အပိုင်း (၁၀၁)
ဥက္ကဋ္ဌလျူက ရှေ့ကို ခပ်လှမ်းလှမ်း လျှောက်သွားပြီးမှ သူ့ဘက်ကို လှည့်ကြည့်ပြန်သည်။
"မင်း ဆောင်းထားတဲ့ ဦးထုပ်က...အဲ့ဒါ ရှန်ယွီ ထိုးပေးထားတာ မဟုတ်လား။"
"အာ… ဟုတ် ဟုတ်ကဲ့။"
ချန်ကျန့်က သူ့ခေါင်းပေါ်က ဦးထုပ်ကို လက်နဲ့ စမ်းကြည့်လိုက်ရင်း ရုတ်တရက် အားနာသလိုလို ခံစားလိုက်ရသည်။ ဥက္ကဋ္ဌလျူရော ပရော်ဖက်ဆာရှန်ရော ဦးထုပ်တွေ ဆောင်းထားကြသည်။ ဥက္ကဋ္ဌလျူကတော့ ပျော့ပျောင်းပြီး ထူထဲသည့် သိုးမွှေးဦးထုပ်လေး ဆောင်းထားတာမို့ တကယ့်ကို နွေးထွေးပြီး စတိုင်ကျနေ၏။ ပရော်ဖက်ဆာရှန်ရဲ့ ဦးထုပ်ကတော့... နည်းနည်း ရိုးရှင်းလွန်းသည်။ နားရွက်ဖုံးပါသည့် ချည်ထိုးဦးထုပ်လေးဖြစ်ပြီး အနားသတ်တွေတောင် အမျှင်လေးတွေ ထွက်နေပြီ။
ဥက္ကဋ္ဌလျူရဲ့ ဦးထုပ်နဲ့ မနှိုင်းယှဉ်ရင်တောင် ပရော်ဖက်ဆာရှန်ရဲ့ ဦးထုပ်ကို ချန်ကျန့်ဆောင်းထားတဲ့ ဦးထုပ်နဲ့ ယှဉ်လိုက်ရင်...
သူတို့များ မနာလို ဖြစ်နေကြမလား။
"ဘယ်လိုသိတာလဲခင်ဗျာ"
"ဆိုင်က ဝန်ထမ်းတွေအားလုံး လည်စည်းတွေ ပတ်ထားတာ အန်တီ မြင်သားပဲ။ လက်ရာကို ကြည့်ရင်တော့... ရှန်ယွီ အမြန်ထိုးပေးထားတဲ့ ပုံစံမျိုးပဲ။"
"ဟုတ်ပါတယ်"
"ဝန်ထမ်းတိုင်းအတွက်တောင် လည်စည်းတစ်ထည်စီ ထိုးပေးနိုင်တာပဲ၊ သားအတွက်ရော မထိုးပေးဘဲ နေပါ့မလား"
သူတို့ တကယ်ပဲ မနာလိုဖြစ်နေကြမှာပဲ လို့ ချန်ကျန့် တွေးမိသည်။ ဝန်ထမ်းတွေတောင် တစ်ယောက်တစ်ထည်စီ ရကြတာကိုး။
ချန်ကျန့်က ဘာမှ ထပ်မပြောဘဲ ပြုံးနေလိုက်၏။
"အရင်တုန်းက သူက ဘယ်အရာအပေါ်မှာမှ စိတ်အားထက်သန်မှု မရှိခဲ့ဘူး။ တစ်နေကုန် အပြင်မှာ သူငယ်ချင်းတစ်သိုက်နဲ့ လျှောက်သွား၊ စားသောက်၊ ရန်ဖြစ်၊ ပြဿနာရှာနေတာ မြင်ရပေမဲ့ တကယ်တမ်း သူ့စိတ်ဓာတ်က အောက်ဆုံးကို ကျနေတာ။ အထူးသဖြင့် ဆေးသောက်နေရတဲ့ အဲ့ဒီ နှစ်နှစ်တုန်းကပေါ့။ နောက်ပိုင်း စိတ်အခြေအနေ နည်းနည်းပြန်ကောင်းလာတော့ ကုမ္ပဏီထောင်တယ်။ ဒါပေမဲ့လည်း အဲ့ဒီလို ပြဿနာမျိုးနဲ့ သွားတိုးပြန်ရော..."
ချန်ကျန့်က ဥက္ကဋ္ဌလျူရဲ့ ဘေးမှာ လမ်းလျှောက်ရင်း သူမပြောတာတွေကို နားထောင်နေမိသည်။ ဒီအကြောင်းအရာ အတော်များများကို သူ သိပြီးသား ဖြစ်သော်လည်း ဥက္ကဋ္ဌလျူရဲ့ ပါးစပ်ကနေ ကြားရသည့် ခံစားချက်ကတော့ တစ်မျိုးထူးခြားနေ၏။
"သူ ထောင်က ထွက်လာပြီးနောက်ပိုင်း လျူဝူဆီကနေပဲ သူ့အခြေအနေကို ကြားရတာ။ သူ့ကို မတွေ့ရတာလည်း နှစ်အတော်ကြာပြီ။ အခု သူ့ကို ဒီလိုပုံစံနဲ့ မြင်ရတာ... အန်တီ တကယ်ကို ဝမ်းသာပါတယ်။"
"သူ တစ်ခါတလေတော့ အိပ်မပျော်တာတော့ ဖြစ်နေတုန်းပေမဲ့…တခြားကိစ္စတွေမှာတော့ အားလုံး အဆင်ပြေပါတယ်။ အလုပ်အပေါ်မှာလည်း သူ တကယ်ကို အာရုံစိုက်တာ။ တည်းခိုခန်းအကြောင်း ဘာမှမသိသလို ဟန်ဆောင်နေပေမဲ့ သူ့ကွန်ပျူတာထဲမှာ မြို့လေးရဲ့ ခရီးသွားလုပ်ငန်းအကြောင်းတွေ အပြည့်ပဲ။ ခရီးသွားအေဂျင်စီတွေ လမ်းကြောင်း လာကြည့်ရင်လည်း ကျွန်တော်တို့ဆီမှာပဲ တည်းကြတာ။"
"သူက တည်းခိုခန်း စီမံခန့်ခွဲမှုကို သားဆီ လုံးလုံး အပ်ထားတာပဲ"
