Skip to main content

104








အပိုင်း (၁၀၄)

မနက်စောစောစီးစီးတွင် လုကျွင်းတစ်ယောက် မြို့လေးသို့ ရောက်ရှိလာသည်။ ချန်ကျန့်ကမူ လုကျွင်းသည် သူ့ခွေးကို လာကြိုခြင်းသာ ဖြစ်လိမ့်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း၊ ကားထဲတွင် လုကျွင်း၏ လုပ်ဖော်ကိုင်ဖက်နှင့် မြို့နယ်စီမံခန့်ခွဲရေးရုံးမှ လောင်တင်တို့ကို တွေ့လိုက်ရသည့်အခါမှသာ သူ အလုပ်ကိစ္စဖြင့် ရောက်လာမှန်း သိလိုက်ရတော့သည်။

မီးပုံးပွဲတော် မရောက်သေးသော်လည်း၊ ဤအလုပ်ကြိုးစားလွန်းသည့် လူငယ်နှင့် သူ၏လုပ်ဖော်ကိုင်ဖက်မှာ နှစ်သစ်ကူး အားလပ်ရက်များကို အဆုံးသတ်ကာ အလုပ်ခွင်သို့ ပြန်လည်ဝင်ရောက်နေကြပြီ ဖြစ်သည်။

ဆယ့်ငါး ကမူ လုကျွင်းကို မြင်သည်နှင့် တစ်ပြိုင်နက် ရူးမတတ် ဝမ်းသာသွားပြီး ခေါင်းရော အမြီးပါ ရမ်းခါနေတော့သည်။ အမြီးယမ်းသည့် အရှိန်ကြောင့် တင်ပါးပါ လိုက်ပါလှုပ်ရှားနေသည်မှာ ပန်ကာဒလက်တစ်ခု လည်နေသည်နှင့်ပင် တူလှ၏။ 'မှိုလေး' ကမူ ဘေးမှကြည့်ကာ ကြောင်အမ်းအမ်း ဖြစ်နေသော်လည်း၊ သူကလည်း အလိုက်သင့်ပင် လိုက်ဟောင်ကာ အမြီးနှံ့ ပြ၍ ကြိုဆိုနေခဲ့သည်။

"တကယ် ကျေးဇူးတင်ပါတယ်ဗျာ"

လုကျွင်းက ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ဆယ့်ငါး၏ လည်ပင်းကို ဖက်ထားရင်း ပြောလိုက်သည်။ တစ်ဖက်ကလည်း မှိုလေး၏ ခေါင်းကိုပါ အားရပါးရ ပွတ်သပ်ပေးနေသေးသည်။

"သူက တကယ်ပဲ လိမ္မာပါတယ်" ရှန်ယွီက ဆိုသည်။

"နောက်ဆိုရင်လည်း လုကော မြို့ပြင်သွားစရာရှိရင် ဒီကိုပဲ လာပို့ထားလိုက်လေ။"

"မင်းက အဲ့လိုပြောမှတော့ နောက်ဆို တကယ်ပဲ လာပို့တော့မှာနော်" လုကျွင်းက ပြန်ပြော၏။

"ပို့လိုက်ပါ။ ဒီရက်ပိုင်း သူက ကျွန်တော်တို့ဆီမှာ အလုပ်လုပ်ပေးနေတာ။ ဧည့်သည်တွေ မြင်ရင် ဓာတ်ပုံရိုက်ကြတယ်၊။သူကလည်း ပို့စ်လည်းပေးတတ်သေးတယ်။"

"အိမ်မှာ အားနေတဲ့အချိန်တွေဆို သင်ပေးထားတာလေ" လုကျွင်းက ပြုံးလျက် ဆိုသည်။

အားနေတဲ့အချိန်…

ဘေးကနေ နားထောင်နေတဲ့ ချန်ကျန့်မှာတော့ အံ့သြသွားရသည်။ မနက် ၂ နာရီအထိ အလုပ်လုပ်တဲ့သူတစ်ယောက်မှာ အားလပ်ချိန်ဆိုတာ ရှိသေးတာလား...။

"ခဏနေရင် ကျွန်တော်တို့ ရှန်းနန်ဘက်က ကျောက်စာတိုင်တွေကို သွားကြည့်မလို့။ ပြီးခဲ့တဲ့တစ်ခေါက်က ဗီဒီယိုမှတ်တမ်းက မလုံလောက်ဘူးလေ။ အဲ့ဒါကြောင့် ဒီတစ်ခါ လူတွေပါခေါ်လာပြီး သေသေချာချာ ထပ်ရိုက်မလို့။"

"ချန်ကျန့်လည်း လိုက်သွားသင့်တယ်" ရှန်ယွီက ချန်ကျန့်ကို လှမ်းကြည့်ရင်း ဆိုသည်။

"မင်းက အဲ့ဒီဘက်ကို ကျွမ်းကျင်တယ်မဟုတ်လား။"

"တော်တော်များများတော့ သိပါတယ်" ချန်ကျန့်က ခေါင်းညိတ်ပြ၏။

"မနက်စာ စားပြီးကြပြီလား" ရှန်ယွီက လုကျွင်းနှင့် တခြားသူများကို မေးသည်။

"မစားရသေးရင်တော့ ဒီမှာ ရိုးရိုးရှင်းရှင်းလေးတွေ ရှိပါတယ်။"

"ကျွန်တော်တို့ကတော့ စားပြီးပြီ။ လောင်တင်ကတော့ မစားရသေးဘူး ထင်တယ်" လုကျွင်းက ဆို၏။

"ရှောင်ချန်... ကျွန်တော့်အတွက် ပေါက်စီ ဒါမှမဟုတ် မုန့်လေးဘာလေး နှစ်ခုလောက် ယူပေးလို့ရမလား" လောင်တင်က ဆိုသည်။

"လမ်းမှာ စားလို့ရတာမျိုးပေါ့။"

"ရပါတယ်၊ အထဲဝင်စားလိုက်လေ။ ကျွန်တော်တို့ စောင့်ပေးပါ့မယ်" လုကျွင်းက ဆိုသော်လည်း

"ဟင့်အင်း၊ မဟုတ်တာ... မဟုတ်တာ..." လောင်တင်က လက်ကာပြရင်း ငြင်းလေသည်။

လောင်တင်သည် စီမံခန့်ခွဲရေးရုံးတွင် နှစ်ပေါင်းများစွာ အေးအေးဆေးဆေး ဖြတ်သန်းလာခဲ့သူဖြစ်သည်။ မြို့လေးတွင် ဧည့်သည်လာသည်ဖြစ်စေ၊ မလာသည်ဖြစ်စေ သူ့အတွက်တော့ ကိစ္စမရှိ။ သူကတော့ နေ့တိုင်း လက်ဖက်ရည်သောက်၊ မြို့ထဲ လမ်းသလား၊ ပြီးလျှင် WeChat Group ထဲမှာ ကုန်သည်များကို သတိပေးစာလေးများ ပို့ရုံဖြင့် တစ်နေ့တာကို ကုန်ဆုံးစေခဲ့သူဖြစ်သည်။

သို့သော် လုကျွင်း ရောက်လာကတည်းက ရုတ်တရက် အလုပ်ရှုပ်သွားခဲ့သည်။ အရင်ကဆိုလျှင် မနက်စာစားရန်အတွက် အနည်းဆုံး မိနစ်နှစ်ဆယ်ခန့် အချိန်ယူပြီး ဟင်းရည်ပူပူ၊ မုန့်ပူပူဖြင့် သေသေချာချာ စားတတ်သူ ဖြစ်သည်။

