အပိုင်း (၂၅)
တာယွင်တည်းခိုခန်း ဖွင့်ပွဲညမှာတင် ဝန်ထမ်းတွေက အတွင်းအပြင် အကုန်သန့်ရှင်းရေးလုပ်လိုက်ကြတာ၊ နောက်တစ်နေ့ မနက်စောစောမှာတင် လမ်းမပေါ်က ဗျောက်အိုးခွံတွေတောင် မကျန်တော့ဘူး။
ဟူဖန်က ခါးထောက်ပြီး လမ်းလယ်မှာ ရပ်နေရင်း
“အမှတ်အသားလေးတွေ နည်းနည်းလောက် ချန်ထားခဲ့သင့်တာ၊ အခုတော့ သန့်လွန်းနေပြီ”
“မလိုပါဘူး။ ချန်ထားရင် ငါတို့က အခုမှ အသစ်ဖွင့်တဲ့ဆိုင်မှန်း သိသာသွားပြီး လူတွေက ငါတို့ရဲ့ ကျွမ်းကျင်မှုကို သံသယဝင်ကုန်မှာပေါ့” ဆန်းပင်းကလည်း ခါးထောက်ရင်း ဆိုသည်။
“ဟုတ်တော့လည်း ဟုတ်သားပဲ” ဟူဖန်က လမ်းတစ်ဖက်မှာ ဆောင့်ကြောင့်ထိုင်နေတဲ့ ချန်ကျန့်ကို လှမ်းကြည့်လိုက်သည် ။
“မန်နေဂျာ... အထဲဝင်ပြီး ခဏလောက် ထပ်အိပ်လိုက်ပါလား”
“မအိပ်တော့ပါဘူး” ချန်ကျန့်က ဆိုကာ လက်ဝါးထဲသို့ နှာချေလိုက်သည်။
“တရားဝင် စဖွင့်တဲ့နေ့မှာမှ အအေးမိရတယ်လို့…မင်းကတော့ တကယ့်ကို နေ့ရွေးတတ်တာပဲ”
“သူက ရက်တော်တော်များများ ပင်ပန်းလာပြီးမှ အခုမှ စိတ်လျှော့လိုက်တော့ ဖျားတာဖြစ်မှာပါ”
ဆန်းပင်းစကားကို ဟူဖန်က ပြန်ဝင်ကာပြောသည်။
“အဓိကက ရာသီဥတုကလည်း မအေးဘဲနဲ့ ဘယ်လိုဖြစ်ပြီး အအေးမိတာလဲ။ မနေ့ညက အပြင်မှာ ဘယ်လောက်တောင် ကင်းလှည့်နေလို့လဲ”
ဆန်းပင်းထပ်မေးသည်။
တစ်ပတ်ပဲ လှည့်တာပါ။ ခုံတန်းပေါ်မှာ မိနစ်သုံးဆယ်လောက် လှဲနေမိတာလေ။
“တော်တော်ကြာသွားလို့နေမှာပါ”
ချန်ကျန့်က မက်ခ် တစ်ခု ထုတ်တပ်လိုက်သည် ။
“နောင်ကျရင် ငါ တစ်ယောက်တည်းပဲ သီးသန့်စားမယ်၊ မင်းတို့ကို ကူးကုန်မှာစိုးလို့”
“ဘော့စ်ကို မကူးစေနဲ့ဦးနော်” ဟူဖန်က ဆိုသည်။
ဘော့စ်ကို ကူးလည်း ကိစ္စမရှိပါဘူး၊ သူက ဘာမှလုပ်တာမှ မဟုတ်တာ။
“မင်းက ဖျန်းတဲ့ဘူး လား။ လမ်းလျှောက်သွားရင်းနဲ့ လူတွေကို လိုက်ကူးအောင် လုပ်နေတာလား”
ရှန်ယွီက ဖုန်းထဲကနေ လှမ်းမေးသည်။
“ဖျန်းတဲ့ဘူးပဲ ဖြစ်ဖြစ် မဖြစ်ဖြစ်၊ ကျွန်တော် အသက်ရှူနေတာပဲလေ။ သူတို့တွေက ကျွန်တော့်ကို မင်းနဲ့ ဝေးဝေးနေဖို့ ပြောနေကြတယ်”
“မင်းက ငါ့ဘေးမှာ ဒူးထောက်ပြီး ငါ သေမသေ လာစစ်မနေသရွေ့တော့ ငါ့မျက်နှာပေါ်ကို အသက်ရှူမိမှာ မဟုတ်ပါဘူး” ရှန်ယွီက ဆိုလေသည်။
ချန်ကျန့် သက်ပြင်းချလိုက်မိသည်။
“ဒီနေ့ လုပ်စရာ သိပ်မရှိရင် အိပ်ရေးဝအောင် အိပ်လိုက်ပါ ။ အိပ်ရေးဝမှ ရောဂါက မြန်မြန်ပျောက်မှာ။ အမြန်နေကောင်းအောင်လုပ်၊ ငါတို့မှာ မန်နေဂျာမရှိလို့ မဖြစ်ဘူး”
ယွမ် တစ်သောင်းလေးထောင်က အလကား ပေးထားတာ မဟုတ်ဘူးပေါ့လေ။
“အင်း”
တကယ်လည်း ဒီနေ့ လုပ်စရာ သိပ်မရှိပါဘူး။ ဖွင့်ပွဲအထိမ်းအမှတ် ပရိုမိုးရှင်းနဲ့ လာမယ့် စုံတွဲသုံးတွဲကလည်း မနက်ဖြန် နေ့လယ်လောက်မှ ရောက်ကြမှာပါ။ ချန်ကျန့် ဝန်ထမ်းအိပ်ဆောင်ကို ပြန်ပြီး လှဲနေလိုက်သည်။ ရုတ်တရက် အအေးမိတာက တကယ်ကို အနေရခက်စေသည်။ မနေ့ညက ရှန်ယွီ ပြတင်းပေါက်ဖွင့်လိုက်တဲ့အချိန်မှာ သူ့ကို မြင်သွားလား မသိချေ။ အစပိုင်းမှာတော့ မြင်မှာမဟုတ်ပါဘူး၊ ပုံမှန်လူဆိုရင် ပြတင်းပေါက်ဖွင့်တာနဲ့ ဝင်းထဲကို စိုက်ကြည့်နေမှာ မဟုတ်ဘူးလေ။ ဒါပေမဲ့ သူ ထပြေးလိုက်တဲ့ အချိန်မှာတော့ မပြောတတ်တော့ဘူး။ ရှန်ယွီရဲ့ တုံ့ပြန်ပုံအရဆိုရင်...
