အပိုင်း (၂၁)
ချန်ကျန့်သည် ဟူဖန်အား ပိုင်ရှင်များကို လိုက်လံပြသပေးရန် အမြန်မှာကြားလိုက်ပြီးနောက်၊ ပိုင်ရှင်များကို တောင်းပန်စကားဆိုကာ လှေကားထပ်ဆီသို့ ဦးတည်သွားတော့သည်။
ဟူဖန်သည် ပါးနပ်သူပီပီ အောက်ထပ်တွင် တစ်ခုခုဖြစ်နေပြီမှန်း ခန့်မှန်းမိလိုက်သည်။ သူမသည် ပိုင်ရှင်များကို တတိယထပ်ရှိ အားကစားခန်းမသို့ ချက်ချင်းပင် လမ်းကြောင်းလွှဲကာ ခေါ်ဆောင်သွားလေသည်။
ချန်ကျန့်သည် လှေကားမှ ဖြည်းဖြည်းချင်း ဆင်းသွားရာမှ ရုတ်တရက် အရှိန်မြှင့်ကာ ပြေးဆင်းသွားတော့သည်။ လှေကားတစ်ထစ်ချင်းစီကို နှစ်လှမ်းတည်းနှင့် ကျော်ဖြတ်ကာ အသည်းအသန် ဆင်းလာခဲ့သည်။ ချန်တာဟူ ရောက်လာခြင်းမှာ တခြားအချိန်ဆိုလျှင် သူ့ကို ဤမျှလောက် မတုန်လှုပ်စေသော်လည်း၊ ယနေ့သည် တာယွင်တည်းခိုခန်း၏ ဖွင့်ပွဲနေ့ဖြစ်သဖြင့် ဘာမှ အမှားအယွင်း အဖြစ်မခံနိုင်ချေ။
သို့သော် ချန်တာဟူသည် ဤကဲ့သို့သော နေ့မျိုးကို ရွေးချယ်လာခြင်းမှာ ပြဿနာရှာရန် ရည်ရွယ်ချက်ရှိရှိ လာခြင်းဖြစ်ကြောင်း သိသာလှသည်။
ချန်အာဟူသည် သူ၏အစ်ကို ယနေ့လာမည်ကို သိထားပုံမရ။ သူနှင့် ဆန်းပင်းတို့လူစုသည် ဤဆိုင်အတွက် အတွင်းအပြင် အစွမ်းကုန် ကြိုးစားပေးထားကြရာ၊ သူ၏အစ်ကို တစ်ခုခုလုပ်မည်ဆိုလျှင် ချန်အာဟူက လျှို့ဝှက်ထားမည် မဟုတ်ပေ။
ယုတ်မာလိုက်တာ။
လှေကားမှ ဆင်းလာစဉ် ချန်ကျန့်၏ ဒေါသမှာ တောက်လောင်နေဆဲ ဖြစ်သည်။
သူသည် ပိုက်ဆံအတွက်ရော၊ လက်ဆုပ်လက်ကိုင်ပြနိုင်သော မျှော်လင့်ချက်တစ်ခုအတွက်ပါ ဤဆိုင်တွင် စွမ်းအင်တွေ အများကြီး ရင်းနှီးထားခဲ့သည်လေ။ ကျောက်ကျဲ၊ ဟူဖန်နှင့် ဆန်းပင်းတို့လည်း ထိုခံစားချက်မျိုး ရှိနေကြပေလိမ့်မည်။ ဆိုင်ထဲက လုပ်ဖော်ကိုင်ဖက် အားလုံးသည် ဤနေရာကိုသာ အားကိုးနေကြခြင်း ဖြစ်သည်။
ဒီလောက် ဝမ်းသာစရာကောင်းတဲ့ ဖွင့်ပွဲနေ့မှာ ဘယ်ကောင်ကများ ပြဿနာလာရှာရဲတာလဲ ကြည့်ရသေးတာပေါ့! ဘယ်ကောင်ကများ ဒီနေရာကို ကံမကောင်းအောင် လုပ်ချင်နေတာလဲ ကြည့်ရသေးတာပေါ့။ ဒီနေ့ ပြဿနာလာရှာတဲ့လူကို ရိုက်မယ်၊ ဘော့စ်ကိုယ်တိုင် ပြဿနာရှာရင်တောင် သူ့ကိုပါ ရိုက်ပစ်မယ်!
ချန်ကျန့် ပထမထပ်သို့ ပြေးဆင်းလာသည့်အခါ အခြေအနေမှာ တင်းမာနေပြီ ဖြစ်သည်။ အခြားဆိုင်များမှ ဝန်ထမ်းများမှာ ထိုင်သူထိုင်၊ ရပ်သူရပ်နှင့် စားသောက်ခန်းထဲတွင် စုဝေးနေကြသည်။ ဘယ်သူမှ ပွဲကြည့်နေသည့်ပုံစံ အတိအကျ မပြသော်လည်း အားလုံးက သည်ဘက်ကိုသာ စိုက်ကြည့်နေကြသည်။ သူများပြဿနာကို လစာရရင်းနဲ့ ပွဲကြည့်ရတာ တကယ့်ကို အမြတ်ပဲပေါ့။
ချန်တာဟူသည် မြို့ဟောင်းက လူမိုက်ပုံစံပေါက်သော နောက်လိုက်နှစ်ယောက်နှင့်အတူ ဘားကောင်တာတွင် အေးအေးဆေးဆေး ဆေးလိပ်သောက်နေသည်။ ဤသို့ တည်ငြိမ်နေသော အမူအရာမှာ ဝင်းထဲတွင် ဖဲကစားနေတတ်သော သူ၏ညီဖြစ်သူထက် ပို၍ အထာကျလှသည်။
အနည်းဆုံးတော့ သူက ဆေးလိပ်သောက်ရင်း မီးခိုးကွင်းလေးတွေ မှုတ်ထုတ်နေသေးသည်လေ။