အခုတော့ ချန်ကျန့် ထုပ်ပေးလိုက်သည့် ပေါက်စီနှစ်လုံးနှင့် ပဲနို့တစ်ခွက်ကိုသာ အားကိုးလိုက်ရတော့သည်။ ကံကောင်းသည်မှာ ထိုပဲနို့ကို ကျောက်ဖန်းဖန်းကိုယ်တိုင် လုပ်ထားခြင်းဖြစ်သဖြင့် အလွန်မွှေးကြိုင်ကာ အရသာရှိလှပြီး မနက်စာဆိုင်များမှ ရောင်းသည့် ပဲနို့ထက် များစွာသာလွန်နေခြင်းပင်။

လူအုပ်စုသည် ကားပေါ်သို့ တက်ရန် ပြင်ဆင်နေကြစဉ် ဟယ်လျန်သည် တာ့ယွင် ခြံဝင်းတံခါးဝ၌ ရုတ်တရက် ပေါ်လာလေသည်။

"မင်္ဂလာမနက်ခင်းပါ ဘော့စ်ရှန်"

"ဟုတ် မင်္ဂလာပါ ။ နေကောင်းလား ဘော့စ်ဟယ်"

ရှန်ယွီက အလိုက်အထိုက်ပြန်တုံ့ပြန်လိုက်၏။

ဟယ်လျန်သည် လူအုပ်ထဲရှိ လုကျွင်းကို အကွက်ကျကျ ခွဲခြားသိမြင်လိုက်ပြီး ပြုံးရွှင်စွာဖြင့် ခြံထဲသို့ လှမ်းဝင်လာသည်။

"ဒါရိုက်တာလု အစောကြီး ရောက်နေတာပဲလားခင်ဗျာ"

လုကျွင်းသည် ဘာမှပြန်မပြောဘဲ သူ့ကို စိုက်ကြည့်နေ၏။ လုကျွင်းသည် လူတိုင်းနှင့် ရင်းနှီးဖော်ရွေပြီး အရှိန်အဝါ မပြတတ်သူဟု ချန်ကျန့် အမြဲထင်မှတ်ခဲ့သော်လည်း၊ ယခုကဲ့သို့ ဖိတ်ကြားမထားဘဲ ရောက်လာသည့် ဟယ်လျန်နှင့် တွေ့ဆုံချိန်မှာတော့ လုကျွင်းထံမှ ထွက်ပေါ်လာသော "ခေါင်းဆောင်" တစ်ဦး၏ တည်ကြည်သည့် အရှိန်အဝါကို ချန်ကျန့် အတိုင်းသား ခံစားလိုက်ရတော့သည်။

"မင်းက ဘယ်သူလဲ"

လုကျွင်း၏ လက်ထောက်က ရှေ့သို့တစ်လှမ်းတိုး၍ ဟယ်လျန်ကို ကြည့်ကာ မေးလိုက်သည်။

"ကျွန်တော်က ဘေးက လျန်ယဲ့ ရဲ့ ပိုင်ရှင် ဟယ်လျန်ပါ။ မီးပုံပွဲတော်ကို ဦးဆောင်ကျင်းပသူ တစ်ဦးလည်း ဖြစ်ပါတယ်..."

ဟယ်လျန်က ပြောရင်းကြိုတင်စီစဥ်ထားသလို လိပ်စာကတ်ကိုပါ ထုတ်ပေးလာသည်။

လုကျွင်းက လိပ်စာကတ်ကို လှမ်းမယူဘဲ သူ၏လက်ထောက်ကသာ လှမ်းယူလိုက်၏။

"တစ်ခုခု လိုအပ်လို့လား" ဟု လက်ထောက်ကပင် ဆက်မေးသည်။

"မဟုတ်ပါဘူး၊ ဒါရိုက်တာလု ရောက်နေတယ်လို့ ကြားလို့ တစ်ခုခု ကူညီပေးနိုင်မလားဆိုတာ လာမေးတာပါ..."

"ဘယ်သူ့ဆီက ကြားတာလဲ"

လုကျွင်း၏ တဲ့တိုးဆန်သော မေးခွန်းကြောင့် ဟယ်လျန် တစ်ချက် ဆွံ့အသွားရသည်။ သူသည် ရှန်ယွီ့ထံသို့ အားနာသလိုလိုဖြင့် လှမ်းကြည့်လိုက်၏။

ရှန်ယွီက ပြောပြသည်ဟု ပြောချင်နေခြင်းလော ဟု ချန်ကျန့်က တွေးကာ ဟယ်လျန်ကို စူးစိုက်ကြည့်နေမိသည်။

"အဲ့ဒီဘက်က လူတစ်ယောက် တွေ့လိုက်လို့လား ဘော့စ်ဟယ်"

ရှန်ယွီက ရုတ်တရက် ဝင်ပြောလိုက်ရာ ဟယ်လျန်က အားတက်သရော ခေါင်းညိတ်ပြ၏။

"ဟုတ်တယ်၊ ဟုတ်တယ်၊ ကျွန်တော်တို့ဘက်က လူတစ်ယောက်က တွေ့လို့ လာပြောတာနဲ့ အပြေးအလွှား လာခဲ့တာပါ"

ချန်ကျန့်သည် ရှန်ယွီ့ကို အံ့အားသင့်စွာ လှမ်းကြည့်မိသည်။ ရှန်ယွီသည် ယခင်က ဟယ်လျန်ကို မည်သည့်အခါမျှ မျက်နှာသာ မပေးခဲ့ဖူးချေ။ ယခု ဟယ်လျန် အရှက်ကွဲတော့မည်ဟု ချန်ကျန့်က ထင်မှတ်နေချိန်တွင် ရှန်ယွီက ဟယ်လျန်အတွက် ထွက်ပေါက်တစ်ခု ပေးလိုက်လိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့မိပေ။

"အင်း"

လုကျွင်းက ထိုမျှသာ တုံ့ပြန်ပြီး ရှန်ယွီ၏ ကားပေါ်သို့ တက်ရန် လှည့်ထွက်သွားသည်။

"မင်း မောင်းလိုက်"

ရှန်ယွီက ချန်ကျန့်ကို ညွှန်ကြားပြီးနောက် နောက်တံခါးကို ဆွဲဖွင့်ကာ ဝင်ထိုင်လိုက်သည်။

ဘော့စ်ရေ… ကားပေါ်မှာ အဆင့်မြင့်ခေါင်းဆောင်တစ်ယောက် ပါနေတာတောင်၊ လိုင်စင်ရတာ တစ်လတောင် မပြည့်သေးတဲ့ မင်းရဲ့ 'လက်ထောက်' ကို မောင်းခိုင်းတာလား။

"ဟုတ်ကဲ့"

ချန်ကျန့် ဘာမှပြန်မပြောနိုင်ဘဲ ခေါင်းညိတ်လိုက်ရသည်။ လုကျွင်းရှေ့မှာ သူ စောဒကတက်နေ၍ မဖြစ်ပေ။

