အပိုင်း (၂၆)
ချန်ကျန့်သည် ဝှီးချဲပေါ်ကနေ ပြုတ်ကျလိမ့်မည်ဟု တကယ်မထင်ထားခဲ့ပါ။ အမှန်တော့ ဝှီးချဲက အရမ်းမြန်နေတာမျိုး မဟုတ်ပေမဲ့ သူကိုယ်တိုင်က စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှု အားနည်းသွားခဲ့တာကြောင့် ဝှီးချဲ ရှေ့ကို ဝုန်းခနဲ ထွက်သွားတာနဲ့ မီတာအနည်းငယ်အကွာမှာတင် သူ လွင့်စင်ကျန်ရစ်ခဲ့ခြင်း ဖြစ်သည်။ သို့သော် သူ ချက်ချင်းပင် အပြေးလိုက်ကာ ဝှီးချဲကို ပြန်လှမ်းဆွဲလိုက်ရသည်။
“ရပ်တော့၊ ရပ်တော့၊ ရပ်တော့။ ချန်ကျန့် ငါ့ကို လွှတ်လိုက်စမ်းပါ၊ မဟုတ်ရင် ငါတို့တွေ ဒီမှာတင် နပန်းလုံးနေကြတယ်ဆိုပြီး လုံခြုံရေးတွေ ခေါ်ခံရလိမ့်မယ်”
“ဘယ်သူက မင်းနဲ့ နပန်းလုံးနေလို့လဲ”
ချန်ကျန့် မကျေမနပ်နှင့် လွှတ်ပေးလိုက်သော်လည်း ဝှီးချဲနောက်တွင် ပြန်လည်ရပ်နေမိဆဲ ဖြစ်သည်။ သည်လူ ထပ်ပြီး အရှိန်မြှင့်ချင်လာခဲ့လျှင် သူက အနောက်ကနေ အလေးမအဖြစ် လုပ်ဆောင်ပေးရမည် မဟုတ်လား။
“ခုနက မင်း ငါ့ဆံပင်ကို ဆွဲလိုက်တယ်နော်”
ရှန်ယွီက သူ၏ ဦးခေါင်းနောက်ဘက်ရှိ ဆံပင်များကို ပြန်ပြင်ရင်း ဆိုသည်။
“မင်းသာ ငါ့မန်နေဂျာ မဟုတ်ရင် အခုချက်ချင်း မင်းကို ရှေ့ဂျွမ်းတစ်ပတ်လောက် ပစ်ခိုင်းလိုက်ပြီ”
ယခုအချိန်တွင် ချန်ကျန့်မှာ ထို ရှေ့ဂျွမ်း ဆိုတာ ဘာလဲဆိုသည်ကို စိတ်မဝင်စားတော့ချေ။ ထိုအစား သူ သိချင်နေသောအရာတစ်ခု ရှိသည်။ သူ ဝှီးချဲမှီခုံပေါ်သို့ ကိုယ်ကိုမှီကာ ငုံ့ကြည့်ရင်း
“ဘော့စ်ရှန်”
“ဘာလဲ မန်နေဂျာချန်” ရှန်ယွီက ခေါင်းစောင်းကြည့်သည်။
“မင်း အရင်က ကိုယ်ခံပညာ လေ့ကျင့်ခဲ့ဖူးတာလား” ချန်ကျန့်က မေးလိုက်သည်။
ရှန်ယွီ ချက်ချင်း ပြန်မဖြေချေ။ သူ ရှေ့ကိုသာ ပြန်ကြည့်နေလိုက်သည်။ ဓာတ်လှေကားရှေ့တွင် ဝှီးချဲရပ်ပြီး စောင့်နေချိန်ကျမှ သူက ပြောလိုက်သည်။
“ခဏတော့ လေ့ကျင့်ခဲ့ဖူးပါတယ်။ အဲ့ဒါက ငါ့အဖေရဲ့ အကြီးမားဆုံး နောင်တတွေထဲက တစ်ခုပေါ့”
“သြော်...”
ဒုတိယမြောက် နောင်တက ဘာဖြစ်မလဲ ။ သူက ဘာလို့ နောင်တရတာလဲ
လေ့ကျင့်ပြီးတဲ့နောက်မှာ သိုင်းပညာရှင်ကျင့်ဝတ်တွေ သိပ်မရှိခဲ့လို့ ဖြစ်မှာပေါ့။
သူရဲကောင်းလို လုပ်မယ့်အစား မကောင်းမှုတွေ လုပ်ခဲ့လို့လား... အဲ့ဒါကတော့ ပြင်းထန်လွန်းသည်။ ဒါမှမဟုတ် ဥပဒေမဲ့ လုပ်ချင်ရာလုပ်ခဲ့လို့လား...။ ဒါက ပိုပြီး ပြင်းထန်သလိုပဲ။ အတိုချုပ်ပြောရရင် သူ လူကောင်းတစ်ယောက်လို မနေခဲ့တာ ဖြစ်မှာပေ့ါ။
သို့သော် ချန်ကျန့်ကတော့ အများကြီး ထပ်မမေးရဲချေ။ ရှန်ယွီက ရုတ်တရက်ကြီး အလဲအလှယ်လုပ်ဖို့ အကြံပြုပြီး သူ့အိမ်ထောင်စုစာရင်းတွေကို လိုက်စစ်နေမှာ စိုးသောကြောင့်တည်း။ အလဲအလှယ်လုပ်ရမှာထက်စာရင်၊ သူကိုယ်တိုင်လည်း မိသားစုနဲ့ မိဘတွေအကြောင်း ပြောဖို့ ဝန်လေးနေသလိုမျိုး၊ ရှန်ယွီရဲ့ အခြေအနေကလည်း သူ့မိသားစုလိုမျိုး မဟုတ်တောင်မှ ကြားရတာ သိပ်ပြီး သာယာမည့်ပုံ မပေါ်ချေ။ ရှန်ယွီ ကိုယ်တိုင် မပြောပြသရွေ့တော့ သူ စပ်စုမည် မဟုတ်ပါ။