သို့သော် သူ၏ မျက်နှာချင်းဆိုင်တွင် ဝှီးချဲပေါ်၌ တည်ငြိမ်စွာ ထိုင်နေသော ရှန်ယွီနှင့် နှိုင်းယှဉ်လျှင်မူ သူက အများကြီး နိမ့်ကျနေဆဲ ဖြစ်သည်။ ရှန်ယွီမှာမူ မလိုအပ်သော အပိုလှုပ်ရှားမှုများပင် မရှိဘဲ ထိုင်နေခြင်း ဖြစ်သည်။
“ဘာလို့ ဆင်းလာတာလဲ” ချန်ကျန့်ကို မြင်သည်နှင့် ရှန်ယွီက တန်းမေးလေသည်။
“လာကြည့်တာပါ” ချန်ကျန့်က အသံတိုးတိုးဖြင့် ပြန်ဖြေလိုက်သည်။ သူသည် ရှန်ယွီနားသို့ မသွားဘဲ ဘားကောင်တာရှိ ချန်တာဟူ၏ ရှေ့သို့ တန်းသွားကာ စိုက်ကြည့်နေလိုက်သည်။
ချန်တာဟူက ချန်ကျန့်၏ မျက်နှာသို့ ဆေးလိပ်ငွေ့ကို မှုတ်ထုတ်လိုက်ရင်း
“မန်နေဂျာချန်... အခုတော့ တော်တော်လေး ဟန်ကျနေပြီပေါ့ ဟုတ်လား” ဟု ထေ့သည်။
“ဘာကိစ္စရှိလို့လဲ” ချန်ကျန့်က မလှုပ်မယှက် ရှိနေသည်။
“ဒါက ငါနဲ့ ဘော့စ်ရှန်တို့ ကြားက ကိစ္စပါ” ချန်တာဟူ ဘားကောင်တာကို မှီလိုက်ရင်း ဆိုသည်။
“မင်းနဲ့ ဘာမှမဆိုင်ဘူး။ ပြဿနာကို လိုက်မရှာနဲ့၊ မဟုတ်ရင် မင်းပဲ ပြဿနာတက်လိမ့်မယ်”
“ခင်ဗျား ခုနက ကျွန်တော့်ကို ဘယ်လို ခေါ်လိုက်တာလဲ” ချန်ကျန့်က မေးသည်။
“မန်နေဂျာချန် လို့ ခေါ်တာလေ၊ ဘာဖြစ်လို့လဲ” ချန်တာဟူ သူ့ကို ကြည့်လိုက်သည်။
“ဒါဆိုရင် ခင်ဗျားပြောသလိုပဲ ကျွန်တော်က ဒီနေရာရဲ့မန်နေဂျာပေါ့။ တကယ်လို့ ခင်ဗျားက ရှန်ယွီနဲ့ ပြဿနာရှာချင်တယ်ဆိုရင် ကျွန်တော့်နေရာမှာတော့ မလုပ်ပါနဲ့”
ချန်တာဟူ ကြောင်သွားရသည်။ ရှန်ယွီလည်း ခဏတန့်သွားပြီး၊ ဝှီးချဲ လက်ကိုင်ပေါ်တွင် တံတောင်ဆစ်ထောက်ကာ လက်ချောင်းများဖြင့် နားထင်ကို ထောက်ထားရင်း ရယ်ချင်စိတ်ကို အောင့်ထားလိုက်ရသည်။ မန်နေဂျာ၏ ကျိုးကြောင်းပြချက်က တကယ့်ကို အာဏာရှင်ဆန်လှသည်။ ပြတ်သားလှပါ၏။
“ချန်ကျန့်... ဒီအစ်ကိုနဲ့တော့ ဂိမ်းကစားချင်မနေနဲ့ ။ ဒီနေ့တော့ ငါ့ညီမျက်နှာကို ထောက်ထားလို့ မင်းကို လွှတ်ပေးထားတာ ။ အရမ်းကြီး ဘောင်မကျော်နဲ့” ဟူ၍ ချန်တာဟူက ထပ်ဟန့်သည်။
“ထွက်သွားပါ”
ချန်ကျန့်က လည်း မလျှော့။ မောင်းပင်ထုတ်နေသေး၏။
မန်နေဂျာက ချန်တာဟူရော၊ ဘော့စ်ကိုပါ အပြင်ကို မောင်းထုတ်တော့မလို့လား။ ရှန်ယွီသည် ချန်ကျန့်၏ ကျောပြင်ကို ကြည့်ကာ မျက်ခုံးပင့်လိုက်မိသည်။ ထိုကျောပြင်တွင် တကယ်ပင် လူသတ်ချင်စိတ် အရှိန်အဝါများ ထွက်ပေါ်နေသလို ခံစားရသောကြောင့်တည်း။
ချန်တာဟူက လှောင်ပြုံးပြုံးသော်လည်း မလှုပ်မယှက် ရှိနေဆဲ ဖြစ်သည်။
ချန်ကျန့် ခေါင်းလှည့်ကာ ရှန်ယွီကို တစ်ချက် ကြည့်လိုက်သည်။ ချန်အာဟူနှင့် ဆန်းပင်းတို့ လူစုမှာ ရှန်ယွီ၏ ဘေးတွင် ရပ်နေကြလေသည်။ ချန်အာဟူ၏ မျက်နှာပေါ်တွင် ပုံမှန် မြင်နေကျ မာန်မာနများ ပျောက်ကွယ်နေပြီး၊ စိုးရိမ်စိတ်နှင့် ထိတ်လန့်မှုများသာ တွေ့ရသည်။ ဘယ်လိုပဲဖြစ်ဖြစ် သူသည် ငယ်ငယ်ကတည်းက သူ့ကို ဂျင်တစ်ခုလို ကိုင်ပေါက်ခဲ့သော ချန်တာဟူနှင့် ရင်ဆိုင်နေရသည် မဟုတ်လား။ ယခု သူ၏လူများနှင့်အတူ ဤနေရာတွင် ခိုင်မာစွာ ရပ်တည်နေနိုင်ခြင်းမှာပင် သူ၏ သဘောထားကို ပြသရာ ရောက်နေပြီ။
