အပိုင်း (၁၁၄)
"ဒီမြင်ကွင်းကိုသာ တစ်စုံတစ်ယောက် မြင်သွားရင်…ကားထဲမှာ concert လုပ်နေတာထက်တောင် ပိုပြီး အံ့ဩသွားဦးမှာ။"
"ဒါက တခြားစီပါဗျာ"
ချန်ကျန့် က သူ့နှုတ်ခမ်းကို လက်မဖြင့် ပွတ်ရင်း ပြောလိုက်သည်။
"ပြီးတော့ ဥက္ကဋ္ဌလျိုသာ မဟုတ်ရင် ဘယ်သူမြင်မြင် ကျွန်တော် ဂရုမစိုက်ဘူး။"
ရှန်ယွီက ကားထဲက ကော်ဖီခွက်နှင့် ဖောက်ထားသော မုန့်ထုပ်များကို တစ်ချက်ကြည့်လိုက်ပြီး
"မင်းရဲ့ ညနေခင်း လက်ဖက်ရည်ပွဲက တော်တော်လေး စုံလင်လှချည်လား"
"ညနေခင်း ကော်ဖီပွဲပါဗျာ"
ချန်ကျန့်က ပစ္စည်းများကို ပလတ်စတစ်အိတ်ထဲသို့ ပြန်ထည့်ရင်း ပြောလိုက်သည်။
"ဒီမြို့ထဲက ကော်ဖီတွေက ဈေးကြီးလွန်းတယ်။ အရသာမရှိတဲ့ လတ်တေး တစ်ခွက်ကို ၂၈ ယွမ်တောင် ပေးရတယ်။ ထူးထူးခြားခြားလည်း မဟုတ်ဘဲနဲ့။ တာ့ယွင် က ကော်ဖီတွေကသာ ဟန်မဆောင်လို့ပေါ့။ မဟုတ်ရင် အဲ့ဒါတွေလည်း ၂၀ ကျော်လောက်နဲ့ ရောင်းလို့ရတာပဲကို..."
"နောက်ကျရင် ငါတို့တွေ ပိုပြီးသားနားတဲ့ ကော်ဖီမျိုး လုပ်ကြတာပေါ့"
ချန်ကျန့် က ချက်ချင်းပင် ခေါင်းလှည့်ကြည့်လိုက်သည်။
"ဟင် ဘယ်နေရာမှာလဲ"
"ရွာဟောင်းကနေ ရှီထိုပေါင် ကို သွားတဲ့လမ်းကိုသာ ငါတို့ ရနိုင်မယ်ဆိုရင်"
ရှန်ယွီ က လမ်းညွှန်မြေပုံပေါ်တွင် အချက်အလက်အချို့ကို နှိပ်ရင်း ကားကို ကားပါကင်ထဲမှ မောင်းထွက်လိုက်သည်။
"ငါတို့ လုပ်လို့ရမယ့် အရာတွေ အများကြီး ရှိတယ်..."
"အဲ့ဒီလမ်းက အရမ်းကျဉ်းတာလေ။ အဲ့ဒီမှာ ဘာလုပ်လို့ရမှာလဲ လမ်းပဲ လျှောက်လို့ရမှာ မဟုတ်လား။ တကယ်လို့ လမ်းချဲ့ချင်တယ်ဆိုရင်လည်း ကုန်ကျစရိတ်က အရမ်းကြီးလိမ့်မယ်။ ပြီးတော့ သဘာဝသယံဇာတတွေ ထိခိုက်ပျက်စီးနိုင်တဲ့ အန္တရာယ်လည်း ရှိနေတယ် မဟုတ်လား"
"ဟိုး..." ရှန်ယွီက သူ့ကို တစ်ချက် လှမ်းကြည့်လိုက်သည်။
"မင်းက ဒါတွေကိုတောင် စဉ်းစားမိနေတာလား"
"ကျွန်တော် စဉ်းစားတာ မဟုတ်ပါဘူး။ အရင်တုန်းက တောင်ပေါ်မှာ တည်းခိုခန်းဆောက်ချင်တဲ့သူတွေ အကုန်လုံး ရွာနဲ့ ပြဿနာတက်ခဲ့ကြတာလေ။"
"ဒါတွေကို ငါတို့ ထည့်သွင်းစဉ်းစားမှာပါ။ လမ်းကို တောင်ဘက်ခြမ်းကို ချဲ့ဖို့ မလိုပါဘူး။ ချောက်ကမ်းပါးဘက်ကိုပဲ ထုတ်ပြီး ချဲ့လို့ရတာပဲ။"
"ဟင်" ချန်ကျန့် သူ့ကို ကြည့်လိုက်သည်။
"အောက်မှာ ချောက်ရှိတယ်၊ မြစ်ကိုလည်း လှမ်းမြင်ရတယ်လေ" ရှန်ယွီက ရှင်းပြသည်။
"ချောက်ကမ်းပါးဘေးက စားသောက်ဆိုင်၊ ချောက်ကမ်းပါးဘေးက ကော်ဖီဆိုင်..ချိတ်ဆွဲထားတဲ့ ဘုရားကျောင်း လိုမျိုးလား" ချန်ကျန့်က မေးသည်။
"ဟုတ်တယ်။ မင်းအတွက် သီးသန့်ဆောက်ပေးမှာ။"
"နာမည်ထဲမှာ 'ဘုရားကျောင်း' လို့တော့ မထည့်ပါနဲ့ဗျာ"
ချန်ကျန့် တော်တော်နှင့် မရပ်နိုင်အောင် ရယ်မောမိသွားသည်။
"တကယ်ပဲ ချောက်မှာ ချိတ်ဆွဲထားမှာလား"
"ဟုတ်တယ်လေ" ရှန်ယွီက ခေါင်းညိတ်ပြလိုက်သည်။
“စိတ်ဝင်စားဖို့ကောင်းသားပဲ"
ချန်ကျန့် က ထိုင်ခုံကို မှီလိုက်ပြီး လက်နှစ်ဖက်ဖြင့် ခေါင်းကို ထောက်ကာ ရှေ့မှလမ်းမကို စိုက်ကြည့်ရင်း ဆိုသည်။
“အဲ့ဒီနေရာမှာ စားသောက်ဆိုင်တွေ၊ ကော်ဖီဆိုင်တွေနဲ့ ဆိုင်ခန်းတွေ ရှိနေမယ်ဆိုရင် ဘယ်လိုပုံစံမျိုး ဖြစ်မလဲဆိုတာ ကျွန်တော် ကောင်းကောင်း စိတ်ကူးမယဉ်တတ်သေးဘူး။”
“ဒါဆိုရင် တခြားတစ်ခုကို အရင်စဉ်းစားကြည့်လေ"
“ဘာကိုလဲ”
“ကုမ္ပဏီနာမည် မသတ်မှတ်ရသေးဘူးလေ ။ ဆွန်းနာနာ က မနက်ဖြန် စာရွက်စာတမ်းတွေ တင်တဲ့အခါ အဲ့ဒီနာမည် လိုလိမ့်မယ်။ ဒီနေ့တော့ နာမည်တစ်ခု စဉ်းစားရမယ်။”
“အာ...”
