အပိုင်း (၂၃)
ချန်ကျန့်သည် အောက်ထပ်သို့ တန်းမဆင်းဘဲ တစ်ထပ်ဆင်းပြီးနောက် တတိယထပ် လူသွားလမ်းထဲသို့ ကွေ့ဝင်ကာ အခန်း ၃၀၆ တံခါးကို ကတ်ဖြင့် ဖွင့်ဝင်လိုက်သည်။ နေ့လယ်စာ စားချိန်နီးနေပြီဖြစ်ရာ လူတိုင်း အောက်ထပ်တွင် စားရန် စောင့်နေကြလေပြီ။ သူသည် ဘယ်သူမှ လာမည်မဟုတ်သော ငြိမ်သက်သည့် နေရာတစ်ခုတွင် ခဏလေးတစ်ယောက်တည်း နေချင်ရုံသာ။
ကျန့်ရှီးတည်းခိုခန်း ပိတ်ထားစဉ်က ဤနေရာရှိ အခန်းအားလုံးမှာ တိတ်ဆိတ်နေခဲ့ခြင်း ဖြစ်သည်။
သူသည် များသောအားဖြင့် မျက်နှာချင်းဆိုင်ရှိ အခန်း ၃၀၇ တွင်သာ နေလေ့ရှိပြီး ဤအခန်းထဲသို့ လာခဲလှသည်။ သရဲရှိ၍တော့ မဟုတ်ပါ၊ ဘယ်သူမှ သန့်ရှင်းရေး မလုပ်ထားသောကြောင့် ဖြစ်သည်။ သွေးကွက်များ ခြောက်သွေ့သွားသည်မှာ ကြာပြီဖြစ်သော်လည်း အခန်းထဲဝင်လိုက်လျှင် မနှစ်မြို့ဖွယ် အနံ့အသက်က ရှိနေဆဲပင်။
သို့သော် သူသည် ၃၀၇ အခန်းကိုတော့ သံယောဇဉ် ရှိလေသည်။ ယခု ထိုအခန်းတွင် ရှန်ယွီ နေထိုင်သည်။ ထိုလူသည် သူ၏ ရုံးခန်းထဲတွင် အိပ်ခန်းပါသော်လည်း၊ စတုတ္ထထပ်တွင် ဟူဖန်တစ်ယောက်တည်း နေထိုင်သည့်အတွက်ကြောင့်လားမသိ၊ သူ၏ ရုံးခန်းထဲတွင် မအိပ်ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
ဤအခန်းကိုတော့ ကျောက်ဖန်းဖန်းက တစ်ခါ သန့်ရှင်းရေး လုပ်ထားပြီးနောက်ပိုင်း ဘယ်သူမှ မဝင်တော့ချေ။ အိပ်ရာခင်းများမှာလည်း အသစ်များ ဖြစ်သည်။
ရှန်ယွီက တိတိကျကျ မှာထားသည်။ မဖြစ်မနေ အခြေအနေမျိုးမှလွဲ၍ ဤအခန်းကို မသုံးရန်နှင့်၊ တကယ်လို့ သုံးရမည်ဆိုလျှင်လည်း ဧည့်သည်ကို ဤအခန်း၏ အတိတ်အကြောင်းကို ကြိုတင် ပြောပြထားရန် ဖြစ်သည်။ ရှန်ယွီသည် ယခင်က လူကောင်းတစ်ယောက် မဟုတ်ခဲ့မှန်း သိသာသော်လည်း... အမှန်အတိုင်း ပြောရလျှင် ယခုအချိန်တွင်လည်း သူက သူတော်စင်တစ်ယောက်တော့ မဟုတ်သေးချေ။ သို့သော် တစ်ခါတစ်ရံတွင် ချန်ကျန့်သည် သူ၏စိတ်ထဲတွင် ရှိနေသော ရှန်ယွီ၏ ပုံရိပ်နှင့် လက်တွေ့လူမှာ တစ်မျိုးစီ ဖြစ်နေသလိုမျိုး ထူးဆန်းသော ကွာဟချက်ကို ခံစားရလေသည်။
ချန်ကျန့် ပြတင်းပေါက်ကို ဖွင့်ကာ မှီလိုက်ပြီး လက်ထဲရှိ ကိုလာဘူးတစ်ဝက်ကို မော့သောက်လိုက်သည်။ ထိုကိုလာဘူးကို ဘယ်အချိန်က ယူလာခဲ့မှန်းပင် သူ မသိတော့ချေ ။ သူ တကယ်တမ်း သောက်ချင်နေခဲ့တာလည်း မဟုတ်ပါဘူး။
သူ ထိုနေရာတွင် ဘယ်လောက်ကြာကြာ ရပ်နေမိလဲ မသိ၊ စိတ်ထဲတွင် အတွေးများ ရှုပ်ထွေးနေစဉ်မှာပင် လက်ထဲက အပြန်အလှန်စကားပြောစက် လင်းလာပြီး ဟူဖန်၏ အသံ ထွက်ပေါ်လာသည် ။
“မန်နေဂျာကို ခေါ်နေပါတယ်”
“ဘာကိစ္စလဲ” ချန်ကျန့်က ပြတင်းပေါက်ကို ပိတ်ရင်း အောက်ထပ်ဆင်းရန် ပြင်ကာ မေးလိုက်သည်။
“နေ့လယ်စာ အဆင်သင့်ဖြစ်ပြီ၊ ဆင်းစားတော့လေ” ဟု ဟူဖန်က ဆိုသည်။
“အေးအေး၊ လာပြီ”
“ဘော့စ်... ဘော့စ်ရော စက်ရှိလား ။ လမ်းကြုံရင် သူ့ကိုလည်း ထမင်းစားဖို့ လှမ်းပြောပေးပါဦး”
“အင်း”
ချန်ကျန့် သက်ပြင်းချလိုက်မိသည်။ လမ်းမကြုံရင်တောင် သူ သွားပြောရဦးမည် မဟုတ်လား။ သူ အခန်း ၃၀၇ ကို အရင်လှမ်းကြည့်လိုက်ရာ တံခါးမှာ ဟဟလေး ဖြစ်နေသော်လည်း အထဲတွင် ဘယ်သူမှ မရှိချေ။ ထို့ကြောင့် သူ စတုတ္ထထပ်သို့ တက်လာပြီး ရုံးခန်းတံခါးကို ခေါက်လိုက်သည်။
အခန်း ၃၀၆ တွင် ခဏနားလိုက်ရသဖြင့် သူ စိတ်နည်းနည်း ပေါ့သွားပြီး တံခါးခေါက်သည့်အခါတွင်လည်း ခွန်အား ပါလာသည်။ဘာသံမှ မကြားရချေ။
သူ ထပ်ခေါက်သည် ။ အဖြေမရှိဆဲပင်။ ထို့ကြောင့် သူ ဖုန်းထုတ်ကာ ရှန်ယွီထံသို့ ခေါ်လိုက်သည်။
ရုံးခန်းအတွင်းမှ ဖုန်းမြည်သံ ထွက်ပေါ်လာပြီးနောက် ရှန်ယွီ၏ အသံ ထွက်လာသည်။
“ဟေး... ဝင်ခဲ့! ငါ့ဖုန်း ဘယ်မှာလဲ ရှာမတွေ့လို့!”
