Skip to main content

15





အပိုင်း (၁၅)

ရှန်ယွီကို ထိုမေးခွန်းများ တိုက်ရိုက်မေးရန်မှာ မဖြစ်နိုင်။ ရှန်ယွီက တစ်ချက်လေး စောင်းငဲ့ကြည့်ပြီး ညွှန်ကြားချက်တစ်ခုခု ပေးဖို့ရန် ချန်ကျန့် မျှော်လင့်မိသည်။ သူ ဘာလုပ်ရမည်နည်း သူတကယ်မသိ။သို့သော် ရှန်ယွီမှာမူ ထွက်ပြေးနေသကဲ့သို့ပင် ဝှီးချဲကို လေအဟုန်ဖြင့် ဓာတ်လှေကားထဲသို့ မောင်းဝင်သွားတော့သည်။ ထို့နောက် တံခါးကို ကျောပေးကာ ချိုင်းထောက်ထိပ်ဖြင့် ထိန်းချုပ်ခလုတ်ကို နှိပ်လိုက်ရာ တံခါးများ ပိတ်သွားပြီး အပေါ်သို့ တက်သွားလေတော့သည်။

အဲ့ဒီလောက်တောင် ခလုတ်ကို တိတိကျကျ သိနေတာလား။

ချန်ကျန့် ခေတ္တမျှ ကြောင်အသွားရသည်။ သူက အဲ့ဒီလောက်တောင် ကျွမ်းကျင်တာလား။ သို့သော် သူ ချက်ချင်းပင် သတိပြန်ဝင်လာသည်။ ဘော့စ်က မန်နေဂျာကို ဒီမှာ ပစ်ထားခဲ့ပြီး ထွက်ပြေးသွားပြီ မဟုတ်လား။ သူ့ဘာသာသူ အသက်ရှူပေါက်ရအောင် ချန်ကျန့်က စားသောက်ခန်းဘက်ကို လက်ညှိုးညွှန်ပြပြီး ကျစ်ဆံမြီးနှင့် မိန်းကလေးကို ပြောလိုက်သည် ။

“ဟိုဘက်မှာ ခဏလောက် စောင့်ပေးပါဦးလား။ ကျွန်တော် လုပ်စရာလေးတွေ ပြီးတာနဲ့ ချက်ချင်း လာခဲ့ပါ့မယ်”

“ဟုတ်ကဲ့”

ထိုမိန်းကလေးက အလွန်ပင် လိုက်လျောညီထွေရှိပြီး စားသောက်ခန်းဘက်သို့ လှည့်လျှောက်သွားသည်။ ထိုအခါမှသာ သူမ၏ ခါးပတ်တွင် ဆွဲထားသော ဆည်းလည်းသံများက လမ်းလျှောက်သည့်တစ်လျှောက် တချွင်ချွင်နှင့် မြည်နေသည်ကို ချန်ကျန့် သတိထားမိတော့သည်။

“မန်နေဂျာ”

ကြမ်းတိုက်နေသော ကျောက်ဖန်းဖန်းက ချန်ကျန့်ကို အံ့သြတကြီး ကြည့်ကာ အနားသို့ လျှောက်လာသည် ။

“မင်းက အခု မန်နေဂျာ ဖြစ်သွားပြီလား”

“အင်း”

ချန်ကျန့်က အသံကို နှိမ့်၍ ပြန်ဖြေလိုက်သည်။

ကျောက်ကျဲရယ်... အလုပ်လာလျှောက်တဲ့သူရှေ့မှာ ကျွန်တော့်ရဲ့ မန်နေဂျာအသစ် ရာထူးကို ဒီလောက်ကြီး ကြေညာမနေပါနဲ့ဦး။

“ဒါက တကယ့်ကို ဝမ်းသာစရာပဲ”

ကျောက်ဖန်းဖန်းက ဝမ်းသာအားရဖြင့် သူ၏လက်မောင်းကို ပုတ်လိုက်လျက်

“ချန်ကျန့်... မင်းတော့ အောင်မြင်ပြီဟေ့” ဟု ထအော်သေး၏။

“ကျောက်ကျဲ...”

ချန်ကျန့်က ဘားကောင်တာဘက်သို့ နောက်ဆုတ်ကာ ထိုမိန်းကလေးနှင့် ဝေးနိုင်သမျှ ဝေးအောင် ဆွဲခေါ် လိုက်ရသည် ။

“မင်းကလည်း...”

“ကျောက်ကျဲ... ကျောက်ကျဲ...”

ဆန်းပင်းက ဘားနောက်ကနေ လက်ညှိုးကို နှုတ်ခမ်းပေါ်တင်ကာ တိုးတိုးလေး ဆိုသည် ။

“အပြင်လူ ရှိနေတယ်လေ၊ အားနည်းချက် မပြပါနဲ့”

“အော်... အေးအေး”

ကျောက်ဖန်းဖန်း သတိဝင်လာသည်။

“ကျွန်မ အကုန် ကြားပြီးပါပြီနော် ”

စားသောက်ခန်းရှိ ထိုင်ခုံတွင် ထိုင်နေသော မိန်းကလေးက လှမ်းပြောလိုက်သည်။ ချန်ကျန့်မှာ ဆွံ့အသွားရသည်။ သူ ကိုင်ထားသော မစ်တီးဗူးများကို ဘားပေါ်တွင် တင်လိုက်ပြီး တိုးတိုးလေး မှာလိုက်သည် ။

“မြို့ဟောင်းက ဝယ်လာတဲ့ လက်ဖက်ရည်တွေလေ။ ရေခဲသေတ္တာထဲ ထည့်ထားလိုက်ပါ။ သောက်ချင်တဲ့လူ ယူသောက်လို့ ရတယ်”

“ကျေးဇူးပါ မန်နေဂျာ” ဆန်းပင်းက ပြုံး၍ ဆိုသည်။

ချန်ကျန့်သည် ဓာတ်လှေကားတံခါးဆီသို့ လျှောက်သွားသည်။ ခလုတ်နှိပ်နေစဉ် မျက်လုံးထောင့်မှ ကြည့်လိုက်ရာ ထိုမိန်းကလေးက သူတို့ဘက်သို့ ခေါင်းပြူ၍ ချောင်းကြည့်နေသည်ကို တွေ့ရသည်။ ဓာတ်လှေကားမှာ တတိယထပ်တွင် ရပ်နေသဖြင့် သူသည် လှေကားမှပင် စတုတ္ထထပ်အထိ ပြေးတက်လာခဲ့သည်။ သို့သော် ရှန်ယွီက ရုံးခန်းထဲတွင် မရှိချေ။

