘယ်လောက်အထိ တောင် ရင်းနှီးမြှုပ်နှံထားလို့လဲဟင်”




“စုစုပေါင်း မတည်ရင်းနှီးငွေရဲ့ ၆၀ ရာခိုင်နှုန်းလေ။ အဲဒီလို မဟုတ်ရင်... ထန်ရှောက်ခဲ့လို ဘာအရည်အချင်းမှ မရှိတဲ့သူက ဒီအစီအစဉ်ရဲ့ ဒိုင်လူကြီးနေရာကို ဘယ်လိုဖြစ်ပြီး အတင်းတိုးဝင်လာနိုင်မှာလဲ”




“ဒီလောက်အထိ တောင် များတာလား”

ရှီရို့ စကားပြောရ ခက်ခဲနေပြီးမှ ဆက်မေးသည်။




“ဒါဆိုရင်... အစီအစဉ် ထုတ်လုပ်ရေးအဖွဲ့ဘက်ကကော ဘာပြန်ပြောလဲဟင်”




မုန့်ယွမ်၏ မျက်နှာ မည်းမှောင်သွားပြီးအံကို တင်းတင်းကြိတ်လျက်




“အစီအစဉ်အဖွဲ့က ပိုက်ဆံကိုလည်း လိုချင်သလို ယွီနျန့်ရဲ့ နာမည်ကြီးမှုနဲ့ စွမ်းရည်တွေကိုလည်း အသုံးချချင်နေတာလေ။ သူတို့က နှစ်ခုစလုံးကို လိုချင်နေတော့... အလယ်ကနေ ညှိနှိုင်းဖို့ ကြိုးစားနေကြတာပေါ့!”

တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သော ယွီနျန့်က တည်ငြိမ်လှသော လေသံဖြင့် "ဒါဆိုရင် သူတို့က ဘာလုပ်ချင်လို့လဲဟင်" ဟု မေးလိုက်သည်။

မုန့်ယွမ် မေးရိုးကို တင်းတင်းကြပ်ကြပ် စေ့ထားပြီးနောက်တွင်မှ နောက်ဆုံး၌ အမှန်အတိုင်း ထုတ်ပြောလာသည်။

“သူတို့က မင်းဘက်ကနေ ထန်ရှောက်ခဲ့ကို ကိုယ်တိုင် သွားပြီးတော့ တောင်းပန် ပေးလို့ ရမလားဆိုပြီး လာပြီး ညှိနှိုင်းနေတာကွ။”

ရှီရို့၏ မျက်လုံးများ ချက်ချင်း နီရဲလာပြီး အသံကို မထိန်းချုပ်နိုင်တော့ပေ။

“ဒါက ဘယ်လိုမျိုး ယုတ္တိမရှိတဲ့ အတွေးလဲဟင်။ ထန်ရှောက်ခဲ့ကသာ ယွီနျန့်ကို အရင်ဆုံး လာပြီး စိန်ခေါ်ပြီး စော်ကားခဲ့တာလေ။ အဲဒီနောက်ပိုင်းမှာလည်း သူက နေရာတိုင်းမှာ ယွီနျန့်ကို အမြဲတမ်း တိုက်ခိုက်ခဲ့တာဖြစ်ပြီး အင်တာဗျူးတွေမှာပါ ‘ယွီနျန့်က ဟာဆေးကို မဝယ်နိုင်ပါဘူး’ ဆိုပြီး လူသိရှင်ကြား စော်ကားခဲ့တာ မဟုတ်ဘူးလား။ အခု ယွီနျန့်က ကိုယ်ပိုင်အရည်အချင်းနဲ့ ဘရန်းသံတမန် ဖြစ်သွားပြီး သူ့မျက်နှာကို ဖြတ်ရိုက်လိုက်တော့မှ... သူက အရှက်ကွဲပြီးတော့ အခုလိုမျိုး ပိုက်ဆံနဲ့လာဖိပြီး ယွီနျန့်ဆီကနေ အတင်းအကျပ် တောင်းပန်ခိုင်းရော့လား။ တို့ဘက်က ဘာဖြစ်လို့ သွားပြီး တောင်းပန်ရမှာလဲ”