စကားဝိုင်းကတော့ သူ့အဖေဆီကိုပဲ ပတ်ချာလည် ပြန်ရောက်နေသည်။ ချန်ကျန့်မှာ ယခင်က ဤကဲ့သို့သော အခြေအနေမျိုးနှင့် ရှားရှားပါးပါး ကြုံရလေ့ရှိသည်။ သူ့အဖေကလည်း မြို့ပေါ်မှာ၊ သူကလည်း မြို့ပေါ်မှာ၊ ခဏဖြတ်သွားတာမျိုး မဟုတ်ဘဲ တစ်နေကုန် ရှိနေမည့် အခြေအနေမျိုးပေါ့။ ရှန်ယွီ ပြောလိုက်သည့် စကားတွေကြောင့်လားမသိ၊ သူ အဖေ့အကြောင်းကိုပဲ တွေးနေမိသည်။
“ဒါနဲ့ဆို လေးငါးခါ ရှိပြီနော်” ရှန်ယွီက ဆိုသည်။
“ဘာလဲ” ချန်ကျန့်က မေးလိုက်သည်။
“သက်ပြင်းချနေတာလေ ။ ဘော့စ်နဲ့ အလုပ်ကိစ္စ ခရီးထွက်လာပြီးတော့ ဘော့စ်ရှေ့မှာတင် သက်ပြင်းတွေ ဒီလောက်ချနေတာကတော့ နည်းနည်း များလွန်းတယ်နော်”
“ကျွန်တော်... အဲ့ဒီလောက်တောင်လား” ချန်ကျန့် လန့်သွားရသည်။
“ပစ္စည်းဝယ်ပြီးရင် အဖေ့ဆီ ဖုန်းဆက်လိုက်ပါ။ မင်း မဆက်ရင် ငါပဲ ဆက်လိုက်မှာနော်” ဓာတ်လှေကားတံခါး ပွင့်သွားသဖြင့် ရှန်ယွီ ဝှီးချဲကို မောင်းဝင်သွားသည်။
“သွားမတွေ့ရင်တောင်မှ စကားလေး ဘာလေး ပြောလိုက်ပေါ့။ မင်းသာ သက်ပြင်းတွေ ထပ်ချနေရင် အောက်ဆီဂျင် ပြတ်သွားမှာ စိုးလို့ပါ”
ချန်ကျန့် ဘာမှ ပြန်မပြောဘဲ သူ့နောက်မှ ဓာတ်လှေကားထဲသို့ လိုက်ဝင်ခဲ့သည်။ ဓာတ်လှေကားမှာ သိပ်မကြီးလှချေ။ ရှန်ယွီက အထဲရောက်သော်လည်း ဝှီးချဲကို ပြန်မလှည့်သဖြင့် ချန်ကျန့်မှာလည်း မလှုပ်မယှက်ဘဲ တံခါးကို ကျောပေးလျက်သား ရပ်နေမိသည်။
“တတိယထပ်ကို နှိပ်လိုက်ပါဦး” ရှန်ယွီက ဆိုသည်။
“မင်းပဲ နောက်ပြန်လှည့်ပြီး ဓားရေးပြသလိုမျိုး ခလုတ်နှိပ်တော့မလို့ ထင်နေတာ”
ချန်ကျန့်က ဆိုကာ လက်လှမ်း၍ ခလုတ်နှိပ်လိုက်သည်။ ရှန်ယွီ သက်ပြင်းအရှည်ကြီး တစ်ချက် ချလိုက်မိသည်။
အောက်ဆီဂျင် ပြတ်နေတာလား ဘော့စ်
ဒုတိယထပ်တွင် ဓာတ်လှေကား ရပ်သွားသည်။ သူတို့နောက်ဘက်တွင် တံခါးပွင့်သွားသော်လည်း ဘယ်သူမှ ဝင်မလာချေ။ ချန်ကျန့် နောက်လှည့်ကြည့်လိုက်ရာ အပြင်တွင် အဒေါ်ကြီး နှစ်ယောက် ရပ်နေသည်ကို တွေ့ရသည်။ သူ လှည့်ကြည့်တာကို မြင်သည့်အခါ အဒေါ်ကြီး တစ်ယောက်က မေးသည် ။
“ကျွန်မတို့... ဝင်လို့ ရမလား”
“ဗျာ။ ရပါတယ်၊ ကျွန်တော်တို့လည်း အပေါ်တက်မှာပါ”
ချန်ကျန့် လန့်သွားပြီး အမြန် ခေါင်းညိတ်ပြလိုက်သည်။
နောက်ထပ် အဒေါ်ကြီးက ပြုံးလျက် ဆိုသည်။
“ရှင်တို့ နှစ်ယောက်လုံးက ကျောပေးပြီး ရပ်နေကြတာဆိုတော့ တစ်ခုခု ဖြစ်နေတာလားလို့ ထင်နေတာ”
“မဟုတ်ပါဘူး ။ သူ့ဝှီးချဲက ပြန်လှည့်လို့ မရလို့ပါ”
“အဓိကက မင်းကော ဘာလို့ ပြန်မလှည့်တာလဲ”
အေးလေ၊ ငါကော ဘာလို့ နံရံကိုပဲ စိုက်ကြည့်နေတာလဲ
ချန်ကျန့် တံခါးဘက်သို့ မျက်နှာမူကာ ပြန်လှည့်လိုက်သည်။
“ငါတို့ ကျောချင်းကပ် ဖက်ထားကြတယ်...” ရှန်ယွီက ရုတ်တရက် သီချင်း စဆိုတော့သည်။
ဒီလူ ရူးနေတာလား!
