အခန်း (၁၂) သူ အဲဒီလို မလုပ်လောက်ပါဘူး
မနက်ခင်းတွင် မုန့်ယွမ်သည် ရှိုးရိုက်ကူးရေးအတွက် ယွီနျန့်ကို လာကြိုရန် ကားမောင်းလာခဲ့သည်။ ယွီနျန့်သည် ကားရှေ့ခန်းတွင် ဝင်ထိုင်လိုက်ရင်း ပြုံးလျက် မေးလိုက်၏။
"အစ်ကိုမုန့် စောလှချည်လား၊ နေရော ကောင်းသွားပြီလား"
မုန့်ယွမ်က သူ့ကို ဘေးတိုက်တစ်ချက် ကြည့်လိုက်ပြီး စိတ်ကြည်လင်စွာဖြင့်
"နေကောင်းသွားပြီ။ လောင်ဟဲက ငါ့ကို အသားကင်နဲ့ ဘယ်လောက်ပဲ မြှူဆွယ်ပါစေ။ ငါ့ရဲ့ ခိုင်မာတဲ့ စိတ်ဓာတ်ကိုပဲ ဆုပ်ကိုင်ထားတော့မယ်လို့ ဆုံးဖြတ်လိုက်ပြီ!"
"ဒါရိုက်တာဟဲနောက်ကို ထပ်လိုက်သွားပြီးတော့မှ အဲဒီစိတ်ဓာတ်ကို ဆုပ်ကိုင်ထားမှာလား"
မုန့်ယွမ်က ရယ်မောလိုက်ပြီး
"နျန့်နျန့်... မင်း ငါ့အကြောင်းကို ကောင်းကောင်းသိတာပဲ! အစာအိမ်ယောင်တာလောက်နဲ့တော့ ငါ့ကို ဘယ်တားလို့ ရပါ့မလဲ"
ကားလေးသည် မြေအောက်ကားပါကင်ထဲသို့ ချောမွေ့စွာ မောင်းဝင်သွားပြီးနောက် သူတို့နှစ်ဦး ကားပေါ်မှဆင်းကာ ထွက်ပေါက်ဆီသို့ လျှောက်လာခဲ့ကြသည်။ မုန့်ယွမ်က ကားသော့ကို လက်ချောင်းဖြင့် ပတ်ချာလည်လှည့်ရင်း ယွီနျန့်ကို မေးလိုက်၏။
"ဒီအဆင့်မှာတော့ မင်းရဲ့ ကိုယ်ပိုင်အရည်အချင်းကို ပြသရမှာနော်။ ရှမင်းရှီးက ဘာရွေးထားလဲ"
"မင်းရှီးက ပီယာနို၊ တယော၊ ပုလွေလည်း မှုတ်တတ်သလို Hiphopလည်း ကတတ်တော့ အခုထိ ဘာလုပ်ရမလဲဆိုတာ မဆုံးဖြတ်ရသေးဘူး။ သူကတော့ ရွှီရွှမ်နဲ့ ဖန်းဟွတို့ ဘာရွေးမလဲဆိုတာကို အရင်ကြည့်ပြီးမှ သူတို့နဲ့မတူတဲ့ တစ်ခုခုကို ရွေးမယ်လို့ ပြောတယ်"
မုန့်ယွမ်က ခေါင်းညိတ်ပြလိုက်စဉ်မှာပင်၊ ကားပါကင်၏ ကွန်ကရစ်တိုင်ကြီးများ နောက်ကွယ်မှ လူအချို့ ရုတ်တရက် ထွက်ပေါ်လာကြသည်။ သူတို့တစ်ယောက်ချင်းစီ၏ လက်ထဲတွင် ယွီနျန့်၏ ဓာတ်ပုံများ သို့မဟုတ် bannerများကို ကိုင်ထားကြပြီး ကျောပိုးအိတ်များပေါ်တွင်လည်း ပုံတူရုပ်လေးများနှင့် တံဆိပ်များစွာ ပါရှိနေသည်။
