Skip to main content

12





အပိုင်း (၁၂)

“အမ်” ထိုမိန်းကလေးမှာ ခေတ္တမျှ ဆွံ့အသွားရသည်။ ဤဈေးနှုန်းမှာ သူမ မျှော်လင့်ထားသည်ထက် များစွာ ကျော်လွန်နေပုံရ၏။

“အဲ့ဒါက နည်းနည်း ဈေးကြီးလွန်းတယ်နော်။”

အကယ်၍ ချန်ကျန့်သာ ရှန်ယွီဘက်တော်သား မဟုတ်ခဲ့လျှင် သူကိုယ်တိုင်ပင် “ဗျာ” ဟု လိုက်အော်မိပေလိမ့်မည်။ ဤဘေးတွဲဆိုင်ကယ်မှာ ဓာတ်ဆီနှင့် မောင်းရသည်ဖြစ်ရာ တစ်နေ့စာ ဆီဖိုးမှာ လျှပ်စစ်စက်ဘီးထက် ပိုကုန်မည်မှာ အမှန်ပင်။ သို့သော် အခြားနေရာများတွင် လျှပ်စစ်စက်ဘီး တစ်နေ့ငှားခမှာ ယွမ် လေးဆယ်၊ ငါးဆယ်သာ ရှိသည်။ ဤဆိုင်ကယ်ကို အဆင့်မြင့်ဆုံး 98 အောက်တိန်းဆီနှင့် မောင်းလျှင်ပင် ထိုမျှလောက် ဈေးမကြီးနိုင်ချေ။ သံလွင်ဆီနှင့် မောင်းနေခြင်းသာ ဖြစ်ရမည်။ ချန်ကျန့်မှာ ဘော့စ်ရှန်အတွက် အနည်းငယ် မျက်နှာပူမိသွားသည်။

“ဈေးကြီးလို့လား” ရှန်ယွီကမူ လုံးဝ တုန်လှုပ်ခြင်းမရှိဘဲ တည်ငြိမ်နေဆဲပင်။

သူသည် ချိုင်းထောက်ကို အားပြုကာ အိမ်ထဲသို့ လျှောက်ဝင်သွားရင်း

“ဓာတ်ပုံရိုက်ချင်ရင်တော့ စိတ်ကြိုက်ရိုက်နိုင်ပါတယ်။ အိမ်ရှေ့မှာလည်း ရိုက်လို့ရတယ်၊ ပိုက်ဆံမပေးရပါဘူး” ဟု ထပ်လောင်းပြောဆိုလိုက်သည်။ ချန်ကျန့်သည် မှိုအိတ်ကို ကိုင်ထားရင်း တံခါးဝတွင် ရပ်ကာ သူ့ကို ကြည့်နေမိသည်။ အထဲသို့ မဝင်မီ ရှန်ယွီက ချန်ကျန့်ကို တစ်ချက် လှမ်းကြည့်လိုက်သော်လည်း ဘာမှ ထပ်မပြောတော့ချေ။

ဒါက ဘာကို ဆိုလိုတာလဲ ဘော့စ်။ မသွားနဲ့လေ။ ဘာကို ဖော်ပြချင်နေတာလဲ။ ကျွန်တော့်ကို ကူပြီး ဖြေရှင်းခိုင်းနေတာလား။ ကျွန်တော်က ဘယ်လိုလုပ်ပြီး ဖြေရှင်းပေးရမှာလဲ။

“ဝါး...” နောက်ထပ် ဆံပင်တိုနှင့် မိန်းကလေးမှာ အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်သွားပုံရသည်။

“အဲ့ဒါ မင်းတို့ ဘော့စ်လား။ သူက ဘာလို့ အဲ့ဒီလို စရိုက်မျိုး ဖြစ်နေရတာလဲ။”

“မဟုတ်ပါဘူး ။ သူက ဘော့စ်ရဲ့ သူငယ်ချင်းပါ၊ ကူညီပေးဖို့ ရောက်နေတာ။”

ချန်ကျန့်က မစဉ်းစားဘဲ ငြင်းချလိုက်ရတော့သည်။

“သူက ဘာမှနားလည်တာ မဟုတ်ဘူး” ချန်အာဟူကပါ ဝင်ပြောပေးသည်။ “သူ့ကို ဂရုမစိုက်ပါနဲ့။”

ချန်ကျန့်က သူ့ကို အကြည့်တစ်ချက်ဖြင့် သတိပေးလိုက်သည်။

တော်လောက်ပြီ၊ အခွင့်အရေးရတိုင်း အားကုန်သုံးပြီး ဝင်မနွှာ နေနဲ့ ဟူသော သဘောပါ အကြည့်။

“ဒါဆို ဒီဆိုင်ကယ်ကကော...”

ဆံပင်တိုနှင့် မိန်းကလေးက ဘေးတွဲဆိုင်ကယ်ကို ညွှန်ပြသည်။

ချန်ကျန့်က သူ၏နှုတ်ခမ်းပေါ်တွင် လက်ညှိုးတင်ကာ “ရှူး” ဟု အချက်ပြလိုက်ပြီး အထဲသို့ ခိုးကြည့်လိုက်သည်။ ရှန်ယွီမှာ ဓာတ်လှေကားထဲသို့ ဝင်သွားပြီ ဖြစ်သည်။ ကောင်းပြီလေ။

“တစ်ရာပဲ ပေးပါ” ဟု ချန်ကျန့်က ဆိုလိုက်သည်။

“တကယ်လို့ ဆိုင်ကယ်လိုင်စင် မရှိဘူးဆိုရင် အဝေးကြီး မမောင်းပါနဲ့။ ဒီအနီးအနားမှာပဲ မောင်းပါ။ ဘာဘီကျူးကင်ကြတဲ့ နားက တောအုပ်ဆိုရင် အဝေးကနေ ရိုက်ရင် တော်တော်လှတယ်၊ အဲ့ဒီမှာ သွားရိုက်ကြပေါ့။”

“တစ်ရာက နှစ်နာရီစာလား”

မိန်းကလေးက မေးသည်။

“ဘယ်နှစ်ရက် တည်းမှာလဲ”

ချန်ကျန့်က ပြန်မေးလိုက်၏။

“နှစ်ညပါ၊ သန်ဘက်ခါ မနက်စောစော ပြန်မှာ”

“မောင်းချင်လည်း မောင်းသွားကြလေ” ချန်ကျန့်က ဆိုသည်။ “တစ်ခါမှ မမောင်းဖူးဘူးဆိုရင်တော့ ဖြည်းဖြည်းမောင်းကြပါ။ တစ်ခုခု ပွန်းပဲ့သွားရင်တော့ လျော်ကြေးပေးရမယ်နော်။”

ဒီဘေးတွဲက ကျွန်တော်တို့ဟာ မဟုတ်ဘူးလေ…နော် ။

ထိုအချိန်တွင် ဆန်းပင်းက အထဲမှ ထွက်လာပြီး သူ့နောက်ကို လက်ညှိုးညွှန်ပြကာ

“ဘော့စ်ရှန်က...”