ငါ ဘာလို့ ထပြေးမိတာလဲ
အဲ့ဒီနေရာက ချောင်းကြည့်ရင်တောင် ဘာမှ မြင်ရ ကြားရတဲ့ နေရာလည်း မဟုတ်ပါဘူး။ မန်နေဂျာတစ်ယောက်က ညဉ့်နက်သန်းခေါင်မှာ အဲ့ဒီမှာ လှဲနေတာက နည်းနည်းတော့ ထူးဆန်းပေမဲ့၊ ထပြေးလိုက်တာက ပိုပြီး ထူးဆန်းသွားစေသည်။ ချန်ကျန့် သက်ပြင်းချလိုက်မိသည်။ အိပ်ဆောင်မှာပဲ အိပ်လိုက်တာ ပိုကောင်းပါတယ်။ အအေးမိတာက တကယ် နှိပ်စက်တာပဲ။ သူ နေ့ခင်းဘက်မှာ ငိုက်ခဲသော်လည်း၊ လှဲလိုက်တာနဲ့ မိနစ်ပိုင်းအတွင်း အိပ်ပျော်သွားတော့သည်။ နှာပိတ်ပြီး အောက်ဆီဂျင် မလောက်လို့လည်း ဖြစ်နိုင်တာပေါ့။
ဒါပေမဲ့ သူ အိပ်ရေးမဝခဲ့ပါဘူး။ သူ၏ ခေါင်းရင်းမှာ ဖုန်းနှစ်ခါ မြည်လာသဖြင့် သူ နိုးလာခဲ့သည်။ ဖုန်းခေါ်သူက “အဖေ” ဖြစ်နေသည်ကို တွေ့လိုက်ရသလို၊ အချိန်ကို ကြည့်လိုက်ရာ နှစ်နာရီတောင် အိပ်ပျော်သွားခဲ့ပြီ ဖြစ်သည်။
“ပါး” သူ ဖုန်းကိုင်လိုက်သည်။
“ငါပါ”
အဖေ၏ အသံမှာ ထုံးစံအတိုင်း အနည်းငယ် အက်ရှနေသည် ။
“ထမင်းစားပြီးပြီလား”
“စားပြီးပြီ” ချန်ကျန့်က ဆိုသည်။
“အော်... အခု ဘယ်မှာ အလုပ်လုပ်နေတာလဲ”
“အရင်က လုပ်ခဲ့တဲ့ တည်းခိုခန်းမှာပဲ၊ ပိုင်ရှင် အသစ်ပြောင်းသွားလို့ … ဒါကြောင့် အဲ့ဒီမှာပဲ ပြန်လုပ်နေတာ”
“ကောင်းတာပေါ့”
အဖေက ပြောပြီးနောက် တိတ်ဆိတ်သွားသည်။ ချန်ကျန့် အလုပ်အကြောင်း ဆက်မပြောချင်တော့သော်လည်း၊ တန်ရွှေပြောခဲ့သည့် စကားများကို သတိရကာ တခြား ပြောစရာလည်း မရှိသဖြင့် ထပ်ပြောလိုက်သည် ။
“ကျွန်တော် အခု ဒီမှာ မန်နေဂျာ ဖြစ်နေပြီ”
“မန်နေဂျာ။ မင်းက ဦးဆောင်ရတာလား”
“ဟုတ်ကဲ့၊ ကျွန်တော်ပဲ အကုန် စီမံရတာ”
“ဒါဆိုရင်တော့ ကောင်းတာပေါ့ ။ တအားကောင်းတယ်၊ တအားကောင်းတယ်”
“ပါးရော အဆင်ပြေရဲ့လား” ချန်ကျန့်က မေးလိုက်သည်။
“အခု အစားအသောက် ပို့တဲ့အလုပ် လုပ်နေတာ နှစ်လရှိပြီ။ လမ်းတွေလည်း ကျွမ်းနေပြီဆိုတော့ အဆင်ပြေပါတယ်”
“အရမ်းကြီးတော့ အပင်ပန်းမခံနဲ့ဦးနော်”
“ရပါတယ်၊ သိပ်မပင်ပန်းပါဘူး” အဖေက ခဏရပ်သွားပြီး …
“ခဏနေရင် မင်းရဲ့ ကတ်ထဲကို ပိုက်ဆံအချို့ လွှဲပေးလိုက်မယ်။ ဦးလေးယွီ ကို ပေးဖို့အတွက် စုထားလိုက်ဦး”
“ပါး သုံးဖို့ရော ချန်ထားရဲ့လား” ချန်ကျန့်က စိုးရိမ်တကြီး မေးလိုက်သည်။
“ချန်ထားပါတယ်”
“ဟုတ်ကဲ့”
နှစ်ယောက်စလုံး တိတ်ဆိတ်သွားကြသည်။ ခဏအကြာမှ အဖေက မေးလာသည်။
“မင်း အအေးမိနေတာလား”
“ဟုတ်တယ်၊ သိပ်မပြင်းထန်ပါဘူး၊ ပျောက်ခါနီးနေပါပြီ”
အဖေက ထပ်မံ၍ ခေတ္တမျှ တိတ်ဆိတ်နေပြီးမှ -
“ကောင်းပြီလေ၊ ဒါဆိုရင် ဖုန်းချလိုက်တော့မယ်”
ချန်ကျန့် ဖုန်းကို ကိုင်ကာ မျက်နှာကြက်ကို စိုက်ကြည့်ရင်း ကုတင်ပေါ်မှာ လှဲနေမိသည်။ ခဏအကြာတွင် ဖုန်းမှ စာတစ်စောင် ဝင်လာပြီး၊ သူ၏ ဘဏ်ကတ်ထဲသို့ ယွမ် ၆,၃၀၀ ဝင်လာကြောင်း အကြောင်းကြားစာကို တွေ့လိုက်ရသည်။
ချန်ကျန့် လက်တစ်ဖက်ကို ခေါင်းအောက်ခုလျက် သက်ပြင်းအသာ ချလိုက်မိသည်။ ယွမ် တစ်သောင်း ပြည့်အောင် ဘယ်လို စုရမလဲဟု သူ စဉ်းစားနေမိသည်။ ဦးလေးယွီကို အကြွေး ယွမ် နှစ်သောင်း မပြည့်တော့ဘဲ ပေးစရာ ကျန်တော့ရာ၊ အမြန်ဆပ်နိုင်လျှင် အကြွေးတောင်းမည့်သူ တစ်ယောက် လျော့သွားမည် မဟုတ်လား။
ထိုအချိန်တွင် အိပ်ဆောင်တံခါးကို နှစ်ချက် ခေါက်သံ ကြားလိုက်ရသည်။
“ဝင်ခဲ့ပါ”
တံခါးပွင့်သွားသည့်အခါ လက်မောင်းတစ်ဖက်သာ အထဲသို့ လှမ်းဝင်လာပြီး၊ စက္ကူဗူးနှင့်တူသော အရာတစ်ခုကို သူ၏ ခေါင်းတည့်တည့်သို့ လှမ်းပစ်လိုက်လေသည်။
“ဘာလဲဟ...” ချန်ကျန့် ဗီဇအရ လက်ဖြင့် လှမ်းပုတ်လိုက်ရာ ထိုအရာမှာ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။
“ကိုယ့်ဘာသာကိုယ်ပဲ ကောက်လိုက်တော့”
ရှန်ယွီ၏ အသံမှာ တံခါးအပြင်ဘက်မှ ထွက်ပေါ်လာသည် ။
“ငါက မင်းအပေါ်ကို ပစ်တင်ပေးမလို့ပဲဟာ”
ချန်ကျန့် ကြည့်လိုက်သည့်အခါ ၎င်းမှာ အအေးမိပျောက်ဆေးဗူး ဖြစ်နေသည်ကို တွေ့ရသည်။
မပစ်ခင်မှာ တစ်ချက်လောက် အသံပေးလို့ မရဘူးလား ခြေမသန်တဲ့လူကြီးရဲ့!