သူတို့နှစ်ဦး ချက်ချင်း ရပ်တန့်သွားကြ၏။ မုန့်ယွမ်မှာ အနည်းငယ် အံ့အားသင့်သွားပြီး
"မင်းရဲ့ scheduleကို သိနေတဲ့ ပရိသတ်တွေတောင် ရှိနေပြီလား" ဟု ရေရွတ်လိုက်သည်။
ထိုအချိန်တွင် ယွီနျန့်မှာ ပရိသတ်များ၏ ဝိုင်းရံခြင်းကို ခံလိုက်ရတော့သည်။ ဤကဲ့သို့သော အခြေအနေမျိုးနှင့် သူ ပထမဆုံးအကြိမ် ကြုံတွေ့ရခြင်းဖြစ်သော်လည်း မုန့်ယွမ်နှင့် ရှီးရိုတို့က သူ့ကို အရင်ကတည်းက လေ့ကျင့်ပေးထားဖူးသဖြင့် သူသည် ထိတ်လန့်သွားခြင်း မရှိပေ။
"မင်္ဂလာပါ၊ ကျွန်တော်"
"ယွီနျန့်... ကျွန်မ မောင်လေးကို အရမ်းချစ်တာပဲ၊ ကျွန်မကို လက်မှတ်လေး တစ်ချက်လောက် ထိုးပေးလို့ ရမလား"
မျက်နှာဝိုင်းဝိုင်းနှင့် ကျောပိုးအိတ်ကြီး လွယ်ထားသည့် မိန်းကလေးငယ်တစ်ဦးက ရှေ့ဆုံးမှ ရပ်နေသည်။ သူမက ပြုံးရွှင်လျက် ဗလာစာအုပ်တစ်အုပ်ကို ညွှန်ပြကာ သူ့ထံသို့ ကမ်းပေးလာ၏။
"ကောင်းပါပြီခင်ဗျာ ဘာလက်မှတ် ထိုးပေးရမလဲ"
ယွီနျန့်က နူးညံ့သောအပြုံးဖြင့် မေးလိုက်ရင်း လှမ်းယူရန် လက်ကမ်းလိုက်သည်။
ထိုအခိုက်အတန့်တွင် မိန်းကလေးသည် သူမ၏ လက်နှစ်ဖက်ကို ရုတ်တရက် ရှေ့သို့ ဆန့်ထုတ်လိုက်ပြီးနောက်၊ တစ်စုံတစ်ယောက်က ပြင်းထန်စွာ တွန်းထုတ်လိုက်သည့်အလား နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားကာ ကြမ်းပြင်ပေါ်သို့ အရှိန်ဖြင့် လဲကျသွားပါတော့သည်။
နောက်တစ်စက္ကန့်တွင်တော့ ယွီနျန့်ကို ဝိုင်းအုံထားကြသည့် အခြား ပရိသတ် များက အော်ဟစ်ကြတော့သည်။
"လက်မှတ်မထိုးပေးချင်ရင်လည်း နေပါ၊ ဘယ်လိုဖြစ်ပြီး လူကို အဲဒီလိုမျိုး တွန်းပစ်ရတာလဲ!"
“မင်းက တကယ်တော့ ဒီလိုလူစားမျိုး ဖြစ်နေတာကိုး! မင်းကို ဒီလောက်ထိ ချစ်ခဲ့မိတာ တကယ်ကို ရှက်ဖို့ကောင်းတယ်!”
