အပိုင်း (၈)
သဘောကောင်းသော ဘော့စ်နှင့် ထူးဆန်းသော ကံကြမ္မာတို့ကြောင့် ချန်ကျန့်သည် နှစ်လအတွင်းမှာပင် ယွမ်တစ်သောင်းကျော် ရှာဖွေနိုင်တော့မည် ဖြစ်သည်။ လုပ်ရမည့် အလုပ်တာဝန်များမှာ များပြားလှပြီး အမျိုးအမည် စုံလင်လှသော်လည်း၊ အကယ်၍ ဘော့စ်မှာ ချန်းယွီသာ ဖြစ်နေခဲ့လျှင် အလုပ်မှာ လျော့နည်းသွားမည် မဟုတ်သည့်အပြင် လစာမှာလည်း ယခုထက် များစွာ နည်းပါးနေပေလိမ့်မည်။
ထို့ပြင် အရင်ကဆိုလျှင် လစာပေးချေရန်ပင် အချိန်ဆွဲတတ်သေး၏။
ကျောက်ကျဲသည်လည်း ဤထူးဆန်းသော အခြေအနေကြောင့်ပင် သုံးရက်အတွင်း ယွမ်ထောင်ချီ ရရှိတော့မည် ဖြစ်ရာ၊ ဤသည်မှာ နှစ်အတော်ကြာအတွင်း တစ်ခါမျှ မကြုံဖူးသော အခွင့်အရေးပင်။ အတိအကျ ပြောရလျှင် ချန်ကျန့်၏ အသက်နှစ်ဆယ်တိုင်အောင် ဖြတ်သန်းလာခဲ့သော ဘဝသက်တမ်းတစ်လျှောက်တွင် ဤကဲ့သို့သော အဖြစ်မျိုး တစ်ကြိမ်တစ်ခါမျှ မကြုံတွေ့ခဲ့ဖူးချေ။
ယနေ့တစ်နေ့လုံးမှာမူ တကယ့်ကို ကမောက်ကမနိုင်လှသည်။ နေ့လယ်စာကို နောက်ကျမှ စားခဲ့ကြသောကြောင့်လည်း ဖြစ်နိုင်သည်။ မည်သူမျှ ညစာ မစားရသေးသည်ကို ရှန်ယွီ သတိထားမိသည့် အချိန်တွင် ညစာစားချိန်ပင် ကျော်လွန်သွားခဲ့လေပြီ။ ထိုအချိန်တွင် ရှန်ယွီသည် ရုတ်တရက် အနောက်တိုင်း အစားအစာကိုမှ အသည်းအသန် စားချင်စိတ် ပေါ်ပေါက်လာလေတော့သည်။
ရှန်ယွီသည် အနောက်တိုင်းအစားအစာ စားချင်သည်ဟု ဆိုလာသောအခါ ချန်ကျန့်မှာ ဆွံ့အသွားရလေသည်။ ဤမြို့ငယ်လေးတွင် အနောက်တိုင်းအစားအစာ ဆိုသည်မှာ လွန်စွာ ရှာဖွေရခက်ခဲသော အရာတစ်ခုပင် ဖြစ်သည်။
“ဒီမြို့မှာ အနောက်တိုင်းအစားအစာ ဆိုလို့ Happy Star ဆိုတဲ့ ကြက်ကြော်ဆိုင် တစ်ဆိုင်ပဲ ရှိတယ်”
“ကြက်ကြော်လား” ရှန်ယွီက မျက်မှောင်ကြုတ်လိုက်သည်။
“ငါက စတိတ်ခ် စားချင်တာ”
“အဲ့ဒါဆိုရင်တော့ မင်းကိုယ်မင်း သတ်လိုက်တာကမှ ပိုမြန်ဦးမယ်”
ချန်ကျန့်က အေးအေးဆေးဆေးပင် ပြန်ပြောလိုက်သည်။
“ဒီမြို့မှာ အမဲသားတောင် ရှာရခက်တာ၊ စတိတ်ခ်ဆိုတာကို ဘယ်သူက သိမှာလဲ။ ပါစတာ စားချင်တယ် ဆိုရင်တော့ ခေါက်ဆွဲပြုတ်ထဲကို ဆော့စ်တွေ အများကြီးထည့်ပြီး နယ်ပေးလို့တော့ ရတယ်”
ရှန်ယွီသည် ခေတ္တမျှ ဆွံ့အသွားပြီးနောက် သက်ပြင်းတစ်ချက် ချလိုက်သည်။
“ဒါဆိုလည်း ကြက်ကြော်ပဲ ဝယ်ခဲ့တော့။ အာလူးကြော်တော့ ပါပါစေနော်”
ချန်ကျန့်သည် ဆိုင်ကယ်ကို ထပ်မံနှိုးကာ မှောင်ရီပျိုးစ မြို့ထဲသို့ ထွက်လာခဲ့သည်။ လမ်းတစ်လျှောက်တွင် သူသည် ရှန်ယွီ၏ အပြုအမူများကို ပြန်လည်တွေးတောနေမိသည်။ ရှန်ယွီသည် ပိုက်ဆံကို ရေလိုသုံးနိုင်သော်လည်း ဤမြို့လေး၏ အခြေအနေနှင့် လုံးဝကိုက်ညီမှု မရှိသူတစ်ဦး ဖြစ်သည်။ သို့သော် ထိုအချက်ကပင် ချန်ကျန့်အတွက်တော့ အကျိုးအမြတ် ရစေသည်မှာ ငြင်းမရသော အချက်ပင် ဖြစ်သည်။
သူ ကြက်ကြော်ဆိုင်သို့ ရောက်သောအခါ ဆိုင်တွင် လူအနည်းငယ်ရှိနေသည်။ သူသည် ရှန်ယွီနှင့် လျူဝူအတွက် ကြက်ကြော်အစုံလိုက် တစ်ဗူးနှင့် အာလူးကြော်များကို မှာယူလိုက်သည်။
“ဘာလဲ... မင်းရဲ့ လေဖြတ်နေတဲ့ ဘော့စ်က အနောက်တိုင်းစာတွေ စားချင်နေပြန်ပြီလား”
ဆိုင်ရှင်က ချန်ကျန့်ကို ကြည့်ကာ ပြုံးစိစိဖြင့် မေးသည်။
“သူက လေဖြတ်နေတာ မဟုတ်ပါဘူးဗျာ ။ ခြေထောက်ပဲ နည်းနည်း ထိခိုက်ထားတာပါ”
သူ တည်းခိုခန်းသို့ ပြန်ရောက်လာသောအခါ ဝင်းအတွင်း၌ မီးအချို့ လင်းနေသည်ကို တွေ့ရသည်။ ကျောက်ကျဲသည် ပထမထပ်ရှိ အခန်းများကို သန့်ရှင်းရေး လုပ်နေဆဲ ဖြစ်သည်။ သူမသည် တကယ့်ကို အလုပ်ကြိုးစားသူတစ်ဦးပေ။
ချန်ကျန့်သည် ကြက်ကြော်ထုပ်ကို ကိုင်ကာ အပေါ်ထပ်ရှိ ရှန်ယွီ့အခန်းသို့ တက်လာခဲ့သည်။ အခန်းတံခါးမှာ ဟဟလေး ပွင့်နေပြီး အတွင်းမှ လျူဝူနှင့် ရှန်ယွီတို့၏ စကားပြောသံကို ကြားနေရသည်။
“အစ်ကို... ဒီနေရာမှာ တကယ်ပဲ နေမှာလား”
လျူဝူ၏ အသံမှာ စိုးရိမ်စိတ်များ ပြည့်နှက်နေသည်။
“ငါ့မှာ တခြားသွားစရာ နေရာမှ မရှိတာ”
