အခန်း (၁၀) - အခန်းအားလုံး အခမဲ့ပါ
ရှမင်းရှီး ဖုန်းဆက်လာချိန်တွင် ယွီနျန့်မှာ အကသင်တန်း တက်ပြီးခါစပင် ရှိသေးသည်။ သူသည် ဖုန်းဖြေလိုက်ပြီး နဖူးမှချွေးများကို သုတ်ရင်း "မိန်းရှီး" ဟု ခေါ်လိုက်၏။
ရှမင်းရှီးမှာ ထူးဆန်းစွာ စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားသည်။ ယွီနျန့်က ဘာဖြစ်လို့လဲဟု မေးရန်ပြင်စဉ်မှာပင် ရှမင်းရှီး၏ အားနည်းလှသော အသံလေး ထွက်ပေါ်လာသည် ။
"နျန့်နျန့်...... ငါ မင်းကို အနှောင့်အယှက် ပေးမိသွားလားဟင်"
ယွီနျန့်မှာ ဝေခွဲမရဖြစ်သွားပြီး
"ငါ အတန်းပြီးရုံတင် ရှိသေးတာပါ၊ ဘာဖြစ်လို့လဲ" ဟု ပြန်မေးလိုက်၏။
ရှမင်းရှီးမှာ ခေတ္တမျှ ထပ်မံတိတ်ဆိတ်သွားပြီးမှ တစ်ဆက်တည်း အလောတကြီး ပြောချလိုက်တော့သည်။
"ဟား... သောက်ကျိုးနည်း၊ ငါက မင်းကို... အား... မင်းက အရမ်းအသက်ရှူ မမှန်ဖြစ်နေတော့ ငါက တစ်လွဲတွေ လျှောက်တွေးမိသွားတာပါကွာ ဆောရီး ဆောရီး!"
ယွီနျန့်မှာ ခဏကြာမှ သဘောပေါက်သွားပြီး ရယ်မောကာ ဆူပူလိုက်တော့သည်။
"ရှမင်းရှီး... မင်းခေါင်းထဲမှာ ဘယ်လို ညစ်ညမ်းတဲ့ အမှိုက်တွေ ပြည့်နေတာလဲ။ ငါ အခုတင် ကကွက်တွေ လေ့ကျင့်ထားလို့ မောနေတာကွ! ကနေတာ!"
ရှမင်းရှီးမှာ အကြိမ်အနည်းငယ် ချောင်းဟန့်လိုက်ပြီး
"ဒါက တကယ်ကို ရှက်စရာ ကောင်းတာပဲ။ ဒီအကြောင်းကို ဒီမှာတင် ရပ်လိုက်ရအောင်" ဟု ဆိုကာ စကားလမ်းကြောင်းကို အမြန်လွှဲလိုက်သည် ။
"နျန့်နျန့်... မင်း ဒီသီချင်းတွေကို ဘယ်ကရတာလဲ။ မင်းအရင်ကပေးထားတဲ့ သီချင်းတွေကို ငါ့ရဲ့အသံနည်းပြဆီ ပြကြည့်တာလေ။ သူက ပြောတယ်... ဒီသီချင်းတွေအားလုံးက တကယ်ကို အရမ်း... အရမ်းကောင်းတာပဲတဲ့! ဆိုရတာလည်း မခက်သလို ငါနဲ့လည်း အရမ်းလိုက်ဖက်တယ်။ စင်ပေါ်မှာဆိုရင်လည်း တကယ်ကို အကျိုးသက်ရောက်မှု ရှိမှာပဲတဲ့!"
ယွီနျန့်က လက်ထဲတွင် အဖြူရောင်သုတ်ပုဝါကို ကိုင်ထားရင်း ပြုံးလျက်
"အဆင်ပြေတယ်ဆိုရင်တော့ ကောင်းတာပေါ့။ ဒီသီချင်းတွေရဲ့ စာသားနဲ့ တေးရေးဆရာက ကျွန်တော့်ရဲ့,,,"
သူက ခေတ္တမျှ တန့်သွားပြီးမှ ဆက်ပြောသည်။
"ကျွန်တော် အရမ်းသဘောကျရတဲ့ ဆရာမ ရှန့်လင်းယီ ရဲ့ လက်ရာတွေပါ။"
ရှမင်းရှီးမှာ ကြားထဲက စကားတန့်သွားသည်ကို သတိမထားမိဘဲ
"ဟုတ်တယ်... ဟုတ်တယ်။ ငါ့ဆရာမကလည်း ငါ့ကို ဗဟုသုတအဖြစ် ပြောပြတယ်။ ဆရာမ ရှန့်လင်းယီက ဆယ်စုနှစ်ပေါင်းများစွာ နာမည်ကြီးခဲ့တဲ့ နိုင်ငံတော်အဆင့် ရတနာတစ်ပါးလို တေးရေးဆရာကြီးတဲ့။ ငါအခုမှ သတိထားမိတာ... ငါနားထောင်ဖူးတဲ့ သီချင်းအတော်များများက ဆရာမရှန့် ရေးခဲ့တာပဲ။ ပြီးတော့ နင်တာ တက္ကသိုလ်ရဲ့ ကျောင်းသီချင်းလည်း ပါတယ်နော်!"