မုန့်ယွမ် ဘာမှထပ်မပြောတော့ဘဲ ယွီနျန့်ကိုသာ စိုက်ကြည့်ရင်း “မင်းရဲ့ သဘောထားကော ဘယ်လိုလဲ” ဟု မေးလိုက်သည်။

ယွီနျန့်၏ မျက်ဝန်းအစုံမှာ အေးစက်စူးရှလျက် ရှိနေသည် ။

"ထန်ရှောက်ခဲ့က ဒီအစီအစဉ်ရဲ့ ဒိုင်လူကြီးနေရာကို ရဖို့အတွက် အသည်းအသန် ကြိုးစားခဲ့ရတာလေ။ မတည်ရင်းနှီးငွေရဲ့ ၆၀ ရာခိုင်နှုန်းဆိုတဲ့ ဒီလောက်အထိ ကြီးမားလှတဲ့ ပိုက်ဆံပမာဏကို... သူက တကယ်ကြီး ပြန်ရုပ်သိမ်းမှာလည်း မဟုတ်သလို၊ ဒိုင်လူကြီးအဖြစ်ကနေ နှုတ်ထွက်မှာလည်း လုံးဝ မဟုတ်ဘူး။ အဲဒီတော့... သူအခု လုပ်နေတာက ဒါကို အသုံးချပြီး အစီအစဉ်အဖွဲ့ကို ဖိအားပေးတယ်။ ကျွန်တော့်ကို သူ့ရှေ့မှာ ခေါင်းငုံ့ပြီး လာတောင်းပန်ခိုင်းချင်ရုံသက်သက်ပါပဲ။ အစီအစဉ်အဖွဲ့ကို လှမ်းပြောလိုက်ပါ... ကျွန်တော်က သူ့ကို သွားပြီး တောင်းပန်ဖို့ဆိုတာ... လုံးဝ မဖြစ်နိုင်ပါဘူး ခင်ဗျာ။"

မုန့်ယွမ် ခေါင်းညိတ်ပြသည် ။

“ကောင်းပြီ၊ ငါအဲဒီအတိုင်းပဲ သွားပြီး ပြတ်ပြတ်သားသား ပြောလိုက်မယ်။”

ထိုသို့ပြောပြီးသည်နှင့် သူမ ချက်ချင်းထကာ အခန်းထဲမှ ပြန်လည် ထွက်ခွာသွားခဲ့သည်။

ရှီရို့ စိုးရိမ်စိတ်များ ပြင်းပြလာပြီး မိတ်ကပ်ပြင်ခန်းအတွင်း ဟိုဟိုဒီဒီ လျှောက်ရင်း ယွီနျန့်ကို ထပ်မံ မေးမြန်းမိသည်။

“နျန့်နျန့်... တကယ်လို့ သူတို့ဘက်ကသာ အတင်းအကျပ် တောင်းဆိုလာရင်... တို့တွေ ဒီအစီအစဉ်ရဲ့ ဒိုင်လူကြီးအဖြစ်ကနေ နှုတ်ထွက် ကြမှာလားဟင်”

ယွီနျန့်ကတော့ သက်တောင့်သက်သာ အမူအရာဖြင့်ပင် "ဟုတ်ကဲ့၊ တကယ်လို့ သူတို့က ထန်ရှောက်ခဲ့ကို သွားပြီး တောင်းပန်ဖို့ အတင်းတောင်းဆိုလာရင်တော့... ကျွန်တော် ဒိုင်လူကြီး လုံးဝ မလုပ်တော့ဘူး။ ဆုံးရှုံးမှု ပမာဏကတော့ အစီအစဉ်အဖွဲ့ဘက်မှာပဲ ကျန်ရစ်မှာဖြစ်ပြီး... ကျွန်တော်ကတော့ တခြား အစီအစဉ်အသစ်တစ်ခုဆီကို အချိန်မရွေး ပြောင်းလဲလို့ ရတာပဲလေ"