ရှန်ယွီ၏ အသံမှာ ပုံမှန်ထက် ပို၍ အေးစက်နေသလို ချန်ကျန့် ခံစားလိုက်ရသည်။ ချန်ကျန့်သည် တံခါးကို ခေါက်ကာ အတွင်းသို့ ဝင်လိုက်သည်။
“ကြက်ကြော် ရပါပြီ”
ရှန်ယွီသည် ကုတင်ပေါ်တွင် ထိုင်လျက် စာအုပ်တစ်အုပ်ကို ဖတ်နေသည်။ သူသည် ချန်ကျန့်ကို မော့ကြည့်ကာ “အာလူးကြော်ရော ပါလား” ဟု မေးသည်။
“ပါပါတယ် ဘော့စ်”
ချန်ကျန့်က အစားအသောက်များကို စားပွဲပေါ်သို့ တင်လိုက်ရင်း ဆိုလိုက်သည်။
ညစာစားပြီးသည့်နောက်တွင် ကျောက်ဖန်းဖန်းမှလွဲ၍ ကျန်ရှိသော သူသုံးဦးမှာ လုပ်စရာအလုပ် မရှိတော့ပေ။ ရှန်ယွီသည် အနည်းငယ် ပင်ပန်းနွမ်းနယ်နေဟန်ရှိပြီး သူ၏အခန်းသို့ အရင်ပြန်သွားလေသည်။ ကျောက်ဖန်းဖန်းမှာမူအခန်း ၃၀၇ ကို သန့်ရှင်းရေးလုပ်ကာ အိပ်ရာခင်းများကို အသစ်လဲလှယ်ပေးပြီး ဖြစ်သည်။
ချန်ကျန့်မှာ အိမ်သို့ ပြန်ရန် ပြင်ဆင်နေသည်။ သူသည် ဆိုင်ကယ်သော့ကို ယူကာ ထွက်ခွာရန် အသင့်ဖြစ်နေစဉ်မှာပင်၊ လျူဝူက ဘီယာတစ်ဖာကို လက်တစ်ဖက်ဖြင့် သယ်ဆောင်လာပြီး သူ့ကို တားဆီးလိုက်လေသည်။
“ချန်ကျန့်... မင်း ကတိဖျက်တော့မလို့လား”
“ခဏနေရင် ငါ ပြန်လာခဲ့ပါ့မယ်”
“အဝတ်အစား သွားလဲမလို့လား”
လျူဝူကပါ ဝင်မေးသည်။
“အင်း...”
ချန်ကျန့်က ခေါင်းညိတ်ပြသည်။
“နာရီဝက်ပဲနော်”
လျူဝူက ထပ်လောင်း၍ အတည်ပြုလိုက်လေသည်။
“နားထောင်စမ်း...” ချန်ကျန့်က အပေါ်ထပ်သို့ လက်ညှိုးညွှန်ပြရင်း
“မင်း တကယ်လို့ ကြောက်နေတယ်ဆိုရင် အပေါ်ထပ်ကိုတက်ပြီး မင်းအစ်ကိုနဲ့ ခဏသွားနေလေ။ သူက မင်းကို အခန်းထဲက မောင်းထုတ်လိုက်တယ်ဆိုရင်လည်း ကျောက်ကျဲဆီကို သွားပေါ့။ သူက စကားလည်းများ၊ အသံလည်း ကျယ်တာဆိုတော့ တကယ်လို့ သရဲထွက်လာရင်တောင် မင်းကို ခြောက်ဖို့ အခွင့်အရေး ရမှာမဟုတ်ဘူး။ သူ့နားမှာပဲ ကပ်နေလိုက်”
“အဲ့ဒါက... သိပ်တော့ မဟုတ်သေးဘူး ထင်တယ်”
လျူဝူက တွန့်ဆုတ်စွာဖြင့် ပြန်ပြောသည်။
“မင်း ပြန်လာတာ အရမ်းနောက်ကျသွားရင် သူက အလုပ်ဆင်းသွားလောက်ပြီလေ”
“သူက ဒီနေ့ ညသန်းခေါင်ကျော်တဲ့အထိ အလုပ်လုပ်မှာ။ မဟုတ်ရင် သူ အလုပ်တွေ အကုန်ပြီးအောင် လုပ်နိုင်မှာ မဟုတ်ဘူး”
“အဲ့ဒါက... တကယ့်ကို ပြင်းပြင်းထန်ထန် ရုန်းကန်ရမယ့် ပုံပဲ”
လျူဝူမှာ အံ့အားသင့်သွားရသည်။
“အဲ့ဒါတွေအားလုံးက ပိုက်ဆံအတွက်ပဲလေ ညီလေးရာ”
ချန်ကျန့် ရွှေဇွန်းကိုက်လေးကို ဘဝသင်ခန်းစာ ဆက်မပေးနိုင်တော့ သဖြင့် အပြင်သို့သာ ထွက်လာခဲ့သည်။
ထိုအချိန်တွင် ကောင်းကင်ယံမှာ လုံးဝ မှောင်မည်းနေပြီ ဖြစ်သည်။ မနက်ဖြန်တွင် မိုးရွာနိုင်သောကြောင့်လား မသိ၊ လရောင် ကြယ်ရောင် ကင်းမဲ့လျက်။ မြို့ပြင်သို့ ဆိုင်ကယ်မေ ာင်းထွက်လာသည့် အခါတွင်မူ လမ်းဘေးမီးတိုင်များ မရှိတော့ချေ။ ဆိုင်ကယ်ရှေ့မီးကပဲ သူ၏ ခရီးလမ်းကို အလင်းပေးလျက် ရှိနေ၏။
ချန်ကျန့်သည် ဤကဲ့သို့သော အမှောင်ထုမျိုးကို ကောင်းစွာ ကျင့်သားရနေပြီ ဖြစ်သည်။ ထူးဆန်းသည်မှာ ထိုအမှောင်ထုက သူ့ကို တစ်စုံတစ်ရာမှ ဖုံးကွယ်ပေးထားသကဲ့သို့ ဘေးကင်းလုံခြုံသည်ဟူသော ခံစားချက်မျိုးကို ပေးစွမ်းနေခြင်းပင်။
ရွာအနီးသို့ ချဉ်းကပ်လာသည့်အခါမှသာ မီးရောင်များကို ပြန်လည် မြင်တွေ့ရသဖြင့် ဆိုင်ကယ်အရှိန်ကို လျှော့လိုက်သည်။ ချန်ကျန့် နေအိမ်က ရွာ၏ အစွန်ဆုံးနားရှိ ဝင်းအသေးလေးဖြစ်သည်။ ၎င်းမှာ ရှောင်တုအာ၏ အဖိုးပိုင်ဆိုင်သော အိမ်ဟောင်းတစ်လုံး ဖြစ်သော်လည်း ရှန်ယွီကို သူပြောခဲ့သည့်အတိုင်း အိမ်ငှားခ ပေးစရာမလို။
ရှောင်တုအာမှာ တကယ့် အိမ်မှာ ကျန်ရစ်ခဲ့ရသူ စစ်စစ် ဖြစ်သည်။ သူမ၏ မိဘများမှာ မြို့ပေါ်တွင် အလုပ်လုပ်ကိုင်နေကြပြီး ပြန်မလာသည်မှာ နှစ်နှစ်ရှိပြီ ဖြစ်သည်။ ချန်ကျန့်သည် ထိုအိမ်တွင် နေထိုင်ခြင်းဖြင့် လူကြီးနှစ်ဦးနှင့် ကလေးငယ်တစ်ဦးကိုလည်း တစ်ဖက်တစ်လမ်းမှ ကူညီစောင့်ရှောက်ပေးနိုင်ခဲ့သည်။
“ပြန်လာပြီလား”
ရှောင်တုအာက မီးမလင်းသော ဝင်းအတွင်းရှိ တံခါးခုံပေါ်တွင် ထိုင်လျက် မေးလိုက်သည်။
“အင်း...”