ယွီနျန့်မှာ စက္ကန့်အနည်းငယ်မျှ မှင်သက်သွားပြီးမှ အမြန်ပဲ ပြန်ပြုံးလိုက်ကာ
"အင်း... အစ်ကိုမုန့်နဲ့ ပထမဆုံး ဆုံတုန်းက သူက ကျွန်တော့်ကို သီချင်းတစ်ပုဒ် ဆိုပြခိုင်းလို့ နင်တာတက္ကသိုလ်ရဲ့ ကျောင်းသီချင်းကိုပဲ ဆိုပြခဲ့တာ။"
"ဟားဟားဟား"
ရှမင်းရှီးက အားရပါးရ ရယ်မောလိုက်ပြီး
"ယွီနျန့်၊ မင်းကတော့ တကယ့်ပါရမီရှင်ပဲ! ကျောင်းသီချင်းကို ဆိုပြတယ်ဆိုတော့ မထူးဆန်းဘူးလား။ မင်းရဲ့အေးဂျင့်လည်း တော်တော်လေး လန့်သွားမှာ သေချာတယ်!"
သူက ရယ်မောပြီးနောက် စကားလမ်းကြောင်းပြန်တည့်လိုက်သည်။
"ဒါနဲ့ မင်းရော သီချင်းရွေးပြီးပြီလား"
"ရွေးပြီးပြီ၊ ယွီချင်းရဲ့ “ကြယ်စင်ဝေးဝေး”ကို ဆိုမယ်"
ရှမင်းရှီးမှာ အံ့အားသင့်သွားရသည်။
"ဘုရားရေ! မင်းက ဘာလို့ ဒီလောက်တောင် ဇွတ်တရွတ်နိုင်ရတာလဲ။ ဒီသီချင်းက အရမ်းနာမည်ကြီးသလို ဆိုရတာလည်း တကယ်ခက်တာနော်! တကယ်လို့ တစ်ခုခုမှားသွားရင်တော့ မင်း လှောင်ပြောင်တာခံရပြီး သေသွားနိုင်တယ်။ ဒါနဲ့ မင်းက ဘာလို့ ယွီချင်းရဲ့ သီချင်းကိုပဲ အမြဲရွေးနေရတာလဲ"
"သူ့သီချင်းတွေရဲ့ စာသားနဲ့ ဂီတက ကျွန်တော့်အတွက် ရင်းနှီးနေလို့ပါ"
ယွီနျန့်က ယုံကြည်ချက်အပြည့်ရှိနေဆဲပင်
"စာသားတွေကိုသာ အတတ်နိုင်ဆုံး မှတ်မိအောင် လုပ်နိုင်ရင်တော့ ခံစားချက်ပါအောင် ဆိုနိုင်မှာပါ"
ရှမင်းရှီးက ယွီနျန့်အရင်က ပြောခဲ့ဖူးသည့် "ငါ့အသက်ကို စာသားပြစက်က ကယ်တင်ခဲ့တာပဲ" ဆိုသည့် စကားကို ပြန်သတိရသွားပြီး ထပ်မံ၍ အားရပါးရ ရယ်မောပါတော့သည်။
.........
ဒုတိယအဆင့်အတွက် အချိန်နီးကပ်လာပြီဖြစ်သည်။ ယွီနျန့်က ထုံးစံအတိုင်း စတူဒီယိုကို အစောဆုံးရောက်နေသူဖြစ်သော်လည်း ဆယ်မိနစ်အတွင်းမှာပင် ရှမင်းရှီးက ဦးထုပ်လေးဆောင်းကာ အပြေးအလွှား ရောက်ရှိလာ၏။
"အံ့ဩသွားလား မင်း အစောကြီးရောက်နေမယ်ဆိုတာ ငါကြိုသိနေတာကြောင့် မင်းနဲ့အတူ ဆော့ဖို့ ငါလည်း စောစောလာလိုက်တာလေ!"
ယွီနျန့်က သူ့လက်ထဲက လတ်လတ်ဆတ်ဆတ် ညှစ်ထားသည့် ဖျော်ရည်နှစ်ခွက်ကို ရှမင်းရှီးနှင့် ဝေမျှလိုက်ပြီး စိတ်အခြေအနေလည်း အတော်လေး ကောင်းမွန်နေသည်။
"မနက်စာရော စားခဲ့ပြီလား"
ရှမင်းရှီးက ခေါင်းခါပြလိုက်ပြီး လက်ထဲက ဖျော်ရည်ပုလင်းကို လှုပ်ယမ်းပြသည်။
"ဒါတစ်ပုလင်းဆို လုံလောက်ပါပြီ။ ငါ့အေးဂျင့်က ငါဝလာမှာကို စိုးရိမ်နေတာလေ"
ထိုအချိန်တွင် ဟဲချိုးပိုင် ရောက်လာပြီး ယွီနျန့်နှင့် ရှမင်းရှီးတို့၏ ပုခုံးကို ပုတ်ကာ
"မင်းတို့ကို မြင်ရတာ Hot Search တွေကို မြင်နေရသလိုပဲဟေ့!" ဟု ဆိုလာ၏။
သူသည် သတင်းကောင်းများကြောင့် စိတ်ဓာတ်တက်ကြွနေပုံရသည်။
"ငါပြောပြမယ်၊ ရှိုးမစခင်တုန်းက မီဒီယာလောကက လူကြီးတွေအားလုံးက ငါတို့ကို ကဲ့ရဲ့နေကြတာ။ 'သဘာဝတရား၏ အသံ' ဒုတိယရာသီက ပထမရာသီလောက် မကောင်းနိုင်ဘူး။ ဘယ်လောက်ပဲကောင်းကောင်း လူကြိုက်များမှာ မဟုတ်ဘူးဆိုပြီးတော့ပေါ့။ ဟား ဟား အခုတော့ သူတို့အားလုံး အရှက်ကွဲကုန်ပြီ။ ဒါကြောင့် ငါ့စိတ်အခြေအနေက တကယ်ကို ကောင်းနေတာ! ကြိုးစားကြစမ်းပါ ညီလေးတို့ရာ… ဒီရှိုးအတွက် Hot Search တွေ အများကြီး ထပ်ရအောင် လုပ်ပြလိုက်စမ်းပါ!"