အခြေအနေတွေက စက္ကန့်ပိုင်းအတွင်းမှာတင် ရုတ်တရက် ပြောင်းလဲသွားခဲ့တာပါ။ အပြင်ဘက်ကို ရောက်နေတဲ့ မုန့်ယွမ်ဟာ ချက်ချင်း မျက်နှာပျက်သွားပြီး “တောက်!” ခေါက်လိုက်မိသည်။
သူ ယွီနျန့်ရဲ့ရှေ့မှာ ဝင်ရပ်ပေးဖို့ ကြိုးစားလိုက်တဲ့အချိန်မှာပဲ ယွီနျန့်ကို ဝိုင်းအုံထားသည့် ခုနစ်ယောက်၊ ရှစ်ယောက်လောက်ရှိတဲ့ လူတွေက
“မင်းက လုံခြုံရေးတွေကိုတောင် ခေါ်လိုက်သေးတယ်ပေါ့!” လို့ အော်ဟစ်ပြီး ထွက်ပြေးသွားကြတာ ခဏချင်းပါပဲ။
ယွီနျန့်ဟာ မုန့်ယွမ်ရဲ့ နောက်ကွယ်မှာ ရပ်နေရင်း အသက်ကို ခပ်ဖွဖွရှူလိုက်ပြီး
“သူတို့ သက်သက်လုပ်တာပဲ”
“ကျွန်တော် သူ့ကို မတွန်းခဲ့ပါဘူး။ တကယ် မတွန်းခဲ့တာပါ” လို့ ထပ်လောင်းပြောသည့်အခါ သူ့အသံလေးက အနည်းငယ် တုန်ရင်နေရှာ၏။
မုန့်ယွမ်က လှည့်ကြည့်လိုက်တဲ့အခါ ထိုလူတွေ ထွက်ပြေးသွားတဲ့ဘက်ကို ငေးကြည့်နေသည့် ယွီနျန့်ကို တွေ့လိုက်ရသည်။ ယွီနျန့်က နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး “ကျွန်တော် သူ့ကို တကယ် မတွန်းခဲ့ပါဘူး” လို့ ထပ်ခါထပ်ခါ ရေရွတ်နေတာကို မြင်ရတော့ မုန့်ယွမ်ရဲ့ရင်ထဲမှာလည်း တစ်မျိုးကြီး မွန်းကြပ်သွားရသည်။
“အေးပါ။ ငါသိပါတယ်။ ငါတို့ တစ်ယောက်ယောက်ရဲ့ အကွက်ဆင်တာ ခံလိုက်ရတာ။ သူတို့က ပြဿနာတစ်ခု ဖန်တီးချင်ရုံ သက်သက်ပဲ”
စက္ကန့်အနည်းငယ် ကြာပြီးနောက်မှာတော့ ယွီနျန့်က ပြုံးလိုက်ပြီး ပြောမိသည်က
“ဒါဆို... ကျွန်တော် Hot Search ပေါ် ထပ်ရောက်ဦးမှာပေါ့” ဟူ၍…
“ဒီလိုအချိန်မျိုးမှာတောင် မင်းက ရယ်နိုင်သေးတာလား”
မုန့်ယွမ်က သူ့ဖုန်းကို ထုတ်လိုက်ရင်း
“ဒါပေမဲ့ မင်းပြောတာ မှန်တယ်။ မင်း ထပ်ပြီး Trending ဖြစ်တော့မှာပဲ...”
မုန့်ယွမ်က ယွီနျန့်ကို စတူဒီယိုထဲ ခေါ်လာတဲ့အခါ ဟဲချိုးပိုင်က မျက်မှောင်ကြုတ်ပြီး
“Hot Search မှာ ဘာတွေဖြစ်နေတာလဲ ယွီနျန့်က ပရိသတ်ကို တွန်းထုတ်တယ် ဟုတ်လား” ဟု ဆီး၍ လှမ်းမေးတော့သည်။
ယွီနျန့်က ပြုံးလျက်ပဲ ရှင်းပြ၏။
“ကျွန်တော် မတွန်းခဲ့ပါဘူး။ ဒါ တစ်ယောက်ယောက်က အကွက်ဆင်ထားတာပါ”
“ဘာတွေဖြစ်ကုန်တာလဲ”
မုန့်ယွမ်ရဲ့ မျက်နှာက မှောင်မှောက်နေပြီး အသံကလည်း တင်းမာနေလျက်
“ဘာဖြစ်ရမှာလဲ ကားပေါ်က ဆင်းဆင်းချင်းမှာပဲ ပရိသတ်အယောင်ဆောင်ထားတဲ့ လူအချို့က နျန့်နျန့်ကို ဝိုင်းပြီး လက်မှတ်တောင်းကြတာလေ။ ဒါ ငါ့ရဲ့ ပေါ့ဆမှုလည်း ပါပါတယ်။ အဲဒီအချိန်မှာ ငါက သိပ်ပြီး သတိမထားမိလိုက်ဘူး။ ရလဒ်ကတော့ အဲဒီလူတွေက တမင်သက်သက် ထိမိသလိုလုပ်ပြီးအကောင်းဆုံး သရုပ်ဆောင်သွားကြတာပဲ!”
