Skip to main content

107





အပိုင်း (၁၀၇)

ဆိုင်ကယ်အုပ်စုကြီးသည် မြို့မလမ်းမကြီးအတိုင်း အရှိန်ပြင်းပြင်းဖြင့် မောင်းနှင်လာခဲ့ကြသည်။ နှစ်သစ်ကူးကာလ မကုန်သေးသဖြင့် လမ်းမထက်တွင် ဗြောက်အိုးခွံ အနီရောင်အစအနများက ဖုံးလွှမ်းနေဆဲ။

လမ်းဘေးဝဲယာရှိ ဆိုင်ခန်းတံခါးများနှင့် ပြတင်းပေါက်များတွင် ကပ်ထားသည့် နှစ်သစ်ကူးစာသားများနှင့် စက္ကူညှပ်ပန်းလက်ရာများမှာလည်း နီရဲတောက်ပနေကြသည်။ အချို့သော ခေတ်မီစတိုင်လ် ဆိုင်လေးများမှာမူ သူတို့၏ ကိုယ်ပိုင်သီချင်းများကို ပြန်မဖွင့်ကြသေးဘဲ မြိုင်မြိုင်ဆိုင်ဆိုင် နှစ်သစ်ကူးသီချင်းများကိုသာ ဆက်လက်ဖွင့်ထားကြ၏။

သို့သော် လမ်းပေါ်တွင် ပြီးခဲ့သည့်ရက်ပိုင်းကလောက် လူမများတော့ချေ။ ခရီးသွားအတော်များများမှာ အလုပ်ပြန်ဝင်ရန် ပြန်သွားကြပြီဖြစ်ရာ သက်ဝင်လှုပ်ရှားနေသော လမ်းဘေးမြင်ကွင်းနှင့် အနည်းငယ် ကျဲသွားသော လူအုပ်ကြီးမှာ နှစ်သစ်ကူးကာလ၏ ထူးခြားသော အငွေ့အသက်တစ်ခု ဖြစ်နေသည်။

လမ်းပေါ်တွင် ကားသိပ်မရှိသဖြင့် ဝက်ခြံပါတီ အဖွဲ့သားများမှာ တကယ့်ကို အကြမ်းပတမ်း မောင်းနှင်နေကြသည်။ ရှေ့ဆုံးမှ ဆန်းပင်းက လမ်းလယ်စည်းကို ခွမောင်းနေပြီး ဘေးတစ်ဖက်တစ်ချက်တွင် လောင်စစ် နှင့် လောင်ဝူတို့က လမ်းကြောတစ်ခုစီကို ယူထားကြသည်။ လောင်စစ်ကမူ မျက်နှာချင်းဆိုင် လမ်းကြော ထဲသို့ ရောက်နေ၏။ အနောက်မှ လိုက်လာသည့် ချန်ကျန့်က ညာဘက်လမ်းကြောတွင် ရှိနေပြီး ချန်အာဟူအတွက် နေရာဖယ်ပေးထားသော်လည်း အာဟူက အနားသို့မလာဘဲ တစ်ဖက်လမ်းကြောထဲမှာပင် ဆက်မောင်းနေခဲ့သည်။

မြို့လေး၏ လမ်းမှာ ထိုမျှသာ ကျဉ်းမြောင်းလှသည်။ မျက်နှာချင်းဆိုင်မှ လာသော ကားထဲရှိလူကို မြင်ချင်လျှင် လမ်းဘေးလူသွားလမ်းပေါ်မှပင် အထင်းသား မြင်နိုင်၏။ ထို့ပြင် သူတို့အားလုံးမှာ မျက်စိမှုန်သူ တစ်ယောက်မှ မပါကြချေ။

တကယ်တော့ သူတို့ ဒီလို မောင်းနေကြတာက ပုံစံတကျ ညီညီညာညာ ရှိနေစေဖို့ သက်သက်သာ ဖြစ်သည်။

သို့သော်လည်း ဒီလို မြို့လေးမျိုးမှာ လူတွေက ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုတာကို သိပ်ဂရုစိုက်လေ့ မရှိကြပါဘူး။ ကားတွေက စိတ်ကြိုက် ရပ်လိုက်၊ မောင်းလိုက် လုပ်နေကြသလို လမ်းဘေးမှာလည်း စောင်းစောင်းကြီးတွေ ရပ်ထားတတ်ကြတာ ပုံမှန်ပါပဲ။

သူတို့ မြို့အဝင်အထိ မောင်းလာခဲ့ကြပေမဲ့ ကျန်း ဆိုသော နာနာ့ ယောကျ်ားဟောင်းကိုတော့ အရိပ်အယောင်မျှ မတွေ့ရသေး။ တစ်ယောက်မှ ဆိုင်ကယ်ပေါ်က မဆင်းကြဘဲ ခြေထောက်ကို မြေကြီးပေါ် အားပြုရပ်ထားရင်း မြို့ထဲကို ဝင်လာမယ့် လမ်းကြောင်းကိုပဲ စိုက်ကြည့်နေကြသည်။

ဒေသခံတွေပဲ သိသည့် လမ်းကြားလေးအချို့ကလွဲရင် ဒါက မြို့ထဲကို ဝင်လာဖို့ တစ်ခုတည်းသော လမ်းမကြီးပင်။ ကိုယ်ပိုင်ကားနဲ့ဖြစ်ဖြစ်၊ လိုင်းကားနဲ့ဖြစ်ဖြစ် ဒီလမ်းကနေပဲ ဖြတ်ရတာပါ။ ဒီနေရာကိုသာ သေချာစောင့်ထားရင် ယောကျ်ားဟောင်း ကျန်းကို သေချာပေါက် ပိတ်မိမှာ ဖြစ်သည်။

အိတ်ထဲက ဖုန်းမြည်လာလို့ ချန်ကျန့် ထုတ်ကြည့်လိုက်တော့ ရှန်ယွီ ဖြစ်နေသည်။

"ဟယ်လို"

