Skip to main content

29





အပိုင်း (၂၉)

ဘော့စ် ဘာတွေ ပြောနေတာလဲ။

အလုပ်တွေ များလွန်းလို့လားမသိ၊ ချန်ကျန့် နားထဲမှာ အသံတွေ ခပ်သဲ့သဲ့ အူနေသလို ခံစားရသည်။ စက္ကန့်အနည်းငယ်ကြာအောင် ရှန်ယွီ ဘာပြောလိုက်မှန်းကိုပင် သူ သေချာ မကြားလိုက်ရချေ။

သူ၏ ခေါင်းထဲတွင် “ဇီး ဇီး” ဟူသော အသံများသာ ပြည့်နှက်နေသည်။

ရှန်ယွီ ကုတင်ဘေးတွင် ပြန်ထိုင်၊ နေရာယူပြီးမှ ချန်ကျန့်ကို လက်ဖျောက်တစ်ချက်တီးကာ “မန်နေဂျာချန်!” ဟု လှမ်းခေါ်လိုက်သည့် အခါမှသာ သူ သတိပြန်ဝင်လာခဲ့သည်။ ချန်ကျန့်သည် ကုလားထိုင်တစ်လုံးကို ဆွဲယူကာ ကုတင်ဘေးတွင် ထိုင်လိုက်ပြီး၊ ထိတ်လန့်နေသော်လည်း အလေ့အကျင့်ရနေပြီဖြစ်သည့်အတိုင်း ခေါင်းငုံ့ကာ ပိုးသတ်ရန် ပြင်ဆင်တော့သည်။

ဂွမ်းတံအသစ်ကို ယူ၊ အိုင်အိုဒင်းထဲ နှစ်၊ ပွတ်ပေး၊ ပြီးလျှင် လွှင့်ပစ်။

ရှန်ယွီ ခုနက ဘာပြောလိုက်တာလဲ။

ဂွမ်းတံအသစ်၊ အိုင်အိုဒင်း၊ ပွတ်ပေး၊ လွှင့်ပစ်။

အိပ်စက်ခြင်းနဲ့ ပတ်သက်တဲ့ တစ်ခုခုပဲ...။

ချန်ကျန့်၏ လက်များ တုန်ယင်သွားပြီး ကိုင်ထားသော ဂွမ်းတံမှာ လွတ်ကျသွားတော့သည်။

“လျူဝူတို့က ဘာဖြစ်လို့ အစည်းအဝေးခန်းကို လိုချင်နေရတာလဲ”

ရှန်ယွီက မေးလိုက်သည်။ ချန်ကျန့် လှမ်းကြည့်လိုက်သည့်အခါ ရှန်ယွီက သူ၏ မှတ်စုစာအုပ်ကို ပြန်ယူကာ ဖတ်နေသည်ကို တွေ့ရသည်။

“သူတို့တွေ အိမ်ထဲမှာ လုပ်မယ့် လှုပ်ရှားမှုတွေ ရှိလို့လေ”

ချန်ကျန့်က ခေါင်းငုံ့ကာ ဂွမ်းတံအသစ်တစ်ခုကို ထပ်ယူရင်း ဆိုသည်။

“ကျွန်တော်တို့က သူတို့ကို နာရီအလိုက် အခန်းငှားပေးထားတာ”

အမှန်တော့ သူသည် ထိုသီးသန့်ခန်းအတွင်း ဖြစ်ပျက်ခဲ့သည့် ကိစ္စကို အလေးအနက် မတွေးချင်ခဲ့ပါ။ ပြန်မပြောချင်သော အနေရခက်သည့် ခံစားချက်မျိုး ရှိနေသောကြောင့် ဖြစ်သည်။ ကိစ္စအတော်များများကို သူ၏ စိတ်အေးအေးထားပြီး မေ့ပျောက်ထားလိုက်လေ့ ရှိသည်။

ခုနက ရှန်ယွီက အတူအိပ်စက်ခြင်းနဲ့ ပတ်သက်ပြီး ပြောလိုက်သည့် အချိန်အထိပေါ့...။ ထိုအခါမှသာ သူသည် လက်တွေ့ဘဝကို ရုတ်တရက် ရင်ဆိုင်လိုက်ရသလို ခံစားလိုက်ရသည်။

“ဘာတွေများ အထဲမှာ လုပ်မှာလဲ … မိတ်ဆက်ပွဲ များလား”

ဘော့စ်က ယောကျ်ားလေးတွေကို ကြိုက်တာပဲ! ပြီးတော့ အတူအိပ်ချင်နေတာ

“သူက ဖန်ဖန်ဆီကို အစီအစဉ်ဇယား ပို့ထားတယ်၊ ကျွန်တော်တို့ဘက်က ပြင်ဆင်ပေးရမှာတွေ ရှိလို့လေ” ချန်ကျန့်၏ ဦးနှောက်မှာ ခေတ္တမျှ ဗလာဖြစ်သွားသည်။

“မင်းကော... အတူ”

...အတူ အိပ်။

သူ စကားကို အချိန်မီ ရပ်လိုက်နိုင်ပြီး၊ ထွက်တော့မည့် စကားလုံးများကို ပြန်မျိုချကာ ချောင်းတစ်ချက် ဟန့်လိုက်သည် ။

“မင်းကော ကြည့်ချင်သေးလား”

“အဲ့ဒီ အမှိုက်တွေကို ဘယ်သူက ကြည့်ချင်မှာလဲ” ရှန်ယွီက နှာခေါင်းရှုံ့ရင်း ဆိုသည်။

“မကြည့်ဘူး။ မင်းပဲ ကြည့်ပြီး အခြေအနေကို ထိန်းလိုက်တော့၊ အရမ်း ဆူညံမနေစေနဲ့။ တကယ်လို့ တခြားဧည့်သည်တွေကို နှောင့်ယှက်မိရင် အဲ့ဒီညမှာတင် သူတို့ကို မောင်းထုတ်ပစ်မယ်”

“ငါးရက်စာ အခန်း ၁၅ ခန်းတောင်နော်” ချန်ကျန့်က သတိပေးလိုက်သည်။

“သူက တစ်ခါတစ်လေမှ လာတာလေ။ တခြားဧည့်သည်တွေကိုတော့ ငါ အငြိုအငြင် မခံနိုင်ဘူး လျူဝူအချို့ကို စိတ်ဆိုးအောင် လုပ်တာကတော့ ပြဿနာ မဟုတ်ပါဘူး”

“ကျွန်တော် သေသေချာချာ စောင့်ကြည့်ပါ့မယ်”

“ဘော့စ်ချန်ကို လူနှစ်ယောက်လွှတ်ပြီး တံခါးဝမှာ စောင့်ခိုင်းလိုက်ဦး”

ငါတို့က တည်းခိုခန်း ဖွင့်တာပါနော်!