ဟဲချိုးပိုင်က ဒီလောကထဲမှာ ဆယ်စုနှစ်တစ်ခုမက ကျင်လည်ခဲ့သူပီပီ အတွေ့အကြုံတွေကတော့ အများသားပင်။ Weibo ပေါ်က ဗီဒီယိုကို ကြည့်ပြီးနောက် ဘာတွေဖြစ်နေသလဲဆိုတာ သူ ချက်ချင်းသဘောပေါက်သွားသည်။ သူက မုန့်ယွမ်ဆီ ဖုန်းကမ်းပေးလိုက်ရင်း
"ကိုယ့်ဘာသာကိုယ်ပဲ ကြည့်လိုက်တော့၊ Hot Search နံပါတ် ၉ အထိ တက်လာပြီ" ဟု ဆို၏။
မုန့်ယွမ်မှာ ဒေါသထွက်နေသည်။
"ဒီအကွက်တွေကို ငါ ကောင်းကောင်းသိတာပေါ့။ ဗီဒီယိုတင်မယ် Hot search နဲ့ အကောင့်တုတွေ ဝယ်မယ်။ ပြီးတော့ နစ်နာသူဆိုတဲ့လူက ငိုပြမယ်။ အဲဒီနောက်မှာ အာရုံပြောင်းဖို့ တခြားတစ်ယောက်ကို ဆွဲထည့်မယ်။ နောက်ဆုံးတော့ ပရိသတ်ကို တွန်းထုတ်တယ်ဆိုတဲ့ အပြစ်ပုံကြီးက ယွီနျန့်ခေါင်းပေါ် ရောက်သွားတာပဲ။ တောက်... ဒါတွေအားလုံးက ငါ့မျက်စိရှေ့မှာတင် ဖြစ်သွားတာကွ!"
သူက ဒေါသထွက်နေသော်လည်း ဦးနှောက်ကတော့ တည်ငြိမ်နေဆဲပင်
“ကားပါကင်က စီစီတီဗီ ကို သွားကြည့်လို့ရမလား"
"ရပါတယ်။ ကိုယ့်ဘာသာကိုယ် သွားစစ်ကြည့်လိုက်လေ။ ဒါပေမဲ့ ငါ့အထင်တော့ သိပ်ထူးမှာမဟုတ်ဘူး။ တစ်ဖက်လူက အကွက်ချထားတာဆိုတော့ ရိုက်ကူးမယ့်ထောင့်ကို ကြိုတွက်ထားမှာ သေချာတယ်"
မုန့်ယွမ်က ခေါင်းညိတ်လိုက်ပြီး ယွီနျန့်ဘက်လှည့်ကာ လေသံကို လျှော့လိုက်သည် ။
"နျန့်နျန့်... ဒီကိစ္စကြောင့် မင်းရဲ့ ဇာတ်တိုက်မှုနဲ့ ရိုက်ကူးရေးကို အထိခိုက်မခံနဲ့နော်။ မင်းအတွက် ဘာက ပိုအရေးကြီးလဲဆိုတာ ခွဲခြားသိမှာပါ။ ခဏနေရင် ရှီးရိုကို မင်းနောက် လိုက်ခိုင်းလိုက်မယ်"
ယွီနျန့်က ခေါင်းညိတ်ပြသည် ။
"အစ်ကိုမုန့် စိတ်မပူပါနဲ့။ ကျွန်တော် အကောင်းဆုံး ရိုက်ကူးသွားမှာပါ"
မုန့်ယွမ်က ပြုံးလိုက်ရင်း
"အကွက်ဆင်ခံရပြီး အဆဲခံနေရတာက မင်းပါ။ ဒါပေမဲ့ မင်းက ပြန်ပြီး ငါ့ကို နှစ်သိမ့်ပေးနေတာပဲ"