ချန်ကျန့်က အရင် လက်မပါချင်သော်လည်း ချန်တာဟူကတော့ လိုက်လျောမည့်ပုံ မပေါ်ချေ။ ဒီအတိုင်းသာ ဆက်သွားနေလျှင် ရလဒ်ကတော့ အတူတူပင် ဖြစ်ပေလိမ့်မည်။ ချန်ကျန့် နောက်လှည့်ကြည့်လိုက်ခြင်းမှာ ရှန်ယွီအတွက် မဟုတ်ဘဲ ချန်အာဟူနှင့် ဆန်းပင်းတို့အတွက် ဖြစ်သည်။
ဆန်းပင်းက ချန်အာဟူထက် အရင်ဦးဆုံး လှုပ်ရှားကာ ချန်ကျန့်၏ ဘေးသို့ လျှောက်လာခဲ့သည်။ ချန်အာဟူသည် တစ်စက္ကန့်ခန့် တုံ့ဆိုင်းသွားပြီးမှ သူလည်း လိုက်ပါလာခဲ့သည်။ လောင်စစ်နှင့် လောင်ဝူတို့ပါ ရှေ့သို့ တိုးလာကြသည့်အခါ ရှန်ယွီ သက်ပြင်းချလိုက်ပြီး၊ သူ၏ ခေါက်ချိုင်းထောက်ဖြင့် ချန်အာဟူ၏ ကျောကို လှမ်းတို့လိုက်သည်။ ချန်အာဟူ ရပ်သွားပြီး နောက်သို့ လှည့်ကြည့်သည်။
“ချန်တာဟူ... ဟုတ်တယ်မလား”
ရှန်ယွီက ချန်တာဟူကို ကြည့်ကာ ပြောလိုက်သည်။ ဤသည်မှာ ချန်တာဟူ ဝင်လာကတည်းက ရှန်ယွီ၏ ပထမဆုံး ထွက်လာသော စကား ဖြစ်ပေလိမ့်မည်။
“လူအလိုလို လာလုပ်မနေနဲ့”
ချန်တာဟူလည်း ကိုယ်ကို လှည့်ကာ ရှန်ယွီနှင့် မျက်နှာချင်းဆိုင်လိုက်သည်။
“ငါက စကားကို လှည့်ပတ်ပြောရတာ မကြိုက်ဘူး။ ဒီနေ့ ငါ ဘာလို့ လာလဲဆိုတာ မင်း သိမှာပါ”
“စကားကို လှည့်ပတ်ပြောရတာ မကြိုက်ဘူးဆိုရင်လည်း။ ဒီအတိုင်းပဲ မတ်တတ်ရပ်မနေနဲ့။ ပြောချင်တာကို တိုက်ရိုက်သာ ပြောစမ်းပါ”
ရှန်ယွီ၏ တဲ့တိုးအပြောကြောင့် ချန်တာဟူ၏ နှုတ်ခမ်းမှာ တလှုပ်လှုပ် ဖြစ်သွားသည်။ နောက်တစ်စက္ကန့်တွင် သူသည် ဘားကောင်တာပေါ်က ဖန်ခွက်တစ်ခုကို ဆွဲယူကာ မြေပြင်ပေါ်သို့ ပစ်ပေါက်လိုက်တော့သည်။
ချန်ကျန့်သည် သည်လူ၏အကြောင်းကို အနည်းငယ် သိထားသည်။ သူ၏နှုတ်ခမ်း တလှုပ်လှုပ် ဖြစ်သွားသည့် အချိန်ကတည်းက သူ၏လက်ကို စောင့်ကြည့်နေခဲ့ခြင်း ဖြစ်သည်။ သူ၏လက် မြှောက်လိုက်သည့် အခိုက်အတန့်မှာပင် ချန်ကျန့်က အောက်ကနေ လှမ်းပိတ်လိုက်သည်။
ချန်တာဟူ၏ ဖန်ခွက်ခွဲမည့် အရှိန်မှာ ပျက်ပြားသွားရသည်။ သူ၏လက်မှာ ချန်ကျန့်၏ လက်မောင်းနှင့် တိုက်မိသွားပြီး ဖန်ခွက်မှာ လက်ထဲမှ ချော်ကျသွားလေသည်။ မြေပြင်ပေါ်သို့ ကျသည့်အခါ ချန်ကျန့်က သူ၏ခြေထောက်ဖြင့် ခံလိုက်သဖြင့် ဖန်ခွက်မှာ မကွဲဘဲ ဘေးသို့ လိမ့်သွားတော့သည်။
“ဝင်မရှုပ်နဲ့!”
ချန်တာဟူ ချက်ချင်းပင် ပေါက်ကွဲသွားတော့သည်။ သူ၏လက်ညှိုးမှာ ချန်ကျန့်၏ မျက်နှာကို ထိုးမိတော့မတတ် ဖြစ်နေသည်။ ချန်ကျန့် ဘာမှ ပြန်မပြောချေ။ သူ ငုံ့ကာ ဖန်ခွက်ကို ကောက်ယူလိုက်ပြီး ဘားပေါ်သို့ ပြန်မတင်တော့ဘဲ၊ ဖန်ခွက်ဖင်ကို ရှေ့ဘက်ထားလျက် လက်ထဲတွင် မြဲမြဲဆွဲထားလိုက်သည်။ အတွေ့အကြုံရှိသော လူမိုက်တစ်ဦးအနေဖြင့် ချန်တာဟူသည် သည်ဖန်ခွက်ဖင်မှာ အချိန်မရွေး သူ၏ခေါင်းပေါ်သို့ ကျရောက်လာနိုင်မှန်း သိသည့်အတွက် ချက်ချင်း လက်မပါရဲသေးချေ။
“ဟေး... ဟေး...” ရှန်ယွီက ချန်တာဟူကို မေးစေ့ပင့်ပြကာ…
“စီးပွားရေးအကြောင်းပဲ ပြောရအောင်လေ” ဟု ဝင်ပြောသည်။
“ကောင်းပြီလေ... ကောင်းပြီ။ ငါက ဒီနေ့ မင်းကို မျက်နှာသာ ပေးမလို့ပဲ။ မင်းက တိုက်ရိုက်ပြောစေချင်တာ ဆိုတော့လည်း... ငါ...”
“အစည်းအဝေးခန်းထဲမှာ သွားပြောကြရင်ကော...”