ချန်ကျန့်မှာ နောက်တစ်ပိုဒ်ကို လိုက်ဆိုမိတော့မည့် စိတ်ကို အတင်းထိန်းလိုက်ရသည်။ ဓာတ်လှေကားတံခါး ပွင့်သွားသည်နှင့် သူ အပြင်သို့ အမြန် လျှောက်ထွက်လာခဲ့တော့သည်။
“မြို့ထဲမှာ သီချင်းဆိုလို့ရတဲ့ နေရာတွေ ရှိလား” ရှန်ယွီ ဝှီးချဲဖြင့် နောက်ဆုတ် ထွက်လာသည်။
“အားတဲ့အချိန်ကျရင် တည်းခိုခန်းက လူတွေ အကုန်ခေါ်ပြီး သီချင်းသွားဆိုကြရအောင်။ သူတို့တွေက တစ်နေ့တစ်နေ့ တည်တည်တံ့တံ့နဲ့ အလုပ်လုပ်နေကြရတာ ပျင်းစရာကြီး”
“...မြို့ဟောင်းမှာပဲ ရှိမယ် ထင်တယ် ။ ဒါပေမဲ့ အဲ့က စက်ပစ္စည်းတွေက သိပ်မကောင်းဘူးလို့ ကြားဖူးတယ်”
“မင်း မရောက်ဖူးဘူးလား” ရှန်ယွီက မေးသည်။
“နှစ်ခါတော့ ရောက်ဖူးပါတယ်။ သူငယ်ချင်း မွေးနေ့တုန်းကပေါ့။ ဒါပေမဲ့ တခြားနေရာတွေ မရောက်ဖူးတော့ နှိုင်းယှဉ်လို့ မရဘူး”
“ဒါဆိုရင်တော့ ငါပဲ နှိုင်းယှဉ်ကြည့်လိုက်တော့မယ်” ရှန်ယွီ လက်ဖျောက်တစ်ချက် တီးလိုက်သည်။
“တကယ်လို့ မကောင်းဘူးဆိုရင် တည်းခိုခန်းမှာပဲ ငါတို့ဘာသာ တစ်ခု လုပ်လိုက်ကြတာပေါ့”
ချန်ကျန့် သူ့ကို ကြည့်လိုက်သည်။
“ဘော့စ်... ငါတို့ ပိုက်ဆံ သိပ်မရသေးဘူးနော်။ ပိုက်ဆံသုံးဖို့ကတော့ ခဏလောက် စောင့်ပါဦး...”
“အို... ငါ့မှာပေါတော့လေ...” ရှန်ယွီ ရယ်မောလိုက်သည်။
စာရင်းထဲကအတိုင်း လိုက်ရှာရာ ဟူဖန် လိုချင်သော ဆိုင်ကို အမြန်ပင် တွေ့လိုက်ရသည်။ ဟူဖန်က အသေးစိတ် ရေးပေးထားသဖြင့် အရောင်းဝန်ထမ်းက ပစ္စည်းများကို လျင်မြန်စွာ ရှာဖွေပေးနိုင်ခဲ့သည်။
“လက်ဆောင်ဗူးနဲ့ ထည့်ပေးရမလား ။ လက်ဆောင်ပေးဖို့လားဟင်”
“ဟို... မဟုတ်ပါဘူး ။ မလိုပါဘူး...” ချန်ကျန့် လက်တကာကာနှင့်ပင် ငြင်းလိုက်သည်။
“လက်ဆောင်ဗူးက ပိုက်ဆံပေးရသလား”
ဝှီးချဲပေါ်ကနေ အပြင်မှာ စောင့်နေတဲ့ ရှန်ယွီက လှမ်းမေးသည်။
“အလကားပါရှင်” ဝန်ထမ်းက ဆိုသည်။
“ဒါဆို ဘာလို့ မယူရမှာလဲ။ လက်ဆောင်ဗူးနဲ့ပဲ ထည့်ပေးလိုက်ပါ”
ချန်ကျန့်က ထုပ်ပိုးထားသော ဗူးကို ကိုင်ထွက်လာပြီး ဝှီးချဲနောက်က အိတ်ထဲ ထည့်လိုက်သည်။
“ဒီအတိုင်း အိတ်နဲ့ပဲ ထည့်လာလို့ ရတာကို။ အခုလို ထုပ်လိုက်တော့ သူ ပြန်ဖြည်နေရဦးမှာပေါ့”
“မင်းမှာ ရှောင်သိုအာ ကလွဲလို့ တခြား သိကျွမ်းတဲ့ မိန်းကလေး မရှိဘူး မဟုတ်လား” ရှန်ယွီက မေးသည်။
“မင်း ပြောတာကတော့...” ချန်ကျန့် ဝှီးချဲ ခြေနင်းတံပေါ် တက်ရပ်လိုက်သည် - “ကွက်တိ မှန်နေတာပဲ”
ရှန်ယွီ သူ့ကို မော့ကြည့်ပြီးမှ ရယ်မောလိုက်သည်။
“မိန်းကလေးတွေက လက်ဆောင်ဗူးတွေကို ကြိုက်ကြလို့လား” ချန်ကျန့်က မေးသည်။
“အမြဲတမ်းတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ လက်ဆောင်တစ်ခုကို ဖြည်ရတဲ့ ခံစားချက်က ပျော်ဖို့ကောင်းတယ်လေ” ရှန်ယွီ ရယ်ရင်း ဆိုသည်။
“သူ့ပိုက်ဆံနဲ့သူ ဝယ်ခိုင်းတာကိုလေ”
ရှန်ယွီ ပိုပြီး အားရပါးရ ရယ်တော့သည်။
“ဟား ဟားး မင်းကတော့လေ”
ရှန်ယွီ အခုလို အပြင်ထွက်လာတာက ဂိမ်းဆိုင် သွားချင်တာ တစ်ခုတည်းကြောင့် ဖြစ်ပါလိမ့်မည်။ ဟူဖန် ပစ္စည်းတွေ ဝယ်ပြီးနောက် တခြားဆိုင်တွေကို သူ လုံးဝ မဝင်တော့ချေ။ စူပါမားကတ်ကို တန်းသွားပြီး ကျောက်ကျဲ ဝယ်ခိုင်းတဲ့ မုန့်တွေနဲ့ တခြား မုန့်အချိုဗူးတွေကို ဝယ်ပြီးနောက် အပြင်ပြန်ထွက်လာခဲ့ကြသည်။
“ကားထဲ သွားထားမလား ဘော့စ် ။ ပစ္စည်းတွေက တော်တော် များနေပြီ”
“ဝှီးချဲအောက်မှာ ထည့်လိုက်လေ ။ အောက်မှာ အိတ်အကြီးကြီး ပါတယ်လေ”