ချန်ကျန့် မှင်တက်သွားသည်။ သူ့မှာ ကုမ္ပဏီကိစ္စများနှင့် ပတ်သက်၍ ဘာအယူအဆမှ မရှိသလို၊ ကုမ္ပဏီတစ်ခုမှာ နာမည်တစ်ခု လိုအပ်သည်ဟုပင် တစ်ခါမှ မတွေးဖူးခဲ့ပေ။
ဒါပေမဲ့ ဒီနာမည်က... လူလတ်ပိုင်းအရွယ်တွေ ပေးလေ့ရှိသည့် ကုမ္ပဏီနာမည်ပေါင်းများစွာက သူ့ခေါင်းထဲတွင် ဝဲပျံလာသည်။
“ကျွန်တော်တော့ စဉ်းစားလို့မထွက်ဘူး"
သူ ရိုးရိုးသားသားပင် ပြန်ဖြေလိုက်သည်။ ရှန်ယွီက တဟားဟား ရယ်မောလိုက်ပြီး
“ငါလည်း အတူတူပါပဲ” ဟု ဆိုသည်။
“ဥက္ကဋ္ဌလျိုရဲ့ ကုမ္ပဏီလိုမျိုး နာမည်ပေးရင်ရော” ချန်ကျန့်က မေးသည်။
“ယွီရှင်း ထဲက ‘ယွီ’ ဆိုတာ ခင်ဗျားကို ဆိုလိုတာလား”
“အင်း။ ဒါကြောင့် ငါက မင်းရဲ့နာမည်ကို သုံးဖို့ စဉ်းစားနေတာ...”
"ဟေး! မဖြစ်ဘူး၊ မဖြစ်ဘူး၊ မဖြစ်ဘူး!" ချန်ကျန့် တစ်ယောက် အော်ဟစ်တော့သည်။
"ဒါက ကားထဲမှာ concert လုပ်တာထက်တောင် ပိုပြီး အရှက်ရဖို့ ကောင်းသေးတယ်။ ဒီနာမည်က ဆိုင်းဘုတ်ပေါ်မှာ ရေးရမှာလေ။ စာချုပ်တွေထဲမှာလည်း ပါလာမှာ။ နောက်ကျရင် ဒါရိုက်တာလုတို့နဲ့ ပူးပေါင်းလုပ်ဆောင်တဲ့အခါ သူတို့တွေ ဒါကြီးကို မြင်သွားမှာပေါ့!"
"ဘုရားရေ" ရှန်ယွီ က သူ့ကို တစ်ချက်လှမ်းကြည့်လိုက်သည်။
"မင်းရဲ့ တုံ့ပြန်ပုံကြီးကလည်းကွာ။"
"ဒီမြို့ကလေးမှာ တောင်တွေ၊ ရေတွေရှိတာဆိုတော့ တကယ်တော့ တော်တော်လေး လိုက်ဖက်ပါတယ်။ 'ကျန့်' ဆိုတာက တောင်ကြားထဲမှာ စီးဆင်းနေတဲ့ ရေအလျဉ်ကို ဆိုလိုတာလေ ။ မင်းကို 'ကျန့်' ဆိုတဲ့ နာမည် ဘယ်သူပေးတာလဲ"
"ကျွန်တော့်အမေပေးတာ။ အဘိဓာန်ထဲမှာ ရှာပြီးပေးတာလို့ ပြောတာပဲ။"
"'တိတ်ဆိတ်တဲ့ ညဉ့်ဦးယံမှာ ကတ်ဆီယာ ပန်းတွေ ကြွေလွင့်လို့၊ နွေဦးတောင်တန်းတွေဟာလည်း ဟာလာဟင်းလင်း'" ရှန်ယွီက စတီယာရင်ကို လက်ချောင်းလေးတွေနဲ့ ခပ်ဖွဖွလေး ခေါက်လိုက်သည်။
"'ထွက်ပေါ်လာတဲ့ လပြည့်ဝန်းက တောင်ပေါ်ငှက်တွေကို လန့်နိုးစေတယ်။ ဒါကြောင့် နွေဦးတောင်ကြား စမ်းရေအလျဉ် ထဲမှာ သူတို့တွေ တေးဆိုနေကြလေရဲ့'။"
ချန်ကျန့် ဘာမှပြန်မပြောဘဲ ရှန်ယွီကိုသာ ငေးကြည့်နေမိသည်။
"ဘာဖြစ်လို့လဲ" ရှန်ယွီ က မေးသည်။
ချန်ကျန့် ကတော့ သူ့ကို ငေးကြည့်နေဆဲပင်။
မီးပွိုင့်မှာ မီးနီသွားသဖြင့် ရှန်ယွီ ကားကိုရပ်လိုက်ပြီး သူ့ဘက်သို့ လှည့်ကြည့်လာသည်။
"ငှက်ကလေးတွေရဲ့ တေးသံစမ်းရေအိုင် တဲ့၊ တန်မင်းဆက်က ဝမ်ဝေ ရဲ့ ကဗျာလေ။ မင်း မူလတန်းတုန်းက သင်ခဲ့ရမှာပေါ့။"
"ဟာ... သွားပြီ။ တကယ်လား ကျွန်တော် ဘာလို့ မမှတ်မိတော့တာလဲ မသိဘူး။"
"ရပါတယ်" ရှန်ယွီ၏ နှုတ်ခမ်းအစုံက ပြုံးယောင်သန်းသွားသည်။
"ဆန်းပင်း တို့ကို သွားမေးရင်လည်း သူတို့လည်း မှတ်မိကြမှာ မဟုတ်ပါဘူး။"
"ကျွန်တော်က မန်နေဂျာလေဗျာ! ကျွန်တော့်ကို ဆန်းပင်းနဲ့ လာနှိုင်းနေတယ်..."
