Skip to main content

11





အပိုင်း (၁၁)

ဖြောင့်မတ်ပြတ်သားသော တဲ့တိုးအဖြေကြောင့် ချန်ကျန့်မှာ ခေတ္တမျှ ဆွံ့အသွားပြီး ရှန်ယွီကိုသာ စိုက်ကြည့်နေမိတော့သည်။ သူ ဆက်မေးသင့်သလား။

“မင်း ဘယ်လိုမျိုး အလိမ်ခံလိုက်ရတာလဲ” ဟု မေးလျှင်လည်း အတင်းအဖျင်း စပ်စုသလို ဖြစ်နေမည်။ နှစ်သိမ့်ပေးရမလား။ အဲ့ဒါကလည်း ဟန်ဆောင်လွန်းရာ ကျနေမည်။ သူ ဘယ်လိုအလိမ်ခံရမှန်း မသိဘဲနှင့် နှစ်သိမ့်စရာ လမ်းစလည်း မရှိချေ...။

“ဖျောက်!”

ရှန်ယွီက ချန်ကျန့်၏ မျက်စိရှေ့တွင် လက်ဖျောက်တစ်ချက် တီးလိုက်သည်။ချန်ကျန့် သက်ပြင်းချကာ လီဗာကို ဆွဲလိုက်ရာ ဘေးတွဲဆိုင်ကယ်လေးမှာ ရှေ့သို့ ပြေးထွက်သွားတော့သည်။ ထားလိုက်ပါတော့လေ၊ ဒီအကျိုးအကန်း ဘော့စ်တစ်ယောက်နဲ့ ငါ အချေအတင် မဖြစ်ချင်တော့ပါဘူး။ ရွာကိုသွားမယ်ဆိုရင်လည်း သွားရုံပေါ့။ ရွာထဲမှာ လယ်သမားအိမ် စားသောက်ဆိုင်လေးတွေ အများကြီးရှိတာပဲ၊ ပတ်ပတ်လည် ကြည့်ရှုခြင်းက ရှန်ယွီအတွက် စီးပွားရေး အကြံဉာဏ်သစ်တွေ ရလာနိုင်တာပဲလေ။ ဘေးတွဲလေးသည် တည်းခိုခန်း၏ လမ်းသွယ်လေးထဲမှ ထွက်လာပြီး မြို့ပြင်သို့ ဦးတည်သော ကွန်ကရစ်လမ်းပေါ်သို့ ကွေ့တက်လိုက်သည်။

“ဒီမှာ ပြတိုက်ရှိတာလား”

ခဏမျှ မောင်းနှင်ပြီးနောက် လမ်းဘေးရှိ ဆိုင်းဘုတ်တစ်ခုကို ညွှန်ပြရင်း ရှန်ယွီက မေးသည်။

“ဟုတ်တယ်... လယ်ယာသုံးကိရိယာ ပြတိုက်လေ။ နေရာတော်တော်များများမှာ ရှိတတ်သလိုမျိုးပေါ့၊ ခရီးသည်တွေ လယ်ယာသုံးပစ္စည်းတွေ ကြည့်ရအောင် ထားပေးထားတာ၊ အလကား ကြည့်လို့ရတယ်”

“ဘယ်သူတွေများ သွားကြည့်ကြလို့လဲ”

“ဘယ်သူမှ မကြည့်ဘူးလေ။ ရွာထဲကလူတိုင်း အိမ်မှာ အဲ့ဒါတွေ ရှိတာပဲ”

“ဒီမြို့လေးကတော့ သူ့ရဲ့ ထူးခြားချက်ကိုတောင် ရှင်းရှင်းလင်းလင်း မရှိဘူးပဲ” ရှန်ယွီက သက်ပြင်းချရင်း ဆိုသည်။

“ထူးခြားချက် ရှိရှိ မရှိရှိ... ခရီးသည်တွေကတော့ ရှိနေတာပဲလေ” ချန်ကျန့်က ပြောပြသည်။

“ဆောင်းဦးပေါက်လို့ တောအုပ်တွေ နီလာတဲ့အခါ ခရီးသည်တွေ ပိုတောင် များဦးမယ်”

“ဟင်း...”

ရှန်ယွီက ဝေးလံသော တောင်တန်းများနှင့် တောအုပ်များကို လှမ်းကြည့်လိုက်သည်။

“သစ်ရွက်အရောင်တွေတောင် စပြောင်းနေပြီပဲ... ငါ ကားတစ်စီး ဝယ်ဖို့ လိုမယ်”

“ဘာကားလဲ” ချန်ကျန့်က မေးသည်။

“ကားရောင်းတဲ့သူ သိလား။ မင်းရဲ့ ရွှေကော ဆီမှာ ကားဝယ်လို့ရနိုင်မလား”

ချန်ကျန့်သည် စက္ကန့်အနည်းငယ်မျှ ငြိမ်သွားပြီး ဆိုင်ကယ်အရှိန်ကို လျှော့လိုက်သည်။

“ဘယ်လိုကားမျိုး ဝယ်ချင်လို့လဲ”

“လေးဘီးတပ် ကားပေါ့၊ ဟို C-license ရှိတဲ့ လုံခြုံရေးတွေ မောင်းလို့ရမယ့်ဟာမျိုး…ငါက ဒီ ဘေးတွဲကြီးပဲ ဝယ်နေလို့ မဖြစ်ဘူးလေ၊ ဟုတ်တယ်မလား။”

“အဲ့လောက်ဆိုရင်တော့ တန်ရွှေဆီမှာ ရှာလို့ရမှာ မဟုတ်ဘူး ။ အလွန်ဆုံး သူရှာပေးနိုင်ရင် ဖျက်သိမ်းတော့မယ့် ကားအစုတ်အပြတ်တွေပဲ ရမှာ...”

“ဟေး... အဲ့ဒါပဲလေ!” ရှန်ယွီက ဆိုသည်။ “အဲ့ဒါမျိုးကိုပဲ လိုချင်တာ”

“ဗျာ”

ချန်ကျန့်မှာ အံ့အားသင့်သွားရသည်။

“ဖျက်သိမ်းမယ့်ဟာမျိုးအထိ မဟုတ်တောင်မှ အဟောင်းပေါ့ကွာ၊ အဲ့ဒါကိုမှ နည်းနည်းပါးပါး ကြည့်ကောင်းအောင် ပြန်ပြင် လိုက်ရင် ရပြီ”

“ကျွန်တော်က... ဘော့စ် ကားသစ်ဝယ်ချင်တာ ထင်နေတာ”

“ငါ့မှာ အဲ့လောက် မရှိပါဘူး။ လျူဝူရဲ့ ကားက သူ့ကျောင်းနေဖက်ဆီက ငှားလာတာသာ မဟုတ်ရင် ငါ သူ့ကို အဲ့ဒီကားနဲ့ ပြန်ခိုင်းမှာ မဟုတ်ဘူး... ဒါနဲ့ ချန်အာဟူမှာ ကားရှိလား”

“ဘော့စ်ရှန်!” ချန်ကျန့် အသံကို မမြှင့်ဘဲ မနေနိုင်တော့ချေ။

“ဘယ်က လုံခြုံရေးဝန်ထမ်းက ကိုယ့်ကားကိုယ်ယူပြီး အလုပ်ဆင်းရမှာလဲ။ ပြီးတော့ ကားလေ! မင်းသာ အဲ့ဒီလို လုပ်လိုက်ရင် ဒီနေ့ ရုံးခန်းထဲမှာ မင်း ဟန်ဆောင်ထားသမျှတွေ အကုန် အလကား ဖြစ်သွားလိမ့်မယ်!”