“ဆန်းပင်း... မင်း အဲ့ဒီ မိန်းကလေးတွေကို ဒီဆိုင်ကယ် မောင်းတဲ့အခါ သတိထားရမယ့် အချက်တွေ သွားပြောပြလိုက်ဦး”

ချန်ကျန့်က သူ့စကားကို အမြန်ပင် ဖြတ်ပြောလိုက်သည်။

ဆန်းပင်းက သူ့ကို ကြည့်လိုက်ရာ မျက်လုံးများထဲတွင်

ငါက ဘော့စ်ချန်ရဲ့ အပြင်က ငှားထားတဲ့ ဝန်ထမ်းပါ၊ မင်းက ငါ့ကို ခိုင်းရအောင် ဘယ်သူလဲ ဆိုသည့် အဓိပ္ပာယ်များ ပြည့်နှက်နေသည်။ သို့သော်လည်း သူတို့ ဘော့စ်ချန်မှာ ယခုတစ်ကြိမ်တွင် တုံ့ပြန်မှု မြန်ဆန်လှသည်။ ပူးပေါင်းဆောင်ရွက်မှုမှာ ကွက်တိပင်။

“ဟုတ်သားပဲ။ ဆန်းပင်း... ဧည့်သည်တွေကို ရှင်းပြလိုက်ဦး၊ ဒီဆိုင်ကယ်က ကွေ့တာ မြန်ရင် တိမ်းမှောက်တတ်တယ်ဆိုတာမျိုးပေါ့...”

“ဟုတ်ကဲ့”

ဆန်းပင်းက အနားသို့ လျှောက်သွားလေသည်။ ဧည့်သည်များမှာ ဘေးတွဲဆိုင်ကယ်ဘေးတွင် ဝိုင်းအုံလာကြပြီး ဆန်းပင်း ရှင်းပြသည်များကို နားထောင်နေကြတော့သည်။ ချန်ကျန့်က ဘေးမှ နားစွင့်ကြည့်ရာ ဘာပြဿနာမှ မရှိနိုင်ကြောင်း သိလိုက်သဖြင့် ရှန်ယွီနှင့် စကားပြောရန် အထဲသို့ အမြန်ဝင်လာခဲ့သည်။

“ဒီည အပြင်မှာ သွားစားကြမှာလား။ဘော့စ်ပဲ စောစောက မြည်းသားဆန်းဒဝစ် စားမယ်ဆိုလို့ ငါ မုန့်သားတွေတောင် နယ်ထားပြီးပြီ။ အခု မစားတော့ဘူးလား။”

ကျောက်ကျဲက မေးမြန်းရတော့သည်။

“မနက်ဖြန် မနက်စာမှပဲ စားတော့မယ် ၊ ဒီညတော့ သဘောကောင်းတဲ့ ဘော့စ်ကြီးက ကျွေးမှာလေ။”

ကျန်ချန့်က ဖြေပေးသည်။

“အကြံတွေက တစ်ခုပြီးတစ်ခုပဲ” ကျောက်ဖန်းဖန်း ခေါင်းခါရင်း ဆိုသည်။

ဓာတ်လှေကားမှာ စတုတ္ထထပ်တွင် ရောက်နေသည်။ ချန်ကျန့်မှာ စောင့်မနေတော့ဘဲ လှေကားမှပင် အပြေးတက်လာခဲ့သည်။ ရှန်ယွီမှာ ရုံးခန်းအတွင်း၌ ရှိနေပြီး ပြတင်းပေါက်မှတစ်ဆင့် အောက်ထပ်ကို ငုံ့ကြည့်နေ၏။ ဤပြတင်းပေါက်မှဆိုလျှင် အောက်ထပ်က “သင်တန်းပေးနေမှု” ကို အတိုင်းသား မြင်ရလေသည်။

“နှစ်ရာရှစ်ဆယ်တဲ့လား” ချန်ကျန့် ရုံးခန်းထဲသို့ ဝင်လာသည်။ “မင်းရဲ့ လျှော့ဈေးက တော်တော်များတာပဲနော်။”

“ဈေးကြီးသွားလို့လား ။ ဘယ်လောက် ဈေးနှုန်း သတ်မှတ်ရမလဲဆိုတာ ငါက ဘယ်လိုလုပ် သိမှာလဲ။”

“မသိရင်လည်း ဘာမှ မပြောဘဲ နေလိုက်ပါလား”

ချန်ကျန့် သက်ပြင်းချလိုက်မိသည်။

“သူတို့ကို ဓာတ်ပုံပဲ အလကား ရိုက်ခိုင်းလိုက်ရင် မလုံလောက်ဘူးလား။”

“နောက်မှ ငါ သူတို့ကို ဓာတ်ပုံရိုက်လို့ရတယ်လို့ ပြောလိုက်တယ်လေ၊ မဟုတ်ဘူးလား” ရှန်ယွီက မလျော့ ။ သူမမှားခဲ့ပါဘူးနော်ဆိုသည့် အထာအပြည့် ။

“အဲ့ဒါက အတူတူပဲလား”

ချန်ကျန့်က သူ့ကို ကြည့်လိုက်သည်။

“ဧည့်သည် ရောက်နေတုန်း ခဏလောက် စမ်းကြည့်တာပေါ့။ ပိုက်ဆံလေး ဘာလေး ရတာပေါ့” ရှန်ယွီက အောက်ထပ်သို့ ငုံ့ကြည့်ရင်း ဆိုသည်။

“နောင်ကျရင် ဒီလိုဟာမျိုး အချို့ ထပ်ဝယ်လို့ရတာပဲ၊ ဒါပေမဲ့ လျှပ်စစ် ဖြစ်ရမယ်။”

“ကျွန်တော် သူတို့ကို မင်းက ဘော့စ်မဟုတ်ဘူးလို့ ပြောထားတယ်။ အဲ့ဒါကြောင့် ဒီနှစ်ရက်အတွင်းမှာတော့ လိုက်လျောညီထွေ နေပေးပါဦး”

“ကောင်းပြီလေ ဘော့စ်ချန်လေး” ရှန်ယွီက အသာတကြည်ပဲ ခေါင်းညိတ်သည်။

“ဘာဖြစ်လို့လဲဆိုတာ မမေးတော့ဘူးလား”