ချန်ကျန့် စကားပြောရင်း တဝက်မှာတင် ရယ်မိသွားတော့သည်။
"တောက်... ခက်တော့တာပဲ။"
မီးစိမ်းပြသွားသဖြင့် ကားက ဘယ်ဘက်သို့ ကွေ့လိုက်သည်။ ရှေ့တွင် ကျောင်းတစ်ကျောင်း ရှိကြောင်း လမ်းညွှန်မြေပုံ မှ အချက်ပေးသံ ထွက်လာသည်။
"ဒါ ငါ့ကျောင်းဟောင်းလေ"
"အထက်တန်းကျောင်းလား" ချန်ကျန့်က မြေပုံကို ကြည့်လိုက်သည်။
"အင်း"
"မင်းနဲ့ ယောင်ယီ တို့ ဒီမှာပဲ ကျောင်းတက်ခဲ့ကြတာပေါ့"
"ဟုတ်တယ် ။ ဒါက နယ်မြေဟောင်းပေါ့။ နယ်မြေသစ်ကတော့ အရမ်းကျယ်တယ်လို့ ယောင်ယီပြောတာ ကြားဖူးတယ်။ ငါတော့ တစ်ခါမှ မရောက်ဖူးဘူး။"
"မင်း... သွားကြည့်ချင်သေးလား"
"မကြည့်တော့ပါဘူး" ရှန်ယွီ က ပြတ်ပြတ်သားသားပင် ပြန်ဖြေသည်။
"နယ်မြေဟောင်းကိုလည်း ငါ သိပ်ပြီး သတိရနေတာမျိုး မဟုတ်လို့။"
"ဘာဖြစ်လို့လဲ"
မကောင်းတဲ့ အမှတ်တရတွေ ရှိနေလို့လား။ ငါ စကားလွန်သွားပြီလား။ တကယ်လို့ ရှိနေတယ်ဆိုရင်တော့ ငါ စကားလွန်သွားတာ သေချာပြီ။
စည်းကျော်ပြီး စကားမပြောဖြစ်တာ ကြာပြီဖြစ်လို့ အခုတော့ သူ စည်းကိုတောင် ကောင်းကောင်း မခန့်မှန်းတတ်တော့ပေ။
"ဘာလို့လဲဆိုတော့ ငါက ကျောင်းမှာ အချိန်သိပ်ဖြုန်းခဲ့တာ မဟုတ်လို့လေ ။ ငါ့ရဲ့ အထက်တန်းကျောင်းက အတန်းဖော်တွေအားလုံးကိုတောင် ငါ မမှတ်မိဘူး။"
ဪ... စကားမလွန်သေးဘူးပဲ။
"ယောင်ယီ ကတော့ ကျောင်းစာတော်တဲ့ ကျောင်းသူဖြစ်မှာပေါ့၊ ဟုတ်တယ်မလား"
ချန်ကျန့် အနည်းငယ် စပ်စုချင်လာသည်။
"ဒါပေါ့" ရှန်ယွီက ဆိုသည်။
"ဒါဆို သူက ဘာလို့ ပေါင်းတာလဲ။ မင်းက ကျောင်းမှာ ပြဿနာရှာတတ်တဲ့ ကျောင်းသားမျိုး မဟုတ်လား"
ရှန်ယွီ က တောက်တစ်ချက်ခေါက်ရင်း သူ့ကို တစ်ချက်လှမ်းကြည့်လိုက်သည်။
"ဟင်" ချန်ကျန့် က ပြန်ကြည့်သည်။
"မင်း စကားတွေ လွန်လာပြီနော် မန်နေဂျာ" ဟု ရှန်ယွီက ဆိုသည်။
"ကျွန်တော်က သိချင်ရုံသက်သက်ပါဗျာ" ချန်ကျန့် ပြုံးလိုက်မိသည်။
"ဘာလို့လဲဆိုတော့ ငါ့မှာ ဦးနှောက်ရှိလို့လေ"
"ကျွန်တော်ကတော့ မင်း ရုပ်ချောလို့လို့ ပြောမလားလို့ အောက်မေ့တာ"
"ငါက ချောတာတော့ အမှန်ပဲ။ ဒါပေမဲ့ ယောင်ယီ က အဲ့ဒီအတွက်ကြောင့် ငါနဲ့ပေါင်းတာ မဟုတ်ဘူး ။ မဟုတ်ရင် သူ နောက်ပိုင်း ယွဲ့လန် နဲ့ လက်ထပ်မှာ မဟုတ်ဘူးလေ။"
"ဟေး..." ချန်ကျန့် ပြုံးလိုက်သည်။
"ယွဲ့လန်ရဲ့ ရုပ်ရည်ကလည်း မဆိုးပါဘူး..."
"ငါ့လောက်တော့ မချောပါဘူး ။ ဘာလဲ... မင်းက သူ တော်တော်ချောတယ်လို့ ထင်နေတာလား"
"ဟေး!" ချန်ကျန့် အော်လိုက်သည်။
"လျှောက်မပြောနဲ့လေ! ကျွန်တော်က ဒီတိုင်း..."
"ငါ နားမထောင်ဘူး" ရှန်ယွီက သူ့စကားကို ဖြတ်ပြောလိုက်သည်။
“ဟုတ်သားပဲ။ မင်းမျက်လုံးထဲမှာတော့ သူက လုကျွင်း လောက် ဘယ်ချောပါ့မလဲ။"
"စားသောက်ဆိုင်ကို ရောက်တော့မယ်။ နောက်ထပ် လမ်းဆုံနှစ်ခုပဲ ကျန်တော့တယ်"
ရှန်ယွီ က အကြောင်းအရာကို အမြန်ပင် လွှဲလိုက်သည်။ ချန်ကျန့် မှာ ထိုင်ခုံကို မှီလျက် တဟားဟား ရယ်မောနေတော့သည်။ သို့သော် ခဏမျှ ရယ်မောပြီးနောက် လမ်းညွှန်မြေပုံမှ ပန်းတိုင်သို့ ရောက်ရှိတော့မည်ဖြစ်ကြောင်း အချက်ပေးသံ ထွက်လာသည်။ ဥက္ကဋ္ဌလျို၊ ပရော်ဖက်ဆာရှန် တို့နှင့်အတူ ညစာစားရတော့မည်ဟူသော အတွေးဝင်လာချိန်တွင်မူ သူ ဆက်မရယ်နိုင်တော့ပေ။ အထူးသဖြင့် ခုနကလေးတင် ဥက္ကဋ္ဌလျိုက သူ့ Concert ကို ကြည့်သွားခဲ့သည် မဟုတ်ပါလား။
"ဘာလို့ မရယ်တော့တာလဲ"
ရှန်ယွီက မေးသည်။ ချန်ကျန့် သက်ပြင်းချလိုက်သည်။
"ကျွန်တော် ဖိအားတွေ စပြီး ခံစားနေရပြီ။"
"မင်းအတွက် အံ့သြစရာတစ်ခု ရှိတယ်" ဟု ရှန်ယွီက ဆိုသည်။
"မသွားတော့ဘူးလို့ ပြောမလို့လား"
ချန်ကျန့်က ချက်ချင်းပင် မေးလိုက်သည်။ မေးပြီးသည်နှင့် သူ အပြစ်မကင်းသလို ခံစားလိုက်ရသည်။
အဲ့ဒါ ရှန်ယွီရဲ့ မိဘတွေလေ။ မင်းရဲ့ သဘောထားက ဘယ်လိုဖြစ်နေတာလဲ ချန်ကျန့်ရာ...