ရှန်ယွီက ရယ်မောလိုက်ပြီး

“မင်းကတော့ဘယ်တုန်းတည်းက ငါ့ကို ဟောက်ချင်နေတာလဲ။”

“စောစောက လက်ဖက်ရည်တွေ ဖျော်ပေးနေရတုန်းကတည်းက…ခင်ဗျားကို ပြောချင်နေတာ။ ကျွန်တော် မနည်း အောင့်ထားရတာ”

“ဟား…” ရှန်ယွီက ပြုံးလျက် သက်ပြင်းချလိုက်ပြီး

“တန်ရွှေကို မေးကြည့်ပေးပါဦး၊ အဟောင်းတစ်စီးလောက် ရှာပေးနိုင်မလားလို့။ မောင်းတဲ့အခါ

အရမ်းကြီး အသံဆူညံမနေရင် ရပြီ”

“ကောင်းပြီ” ချန်ကျန့် ခေါင်းညိတ်လိုက်သည်။

ဆိုင်ကယ်လေးသည် မြို့ပြင်သို့ ရောက်လာသည့်အခါ လမ်းဘေးတစ်ဖက်တစ်ချက်တွင် ကျေးလက်ရှုခင်းများသာ ရှိတော့သည်။ ပြီးခဲ့သည့် နှစ်ရက်က မိုးရွာထားသဖြင့် အရာရာမှာ တောက်ပလန်းဆန်းနေပြီး ရှုခင်းများမှာ တစ်ဖန်ပြန်လည် သစ်လွင်သွားသလိုပင်။

“ရွာဟောင်း” ဆိုင်ကယ်လေးသည် ရွာအဝင်ဆိုင်းဘုတ်ကို ဖြတ်ကျော်ချိန်တွင် ရှန်ယွီက နာမည်ကို ဖတ်လိုက်သည်။

“ဒီရွာနာမည်က ရွာဟောင်းတဲ့လား။”

“ဟုတ်တယ်၊ ဘာလို့လဲဆိုတော့ ရွာသစ်ဆိုတာလည်း ရှိသေးလို့လေ။ အဲ့ဒါက အရှေ့ဘက်မှာ ရှိတယ်”

“စိတ်ဝင်စားစရာပဲ” ဟု ရှန်ယွီက ဆိုသည်။

“ခဏနေရင် ရွာအဝင်မှာပဲ ကျွန်တော်တို့ ဆိုင်ကယ်ရပ်လိုက်မယ်။ ရွာထဲကလူတွေက အထူးအဆန်းဆို ကြည့်ရတာ ဝါသနာပါကြတာ။ ဒီအတိုင်းသာ မောင်းဝင်သွားရင် လူတိုင်းက ငါတို့ကို ဝိုင်းကြည့်ကြလိမ့်မယ်၊ မင်းကလည်း လူသစ်လေ”

“ဒီမှာ ခရီးသည်တွေ မလာကြဘူးလား”

“မင်းက ခရီးသည်မှ မဟုတ်တာ။ ပြီးတော့ မင်းက ရွာမှာ ပိုက်ဆံသုံးမှာလည်း မဟုတ်တော့ လူတွေကို အလကား မျှော်လင့်ချက်ပေးနေသလို ဖြစ်မှာစိုးလို့”

ရှန်ယွီက သူ့ကို ခဏမျှ စိုက်ကြည့်နေပြီး

“မင်းကတော့ တကယ့်ကိုပဲ...”

“ဒီနေရာဆို ရပြီ”

ချန်ကျန့် ဘရိတ်အုပ်လိုက်ပြီး လမ်းဘေးတွင် ဆိုင်ကယ်ကို ရပ်လိုက်သည်။

“နေဦး...” ရှန်ယွီက ဘေးတွဲနံရံကို မှီထားရင်း

“ငါက ဒီအတိုင်း လမ်းလျှောက်သွားရမှာလား” ဟု မယုံနိုင်ခြင်း များဖြင့် မေးလာသည်။

“ဘော့စ် ဒီနေ့ ဓာတ်လှေကားထဲကိုတောင် ခုန်ဝင်နိုင်ခဲ့တာပဲလေ။ ရွာက သိပ်မကြီးပါဘူး၊ ခြေလှမ်းအနည်းငယ်ဆိုရင်တင် အနှံ့ရောက်သွားမှာပါ”

“မင်း ငါ့ကို လက်စားချေနေတာ မဟုတ်လား ချန်ကျန့်”

“ကျွန်တော်က အဲ့ဒီလောက်ထိ စိတ်ထားသေးသိမ်တဲ့လူ မဟုတ်ပါဘူး”

“ဒါဆိုလည်း ရွာမှာ ငါ ပိုက်ဆံသုံးမယ်ကွာ”

“ဗျာ။ ဘာပိုက်ဆံ သုံးမှာလဲ”

“ငါ အခု ခရီးသည်အဖြစ် လာတာလေ။ ခဏနေရင် ရွာထဲက စားသောက်ဆိုင်တစ်ဆိုင်မှာ ငါ ထမင်းစားမယ်”

ချန်ကျန့် ဘာမှ မပြောတော့ချေ။ ရွာက တကယ်မကြီးသည့်အတွက် တစ်ပတ်ပတ်ရန်မှာ ရှန်ယွီ တည်းခိုခန်းထဲတွင် နေ့စဉ် လျှောက်သွားနေသည်နှင့် သိပ်မကွာလှချေ။

“ပြီးတော့ ဒေသထွက်ပစ္စည်းအချို့လည်း ဝယ်မယ်” ဟု ရှန်ယွီက ထပ်လောင်းပြောသည်။

“ငြိမ်ငြိမ်ထိုင်နေနော်”

ချန်ကျန့် မတတ်သာဘဲ ဆိုင်ကယ်ကို ပြန်နှိုးလိုက်ရသည်။ရွာဟောင်းဟု ခေါ်ရခြင်းမှာ ထိုရွာသည် တကယ့်ကို... ဟောင်းနွမ်းနေသောကြောင့် ဖြစ်ပေလိမ့်မည်။ အဆောက်အအုံများမှာ ဟောင်းနွမ်းနေပြီး နေထိုင်သူ အများစုမှာလည်း လူလတ်ပိုင်းနှင့် သက်ကြီးရွယ်အိုများသာ ဖြစ်သည်။ လူငယ်တစ်ဦးတစ်လေမျှ မတွေ့ရသော်လည်း ကလေးငယ် နှစ်ယောက်၊ သုံးယောက်ကိုတော့ တွေ့ရသည်။

“ချန်ကျန့်…မင်းအိမ်က ဘယ်မှာလဲ”

“အခုတင် ဖြတ်လာခဲ့တာလေ။ ခဏနေ ပြန်တဲ့အခါမှ ငါ လိုက်ပြမယ်”

“ကောင်းပြီ”