ချန်ကျန့်က ဆိုင်ကယ်ကို ရပ်လိုက်ပြီး လက်ကိုင်တွင် ချိတ်လာသော ပလတ်စတစ်အိတ်ကို ကလေးမအား ကမ်းပေးလိုက်သည်။
“အစပ်ချောင်းတွေ၊ ဒိန်ခဲချောင်းတွေ ပါတယ်၊ ပြီးတော့ မင်းအဘွားအတွက် ဝက်အူချောင်း နှစ်ထုပ်လည်း ပါတယ်”
“အများကြီးပါလား”
ရှောင်တုအာက အိတ်ထဲသို့ အံ့သြတကြီး ငုံ့ကြည့်လိုက်သည်။
“ဒီနေ့ လစာရလို့လေ။ အဘိုးနဲ့ အဘွားကော အိပ်ကုန်ကြပြီလား”
“အဘွားက တီဗွီခဏကြည့်ပြီး အိပ်သွားပြီ ။ အဘိုးကတော့ ဖဲကစားတာ သွားကြည့်နေတယ်”
“ဒီနေ့ မင်းအဘွား အမှိုက်တွေ လိုက်ကောက်သေးလား”
ချန်ကျန့်က အခန်းထဲသို့ ဝင်ကာ မီးဖွင့်လိုက်ပြီး လဲလှယ်ရန် အဝတ်အစားများကို သိမ်းဆည်းရင်း မေးလိုက်သည်။
“မလုပ်ပါဘူး၊ ဝက်စာကျွေးပြီး တီဗွီပဲ ကြည့်နေတာ”
ရှောင်တုအာက အစပ်ချောင်းများကို စားရင်း သူ၏နောက်မှ လိုက်လာသည်။
“မင်းလည်း သွားအိပ်တော့လေ။ ငါ ဒီည သရဲအိမ်မှာ သွားအိပ်ရမှာ။ တံခါးကို သေချာပိတ်ထား၊ ဖုန်းကိုလည်း အားသွင်းထားဦး။ တစ်ခုခုဖြစ်ရင် ငါ့ဆီ ဖုန်းဆက်လိုက်နော်”
“သိပါတယ်၊ အမြဲတမ်း အဲ့ဒီလိုကြီးပဲ လိုက်ပြောမနေပါနဲ့ဦး” ဟု ရွှောင်တုအာက ခေါင်းညိတ်ရင်း ပြန်ပြောသည်။
ချန်ကျန့်သည် ကလေးမလေး၏ ဦးခေါင်းကို အသာအယာ ပုတ်ပေးခဲ့ပြီးနောက် အိမ်ပြင်သို့ ထွက်လာခဲ့သည်။
ကျန့်ရှီးတည်းခိုခန်းသို့ အပြန်လမ်းတွင် ချန်ကျန့် ခေတ္တမျှ တွန့်ဆုတ်သွားမိသည်။ သူသည် ဖြတ်လမ်းမှ မသွားတော့ဘဲ လမ်းမကြီးအတိုင်းသာ မောင်းနှင်ရန် ရွေးချယ်လိုက်သည်။ လမ်းဆုံသို့ ရောက်ရှိချိန်တွင် လမ်းအတွင်းဘက်သို့ လှမ်းကြည့်လိုက်ရာ မည်သူ့ကိုမျှ မတွေ့ရသော်လည်း ချန်အာဟူနှင့် သူ၏လူစု ထိုနေရာတွင် ရှိနေနိုင်သည်ဟု သူ၏ ဆဌမအာရုံက သတိပေးနေသည်။
ထိုလူစုသည် ကျန့်ရှီးသို့ နောက်တစ်ကြိမ် ထပ်မံရောက်ရှိလာမည်မှာ အသေအချာပင်။ လုံခြုံရေးအလုပ် လာလျှောက်ရန်လား သို့မဟုတ် ဒုတိယအကြိမ် ပြဿနာလာရှာရန်လား ဆိုသည်မှာမူ မသေချာချေ။
ချန်ကျန့်သည် ကျန့်ရှီးဝင်းအတွင်းသို့ ဆိုင်ကယ်မောင်းဝင်လာစဉ် အဝေးမှပင် ထိန်ထိန်လင်းနေသော မီးရောင်များကို မြင်တွေ့နေရသည်။
အချို့မီးများမှာ ကျောက်ကျဲက သန့်ရှင်းရေးလုပ်ရင်း ဖွင့်ထားခဲ့ခြင်း ဖြစ်သော်လည်း၊ ပထမထပ် လူသွားလမ်းတစ်ခုလုံးနှင့် ဥယျာဉ်အတွင်းရှိ အလှဆင်မီးများပါ အကုန်လင်းနေခြင်းမှာမူ လျူဝူက သရဲနှင် အစီအမံ ဖြစ်ပေလိမ့်မည်။
ချန်ကျန့် ဧည့်ခန်းမဆောင်အတွင်းသို့ ခြေမချရသေးမီမှာပင် လျူဝူ၏ အသံကို ကြားလိုက်ရသည်။
“ပြန်လာပြီလား!”
“မင်းကတော့ မီတာခတွေ မများမှာကို စိုးရိမ်နေတာလား”
ချန်ကျန့်သည် အထဲသို့ ဝင်လာရင်း မိန်းခလုတ်မှတစ်ဆင့် ဝင်းအတွင်းရှိ မီးများကို ချက်ချင်း ပိတ်ပစ်လိုက်သည်။
“အဲ့လိုဆို အပြင်မှာ ဘာရှိလဲဆိုတာ ငါ မမြင်ရတော့ဘူးပေါ့!”
လျူဝူက ကန့်ကွက်လေသည်။
“တကယ်လို့ အပြင်မှာ တစ်ခုခုရှိနေရင်တောင် မင်းကတော့ ကြောက်လန့်ပြီး သတိလစ်သွားမှာပဲ။ တကယ်လို့ ကြောက်တယ်ဆိုရင်လည်း လိုက်ကာတွေကိုပဲ ပိတ်ထားလိုက်လေ”
လျူဝူသည် သူ၏ ဘီယာတစ်ဝက်ခန့် ကျန်ရှိနေသေးသော ဘီယာသေတ္တာ ကို သယ်လျက် ချန်ကျန့်နောက်မှ လိုက်လာပြီး လိုက်ကာများကို လိုက်လံပိတ်လိုက်သည်။
“မင်းက သရဲနှင်နေတာလား” ချန်ကျန့်က လျူဝူ၏လက်ထဲရှိ ဘီယာသေတ္တာကို ကြည့်ရင်း မေးလိုက်သည်။
“အဲ့ဒါကြီးကို ဘာလို့ တကောက်ကောက် သယ်နေရတာလဲ”
“နည်းနည်းလောက် သောက်မလို့ပါ”
လျူဝူက ဘီယာသေတ္တာကို စားပွဲပေါ်သို့ ဝုန်းခနဲ ချလိုက်ပြီး ပုလင်းတစ်လုံးကို ဖွင့်ကာ ချန်ကျန့်ထံ ကမ်းပေးလိုက်သည်။
“ကောလိပ်ကျောင်းသား ဖြစ်ပြီးတော့ သောက်တတ်စားတတ်တာပဲ၊ မဆိုးဘူး”
ချန်ကျန့်က ပုလင်းကို လှမ်းယူလိုက်သည်။
“မင်း နားမလည်ပါဘူး”
လျူဝူသည် မိမိအတွက် တစ်ပုဒ်ကို ဖွင့်လိုက်ပြီး တစ်ဝက်ခန့်ကို တစ်ကျိုက်တည်းနှင့် မော့ချလိုက်သည်။
“သောက်လိုက်မှ ငါ အိပ်ပျော်မှာလေ။ မနေ့ညက ငါ ဒီမှာ မအိပ်ခဲ့ပေမဲ့ လူသတ်မှုတွေအကြောင်းပဲ တောက်လျှောက် အိမ်မက်မက်နေတာ၊ တကယ်ကို ဆိုးရွားလွန်းတယ်”
“ဒီညတော့ အိပ်ရာထဲ ဆီးမပေါက်မိစေနဲ့ဦးပေါ့”
“မင်းကတော့ တကယ်ကို တုတ်ထိုးအိုးပေါက်တွေ ပြောနေတော့တာပဲ”
လျူဝူက ရယ်မောရင်း လက်ဖက်ရည်စားပွဲဘေးတွင် ထိုင်လိုက်သည်။
“ငါက မင်းအစ်ကိုလောက်တော့ ဘယ်ဟုတ်အုံးမလဲ”
“ငါ့အစ်ကိုက အဲ့ဒီလို စရိုက်မျိုးပဲ။ သူပြောတာတွေကို သိပ်ပြီး စိတ်ထဲမထားပါနဲ့”
လျူဝူက ဘီယာသောက်ရင်း တဟားဟား ရယ်မောကာ ပြောသည်။
“မကြာခင် မင်း ကျင့်သားရသွားမှာပါ”
ကျင့်သားမရနိုင်တဲ့လူဆိုရင်တော့ ခြေထောက်အရိုးအက်တဲ့အထိ ဖြစ်သွားရမှာပေါ့၊ ဟုတ်လား။
ချန်ကျန့်က ပြုံးလိုက်ရင်း ကုတင်ခေါင်းရင်းကို မှီကာ သူ၏ဖုန်းကို ထုတ်၍ ပွတ်နေလေသည်။
“သူက တကယ်တော့ လူကောင်းပါ...”