ချန်ကျန့်က မနေနိုင်ဘဲ မေးလိုက်မိသည်။ မိမိ၏ စီးပွားရေးလုပ်ငန်းမှ ဝန်ထမ်းတစ်ဦးက အကြောင်းပြချက်မရှိဘဲ ဖယ်ရှားလိုက်သည့်အပေါ် ရှန်ယွီက ဘာမှ မေးမြန်းခြင်း မရှိသောကြောင့် ဖြစ်သည်။

“ဧည့်သည်တွေကတောင် လာတိုင်နေကြပြီဆိုတော့ ငါ ဘော့စ် ဆက်လုပ်လို့ မရတော့ဘူးပေါ့”

ရှန်ယွီက ရယ်မောရင်း ဆိုသည်။

“မင်း သူတို့ဆီက ပိုက်ဆံ ဘယ်လောက် ယူလိုက်လဲ။”

“အားလပ်ရက် မဟုတ်တဲ့ လျှော့ဈေးအနေနဲ့ တစ်နေ့ကို တစ်ရာပဲ ယူလိုက်တယ်”

“တစ်နေ့လုံးကိုမှ တစ်ရာလား” ရှန်ယွီက မျက်ခုံးပင့်ကာ မေးသည်။

“ဒီမြို့က သိပ်မကြီးပါဘူး၊ ပြီးတော့ ဒီဆိုင်ကယ်က တောင်ပေါ်လည်း တက်လို့မရဘူးဆိုတော့ သူတို့ အနီးနားမှာပဲ ပတ်မောင်းကြမှာပါ။ နာရီအနည်းငယ်လောက်ဆိုရင်တင် သူတို့ ငြီးငွေ့သွားကြမှာပါ။ ပြီးတော့ သူတို့က လေးယောက်လေ၊ နှစ်ယောက်ကတော့ ကျန်ခဲ့မှာပဲဆိုတော့ တကယ်တမ်းစီးဖြစ်မှာက နှစ်နာရီ၊ သုံးနာရီလောက်ပါပဲ။ တစ်နေ့ တစ်ရာလို့ ပြောလိုက်တာက နားထောင်လို့ ပိုကောင်းတာပေါ့”

“ဦးနှောက်ကတော့ ကောင်းပ”

“ပြီးတော့... ဘော့စ်ရှန်”

ချန်ကျန့် ချောင်းတစ်ချက် ဟန့်လိုက်သည်။

“ဟင်”

“မင်း အရင်က ဘာစီးပွားရေး လုပ်ခဲ့တာလဲ” ချန်ကျန့် မေးလိုက်သည်။

“ဘာဖြစ်လို့ မေးတာလဲ” ရှန်ယွီ ပြတင်းပေါက်ကို မှီလျက် ပြန်မေးခွန်းထုတ်သည်။

“မင်းရဲ့ စရိုက်လေ။ ခုနက မင်းရဲ့ စရိုက်က နည်းနည်းတော့... အဲ့ဒါကို ကျွန်တော်က ပြောဖို့ သင့်မသင့်တော့ မသိဘူး...”

“ပြောလို့ ရပါတယ်”

“ကောင်းပြီလေ” ချန်ကျန့် ခေါင်းညိတ်လိုက်သည်။

“မင်းရဲ့ စရိုက်လေ... လယ်သမားအိမ် စားသောက်ဆိုင်မှာတုန်းက မင်းရဲ့ စရိုက်က တအားကောင်းတာပဲ။ အဲ့ဒီအတိုင်းပဲ ဆက်ပြီး တည်ရှိနေပေးပါဦး။”

ရှန်ယွီ သဘောကျသွားပြီး ခဏအကြာတွင် ခေါင်းညိတ်ပြသည် ။

“ငါ ကြိုးစားကြည့်ပါ့မယ်။”

“ပင်ပန်းသွားပြီနော်”

ချန်ကျန့် အပြင်သို့ ထွက်ရန် ကိုယ်ကို လှည့်လိုက်သည်။

“မင်းရဲ့ ကျောက်ကျဲကို မေးကြည့်လိုက်ဦး၊ နေ့လယ်စာ ဘာစားကြမှာလဲလို့”

“မင်း... ဘာမှ ထပ်မမေးနဲ့တော့။ ညစာအတွက် မြည်းသားဆန်းဒဝစ် စားမယ်လို့ ပြောလို့ သူ ပြင်ဆင်နေတုန်းမှာ မစားတော့ဘူးလို့ မင်းက ပြောခဲ့တယ်လေ။ နေ့လယ်စာကိုလည်း ဂရုမစိုက်နဲ့လို့ ပြောခဲ့ပြီးမှ အခု ဘာစားမလဲလို့ လာမေးနေပြန်ပြီ... မင်းအတွက် ထမင်းဗူးပဲ ရှိမယ်။ ခဏနေရင် ကျွန်တော် သွားဝယ်ပေးမယ်။”

“ချန်အာဟူနဲ့ ဆန်းပင်းတို့ကော မစားကြဘူးလား” ရှန်ယွီက မေးသည်။

“သူတို့က စားပြီးမှ လာကြတာ။ ဒီနေ့က အလုပ်ရှိမယ်လို့ မထင်ထားကြဘူးလေ... ဟို အပြင်က ငှားတဲ့ အစီအစဉ်အရပေါ့”

“နားလည်ပြီ” ရှန်ယွီ ပြုံးလိုက်သည်။ “ဒါဆိုလည်း ဘော့စ်ချန်လေးက အလုပ် သွားလုပ်တော့လေ။”

ဘော့စ်ချန်လေးမှာ ယနေ့တွင် တကယ်ပင် အလုပ်ရှုပ်နေပါသည်။ ရှန်ယွီကို အပြင်လိုက်ပြရသည်မှာ မမျှော်လင့်ထားသော ကိစ္စဖြစ်နေသည်။ ယနေ့တွင် ကျောက်ဖန်းဖန်း သန့်ရှင်းရေးလုပ်ထားသော အိပ်ရာခင်းများနှင့် လိုက်ကာများကို လျှော်ရန် ပို့ရဦးမည်။ ပစ္စည်းများမှာ ပထမထပ် နောက်ဖုံးတံခါးဘေးရှိ ဧည့်ခန်းထဲတွင် ပုံထားလေသည်။ ပုံမှန်ဆိုလျှင် ပစ္စည်းနည်းပါက ကျောက်ဖန်းဖန်း ကိုယ်တိုင်လျှော်၍ ဝင်းထဲတွင် လှန်းနိုင်သော်လည်း၊ အခုတော့ အပုံလိုက်ကြီး ဖြစ်နေသဖြင့် မြို့ဟောင်းရှိ ပင်မင်းသို့ ပို့ရပေလိမ့်မည်။ မြို့က ဝေးလံလွန်းသဖြင့် သူတို့ လာမသိမ်းနိုင်ရာ၊ ကိုယ်တိုင် သွားပို့ရမည် ဖြစ်သည်။ သို့သော် ဘာနှင့် သွားပို့ရမည်ကို သူ မသိသေးချေ။ လောလောဆယ် အလုပ်မှာ ထိုအသုံးအဆောင် ပစ္စည်းများကို အိတ်ထဲ ထည့်သွင်းရန် ဖြစ်သည်။