"ငါ လျိုဝူ ကို ဖုန်းဆက်ထားတယ်"
"ဟင်"
ချန်ကျန့် အံ့ဩသွားပြီးမှ တကယ့်ကို စိတ်သက်သာရာရသွားသည့် ခံစားချက်မျိုး ဝင်လာသည်။
"ဟုတ်သားပဲ သူ ကျောင်းကို မပြန်ရသေးဘူးပဲ။"
"ဘယ်လိုလဲ။ ပုံမှန်ဆိုရင်တော့ သူဘေးနားရှိနေတာက စိတ်ရှုပ်စရာကောင်းပေမဲ့ ဒီလိုအချိန်မျိုးမှာတော့ သူရှိနေတာက ပိုပြီးတော့ သက်သောင့်သက်သာရှိစေတယ် မဟုတ်လား။"
"ဟား ဟား ဟုတ်တယ်"
ချန်ကျန့် ရယ်မောလိုက်မိသည်။ တကယ်လည်း ဟုတ်ပါသည်။ လျိုဝူ က စကားလည်းများ၊ လူမှုရေးလည်း ပြေပြစ်သူဖြစ်သည်။ သူရှိနေလျှင် ဖိအားတွေက တကယ်ပင် ပျောက်ကွယ်သွားနိုင်ပါသည်။
"ခင်ဗျား သူ့ကိုပါ ခေါ်ဖို့ စဉ်းစားမိလိမ့်မယ်လို့ ကျွန်တော် မထင်ထားဘူး"
"ငါလည်း အနေမခက်ချင်လို့ပါ"
"ဟင်"
ချန်ကျန့် ရှန်ယွီကို ကြည့်လိုက်သည်။
"မိဘတွေနဲ့ ထမင်းစားတာကို မင်းပါ အနေခက်နေတာလား"
"အင်း"
ရှန်ယွီက ဆိုရင်း ကားကို လမ်းဘေးသို့ကပ်ကာ စားသောက်ဆိုင်အဝင်ဝသို့ မောင်းဝင်လိုက်သည်။ ဝန်ထမ်းတစ်ဦးက သူတို့အတွက် ကားရပ်ရန်နေရာကို အချက်ပြပေးနေသည်။
ချန်ကျန့် အစကတော့ ထိုအချက်ကို သတိမထားမိခဲ့ပေ။ ရှန်ယွီနှင့် ဥက္ကဋ္ဌလျို၊ ပရော်ဖက်ဆာရှန်တို့၏ စကားပြောပုံမှာ အလွန်ပင် ပေါ့ပေါ့ပါးပါးရှိပြီး လွတ်လွတ်လပ်လပ်ပင် ပြောဆိုနေကြသည် မဟုတ်ပါလား။ သို့သော် ယခုကဲ့သို့ ရှန်ယွီက ထုတ်ပြောလိုက်သည့်အခါတွင်မူ သူ အံ့ဩမသွားတော့ပေ။ သူ ကိုယ်ချင်းစာနိုင်ပါသည်။
သူနှင့် ရှန်ယွီ၏ ကြီးပြင်းလာပုံချင်း လုံးဝကွာခြားသော်လည်း၊ နှစ်ယောက်စလုံးမှာ မိဘများနှင့်အတူရှိချိန် နည်းပါးခဲ့ကြသူများ ဖြစ်သည်။ သူကိုယ်တိုင်လည်း သူ့အဖေနှင့်အတူရှိချိန်တွင် ရင်းနှီးချင်သလိုလို၊ တစ်ဖက်မှာလည်း အတူရှိနေရတာကို ကြောက်ရွံ့သလိုလို ခံစားချက်မျိုး ရှိတတ်သည်။ ရှန်ယွီအနေဖြင့် အတိတ်ကကိစ္စများကို နားလည်ပေးပြီး လက်ခံနိုင်ခဲ့ပြီ ဆိုစေဦးတော့၊ ၎င်းသည် သူတို့သုံးယောက် ချက်ချင်းပင် ရင်းနှီးကျွမ်းဝင်ပြီး သက်သောင့်သက်သာရှိလှသော မိသားစုဝင်များ ဖြစ်သွားနိုင်သည်ဟုတော့ မဆိုလိုပေ။
ချန်ကျန့် က ကားနောက်ကြည့်မှန်မှတစ်ဆင့် ရှန်ယွီ ကို ကားနောက်ဆုတ်ရန် အချက်ပြပေးနေသည့် ဝန်ထမ်းကို လှမ်းကြည့်လိုက်သည်။ နောက်တစ်စက္ကန့်မှာပဲ ထိုဝန်ထမ်းဘေးတွင် ပျော်ရွှင်ခြင်းမျိုးစေ့လေး လျိုဝူ ရုတ်တရက် ပေါ်လာလေသည်။
"သူ ရောက်နေပြီလား"
ချန်ကျန့် ခေါင်းလှည့်ကြည့်လိုက်ရာ ကားနောက်ဘက်တွင် ရပ်နေသော လျိုဝူကို တကယ်ပင် တွေ့လိုက်ရသည်။
"အိုကေပြီ!"
လျိုဝူက ကားနောက်ဖုံးတံခါးကို ပုတ်ပြီး အချက်ပေးလိုက်သည်။ ရှန်ယွီ စက်သတ်လိုက်သည်။ သူ ကားတံခါးဖွင့်လိုက်ချိန်မှာပင် လျိုဝူက ဒရိုင်ဘာဘက်ခြမ်း တံခါးဝသို့ ရောက်နေပြီ။
"ကျွန်တော်လည်း ခုလေးတင် ရောက်တာ!"
သူက ထုံးစံအတိုင်း လက်နှစ်ဖက်ကို ဖြန့်ကာ ပြောလိုက်သည်။ ရှန်ယွီ ကားပေါ်ကဆင်းပြီး သူ့ကို ဖက်လိုက်ကာ "တက္ကစီနဲ့ လာတာလား" ဟု မေးလိုက်သည်။
"အင်း" လျိုဝူက ခေါင်းညိတ်ပြပြီး ကားရှေ့ကနေ ပတ်လျှောက်လာကာ ချန်ကျန့်ကိုလည်း လာဖက်သည်။
"မတွေ့တာ ကြာပြီနော် ချန်ကျန့်!"