ထိုအခါမှ ရှီရို့ စိတ်အေးသွားရသည်။

“ဟုတ်သားပဲ။ မင်းကို စောင့်နေတဲ့ အစီအစဉ်တွေက အများကြီး ရှိတာပဲ။ တို့တွေ ဒီအစီအစဉ်တစ်ခုတည်းကိုပဲ အားကိုးနေရတာ မဟုတ်ဘူး!”

"အဲ့ဒါကို အစီအစဉ်အဖွဲ့ကလည်းကောင်းကောင်းကြီး သိနေကြတာမို့လို့... အခုလို သတင်းကြားချင်းကြားချင်းမှာ ပျာယာခတ်ပြီး လာပြီး ညှိနှိုင်းကြည့်တာ ဖြစ်ပါလိမ့်မယ်။ အခု အစ်ကိုမုန့် သွားပြီးတော့ ကျွန်တော်တို့ရဲ့ နောက်ဆုံး ကန့်သတ်ချက်ကို ပြတ်ပြတ်သားသား ချပြလိုက်ပြီဆိုရင်တော့... အစီအစဉ်အဖွဲ့ဘက်က ထန်ရှောက်ခဲ့ဘက်ကနေ ရပ်တည်ပေးရဲတော့မှာ မဟုတ်ပါဘူး"

ရှီရို့ သဘောတူ ခေါင်းညိတ်ပြသည်။

“ဟုတ်တယ် နျန့်နျန့် မင်းက ဒီအစီအစဉ်ရဲ့ အဓိက အသက်သွေးကြောပဲဟာ။ တကယ်လို့ မင်းသာ ထွက်သွားရင်... သူတို့ ပြင်ဆင်ထားခဲ့သမျှ ပရိုမိုးရှင်း အစီအစဉ်တွေအကုန်လုံးကို အစကနေ ပြန်လုပ်ရမှာ၊ ပြီးတော့ ကြည့်ရှုနှုန်းကလည်း အနည်းဆုံး သုံးရာခိုင်နှုန်းကနေ ထက်ဝက်နီးပါးအထိ ချက်ချင်း ထိုးကျသွားမှာ သေချာတယ်!”

"ဟုတ်တယ်။ အဲဒီအတွက်ကြောင့်ပဲ ကျွန်တော်တို့မှာ ယုံကြည်ချက် ရှိနေတာပေါ့"

ယွီနျန့် လက်ချောင်းလေးဖြင့် စားပွဲကို ခပ်ဖွဖွလေး ပုတ်လိုက်သည်။

"ပြီးတော့ ထန်ရှောက်ခဲ့ရဲ့ မိသားစုက မတည်ရင်းနှီးငွေရဲ့ ၆၀ ရာခိုင်နှုန်းအထိ ထည့်ဝင်ထားတာမို့လို့... အစီအစဉ်အဖွဲ့ဘက်က သူ့ရဲ့ ဆန္ဒကို ဦးစားပေး စဉ်းစားတာကတော့ သဘာဝကျပါတယ်။ ဒါပေမဲ့ တို့တွေကြားထဲမှာ ပြဿနာတွေ ဖြစ်ခဲ့ပြီးပြီဆိုတော့... နောင်ကျရင်လည်း ဒုက္ခတွေ ထပ်ပြီး ရောက်လာနိုင်တာမို့လို့... အခုအချိန်မှာကတည်းက တို့ရဲ့ ပြတ်သားတဲ့ သဘောထားကို အပိုင်ချပြထားပြီး အစီအစဉ်အဖွဲ့ကို သူတို့ ဘာလုပ်သင့်လဲဆိုတာကို ကောင်းကောင်းကြီး သိအောင် လုပ်ထားတာက ပိုပြီးတော့တောင် ကောင်းပါတယ်"