“ဟုတ်ကဲ့”
ချန်ကျန့် မတတ်သာဘဲ ပြန်ထူးလိုက်ကာ၊ ကုတင်ပေါ်မှဆင်း၍ ဆေးဗူးကို ကောက်လိုက်သည်။
ဟူဖန် တစ်ယောက်လောက်ကတော့ ဘော့စ်ကို အလုပ်လေး ဘာလေး ပေးခိုင်းလိုက်လို့ မရဘူးလား။ သူကတော့ တကယ့်ကို အားနေတာပဲ!
“ဟူဖန်က မင်းကို ပေးခိုင်းလိုက်တာပါ ။ မန်နေဂျာကတော့ လူချစ်လူခင် တော်တော်ပေါတာပဲ”
...ဖန်ဖန်၊ ကျေးဇူးပါပဲ။
“ကျောက်ကျဲက မင်းအတွက် လူမမာစာ ချက်ပေးနေတယ်”
“ကျွန်တော် အောက်ဆင်းစားလိုက်ပါ့မယ်”
“ကောင်းပြီ”
ရှန်ယွီ တံခါးပိတ်လိုက်လေသည်။ ချန်ကျန့် ဆေးဗူးကို ဖောက်ကာ ဆေးလုံးများကို ထုတ်လိုက်ပြီးမှ အခန်းထဲတွင် ရေမရှိသည်ကို သတိရသွားသည်။ သူ ရေအိုးဆီ သွားရန် ပြင်လိုက်စဉ်မှာပင် တံခါးက ရုတ်တရက် ပြန်ပွင့်လာပြီး၊ တံခါးကြားကနေ ရေပုလင်းတစ်ပုလင်း ပျံဝင်လာကာ သူ၏ ကုတင်ပေါ်သို့ ကျရောက်သွားတော့သည်။
“အမလေး!” ချန်ကျန့် လန့်သွားသည့်အရှိန်နှင့် နှာတောင် ပွင့်သွားရသည်။
ရှန်ယွီက တံခါးအပြင်ဘက်မှနေ၍ “ဆောရီး၊ ငါ မေ့သွားလို့” ဟု ဆိုလေသည်။
အအေးမိဆေး သောက်လိုက်ရသည့်အပြင်၊ စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုနှင့် ဘော့စ်၏ လန့်အောင်လုပ်မှု နှစ်ကြိမ်ကြောင့် ချန်ကျန့် နေပြန်ကောင်းလာသလို ခံစားလိုက်ရသည်။ သူ ဂျာကင်ကို ဝတ်၊ အပြန်အလှန်စကားပြောစက်ကို ယူကာ အောက်ထပ်သို့ ဖြည်းဖြည်းချင်း ဆင်းလာခဲ့သည်။
သူ၏ဖုန်းမှ အချက်ပေးသံ ထပ်မံ ထွက်ပေါ်လာသည်။ အဖေ ပို့လိုက်သော စာဖြစ်လေသည်။
[တောင်ပေါ်က ချန်အိုကြီး] - အလုပ်ကို ကြိုးစားလုပ်ပါ။ ဘာလို့ ဘော့စ်က မင်းကို မန်နေဂျာ ခန့်တာလဲ။ မင်းက အထက်တန်းပဲ အောင်ထားတာလေ။ သတိထားပါ။
ချန်ကျန့် သက်ပြင်းချလိုက်ပြီးနောက် အဖေ့ဆီသို့ ချက်ချင်းပင် စာပြန်လိုက်သည်။
[ချန်လေး] - ဟုတ်ကဲ့၊ သိပါပြီ။
ကျောက်ဖန်းဖန်းက သူ့အတွက် မုန်လာဥနီနှင့် ပြောင်းဖူးဆန်ပြုတ် ပြုလုပ်ပေးထားသည့်အပြင်၊ ငါးဟင်းရည်တစ်ခွက်နှင့် ခရမ်းချဉ်သီးကြီး နှစ်လုံးကိုပါ ပြင်ဆင်ပေးထားလေသည်။ ချန်ကျန့် အားရပါးရ စားသောက်နေရင်း၊ သူ နေမကောင်းဖြစ်ချိန်တွင် အမေ ချက်ကျွေးခဲ့ဖူးသော ထမင်းဝိုင်းလေးကို ပြန်လည် သတိရနေမိသည်။
“ဘယ်လိုနေလဲ” ဟူဖန်က မေးသည်။
“အဆင်ပြေပါတယ်။ အအေးမိတာကတော့ နှစ်ရက်၊ သုံးရက်ဆို ပျောက်သွားမှာပါ”
“ဟို တက္ကသိုလ်ကျောင်းသားတွေက သူတို့လာမယ့် အချိန်နဲ့ လူဦးရေကို အတည်ပြုလိုက်ပြီနော်” ဟူဖန်က ဆိုသည်။
“ငါတို့ သူတို့ကို မြို့ဟောင်းမှာ သွားကြိုရမှာ။ ငါတို့ဆီမှာ ခုနစ်ယောက်စီး ကားတစ်စီးပဲ ရှိတယ်လို့ ပြောထားတော့၊ အချို့က ဘတ်စ်ကားနဲ့ လာကြလိမ့်မယ်၊ အချို့ကတော့ ငါတို့နဲ့ လိုက်ခဲ့ကြမှာပေါ့”
“ချန်အာဟူကို သွားကြိုခိုင်းလိုက်ပါ။ သူတို့ စားမယ့် သောက်မယ့် အစီအစဉ်တွေနဲ့ ကြိုက်တတ်တာတွေကို ကြိုပြီး အတည်ပြုထားလိုက်ဦး၊ ငါတို့ ဘာတွေ ပြင်ဆင်ထားရမလဲ သိအောင်လို့။ မဟုတ်ရင် ရောက်လာတဲ့အခါမှာ ရှုပ်နေဦးမယ်”
“အင်း” ဟူဖန် ခေါင်းညိတ်ပြပြီး ပြုံးလိုက်သည် ။
