အပိုင်း (၁၈)
“မင်း တော်တော်တတ်လာပြီပဲနော်”
“ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုကြောင့်နေမှာပါ”
“အဲ့ဒီစကားလုံးကို အဲ့ဒီလိုသုံးတာ ဟုတ်လို့လား” ရှန်ယွီက မေးသည်။
“ကျွန်တော်လည်း မသိပါဘူး” ချန်ကျန့်က အမှန်အတိုင်း ဝန်ခံလိုက်သည်>
“သုံးရမှာတော့ အဲ့ဒီလိုပဲ ထင်တာပဲ၊ ဒါပေမဲ့ မင်းက လာမေးတော့ ကျွန်တော် မသေချာတော့ဘူး။ မင်း ဘယ်နေရာကနေ ကျွန်တော့်ကို စောင့်ပြီး ပညာပြမလဲဆိုတာ မသိဘူးလေ”
“ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိစမ်းပါ” ရှန်ယွီက ဆိုသည်>
“ငါတို့က ပညာအရည်အချင်းချင်း အတူတူပဲကို”
ချန်ကျန့်မှာ ခေတ္တမျှ ကြောင်အသွားပြီးမှ ရယ်မောမိတော့သည်။
“အလဲအလှယ်လုပ်စရာမလိုတဲ့ မေးခွန်းတစ်ခု မေးပါရစေဦး”
ရှန်ယွီသည် လမ်းလျှောက်နေရင်းမှ ရပ်လိုက်ပြီး လမ်းဘေးက အုတ်ပုံပေါ်တွင် ထိုင်ကာ ရှေ့က မြစ်ပြင်ကို ငေးကြည့်နေသည်။
“အင်း”
ချန်ကျန့်လည်း ဆိုင်ကယ်ကို ရပ်ပြီး ခြေထောက်တစ်ဖက်ဖြင့် မြေပြင်ကို ထောက်ထားလိုက်သည်။ ရှန်ယွီ ထိုနေရာမှာ ခဏထိုင်ချင်ပုံရသည်ကို အတည်ပြုပြီးနောက် သူလည်း ဆိုင်ကယ်ပေါ်မှ ဆင်းလိုက်သည်။
“ပုံမှန်အခြေအနေမှာဆိုရင် ငါတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက ဘာလဲ”
ချန်ကျန့်မှာ အံ့အားသင့်သွားရသည်။ ဘာဆက်ဆံရေးလဲ။ သခင်နဲ့ ကျွန် ဆက်ဆံရေးများလား။
သူသည် ရှန်ယွီ၏ စားဝတ်နေရေး အကုန်လုံးကို တာဝန်ယူပေးနေရသလို၊ ဆေးခန်းအထိလည်း လိုက်ပို့ပေးနေရသည် မဟုတ်လား။
အော်... ပုံမှန်အခြေအနေမှာတဲ့…
“အထက်လူကြီးနဲ့ လက်အောက်ငယ်သား ဆက်ဆံရေးပေါ့။ မင်းက ဘော့စ်၊ ကျွန်တော်က ဝန်ထမ်းလေ”
“အင်း” ရှန်ယွီ ခေါင်းညိတ်သည်>
“ဒါဆို မင်းက ကိုယ့်ဘောင်ကို ကျော်နေပြီဆိုတာ သိလား”
ချန်ကျန့်သည် ရှန်ယွီ၏ နောက်တွင် ရပ်နေရင်း မလှုပ်မယှက် ရှိနေသည်။ ရှန်ယွီက ဤကဲ့သို့ လေသံမျိုးဖြင့် သူ့ကို နောက်ဆုံးပြောခဲ့သည်မှာ ဆန်းပင်း မွေ့ရာယူသည့် ကိစ္စတုန်းက ဖြစ်သည်။ သို့သော် ယခုတစ်ကြိမ်မှာမူ ချန်ကျန့်၏ အမြင်တွင် ဆန်းပင်းကိစ္စနှင့် လုံးဝ ကွာခြားလှသည်။
ရုတ်တရက် ချန်ကျန့် စိတ်ပျက်သွားသလို ခံစားလိုက်ရသည်။ ထို့နောက်တွင်မူ အနည်းငယ် စိတ်တိုလာသည်။
“ဒါဆိုရင် ဘော့စ်ကရော ကျွန်တော့်ကိစ္စတွေကို လိုက်စုံစမ်းနေတာက ဘောင်ကျော်တာ မဟုတ်ဘူးလား”
“အလုပ်ရှင်တစ်ယောက်က ဝန်ထမ်းကို ပိုပြီး ကောင်းကောင်း စီမံခန့်ခွဲနိုင်ဖို့အတွက် ဝန်ထမ်းရဲ့ နောက်ကြောင်းကို သိထားတာက ဘောင်ကျော်တာ မဟုတ်ဘူးလေ”
“မင်းကတော့...မင်းက တကယ့်ကို အာဏာရှင်ဆန်တဲ့ ဘော့စ်ပဲ”
“ဘော့စ်တွေဆိုတာ အာဏာရှင်ဆန်တတ်တာပဲလေ။ ပြီးတော့ ငါက ကိစ္စတွေကို သေသေချာချာ မသိထားဘူးဆိုရင်၊ တစ်နေ့မှာ ဘယ်လိုဖြစ်လို့ ထောင်ထဲ ရောက်သွားမှန်းတောင် မသိဘဲ ဖြစ်နေဦးမယ်”