ဥက္ကဋ္ဌလျူက ချန်ကျန့်ကို ကြည့်လိုက်သည်။
"ပြီးတော့ သားကလည်း တကယ်ကို ကောင်းကောင်း လုပ်နိုင်ပါတယ်။"
"ကျွန်တော် မသိသေးတာတွေ အများကြီး ရှိပါသေးတယ်"
ချန်ကျန့်က သူမရဲ့ အကြည့်အောက်မှာ အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားရင်း ပြန်ပြောလိုက်၏။
ဥက္ကဋ္ဌလျူရဲ့ အကြည့်တွေက တကယ်တော့ ကြင်နာမှုအပြည့်။ ဒါပေမဲ့ လူတစ်ဖက်သားကို ထိုးဖောက်မြင်နိုင်စွမ်းရှိတယ်လို့ ခံစားရတာကြောင့် ချန်ကျန့်အတွက်တော့ အနည်းငယ် ဖိအားဖြစ်စေသလို၊ ဒါမှမဟုတ် သူကိုယ်တိုင်ပဲ ယုံကြည်မှုအားနည်းနေတာမျိုးလည်း ဖြစ်နိုင်သည်။
"မသိတာရှိရင် သင်ယူလို့ရတာပဲ။ သားက အခုမှ အသက်နှစ်ဆယ်ကျော်လေးပဲ ရှိသေးတာကိုး။ အန်တီ သားဖတ်ဖို့ စာအုပ်ကောင်းလေးတွေ အကြံပေးမယ်လေ။ အားတဲ့အခါ ဖတ်ကြည့်ပေါ့။"
"ဟုတ်ကဲ့ပါ၊ ကျေးဇူးတင်ပါတယ်ဗျာ။"
ရှန်ယွီ ခွေးသွားကြိုပြီး ပြန်လာဖို့ မိနစ်နှစ်ဆယ်လောက်ပဲ ကြာသည်။ ချန်ကျန့်နဲ့ ဥက္ကဋ္ဌလျူတို့ မြစ်ကမ်းဘေးမှာ လမ်းလျှောက်ရင်း စကားပြောနေရသည့် အချိန်ကတော့ လေထုက ပေါ့ပါးနေပေမဲ့ သူ့ရင်ထဲမှာတော့ မပေါ့ပါးလှပါဘူး။ မြစ်ကမ်းဘေးက လမ်းကျဉ်းလေးပေါ်မှာ ရှန်ယွီရဲ့ ကားကို မြင်လိုက်ရတော့မှပဲ ချန်ကျန့်တစ်ယောက် ဝမ်းသာအားရ သက်ပြင်းချနိုင်တော့သည်။
"သူ ပြန်လာပြီ"
"အဲ့ဒါ ဘယ်သူ့ခွေးလဲဟင်" ဥက္ကဋ္ဌလျူက မေးသည်။
"ယဉ်ကျေးမှုနဲ့ ခရီးသွားလာရေးဗျူရိုက ညွှန်ကြားရေးမှူးရဲ့ ခွေးပါဗျ။ သူက နှစ်သစ်ကူး ခရီးထွက်မှာမို့လို့ ဒီတစ်ကောင်ပဲ အပ်စရာလူမရှိလို့ ဆိုပြီး ကျွန်တော်တို့ဆီ ပို့လိုက်တာ"
ချန်ကျန့်က ရှင်းပြ၏။
"ဘယ်သူမှ မနိုင်လို့ ဖြစ်မှာပေါ့" ဥက္ကဋ္ဌလျူက မှတ်ချက်ပေးသည်။
ရှန်ယွီက ကားကို ရပ်လိုက်ပြီး နောက်တံခါးကို ဖွင့်လိုက်၏။ ထိုအခါ နီညိုရောင်ရှိတဲ့ ဟက်စကီး တစ်ကောင် ခုန်ဆင်းလာသည်။ အဖြူအမည်း ဟက်စကီးတွေကတော့ ရူးကြောင်ကြောင်နိုင်တယ်လို့ ကြားဖူးပေမဲ့ ဒီတစ်ကောင်ကတော့ အေးအေးဆေးဆေး ဖြစ်မှာပါလို့ ချန်ကျန့် တွေးမိခဲ့ပေမဲ့... သူ အကောင်းမြင်လွန်းသွားမှန်း မကြာခင်မှာပဲ သိလိုက်ရသည်။
ဟက်စကီးလေး မြေပြင်ပေါ်ခြေချမိတာနဲ့ ရှေ့ကို ဇွတ်ပြေးဖို့ ကြိုးစားတော့တာပါပဲ။ ရှန်ယွီက ခွေးလည်ပတ်ကို အမြန်ဆွဲဖမ်းထားရပြီး အနောက်ခြေနှစ်ချောင်းနဲ့ မတ်တပ်ရပ်နေတဲ့အထိ ဆွဲထားရ၏။ ခွေးကြိုးကို ပြင်ဆင်နေသည့်အချိန်မှာတောင် အဲ့ဒီခွေးက ချန်ကျန့်တို့ဘက်ကို ကြည့်ပြီး ပါးစပ်ကြီးဖြဲကာ အရူးတစ်ယောက်လို ပြုံးပြနေသေးသည်။ ရှေ့ခြေထောက်နှစ်ချောင်းကလည်း လေထဲမှာ ယက်ကန်ယက်ကန်နဲ့ပေါ့။
ရှန်ယွီ လည်ပတ်ကို လွှတ်ပေးလိုက်တဲ့ စက္ကန့်ပိုင်းမှာတင် အဲ့ဒီခွေးက ရှေ့ကို နှစ်မီတာ၊ သုံးမီတာလောက် ဝုန်းခနဲ ပြေးထွက်သွားတော့သည်။ ပြီးတော့ အလိုအလျောက် ဆွဲဆန့်လို့ရတဲ့ ခွေးကြိုးက အရှိန်အဟုန်နဲ့ ရှည်ထွက်လာပြီး ချန်ကျန့်နဲ့ ဥက္ကဋ္ဌလျူရှိရာဆီ တန်းတန်းမတ်မတ် ပြေးလာပါတော့တယ်။
"အို... ဒုက္ခပါပဲ" ဥက္ကဋ္ဌလျူက တိုးတိုးလေး ရေရွတ်လိုက်၏။
"ဆွဲထား... ဆွဲထားဦး!"