"အဲ့လောက်တောင်... ကြာသွားလို့လား"
"တော်တော်လေး ကြာသွားတာပေါ့ ။ နှစ်သစ်ကူးတောင် ကုန်တော့မယ်လေ။"
"နှစ်သစ်ကူးတောင် မကုန်သေးဘူး။ ငါတို့နှစ်ခါတောင် တွေ့ပြီးပြီကို"
"တစ်ရက်မတွေ့ရရင် ဆောင်းဦးရာသီ သုံးခုစာလောက် ကြာတယ်လို့ ခံစားရတာမျိုးလေ!" ဟု လျိုဝူက ဆိုသည်။
"ဟုတ်ပါပြီဗျာ" ချန်ကျန့် ခေါင်းညိတ်လိုက်မိသည်။
ဥက္ကဋ္ဌလျိုက သီးသန့်ခန်းတစ်ခု ကြိုတင်ဘွတ်ကင်လုပ်ထားသည်။ ဧည့်ခန်းပါဝင်သော သီးသန့်အခန်းမျိုးကို ချန်ကျန့် တစ်ခါမှ မမြင်ဖူးချေ။ အတွင်းခန်းမှာ ထမင်းစားခန်းဖြစ်ပြီး အပြင်ခန်းမှာ လက်ဖက်ရည်သောက်ခန်း ဖြစ်သည်။ အလွန်ပင် ဇိမ်ကျလှသည်။ သူတို့ အခန်းထဲဝင်သည်နှင့် စားပွဲထိုးတစ်ဦး ရောက်လာပြီး လက်ဖက်ရည်ဝိုင်းဘေးတွင် ဒူးထောက်ကာ လက်ဖက်ရည် ဖျော်ပေးလေသည်။ ချန်ကျန့်မှာ စားပွဲထိုး၏ ဒူးအောက်သို့ မနေနိုင်ဘဲ ငုံ့ကြည့်မိသည်။
"ဒူးထောက်ဖို့ တစ်ခုခု ခံထားတာ ရှိလားခင်ဗျ"
"ရှိပါတယ်ရှင့်"
စားပွဲထိုးမလေးက ပြောရင်း အနည်းငယ် ဖယ်ပေးလိုက်သည်။ အောက်တွင် ပြောင်းဖူးခွံဖြင့် လုပ်ထားသော ဖျာဖတ်လေး တစ်ခုရှိနေသည်။
"ဪ... ဒါဆိုရင်တော့ အဆင်ပြေပါတယ်"
ချန်ကျန့် ခေါင်းညိတ်လိုက်သည်။
"ကျေးဇူးတင်ပါတယ်ရှင့်" စားပွဲထိုးမလေးက ပြုံးပြသည်။
ရှန်ယွီ က သူ့ကုတ်အင်္ကျီကို ချိတ်ဆွဲလိုက်ပြီး၊ ချန်ကျန့်ဘက် လှည့်ကြည့်ကာ ပါးကို လှမ်းထိလိုက်သည်။ ချန်ကျန့်က သူကိုင်ထားသော အင်္ကျီကို ရှန်ယွီ့ထံ ချက်ချင်း ကမ်းပေးလိုက်သည်။
လျိုဝူ ရှိနေတယ်လေ! သူ ဘာမှမသိသေးဘူး! လာပြီး ထိတွေ့မနေနဲ့!
ရှန်ယွီက အင်္ကျီကို တန်းမှာ ချိတ်လိုက်သည်။
"အစ်ကို ကျွန်တော့်ဟာလေးပါ ချိတ်ပေးဦး"
လျိုဝူကလည်း သူ့အင်္ကျီကို လှမ်းပေးသည်။ ရှန်ယွီက သူ့ကို စိုက်ကြည့်လိုက်သည်။
"ဝမ်းကွဲအစ်ကိုကြီးရယ်" လျိုဝူက အင်္ကျီကို မြှောက်ပေးထားဆဲပင်။
"ကျွန်တော်က အစ်ကို့ဝန်ထမ်း မဟုတ်ပေမဲ့လည်း..."
"အိပ်မက်က နိုးစမ်းပါ" ရှန်ယွီက အင်္ကျီကို လှမ်းယူရင်း ပြောသည်။
"ဘယ်သူဌေးကမှ ဝန်ထမ်းအတွက် အင်္ကျီလိုက်ချိတ်မပေးဘူး။"
"ဒါဆို ဘာလို့ ချန်ကျန့်ဟာကျတော့ ချိတ်ပေးတာလဲ" လျိုဝူက မေးလိုက်သည်။
ချန်ကျန့် ချက်ချင်းပင် နိုးနိုးကြားကြား ဖြစ်သွားသည်။
ဟုတ်သားပဲ။ အဲ့ဒါက တကယ်ကို ထူးဆန်းလွန်းတယ်။
"သူက ပါတနာလေ၊ တာ့ယွင် ရဲ့ မန်နေဂျာ"
ရှန်ယွီက လျိုဝူ၏ အင်္ကျီကို ချိတ်ပေးရင်း၊ ထိုင်ချကာ လက်ဖက်ရည်တစ်ငုံ သောက်ရင်း ပြောလိုက်သည်။ နာရီဝက်ခန့်အကြာတွင် အခြားပါတနာတစ်ဦးဖြစ်သည့် ဥက္ကဋ္ဌလျိုသည် သူမ၏ ခင်ပွန်းနှင့်အတူ ရောက်ရှိလာသည်။ ပညာတတ် ပရော်ဖက်ဆာရှန် (ခေါ်) ငါးစာကျွေးသည့် ဆရာကြီးမှာ တကယ်ပင် နေမကောင်းဖြစ်နေပြီး မက်ခ် တပ်ထားလေသည်။
"ဦးလေး"
ချန်ကျန့် ချက်ချင်းပင် မတ်တတ်ရပ်ကာ နှုတ်ဆက်လိုက်သည်။
"တကယ်ပဲ... အအေးမိသွားတာလား"
"သက်သာသွားပါပြီ"
"အင်း၊ နောက်တစ်ခါ ထပ်ပြီး အအေးမိဖို့ ပြင်ဆင်နေတာနေမှာပေါ့"
ဥက္ကဋ္ဌလျိုက ဆိုသည်။
အားလုံး လက်ဖက်ရည်ဝိုင်းတွင် ထိုင်လိုက်ကြသည်။ ဥက္ကဋ္ဌလျိုက သူမ၏ ကိုယ်ပိုင် လက်ဖက်ရည်ခွက်လေးကို ထုတ်လိုက်သည်။
"တကယ့်ကို အသေးစိတ်တာပဲ"
လျိုဝူက မြည်တွမ်လိုက်သည်။
"နောက်ထပ် တစ်ခွက်ရှိသေးလား ကျွန်တော်လည်း တစ်ခွက်လောက် လိုချင်လို့။"
ဥက္ကဋ္ဌလျိုက စားပွဲပေါ်က ခွက်တစ်ခွက်ကို ယူပြီး သူ့ရှေ့ ချပေးလိုက်သည်။
"ရော့၊ ဒါပဲသောက်။"
"ဒါကတော့ ကျွန်တော့်ကို ခပ်ပေါ့ပေါ့ပဲ ဆက်ဆံတာပဲ"
"နားကို ငြီးနေတာပဲ"
"ရှောင်ချန်"
ပရော်ဖက်ဆာရှန် က ချန်ကျန့်ကို ကြည့်လိုက်သည်။
"ပြီးခဲ့တဲ့တစ်ခေါက်က ဒါကို မေ့သွားလို့။ ငါတို့ ဖုန်းနံပါတ်တွေလဲထားကြရအောင်"
"ဟုတ်ကဲ့"
ချန်ကျန့် ဖုန်းကို အမြန်ထုတ်လိုက်သည်။
"မင်း အားတဲ့အခါကျရင် ရှောင်သိုအာရဲ့ အဘိုးကို တစ်ချက်လောက် မေးပေးပါဦး ။ သူ ငါးစာအဖြစ် သုံးတဲ့ ပြောင်းဖူးတွေကို ဘယ်လိုမျိုး လုပ်ထားတာလဲလို့။ ငါလည်း လုပ်နည်းလေး သင်ချင်လို့။"
"ကျွန်တော် မေးပေးပါ့မယ်။ သိပ်ပြီး ထူးထူးခြားခြားတော့ မရှိလောက်ပါဘူး..."