ချန်အာဟူမှာ ထိုကဲ့သို့ ကြမ်းတမ်းသော အလုပ်များကို မလုပ်ချေ။ ချန်ကျန့်က ဆန်းပင်းကို ကူညီရန် ခေါ်လိုက်သည်။

“ဒီထဲမှာ...” ဆန်းပင်းက ကူညီချင်သော်လည်း အတည်ပြုချက် လိုချင်နေသည်။

“တတိယထပ်က ပစ္စည်းတွေကော ပါလား...”

“အဲ့ဒီအခန်းထဲက ပစ္စည်းတွေကိုတော့ တစ်ခါတည်း လွှင့်ပစ်လိုက်ပြီ”

ချန်ကျန့်သည် အိပ်ရာခင်းတစ်ခုကို ဖြန့်လိုက်ပြီး ၎င်းပေါ်သို့ စောင်စွပ်များနှင့် ခေါင်းအုံးစွပ်များကို စတင်ပုံလိုက်သည်။

“အဲ့ဒါတွေကို ဘယ်သူက ပြန်လျှော်ပြီး သုံးမှာလဲ။”

“အော်...” ဆန်းပင်း ခေါင်းညိတ်ပြီး ပစ္စည်းများကို အတူတူ ဝိုင်းပုံပေးသည်။ ခေတ္တမျှ စဉ်းစားပြီးနောက် သူက ထပ်မေးပြန်သည် ။

“ဟေး... မွေ့ရာတွေကိုကော လွှင့်ပစ်မှာလား။”

“ဒါပေါ့၊ သွေးတွေ စိမ့်ဝင်ကုန်ပြီလေ။ ဘော့စ်ရှန်က လွှင့်ပစ်ဖို့ ပြောထားတယ်”

ချန်ကျန့်က အိပ်ရာခင်း အနားသတ်များကို ဆွဲယူလိုက်ရာ၊ ဆန်းပင်းက ကူညီဖိပေးပြီး သူက ထုံးလိုက်လေသည်။ ဒုတိယမြောက် အထုပ်ကို ထုပ်ပြီးနောက် ဆန်းပင်းက ထပ်ပြောပြန်သည်။

“ဟေး ချန်ကျန့်။”

“ဟင်” ချန်ကျန့်က သူ့ကို လှမ်းကြည့်လိုက်သည်။ ဆန်းပင်းကို သူ သိထားသည့်အတိုင်းဆိုလျှင် ဤစကားများပြီးနောက် ဆန်းပင်း ဘာပြောချင်သလဲဆိုသည်ကို သူ အနည်းငယ် ခန့်မှန်းမိနေပြီ ဖြစ်သည်။

“အဲ့ဒီ မွေ့ရာကလေ...” ဆန်းပင်းက ဆိုသည်။

“အခန်းထဲမှာ ရှိနေတုန်းပဲ၊ အပြင်မထုတ်ရသေးဘူး။ မင်း လိုချင်တယ်ဆိုရင်တော့ ဒီည သွားသယ်လိုက်လေ။”

“မဟုတ်ပါဘူး၊ မဟုတ်ပါဘူး”

ဆန်းပင်းက အနေရခက်စွာဖြင့် လက်ကာပြသည်။

“ငါလိုချင်လို့ မေးနေတာ မဟုတ်ပါဘူး ။ ဒီအတိုင်းပဲ မေးကြည့်တာပါ၊ အမှတ်မထင် မေးမိတာ။”

“အဲ့ဒီသွေးတွေကို အထူးသန့်စင်ဆေးနဲ့ လျှော်ရင် ပြောင်တယ်လို့ ကျောက်ကျဲက ပြောတယ်၊ အားတော့ နည်းနည်း စိုက်ရမှာပေါ့”

“ဟုတ်တယ်”

ဆန်းပင်းက ခပ်ခြောက်ခြောက် ရယ်မောလိုက်သည်။

ချန်ကျန့် ဘာမှ ထပ်မပြောတော့သလို၊ ဆန်းပင်းလည်း ထပ်မပြောတော့ချေ။ သူတို့နှစ်ဦးသည် အိပ်ရာခင်းအားလုံးကို အိတ်ထဲ ထည့်လိုက်ကြသည်။ အထုပ်ကြီးများမှာ ကြည့်ရသည်မှာပင် တော်တော်လေး များပြားလှသည်။

“အာဟူကောနဲ့ ငါတို့က ဒါတွေကို မြို့ထဲအထိ သွားပို့ရမှာလား” ဆန်းပင်းက မေးသည်။

“ဟုတ်တယ်” ချန်ကျန့် ခေါင်းညိတ်သည်။

“ကားက ဘယ်မှာလဲ” ဆန်းပင်းက အသည်းခိုက်မတတ်နာကျင်ရသော မေးခွန်းကို ထုတ်မေးလိုက်လေပြီ။

“တည်းခိုခန်းရဲ့ ကားက ဘယ်မှာလဲ။”

ကားမှာ ကားဟောင်း အရောင်းစင်တာ၏ ကွင်းထဲတွင် ရှိနေဆဲပင် ဖြစ်သည်။

“ဘော့စ်ရှန် စီစဉ်လိမ့်မယ်” ဟု ချန်ကျန့်က ဆိုလိုက်သည်။

ဘော့စ်ရှန်ကတော့ မင်းတို့ ဝက်ခြံလုံခြုံရေးအဖွဲ့ကို အထုပ်တွေ ထမ်းခိုင်းပြီး မြို့ဟောင်းအထိ လမ်းလျှောက်ပို့ခိုင်းမလား မသိဘူး၊ ဘေးတွဲဆိုင်ကယ် နှစ်နာရီစာကိုတောင် လျှော့ဈေးနဲ့ နှစ်ရာရှစ်ဆယ် ယူထားတဲ့လူလေ။