ချန်ကျန့်က ဥက္ကဋ္ဌလျူရဲ့ ရှေ့မှာ အကာအကွယ်ပေးရင်း လှမ်းအော်လိုက်ပါတော့သည်။
"ဘယ်လောက်တောင် မြန်မြန်ပြေးနိုင်မလဲ ကြည့်ရအောင်။"
ရှန်ယွီက ခွေးကြိုးရဲ့ လော့ခ်ကို နှိပ်လိုက်ပြီး ခွေးကို အနောက်ဘက်သို့ အနည်းငယ် ဆွဲယူကာ "ရပ်!" ဟု အော်လိုက်၏။ထူးဆန်းသော အရာတစ်ခု ဖြစ်ပျက်သွားသည်။ ထိုခွေးသည် နာခံမှုရှိစွာဖြင့် ချက်ချင်း ရပ်တန့်သွားပြီး သူတို့ကို ကြည့်ကာ စိတ်လှုပ်ရှားစွာဖြင့် လျှာတန်းလန်းနှင့် အသက်ပြင်းပြင်း ရှူနေတော့သည်။
"တကယ်တော့ သူက တော်တော်လေး နာခံတတ်သားပဲ"
ရှန်ယွီက ခွေးကြိုးကို တိုတိုလေး သိမ်းလိုက်ပြီး အနားသို့ လျှောက်လာကာ ခွေး၏ ခေါင်းကို ပုတ်ပေးလိုက်သည်။
"Good boy."
"ဘာလို့ အင်္ဂလိပ်လို ပြောနေတာလဲ။ သူက နိုင်ငံခြားပြန် ကျောင်းသားမို့လို့လား"
ချန်ကျန့်က မေး၏။
"သူက ပညာတတ်လေ။ တရုတ်လိုလည်း နားလည်ပါတယ်။ဘာသာစကား နှစ်မျိုးတတ်တဲ့ ထူးချွန်ကျောင်းသားပေါ့။"
"နာမည်ရော ရှိလား"
ချန်ကျန့်က အနားသို့ လျှောက်သွားပြီး ခွေးက အနံ့ခံနိုင်ရန် သူ၏လက်ကို စမ်းသပ်ကာ ကမ်းပေးလိုက်သည်။ ခွေးသည် သူ၏လက်ကို အနံ့ခံရင်း လျှာဖြင့်လည်း လျက်လိုက်၏။ အင်း... ထူးချွန်ကျောင်းသားတော့ သိပ်မဟုတ်လောက်ဘူး။
"သူ့နာမည်က 'ဆယ့်ငါး' တဲ့၊ ၁၅ ရက်နေ့မှာ မွေးလို့တဲ့လေ။ သူ့အိမ်က ခွေးတွေ အကုန်လုံးက နံပါတ်တွေနဲ့ပဲ နာမည်ပေးထားတာ။"
"မှိုလေး နဲ့ အဆင့်တူတူလောက်ပါပဲလား၊ဆယ့်ငါး... လိမ္မာတယ်နော်၊ ခေါင်းလေး ပုတ်ပေးမယ်။"
ဆယ့်ငါးကတော့ စိတ်လှုပ်ရှားနေဆဲဖြစ်ပြီး ချန်ကျန့်၏ လက်နောက်သို့ သူ၏ ပါးစပ်က တကောက်ကောက် လိုက်နေသည်။ ချန်ကျန့်လည်း အကြိမ်ကြိမ် ကြိုးစားသော်လည်း ခေါင်းကို ပုတ်၍ မရသေးပေ။
"ဒါကိုမှ ထူးချွန်ကျောင်းသားလို့ ခေါ်ရသေးတယ်"
ချန်ကျန့်က လက်ပြန်လျက်ခံရမှာ စိုးသဖြင့် လက်လျှော့လိုက်ရင်း ဆို၏။
"ဆယ့်ငါး... ငြိမ်ငြိမ်နေမယ်"
ရှန်ယွီက ဆယ့်ငါးကိုလက်ညှိုးထောင်ပြကာ "Freeze!" ဟု ခိုင်းလိုက်သည်။
ဆယ့်ငါးက ရှန်ယွီကို မော့ကြည့်ပြီး အသက်ပြင်းပြင်း ရှူနေ၏။ သူ နားလည်၊ မလည်တော့ မသိရပေ။ ချန်ကျန့်က နောက်တစ်ကြိမ် ထပ်မံ ကြိုးစားကြည့်သည်။ ဤတစ်ခေါက်တွင်မူ ဆယ့်ငါးက ခေါင်းလေးကို စောင်းလိုက်ရုံသာ ပြုမူ၏။ သူသည် အတင်းအကျပ် လှုပ်ရှားချင်နေသော်လည်း အောင့်ထားရပုံမှာ သိသာလှသည်။ ချန်ကျန့်က သူ၏ ခေါင်းလေးကို ကုတ်ပေးလိုက်၏။
"လိမ္မာတယ်!" ရှန်ယွီက အချိန်ကိုက်ပင် ချီးကျူးလိုက်သည်။
"မဆိုးဘူးပဲ" ချန်ကျန့်က ဆယ့်ငါးကို ကြည့်ရင်း
"သူက တကယ်ပဲ ဟောင်တာမျိုး ဒါမှမဟုတ် အိမ်ကို ဖျက်ဆီးတာမျိုး လုပ်မှာ မဟုတ်ဘူး ထင်တယ်"
"ဘယ်သူ သူ့ကို လမ်းလျှောက်ခေါ်သွားမှာလဲ"
ရှန်ယွီက မေး၏။
"ကျွန်တော်ပဲ ပေါ့။မင်းကို စောင့်နေရင်တော့ အဲ့ဒီခွေးက အောင့်ထားရင်းနဲ့ တစ်ခုခု ဖြစ်သွားမှာ စိုးလို့။"
"ဒါဆို မင်းပဲ တာဝန်ယူလိုက်တော့"
ရှန်ယွီက ခွေးကြိုးကို ချန်ကျန့်လက်ထဲ ထည့်ပေးလိုက်၏။