ရှန်ယွီက နောက်ခန်းမှာ ထိုင်ခြင်းမှာ လုကျွင်းနှင့် စကားပြောရ လွယ်ကူစေရန် ဖြစ်သည်။ တကယ်လို့ သူသာ ကားမောင်းနေလျှင် လုကျွင်းက နောက်ခန်းကနေ စကားလှမ်းပြောနေရမည် ဖြစ်ပြီး ထိုသို့ စကားပြောရခြင်းမှာ ဥက္ကဋ္ဌလျူနှင့် စကားပြောရသည်ထက် မသာသော ခက်ခဲမှုမျိုး ဖြစ်ပေလိမ့်မည်။

ကားမောင်းရခြင်းကမှ ပို၍ လွယ်ကူသေးသည်။

သူသည် ဒရိုင်ဘာခုံတွင် ဝင်ထိုင်လိုက်ပြီး လောင်တင်ကတော့ ဘေးခုံတွင် ဝင်ထိုင်သည်။ လုကျွင်း၏ ကားကတော့ သူတို့နောက်မှ လိုက်ပါလာပြီး ထိုကားထဲတွင် လုကျွင်း၏ လက်ထောက်နှင့် လုပ်ဖော်ကိုင်ဖက်တို့ ပါလာကြသည်။

ကားနှစ်စီးမှာ ခြံဝင်းအတွင်းမှ တစ်စီးပြီးတစ်စီး မောင်းထွက်သွားစဉ် ဟယ်လျန်မှာတော့ အနေရခက်သော်လည်း ဇွဲကောင်းလှသော အပြုံးတစ်ခုဖြင့် ဘေးသို့ဖယ်ကာ လိုက်လံကြည့်ရှု ကျန်ရစ်ခဲ့သည်။

"ကျောက်ခံတပ် ကိုပဲ တိုက်ရိုက်သွားရမလား" ချန်ကျန့်က မေးလိုက်သည်။

"အင်း၊ အဲ့ဒီနေရာကို ကျောက်ခံတပ်လို့ ခေါ်တာလား"

"ဟုတ်တယ် ဘော့စ်။ အဲ့ဒီမှာ ကျောက်တုံးတွေချည်းပဲလေ ။ ဒါပေမဲ့ ကျွန်တော်တို့ကတော့ ပုံမှန်အားဖြင့် ရှန်းနန်လို့ပဲ ခေါ်ကြတာ။"

"အခုဆို ရွာထဲမှာ အိမ်ထောင်စု အနည်းငယ်ပဲ ကျန်တော့တာ"

လောင်တင်က ဖြည့်စွက်ရှင်းပြသည်။

"ဒါရိုက်တာလု ပြီးခဲ့တဲ့တစ်ခေါက် လာတုန်းကလည်း မြင်ခဲ့မှာပါ။ အဲ့ဒီဘက်က မြေတွေက ကောမြေတွေချည်းပဲဆိုတော့ ဘာမှစိုက်လို့မရဘူး။ တကယ့်ကို ဆင်းရဲကြတာ။"

"ဟုတ်ပါတယ်"

လုကျွင်းက ကားမှန်ပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက်ကို ငေးကြည့်ရင်း ဆိုသည်။

"ဒီဘက်က ရွာဟောင်းကလည်း အတူတူပါပဲ၊ နည်းနည်းလေး ပိုကောင်းတာပဲ ရှိတာ။"

"အခုတော့ ခရီးသွားလုပ်ငန်းနဲ့ လူတိုင်းရဲ့ စီးပွားရေးကို မြှင့်တင်နိုင်ဖို့ပဲ မျှော်လင့်ရတော့တာပေါ့" လောင်တင်က ဆက်ပြော၏။

"ဒီနှစ်သစ်ကူးကာလကတော့ အတော်လေး အဆင်ပြေပါတယ်။ ဘော့စ်ရှန်ရဲ့ တည်းခိုခန်းလည်း လုပ်ငန်းတော်တော်ကောင်းတယ် မဟုတ်လား။"

"မဆိုးပါဘူး။ ဒါပေမဲ့ ထူးခြားတဲ့ ခရီးသွားဆွဲဆောင်မှု စီမံကိန်းတွေက မလုံလောက်သေးဘူး။ ဒေသစာ စားသောက်ဆိုင်တွေလည်း အရမ်းနည်းနေသေးတယ်။ ဧည့်သည်တော်တော်များများက နှစ်သစ်ကူးမှာ လာချင်ကြပေမဲ့ ဘယ်မှာစားရမလဲဆိုတာက ပြဿနာဖြစ်နေတုန်းပဲ။"

ရှန်ယွီ စကားကို လုကျွင်းက သုံးသပ်ပြသည်။

"ပထမအသုတ် လူတွေက အမြတ်အစွန်းရမှ နောက်လူတွေက လိုက်လုပ်ကြမှာလေ။ တစ်ယောက်ယောက်ကတော့ စပြီး လမ်းဖောက်ပေးဖို့တော့ လိုတာပေါ့။"

နောက်ရက်တွေကျရင် ရွာအချို့က ခေါင်းဆောင်တွေနဲ့ ကျွန်တော် တွေ့ဆုံဆွေးနွေးသွားမှာပါ။ ရွာက လူငယ်တွေ ပြန်လာပြီး ကိုယ်ပိုင်လုပ်ငန်းတွေ စတင်ကြမယ်ဆိုရင်လည်း ဒါက တကယ့်ကို အလားအလာကောင်းတဲ့ ကိစ္စပဲလေ"

လောင်တင်က သူ့စီစဥ်ထားသည်များကို ဝင်ဆွေးနွေးသည်။

ချန်ကျန့်သည် လမ်းကိုသာ အာရုံစိုက်မောင်းနှင်ရင်း ကားထဲက ဆွေးနွေးခန်းကို နားစွင့်နေမိသည်။ ရှန်ယွီသာ ရှိနေလျှင် ဤကဲ့သို့သော အခြေအနေမျိုးတွင် သူ အတော်လေး စိတ်အေးလက်အေး ရှိလှ၏။ သူကိုယ်တိုင် စကားအများကြီး ပြောနေစရာမလိုဘဲ မေးခွန်းရှိမှသာ အလိုက်သင့် ဖြေကြားရုံပင်။

သို့သော် ရှန်ယွီသာ ဘေးမှာမရှိလျှင်...။

သူ စကားကို မည်သို့ဆက်ပြောရမည်မှန်း တကယ် သိလိမ့်မည်မဟုတ်ပေ။ ထိုကဲ့သို့သော အချိန်မျိုးတွင် သူငယ်ချင်းဖြစ်သူ ဆန်းပင်း ခံစားရလေ့ရှိသည့် ဝေခွဲမရဖြစ်မှုများကို သူ နားလည်ပေးနိုင်စပြုလာသည်။

မြို့သစ်မှသည် မြို့ဟောင်းကို ဖြတ်ကျော်ကာ ရှန်းနန်သို့ ရောက်ရန်မှာ ကားဖြင့် နာရီဝက်ခန့်သာ မောင်းရသည်။ ထို့ကြောင့်လည်း လုကျွင်းက ကျောက်ခံတပ်ဟု ခေါ်သည့် ဤရှေးဟောင်းရွာလေးကို မြို့လေးနှင့်အတူ ပေါင်းစည်းကာ အဆင့်မြှင့်တင်ရန် အမြဲစီစဉ်နေခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် မြေနီတောတောင်များကြားရှိ ကျောက်စာတိုင်များဆီသို့ လည်ပတ်သည့် ယဉ်ကျေးမှုခရီးစဉ်တစ်ခု ဖြစ်လာပေလိမ့်မည်။