ယွီနျန့်၏ စကားကို ကြားပြီးနောက်တွင်မှ ရှီရို့ လုံးဝ စိတ်အေးချမ်းသွားရပြီး ဖုန်းကို ပြန်ဖွင့်ကာ Hersey ကြော်ငြာအသစ်နှင့် ပတ်သက်သည့် #မင်းကိုယ်တိုင်ကကို_အံ့သြဖို့ကောင်းလွန်းတာပါ ဟူသော Trending သတင်းများဆီသို့ အာရုံပြန်လည် လွှဲပြောင်းလိုက်ပါတော့သည်။

နာရီဝက်ခန့် ကြာပြီးနောက် မုန့်ယွမ် အခန်းထဲသို့ အလျင်အမြန်ပင် ပြန်လည်ဝင်ရောက်လာခဲ့သည်။

ရှီရို့ ချက်ချင်း ထရပ်လိုက်ပြီး စိုးရိမ်တကြီး မေးမြန်းတော့သည်။

“အစ်ကိုမုန့်... အခြေအနေ ဘယ်လိုဖြစ်သွားပြီလဲဟင်”

မုန့်ယွမ် မျက်နှာကို သပ်လိုက်ရာ မျက်ဝန်းထောင့်လေးများနှင့် နှုတ်ခမ်းထက်တွင် အောင်နိုင်သူတစ်ယောက်ရဲ့ အပြုံးရိပ်များ ပြည့်နှက်နေသည်ကို တွေ့ရသည် ။

“ငါတကယ်ပဲ အံ့ဩစရာ မြင်ကွင်းကြီးတစ်ခုကို ကိုယ်တိုင် တွေ့ခဲ့ရတာကွ”

သူ၏ လေသံထဲတွင် တကယ့်ကို စိတ်သက်သာရာရသွားသော ခံစားချက်များ လျှံထွက်နေသည်။

“ခုနတင်... သူတို့ကုမ္ပဏီရဲ့ အထက်တန်းအကြီးအကဲတွေ အခန်းထဲကို ကိုယ်တိုင် လျှောက်ဝင်လာကြတယ်လေ။ မင်းတို့သိလား... ဘာတွေ ဖြစ်ပျက်သွားခဲ့လဲဆိုတာကို”

ရှီရို့တစ်ယောက် ရင်ခုန်စိတ်လှုပ်ရှားစွာဖြင့် ခေါင်းခါပြလိုက်မိသည်။

“ဥက္ကဋ္ဌကြီး ရှဲ့ယို့ကိုယ်တိုင်က... အဲဒီ ထန်ရှောက်ခဲ့ရဲ့ မိသားစု ထည့်ဝင်ထားတဲ့ မတည်ရင်းနှီးငွေ ပမာဏတစ်ခုလုံးရဲ့နှစ်ဆတိတိကို ဒီအစီအစဉ်ထဲကို ချက်ချင်း တိုက်ရိုက် ရင်းနှီးမြှုပ်နှံပေးလိုက်တာကွ။ စည်းကမ်းချက်အနေနဲ့ကတော့ တစ်ခုတည်းပဲ။ ထန်ရှောက်ခဲ့တစ်ယောက် ဒီအစီအစဉ်ကနေ အခုချက်ချင်း အပြီးပိုင် ထွက်ခွာသွားရမယ်ဆိုတဲ့ အချက်ပဲဟေ့!”

_____________________________________________________________________






Comments

  1. ​ခြေ​ထောက်မအား​သေးဘူး ဥက္ကဌရှဲ့ကို ဒူး​ထောက်ခစား​နေလို့🫠

    ReplyDelete
  2. ကြိတ်တာနော်။ တုန်နေအောင် အချစ်ခံရတာပါကွာ။

    ReplyDelete
  3. ရှဲယိုကို စတန်းမယ်

    ReplyDelete

Post a Comment