ရှန်ယွီ၏ စကားပထမပိုင်းကြောင့် ချန်ကျန့် ဆွံ့အနေစဉ်မှာပင်၊ ဒုတိယပိုင်းကြောင့် သူ ပို၍ပင် တိတ်ဆိတ်သွားရတော့သည်။
ရှန်ယွီက ခေါင်းလှည့်ကြည့်လိုက်သည်။
“မင်း အဲ့ဒီအကြောင်းကို မေးချင်နေတာ မဟုတ်လား”
သူက မေးဖို့ ပြင်ဆင်နေခြင်း ဖြစ်သည်။ သို့သော် ရှန်ယွီက ရုတ်တရက်ကြီး ထုတ်ပြောလာသဖြင့် အံ့သြသွားရလျက်…
“ဟုတ်တယ်” ချန်ကျန့် အနေရခက်စွာ ဝန်ခံလိုက်ရသည်။
ဒါက ဘောင်ကျော်တာ မဟုတ်ဘူးလား ဘော့စ်…
“ဘော့စ်နဲ့ ဝန်ထမ်း ဆက်ဆံရေးအပြင်…ငါ မင်းကို သူငယ်ချင်းတစ်ယောက်လိုလည်း သဘောထားပါတယ်”
ချန်ကျန့်သည် ရှန်ယွီ၏ နောက်တွင် ရပ်နေသဖြင့် ရှန်ယွီ မျက်နှာအမူအရာကို မမြင်ရချေ။ ထိုစကားကို တကယ်ပြောနေတာလား၊ ဒါမှမဟုတ် လှောင်ပြောနေတာလားဆိုသည်ကို သူ မသိနိုင်ချေ။
“သူငယ်ချင်းတွေအဖြစ်ပဲ အေးအေးဆေးဆေး စကားပြောကြတာပေါ့”
ချန်ကျန့်က ရှေ့သို့ တစ်လှမ်းတိုးကာ ရှန်ယွီ၏ ဘေးတွင် ရပ်လိုက်သည်။
ရှန်ယွီက အုတ်ခဲတစ်ခဲကို ကောက်ယူကာ ချန်ကျန့်၏ ခြေရင်းသို့ ပစ်ပေးလိုက်သည် ။
“ထိုင်လေ”
“ကျွန်တော် ဆောင့်ကြောင့်ပဲ ထိုင်ပါ့မယ်”
ချန်ကျန့် ဆောင့်ကြောင့်ထိုင်လိုက်သည်။
“ထိုင်ချင်သလို ထိုင်ပါ၊ ဘာပဲဖြစ်ဖြစ် ကောင်းမွန်တဲ့ ခြေထောက်နှစ်ဖက်စလုံးကို အသုံးချသင့်တာပေါ့”
ချန်ကျန့်က ပြုံးလိုက်သော်လည်း အနေရခက်နေဆဲဖြစ်သဖြင့် လမ်းဘေးရှိ ရွှံ့ထဲက ကျောက်ခဲတစ်ခဲကို ကောက်ယူကာ ရှေ့သို့ လှမ်းပစ်လိုက်သည်။
“ငါ့ရဲ့ အရင်က ကုမ္ပဏီကို သူငယ်ချင်းတစ်ယောက်နဲ့ ပူးပေါင်းပြီး ထောင်ခဲ့တာ”
ရှန်ယွီက ချန်ကျန့်ဘက်သို့ လက်ကမ်းပေးလိုက်သည် ။
“သူ့မှာ အတွေ့အကြုံ ပိုရှိတယ်လေ၊ ငါကတော့ သိပ်ပြီး မစီမံခဲ့ပါဘူး”
ချန်ကျန့်သည် သူ၏လက်ကို ကြည့်ကာ ဘာကို ဆိုလိုမှန်း မသိဘဲ ဖြစ်နေသည်။ ခေတ္တမျှ တုံ့ဆိုင်းသွားပြီးမှ သူ တူးထားသော ဒုတိယမြောက် ကျောက်ခဲကို ရှန်ယွီ၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။ ရှန်ယွီသည် ထိုကျောက်ခဲကို လက်ထဲတွင် ဟန်ချက်ညှိပြီးနောက် ရှေ့သို့ ပစ်လိုက်သည်။ ထိုကျောက်ခဲသည် အခြားကျောက်ခဲတစ်လုံးနှင့် ထိမှန်သွားရာ “ချွတ်” ဟူသော အသံမှာ ဝေးလံစွာ ထွက်ပေါ်သွားလေသည် ။
“တော်တယ်မလား”
“ဘာက တော်တာလဲ။ မင်း အလုပ်တွေကို မစီမံခဲ့တာက တော်တာလား”
ချန်ကျန့်မှာ ရှန်ယွီ စကားကို ချက်ချင်း လိုက်မမီချေ။
“ငါက ခုနက မင်းပစ်လိုက်တဲ့ ကျောက်ခဲကို ထိအောင် ပစ်လိုက်တာလေ”
“မဖြစ်နိုင်တာ” ချန်ကျန့်က နောက်တစ်လုံး ထပ်ပစ်လိုက်ပြန်သည် ။
“ဒီလို ကျောက်ခဲတွေ ပြန့်ကျဲနေတဲ့ နေရာမှာ ဘာမှ မမြင်ရပါဘူး။ ကျွန်တော်လည်း အသံထွက်အောင် လုပ်နိုင်တာပဲ”
သူ ပစ်လိုက်သော ကျောက်ခဲမှာမူ “ဗုန်း” ခနဲ ရွှံ့ထဲ ကျသွားသဖြင့် ဘာအသံမှ မထွက်ချေ။
ရှန်ယွီက နောက်တစ်လုံး ထပ်ပစ်လိုက်ပြန်ရာ “ချွတ်” ဟူသော အသံမှာ ထပ်မံ ထွက်ပေါ်လာပြန်သည်။ ရှန်ယွီသည် သူပစ်လိုက်သော ကျောက်ခဲကို တကယ်ထိအောင် ပစ်နိုင်ခဲ့ခြင်း မဟုတ်သော်လည်း၊ ရှေ့တွင် ကျောက်ခဲအကျိုးအပဲ့များစွာ ရှိနေသဖြင့် သူ ပစ်လိုက်တိုင်း ကျောက်ခဲနှင့် ထိမှန်နေခြင်းမှာ တကယ့်ကို အံ့သြစရာပင်။