ချန်ကျန့်က ညှိနှိုင်းလို့ ရနိုင်သေးသည်ဟု ယူဆကာ ကြားဝင်ပြောလိုက်သည်။
ချန်တာဟူသည် သူ၏ရှေ့က ခြေမသန်သူကို အထင်သေးခဲ့မိမှန်း သတိထားမိသွားပုံရသည်။ သို့မဟုတ်လျှင်လည်း ပုံမှန်အားဖြင့် သူ့ကို ရှောင်လေ့ရှိသော ချန်ကျန့်က ဤမျှလောက်အထိ ရိုင်းပြလိမ့်မည်ဟု မထင်ထားခဲ့ခြင်း ဖြစ်နိုင်သည်။ သူ၏ ညီဖြစ်သူကပါ ဆန့်ကျင်ဘက်မှာ ရပ်နေလိမ့်မည်ဟုလည်း သူ မျှော်လင့်မထားခဲ့ပုံရသည်။
သူ ခေါ် လာတဲ့ လူအင်အားက နည်းလွန်းနေသည်။
ဘော့စ်... စကားပြောတာ သတိထားပါဦး၊ အဆင်ပြေအောင် ညှိလို့ ရပါသေးတယ်။
သို့သော် ပါးနပ်လှသော ရှန်ယွီကမူ သူ့အလိုကို လိုက်မည့်ပုံ မပေါ်ချေ။ သူက တိုက်ရိုက်ပင် စကားဖြတ်မေးလိုက်သည် ။
“ပြောပါ”
“ငါ့ကို ပေးဖို့ရှိတဲ့ ပိုက်ဆံတွေကော!” ချန်တာဟူ အော်ဟစ်ကာ အသံကို မြှင့်လိုက်သည်။
တောက်!
“ဘာပိုက်ဆံလဲ”
ရှန်ယွီက မေးလိုက်သည်။ စကားပြောရင်း သူ၏ အကြည့်မှာ ချန်ကျန့်ဘက်သို့ ရောက်ရှိသွားသည်။
သေချာပေါက် ချန်းယွီနှင့် ပတ်သက်သည့် အငြင်းပွားမှုကြောင့် ဖြစ်နေပြန်ပြီ။
ဒါပေမဲ့ ဘာတွေဖြစ်ခဲ့လဲဆိုတာ ကျွန်တော်လည်း အတိအကျ မသိဘူးလေ!
ချန်ကျန့် ရှန်ယွီကို ကြည့်လိုက်သည့်အခါ ရှန်ယွီ၏ မျက်လုံးထဲတွင် အံ့သြမှုနှင့် မကျေနပ်မှုများကို အထင်အရှား မြင်နေရသည်။
“ချန်းယွီ ငါ့ကို ပေးဖို့ရှိတဲ့ ပိုက်ဆံ၊ ဒီတည်းခိုခန်းက ငါ့ကို ပေးဖို့ရှိတဲ့ ပိုက်ဆံတွေလေ”
ချန်တာဟူက ရှန်ယွီကို စိုက်ကြည့်ရင်း ဆိုသည်။
“ဒီနေ့ ငါ့ကို အဖြေတစ်ခုပေးပါ။ ငါက အကြောင်းပြချက် မရှိဘဲ ပြဿနာရှာတဲ့လူ မဟုတ်ဘူး”
ရှန်ယွီ ခဏမျှ ငြိမ်သက်သွားပြီး၊ ကုလားထိုင်ပေါ် မှီလိုက်ရင်း ချန်တာဟူကို မော့ကြည့်ကာ
“ချန်းယွီ ခင်ဗျားကို ပေးဖို့ရှိတဲ့ ပိုက်ဆံကို ကျွန်တော့်ဆီ လာတောင်းနေတာလား။ ခင်ဗျားက လူမှားနေတာလား၊ ဒါမှမဟုတ် စာမတတ်တာလား”
ချန်တာဟူ စကားမပြောနိုင်ခင်မှာပင် ရှန်ယွီက ထပ်ပြောလိုက်သည်။
“ပြီးတော့ ဒီမှာ ငါ့ကို ‘ညီအစ်ကို၊ ညီအစ်ကို’ နဲ့ လာခေါ်မနေနဲ့။ နောက်တစ်ခါ ‘ညီအစ်ကို’ လို့ ခေါ်ရင် ငါက မင်းရဲ့ အဖေ ဖြစ်သွားလိမ့်မယ်”
ချန်တာဟူ ရှန်ယွီကို နှစ်စက္ကန့်ခန့် စိုက်ကြည့်နေပြီးမှ ဟိန်းဟောက်လိုက်တော့သည်။
“ခွဲကြစမ်း! အကုန် ဖျက်ဆီးပစ်ကြ!”
“ဘယ်ကောင် သတ္တိရှိလဲ!”
ချန်ကျန့်လည်း အော်ဟစ်လိုက်သည်။
“အစ်ကို!” ချန်အာဟူက ရှေ့သို့ ပြေးတက်ကာ ချန်တာဟူကို ဆွဲထားရင်း…
“အစ်ကို... ကျွန်တော့်မျက်နှာကို ထောက်ပါဦး၊ နောက်မှပဲ...”
ချန်တာဟူက ချန်အာဟူ၏ မျက်နှာကို တံတောင်နှင့် တွန်းပစ်လိုက်သည် ။
“ဖယ်စမ်း... မင်းလိုလူအ!”
ထို့နောက် ရန်စသည့်အနေဖြင့် ချန်အာဟူ၏ လည်ပင်းကို လက်တစ်ဖက်ဖြင့် သိုင်းဖက်ကာ၊ ကျန်တံတောင်ဆစ်ဖြင့် ချန်အာဟူ၏ မျက်နှာကို ဆက်တိုက် ထိုးနှက်တော့သည်။ ချက်ချင်းပင် ချန်အာဟူ၏ မျက်လုံးထောင့်မှ သွေးများ စိမ့်ထွက်လာတော့သည်။
“အာဟူကော!”
ဆန်းပင်း စိုးရိမ်တကြီးဖြင့် ရှေ့သို့ ပြေးတက်သွားသည်။ လောင်စစ်တို့ လူစုလည်း ချန်အာဟူကို ကယ်ထုတ်ရန် ဝိုင်းအုံလာကြတော့သည်။ ချန်တာဟူ ယူလာသော နောက်လိုက်နှစ်ယောက်သည်လည်း ရုတ်ရုတ်သဲသဲ ဖြစ်နေသည်ကို အခွင့်ကောင်းယူကာ ဘားကောင်တာပေါ်က ပစ္စည်းများကို မြေပြင်ပေါ်သို့ တန်းချရန် ကြိုးစားကြသည်။
“ဟေး... ဒါတွေကို မထိနဲ့!”