ချန်ကျန့်က ခွေးကြိုးကို ယူလိုက်သည်။ သူက အလုပ်ပိုရတာကို စိတ်မရှိပါဘူး။ ခွေးတွေကိုလည်း သဘောကျတတ်သူ ဖြစ်သည်။ မှိုလေးကတော့ သေးငယ်ပြီး ပြေးလွှားနေလျှင်ပင် ကြောက်စရာမရှိသလို ရင်ပြင်ပြင်ပက မြက်ခင်းထဲမှာပဲ အမှုကိစ္စ ရှင်းတတ်တာမို့ လမ်းလျှောက်ခေါ်သွားစရာ မလိုခဲ့ပေ။
ဆယ့်ငါးကတော့ ကြိုးနှင့်မှ ဖြစ်ပေမည်။ လူတွေကို ကြောက်လန့်သွားစေမှာ စိုးရရုံတင်မကဘဲ သူ ပျောက်သွားမှာကိုလည်း စိုးရိမ်ရသေးသည်။ ဤခွေးသည် တစ်နည်းအားဖြင့် "လာဘ်ကောင်ခွေး" မဟုတ်ပါလား။
"ပါး ငါးမိရဲ့လား"
ရှန်ယွီက ဥက္ကဋ္ဌလျူကို လှမ်းမေးလိုက်လေသည်။
"အဲ့ဒါ ရှောင်သိုအာရဲ့အဖိုး အမြဲငါးဖမ်းတဲ့နေရာလေ။ အဘိုးက အားရင် အားသလို ငါးစာသွားသွားကျွေးနေကျ…ဘာပဲဖြစ်ဖြစ် အဲ့ဒီနေရာမှာဆိုရင်တော့ သူ အမြဲငါးမိပါတယ်"
"ဒါဆိုရင်တော့ အခွင့်အရေးရှိတာပေါ့၊ သွားကြည့်ကြစို့။"
ရှန်ယွီ ရောက်လာသည်နှင့် ချန်ကျန့်တစ်ယောက် ချက်ချင်းပင် စိတ်ပေါ့ပါးသွားတော့သည်။ သူသည် 'ဆယ့်ငါး' ၏ လည်ပတ်ကြိုးကို ကိုင်ထားလိုက်သည်။ ခွေးလေးက ဟိုနားဒီနား အနံ့ခံလိုက်တိုင်း သူကလည်း အနောက်ကနေ ဟိုဟိုဒီဒီ လိုက်ပါသွားရင်း စကားဝိုင်းထဲတွင် ဆက်လက်မပါဝင်တော့ဘဲ နေလိုက်သည်။
ဒါ့အပြင် ဥက္ကဋ္ဌလျူတို့က သုံးလေးရက်ပဲ နေကြမှာဖြစ်ရာ သူမသည် ရှန်ယွီနှင့် ပို၍ စကားပြောချင်နေသည်မှာ အထင်အရှားပင်။ ရှန်ယွီ၏ နှစ်ရှည်လများ စွဲကပ်လာခဲ့သည့် အလေ့အကျင့်များကို ပြောင်းလဲရန် မလွယ်ကူသလို သူ၏ မိဘများနှင့် ဆက်ဆံရေးမှာလည်း အားလပ်ချိန်ရှိတိုင်း အိမ်ပြန်ပြေးရလောက်သည်အထိ ပြန်လည်ကောင်းမွန်ရန် မဖြစ်နိုင်သေးပေ။ ထို့ကြောင့် ဤကဲ့သို့ အတူတကွရှိနေသည့် အချိန်မျိုးမှာ တစ်နှစ်ပတ်လုံးတွင် အကြိမ်အနည်းငယ်သာ ရှိနိုင်ပေလိမ့်မည်။
မြစ်ကမ်းနားတွင် လေတိုက်နှုန်းက အနည်းငယ် ပြင်းလှသည်။ ရှန်ယွီက သူ၏ ဂျာကင်အင်္ကျီဇစ်ကို အပေါ်ဆုံးအထိ ဆွဲတင်လိုက်ပြီးနောက် သူ၏ မိခင် လည်ပင်းကို တစ်ချက်ကြည့်လိုက်၏။ လည်စည်းအသေးလေး တစ်ထည်ကို အတွင်းထဲတွင် ထည့်ပတ်ထားသည်ကို တွေ့ရသည်။ ထိုသည်မှာ ကောင်းသောအချက်ပင်။
"ရှောင်သိုအာရဲ့အဖိုးဆိုတာ ဘယ်သူလဲဟင်"
"ကလေးငယ်လေး တစ်ယောက်ရဲ့ အဖိုးပါ။ ချန်ကျန့်က... အရင်တုန်းက သူတို့အိမ်မှာ နေခဲ့ဖူးတယ်။" ရှန်ယွီက အသံတိုးတိုးဖြင့် ဆိုသည်။
"သူ့အိမ်က အကြွေးရှင်ဆီမှာ ပေါင်ထားရလို့ နေစရာ မရှိတော့တာ။ သူက အဲ့အဘိုးလုပ်ထားတဲ့ ခေါင်းတလားထဲမှာတောင် အိပ်ခဲ့ဖူးတယ်လေ။"
“ဪ အဲ့ဒီလိုလား" ဥက္ကဋ္ဌလျူ ခဏတာ တိတ်ဆိတ်သွား၏။
"အဲ့ဒီကလေးခမျာ တော်တော်လေး ပင်ပန်းခဲ့ရှာမှာပဲ။ ဒါကြောင့်လည်း သူက ဒီလောက်အထိ အလိုက်သိနေတာကိုး။"
"အကြွေးတွေ အကုန်ဆပ်ပြီးသွားရင်တော့ သူ စိတ်အေးရမှာပါ။ မကြာခင် ဆပ်နိုင်တော့မှာ… ဒီနှစ်ထဲမှာပဲ ဖြစ်နိုင်ပါတယ်။"