လျူဝူက ဘီယာပုလင်းကို မြှောက်ကိုင်ရင်း သက်ပြင်းချလိုက်သည်။ ချန်ကျန့်သည် ဖုန်းပေါ်မှ အကြည့်ကို ခွာလိုက်ပြီး လျူဝူကို ကြည့်လိုက်သည်။ အစပိုင်းတွင် လျူဝူမှာ အသောက်အစား တော်လိမ့်မည်ဟု သူ ထင်ခဲ့သော်လည်း၊ အခုတော့ ဘီယာတစ်လုံးတည်းနှင့်ပင် ကောင်လေးမှာ စိတ်ကူးယဉ်ဆန်ကာ ဝမ်းနည်းပက်လက် ဖြစ်နေလေပြီ။
ချန်ကျန့်သည် ရှန်ယွီ၏ အကြောင်းနှင့် ပတ်သက်သော စိတ်ဝင်စားဖွယ်ရာ သတင်းများကို စောင့်မျှော်နေစဉ်မှာပင် လျူဝူက ရုတ်တရက် စကားလမ်းကြောင်း လွှဲလိုက်သည်။
“ဟေး... ချန်ကျန့်၊ ကျောက်ကျဲက ပြောတယ်... မင်းရဲ့ ငယ်ဘဝက တော်တော်လေး ခက်ခဲခဲ့တယ်ဆို”
အခြားသူ၏ အကြောင်းကို စပ်စုရန် ပြင်ဆင်နေစဉ် မိမိဘက်သို့ လှည့်လာသဖြင့် ချန်ကျန့်မှာ အငိုက်မိသွားရလေသည်။ သူသည် ခေတ္တမျှ ကြောင်အသွားပြီးမှ
“ဒါဆို မင်းက အခု ငါ့အကြောင်းကို လိုက်စုံစမ်းနေတာပေါ့ ဟုတ်လား” ဟု မေးလိုက်သည်။
“မဟုတ်ပါဘူး”
လျူဝူက လက်ကို ဝှေ့ယမ်းကာ ငြင်းဆိုသည်။
“အထင်မလွဲပါနဲ့။ ငါက ကြောက်နေလို့ ကျောက်ကျဲဆီ သွားစကားပြောတာပါ။ အဲ့ဒီမှာ သူက မင်းက ဘာကိုမှ မကြောက်တတ်တဲ့အကြောင်း ပြောပြတယ်။ ဆင်းရဲဒုက္ခ ခံခဲ့ရတဲ့ ကလေးတွေက ပိုပြီး သတ္တိရှိတတ်တယ်လို့ သူက ဆိုတာကိုး။ ဒါပေမဲ့ အဲ့ဒါက အမြဲတမ်းတော့ မမှန်ပါဘူးလို့ ငါက ပြန်ပြောလိုက်တယ်။ ငါ့အစ်ကိုဆိုရင် ဘာဆင်းရဲဒုက္ခမှ အထွေအထူး မခံခဲ့ရဘဲနဲ့ အမြဲတမ်း ဘာကိုမှ မကြောက်တတ်တာပဲ။ ငါ့အမေကတော့ ပြောတယ်... သူ့ရဲ့ ဗိုက်ထဲမှာ တခြားအင်္ဂါတွေ ဘာမှမရှိဘူး၊ သည်းခြေအိတ် အကြီးကြီး တစ်ခုပဲ ရှိတာတဲ့။ သူကတော့ သတ္တိခဲကြီးပေါ့ကွာ”
“ဘာတွေလဲဟ”
ချန်ကျန့်မှာ အားရပါးရ ရယ်မောမိသွားသည်။ လျူဝူက သူ၏ ခက်ခဲသော အတိတ်အကြောင်းများကို တိုက်ရိုက် မေးမြန်းလာလျှင် မည်သို့ ဖြေကြားရမည်နည်းဟု သူ တွေးပူနေခဲ့သော်လည်း၊ လျူဝူကမူ ရုတ်တရက် ရယ်စရာကောင်းသော အကြောင်းအရာများဘက်သို့ လမ်းကြောင်း ပြောင်းသွားခဲ့သည်။
နားထောင်ရသည်မှာ အနည်းငယ် ကလေးဆန်သော်လည်း လျူဝူမှာ ပျော်ရွှင်သော မိသားစုအတွင်း ကြီးပြင်းလာသူ ဖြစ်ကြောင်း သိသာလှ၏။ စိတ်ဝင်စားစရာလည်း ကောင်းနေသည်။
လျူဝူမှာ စကားများများ မပြောရန် ရှန်ယွီ၏ သတိပေးခြင်းကို ခံထားရဟန် ရှိသော်လည်း၊ အခုတော့ ဘီယာရှိန်ကြောင့်လား မသိ၊ မိမိအကြောင်းကို မပြောရဟု ရှန်ယွီက တားမြစ်ထားခြင်း မရှိသဖြင့် သူ၏ ငယ်ဘဝအကြောင်းများကို တတွတ်တွတ် ပြောပြနေတော့သည်။
ချန်ကျန့်အတွက်မူ လျူဝူ၏ ဇာတ်ကြောင်းများမှာ ရိုးရှင်းသော်လည်း ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေသည်။ သို့သော် ထိုစကားများကြားမှပင် သူသည် အသုံးဝင်သော သတင်းအချက်အလက်အချို့ကို ရွေးထုတ်နိုင်ခဲ့သည်။ ရှန်ယွီမှာ စံပြနိုင်ငံသားကောင်း တစ်ဦး မဟုတ်သည်မှာတော့ အသေအချာပင်။ သူသည် ရန်ပွဲများတွင် ပါဝင်ခဲ့ဖူးသည်၊ အတန်းပြန်တက်ခဲ့ရဖူးသည်၊ ကောလိပ်လည်း မတက်ခဲ့ဘဲ သူငယ်ချင်းတစ်ဦးနှင့်အတူ စီးပွားရေးလောကထဲသို့ ခြေစုံပစ် ဝင်ရောက်ခဲ့သူ ဖြစ်လေသည်။
လျူဝူသည် ထိုသူငယ်ချင်းအကြောင်း ပြောလာသောအခါ ရုတ်တရက် ဒေါသထွက်လာပြီး
“အဲ့ဒီကောင်က တကယ့်အညစ်အကြေးပဲ! လူလိမ်စစ်စစ်ကြီး! သူသာ မရှိရင် ငါ့အစ်ကိုက...” ဟု ဆိုသည်။