ဓာတ်လှေကားက စောစောက တတိယထပ်မှာ ရပ်နေတာပဲ…

ချန်ကျန့် သက်ပြင်းချလိုက်မိသည်။ သူ၏ ဦးနှောက်ရော မျက်လုံးပါ အသုံးမကျတော့ပုံရသည်။

သူ တတိယထပ်သို့ ပြန်ဆင်းလာသည့်အခါ အားကစားခန်းမထဲတွင် လူတစ်ယောက်ကို တွေ့ရသဖြင့် မီးဖွင့်၍ ဝင်လာခဲ့သည်။ ရှန်ယွီသည် စက်ပစ္စည်းတစ်ခု၏ ရှေ့တွင် ထိုင်နေပြီး လက်နှစ်ဖက်ဖြင့် အပေါ်က တန်းကို ဆွဲချနေလေသည်။ ကိုယ်နေဟန်မှာ စနစ်တကျ ရှိသော်လည်း…

“ဘာလုပ်နေတာလဲ ဘော့စ်ရှန်”

“ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချနေတာ”

ချန်ကျန့်မှာ ဘာမှ ပြန်မပြောနိုင်ဘဲ ငြိမ်နေမိသည်။

“မင်း အင်တာဗျူး လုပ်နေတာ မဟုတ်ဘူးလား။ ဘာလို့ ဒီကို ရောက်လာတာလဲ”

ရှန်ယွီက မေးသည်။

“ကျွန်တော်က ဘာအင်တာဗျူး လုပ်ရမှာလဲ” ချန်ကျန့်က သူ၏ ဘေးသို့ လျှောက်သွားသည် ။

“ဘော့စ် ကျွန်တော့်ကို ဘာမှလည်း မမှာခဲ့ဘူးလေ။ ကျွန်တော်က ဘယ်လို အင်တာဗျူးရမှာလဲ”

“မင်းကို ဘာပြောရမှာလဲ”

ရှန်ယွီက စက်တန်းကို လွှတ်ကာ မတ်တတ်ရပ်၍ သူ့ကို ကြည့်လိုက်သည်။

“ကျွန်တော်တို့ရဲ့ ဝန်ထမ်းခန့်အပ်မှု စံနှုန်းတွေ၊ ပညာအရည်အချင်း၊ လုပ်ငန်းအတွေ့အကြုံနဲ့ ရာထူးအလိုက် လစာတွေလေ။ ကျွန်တော် ဘာမှ မသိဘူး...”

“မင်း အကုန်သိနေပြီပဲ မဟုတ်လား။ ပညာအရည်အချင်း၊ အတွေ့အကြုံ၊ လစာ...”

“ဒါဆို ဘယ်လို ပညာအရည်အချင်း၊ ဘယ်လို အတွေ့အကြုံမျိုး လိုအပ်တာလဲ။ လစာကကော နှစ်ထောင်ပဲလား”

ရှန်ယွီက ရယ်မောလိုက်ပြီး…

“ဒီထဲက လူတွေကိုပဲ ကြည့်လိုက်ပါဦး၊ မင်းရဲ့ စိတ်ထဲမှာ အဖြေရှိပြီးသား မဟုတ်လား”

ချန်ကျန့် အသက်ပြင်းပြင်း ရှူလိုက်သည် ။

“ကောင်းပြီလေ၊ ကျွန်တော် နားလည်ပါပြီ”

“သွားတော့ မန်နေဂျာ၊ မင်း လုပ်နိုင်မှာပါ”

“နောက်ဆုံးတစ်ချက် အတည်ပြုချင်လို့”

“ဟင်”

“အောက်ထပ်က မိန်းကလေးလေ။ သူမရဲ့ အပြင်အဆင်ကို ပြောင်းလဲဖို့ လိုမလား။ ဒါမှမဟုတ် ဒီအတိုင်းပဲ ဧည့်ကြိုမှာ ထားမှာလား”

“ရှေးရိုးစွဲတွေ မထားစမ်းပါနဲ့” ဟု ရှန်ယွီက ဆိုသည်။

ချန်ကျန့်မှာ ထိုစကား၏ အဓိပ္ပာယ်ကို ချက်ချင်း နားမလည်နိုင်ခဲ့ချေ။

“မင်းကို မြင်မြင်ချင်း ငါ့ရဲ့ ပထမဆုံး အထင်အမြင်က ဘာလဲဆိုတာ မင်း သိလား”

“...ရေစိုနေတဲ့ ကြွက်ကလေးလား” ချန်ကျန့်က ပြန်တွေးကြည့်သည်။

ရှန်ယွီက သူ့ကို ကြည့်လိုက်ရာ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသည်။

“မဟုတ်ဘူးလား”

“မင်းရဲ့ ဦးနှောက်ကလေ... တစ်ခါတစ်လေကျရင်…မင်းရဲ့ လက်အောက်ငယ်သားတွေအပေါ်မှာလည်း စံနှုန်းတွေ သိပ်ပြီး မြင့်မြင့်မားမား မထားပါနဲ့”

ချန်ကျန့် ပထမထပ်သို့ ပြန်ဆင်းလာသည့်အခါတွင်လည်း သိပ်ပြီး ယုံကြည်မှု မရှိသေးချေ။ မှတ်စုစာအုပ်တစ်အုပ်ကို ဟန်လုပ်ကိုင်ထားသော်လည်း သူ၏ ခေါင်းထဲတွင် ဝေဝါးနေဆဲ ဖြစ်သည်။ သို့သော် ရှန်ယွီ၏ နောက်ဆုံးစကားများက သူ့ကို ခွန်အားပေးလိုက်သလို ဖြစ်နေသည်။