"အင်း…အကယ်၍ မင်းက တခြားအလုပ်တွေ လုပ်ဖို့အတွက် လက်လွတ်ချင်ပြီး တည်းခိုခန်း စီမံခန့်ခွဲမှုကို သူ့လက်ထဲ အပ်ထားချင်တယ်ဆိုရင်တော့ သူ့ကို ပိုပြီး သင်ယူခိုင်းဖို့ လိုလိမ့်မယ်။ အထူးသဖြင့် မင်းရဲ့ အခုလက်ရှိ ဝန်ထမ်းတွေပေါ့... သူတို့က ဆိုင်ရဲ့ ထူးခြားချက်လည်း ဖြစ်နိုင်သလို အားနည်းချက်လည်း ဖြစ်နိုင်တယ်။ စီးပွားရေး ပိုကောင်းလာလေလေ ဖိအားက ပိုများလာလေလေ၊ ပြီးတော့ ပြဿနာတွေလည်း ပိုပေါ်လာလိမ့်မယ်။ သံယောဇဉ်တစ်ခုတည်းနဲ့တင် မလုံလောက်ဘူး၊ စီမံခန့်ခွဲမှုပိုင်းမှာလည်း အားစိုက်ဖို့ လိုအပ်တယ်။"
"ဟုတ်ကဲ့"
ရှန်ယွီ…မားပြောသည်ကို လက်ခံသည်။
"ဒါတွေပြောတာကို သား စိတ်ပျက်နေပြီလား"
သူ့အမေက မေး၏။
"မဟုတ်ပါဘူး"
ရှန်ယွီက ပြန်ဖြေသည်။
"စိတ်မပျက်ဘူးဆိုရင်လည်း မနက်ဖြန် မားနဲ့အတူ လျှောက်သွားရင်လိုက်ခဲ့ဦးလေ။ ဟိုဟိုဒီဒီ လျှောက်ကြည့်ရင်း တစ်ခုခုရှိမလားလို့..."
"ဒါက နှစ်သစ်ကူးကာလလေ ဥက္ကဋ္ဌလျူရဲ့၊ အေးအေးဆေးဆေး အနားမယူချင်ဘူးလား"
"ဒါဆိုရင်လည်း မားတို့နဲ့အတူ ရှုခင်းကြည့်ဖို့ပဲ လိုက်ခဲ့ပေါ့"
ပရော်ဖက်ဆာရှန်ကတော့ ထိုကျောက်တုံးပေါ်မှာပင် ထိုင်နေဆဲဖြစ်ပြီး ရေပြင်ကိုသာ စိုက်ကြည့်နေသည်။ သူတို့အနားရောက်လာသည်ကို ကြားသည်နှင့် ချက်ချင်းပင် တိတ်တိတ်နေရန် လက်ဟန်ခြေဟန် ပြလိုက်၏။
ချန်ကျန့်က ထိုဘက်ကို ဇွတ်သွားချင်နေသေးသည့် 'ဆယ့်ငါး' ကို အမြန်ဆွဲထားလိုက်ရသည်။
"ငါးတစ်ကောင် လာနေပြီ"
"ရှင့် ငါးက ဘယ်နှစ်ခေါက်တောင် လာနေပြီလဲ၊ လူသူမရှိတဲ့ အရပ်ကို ဝင်လာနေသလိုပဲ"
"ဒီမှာ တကယ် ငါးတွေရှိတယ်။ ချန်ကျန့်လေးက နေရာရှာ တကယ်တော်တာပဲ။ ဒီနေ့တော့ ငါးတစ်ကောင်တော့ မိအောင် ဖမ်းပြမယ်။ မင်းတို့ ငါ့ကို ဂရုမစိုက်ကြပါနဲ့။ မိပြီဆိုမှ ငါပြန်လာခဲ့မယ်"
"မနက်ဖြန်မနက်ကျမှ လာကြိုရမလား"
ဥက္ကဋ္ဌလျူက မေးလိုက်သည်။ နောက်တစ်နေ့မနက်ကျမှ လာကြိုရန် လို၊ မလိုကိုတော့ မသေချာသော်လည်း ညစာစားရန် ပြန်ချိန်အထိ ပရော်ဖက်ဆာရှန်မှာ ငါးတစ်ကောင်မျှ မမိသေးပေ။ သူသည် တည်းခိုခန်းသို့ ပြန်ရန် ငြင်းဆန်နေဆဲ ဖြစ်သည်။ သူသည် ငါးဖမ်းခြင်းကို အလွန်အမင်း စွဲလမ်းနေခြင်းလော သို့မဟုတ် သူ၏ဂုဏ်သိက္ခာကို ပြန်ဆယ်ရန် ကြိုးစားနေခြင်းလော ဆိုသည်မှာ ဝေခွဲရခက်လှ၏။ မည်သို့ပင်ဆိုစေ သူကတော့ အလွန်ပင် စိတ်ပိုင်းဖြတ်ထားပုံရသည်။
"သူ့ဘာသာ ဆော့ပါစေ။ မြို့ထဲမှာဆိုရင် သူ ဒီလိုမျိုး ဆော့လို့ရတဲ့ ပတ်ဝန်းကျင်မျိုး ခဲယဉ်းတာလေ"
"ဒီညကျရင် ကျွန်တော် သွားခေါ်လိုက်ပါ့မယ်"
မိန်းမဖြစ်သူနှင့်သားကတော့ လက်လျှော့လိုက်ကြ၏။
"ဦးလေးက အင်္ကျီတွေကော လုံလုံလောက်လောက် ဝတ်ထားရဲ့လား"
ချန်ကျန့်က 'ဆယ့်ငါး' နှင့်အတူ နောက်ခန်းတွင် ထိုင်နေရင်း အနည်းငယ် စိုးရိမ်တကြီး မေးလိုက်သည်။
"ကျည်ကာအင်္ကျီ ဝတ်ထားသလိုတောင် ဖြစ်နေပြီ။ ငါ ခုနကပဲ ကြည့်ခဲ့တာ"
ယင်းနှင့် နှိုင်းယှဉ်ပါက လျူဝူ၏အဖေကဲ့သို့ ဈေးဝယ်ဝါသနာပါသူမှာ ပို၍ ပြည့်စုံမှုရှိလှသည်။ သူတို့ တည်းခိုခန်းသို့ ပြန်ရောက်သောအခါ မီးဖိုချောင် နောက်ဖေးတံခါးတွင် အိတ်ကြီးအိတ်ငယ် အများအပြားကို ချန်ကျန့် တွေ့လိုက်ရ၏။ ထိုအိတ်များထဲတွင် ချန်ကျန့်၏အဖေနှင့်အတူ ရွာထဲတွင် လိုက်ဝယ်ထားခဲ့သော အခြောက်အခြမ်းများနှင့် တောင်ပေါ်ထွက်ကုန်များ အပြည့်ရှိနေတော့သည်။