"မင်းက ငါ့ကိုမခေါ်ဘဲ အပြင်မှာ သွားကစားနေတာပေါ့"

ချန်ကျန့် ရယ်လိုက်ပြီး

"ဒါဆို မင်း လာမလား။ ကျွန်တော်တို့ မြို့အဝင်က ကားဂိတ်မှာ။"

"သူ့ကို ပိတ်မိပြီလား"

"မတွေ့သေးဘူး"

"သူ့ကို ပြောလိုက် အကောင်းဆုံး ရလဒ်က နှစ်ဦးသဘောတူ ကွာရှင်းဖို့ပဲ။ ဆွန်းနာနာရဲ့ ကွာရှင်းစာချုပ်ကို ငါကြည့်ပြီးပြီ။ သူမက ဘာမှမတောင်းဘဲ ဒီအတိုင်း ထွက်လာမယ့်ပုံစံပဲ။ အိမ်နဲ့ ပတ်သက်လို့လည်း အရင်က အတူတူ ပေးထားခဲ့တဲ့ အိမ်လစာ တစ်ဝက်ကိုပဲ ပြန်လျော်ပေးဖို့ တောင်းဆိုထားတာ" ရှန်ယွီက အေးအေးဆေးဆေးပင် မှာကြားလိုက်သည်။

"ကမ်းတဲ့လက်ကို မပုတ်ထုတ်ဖို့ သတိပေးလိုက်ဦး။"

"အဲ့ဒီစာချုပ်ကို မင်း ဘယ်တုန်းက ကြည့်လိုက်တာလဲ" ချန်ကျန့် အတော်လေး အံ့သြသွားသည်။

"အခုလေးတင်ပဲ"

ချန်ကျန့် ခေတ္တမျှ ကြောင်အမ်းသွားပြီးမှ…

"တကယ်လို့ သူက သဘောမတူဘူးဆိုရင်ကော ဘာလုပ်မလဲ။"

"ဒါဆိုရင်တော့ တရားရုံးမှာပဲ တွေ့ကြတာပေါ့"

ရှန်ယွီ၏ လေသံမှာ အေးစက်တည်ငြိမ်နေသည်။

"နာနာ ဘယ်လိုကြောင့် စိတ်ကျန်းမာရေး ထိခိုက်ခဲ့ရတာလဲ။ ကိုယ်ပေါ်က ဒဏ်ရာတွေက ဘယ်သူ့လက်ချက်လဲ ဆိုတာတွေကို အကုန်ပြောကြတာပေါ့။ ဟိုတစ်နေ့က စားသောက်ဆိုင်မှာ သူက ငါတို့ကို အရင်စပြီး ရန်ရှာခဲ့တာကိုလည်း သက်သေတွေ ရှိတယ်။ သူ့ကို ထောင်ထဲမှာ ရက်အနည်းငယ်လောက် သွားမအိပ်ခိုင်းတာက သူတို့ရဲ့ အရင်က သံယောဇဉ်ကို ငဲ့ညှာလို့ပဲ။ သူ့ကို ပြောလိုက်... အတော်ဆုံး ကွာရှင်းပြတ်စဲရေး ရှေ့နေက ဘယ်သူလဲဆိုတာ သွားစုံစမ်းထားဖို့။ ငါတို့ဘက်က အဲ့ဒီရှေ့နေနဲ့သာ တကယ်တိုးရင် သူ ဘာအခွင့်အရေးမှ ရမှာမဟုတ်ဘူး။"

"အတော်ဆုံး ကွာရှင်းပြတ်စဲရေး ရှေ့နေက ဘယ်သူလဲ" ချန်ကျန့်က မေးလိုက်သည်။

"ဘယ်သူသိမှာလဲ၊ ဘာပဲဖြစ်ဖြစ် သူကတော့ ငှားနိုင်မှာမဟုတ်ဘူး။ တကယ်လို့ နာနာ မေးလာခဲ့ရင် ငါတို့က ရှာပေးလိုက်တာပေါ့။ မသိဘူးဆိုရင်လည်း ငါ ဥက္ကဋ္ဌလျို ကို တစ်ယောက်လောက် မိတ်ဆက်ပေးဖို့ ပြောလိုက်မယ်။ မြို့တစ်မြို့ကို ဖြတ်ကျော်ပြီး လာရုံပဲ၊ ဒါက ကိစ္စအကြီးကြီး မဟုတ်ပါဘူး။"

"အင်း"

"ဒီအခြေအနေအထိတော့ မရောက်တာ အကောင်းဆုံးပဲ။ နာနာက ငါတို့ကို ဒီလောက်အထိ ဒုက္ခပေးချင်မှာ မဟုတ်ဘူး။ ဒီကောင် ကျန်းက အခွန်ရုံးမှာ စာချုပ်ချုပ်ဝန်ထမ်းလုပ်နေတာ။ သူသာ အေးအေးဆေးဆေး မကွာပေးဘူးဆိုရင် သူ့ရုံးရှေ့မှာ ဗီနိုင်းတွေသွားချိတ်ပြီး ဆန္ဒပြပစ်မယ်။ သူ့အလုပ်ပါ ပြုတ်သွားစေရမယ်..."

"နာနာက အဲ့လိုမျိုး လုပ်ပါ့မလား" ချန်ကျန့်က တွန့်ဆုတ်စွာ မေးသည်။

"သူကတော့ သေချာပေါက် မလုပ်ဘူးပေါ့။ ငါတို့ကပဲ လုပ်ပေးရမှာ... မင်းတို့လို အရှက်မရှိတဲ့ လူတစ်စုကပေါ့။"

"ရှန်ယွီ"

ချန်ကျန့်မှာ အံ့အားသင့်သွားရသည်။

"တကယ့်ကို စိတ်လှုပ်ရှားစရာပဲ"

ရှန်ယွီက ရုတ်တရက် စိတ်ဝင်တစား ဖြစ်လာသည်။

"ဗီနိုင်းပေါ်မှာ ရေးမယ့်စာသားတွေကိုတောင် ငါစဉ်းစားပြီးပြီ။ မင်းတို့ကို ရေးပေးလို့တောင် ရတယ်..."