“တက္ကသိုလ်ကျောင်းသားတွေက တော်တော်လေးတော့... လိုက်လျောညီထွေ ရှိကြပါတယ်”

ချန်ကျန့်က ဆိုသည်။ ဒီရက်ပိုင်း လျူဝူနှင့် ညှိနှိုင်းဆောင်ရွက်ရသည်မှာ အဆင်ပြေသည်ဟု သူ ခံစားရသောကြောင့် ဖြစ်သည်။

“ငါ့ခြေထောက်က ပြန်ကောင်းတော့မယ် ထင်လား”

ရှန်ယွီက ရုတ်တရက် မေးလိုက်ပြန်သည်။ စကားလမ်းကြောင်းကို မြန်မြန်ဆန်ဆန် ပြောင်းလိုက်သဖြင့် ချန်ကျန့်၏ ဦးနှောက် ပင် လိုက်မမီတော့ချေ။

“ကြည့်ရတာတော့... တော်တော်လေး ကောင်းနေပါပြီ”

သူ ရှန်ယွီ၏ ခြေထောက်ကို ခဏမျှ စိုက်ကြည့်နေမိသည်။

“ဒါပေမဲ့ အတွင်းက အရိုးကော ဘယ်လိုရှိလဲ ဘယ်သူသိမှာလဲ။ အပြင်ပန်း ဒဏ်ရာတွေကတော့ အကုန် ကျက်နေပါပြီ”

“တစ်ချက်လောက် ဖိကြည့်စမ်း” ရှန်ယွီက ဆိုသည်။

ငါ ရူးနေလို့လား။ မလုပ်ရဲပါဘူး ။ ဒဏ်ရာတွေ၊ အပေါက်တွေနဲ့ ခြေထောက်ကိရိယာကြီး တပ်ထားတာကို

ချန်ကျန့် ကြောင်ပြီး ကြည့်နေမိသည်။

“ဗျာ”

“ဖိကြည့်ပါဆို။ နာသေးလားဆိုတာ သိချင်လို့” ရှန်ယွီက ထပ်ပြောသည်။

“...မင်းကိုယ်တိုင်ပဲ ဖိကြည့်ပါလား” ချန်ကျန့်က မေးလိုက်သည်။

ကိုယ်ခန္ဓာက အဲ့ဒီလောက်တောင် မပျော့ပျောင်းတာလား

“ငါ မလုပ်ရဲဘူး ။ လက်မရဲဘူး ဖြစ်နေလို့”

ဒါဆို ကျွန်တော်ကျတော့ လုပ်ရဲတယ်ပေါ့

“ချန်တာဟူကိုပဲ သွားခိုင်းလိုက်ပါလား”

ချန်ကျန့်က ထိုဒဏ်ရာကို မထိရဲဘဲ အနားသတ်များကိုသာ သေချာ ပိုးသတ်ပေးရင်း ဆိုသည်။

“သူကတော့ သေချာပေါက် ‘လုပ်ရဲ’ ပါလိမ့်မယ်။ မင်းရဲ့ ခြေထောက်ကိရိယာကိုပါ ဖြုတ်ပေးနိုင်သေးတယ်”

ရှန်ယွီ ရယ်မောလိုက်သည်။

“သည်းခံလိုက်ပါဦး။ မနေ့က လျူဝူက မှာသွားတယ်၊ အရမ်း မလောပါနဲ့တဲ့။ နောက်လကုန်မှ ဆေးပြန်စစ်ကြည့်လိုက်ပါ၊ အခြေအနေကောင်းရင် စောစော ဖြုတ်လို့ ရနိုင်တာပေါ့”

“ဒါကြီးနဲ့ နေရတာ ငြီးငွေ့နေပြီ” ရှန်ယွီ သက်ပြင်းချလိုက်မိသည်။

သက်ပြင်းမချပါနဲ့ဦး…အောက်ဆီဂျင် နည်းနေလို့ပါ

ပိုးသတ်သည့် အပိုင်းတွင်တော့ ချန်ကျန့်မှာ ကျွမ်းကျင်သူတစ်ဦး ဖြစ်နေပြီဖြစ်ရာ ခဏချင်းပင် ပြီးသွားတော့သည်။ သူသည် သူ၏ မှတ်စုစာအုပ်ကို ကောက်ယူကာ ဆန်းပင်း၏ လေ့ကျင့်ရေး အစီအစဉ်ကို အထဲသို့ ပြန်ထည့်လိုက်သည်။

“ကျောက်ကျဲက ညလယ်စာ လုပ်ထားတယ်၊ စားဦးမလား”

“သူက ဘာလို့ အခုမှ လုပ်နေတာလဲ” ရှန်ယွီက မေးသည်။

“မနက်ဖြန်ကစပြီး ဧည့်သည်တွေ အများကြီး လာတော့မှာလေ၊ ဒီနေ့ လူတိုင်း အလုပ်ရှုပ်နေကြတာဆိုတော့…အဲ့ဒါကြောင့် တစ်ခုခု လုပ်ခိုင်းလိုက်တာပါ”

“မန်နေဂျာကတော့ အမြဲတမ်း အားကိုးရတာပဲ။ ငါ မစားတော့ပါဘူး။ ခဏနေရင် အိပ်တော့မယ်။ ဒီနှစ်ရက် အိပ်ရေးပျက်ထားလို့”

အိပ်စက်ခြင်း။ အိပ်စက် အိပ်စက်။

“အင်း” ချန်ကျန့် ခေါင်းညိတ်ပြပြီး လှည့်ထွက်လာခဲ့သည်။ တံခါးပိတ်ပြီးသည်နှင့် သူ အသက်ကို အောင့်ထားကာ လှေကားထစ်ဆီသို့ အမြန်ပြေးသွားပြီးမှ အသက်ကို ပြင်းပြင်းရှူထုတ်လိုက်တော့သည်။

ရှန်ယွီက ဒီနှစ်ရက်အတွင်း ကောင်းကောင်း မအိပ်ရသေးဘူးတဲ့။ ပြီးတော့ ဒီညလည်း သူ အိပ်မှာ မဟုတ်လောက်ပါဘူး။

“တောက်!”