ကျေးလက်က အဘိုးကြီးတစ်ယောက်ရဲ့ ကိုယ်တိုင်လုပ် ငါးစာမှာ ဘယ်လို အဆင့်မြင့် ဖော်မြူလာမျိုး ရှိနိုင်မှာမလို့လဲ။ဒါမှမဟုတ်လည်း... ကံတရားကြောင့်ပဲ ဖြစ်မှာပါ။
"ကုမ္ပဏီနာမည် စဉ်းစားပြီးပြီလား" ဥက္ကဋ္ဌလျိုက မေးသည်။
"မစဉ်းစားရသေးဘူး။”
“လမ်းမှာ စဉ်းစားမယ်လို့ ပြောထားတာ မဟုတ်လား"
ချန်ကျန့် ဥက္ကဋ္ဌလျိုကို မနေနိုင်ဘဲ လှမ်းကြည့်လိုက်မိသည်။
ဥက္ကဋ္ဌလျိုက အမြဲတမ်း ဒီလောက်အလုပ်တွင်တာလား။
"ဘာကုမ္ပဏီနာမည်လဲ" လျိုဝူက ချက်ချင်းပင် ဝင်မေးသည်။
"ကျွန်တော် ကူစဉ်းစားပေးမယ်လေ။"
"ဟုတ်တယ်၊ ဒီပညာတတ်လေးကို ကူစဉ်းစားခိုင်းရမယ်" ဥက္ကဋ္ဌလျိုက ဆိုသည်။
"မင်းအစ်ကိုက မြို့ကလေးမှာ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီတစ်ခု ထောင်မလို့လေ။"
"အစ်ကို့မှာ ဘာစိတ်ကူးရှိလဲ"
လျိုဝူက သူ့လက်နှစ်ဖက်ကို ပွတ်ရင်း စိတ်အားထက်သန်စွာဖြင့် ရှန်ယွီကို ကြည့်ကာ မေးသည်။
"မရှိသေးဘူး" ရှန်ယွီက လက်ဖက်ရည်ခွက်ကို မကာ တစ်ငုံသောက်ရင်း ခပ်တိုးတိုး ဆိုသည်။
"ငါက တောင်တွေ ရေတွေရှိတဲ့ 'ကျန့်' ဆိုတဲ့ စာလုံးကို သုံးဖို့ စဉ်းစားနေတာ..."
အရူးလားဘော့စ်ရာ! ဘာလို့ ဒါကိုပဲ ဇွတ်ဖြစ်နေရတာလဲ!
"ချန်ကျန့်ရဲ့ 'ကျန့်' လား" လျိုဝူ ချက်ချင်းပင် စဉ်းစားခန်း ဝင်သွားသည်။ ချန်ကျန့်ရဲ့ နာမည်ကို ပြောလိုက်သည့်တိုင် သူကတော့ ဘာမှ သံသယရှိပုံမရပေ။
တစ်ဖက်တွင်မူ ဥက္ကဋ္ဌလျိုက ရှန်ယွီကို တစ်ချက်လှမ်းကြည့်လိုက်သည်။
"'ကျန့်' ဆိုတဲ့ စာလုံးက တကယ်ကို လှပပါတယ်။"
"‘ကံကောင်းထောက်မစွာပဲ စမ်းချောင်းလေးဘေးမှာ နေထိုင်ခွင့်ရခဲ့ပေမဲ့ တောတောင်ရေမြေတွေရဲ့ လေးပင်မှုတွေကိုတော့ ညည်းတွားနေရတုန်းပဲ’ ပေါ့"
လျိုဝူက ကဗျာတစ်ပိုဒ်ကို ရွတ်ဆိုလိုက်သည်။
ချန်ကျန့် ခေါင်းလှည့်ကာ သူ့ကို ကြည့်လိုက်မိသည်။
ဒါက ဘာကြီးလဲ နောက်ထပ် တစ်ယောက်ကလည်း လိုအပ်ရင် ကဗျာတွေ ချက်ချင်းရွတ်နိုင်ပြန်ပြီလား ဒါကလည်း မူလတန်း ဖတ်စာအုပ်ထဲကပဲလား။
"ဒါက လောကကြီးကို ကျောခိုင်းပြီး အေးအေးဆေးဆေး နေထိုင်ခြင်း ဆိုတဲ့ အဓိပ္ပာယ်ရှိတယ်"
လျိုဝူက ထပ်ရှင်းပြ၏။
"ဟုန်ယဲ့မြို့လေးမှာ အေးအေးဆေးဆေး နေထိုင်မယ်ဆိုတော့... 'ရှီးကျန့်' လည်း ဖြစ်နိုင်တာပဲ။ အဲ့ဒါက သိုင်းလောက က နာမည်မျိုးနဲ့ နည်းနည်းတူတယ်..."