"တော်တော့ဗျာ!" ချန်ကျန့်က အသံနှိမ့်ပြီး သူ့စကားကို ဖြတ်ပြောလိုက်ရသည်။

"မန်နေဂျာ သူလာနေပြီ!"

ချန်အာဟူက ခေါင်းလှည့်ပြီး ချန်ကျန့်ကို လှမ်းအော်သည်။

"မင်းက ဘယ်သူနဲ့ ဒီလောက်ကြာအောင် ဖုန်းပြောနေတာလဲ!"

ချန်ကျန့် ရှေ့ကိုကြည့်လိုက်သည်။ သူတို့နှင့် မီတာ ၂၀၊ ၃၀ ခန့်အကွာတွင် အဖြူရောင်ကားတစ်စီး ရှိနေပြီး သူတို့ကို မြင်သည်နှင့် ရုတ်တရက် အရှိန်လျှော့သွားသည်။

"သူရောက်ပြီ၊ဖုန်းချလိုက်ပြီနော်။"

"သူက အေးအေးဆေးဆေး စကားမပြောဘူးဆိုရင် နည်းနည်းလောက် တွန်း ပေးလိုက် ။ ခြောက်လှန့်ရုံသက်သက်ပေါ့။ နာနာ့ကိစ္စက ဒီလောက်အထိ ကြာနေရတာက သူ့ဘက်မှာ ပြတ်ပြတ်သားသားနဲ့ မာမာထန်ထန် ရပ်တည်ပေးမယ့်သူ မရှိလို့ပဲ။"

"ဘာကိုတွန်းရမယ်"

ချန်ကျန့်သည် ရှန်ယွီ ကိုယ်တိုင်လိုက်မလာသည်မှာ တော်သေးသည်ဟု ခံစားလိုက်ရသည်။

"နည်းစနစ်ကျကျ တွန်းထုတ်ခိုင်းတာပါ မန်နေဂျာရာ။ ဒါတွေကိုတော့ ငါ့ထက် မင်းက ပိုကျွမ်းကျင်မှာပါ။"

"အင်း... သိပြီ"

ချန်ကျန့်က ပြန်ဖြေရင်း ဟိုတစ်ခေါက် စားသောက်ဆိုင်တွင် ရှန်ယွီက ကျန်းကို လည်ပင်းညှစ်ခဲ့သည်ကို ပြန်သတိရလိုက်မိသည်။ အဖြူရောင်ကားမှာ လမ်းဘေးသို့ ကပ်ရပ်လိုက်သည်။

ချန်ကျန့်နှင့် တခြားသူများလည်း ဆိုင်ကယ်များဖြင့် ဖြည်းဖြည်းချင်း ချဉ်းကပ်သွားပြီး ၁၀ မီတာခန့်အကွာတွင် ရပ်လိုက်ကြသည်။ ထို့နောက် အားလုံး ဆိုင်ကယ်ပေါ်မှ ဆင်းလိုက်ကြ၏။

ချန်အာဟူက အရှိန်အဝါအပြည့်ဖြင့် ပုခုံးကို လှုပ်ခါရင်း ကားရှေ့သို့ လျှောက်သွားသည်။

ခြေလှမ်းအနည်းငယ် လျှောက်ပြီးနောက် သူက ခေါင်းစောင်းကြည့်ကာ

"တောက်... ချန်ကျန့်၊ သူ လူတွေပါ ခေါ်လာတယ်ဟ။"

နောက်ခန်းမှာ လူတွေပါနေသည်ကို ချန်ကျန့်လည်း မြင်လိုက်ရသည်။ သို့သော် ကားရှေ့သို့ နီးကပ်သွားပြီး နောက်ခန်းကလူတွေကို အထင်အသား မြင်လိုက်ရချိန်တွင်မူ ချန်ကျန့်မှာ ဆွံ့အသွားရတော့သည်။

ဒီကောင် ကျန်းက တကယ့်ကို စက်ဆုပ်ဖို့ကောင်းသည်။ တကယ်လို့ သူက လူမိုက်အချို့ခေါ်လာပြီး ပြဿနာရှာမည်ဆိုလျှင် ကိုင်တွယ်ရသည်မှာ ပိုလွယ်ကူပေလိမ့်မည်။ သို့သော် ယခုသူခေါ်လာသူများမှာ ဟိုတစ်နေ့က ညစာအတူစားခဲ့သည့် နာနာ၏ မိဘများဖြစ်နေသည်။

အခုတော့ ဘယ်လိုလုပ်ပြီး "နည်းစနစ်ကျကျ တွန်းထုတ်" ရတော့မှာလဲ။

"မင်းတို့ ဘာလုပ်ချင်တာလဲ!"

ယောကျ်ားဟောင်း ကျန်းက ကားပေါ်မှ ဆင်းလာပြီး သူတို့ကို လက်ညှိုးထိုးကာ ကားရှေ့ကစောင့်ကြည့်ကင်မရာ ကို ပြလိုက်သည်။

"ဒါက ဗီဒီယိုရိုက်နေတာနော်။"

"ဟိုတစ်နေ့က ဟိုတယ်စင်္ကြံမှာ မင်း လူကို ထိုးခဲ့တုန်းကလည်း"

ချန်ကျန့်က အသံကိုမြှင့်ကာ ကားမှန်ထဲသို့ ငုံ့ကြည့်ရင်း ပြောလိုက်သည်။

"ဟိုတယ်ရဲ့ CCTV ကလည်း ရိုက်နေတာပဲလေ!"

ထိုသို့ပြောပြီးနောက် သူက မျက်နှာပျက်နေသော နာနာ၏ မိဘများကို ပြုံးပြလိုက်သည်။

"နှစ်သစ်ကူးမှာ စိတ်ချမ်းသာပါစေ ဦးလေးနဲ့ ဒေါ်ဒေါ်။"

"မင်းတို့ ဝင်မပါနဲ့ ။ မင်းတို့က နာနာ့ကို ဒီကိုရောက်အောင် လှည့်ဖြားခေါ်ထားတာ..."