ငယ်စဉ်ကလေးဘဝတုန်းက ချန်ကျန့်သည် ဤနေရာသို့ မကြာခဏ လာရောက်ကစားလေ့ရှိသည်။ ဘာကိုမျှ ပူပန်စရာမလိုဘဲ ပျော်ဖို့တစ်ခုသာ သိတတ်သည့် ထိုအရွယ်တုန်းက ကျောက်ခံတပ် ဟာ သူ၏စိတ်ကူးထဲတွင် အလွန်ခမ်းနားထည်ဝါသော နေရာတစ်ခုဖြစ်ခဲ့ဖူး၏။

မြင့်မားလှသည့် ကျောက်ဆစ်လက်ရာမျိုးစုံ၊ ရုပ်တုများ၊ ကျောက်စာတိုင်များနှင့် အထိမ်းအမှတ် မုခ်ဦးများ... သူသည် ထိုအရာများပေါ်သို့ တက်ရသည်ကို အလွန်ဝါသနာပါခဲ့သည်။ ထိပ်ဆုံးသို့ ရောက်သည့်အခါတိုင်းလည်း ကြီးမားသော အောင်မြင်မှုတစ်ခုကို ရရှိသကဲ့သို့ ခံစားခဲ့ရဖူးသည်။

အရွယ်ရောက်လာပြီးနောက်တွင်မူ သူ ဤနေရာသို့ တစ်ခါမှ ပြန်မရောက်ဖြစ်တော့ပေ။ ယနေ့ ပြန်ရောက်လာသည့်အခါတွင်မူ အရာအားလုံးက သူ့မှတ်ဉာဏ်ထဲကနှင့် တခြားစီ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

ကျုံ့ဝင်သွားသလိုပင်။

ကျောက်တုံး ကျောက်ခဲအားလုံးက သေးငယ်သွားသယောင် ခံစားရသည်။ အရင်က သူ အပင်ပန်းခံပြီး ခက်ခက်ခဲခဲ တွယ်တက်ခဲ့ရသည့် ကျောက်ခြင်္သေ့ရုပ်ကြီးမှာ ယခုတော့ မုခ်ဦးတိုင်ကို မှီလျက်သားရှိနေပြီး သူ၏ ပုခုံးအမြင့်ခန့်သာ ရှိတော့သည်။ သူ အားယူပြီး အသက်အောင့်ကာ တက်ခဲ့ရသည့် ကျောက်စာတိုင်ကြီးများမှာလည်း ယခုတော့ လက်တစ်ကမ်းအကွာမှာတင် ရှိနေတော့၏။

သူတို့တစ်ဖွဲ့လုံး ရွာထဲသို့ လှည့်လည်ကြည့်ရှုကြသည်။ ရွာကလေးကိုယ်တိုင်ကပင် သေးငယ်သွားသလို ခံစားရ၏။ သူ့မှတ်ဉာဏ်ထဲရှိ အိမ်ထောင်စုအရေအတွက်မှာ ယခင်ကထက်ပင် ပို၍ နည်းပါးသွားပြီ။ လောင်တင်က အိမ်ရှေ့တွင် ကြက်စာကျွေးနေသည့် အဘိုးအိုတစ်ဦးကို လှမ်းမေးကြည့်ရာ ရွာထဲတွင် အိမ်ထောင်စု ၁၀ စုခန့်သာ ကျန်တော့ကြောင်းနှင့် ကျန်ရှိသူများမှာလည်း သက်ကြီးရွယ်အိုများသာ ဖြစ်ကြောင်း သိလိုက်ရသည်။

***

လုကျွင်း၏ လုပ်ဖော်ကိုင်ဖက်က ကင်မရာနှင့် ဒရုန်း ကို ယူလာပြီး ရွာလယ်ကွင်းပြင်တွင် နေရာချကာ ရိုက်ကူးရေး စတင်တော့သည်။ လုကျွင်းနှင့် ရှန်ယွီတို့ကမူ ကျောက်စာတိုင်များနှင့် ကျောက်ဆစ်လက်ရာများကို တစ်ခုချင်းစီ အသေးစိတ် လိုက်လံကြည့်ရှုကြ၏။ ချန်ကျန့်ကတော့ အနောက်မှ လိုက်ပါရင်း သူတို့ပြောသမျှကို နားထောင်ကာ ဖုန်းဖြင့် ဓာတ်ပုံအချို့ ရိုက်နေခဲ့သည်။

ကျောက်စာတိုင်ပေါ်ရှိ စာသားများအရ ဤရွာကလေးသည် မင်မင်းဆက်ကတည်းက တည်ရှိခဲ့သည့် စစ်မှန်သော ရှေးဟောင်းရွာကလေးတစ်ရွာ ဖြစ်သည်။ သို့သော်လည်း သေးငယ်လွန်းပြီး ဆင်းရဲလွန်းသည့်အပြင် ထိန်းသိမ်းစောင့်ရှောက်မှု အားနည်းခဲ့ခြင်းကြောင့် ရှေးဟောင်းအဆောက်အအုံ အများအပြား ပျက်စီးနေခဲ့ပြီ။ လမ်းဘေးတွင် ပြိုကျပျက်စီးနေသည့် အစိတ်အပိုင်းများ၊ ပန်းလက်ရာများ ပါရှိသည့် ကျောက်ပြတင်းပေါက်များနှင့် ရွှံ့နွံများ ဖုံးလွှမ်းနေသည့် အောက်ခံကျောက်တုံးများကိုလည်း တွေ့မြင်နေရသည်။

"ဒါက ကျောက်စည်တော်တွေ လားဗျ"

လောင်တင်က အောက်ခံကျောက်တုံးတစ်ခုကို ငုံ့ကြည့်ရင်း မေးလိုက်သည်။

"ဒါက တိုင်အောက်ခံကျောက်ပါ။ တိုင်လုံးကို ထောက်ကန်ပေးထားတဲ့ အောက်ခြေကျောက်တုံးပေါ့။"

ရှန်ယွီက ဝင်ရှင်းပြသည်။

“ဪ..." လောင်တင်က နားလည်သလို ခေါင်းညိတ်ပြ၏။

"ဘော့စ်ရှန်က အတော်လေး လေ့လာထားပုံပဲ" လုကျွင်းက ဝင်မှတ်ချက်ပေးသည်။

"အဲ့ဒီလောက်လည်း မဟုတ်ပါဘူး။ တစ်နေရာရာမှာ မြင်ဖူးတာလေးကို မှတ်မိနေရုံပါ"

ရှန်ယွီက ပြုံးလျက် ပြန်ဖြေသည်။

လမ်းဘေးတွင်လည်း ကျိုးပဲ့နေသော ကျောက်စာတိုင်အချို့ ရှိနေသေးသည်။ လုကျွင်းနှင့် ရှန်ယွီတို့သည် ထိုအနားတွင် ရပ်ကာ အတူတကွ လေ့လာကြည့်ရှုကြ၏။ ကျောက်စာပေါ်ရှိ စာသားများမှာ ဝေဝါးနေပြီး အစအဆုံးလည်း မရှိ၊ ပုဒ်ဖြတ်ပုဒ်ရပ်များလည်း ပါမလာပေ။ မည်သို့ပင်ဆိုစေ ချန်ကျန့်အတွက်မူ ထိုစာများကို လုံးဝနားမလည်နိုင်ပါ။