သူတို့ ထုပ်ပိုးပြီးချိန်မှာပင် ချန်ကျန့်သည် တန်ရွှေထံသို့ ဖုန်းဆက်ပြီး ကားဟောင်းကိစ္စ မေးရန် ပြင်လိုက်စဉ်မှာပင် ဖုန်းအရင် မြည်လာသည်။ ကျောက်ဖန်းဖန်း ဖြစ်လေသည်။

“ကျောက်ကျဲ ပြောပါ” ကျန်ချန့် ဖုန်း ကိုင်လိုက်သည်။

“ဓာတ်လှေကား ပြုပြင်ထိန်းသိမ်းတဲ့လူတွေ ရောက်နေပြီ ။ မင်း စီစဉ်ပေးလို့ ရမလား။”

“အော်…အဲ့ဒါကို ဘော့စ်ရှန်ကိုပဲ ပြောလိုက်ပါလား။”

“သူက မင်းကိုပဲ ရှာခိုင်းတာလေ!”

ကျောက်ဖန်းဖန်းက ဆိုသည်။ ချန်ကျန့်မှာ ပစ္စည်းများ ထုပ်ပိုးထားသော အခန်းထဲမှ ထွက်လာပြီး၊ ဧည့်ခန်းမဆောင်သို့ ပြေးသွားကာ ဓာတ်လှေကား အခြေအနေများကို ရှင်းပြရလေသည်။ သူတို့ စတင်စစ်ဆေးနေသည်ကို မြင်မှသာ စတုတ္ထထပ်သို့ လှေကားမှ ပြန်ပြေးတက်လာခဲ့သည်။

“ဓာတ်လှေကား ပြုပြင်တဲ့ ကိစ္စမျိုးဆိုရင် မင်းပဲ စီစဉ်ပေးလိုက်ပါလား”

ချန်ကျန့်က ကိုလာသောက်နေသော ရှန်ယွီကို ကြည့်ကာ ပြောလိုက်သည်။

“ဖုန်းက မင်းဆီကို လာတာကိုတောင် မင်းက ကျွန်တော့်ဆီပဲ ပြန်လွှဲနေတယ်...”

“ငါက ဘော့စ်မှ မဟုတ်တာ” ဟု ရှန်ယွီက ဆိုသည်။

“မင်းကတော့ အလုပ်လက်လွတ် စီမံခန့်ခွဲသူပေါ့လေ။ ပြီးတော့ ကျွန်တော် အိပ်ရာခင်းတွေလည်း မြို့ဟောင်းကို ပို့ပြီး လျှော်ရဦးမယ်၊ ပြီးရင် ကိုယ်တိုင် သွားပြန်ယူရမှာ။”

“အင်း” ရှန်ယွီ ခေါင်းညိတ်သည်။

အင်း... ပဲ လုပ်နေတယ်!

“ကားက ဘယ်မှာလဲ” ချန်ကျန့်က မေးလိုက်သည်။

“အာ...ဟုတ်သားပဲ၊ ငါတို့မှာ ကားမရှိဘူးပဲ။”

ချန်ကျန့်လည်း သူ့ကို ပြန်ကြည့်လိုက်ပြီး ခေတ္တအကြာတွင် မရယ်ဘဲ မနေနိုင်တော့ချေ။

“ဘယ်လိုလုပ်ကြမလဲ။”

“လောလောဆယ်တော့ ငှားတာဖြစ်ဖြစ်၊ ချေးတာဖြစ်ဖြစ် လုပ်ရမှာပေါ့။ မနက်ဖြန်ကျရင် မင်းရဲ့ ရွှေကောကို အားလားလို့ မေးကြည့်ပေးပါဦး၊ ငါတို့ ကားသွားကြည့်ဖို့အတွက်ပေါ့။”

“မငှားနဲ့တော့။ မြို့ဟောင်းကနေပဲ သွားငှားရမှာလေ။ ရွှေကောဆီက တိတ်တိတ်လေးခဏ လှည့်ရမှာပေါ့၊ ကျွန်တော်လုပ်လိုက်ပါ့မယ် ။ သူ့မှာ ဗင်ကားအသေးလေး တစ်စီး ရှိတယ်။”

“ဘာဖြစ်လို့ တိတ်တိတ်လေးလဲ” ရှန်ယွီက မေးသည်။

“ဒီလောက် ခမ်းနားတဲ့ တည်းခိုခန်းကြီးကို လွှဲယူထားပြီးတော့ ကားတစ်စီးတောင် မရှိလို့ သူများဆီက ချေးငှားသုံးနေရတယ်ဆိုတာမျိုးဆို…တစ်မြို့လုံးက တစ်ရက်အတွင်းမှာတင် သိသွားကြလိမ့်မယ်။”

ရှန်ယွီက မဲ့ကာရွဲ့ကာဖြင့် … “ငါ ကားမဝယ်မှာမှ မဟုတ်တာ။” ဟု ပြန်ချေပသည်။

“ဝယ်မှာကလည်း ကားအဟောင်းလေ…ကားဟောင်းဝယ်တာက ပြဿနာမရှိပါဘူး၊ ဒါပေမဲ့ စီးပွားရေးလုပ်ငန်း ဖွင့်ထားပြီးမှ ကားငှားသုံးနေရတာကိုတော့ လူတွေကို မသိစေချင်ဘူး။”

ရှန်ယွီ ရယ်မောလိုက်ပြီး ကုလားထိုင်ပေါ်တွင် ထိုင်ကာ သူ၏ခြေထောက်ကို စားပွဲပေါ်သို့ ဖြည်းဖြည်းချင်း တင်လိုက်သည်။

“မင်းက ဝန်ထမ်းတစ်ယောက် ဖြစ်နေပြီးတော့ ဘော့စ်ထက်တောင် ပိုပြီး အပြင်ပန်း ဂုဏ်သိက္ခာကို ဂရုစိုက်နေသေးတယ်နော်။”

“ဂုဏ်သိက္ခာကြောင့် မဟုတ်ပါဘူး” ချန်ကျန့် မျက်မှောင်ကြုတ်လိုက်သည်။

“ဒီလို နေရာငယ်လေးတွေမှာ စီးပွားရေးကောင်းရင်လည်း ပြဿနာတက်တတ်သလို၊ စီးပွားရေးမကောင်းရင်လည်း ပိုပြီး ပြဿနာတက်တတ်တယ်။ ဆိုင်ရှင်တွေက အုပ်စုလိုက် ကွဲနေကြတာလေ။ ဘယ်သူက ဘယ်သူနဲ့ သူငယ်ချင်းလဲ၊ ဘယ်သူက ဘယ်သူနဲ့ ရန်ငြိုးရှိလဲ ဆိုတာမျိုးတွေပေါ့။ ဒီမြို့ စဖွင့်တဲ့ နှစ်အနည်းငယ်အတွင်းမှာတင် ရန်ပွဲတွေက မနည်းတော့ဘူး။ မင်းကလည်း ကြည့်ရတာ တော်တော်လေးကို...”