ချန်ကျန့် တိုးတိုးလေး ဆဲလိုက်မိပြီး၊ ခေါင်းထဲမှာ ပတ်ချာလည်နေတဲ့ အတွေးတွေကို ခါထုတ်ပစ်လိုက်သည်။

ဘယ်သူမှ မအိပ်ကြသေးချေ။ ကျောက်ကျဲက မနက်ဖြန်လာမည့် ဧည့်သည်များအတွက် အခန်းများကို နောက်ဆုံးတစ်ခေါက် ထပ်မံ စစ်ဆေးနေသည်။ ချန်အာဟူတို့ လူစုမှာ ကင်းလှည့်ပြီးနောက် စားသောက်ခန်းထဲတွင် ဟူဖန်နှင့်အတူ မုန့်လုံးရေပေါ် စားရင်း တီဗွီကြည့်နေကြသည်။

“မနက်ဖြန် ရှစ်နာရီမှာ ဧည့်သည်တွေ ရောက်တော့မယ်နော် ။ နားနိုင်တဲ့လူတွေ စောစော နားကြပါ”

“စိတ်လှုပ်ရှားနေလို့ အိပ်မရဘူး” ဟူဖန်က ဆိုသည်။

“ငါ ဒီည ဂျူတီကျတယ်လေ ။ မနက်စောစော ဧည့်သည်တွေကို သွားကြိုပြီးမှပဲ အိပ်တော့မယ်။ အော်... ချန်ကျန့်။ သွားကြည့်လိုက်ပါဦး။ ငါ ရေးထားတဲ့ ဆိုင်းဘုတ်လေး အဆင်ပြေရဲ့လားလို့”

“ကျွန်မ ပြန်လဲလိုက်ပါ့မယ်”

“ဘာဆိုင်းဘုတ်လဲ”

ဆန်းပင်းပြောသော ဆိုင်းဘုတ်ကို သူမသိ။ ချန်ကျန့် ကဖေးဆိုင်ထဲ ဝင်သွားသည့်အခါ ဘော့စ်ဝယ်ထားတဲ့ ထူးဆန်းတဲ့ ပုလင်းပေါ်မှာ ကပ်ထားတဲ့ စာရွက်လေးကို တွေ့လိုက်ရသည်။

အနားကပ်ကြည့်လိုက်သည့်အခါ ချန်အာဟူ၏ လက်ရေးမှန်း သိသာလှသည် ။

မကိုင်ရ! မရွှေ့ရ!

“...ဒါကို ဘာလို့ ရေးထားတာလဲ” ချန်ကျန့်မှာ ဆွံ့အသွားရသည်။

“ဧည့်သည်တွေ မကိုင်မိအောင် သတိပေးတာလေ။ ငါ ခုနက မကြည့်လိုက်တာ၊ အဲ့ဒါက လက်နဲ့လုပ်ထားတာဆိုတော့ တအား ပါးတယ်ဗျ။ တိုက်မိရင် ကွဲသွားမှာပေါ့။ အဲ့ဒီကျရင် လျော်ကြေးကိစ္စနဲ့ အငြင်းပွားနေရဦးမယ်”

ကျိုးကြောင်းပြချက်ကတော့ မှန်ပါသည်။ အကယ်၍ ဤအရာကို ချန်တာဟူအတွက် ပြင်ဆင်ထားခြင်း ဖြစ်ပါက၊ ထိုသူနှင့် မတွေ့ဆုံမီအထိတော့ အကောင်းအတိုင်း ရှိနေရမည် မဟုတ်လား။

ဒါပေမဲ့ အဲ့ဒီစာရွက်လေးကတော့...

“ဝက်ခြံလုံခြုံရေးအဖွဲ့” ရဲ့ လက်ချက်မှန်း တကယ့်ကို သိသာလွန်းလှသည်။

“ဂိုဒေါင်ထဲမှာ အလှ ဆိုင်းဘုတ်ပြားလေးတွေ ရှိပါတယ်။ ကျွန်မ ကတ်ပြားအသေးလေးတစ်ခု ပရင့်ထုတ်လိုက်ပါ့မယ် ‘ကွဲလွယ်ပါသည်၊ ကြည့်ရှုရန်သာ’ ဆိုတာမျိုးပေါ့” ဟု ဖန်ဖန်က ဝင်ပြောသည်။

“ငါ ဒါကို အကြာကြီး ရေးခဲ့ရတာနော်” ချန်အာဟူက ကန့်ကွက်သည်။

“စုတ်တံနဲ့ အသေအချာ ရေးထားတာကို! ဒီအတိုင်း လွှင့်ပစ်တော့မလို့လား”

“ဒါမှမဟုတ် အဲ့ဒီစာရွက်ကို မှန်ဘောင်သွင်းပြီး စတုတ္ထထပ်က ရုံးခန်းနံရံမှာ သွားချိတ်လိုက်လေ။ မင်းရဲ့ စာလုံးအလှရေးနည်းအကြောင်းကို ဘော့စ်ရှန်နဲ့ သွားဆွေးနွေးလိုက်ပေါ့”

ချန်ကျန့် အပြောကို ချန်အာဟူက မတုံ့ပြန် ။

“ကင်းလှည့်ရမယ့် အချိန်ရောက်ပြီ …မန်နေဂျာ ရာထူးနဲ့တော့ သွားယှဉ်လို့ မရဘူးပေါ့လေ...” ဟု ဆိုကာ ထွက်သွားတော့သည် ။

“နားနိုင်တဲ့လူတွေ နားကြပါတော့” ချန်ကျန့် အပေါ်သို့ တက်ရင်း ဆိုလိုက်သည်။

“မနက်ဖြန် အလုပ်တွေ အများကြီးပဲ”