"ငါ အဲ့ဒါကို မှတ်ထားလိုက်မယ်" ရှန်ယွီက ဖုန်းကိုထုတ်ပြီး မှတ်စုထဲမှာ ရေးလိုက်သည်။
ဘော့စ်ရာ... အဲ့ဒါက ကုမ္ပဏီနာမည်နဲ့ တူလို့လား! ပြီးတော့ ခင်ဗျားက တကယ်ကြီး မှတ်နေတာလား!
ဥက္ကဋ္ဌလျိုက ဘာမှမပြောဘဲ ပြုံးလျက် ချန်ကျန့်ကိုသာ ကြည့်နေသည်။ ချန်ကျန့် သူ့နဖူးကို လက်ဖြင့် တို့လိုက်ပြီး သက်ပြင်းတစ်ချက် အသာချလိုက်မိသည်။
"အိုကေ" လျိုဝူက လက်ခုပ်တီးလိုက်သည်။
"ငါ စဉ်းစားလို့ရတာ ဒါအကုန်ပဲ။ ဗိုက်ဆာလာပြီ။"
ဗိုက်ဆာတာ တော်သေးတာပေါ့! ကျေးဇူးပဲ!
မည်သို့ပင်ဖြစ်စေ လျိုဝူက ကလေးကောင်းလေးတစ်ယောက်ပါ။ သူ့ကြောင့်ပင် ဤထမင်းဝိုင်း အခြေအနေမှာ အထူးပင် ပေါ့ပါးသွားသည်။ ချန်ကျန့်နှင့် ပရော်ဖက်ဆာရှန်တို့ပင် တက်တက်ကြွကြွ စကားပြောနိုင်ခဲ့ကြသည်။ ပရော်ဖက်ဆာရှန်သည် ပညာတတ်တစ်ဦး ဖြစ်သော်လည်း အပြင်ထွက်ရသည်ကို အလွန်ဝါသနာပါသူ ဖြစ်သည်။ သူ မမိခဲ့သည့် ငါးများအပြင် ချန်ကျန့်၏ ငယ်ဘဝ တောင်ပေါ်က စွန့်စားခန်းများကိုလည်း အကြာကြီး မေးနေခဲ့သည်။ ထို့ပြင် မှိုအမျိုးအစား ၁၀ မျိုးကျော်ကို ရှာဖွေကာ ဘယ်ဟာက အဆိပ်ရှိပြီး ဘယ်ဟာက စားလို့ရသလဲဆိုသည်ကို ချန်ကျန့်အား ခွဲခြားခိုင်းနေသေးသည်။
"ကျွန်တော်တို့ဆီမှာတော့ ဒီမှိုတွေ မရှိပါဘူး။ ကျွန်တော်တို့ဆီမှာတော့ ပုံမှန်အားဖြင့် ဟေဇယ်မှို တို့၊ မိုရယ်မှို တို့ပဲ ရှိတာပါ။"
"ဪ" ပရော်ဖက်ဆာရှန်က သူ့မျက်မှန်ကို ပင့်လိုက်သည်။
"ဒါတွေက ယူနန် က မှိုတွေလေ..."
"အအေးမိတာကတော့ ကုလို့ရသေးတယ်" ဥက္ကဋ္ဌလျိုက ဆိုသည်။
"ဒါပေမဲ့ မှိုမှားစားမိရင်တော့ မသေချာဘူးနော်..."
"ဟေး... အန်တီ!" လျိုဝူက သူမစကားကို အမြန်ဖြတ်ပြောလိုက်သည်။
"ဒါက နမိတ်မကောင်းဘူး! အဲ့လိုတွေ မပြောပါနဲ့။"
"မင်းက မင်းအမေလိုပဲ အယူသီးတာပဲ ။ ဗိုက်ဝပြီလား! ဝပြီဆိုရင် ငါ မင်းကို ပြန်ပို့ပေးမယ်။"
"ကျွန်တော့်ဘာသာ တက္ကစီနဲ့ ပြန်လိုက်ပါ့မယ်" ဟု လျိုဝူက ဆိုသည်။
"လုပ်ပြန်ပြီ။ ဒီမှာ ကားနှစ်စီးရှိနေတာကို မင်းက တက္ကစီစီးမလို့လား မင်းအမေက ငါတို့ မင်းကို နှိပ်စက်တယ်လို့ ထပ်ပြောနေဦးမယ်။"
တူဝရီးနှစ်ယောက်၏ အချေအတင်ကို ကျန်သူများက ဝင်မပြော။
"ကျွန်တော့်အစ်ကိုကသာ ကျွန်တော့်ကို နှိပ်စက်တာပါ၊ အန်တီတို့က ကျွန်တော့်ကို နှိပ်စက်တယ်လို့ တစ်ခါမှ မပြောဖူးပါဘူး"
လျိုဝူက ပြုံးလျက် ဆိုသည်။
"မင်းအစ်ကိုက မနှိပ်စက်ရဲပါဘူး။ ငါကသာ မင်းကို နှိပ်စက်တာ၊ အဲ့ဒါက ပိုပြီး ဖြစ်နိုင်ခြေရှိတယ်"
ဥက္ကဋ္ဌလျို မတ်တတ်ရပ်လိုက်သည်။
"သွားကြစို့! အန်တီ လိုက်ပို့ပေးမယ်။"
ပုံမှန်ဆိုလျှင် ဥက္ကဋ္ဌလျိုက လျိုဝူကို အိမ်အထိ လိုက်ပို့ပေးမည် မဟုတ်ပေ။ ဒါက ရှန်ယွီနှင့် ချန်ကျန့်တို့ အိမ်ပြန်ရောက်ချိန်နှင့် သူမတို့ ပြန်ရောက်ချိန် တစ်ချိန်တည်း မဖြစ်အောင်၊ ချန်ကျန့်အနေဖြင့် သူ၏ အနေခက်မှုများကို ဖြေဖျောက်ရန် အချိန်ပေးသည့်သဘော ဖြစ်သည်မှာ ရှင်းနေပါသည်။ ချန်ကျန့် ဒါကို သတိထားမိသွားသည့်အခါ ကျေးဇူးလည်းတင်မိသလို၊ တစ်ဖက်မှာလည်း အနည်းငယ်... သူတို့နှစ်ယောက် အိမ်ပြန်ရောက်ရင် တစ်ခုခု လုပ်ကြတော့မည့်အတိုင်း ခံစားလိုက်ရသည်။ အပြင်ဘက်တွင်မူ မီးရောင်စုံများ လင်းထိန်နေလေပြီ။