“ဟေး... အရင်ကဆိုရင် ဒီလို ကိစ္စတွေကို ကျွန်မ အရမ်း စိတ်ရှုပ်မိမှာ၊ အခုကျတော့ တကယ်ကို စိတ်ဝင်စားဖို့ ကောင်းနေသလိုပဲ”
“အလုပ်များတာ ကောင်းပါတယ်၊ အမြဲတမ်း အားနေရင် အလုပ်ပြုတ်တော့မှာပေါ့” ဟု ဆန်းပင်းက ဝင်ပြောသည်။
အမှန်တော့ အဲ့ဒီလောက်ကြီးလည်း အလုပ်မများလှပါဘူး။ ဖွင့်ပွဲနေ့မှာ လာကြတဲ့ စုံတွဲတွေ ပြန်သွားပြီးရင်တော့ ကြားရက်တွေမှာ ဧည့်သည် မရှိသလောက်ပါပဲ။ ချန်ကျန့်မှာလည်း နေ့တိုင်း အလုပ်ရှုပ်နေတာမျိုး မဟုတ်ချေ။ သူသည် များသောအားဖြင့် အပေါ်ထပ် ဝရန်တာမှာ ရပ်ပြီး ဧည့်သည်တွေ အဝင်အထွက်ကို ကြည့်နေတတ်သလို၊ အထဲက တည်းခိုခန်းတွေရဲ့ အခြေအနေကိုလည်း လေ့လာနေတတ်သည်။ သူတို့တွေလည်း အတူတူပါပဲ၊ အဓိကအားဖြင့် ပိတ်ရက် ဧည့်သည်တွေကိုပဲ အားကိုးနေကြရတာပါ။ ဒီပိတ်ရက်မှာဆိုရင် သူတို့က အထဲက ဆိုင်တွေထက်တောင် အခန်းတစ်ခန်း ပိုရထားသေးသည်။ နောက်ထပ် ရက်အနည်းငယ်ကြာလို့ လျူဝူတို့ အဖွဲ့သာ ရောက်လာရင်တော့ တခြားလူတွေ တော်တော်လေး မနာလို ဖြစ်ကုန်ကြမှာ သေချာသည်။
ရှန်ယွီ၏ အသံမှာ စကားပြောစက်မှ ထွက်ပေါ်လာသည် ။
“မန်နေဂျာချန် ဘယ်မှာလဲ”
“စတုတ္ထထပ် ဝရန်တာမှာပါ” ချန်ကျန့်က ဆိုသည်။
“ကင်းထောက်တဲ့ အလုပ်ကို ခဏ ဘေးဖယ်ထားလိုက်စမ်းပါ။ ငါနဲ့အတူ အလုပ်ကိစ္စ ခရီးစဉ် တစ်ခု လိုက်ခဲ့ပါဦး” ဟု ရှန်ယွီက ဆိုသည်။
ချန်ကျန့် အံ့အားသင့်သွားရသည် ။
“အလုပ်ခရီး ဟုတ်လား”
“မြို့ပေါ်ကို သွားမှာလေ” ဟု ရှန်ယွီက ပြန်ဖြေလေသည်။
ကျွန်တော်တို့ကတော့ ‘မြို့ထဲသွားတယ်’ လို့ပဲ ခေါ်တာပါ။
ချန်ကျန့် ရုံးခန်းသို့ သွားလိုက်သည်။ ရှန်ယွီမှာ ဝှီးချဲပေါ်တွင် ရောက်နေပြီဖြစ်ပြီး၊ ချိုင်းထောက်များကိုလည်း ဘေးအိတ်ထဲတွင် ထည့်ထားပြီး ဖြစ်သည်။
“ပစ္စည်းတွေ ဝယ်မလို့လား” ချန်ကျန့်က မေးသည်။
“ပါဆယ်ထုပ်တစ်ခု သွားယူမလို့လေ။ ငါတို့တွေ ညမှ ပြန်ရောက်ဖြစ်မှာ။ သူတို့တွေ ဘာဝယ်ခိုင်းစရာ ရှိလဲဆိုတာ မေးပြီး စာရင်းလုပ်ခဲ့လိုက်ဦး၊ တစ်ခါတည်း ဝယ်လာပေးတာပေါ့”
“ပါဆယ်ယူရုံနဲ့ ပစ္စည်းဝယ်တာက တစ်နေ့လုံး မကြာနိုင်ပါဘူးနော်”
ချန်ကျန့်က အချိန်ကို ချက်ချင်း တွက်ချက်လိုက်သည်။
“ငါလည်း လေကောင်းလေသန့် ထွက်ရှူချင်လို့ပါ” ရှန်ယွီက ဆိုလေသည်။
“အင်း…ဒါဆို ကျွန်တော် အောက်ဆင်းပြီး သွားမေးလိုက်ဦးမယ်”
သူတို့တွေ ဝယ်ခိုင်းစရာ သိပ်မရှိပါဘူး။ ကျောက်ကျဲက မုန့်အချို့ ဝယ်ခိုင်းသည်၊ မြို့ဟောင်းက စူပါမားကတ်မှာ အမျိုးအစား မစုံသဖြင့် သူမ၏ သမီးလိုချင်တာကို ရှာမတွေ့သောကြောင့် ဖြစ်သည်။ ဟူဖန် ဝယ်ခိုင်းတာတွေကတော့ မိန်းကလေး သုံးကုန်တွေချည်းပါပဲ - နှုတ်ခမ်းနီ၊ မိတ်ကပ်ရည်၊ မျက်တောင်ကော့ဆေး၊ ခေါင်းလျှော်ရည်...။ သူမက ချန်ကျန့်၏ ဖုန်းထဲတွင် မှတ်စုများကို အသေးစိတ် ရိုက်ပေးထားသည်၊ ဘယ်အထပ်၊ ဘယ်ဆိုင်၊ ဘယ်နံပါတ် ဆိုသည်အထိ ပါရှိလေသည်။
“ဒီလိုဆိုရင်တော့ မန်နေဂျာလည်း အဆင်ပြေမှာပါ”
ဆန်းပင်းတို့ လူစုကတော့ ဘာမှ ဝယ်စရာ မရှိကြပါဘူး။ သူတို့ကတော့ လူပျိုတွေဆိုတော့ အားရင် ဘတ်စ်ကားစီးပြီး မြို့ပေါ်မှာ တစ်နေ့လုံး လျှောက်သွားနေကျလူတွေ မဟုတ်လား။