ချန်ကျန့် စကားရပ်သွားသည့်အခါ ရှန်ယွီက သူ့ကို စိတ်ဝင်တစား ကြည့်ကာ

“ဆက်ပြောလေ၊ အသားမဲပြီး ခြေထောက်မသန်တာအပြင် ငါက ‘တော်တော်လေးကို’ ဘာဖြစ်နေသေးလို့လဲ။”

“မင်းက ဒီနေရာမှာ ရေရှည် အလုပ်လုပ်နိုင်မယ့် လူစားမျိုးနဲ့ မတူဘူးလို့ ပြောတာပါ ။ ကြည့်လိုက်တာနဲ့တင် မင်းက ဒီကလူတွေနဲ့ ဘာပတ်သက်မှုမှ မရှိဘူးဆိုတာ သိသာနေတယ်၊ သူတို့တွေက မင်းကို ဖယ်ကြဉ်ထားကြလိမ့်မယ်။”

“အဲ့ဒါကြောင့်လည်း မင်း ရှိဖို့ လိုတာပေါ့။ ယွမ် တစ်သောင်းလေးထောင် ပေးထားတာက အလကားမှ မဟုတ်တာ။”

ရှန်ယွီ စားပွဲကို လက်ချောင်းဖြင့် တတောက်တောက် ခေါက်ရင်း ဆိုသည် ။ ရှန်ယွီစကားကြောင့် ချန်ကျန့် အနည်းငယ် မျက်နှာပူသွားသည်။

“အဲ့ဒီလိုတော့ မဟုတ်ပါဘူး။ ဘယ်သူ့ကိုမဆို မေးကြည့်ရင်လည်း ဒီအကြောင်းတွေကို သိနိုင်တာပါပဲ။”

ထို့နောက်မှ သူ သတိဝင်လာသည်။ အဲ့ဒီ တစ်သောင်းလေးထောင်က အကြံပေးခ မဟုတ်ဘူးပဲ! မင်းကတော့ တကယ့်ကို ရက်စက်တာပဲ။

“သိတာက တစ်ပိုင်း၊ အမြင်က တစ်ပိုင်းလေ။ မင်း သိလား...”

ရှန်ယွီက ခဏစကားရပ်လိုက်ပြီး ချန်ကျန့် သူ့ကို ကြည့်လိုက်မှ

“မင်းကလည်း တကယ်တမ်းမှာ ဒီကလူတွေနဲ့ မတူဘူးလေ” ဟု ရှန်ယွီက ဆိုလေသည်။




***

တန်ရွှေသည် ယနေ့ညတွင် မြို့ထဲသို့ လာမည်ဖြစ်ပြီး သူတို့အတွက် ကားတစ်စီး ငှားပေးမည် ဖြစ်သည့်အတွက် မနက်ဖြန် ပစ္စည်းများ ပို့ရမည့် ပြဿနာမှာ ပြေလည်သွားခဲ့သည်။ သို့သော် ကားမှာ ညမှ ရောက်မည် ဖြစ်သဖြင့် ညနေပိုင်းတွင် ရွာဟောင်းသို့ ထမင်းသွားစားရန်အတွက် “ဝက်ခြံဆိုင်ကယ်အဖွဲ့” နှင့်ပင် ပူးပေါင်းလိုက်ရသည်။ ထို့ပြင် ဘေးတွဲဆိုင်ကယ်ကိုလည်း ဧည့်သည်များက မောင်းသွားကြပြီ ဖြစ်သဖြင့် ရှန်ယွီမှာ ချန်ကျန့်၏ ဆိုင်ကယ်နောက်တွင် ထိုင်လိုက်ရလေသည်။ ဘော့စ်ချန်သည် စဉ်းစားပေးသည့်အနေဖြင့် သူ၏ကားမှ ကြိုးတစ်ချောင်းကို ဖြုတ်ကာ ကွင်းပြုလုပ်၍ ရှန်ယွီ၏ ဘယ်ဘက်ခြေကျင်းဝတ်တွင် စွပ်ပေးလိုက်သည်။

“ဒါဆို ချန်ကျန့်... မင်းက ဒီဘက်အစွန်းကို ကိုင်ထားလိုက်။ ဒါဆိုရင် ဘော့စ်ရှန်ရဲ့ ခြေထောက်က ခြေနင်းတံပေါ် တင်ထားစရာ မလိုတော့ဘဲ တစ်ခုခုနဲ့ တိုက်မိတာမျိုး မဖြစ်တော့ဘူးပေါ့။”

ချန်ကျန့်သည် ရှန်ယွီ၏ ဘယ်ဘက်ခြေထောက်ကို ကိုင်ထားရမည့် အစီအစဉ်မှာ အနည်းငယ် ထူးဆန်းနေသည်ဟု ထင်ရသော်လည်း၊ ၎င်းမှာ အကောင်းဆုံး နည်းလမ်း ဖြစ်နေပုံရပါသည်။ ထို့နောက် ကျောက်ဖန်းဖန်းသည် ဆန်းပင်း၏ ဆိုင်ကယ်နောက်တွင် ထိုင်ကာ သူတို့ ထွက်ခွာလာခဲ့ကြသည်။

ရှန်ယွီ၏ ရည်ရွယ်ချက်မှာ ဘော့စ်ချန်ကို လုံခြုံရေးအဖွဲ့ဝင် အားလုံးကို ခေါ်ခိုင်းရန် ဖြစ်သော်လည်း၊ ဘော့စ်ချန်မှာ သူ၏ ဇာတ်ရုပ်ထဲတွင် နစ်ဝင်နေပြီး လောင်စစ်နှင့် လောင်ဝူကိုသာ ခေါ်လိုက်ပြီး၊ အခြား လုံခြုံရေး နှစ်ယောက်ကိုမူ တည်းခိုခန်းတွင် စောင့်ရန် ထားခဲ့လိုက်သည်။ လမ်းဆုံတွင် လောင်စစ်နှင့် လောင်ဝူတို့နှင့် ဆုံပြီးနောက် ဆိုင်ကယ်များမှာ ရွာဟောင်းဆီသို့ တဝုန်းဝုန်းနှင့် မောင်းနှင်လာခဲ့ကြသည်။