"မဟုတ်တာတွေ လျှောက်ပြောတာက ဥပဒေနဲ့ ငြိစွန်းတယ်နော် အစ်ကိုကြီး"

"စကားကို ဆင်ခြင်ပြောစမ်း"

ချန်အာဟူက ကျန်းကို စိုက်ကြည့်လိုက်သည်။

"ပြန်ပေးဆွဲခံထားရတဲ့လူက မြို့ထဲသွားပြီး ဈေးဝယ်ထွက်၊ လျှောက်လည်နေလို့ ရမလား။"

"ဒါဆိုရင် ငါတို့ကို မြို့ထဲပေးမဝင်ဘဲ ပိတ်ထားတာက ဘာအဓိပ္ပာယ်လဲ"

"မင်းကိုယ်တိုင် ကားရပ်လိုက်တာလေ။ ငါတို့က မင်းကားပျက်နေလို့ ကူညီမလို့ လာကြည့်တာ" လောင်ဝူက ဆို၏။

"ဘာလဲ... ဘာလို့ ဒီလောက်အဝေးကြီးမှာ ရပ်တာလဲ။ စိတ်ထဲမှာ တစ်ခုခု မလုံလို့လား။"

"နာနာ ဘယ်မှာလဲ၊ အန်တီတို့ သမီးကို တွေ့ချင်တယ်"

နာနာ့အမေက ကားထဲကနေပဲ ချန်ကျန့်ကို လှမ်းကြည့်ပြီး မေးသည်။ သူမ ကားပေါ်က ဆင်းမလာသေးပါ။

"နာနာကျဲ အလုပ်လုပ်နေပါတယ် အန်တီ"

ချန်ကျန့်က ယဉ်ယဉ်ကျေးကျေး ပြန်ဖြေ၏။

"အန်တီတို့ တွေ့ချင်တယ်ဆိုရင် ကျွန်တော်တို့ လိုက်ပို့ပေးပါ့မယ်။ ဒါပေမဲ့ ဒီလူကတော့... နာနာကျဲက သူ့ကို မတွေ့ချင်ဘူးလို့ ပြောထားလို့ပါ..."

"မားမား"

ယောကျ်ားဟောင်း ကျန်းက ကြားဖြတ်ဝင်လာပြီး ချန်ကျန့်ကို တွန်းထုတ်လိုက်သည်။

"သူတို့စကားကို နားမယောင်ပါနဲ့။ ဒီလို ခေါင်တဲ့နေရာက လူတွေက လူမိုက်တွေချည်းပဲ၊ သိပ်အန္တရာယ်များတယ်။"

"ရဲစခန်းက မြို့အဝင်ကနေ မီတာတစ်ရာပဲ ဝေးတာဗျ။ အရင်သွားပြီး တိုင်ချက်ဖွင့်ချင်သေးလား။"

ချန်ကျန့်က အေးအေးဆေးဆေး ပြန်တုံ့ပြန်သည်။

"မင်းတို့ဆီ ငါ့လူကြီးတွေကို အပါမခံနိုင်ဘူး"

ကျန်းက ချန်ကျန့်ကို လက်ညှိုးငေါက်ငေါက်ထိုးပြီး အော်သည်။

မင်းလက်ညှိုးကို မင်းဘိုးအေကို သွားထိုးစမ်း!

ချန်ကျန့် ဘာမှပြန်မပြောဘဲ လက်ကို ဆတ်ခနဲမြှောက်ကာ ကျန်း၏ လက်ညှိုးကို ဖမ်းဆုပ်ပြီး နောက်သို့ လှန်ချိုးလိုက်သည်။ ကျန်း၏ မျက်နှာမှာ နာကျင်မှုကြောင့် ရှုံ့မဲ့သွား၏။ သူက ချန်ကျန့်၏ လက်ကောက်ဝတ်ကို ပြန်ဖမ်းပြီး ကားရှေ့သို့ ဆွဲခေါ်ရန် ကြိုးစားရင်း "မင်း" ဟု အော်လိုက်သည်။

သူ့စကားမဆုံးခင်မှာပဲ အနောက်က ဆန်းပင်းက အရင်ဦးအောင် အော်လိုက်သည်။

"ဘာလုပ်တာလဲဟ!"

ထို့နောက် ဆန်းပင်းက ကားခေါင်းပေါ်သို့ သူ့ကိုယ်သူ ပစ်တင်လိုက်သည်။ လက်ထဲက ဖုန်းကလည်း ကားခေါင်းကို ရိုက်မိပြီး လွင့်ထွက်သွား၏။

"ဆန်းပင်း၊ အဆင်ပြေရဲ့လား!"

လောင်ဝူက ချက်ချင်းပြေးသွားပြီး ဆန်းပင်းကို ထူပေးရင်း ကျန်းတို့ကို လက်ညှိုးပြန်ထိုးတော့သည်။

"ဘာလုပ်တာလဲ၊ လူကို ရိုက်တယ်ပေါ့လေ!"