ရှန်ယွီ နောက်သို့ ပြန်လှည့်ကြည့်သေးသည်။

ရွာထဲရှိ လယ်သမားအိမ် စားသောက်ဆိုင်လေးများမှာ ရိုးရှင်းလှသည်။ မြစ်ဘေးရှိ ကိုယ့်အိမ်ကို ပြန်လည်ပြုပြင်ကာ ဆိုင်းဘုတ်လေးများ ချိတ်ထားခြင်းသာ ဖြစ်သည်။ ယခုအချိန်တွင် မြစ်ဘေး၌ ရပ်ထားသော ကားအချို့ကို တွေ့ရပြီး လူအချို့မှာလည်း ဓာတ်ပုံရိုက်ခြင်း၊ ရေကစားခြင်းများ ပြုလုပ်နေကြသည်။

“ပိတ်ရက်တွေနဲ့ အားလပ်ရက်တွေမှာဆို ခရီးသည်တွေ ပိုများတယ်”

ချန်ကျန့်က ရှင်းပြသည်။

“ဒီမြစ်ထဲမှာ ရေစီးအတိုင်း မျောပါတဲ့ ကစားနည်းရှိတယ်၊ ရွာဟောင်းကတော့ ဒီလမ်းကြောင်းရဲ့ အဆုံးသတ်နေရာပေါ့”

“ပျော်စရာကောင်းလား”

“မပျော်ပါဘူး။ ရေစီးက အရမ်းနှေးတယ်၊ ဒီအတိုင်း မျောနေတာပဲ။ အသက် ၁၀ နှစ်အောက် ကလေးတွေအတွက်ပဲ သင့်တော်တယ်”

ရှန်ယွီ ပြုံးလိုက်ပြီး သူ၏ဖုန်းဖြင့် မြစ်ရှုခင်းကို ဓာတ်ပုံအချို့ ရိုက်လိုက်သည်။

“ဘော့စ် က ဖုန်းကို ဖုန်းဆက်ဖို့ပဲ သုံးတာ ထင်နေတာ”

“မဟုတ်ပါဘူး။ ငါက WeChat ပဲ မသုံးတာပါ”

“ရန်သူတွေဆီက ပုန်းနေတာလား”

ရှန်ယွီ ဖုန်းကို ပြန်သိမ်းလိုက်ပြီး သူ့ကို တစ်ချက်ကြည့်ကာ

“စိတ်ကူးကတော့ တော်တော်ယဉ်တာပဲ”

“မင်းရဲ့ ခြေထောက်ဒဏ်ရာကလည်း စိတ်ကူးယဉ်စရာ ကောင်းနေတာကိုး”

ရွာဟောင်းက မကြီးလှချေ။ ဤနေရာတွင် နေထိုင်သူ အများစုမှာ စားသောက်ဆိုင် ဖွင့်ထားသူများ ဖြစ်သည်။ ရွာလယ်လမ်းတစ်လျှောက်တွင် လက်မှုပစ္စည်းများ၊ ဒေသထွက် အသီးအနှံများ၊ အသားနှင့် ဟင်းသီးဟင်းရွက် ရောင်းသည့် ဆိုင်လေးများစွာ ရှိသည်။ ယနေ့မှာ အားလပ်ရက် မဟုတ်သဖြင့် ခရီးသည် နည်းပါးရာ ဆိုင်ရှင်အချင်းချင်းသာ မျက်နှာချင်းဆိုင်နေကြရသည်။

ချန်ကျန့်က ရှန်ယွီကို ဘေးတွဲတွင် တင်၍ မောင်းလာသည့်အခါ လူတိုင်းက လှမ်းကြည့်ကြလေသည်။

“ငါတို့က အဲ့ဒီလောက်တောင် သိသာနေတာလား။”

“အဲ့ဒါကြောင့် လမ်းလျှောက်ဝင်ပါလို့ ပြောတာပေါ့။ ကြည့်ရုံပဲ ကြည့်မှာ မဟုတ်လား၊ ဝယ်မှာ မဟုတ်ဘူးမလား”

“ဝယ်မယ်လေ။ မှိုတွေ ဝယ်ရအောင်၊ ဒီမှာ မှိုရှိလား”

“တကယ် ဝယ်မှာလား”

ချန်ကျန့် သံသယဖြစ်စွာ မေးသည်။

“ဝယ်မယ်လို့ ပြောရင် ဝယ်မှာပေါ့၊ ငါ မင်းကို လိမ်နေတယ် ထင်လို့လား”

ချန်ကျန့် ဘာမှ ထပ်မပြောတော့ဘဲ ဆိုင်ကယ်ကို ဖြည်းဖြည်းချင်း မောင်းလာရာ ဆိုင်ရှင်များ၏ အကြည့်စက်ကွင်းထဲသို့ ရောက်ရှိသွားတော့သည်။ သို့သော် ချန်ကျန့် ပါလာသည့်အတွက် ခရီးသည်မဟုတ်ဟု တွေးတောကာ ဘယ်သူမှ လှမ်းမခေါ်ကြချေ။

“အဲ့ဒါက ဘာအသားလဲ” ရှန်ယွီက အနီးနားရှိ အသားဆိုင်တစ်ခုကို ညွှန်ပြကာ မေးသည်။

“မြည်းသားချက်လေ”

“ဝယ်ရအောင် ။ ဒီည မြည်းသား ဆန်းဒဝစ် စားကြတာပေါ့”

“မင်းကတော့ အော်ဒါတင်တဲ့နေရာမှာ တကယ်တော်တာပဲ။ ကျောက်ကျဲက မင်းကွယ်ရာမှာ ဆဲမဆဲတော့ မသိဘူးနော်”

“သူ ကွယ်ရာမှာ ဆဲတာ ငါမှ မကြားရတာပဲ”

ရှန်ယွီက ဆိုင်ရှင်ကို မြည်းသား ငါးပိဿာ (၅ ဂျင်) ပေးရန် လက်ဟန်ခြေဟန်ဖြင့် ပြောလိုက်ပြီးသား ဖြစ်နေသည်။

သူမ ဆဲသည်ဖြစ်စေ၊ မဆဲသည်ဖြစ်စေ ချက်ပေးမည်မှာတော့ အသေအချာပင်။ တည်းခိုခန်းက လူခေါ်နေချိန် ဖြစ်သည့်အတွက် ကျောက်ဖန်းဖန်းမှာ အလုပ်ဆက်လုပ်ချင်နေသူ ဖြစ်သည်။ သို့သော် သူမ မြည်းသားဆန်းဒဝစ် လုပ်တတ်မတတ်ကိုတော့ မသိချေ။ ထို့ပြင် ရှန်ယွီသည် မှိုအမျိုးမျိုး၊ ဂျင်ဆင်း အဟောင်းများနှင့် ပဲတောင့်ရှည်၊ သခွားသီးအဟောင်းများကိုပါ ဝယ်လိုက်သေးသည်။

“တော်လောက်ပြီ မဟုတ်လား”

ချန်ကျန့်သည် ပစ္စည်းများကို ရှန်ယွီ၏ ခြေရင်းတွင် စုပုံထည့်ပေးရင်း တိုးတိုးလေး ဆိုလိုက်သည် ။

“မင်း ဝယ်လိုက်တာတွေက ကားအစုတ်တစ်စီးဖိုးလောက် ရှိနေပြီ။ ဒီပစ္စည်းတွေက မြို့ထဲက ဈေးမှာဆို ပိုတောင် ဈေးပေါသေးတယ်”

“သွားကြစို့။ ငါးဟင်း ကောင်းကောင်းရတဲ့ စားသောက်ဆိုင်တစ်ဆိုင် ရှာရအောင်”