ဘားနောက်တွင် ကြောင်ကြည့်နေသော ကျောက်ဖန်းဖန်းမှာ စိုးရိမ်တကြီးဖြင့် တားဆီးရန် ပြေးလာသည်။ လူမိုက်တစ်ယောက်က လက်ကိုမြှောက်ကာ ကျောက်ဖန်းဖန်း၏ ခေါင်းကို ရိုက်ရန် ပြင်လိုက်သည်။
“သေလိုက်တော့!”
ချန်ကျန့် သူ၏လက်ထဲက ဖန်ခွက်ဖြင့် ထိုလူမိုက်၏ လက်ကောက်ဝတ်ကို အားနှင့် ထုချလိုက်သည်။
အခြေအနေမှာ ရုတ်ရုတ်သဲသဲ ဖြစ်နေသော်လည်း သူတို့ဘက်က လူအင်အား ပိုများသဖြင့် အရေးနိမ့်မည့်ပုံ မပေါ်ချေ။ သို့သော် ချန်တာဟူမှာ အလွန်ပင် ခွန်အားကြီးလှသဖြင့် လူအများအပြား ဝိုင်းဆွဲနေသည့်တိုင် ချန်အာဟူကို သူ၏ လက်ထဲမှ ကယ်မထုတ်နိုင်ဘဲ ဖြစ်နေသည်။
နောက်ထပ် နည်းနည်းလေး ထပ်ညှစ်လိုက်လျှင်ပင် ချန်အာဟူ၏ အလောင်းကိုသာ ကောက်ရတော့မည့်ပုံမျိုး ဖြစ်နေသည်။ ချန်ကျန့် ခေါင်းထဲတွင် တဒိန်းဒိန်း မြည်နေလေပြီ။ သူသည် ကျောက်ဖန်းဖန်းကို နောက်သို့ဆုတ်ရန် လက်ဝှေ့ယမ်းပြရင်း ရှန်ယွီဘက်သို့ လှည့်ကြည့်လိုက်သည်။
ရှန်ယွီသည် မည်သည့်အချိန်က ဝှီးချဲပေါ်မှ ဆင်းလာသလဲ မသိ၊ ခေါက်ထားသော ချိုင်းထောက်ကို ကိုင်ဆောင်ကာ ရုတ်ရုတ်သဲသဲ ဖြစ်နေသော လူအုပ်ကြီးဘေးသို့ လျှောက်လာခဲ့သည်။
“ပြဿနာကို ပိုကြီးအောင် မလုပ်ပါနဲ့!”
ချန်ကျန့်က လူမိုက်တစ်ယောက်၏ အင်္ကျီလည်ပင်းကို ဆွဲကာ လူအုပ်ထဲကနေ ဆွဲထုတ်ရင်း အသံတိုးတိုးဖြင့် ဆိုသည်။ သူ အသံကျယ်ကျယ် မအော်ရဲပေ၊ အခြေအနေမှာလည်း အလွန်ပင် ရှုပ်ထွေးနေသဖြင့် သူ၏စကားမှာ ပျောက်ကွယ်နေလေသည်။
“ဟေး!” ရှန်ယွီက လူအုပ်ဘေးမှနေ၍ အော်လိုက်သည်။
ဘယ်သူမှ မရပ်တန့်ကြချေ။
ရှန်ယွီ အိတ်ထဲကနေ မီးခြစ်တစ်လုံးနှင့် အနီရောင် အရာလေးတစ်ခုကို ထုတ်ယူလိုက်သည်။
ဗျောက်အိုးလား။ ဒါကြီးက ဘယ်က ရောက်လာတာလဲ။ ဝင်းထဲမှာ ကျန်ခဲ့တာကို သူ ကောက်လာတာလား။
ချန်ကျန့် သူ၏လက်ထဲက လူမိုက်ကို မြေပြင်ပေါ်သို့ အားနှင့် လှဲသိပ်ချလိုက်ပြီး၊ လဲနေသော ထိုလူကို တစ်ချက်ကန်ကာ ရှန်ယွီထံသို့ လျှောက်သွားလိုက်သည်။
“မင်း ဘာလုပ်မလို့လဲ...”