ချန်ကျန့်သည် စိတ်ဝင်တစားဖြင့် နားစွင့်လိုက်ပြီး လျူဝူဘက်သို့ အကြည့်ပို့လိုက်သည်။
သို့သော် သူကြားလိုက်ရသည်မှာ လျူဝူ၏ ဗလုံးဗထွေးနှင့် နားမလည်နိုင်သော ရေရွတ်သံအချို့သာ ဖြစ်ပြီး၊ ထို့နောက်တွင်မူ လျူဝူမှာ ကုတင်ပေါ်သို့ ဘုန်းခနဲ လဲကျကာ အိပ်ပျော်သွားလေတော့သည်။
“နောက်ထပ် တစ်ကြောင်းလောက် ထပ်ပြောလိုက်ရင် မင်းသေသွားမှာမလို့လား”
ချန်ကျန့်က လျူဝူ့ကို ခြေထောက်ဖြင့် အသာအယာ တို့ကြည့်လိုက်သည်။
အမှန်တကယ်ပင် သေလုမတတ် ပင်ပန်းနေပုံရသည်။ အဘယ်ကြောင့်ဆိုသော် လျူဝူသည် ခရီးဝေး မောင်းနှင်လာခဲ့ရခြင်း၊ နှစ်ရက်တိုင်တိုင် ထိတ်လန့်ခြောက်ခြားခဲ့ရခြင်းနှင့် အိပ်ရေးပျက်ခဲ့ခြင်းတို့ကြောင့် ယခုတစ်ကြိမ်တွင်မူ နောက်တစ်နေ့ နံနက် ဆယ်နာရီကျော်သည်အထိ တောက်လျှောက် အိပ်ပျော်သွားခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် သူသည် အိပ်ရာထဲတွင် ဆီးမပေါက်ခဲ့ချေ။
ချန်ကျန့် တံခါးဖွင့်ဝင်လာချိန်တွင် လျူဝူမှာ အိပ်ရာခင်းများကို စစ်ဆေးနေသည်ကို တွေ့ရသည်။
“အိပ်ရာထဲ ဆီးပေါက်ထားလားလို့ စစ်နေတာလား။ မင်းဘောင်းဘီကိုပဲ စမ်းကြည့်ပါလား။ ဒါမှမဟုတ် ဘောင်းဘီချွတ်ပြီး အိပ်ရာခင်းပေါ် တိုက်ရိုက် ပေါက်လိုက်တာလား”
“ငါ့လက်ပတ်ကို ရှာနေတာပါ!”
လျူဝူက သူ၏လက်ကောက်ဝတ်ကို ဝှေ့ယမ်းပြသည်။
“မနေ့ညက မင်း အားပါးတရ စကားတွေပြောနေတုန်း ဖြုတ်ထားခဲ့တာလေ၊ လက်ဖက်ရည်စားပွဲပေါ်မှာ ရှိတယ်။ မင်းအစ်ကိုက မင်းကို မနက်စာ သွားစားဖို့ ပြောနေတယ်။ စားပြီးရင် အမြန်ပြန်တော့။ နောက်ကျသွားရင် မိုးပြန်ရွာလိမ့်မယ်။ တောင်ပေါ်မှာ မိုးက တအားရွာတတ်တာ”
“အော်...” လျူဝူက လိုက်ကာကို ဆွဲဖွင့်ကာ အပြင်သို့ လှမ်းကြည့်လိုက်သည်။ “တိမ်တွေ ပြန်အုံ့နေပြီပဲ”
ယနေ့နံနက်စာမှာ ဆိုင်မှဝယ်လာခြင်း မဟုတ်ဘဲ ကျောက်ကျဲ ကိုယ်တိုင် ပြင်ဆင်ချက်ပြုတ်ထားခြင်း ဖြစ်လေသည်။
သဘောကောင်းသော ဘော့စ်အပေါ် အထင်ကြီးစေရန်အတွက် ချန်ကျန့် မနက်စာ သွားဝယ်ချိန်တွင် ကျောက်ဖန်းဖန်းက သူ့ကို ဈေးမှ လတ်ဆတ်သော ပါဝင်ပစ္စည်းများနှင့် ခေါက်ဆွဲများကို ဝယ်ယူခိုင်းခဲ့သည်။ သူမသည် အမဲသားခေါက်ဆွဲဟင်းရည် တစ်ပွဲကို ချက်ပြုတ်ခဲ့ရာ အရသာမှာ အလွန်ပင် ကောင်းမွန်လှသည်။
ကျောက်ဖန်းဖန်းသည် တစ်ချိန်က ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် ထမင်းဗူးများ ရောင်းချခဲ့ဖူးကြောင်း ချန်ကျန့် သတိရမိသည်။ သာမန်ထမင်းဗူးများသာ ဖြစ်သော်လည်း ယခု သူမ၏ ခေါက်ဆွဲချက်သည့် လက်ရာကို ကြည့်ခြင်းအားဖြင့် သူမ၏ ချက်ပြုတ်နိုင်စွမ်းမှာ မဆိုးလှကြောင်း သိသာသည်။ ထို့ကြောင့် သူမက နေ့လယ်စာနှင့် ညစာ ပြင်ဆင်သည့် တာဝန်ကိုပါ ယူလိုက်ပြီး ချန်ကျန့်အတွက် အစားအသောက် ဝယ်ယူရသည့် ဒုက္ခကို လျှော့ချပေးလိုက်သောအခါ ရှန်ယွီကလည်း ကန့်ကွက်ခြင်း မရှိခဲ့ပေ။
မနက်စာ စားပြီးနောက် ရှန်ယွီသည် လျူဝူကို အမြန်ပြန်ရန် တိုက်တွန်းလေသည်။
လျူဝူသည် ကားပေါ်သို့ တက်လိုက်သော်လည်း ပြတင်းပေါက်မှတစ်ဆင့် ပြန်၍ ခေါင်းပြူထွက်လာကာ
“ငါ ဒီကားကို မောင်းသွားလိုက်ရင် အစ်ကို သုံးဖို့ ကားမရှိတော့ဘူး မဟုတ်လား” ဟု မေးလိုက်သည်။
“ငါ မလိုပါဘူး”
ရှန်ယွီက ဆိုသည်။
“ဒါပေမဲ့ အစ်ကို တစ်နေရာရာ သွားချင်ရင် အဆင်မပြေဖြစ်မှာပေါ့”
“ငါ့ ဝှီးချဲပဲ သုံးမယ်”
“ဒါပေမဲ့...”