လောင်စစ်ကလည်း အနောက်ကနေ ကားရှေ့ဘက်ကို ဆုတ်ဖို့ပြင်နေတဲ့ ကျန်းကို ပိတ်ရပ်ထားလိုက်သည်။

ဝက်ခြံပါတီက လူတွေဟာ ဦးနှောက်သိပ်မပြေးဘူးဆိုပေမဲ့ ဒီအခြေအနေမှာတော့ ကျန်းရဲ့ စောင့်ကြည့်ကင်မရာဟာ ၃၆၀ ဒီဂရီ မဟုတ်ဘဲ ရှေ့တည့်တည့်ကိုပဲ မြင်ရမှန်း ချက်ချင်း ရိပ်မိလိုက်ကြသည်။ ချန်ကျန့်က ကျန်း၏ လက်ညှိုးကို လွှတ်ပေးလိုက်ပြီး လက်ကောက်ဝတ်ကို ပြောင်းပြန်လိမ်ကာ အောက်သို့ ဖိချလိုက်သည်။ ကျန်းမှာ ကိုယ်ဟန်ပျက်ပြီး ချန်ကျန့်ရှေ့သို့ ငိုက်ကျလာ၏။

ချန်ကျန့်က ကျန်း၏ အင်္ကျီကော်လာကို ဆွဲလိုက်ပြီး အသံနှိမ့်ကာ ပြောလိုက်သည်။

"အေးအေးဆေးဆေး ကွာရှင်းပေးလိုက်။ မင်းက တရားရုံးအထိ ဆွဲတင်ချင်လောက်အောင် ထုံအတယ်ဆိုရင်တော့ မင်းပဲ ရှုံးမှာ။ နာနာ ဘယ်လိုကြောင့် စိတ်ကျန်းမာရေး ထိခိုက်ခဲ့ရတာလဲ၊ မျက်နှာပေါ်က ဒဏ်ရာတွေက ဘယ်သူ့လက်ချက်လဲ... အဲ့ဒါတွေကို မင်းရဲ့ အခွန်ရုံးက အထက်လူကြီးတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေ ဝိုင်းပြီး ဆွေးနွေးပေးတာမျိုးကို မင်း တကယ်လိုချင်လို့လား။"

"ဘာစကားပြောတာလဲ! မင်းက ငါ့ကို ညစ်ပတ်တဲ့နည်းလမ်းနဲ့ ကစားချင်တာပေါ့လေ!"

ကျန်းက ချန်ကျန့်လက်ထဲက ရုန်းထွက်ဖို့ ကြိုးစားပေမဲ့ မရချေ။

"ဘယ်သူက မင်းထက် ပိုညစ်လို့လဲ။ ငါပြောမယ်... ဒီကိစ္စတွေက ကွာရှင်းဖို့တင်မကဘူး၊ မင်းကို ထောင်ထဲပို့ဖို့တောင် လုံလောက်တယ်"

ချန်ကျန့်က ကျန်း၏ မျက်နှာနား တိုးကပ်ပြီး လေသံမာမာဖြင့် ဆိုလိုက်သည်။

"ကမ်းတဲ့လက်ကို မပုတ်ထုတ်နဲ့။ အတော်ဆုံး ရှေ့နေကို သွားရှာထားစမ်းပါ။ ဘာမှမရဘဲ လက်ဗလာနဲ့ ထွက်သွားရတဲ့နေ့ကျမှ နောင်တမရနဲ့။"

ကျန်း ဘာမှပြန်မပြောနိုင်ခင်မှာပဲ ချန်ကျန့်က သူ့ကို ကားတံခါးဘက်သို့ အားဖြင့် တွန်းလွှတ်လိုက်သည်။

ကျန်း၏ ဦးခေါင်းမှာ ကားနှင့် ရိုက်မိပြီး "ဒုန်း" ခနဲ အသံမြည်သွား၏။ ကားထဲက နာနာ့မိဘနှစ်ပါးမှာ ထိတ်လန့်သွားကြသည်။ ချန်ကျန့် ခဏမျှ တုံ့ဆိုင်းသွား၏။

ငါ နည်းနည်း များသွားပြီလား။ လူကြီးတွေရှေ့မှာဆိုတော့...

သို့သော် ကျန်း၏အနောက်မှာ ပိတ်ရပ်နေသော လောင်စစ်က မျက်တောင်တစ်ခတ်အတွင်း အခြေအနေကို ရိပ်မိလိုက်ပြီး ကားခေါင်းပေါ်သို့ အရှိန်ဖြင့် နောက်ပြန်လဲကျပြလိုက်ပြန်သည်။

"အား!" ဟုပင် ထပ်အော်ဟစ်လိုက်သေးသည်။

တောက်၊ ဒါက ဟိုဘက်ကလူတွေထက်တောင် ပိုပြီး အကွက်စေ့နေသေးတယ်။

ယောကျ်ားဟောင်း ကျန်းခမျာ သူတို့ရဲ့ တွန်းထုတ်မှု အရှိန်အောက်မှာ အတော်လေးကို အထိနာနေပြီ။ ရှန်ယွီ ပြောခဲ့သလိုပါပဲ၊ ဒီလူဟာ နာနာ့ဘက်မှာ ဒီလောက်အထိ မာမာထန်ထန် ရပ်တည်ပေးမယ့်သူမျိုး တစ်ခါမှ မကြုံဖူးခဲ့တာ သေချာသည်။ အထူးသဖြင့် "လူမိုက်" တသိုက်နဲ့ပေါ့။

သူ အမြဲတမ်း ဟန်ဆောင်ထိန်းသိမ်းလာခဲ့တဲ့ "လူကြီးလူကောင်း" ပုံရိပ်ဟာ အခုတော့ ပြိုလဲလုနီးပါး ဖြစ်နေပြီ။

သူက သွားကို တင်းတင်းကြိတ်ပြီး ချန်ကျန့်ဆီ ပြေးဝင်လာပြန်၏။ ချန်ကျန့်က နောက်ကို တစ်လှမ်းဆုတ်လိုက်ပြီး လှမ်းကန်ဖို့ ပြင်လိုက်စဉ်မှာပဲ ချန်အာဟူက ကြားထဲက ဖြတ်ဝင်လာပြီး ကျန်းကို လှမ်းဖက်ကာ ကားခေါင်းပေါ်ကို နှစ်ယောက်သား လုံးထွေးပြီး လဲကျသွားကြတော့သည်။

ကင်မရာရှေ့မှာတော့ တကယ့်ကို အကွက်ကျကျပဲ။ ဒါတွေကို ဗီဒီယိုအတို ရိုက်ရင်တော့ တကယ် အောင်မြင်မှာပဲ... ချန်ကျန့် တွေးလိုက်မိ၏။