စကားမဆုံးသေးခင်မှာပင် ရှန်ယွီသည် သူ၏လက်ထဲက ဗျောက်အိုးကို မီးညှိကာ လူအုပ်ထဲသို့ လှမ်းပစ်လိုက်သည်။ မီးပွင့်နေသော ဗျောက်အိုးမှာ လူအုပ်ကြားထဲသို့ ပျံဝင်သွားပြီး၊ ထိုလူများ၏ နားဘေးမှာတင် ဝုန်းခနဲ ပေါက်ကွဲသွားတော့သည်။
ချန်အာဟူ ဝယ်လာသော ဖွင့်ပွဲဗျောက်အိုးများမှာ အသံ အလွန်ကျယ်လှသည်။ အိမ်ထဲတွင် တစ်လုံးတည်းနဲ့ ပေါက်ကွဲခြင်းကပင် လူများကို ခေတ္တမျှ ကြောင်အသွားစေသည်။ အားလုံးမှာ ထိုအခိုက်အတန့်တွင် ရပ်တန့်သွားကြတော့သည်။ ချန်ကျန့် ချက်ချင်းပင် တုံ့ပြန်လိုက်သည်။ အားလုံး ကြောင်နေသည့်အချိန်ကို အခွင့်ကောင်းယူကာ သူ ပြေးတက်သွားပြီး ချန်တာဟူ၏ လက်မောင်းကို လှမ်းဆွဲလိုက်သည်။ သို့သော် ရှန်ယွီသည်လည်း တစ်ပြိုင်နက်တည်းမှာပင် လှုပ်ရှားလိုက်လေသည်။
ချန်ကျန့်မှာ ကျောပေးထားသဖြင့် ရှန်ယွီက ချိုင်းထောက်မပါဘဲ ဘယ်လို လျှောက်လာသလဲဆိုသည်ကို မမြင်လိုက်ရချေ။ သူ မြင်လိုက်ရသည်မှာ သူ၏ မျက်စိရှေ့မှ ဖြတ်သွားသော ချိုင်းထောက်မှာ ချန်တာဟူ၏ လည်ပင်းဘေးသို့ အားပါပါနှင့် ရိုက်ချလိုက်ခြင်း ဖြစ်သည်။
နောက်တစ်စက္ကန့်တွင် ချန်တာဟူ၏ ညီဖြစ်သူကို ညှစ်ထားသော လက်မောင်းမှာ အားပျော့သွားသည်ကို ချန်ကျန့် ခံစားလိုက်ရသည်။ သူ လှမ်းကြည့်လိုက်သည့်အခါ ချန်တာဟူမှာ ဘေးသို့ တောင့်တောင့်ကြီး လဲကျသွားတော့သည်။ ချန်ကျန့်သည် ချန်တာဟူ၏ လက်မောင်းကို ဆွဲထားဆဲ ဖြစ်သော်လည်း၊ မတင်ထားနိုင်တော့ဘဲ မြေပြင်ပေါ်သို့ အသာအယာ လျှော့ချပေးလိုက်ရသည်။
ချန်အာဟူကို သတ်တော့မည့်ဟန် ပြင်နေသော ချန်တာဟူမှာ ယခုတော့ မလှုပ်မယှက် ရှိနေသည်ကို အားလုံးက ဆွံ့အစွာ ငေးကြည့်နေကြတော့သည်။
“မင်း... မင်း ငါ့အစ်ကိုကို သတ်လိုက်ပြီလား”
ချန်အာဟူမှာ သူ၏အစ်ကို ညှစ်ထားသဖြင့် မျက်နှာတစ်ခုလုံး နီရဲနေပြီး၊ အကြာကြီး ကြောင်အသွားပြီးမှ ရှန်ယွီကို လှည့်မေးလိုက်သည်။
“သူ မေ့လဲသွားတာပါ”
ရှန်ယွီက အေးအေးဆေးဆေးပင် လက်ထဲက ချိုင်းထောက်ကို ခါထုတ်လိုက်ပြီး ၎င်းကို အားပြုကာ ဝှီးချဲဆီသို့ ဖြည်းဖြည်းချင်း ပြန်ဆုတ်ပြီး ထိုင်လိုက်လေသည် ။
“သူ့ကို အခန်းထဲ သယ်သွားလိုက်ကြ”
နောက်လိုက် လူမိုက်နှစ်ယောက်မှာ အခြေအနေကို မြင်သည်နှင့် တံခါးဘက်သို့ နောက်ဆုတ်သွားကြတော့သည်။
“မင်းတို့နှစ်ယောက်” ချန်ကျန့်က သူတို့ကို ချက်ချင်း လက်ညှိုးထိုးလိုက်သည် ။
“သယ်သွားလိုက်”
ထိုလူမိုက်နှစ်ယောက်မှာ စိတ်ပျက်နေသော မျက်နှာဖြင့် ချန်ကျန့်နောက်မှ လိုက်လာကာ၊ ချန်တာဟူ၏ လက်မောင်းများကို ဆွဲပြီး ပထမထပ်ရှိ ဧည့်ခန်းထဲသို့ သယ်သွားကြလေသည်။ ချန်အာဟူနှင့် ဆန်းပင်းတို့ကလည်း နောက်မှနေ၍ သူတို့အစ်ကို၏ ခြေထောက်များကို ဝိုင်းကူသယ်ပေးကြသည်။
ရှန်ယွီသည် ဝှီးချဲကို ထိန်းကျောင်းကာ အခန်းတံခါးဝသို့ ဖြည်းဖြည်းချင်း မောင်းလာပြီးနောက်၊ စားသောက်ခန်းဘက်သို့ လှည့်ကြည့်ကာ
“အားလုံးကို အားနာပါတယ်ဗျာ၊ စိတ်အေးလက်အေးပဲ နေကြပါ။ လောင်စစ်... လောင်ဝူ... သူတို့ကို ဧည့်ခံပေးလိုက်ဦး”
“ဟုတ်ကဲ့”
လောင်စစ်နှင့် လောင်ဝူတို့မှာ အပြည့်အဝ သတိမဝင်သေးသော်လည်း ချက်ချင်းပင် တုံ့ပြန်ကာ စားသောက်ခန်းဘက်သို့ လျှောက်သွားကြတော့သည်။
“သောက်စရာ တစ်ခုခု လိုမလားဗျ!” ဟု လောင်ဝူက အော်မေးလိုက်သေးသည်။
ရှန်ယွီ အခန်းထဲသို့ ဝင်လာသည့်အခါ ချန်တာဟူကို ကုတင်ပေါ်သို့ တင်ပြီးသား ဖြစ်နေသည်။ ချန်ကျန့်က အခန်းတံခါးကို ပိတ်လိုက်သည်။