“သူတို့ကို အခွင့်အရေး ပေးလိုက်ပါ။ ကြိုးစားချင်တဲ့လူကတော့ အဲ့ဒီအခွင့်အရေးကို ဆုပ်ကိုင်မှာပဲ။ တကယ်လို့ သူတို့ အလုပ်မကြိုးစားဘူးဆိုရင်တော့ အလုပ်ထုတ်လိုက်ပေါ့။ မင်းက အလုပ်ရှင်လေ၊ အဖေ မဟုတ်ဘူး။ လူတစ်ယောက်ကို ခန့်တဲ့အခါမှာ ကိုယ့်ကိုယ်ကိုယ် ဖိအားတွေ အများကြီး မပေးပါနဲ့”

ကျစ်ဆံမြီးနှင့် မိန်းကလေး ဟူဖန်သည် စားသောက်ခန်းထဲတွင် ထိုင်နေသည်။ ချန်ကျန့် လျှောက်လာသည်ကို မြင်သောအခါ သူမက လက်ထဲက မစ်တီးကိုမြှောက်ပြပြီး …

“ကျေးဇူးတင်ပါတယ် မန်နေဂျာချန်” ဟု ဆိုသည်။

“ရပါတယ်”

ချန်ကျန့် ဘားကောင်တာဘက်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။

“ဆန်းပင်း ပေးတာလေ၊ တစ်ခွက် ပိုနေလို့တဲ့” ဟု ဟူဖန်က ဆိုသည်။

တစ်ယောက်တစ်ခွက်နှုန်း ဝယ်လာတာလေ။ အဲ့ဒီတစ်ခွက်က ဆန်းပင်းရဲ့ ဘော့စ်အတွက်ဟာ ဖြစ်မှာပေါ့

“အင်း” ချန်ကျန့် ခေါင်းညိတ်လိုက်သည်။ စားပွဲပေါ်က ဆေးလိပ်ပြာခွက်ထဲတွင် ဆေးလိပ်တိုတစ်ခု ရှိနေသည်ကိုလည်း သူ မြင်လိုက်ရ၏။

သူကတော့ တော်တော်လေးကို ပေါ့ပေါ့ပါးပါး ရှိလှချည်လား

သူသည် မှတ်စုစာအုပ်ကို စားပွဲပေါ်တင်၊ ပြာခွက်ကို ဘေးဖယ်လိုက်ပြီး ဟူဖန်၏ ရှေ့တွင် ထိုင်လိုက်သည်။

“ကျွန်တော်တို့က တရားဝင် မဖွင့်သေးသလို ပြင်ဆင်စရာတွေလည်း အများကြီး ကျန်နေသေးတယ်၊ အဲ့ဒါကြောင့် ဒီနေ့ အင်တာဗျူးကတော့ ပုံမှန်မဟုတ်ဘဲ အေးအေးဆေးဆေးပဲ စကားပြောကြတာပေါ့”

“ဟုတ်ကဲ့”

“ဒီကနာမည်က ဘယ်သူလဲ”

“ဟူဖန် ပါ။ မြစ်ကမ်းဘေးက ‘ဖန်’ (Pan) ဆိုတဲ့ စာလုံးမျိုးပေါ့။ ဖန်ဖန် လို့လည်း ခေါ်လို့ရပါတယ်”

ချန်ကျန့် ခေါင်းညိတ်ရင်း သူမ၏ နာမည်ကို မှတ်စုစာအုပ်ထဲတွင် ရေးလိုက်သည် ။

“အသက်က တစ်ဆယ့်ကိုးနှစ် ဆိုတော့... ဟုတ်တယ်မလား”

“ဟုတ်ကဲ့၊ အသက်မွေးဝမ်းကျောင်း အထက်တန်းကျောင်းက ဆင်းတာပါ။ သူနာပြုပညာ သင်ခဲ့ဖူးတယ်။ အရင်က မြို့ထဲက စူပါမားကတ်မှာ ငွေကိုင်လုပ်ခဲ့ဖူးတယ်။ အခြေခံ ရုံးသုံးကွန်ပျူတာ ဆော့ဖ်ဝဲလ်တွေ သုံးတတ်ပါတယ်။ ဧည့်ကြို ရာထူးကို လိုချင်ပါတယ်၊ နွေရာသီ အားလပ်ရက်တွေမှာ ဟိုတယ်ဧည့်ကြို လုပ်ခဲ့ဖူးလို့ အခြေခံ အလုပ်တာဝန်တွေကို သိပါတယ်။ မဟုတ်ရင်လည်း စားပွဲထိုး လုပ်နိုင်ပါတယ်။ တခြား အလုပ်တွေလည်း အများကြီး လုပ်ခဲ့ဖူးတယ်၊ အွန်လိုင်း ဈေးရောင်းတာ၊ လမ်းဘေး ကကစားနည်း သင်တန်းဆရာမ၊ လက်သည်းအလှပြင်ဆိုင်၊ အစားအသောက် ပို့တာတွေလည်း လုပ်ဖူးတယ်။ လစာ သိပ်အများကြီး မလိုချင်ပေမဲ့ နေစရာတော့ လိုအပ်ပါတယ်”

ချန်ကျန့် စာရေးတာကို ရပ်လိုက်ပြီး သူမကို မော့ကြည့်လိုက်သည်။ သူ မေးချင်တာတွေကို သူမက အကုန်ဖြေပြီးသား ဖြစ်နေသည်။ သူမ၏ လုပ်ငန်းအတွေ့အကြုံ စုံလင်မှုမှာ သူနှင့်ပင် ယှဉ်နိုင်လောက်သည်။

“ဧည့်ကြိုလစာက နှစ်ထောင်နှစ်ရာပါ။ အစမ်းခန့်ကာလ တစ်လကိုတော့ တစ်ထောင်ရှစ်ရာ ပေးပါတယ်။ ဝန်ထမ်းအိပ်ဆောင်နဲ့ အစားအသောက် ပါပြီးသားပါ”

“ကျွန်မ လက်ခံနိုင်ပါတယ်”

ချန်ကျန့် တစ်ခုခု ပြောရန် ပြင်လိုက်စဉ်မှာပင် သူမက ထပ်ပြောသည် ။

“တကယ်လို့ ကျွန်မရဲ့ အပြင်အဆင်နဲ့ ပတ်သက်ပြီး ကန့်သတ်ချက်တွေ ရှိရင်လည်း လျှော့ချပေးလို့ ရပါတယ်။ ငွေကိုင် လုပ်တုန်းကတော့...” သူမက သူမ၏ မျက်နှာကို ညွှန်ပြသည် ။