သို့သော် လုကျွင်းနှင့် ရှန်ယွီတို့ကမူ ထိုစာများကို အဆင်ပြေပြေပင် ဖတ်ပြနိုင်ကြသည်။ ရွာကို စတင်တည်ထောင်သူက တိုက်ပွဲတစ်ခုအတွက် ရိက္ခာများ သယ်ယူပို့ဆောင်ပေးခဲ့ပုံအကြောင်း ရေးထိုးထားခြင်း ဖြစ်ဟန်တူသည်။

လောင်တင်ကတော့ စိတ်ဝင်တစား နားထောင်ရင်း ရံဖန်ရံခါ မေးခွန်းတစ်ခု၊ နှစ်ခု မေးလေ့ရှိသည်။

ချန်ကျန့်ကတော့ တိတ်ဆိတ်နေဆဲ။

အထက်တန်းပညာချင်း အတူတူဆိုသော်လည်း ကွာဟချက်မှာ ဤမျှအထိ ကြီးမားနိုင်ကြောင်း သူ ယခုအချိန်မှပင် သိလိုက်ရတော့သည်။ သို့သော် သူ တိတ်ဆိတ်နေရသည့် အကြောင်းရင်းမှာ ထိုကွာဟချက်ကြောင့်သာ မဟုတ်ပါ။ ရှန်ယွီနှင့် သူ့ကြားမှာ ခြားနားမှုရှိနေသည်ကို သူ အမြဲတမ်း သိထားပြီးသား ဖြစ်သည်။

သူ့ကို နှုတ်ဆိတ်သွားစေသည့် အရာမှာ... မနာလိုစိတ် ဖြစ်၏။

ထိုခံစားချက်မှာ တကယ့်ကို အဓိပ္ပာယ်မရှိလှပေ။

ရှန်ယွီနဲ့ လုကျွင်းတို့ အားတက်သရော ဆွေးနွေးနေကြတာကို ကြည့်ပြီး ချန်ကျန့်ရင်ထဲမှာ မခံမရပ်နိုင်အောင် စိုးရိမ်စိတ်တွေ တဖွားဖွား ဖြစ်ပေါ်ရ၏။

ပြီးတော့... ပြင်းပြတဲ့ မနာလိုစိတ်ကြီးကလည်း အလုံးအရင်းနဲ့ ဝင်ရောက်လာတယ်။ အဲ့ဒါ လုကျွင်းလေ ချန်ကျန့်ရာ၊ မြို့နယ် ယဉ်ကျေးမှုနဲ့ ခရီးသွားလာရေးဗျူရိုရဲ့ ခေါင်းဆောင်ပဲ။ မင်းနဲ့ ဘာဆိုင်လို့လဲ! လို့

ပြန်ဖြေတွေးမိပေမဲ့ သူတို့နှစ်ယောက်က တကယ့်ကို အတွဲညီညီနဲ့ စကားပြောလို့ ကောင်းနေကြတာပါ။

လုကျွင်းက အလုပ်လုပ်နေတာလေ။ သူက မနက် ၂ နာရီအထိ အလုပ်လုပ်တတ်တဲ့ အလုပ်ရူးတစ်ယောက်ပဲ။ ဒါပေမဲ့... သူက လူပျိုကြီးဖြစ်ပုံရတယ်။

ဟုတ်တယ်လေ၊ အလုပ်တွေ ဒီလောက်ရှုပ်နေတဲ့သူက အိမ်ထောင်ပြုဖို့တောင် အချိန်ရှိပါ့မလား။ ဒါပေမဲ့လည်း... သူတို့နှစ်ယောက်က တကယ့်ကို အပေးအယူ တည့်နေကြတာ။

ရှန်ယွီကလည်း မြို့နယ်ရဲ့ လုပ်ငန်းစဉ်တွေကို ဝိုင်းဝန်းကူညီပေးနေတာပဲလေ။ ဒါပေမဲ့လည်း... သူတို့နှစ်ယောက်က တကယ့်ကို အဆင်ပြေနေကြတာ။

ချန်ကျန့်ဟာ သူ့စိတ်ထဲမှာ စိုးရိမ်နေမိသည့် အချက်တွေကို တစ်ခုချင်းစီ ကိုယ့်ဘာသာ ပြန်ရှင်းပြနေပေမဲ့လည်း ဒီခံစားချက်ကြီးကိုတော့ ဖျောက်ဖျက်လို့ မရနိုင်ခဲ့ပါဘူး။

တောက်...

ဒါဟာ မနာလိုဖြစ်တယ်ဆိုတဲ့ အဓိပ္ပာယ်ပဲပေါ့။ သူ့ဘဝမှာ ပထမဆုံးအကြိမ်အဖြစ် 'မနာလိုစိတ်' ဆိုတာ ဘယ်လိုမျိုးလဲဆိုတာကို သူ လက်တွေ့ခံစားလိုက်ရပြီ။ ဒါဟာ တကယ့်ကို ထူးခြားတဲ့ ခံစားချက်တစ်ခုပါပဲ။

ဒီလို အခြေအနေမျိုး၊ ဒီလို အချိန်အခါမျိုးမှာ... ဒီလို ထူးဆန်းတဲ့ အတွေ့အကြုံမျိုးကို ခံစားနေရတာပါ။

"ဟို ခြင်္သေ့ရုပ်ကကော..."

လောင်တင်ကတော့ ပညာလိုလားသူပီပီ မေးခွန်းတွေမေးရင်း အစွမ်းကုန် အာရုံစိုက်နေ၏။

"အဲ့ဒါကလည်း မင်မင်းဆက် ကပဲလားဟင်”

"ဒါကတော့ ချင်းမင်းဆက်က ဖြစ်ဖို့များတယ်" လုကျွင်းက ထပ်ရှင်းပြသည်။

"မင်မင်းဆက်က ခြင်္သေ့ရုပ်တွေက ပိုပြီး ကြမ်းတမ်းခက်ထန်တဲ့ပုံစံရှိသလို ကြွက်သားတွေနဲ့ ခွန်အားပါဝါကို ပိုပြီး ပေါ်လွင်စေတာ"

"ဪ..." လောင်တင်က ခေါင်းညိတ်ရင်း ခြင်္သေ့ရုပ်ကို ပတ်ပတ်လည် လိုက်ကြည့်နေ၏။

ချန်ကျန့် ငယ်ငယ်တုန်းက ဒီခြင်္သေ့ရုပ်ပေါ် တက်ကစားစဉ်ကတော့ ဒါဟာ တကယ့်ကို ပိန်လှီလွန်းပြီး ခွေးတစ်ကောင်နဲ့တောင် တူတယ်လို့ ထင်ခဲ့ဖူးသည်။

ဟွန်း။

အခုတော့ ဗဟုသုတအသစ် တစ်ခုတိုးသွားပြီပေါ့။

"ဒါရိုက်တာလုက တကယ်ကို သေသေသေချာချာ လေ့လာထားတာပဲ" ရှန်ယွီက ချီးကျူးလိုက်သည်။

အင်းလေ... သူက အကုန်သိနေတာပဲဥစ္စာ။

"အရင်ကတော့ ကျွန်တော်လည်း အများကြီး မသိပါဘူး။ အရင်က ရှေးဟောင်းရွာတချို့ကို မြှင့်တင်ရေးလုပ်ငန်းတွေ လုပ်ပေးခဲ့ဖူးတော့ အနည်းအကျဉ်း သိသွားတာပါ။ ဒီနေရာကတော့ တကယ့်ကို နှမြောဖို့ကောင်းတယ်။ ထိန်းသိမ်းစောင့်ရှောက်မှုက အရမ်းကို အားနည်းလွန်းနေတယ်..."