“သိပါပြီ။”

ဟူဖန်တို့ လူစုက ကုလားထိုင်တွေပေါ်မှာ မှီရင်း အသံရှည်ဆွဲ၍ ပြန်ဖြေကြလေသည်။ ဆန်းပင်းက ယနေ့ည ဝန်ထမ်းအိပ်ဆောင်မှာ အိပ်မည် ဖြစ်သည်။ ချန်ကျန့်က သူ့ထက် အရင်ရောက်နှင့်ပြီး၊ သန့်ရှင်းရေးလုပ်ကာ လှဲနေလိုက်သည်။

သူ တကယ်ပင် ပင်ပန်းနေခဲ့ခြင်း ဖြစ်သည်။ ရက်အတော်ကြာ အလုပ်ရှုပ်ခဲ့ရသလို၊ ထူးဆန်းသော ပင်ပန်းနွမ်းနယ်မှုမျိုးလည်း ဖြစ်သည်။

၎င်းမှာ ရှန်ယွီက “မင်းက အလုပ်ကို ကိုင်တွယ်နိုင်တဲ့ အရည်အချင်း ရှိတယ်” ဟု ပြောလိုက်သည့် အခါမှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ရင်ထဲမှာ အမြဲတမ်း ဖိစီးနေတဲ့ အလေးမကြီးတစ်ခုကို ရုတ်တရက် ဖယ်ရှားလိုက်သလိုမျိုး၊ တစ်ကိုယ်လုံး ပျော့ခွေပြီး သက်သောင့်သက်သာရှိလှသော ပင်ပန်းမှုမျိုးပေါ့။

သူ ချက်ချင်းပင် အိပ်မက်ကမ္ဘာထဲသို့ ရောက်ရှိသွားတော့သည်။

သီးသန့်အခန်း။

ရှန်ယွီက သူ့ကို ကြည့်နေသည်။

တအားကို နီးကပ်လွန်းလှသည်။ ရှန်ယွီ၏ မျက်လုံးထဲတွင် ထင်ဟပ်နေသော သူ၏ ပုံရိပ်ကိုပင် မြင်နေရသည်အထိပင်။

...တောက်!

ချန်ကျန့် ဝုန်းခနဲ မျက်လုံးပွင့်လာခဲ့သည်။

“ဘာဖြစ်လို့လဲ”

ဘေးက ဆန်းပင်း၏ လန့်သွားသောအသံ ထွက်ပေါ်လာသည်။

“ဟင်။”

ချန်ကျန့် ကြည့်လိုက်ရာ ဆန်းပင်းက အဝတ်အစားတွေ ကိုင်ပြီး ကုတင်ဘေးမှာ ရပ်နေသည်ကို တွေ့ရသည်၊ သူလည်း တော်တော် လန့်သွားပုံရသည်။

“မင်းက အလောင်းကြီး ထထိုင်သလိုမျိုး လုပ်လိုက်တာကိုး”

ထိုအခါမှသာ ထထိုင်နေမိမှန်း ချန်ကျန့် သတိထားမိတော့သည်။

“...အိပ်မက် မက်လို့ပါ။ ဘယ်နှစ်နာရီ ရှိပြီလဲ”

“တစ်နာရီ ကျော်ပြီလေ” ဟု ဆန်းပင်းက ဖြေသည်။

“ဒီလောက်တောင် နောက်ကျသွားပြီလား” ချန်ကျန့် အံ့သြသွားရသည်။ သူ အပေါ်တက်လာတုန်းက ဆယ်နာရီတောင် မထိုးသေးဘူးလေ။ သုံးစက္ကန့်လောက်ပဲ ကြာတဲ့ အိပ်မက်တစ်ခုက နှစ်နာရီတောင် ကြာသွားတာလား။

“အင်း ။ လူတွေ အကုန် အိပ်ကုန်ကြပြီ”

“မင်းက ဘာလို့ ဒီလောက် နောက်ကျနေတာလဲ” ချန်ကျန့် မေးလိုက်သည်။

“အိမ်ကို ခဏ ပြန်သွားတာပါ။ အမေက ခေါင်းကိုက်တယ်ဆိုလို့ အကိုက်အခဲပျောက်ဆေး သွားပို့ပေးတာ။ မနက်ဖြန် အခန်း ၁၀ ခန်းကျော် ရှိတယ်ဆိုတော့၊ ချန်အာဟူကလည်း မနက်စောစော လူသွားကြိုရမှာဆိုတော့၊ လူအင်အား မလောက်မှာစိုးလို့ အိပ်ဆောင်မှာပဲ လာအိပ်တာ”

ချန်ကျန့် လက်တစ်ဖက်ကို ခေါင်းအောက်ခုလိုက်သည်။

“ဆန်းပင်း…မင်း အရင်က ဒီလိုမျိုး အတည်တကျ အလုပ် မလုပ်ဖူးဘူး မဟုတ်လား”

“အင်း … ငါက မင်းလို အရည်အချင်း မရှိပါဘူး။ ဟိုရောက်လိုက် ဒီရောက်လိုက်နဲ့ပဲ ဖြတ်သန်းခဲ့တာ”

“အခု အလုပ်လုပ်ရတာနဲ့ အရင်က ဘဝနဲ့ ဘယ်ဟာက ပိုပင်ပန်းလဲ”

ချန်ကျန့် ပြုံးလျက် မေးသည်။

“မတူဘူးလေ။ ဟိုရောက်လိုက် ဒီရောက်လိုက် နေရတာကလည်း မလွယ်ပါဘူး” ဆန်းပင်း ခေတ္တစဉ်းစားပြီးမှ -

“အဓိကကတော့ စိုးရိမ်စိတ်ပေါ့။ မင်းကတော့ အမြဲတမ်း အလုပ်ကို ကြိုးစားလုပ်ခဲ့တာဆိုတော့ နားလည်ချင်မှ နားလည်မှာပါ။ ငါ့ရဲ့ စိုးရိမ်စိတ်က... ငါ့ဘဝမှာ ဘာဆက်လုပ်ရမလဲဆိုတာကို မသိတဲ့ ထိတ်လန့်မှုမျိုးပေါ့”