ချန်ကျန့် တံခါးတွန်းဖွင့်ကာ ဝင်သွားသည်။ ရှန်ယွီသည် ဆိုဖာပေါ်တွင် လှဲနေပြီး ခြေထောက်ကို ခေါင်းအုံးအထပ်လိုက်ကြီးပေါ်တွင် တင်ထားလေသည်။ သူ၏ဖုန်းမှာ ခေါင်းအုံးနှင့် ဆိုဖာမှီခုံကြားတွင် ညပ်နေပြီး တဂေါ်ဂေါ် မြည်နေခြင်း ဖြစ်သည်။ ချန်ကျန့် ဖုန်းချလိုက်ပြီး ဖုန်းကို ဆွဲထုတ်ကာ သူ့ကို ကမ်းပေးလိုက်သည်။
“ဟူဖန်က နေ့လယ်စာ စားလို့ရပြီလို့ ပြောခိုင်းလိုက်တယ်”
“မင်းပဲ အပေါ်သယ်လာပေးပါ ။ ငါ ဒီမှာပဲ စားမယ်၊ အောက်မဆင်းတော့ဘူး”
ချန်ကျန့် သူ့ကို ကြည့်လိုက်သည်။
“ခြေထောက် နာလို့လား”
“မဟုတ်ပါဘူး ။ ဒီမနက်ကိစ္စကြောင့် သူတို့တွေ အတင်းအဖျင်း ပြောချင်နေကြမှာပေါ့။ ဝန်ထမ်းတွေကို အဲ့ဒီအတွက် အချိန်ပေးလိုက်တာ ပိုကောင်းပါတယ်”
“သြော်…။ ကျောက်ကျဲက ဒီနေ့ အတွက် မီနူးပေးထားတယ်။ ကြည့်ဦးမလား”
“ရပါတယ်၊ ငါက ဘာဖြစ်ဖြစ် စားတယ်”
အောက်ထပ်သို့ ပြန်မဆင်းမီ ချန်ကျန့်သည် ကိုလာသောက်ထားသော ဖန်ခွက်ကို ဆေးကြောကာ မူလနေရာတွင် ပြန်ထားပေးခဲ့သည်။ ရုံးခန်းတံခါး ပြန်ပိတ်သွားသည့်အခါ ရှန်ယွီသည် ဖုန်းကို စားပွဲပေါ်တင်ကာ ဆိုဖာပေါ်တွင် ပြန်လှဲနေလိုက်သည်။
စားပွဲဆီသို့ လှမ်းကြည့်လိုက်သည့်အခါ ကိုလာဘူးတစ်ဝက်မှာ မရှိတော့ချေ။ ချန်ကျန့် ယူသွားခြင်း ဖြစ်ပေသည်။ မသောက်သော်လည်း ယူသွားခဲ့သည်။ တစ်ခါတစ်ရံတွင် ချန်ကျန့်သည် လျူဝူထက် နှစ်နှစ်သာ ကြီးသည်ကို ရှန်ယွီ မေ့သွားတတ်သည်။ သူ၏ တည်ငြိမ်သော အလုပ်လုပ်ပုံကြောင့် သတိမထားမိဘဲ ဖြစ်တတ်ခြင်းပင်။ ယခုကဲ့သို့ အခိုက်အတန့်မျိုးတွင်မှ သူ သတိရသွားကာ သက်ပြင်းမချဘဲ မနေနိုင်တော့ချေ။ ချန်ကျန့်အနေဖြင့် လွန်ခဲ့သော နှစ်နှစ်သို့ ပြန်သွားလျှင်ပင် လျူဝူကဲ့သို့ ပေါ့ပေါ့ပါးပါးနှင့် အပူအပင်ကင်းသော ကလေးတစ်ယောက် ဘယ်သောအခါမျှ ဖြစ်နိုင်မည် မဟုတ်ချေ။
သူ ထပ်မံ သက်ပြင်းချလိုက်မိသည်။ နောက်ထပ် ရက်အနည်းငယ်ကြာလျှင် ထိုတက်ကြွလှသော တက္ကသိုလ်ကျောင်းသား ရောက်လာတော့မည်ဖြစ်ရာ ရှန်ယွီမှာ ကြိုတင်၍ပင် စိတ်ညစ်နေမိသည်။ လျူဝူတစ်ယောက် ဟူဖန်နှင့် အသေးစိတ် ဆွေးနွေးပြီးပြီလား မသိချေ။ ဖုန်းထဲက ပြက္ခဒိန်ကို ကြည့်လိုက်ရာ ထိုကလေးမှာ အမျိုးသားနေ့ အားလပ်ရက်အတွင်း လာလိမ့်မည်ဟု ခန့်မှန်းရသည်။ အခုချိန်မှာတော့ သူငယ်ချင်းတွေနဲ့ အစီအစဉ် ဆွဲနေလောက်ပြီပေါ့။
တက်ကြွလှတဲ့ တက္ကသိုလ်ကျောင်းသားလေး။