ယွီနျန့်က စပ်စုချင်စိတ်ဖြင့် "ဒါရိုက်တာဟဲ၊ ဒီအပိုင်းမှာ အစားထိုးဝင်မယ့် အဆိုတော်က ဘယ်သူလဲဟင်" ဟု မေးလိုက်သည် ။
ရိုက်ကူးရေးက စတော့မည်ဖြစ်၍ ဟဲချိုးပိုင်ကလည်း ဖုံးကွယ်မထားတော့ဘဲ
"စီမံခန့်ခွဲရေးဌာနက ထည့်ပေးလိုက်တာလေ။ နာမည်ကြီးအောင်လုပ်ဖို့ သက်သက်ပဲ။ နောက်တစ်ဆင့်အထိတော့ တက်နိုင်မှာ မဟုတ်ပါဘူး" ဟု ဆို၏ ။
ရှမင်းရှီးက သူ့ရင်ဘတ်ကို ပုတ်လိုက်ပြီး အသက်ကို ဝဝရှူလိုက်ရင်း
"ဒါဆို ငါ ပြိုင်ပွဲမှာ ဆက်ရှိနေဖို့ အခွင့်အရေး နည်းနည်း ပိုများသွားပြီပေါ့!" ဟု ဆိုလာသည် ။
ဟဲချိုးပိုင်က သူ့ကို ရယ်မောလိုက်ပြီး "ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိစမ်းပါ!" ဟု အားပေးလိုက်၏။
ဒီတစ်ကြိမ်တွင်တော့ ရွှီရွှမ်နှင့် ဖန်းဟွတို့နှစ်ဦးစလုံး အရင်ကထက် ပိုစောရောက်လာကြသည် ။ ဖန်းဟွက ယွီနျန့်ကို မမြင်ချင်ဟန်ဆောင်နေသော်လည်း ယွီနျန့်ကတော့ သူ့ရှေ့တွင် မျက်နှာသေနှင့် နေဖို့ကိုပင် စိတ်မကူးမိပါ ။ ထိုအစား ရွှီရွှမ်က ဝင်ထိုင်လိုက်ပြီး ဘောပင်နှင့် စာရွက်ကို ထုတ်ကာ
"နှောင့်ယှက်မိတဲ့အတွက် အားနာပါတယ်။ ညီမလေးကလေ ပထမအပိုင်းကို ကြည့်ပြီး မင်းကို အရမ်းသဘောကျသွားလို့လေ။ နေ့တိုင်းပဲ မင်းရဲ့လက်မှတ်ကို တောင်းခိုင်းနေတာနဲ့" ဟု ဆိုလာသည် ။
ယွီနျန့်က ဘောပင်နှင့် စာရွက်ကို လှမ်းယူလိုက်ပြီး ရွှီရွှမ်၏ အားနာနေပုံကို မြင်တော့ ပြုံးလျက်
"အမှန်အတိုင်းပြောရရင် စာချုပ်မှာ လက်မှတ်ထိုးတာကလွဲရင် ဒါဟာ ပထမဆုံးအကြိမ် သူတစ်ပါးအတွက် လက်မှတ်ထိုးပေးဖူးတာပဲ" ဟု ဆို၏ ။
သူသည် ပန်းရောင်စာရွက်လေးပေါ်တွင် သူ့နာမည်ကို သေသေသပ်သပ် လက်မှတ်ထိုးလိုက်ပြီး
"ညီမလေးရဲ့ နာမည်ကိုပါ ရေးပေးစေချင်သေးလား" ဟု မေးလိုက်သည် ။
ရွှီရွှမ်က အလောတကြီး ခေါင်းညိတ်ပြရင်း
"ဒုက္ခမများဘူးဆိုရင်တော့ ရေးပေးပါဦး! ညီမလေးနာမည်က ရွှီဖူ ပါ၊ ဖူရုံ ပန်းရဲ့ ဖူ လေ" ဟု ဆို၏ ။
ယွီနျန့် ရေးပြီးသွားသောအခါ သူမက လက်နှစ်ဖက်ဖြင့် ရိုရိုသေသေ လှမ်းယူလိုက်ပြီး
"မင်းရဲ့ လက်ရေးက တကယ်လှတာပဲ! ကျေးဇူးအများကြီးတင်ပါတယ်။ သူတော့ ဒါကိုရရင် အရမ်းပျော်သွားမှာ" ဟု ကျေးဇူးတင်စကား ဆို၏။
ယွီနျန့်က ဘောပင်အဖုံးကို ပြန်ပိတ်ပြီး ပြန်ပေးလိုက်ကာ
"ကျွန်တော့်ကို လက်မှတ်တောင်းတဲ့သူ ရှိတာကိုပဲ ကျွန်တော်က အရမ်းဝမ်းသာနေတာပါ" ဟု ပြုံးလျက် ပြန်ပြောပေးသည်။