ကားက လမ်းမများပေါ်တွင် မောင်းနှင်နေစဉ် ချန်ကျန့် ကောင်းကင်ကို မော့ကြည့်လိုက်သည်။ မြို့ကလေးကနေ ထွက်လာသည်နှင့် ကောင်းကင်ယံက ကျယ်ပြောလှသော ကြယ်စင်များကို မမြင်ရတော့ဘဲ ယခုတွင်မူ ကျယ်ပြောလှသော မီးရောင်စုံများကိုသာ မြင်နေရတော့သည်။ အစက်အပြောက်လေးများက အကွက်လိုက် ချိတ်ဆက်နေသော်လည်း ခံစားချက်မှာ လုံးဝကွဲပြားနေသည်။ ရှန်ယွီ၏ အိမ်မှာ မြစ်အနီးတွင်ရှိပြီး စိမ်းလန်းသော နေရာအများအပြား ရှိသည်။ စည်ကားလှသော စီးပွားရေးဇုန်နှင့် နှိုင်းယှဉ်လျှင် ဤနေရာမှာ ပို၍ တိတ်ဆိတ်ကာ၊ လမ်းမကျယ်ကြီးများပေါ်တွင် လူနှင့်ကား အသွားအလာ နည်းပါးလှသည်။ အိမ်ရာဝင်း ဂိတ်ဝထဲသို့ ကားကွေ့ဝင်လိုက်သည့်အခါ ပို၍ပင် အေးချမ်းသွားသည်။ သူ စိတ်ကူးယဉ်ထားသကဲ့သို့ ရှန်ယွီ၏ မိသားစုမှာ ဗီလာကြီးတွင် နေထိုင်ခြင်း မဟုတ်ပေ။ သို့သော် ကားဂိုဒေါင်မှသည် အဝင်ခန်းမ၊ ဓာတ်လှေကားအထိ အရာအားလုံးက ဇိမ်ခံဆန်သော အရှိန်အဝါကို ထုတ်လွှတ်နေသည်။ သူပင် ဖုန်းကိုထုတ်ကာ ဗီဒီယိုတိုလေး တစ်ခု ရိုက်လိုက်မိသည်။
ဓာတ်လှေကားတံခါး ပွင့်သွားပြီး ရှန်ယွီ၏ ကျယ်ဝန်းလှသော တိုက်ခန်းကြီးကို မြင်လိုက်ရသည့်အခါ၊ ချန်ကျန့် ဗီဒီယိုရိုက်နေဆဲ ဖြစ်သော ဖုန်းကိုကြည့်ကာ မအောင့်နိုင်ဘဲ ရေရွတ်လိုက်မိသည်။
"ဟာ... တော်တော်ကြီးတာပဲ။"
"အင်း၊ တော်တော်လေး ကျယ်တယ်"
ရှန်ယွီက ပြုံးလျက် သူ့အတွက် အိမ်စီးဖိနပ်တစ်စုံကို ထုတ်ပေးသည်။
"ဒီ ဧည့်ခန်းက တာ့ယွင် ရဲ့ ဧည့်ခန်းမကြီးထက်တောင် ပိုကျယ်သေးတယ်"
ချန်ကျန့် ဖိနပ်လဲရင်း ပြောလိုက်သည်။
"သွားစမ်းပါ ။ အဲ့လောက်ကြီးလည်း မဟုတ်ပါဘူး။"
ချန်ကျန့် ပြုံးလိုက်ပြီး ဖုန်းကို သိမ်းကာ ဧည့်ခန်းထဲသို့ လျှောက်ဝင်ကြည့်လိုက်သည်။
"ဥက္ကဋ္ဌလျိုတို့က ပုံမှန်ဆိုရင် သူတို့နှစ်ယောက်တည်းပဲ ဒီလို နေရာအကျယ်ကြီးမှာ နေတာလား"
"အင်း၊ သူတို့ကို တွေ့ချင်ရင် ဖုန်းနဲ့ ကြိုပြီး ချိန်းရတယ်"
ရှန်ယွီက ဘားကောင်တာဆီသို့ လျှောက်သွားရင်း၊ ရေခဲသေတ္တာထဲမှ ကိုကာကိုလာ နှစ်ဘူးနှင့် ဖန်ခွက်နှစ်ခွက်ကို ထုတ်ယူလိုက်သည်။
"ကိုကာကိုလာ သောက်မလား"
"သောက်မယ်" ချန်ကျန့်က ဘားကောင်တာတွင် ဝင်ထိုင်လိုက်ရင်း ပြောသည်။
"ဘားတောင် ရှိသေးတာပဲ။"
"အဲ့တုန်းက အိမ်ပြင်တော့ ဒါမျိုးထည့်တာက ခေတ်စားနေတာလေ"
ချန်ကျန့် ဖန်ခွက်ကိုယူကာ ကိုကာကိုလာ တစ်ငုံသောက်လိုက်ပြီး၊ ဘားကောင်တာမှာ ထိုင်လျက် ကြမ်းပြင်မှ မျက်နှာကြက်အထိ ရှိသော မှန်ပြတင်းပေါက်ကြီးမှတစ်ဆင့် အပြင်ဘက်က မီးရောင်စုံ လမ်းမမြင်ကွင်းကို ကြည့်နေမိသည်။ သူ အနည်းငယ် ငေးမောသွားသည်။ ရှန်ယွီ၏ လက်တစ်ဖက်က သူ့ခါးကို နောက်မှနေ၍ သိုင်းဖက်လိုက်သည့်အခါ သူ လန့်သွားပြီး ခါးကို မတ်လိုက်မိသည်။
"ဟင်"
"ဘာ ဟင် တာလဲ"
ရှန်ယွီက သူ့နားရွက်နောက်ကို တစ်ချက် နမ်းလိုက်သည်။
"ရှန်ယွီ!"
ချန်ကျန့် ထိတ်လန့်တကြား ခေါင်းလှည့်ကြည့်လိုက်သည်။
"ခင်ဗျား ဘာလုပ်နေတာလဲ"
"ငါ မင်းကို မကြာခင် စိတ်ကျန်းမာရေးဆေးရုံ ပို့ပြီး စစ်ဆေးခိုင်းရမယ်" ရှန်ယွီက သူ့ကို ကြည့်လိုက်သည်။
"ဒီလို အခြေအနေမှာ ငါ ဘာလုပ်နိုင်ဦးမှာမလို့လဲ"
"မဟုတ်ဘူးလေ" ချန်ကျန့် ချက်ချင်းပင် တံခါးဘက်ကို လှမ်းကြည့်လိုက်သည်။
"ဥက္ကဋ္ဌလျိုတို့ မကြာခင် ပြန်လာတော့မှာကို..."
"ဒါဆိုရင်တော့ ငါ့အခန်းကို သွားပြီး လည်ပတ်ကြတာပေါ့"
___________________________________________________________________
NEXT
Comments
Post a Comment