ရှန်ယွီ သူ၏ တစ်ဆယ့်ရှစ်နှစ်အရွယ်ကို ပြန်တွေးကြည့်သည်။ အမှတ်တရတွေက ဝေဝါးနေသည်။ ပန်းတိုင်မရှိဘဲ ဟိုဟိုဒီဒီ လျှောက်သွားနေခဲ့သည့် နေ့ရက်တွေပေါ့။ ထူးထူးခြားခြား မှတ်မိစရာ မရှိချေ။ ဒဏ်ရာရခဲ့သည့် နေ့ရက်အချို့ကိုသာ မှတ်မိနေခြင်း ဖြစ်နိုင်သည်။
“သူ ဒဏ်ရာရသွားလို့လား။ ခုနက သူလုပ်လိုက်တဲ့ ပုံစံကြီးက ကြည့်ရတာနဲ့တင် ငါ့ခြေထောက်တွေတောင် ကြွက်တက်ချင်လာသလိုပဲ။ ဆေးရုံ သွားပြသင့်တာ မဟုတ်ဘူးလား”
ကျောက်ဖန်းဖန်းက ဟင်းများကို ပန်းကန်ထဲ ထည့်ရင်း ရှန်ယွီ့ အခြေအနေကို မေးသည်။
“ကြွက်တက်တာ ဆေးရုံသွားစရာ မလိုပါဘူး ကျဲရဲ့”
ချန်ကျန့်မှာ စိတ်မပါဘဲ ပြန်ဖြေနေမိသည်။ သူသည် ချန်အာဟူကို မြင်သည့်အခါ ချန်တာဟူအကြောင်းကို ပြန်တွေးမိနေခြင်း ဖြစ်သည်။
“ဘော့စ်ရှန်ကို ပြောတာလေ!” ကျောက်ဖန်းဖန်းက မျက်စောင်းထိုးရင်း ဆိုသည်။
“သူ ကြွက်မတက်ပါဘူး” ဆန်းပင်းက ဝင်ပြောသည်။
“ဒါဆို ဘယ်သူ ကြွက်တက်တာလဲ” ချန်အာဟူက မေးသည်။
“မန်နေဂျာချန်လား” ဆန်းပင်းက ချန်ကျန့်ကို လှမ်းကြည့်သည်။
“ရှင်တို့ သုံးယောက်စလုံး ဆေးရုံသွားကြပါတော့” ဟူဖန်က ရယ်မောရင်း ဆိုလေသည်။
ရှန်ယွီအတွက် ဟင်းပန်းကန် ပြင်ဆင်ပြီးနောက် ချန်ကျန့် အပေါ်သို့ သယ်သွားပေးလိုက်သည်။
“ဘော့စ်ရှန်ကို ဟိုစာရင်းအကြောင်း မေးဖို့ မမေ့နဲ့ဦးနော်” ဟူဖန်က သတိပေးလိုက်သည်။
“ထမင်းစားပြီးမှ မေးလည်း ရပါတယ်” ကျောက်ဖန်းဖန်းက ဆိုသည်။
“မရဘူး၊ အရေးကြီးတယ်။အခန်း ၁၅ ခန်းတောင်နော်!” ဟူဖန်က ဆိုသည်။
“ဒီလောက် အော်ဒါအကြီးကြီးကို လက်မလွှတ်နိုင်ဘူး”
“အင်း” ချန်ကျန့် ပြုံးလျက် သဘောတူလိုက်သည်။
“ဘာစာရင်းလဲ”
ရှန်ယွီက မေးလိုက်သည်။ ချန်ကျန့်က ထမင်းလင်ဗန်းနှင့်အတူ စာရွက်တစ်ရွက်ကို စားပွဲပေါ် တင်ပေးလိုက်သောကြောင့် ဖြစ်သည်။
“လျူဝူက ဟူဖန်ကို ပြောထားတယ်၊ သူတို့ လူအယောက် ၃၀ လောက် ခေါ်လာမယ်တဲ့။ သူတို့တွေ တောတက်၊ တောင်တက် လုပ်ကြမှာမလို့ မြစ်ဘေးလမ်းကြောင်းနဲ့ တောင်တက်လမ်းကြောင်းတွေအတွက် အကြံပေးစေချင်လို့တဲ့”
“အဲ့ဒါကို ငါ့ကို ပြတော့ကော...” ရှန်ယွီ ထမင်းပန်းကန်ကို ကြည့်ရင်း မေးသည်။
“ဒါကို လက်ခံမှာလား၊ ဘယ်လိုလုပ်ပေးရမလဲဆိုတာ သူ သိချင်လို့လေ ။ သူ မသိဘူးလေ”
ရှန်ယွီ သူ့ကို မော့ကြည့်လိုက်သည်။
“ကျွန်တော်လည်း မသိဘူး” ချန်ကျန့် ဝန်ခံလိုက်ရသည်။
ရှန်ယွီ မဲ့ကာရွဲ့ကာဖြင့် …
“ငါကကော သိမယ် ထင်လို့လား”
“ဒါဆို ကျွန်တော် စမ်းကြည့်လိုက်ပါ့မယ်၊ လိုက်စုံစမ်းကြည့်လိုက်မယ်...”