“အဆင်သင့်ဖြစ်ပြီလား” ရှန်ယွီ ဓာတ်လှေကားထဲမှ ထွက်လာသည်။
“ဖြစ်ပါပြီ” ချန်ကျန့် ဖုန်းကို အိတ်ကပ်ထဲ ထည့်လိုက်သည်။
သူသည် ဝှီးချဲကို ကားနောက်ဖုံးထဲသို့ ထည့်လိုက်ပြီး၊ သူကိုယ်တိုင်မှာမူ... ဘေးက ထိုင်ခုံမှာ ဝင်ထိုင်လိုက်သည်။ ထိုအခိုက်အတန့်တွင် ခြေမသန်သော ဘော့စ်တစ်ယောက်၏ မတတ်သာမှုကို ချန်ကျန့် ခံစားလိုက်ရသည်။ မန်နေဂျာလည်း ဖြစ်၊ လက်ထောက်လည်း ဖြစ်တဲ့လူနဲ့ အတူထွက်လာတာတောင် ဘော့စ်က ကိုယ်တိုင် ကားမောင်းနေရသေးသည်လေ။
“မင်းလည်း လိုင်စင် သွားဖြေလိုက်တော့ ။ ဟို ကျောင်းသားတွေ ပြန်သွားရင် သွားဖြေလိုက်တော့ပေါ့”
“ဟုတ်ကဲ့။ ဒါပေမဲ့ ဖြေရတာ ခက်လား”
“ချန်အာဟူကို မေးကြည့်လိုက်လေ”
ချန်ကျန့် ပြုံးလိုက်သော်လည်း ဘာမှ မပြောတော့ချေ။
“ငါ လမ်းညွှန် မသုံးတော့ဘူးနော် ။ မင်း လမ်းသိတယ် မဟုတ်လား”
“ဟုတ်ကဲ့၊ သိပါတယ်ဘော့စ်”
“မင်း မြို့ပေါ်မှာ အထက်တန်း တက်ခဲ့တာလား” ရှန်ယွီက မေးသည်။
“ဟုတ်ကဲ့” ချန်ကျန့် ပြတင်းပေါက် အပြင်ဘက်ကို ငေးကြည့်ရင်း ဆိုသည် ။
“တစ်ပတ်ကို နှစ်ခါလောက် ဒီလမ်းကို ဖြတ်နေရတာပဲလေ”
“ဆန်းပင်းက မင်းရဲ့ အတန်းဖော်လား”
ရှန်ယွီ ကားပြတင်းပေါက်ကို ချလိုက်ရာ လေအေးအေးလေးများ ဝင်လာခဲ့သည်။
“ဆန်းပင်းက ကျွန်တော့်တို့ ကျောင်းဘေးနားက ကျောင်းကပါ။ ပုံမှန်ဆို မဆုံဖြစ်ကြဘူး၊ အိမ်ပြန်တဲ့ ဘတ်စ်ကားပေါ်မှာမှ တစ်ခါတစ်လေ ဆုံကြတာ”
မြို့ငယ်လေးကနေ မြို့ပေါ်အထိ သုံးနာရီခန့် ကားမောင်းရလေသည်။ မြို့ဟောင်းကို ရောက်သည့်အခါ အဝေးပြေးလမ်းပေါ် တက်ရမည် ဖြစ်သော်လည်း၊ ချန်ကျန့်ကတော့ တန်ရွှေနှင့် လိုက်လာသည့် အချိန်မှလွဲ၍ များသောအားဖြင့် ခရိုင်ချင်းဆက် လမ်းအတိုင်းသာ သွားလေ့ရှိသည်။ ရှန်ယွီက သီချင်းဖွင့်ထားပြီး ဘာမှ ထပ်မပြောတော့ချေ။ ချန်ကျန့် ပြတင်းပေါက် အပြင်ဘက်က ရှုခင်းများကို ကြည့်ရင်း ခဏအကြာတွင် အိပ်ပျော်သွားတော့သည်။
ရှန်ယွီ ကားဟွန်းကို အချက်ပေါင်းများစွာ တီးလိုက်သဖြင့် သူ ရုတ်တရက် လန့်နိုးလာခဲ့သည်။ သူ ရှေ့က လမ်းကို ဇဝေဇဝါနှင့် ကြည့်ကာ - “ဘာဖြစ်လို့လဲ” ဟု မေးလိုက်မိသည်။
“ဒါက မတရားဘူးလေ။ ငါက ကားမောင်းနေတာကို၊ မင်းက အိပ်နေတာ”
“မင်းကတော့ ဘယ်တော့မှ အရှုံးမခံဘူးနော်”
ချန်ကျန့် ရယ်မောရင်း ကိုယ်ကို မတ်လိုက်သည်။
“မင်းအဖေက အခု မြို့ပေါ်မှာပဲ အလုပ်လုပ်နေတာ မဟုတ်လား”
“ဟုတ်တယ်၊ အစားအသောက် ပို့တဲ့အလုပ်လေ”
“ငါတို့ ပါဆယ်သွားယူပြီး ပစ္စည်းတွေ ဝယ်ပြီးရင်…ငါက ဂိမ်းဆိုင်မှာ ခဏ သွားဆော့မလို့။ မင်းကတော့ အဖေ့ဆီ သွားကြည့်လိုက်လေ”
ချန်ကျန့် အံ့အားသင့်သွားရသည်။
“ဗျာ။”
သူ၏ မေးခွန်းကြောင့် ရှန်ယွီပါ ခေတ္တမျှ တန့်သွားပြီး…
“အဖေ့ဆီ သွားကြည့်လေ။ မတွေ့တာ ကြာပြီ မဟုတ်လား”
ချန်ကျန့် ခေတ္တမျှ တိတ်ဆိတ်သွားပြီး အနည်းငယ် အနေရခက်စွာဖြင့်
“မ... မလိုပါဘူး၊ သွားတွေ့စရာ မလိုပါဘူး”
“သားအဖချင်း အဆင်မပြေကြလို့လား”