“အမှန်တော့ ငါလည်း...ငါ့ဘဝအကြောင်းကို သေသေချာချာ မစဉ်းစားခဲ့ဖူးပါဘူး”

“အခုတော့ တကယ်ကို ကောင်းပါတယ်။ ပိုက်ဆံ သိပ်အများကြီး မဟုတ်ပေမဲ့၊ အလုပ်ကလည်း သိပ်မပင်ပန်းဘူး၊ ပြီးတော့ စိတ်လည်း မပင်ပန်းဘူးလေ”

“အင်း၊ သွား... ရေသွားချိုးတော့” ချန်ကျန့် ခေါင်းညိတ်ပြလိုက်သည်။

ထိုညတွင် ဆန်းပင်းမှာ အိပ်ပျော်သွားသည်မှာ သစ်တုံးကြီး တစ်တုံးနှယ်ပင်။ ချန်ကျန့်လည်း အိပ်ပျော်သွားခဲ့ပုံ ရပါသည်၊ ဆန်းပင်း၏ ဟောက်သံကို ကြားနေရသော်လည်း မိနစ်အနည်းငယ်လောက်သာ ကြာပြီး မနက်လင်းသွားသလို ခံစားရသောကြောင့် ဖြစ်သည်။

ထို့နောက် ဆန်းပင်း၏ နှိုးဆက်ပေးသံ မြည်လာတော့သည်။

“ဘယ်နှစ်နာရီမှာ ပေးထားတာလဲ”

ချန်ကျန့်က ခေါင်းအုံးနှင့် ခေါင်းကို အုပ်ထားရင်း ညည်းတွားလိုက်သည်။

“ခြောက်နာရီခွဲလေ။ ငါ အရင် ထနှင့်မယ်နော် မန်နေဂျာ”

ဆန်းပင်းက ဆိုကာ ကုတင်ပေါ်က ဆင်းသွားသည်။

“ငါလည်း ထပြီ” ချန်ကျန့် ကိုယ်ကို မတ်လိုက်ပြီး၊ ယနေ့ လုပ်ရမည့် အလုပ်များကို ခေါင်းထဲတွင် ပြန်တွေးကြည့်လိုက်သည် ။ ၎င်းမှာ သူ အမြန်ဆုံး သတိဝင်လာစေသည့် နည်းလမ်းပင် ဖြစ်သည်။

ခုနစ်နာရီထိုး၍ သူ အောက်ဆင်းလာသည့်အခါ လူတိုင်း နိုးနေကြပြီ ဖြစ်သည်။ ကျောက်ကျဲက ဧည့်သည်များအတွက် မနက်စာ ပြင်ဆင်နေသဖြင့် သူမက ပို၍ စောစော ထခဲ့ခြင်း ဖြစ်သည်။ ချန်ကျန့်က အလုပ်များလျှင် ဝန်ထမ်းတွေ အပြင်မှာပဲ စားလိုက်ကြဖို့ ပြောခဲ့သော်လည်း၊ ကျောက်ကျဲကတော့ ပေါက်စီအပူလေးတွေ အများကြီး အဆင်သင့် လုပ်ပေးထားလေသည်။

“မင်္ဂလာနံနက်ခင်းပါ မန်နေဂျာချန်” ဟူဖန်က လက်ထဲတွင် ပေါက်စီတစ်လုံးကို ကိုင်ကာ နှုတ်ဆက်သည်။

“မင်္ဂလာပါ” ချန်ကျန့် ပေါက်စီတစ်လုံးကို ယူကာ ကွန်ပျူတာ မျက်နှာပြင်ပေါ်ရှိ ဘွတ်ကင်များကို ကြည့်လိုက်ရာ စိတ်အေးသွားရသည်။

“ချန်အာဟူက ဧည့်သည်သွားကြိုနေပြီ ။ စောစောလာမယ့် အခန်းနှစ်ခန်းက ရောက်ခါနီးနေပြီ။ သူတို့က တစ်ညလုံး မောင်းလာတာ၊ လမ်းမှားနေလို့တဲ့။ လောင်ဝူက ဆိုင်ကယ်နဲ့ သွားကြိုနေတယ်”

“အင်း” ချန်ကျန့် ခေါင်းညိတ်ပြသည်။

ချန်အာဟူ၏ လူတွေကို ခေါ်ထားမိတာ တကယ်ပဲ မှန်သွားသည်၊ ဒီလို အခြေအနေမျိုးတွေမှာ လူအင်အား လိုအပ်သောကြောင့် ဖြစ်သည်။

ကျောက်ကျဲက လင်ဗန်းတစ်ခု ယူလာသည်။

“ဒါက ဘော့စ်ရှန် အတွက် မနက်စာ။ အပေါ်ကို သယ်သွားပေးပါဦးလား။ သူက ဒီနေ့ အောက်ဆင်းမစားဘူးတဲ့”

“ဘာဖြစ်လို့လဲ” ချန်ကျန့် မျက်တောင်ခတ်ရင်း မေးလိုက်သည်။

“လူတွေကို အနှောင့်အယှက် ဖြစ်မှာစိုးလို့တဲ့…သူက ကူညီတာလည်း မဟုတ်ဘူးလေ၊ သူ ရပ်နေတဲ့ နေရာတိုင်းက အလုပ်ရှုပ်စရာတွေချည်းပဲ ဖြစ်နေတာကိုး”

ဖန်ဖန်က ဝင်ဖြေပေးသည်။

ဒါကတော့ ဘော့စ်ဘဝပေါ့လေ

ချန်ကျန့် လင်ဗန်းကို ယူလိုက်သည်။

“သူ နိုးနေပြီလား”

“နိုးနေတာကြာပြီ ။ ခြောက်နာရီလောက်ကတည်းက တစ်ခါ ဆင်းလာသေးတယ်။ မနက်စာ မပြီးသေးတာ မြင်တော့ ပြန်တက်သွားတာ”