“ဘော့စ်... ဒီလိုတွေ ဖြစ်ကုန်ပြီဆိုတော့ အခြေအနေကို ဘယ်လို ပြန်ထိန်းမလဲ”
လူမိုက်တစ်ယောက်က ကုတင်ပေါ်က ချန်တာဟူကို ညွှန်ပြရင်း ရှန်ယွီကို မေးသည်။
“ပြန်ထိန်းစရာတောင် လိုလို့လား ။ သူ သေသွားတာမှ မဟုတ်တာ”
“မင်းကတော့...” လူမိုက်က ရှန်ယွီကို ထပ်ပြောရန် ပြင်သည်။
“သူ နိုးလာတဲ့အထိ စောင့်လိုက်ပါ” ချန်ကျန့်က စကားဖြတ်ပြောလိုက်သည်။
ဤမြင်ကွင်းမှာ တကယ့်ကို... ချန်ကျန့် ရှန်ယွီကို လှမ်းကြည့်လိုက်မိသည်။ မသေဘူးဆိုပေမဲ့ သူ ဘယ်အချိန်မှ နိုးလာမှာလဲ။ လူတစ်အုပ်က ကုတင်ကို ဝိုင်းကြည့်နေကြသည်မှာ အသုဘ အခမ်းအနားနှင့်ပင် တူနေတော့သည်။ ရှန်ယွီကလည်း ကုလားထိုင်ပေါ်တွင် အေးအေးဆေးဆေး မှီထိုင်ရင်း ချန်ကျန့်ကို ပြန်ကြည့်လိုက်သည်။ သို့သော် ရှန်ယွီ၏ အကြည့်မှာ ပုံမှန် မြင်နေကျ တည်ငြိမ်မှုမျိုး မဟုတ်ကြောင်း ချန်ကျန့် ခံစားလိုက်ရသည်။
ရှန်ယွီ တကယ် ဒေါသထွက်နေလေပြီ။
ခေတ္တမျှကြာသည့်အခါ ကုတင်ပေါ်က ချန်တာဟူမှာ နိုးလာခဲ့သည်။ သူ သတိလစ်သွားသည်မှာ နှစ်မိနစ်၊ သုံးမိနစ်ခန့်သာ ရှိပေလိမ့်မည်။
သူ မျက်လုံးဖွင့်လိုက်သည်နှင့် ကုတင်ပေါ်မှ လွှားခနဲ ခုန်ထလိုက်သော်လည်း၊ ချက်ချင်းပင် ကုတင်ပေါ်သို့ ပြန်လဲကျသွားရသည်။
“ရေသောက်လိုက်ဦး” ဟု ရှန်ယွီက ဆိုသည်။
ဆန်းပင်းက ဘေးကစားပွဲပေါ်က ရေပုလင်းကို ယူ၊ အဖုံးဖွင့်ပြီး ချန်တာဟူကို ကမ်းပေးလိုက်သည်။
ချန်တာဟူမှာ အနည်းငယ် ဇဝေဇဝါ ဖြစ်နေသည်။ သူ ရေကို နှစ်ကျိုက်၊ သုံးကျိုက်ခန့် သောက်လိုက်ပြီးမှ သတိပြန်ဝင်လာဟန် ရှိသည်။ သူ မတ်တတ်ရပ်ကာ ရှန်ယွီကို စိုက်ကြည့်ရင်း - “မင်းကတော့ တကယ့်လူပဲ၊ လက်က တော်တော်လေး ပြင်းတာပဲ!”
“ပိုက်ဆံကိစ္စကို ဆွေးနွေးကြရအောင်လေ”
ရှန်ယွီက ချန်တာဟူကို ကြည့်ကာ ပြောလိုက်သည်။
“မင်း တကယ်မသိတာလား၊ ဒါမှမဟုတ် သိရက်နဲ့ မသိချင်ယောင်ဆောင်နေတာလား ငါ ဂရုမစိုက်ဘူး။ အရင်က ချန်းယွီက ငါ့ကို ဒီဆိုင်ရဲ့ အစုရှယ်ယာ ယွမ်တစ်သိန်း ပေးမယ်လို့ ကတိပေးခဲ့တာ။ သူ မြို့ဟောင်းမှာ တည်းခိုခန်းဖွင့်ဖို့အတွက် ငါ ဘယ်လောက်တောင် အားစိုက်ပေးခဲ့ရလဲ! ဒါပေမဲ့ သူက ထွက်ပြေးသွားတယ်! အခု ငါက ဒီနေရာကိုပဲ သိတယ်!”
“ဒီကိစ္စကို ငါ မသိဘူး ။ ငါ အရင်ဆုံး စုံစမ်းကြည့်ရမယ်”
ချန်တာဟူ ရှန်ယွီကို စကားဆက်မပြောဘဲ စိုက်ကြည့်နေသည်။
“ငါ အမှန်အတိုင်း သိရပြီဆိုရင် မင်းဆီကို လာရှာမယ်။ အဲ့ဒီမတိုင်ခင်အထိတော့ ငါ့မျက်စိရှေ့ကို ထပ်မပေါ်လာနဲ့တော့။ တကယ်လို့ ခင်ဗျားကို ဒီနားမှာ ထပ်တွေ့ရင်ဖြစ်ဖြစ်၊ ငါ့လူတွေကို လာနှောင့်ယှက်ရင်ဖြစ်ဖြစ်၊ နောက်ထပ် သုံးနှစ်လောက် ထောင်ထဲ ပြန်ဝင်ဖို့ ငါ ဝန်မလေးဘူးနော်။ မင်း မကိုင်တွယ်နိုင်မယ့် ပြဿနာတွေကို မဖန်တီးပါနဲ့”
ဤစကားကြောင့် ချန်တာဟူ၏ မျက်နှာမှာ သိသိသာသာပင် ပြောင်းလဲသွားသည်။ သူသည် အတည်ပြုလိုသည့်ဟန်ဖြင့် ချန်အာဟူကို လှမ်းကြည့်လိုက်သည်။ သို့သော် ချန်အာဟူက ခေါင်းငုံ့ထားပြီး သူ့ကို လှည့်မကြည့်ချေ။
“ပြီးတော့ ငါ့ရဲ့ ဖွင့်ပွဲ အခမ်းအနားကို နှောင့်ယှက်ခဲ့တာကိုလည်း” ရှန်ယွီက သူ၏ ဘောင်းဘီပေါ်က ဖုန်တွေကို ခါရင်း
“ငါ မှတ်ထားလိုက်ပြီ။ ဒါကို နောက်မှ စာရင်းရှင်းကြတာပေါ့”
ချန်တာဟူက လှောင်ရယ် ရယ်လိုက်သော်လည်း၊ ရှန်ယွီ၏ စိန်ခေါ်မှုကိုတော့ တိုက်ရိုက် မရင်ဆိုင်ရဲတော့ချေ။