ချန်ကျန့် ဆိုင်ကယ်ပေါ်တက်ကာ လမ်းလယ်ခေါင်တွင် ခက်ခဲစွာ ပြန်ကွေ့လိုက်ပြီး ငါးဟင်း စားရန် နေရာရှာလေသည်။ သူ လမ်းမပေါ်သို့ပင် မရောက်သေးမီ ရှေ့ရှိ လမ်းသွယ်လေးထဲမှ အော်ဟစ်ပြေးထွက်လာသော ရှောင်သိုအာ ကို မြင်လိုက်ရသည်။ သူမနောက်တွင် ရေနွေးသေနတ် ကိုင်ထားသော ကောင်လေးတစ်ယောက်လည်း ပြေးလိုက်လာသည်။

“သိုအာ!” ချန်ကျန့်က လှမ်းခေါ်လိုက်သည်။

ရှောင်သိုအာ ရပ်သွားပြီး လှည့်ကြည့်သည်။ ထိုကောင်လေးမှာ ဘေးအိမ်က “နှပ်ချေးတွဲ” လေး ဖြစ်ပြီး အလွန်ဆိုးသွမ်းသော ကလေးတစ်ယောက် ဖြစ်သည်။ “ဝက်ခြံအဖွဲ့” ဝင်လောင်းလျာလေး ဖြစ်သည့်အတွက် ချန်ကျန့်က သူ့ကို မြင်လိုက်သည်နှင့် စိတ်ပျက်သွားမိသည်။

“မင်း သူ့ကို ထပ်ပြီး အနိုင်ကျင့်ပြန်ပြီလား!” ချန်ကျန့်က ထိုကောင်လေးကို လက်ညှိုးထိုးကာ…

“သုံးစက္ကန့်အတွင်း လစ်လိုက်တော့!” ဟု အော်လိုက်သည်။

“တစ်၊ နှစ်၊ သုံး...” ထိုကောင်လေးက ရေနွေးသေနတ်ကို ကိုင်ထားရင်း မှ “မသွားဘူး” ဟု ပြန်အော်သည်။ အကြောက မသေး။

“တောက်... ဒုက္ခပဲ”

ချန်ကျန့် သူ့ကို ကြည့်လိုက်သည်။ အလုပ်ချိန်လည်း ဖြစ်သလို ဘော့စ်ရှန်ကလည်း ဘေးမှာ ထိုင်နေသည့်အတွက် သူ၏ နေ့စဉ်ဘဝ ပြဿနာများကို ရှန်ယွီအား မမြင်စေချင်။ ပုံမှန်ဆိုလျှင်တော့ ထိုကောင်လေးကို ခေါင်းခေါက်လိုက်ပြီး သူ၏ အဖွားဖြစ်သူနှင့် သုံးရက်လောက် ရန်ဖြစ်နေမိမှာ အသေအချာပင်။

ဘေးတွင် ထိုင်နေသော ရှန်ယွီက ရုတ်တရက် လှုပ်ရှားလိုက်ပြီး ထိုကောင်လေးကို

“ဟေး!” ဟု လှမ်းခေါ်လိုက်သည်။

ကောင်လေးက ရှန်ယွီကို ကြည့်လိုက်သည်။ ရှန်ယွီက သူ၏ ဘယ်ဘက်ခြေထောက်ကို မ၍ ဘေးတွဲအစွန်းတွင် တင်လိုက်ပြီး ဘောင်းဘီစကို အနည်းငယ် မတင်ကာ သတ္တုကိရိယာ အပိုင်းအစကို ပြလိုက်သည်။ ကောင်လေး၏ မျက်လုံးများမှာ ပြူးထွက်သွားပြီး ရှန်ယွီ၏ ခြေထောက်ကို စိုက်ကြည့်နေတော့သည်။

“စက်ရုပ်ခြေထောက်လေ” ဟု ရှန်ယွီက တည်ကြည်သော မျက်နှာဖြင့် ဆိုလိုက်သည်။

ကောင်လေး ယုံမယုံတော့ မသိသော်လည်း သတ္တုရောင် တလက်လက်နှင့် ထိုအရာက သူ၏ စပ်စုလိုစိတ်နှင့် ကြောက်ရွံ့စိတ်ကို နှိုးဆွပေးလိုက်ပုံ ရပါသည်။ ရှန်ယွီက သူ၏ ခေါက်ချိုင်းထောက်ကို ယူကာ ကောင်လေးဘက်သို့ တစ်ချက် ဝှေ့ယမ်းပြလိုက်သည်။ ကောင်လေး ကြောင်နေစဉ်မှာပင် ရှန်ယွီက ထိုချိုင်းထောက်ကို ပြန်ခေါက်လိုက်ရာ “ကလစ်” ဟူသော အသံနှင့်အတူ မူလအတိုင်း ဖြစ်သွားသည်။ သူက ထိုချိုင်းထောက်ကို သေနတ်တစ်လက်ကဲ့သို့ ကိုင်ကာ ကောင်လေးကို ချိန်လိုက်သည်။

ကောင်လေးမှာ တကယ်ပင် ကြောက်သွားပုံရပြီး နောက်သို့ ဆုတ်သွားတော့သည်။ ရှန်ယွီက မျက်လုံးတစ်ဖက်ကို မှိတ်ကာ ကောင်လေး ပြေးသည့်နောက်သို့ ချိုင်းထောက်ဖြင့် ဖြည်းဖြည်းချင်း လိုက်ချိန်နေသည်။ ထို့နောက် ပါးစပ်ဖြင့် “ဖောက်!” ဟု သေနတ်အသံလုပ်လိုက်ရာ ကောင်လေးမှာ ကိုယ်ကို တွန့်သွားပြီး သူ၏ ရေနွေးသေနတ်ကို ပွေ့ပိုက်ကာ လှည့်ပြေးတော့သည်။ အနည်းငယ် ဝေးသွားမှသာ ငိုသံထွက်လာလေတော့သည်။

“ငါ တကယ်ပဲ ကလေးတွေကို မကြိုက်တာ”

ရှန်ယွီက မဲ့ကာရွဲ့ကာဖြင့် သူ၏ ချိုင်းထောက်ကို ပြန်သိမ်းလိုက်သည်။

“အထူးသဖြင့် အဲ့ဒီလို ထုံအအ ကလေးမျိုးတွေကိုပေါ့”

သူ၏ ခြေထောက်ကို ပြန်သွင်းရန် ကြိုးစားချိန်တွင် နေရာမလောက်သဖြင့် သူ၏ ဖိနပ်မှာ ဘေးတွဲအစွန်းတွင် ငြိနေလေသည်။

“လက်ထောက်ချန်…ကူပါအုံး။ လုပ်မရတော့ဘူး။”

“မင်းကတော့...”