အဲ့ဒီလောက်တောင် ဗိုက်ဆာနေတာလား။

ဓာတ်လှေကားက တတိယထပ်တွင် ရှိနေသဖြင့် သူ ရုံးခန်းထဲမှာ ရှိမှာ မဟုတ်ပါဘူး။ အားကစားခန်းမထဲမှာပဲ ရှိနေမှာပါ။ ဒီမနက်တော့ သူ တော်တော်လေးကို စည်းကမ်းရှိနေပါလား။

ချန်ကျန့် ခန့်မှန်းတာ မှန်ပါသည်။ အားကစားခန်းမထဲတွင် မီးလင်းနေသည်။ သူ တံခါးဝကနေ - “ဘော့စ်ရှန်” ဟု လှမ်းခေါ်လိုက်သည်။

“ဒီမှာ” ရှန်ယွီက အထဲမှ ပြန်ထူးလိုက်ပြီး၊ အလေးတုံး မြေပြင်ပေါ်သို့ ကျသံကိုပါ ကြားလိုက်ရသည်။

ချန်ကျန့် အထဲဝင်လာသည့်အခါတွင် မနေ့က စကားတွေကို ပြန်လည် သတိရနေမိသည်။

“မင်းက...” လင်ဗန်းကို ကိုင်ပြီး ဝင်လာသော ချန်ကျန့်၏ ခြေလှမ်းများမှာ ခေတ္တမျှ တုံ့ဆိုင်းသွားသည်။ “ကျောက်ကျဲက မင်း အပေါ်မှာပဲ စားမယ်ဆိုလို့”

“အင်း”

ရှန်ယွီက ချိုင်းထောက်ကို အားပြုကာ လျှောက်လာသည်။ အားကစားလုပ်နေသဖြင့် စွပ်ကျယ် တစ်ထည်တည်းသာ ဝတ်ထားလေသည်။ ချန်ကျန့် လင်ဗန်းကို ကမ်းပေးလိုက်သည့်အခါမှ သေသေချာချာ မြင်လိုက်ရသည်။ရှန်ယွီ၏ လည်ပင်းဘေးမှနေ၍ ပုခုံး၊ ထို့နောက် လက်မောင်းအထိ အနက်ရောင် မျဉ်းကြောင်းလေး တစ်ကြောင်း ရှိနေသည်ကို တွေ့လိုက်ရသည်။

ရှန်ယွီ လင်ဗန်းကို ယူလိုက်သည်။

“ဒီနေ့တော့ မင်းတို့ဘာသာ အလုပ်လုပ်ကြပါ ။ ငါ့ကို ဂရုမစိုက်နဲ့တော့”

“အင်း။ ဒီလောက် စောစောကြီး မနိုးလည်း ရတာကို”

ချန်ကျန့် အကြည့်ကို အမြန်လွှဲရင်း ပြောလိုက်သည်။

“အိပ်လို့ မရဘူးလေ။ ဒါကြောင့် ဝန်ထမ်းတွေ စိတ်ပျက်နေတဲ့ ဘော့စ်တစ်ယောက်ရဲ့ ဘဝကို စမ်းသပ်ကြည့်နေတာပေါ့”

“ဒီမနက်ပဲ အလုပ်များမှာပါ။ နေ့လယ်လောက်ဆိုရင်တော့ ငြိမ်သွားမှာပါ။ ဧည့်သည်အများစုက ညနေပိုင်းမှ ရောက်ကြမှာမလို့”

“ငါ အပြင်ကို ခဏ လျှောက်လည်ဦးမယ်”

ရှန်ယွီက ပေါက်စီတစ်လုံးကို ယူစားရင်း ဆိုသည်။

“ဘယ်ကိုလဲ” ချန်ကျန့်က အမှတ်မထင် မေးလိုက်မိသည်။

စားနေတုန်း စကားမပြောရ ဟူသော မူဝါဒကြောင့် ရှန်ယွီ ပြန်မဖြေဘဲ သူ့ကို ပြုံးကြည့်နေလေသည်။

သူ ဘယ်သွားသွား မင်းနဲ့ ဘာဆိုင်လို့လဲ မန်နေဂျာရာ။ ဘော့စ်သွားတဲ့ နေရာကို လိုက်စီမံနေလို့မှ မရတာ!

“အခုလို အလုပ်များနေတဲ့ အချိန်မှာ ဘော့စ်က မရှိဘူးဆိုတော့… တစ်ခုခု ဖြစ်လာခဲ့ရင်...”

ချန်ကျန့်က ထပ်ပြောလိုက်သည်။ ရှန်ယွီကတော့ အေးအေးဆေးဆေးပင် ပေါက်စီကို စားနေသည်။

လက်တောင် မဆေးရသေးပါဘူး ။ ကျောက်ကျဲက အလေးတုံးတွေကို အဝတ်စုတ်နဲ့ သုတ်ထားတာကို...။

အနည်းဆုံးတော့ သူ လက်နဲ့ ကိုင်ထားတဲ့ အပိုင်းလေးကိုတော့ မစားဘဲ လင်ဗန်းထဲ ပြန်ထည့်လိုက်သည်။

“မန်နေဂျာ ရှိနေတာပဲ။ ဘာဖြစ်နိုင်မှာလဲ။ အဆိုးဆုံးကတော့ ဧည့်သည်က ပြဿနာရှာရင် မောင်းထုတ်လိုက်ရုံပေါ့”

နာမည်ကောင်းကိုလည်း ငဲ့ဦးလေ ဘော့စ်ရဲ့!