စကားဝိုင်းမှာ ရှေ့မတိုးတော့ဘဲ ကျောက်ခဲပစ်တမ်း ကစားနေသလို ဖြစ်သွားသည်မှာလည်း တကယ့်ကို ထူးခြားလှသည်။
“မင်းရဲ့ ပါတနာက ဘာလုပ်ခဲ့လို့လဲ”
ချန်ကျန့် ခေါင်းငုံ့ကာ ကျောက်ခဲပေါ်က ရွှံ့တွေကို သုတ်ရင်း စကားလမ်းကြောင်းကို ပြန်လှည့်လိုက်သည်။
“သူက ကုမ္ပဏီနာမည်ကို သုံးပြီးတော့ မတရားနည်းနဲ့ ငွေရှာခဲ့လို့ တိုင်ခံရတာလေ”
ချန်ကျန့်၏ လက်မှာ ရပ်သွားပြီး ရှန်ယွီကို လှည့်ကြည့်လိုက်မိသည်။
“ဘာကြည့်နေတာလဲ။ ငါက ရန်ဖြစ်လို့ ထောင်ကျတယ်လို့ ထင်နေတာလား”
ရှန်ယွီကလည်း သူ့ကို ပြန်ကြည့်လိုက်သည်။
အဲ့ဒီ အခွင့်အလမ်းက မတရား ငွေရှာတာထက် ပိုများပါတယ် ဘော့စ်။
“ဘယ်နှစ်နှစ် ကျခဲ့တာလဲ” ဟု ချန်ကျန့်က မေးလိုက်သည်။
“သုံးနှစ်ပေါ့”
“မင်းရဲ့ ခြေထောက်ဒဏ်ရာနဲ့ ပတ်သက်နေမယ်လို့ ကျွန်တော် ထင်ခဲ့တာ”
“ဘယ်သူက မပတ်သက်ဘူးလို့ ပြောလဲ” ရှန်ယွီက ပြုံးလိုက်သည်။
“ငါ ထောင်ကထွက်ပြီး သုံးလအကြာမှာပဲ ဝိုင်းရိုက်ခံခဲ့ရတာလေ။ မင်းက မပတ်သက်ဘူးလို့ ပြောရင်တော့ ငါက တကယ့်ကို ကံဆိုးတဲ့လူပဲ ဖြစ်ရမယ်”
“ဘာဖြစ်လို့လဲ” ချန်ကျန့် မျက်မှောင်ကြုတ်လိုက်သည်။
“ဒါက လက်စားချေတာဆိုရင်တောင် မင်းက ထိခိုက်မှု မရှိခဲ့တာမှ မဟုတ်တာ၊ မင်းလည်း ထောင်ကျခဲ့တာပဲလေ...”
ရှန်ယွီက စကားမပြောဘဲ ပြုံးနေလေသည်။
“ဘော့စ်က သူ့ကို တိုင်ခဲ့တာလား” ချန်ကျန့်က မေးလိုက်သည်။
“မင်းရဲ့ အကြွေးက ဘယ်လောက်တောင် ကျန်သေးလို့လဲ”
ရှန်ယွီက ထိုမေးခွန်းကို ပြန်မဖြေဘဲ မေးခွန်းထုတ်လိုက်သည်။
“မင်းကတော့ နေ့တိုင်း ပိုက်ဆံအကြောင်းပဲ ခေါင်းထဲမှာ ရှိနေသလိုပဲ”
“တစ်သိန်း ခြောက်သောင်း ခုနစ်ထောင် သုံးရာပါ”
ရှန်ယွီက ခေါင်းလှည့်ကြည့်လိုက်ပြီး ခေတ္တမျှ ငြိမ်သွားသည် ။
“အဲ့ဒီလောက်တောင် တိကျတာလား”
“ကျွန်တော် အိပ်မက်ထဲမှာတောင် အဲ့ဒီဂဏန်းတွေ မြင်နေရတာ။ တကယ့်ကို တိကျပါတယ်”
ရှန်ယွီ သက်ပြင်းအသာအယာ ချလိုက်မိသည်။
ချန်ကျန့်မှာ မိသားစုအကြွေးနှင့် ပတ်သက်ပြီး ထူးထူးခြားခြား ခံစားချက် မရှိတော့ချေ။ အချိန်တွေလည်း အများကြီး ကြာခဲ့သလို၊ သူလည်း အများကြီး ကြုံတွေ့ခဲ့ရပြီးပြီ ဖြစ်သည်။ သို့သော် ရှန်ယွီ၏ အခြေအနေကိုတော့ သူ တကယ်ပင် စိတ်မကောင်း ဖြစ်မိသည်။
“အမှန်အတိုင်း ပြောရရင် မင်းရဲ့ ပါတနာကလေ…မင်းက အဲ့ဒီလိုလူမျိုးနဲ့မှ သူငယ်ချင်းဖြစ်ပြီး အကျိုးတူ လုပ်ခဲ့မိတယ်နော်”
“မင်းက ငါ့ကို ဘယ်လိုလူမျိုးလို့ ထင်နေလို့လဲ။ ငါလိုလူမျိုးရဲ့ ဘေးနားမှာ ဘယ်လို လူကောင်းတွေ ရှိနိုင်မှာလဲ”
မင်းက တကယ့်ကို ပါးနပ်တယ်၊ ဥာဏ်ရှိတယ်၊ ပြီးတော့ မင်းရဲ့ စကားပြောပုံကလည်း မင်း ဘယ်လောက် ဥာဏ်ကောင်းလဲဆိုတာ ပြနေတာပဲ။ မင်း လူရိုက်လည်း တော်မှာ သေချာတယ်...