ရွှီရွှမ် မိတ်ကပ်ပြန်ပြင်ရန် ထွက်သွားပြီးနောက် သူမဘေးတွင် ထိုင်နေသည့် ဖန်းဟွက နှာခေါင်းတစ်ချက် ရှုံ့လိုက်၏ ။ သို့သော် ယွီနျန့်ကတော့ ထိုအသံကို မကြားလိုက်ဘဲ ဖုန်းကိုကြည့်ကာ သီချင်းစာသားများကိုသာ ဆက်လက် အလွတ်ကျက်နေခဲ့သည် ။
ဒီတစ်ကြိမ် မဲနှိုက်ရာတွင် ယွီနျန့်က နောက်ဆုံးမှ ဒုတိယ၊ ဖန်းဟွက ပထမ၊ ရှမင်းရှီးက ဒုတိယ၊ အစားထိုးဝင်လာသည့် ကျန်းနာက တတိယနှင့် ရွှီရွှမ်က နောက်ဆုံး အလှည့်များ အသီးသီး ရရှိခဲ့ကြသည် ။ကင်မရာ အကြည့်လွှဲသွားသည့်အချိန်တွင် ဖန်းဟွက သူ့လက်ထဲမှ အမှတ်စဉ်ပါသည့် ဆိုင်းဘုတ်ကို ပစ်ချလိုက်၏ ။ ရှမင်းရှီးက ထိုအပြုအမူကို ဆက်ကြည့်မနေနိုင်တော့သဖြင့် ယွီနျန့်ကို ဆွဲကာ
"ဒီကောင်က တကယ်ကို ထူးဆန်းတာပဲ။ တခြားနံပါတ်တစ်ခုရရင် သူက ပထမရသွားမယ်လို့ ထင်နေတာလား" ဟု တိုးတိုးလေး ကပ်မေးလေသည် ။
"ဖြစ်နိုင်တာပဲ။ ကိုယ့်ရဲ့ ရလဒ်တွေအတွက် အကြောင်းပြချက် တစ်ခုခုတော့ ရှာရမှာပဲ မဟုတ်လား" ဟု ယွီနျန့်က ပြန်ဖြေလိုက်ပါတော့သည် ။
ကြယ်စင်ဝေးဝေးသည် သီချင်းဆိုစွမ်းရည်နှင့် ခံစားချက် နှစ်ခုစလုံး လိုအပ်သည့် သီချင်းတစ်ပုဒ် ဖြစ်သည် ။ ထိုသီချင်းကို နာမည်ကြီး အမျိုးသမီးအဆိုတော် ယွီချင်းက သီဆိုခဲ့ပြီး တေးရေးဆရာ စီနင်းက သီချင်းစာသားများကို ရေးသားခဲ့ခြင်းဖြစ်သည် ။ ၎င်းမှာ ဆွေမျိုးသားချင်း တစ်ဦးဦး ကွယ်လွန်သွားပြီးနောက် ထိုသူအား ကောင်းကင်ယံမှ အလှမ်းဝေးသည့် ကြယ်တစ်ပုဒ်အဖြစ် ပြောင်းလဲသွားစေရန်နှင့် ညစဉ်တိုင်း ပြန်လည်တွေ့မြင်နိုင်ရန် မျှော်လင့်တောင့်တနေသည့် အကြောင်းအရာကို ရေးဖွဲ့ထားခြင်း ဖြစ်သည် ။
ပထမအကြိမ်နှင့် လုံးဝမတူညီဘဲ ယွီနျန့်သည် စင်ပေါ်တွင် မျက်နှာအလှမပျက်စေရန်အတွက် မိတ်ကပ်ပါးပါးလေးသာ လိမ်းခြယ်ထားသည် ။ သူသည် ရိုးရှင်းသည့် အင်္ကျီအဖြူကို ဝတ်ဆင်ထားပြီး လက်မောင်းကို တံတောင်ဆစ်အထိ လိပ်တင်ကာ မီးရောင်အောက်တွင် ရပ်နေသည့်ပုံစံမှာ ပတ်ဝန်းကျင်ရှိ လေထုကိုပင် ငြိမ်သက်သွားစေသည် ။
သူ၏ အသံသည် ဆယ်လိုတူရိယာ၏ ဝမ်းနည်းစရာ ဂီတသံနှင့်အတူ ထွက်ပေါ်လာသည့်အခါ ပရိသတ်များသည်လည်း ထိုပူဆွေးမှုထဲသို့ နစ်မြုပ်သွားကြတော့သည် ။
"ကျွန်တော် ညတိုင်း ကြယ်စင်တွေကို ငေးကြည့်ရင်း အဘွားရဲ့ခြေရာတွေကို ရှာဖွေနေမိတယ်... အဘွားရဲ့ အသံကို တစ်ခါလောက် ပြန်ကြားချင်မိတယ်......"