ချန်ကျန့် ဘယ်ကနေ သတင်းအချက်အလက် ရှာရမလဲ စဉ်းစားနေမိသည်။
“စုံစမ်းမနေနဲ့။ လျူဝူဆီ ဖုန်းဆက်လိုက်” ရှန်ယွီက ထမင်းစားရန် တုတ်ကို ကိုင်ရင်း ဆိုသည်။
“ဗျာ။ ဘာပြောရမှာလဲ” ချန်ကျန့် မျက်တောင်ခတ်ရင်း မေးလိုက်သည်။
“သူ့ကို ဆဲလိုက်”
ရှန်ယွီက ပုံမှန်အတိုင်းပင် ပြောလိုက်လေသည်။
ဒီတည်းခိုခန်းက ကျားဖြန့်ကြီးလား ချန်ကျန့် ဘာမှ ပြန်မပြောဘဲ ငြိမ်နေမိသည်။
“တက္ကသိုလ်ကျောင်းသား တစ်အုပ်ကြီးက တောင်တက်မယ်ဆိုပြီး လမ်းကြောင်းတောင် မသိဘူးလား။ သူတို့အတွက် ကယ်ဆယ်ရေးအဖွဲ့ပါ ဖွဲ့ပေးရမလားလို့ပါ မေးလိုက်ပါဦး”
“အဲ့ဒါဆိုရင် လူမိသွားမှာပေါ့ ။ သူက မင်းရဲ့ ညီဆိုတာကို လျှို့ဝှက်ထားမယ်ဆို”
“ဝမ်းကွဲညီ” ရှန်ယွီက ပြင်ပေးလိုက်သည်။
“အေးပါ၊ ဝမ်းကွဲညီဆိုတာကို လျှို့ဝှက်ထားမယ်ဆို ။ ဒါဆို မင်းပဲ ဖုန်းဆက်လိုက်ပါလား”
“ဒါက ငါတို့ရဲ့ ဧည့်ဝတ်ပြုနိုင်စွမ်းကို စမ်းသပ်တာ မဟုတ်ဘူးလား” ရှန်ယွီက ပြန်မေးလိုက်သည်။
ရှန်ယွီ သူ့ကို တစ်ချက်ကြည့်လိုက်သည်။
“မင်းက ငါက လက်ညှိုးထိုးပြမှ လုပ်တတ်တာလား”
“မဟုတ်ပါဘူး” ချန်ကျန့် သက်ပြင်းချလိုက်သည်။
“ကျွန်တော် တကယ် ဘယ်လို ကိုင်တွယ်ရမလဲ မသိလို့ပါ”
“ဟူဖန်က သူမ မဆုံးဖြတ်နိုင်တဲ့ကိစ္စကို မင်းဆီ ယူလာတာက မှန်ပါတယ်၊ အဲ့ဒါ သူမအလုပ်ပဲ”
ရှန်ယွီ ထမင်းစားတာကို ခဏရပ်ပြီး ဆက်ပြောသည်။
“ဒါပေမဲ့ အခုက မန်နေဂျာရဲ့ အလိုက်သင့် ပြောင်းလဲနိုင်စွမ်းကို စမ်းသပ်တာလေ။ အဲ့ဒါကြောင့် ငါ သင်ပေးမယ်။ လျူဝူဆီ ဖုန်းဆက်ပြီး သူ့ကို ဆဲလိုက်”
“တကယ်လို့ လျူဝူသာ မဟုတ်ရင်၊ ကျွန်တော်က ဧည့်သည်တွေကို ဒီအတိုင်း ဖုန်းဆက်ပြီး ဆဲလို့မှ မရတာ” ချန်ကျန့်မှာ ရယ်ချင်စိတ်ကို မနည်းထိန်းရင်း ပြောလိုက်သည်။
“အဲ့ဒါဆို လုပ်ငန်း ဘယ်လို ရပ်တည်မလဲ”
“အဓိကအချက်က အဲ့ဒါ လျူဝူ ဖြစ်နေလို့ပေါ့။ အဲ့ဒီမှာတင် မင်းက လိုက်လျောညီထွေ လုပ်လို့ ရတာလေ။ သူ့ကိုသာ ဆဲလိုက်ပါ”
“ကောင်းပြီလေ ။ ဒါပေမဲ့ တကယ်လို့ တခြားသူစိမ်းတွေသာ ဆိုရင်ကော”
“ငြင်းလိုက်ပေါ့။ ဘယ်သူကများ အဲ့ဒီလို ဝန်ဆောင်မှုမျိုး ပေးလို့လဲ။ ငါတို့မှာ ဝန်ထမ်း သုံးယောက်ခွဲပဲ ရှိတာကို”
“ဒါပေမဲ့ အခန်း ၁၅ ခန်းတောင်နော်” ချန်ကျန့်က ထောက်ပြလိုက်သည်။
“မင်းကတော့ တော်တော် လောဘကြီးတာပဲ”
“ဟုတ်တယ်လေ” ချန်ကျန့် ခေါင်းညိတ်ပြလိုက်သည်။
“မင်းက တကယ်ပဲ အပြည့်အဝ လုပ်ပေးချင်တယ်ဆိုရင်တော့…အချိန်ပေးပြီး သွားလေ့လာကြည့်ပေါ့။ ဒီမြို့က ကြော်ငြာတာ ဘာမှမရှိဘူး။မင်းက ရှိနေတဲ့ လမ်းကြောင်းတွေကို လေ့လာပြီး တရားဝင် လမ်းကြောင်းတွေကိုပဲ အကြံပေးလိုက်ပေါ့။ သူတို့ရဲ့ ထူးခြားချက်တွေကို ရှင်းပြလိုက်။ မင်းက ဒီမှာ ကြီးပြင်းတာပဲ၊ သိမှာပေါ့”
“ကျွန်တော် ကိုယ်တိုင်လည်း အဲ့ဒါတွေ တစ်ခါမှ မလုပ်ဖူးဘူး။ တောင်ပေါ်လည်း မတက်ဖူးသလို မြစ်ဘေးမှာလည်း လျှောက်မလည်ဖူးဘူး။ ဒီလို ခရီးသွားလုပ်ငန်းတွေက နောက်မှ ပေါ်လာတာလေ။ ကျွန်တော် ကြည့်တောင် မကြည့်ဖူးဘူး”
“ဒါဆိုလည်း သွားစမ်းကြည့်ပေါ့။ အရင်ကတော့ အလုပ်များနေလို့ပေါ့။ အခုတော့ အလုပ်ချိန်အတွင်းမှာပဲ သွားဆော့လို့ ရတာပဲ”