ချန်ကျန့် ငုံ့ကြည့်လိုက်သည့်အခါ ဝှီးချဲအောက်တွင် ပိုက်ကွန်အိတ် အကြီးကြီး တစ်ခု ပါနေသည်ကို တွေ့ရသည်။ ထိုပစ္စည်းတွေ အားလုံး အထဲတွင် ဆံ့သွားလေသည်။
“ဒီဝှီးချဲက ဈေးဝယ်ဖို့ တော်တော် ကောင်းတာပဲ၊ အများကြီး ဆံ့တယ်။ ပြီးတော့ ထိုင်ရင်းနဲ့ ဈေးဝယ်လို့ ရသေးတယ်”
“မနက်ဖြန် ကျောက်ကျဲ ဈေးသွားရင် ဒါကြီး မောင်းသွားခိုင်းလိုက်လေ” ရှန်ယွီက ဆိုသည်။
“ရူးနေလား” ချန်ကျန့် ရယ်လိုက်မိသည်။
“ဒါဆို မင်းက ငါ့ကိုပဲ ကိုယ်တိုင် မောင်းခိုင်းချင်နေတာပေါ့၊ ဟုတ်လား” ရှန်ယွီက ဆိုသည်။
“ဒီအတိုင်း ပြောလိုက်တာပါဗျာ!” ချန်ကျန့် ဝှီးချဲလက်ကိုင်ကို ပုတ်လိုက်သည် ။
“သွားကြစို့။ မင်း ကလေးတွေကို သွားစမလို့ ဆို”
“ငါ အခုနက ဘာပြောခဲ့လဲ” ရှန်ယွီက မမောင်းဘဲ မေးလိုက်သည်။
“ဟင်။” ချန်ကျန့် သူ့ကို ကြည့်လိုက်သည်။
“ဖုန်းဆက်လိုက်ပါဦး” ရှန်ယွီက ချန်ကျန့် ဖုန်းထည့်ထားတဲ့ အိတ်ကပ်ကို မေးငေ့ါပြသည်။
“ဒီအထိ ရောက်နေပြီကို ဖုန်းမဆက်တာကတော့ အတော်လေးကို အဓိပ္ပာယ်မရှိရာ ကျတယ်နော်။ ဒါက သားအဖချင်း အနေရခက်တာပဲရှိတာ၊ ရန်ဖြစ်ထားတာမှ မဟုတ်တာ”
ချန်ကျန့် ဘေးက လက်ရန်းကို မှီလိုက်ပြီး ဘာမှ မပြောသလို မလှုပ်မယှက် ရှိနေသည်။ တန်ရွှေကလည်း သူ့ကို အဖေ့ဆီ ဖုန်းခေါ်ဖို့၊ စကားပြောဖို့ ခဏခဏ ပြောလေ့ရှိသည်။ သူ ခေါင်းညိတ်ခဲ့သော်လည်း တကယ်တမ်း မလုပ်ဖြစ်ခဲ့ချေ။ သူနဲ့ သူ့အဖေကြားက အလှမ်းဝေးနေမှုက အချိန်ကြာကြာ ခွဲနေရတာ တစ်ခုတည်းကြောင့် မဟုတ်ပါဘူး။ အစပိုင်းမှာတော့ သူ အဖေ့ကို တအား လွမ်းခဲ့တာပေါ့၊ ဒါပေမဲ့ နောက်ပိုင်းမှာတော့ လွမ်းလို့ မဖြစ်ဘူးဆိုတာ သူ သိလာခဲ့တယ်။ အဖေက အပြင်မှာ ပိုက်ဆံ ရှာနေရတာလေ၊ သူ့ရဲ့ လွမ်းဆွတ်မှုနဲ့ စိုးရိမ်မှုတွေက အဖေ့အတွက် အနှောင့်အယှက် ဖြစ်စေပြီး၊ စိတ်မအေးတာနဲ့ အပြစ်မကင်းသလို ခံစားရတာမျိုးတွေ ဖြစ်စေမှာ စိုးလို့ပါ။
ရှန်ယွီကတော့ တန်ရွှေနဲ့ မတူဘူး။ သူက ပိုပြီး တိုက်ရိုက်ဆန်သလို၊ ချန်ကျန့်အတွက် စဉ်းစားစရာ အချိန်တောင် မပေးချေ။
ဖုန်းဆက်လိုက်၊ စကားပြောလိုက်။ အဖေ့ဆီ သွားကြည့်လိုက်။ မင်း ဒီအထိ ရောက်နေပြီပဲ။
တစ်ချက်ပြီးတစ်ချက် တွန်းအားပေးနေသလိုမျိုးပေါ့။ သူ ရှန်ယွီကို ကြည့်လိုက်ပြီးမှ ခေါင်းငုံ့ကာ ဖုန်းထုတ်ပြီး အဖေ့နံပါတ်ကို နှိပ်လိုက်သည်။ ဖုန်းမြည်နေသော်လည်း အကြာကြီးအထိ ဘယ်သူမှ မကိုင်ချေ။
“ပစ္စည်း ပို့နေလို့ ထင်တယ်”
ရှန်ယွီ ဘာမှ မပြောဘဲ ဝှီးချဲကို လက်ရန်းနား တွန်းသွားပြီး ချန်ကျန့်နဲ့ ဘေးချင်းယှဉ်လျက် အောက်ထပ်ကို ငုံ့ကြည့်နေသည်။ ခုနက ရထားလေး ဖြတ်သွားပြန်ပြီ၊ ဒီတစ်ခါတော့ ကလေးတွေ မပါဘူး။ ရှန်ယွီက ထွက်သွားမည့်ပုံ မပြဘဲ တည်ငြိမ်စွာ စောင့်နေလေသည်။
မိနစ်အနည်းငယ် ကြာသည့်အခါ ချန်ကျန့် ဖုန်းပြန်ခေါ်လိုက်သည်။ ယခုတစ်ကြိမ်တွင်တော့ လေးငါးခါ မြည်ပြီးနောက် တစ်စုံတစ်ယောက် ကိုင်လိုက်သည်။
“ဟယ်လို!”
“ဟယ်လို။ ဘယ်သူပါလဲ”
“မင်းကတော့ တဂျိန်းဂျိန်းနဲ့ ဆူညံနေတာပဲ!”
တစ်ဖက်က လူက ဒေသန္တရ လေယူလေသိမ်း ပြင်းပြင်းဖြင့် လှမ်းပြောသည်။
“ဗျာ။” ချန်ကျန့် ရှန်ယွီအနားသို့ ကိုယ်ကို ငုံ့ကာ တိုးကပ်လိုက်သည်။
“ကျွန်တော့် အဖေ နဲ့ ပြောချင်လို့ပါ။ အခုက ဘယ်သူလဲ မသိဘူး”
“တဂျိန်းဂျိန်း၊ တဝုန်းဝုန်းနဲ့!” တစ်ဖက်ကလူက စိတ်ပူနေသည့်ဟန်ဖြင့် ဆိုသည်။
“ကျွန်တော် ပြောတာကို နားမလည်ဘူး...”