ယွီနျန့်သည် မိုက်ကရိုဖုန်းကို လက်တစ်ဖက်ဖြင့် ကိုင်ထားပြီး သူ၏လက်ချောင်းလေးများမှာ ကြည်လင်ဖြူဖွေးနေသည် ။ သူ၏ မျက်တောင်လေးများမှာ ငိုက်ကျနေပြီး ဖြူစင်ဝင်းပသည့် အသားအရေပေါ်တွင် အရိပ်ကလေးများ ထင်ဟပ်နေလျက် ။
သူ သီချင်းဆိုနေစဉ်တွင် မျက်ရည်များသည် တဖြည်းဖြည်း ဝဲတက်လာခဲ့ပြီး နှင်းပွင့်များကဲ့သို့ စူးရှသည့် အသံအမြင့်ပိုင်းသို့ ရောက်ရှိသွားသောအခါ ယွီနျန့်၏ မျက်ရည်များသည်လည်း စီးကျလာပါတော့သည် ။
သီချင်းဆုံးသွားသောအခါ ယွီနျန့်သည် မျက်ဝန်းများ နီရဲလျက် ထိုနေရာတွင်ပင် ရပ်နေဆဲဖြစ်ပြီး ရှက်ကိုးရှက်ကန်းနှင့် အသက်ကို ခပ်ဖြည်းဖြည်းရှူကာ
"တောင်းပန်ပါတယ်... ကျွန်တော် စိတ်လွတ်သွားမိတယ်" ဟု ဆိုလိုက်သည် ။ သူ၏ မျက်တောင်များမှာ စိုစွတ်နေဆဲဖြစ်ပြီး နှာသံသဲ့သဲ့လေးနှင့် ပြုံးရန်ကြိုးစားရင်း "ကျွန်တော် အဘွားကို သတိရလို့ပါ" ဟု ပြောလိုက်၏ ။
ပရိသတ်ထဲမှ တစ်စုံတစ်ယောက်က "ရပါတယ်" ဟု အော်ဟစ်လိုက်ပြီးနောက် မကြာခင်မှာပင် လူအများက "ယွီနျန့်၊ ရပါတယ်!!" ဟု ဝိုင်းဝန်းအော်ဟစ် အားပေးကြတော့သည် ။
ယွီနျန့်သည် မိုက်ကရိုဖုန်းကို လက်နှစ်ဖက်ဖြင့်ကိုင်ကာ အလေးအနက် အရိုအသေပေးလိုက်ပြီး
"အားလုံးကို ကျေးဇူးတင်ပါတယ်" ဟု ပြောလိုက်သည် ။
သူ စင်ပေါ်မှဆင်းလာပြီး နားနေဆောင်သို့ လျှောက်သွားသောအခါ သူ့နောက်မှ လိုက်လာသည့်သူက
"စိတ်သက်သာရာ ရသွားပြီလား" ဟု မေးလာသည် ။
ယွီနျန့်က ခေါင်းညိတ်ပြပြီး ပို၍ပင် ရှက်ကိုးရှက်ကန်းနှင့်
"တော်တော်လေး သက်သာသွားပါပြီ။ အဘွားကို မငိုတော့ဘူးလို့ ကတိပေးထားပေမဲ့ သီချင်းဆိုလိုက်တဲ့အခါ မထိန်းနိုင်ဖြစ်သွားတာပါ။ စိတ်ပူပေးလို့ ကျေးဇူးတင်ပါတယ်" ဟု ပြန်ဖြေလိုက်၏ ။
နားနေဆောင်ထဲတွင် ရှမင်းရှီးသည် တစ်ရှူးထုတ်ကို ကိုင်ထားရင်း ယွီနျန့် ဝင်လာသည်ကို မြင်သောအခါ စိုက်ကြည့်လျက်
"မင်း တကယ်ပဲ တော်လွန်းတယ်ဟ။ မင်း သီချင်းဆိုနေတုန်း ငါနဲ့ ရွှီရွှမ်ကိုပါ ငိုအောင် လုပ်လိုက်တာပဲ" ဟု ဆိုလာသည် ။ သူ၏ နှာခေါင်းထိပ်လေးမှာ နီရဲနေပြီး အသံကိုနှိမ့်ကာ
"ငါလည်း ငါ့အဘွားကို သတိရသွားတယ်" ဟု ပြောလိုက်သည် ။
ဘေးနားမှ ရွှီရွှမ်သည်လည်း မိတ်ကပ်ပြင်ပြီးကာစဖြစ်ပြီး သူပါ ဝင်ပြောသည်။
"ငါလည်း မင်းဆိုတာကြားပြီး ငိုမိတယ်။ ငါလည်း ငါ့အဘွားကို သတိရတယ်။ သူ့ကို အရမ်းလွမ်းမိတာ"