“အင်း” ချန်ကျန့် ခေါင်းညိတ်လိုက်သည်။
“ချန်ကျန့်။ မင်းက တည်းခိုခန်း မန်နေဂျာလေ၊ မင်းအလုပ်က နေ့စဉ် စီမံခန့်ခွဲမှုနဲ့ ပေါင်းစပ်ညှိနှိုင်းပေးဖို့ပဲ။ အရာရာကို ကိုယ့်ပခုံးပေါ် ပုံမတင်ထားနဲ့၊ အဲ့ဒါက ပင်ပန်းလွန်းတယ်၊ ပြီးတော့ လစာလည်း ပိုမရဘူး”
“စောစောက ချန်အာဟူက မေးတယ်၊ မင်း ဒီနေရာကို ဆက်ဖွင့်နိုင်ပါ့မလားတဲ့။ သူက ဒီက ထွက်သွားရရင် သူ့အစ်ကိုက သူ့ကို သတ်မှာ စိုးရိမ်နေတာ”
ရှန်ယွီ ဆိုဖာပေါ် မှီလိုက်ပြီး ကျန်ချန့်ကို စိုက်ကြည့်သည်။
“ချန်းယွီက ငါ့ကို အကြွေး ယွမ်ရှစ်သိန်း တင်နေတာ ကြာပြီ၊ အတိုးတောင် မပါသေးဘူး။ ငါ သူ့ကို ဒီနေရာတင် သတ်လိုက်ရင်တောင် သူ ငါ့ကို ပြန်မဆပ်နိုင်ဘူး။ ဒါကြောင့် ငါ့ရဲ့ မူလ အစီအစဉ်က ဒီတည်းခိုခန်းကို လာကြည့်ပြီး ဘယ်လောက်နဲ့ ပြန်ရောင်းလို့ ရမလဲဆိုတာ ကြည့်ဖို့ပဲ”
“ရောင်းဖို့ ခက်လိမ့်မယ် မဟုတ်လား” ချန်ကျန့်က ဆိုသည်။
“ဘယ်သူက ဝယ်မှာတဲ့လဲ။ ဟွန့်” ရှန်ယွီ မဲ့ကာရွဲ့ကာဖြင့် အသံထွက်လာသည်။
“ဒါဆို မင်း လုပ်ချင်သည်ဖြစ်စေ၊ မလုပ်ချင်သည်ဖြစ်စေ၊ ဒါကို ဆက်လုပ်ဖို့ကလွဲလို့ တခြား လမ်းမရှိဘူးပေါ့”
ရှန်ယွီ ရယ်မောလိုက်သည် ။
“မင်းပြောတာကတော့ လွယ်တာပေါ့။ ငါ ဒါကို ဆက်လုပ်မယ်ဆိုရင် ငါ့ပိုက်ဆံတွေ ထပ်ရင်းရဦးမယ်၊ တကယ်လို့ အဆင်မပြေရင် အကုန် ဆုံးမှာလေ။ တကယ်လို့ မလုပ်ဘူးဆိုရင်တော့ ဒီတည်းခိုခန်းကို ဖြိုချပြီး ပစ္စည်းဟောင်းတွေအဖြစ် ရောင်းစားလိုက်လို့ ရသေးတယ်”
မလုပ်ပါနဲ့ဦး!
ရှန်ယွီ့ စကားကြောင့် ချန်ကျန့် မျက်မှောင်ကြုတ်လိုက်မိသည်။
“မင်းကိုယ်တိုင် ပြောခဲ့တာပဲလေ ။ ဒီကလူတွေကို တတ်နိုင်သလောက် ကူညီပေးရမယ်ဆိုတာ။ ငါက ဒီလူတွေကို ဆွဲတင်ပေးမယ်၊ အဲ့ဒီလိုပဲ သူတို့ကလည်း ငါ့ကို ပြန်ပြီး ဆွဲတင်ပေးကြလိမ့်မယ်လို့ မျှော်လင့်ရတာပေါ့”
ရှန်ယွီက တူကို ကိုင်ရင်း ထမင်းစားရင်းမှ ပြောပြသည်။ ချန်ကျန့် ရှန်ယွီကို ဖော်ပြမတတ်သော ခံစားချက်မျိုးဖြင့် ကြည့်နေမိသည်။ ရှန်ယွီက ဤကဲ့သို့ အတည်ပေါက်နှင့် စိတ်ရင်းအတိုင်း ပြောလာသည့်အခါ သူ အနည်းငယ် အသားမကျသလို ခံစားရ၏။
“အောက်ဆင်းပြီး ထမင်းသွားစားတော့၊ ငါလည်း စားရဦးမယ်”
ရှန်ယွီ တူကို ကြည့်ကာ,,,
“ငါတို့တွေ စကားဆက်ပြောနေရင် ဒီတုတ်တွေတောင် ပါးသွားတော့မယ်”
“ဟုတ်ကဲ့ … ဒါဆို ကျွန်တော် အောက်ဆင်းတော့မယ်”
သူ တံခါးဝသို့ မရောက်သေးမီမှာပင် ခါးက စက်ကနေ အသံမြည်လာပြီး ဟူဖန်၏ ဝမ်းသာအားရ အော်ဟစ်သံ ထွက်ပေါ်လာသည် ။
“မန်နေဂျာ!”
“အို... ဘုရားရေ” ရှန်ယွီမှာ လန့်သွားပြီး လက်ထဲက တူကို ပန်းကန်ထဲ မတတ်သာဘဲ ချလိုက်သည်။
“ငါတော့ ထမင်း ဆက်စားလို့ မရတော့ဘူး ထင်တယ်”
“ဘာဖြစ်လို့လဲ” ချန်ကျန့်က ဟူဖန့်ကို စကားပြောစက်မှ တစ်ဆင့်လှမ်း မေးလိုက်သည်။
“ကျွန်မတို့ရဲ့ ပထမဆုံးသော ဖွင့်ပွဲ အော်ဒါအစစ် ရပြီဟေ့!ခုနတင် တစ်ယောက် ဖုန်းဆက်လာတာ! ကျွန်မ ပလက်ဖောင်းမှာ ပြန်တင်လိုက်တာ နှစ်ရက်ပဲ ရှိသေးတယ်၊ အခု အော်ဒါ ရပြီ!”