သူက ဟဲချိုးပိုင်ကို တစ်ချက်ကြည့်လိုက်ကာ "လောင်ဟဲ... ဒီဘက်ကို ကူညီစောင့်ရှောက်ပေးပါဦး"
ဟဲချိုးပိုင်ကလည်း "အေးပါ၊ မင်း သွားစရာရှိတာ သွားပါ" ဟု ပြန်ဖြေလိုက်၏။
မကြာခင်မှာပင် ရှမင်းရှီးသည် ဦးထုပ်ကို ဆောင်းလျက် မိတ်ကပ်ပြင်ခန်းထဲသို့ အပြေးအလွှား ဝင်လာသည်။ သူက အမောတဟောင်းဖြင့်
"တောက်... နျန့်နျန့်၊ မင်း တစ်ယောက်ယောက်ရဲ့ အကွက်ဆင်တာ ခံလိုက်ရတာလား အဲဒီ Hot search က ဘာကြီးလဲကွာ"
ယွီနျန့်မှာ စိတ်ထဲ နွေးထွေးသွားပြီး ပြုံးလျက် မေးလိုက်သည် ။
"မင်းလည်း တွေ့လိုက်တာလား"
"ဘယ်သူက မတွေ့ဘဲ နေမှာလဲ Hot search နံပါတ် ၆ တောင် ရောက်နေပြီ။ ကားပေါ်မှာတင် အဲဒါကို ဖတ်ပြီး ငါ လန့်သေတော့မှာပဲ! အဲဒါ တကယ်ပဲ မင်းမျက်နှာလားဆိုတာ သုံးခါတောင် သေချာကြည့်ရတယ်!"
ယွီနျန့် ဖုန်းကို ကိုင်ထားပြီး သတင်းတွေ ဖတ်နေတာကို မြင်တော့ ရှမင်းရှီးက ဆက်မပြောရက်တော့ပေ။ သူက ယွီနျန့်ရဲ့ မျက်နှာရိပ်မျက်နှာကဲကို စိုးရိမ်တကြီး ကြည့်ရင်း
"နျန့်နျန့်... မင်း အဆင်ပြေရဲ့လား"
ယွီနျန့်က ခေါင်းညိတ်ပြသော်လည်း နှုတ်ခမ်းထောင့်က အပြုံးလေးကတော့ အနည်းငယ် မှေးမှိန်သွားသည်။
"ဒါက" သူ ခေတ္တမျှ တန့်သွားပြီးမှ…
"ဒီလောက်အထိ အမုန်းခံရတာ ဒါ ပထမဆုံးအကြိမ်ပဲလေ။ နည်းနည်းတော့ ဝမ်းနည်းမိတာပေါ့။ ဒါပေမဲ့ အချိန်ကြာလာရင်တော့ ကျင့်သားရသွားမှာပါ"
ရှမင်းရှီးကလည်း စိတ်ပူနေသည်။
"မင်းက တကယ်ကောင်းတဲ့သူပါ။ ငါ့ကို ပြိုင်ဘက်လို့တောင် မသတ်မှတ်ဘဲ သီချင်းတွေတောင် ကူရွေးပေးသေးတာ။ မင်းကို ဆဲနေတဲ့သူတွေက မင်းကို တစ်ခါမှလည်း မတွေ့ဖူးဘူး၊ စကားလည်း မပြောဖူးကြဘူး။ မင်းက ဘယ်လိုလူလဲဆိုတာ သူတို့က ဘယ်လိုလုပ် ဆုံးဖြတ်နိုင်မှာလဲ"