ချန်ကျန့် မျက်မှောင်ကြုတ်လိုက်မိပြီး ရင်ထဲမှာ ထိတ်လန့်စရာ ခံစားချက်တစ်ခု ပေါ်လာသည်။
ရှန်ယွီက လက်လှမ်းပြီး ဖုန်းကို ယူလိုက်သည် ။
“ဟယ်လို... ဘာပြောတာလဲ... ဟုတ်ကဲ့၊ ကျွန်တော်က အဘိုးကြီးချန်ရဲ့ သားပါ...”
မင်းက သူ့သားရဲ့ ဘော့စ်လေ!
ဒါပေမဲ့ ရှန်ယွီက ထိုသူ၏ မပီမသ စကားတွေကို တကယ် နားလည်နေပုံရသည်။
“ဟုတ်ကဲ့၊ ဘာဖြစ်လို့လဲ။ ဖြည်းဖြည်းချင်း ပြောပါ ။ သြော် ... ဟုတ်ပြီ... သူ ဘာဖြစ်သွားတာလဲ”
ချန်ကျန့် ဝှီးချဲဘေးတွင် ဒူးတစ်ဖက် ထောက်လျက် ရှန်ယွီကို စိုက်ကြည့်နေမိသည်။ ဘာဖြစ်တာလဲ
“ပြင်းထန်လား” ရှန်ယွီက သူ့ကို တစ်ချက်ကြည့်သည်။
“ဘာဖြစ်တာလဲ” ချန်ကျန့် စိုးရိမ်တကြီးနှင့် ခပ်တိုးတိုး မေးသည်။
“အဖေ တစ်ခုခု ဖြစ်လို့လား”
“ဟုတ်ကဲ့၊ ဘယ်ဆေးရုံမှာလဲ” ရှန်ယွီက တစ်ဖက်ဖုန်းကိုပဲ ဆက်မေးသည်။
ချန်ကျန့် ဖုန်းထဲက ထွက်လာတဲ့ အသံသဲ့သဲ့လေးတွေကနေ သတင်းအချက်အလက် ရမလားလို့ နားစွင့်နေမိသည်။ လွန်ခဲ့တဲ့ ရက်ပိုင်းကမှ ဖုန်းဆက်တော့ အကောင်းကြီး ရှိသေးတာကို၊ ဘာဖြစ်တာလဲ။
“ဘာဖြစ်တာလဲ” သူ ရှန်ယွီကို ပါးစပ်လှုပ်ရုံဖြင့် ထပ်မေးလိုက်သည်။
“အိုကေ” ရှန်ယွီ လက်လှမ်းပြီး ချန်ကျန့်ရဲ့ ပါးကို အသာအယာ ပုတ်လိုက်သည်။
စိတ်မပူနဲ့လို့ အချက်ပြတာ ဖြစ်မှာပါ လောက်ထိပဲ ချန်ကျန့် တွေးနိုင်သည်။
“ဟုတ်ကဲ့၊ သိပ်မဝေးဘူးပဲ။ အခုပဲ လာခဲ့ပါ့မယ်။ ကျေးဇူးတင်ပါတယ်”
“ဘာဖြစ်တာလဲ” ရှန်ယွီ ဖုန်းချလိုက်သည်နှင့် ချန်ကျန့် အတင်းမေးတော့သည်။
“ဘာမှ မဟုတ်ပါဘူး၊ မလန့်နဲ့ဦး။ မင်းအဖေ မနေ့က ဆိုင်ကယ်မောင်းရင်းလဲတာတဲ့ ။ သိပ်တော့ မပြင်းထန်ပါဘူး၊ အခု ဆေးရုံမှာ ရောက်နေတယ်”
“ဒါဆို ဘာလို့ ဆေးရုံမှာ ရှိနေတာလဲ” ချန်ကျန့်က မေးသည်။
“ဘာပဲဖြစ်ဖြစ် ဆေးရုံတော့ သွားပြရမှာပေါ့၊ မဟုတ်ဘူးလား ။ သွားကြစို့၊ ငါ ဆေးရုံကို လိုက်ပို့ပေးမယ်”
ဆေးရုံက ကုန်တိုက်နဲ့ သိပ်မနီးလှချေ၊ လမ်းညွှန်မြေပုံအရ ၁၀ ကီလိုမီတာလောက် ရှိပြီး လမ်းတွေကလည်း ပိတ်နေသဖြင့် ကားက အမြန် မမောင်းနိုင်ချေ။
“ဖြတ်လမ်း ရှိလား” ရှန်ယွီက မေးသည်။
“ဒီလမ်းက အမြန်ဆုံးပဲ” ချန်ကျန့် သက်ပြင်းချလိုက်သည်။
“ခုနက ဖုန်းကိုင်တာက မင်းအဖေရဲ့ အိမ်နီးချင်းတဲ့။ သူပြောတာတော့…မနေ့က လဲတာကို၊ အိမ်နီးချင်းက ဒီနေ့မှ ဆေးရုံကို အဖော်လိုက်ပို့ပေးတာတဲ့”
“အင်း... သူက ဒဏ်ရာ သိပ်မကြီးရင် ဆေးရုံမသွားဘူးလေ။ ဆေးလေး ဝယ်လိမ်းပြီး ထားလိုက်တာပဲ” ဟု ချန်ကျန့်က ဆိုသည်။
ရှေ့မှာ ဘယ်ဘက်ကွေ့ရမည်ဖြစ်ပြီး ကားတွေ တန်းစီနေကြသည်။ ရှန်ယွီ လီဗာကို အသားကုန်နင်းကာ တည့်တည့်သွားမည့် လမ်းကြောကနေ ရှေ့ဆုံးအထိ တက်သွားပြီးမှ၊ လက်ကိုင်ဘီးကို ဝုန်းခနဲ လှည့်ကာ ဘရိတ်ကို ဆောင့်နင်းလိုက်ပြီး ဘယ်ဘက်ကွေ့ လမ်းကြောထဲကို အတင်း ထိုးထည့်လိုက်သည်။ နောက်က ကားတွေကတော့ ဟွန်းတွေ တဒိန်းဒိန်း တီးနေကြလေပြီ။
“လူတွေကတော့ မင်းကို ဆဲနေကြပြီ” ချန်ကျန့် နောက်ကို လှည့်ကြည့်လိုက်သည်။ တည့်တည့်သွားမည့် ကားတွေပါ သူတို့နောက်မှာ ပိတ်မိကုန်ကြပြီ မဟုတ်လား။
“သူတို့ ငါ့ကို မသတ်သရွေ့တော့ စောင့်ရမှာပဲလေ” ဟု ရှန်ယွီက ဆိုလေသည်။
“မဟုတ်ဘူးလေ... အဲ့ဒါက...” ချန်ကျန့်မှာ နောက်က ဟွန်းသံတွေကြောင့် စိတ်မအေးနိုင်ဘဲ ဖြစ်နေရသည်။
“ဒီလောက် အလျင်လိုနေရင် တည့်တည့်သွားပြီးမှ ရှေ့ကနေ ပြန်ကွေ့လာလည်း ရတာကို...”