နေမဝင်သေးသည့်အတွက် ထမင်းစားချိန် ဖြစ်နေလေပြီ။ လမ်းဘေးတစ်ဖက်တစ်ချက်ရှိ လူအတော်များများမှာ ဆိုင်ရှေ့တွင် မီးဖိုများချ၍ ချက်ပြုတ်နေကြသည်။ “ဝက်ခြံအဖွဲ့” ၏ ယနေ့ အဖွဲ့လိုက် လှုပ်ရှားမှုမှာ ပုံမှန်နှင့် မတူသဖြင့် လူအများ၏ အကြည့်များကို ဆွဲဆောင်နေလေသည်။ ထိုအကြည့်များကြားမှ ဖြတ်မောင်းလာစဉ် ချန်ကျန့်မှာ ဖော်ပြမတတ်သော ခံစားချက်မျိုး ခံစားလိုက်ရသည်။ ရှန်ယွီသည် ဤနေရာတွင် ကြာကြာခံမည့် လူစားမျိုး မဟုတ်ဟု သူ စောစောက ပြောခဲ့သော်လည်း၊ ယခုမူ ရှန်ယွီမှာ ပတ်ဝန်းကျင်နှင့် လုံးဝ တစ်သားတည်း ဖြစ်နေသလို၊ သူ့ကိုပါ ဆွဲခေါ်သွားသလို ခံစားနေရသည်။ ပူးပေါင်းသည့် ပုံစံမှာ အနည်းငယ် ထူးဆန်းနေသော်လည်းပေါ့။

ဆိုင်ကယ်များမှာ လယ်သမားအိမ် စားသောက်ဆိုင် ရှေ့သို့ ရောက်လာချိန်တွင် ဆိုင်ရှင်မှာ အလေးအနက်ထားသော မျက်နှာဖြင့် အပြင်တွင် ရပ်စောင့်နေလေလျက်။ ချန်ကျန့်၊ ရှန်ယွီနှင့် ကျောက်ဖန်းဖန်းတို့ကို မြင်လိုက်ရသည့်အခါ ဆိုင်ရှင်၏ မျက်နှာမှာ အံ့ဩသွားသည့်ဟန်သို့ ပြောင်းလဲသွားသည်။ “သဘောကောင်းတဲ့ ဘော့စ်ကြီး” က ယနေ့ သည်လူအုပ်စုကို ခေါ်လာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။

“ကျန်းအိုကြီး... မတွေ့တာ ကြာပြီနော်” ချန်အာဟူ ဆိုင်ကယ်ပေါ်မှ ခုန်ဆင်းကာ ဆိုင်ရှင်ကို နှုတ်ဆက်လိုက်ပြီးနောက် ရှန်ယွီဘက်သို့ လှည့်ကြည့်ကာ…

“ဘော့စ်ရှန်... မင်း အခန်းကြိုမှာထားတယ် မဟုတ်လား။”

“ဘော့စ်ကျန်းက ငါတို့ကို ဘယ်မှာ စီစဉ်ပေးမလဲဆိုတာ ကြည့်ရမှာပေါ့”

“အခန်းအကြီးကြီးပါ၊ အခန်းအကြီးကြီးပါ” ဘော့စ်ကျန်းက အိမ်ထဲသို့ လှမ်းအော်လိုက်သည် ။

“သူတို့ ရောက်လာကြပြီ။ နံပါတ် (၁) အခန်းကို ခေါ်သွားလိုက်။”

လူအုပ်စုမှာ သူ့နောက်မှ လိုက်၍ စားသောက်ဆိုင်ထဲသို့ ဝင်လာခဲ့ကြသည်။ အခန်းငယ်လေးများကို ဖြတ်လာချိန်တွင် ချန်ကျန့်က အထဲ၌ ဧည့်သည်အချို့ ရှိနေသည်ကို တွေ့ရသည်။ သူ ဘယ်သူလဲဆိုတာကို သေသေချာချာ မြင်လိုက်ရချိန်မှာပင် အထဲမှ ဆံပင်တိုနှင့် မိန်းကလေးက ထရပ်ကာ သူတို့ကို လက်ပြနှုတ်ဆက်လေသည် ။

“ဟိုင်း! မင်းတို့လည်း ဒီမှာ လာစားတာလား။”

သူတို့မှာ တည်းခိုခန်းတွင် တည်းခိုနေသော လူငယ်လေးယောက် ဖြစ်လေသည်။

“အင်း...” ချန်ကျန့် ခေါင်းညိတ်ပြလိုက်သည်။ သူက ဆက်လျှောက်သွားချင်သော်လည်း ဆံပင်တိုနှင့် မိန်းကလေးက တံခါးဖွင့်ပြီး ထွက်လာသဖြင့် သူ ရပ်လိုက်ရသည်။ ရှန်ယွီကမူ သူ ဘော့စ်မဟုတ်သည်ကို သတိရကာ ချန်အာဟူတို့နှင့်အတူ အခန်းကြီးထဲသို့ လိုက်ဝင်သွားလေသည်။

“ကျွန်မတို့က ဒီနေရာကို အမှတ်မထင် တွေ့လို့ ဝင်လာတာ။ အစားအသောက် မကောင်းမှာ စိုးရိမ်နေတာ၊ အခု မင်းတို့ကို ဒီမှာ မြင်ရတော့မှပဲ စိတ်အေးသွားတော့တယ်” ဆံပင်တိုနှင့် မိန်းကလေးက ပြုံးရင်း ဆိုသည်။

“ဒီ ရွာဟောင်းက စားသောက်ဆိုင်တွေက အကုန်လုံး ကောင်းပါတယ် ။ ကျွန်တော်တို့ကတော့ ဒီမှာပဲ အမြဲလာစားနေကျပါ... မင်းတို့ရဲ့ ဘေးတွဲဆိုင်ကယ် မောင်းရတာကော အဆင်ပြေရဲ့လား။”

“တအားကောင်းတယ်၊ ဆိုင်ကယ်ကို ဘာဘီကျူးက ကားပါကင်မှာ ထားခဲ့တယ်။ ဒီည အဲ့ဒီမှာ သွားပြီး ညဓာတ်ပုံတွေ ရိုက်မလို့လေ။ ဒီနေ့ ရာသီဥတု ကောင်းတော့ လသာတာ တအားလှမှာ သေချာတယ်။”

“အင်း...”