"တော်ကြပါတော့၊ မချကြနဲ့တော့"

နာနာ့အမေက နောက်ဆုံးမှာ စိတ်မရှည်တော့ဘဲ ကားပေါ်က ဆင်းလာသည်။

"ရှောင်ကျန်း... သူတို့နဲ့ ဖက်မပြိုင်ပါနဲ့တော့။"

"အန်တီ"

ချန်ကျန့်က ချန်အာဟူရဲ့ လက်ထဲမှာ ရုန်းမရ၊ ဖယ်မရ ဖြစ်နေတဲ့ ကျန်းကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။

"နာနာကျဲက ကျွန်တော်တို့ တည်းခိုခန်းမှာ ရှိနေတုန်း ခြိမ်းခြောက်တဲ့ စာတွေအပို့ခံရလို့ အရမ်းကြောက်နေတာ။ အဲ့ဒါကြောင့် ကျွန်တော်တို့က စိုးရိမ်လို့ လိုက်ကြည့်ပေးတာပါ။"

"မင်းတို့က..." နာနာ့အဖေက သူတို့တစ်စုလုံးကို အကဲခတ်သလို ကြည့်လိုက်သည်။

ဦးလေးကို တောင်းပန်ပါတယ်၊ ကျွန်တော်တို့အုပ်စုက ကြည့်ရတာ လူမိုက်တွေနဲ့ တကယ်တူနေလို့ပါပဲ။

"ကျွန်တော်တို့ကတော့ မစ္စတာကျန်းအပေါ်မှာ ကောင်းတဲ့အမြင် မရှိတာ အမှန်ပဲ။ ဘာလို့လဲဆိုတော့ ဟိုတစ်ခေါက် စားသောက်ဆိုင်မှာ တွေ့တုန်းက ကိစ္စတွေ အားလုံး ပြေလည်သွားပြီဆိုမှ သူက ကျွန်တော်တို့ ဘော့စ်ကို ရုတ်တရက် ထိုးခဲ့လို့ပါ။ အဲ့ဒါကို စားသောက်ဆိုင်က ဝန်ထမ်းတွေအားလုံး မြင်ကြပါတယ်။"

"တကယ်လား" နာနာ့အမေက အနည်းငယ် သံသယရှိသော လေသံဖြင့် မေးသည်။

"ဘယ်သူ့ကိုမဆို မေးကြည့်လို့ရပါတယ် အန်တီ"

"ဒီလိုလုပ်ရအောင်"

နာနာ့အဖေက မျက်မှောင်ကြုတ်လျက် ယောကျ်ားဟောင်း ကျန်းကို လှည့်ကြည့်လိုက်သည်။

"လောလောဆယ် ဒီမှာ ရုန်းရင်းဆန်ခတ်တွေ မလုပ်ကြနဲ့တော့။ ကြည့်လို့လည်း မကောင်းဘူး... ရှောင်ကျန်း၊ မင်း ဒီမှာပဲ ခဏစောင့်နေ။ ငါတို့ အထဲဝင်သွားလိုက်မယ်..."

"မဖြစ်ဘူးလေ!" ကျန်းက အော်ပြောသည်။

"ပါးပါး... ပါးပါးတို့ တစ်ယောက်တည်း သွားလို့မရဘူး။"

"အန်တီ အရင်ဆုံး နာနာကျဲဆီ ဖုန်းခေါ်ကြည့်ပါလား" ချန်ကျန့် အကြံပေးလိုက်သည်။

"သူက အန်တီတို့ ဖုန်းဆိုရင် မကိုင်တော့ဘူးလေ" နာနာ့အမေက သက်ပြင်းချရင်း ဆို၏။

"ခဏလေး စောင့်ပါဦး"

ချန်ကျန့်က သူ၏ဖုန်းကို ထုတ်ကာ နာနာ့နံပါတ်ကို ခေါ်လိုက်ပြီး Speaker ဖွင့်လိုက်သည်။

"မန်နေဂျာချန်... အခြေအနေ ဘယ်လိုလဲ" နာနာ့အသံ ထွက်ပေါ်လာသည်။

"ကျဲ" ချန်ကျန့်က နာနာ့အမေကို တစ်ချက်ကြည့်လိုက်ပြီး

"ကျဲ မိဘတွေ ရောက်နေတယ်။ သူတို့ ကားထဲမှာ..."

"ငါမတွေ့ဘူး၊ ငါမတွေ့ဘူး၊ ငါမတွေ့ဘူး..." နာနာက ဆက်တိုက်ပင် ငြင်းဆိုလိုက်တော့သည်။

"သူတို့နှစ်ယောက်တည်းပါ" ချန်ကျန့်က ချော့မော့ပြောလိုက်ရသည်။

"မစ္စတာကျန်းကတော့ လိုက်မလာဘူး။"

နာနာ ခေတ္တမျှ တိတ်ဆိတ်သွား၏။ ချန်ကျန့်က ဖုန်းကို နာနာ့အမေဆီ ကမ်းပေးလိုက်သည်။ နာနာ့အမေက ဘေးသို့ ခပ်လှမ်းလှမ်း ထွက်သွားပြီး နာနာနှင့် ခဏကြာ စကားပြောနေသည်။ သူမ ပြန်လှည့်လာချိန်တွင် မျက်ဝန်းများက နီရဲနေခဲ့ပြီ။

"မန်နေဂျာချန်... ဒါဆို ကျွန်မတို့ကို အထဲ လိုက်ပို့ပေးပါဦး"

"ကောင်းပါပြီ၊ ဒါဆိုရင်တော့..."