"သူတို့က ငါ့ကို မတွေ့ဖူးကြလို့ပဲ ဖြစ်မှာပါ။ အဲဒါကြောင့်လည်း သူတို့ရဲ့ အသိစိတ်က ဘာမှမဖြစ်ဘဲ ငါ့ကို လွတ်လွတ်လပ်လပ် ဆဲနိုင်ကြတာပေါ့"
ယွီနျန့်က သူအရင်က မြင်ဖူးခဲ့တဲ့ မှတ်ချက်တွေကို ပြန်သတိရသွားသည်။
"လွန်ခဲ့တဲ့ နှစ်ရက်ကပဲ ငါ့ကို ချီးကျူးခဲ့တဲ့လူတစ်ယောက် ရှိတယ်။ 'ယွီနျန့်... မင်းက သီချင်းဆိုတာရော ကတာရော အရမ်းတော်တာပဲ၊ ငါ မင်းကို အမြဲအားပေးမယ်' တဲ့။ အခုတော့ အဲဒီလူကပဲ 'မင်းက ဒီလိုလူစားမျိုး ဖြစ်လိမ့်မယ်လို့ မထင်ထားဘူး၊ အဲဒီမိန်းကလေးက မင်းရဲ့ လက်မှတ်ပဲ တောင်းချင်ခဲ့တာလေ။ မင်းက အရမ်းလွန်လွန်းတယ်' ဆိုပြီး ငါ့ရဲ့ Antifanပြောင်းသွားပြီလေ"
ရှမင်းရှီးက ယွီနျန့်ရဲ့ ပြောပြချက်ကို နားထောင်ရင်း ရင်ထဲမှာ တစ်မျိုးကြီး ခံစားလိုက်ရသည်။ သူက ရှေ့တိုးနောက်ဆုတ် လုပ်နေရင်း ဘယ်လိုနှစ်သိမ့်ရမလဲ မသိနိုင်အောင် ဖြစ်နေတော့သည်။ သူက
"တောက်... ဒီကိစ္စရဲ့ နောက်ကွယ်ကလူက တကယ်ကို ယုတ်မာလွန်းတယ်!" ဟုသာ ဆဲဆိုလိုက်မိ၏။ မုန့်ယွမ်ကို မတွေ့တာကြောင့် သူက "အစ်ကိုမုန့်က စီစီတီဗီ သွားစစ်နေတာလား" ဟု မေးလိုက်သည်။
"အင်း ဟုတ်တယ်" ယွီနျန့်က ရှမင်းရှီးကို စိတ်ဓာတ်ပြင်ဆင်ထားနိုင်ရန် ကြိုပြောလိုက်သည်။
"ဒါပေမဲ့ ရလဒ်ကတော့ သိပ်ကောင်းမှာ မဟုတ်ဘူး"
သေချာပေါက်ပင် မကြာခင်မှာ မုန့်ယွမ် ပြန်ရောက်လာသည်။ သူ၏ မျက်နှာမှာ မှောင်မှောက်နေပြီး အသက်ကို ဝဝရှူကာ ယွီနျန့်ကို ကြည့်လိုက်သည်။
"စီစီတီဗီရဲ့ နေရာနဲ့ ထောင့်ကြောင့် ငါတို့ဘက်က အကျိုးရှိမယ့် ပုံရိပ်တွေ သိပ်မပါဘူး"
ရှမင်းရှီးက အရင်ဆုံး ပေါက်ကွဲထွက်သွားသည်။
"ဒါ ဖန်းဟွ လက်ချက်ပဲ ဖြစ်ရမယ်! သူက မင်းက သူ့လမ်းကို ပိတ်နေတယ်။ နံပါတ်တစ်က သူပဲ ဖြစ်ရမယ်လို့ ထင်နေတာ မဟုတ်လား"
"ငါ့ကို အပုပ်ချမှုနဲ့ တရားစွဲလို့ ရတယ်နော်"