ချန်ကျန့် ခေါင်းညိတ်ပြပြီး အထဲသို့ ဝင်ရန် ပြင်လိုက်သည်။

“ဟေး... အစ်ကို... တစ်ခုလောက် မေးပါရစေဦး” ဆံပင်တိုနှင့် မိန်းကလေးက သူ့ကို ပြန်ခေါ်ကာ တိုးတိုးလေး မေးသည် - “မင်းတို့ တည်းခိုခန်းကလေ... အဲ့ဒါက... အဲ့ဒါက...”

သရဲအိမ်လား ကိစ္စလား ချန်ကျန့် ချက်ချင်းပင် စိုးရိမ်သွားမိသည်။ မဟုတ်ဘူး။ ကျွန်တော် မသိဘူး! တခြားလူတွေ ပြောတာကို မယုံနဲ့!

“အဲ့ဒါက အကျဉ်းထောင်က ထွက်လာတဲ့လူတွေကိုပဲ သီးသန့် လက်ခံတာလား”

မိန်းကလေးက မေးလိုက်သည်။

ချန်ကျန့်မှာ ဆွံ့အသွားရလေသည်။ ဘာလဲ။!

“ဟို... ပရဟိတ လုပ်ငန်းလိုမျိုးလေ” မိန်းကလေးက ထပ်ပြောသည်။

ချန်ကျန့်၏ ခေါင်းထဲတွင် ဘော့စ်ချန်အာဟူ ဦးဆောင်သော “ဝက်ခြံအဖွဲ့” ၏ ပုံရိပ်များ လျှပ်ခနဲ ပေါ်လာသည်။ သူ ဝန်ခံရမည်မှာ ထိုသို့သော ပုံစံနှင့် အလွန်ပင် တူနေခြင်း ဖြစ်သည်။

“အဲ့ဒီလိုတော့ မဟုတ်ပါဘူး... အဲ့ဒါက...”

ချန်ကျန့် ဘာပြောရမှန်း မသိတော့ချေ။ သူသည် ရှန်ယွီကဲ့သို့ စကားမကြွယ်လှပေ။ သူ၏ ဦးနှောက်မှာ မီးခိုးထွက်မတတ် စဉ်းစားပြီးမှသာ…

“ကျွန်တော်တို့က တတ်နိုင်သလောက် ကူညီပေးနေတာပါ” ဟု လွှတ်ခနဲ ပြောလိုက်မိသည်။

“ဒါက တကယ်ကို ကောင်းတာပဲ။ တကယ်ပြောတာပါ၊ ဒီလို တည်းခိုခန်းမျိုးကို မြင်ဖူးတာ ဒါ ပထမဆုံးပဲ။ ကျွန်မတို့ သူငယ်ချင်းတွေ အားလုံးက ဒါကို တအား မိုက်တယ်လို့ ထင်ကြတယ်လေ။”

မင်းတို့က အဲ့ဒါကို တအား အန္တရာယ်များတယ်လို့ မထင်ကြဘူးလား! ဘာတွေက များ မိုက်နေတာလဲ!

ချန်ကျန့်သည် နံပါတ် (၁) အခန်းထဲသို့ ဝင်လာခဲ့သည်။ ရှန်ယွီ၏ ဘေးရှိ နေရာမှာ အလွတ်ဖြစ်နေသဖြင့် သူ သွားထိုင်လိုက်လေသည်။

“ဘာဖြစ်လို့လဲ” ရှန်ယွီက သူ့ကို တစ်ချက်ကြည့်ကာ မေးသည်။

“ဧည့်သည်တွေက တစ်ခုခု တောင်းဆိုတာ ရှိလို့လား”

“မဟုတ်ပါဘူး၊ သူတို့က ကျွန်တော်တို့ရဲ့ စီးပွားရေး လည်ပတ်ပုံကို ချီးကျူးနေကြတာ” ချန်ကျန့်က ဆိုသည်။ “တအား မိုက်တယ်တဲ့လေ။”
______________________________________________________________________

Comments

  1. တအားမိုက်တဲ့ စီးပွါးရေးလုပ်ငန်းပိုင်ရှင်တွေပါ 😆

    ReplyDelete
  2. ဘောစ်ချန်ကို ကြိုက်လာပြီ

    ReplyDelete

Post a Comment

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

2

အခန်း (၂) မိုးမှာ တဖွဲဖွဲတစ်လှည့်၊ သည်းထန်စွာတစ်လှည့် ဆက်လက်ရွာသွန်းနေဆဲ…ဆိုင်တံခါးအပြင်ဘက်ရှိ မိုးကာအမိုးပေါ်တွင် ရေများပြည့်လျှံနေပြီး အချိန်မရွေး ပြိုကျတော့မည့်အလား ။ လျူဝူသည် ထိုအမိုးကို ခေတ္တမျှ စောင့်ကြည့်နေပြီးနောက် လက်ညှိုးထိုးပြကာ မေးမြန်းစူးစမ်းခန်းစသည်။ “အဲ့ဒီဟာက ရေတွေကို အလိုအလျောက် စီးဆင်းအောင် လုပ်ပေးနိုင်တာလား” “ဟုတ်တယ်” ချန်ကျန် ခပ်တိုတိုပဲ ပြန်ဖြေ၏။ “ဟင်” လျူဝူသည် အံ့အားသင့်သွားပြီး “တကယ်ကြီး အလိုအလျောက်လား” ဟု ထပ်မေးသည်။ “အသံနဲ့ ခိုင်းရတာလေ” “ဗျာ” ချန်ကျန့် အဖြေကြောင့် လျူဝူမှာ ပို၍ပင် ဝေခွဲမရဖြစ်သွားတော့သည်။ ရှန်ယွီသည် သက်ပြင်းချရင်း မျက်နှာကို အခြားတစ်ဖက်သို့ လွှဲလိုက်ရ‌တော့၏။ ချန်ကျန် မတ်တတ်ရပ်လိုက်ပြီး တံခါးဘေးရှိ ခွတစ်ခုကို ယူကာ မိုးကာအမိုးအောက်သို့ လမ်းလျှောက်သွားသည်။ ထို့နောက် အမိုး၏ အပေါ်ဘက်ကို နှစ်ချက်ခန့် ဆွလိုက်ရာ စုပုံနေသော မိုးရေများမှာ ဝေါကနဲ စီးကျသွားပြီး မိုးကာအမိုးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ “မင်း ပြောလိုက်တဲ့ ခဏမှာပဲ ရေတွေက စီးဆင်းသွားတာလေ” ချန်ကျန် ပြန်လည်ထိုင်လိုက်ရင်း “အသံနဲ့ ခိုင်းရတာဆိုတာ အဲ့ဒါကို ပြောတာ” ဟု ဆိုသည်။ “အသံနဲ့ ခိုင်းရတယ်ဆို...