လုကျွင်းကတော့ တကယ်ကို နှိမ့်ချလွန်းပါသည်။

"ဒါပေမဲ့ ရှေးဟောင်းအိမ်တွေကတော့ အများကြီး ကျန်ပါသေးတယ်။ ဒေသခံတွေရဲ့ ရှေးဟောင်းအိမ်ရာပုံစံ နဲ့ ပေါင်းစပ်ပြီး ဖော်ဆောင်လို့ရတာပဲ"

"အင်း..."

ရှန်ယွီ့ စိတ်ကူးကို လုကျွင်းက ခေါင်းညိတ်ထောက်ခံ၏။

ရှေးဟောင်းအိမ်တွေအကြောင်း ပြောရင်းနှင့်ပင် လူစုမှာ အိမ်ဟောင်းများ စုဝေးရာဘက်သို့ ဦးတည်လျှောက်လှမ်းသွားကြသည်။ ချန်ကျန့်ကတော့ အဖွဲ့၏ နောက်ဆုံးကနေပဲ လိုက်ပါလာခဲ့သည်။

"မင်းရဲ့ ရိုက်ချက်က တော်တော်လေး ကောင်းသားပဲ"

ရှန်ယွီ၏ အသံက နားရွက်နောက်နားလေးဆီမှ ရုတ်တရက် ထွက်ပေါ်လာသည်။

ချန်ကျန့်မှာ လန့်ဖျပ်သွားပြီး လက်ထဲက ဖုန်းပင် လွတ်ကျလုနီးပါး ဖြစ်သွား၏။ သူသည် အလိုအလျောက် ရှေ့သို့ တစ်လှမ်းခုန်လိုက်ပြီးမှ ခေါင်းလှည့်ကြည့်လိုက်ရာ ပြုံးစစဖြင့် ရပ်နေသော ရှန်ယွီကို တွေ့လိုက်ရသည်။

"မင်း ရူးနေလား"

ချန်ကျန့်က သူ့လည်ပင်းကို ပွတ်ရင်း ဘေးက ခြံဝင်းထဲသို့ လှမ်းကြည့်လိုက်သည်။ လူအားလုံးက အထဲမှာပဲ ရှိနေသေး၏။ သူသည် ခေါင်းငုံ့ကာ ဗီဒီယိုရိုက်နေသည်ကို ပိတ်လိုက်သည်။

"ဘာလို့ အထဲကို မဝင်တာလဲ"

ရှန်ယွီက သူ့ဘေးနားသို့ လမ်းလျှောက်လာရင်း မေးသည်။

"ဒီအရာတွေကို ငယ်ငယ်ကတည်းက ကြည့်လာရတာဆိုတော့ ငြီးငွေ့နေပြီလေ။ မင်းတို့လို မြို့သားတွေအတွက်သာ ဒါတွေက ဆန်းသစ်နေတာ။"

ရှန်ယွီက ဘာမှပြန်မပြောဘဲ ပြုံးနေမြဲ။ ချန်ကျန့်က သူ့ကို ကြည့်လိုက်ပြီး

"ဘာဖြစ်လို့လဲ။" လို့ ခပ်ဆက်ဆက်ပြန်မေးလိုက်သည်။

"မင်းကော ဘာဖြစ်နေတာလဲ" ရှန်ယွီကလည်း လေသံတိုးတိုးဖြင့် ပြန်မေးသည်။

"ကျွန်တော် ဘာမှမဖြစ်ပါဘူး"

"တကယ်လား" ရှန်ယွီက ခေါင်းလေးစောင်းကာ သူ့ကို စိုက်ကြည့်နေသည်။

"အလုပ်ရှိတာ သွားလုပ်လေ" ချန်ကျန့်က မျက်နှာလွှဲလိုက်ပြီး

"ဘာလို့ ဒီမှာလာပြီး စကားများနေတာလဲ။"

"အလုပ်ကိစ္စတွေက ပင်ပန်းလွန်းလို့ပါ။ မင်းဆီကနေ နွေးထွေးမှုလေး လာရှာတာ။"

"မရှိဘူး"

ချန်ကျန့်က ပြတ်ပြတ်သားသား ဆို၏။

"အခု ကျွန်တော့်နှလုံးသားက သံမဏိထက်တောင် မာကျောနေပြီ။"

ရှန်ယွီက တဟားဟား ရယ်မောတော့သည်။ မထိန်းနိုင်ဘဲ အနည်းငယ် ကျယ်လောင်စွာပင် ရယ်မိသွား၏။ ချန်ကျန့်ကတော့ ရယ်လည်းမရယ်၊ ဘာသံမှလည်း မထွက်ဘဲ ခေါင်းငုံ့ကာ ဖုန်းကင်မရာဖြင့် ဓာတ်ပုံများ ဆက်ရိုက်နေသည်။

"ချန်ကျန့်" ရှန်ယွီ့လေသံက ရုတ်တရက် တည်ငြိမ်သွားသည်။

"အင်း" ချန်ကျန့်က ထူးလိုက်၏။

"ဒါက ငါ့အတွက်လည်း ပထမဆုံး အချစ်ရေးပဲလေ။ ငါ့မှာလည်း အတွေ့အကြုံ အများကြီး မရှိပါဘူး..."

"ဟုတ်ပါတယ်။ ဒါက အတွေ့အကြုံတွေ စုဆောင်းရမယ့် လုပ်ငန်းစဉ်တစ်ခုပဲလေ"

လောင်တင်၏ အသံက ခြံဝင်းထဲမှ ထွက်ပေါ်လာသည်။

"ကျွန်တော်လည်း အများကြီး ထပ်လေ့လာဖို့ လိုသေးတယ်..."

"ပြန်ရောက်ရင် မင်း ဘာဖြစ်နေတာလဲဆိုတာ ငါ့ကို သေချာပြောပြရမယ်။"

ရှန်ယွီက ခပ်မြန်မြန်ပင် ဆို၏။

"မဟုတ်ရင် ငါက..."

"မဟုတ်ရင် ဘာဖြစ်မှာလဲ" ချန်ကျန့်က ချက်ချင်းပြန်မေးသည်။

"ငါတို့ မြို့သားတွေ ပြဿနာရှာရင် ဘယ်လောက် ဆိုးသလဲဆိုတာ မင်းကို ပြလိုက်မှာ"

ရှန်ယွီက ထိုသို့ပြောပြီး ခြံဝင်းတံခါးဝသို့ လှည့်ထွက်သွားသည်။

"ဒီရှေးဟောင်းအိမ်တွေကိုသာ ဖော်ဆောင်မယ်ဆိုရင် ဟိုဘက်က ရွာဟောင်းနဲ့ပါ ချိတ်ဆက်လို့ ရနိုင်တယ်..."