ယွီနျန့်သည် ရှမင်းရှီး၏ ဘေးတွင် ဝင်ထိုင်လိုက်သောအခါ ရှမင်းရှီးသည် ကင်မရာမရှိသည့် အခိုက်အတန့်ကို အခွင့်ကောင်းယူကာ အသံတိုးတိုးဖြင့် အတွင်းသတင်းများကို စတင်မျှဝေပါတော့သည် ။
"ဝါး... မင်းမသိသေးဘူး။ ပထမဆုံး သီချင်းဆိုပြီးသွားတဲ့လူက နားနေဆောင်ထဲကို ရောက်တာနဲ့ ထိုင်ခုံကို ကန်ထုတ်ပစ်တာ။ ဒေါသကတော့ အကြီးအကျယ်ပဲ! သူ့ရဲ့ ပုံရိပ်မပျက်စီးစေဖို့ သူ့အေးဂျင့်က ဒီအပိုင်းကို ဖြတ်ပေးဖို့ အစီအစဉ်အဖွဲ့ကို တောင်းပန်နေရတယ်လေ။ ဟူး... အေးဂျင့်လေးပဲ ငါသနားတယ်။ တကယ့်ကို ခက်ခဲလိုက်တာ။"
ယွီနျန့်သည် ရှမင်းရှီးအား သူ၏ သတင်းရင်းမြစ်တစ်ခုအဖြစ် သတ်မှတ်လိုက်သော်လည်း သူ ပို၍
စိတ်ဝင်စားသည်မှာ ရှမင်းရှီး ကောင်းကောင်းလုပ်နိုင်မလုပ်နိုင်ခဲ့ခြင်းသာ။
"မင်းရော ဘယ်လိုဆိုခဲ့လဲ"
ရှမင်းရှီးက မေးစေ့ကို ပင့်တင်ကာ ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြန်ဖြေသည်။
"ငါ့အေးဂျင့်ကို စင်ပေါ်က အခြေအနေမေးကြည့်တော့… ပြိုင်ပွဲမှာ ဆက်ရှိနေဖို့ကတော့ ဘာမှပြဿနာမရှိဘူးတဲ့။ ဒါပေမဲ့ ငါ ဒုတိယရမလား၊ တတိယရမလားဆိုတာတော့ မသိသေးဘူး"
"သီချင်းဆိုတာမှာ ပြဿနာမရှိရင်တော့ ဒုတိယဖြစ်နိုင်ခြေများပါတယ်"
ယွီနျန့် ခန့်မှန်းခဲ့သည့်အတိုင်းပင် ဤအဆင့်တွင် ရွှီရွှမ်က တတိယ၊ ဖန်းဟွက စတုတ္ထရရှိပြီး အစားထိုးဝင်ရောက်လာသူ ကျန်းနာမှာ တိုက်ရိုက်ဖယ်ရှားခံလိုက်ရသည် ။ ရှမင်းရှီးမှာ ဒုတိယရရှိကာ ယွီနျန့်ကတော့ နံပါတ်တစ်ဆုကို ထပ်မံရရှိခဲ့ပြန်ပါသည် ။
ယခုတစ်ခေါက် ရိုက်ကူးရေးမှာ စောစောစီးစီး စတင်ခဲ့ခြင်းဖြစ်ရာ ပြီးဆုံးချိန်တွင် ည ၁၀ နာရီသာရှိပါသေးသည်။ ရှမင်းရှီးသည် မိတ်ကပ်ပင် မဖျက်ရသေးဘဲ
"ယွီနျန့်... မင်း နံပါတ်တစ် နှစ်ခါတောင် ရထားတာပဲ။ အားလုံးအတူတူ သီချင်းသွားဆိုကြရအောင်!" ဟု
တိုက်တွန်းရင်း မျက်စိတစ်ချက် မှိတ်ပြလိုက်သည် ။
ယွီနျန့်သည် ရှမင်းရှီး၏ ဆိုလိုရင်းကို သဘောပေါက်သွားသဖြင့်
"နောက်မှ အားလုံးအားကြမယ်ဆိုရင် ကျွန်တော်ကပဲ လူစုံအောင် ဖိတ်ပြီး သီချင်းသွားဆိုကြတာပေါ့" ဟု ပြုံးလျက် ပြန်ဖြေလိုက်၏ ။ အဆုံးတွင်တော့ အသက်အရွယ်တူကြသည့် လူငယ် ၁၁ ဦးခန့် ကလပ်တစ်ခုသို့ ရောက်ရှိသွားကြပြီး ရှမင်းရှီး၏ တက်ကြွလှသော ပင်ကိုယ်စရိုက်ကြောင့် အားလုံးမှာ ပျော်ရွှင်နေကြသည် ။
..........