“အေးအေး၊ လာပြီ”
“ဘော့စ်ကို ပြောလိုက်ပါဦး။ သူ ရွေးပေးတဲ့နေ့က တကယ်ကို နိမိတ်ကောင်းတဲ့နေ့ပဲလို့!” ဟူဖန်က ထပ်ပြောသည်။
“သိပါပြီ” ချန်ကျန့် ပြုံးလျက် ရှန်ယွီကို လှမ်းကြည့်လိုက်သည်။
“ဘော့စ်... ကြားတယ်မလား”
“ကြားပါတယ်”
ရှန်ယွီ သက်ပြင်းချရင်း တူကို ပြန်ကိုင်လိုက်လေသည်။ ပထမဆုံး အော်ဒါမှာ ဖုန်းဖြင့် ရောက်လာခြင်း ဖြစ်သည်။ အရင် ဧည့်သည်များကဲ့သို့ပင် စုံတွဲ သုံးတွဲ ဖြစ်ဟန်ရှိသည်။ ချန်ကျန့် အောက်ထပ် ရောက်သည့်အခါ ဟူဖန်က အခန်းများ စီစဉ်ပြီးသား ဖြစ်နေသည်။
“ဟို အော်ဒါအကြီးကြီးကော ဘယ်လိုလုပ်မလဲ” ဟူဖန်က ထမင်းစားရင်း မေးသည်။
“ခဏနေမှ ငါ ဖုန်းဆက်လိုက်မယ် ။ ထမင်းကိုသာ အေးအေးဆေးဆေး စားပါဦး”
“ကျွန်မ ဝိတ်လျှော့နေတာလေ။ နှစ်လုပ်လောက်ဆို ရပြီ”
“မင်းက မဝပါဘူး” ကျောက်ဖန်းဖန်းက ဆိုသည်။
“လူတွေက အဲ့ဒီလောက် အလွယ်တကူ ဝမလာပါဘူး။ ဘော့စ်ရှန်ကို ကြည့်ပါဦး။ သူ တစ်နေ့ကို ကိုလာဘူး ရှစ်ရာလောက် သောက်နေတာ၊ ဒီမြို့ရဲ့ ကိုလာတွေကို သူ တစ်ယောက်တည်းနဲ့တင် ကုန်အောင် သောက်နိုင်တယ်။ အဲ့ဒါတွေက သကြားတွေချည်းပဲလေ၊ သူ ဝလာလို့လား”
ချန်အာဟူ၏ တွေးခေါ်မှုပေါ့။
“သူက ကျွန်မကို သကြားမပါတဲ့ဟာ ဝယ်ပေးဖို့ ပြောထားပြီးသားပါ” ဟု ကျောက်ဖန်းဖန်းက ဆိုသည်။
“မြို့ထဲက ကိုလာအချိုတွေ အကုန် ကုန်သွားလို့လား” လောင်ဝူက မေးလိုက်သည်။
ချန်ကျန့်မှာ ရယ်ချင်စိတ်ကို မနည်းထိန်းလိုက်ရသည်။
နေ့လယ်စာ စားပြီးနောက် ဘယ်သူမှ မနားကြချေ။ ထိုညတွင် ညစာစားပွဲကြီး ရှိသဖြင့် စောစောစီးစီး ပြင်ဆင်ကြရလေသည်။ ချန်အာဟူက သူ၏ ညီအစ်ကိုများကို ခေါ်ထားပြီး၊ သူတို့ကလည်း သူတို့၏ ရည်းစားများကို ခေါ်လာကြသည်။ ကျောက်ဖန်းဖန်းက သူမ၏ သမီးကို ခေါ်လာမည်ဖြစ်သလို၊ ဟူဖန်ကလည်း မြို့ထဲက ကျောင်းနေဖက် သူငယ်ချင်းတစ်ယောက်ကို ဖိတ်ထားသည်။ ထို့ပြင် ရွှေကောတို့ ဇနီးမောင်နှံနှင့် ရှောင်သိုအာတို့ မိသားစုလည်း ပါဝင်သည်။
လူတွေ အများကြီးပင်။ အခြေအနေမှာ ရုတ်ရုတ်သဲသဲနှင့် ဆူညံနေမည်မှာ သေချာသော်လည်း ချန်ကျန့်ကတော့ စိတ်လှုပ်ရှားနေမိသည်။ ဤကဲ့သို့သော ပွဲမျိုးကို မကြုံရသည်မှာ ကြာပြီ မဟုတ်လား။ ရှောင်သိုအာတို့ အိမ်မှာ မနေခင်ကတည်းက သူသည် နှစ်သစ်ကူးပွဲတွေကို တစ်ယောက်တည်း ဖြတ်ကျော်ခဲ့ရပြီး သူများတွေရဲ့ ဆူညံပျော်ရွှင်မှုကိုသာ ငေးကြည့်ခဲ့ရသူ ဖြစ်သည်။
ညနေ သုံးနာရီခန့်တွင် စားသောက်ဆိုင်မှ ဖုန်းဆက်လာပြီး ဟင်းတွေ အကုန် အဆင်သင့်ဖြစ်ပြီဟု ပြောသည်။ ချန်ကျန့် အပြင်ထွက်ရန် ပြင်သည့်အခါ ချန်အာဟူက နောက်က လိုက်လာသည် ။
“ငါ လိုက်ခဲ့မယ်၊ ငါပဲ ကားမောင်းမယ်”
“ဆိုင်ကယ်နောက်မှာ တင်လာလို့ ရပါတယ်...” ချန်ကျန့်က ဆိုသည်။
“ငါ လိုက်ခဲ့ပါ့မယ် ။ မင်း ငါ့အစ်ကိုနဲ့ လမ်းမှာ ဆုံမှာ စိုးလို့ပါ။ ကားနဲ့ဆိုရင်တော့ ပိုပြီး ဘေးကင်းတာပေါ့”
ချန်တာဟူ အခုချက်ချင်း ပြန်ပေါ်လာမည် မဟုတ်မှန်း ချန်ကျန့် သိသော်လည်း၊ သူ သဘောတူလိုက်သည်။ သူ့အစ်ကိုဆီက အရိုက်ခံလိုက်ရခြင်းက ချန်အာဟူ၏ အသိတရားတွေကို ပွင့်သွားစေပုံ ရပါသည်။ သူသည် ရုတ်တရက် တကယ့် လုံခြုံရေးကုမ္ပဏီ ဘော့စ်တစ်ယောက်ပမာ သတိကြီးလာခဲ့သည်။အောက်ထပ်မှာတော့ တော်တော်လေး ဆူညံနေပြီ ဖြစ်သည်။ ဧည့်သည်တွေတောင် မရောက်သေးဘဲ၊ သူတို့လူတွေရဲ့ အော်ဟစ်ရယ်မောသံတွေက စတုတ္ထထပ်အထိ ကြားနေရသည်။
ရှန်ယွီမှာ အပေါ်တွင် မိနစ်နှစ်ဆယ်ခန့် ရပ်နေပြီး အောက်မဆင်းချင်သေးချေ။ အောက်ထပ်မှာ လျူဝူပေါင်း တစ်ဒါဇင်လောက် ရှိနေသလို ခံစားရပြီး ခေါင်းကိုက်ချင်လာသည်။
ကံကောင်းသည်မှာ ဘော့စ်က ဘယ်အရာကိုမှ ဝင်မစွက်ဖက်သလို၊ ဘယ်သူကမှလည်း သူ့ကို လာမနှောင့်ယှက်ကြချေ။သူ စက်ကို ဖွင့်လိုက်သည့်အခါ မိနစ်အနည်းငယ်တိုင်း တစ်ယောက်ယောက်က လှမ်းခေါ်နေသံကို ကြားရသည် ။
“ချန်ကျန့်!”