"မှန်တယ်။ ရွာဟောင်းမှာလည်း အိမ်ဟောင်းတွေ အများကြီး ရှိသေးတာ။ ရွာသားတွေက ကိုယ့်ဘာသာ ဆိုင်ခန်းလေးတွေ၊ စားသောက်ဆိုင်လေးတွေ ဖွင့်ထားကြပေမဲ့ စနစ်တကျ စီမံကိန်းချထားတာမျိုး မရှိဘူး။"

"အင်း"

လုကျွင်းက ခေါင်းညိတ်သည်။ သူသည် တံခါးအပြင်ဘက်မှာ ရပ်နေသော ချန်ကျန့်ကို မြင်သည့်အခါ

"မန်နေဂျာချန်ကတော့ ဒါတွေကို မြင်ရတာ ထူးထူးခြားခြား မခံစားရဘူး ထင်တယ်နော်။ နေသားကျနေပြီဆိုတော့။"

"ခံစားရပါသေးတယ်။ ခံစားချက်ချင်းတော့ မတူဘူးပေါ့။ ဒါတွေကို ကြည့်လိုက်ရင်... အိမ်ပြန်ရောက်သွားသလို ခံစားချက်မျိုးလို့ ထင်တာပဲ။ တကယ့်ကို ရင်းနှီးနေတဲ့ ခံစားချက်မျိုးပေါ့။"

"ဒါက စိတ်ဝင်စားဖို့ကောင်းတဲ့ အမြင်ပဲ" လုကျွင်းက သူ့ကို ကြည့်လိုက်သည်။

"အိမ်ပြန်ခရီးတဲ့။ မန်နေဂျာချန်က တကယ့်ကို အတွေးအခေါ်ရှိတဲ့သူပဲ။"

အဲ့ဒါကို ဘယ်လိုများ သိသွားတာလဲ

ချန်ကျန့်က ဘာမှပြန်မပြောဘဲ ပြုံးပြလိုက်သည်။ သူ ဘာပြန်ပြောရမှန်း မသိတော့။

"ရှန်ယွီက မင်းအရင်က စုဆောင်းထားတဲ့ အကြံဉာဏ်တွေကို ကျွန်တော့်ဆီ ပို့ပေးထားတယ်..." လုကျွင်းက ဆက်ပြော၏။

ဪ… အခုတော့ ငါက 'မန်နေဂျာချန်' ဖြစ်ပြီး ‌ဘော့စ်ရှန်ကတော့ 'ရှန်ယွီ' ဖြစ်သွားပြီပေါ့။ ...နေပါဦး။ ဘယ်က အကြံဉာဏ်တွေလဲ။ ပြီးတော့ အဲ့ဒါတွေကို လုကျွင်းဆီ ပို့လိုက်တယ် ဟုတ်လား။

"အချို့အရာတွေကို ဒေသခံတစ်ယောက်ကပဲ သတိထားမိနိုင်တာပါ"

လုကျွင်းက လောင်တင်ကို ပြောလိုက်သည်။ လောင်တင်ကလည်း ထောက်ခံသည်။

"မှန်တယ်၊ မှန်တယ်။ သူက လူငယ်လည်းဖြစ်တော့ ဉာဏ်ကလည်း ထက်မြက်သားပဲ။"

ချန်ကျန့်က ရှန်ယွီ့ကို လှမ်းကြည့်လိုက်ရာ ရှန်ယွီက သူ့ကို ပြုံးပြနေသည်။

ချန်ကျန့် သဘောပေါက်သွားပြီ။ ထိုနေ့က သူ ရှန်ယွီ့ဆီ ပို့ပေးလိုက်သည့် မှတ်စုစာအုပ် ရှန်ယွီသည် ဥက္ကဋ္ဌလျူဆီ သွားပြီး ကြွားလုံးထုတ်ခဲ့ခြင်း မဟုတ်ဘဲ လုကျွင်းဆီသို့ ပို့ပေးခဲ့ခြင်း ဖြစ်သည်။

ကျောက်ခံတပ်တွင် နှစ်နာရီခန့် အချိန်ဖြုန်းပြီးနောက် လုကျွင်း၏ လုပ်ဖော်ကိုင်ဖက်က ဓာတ်ပုံရိုက်ခြင်းများ ပြီးဆုံးသွားသဖြင့် သူတို့ ပြန်လာခဲ့ကြသည်။

"ဒါရိုက်တာလု နေ့လယ်စာအတွက် အစီအစဉ် ရှိလား" ရှန်ယွီက မေးသည်။

"ရှိတယ်၊ ကျွန်တော့် ခွေးကို လာကြိုမယ်၊ ပြီးရင် ရုံးကို ပြန်မယ်။"

ရှန်ယွီက တဟားဟား ရယ်မောတော့သည်။

"ဒီနေ့အတွက်တော့ လုံလောက်အောင် ဆွေးနွေးပြီးပြီ။ ထမင်းကျွေးဖို့ မစီစဉ်ပါနဲ့တော့။ ဒီလကုန်ရင် ဥက္ကဋ္ဌဟဲနဲ့ သူ့အဖွဲ့က လာလေ့လာကြလိမ့်မယ်။ အဲ့ဒီအဖွဲ့ကို ကောင်းကောင်း ဧည့်ခံနိုင်တာက ထမင်းဆယ်နပ် ကျွေးတာထက် ပိုတန်ဖိုးရှိပါတယ်။"

“အင်း၊ ဟုတ်ပြီလေ" ရှန်ယွီက ပြုံးလျက် ခေါင်းညိတ်လိုက်သည်။

သူတို့ တာ့ယွင် ကို ပြန်ရောက်သည့်အခါ ဟူဖန်က ဆယ့်ငါး ကို ရှေ့ခြံထဲသို့ ခေါ်ထုတ်လာပြီးဖြစ်ကာ ခွေးအသုံးအဆောင် ပစ္စည်းအားလုံးကိုလည်း အိတ်ထဲ ထည့်ပိုးပြီးသား ဖြစ်နေသည်။

သို့သော် ကားပေါ်မှ ဆင်းလိုက်ချိန်တွင် ဆယ့်ငါး၏ တွဲကြိုးကို ကိုင်ထားသူမှာ ရှောင်သိုအာဖြစ်နေသည်ကို ချန်ကျန့် တွေ့လိုက်ရ၏။

"ရှောင်သိုအာ… ပြန်ရောက်နေတာလား"

ရှောင်သိုအာက ဆယ့်ငါး၏ တွဲကြိုးကို ကိုင်လျက် အပြေးလေး ရောက်လာသည်။

"နှစ်သစ်မှာ ပျော်ရွှင်ပါစေ အစ်ကိုချန်ကျန့်!"

"အေးအေး၊ ပျော်ရွှင်ပါစေ" ချန်ကျန့်က သူမကို ပွေ့ဖက်လိုက်ပြီး

"ခဏနေရင် အထဲဝင်ခဲ့ဦးနော်၊ ကော က မုန့်ဖိုး ပေးမယ်။"

"နှစ်သစ်မှာ ပျော်ရွှင်ပါစေ အစ်ကိုဘော့စ်"

ရှောင်သိုအာက လှည့်ကြည့်ကာ ရှန်ယွီကို လှမ်းအော်နှုတ်ဆက်သည်။

"ပျော်ရွှင်ပါစေ"

ရှန်ယွီက အနားရောက်လာပြီး သူမ၏ ဆံပင်ကျစ်ဆံမြီးလေးကို ပွတ်သပ်ပေးလိုက်သည်။

ရှောင်သိုအာသည် ယဉ်ကျေးသည့် ကလေးမလေးတစ်ဦး ဖြစ်သည်။ မီးထွန်းပွဲတော် မကုန်သေးသရွေ့ သူမ၏စိတ်ထဲတွင် လူတိုင်းကို နှစ်သစ်ကူး နှုတ်ခွန်းဆက်ရမည်ဟု မှတ်ယူထားပုံရ၏။ ထို့ကြောင့်ပင် ကားပေါ်မှ ဆင်းလာသည့် လုကျွင်းကိုလည်း လှည့်၍ နှုတ်ဆက်ရန် ပြင်လိုက်သည်။