သီးသန့်ခန်း နံပါတ် (၁)
ချွိရှောက်ရန်သည် တံခါးကိုဖွင့်၍ ဝင်လာပြီး ဘိလိယက်ခုံကို ကျော်ကာ ရှဲ့ယို့ ထိုင်နေသည့်နေရာသို့ လျှောက်သွားရင်း
"ရှဲ့ရှောက်ယို့... မင်း တကယ်ကြီး တစ်ပွဲလောက်တောင် မကစားတော့ဘူးလား" ဟု တိုက်တွန်းလိုက်သည် ။
ရှဲ့ယို့သည် ဖုန်းကိုသာ စိုက်ကြည့်နေပြီး ဘာမှမသိသကဲ့သို့ အေးစက်စက် လေသံဖြင့် "စိတ်မဝင်စားဘူး" ဟုသာ
ပြန်ဖြေပါတော့သည် ။
"ဟုတ်ပါပြီ၊ ဟုတ်ပါပြီ၊ မင်းက ဘာကိုမှ စိတ်မဝင်စားဘူးဆိုရင်တော့ ငါ့ကိုပြောပြစမ်းပါဦး၊ မင်းက ဘာကိုများ
စိတ်ဝင်စားနေလို့လဲ"
ချွိရှောက်ရန်သည်လည်း ဘိလိယက်ထိုးရသည်မှာ ပင်ပန်းလာသဖြင့် ရှဲ့ယို့၏ ဘေးတွင် ဝင်ထိုင်လိုက်ရင်း
"ငါသိပြီ၊ ငါသိပြီ၊ မင်းက အဲဒီလူသစ်လေးကို စိတ်ဝင်စားနေတာမလား!" ဟု ဆိုလိုက်သည် ။
"သူ့နာမည်က ယွီနျန့် ပါ"
ချွိရှောက်ရန်သည် ရှဲ့ယို့၏ အေးစက်စက်အကြည့်ဖြင့် အကြည့်ခံလိုက်ရသဖြင့် အမြန်ပင် ပြန်ပြင်ပြောလိုက်ရသည်။
"အေးပါ၊ အေးပါ၊ ယွီနျန့် ပေါ့!"
သူက တိုးတိုးလေး ထပ်ရေရွတ်လိုက်သေးသည်
"တောက် ! အကာအကွယ်ပေးလိုက်တာလည်း အလွန်ပဲ......" ။
ရှဲ့ယို့ကတော့ သူ့ကို ဂရုမစိုက်တော့ဘဲ ဖုန်းကိုသာ ဆက်ကြည့်နေပါတော့သည် ။
ချွိရှောက်ရန်မှာ ပျင်းပျင်းရှိသည်နှင့် စကားပြောစရာ ရှာနေရင်း ရုတ်တရက် အကြံတစ်ခု ရသွားသည်။
"ဒါနဲ့ နေပါဦး၊ အဲဒီ ယွီနျန့်က 'သဘာဝတရား၏ အသံ' မှာ ဝင်ပြိုင်နေတာ မဟုတ်လား။ ငါ အခုတင် အိမ်သာကအပြန်မှာ လူနှစ်ယောက် စကားပြောနေတာ ကြားခဲ့တယ်။ တစ်ယောက်ယောက်က နံပါတ်တစ် ထပ်ရလို့ ဒီကို သီချင်းလာဆိုကြတယ်တဲ့ …. ဟေး နေဦးလေ ။ ရှဲ့ယို့ မင်း ဘယ်ကို သွားမလို့လဲ!" ။
ရှဲ့ယို့သည် သီးသန့်ခန်းထဲမှ ချက်ချင်းထွက်လာခဲ့သော်လည်း ထိုလူများကို ဘယ်နေရာမှာ တွေ့ခဲ့သလဲဆိုသည်ကို ချွိရှောက်ရန်အား မေးရန် မေ့သွားခဲ့သည်ကို သတိပြုမိသွားသည် ။ သူသည် ခဏမျှ စဉ်းစားလိုက်ပြီးနောက် အိမ်သာရှိရာဘက်သို့ လျှောက်သွားလိုက်တော့သည် ။
ယွီနျန့်သည် မုန့်ယွမ်ထံမှ ဖုန်းလာသဖြင့် ဖြေရန်အပြင်သို့ ထွက်လာခဲ့ခြင်းဖြစ်ပြီး အထဲသို့ ပြန်ဝင်ရန်အလှည့်တွင် ရှဲ့ယို့နှင့် ထပ်မံဆုံတွေ့လိုက်ရပြန်သည် ။
"တကယ့်ကို တိုက်ဆိုင်တာပဲ၊ ထပ်ဆုံကြပြန်ပြီနော်!"