“မန်နေဂျာရေ!”
ချန်ကျန့်မှာ အလွန်အလုပ်ရှုပ်နေသဖြင့် စတုတ္ထထပ်သို့ပင် မတက်နိုင်တော့ချေ။ သူ တိုက်ရိုက်ပင် ဖုန်းဆက်လိုက်သည် ။
“ဘော့စ်...ဧည့်သည်တွေ အကုန်ရောက်ပြီ။ ညစာ စားဖို့ အဆင်သင့် ဖြစ်နေပြီ၊ အောက်ဆင်းလာခဲ့ပါတော့”
“ငါ့ဘာသာပဲ ဆင်းရမှာလား” ဟု ရှန်ယွီက မေးသည်။
“မင်းရဲ့ လျှပ်စစ်ဝှီးချဲနဲ့ ဆင်းလာခဲ့လေ”
“မင်း လာတွန်းပေးပါ ။ ငါ့ဘာသာ မောင်းဆင်းသွားရင် ကြည့်ရတာ အရမ်း တော်နေသလို ဖြစ်နေမှာပေါ့။ ဒီလောက် သွက်လက်နေတဲ့ ဘော့စ်က ဧည့်သည်တွေ ရောက်မှ ပေါ်လာတယ်ဆိုရင် ရိုင်းရာကျမှာ စိုးလို့ပါ”
“တော်တော်တတ်နေတယ်ပေ့ါ။” ချန်ကျန့် တိုးတိုးလေး ရေရွတ်လိုက်သည် ။
“လာပါပြီဗျာ”
“ဘာပြောလိုက်တာလဲ” ရှန်ယွီက မေးသည်။
“လာပါပြီလို့ ပြောတာပါ”
“အဲ့ဒီရှေ့က စကားကို ပြောတာ” ဟု ရှန်ယွီက ဆိုသည်။
ချန်ကျန့် ဘာမှ ပြန်မဖြေဘဲ ဖုန်းချလိုက်တော့သည်။ ချန်ကျန့် စတုတ္ထထပ်သို့ ပြေးတက်လာသည့်အခါ ရှန်ယွီမှာ ဓာတ်လှေကားရှေ့တွင် ဝှီးချဲနှင့် အသင့် စောင့်နေလေပြီ။
“သွားကြစို့ ။ စောနက အလျင်လိုနေလို့ ဖုန်းကို အမှတ်မထင် ချမိသွားတာပါ”
ရှန်ယွီက ပြုံးရုံသာ ပြုံးပြပြီး ဘာမှ မပြောချေ။
“နည်းနည်းတော့ ဆူညံလိမ့်မယ်နော် ဘော့စ်။ကလေး သုံးယောက်ရှိတယ်၊ ကျောက်ကျဲရဲ့ သမီး၊ သိုအာ၊ ပြီးတော့ ဆန်းပင်းရဲ့ တူမလေးပေါ့။ အားလုံးက မိန်းကလေးတွေ ဆိုပေမဲ့ ကလေးဆိုတော့ တက်ကြွကြတယ်။”
“ရပါတယ်။ ဟူဖန် တစ်ယောက်တည်းနဲ့တင် အဲ့ဒီ ကလေးသုံးယောက်ထက် ပိုပြီး အသံကျယ်နေတာပဲဟာ”
ချန်ကျန့် သူ့ကို ဓာတ်လှေကားထဲသို့ တွန်းသွင်းလိုက်သည်။
“ခဏနေရင် စကားနည်းနည်း ပြောဦးမလား ဘော့စ်”
“မန်နေဂျာပဲ ကိုင်တွယ်လိုက်ပါ”
“မလုပ်ပါနဲ့ဗျာ…ကျွန်တော် အစည်းအဝေး လုပ်ရတာတောင် တော်တော်လေး အော့ကြောလန်နေတာ”
“ငါ တစ်နေ့လယ်လုံး ပုန်းနေခဲ့တာလေ။ ဟူဖန်ကိုပဲ ပြောခိုင်းလိုက်ပါ”
***
“အားလုံးပဲ မင်္ဂလာပါရှင်၊ တာယွင် တည်းခိုခန်းရဲ့ ဖွင့်ပွဲ ညစာစားပွဲကနေ ကြိုဆိုပါတယ်”
ဟူဖန်သည် ကုလားထိုင်ပေါ်တွင် မတ်တတ်ရပ်ကာ ဖန်ခွက်ကို မြှောက်လျက်…
“ကျွန်မတို့ရဲ့ ဘော့စ်ရှန်၊ မန်နေဂျာချန်နဲ့ ဝန်ထမ်းအားလုံးရဲ့ ကိုယ်စား... အားလုံးပဲ ခွက်ချင်း တိုက်ကြရအောင်!”