ချန်ကျန့်က ထိုစကားကို အပြင်ထုတ်မပြောခဲ့ချေ။ ယခု မြင်နေရသော ရှန်ယွီကိုသာ သူ ကြည့်နေမိသည်။ လွန်ခဲ့သော သုံးနှစ်က ရှန်ယွီသည် ဘယ်လိုလူမျိုးလဲဆိုတာ သူ မသိသော်လည်း၊ ချန်တာဟူတောင်မှ ဒူးထောက်ရှိခိုးရလောက်မည့် လူမျိုး ဖြစ်နိုင်ပေသည်။
ထောင်က လူတွေကို တကယ်ပဲ ပြုပြင်ပေးနိုင်တာလား
“သွားကြစို့”
ရှန်ယွီက မတ်တတ်ရပ်ကာ ဘောင်းဘီပေါ်က ဖုန်တွေကို ခါလိုက်သည်။
“ဘော့စ်ရှန်” ချန်ကျန့်လည်း မတ်တတ်ရပ်လိုက်သည် ။
“ခုနက မင်းပြောခဲ့တာလေ... ငါတို့က သူငယ်ချင်းတွေဆိုတာ...”
“ဘာဖြစ်လို့လဲ”
“ကျွန်တော် အနေရခက်မှာ စိုးလို့ ပြောတာလား”
“မင်းက အဲ့ဒီလောက်တောင် အနေရခက်တတ်တဲ့ လူစားမျိုးလား”
ရှန်ယွီ ၏ ထေ့လုံးငေ့ါလုံးတိုင်းကို ချန်ကျန့် ဘာမှ မပြောဖို့ ကျင့်သားရနေပြီ ။
“မဟုတ်ပါဘူး” ရှန်ယွီက ဆိုင်ကယ်ဆီသို့ လျှောက်သွားရင်း ဆိုသည် ။
“ခဏနေရင် ငါ့ခြေထောက်ကို ကိုင်မထားပေးနဲ့တော့၊ ငါ့ခေါင်း သိပ်မကိုက်တော့ဘူး”
“ဒါဆိုရင်တော့ ချန်အဘိုးကြီးက တကယ် အစွမ်းထက်တာပဲ။ သိုအာ့ အဖွားက ခေါင်းကိုက်တိုင်း သူ့ဆီပဲ သွားတာ အံ့သြစရာ မဟုတ်တော့ဘူး”
ချန်ကျန့် ဆိုင်ကယ်ပေါ်တက်လိုက်သည်။ ရှန်ယွီ၏ ရုတ်တရက် ပြောင်းလဲသွားသော စရိုက်ကြောင့် သူ စိတ်ပိုင်းဆိုင်ရာအရ လိုက်မမီသလို ဖြစ်နေသည်။
“အဲ့ဒီဆေးတွေကိုရော စမ်းသောက်ကြည့်ပါလား။ ဘော့စ် တကယ် သက်သာသွားရင် ဘယ်လိုလုပ်မလဲ”
“ခါးတယ်လေ” ရှန်ယွီလည်း ဆိုင်ကယ်ပေါ် တက်လိုက်သည်။
“အသက်အောင့်ပြီး မော့ချလိုက်ပေါ့ ။ တကယ်လို့ ခေါင်းက ထပ်ပြီး ကိုက်လာရင် ဘယ်လိုလုပ်မလဲ”
“ဒါဆိုလည်း သူ့ဆီပဲ ထပ်လာပြီး အနှိပ်ခံမှာပေါ့”
ချန်ကျန့် နောက်လှည့်ကြည့်လိုက်သည် ။
“မင်း ခုနက ဘယ်လောက်တောင် အော်ခဲ့လဲဆိုတာ သိလား။ ကျွန်တော့်လက်ကိုတောင် ချိုးတော့မလို့ပဲ”
“ကြည့်ရအောင်”
ရှန်ယွီ ပြုံးရင်းပြောလိုက်သည်။ ချန်ကျန့် သူ၏ ဘယ်ဘက်လက်ကို မြှောက်ပြလိုက်သည်။ လက်ဖမိုးပေါ်တွင် နီရဲနေသော လက်ချောင်းရာ သုံးခုကို တွေ့လိုက်ရသဖြင့် သူကိုယ်တိုင်ပင် ထိတ်လန့်သွားရသည်။
“တောက်! ဘယ်လိုဖြစ်ပြီး ဒီလောက်တောင် ဖြစ်သွားရတာလဲ”
သူ လက်ကို ပြန်ပွတ်နေမိသည်။ နည်းနည်းပဲ နီမယ်လို့ သူ ထင်ထားခဲ့ခြင်း ဖြစ်သည်။
“မန်နေဂျာချန်ရဲ့ လက်က အဲ့ဒီလောက်တောင် နုနယ်တာလား” ။
“ကျွန်တော်...”