“အဲ့ဒါဆိုရင် ငါက အလကားနေရင်း ရိုင်းရာ ကျသွားမှာပေါ့”
ချန်ကျန့် ဘာမှ ထပ်မပြောတော့ဘဲ ရှန်ယွီကိုသာ ကြည့်နေမိသည်။ ဤလူကတော့ တစ်မျိုးတော့ စိတ်မချရသလို ရှိသော်လည်း၊ တစ်ဖက်မှာတော့ အလွန်ပင် အားကိုးရပြန်သည်။ မီးစိမ်းသွားသည့်အခါ ရှေ့က ကားတွေ စထွက်သည်နှင့် ရှန်ယွီ ထပ်မံ အရှိန်မြှင့်ကာ ဘယ်ဘက်ကွေ့ လမ်းကြောထဲကို အတင်း တိုးဝင်လိုက်ရာ၊ သူ၏ နောက်ဘယ်ဘက်က ကားရှေ့နဲ့ တိုက်မိတော့မတတ် ဖြစ်သွားသည်။ ထိုကားထဲက လူက ပြတင်းပေါက်ကို ချပြီး - “ခွေးမသား!” ဟု လှမ်းဆဲလေသည်။
“ငါ့အဖေက မင်းကို သတ်တဲ့အထိ စောင့်လိုက်ဦး”
ရှန်ယွီက တိုးတိုးလေး ရေရွတ်ရင်း အချက်ပြမီးပြကာ အရှိန်မြှင့် မောင်းထွက်လိုက်သည်။
“ကျေးဇူးပါပဲ” ချန်ကျန့် ခပ်တိုးတိုး ဆိုလိုက်သည်။
“ဒီလို စကားတွေ ပြောပြီးမှ ကျေးဇူးမတင်စမ်းနဲ့” ရှန်ယွီက ဆိုလေသည်။
ချန်ကျန့် နှစ်စက္ကန့်လောက် ငြိမ်သွားပြီးမှ ရယ်မောလိုက်မိသည်။
“မင်းအဖေ သိပ်မထိခိုက်ပါဘူး။ စိတ်မပူနဲ့”။
ချန်ကျန့် ပြတင်းပေါက် အပြင်ဘက်ကို ငေးကြည့်ရင်း ဆိုသည်
“သူ ဒဏ်ရာရတာကို ကြားရတာ ဒါ ပထမဆုံးပဲ။ ဒါပေမဲ့ သူ ဒဏ်ရာရတာ ဒါ ပထမဆုံး မဟုတ်မှာတော့ သေချာပါတယ်။ တကယ်လို့ ဒီဖုန်းသာ မဝင်ခဲ့ရင် ကျွန်တော်လည်း ဘာမှ သိမှာ မဟုတ်ဘူး”
“အကုန်လုံးက အတူတူပါပဲ။ တကယ်လို့ မင်း တစ်ခုခု ဖြစ်ရင်လည်း၊ မင်းအဖေက နောက်ဆုံးမှ သိမယ့်လူ ဒါမှမဟုတ် လုံးဝ သိမှာမဟုတ်တဲ့လူ ဖြစ်နေမှာပဲလေ”
“ဟုတ်ပါတယ်” ချန်ကျန့် ပြန်ဖြေလိုက်သည်။
“ငါက တကယ်ကို နတ်ဘုရားလိုပဲ မဟုတ်လား၊ မင်းကို ဖုန်းဆက်ဖို့ အတင်း တိုက်တွန်းခဲ့တာလေ” ရှန်ယွီက မေးသည်။
“...ဟုတ်ပါတယ်” ချန်ကျန့် ခေါင်းညိတ်ပြလိုက်သည်။
ရှန်ယွီ၏ စည်းကမ်းမဲ့လှသော ကားမောင်းမှုကြောင့် လမ်းညွှန်မြေပုံ ခန့်မှန်းထားတာထက် ဆယ်မိနစ်စောပြီး ဆေးရုံသို့ ရောက်ရှိခဲ့ကြသည်။ လမ်းတစ်လျှောက် ကားသမားပေါင်းများစွာ၏ ဆဲဆိုသံတွေကိုလည်း ကြံ့ကြံ့ခံခဲ့ရသည်ပေါ့။
“သွားတော့လေ” ရှန်ယွီက စူပါမားကတ်က ဝယ်လာတဲ့ မုန့်နှစ်ဗူးကို ကမ်းပေးသည်။
“ပြင်ပလူနာဆောင်၊ ဒုတိယထပ်မှာ”
မုန့်ဗူးတွေကြောင့် ချန်ကျန့် ကြောင်အသွားရသည်။
“ငါ ဒါကို မင်းအဖေအတွက် ဝယ်ထားတာပဲဟာ။ အမြန်သွားစမ်းပါ။ ငါ့ကို ကျေးဇူးတင်ချင်တာဖြစ်ဖြစ်၊ ငိုချင်တာဖြစ်ဖြစ် နောက်မှ လူမရှိတဲ့နေရာမှာ သွားလုပ်”
“...အင်း” ချန်ကျန့် ဆေးရုံထဲသို့ အပြေးဝင်သွားပြီး၊ ခြေလှမ်းအနည်းငယ် ရောက်မှ နောက်ပြန်လှည့်ကာ ရှန်ယွီကို လက်ညှိုးညွှန်ပြသည် ။
“လျှောက်မမောင်းနဲ့ဦးနော်”
“မင်းကတော့ ပင်ပန်းပြီး သေမှာ မဟုတ်ပါဘူး” ရှန်ယွီက လှမ်းအော်လိုက်သည်။
ချန်ကျန့် ဒုတိယထပ်သို့ ပြေးတက်လာသည့်အခါ စောင့်ဆိုင်းခန်းတွင် အဖေ့ကို ချက်ချင်း မြင်လိုက်ရသည်။ လက်မောင်းတွေနဲ့ မျက်နှာမှာ ပတ်တီးတွေ စည်းထားပြီး၊ လက်တစ်ဖက်ကိုလည်း ကျောက်ပတ်တီးစည်းထားလေသည်။ ဘောင်းဘီတစ်ဖက်ကို လိပ်တင်ထားရာ ပွန်းပဲ့ဒဏ်ရာကြီးတွေကို တွေ့ရသည်။
“အဖေ” ချန်ကျန့် အနားသို့ သွားကာ ခေါ်လိုက်သည်။
“ဟေး” အဖေက သူ့ကို ကြည့်ကာ၊ အနေရခက်စွာဖြင့် သူ၏ ဘောင်းဘီကို ပြန်ဆွဲချရန် ကြိုးစားသည်။
“မင်းက တကယ်ကြီး... ဘာလို့ တကယ် ရောက်လာတာလဲ...”