ဖန်ဖန်က သူ့ကို အောက်ထပ်မှာ မနေခိုင်းတာ တကယ်ပဲ မှန်သွားသည်။

“လမ်းသွယ်အတိုင်း ဝင်သွားရင် တောင်ပေါ်တက်တဲ့ လမ်းလေး ရှိတယ် မဟုတ်လား”

ရှန်ယွီက နောက်ထပ် ပေါက်စီတစ်လုံးကို ယူစားပြန်သည်။

“မင်းက တောင်ပေါ်ကို ဝှီးချဲနဲ့ သွားမလို့လား”

ချန်ကျန့် ကြောင်ပြီး ကြည့်နေမိသည်။ ရှန်ယွီ ပြန်မဖြေချေ။ ထို့ကြောင့် ချန်ကျန့်မှာ သူ စားပြီးသည်အထိ ငြိမ်သက်စွာ စောင့်နေရလေသည်။

“အဲ့ဒါက တောင်တက်လမ်းလေ ။ ဝှီးချဲနဲ့ သွားရင် ဘီးတွေ အကုန် ပျက်ကုန်မှာပေါ့”

ကံကောင်းထောက်မစွာဖြင့် ပေါက်စီလေးတွေက သေးငယ်လှသည်။ သူ စားပြီးသည့်အခါမှ ရှန်ယွီက -

“အဲ့ဒါက တောင်တက်လမ်းမှ မဟုတ်တာ။ ကြည့်ရတာ ပြန့်ပြန့်လေးပါ”

“မင်းမှာ သွားဖို့ ခြေထောက် ရှိလို့လား” ချန်ကျန့်က မေးလိုက်မိသည်။

“ဘာတွေ ပြောနေတာလဲ။ ငါ့မှာ အနည်းဆုံး ခြေထောက် တစ်ဖက်ခွဲတော့ ရှိပါသေးတယ်”

ရှန်ယွီက တတိယမြောက် ပေါက်စီကို ယူစားလိုက်ပြန်သည်။

“စကားကို အရင်ဆုံး ဆုံးအောင် ပြောပါဦး ။ မင်းရဲ့ ‘စားနေတုန်း စကားမပြောရ’ ဆိုတာကြီးက အချိန်ကုန်လွန်းလို့”

ချန်ကျန့် မနေနိုင်ဘဲ ပြောလိုက်မိသည်။

ရှန်ယွီ ပြုံးလျက်

“ပြောလေ”

“လမ်းလျှောက်သွားမယ်ဆိုရင်တော့ အဆင်ပြေပါတယ်။ ဒါပေမဲ့ ဝှီးချဲနဲ့ သွားလို့ မှောက်သွားရင် ဘယ်လိုလုပ်မလဲ”

“ငါ လမ်းလျှောက်သွားမှာပါ”

ချန်ကျန့် ဘာမှ ပြန်မပြောတော့ချေ။ ရှန်ယွီသည် တောင်တွေ၊ မြစ်တွေ၊ တောအုပ်တွေကို လျှောက်လည်ချင်နေခဲ့တာပါ။ ဒါပေမဲ့ ခြေထောက်ဒဏ်ရာနဲ့ အလုပ်တွေ များနေတာကြောင့် ရွာကိုပဲ တစ်ခေါက် ရောက်ဖူးသေးတာလေ။

“ရပါတယ်၊ အဝေးကြီး မသွားပါဘူး ။ တကယ်လို့ ငါ အထဲမှာ သေသွားပြီး မင်း ငါ့ကို ရှာမတွေ့မှာ စိုးရင်၊ ဟိုပုလင်းထဲက Tracker ကို ထုတ်ပြီး ငါ့အိတ်ကပ်ထဲ ထည့်ပေးလိုက်လေ”

“ဒါဆိုလည်း သွားတော့ ။ တောထဲကိုတော့ အလွန်အကျွံ မဝင်နဲ့ဦး၊ လမ်းပျောက်တတ်တယ်။ နှစ်တိုင်း အဲ့ဒီထဲမှာ လမ်းပျောက်တဲ့လူတွေ ရှိနေတာ”

“အင်း”

ရှန်ယွီက ပေါက်စီလေးကို ပြရင်း ဆိုသည်။ ချန်ကျန့် သက်ပြင်းချလိုက်မိသည်။

ရှန်ယွီသည် ချိုင်းထောက်ကို အားပြုကာ နောက်ဖေးဝင်း တံခါးမှတစ်ဆင့် လမ်းသွယ်အတိုင်း ထွက်ခွာသွားလေသည်။ ချန်ကျန့် ဧည့်ကြိုကောင်တာသို့ ပြန်ရောက်သည့်အခါ လောင်ဝူက ဆိုင်ကယ်နှင့်အတူ ကားတစ်စီးကို ဦးဆောင်ခေါ်လာသည်ကို တွေ့ရသည်။ လမ်းပျောက်နေသည့် ဧည့်သည် ငါးယောက် မိသားစု ရောက်လာခြင်း ဖြစ်သည်။ သူတို့က လမ်းက သွားရလာရ ခက်ခဲကြောင်းနှင့် လမ်းခွဲနေရာတွေမှာ အမှတ်အသား မရှိကြောင်း မကျေမနပ် ပြောဆိုနေကြသည်။

“မင်းတို့ ဝန်ဆောင်မှုကတော့ ပြန်ပြင်ဖို့ လိုဦးမယ် ။ လမ်းခွဲတွေ ရှိတာကိုတောင် ကြိုမပြောထားဘူး”

ခရီးသွား အဘိုးကြီးက ဆူပြောပြောလာသည်။

“GPS အတိုင်းသာ လိုက်လာရင်တော့ အမှန်ပဲလေ။ ထမင်းစားပြီးကြပြီလား။ အခု စားသောက်ခန်းမှာ မနက်စာ အလကား ကျွေးနေပါတယ်”

ချန်ကျန့် ဝင်ချော့လိုက်သည်။

“GPS ကတော့ အသေပဲလေ၊ လူကမှ အရှင်။ မင်းတို့တွေ... ပြန်ပြင်ကြဦး... ကဲ... ထမင်းပဲ သွားစားကြတာပေါ့”

မနက်စာမှာ အမှန်တော့ မနေ့ညက တည်းခိုသူများအတွက် ဖြစ်သော်လည်း၊ ယခုကဲ့သို့ စိတ်မချမ်းမသာ ဖြစ်နေသော ဧည့်သည်များကို ချော့ရန်အတွက်တော့ အလွန်ပင် အသုံးဝင်လှသည်။

ဆန်းပင်းက ထိုမိသားစုကို စားသောက်ခန်းသို့ ခေါ်ဆောင်သွားသည်။ ဖန်ဖန်က နောက်သို့ လှည့်ကာ ချန်ကျန့်ကို လျှာထုတ်ပြလိုက်သည်။