"ဒါမျိုးတွေက မြို့ပေါ်မှာလည်း ဝယ်လို့ရတာပဲကို…ဒါပေမဲ့ သူကတော့ ဒီမှာဝယ်ရတာ ပိုကောင်းတယ်လို့ ခံစားနေရပုံပဲ။"
"ဒါကလည်း ခရီးသွားခြင်းရဲ့ အနုပညာတစ်မျိုးပေါ့ ပါးရာ"
ချန်ကျန့်က အဖေ့ကို ပြန်ပြောလိုက်သည်။
"ခွေးလေး... ခွေးလေးရေ..." ဟူဖန်က နောက်ဖေးတံခါးမှ ပြေးထွက်လာသည်။
"ခွေးလေးကို ကြည့်ပါရစေဦး။"
"သူ့ကို မှိုလေးနဲ့ သွားမိတ်ဆက်ပေးလိုက်လေ"
ချန်ကျန့်က လည်ပတ်ကြိုးကို သူမလက်ထဲ ထည့်ပေးလိုက်၏။
"သူ့နာမည်က 'ဆယ့်ငါး' တဲ့။ အထီးဆိုတော့ မှိုလေးနဲ့ ရန်ဖြစ်မှာ မဟုတ်ပါဘူး။"
"ဆယ့်ငါးရေ... ဆယ့်ငါး!" ဟူဖန်က လှမ်းခေါ်လိုက်သည်။
ဆယ့်ငါးက အနောက်ခြေနှစ်ချောင်းဖြင့် မတ်တပ်ရပ်ကာ ဟူဖန်၏ ခါးကို ဖက်လိုက်၏။
"ဆယ့်ငါး... မလုပ်နဲ့!"
ချန်ကျန့်က သူ့ကို ညွှန်ပြလိုက်သည်။ ဆယ့်ငါးသည် တကယ့်ကို ဘာသာစကားနှစ်မျိုးတတ်သည့် ထူးချွန်ကျောင်းသားပီပီ တုံ့ပြန်မှု အနည်းငယ်နှေးသော်လည်း ဟူဖန်ကို လွှတ်ပေးကာ နာခံသွားသည်။
"ဝါး!" ဟူဖန် စိတ်လှုပ်ရှားသွား၏။
"ဆယ့်ငါး... ထိုင်!"
ဆယ့်ငါးက ခဏတာ ဝေခွဲမရဖြစ်နေပြီးမှ ထိုင်ချလိုက်သည်။
"သူက နိုင်ငံခြားကလာတဲ့ ခွေးလား" အဖေက မေး၏။
"သူ ကျောင်းတက်တုန်းက တရုတ်လိုရော အင်္ဂလိပ်လိုရော သင်ခဲ့ရတာလေ။ နှစ်မျိုးလုံး နားလည်တယ်ဗျ။"
"မြို့ပေါ်က လူကြီးတွေကတော့ ဟိတ်ဟန် ရှိလိုက်တာ၊ သူတို့ခွေးတွေတောင် ကျောင်းတက်ရတယ်ပေါ့" အဖေက ရယ်မောလိုက်သည်။
ဟူဖန်က ဆယ့်ငါးကို မှိုလေး၏ ခွေးအိမ်ရှိရာသို့ ခေါ်သွားသည်။ ဆယ်စက္ကန့်ပင် မပြည့်ခင်မှာပင် လျူဝူကလည်း အိမ်ထဲမှ ပြေးထွက်လာသည်ကို တွေ့ရ၏။ သူက ချန်ကျန့်ကို မြင်တော့ ရပ်လိုက်သည်။
"ခွေးအိမ်ဘက်မှာ" ချန်ကျန့်က သူ မမေးခင်မှာပင် ကြိုတင်ဖြေကြားလိုက်၏။
"ဒီကလေးတစ်သိုက်ကတော့ တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတယ်"
အဖေက လှေကားထစ်ပေါ်တွင် ဆောင့်ကြောင့်ထိုင်လိုက်ပြီး အိတ်ကပ်ထဲ လက်နှိုက်ကာမှ ပြန်ထုတ်လိုက်သည်။
“အပြင်သွားပြီး ဆေးလိပ်သောက်လို့ရတယ် ပါး။"
"မသောက်တော့ပါဘူး။ ရှောင်လျူ ဒီဟင်းချက်ပြီးရင် အဖေ အထဲပြန်ဝင်ပြီး ဆက်ချက်ရဦးမှာ။"
"အဖေက သူ့ကို 'ရှောင်လျူ' လို့တောင် ခေါ်နေပြီလား"
ချန်ကျန့်ကလည်း အဖေ့ဘေးမှာ ဆောင့်ကြောင့် ဝင်ထိုင်လိုက်သည်။
"သူက ငါ့ထက် ငယ်တာပဲလေ။ သူက ငါ့ကို 'လောင်ချန်' လို့ ခေါ်တော့ ငါကလည်း သူ့ကို 'ရှောင်လျူ' လို့ ခေါ်တာပေါ့။ ဘော့စ်ရှန်ရဲ့ မိသားစုက တော်တော်လေး သဘောကောင်းကြတယ်။ အရှိန်အဝါ လုံးဝ မပြကြဘူး။ သူ့မိဘတွေကလည်း တစ်ယောက်က ပရော်ဖက်ဆာ၊ တစ်ယောက်က ဥက္ကဋ္ဌဆိုပေမဲ့ မာန်မာန လုံးဝ မရှိကြဘူး။"
"အင်း။ သူတို့က ပေါင်းသင်းရတာ တော်တော်လေး အဆင်ပြေပါတယ်။"
ဒါပေမဲ့ သူ့ရင်ထဲမှာတော့ ဖိအားရှိနေတုန်းပါပဲ။