ယွီနျန့်ကတဆက်တည်းမှာပင် "မင်္ဂလာညချမ်းပါဗျ!" ဟု ချိုသာသော အပြုံးလေးနှင့်နှုတ်ဆက်လိုက်သည် ။
ရှဲ့ယို့သည် သူ့ရှေ့တွင် ပြုံးနေသည့် လူသားလေးကို ကြည့်ရင်း ရင်ထဲမှ အပူရှိန်မှာ တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားသလို ခံစားလိုက်ရသည် ။ သူသည် လက်တစ်ဖက်ဖြင့် နက်ကတိုင်ကို လျှော့လိုက်ရင်း အနည်းငယ် အက်ရှရှအသံဖြင့် "မင်္ဂလာညချမ်းပါ" ဟု ပြန်နှုတ်ဆက်လိုက်သည် ။ နှစ်စက္ကန့်ခန့် ကြာပြီးနောက် သူက ထပ်ပြောလိုက်သည်မှာ "နံပါတ်တစ် ရသွားတဲ့အတွက် ဂုဏ်ယူပါတယ်" ။
ယွီနျန့်မှာ အနည်းငယ် အံ့အားသင့်သွားပြီးနောက် ပြုံးလျက် မျက်ခုံးပင့်ကာ မေးရတော့သည်။
"ကျေးဇူးတင်ပါတယ်! ခင်ဗျားလည်း 'သဘာဝတရား၏ အသံ' ပထမအပိုင်းကို ကြည့်ခဲ့တာလား"
"အင်း" (တစ်နေ့ကို နှစ်ခါနှုန်းနဲ့ ၁၂ ကြိမ်တောင် ကြည့်ခဲ့တာပါ) ။
"ကျွန်တော့်မားမားက အဲဒီအစီအစဉ်ကို အရမ်းကြိုက်တာ" ။
ယွီနျန့်ကလည်း ရှဲ့ယို့တစ်ယောက် သူ့မေမေကို အဖော်ပြုပေးရင်း ဒီအစီအစဉ်ကို ကြည့်ဖြစ်တာနေမှာပဲဟု
နားလည်စွာဖြင့် ခေါင်းငြိမ့်လိုက်သည်။
သို့သော် သူသည် အလွန်ဝမ်းသာနေဆဲဖြစ်သည်။ ရှဲ့ယို့က စကားနည်းသော်လည်း သူတို့နှစ်ဦးကြားရှိ ဆက်ဆံရေးမှာ အလွန်ပင် သက်သောင့်သက်သာရှိလှသည်။ ယွီနျန့်က ပေါ့ပေါ့ပါးပါးပင်
"ကျွန်တော် ဒုတိယအပိုင်း ရိုက်ကူးရေးပြီးတာနဲ့ သူငယ်ချင်းတွေနဲ့အတူ သီချင်းဆိုဖို့ ဒီကို လာခဲ့တာပါ" ဟု
မမေးပါဘဲ ပြောပြလိုက်၏။
ရှဲ့ယို့ကလည်း အတည်ပေါက်ပင် "ကျွန်တော်လည်း အတူတူပါပဲ၊ သူငယ်ချင်းတွေနဲ့ လာတာ" ဟု ပြန်ဖြေသည်။
ယွီနျန့်က အချိန်ကို တွက်ချက်ကြည့်လိုက်ရာ အပြင်တွင် အကြာကြီးနေ၍ မဖြစ်တော့သဖြင့်
"ဒါဆို ကျွန်တော် အရင်သွားတော့မယ်နော်၊ ပျော်ပျော်ရွှင်ရွှင် အနားယူပါဦး" ဟု နှုတ်ဆက်လိုက်သည်။
"ကောင်းပါပြီ၊ မင်းလည်း သူငယ်ချင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင် နေလိုက်ပါအုံး"
ယွီနျန့် ထွက်သွားပြီးနောက် ရှဲ့ယို့သည် သူ၏သီးသန့်ခန်းသို့ တန်းမပြန်ဘဲ ကလပ်ကြီးကြပ်ရေးမှူး၏ ရုံးခန်းဆီသို့
ဦးတည်သွားခဲ့သည်။
နံပါတ် (၁) သီးသန့်ခန်းမှာ ရှဲ့ယို့အတွက် အမြဲတမ်း သီးသန့်ဖယ်ထားပေးရသည့် အခန်းဖြစ်သည်။ ကလပ်၏ မန်နေဂျာမှာ ရှဲ့ယို့ ရောက်ရှိနေသည်ကို သိထားသဖြင့် တစ်ခုခုဖြစ်မည်ကို စိုးရိမ်ကာ ကြောက်လန့်တကြား ဖြစ်နေရ၏။ ရှဲ့ယို့ ရောက်လာသည်ကို မြင်သောအခါ သူသည် ခေါင်းပင်မဖော်ရဲဘဲ
"မင်္ဂလာပါ မစ္စတာရှဲ့၊ ဘာများ အလိုရှိလို့လဲခင်ဗျာ" ဟု မေးမြန်းလိုက်ရသည်။
"ယွီနျန့် ဘယ်အခန်းမှာ ရှိနေလဲဆိုတာကို စစ်ဆေးပေး…အဲ ထားလိုက်ပါတော့"
ရှဲ့ယို့က ခဏမျှ စဉ်းစားလိုက်ပြီးနောက် ပြတ်သားစွာပင်
"ဒီညအတွက် အခန်းအားလုံးကို အခမဲ့ပေးလိုက်ပါ" ဟု ညွှန်ကြားလိုက်ပါတော့သည်။
ထို့ကြောင့် မနက် ၁ နာရီနီးပါးတွင် ယွီနျန့် ပိုက်ဆံရှင်းရန် သွားသည့်အခါတွင်တော့ ပိုင်ရှင်ဖြစ်သူမှာ စိတ်အခြေအနေ ကောင်းနေသဖြင့် ယနေ့အတွက် အခန်းအားလုံးမှာ အခမဲ့ဖြစ်ကြောင်း အသိပေးခြင်း ခံလိုက်ရပါတော့သည်။
____________________________________________________________________________
TN // ဒီလို ဖန်ဘွိုင်း အကြီးစား။ ဖန်ဘွိုင်းတွေ တော်တော်ဖြစ်ရင် ဖန်ဂဲလ်တွေ မမီဆိုတာဒါမျိုးပဲ။
ဖန်ဘွိုင်းအကြီးစားကြီး ချစ်တာ
ReplyDelete