“တော်တယ်” ချန်ကျန့် ပြုံးပြလိုက်သည်။

ထိုလူစု အပေါ်တက်သွားသည့် အချိန်မှာပင် ချန်အာဟူက နောက်ထပ် ဧည့်သည်တွေ ခေါ်လာပြန်သည်။ လူငယ်အချို့ဖြစ်ပြီး ကားပေါ်က ဆင်းကတည်းက ဖုန်းတွေနဲ့ ဗီဒီယိုတွေ ရိုက်နေကြလေသည်။

ချန်ကျန့် ဘေးသို့ ကပ်ပေးလိုက်သည်။ ဖန်ဖန်က အလုပ်သွက်သူဖြစ်ရာ သူ ကူညီနေဖို့ မလိုပါဘူး။

ထိုလူငယ်အုပ်စုမှာ အခန်းထဲသို့ မသွားကြသေးဘဲ၊ အိတ်များကို ဧည့်ကြိုကောင်တာ ဘေးမှာ ပုံထားခဲ့ကာ ပန်းခြံထဲသို့ ထွက်သွားကြတော့သည်။ ချန်ကျန့် အနားသို့ သွားကာ ထိုအိတ်များကို တစ်ဖက်သို့ သေသေချာချာ ရွှေ့ပေးလိုက်သည်။

“သူတို့အိတ်တွေကို အပေါ် သယ်ပေးလိုက်ရမလား” ဖန်ဖန်က မေးသည်။

“ငါတို့ဆီမှာ အဲ့ဒီ ဝန်ဆောင်မှု မရှိဘူးလေ” ချန်ကျန့်က ပြန်ပြောလိုက်သည်။

“ဒါကတော့ ဘော့စ်ရှန် ပြောမယ့် စကားမျိုးပဲ” ဖန်ဖန်က ရယ်မောရင်း ဆိုသည်။

ချန်ကျန့် တစ်ခုခု ပြန်ပြောရန် ပြင်စဉ်မှာပင် လောင်ဝူ အပြင်ကနေ ပြေးဝင်လာသည် ။

“ချန်ကျန့်။ ဒုက္ခပဲ”

“ဘာဖြစ်လို့လဲ” ချန်ကျန့် လှည့်ကြည့်လိုက်သည်။

“လူနှစ်ယောက် ရောက်နေတယ်။ ချန်တာဟူ ရဲ့ သူငယ်ချင်းတွေလေ။ ပြဿနာရှာဖို့ လာတာ ထင်တယ်”

သူ ပြောနေစဉ်မှာပင် ချန်တာဟူနှင့်အတူ လိုက်လာခဲ့ဖူးသော လူမိုက်နှစ်ယောက်ကို ချန်ကျန့် မြင်လိုက်ရသည်။

ချန်တာဟူ ကိုယ်တိုင် မဟုတ်ဘဲ ဒီလူနှစ်ယောက်တည်းဆိုလျှင်တော့ သူ ဂရုမစိုက်ပါ။ အထူးသဖြင့် ရှန်ယွီ အပြင်ထွက်သွားချိန် ဖြစ်သည့်အတွက် ပြဿနာက ကြီးထွားလာစရာ အကြောင်း မရှိချေ။

ချန်ကျန့် ရှေ့သို့ တိုးသွားပြီး တံခါးဝမှာတင် ထိုသူများကို ပိတ်ဆို့ထားလိုက်သည်။

“ဘာလဲ” လူမိုက်တစ်ယောက်က လှောင်ပြုံးပြုံးလျက်

“မင်းတို့ တည်းခိုခန်းက ဒီလိုပဲ ဧည့်သည်ကို ကြိုဆိုတာလား”

“တာယွင် တည်းခိုခန်းကနေ ကြိုဆိုပါတယ်”

ချန်ကျန့်က မလှုပ်မယှက်ဘဲ ပြန်ပြောလိုက်လေသည်။



Comments

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

2

အခန်း (၂) မိုးမှာ တဖွဲဖွဲတစ်လှည့်၊ သည်းထန်စွာတစ်လှည့် ဆက်လက်ရွာသွန်းနေဆဲ…ဆိုင်တံခါးအပြင်ဘက်ရှိ မိုးကာအမိုးပေါ်တွင် ရေများပြည့်လျှံနေပြီး အချိန်မရွေး ပြိုကျတော့မည့်အလား ။ လျူဝူသည် ထိုအမိုးကို ခေတ္တမျှ စောင့်ကြည့်နေပြီးနောက် လက်ညှိုးထိုးပြကာ မေးမြန်းစူးစမ်းခန်းစသည်။ “အဲ့ဒီဟာက ရေတွေကို အလိုအလျောက် စီးဆင်းအောင် လုပ်ပေးနိုင်တာလား” “ဟုတ်တယ်” ချန်ကျန် ခပ်တိုတိုပဲ ပြန်ဖြေ၏။ “ဟင်” လျူဝူသည် အံ့အားသင့်သွားပြီး “တကယ်ကြီး အလိုအလျောက်လား” ဟု ထပ်မေးသည်။ “အသံနဲ့ ခိုင်းရတာလေ” “ဗျာ” ချန်ကျန့် အဖြေကြောင့် လျူဝူမှာ ပို၍ပင် ဝေခွဲမရဖြစ်သွားတော့သည်။ ရှန်ယွီသည် သက်ပြင်းချရင်း မျက်နှာကို အခြားတစ်ဖက်သို့ လွှဲလိုက်ရ‌တော့၏။ ချန်ကျန် မတ်တတ်ရပ်လိုက်ပြီး တံခါးဘေးရှိ ခွတစ်ခုကို ယူကာ မိုးကာအမိုးအောက်သို့ လမ်းလျှောက်သွားသည်။ ထို့နောက် အမိုး၏ အပေါ်ဘက်ကို နှစ်ချက်ခန့် ဆွလိုက်ရာ စုပုံနေသော မိုးရေများမှာ ဝေါကနဲ စီးကျသွားပြီး မိုးကာအမိုးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ “မင်း ပြောလိုက်တဲ့ ခဏမှာပဲ ရေတွေက စီးဆင်းသွားတာလေ” ချန်ကျန် ပြန်လည်ထိုင်လိုက်ရင်း “အသံနဲ့ ခိုင်းရတာဆိုတာ အဲ့ဒါကို ပြောတာ” ဟု ဆိုသည်။ “အသံနဲ့ ခိုင်းရတယ်ဆို...