ချန်ကျန့်က ဘေးကကားကို ကြည့်လိုက်သည်။ သူ ထိုကားကို မောင်းတတ်၊ မောင်းနိုင်မလား မသေချာချေ။ သူက ဆိုင်က ကားနှစ်စီးကိုသာ မောင်းဖူးသည်လေ။

"ကျွန်တော်တို့ ဆိုင်ကယ်တွေနဲ့ပဲ သွားကြတာပေါ့။"

"ရပါတယ်" နာနာ့အမေက နာနာ့အဖေကို ကြည့်ပြီး ခေါင်းညိတ်ပြသည်။

"ဆန်းပင်း၊ မင်းတို့ ဒီမှာ မစ္စတာကျန်းနဲ့အတူ စောင့်နေလိုက်ဦး"

ချန်ကျန့်က ကျန်းကို တစ်ချက်လှမ်းကြည့်ရင်း မှာကြားလိုက်သည်။

"အာဟူနဲ့ ငါက ဦးလေးနဲ့ အန်တီကို အထဲ လိုက်ပို့ပေးလိုက်မယ်။"

ချန်ကျန့်နှင့် ဝက်ခြံပါတီ အဖွဲ့သားများ ပုံစံထုတ်ပြီး မြို့ထဲမှ မောင်းထွက်လာစဉ်က လူတွေက အသားကျနေပြီဖြစ်၍ သိပ်သတိမထားမိကြချေ။ သို့သော် ယခုအခါ ချန်ကျန့်နှင့် ချန်အာဟူတို့က နာနာ့မိဘနှစ်ပါးကို တစ်ယောက်တစ်စီးစီ တင်ဆောင်ကာ မြို့ထဲသို့ ပြန်ဝင်လာသည့်အခါတွင်မူ လမ်းဘေးရှိ ဆိုင်ရှင်အချို့က သိချင်စိတ်ဖြင့် လှမ်းကြည့်နေကြပါတော့သည်။

တည်းခိုခန်းကို ပြန်ရောက်တဲ့အခါ နာနာ့မိဘတွေက ခြံဝင်းထဲမှာ ရပ်ပြီး တည်းခိုခန်း အဆောက်အအုံကြီးကို အကြာကြီး ငေးကြည့်နေကြသည်။

"နှစ်သစ်ကူးမှာ ပျော်ရွှင်ပါစေ ဦးလေးနဲ့ အန်တီ။ လမ်းခရီးမှာ တော်တော်ပင်ပန်းလာပြီ ထင်တယ်" ဟူဖန်က အထဲက ထွက်လာပြီး ခရီးဦးကြိုပြုလေသည်။

"နာနာကျဲကတော့ အဆောင်မှာ နားနေပါတယ်။ ကျွန်မ လိုက်ပို့ပေးပါ့မယ်။"

အားလုံး လော်ဘီထဲကို လျှောက်ဝင်လာကြတော့ ရှန်ယွီက ဧည့်ကြိုကောင်တာမှာ ရပ်နေတာကို တွေ့လိုက်ရသည်။

"ဟိုတစ်ယောက်က…”

" နာနာ့အမေက ရှန်ယွီကို လက်ညှိုးထိုးပြတယ်။

"ကျွန်တော်တို့ ဘော့စ် ပါ။ ဟိုတစ်နေ့က တွေ့ခဲ့ကြတယ်လေ။"

"ဟုတ်တယ်" နာနာ့အဖေက ရှန်ယွီကို ကြည့်ပြီး

"သူပဲ။"

သူတို့၏ တုံ့ပြန်ပုံက နည်းနည်းတော့ ထူးဆန်းနေသည်။ ပုံမှန်ဆိုရင် ဓာတ်လှေကားထဲ လိုက်မစီးတတ်သည့် ရှန်ယွီက တစ်ခုခုကို ရိပ်မိပုံရပြီး အနောက်ဆုံးကနေ လိုက်စီးလာခဲ့သည်။

"နာနာ အဆင်ပြေရဲ့လားဟင်" နာနာ့အမေက ရှန်ယွီကို မေး၏။

"အရင်ကတော့ ပြေပါတယ်။ အခုတော့ သိပ်မကောင်းဘူးပေါ့"

ဓာတ်လှေကားထဲမှာ ဘယ်သူမှ စကားထပ်မပြောဖြစ်ကြဘူး။ စတုတ္ထထပ်ကို ရောက်တော့ အားလုံး အဆောင်ထဲကို တိတ်တဆိတ် ဝင်ခဲ့ကြသည်။ နာနာက မိန်းကလေးဆောင်ထဲမှာ ထိုင်စောင့်နေ၏။ သူတို့ ဝင်လာတာကို မြင်ပေမဲ့ သူမ မလှုပ်မယှက်ဘဲ နေနေတုန်းပဲ။

"မိဘတွေနဲ့ စကားပြောလိုက်ဦး။ တစ်ခုခုလိုအပ်ရင် လှမ်းခေါ်လိုက်လေ"

ရှန်ယွီက ပြောပြီး ပြန်ထွက်ဖို့ ပြင်လိုက်သည်။

"မသွားပါနဲ့ဦး" နာနာ ထရပ်လိုက်၏။

ရှန်ယွီရော ချန်ကျန့်ပါ ခြေလှမ်းတွေ တုန့်ခနဲ ဖြစ်သွားကြသည်။ အဆောင်အပြင်ဘက် ရောက်နေပြီဖြစ်တဲ့ ချန်အာဟူတောင် အထဲကို ပြန်ဝင်လာခဲ့တော့၏။ နာနာဟာ သူမရဲ့ စိတ်အခြေအနေက သိပ်မကောင်းတာကြောင့် တစ်ယောက်ယောက်က သူမဘက်ကနေ ကူပြောပေးဖို့ မျှော်လင့်နေပုံ။

"မင်းနဲ့ နာနာက ဘာပတ်သက်တာလဲ"

နာနာ့အဖေက ရှန်ယွီကို စိုက်ကြည့်ရင်း မေးတော့၏။ လမ်းတစ်လျှောက်လုံး အောင့်ထားပုံရသည့် မေးခွန်းပဲ။

ရှန်ယွီက သူ့ကို တည်တည်ငြိမ်ငြိမ် ပြန်ကြည့်ပြီး

"ကျွန်တော်က သူရဲ့ ဘော့စ်ပါ"