ချန်ကျန့်က အမြန်ပင် လှမ်းမပေးလိုက်ပြီး၊ ဘောင်းဘီစကို မကာ ခြေထောက်ကို ဘေးတွဲထဲသို့ ပြန်ထည့်ပေးပြီး ခေါင်းအုံးကို သေချာ ပြန်ခုပေးလိုက်ရသည်။

“အစ်ကို ချန်ကျန့်”

ရှောင်သိုအာ ပြေးလာပြီး ရှန်ယွီကို ကြည့်ကာ … “ကျေးဇူးတင်ပါတယ် ဦးဦး” ဟု ဆိုသည်။

“ဘယ်က ဦးဦးလဲ...” ရှန်ယွီ သက်ပြင်းချရင်း …

“ရပါတယ်” ဟု ပြန်ပြောလိုက်သည်။

“ဦးဦး ခြေထောက်မှာ ဘာရှိတာလဲ”

ရှောင်တောက်အာက ဘေးတွဲဘေးကနေ ချောင်းကြည့်သည်။

“သေနတ်လေ” ဟု ရှန်ယွီက ဆိုသည်။

“လူလိမ်ကြီး” ရှောင်သိုအာက ရယ်လိုက်သည်။

“သွားကြစို့”

ရှန်ယွီက ချန်ကျန့်ကို တစ်ချက်ကြည့်သည်။

“ငါ အလုပ်လုပ်နေတုန်းနော်”

ချန်ကျန့်က ရှောင်သိုအာကို သတိပေးသလို ပြောလိုက်သည်။

“နှပ်ချေးတွဲတို့ အိမ်နားကို သွားမကစားနဲ့ဦး”

“ဟုတ်ကဲ့” ရှောင်သိုအာက လမ်းဘေးသို့ ဆုတ်သွားပြီး ရှန်ယွီကို လက်ပြနှုတ်ဆက်သည်။

“တာ့တာ ဦးဦး”

“...တာ့တာ” ဟု ရှန်ယွီက ဆိုသည်။

ဆိုင်ကယ်လေး ထွက်ခွာလာပြီးနောက် သူ နောက်သို့ ပြန်လှည့်ကြည့်ကာ…

“အဲ့ဒါ မင်းအမျိုးထဲက ကလေးလား” ဟု စပ်စုတော့၏။

“မဟုတ်ပါဘူး” ချန်ကျန့် ခေတ္တမျှ တုံ့ဆိုင်းသွားပြီးမှ အံကြိတ်ကာ ပြောလိုက်သည် ။

“ကျွန်တော်က သူတို့ အဖိုးအဖွားတွေ အိမ်မှာ နေနေတာပါ”

ရှန်ယွီမှာ အံ့အားသင့်သွားပြီး -

“မင်းအိမ်က ဒီမှာပဲ မဟုတ်ဘူးလား”

“ဟုတ်တယ်... ကျွန်တော့်အိမ်... ဒါပေမဲ့ အခု အဲ့ဒီမှာ မနေတော့ဘူး”

“ဘာကို ဆိုလိုတာလဲ။ အိမ်ကြီး ပြိုသွားလို့လား”

“သူများဆီမှာ ပေါင်ထားလိုက်ရလို့ပါ” ချန်ကျန့်က လမ်းကိုသာ စိုက်ကြည့်ရင်း ပြောလိုက်သည်။ “အကြွေးဆပ်ဖို့လေ”

ရှန်ယွီ ခဏမျှ ငြိမ်သက်သွားပြီး …

“မင်းအဖေက သူများဆီမှာ အကြွေးတင်နေလို့လား”

“ဟုတ်ကဲ့” ချန်ကျန့် ခေါင်းညိတ်သည်။

“အဲ့ဒီအကြွေးတွေကို မင်းက ကူဆပ်ပေးနေရတာလား”

“ဟုတ်ကဲ့”

“အဲ့ဒီအကြွေးတွေက... ဘယ်လိုဖြစ်ပြီး ဖြစ်လာတာလဲ” ရှန်ယွီ ဆက်တိုက်ကို မေးနေတော့သည်။

ချန်ကျန့် ချက်ချင်း ပြန်မဖြေချေ။ ဆိုင်ကယ်လေးမှာ အနည်းငယ် ပိုမောင်းသွားပြီးနောက် အရှိန်လျှော့ကာ လမ်းဘေးတွင် ရပ်လိုက်သည်။ သူ ရှန်ယွီဘက်သို့ လှည့်ကြည့်ကာ

“ကျွန်တော့်အမေရဲ့ ဆေးကုသစရိတ်က တော်တော်ကုန်ခဲ့တာ။ အဲ့ဒါကြောင့် အဖေက ပိုက်ဆံအချို့ စုပြီးတော့ တခြားလူတစ်ယောက်နဲ့ ပူးပေါင်းပြီး စီမံကိန်းအသေးလေးတစ်ခု လုပ်ခဲ့သေးတယ်။ အဲ့ဒီကရတဲ့ ပိုက်ဆံနဲ့ အကြွေးပြန်ဆပ်မယ်လို့ မျှော်လင့်ခဲ့တာပေါ့”

ရှန်ယွီ ဘာမှ မပြောဘဲ နားထောင်နေသည်။

“စီမံကိန်း တစ်ဝက်လောက်ရောက်တော့ ဘော့စ်အကြီးကြီးက မတော်တဆမှု ဖြစ်သွားတယ်။ စီမံကိန်းလည်း ပျက်သွားရော... အဖေလည်း ပိုက်ဆံမရတဲ့အပြင် အရင်ကထက်တောင် အကြွေးတွေ ပိုတင်သွားခဲ့တယ်”

ချန်ကျန့်၏ အသံမှာ အနည်းငယ် တိုးဝင်သွားသော်လည်း လေသံကတော့ တည်ငြိမ်နေဆဲပင်။

“အဲ့ဒါကြောင့် ကျွန်တော် ပိုက်ဆံ အရမ်းလိုနေတာပါ”

“မင်းအမေ ဆုံးသွားတာ ဘယ်လောက်ကြာပြီလဲ”

“ကျွန်တော် အသက် ၁၀ နှစ်တောင် မပြည့်သေးခင်ကတည်းကပါ”

“နားလည်ပြီ။ ငါစိတ်မကောင်းပါဘူး။”

ရှန်ယွီ ဆက်မမေးတော့ချေ။

ချန်ကျန့်သည် အကြောင်းအရာများကို အနှစ်ချုပ်သဖွယ် ရိုးရှင်းစွာ ပြောပြခဲ့သည်။ သို့သော် အနည်းငယ် စဉ်းစားကြည့်ရုံနှင့်ပင် ၁၀ နှစ်ကျော်တိုင်အောင် သူ ခံစားခဲ့ရသော ရှုပ်ထွေးသည့် ခံစားချက်များကို ထိုရိုးရှင်းသော စကားလုံးများနောက်ကွယ်တွင် ခံစားမိနိုင်ပါသည်။

“ဆေးလိပ်သောက်ချင်ရင် သောက်လို့ရတယ်နော်”

ရှန်ယွီက သတိပေးလိုက်သည်။

“ကျွန်တော် ဆေးလိပ်မသောက်ပါဘူး” ချန်ကျန့်က ဆိုသည်။

“မနေ့က ဆေးလိပ်က ချန်အာဟူ ပေးတာမလို့ အားနာလို့ ယူထားတာ၊ အဲ့ဒီနေရာတင် လွှင့်ပစ်လိုက်လို့မှ မရတာ”

“အော်...” ရှန်ယွီ ပြုံးလိုက်သည်။

“ကျွန်တော့်အိမ်ကိုတော့ သွားမနေပါနဲ့တော့ ဘော့စ်ရှန် ။ ရှောင်သိုအာရဲ့ အဖိုးအဖွားတွေ အိမ်မှာ ရှိနေမှာမလို့၊ မင်းရောက်သွားရင် သူတို့တွေ ဧည့်ဝတ်ပြုဖို့အတွက် အလုပ်တွေ ရှုပ်နေဦးမယ်”