ရှန်ယွီက လက်ကိုင်ဘီးကို လက်ချောင်းဖြင့် အသာအယာ တောက်ရင်း မေးသည်။
“အဲ့ဒီလိုတော့ မဟုတ်ပါဘူး။ ဒီအတိုင်းပဲ... တစ်ယောက်ကိုတစ်ယောက် သွားကြည့်လေ့ မရှိတာပါ။ သူကလည်း ကျွန်တော် သွားတွေ့မှာကို မျှော်လင့်နေမှာ မဟုတ်ပါဘူး”
“ဒါဆိုလည်း သားအဖချင်း အဆင်မပြေတာပဲ မဟုတ်လား”
“ဟား ဟား အဲ့လို မဟုတ်ပါဘူး၊ စကားပြောစရာ မရှိလို့ အနေရခက်မှာ စိုးလို့ပါ”
“မင်းတို့ နှစ်ယောက် အတူတူ သိပ်မနေခဲ့ကြဘူးလား”
“အဲ့ဒီလိုမျိုးပေါ့…အမေ ဆုံးပြီးကတည်းက သူက အပြင်မှာပဲ အလုပ်ထွက်လုပ်နေတာ၊ ကျွန်တော်ကတော့ တစ်နှစ်မှာ နှစ်ခါလောက်ပဲ သူ့ကို တွေ့ရတာလေ”
ရှန်ယွီ အကြာကြီး ငြိမ်နေပြီးမှ နောက်ဆုံးတွင် ပြောလိုက်သည်။
“သူက မင်းအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်နေတယ်လို့ ခံစားနေရလို့ မင်းကို တွေ့ဖို့ အားနာနေတာ ဖြစ်မှာပါ”
ချန်ကျန့် ရှန်ယွီကို လှည့်ကြည့်လိုက်သော်လည်း ဘာမှ ပြန်မပြောမိချေ။
ကားမှာ အဝေးပြေးလမ်းပေါ် ရောက်သွားသည့်အခါ ပြတင်းပေါက်များကို ပိတ်ထားသဖြင့် ကား၏ ငြိမ်သက်စွာ ရွေ့လျားမှုနှင့် အပြင်က ငြီးငွေ့စရာ ရှုခင်းများက အကောင်းဆုံး အိပ်ဆေး ဖြစ်လာတော့သည်။ ချန်ကျန့်မှာ ဘော့စ်က ကားမောင်းနေတာ၊ ခြေမသန်တဲ့ ဘော့စ် မောင်းနေတာကို ငါ မအိပ်သင့်ဘူးလို့ ကိုယ့်ကိုယ်ကိုယ် သတိပေးနေရင်းမှာတင်၊ နောက်တစ်စက္ကန့်မှာ အိပ်မက်တွေ မက်နေလေပြီ။ သူ တကယ်ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့သည်။
ရှန်ယွီက သူ၏ ပါးကို ရိုက်လိုက်သည့် အခါမှသာ သူ ဝုန်းခနဲ မျက်လုံးပွင့်လာခဲ့သည်။ ချန်ကျန့် ရှေ့က လမ်းဆိုင်းဘုတ်ကို ကြည့်ကာ…
“မင်း ကျွန်တော့်ကို ရိုက်လိုက်တာလား ။ လမ်းထွက်ပေါက်ကို ကျော်သွားပြီလေ”
“ဆက်အိပ်လိုက်ပါဦး…ဒါက ပတ်လမ်းလေ၊ အလွန်ဆုံး နောက်တစ်ပတ် ပြန်ပတ်ရုံပေါ့”
“...နောက်ထွက်ပေါက်မှာပဲ ထွက်လိုက်ပါတော့”
ချန်ကျန့် လမ်းကို စိုက်ကြည့်ရင်း ရှေ့ကို ညွှန်ပြသည်။
“ငါတို့ ၁၀ ကီလိုမီတာလောက် ပိုမောင်းမိသွားပြီ ထင်တယ်”
“မင်း ညဘက်ကျရင် အိပ်ရခက်နေလို့လား။ မင်းလည်း ချန်အဘိုးကြီးဆီမှာ ဆေးသွားတောင်းပေးရမလား”
“ချန်အဘိုးကြီး မဟုတ်ပါဘူး၊ အနှိပ်သည်ချန် ပါ” ချန်ကျန့်က ပြင်ပေးလိုက်သည်။
“ချန်အဘိုးကြီး ဆိုတာက အနှိပ်သည်ချန် ထက်စာရင် ကြားရတာ ပိုပြီး အစွမ်းထက်တဲ့ ပညာရှင်ကြီးနဲ့ တူတယ်လေ” ရှန်ယွီက မလျှော့။
ချန်ကျန့် ခေတ္တမျှ တန့်သွားပြီးမှ ရယ်မောလိုက်မိသည်။
“ရွာထဲကလူတိုင်းက အဲ့ဒီလိုပဲ ခေါ်ကြတာဆိုတော့ ကျင့်သားရနေလို့ပါ။ သူ့ဆေးက မင်းအတွက် တကယ် ထိရောက်ရဲ့လား”
“အခုတော့ အိပ်မက်တွေ သိပ်မမက်တော့ဘူး။ တော်တော်လေးတော့ အသုံးဝင်ပါတယ်။ တစ်ခေါက်လောက် ထပ်သွားသင့်တယ်”
“ဟုတ်ကဲ့”
ချန်ကျန့် ခေါင်းညိတ်ပြလိုက်သည်။
၁၀ ကီလိုမီတာလောက် ပိုမောင်းခဲ့ရသော်လည်း မြို့ထဲက ကားပိတ်ဆို့မှုတွေနဲ့ဆိုလျှင် အချိန်ကတော့ အတူတူပါပဲ။ ချန်ကျန့်က ပါဆယ်ထုတ်ရမည့် နေရာကို ကောင်းစွာ သိရှိထားသဖြင့် လမ်းဖြတ်တွေကနေတစ်ဆင့် မောင်းနှင်သွားလေသည်။