ညစာစားချိန်မှာတော့ အခြေအနေက နည်းနည်း ပိုကောင်းလာသည်။ လူစုံတော့ စကားပြောစရာတွေ ပိုများလာပြီး အားလုံးကလည်း ပေါ့ပေါ့ပါးပါး ရှိနေကြ၏။ လျူဝူ၏ စကားများတတ်သည့် စရိုက်မှာ မျိုးရိုးလိုက်ခြင်း ဖြစ်ရမည်။ သူ၏ မိဘနှစ်ပါးစလုံးမှာ စကားပြောကောင်းသူများ ဖြစ်သည်။ ဥက္ကဋ္ဌလျူကတော့ အနည်းငယ် ငြိမ်သော်လည်း ချန်အာဟူနှင့် အလိုက်သင့် စကားပြောကာ ရယ်မောနိုင်စွမ်း ရှိသည်။
ချန်ကျန့်ကို အနည်းငယ် စိတ်လှုပ်ရှားစေသည့် တစ်ခုတည်းသော အချက်မှာ ဥက္ကဋ္ဌလျူက သူ၏ အဖေနှင့် စကားပြောနေခြင်းပင် ။ ဥက္ကဋ္ဌလျူက အဖေ့ရဲ့ အလုပ်အကြောင်း မေးမြန်းရာ အဖေကလည်း အကုန်လုံး ပြောပြလေသည်။ ဥက္ကဋ္ဌလျူက အဖေ့အတွက် အလုပ်ရှာပေးမည်ဟု ရုတ်တရက် ကမ်းလှမ်းလာမည်ကို ချန်ကျန့်က အလွန်စိုးရိမ်နေမိ၏။ သို့သော် ဥက္ကဋ္ဌလျူက ထိုသို့မလုပ်ခဲ့ပေ။ အဖေ့အလုပ်အကြောင်း ကြားပြီးနောက် သူမက "ရာသီဥတု ဆိုးရွားတဲ့အချိန်ဆိုရင် တော်တော်လေး ပင်ပန်းမှာပဲနော်" ဟုသာ ဆိုသည်။
"ကျင့်သားရနေပါပြီ။ ရာသီဥတု ဆိုးတဲ့အခါဆိုရင် အော်ဒါတွေ ပိုတောင် များသေးတာ။"
"ဒါပေမဲ့လည်း ကျန်းမာရေးကို ဂရုစိုက်ပါဦး။ ကလေးကို စိတ်မပူစေနဲ့လေ။ သူက အခု အရမ်းတော်နေပြီဆိုတော့ ဆရာကြီးအနေနဲ့ ကိုယ့်ကိုယ်ကိုယ် အတင်းအကျပ် အလုပ်တွေ အများကြီး လုပ်စရာ မလိုတော့ပါဘူး။"
"မှန်တာပေါ့၊ မှန်တာပေါ့"
အဖေက ပြုံးလျက် ချန်ကျန့်ကို လှမ်းကြည့်လိုက်သည်။ ညစာစားပြီးနောက် ထမင်းစားပွဲများကို သိမ်းဆည်းလိုက်ချိန်တွင် ချန်ကျန့်က တစ်ညနေလုံး ဘာမှမလုပ်ဘဲ နေရလျှင် အနေရခက်မည်စိုးသဖြင့် ဖျော်ဖြေရေး တစ်ခုခု စီစဉ်ပေးရမည်လားဟု တွေးတောနေမိသည်။
"ဖဲကစားကြမလား"
အားအင်အပြည့်ဖြင့် အိပ်ရာထလာသည့် လျူဝူ၏ မိခင်က မေးမြန်းလိုက်၏။
"ကစားကြတာပေါ့" ဥက္ကဋ္ဌလျူက ပြုံးလျက် ဆိုသည်။
“နင် ပိုက်ဆံတွေ လာဝေတာကိုတော့ ငါ မတားပါဘူးလေ။"
ဖဲကစားမည်ဆိုသည့် စကားကြားသည်နှင့် တည်းခိုခန်းရှိ လူစုမှာ ချက်ချင်းပင် တက်ကြွသွားကြတော့သည်။ ဘော့စ်မိသားစုရှေ့တွင် ခံစားနေရသည့် ဟန့်တားမှုများ ပျောက်ကွယ်သွားကာ အဆာပြေမုန့်များ၊ အအေးများဖြင့် အလုပ်ရှုပ်သွားကြ၏။
"အစည်းအဝေးခန်းထဲမှာ သွားကစားကြပါ"
တည်းခိုခန်း၏ အလုပ်ချိန် စည်းမျဉ်းများကို ဘော့စ်က သတိရသွားပုံရသည်။
"စားပွဲတွေ ပြင်ပေးထားပြီးသားပါ။"
ဟူဖန်က မုန့်ထုပ်များကို ပိုက်ကာ အစည်းအဝေးခန်းဘက်သို့ ချက်ချင်း ပြေးသွားတော့သည်။
"သားရော ကစားမှာလား" ဥက္ကဋ္ဌလျူက မေး၏။
"သူကတော့ မကစားတာ ပိုကောင်းပါတယ်" လျူဝူ၏ ဖခင်က ဝင်ပြောသည်။
"သူနဲ့ ဖဲကစားရတာ ဘာမှ မပျော်စရာ မကောင်းဘူး။"
"ကျွန်တော် ပါးကို သွားခေါ်လိုက်ဦးမယ်" ဟု ရှန်ယွီက ဆိုသည်။
"ဪ" ဥက္ကဋ္ဌလျူ ခဏတာ ရပ်သွား၏။
"မြစ်ဘက်မှာ ငါးစာကျွေးနေတဲ့လူကို ငါ လုံးဝ မေ့သွားတော့မလို့။ ဒါဆို သား သွားလေ။"
"သွားကြစို့"
ရှန်ယွီက လှည့်ထွက်သွားရင်း သူ၏ ပုခုံးက ချန်ကျန့်၏ ပုခုံးကို သာသာလေး တိုက်သွားခဲ့သည်။