အားလုံးက ဖန်ခွက်များကို မြှောက်ကာ အသံစုံဖြင့် အော်ဟစ် နှုတ်ဆက်ကြသည်။ ချန်ကျန့်၏ ဘေးတွင် ထိုင်နေသော ရှောင်သိုအာကလည်း သူမ၏ လက်ဖက်ရည်ခွက်ကို မြှောက်ကာ
“ဂုဏ်ပြုပါတယ်၊ ပိုက်ဆံတွေ အများကြီး ရပါစေ!” ဟု လိုက်အော်လေသည်။
“အားလုံးပဲ အဝစားကြပါ၊ အဝသောက်ကြပါ။ ပြီးရင်တော့ အပြန်မှာလည်း သတင်းလေးတွေ ပါးပေးကြပါဦး။ ကျွန်မတို့ တာယွင် တည်းခိုခန်းမှာ အခန်းအမျိုးမျိုး ရှိပါတယ်။ တောင်တန်းတွေ၊ ရေတံခွန်တွေ၊ တောအုပ်တွေ မြင်ချင်သလား ။ အကုန်လုံး ရှိပါတယ်...”
“အား...” ရှန်ယွီက ခေါင်းလှည့်ကာ ရယ်ချင်စိတ်ကို အောင့်ထားလိုက်သည်။ ချန်ကျန့်ကလည်း တိတ်တိတ်လေး အတင်းပြောလာ၏။
“ဒါက တကယ်ပဲ သူ့အတွက် ဖန်တီးထားတဲ့ အလုပ်ပဲ။ နားထောင်နေရုံနဲ့တင် ကျွန်တော်တော့ မခံနိုင်တော့ဘူး”
“ဘော့စ် ကိုကို” ရှောင်သိုအာက ချန်ကျန့်၏ ပေါင်ပေါ်တွင် မှီကာ၊ သူမ၏ ခွက်ကို ရှန်ယွီဘက်သို့ ကမ်းလိုက်သည် ။
“အဖိုးက ပြောတယ်...စီးပွားရေး တအား အောင်မြင်ပါစေ၊ ချမ်းသာပါစေတဲ့”
“ကျေးဇူးပါကွယ်” ရှန်ယွီက သူ၏ ကိုလာခွက်ကို အမြန်မြှောက်ကာ ကလေးမနှင့် ခွက်ချင်း တိုက်လိုက်သည်။
“အခုတော့ ဦးဦးလို့ မခေါ်တော့ဘူးလား”
“ကိုကိုက ခြောက်နှစ်ပဲ ရှိသေးတာလေ” ရှောင်သိုအာက ဆိုသည်။
“ဒါက ဘာသဘောလဲ” ရှန်ယွီ ချန်ကျန့်ကို လှမ်းကြည့်လိုက်သည်။
“ကျွန်တော်လည်း မသိဘူးလေ” ချန်ကျန့် ရယ်မောလိုက်မိသည်။
ရှန်ယွီ ထပ်မမေးတော့ဘဲ အိတ်ထဲကနေ ဟုန်ပေါင်းတစ်အိတ် ထုတ်လိုက်သည်။
“ရှောင်သိုအာ... ဒါက မင်းအတွက် မုန့်ဖိုးနော်”
“နှစ်သစ်ကူး ရောက်ပြီလားဟင်” ရှောင်သိုအာက မေးသည်။
“ဟုတ်တယ်” ရှန်ယွီ ခေါင်းညိတ်ပြလိုက်သည်။
ဘာတွေ လျှောက်ပြောနေတာလဲ
ချန်ကျန့်က သူ့ကို တားလိုက်သည် ။
“ဘာလို့ မုန့်ဖိုးတွေ ပေးနေတာလဲ”
“ကလေးတွေ အကုန်လုံး ရသင့်တာပေါ့”
ရှန်ယွီက ရှောင်သိုအာ၏ လက်ထဲသို့ ထည့်ပေးလိုက်ပြီး၊ နောက်ထပ် နှစ်အိတ် ထပ်ထုတ်လိုက်ကာ ချန်ကျန့်ကို ကမ်းပေးသည်။
“ဒါက ကျောက်ကျဲရဲ့ သမီးအတွက်၊ ဒါကတော့ ဆန်းပင်းရဲ့ တူမလေးအတွက်”
“...ဟုတ်ကဲ့ပါ” ချန်ကျန့် ထိုစာအိတ်များကို ယူလိုက်သည်။
အားလုံးမှာ ရင်းနှီးသူများ ဖြစ်ကြသဖြင့် ဟန်ဆောင်နေခြင်း မရှိဘဲ အားရပါးရ စားသောက်ကာ စကားပြောကြလေတော့သည်။ ချန်အာဟူမှာ သေဘေးကနေ လွတ်လာခဲ့သဖြင့် ပို၍ပင် စိတ်လှုပ်ရှားနေပုံရသည်။ ဖန်ခွက်ကို မြှောက်လိုက်၊ ပုခုံးကို ပုတ်လိုက်နှင့် လူတိုင်းနှင့်အတူ ရယ်မောသောက်စားနေလေသည်။
စားသောက်ခန်းတစ်ခုလုံးမှာ ဆူညံသံများနှင့် ရယ်သံများဖြင့် ပြည့်နှက်နေသည်။
“မန်နေဂျာချန်” ရှန်ယွီက ချန်ကျန့်၏ လက်မောင်းကို အသာအယာ တို့လိုက်သည်။
“အင်း” ချန်ကျန့် လှည့်ကြည့်လိုက်သည်။
“မင်းရဲ့ အရက်ခွက်ကော”
ချန်ကျန့် သူ၏ခွက်ကို မြှောက်လိုက်သည်။
ရှန်ယွီက ချန်ကျန့်၏ခွက်ကို ခွက်ချင်း တိုက်လိုက်ရင်း … “ကျေးဇူးတင်ပါတယ်” ဟု ဆိုလိုက်သည်။
ချန်ကျန့်မှာ ဆွံ့အသွားပြီး သူ့ကို ငြိမ်သက်စွာ စိုက်ကြည့်နေမိသည်။
“ကျေးဇူးတင်ပါတယ်”
ရှန်ယွီက ထပ်မံ ပြောကြားလိုက်ပြီးနောက်၊ ခေါင်းကို နောက်သို့ လှန်ကာ သူ၏ဖန်ခွက်ထဲရှိ အရည်များကို အကုန် မော့ချလိုက်လေတော့သည်။
တခန်းပြီး တခန်းပိုပိုစိတ်ဝင်စားစရာကောင်းလာပါတယ်။
ReplyDelete