"အလုပ်... သက်သက်ပဲလား"

နာနာ့အမေကလည်း မယုံသင်္ကာဖြစ်နေပုံပဲ။

"ဒါဆို နောက်ထပ် ဘာရှိဦးမှာလဲ၊ ဆွန်းနာနာက ဖောက်ပြန်နေတယ်လို့ အန်တီတို့က မေးချင်တာလား။"

နာနာ့အဖေ တိတ်သွားသည်။

"ဒါကတော့... နာနာ့ဘက်ကရော ဘာမှားနေလို့လဲဆိုတာ သိချင်လို့ပါ"

နာနာ့အမေက သက်ပြင်းသဲ့သဲ့ ချလိုက်သည်။

"သူမဘက်က မှားသည်ဖြစ်စေ၊ မမှားသည်ဖြစ်စေ၊ ကွာရှင်းစာချုပ်ထဲမှာတော့ သူက အစွမ်းကုန် အလျော့ပေးထားပြီးသားပါ"

ရှန်ယွီက ချန်ကျန့်ကို တစ်ချက် လှမ်းကြည့်လိုက်၏။

"နောက်ပြီးတော့..."

ချန်ကျန့်ဟာ ရှန်ယွီရဲ့ အဲ့ဒီအကြည့်အဓိပ္ပာယ်ကို ချက်ချင်းဆိုသလို နားလည်လိုက်သည်။

ပြောလိုက်တော့! ကျွန်တော် ဂရုမစိုက်ဘူး!

သူ့စိတ်ထဲမှာ မရှင်းပြတတ်တဲ့ စိတ်လှုပ်ရှားမှုမျိုးတောင် ခံစားနေရသည်။

"ဒါက ကျွန်တော့်ရဲ့ ချစ်သူ ပါ"

ရှန်ယွီက ချန်ကျန့်ကို ညွှန်ပြပြီး ပြောလိုက်သည်။

"ဒါကြောင့် ကျွန်တော်နဲ့ ဆွန်းနာနာကြားမှာ လုပ်ဖော်ကိုင်ဖက်နဲ့ သူငယ်ချင်းကလွဲရင် တခြား ဘာပတ်သက်မှုမှ မရှိနိုင်ပါဘူး။"

အဲ့ဒီစကားကို ကြားလိုက်ရတဲ့အခါ နာနာ့မိဘနှစ်ပါးလုံး ဆွံ့အသွားကြသလို... ချန်အာဟူလည်း ပါတာပေါ့။

ချန်ကျန့်ဟာ ချန်အာဟူရဲ့ အကြည့်ထဲက စကားသံတွေကိုတောင် ခံစားနေရ၏။

“ဘာတွေလဲဟ။ ချန်ကျန့်။ ဒါ အတည်လား။ ဒါမှမဟုတ် အကွက်လား ငါ ဘယ်လို ဝိုင်းကူပေးရမလဲ!”

"အဲ့လိုလား..."

နာနာ့အမေက သတိပြန်ဝင်လာမှ ပြန်ပြောနိုင်သည်။

ချန်အာဟူက အဖွဲ့ခေါင်းဆောင်ပီပီ အံ့သြမှုကို ခပ်မြန်မြန် ဖုံးဖိပြီး ခေါင်းညိတ်ပြရင်း…

"ဟုတ်ပါတယ်။ ကျွန်တော်တို့ အားလုံးလည်း သိကြပါတယ်ဗျာ။"


NEXT


Comments

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

2

အခန်း (၂) မိုးမှာ တဖွဲဖွဲတစ်လှည့်၊ သည်းထန်စွာတစ်လှည့် ဆက်လက်ရွာသွန်းနေဆဲ…ဆိုင်တံခါးအပြင်ဘက်ရှိ မိုးကာအမိုးပေါ်တွင် ရေများပြည့်လျှံနေပြီး အချိန်မရွေး ပြိုကျတော့မည့်အလား ။ လျူဝူသည် ထိုအမိုးကို ခေတ္တမျှ စောင့်ကြည့်နေပြီးနောက် လက်ညှိုးထိုးပြကာ မေးမြန်းစူးစမ်းခန်းစသည်။ “အဲ့ဒီဟာက ရေတွေကို အလိုအလျောက် စီးဆင်းအောင် လုပ်ပေးနိုင်တာလား” “ဟုတ်တယ်” ချန်ကျန် ခပ်တိုတိုပဲ ပြန်ဖြေ၏။ “ဟင်” လျူဝူသည် အံ့အားသင့်သွားပြီး “တကယ်ကြီး အလိုအလျောက်လား” ဟု ထပ်မေးသည်။ “အသံနဲ့ ခိုင်းရတာလေ” “ဗျာ” ချန်ကျန့် အဖြေကြောင့် လျူဝူမှာ ပို၍ပင် ဝေခွဲမရဖြစ်သွားတော့သည်။ ရှန်ယွီသည် သက်ပြင်းချရင်း မျက်နှာကို အခြားတစ်ဖက်သို့ လွှဲလိုက်ရ‌တော့၏။ ချန်ကျန် မတ်တတ်ရပ်လိုက်ပြီး တံခါးဘေးရှိ ခွတစ်ခုကို ယူကာ မိုးကာအမိုးအောက်သို့ လမ်းလျှောက်သွားသည်။ ထို့နောက် အမိုး၏ အပေါ်ဘက်ကို နှစ်ချက်ခန့် ဆွလိုက်ရာ စုပုံနေသော မိုးရေများမှာ ဝေါကနဲ စီးကျသွားပြီး မိုးကာအမိုးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ “မင်း ပြောလိုက်တဲ့ ခဏမှာပဲ ရေတွေက စီးဆင်းသွားတာလေ” ချန်ကျန် ပြန်လည်ထိုင်လိုက်ရင်း “အသံနဲ့ ခိုင်းရတာဆိုတာ အဲ့ဒါကို ပြောတာ” ဟု ဆိုသည်။ “အသံနဲ့ ခိုင်းရတယ်ဆို...