ချန်ကျန့် သက်ပြင်းချလိုက်ပြီး ဘာမှ ထပ်မပြောတော့ချေ။ သူ ဆိုင်ကယ်ကို စနှိုးလိုက်သည်။ ထားလိုက်ပါတော့လေ၊ အဲ့ဒါတွေ ပြောနေလည်း အပိုပါပဲ။ အံ့သြစရာကောင်းသည်မှာ ရှန်ယွီသည် တည်းခိုခန်းသို့ တန်းမပြန်ဘဲ၊ မြို့ထဲက ဈေးတွင် တိုင်းရင်းဆေးကျိုသည့် အိုးလေးတစ်လုံး ဝယ်ပေးရန် ခိုင်းလေသည်။
“ခါးတယ်ဆို” ဟု ချန်ကျန့်က ဆိုသည်။
“စမ်းသောက်ကြည့်တာပေါ့။ တကယ်လို့ ထပ်ကိုက်လာရင် ငါ မင်းရဲ့လက်ကို ချိုးမိမှာ စိုးလို့ပါ”
“နောက်တစ်ခါကျရင် ဆန်းပင်းကိုပဲ ခေါ်သွားပါလား”
“မဖြစ်ဘူး၊ ဆန်းပင်းက ငါ့ဆီကနေ တစ်သောင်းလေးထောင်မှ မယူထားတာ”
ရှန်ယွီမှာ အရာရာကို တိတိကျကျ ခွဲခြားတတ်သူပဲ။
ချန်ကျန့်သည် အရင်က အလုပ်လုပ်ချိန်တွင် ပစ္စည်းဝယ်ခိုင်းခြင်း သို့မဟုတ် အပြင်လွှတ်ခြင်းကို အကြိုက်ဆုံး ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အလုပ်ကနေ ခိုးနားရသလို ခံစားရသောကြောင့် ဖြစ်သည်။ သို့သော် အခု ရှန်ယွီလို ဘော့စ်မျိုးနှင့်ကျတော့ တည်းခိုခန်းကို ပြန်ရောက်သည့်အခါတွင်ပင် စိတ်ပူနေမိဆဲ ဖြစ်သည်။
“မန်နေဂျာကို ပြောလိုက်ဦး” သူတို့ ဆိုင်ကယ်နှင့် ဝင်းထဲသို့ ဝင်ဝင်ချင်းမှာပင် ဆန်းပင်းက ချန်ကျန့်ကို လက်ညှိုးညွှန်ပြကာ လှမ်းအော်လိုက်သည်။
“မန်နေဂျာ... အပြင်နံရံနဲ့ ခြံစည်းရိုး ပြင်မယ့်လူတွေ ရောက်နေပြီ”
“ဟုတ်ကဲ့”
ချန်ကျန့်က ပြန်ပြောလိုက်ပြီး၊ ရှန်ယွီ ဆင်းသွားပြီးနောက် ဆိုင်ကယ်ကို နံရံဘေးတွင် ရပ်လိုက်သည်။ ဆန်းပင်းကတော့ ရှန်ယွီ ချီးကျူးထိုက်သူ ဖြစ်ပေသည်။ သူသည် ယခုအခါ ရှန်ယွီကို “ဘော့စ်” ဟု မခေါ်တော့ဘဲ၊ ချန်ကျန့်ကိုလည်း “မန်နေဂျာ” ဟု ခေါ်ရန် မှတ်မိနေလေပြီ။
“ငါ အရင်ဝင်နှင့်မယ်”
ဘော့စ်ဖြစ်သူသည် ဆေးထုပ်နှင့် အိုးကို ကိုင်ကာ၊ ချိုင်းထောက်ကိုပင် သိပ်မသုံးတော့ဘဲ အိမ်ထဲသို့ ခုန်ဆွခုန်ဆွနှင့် ဝင်သွားတော့သည်။
“ကျန်တာတွေကတော့ လွယ်ပါတယ်”
ချန်ကျန့်သည် အလုပ်သမားများကို ဝင်းအပြင်ဘက်သို့ ခေါ်ဆောင်သွားလေသည်။ ဝင်းထရံမှာ နံရံတစ်ပိုင်း၊ ခြံစည်းရိုးတစ်ပိုင်း ဖြစ်နေလေသည် ။
“ဒီ သစ်သားအပိုင်းတွေကို အကုန်လဲရမယ်။ မင်းတို့ ဘော့စ်ကိုလည်း ကျွန်တော် အရင်က ပြောထားပြီးသားပါ”
“ဟုတ်ကဲ့၊ သစ်သားတွေ ယူလာပြီးပါပြီ။ အတွင်းနံရံကိုတော့ မူလအရောင်အတိုင်းပဲ ပြန်သုတ်ရမှာ မဟုတ်လား”
“အရောင်ကတော့ ကွက်တိတူဖို့ လိုမယ်နော် ။ ဒီနံရံက အဖြူရောင်စစ်စစ် မဟုတ်ဘူးလေ”
“သိပါတယ်၊ ဘော့စ်ဖုန်းက အရင်ကတည်းက အရောင်စပ်ထားပြီးသားပါ။ မနက်ဖြန် သူကိုယ်တိုင် လာပြီး အရောင်စပ်ပေးပါလိမ့်မယ်”
“ကောင်းပြီလေ” ချန်ကျန့် ခေါင်းညိတ်ပြလိုက်သည် ။
“စလုပ်ကြတော့။ တစ်ခုခု ရှိရင် ကျွန်တော့်ကို လှမ်းခေါ်လိုက်ပါ”
ချန်ကျန့် အထဲသို့ ဝင်လာခဲ့သည်။ ရှန်ယွီမှာ ပထမထပ်တွင် မရှိတော့ချေ။ သူသည် ဓာတ်လှေကားဆီသို့ လျှောက်သွားကာ၊ ရှန်ယွီကို ဆိုင်းဘုတ်အသစ်အတွက် ဘယ်လို စာလုံးပုံစံမျိုး လိုချင်သလဲဆိုတာ သွားမေးရန် ပြင်လိုက်သည်။