“တကယ်လို့ ပါဆယ်ကို စာတိုက်က ပို့ရင် ကျွန်တော်တို့ နေရာအထိ ရောက်နိုင်တာပဲလေ”
“ဒီနေ့ ဧည့်သည်လည်း မရှိတာကို၊ ငါက လေကောင်းလေသန့် ထွက်ရှူချင်လို့ ထွက်လာတာကို မင်းက စိတ်ပျက်နေတာ မဟုတ်လား”
ရှန်ယွီ ကားကို ရပ်လိုက်သည်။
ဒါဆိုရင်တော့ နောင်ကျရင် ပါဆယ်ယူတိုင်း မင်းပဲ ထွက်ရှူပါတော့ ချန်ကျန့် ဘာမှ ပြန်မပြောဘဲ နေလိုက်သည်။
ရှန်ယွီက သူ၏ မှတ်ပုံတင်ကို လှမ်းပေးလိုက်သည်။
“မင်းပဲ သွားယူလိုက်ပါ၊ ငါ ခြေထောက် ခဏ ဆန့်ထုတ်လိုက်ဦးမယ်”
ချန်ကျန့် ရှန်ယွီ၏ မှတ်ပုံတင်ကို ယူရန် ခဏမျှ တွန့်ဆုတ်နေမိသည်။ တစ်ဖက်လူ၏ မှတ်ပုံတင်ကို စိုက်ကြည့်နေတာက ရိုင်းရာကျမလားဟု သူ တွေးနေမိသလို၊ လုံးဝ မကြည့်ဘဲ နေတာကလည်း ဟန်ဆောင်လွန်းရာ ကျနေမည် မဟုတ်လား။
“ကြည့်လိုက်ပါ၊ တကယ်လို့ ငါက ချန်းယွီရဲ့ မှတ်ပုံတင်ကို ကိုင်ထားတာ ဖြစ်နေရင် ဘယ်လိုလုပ်မလဲ။ ပြီးတော့ ငါ့ဆီမှာလည်း မင်းတို့အားလုံးရဲ့ မှတ်ပုံတင် မိတ္တူတွေ ရှိတာပဲကို”
ချန်ကျန့် သက်ပြင်းချလိုက်မိသည်။ ပါဆယ်ထုတ်တဲ့ နေရာကို လျှောက်သွားရင်း ရှန်ယွီ၏ မှတ်ပုံတင်ကို မသိမသာ တစ်ချက် ကြည့်လိုက်သည်။ နာမည်က အစစ်၊ အသက်က အစစ်၊ ဓာတ်ပုံကလည်း သူပဲ ဖြစ်သည်။ လိပ်စာကတော့ ဒီမြို့မှာ မဟုတ်ဘဲ နောက်မြို့တစ်မြို့မှာ ဖြစ်သည်။ နေ့စွဲကို ကြည့်လိုက်သည့်အခါ ဤမှတ်ပုံတင်မှာ ရှန်ယွီ ထောင်ကထွက်လာပြီးမှ အသစ်လုပ်ထားခြင်း ဖြစ်ကြောင်း သိလိုက်ရသည်။
ယူရမည့် ပါဆယ်ထုပ်မှာ တော်တော်လေး ကြီးမားသော သစ်သားသေတ္တာကြီး တစ်လုံး ဖြစ်ပြီး အလွန်ပင် လုံခြုံစွာ ပိတ်ထားလေသည်။ အထဲမှာ ဘာရှိမှန်း သူ မသိချေ။ ချန်ကျန့် ထိုသေတ္တာကို သယ်ထုတ်လာပြီး ကားနောက်ဖုံးထဲ ထည့်လိုက်သည်။
“ခုနက ဖြတ်လာတဲ့ အထက်တန်းကျောင်းလေ …မင်း အဲ့ဒီမှာ တက်ခဲ့တာလား”
“ဟုတ်ကဲ့၊ ဘယ်လို သိတာလဲ” ချန်ကျန့်က မေးလိုက်သည်။
“မင်း အဲ့ဒီကျောင်းကိုပဲ စိုက်ကြည့်နေတာကိုး”
ချန်ကျန့် ပြုံးလိုက်သည် ။
“ကျောင်းပြီးကတည်းက တစ်ခါမှ ပြန်မရောက်ဖြစ်တော့ဘူး၊ ကြည့်ရတာတော့ သိပ်မပြောင်းလဲသေးဘူးပဲ”
“ကျောင်းကတော့ ဘာပြောင်းလဲမှာလဲ ။ ပြောင်းလဲသွားတာက လူတွေပဲလေ”
ချန်ကျန့် သက်ပြင်းအသာအယာ ချလိုက်ပြီး ကားနောက်ဖုံးကို ပိတ်လိုက်သည် ။
“အခု ဘယ်သွားမလဲ”
“ကုန်တိုက်မှာ ထမင်းစားမယ်၊ ပြီးရင် သူတို့ ပစ္စည်းတွေ ဝယ်မယ်။ အဲ့ဒါတွေ ပြီးရင်တော့ ဂိမ်းဆိုင် သွားဆော့ကြတာပေါ့”
“ဂိမ်းဆိုင်မှာ ကလေးတွေ အများကြီး ရှိမှာနော်” ချန်ကျန့်က သတိပေးလိုက်သည်။
“ပိုတောင် ကောင်းသေး၊ ကလေးတွေဆီကနေ ဂိမ်းစက် လုဆော့ရတာ ပိုလွယ်တာပေါ့”
ရှန်ယွီက ဆိုကာ ကားထဲသို့ ဝင်ထိုင်လိုက်လေတော့သည်။