"သိုလေး! လာ... သွားရအောင်"

ချန်ကျန့်က အခြေအနေကို ရိပ်မိသဖြင့် ရှောင်သိုအာကို အမြန်ပွေ့ချီကာ အထဲသို့ ဝင်ရန် ပြင်လိုက်သည်။ သို့သော် လုကျွင်းက ကားပေါ်မှ ဆင်းလာပြီး ရှောင်သိုအာကို ပြုံး၍ ကြည့်နေပြီ ဖြစ်သည်။

"နှစ်သစ်မှာ ပျော်ရွှင်ပါစေ ဦးဦး!" ရှောင်သိုအာက ကြည်လင်ပြတ်သားသော အသံလေးဖြင့် အော်နှုတ်ဆက်လိုက်၏။

"ပျော်ရွှင်ပါစေ" လုကျွင်းက ပြုံးလျက် ပြန်ထူးကာ လက်ပြလိုက်သည်။ ထို့နောက် သူ၏ လက်က ဂျာကင်အင်္ကျီအိတ်ထဲသို့ နှိုက်လိုက်ပြီး

"ဒီကို လာပါဦး။"

"မလုပ်ပါနဲ့... မလုပ်ပါနဲ့..."

ဤတစ်ကြိမ်တွင်တော့ အမြဲတမ်း တည်ငြိမ်လှသည့် ရှန်ယွီပင် ပျာပျာသလဲ ဖြစ်သွားပြီး လုကျွင်း၏ ရှေ့မှ တိုက်ရိုက် ပိတ်ရပ်လိုက်သည်။

"ဒါရိုက်တာလု၊ ဒါက မသင့်တော်ဘူး ထင်ပါတယ်..."

"သင့်တော်ပါတယ်"

လုကျွင်းက အနီရောင်စာအိတ်တစ်အိတ်ကို ထုတ်ယူကာ ရှောင်သိုအာကို ကမ်းပေးရင်း ဆို၏။

"ကလေးတွေအတွက် ကျွန်တော် အမြဲတမ်း အသင့်ဆောင်ထားလေ့ ရှိပါတယ်။ ဘာပဲပြောပြော နှစ်သစ်ကူးကာလပဲလေ။"

ရှောင်သိုအာသည် ဉာဏ်ကောင်းသည့် ကလေးမလေး ဖြစ်သည်။ ချန်ကျန့်နှင့် ရှန်ယွီတို့၏ တုံ့ပြန်ပုံကို ကြည့်ရုံဖြင့် သူမ နားလည်သွား၏။

"ကျေးဇူးတင်ပါတယ် ဦးဦး"

သူမက လက်ကို အိတ်ထဲသို့ ပြန်ထည့်လိုက်ရင်း…

"သမီး မယူတော့ပါဘူး။"

"ကဲ... မင်းတို့ နှစ်ယောက် လုပ်လိုက်ပုံကို ကြည့်ကြပါဦး"

လုကျွင်းက ရှန်ယွီကို ကြည့်ကာ ခပ်နောက်နောက် ဆိုလိုက်ပါတော့သည်။

"ယူလိုက်ပါ ရှောင်သိုအာ" ရှန်ယွီက ပြုံးလျက် ခွင့်ပြုပေးလိုက်သည်။

ရှောင်သိုအာက ခဏမျှ ဝေခွဲမရဖြစ်သွားပြီးမှ အနီရောင်စာအိတ်လေးကို လှမ်းယူလိုက်၏။

"ကျေးဇူးတင်ပါတယ် ဦးဦး!"

တကယ်တော့ လုကျွင်းက လူကောင်းတစ်ယောက်ပဲ။

ခြံဝင်းထဲကနေ မောင်းထွက်သွားတဲ့ လုကျွင်းရဲ့ကားကို ကြည့်ရင်း ချန်ကျန့် စိတ်ထဲကနေ ရေရွတ်မိသည်။ သို့သော် ခဏအကြာမှာပင် သူ ပြန်ပြီး စိတ်မကြည်မလင် ဖြစ်လာပြန်သည်။

သူက လူကောင်းတစ်ယောက် ဖြစ်နေလို့ကို ပိုဆိုးတာပေါ့!
___________________________________________________________

Comments

  1. မှောက်မယ့်မှောက်တော့လဲ ရှာလကာရည်ကို တအိုးလုံးပဲ။သူ့ရဲ့ သိမ်ငယ်စိတ်သေးသေးပိစိလေးပါ မြင်ရတော့ ရင်ထဲ မကောင်း။🥺

    ReplyDelete
  2. တကယ် ချစ်တတ်သွားပြီပဲ

    ReplyDelete

Post a Comment

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

2

အခန်း (၂) မိုးမှာ တဖွဲဖွဲတစ်လှည့်၊ သည်းထန်စွာတစ်လှည့် ဆက်လက်ရွာသွန်းနေဆဲ…ဆိုင်တံခါးအပြင်ဘက်ရှိ မိုးကာအမိုးပေါ်တွင် ရေများပြည့်လျှံနေပြီး အချိန်မရွေး ပြိုကျတော့မည့်အလား ။ လျူဝူသည် ထိုအမိုးကို ခေတ္တမျှ စောင့်ကြည့်နေပြီးနောက် လက်ညှိုးထိုးပြကာ မေးမြန်းစူးစမ်းခန်းစသည်။ “အဲ့ဒီဟာက ရေတွေကို အလိုအလျောက် စီးဆင်းအောင် လုပ်ပေးနိုင်တာလား” “ဟုတ်တယ်” ချန်ကျန် ခပ်တိုတိုပဲ ပြန်ဖြေ၏။ “ဟင်” လျူဝူသည် အံ့အားသင့်သွားပြီး “တကယ်ကြီး အလိုအလျောက်လား” ဟု ထပ်မေးသည်။ “အသံနဲ့ ခိုင်းရတာလေ” “ဗျာ” ချန်ကျန့် အဖြေကြောင့် လျူဝူမှာ ပို၍ပင် ဝေခွဲမရဖြစ်သွားတော့သည်။ ရှန်ယွီသည် သက်ပြင်းချရင်း မျက်နှာကို အခြားတစ်ဖက်သို့ လွှဲလိုက်ရ‌တော့၏။ ချန်ကျန် မတ်တတ်ရပ်လိုက်ပြီး တံခါးဘေးရှိ ခွတစ်ခုကို ယူကာ မိုးကာအမိုးအောက်သို့ လမ်းလျှောက်သွားသည်။ ထို့နောက် အမိုး၏ အပေါ်ဘက်ကို နှစ်ချက်ခန့် ဆွလိုက်ရာ စုပုံနေသော မိုးရေများမှာ ဝေါကနဲ စီးကျသွားပြီး မိုးကာအမိုးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ “မင်း ပြောလိုက်တဲ့ ခဏမှာပဲ ရေတွေက စီးဆင်းသွားတာလေ” ချန်ကျန် ပြန်လည်ထိုင်လိုက်ရင်း “အသံနဲ့ ခိုင်းရတာဆိုတာ အဲ့ဒါကို ပြောတာ” ဟု ဆိုသည်။ “အသံနဲ့ ခိုင်းရတယ်ဆို...