“မသွားတော့ပါဘူး” ရှန်ယွီက ဆိုသည်။ ချန်ကျန့် ဆိုင်ကယ်ကို ရှေ့သို့ မောင်းထွက်လိုက်ချိန်တွင် ရှန်ယွီက ထပ်လောင်းပြောသည်။

“ငါက မင်းရဲ့ ကိစ္စတွေကို စပ်စုချင်လို့ မဟုတ်ပါဘူး၊ အဲ့ဒါမင်းတစ်ယောက်တည်းကို ရည်ရွယ်တာလည်း မဟုတ်ဘူးနော်”

“အင်း...” ချန်ကျန့် ခေါင်းညိတ်ပြလိုက်သည်။

“လူတွေက ရှုပ်ထွေးတယ်လေ။ မျက်နှာချင်းဆိုင်ချိန်မှာတော့ လူတိုင်းက လူကောင်းတွေလိုပဲ။ ကွယ်ရာမှာတော့ တရားမဝင်တာတွေ လုပ်နေကြတာ ဖြစ်နိုင်တာပဲ။ အရာရာကို သေချာ သိထားမှ ငါ စိတ်အေးရမှာမလို့ပါ”

လယ်သမားအိမ် စားသောက်ဆိုင်ပိုင်ရှင်သည် ချန်ကျန့်ကို မှတ်မိသည့်အတွက် မြစ်ဘေးရှိ သီးသန့်အခန်းလေးသို့ စိတ်အားထက်သန်စွာ ခေါ်ဆောင်သွားလေသည်။

“ငါးက တော်တော်ကြီးတယ်၊ နှစ်ယောက်အတွက် တစ်ကောင်ဆို လုံလောက်ပါပြီ၊ တခြား ဟင်းအမယ် အချို့လည်း ထည့်ပေးမယ်လေ”

“ဟုတ်ကဲ့၊ အန်ကယ် စီစဉ်ပေးတာပဲ စားပါ့မယ်”

ထိုစဥ် ချန်ကျန့်၏ ဖုန်းမှာ မြည်လာသည်။ သူ ဖုန်းထုတ်ကြည့်ပြီး စကားပြောရင်း လှမ်းကိုင်လိုက်သည်။

“ချန်ကျန့်! ငါပါ၊ ကျောက်ဖန်းဖန်း!” ကျောက်ဖန်းဖန်း၏ အသံမှာ တိုးသော်လည်း စိုးရိမ်စိတ်နှင့် စိတ်လှုပ်ရှားမှုများ ရောပြွမ်းနေသည်။

“ဘာတွေ ဖြစ်ကုန်တာလဲ မသိဘူး!”

“ဘာဖြစ်လို့လဲ။ ဘာဖြစ်လို့လဲ။”

“တည်းခိုခန်းကို ဧည့်သည်တွေ ရောက်လာလို့၊ တည်းချင်လို့တဲ့!”

“ဗျာ” ချန်ကျန့် အံ့အားသင့်သွားပြီး ရှန်ယွီကို လှမ်းကြည့်လိုက်သည်။

“လူငယ် လေးယောက်လေ၊ ကိုယ်ပိုင်ကားနဲ့ လာကြတာ။ အမျိုးသား တစ်ယောက်နဲ့ အမျိုးသမီး သုံးယောက်။ ကျွန်မ ဘာလုပ်ပေးထားရမလဲ”

“တည်းခိုခန်း မဖွင့်သေးဘူးလို့ပဲ ပြောလိုက်ပါလား”

“ဒါက ပထမဆုံး စီးပွားရေးလေ! ဘယ်လိုလုပ်ပြီး လက်မခံဘဲ နှင်လွှတ်ရမှာလဲ! ကံမကောင်းဘူးပေါ့!” ကျောက်ဖန်းဖန်းက ဆိုသည်။

“ဘော့စ်ရှန် ဘယ်မှာလဲ! မင်းနဲ့အတူ ရှိနေတာ မဟုတ်လား။ သူ့ကို မေးကြည့်ပေးပါဦး ဘာလုပ်ရမလဲဆိုတာ!”

“ဧည့်သည်တွေလား” ရှန်ယွီက ဘေးမှ လှမ်းမေးသည်။

“လူလေးယောက် ရောက်နေပြီး တည်းချင်လို့တဲ့”

ရှန်ယွီက လက်ကမ်းလိုက်သည် ။

“ဖုန်းပေးပါဦး”

ချန်ကျန့်က သူ့ကို ဖုန်းကမ်းပေးလိုက်သည်။

“ကျောက်ကျဲ... သူတို့ကို နေ့လယ်စာ ကျွေးလိုက်ပါ၊ ဒီတစ်နပ်ကို အလကားကျွေးတယ်လို့ ပြောလိုက်နော်။ သူတို့အတွက် သန့်ရှင်းရေးလုပ်ပြီးသား အခန်းနှစ်ခန်း စီစဉ်ပေးလိုက်၊ တတိယထပ်ကိုတော့ မပေးနဲ့ဦး။ ပြီးတော့ ဘယ်လောက်ကြာကြာ တည်းမှာလဲဆိုတာကို အတည်ပြုလိုက်ပါဦး။”

“ဟုတ်... ဟုတ်ကဲ့ပါ၊ ရပါတယ်”

ကျောက်ဖန်းဖန်းက ချက်ချင်းပင် ပြန်ဖြေသည်။

“ပြီးတော့ သူတို့ ညစာနဲ့ မနက်ဖြန် မနက်စာ စားချင်တယ်ဆိုရင်တော့ ကြိုတင် မှာထားဖို့ လိုမယ်လို့ ပြောလိုက်ပါ”

“ဟုတ်ကဲ့... ဟုတ်ကဲ့ပါဘော့စ်ရှန် ။ ဒါနဲ့ ရှင်တို့ ပြန်လာတော့မှာလား။ နှစ်ယောက်စလုံး ပြန်လာမှာလား။”

“ဟုတ်ကဲ့၊ ပြန်လာမှာပါ”

“ဘယ်တော့လောက်လဲဟင်”

ကျောက်ဖန်းဖန်းမှာ အမှန်တကယ်တော့ သန့်ရှင်းရေး ဝန်ထမ်းတစ်ဦးသာ ဖြစ်သည်။ တည်းခိုခန်း ပိတ်ထားသည်မှာ နာရီဝက်ခန့်ရှိပြီဖြစ်ရာ ရုတ်တရက် ဧည့်သည် ရောက်လာသည့်အခါ သူမမှာ အတော်ပင် တုန်လှုပ်နေရှာသည်။

“မကြာခင် ပြန်လာခဲ့ပါ့မယ်။ လောလောဆယ်တော့ အရင်က အခန်းခအတိုင်းပဲ ပြောပြထားလိုက်ပါ။ ကျောက်ကျဲ ဈေးနှုန်းတွေ သိတယ်မလား။”

“သိပါတယ်၊ ကျွန်မ ဒီမှာ အလုပ်လုပ်ခဲ့တာ ကြာပြီပဲ၊ ကျွန်မ...”