“မန်နေဂျာ” ဘားနောက်တွင် ရပ်နေသော ဟူဖန်က သူ့ကို လှမ်းခေါ်လိုက်သည်။
“ဟင်” ချန်ကျန့် လှည့်ကြည့်လိုက်သည်။
“ကဖေးဆိုင်ကိစ္စလေ” ဟူဖန်က ကောင်တာပေါ်တွင် တံတောင်ဆစ် ထောက်ထားရင်း…
“ကျွန်မကို မှာခဲ့တဲ့အတိုင်းပဲလား” ဟု အတည်ပြုမေးမြန်းသည်။
“ကဖေးဆိုင်ထဲက ပစ္စည်းတွေကို စာရင်းလုပ်လိုက်ဦး၊ သုံးလို့ရတာနဲ့ မရတာ ခွဲလိုက်ပေါ့ ။ ပြီးတော့ ဘာတွေ လိုအပ်လဲဆိုတာ ကြည့်လိုက်ဦး။ ကော်ဖီစက်တွေ၊ ကော်ဖီစေ့တွေနဲ့ တခြား ပစ္စည်းတွေပေါ့။ ပြီးရင် ကျွန်တော့်ကို စာရင်းပေးပါ၊ ကျွန်တော် သွားဝယ်ပေးမယ်”
“ဟုတ်ကဲ့” ဟူဖန် ခေါင်းညိတ်ပြသည်။
သူမ ကြည့်ရသည်မှာ အလွန်ပင် ဝမ်းသာနေပုံရသည်။
“ဟို... ဖန်ဖန်” ချန်ကျန့် ဘေးဘီကို ကြည့်လိုက်ရာ ဘယ်သူမှ မရှိသဖြင့်…
“တကယ်လို့ မင်း လိုအပ်တယ်ဆိုရင်တော့ အစမ်းခန့်ကာလ လစာကို ကြိုထုတ်ပေးလို့ ရတယ်နော်”
“တကယ်လား” ဟူဖန် သူ့ကို ကြည့်လိုက်သည်။
“အင်း” ချန်ကျန့် ခေါင်းညိတ်ပြလိုက်သည်။
“ဘော့စ်က သဘောတူပါ့မလား”
“ဘော့စ်ကိုယ်တိုင်ပဲ မင်းကို မေးခိုင်းလိုက်တာပါ”
ဟူဖန် ဘာမှ မပြောဘဲ သူ့ကို စိုက်ကြည့်နေသည်။ စက္ကန့်အနည်းငယ်အတွင်းမှာပင် သူမ၏ မျက်လုံးများထဲတွင် မျက်ရည်များ ပြည့်လျှံလာတော့သည်။
“ဟေး... ဘာဖြစ်လို့လဲ” ချန်ကျန့် လန့်သွားသည်။ သူ အိတ်ထဲတွင် တစ်ရှူးရှိမရှိ ရှာကြည့်သော်လည်း မတွေ့သဖြင့်၊ စားပွဲပေါ်က တစ်ရှူးဗူးထဲမှ တစ်ရှူးအချို့ကို အမြန်ဆွဲထုတ်ကာ သူမကို ကမ်းပေးလိုက်သည် ။
“ဘာဖြစ်လို့လဲ”
“ကျေးဇူးတင်ပါတယ်” ဟူဖန် တစ်ရှူးကို ယူကာ မျက်လုံးတွင် ဖိထားရင်း…
“တကယ်ကို ကျေးဇူးတင်ပါတယ်”
“မငိုပါနဲ့၊ မငိုပါနဲ့” ချန်ကျန့်ပင်လျှင် အနည်းငယ် ထိတ်လန့်သွားသည်။
“မင်းမှာ အခက်အခဲရှိရင် အားလုံးက ကူညီပေးကြမှာပါ။ ပြီးတော့ ဒီပိုက်ဆံက မင်းရဲ့ လုပ်အားခပဲလေ”
“အင်း” ဟူဖန် ခေါင်းကို အပြင်းအထန် ညိတ်ပြလေသည်။
ချန်ကျန့် သက်ပြင်းချလိုက်မိသည်။ သူမ အဆင်ပြေသွားပြီဟု ထင်လိုက်သော်လည်း၊ သူမ တစ်ရှူးကို ဖယ်ပြီး မော့ကြည့်လိုက်သည့်အခါတွင်မူ အားရပါးရ အော်ငိုလေတော့သည်။
“ဘာဖြစ်လို့လဲ!” ချန်ကျန့်မှာ သူမ၏ ပါးစပ်ကို လှမ်းပိတ်ချင်လောက်အောင်ပင် လန့်သွားရသည်။
“ကျွန်မ နောက်ဆုံးတော့ ခေါင်းဆောင်ကောင်းတစ်ယောက်နဲ့ တွေ့ရပြီ... အား...”
ဟူဖန်က အားရပါးရ ငိုနေတော့သည်။
“မင်း... အဲ့ဒါက...” ချန်ကျန့် ကြည့်လိုက်ရာ - “မင်းရဲ့ မျက်လုံးတွေက...”
“ကျွန်မရဲ့ မိတ်ကပ်တွေ ပျက်ကုန်ပြီလား” ဟူဖန်က ငိုသံပါကြီးဖြင့် မေးသည်။
“ဟုတ်တယ်” ချန်ကျန့်က ဆိုသည် ။
“မင်းရဲ့ မျက်တောင်ကော့ဆေးတွေ တစ်မျက်နှာလုံး ပေကုန်ပြီ”
“အား...” ဟူဖန် မျက်ရည်တွေကို သုတ်ရင်း အိမ်သာဘက်သို့ ပြေးသွားတော့သည်။
“ကျွန်မ သွားဆေးလိုက်ဦးမယ်... အား...”