လျူဝူက မျက်မှောင်ကြုတ်လျက် ဆိုသည်။
“ဒါဆိုလည်း ကားပေါ်က ဆင်းလိုက်လေ”
ရှန်ယွီက ကားတံခါးကို ဆွဲဖွင့်လိုက်ပြီး
“ကားကို ငါ့အတွက် ထားခဲ့ပြီး မင်းကတော့ လမ်းလျှောက်ပြန်ပေါ့။ အခုချက်ချင်း စလျှောက်ရင် နောက်အပတ်လောက်ဆို ကျောင်းကို အရောက်ပြန်နိုင်မှာပေါ့”
သူတို့နောက်ရှိ ဆိုင်ကယ်ပေါ်တွင် ထိုင်နေသော ချန်ကျန့်မှာ ထိုစကားကို ကြားသောအခါ အားရပါးရ ရယ်မောမိတော့သည်။
လျူဝူသည် ကားတံခါးကို အမြန်ပြန်ပိတ်လိုက်ပြီး
“မဟုတ်တာ၊ မဟုတ်တာ။ ငါပြောတာက အစ်ကို ဘာလို့ ကားတစ်စီးလောက် မဝယ်တာလဲလို့”
“မင်း လစ်လိုက်တော့”
ရှန်ယွီသည် နောက်သို့ တစ်လှမ်းဆုတ်ကာ လက်ဝှေ့ယမ်းပြရင်း “သွားတော့” ဟု မောင်းထုတ်တော့၏။ လျူဝူသည် ပတ်ဝန်းကျင်ကို ပျော်ရွှင်စေနိုင်သော လူစားမျိုး ဖြစ်သည်။ သူ ရှိနေစဉ်က အနှောင့်အယှက် ပေးတတ်သည်ဟု ထင်ရသော်လည်း၊ သူ ထွက်ခွာသွားသည်နှင့် တည်းခိုခန်းတစ်ခုလုံး ရုတ်တရက်ခြောက်ကပ်ငြိမ်သက်သွားရလေသည်။
ချန်ကျန့်သည် လိုက်ကာများနှင့် အိပ်ရာခင်းများကို လျှော်ဖွင့်ရန်အတွက် လူသွားရောက် ဆက်သွယ်နေစဉ် ကျောက်ကျဲကမူ သန့်ရှင်းရေးကို ဆက်လက် လုပ်ဆောင်နေသည်။ အဆောက်အအုံအလွတ်ကြီးအတွင်း သူတို့၏ အလုပ်လုပ်သံများမှာ ပဲ့တင်ထပ်နေပြီး ပတ်ဝန်းကျင်ကို ပို၍ပင် လူသူကင်းမဲ့သယောင် ခံစားရစေသည်။
ဒဏ်ရာ ပြန်လည်သက်သာစေရန်အတွက် ခြေထောက်ကို နေ့စဉ် လှုပ်ရှားပေးရန် ဆရာဝန်က ရှန်ယွီကို အကြံပြုထားသည်။ ထို့ကြောင့် သူသည် ပထမထပ်မှ စတုတ္ထထပ်အထိ ဓာတ်လှေကားစီးကာ တက်လာခဲ့ပြီး၊ နောက်ဆုံးတွင် ချန်းယွီ၏ ရုံးခန်းဟောင်းဖြစ်သော အိပ်ခန်းအတွင်းသို့ ဝင်လိုက်သည်။
ကျောက်ကျဲသည် ဤအခန်းကို သန့်ရှင်းရေး မလုပ်ရသေးချေ။ အဖိုးတန်ပစ္စည်းများကို ထိမိမိမှာ စိုးရိမ်သဖြင့် ရှန်ယွီကို အရင်စစ်ဆေးစေချင်ကြောင်း သူမက ဆိုထားသည်။
အခန်းအတွင်း၌ အဖိုးတန်လှသည်ဟူ၍ များများစားစား မရှိချေ။ အဖိုးအထိုက်ဆုံးမှာ စားပွဲနှင့် ကုလားထိုင်များ ဖြစ်နိုင်ပေသည်။ ရှန်ယွီက ၎င်းတို့ကို ခေါက်ကြည့်လိုက်ရာ နှင်းဆီနီသား အလွှာပါးလေးဖြင့် ကပ်ထားခြင်းသာ ဖြစ်နိုင်သည်ဟု တွေးမိသည်။ ထို့ပြင် အနုပညာဆန်စေရန် အလှပြပုလင်း အများအပြားကိုလည်း ချထားသေးသည်။ ကြည့်ရသည်မှာ အဖိုးတန်ပုံရသော်လည်း ရှန်ယွီက ပုလင်းနှစ်လုံးကို ကောက်ကိုင်ကြည့်လိုက်သည့်အခါ အောက်ခြေတွင် ဈေးနှုန်းတံဆိပ်များကို တွေ့လိုက်ရသည်။
တစ်လုံးမှာ ၃၂၀ ယွမ်ဖြစ်ပြီး၊ ကျန်တစ်လုံးမှာ ၁၇၅ ယွမ်သာ ဖြစ်လေသည်။ အိပ်ခန်းအတွင်း၌လည်း ပစ္စည်းအနည်းငယ်သာ ရှိလေသည်။ အဝတ်လဲခန်းငယ်လေး တစ်ခုပင် ပါရှိသော်လည်း ၎င်းမှာ လုံးဝ ဟောင်းလောင်းဖြစ်နေ၏။ ဤလူသည် တကယ့်ကို ပျင်းစရာကောင်းလှပေသည်။
ရှန်ယွီ အောက်ထပ်သို့ ပြန်ဆင်းရန် ပြင်လိုက်စဉ်မှာပင် ပြတင်းပေါက်အပြင်ဘက်မှ မှန်ကွဲသံအကျယ်ကြီးကို ကြားလိုက်ရသည်။ ထို့နောက်တွင် ကျောက်ဖန်းဖန်း၏ အော်ဟစ်သံများ ထွက်ပေါ်လာပြီး စတုတ္ထထပ် လူသွားလမ်းရှိ အပြန်အလှန်စကားပြောစက်မှတစ်ဆင့် သူမ၏ ထိတ်လန့်တကြား အော်ဟစ်နေသံကို ကြားရသော်လည်း ရှန်ယွီမှာမူ သူမ ဘာပြောနေသည်ကို သေချာစွာ နားမလည်နိုင်ချေ။
သူမ၏ အသံ မည်မျှပင် အားကောင်းနေသည်ကို ကြည့်ခြင်းအားဖြင့် သူမတွင် ဘာဘေးအန္တရာယ်မှ မရှိကြောင်း သိနိုင်ပေသည်။ ထိုမျှနှင့်တင် လုံလောက်ပြီ။ ရှန်ယွီသည် ချိုင်းထောက်ကို အားပြုလျက် လူသွားလမ်းသို့ ခက်ခဲစွာ ထွက်လာချိန်တွင် ကျောက်ဖန်းဖန်းမှာ အပေါ်သို့ အပြေးအလွှား တက်လာလေပြီ။
“ဘော့စ်! ဘော့စ်ရှန်”
“ငါ ဒီမှာ ရှိတယ်... ဒီမှာ”
“ဒုတိယထပ်က ပြတင်းပေါက် မှန်ခွဲခံလိုက်ရပြီ!” ကျောက်ဖန်းဖန်းက အပြင်ဘက်သို့ လက်ညှိုးညွှန်ပြလျက် ဆိုသည်။
“ဒီဘက်ကနေ လှမ်းထုလိုက်တာ!”
“ဘယ်သူလုပ်တာလဲဆိုတာ မင်း မြင်လိုက်လား”
ရှန်ယွီက လူသွားလမ်းရှိ ပြတင်းပေါက်ဆီသို့ လျှောက်သွားသည်။
ကျောက်ဖန်းဖန်းမှာ အလွန်ပင် စိတ်ပူနေပြီး ရှန်ယွီ၏ နှေးကွေးလှသော လှုပ်ရှားမှုကို ကြည့်ကာ ပို၍ပင် စိတ်မရှည် ဖြစ်နေရသည်။ သူမသည် ရှန်ယွီ၏ လက်မောင်းတစ်ဖက်ကို ဆွဲကိုင်ကာ အခြားလက်တစ်ဖက်ဖြင့် သူ၏ ချိုင်းအောက်မှ ပင့်မလျက် ပြတင်းပေါက်ဆီသို့ အတင်းပင် ဆွဲခေါ်သွားတော့သည်။
“စိတ်လည်း တအားမြန်တာပဲ...”