“ဒီလို မိတ်ကပ်မျိုး မဟုတ်ပါဘူး”

ဒါပေမဲ့ ဒီဆံပင်ပုံစံတော့ ဖြစ်မှာပေါ့နော်

“လောလောဆယ်တော့ ဘာကန့်သတ်ချက်မှ မရှိပါဘူး။ အလုပ်ချိန်အတွင်းမှာ ဆေးလိပ်မသောက်ရဘူး။ ပြီးတော့ မှတ်တမ်းတင်ထားဖို့အတွက် မင်းရဲ့ မှတ်ပုံတင်ကို မိတ္တူကူးဖို့ လိုအပ်မယ်”

ဟူဖန် ခေတ္တမျှ ငြိမ်သွားပြီးမှ…

“ဒါက မဖြစ်မနေ လိုအပ်တာလား” ဟု မေးသည်။

မင်းက ထွက်ပြေးနေတဲ့ တရားခံများလား။ ကျွန်တော်တို့က ပြစ်ဒဏ်ရက် စေ့တဲ့လူတွေကိုပဲ လက်ခံတာလေ။

“ဟုတ်တယ်၊ လိုအပ်ပါတယ်။ မှတ်ပုံတင်ကို သိမ်းထားမှာ မဟုတ်ပါဘူး၊ မိတ္တူပဲ ကူးမှာပါ”

ဟူဖန် ဆုံးဖြတ်ချက် တစ်ခုခု ချလိုက်ဟန်ရှိပြီး နှစ်စက္ကန့်ခန့် ငြိမ်နေပြီးမှ ခေါင်းငုံ့ကာ သူမ၏ တီရှပ်လည်ပင်းထဲသို့ လက်နှိုက်လိုက်သည်။ ချန်ကျန့်သည် အကြည့်ကို ချက်ချင်းပင် လွှဲလိုက်ရလေသည်။

“ရော့၊ ဒီမှာ”

ဟူဖန်က မှတ်ပုံတင်ကို လည်ပင်းထဲက ထုတ်ပေးလိုက်သည် ။

“ဒါကို မန်နေဂျာတစ်ယောက်တည်းပဲ မြင်မှာ မဟုတ်လား”

“ဘော့စ်လည်း မြင်မှာပေါ့” ဟု ချန်ကျန့်က မှတ်ပုံတင်ကို ယူရင်း ဆိုလိုက်သည်။

“အင်း” ဟူဖန် ခေါင်းညိတ်သည်။

ချန်ကျန့်သည် ဧည့်ကြိုကောင်တာတွင် မိတ္တူသွားကူးရင်း မှတ်ပုံတင်ပေါ်က အချက်အလက်များကို တစ်ချက် ကြည့်လိုက်သည်။ ဟူဖန်က သူများ မြင်မှာကို ဒီလောက်စိုးရိမ်နေတာဆိုတော့ အသက်မပြည့်သေးလို့လားဟု သူ တွေးနေမိသည်။ အသက်ကတော့ မှန်ကန်ပါသည်၊ ဓာတ်ပုံထဲတွင် မျက်တောင်ကော့ဆေး အထူကြီး မရှိသော်လည်း သူမ ဖြစ်ကြောင်း သိသာသည်။ သို့သော် နာမည်မှာ ဟူဖန် မဟုတ်ချေ။

ဟူဖန်းတိ (Hu Pandi)

ချန်ကျန့် ကြောင်သွားရသည်။ ဒါက ဘယ်ခေတ်လဲ။ တစ်ဆယ့်ကိုးနှစ်အရွယ် မိန်းကလေးတစ်ယောက်ရဲ့ နာမည်က ဒီလောက်တောင် ပွင့်လင်းပြတ်သားပြီး ယုံနိုင်စရာမရှိအောင် တိုက်ရိုက်ဆန်နေရသလား။ မိတ္တူကူးပြီးနောက် သူ ဟူဖန်ကို မှတ်ပုံတင် ပြန်ပေးလိုက်သည် ။

“ကျွန်တော့်မှာ မေးစရာ တစ်ခုရှိတယ်”

“ဟုတ်ကဲ့”

“ကျွန်တော်တို့ ဒီမှာ လူခေါ်နေတာကို မင်း ဘယ်လိုသိတာလဲ”

“ကျွန်မရဲ့ မူလတန်းကျောင်းနေဖက် သူငယ်ချင်းက ဟိုရှေ့က အသုံးအဆောင်ပစ္စည်းဆိုင်မှာ အလုပ်လုပ်တာလေ” ဟု ဟူဖန်က ဆိုသည် ။

“သူက ပြောတယ်... ဒီ သရဲအိမ်က လူငှားရတာ ခက်တယ်၊ အခုထိ လူမပြည့်သေးဘူး ထင်တယ်ဆိုတာနဲ့ ကျွန်မ လာခဲ့တာ”

တည်းခိုခန်းနာမည်ကို ပြောင်းလိုက်ရင်တောင်မှ ‘သရဲအိမ်’ ဆိုတဲ့ နာမည်ဆိုးကနေ လုံးဝ လွတ်မြောက်ဖို့က ခက်ခဲဦးမှာပဲ… ဟု ချန်ကျန့် တွေးနေမိသည်။

“ကျွန်မက လူသေတွေကိုလည်း မကြောက်ဘူး။ သရဲတွေကိုလည်း မကြောက်ပါဘူး”

“ဟို စက်ဘီးကို မင်း စီးလာတာလား”

“ဟုတ်ကဲ့။ တစ်ယောက်ယောက်က အဲ့ဒါကို သော့ခတ်ထားတာ၊ ကျွန်မ သော့ကို ဖျက်ပြီး စီးလာခဲ့တာ။ ကျွန်မမှာ... ပိုက်ဆံ လုံးဝ မကျန်တော့လို့ ဘတ်စ်ကားလည်း မစီးနိုင်တော့လို့ပါ”

“မင်းရဲ့ အိတ်တွေကော ဘယ်မှာလဲ။ အရင်ဆုံး ဝန်ထမ်းအိပ်ဆောင်ကို လိုက်ပို့ပေးမယ်”