“မန်နေဂျာချန်... ဆန်းပင်း... မစ္စတာချန်ကို အပြင်အထိ လိုက်ပို့ပေးလိုက်ပါဦး”
ရှန်ယွီ၏ ဝှီးချဲမှာ ကိုယ်ကို လှည့်လိုက်လေသည်။ ချန်ကျန့် အခန်းတံခါးကို ဖွင့်ပေးလိုက်ပြီး၊ ရှန်ယွီ၏ ဝှီးချဲနောက်မှ လိုက်ထွက်လာခဲ့သည်။ စားသောက်ခန်းမှာ ယခုအခါ အလွတ်ဖြစ်နေပြီ ဖြစ်သည်။ လောင်စစ်တို့က လူအားလုံးကို ပန်းခြံဘက်သို့ “လည်ပတ်အပန်းဖြေဖို့” ခေါ်ထုတ်သွားဟန် ရှိသည်။
ကျောက်ဖန်းဖန်းသည် ဘားကောင်တာဘေးတွင် ရုတ်ရုတ်သဲသဲဖြစ်စဉ်က မှောက်သွားသော စားပွဲ၊ ကုလားထိုင်များကို ပြန်လည် သိမ်းဆည်းနေလေသည်။
“ကျောက်ကျဲ...ဘာမှ မဖြစ်ဘူး မဟုတ်လား”
“ရပါတယ်၊ ရပါတယ်။ ဘော့စ် ကျွန်မ ဘာမှမဖြစ်ပါဘူး။”
ကျောက်ဖန်းဖန်းက ဂရုတစိုက်မေးလာသော ရှန်ယွီကို လက်ဝှေ့ယမ်းပြပြီး၊ ဧည့်ခန်းထဲမှ ထွက်လာသော ချန်တာဟူကို မြင်လိုက်သည့်အခါမှ သက်ပြင်းချလိုက်မိသည် ။
“ဘာမှ မဖြစ်ပါဘူး၊ ကျွန်မ ပြန်သိမ်းလိုက်ပါ့မယ်”
“အင်း ကျေးဇူးပါ ကျောက်ကျဲ။ ချန်ကျန့်... ငါနဲ့အတူ အပေါ်ကို လိုက်ခဲ့ပါဦး”
ရှန်ယွီမှာ ဝှီးချဲကို မောင်းရင်း ဓာတ်လှေကားဘက် ဦးတည်ရင်းမှ ချန်ကျန့်ကိုပါ လှမ်းခေါ် လိုက်သည်။
“ဟုတ်ကဲ့ဘော့စ်”
ပိုင်ရှင်များ၏ အသံမှာ စတုတ္ထထပ်ရှိ ရှုခင်းကြည့် ဝရန်တာဘက်မှ ထွက်ပေါ်နေပုံရသည်။ ချန်ကျန့်သည် ရှန်ယွီနောက်မှ ရုံးခန်းထဲသို့ လိုက်ဝင်ကာ တံခါးပိတ်လိုက်သည်။ ရုံးခန်းထဲသို့ ရောက်သည့်အခါ ရှန်ယွီမှာ မလှုပ်မယှက် ရှိနေသည်။ သူ၏ ဝှီးချဲမှာ အခန်းအလယ်တွင် ရပ်နေ၏။
ချန်ကျန့်လည်း မလှုပ်မယှက် ရပ်နေမိသည်။ ရုံးခန်းမှာ အသံလုံသဖြင့် အပြင်က အသံတွေကို မကြားရတော့သော်လည်း၊ သူ၏ နားထဲတွင်မူ စောစောက ဆူညံသံများက စွဲကျန်နေဆဲ ဖြစ်သည်။
“ကိုလာ သောက်မလား ဘော့စ် ။ ကျောက်ကျဲက မင်းရဲ့ ရေခဲသေတ္တာလေးထဲမှာ အအေးဘူးအချို့ ထည့်ပေးထားတယ်လေ”
ရှန်ယွီမှာ စကားလည်း မပြော၊ လှုပ်လည်း မလှုပ်ချေ။ ခေတ္တအကြာမှ သူသည် ဖြည်းဖြည်းချင်း ကိုယ်ကို လှည့်ကာ ချန်ကျန့်ကို စိုက်ကြည့်ရင်း မေးလိုက်သည် ။
“မင်း ဒါကို သိထားတာ မဟုတ်လား”
“အသေးစိတ်တော့ ကျွန်တော် မသိပါဘူး။ သူတို့ကြားမှာ ငွေကြေးပြဿနာ ရှိပုံရတယ် ဆိုတာလောက်ပဲ သိတာပါ”
“အဲ့ဒါက အသေးစိတ် မကျသေးဘူးလား”
ရှန်ယွီ၏ အသံမှာ တည်ငြိမ်နေသော်လည်း ဒေါသရိပ်များ ပါဝင်နေသည်ကို သိသာလှသည်။
“သူတို့ကြားမှာ ပဋိပက္ခရှိတယ်လို့ ကျွန်တော် ပြောခဲ့သားပဲ”
ချန်ကျန့်ကလည်း အသံမာမာဖြင့် ပြန်ပြောလိုက်သည်။ ယနေ့ ဖွင့်ပွဲနေ့မှာ ဤကဲ့သို့ ပြဿနာတက်သည့်အပေါ် သူလည်း အလွန်ပင် စိတ်တိုနေမိသည် မဟုတ်လား။
“ဘာလို့ ပိုက်ဆံကိစ္စမှန်း မပြောခဲ့တာလဲ။ ဒီလိုလူမျိုးတွေက ပိုက်ဆံနဲ့ ပတ်သက်လာရင် ဘယ်လောက်အထိ ပြဿနာရှာတတ်လဲဆိုတာ မင်း မသိဘူးလား”
မင်းမှ မမေးတာပဲလေ…
ချန်ကျန့် ဘာမှ ပြန်မပြောဘဲ နေလိုက်သည်။
“ကိုလာတစ်ဘူး ပေးပါဦး”
ချန်ကျန့် အနားသို့သွားကာ ရေခဲသေတ္တာလေးကို ဖွင့်ပြီး ကိုလာတစ်ဘူးကို ရှန်ယွီထံ ကမ်းပေးလိုက်သည်။
“မင်း အရင်ထွက်သွားတော့…မင်းရဲ့ လက်ဒဏ်ရာကို သွားကြည့်လိုက်ဦး”
“ဖန်ခွက် လိုမလားဘော့စ် ” ချန်ကျန့်က မေးသည်။
“ထွက်သွားတော့”
ရှန်ယွီက တဲ့တိုးပင် ပြောလိုက်လေသည်။ ချန်ကျန့် ကိုယ်ကို လှည့်ကာ ရုံးခန်းထဲမှ ထွက်လာခဲ့တော့သည်။
Comments
Post a Comment