ရှန်ယွီမှာမူ မတတ်သာဘဲ သူမနောက်သို့ ပါသွားရလေတော့သည်။
“မှန်တွေကွဲကုန်ပြီ!” ကျောက်ဖန်းဖန်းက တုန်လှုပ်ခြောက်ခြားစွာ အော်ဟစ်လိုက်သည်။
“ဒီကနေ မှန်ကွဲစတွေကို မြင်ရလား”
“မမြင်ရဘူးဘော့စ် ”
ကျောက်ဖန်းဖန်းက ပြတင်းပေါက်မှတစ်ဆင့် ခေါင်းပြူ၍ ငုံ့ကြည့်သည်။
“ဒါဆို ခွဲတဲ့လူကိုရော မြင်လိုက်လား”
“အစောကြီးကတည်းက ထွက်ပြေးသွားကြပြီလေ ဘော့စ်ရဲ့။ အသံကြားလို့ ကျွန်မ အပြေးအလွှား သွားကြည့်တော့ အပြင်မှာ ဘယ်သူမှ မရှိတော့ဘူး”
“ဒါဆိုရင် ငါ့ကို ဘာလို့ ဒီအထိ အတင်းဆွဲခေါ်လာတာလဲ”
ရှန်ယွီက သက်ပြင်းတစ်ချက် ချလိုက်လေသည်။ ကျောက်ဖန်းဖန်းသည် သူ့ကို ကြည့်ကာ ဘာပြန်ပြောရမှန်း မသိတော့ဟန်ဖြင့် ပေကလက်ပေလက်နှင့် ဖြစ်နေသည်။ နောက်ဆုံးတွင် လက်ကို ဝှေ့ယမ်းပြကာ
“ရှင်ကတော့ တကယ်ပါပဲ... ကျွန်မ ချန်ကျန့်ကိုပဲ ဖုန်းဆက်ခေါ်လိုက်တော့မယ်” ဟု ဆိုကာ အောက်ထပ်သို့ ပြေးဆင်းသွားတော့၏။
အခန်း ၂၀၃ အတွင်း၌ လက်သီးဆုပ်ခန့်ရှိသော ကျောက်ခဲတစ်လုံး ရောက်ရှိနေသည်။ ၎င်းမှာ ဝင်းထရံဘက်သို့ မျက်နှာမူထားသော ပြတင်းပေါက်မှတစ်ဆင့် တိုက်ရိုက် ပစ်ပေါက်ခံထားရခြင်း ဖြစ်ပြီး မှန်ပြင်ပေါ်တွင် အပေါက်ကြီး တစ်ခု ဖြစ်နေလေသည်။ ပြတင်းပေါက်မှန်များကို ကျောက်ခဲဖြင့် ပစ်ပေါက်ခြင်းမှာ အလွန်ပင် ရိုးရှင်းသော နည်းလမ်းဖြစ်ပြီး ဝင်းအပြင်ဘက်တွင်လည်း ကျောက်ခဲများကို အလွယ်တကူ ကောက်ယူနိုင်သည်။ သို့သော် ဤကျောက်ခဲမှာမူ အနည်းငယ် ထူးခြားနေသည်။
၎င်းမှာ အနံ့ရှိနေခြင်းပင်။
ချန်ကျန့်က ထိုကျောက်ခဲကို အနံ့ခံကြည့်လိုက်ရာ ဘေးတွင် ရပ်နေသော ရှန်ယွီက မဲ့ကာရွဲ့ကာဖြင့် အသံထွက်လာသည်။ ချန်ကျန့်က သူ့ဘက်သို့ လှည့်ကြည့်ကာ “ဘာဖြစ်လို့လဲ” ဟု မေးလိုက်၏။
“မင်း ဗိုက်ဆာနေရင် ကျောက်ကျဲကို ခေါက်ဆွဲတစ်ပွဲလောက် ချက်ခိုင်းလိုက်ပါလား”
ရှန်ယွီအပြောတစ်ပေါက်ကို ချန်ကျန့်က အရေးမစိုက်။ သူ့ တွေ့ရှိချက်ကိုသာ ပြန်ပြောသည်။
“ဒါ ချန်အာဟူနဲ့ သူ့လူတွေ လက်ချက်ပဲ”
“ဒီလောက်ကတော့ အနံ့ခံမကြည့်ဘဲနဲ့လည်း ငါ သိပါတယ်။ ဒါနဲ့ မင်းက ဘာဖြစ်လို့ အနံ့ခံကြည့်နေရတာလဲ”
“သေချာအောင်လို့လေ။ ဒီမြို့မှာ ချန်အာဟူတစ်ယောက်တည်း ရှိတာမှ မဟုတ်တာ။ မင်းကို ဖြစ်ဖြစ်၊ ဒီတည်းခိုခန်းကို ဖြစ်ဖြစ် မကြည်တဲ့လူ နောက်တစ်ယောက်ယောက် ရှိနေနိုင်တာပဲလေ”
မင်းရဲ့ ပါးစပ်က မင်းထက်တောင် ပိုပြီး ပြဿနာရှာတတ်သေးတာပဲ ဟုလည်း ချန်ကျန့်စိတ်ထဲမှ လည်း ကြိတ်၍ တစ်ဖြတ်ဝေဖန်လိုက်၏။
“ဒါနဲ့ မင်းက ဘယ်လိုလုပ်ပြီး အတည်ပြုနိုင်တာလဲ”
ရှန်ယွီက စိတ်ဝင်တစား မေးလာသည်။
“ဒီကျောက်ခဲက ဝက်ခြံထဲက ကျောက်ခဲပဲ။ ဝက်ချေးနံ့တွေ ရနေတယ်”
“ချန်အာဟူက ဝက်ခြံထဲမှာ နေတာလား”
ရှန်ယွီက မျက်မှောင်ကြုတ်လိုက်၏။
“အဲ့ဒီလိုတော့ မဟုတ်ဘူး၊ ဒါပေမဲ့ သူတို့က အဲ့ဒီနားမှာ လူစုတတ်ကြတယ်။ အဲ့ဒီလမ်းက လူသွားလူလာလည်း သိပ်မရှိဘူးလေ”
ချန်ကျန့်က ထိုကျောက်ခဲကို ပေါက်ပြဲနေသော မှန်ပေါက်မှတစ်ဆင့် အပြင်သို့ ပြန်လည် ပစ်ထုတ်လိုက်သည်။
“သူတို့ နောက်တစ်ခါ ထပ်လာဦးမှာပဲ”
ရှန်ယွီက ပေါက်ပြဲနေသော မှန်ပေါက်ကို ကြည့်ကာ
“ပစ်မှတ်ကတော့ တော်တော်မှန်သားပဲ” ဟု ဆိုသည်။
“ကျွန်တော်တို့ ဘာလုပ်ကြမလဲ”
ချန်ကျန့်က ဘော့စ်၏ အမြင်ကို သိလိုသဖြင့် မေးမြန်းလိုက်သည်။
“ပြတင်းပေါက်တွေ အကုန် ဖွင့်ထားလိုက်”
“ဗျာ” ချန်ကျန့်မှာ အံ့အားသင့်သွားရသည်။
“ဖွင့်ထားရင် ပစ်စရာ မရှိတော့ဘူးပေါ့။ မှန်ဖိုးလည်း သက်သာတာပေါ့။ အထဲမှာလည်း စိုးရိမ်စရာ အဖိုးတန်တာ ဘာမှမရှိဘူး။ တကယ်လို့ သူတို့က နံရံကိုတောင် ပေါက်ထွက်အောင် ပစ်နိုင်တဲ့ ခွန်အားမျိုး ရှိတယ်ဆိုရင်တော့ ငါကိုယ်တိုင် သူတို့ကို လိုက်ရှာပြီး စာချုပ်ချုပ်ခိုင်းရမယ်”
“လုံခြုံရေး စာချုပ်လား”
“ဖျော်ဖြေရေး စာချုပ်ပါ။ အိုင်ဒေါလ်လုပ်ခိုင်းကြမယ်လေ…”