“ဟုတ်ကဲ့” ဟူဖန်က သူမ ထိုင်ခဲ့သော ဆိုဖာဆီသို့ ပြေးသွားကာ လက်ဝါးခန့်သာရှိသော ကျောပိုးအိတ်လေးကို ကောက်ယူလိုက်သည် ။

“ကျွန်မ ပစ္စည်းတွေ အကုန်လုံးက ဒီထဲမှာပဲ ရှိတာ”

အိတ် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အဓိက မဟုတ်သည့်အတွက် ချန်ကျန့်သည် သူမကို ပထမထပ်မှ စတုတ္ထထပ်အထိ လိုက်လံပြသလေသည်။ ရုံးခန်းတံခါးမှာ ပိတ်ထားသည်။ မန်နေဂျာကို တာဝန်အပြည့်အဝ ပေးထားသည်ကို ပြသရန်အတွက် ဘယ်တော့မှ တံခါးမပိတ်တတ်သော ဘော့စ်က ယခုတော့ တံခါးပိတ်ထားလေသည်။

“တတိယထပ်က အဲ့ဒီအခန်းလေ” ဟူဖန်က မေးသည်။

“နောင်ကျရင် ဧည့်သည်တွေကို ပေးတည်းမှာလား”

“တခြားအခန်းတွေ အကုန်ပြည့်သွားရင်တော့ ပေးတည်းမှာပေါ့။ မပြည့်သေးရင်တော့ တခြားအခန်းတွေပဲ အရင်စီစဉ်ပေးမှာပါ”

“သတ္တိရှိတဲ့လူတွေဆိုရင်တော့ အဲ့ဒီအခန်းမှာပဲ တည်းချင်ကြမှာပေါ့”

“တည်းချင်လည်း ရပါတယ်၊ အခန်းကို သန့်ရှင်းရေး လုပ်ပြီးသားပါ”

“ယတြာတွေ ဘာတွေကော ချေပြီးပြီလား”

မင်းက နတ်ဆရာမလည်း လုပ်တတ်တယ်လို့တော့ မပြောနဲ့ဦးနော်။

“အဲ့ဒါတွေ ဘာမှ မလုပ်ရသေးပါဘူး”

“သြော်…”

ဟူဖန် ပြုံးလိုက်ပြီး ဝန်ထမ်းအိပ်ဆောင်ထဲသို့ ဝင်သွားသည်။

“ဒီအခန်းက အမျိုးသမီးတွေအတွက်ပါ။ အထဲကနေ သော့ခတ်လို့ ရတယ်။ ခဏနေရင် ကျောက်ကျဲဆီကနေ သော့တောင်းပေးမယ်။ ခဏလောက် အနားယူလိုက်ပါဦး။ ဧည့်သည်တွေကတော့ အခုပဲ ထွက်သွားကြပြီ...”

“ရပါတယ်၊ ကျွန်မ ပစ္စည်းတွေ ချထားပြီးရင် ချက်ချင်း အောက်ဆင်းလာခဲ့ပါ့မယ်”

ဟူဖန်ကို နေရာချပေးပြီးနောက် ချန်ကျန့်သည် ရုံးခန်းတံခါးကို ခေါက်လိုက်သည်။

“ဝင်ခဲ့ပါ” ရှန်ယွီ၏ အသံ ထွက်ပေါ်လာသည်။

ချန်ကျန့် တံခါးဖွင့်၍ ဝင်လာခဲ့သည်။

“ဘော့စ်ချန်းက တကယ့်ကို ကပ်စေးနှဲတာပဲ”

ရှန်ယွီသည် ဆိုဖာပေါ်တွင် လှဲနေရင်း ဆိုသည်။

“ရုံးခန်းနဲ့ ဝန်ထမ်းအိပ်ဆောင်ကို တစ်ထပ်တည်း ထားတယ်ဆိုတာ တကယ့်ကို ရက်စက်တဲ့ အရင်းရှင် စရိုက်ပဲ”

“အင်တာဗျူး ပြီးသွားပြီ၊ သူ ချက်ချင်း အလုပ်စလုပ်လိမ့်မယ်”

ချန်ကျန့်က မှတ်ပုံတင် မိတ္တူကို စားပွဲပေါ်တင်လိုက်သည် ။

“ပြီးတော့ ဘော့စ် ကို ပြောစရာ တစ်ခုရှိတယ်”

“ဘာလဲ” ရှန်ယွီ မတ်တတ်ထိုင်လိုက်သည်။

“ဒီမိန်းကလေးက သူမနာမည်က ဟူဖန် လို့ ပြောတယ်...”

“စာလုံးကို ရေးပြနိုင်မလား” ရှန်ယွီက မေးသည်။

ချန်ကျန့် သူ့ကို တစ်ချက်ကြည့်လိုက်သည် ။

“ကျွန်တော်လည်း အထက်တန်း အောင်ထားတာပဲ၊ ငါတို့ချင်း အတူတူပါပဲ”

“အော်... အေးပါ” ရှန်ယွီ ရယ်လိုက်သည်။

“ဒါပေမဲ့ သူမရဲ့ မှတ်ပုံတင်ထဲမှာတော့ ‘ဟူဖန်းတီ’ (Hu Pandi) လို့ ရေးထားတယ် ။ သူက အဲ့ဒီနာမည်ကို မသုံးချင်ပုံရတယ်”

“ပြဿနာ မရှိပါဘူး၊ ငါအခုထိ ဆန်းပင်းရဲ့ နာမည်အရင်းကိုတောင် မသိဘူးလေ”

“ဆန်းပင်းရဲ့ နာမည်အရင်းက ‘ချန်ကျားလီ’ လေ” ဟု ချန်ကျန့်က ပြောလိုက်သည်။

“ဒေသ နာမည်တစ်ခုခုနဲ့ တူသားပဲ…ဝမ်ကျားကျွမ်း တို့၊ ကျောက်ကျားချွန် တို့လိုမျိုးပေါ့...”