“ဒါဆို သွားလုပ်လိုက်တော့လေ။ ကျန်တာတွေကတော့ ငါ ပြန်ရောက်မှပဲ ဆက်လုပ်ကြတာပေါ့”

ချန်ကျန့်က သူ့ကို ကြည့်ကာ

“ဒီအတိုင်းပဲ လက်ခံလိုက်တာလား။”

“ဒါဆို ဘာလုပ်ရမှာလဲ။ ငါတို့ သူတို့ကို လက်ခံလိုက်ပြီးပြီ မဟုတ်လား။”

ချန်ကျန့် တခြားအရာတစ်ခုခုကို ပြောချင်သေးသော်လည်း လက်တွေ့မှာတော့ ထိုအတိုင်းပင် ဖြစ်နေသည်။

“ဒါပေမဲ့ ဝန်ဆောင်မှု ဝန်ထမ်းတွေမှ မရှိတာ...တည်းခိုခန်းတစ်ခုလုံးမှာမှ လူလေးယောက်တည်း ရှိနေတာကို ထူးဆန်းတယ်လို့ မထင်နိုင်ဘူးလား။”

“ခရီးသွားရာသီမဟုတ်တဲ့ အချိန်တွေမှာ တခြားတည်းခိုခန်းတွေလည်း ဒီလိုပဲ ဖြစ်တတ်တာပဲ ။သူတို့ ထူးဆန်းတယ်လို့ ထင်တာက ငါတို့နဲ့ ဘာဆိုင်လို့လဲ။”

“တည်းခိုခန်းအလွတ်ကြီးထဲမှာ သန့်ရှင်းရေး အဒေါ်ကြီး တစ်ယောက်တည်းပဲ ရှိနေတာမျိုးက ဘယ်မှာမှ မရှိဘူးလေ” ချန်ကျန့်မှာ စိတ်မအေးနိုင်သေးချေ။

“ဒါက သရဲအိမ်ကြီးလို ဖြစ်နေဦးမယ်”

“ချန်အာဟူဆီ ဖုန်းဆက်လိုက်၊ သူ့လူ နှစ်ယောက်ကို ချက်ချင်း လွှတ်ပေးဖို့ ပြောလိုက်ပါ ။ ငါတို့လည်း အခုပဲ ပြန်ကြမယ်”

ချန်ကျန့်က သူ့ကို ကြည့်လိုက်သည်။

“ဒါဆိုရင် တည်းခိုခန်းမှာ လူ ၅ ယောက် ရှိသွားပြီလေ၊ သူတို့ထက် တစ်ယောက်တောင် ပိုသေးတယ်”

“ဘာလဲ။ ကျွန်တော် ငါးတွေကို သတ်ပြီးသွားပြီလေ၊ မစားကြတော့ဘူးလား။”

လယ်သမားအိမ် စားသောက်ဆိုင်ပိုင်ရှင်သည် ရေနွေးအိုးကို ကိုင်ကာ အခန်းထဲသို့ ဝင်လာချိန်တွင် သူတို့ ပြန်မည်ဟု ပြောသံကို ကြားလိုက်ရသဖြင့် ချက်ချင်းပင် စိတ်တိုသွားတော့သည်။

“စားမှာပါ” ရှန်ယွီ သူ၏ ပိုက်ဆံအိတ်ကို ထုတ်လိုက်သည်။

“ဒါပေမဲ့ ညနေဘက်မှပဲ စားတော့မယ်။ သတ်ထားတဲ့ ငါးကို သိမ်းထားပေးပါ၊ နောက်ထပ် နှစ်ကောင် ထပ်တိုးလိုက်ဦး။ ဒီည လူ ၆ ယောက်၊ ၇ ယောက်လောက် လာလိမ့်မယ်။ ငါတို့အတွက် အခန်းအကြီးကြီး တစ်ခန်းလောက် ဖယ်ထားပေးပါဦး”

“အော်... ဟုတ်ကဲ့ပါ၊ ရပါတယ်...”

ဆိုင်ရှင်မှာ ချက်ချင်းပင် အမူအရာ ပြောင်းသွားတော့သည်။ ရှန်ယွီသည် ပိုက်ဆံအိတ်ထဲမှ ငွေစက္ကူအချို့ကို ထုတ်ကာ စားပွဲပေါ် တင်လိုက်သည်။

“ဒါက စရန်ငွေပါ။ ငါးအကောင်းဆုံးတွေကိုပဲ ရွေးထားပေးပါနော်”

“ရပါတယ်၊ ရပါတယ်၊ အဆင်ပြေပါတယ်” ဆိုင်ရှင်က ခေါင်းညိတ်ပြသည် ။

“အခု ပေးဖို့ မလိုပါဘူး။ စားပြီးမှပဲ ပေးပါ။ ချန်ကျန့်နဲ့ ကျွန်တော်က ရင်းနှီးပြီးသားပဲ၊ တစ်ယောက်ကို တစ်ယောက် ယုံကြည်ပါတယ်”

“ဒါပေမဲ့ ခင်ဗျာက ကျွန်တော်နဲ့မှ မရင်းနှီးတာ” ရှန်ယွီက ဆိုသည်။

“မဟုတ်တာ! အခု ရင်းနှီးသွားပြီပေါ့၊ လူတိုင်းက သိကြတာပဲ... ဟို...” ဆိုင်ရှင်က စကားရပ်သွားသည်။

ခြေထောက်မသန်တဲ့လူလို့ မပြောမိစေနဲ့နော်၊ ချန်ကျန့်က ဆိုင်ရှင်ကို စိုက်ကြည့်လိုက်သည်။ ဒီလူက လမ်းလျှောက်ဝင်လာတာလေ၊ ခြေထောက်မသန်တာ မဟုတ်ဘူး။

“သဘောကောင်းတဲ့ ဘော့စ်ကြီးလို့လေ! ။ ဘော့စ်ကြီးက တကယ်ကို သဘောကောင်းတာပဲ”

ချန်ကျန့်တို့ အမြန် ပြန်လာခဲ့သည်။ ချန်အာဟူနှင့် ဆန်းပင်းတို့မှာ သူတို့ထက် အရင် တည်းခိုခန်းသို့ ရောက်ရှိနေကြသည်။ ပထမဆုံး အလုပ်ဖြစ်သည့်အပြင် အရေးပေါ် ဖြစ်နေသည့်အတွက် ဘော့စ်ချန်ကိုယ်တိုင် ဦးဆောင်လာခြင်း ဖြစ်ပေသည်။

“ဘာလို့ ဒီလောက်တောင် နောက်ကျနေရတာလဲ”

ချန်အာဟူက ရှန်ယွီတို့၏ တုံ့ပြန်မှု အရှိန်အပေါ် မကျေနပ်ဟန်ဖြင့် ဆိုသည်။

“ဆန်းပင်းတောင် ဧည့်သည်တွေရဲ့ အိတ်တွေကို အပေါ်ထပ်အထိ သယ်ပေးပြီးသွားပြီ”

“ပင်ပန်းသွားပြီနော်” ဟု ချန်ကျန့်က ဆိုလိုက်သည်။

“ဝန်ဆောင်မှု ဝန်ထမ်းတွေကော ဘယ်မှာလဲ” ချန်အာဟူက မေးသည်။ “ဧည့်သည်တွေက အခန်းထဲမှာ တစ်ခုခု လိုအပ်ရင် ဘယ်လိုလုပ်မလဲ။”