ဟူဖန်၏ ထိုမျှလောက် ပြင်းထန်သော တုံ့ပြန်မှုကြောင့် ချန်ကျန့်မှာ ကြောင်အနကနေ ရှန်ယွီ၏ ရုံးခန်းထဲသို့ ဝင်လာခဲ့သည်။
“ဘာဖြစ်လို့လဲ” ရှန်ယွီက မေးသည်။
“ဟူဖန်ကို လစာကြိုထုတ်ပေးမယ့် ကိစ္စ ပြောလိုက်တာ… ငိုချလိုက်တာ၊ အားရပါးရကို ငိုနေတာပဲ”
“ကြည့်ရတာ ဖန်ဖန်လည်း ဒီရက်ပိုင်းမှာ အခက်အခဲတွေ အများကြီး ကြုံခဲ့ရပုံပဲ။ အဲ့ဒါတွေကို အောင့်ထားခဲ့တာ ဖြစ်မှာပေါ့” ရှန်ယွီက စားပွဲနောက်တွင် ထိုင်နေရင်း ဆိုသည်။
“ဝအောင် ငိုခိုင်းလိုက်ပါ၊ အဲ့ဒါမှ စိတ်ပေါ့သွားမှာပေါ့”
“ဟုတ်ကဲ့”
ရှန်ယွီ ပြောမှ ချန်ကျန့်လည်း ဟူဖန်၏ တုံ့ပြန်မှုကို နားလည်သွားတော့သည်။ ထိုသို့သော ငိုခြင်းမျိုးမှာ အချိန်အကြာကြီး ဖိနှိပ်ခံထားရပြီးမှ နောက်ဆုံးတွင် အားကိုးရာတစ်ခု တွေ့သွားချိန်တွင် ပေါက်ကွဲထွက်လာခြင်း ဖြစ်ပေသည်။
ထိုခံစားချက်မျိုးကို သူလည်း ကြုံဖူးသည်၊ သို့သော် သူကတော့ မငိုခဲ့ရုံသာ ရှိသည်။
သူ ရှန်ယွီကို လှမ်းကြည့်လိုက်မိသည်။ သူ၏ ဘော့စ်မှာ လူအကဲခတ် တကယ်ကို တော်လွန်းလှသည်ဟု သူ တွေးနေမိသည်။
“ကျန်ချန့် … မင်း ထမင်း စားပြီးပြီလား”
“ကျောက်ကျဲတောင် ဈေးကနေ ပြန်မရောက်သေးပါဘူး။ ခဏနေရင် ကျွန်တော် မင်းအတွက် ဆေးကျိုပေးမယ်လေ”
“ဗိုက်ဆာနေတုန်း တိုင်းရင်းဆေး သောက်ရမယ် ဟုတ်လား!” ရှန်ယွီက ဆိုသည်။
“အဲ့ဒီ စကားနှစ်ခွန်းက ဘာမှ ဆက်စပ်မှု မရှိပါဘူးဘေ့ာစ်ရေ…အောက်ထပ်မှာ ဧည့်သည်တွေအတွက် ပေါင်မုန့်လေးတွေ ရှိတယ်လေ။ ဗိုက်ဆာရင် ကျွန်တော် သွားယူပေးမယ်”
“သိပ်တော့ မဆာပါဘူး ။ ဘာကိစ္စ ရှိသေးလို့လဲ”
“ခဏနေရင် အလုပ်သမားတွေက ‘ကျန့်ရှီး’ ဆိုတဲ့ စာလုံးတွေကို ဖျက်ကြတော့မှာ…‘တာယွင်’ ဆိုတဲ့ ဆိုင်းဘုတ်အတွက်လည်း လူရှာပြီးပါပြီ။ သူတို့က စာလုံးပုံစံ လိုချင်တယ်တဲ့”
“ငါ ရေးထားပြီးသားပါ” ရှန်ယွီက ဆိုသည်။
“ဘော့စ်ကိုယ်တိုင် ရေးစရာ မလိုပါဘူး၊ စာလုံးက နှစ်လုံးတည်းပဲလေ။ ဘယ်လိုပုံစံမျိုး လိုချင်တာလဲ၊ စာလုံးပုံစံလား ဒါမှမဟုတ် ပြောင်းလဲထားတာမျိုးလား။ ဒါမှမဟုတ် သူတို့ကိုပဲ ပုံစံအချို့ ဆွဲခိုင်းလိုက်မလား၊ ကြိုက်တာ ရွေးဖို့အတွက်လေ”
“ချန်းယွီက အရင်က အဲ့ဒီလိုပဲ လုပ်ခဲ့တာလား” ရှန်ယွီက မေးသည်။
“သူကတော့ အဲ့ဒီအတွက် ဒီဇိုင်နာ သီးသန့်ရှိတာလေ။ အခုက အချိန်သိပ်မရှိတော့သလို... ပြီးတော့...”