ရှန်ယွီက အတည်ကြီး စဥ်းစဥ်းစားစားနဲ့ တုံ့ပြန်နေသေး၏။

“သူ့ကို ဆန်းပင်း လို့ပဲ ခေါ်လိုက်ပါတော့”

ချန်ကျန့် သက်ပြင်းချလိုက်မိသည်။

“သွားတော့... သွားအလုပ်လုပ်တော့။ ညစာအတွက် ငါ့ကို မခေါ်နဲ့တော့၊ ငါ ခေါင်းကိုက်နေလို့ ခဏလောက် အိပ်ချင်တယ်”

“ခေါင်းကိုက်လို့…စောစောက ဆိတ်သားခေါက်ဆွဲက မလတ်ဆတ်လို့လား”

“အင်တာဗျူး တစ်ခုတည်းနဲ့တင် မင်းရဲ့ ဦးနှောက်စွမ်းအားတွေ အကုန် ကုန်သွားပြီ ထင်တယ် မန်နေဂျာ”

“.ဘော့စ် အအေးမိသွားတာလား။ ဘာလို့ ရုတ်တရက် ခေါင်းကိုက်တာလဲ”

ချန်ကျန့်သည် အသက်နှစ်ဆယ်အတွင်း တစ်ခါမှ ခေါင်းမကိုက်ဖူးသည့်အတွက် ရှန်ယွီကို သေချာ နားမလည်နိုင်ဘဲ ဖြစ်နေသည် ။

“ဆေးလိုလားဟင်”

“အကိုက်အခဲပျောက်ဆေး သောက်ထားတယ်၊ ခဏအိပ်လိုက်ရင် သက်သာသွားမှာပါ”

“ဟုတ်ကဲ့”

ချန်ကျန့် အောက်ထပ်သို့ ဆင်းရန် ပြင်လိုက်သည်။

“မနက်ဖြန် မနက်ကျရင် အစည်းအဝေး လုပ်မယ်။ လူတိုင်းကို အကြောင်းကြားလိုက်ပါ။ အခုဝန်ထမ်းတွေအပြင်၊ ချန်အာဟူဘက်က ဒီသုံးလအတွင်း အလုပ်လာဆင်းမယ့် လူတွေကိုပါ လာခိုင်းလိုက်ပါ”

“ဟုတ်ကဲ့… အစည်းအဝေးက ဘာအကြောင်းလဲ။ ကျွန်တော်ရော စကားပြောဖို့ လိုမလား”

“မင်း တော်တော် တတ်လာပြီပဲ” ရှန်ယွီ ပြုံးလျက် ဘေးက စားပွဲပေါ်က စာရွက်တစ်ရွက်ကို ကမ်းပေးသည် ။

“အဓိကကတော့ ဒီအချက်တွေပဲ။ ကြိုဖတ်ထားလိုက်ဦး”

ချန်ကျန့် စာရွက်ကို ငုံ့ကြည့်လိုက်သည်။ ရှန်ယွီ ကိုယ်တိုင်ရေးထားသော အစည်းအဝေး အစီအစဉ်များ ဖြစ်ပြီး၊ အလုပ်ခွဲဝေမှု၊ စည်းကမ်းအသစ်များ အကြောင်း ဖြစ်ပုံရသည်။

ဖွင့်မည့် ရက်စွဲလည်း ပါရှိသည်။

“နောက်အပတ်မှာ ဖွင့်မှာလား”

“အင်း” ရှန်ယွီ ခေါင်းညိတ်သည်။

“နောက်အပတ်” လို့ ဆိုသော်လည်း ဒီနေ့က ကြာသပတေးနေ့ ဖြစ်နေပြီ။ ချန်ကျန့် ခေါင်းထဲမှာ အချိန်တွေကို ချက်ချင်း တွက်ချက်လိုက်သည်။ ပန်းခြံကို သန့်ရှင်းရေးလုပ်ဖို့ လူတွေကို သူ ဆက်သွယ်ထားပြီးပြီ ဖြစ်သော်လည်း သူတို့က မနက်ဖြန် ညနေမှ ရောက်လာကြမည်။ သူကိုယ်တိုင်လည်း ပန်းပင်တွေ သွားဝယ်ရဦးမည်... ပြီးတော့ အပြင်နံရံတွေ ပြန်ပြင်ဖို့၊ အိမ်ရှေ့က လမ်းသွယ်လေး ပြင်ဖို့...။

“အော်... ဟုတ်သားပဲ” ရှန်ယွီက ဆိုဖာပေါ် ပြန်လှဲလိုက်ရင်း…

“မန်နေဂျာချန်... မင်းရဲ့ ဦးနှောက်ကို သုံးပြီး သေချာ စီစဉ်လိုက်ပါ၊ ပြီးရင် ရလဒ်ကိုပဲ ငါ့ကို ပြောပြတော့”

“နှစ်ရက်အတွင်း ပြီးဖို့ကတော့ မဖြစ်နိုင်ဘူး”

ချန်ကျန့်က ရလဒ်ကို ချက်ချင်း ပြောလိုက်သည်။

ရှန်ယွီက မဲ့ကာရွဲ့ကာဖြင့်…“ငါက တနင်္လာနေ့မှာ ဖွင့်မယ်လို့ မပြောခဲ့ပါဘူး”

“ပြီးတော့ မင်း ကျန့်ရှီး နာမည်ကို ပြောင်းမယ်လို့ ပြောခဲ့တယ်လေ။ ဘာလို့ ခေါ်မှာလဲ”

“စဉ်းစားပြီးသားပါ။ မနက်ဖြန် အစည်းအဝေးမှာ ကြေညာမယ်။ မင်းကတော့ လက်ခုပ်တီးပြီး ထောက်ခံပေးရုံပဲ”

ဒါဆို ဆိုင်းဘုတ်အသစ်လည်း လိုဦးမှာပေါ့။

“ကောင်းပြီလေ” ချန်ကျန့် အောက်ဆင်းရန် ပြင်သည်။

“ကျွန်တော် စပြီး စီစဉ်လိုက်ပါ့မယ်။ ကုန်ကျစရိတ်တွေ ရှိရင်တော့ မင်းကို ပြောပြမယ်လေ...”