“မင်းတို့ နှစ်ယောက်ပဲ လုပ်လိုက်ပေါ့” ဟု ရှန်ယွီက မင်သေသေနဲ့ပင် ပြောချလိုက်သည်။

“ကျွန်တော်တို့ နှစ်ယောက်ကလား”

ချန်အာဟူမှာ အံ့အားသင့်သွားရသည်။

“ရေယူပေးတာတို့၊ တဘက်ယူပေးတာတို့လောက်ပဲလေ…ကင်းလှည့်နေရင်းနဲ့ တစ်ခါတည်း လုပ်ပေးလိုက်ပေါ့။ ဒီလို အရေးပေါ်အချိန်မှာ ငါတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုက ဘယ်လောက်ထိ တသားတည်းကျနေလဲ ဆိုတာကို ကြည့်ရတာပေါ့”

“ကျွန်တော်တို့မှာ နားလည်မှုကတော့ အပြည့်ရှိပါတယ်”

ချန်အာဟူက ခိုင်မာစွာ ခေါင်းညိတ်ပြသည်။

“ဟေး... သူတို့ဆီမှာ ဒီလိုဆိုင်ကယ်မျိုးတောင် ရှိတာပဲ!”

မိန်းကလေးတစ်ယောက် တည်းခိုခန်းထဲမှ ထွက်လာသည်။ ဝင်းထဲတွင် ရပ်ထားသော ဘေးတွဲဆိုင်ကယ်ကို မြင်သည့်အခါ သူမက စိတ်လှုပ်ရှားစွာဖြင့် အထဲရှိ သူမ၏ သူငယ်ချင်းများကို လှမ်းခေါ်လိုက်သည်။

“အပြင်ထွက်လာကြဦး၊ ငါ့ကို ဓာတ်ပုံရိုက်ပေးပါဦး”

“ပစ္စည်းတွေ အောက်ချလိုက်ဦး”

ရှန်ယွီက ချန်အာဟူဘက်သို့ မေးငေ့ါကာ ခိုင်းလိုက်သည်။

ချန်အာဟူမှာ ခဏမျှ ကြောင်သွားသည်။ သူက မိမိကိုယ်ကိုယ် “ဘော့စ်ချန်” အဖြစ်သာ တွေးနေတုန်း ဖြစ်ဟန်ရှိသည်။

“မင်းက အခု အပြင်က ငှားထားတဲ့ လုံခြုံရေးဝန်ထမ်း ဖြစ်နေပြီလေ”

ချန်ကျန့်က ပစ္စည်းများကို ဆိုင်ကယ်ပေါ်မှ ချရင်း ခပ်တိုးတိုး ပြောလိုက်သည်။

“မဟုတ်ရင်လည်း လောင်စစ်ကို ခေါ်လိုက်လေ”

“မလိုပါဘူး” ချန်အာဟူက လက်ကာပြရင်း သူကိုယ်တိုင်ပင် ကူချပေးလေသည်။

“ငါလည်း သူတို့ရဲ့ အလုပ်တွေကို ကျင့်သားရအောင် လုပ်ထားမှ ဖြစ်မှာပေါ့”

“ကျွန်မ ဒီဆိုင်ကယ်ပေါ် တက်လို့ရမလား” ထိုမိန်းကလေးက အနားသို့ လျှောက်လာပြီး ဆိုင်ကယ်လက်ကိုင်ကို ပုတ်ကြည့်ကာ မေးသည် ။

“ဒီပေါ်မှာ ထိုင်ပြီး ဓာတ်ပုံရိုက်ချင်လို့ပါ”

“ရပါတယ်။ မင်းမောင်းချင်တယ်ဆိုရင်တောင် ရသေးတယ်။ ဒီဆိုင်ကယ်က ငှားလို့ရတယ်လေ”

ရှန်ယွီ အပြောကြောင့် ချန်ကျန့် ရုတ်တရက် ခေါင်းလှည့်ကြည့်လိုက်သည်။ ဘာလဲ။! သူများဆီက ငှားလာတဲ့ ဘေးတွဲကို စီးပွါးရေးလုပ်နေတာလား။

“တကယ်လား”

အပြင်သို့ ထွက်လာသော နောက်ထပ် မိန်းကလေးတစ်ယောက်က ချက်ချင်းပင် မေးသည်။

“ငှားခက ဘယ်လောက်လဲ”

ချန်ကျန့် ရှန်ယွီကို ကြည့်လိုက်သည်။ ဘယ်လောက်တောင်းရမလဲ ဘော့စ် ဆိုသည့်အကြည့်။

“အခုက အားလပ်ရက် မဟုတ်တော့ လျှော့ဈေးရှိတယ်လေ။ နှစ်နာရီကို နှစ်ရာရှစ်ဆယ်ပါ”

ရှန်ယွီက ခပ်တည်တည်ပဲ စျေးခေါ်လေတော့၏။

____________________________________________________________________

Comments

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

2

အခန်း (၂) မိုးမှာ တဖွဲဖွဲတစ်လှည့်၊ သည်းထန်စွာတစ်လှည့် ဆက်လက်ရွာသွန်းနေဆဲ…ဆိုင်တံခါးအပြင်ဘက်ရှိ မိုးကာအမိုးပေါ်တွင် ရေများပြည့်လျှံနေပြီး အချိန်မရွေး ပြိုကျတော့မည့်အလား ။ လျူဝူသည် ထိုအမိုးကို ခေတ္တမျှ စောင့်ကြည့်နေပြီးနောက် လက်ညှိုးထိုးပြကာ မေးမြန်းစူးစမ်းခန်းစသည်။ “အဲ့ဒီဟာက ရေတွေကို အလိုအလျောက် စီးဆင်းအောင် လုပ်ပေးနိုင်တာလား” “ဟုတ်တယ်” ချန်ကျန် ခပ်တိုတိုပဲ ပြန်ဖြေ၏။ “ဟင်” လျူဝူသည် အံ့အားသင့်သွားပြီး “တကယ်ကြီး အလိုအလျောက်လား” ဟု ထပ်မေးသည်။ “အသံနဲ့ ခိုင်းရတာလေ” “ဗျာ” ချန်ကျန့် အဖြေကြောင့် လျူဝူမှာ ပို၍ပင် ဝေခွဲမရဖြစ်သွားတော့သည်။ ရှန်ယွီသည် သက်ပြင်းချရင်း မျက်နှာကို အခြားတစ်ဖက်သို့ လွှဲလိုက်ရ‌တော့၏။ ချန်ကျန် မတ်တတ်ရပ်လိုက်ပြီး တံခါးဘေးရှိ ခွတစ်ခုကို ယူကာ မိုးကာအမိုးအောက်သို့ လမ်းလျှောက်သွားသည်။ ထို့နောက် အမိုး၏ အပေါ်ဘက်ကို နှစ်ချက်ခန့် ဆွလိုက်ရာ စုပုံနေသော မိုးရေများမှာ ဝေါကနဲ စီးကျသွားပြီး မိုးကာအမိုးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ “မင်း ပြောလိုက်တဲ့ ခဏမှာပဲ ရေတွေက စီးဆင်းသွားတာလေ” ချန်ကျန် ပြန်လည်ထိုင်လိုက်ရင်း “အသံနဲ့ ခိုင်းရတာဆိုတာ အဲ့ဒါကို ပြောတာ” ဟု ဆိုသည်။ “အသံနဲ့ ခိုင်းရတယ်ဆို...