ချန်ကျန့်သည်လည်း ချက်ချင်းပင် လှည့်ကာ နောက်မှ လိုက်သွားခဲ့၏။ သူ၏ ခြေလှမ်းများမှာ ပေါ့ပါးသွက်လက်နေသည်။ အပြင်ဘက်မှာ မှောင်မည်းနေပြီဖြစ်ရာ ပညာတတ် ပရော်ဖက်ဆာရှန်ကြီး တစ်ယောက် ဘယ်လို အခြေအနေ ရှိနေမလဲဆိုတာ သူ သိချင်မိသည်။
ကားလေး မြစ်ဘက်သို့ မောင်းနှင်လာစဉ် ချန်ကျန့်က ပြတင်းပေါက်မှ အပြင်သို့ စူးစမ်းကြည့်နေ၏။ ပရော်ဖက်ဆာရှန် တစ်ယောက် အအေးဒဏ်ကြောင့် လမ်းလျှောက်ပြီး ပြန်လာနေလျှင် သူတို့ လွဲသွားမည်ကို စိုးရိမ်နေမိသည်။
"လျှောက်မကြည့်နဲ့တော့…သူ လမ်းလျှောက်ပြန်လာမှာ မဟုတ်တာ သေချာတယ်။"
မြစ်ကမ်းဘေးမှာ ပရော်ဖက်ဆာရှန်ရဲ့ ခက်ခဲတဲ့ လှုပ်ရှားမှုတွေကို ချန်ကျန့် သတိရသွားပြီး မရယ်ဘဲ မနေနိုင်တော့ပေ။
"မှန်တာပေါ့။"
မြစ်ကမ်းနားက လမ်းကျဉ်းလေးထဲသို့ ရောက်သောအခါ ရှန်ယွီက ကားကို ရပ်လိုက်သည်။
"ဟင်" ချန်ကျန့်က ရှန်ယွီကို ကြည့်လိုက်၏။
ရှန်ယွီက ကားမီးကို ပိတ်လိုက်ပြီး သူ့ဘက်သို့ ခေါင်းလှည့်ကြည့်လာသည်။
"ပုပ်ရဟန်းမင်းကြီး..."
"ဗျာ" ချန်ကျန့် ပြန်ထူးလိုက်သည်။
"လောကီအာရုံတွေ ခံစားချင်စိတ် ရှိသေးရဲ့လား"
ချန်ကျန့် သဘောပေါက်သွားရန် နှစ်စက္ကန့်ခန့် ကြာသွားသည်။ နောက်တစ်စက္ကန့်ကြာပြီးနောက်မှာတော့ သူသည် တွေဝေမနေတော့ဘဲ ထိုင်ခုံခါးပတ်ကို ဖြုတ်ကာ မောင်းသူထိုင်ခုံဘက်သို့ အတင်း တိုးဝင်လိုက်တော့သည်။ ကားထဲက နေရာလွတ်က အဲ့ဒီလို လှုပ်ရှားဖို့အတွက် နည်းနည်းတော့ ကျဉ်းမြောင်းနေ၏။ သူ၏ ခြေထောက်က ကားဒိုင်ခွက်ပင် ကန်မိသွားသည်။
"သွားပြီ" သူ လန့်သွားပြီး အနောက်ကို လှည့်ကြည့်လိုက်မိသည်။
ရှန်ယွီက ကားတံခါးပေါ်က ခလုတ်တစ်ခုကို နှိပ်လိုက်ရာ ထိုင်ခုံအနောက်မှီက လှဲကျသွား၏။ ထို့နောက် ရှန်ယွီက ချန်ကျန့်၏ ကော်လံကို ဆွဲကာ…"အလေးအနက်ထားစမ်းပါ" ဟု ဆိုသည်။
ချန်ကျန့်သည်လည်း ထိုအရှိန်အတိုင်း ရှန်ယွီ၏ အပေါ်သို့ ဖိအုပ်လိုက်တော့သည်။ သူ၏ မျက်နှာကို ရှန်ယွီ၏ လည်ပင်းကြားထဲတွင် မြှုပ်ကာ အားရပါးရ ပွတ်သပ်လိုက်ပြီးနောက် ရှန်ယွီ၏ နှုတ်ခမ်းများကို ပြင်းပြင်းထန်ထန် နမ်းရှိုက်လိုက်၏။
ပတ်ဝန်းကျင်တစ်ခုလုံးမှာ တိတ်ဆိတ်ငြိမ်သက်နေသည်။ ကားပြတင်းပေါက်မှတစ်ဆင့် တိုးဝင်လာသော လရောင်ကြောင့် အရာအားလုံးမှာ ဝေဝေဝါးဝါးနှင့် ရင်ခုန်စရာ ကောင်းနေ၏။ ကားအင်ဂျင်သံ သဲ့သဲ့ကြားမှာ သူတို့၏ ထွက်သက်ဝင်သက်များက ရောယှက်နေကြသည်။ ရှန်ယွီ၏ သက်ပြင်းချသံနှင့်တူသော အသံတိုးတိုးလေးများက ချန်ကျန့်၏ ကိုယ်ပေါ်မှာ နူးညံ့တဲ့ အမွှေးပွဘောလုံးလေး လိမ့်နေသလိုမျိုး... နူးညံ့ပေမဲ့လည်း စိတ်လှုပ်ရှားမှုကို အပြည့်အဝ ပေးစွမ်းနေပါတော့သည်။
__________________________________________________________________________
TN // အဖေကြီး တစ်ယောက် အအေးပဲပက်ပက် ၊ လေပဲ ဖြတ်ဖြတ် သူကတော့ အရင် ပုပ်ရဟန်းမင်းကြီး လောင်းလျာလေးရဲ့ သီလ သမာဓိကို ဖျက်ဆီးရအုံးမယ်လေ။ မွေးရကျိုး တအားနပ်!!
မုံလာထုပ်တူးရဖို့က ပိုအရေးကြီး
ReplyDeleteကျေးဇူးတွေဆပ်နေတာ သားလိမ္မာလေးက
ReplyDelete