***
တစ်လမ်းလုံး ချန်ကျန့်၏ စိတ်ထဲတွင် အတွေးများစွာဖြင့် ရှုပ်ထွေးနေခဲ့သည်။ နှစ်ပေါင်းများစွာ အဖေနှင့် ခွဲနေခဲ့ရခြင်းမှာ သူ၏ အလေ့အထတစ်ခုလို ဖြစ်နေခဲ့ပြီ။ အကြွေးရှင်များနှင့် ရင်ဆိုင်ရချိန်တွင်ဖြစ်စေ၊ ကိုယ့်ကိစ္စကိုယ် ကိုင်တွယ်ရချိန်တွင်ဖြစ်စေ သူသည် တစ်ယောက်တည်း ဖြေရှင်းရန်သာ အမြဲ စဉ်းစားလေ့ရှိပြီး အဖေ့ကို ဆက်သွယ်ရန် တစ်ခါမျှ မတွေးခဲ့ဖူးချေ။ ရှန်ယွီကတော့ တစ်ခါတစ်ရံ တိုက်ရိုက်ပြောဆိုတတ်ပြီး၊ တစ်စုံတစ်ယောက် ရှောင်လွှဲတတ်တဲ့ အချက်တွေကို တိုက်ရိုက် ထိုးနှက်တတ်သူ ဖြစ်သည်။ ဤလူသည် ဒဏ်ရာပေါ်ကို အရက်ပြန် လောင်းထည့်လိုက်သလိုမျိုးပါပဲ။
ချန်ကျန့် သက်ပြင်းချရင်း ပြတင်းပေါက် အပြင်ဘက်ကို ကြည့်ကာ ရှန်ယွီကို လမ်းညွှန်ပေးလိုက်သည် ။
“မီးပွိုင့်မှာ ဘယ်ဘက်ကွေ့လိုက်၊ ပြီးရင် ဟိုးရှေ့မှာ U-turn ကွေ့လိုက်ရင် ရောက်ပြီ”
“အင်း”
ချန်ကျန့် အချိန်ကို တစ်ချက် ကြည့်လိုက်သည်။ အခုချိန် အဖေ ထမင်းစားနေမလား၊ ဒါမှမဟုတ် ပစ္စည်းပို့နေမလား မသိချေ။ ကုန်တိုက်မှာ ထမင်းစားရင်း အဖေနဲ့ ဆုံနိုင်မလားဟု သူ တွေးနေမိသည်။
ကုန်တိုက်မှာ လူသိပ်မများလှချေ။ ရှန်ယွီ ချိုင်းထောက်တွေ ယူလာတာက လမ်းလျှောက်ဖို့ ထင်နေတာ၊ အခုတော့ ဝှီးချဲကိုပဲ သုံးချင်နေပြန်သည်။
“လမ်းလျှောက်ဖို့ ချိုင်းထောက် ယူလာတယ် ထင်နေတာ” ချန်ကျန့်က ဝှီးချဲဘေးက လိုက်ရင်း ပြောလိုက်သည်။
“ဒါက ဂိမ်းဆိုင်မှာ ကလေးတွေကို ဖယ်ခိုင်းဖို့အတွက် ယူလာတာလေ” ရှန်ယွီက ဆိုသည်။
ချန်ကျန့် မရယ်ဘဲ မနေနိုင်တော့ချေ။
“ဒီနေ့တော့ စည်းကမ်းတွေ မရှိတော့ဘူး။ ဒါက ငါ အပျော်ထွက်လာတာဆိုတော့၊ မင်းကိုလည်း အနားယူစေချင်လို့ ခေါ်လာတာ။ ပျော်ပျော်နေစမ်းပါ။ အနည်းဆုံးတော့ ဒီနေ့ တစ်ရက်တော့ ဘာမှ စဉ်းစားမနေနဲ့ဦး။ နောက်ရက်တွေမှာ လျူဝူတို့ အဖွဲ့ရောက်လာရင်တော့ မင်း စဉ်းစားရမှာတွေ အများကြီး ရှိလာဦးမှာ”
“ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ်” ချန်ကျန့် ခေါင်းညိတ်ပြလိုက်သည်။
“ရပါတယ်၊ ဘာမှ မဟုတ်ပါဘူး။ ဒါက ဘော့စ် ဖြစ်တဲ့ ငါက လုပ်ပေးသင့်တဲ့ အရာပဲလေ”
ချန်ကျန့် ဝှီးချဲနောက်ကနေ လိုက်လာရင်း၊ ဝှီးချဲ အနောက်ဘက်ကို ငုံ့ကြည့်လိုက်သည် ။
“မင်း အရင်က ပြောခဲ့တယ် မဟုတ်လား...”
“မင်း တက်ရပ်လို့ ရတယ်လေ ။ တက်မလား”
ချန်ကျန့် ခဏမျှ တုံ့ဆိုင်းနေပြီးမှ အနောက်က ခြေနင်းတံပေါ်သို့ တက်ရပ်လိုက်သည်။ ဝှီးချဲ စတင် ရွေ့လျားသည့်အခါ ကုန်တိုက်ထဲက ရထားအသေးလေး တစ်စင်းသည် သူတို့ဘေးကနေ ယှဉ်ပြီး မောင်းလာခဲ့သည်။ ရထားပေါ်က ကလေးတွေ အားလုံးက သူတို့ကို ဝိုင်းကြည့်နေကြလေသည်။
“ဟိုင်း!” ရှန်ယွီက ကလေးတွေကို လှမ်းနှုတ်ဆက်လိုက်သည်။
“လျှောက်မလုပ်နဲ့နော်” ချန်ကျန့် ချက်ချင်းပင် သတိရှိသွားသည်။
“တောက်!” ရှန်ယွီ လက်ထဲက ထိန်းချုပ်ခလုတ်ကို ရှေ့သို့ တွန်းလိုက်ရာ၊ ဝှီးချဲမှာ ရုတ်တရက် အရှိန်မြှင့်ကာ ထိုရထားလေးကို အမြန်ပင် ကျော်တက်သွားတော့သည်။
________________________________________________________________
TN // မတော်ရသေးတဲ့ ရည်းစားငယ်ငယ်လေးနဲ့ သူငယ်ပြန် ဒိတ် ။ မြေခွေးအိုကြီးတွေများ တအား။
သူတအားရွ
ReplyDeleteချန်ကျန့်သာ မရိပ်မိတယ် သူ့အဖေက ရိပ်မိသား။