ဘေးမှာ ရပ်နေတဲ့ အဖေ့ထက် အသက်ကြီးပုံရတဲ့ ဦးလေးကြီးကတော့ တစ်ခုခုကို တိုးတိုးလေး ရေရွတ်ရင်း၊ အဖေ့ရဲ့ လက်ကို တားထားလေသည်။
“မလှုပ်နဲ့ပါး” ချန်ကျန့် ရှေ့သို့ တိုးကာ အဖေ့လက်ကို ဖယ်လိုက်ပြီး ထိုဦးလေးကြီးကို
“ကျေးဇူးတင်ပါတယ် ဦးလေး” ဟု ဆိုလိုက်သည်။
“ရပါတယ်ကွယ်။ ငါတို့က လုပ်ဖော်ကိုင်ဖက်တွေပဲ၊ တစ်ယောက်ကိုတစ်ယောက် ကူညီရမှာပေါ့” ထိုဦးလေးကြီး၏ လေယူလေသိမ်းမှာ အခုထိ ပြင်းထန်နေဆဲဖြစ်သော်လည်း၊ မျက်နှာချင်းဆိုင် စကားပြောသည့်အခါ ဖုန်းထဲကထက်စာရင် နားလည်ရ ပိုလွယ်ကူသည်။
“လက်ကျိုးသွားတာလား ။ ဒါတွေအပြင် တခြား ဘာဒဏ်ရာတွေ ရှိသေးလဲ”
“မရှိပါဘူး။ အရှိန် နည်းနည်း များသွားလို့၊ အကွေ့မှာ ချော်လဲတာပါ။ ရက်အနည်းငယ် နားလိုက်ရင် သက်သာသွားမှာပါ”
“ဒီလက်က ရက်အနည်းငယ်နဲ့ မပျောက်ပါဘူး ။ အနည်းဆုံးတော့...”
“တကယ် မပြင်းထန်ပါဘူးဆို” အဖေက စကားဖြတ်ပြောလိုက်သည်။
“မင်း တစ်ယောက်တည်း လာတာလား။ ကားနဲ့လား”
“ဟုတ်ကဲ့၊ ကျွန်တော်တို့ ဘော့စ်က...” ချန်ကျန့် စကားမဆုံးသေးခင်မှာပင် ဖုန်းမြည်လာသည်။ ရှန်ယွီ ဖြစ်နေသဖြင့် သူ ကိုင်လိုက်သည် ။ “ဟယ်လို”
“လမ်းတစ်ဖက်မှာ စားသောက်ဆိုင်အသေးလေးတွေ ရှိတယ်လေ။ သူတို့လည်း ထမင်းစားရဦးမှာပေါ့ ။ မင်းတို့ ကိစ္စပြီးရင် တစ်ခုခု သွားစားကြရအောင်”
“အင်း” ချန်ကျန့် ပြန်ပြောလိုက်သော်လည်း၊ အဖေ သဘောတူမည် မဟုတ်မှန်း သူ ကြိုသိနေသည်။
ထင်ထားသည့်အတိုင်းပင်၊ ချန်ကျန့်က ဘော့စ်နဲ့ လာတာဖြစ်ကြောင်း၊ ဘော့စ်က လိုက်ပို့ပေးတာဖြစ်ပြီး အတူတူ ထမင်းစားချင်ကြောင်း ပြောသည့်အခါ အဖေက ချက်ချင်း ငြင်းဆိုတော့သည်။
“အမြန်ပြန်တော့၊ ဘော့စ်ကို အမြင်မစောင်းစေနဲ့ ။ သူက ခေါ်လာပေးတာတောင် မင်းက မလာသင့်ဘူး။ မင်းက မန်နေဂျာဆိုပြီး ဘဝင်မြင့်နေတယ်လို့ သူ ထင်သွားဦးမယ်”
“နောင်ကျရင် သတိထားပါ့မယ်”
“သွားတော့၊ ငါ အဆင်ပြေပါတယ် ။ ဘော့စ်ကိုလည်း ကျေးဇူးတင်ကြောင်း ပြောပေးပါဦး”
ချန်ကျန့် ခေါင်းညိတ်ပြပြီး၊ လက်ထဲက မုန့်ဗူးတွေကို အဖေ့ပေါင်ပေါ် တင်ပေးလိုက်သည်
“ဟုတ်ကဲ့ ။ ဒါလေးတွေ စားလိုက်နော်”
“အေးအေး၊ သွားတော့” အဖေက သူ၏လက်မောင်းကို ပုတ်ပေးသည် ။
“ငါ့အတွက် စိတ်မပူနဲ့”
ချန်ကျန့် ဆေးရုံတံခါးဝကနေ ထွက်လာသည့်အခါ တစ်ကိုယ်လုံး နုံးချိနေသလို ခံစားလိုက်ရသည်။ ဖော်ပြမတတ်သော ပင်ပန်းနွမ်းနယ်မှုမျိုးပေါ့။ အဖေက သူ့ကို အမြန်ပြန်ခိုင်းနေတာက သူ့ကို အနေရခက်စေသော်လည်း ဘာပြောရမည်မှန်း၊ ဘာပြောနိုင်မည်မှန်း သူ မသိခဲ့ချေ။
ရှန်ယွီကတော့ ကားပါကင်တွင် ဝှီးချဲကို မောင်းနှင်ရင်း ကားကို ပတ်နေလေသည်။ ချန်ကျန့် လျှောက်သွားပြီး ဝှီးချဲကို လှမ်းကိုင်လိုက်သည်။
“ဟင်။” ရှန်ယွီ နောက်လှည့်ကြည့်လိုက်ရာ ချန်ကျန့် တစ်ယောက်တည်း ဖြစ်နေသည်ကို မြင်သည့်အခါ ပြုံးလိုက်သည် ။
“မင်းအဖေ လာမှာမဟုတ်ဘူးလို့ ငါ ခန့်မှန်းပြီးသားပါ”
“သူက ဘော့စ် အမြင်မစောင်းဖို့ကိုပဲ အမြဲ စိုးရိမ်နေတာလေ”