“နောက် နှစ်နာရီအတွင်းမှာ ငါ အိပ်ချင်တယ်။ ခန့်မှန်းခြေ ကုန်ကျစရိတ်ကို ပြောပြလိုက်၊ ငါ မင်းကို စရံငွေ အရင်ပေးထားမယ်”

“ဟုတ်ကဲ့ ဘော့စ်”

ရှန်ယွီ ဆိုဖာပေါ်တွင် လှဲနေသည်ကို ချန်ကျန့် ကြည့်လိုက်ရာ သူ၏ မျက်နှာမှာ တကယ်ပင် မကောင်းသည်ကို တွေ့ရသဖြင့် ခေါင်းကိုက်တာ တော်တော် ပြင်းထန်ပုံရသည်ဟု တွေးမိသည်။ ချန်ကျန့်က အလွတ်ဖြစ်နေသော စားပွဲကို ကြည့်ကာ မေးလိုက်သည်။

“တခြား လိုတာ ရှိသေးလား။ ကိုလာ၊ လိမ္မော်ရည် ဒါမှမဟုတ် ရေနွေး”

“တံခါးပိတ်ပြီး ထွက်သွားပေးဖို့ပဲ လိုတယ်”

ရှန်ယွီက သူ၏မျက်လုံးများကို လက်မောင်းဖြင့် အုပ်ထားရင်း ဆိုလေသည်။

ချန်ကျန့် တိတ်တဆိတ် တံခါးပိတ်ပြီး ထွက်လာခဲ့သည်။ စာရွက်ကို ဖတ်ရင်း အောက်ထပ်သို့ ဆင်းလာခဲ့သည်။ ရှန်ယွီ၏ လက်ရေးမှာ လှပသည်။ စာလုံးများမှာ ဆက်နေသော်လည်း တစ်လုံးချင်းစီကိုတော့ သေချာ ခွဲခြားသိနိုင်သည်။ အစည်းအဝေး အစီအစဉ်မှာ စကားလုံး အများကြီး မပါသော်လည်း အသေးစိတ်ကျလှသည်။ ဘယ်သူက ဘာပြောရမည် ဆိုသည်အထိ ပါရှိရာ၊ ၎င်းအတိုင်းသာ လုပ်ဆောင်မည်ဆိုလျှင် အစည်းအဝေးမှာ အလွန်ပင် ချောမွေ့သွားပေလိမ့်မည်။

ချန်ကျန့် ပထမထပ်သို့ ပြန်ရောက်သည့်အခါ ဟူဖန်မှာ ဧည့်ကြိုကောင်တာနောက်တွင် ရပ်၍ ကွန်ပျူတာကို ကြည့်နေပြီ ဖြစ်သည်။ ကျောက်ဖန်းဖန်းမှာ မီးဖိုချောင်ထဲတွင် ညစာ ပြင်ဆင်နေ၏။ ဆန်းပင်းနှင့် ချန်အာဟူတို့မှာ ဝင်းတံခါးဝတွင် ရပ်၍ စကားပြောနေကြသည်။ တည်းခိုခန်းကြီးမှာ ဖွင့်လှစ်ထားသည်မှာ သုံးရက်ခန့် ရှိနေပြီဟု ထင်ရလောက်အောင်ပင် အခြေအနေမှာ ပုံမှန် ဖြစ်နေသည်။ သူသည် ဝင်းထဲသို့ ထွက်လာခဲ့ပြီး၊ ဓာတ်ပုံအချို့ ရိုက်ကာ ပန်းပင် မည်မျှ ထပ်လိုအပ်မည်ကို ခန့်မှန်းကြည့်လေသည်။

ချန်အာဟူက သူ့ကို မြင်သောအခါ လှမ်းခေါ်လိုက်သည် ။

“ချန်ကျန့်... ဒီကို လာဦး”

ချန်ကျန့် အနားသို့ လျှောက်သွားသည်။

ချန်အာဟူက အသံကို နှိမ့်၍ တည်ကြည်စွာ ပြောသည်။

“ဟိုဘက်က ဆိုင်ပိုင်ရှင် အခုပဲ ရောက်လာပြီး ဖွင့်မယ့်ကိစ္စကို လာမေးသွားတယ်”

“အဲ့ဒါက ပုံမှန်ပဲ မဟုတ်လား”

“မဟုတ်ဘူး။ သူ့ရဲ့ အမူအရာက တစ်မျိုးပဲ။ ဘော့စ် ရှိလားလို့တောင် မေးသွားသေးတယ်။ ငါကတော့ ဘော့စ်က အပြင်ကို ကိစ္စရှိလို့ သွားတယ်လို့ပဲ ပြောလိုက်တယ်”

“အင်း” ချန်ကျန့် ခေါင်းညိတ်ပြလိုက်သည်။

“ဘော့စ်ချန်ကတော့ တုံ့ပြန်မှု မြန်သားပဲ”

“သတိထားတာ အမြဲတမ်း အမှန်ဆုံးပဲ” ချန်အာဟူက ဆိုသည် ။

“ဒီနားက တည်းခိုခန်းတွေ အရင်က ရန်ဖြစ်ခဲ့တာကို မင်း မမေ့သေးဘူး မဟုတ်လား”

အဲ့ဒါက လွန်ခဲ့သော နှစ်နှစ်က ဖြစ်သည်။ လမ်းဆုံနေရာကို ဘယ်သူပိုင်လဲဆိုတာနဲ့ ပတ်သက်ပြီး တည်းခိုခန်း အတော်များများ ရန်ဖြစ်ခဲ့ကြခြင်း ဖြစ်သည်။ နောက်ဆုံးတော့ မြို့စီမံခန့်ခွဲရေးကော်မတီက အဲ့ဒီနေရာမှာ နားနေဆောင်လေးတစ်ခု ဆောက်ပေးလိုက်မှ ငြိမ်သွားခဲ့ခြင်း ဖြစ်သည်။

“သူတို့တွေက တကယ့်ကို ကပ်စေးနှဲတွေပဲ” ဆန်းပင်းက ဆိုသည်။

“ဒီနှစ်ရက်အတွင်းမှာတော့ မင်းတို့ နှစ်ယောက် အနီးကပ် စောင့်ကြည့်ပေးဖို့ ပိုပြီး ပင်ပန်းရဦးမှာပေါ့” ချန်ကျန့်ကတော့ ဘာမှ ထူးထူးခြားခြား ဖြစ်လာလိမ့်မည်ဟု မထင်သော်လည်း၊ သူတို့ ပြောသည့်အတိုင်းပင် လိုက်လျောညီထွေ ပြောဆိုပေးလိုက်သည်။