“ငါတို့မှာ ပိုက်ဆံ မရှိဘူးလေ”
ကျွန်တော် အဲ့ဒီလို မပြောပါဘူး။ ချန်ကျန့် ဘာမှ မပြောဘဲ နေလိုက်သည်။
“ငါ ရေးထားပြီးသားပါလို့” ရှန်ယွီက ထပ်ပြောကာ အခန်းထဲသို့ ဝင်သွားသည်။ “
ဒါက ချန်းယွီ အရင်က ကြွားဝါဖို့အတွက် ထားခဲ့တဲ့ ပစ္စည်းတွေထဲက ရလာတဲ့ စိတ်ကူးပဲ”
ခဏအကြာတွင် သူသည် စာရွက်လိပ်တစ်ခုကို ကိုင်ကာ ထွက်လာခဲ့သည်။
“ဟင်။” ချန်ကျန့် ကြောင်သွားရသည်။
“ဒါကိုပဲ ပြလိုက်၊ ဒီအတိုင်းပဲ လုပ်ခိုင်းလိုက်ပါ။ တခြား အပြင်အဆင်တွေ ဘာမှ မလိုဘူး၊ ဒီစာလုံး နှစ်လုံးပဲ။ မူလအတိုင်း အရွယ်အစားနဲ့ အနက်ရောင်ပဲ ဖြစ်ရမယ်”
ရှန်ယွီက စာရွက်ကို စားပွဲပေါ် ဖြန့်ပြလိုက်သည်။
ချန်ကျန့်သည် စာရွက်ပေါ်ရှိ “တာ့ယွင် (大隐)” ဆိုသည့် စာလုံးကြီးများကို ငေးကြည့်နေမိသည်။
ခဏအကြာမှ သူက မေးလိုက်သည် ။
“ဒါကို မင်းကိုယ်တိုင် ရေးထားတာလား”
“အင်း”
“မင်း ရေးထားတာ ဟုတ်လား။ တကယ်ကြီး မင်းကိုယ်တိုင်... မင်းရဲ့လက်နဲ့ ကိုင်ပြီး ရေးတာလား...”
“မဟုတ်ပါဘူး၊ ငါက ပါးစပ်နဲ့ ကိုက်ပြီး ရေးတာလေ”
ရှန်ယွီက ပြန်နောက်လိုက်သည်။
“မင်း လက်ရေးက တကယ်လှတာပဲ ။ မင်း စာလုံးအလှရေးနည်း သင်ခဲ့ဖူးတာလား”
“ရက်အနည်းငယ်လောက်တော့ သင်ဖူးပါတယ်။ ဒါက သိပ်တော့ မကောင်းပါဘူး၊ ရိုးရိုးရှင်းရှင်းပါပဲ။ ဒါပေမဲ့ မင်းကို ကြွားဖို့အတွက်တော့ လုံလောက်ပါတယ်”
“ဒီညနေကျရင် မြို့ထဲကို သွားပို့လိုက်ပါ့မယ်”
ချန်ကျန့်က စာရွက်ကို ပြန်လိပ်လိုက်သည်။
“အင်း ။ မနေ့က ရိုက်ထားတဲ့ ဗီဒီယိုကို ငါ့ဆီ ပို့ပေးပါဦး၊ သက်သေအဖြစ် သိမ်းထားရမယ်”
“ဟုတ်ကဲ့” ချန်ကျန့် ဖုန်းကိုထုတ်၊ သော့ဖွင့်လိုက်ပြီးမှ ခဏမျှ တန့်သွားသည် ။
“မင်းဆီကို ဘယ်လို ပို့ရမှာလဲ”
“Email နဲ့ ပို့လိုက်ပါ”
ချန်ကျန့်က WeChat ကနေ ဘာလို့ မပို့တာလဲလို့ မေးချင်သော်လည်း မမေးတော့ချေ။ သူငယ်ချင်းတွေ ဖြစ်သွားပြီဆိုပေမဲ့လည်း ခုနက ကိစ္စတွေကို ပြောပြီးကာစမှာ ထပ်ပြီး မေးခွန်းတွေ မေးနေရတာက အားနာစရာ ဖြစ်နေသောကြောင့်တည်း။ ရှန်ယွီကို အီးမေးလ်လိပ်စာ ရေးခိုင်းလိုက်သည် ။
“မင်းက ဘာဖြစ်လို့ အသံမပါတဲ့ ဗီဒီယိုကိုမှ သီးသန့် ရိုက်ခိုင်းရတာလဲ”
“တကယ်လို့ ဒီဗီဒီယိုကို သက်သေအဖြစ် ပေးရတဲ့အခါမျိုးမှာ သုံးဖို့လေ”
ရှန်ယွီက ဖုန်းပေါ်တွင် စာကို မြန်မြန် ရိုက်နေရင်း ရှင်းပြသည် ။
“ငါ့လူတွေက လက်စားချေဖို့ အော်ဟစ်နေတာကို သူများတွေကို မကြားစေချင်ဘူးလေ၊ အဲ့ဒါဆိုရင် နောင်ကျရင် ဖြစ်လာမယ့် ကိစ္စတွေမှာ ငါတို့က နောက်ကွယ်က ရှိနေတယ်လို့ သိသာသွားမှာပေါ့”
“သြော် ...” ချန်ကျန့်မှာ အံ့အားသင့်သွားရသည်။ ထိုအချက်ကို သူ လုံးဝ မစဉ်းစားခဲ့မိချေ။
“ပြီးတော့ အဲ့ဒီအချိန်မှာ သူတို့ကို ပါးစပ်ပိတ်ခိုင်းလိုက်တာက ချန်အာဟူကိုလည်း စိတ်အေးသွားအောင် အချိန်ပေးလိုက်တာမျိုးပေါ့”
ရှန်ယွီက ဖုန်းကို ပြန်ပေးလိုက်သည်။ ချန်ကျန့် သက်ပြင်းချလိုက်သည်။
“ဒါပေမဲ့ သူကတော့ တော်တော်လေးကို ဒေါသထွက်နေတုန်းပဲ”
“စမ်းကြည့်တာပဲလေ၊ ဘာပဲဖြစ်ဖြစ်”
ရှန်ယွီက ကုလားထိုင်ပေါ်တွင် ပြန်ထိုင်ကာ သူ၏ ဘယ်ဘက်ခြေထောက်ကို စားပွဲပေါ်သို့ ဖြည်းဖြည်းချင်း တင်လိုက်သည်။
“ငါတို့ မန်နေဂျာ ပြောသလိုပေါ့... တတ်နိုင်သလောက် ကူညီပေးရတာပေါ့”
Comments
Post a Comment