“သူ့ဘော့စ်ကလည်း များသောအားဖြင့် လူတွေအပေါ် အမြင်ကောင်းအောင် မနေတတ်ဘူးလို့သာ ပြန်ပြောလိုက်ပါ”
ချန်ကျန့် ပြုံးလိုက်သော်လည်း ဘာမှ ပြန်မပြောမိချေ။
“သွားစားကြရအောင်။ လမ်းတစ်ဖက်က အမဲသားဟော့ပေါ့ဆိုင်ကို ငါ စောင့်ကြည့်နေတာ ကြာပြီ။ စီးပွားရေး ကောင်းပုံရတယ်ဆိုတော့ အရသာ ရှိမှာပါ”
“မင်းမှာ အရသာခံအာရုံ မရှိဘူးလို့ ကျွန်တော် ထင်နေတာ” ချန်ကျန့်က ဆိုလိုက်သည်။
“ငါက အစားမရွေးတာပါ၊ အရသာ မသိတာ မဟုတ်ဘူး”
စားသောက်ဆိုင်မှာ တကယ်ပင် စီးပွားရေး ကောင်းလှသည်။ နေ့လယ်စာ စားချိန် ကျော်နေပြီဖြစ်သော်လည်း လူအတော်များများ ရှိနေဆဲပင်။ ရှန်ယွီက သီးသန့်အခန်း တစ်ခန်း တောင်းလိုက်သည်။
စားပွဲထိုးက အော်ဒါယူပြီး ထွက်သွားသည့်အခါမှ ချန်ကျန့် စကားပြောဖို့ အခွင့်အရေး ရတော့သည်။
“အပြင်က စားပွဲအသေးလေးမှာပဲ စားလည်း ရတာကို၊ ဘာလို့ သီးသန့်အခန်း ယူရတာလဲ”
“မင်း ငိုမှာစိုးလို့လေ”
“အဲ့ဒီလောက်ကြီးလည်း မဟုတ်ပါဘူး” ချန်ကျန့် မျက်မှောင်ကြုတ်လိုက်ပြီး ခေတ္တမျှ ငြိမ်သက်သွားကာမှ ထပ်ပြောသည် ။
“တကယ်တော့ စိတ်မကောင်း ဖြစ်ရုံတင်ပါ”
ရှန်ယွီ သက်ပြင်းအသာအယာ ချလိုက်ပြီး လက်ဖက်ရည် တစ်ခွက်ငှဲ့ကာ ချန်ကျန့်ရှေ့ ချပေးလိုက်သည်
“ဟင်းတွေ ရဖို့ ဆယ်မိနစ်လောက် လိုသေးတယ် မဟုတ်လား။ ငိုချင်ရင်လည်း အခု ငိုလိုက်ပေါ့”
ချန်ကျန့် သူ့ကို ကြည့်လိုက်သော်လည်း ဘာမှ မပြောချေ။ ရှန်ယွီလည်း တိတ်ဆိတ်နေလေသည်။
စက္ကန့်အနည်းငယ် ကြာသည့်အခါ ရှန်ယွီသည် ရုတ်တရက် ရှေ့သို့ ကိုယ်ကိုကိုင်းကာ ချန်ကျန့်၏ ပါးကို အသာအယာ နမ်းလိုက်လေသည်။ ချန်ကျန့် ကြောင်အသွားပြီး ထိုအခိုက်အတန့်တွင် အသက်ရှူပင် ရပ်သွားသလို ခံစားလိုက်ရသည်။ နောက်တစ်စက္ကန့်တွင်မူ သူ၏ နားထဲတွင် မိုးကြိုးပစ်လိုက်သလိုမျိုး တဒိန်းဒိန်းနှင့် အသံတွေ ပြည့်နှက်သွားတော့သည်။
သူသည် ဗီဇအရပင် လက်ကို မြှောက်လိုက်ပြီး ရှန်ယွီ၏ ပါးကို ဝုန်းခနဲ ရိုက်လိုက်တော့သည်။
“အိုး ! ” ရှန်ယွီ ကုလားထိုင်ပေါ်သို့ ပြန်မှီကျသွားတော့သည်။
ထိုအချိန်မှာပင် စားပွဲထိုးက တံခါးခေါက်ပြီး ဟင်းအမယ် အချို့ကို ယူဆောင်လာကာ စားပွဲပေါ် တင်ပေးလေသည်။ ချန်ကျန့်မှာမူ သူ၏ ရင်ခုန်သံ တဒိန်းဒိန်း မြည်နေတာကလွဲလို့ ဘာကိုမှ မခံစားနိုင်တော့ချေ။
“ကျွန်တော့်ကို ကိုလာ တစ်ပုလင်းလောက်လည်း ယူပေးပါဦးနော်” ရှန်ယွီက စားပွဲထိုးကို လှမ်းပြောလိုက်လေသည်။
________________________________________________________________________
TN // အံ့သြသွားကြတယ် ဟုတ် ။ မီလည်း စစဖတ်တုန်းက ဟမ် ဆိုပြီး ဖြစ်သွားတာ ။ ဟော့ပေ့ါစားရင်း ရုတ်တရက်ထနမ်း၍ ပါးချခံရမှု ဖြစ်ပွါး ၊ အဲ့ဒါတောင် ကျေးဇူးရှင်က မင်သေသေနဲ့ ကိုလာတောင် မှာလိုက်သေး … အရမ်းပေ့ါ ။
ခြောက်နှစ်သားမှ မန်နေဂျာချန်အား ရင်တုန်စေမှုဖြစ်ပွါး
ReplyDeleteဟယ် ဂျယ်လိုတောင်လဲ မြေခွေးကြီးရယ်
ReplyDelete