ရှန်ယွီ ထပ်ရွဲ့သည်။သို့သော် ရှန်ယွီမှာ သတိကြီးသူတစ်ဦး ဖြစ်သည့်အတွက် ပြတင်းပေါက်များကို ဖွင့်ပြီးနောက် ချန်ကျန့်ကို ဝင်းအပြင်သို့ ထွက်ခိုင်းကာ ကျောက်ခဲဖြင့် အတွင်းသို့ လှမ်းပစ်ခိုင်းပြီး စမ်းသပ်ကြည့်သည်။ ကျောက်ခဲမှာ လူသွားလမ်းပေါ်သို့ တိုက်ရိုက် ကျရောက်သွားလေသည်။
“မင်းက အခွင့်ကောင်းယူပြီး ငါ့ကို လက်စားချေနေတာလား”
ရှန်ယွီက ပြတင်းပေါက်ဘေးတွင် ရပ်လျက် အောက်ရှိ ချန်ကျန့်ကို ငုံ့ကြည့်ကာ မေးသည်။
“ကျွန်တော် အားကုန်တောင် မသုံးရသေးပါဘူး” ချန်ကျန့်က ပြန်ပက်သည်။
“ဘေးကင်းအောင်လို့ လိုက်ကာတွေကိုပဲ ချထားလိုက်ရအောင်။ အဲ့ဒီလိုက်ကာတွေက ကျောက်ခဲတွေကို ဖမ်းပေးလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဲ့ဒါတွေကို လျှော်ဖို့ ပို့ရဦးမှာပဲလေ”
ရှန်ယွီအမျှော်အမြင်နှင့် လမ်းညွှန်ချက်အတိုင်း ပြတင်းပေါက်အားလုံးကို ဖွင့်ထားသော်လည်း လိုက်ကာအားလုံးကိုမူ ပိတ်ချထားလိုက်ကြသည်။ ချန်အာဟူနှင့် သူ၏လူစု နောက်တစ်ခါ မည်သည့်အချိန်တွင် လာဦးမည်ကိုမူ မည်သူမျှ မသိနိုင်ချေ။ သို့သော် ညစာစားပြီးသည့်တိုင် ရှန်ယွီမှာမူ စားသောက်ခန်းအတွင်း၌ တစ်စုံတစ်ခုကို စောင့်မျှော်နေသကဲ့သို့ သို့မဟုတ် ငေးမှိုင်နေသကဲ့သို့ စိတ်ရှည်လက်ရှည် ထိုင်နေလေသည်။
အလုပ်ချိန် ကျော်လွန်သွားပြီ ဖြစ်သဖြင့် ချန်ကျန့်မှာ အိမ်ပြန်နိုင်ပြီ ဖြစ်သော်လည်း သူသည် “လက်ထောက်” တာဝန်ကိုပါ ယူထားရသူဖြစ်ရာ ရှန်ယွီ အိပ်ရာဝင်သည်အထိ စောင့်ဆိုင်းပေးရန် ဆုံးဖြတ်လိုက်သည်။
လုပ်စရာ အထွေအထူး မရှိသဖြင့် သူသည် ဝင်းအတွင်းသို့ လှည့်ပတ်ကြည့်ရှုရန် ဘေးတံခါးကို ဖွင့်လိုက်သည်။
“ဘယ်သွားမလို့လဲ”
ရှန်ယွီက သူ့ကို လှမ်းမေးသည်။
“အပြင်မှာ လမ်းခဏ လျှောက်မလို့ပါ။ သံသယဖြစ်စရာ လူရှိမရှိ သတိထားကြည့်ရအောင်လို့”
“မသွားနဲ့။ မင်းကို မြင်ရင် သူတို့ လာမှာ မဟုတ်တော့ဘူး”
“နေပါဦး... ဘာဖြစ်လို့လဲ”
ချန်ကျန့်မှာ ဇဝေဇဝါ ဖြစ်သွားရသည်။
“မင်းက သူတို့ကို လာစေချင်တာလား”
“ဒါကို ဖြေရှင်းဖို့ လိုတယ်လေ”
“ဘယ်လိုနည်းနဲ့လဲ”
ချန်ကျန့်သည် ချက်ချင်းပင် သတိထားလိုက်မိသည်။ ရှန်ယွီမှာ တိုက်ခိုက်ရေး ကျွမ်းကျင်သည်ဟု ဆိုစေဦးတော့၊ သူတို့နှစ်ဦးပေါင်းမှ ခြေထောက် သုံးဖက်သာ ရှိသဖြင့် လူတစ်ယောက်ခွဲစာ အားသာ ရှိသည်။ ချန်အာဟူ၏ လူစုမှာမူ လူဦးရေအရ ခြေထောက် များစွာ ပိုရှိပေသည်။
“သူတို့ကို ပစ်ခိုင်းလိုက်လေ”
ချန်ကျန့်သည် ခဏမျှ စောင့်ဆိုင်းကြည့်သော်လည်း ရှန်ယွီက ဘာမှ ထပ်မပြောသဖြင့်
“ဒါဆို အဲ့ဒီနောက်ကော ဘာဆက်လုပ်မလဲ။ သူတို့ ပစ်ပြီးသွားရင် ကျွန်တော်က ကျေးဇူးတင်လွှာ လိုက်ပို့ပေးရမှာလား” ဟု မေးလိုက်သည်။
“ပြီးတာနဲ့ မင်း ချန်အာဟူဆီ ဖုန်းဆက်လိုက်။ ခြေထောက်မသန်တဲ့ ဘော့စ်က ဒီနေရာက တကယ်ပဲ အန္တရာယ်ရှိတယ်လို့ ထင်နေတာကြောင့် သူတို့နဲ့ လုံခြုံရေးကိစ္စ ဆွေးနွေးချင်တယ်လို့ ပြောလိုက်”
ချန်ကျန့်သည် ချက်ချင်း ပြန်မဖြေဘဲ ခေတ္တမျှ စဉ်းစားလိုက်သည်။
“သူတို့ တကယ် လာပါ့မလား”
“စမ်းကြည့်ရမှာပေါ့။ တခြားနည်းလမ်းမှ မရှိတာ။ တကယ်လို့ ငါက သူတို့ကို ရိုက်နှက်ပေးပြီး အညံ့ခံခိုင်းချင်တယ် ဆိုရင်တောင် ငါ့ခြေထောက်က ကိရိယာတွေ ဖြုတ်ဖို့ နောက်ထပ် နှစ်လလောက် စောင့်ရဦးမှာလေ”
“မဟုတ်တာ၊ မလုပ်ပါနဲ့….မလုပ်ပါနဲ့”
ချန်ကျန့်က ကျိုးနေတာတောင် လက်စွမ်းပြချင်နေသော ဘော့စ်ကို အမြန်ပင် တားမြစ်လိုက်ရသည်။
“ရန်ပွဲတွေ မလုပ်ပါနဲ့။ တကယ်လို့ သူတို့ ဒီည ရောက်မလာဘူးဆိုရင်လည်း ကျွန်တော်ကိုယ်တိုင် အပြင်ထွက်ပြီး ကျောက်ခဲတွေနဲ့ လိုက်ပစ်ပေးပါ့မယ်။ ပြီးရင် မနက်ဖြန်ကျမှ သူတို့ကို ဖုန်းဆက်လိုက်မယ်လေ”
______________________________________________________________________
NEXT
Comments
Post a Comment