သို့သော် နောက်တစ်နေ့တွင် လူမိုက်တို့၏ အာရုံခံစားမှုမှာ တစ်ခါတစ်ရံ ယုံကြည်စိတ်ချရကြောင်း သူ သိလိုက်ရသည်။

***

နံနက်စောစောတွင် ချန်ကျန့်သည် ရှန်ယွီ၏ အခန်းထဲ၌ ခြေထောက်ကို ပိုးသတ်ပေးနေသည်။ ရှန်ယွီမှာ မနေ့က ရုံးခန်းထဲတွင် သန်းခေါင်ယံအထိ အိပ်ပျော်သွားခဲ့သဖြင့် တော်တော်လေး အဆင်မပြေ ဖြစ်နေပုံရသည်။ ချန်ကျန့်က သူ့ကို မနှိုးရဲခဲ့သော်လည်း၊ ယနေ့တွင်လည်း သူက ခေါင်းကိုက်နေဆဲပင်။

“ဆေးရုံမှာ သွားစစ်ကြည့်မလား။ တစ်ခုခု ဖြစ်နေမှာ စိုးလို့...” ချန်ကျန့် စကားမဆုံးသေးချေ။

“အင်း... သေခါနီး ရောဂါမျိုးပေါ့။ ငါ့မှာ အသက်ရှင်ဖို့ နှစ်လပဲ ကျန်တော့တယ်။ ငါ့ရဲ့ နောက်ဆုံး ပိုက်ဆံတွေကို သုံးပြီး ဒီမြို့က လူဆိုးတွေကို ကယ်တင်ဖို့ ရောက်လာတာပေါ့”

ချန်ကျန့် သက်ပြင်းချလိုက်မိသည်။

“ဘော့စ်ရှန်!”

ကျောက်ဖန်းဖန်း၏ အော်ဟစ်သံနှင့်အတူ လူသွားလမ်းတစ်လျှောက် ပြေးလာသံများကို ကြားလိုက်ရသည်။ ထို့နောက် ကျောက်ဖန်းဖန်းသည် တံခါးကိုပင် မခေါက်ဘဲ ရှန်ယွီ၏ အခန်းတံခါးကို ဝုန်းခနဲ တွန်းဖွင့်လိုက်သည်။ ချန်ကျန့်မှာ လန့်သွားပြီး ရှန်ယွီ၏ ဘယ်ဘက်ခြေထောက်ကို မတော်တဆ တိုက်မိမှာစိုးသဖြင့် အမြန် ကာကွယ်လိုက်ရသည်။

“အပြင်မှာ! အပြင်မှာ တစ်ခုခု ဖြစ်နေပြီ! တံခါး! တံခါးမှာ!” ကျောက်ဖန်းဖန်းမှာ အလွန်ပင် ထိတ်လန့်နေသဖြင့် စကားကို သေချာ မပြောနိုင်တော့ချေ။

“ဝင်းတံခါးနဲ့ နံရံတွေမှာ သွေးတွေနဲ့ အကုန် ပက်ထားတယ်”

ဟူဖန်က သူမနောက်ကနေ လိုက်လာပြီး တံခါးဝမှာ ရပ်၍ ပြောသည်။

“လမ်းတစ်လျှောက်လုံး အပြည့်ပဲ။ ချန်အာဟူနဲ့ ဆန်းပင်းတို့ အပြင်မှာ စောင့်နေကြတယ်။ လူတွေလည်း ဝိုင်းကြည့်ပြီး ဓာတ်ပုံတွေ လိုက်ရိုက်နေကြတယ်”

“ဟုတ်တယ်!” ကျောက်ဖန်းဖန်းက ဆိုသည် ။  “တကယ့်ကို ကြောက်စရာကြီး!”

Comments

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

2

အခန်း (၂) မိုးမှာ တဖွဲဖွဲတစ်လှည့်၊ သည်းထန်စွာတစ်လှည့် ဆက်လက်ရွာသွန်းနေဆဲ…ဆိုင်တံခါးအပြင်ဘက်ရှိ မိုးကာအမိုးပေါ်တွင် ရေများပြည့်လျှံနေပြီး အချိန်မရွေး ပြိုကျတော့မည့်အလား ။ လျူဝူသည် ထိုအမိုးကို ခေတ္တမျှ စောင့်ကြည့်နေပြီးနောက် လက်ညှိုးထိုးပြကာ မေးမြန်းစူးစမ်းခန်းစသည်။ “အဲ့ဒီဟာက ရေတွေကို အလိုအလျောက် စီးဆင်းအောင် လုပ်ပေးနိုင်တာလား” “ဟုတ်တယ်” ချန်ကျန် ခပ်တိုတိုပဲ ပြန်ဖြေ၏။ “ဟင်” လျူဝူသည် အံ့အားသင့်သွားပြီး “တကယ်ကြီး အလိုအလျောက်လား” ဟု ထပ်မေးသည်။ “အသံနဲ့ ခိုင်းရတာလေ” “ဗျာ” ချန်ကျန့် အဖြေကြောင့် လျူဝူမှာ ပို၍ပင် ဝေခွဲမရဖြစ်သွားတော့သည်။ ရှန်ယွီသည် သက်ပြင်းချရင်း မျက်နှာကို အခြားတစ်ဖက်သို့ လွှဲလိုက်ရ‌တော့၏။ ချန်ကျန် မတ်တတ်ရပ်လိုက်ပြီး တံခါးဘေးရှိ ခွတစ်ခုကို ယူကာ မိုးကာအမိုးအောက်သို့ လမ်းလျှောက်သွားသည်။ ထို့နောက် အမိုး၏ အပေါ်ဘက်ကို နှစ်ချက်ခန့် ဆွလိုက်ရာ စုပုံနေသော မိုးရေများမှာ ဝေါကနဲ စီးကျသွားပြီး မိုးကာအမိုးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ “မင်း ပြောလိုက်တဲ့ ခဏမှာပဲ ရေတွေက စီးဆင်းသွားတာလေ” ချန်ကျန် ပြန်လည်ထိုင်လိုက်ရင်း “အသံနဲ့ ခိုင်းရတာဆိုတာ အဲ့ဒါကို ပြောတာ” ဟု ဆိုသည်။ “အသံနဲ့ ခိုင်းရတယ်ဆို...