အမြဲတမ်း မွန်းတည့်ခါနီးမှ ရောက်တတ်သည့် ဖန်းဟွက ဒီနေ့တော့ အစောကြီး ရောက်နေသည်။ သူက မိတ်ကပ်ပြင်ခန်း တံခါးဝတွင် ပြုံးလျက် ရပ်နေ၏။ ရှမင်းရှီးနှင့် ယွီနျန့်ကို ကြည့်ကာ
"သက်သေမရှိဘဲ လျှောက်ပြောလို့ မရဘူးဆိုတာ မင်းတို့ သိတယ်မလား"
“မင်း”
ယွီနျန့်က လှမ်းတားလိုက်ပြီး ရှမင်းရှီးကို ဖမ်းဆွဲထားလိုက်သည်။
ဖန်းဟွက မေးကို ပင့်တင်ကာ
“ငါ ဒါရိုက်တာဟဲနဲ့ စင်တင်ဆက်တင်အကြောင်း အရင်သွားဆွေးနွေးလိုက်ဦးမယ်။ မင်းတို့နဲ့ အဖော်မလုပ်ပေးနိုင်တော့ဘူး။ မင်းတို့လည်း ကိုယ့်အလုပ်ကိုယ် ဆက်လုပ်ကြဦးပေါ့” ဟု ဆိုကာ ထွက်ခွာသွားသည်။
သူထွက်သွားပြီးနောက် ယွီနျန့်က မုန့်ယွမ်ကို မေးလိုက်သည်။
“အစ်ကိုမုန့်... တခြားနည်းလမ်းရော ရှိသေးလား”
မုန့်ယွမ်၏ အဘိဓာန်တွင် လက်ပိုက်ကြည့်နေခြင်းဟူသည် မရှိပေ။ သူက မျက်ခုံးနှစ်ခုကြားကို ဖိညှစ်လိုက်ရင်း
“ငါ လူတစ်ယောက်ကို ရှာကြည့်ဦးမယ်။ အဲဒီ Hot search ကို ဖယ်ရှားနိုင်မလားနဲ့ သက်ရောက်မှုတွေကို ကန့်သတ်နိုင်မလားဆိုတာ”
“အစ်ကိုမုန့်!”
အင်တာနက်ပေါ်က အခြေအနေကို အမြဲမပြတ် စောင့်ကြည့်နေသည့် ရှီးရိုက အံ့အားသင့်စွာ လှမ်းပြောလိုက်သည်။
“အစ်ကိုမုန့်၊ မြန်မြန်ကြည့်ပါဦး။ ကြည့်... ‘ယွီနျန့်က ပရိသတ်ကို တွန်းထုတ်တယ်’ ဆိုတဲ့ Hot search ကြီး ပျောက်သွားပြီ!”
မုန့်ယွမ်က Hot search စာရင်းကို အမြန်လှန်လှောကြည့်ကာ အကြိမ်ကြိမ် Refresh လုပ်ကြည့်ပြီးနောက် သက်ပြင်းချလိုက်သည်။
“ဘယ်သူပဲ လုပ်လုပ်၊ ဒီ Hot search ကို ဖယ်ရှားလိုက်တာ တကယ်ကို ကောင်းသွားတာပဲ၊ အချိန်ကိုက်ပါပဲ”
***
ချွိအိမ်တော်
ချွိရှောက်ရန်သည် သူ၏အိပ်ခန်းထဲတွင် ရှဲ့ယို့ကို မြင်လိုက်ရသောအခါ အိပ်မက်မက်နေသည်ဟုပင် ထင်မှတ်သွား၏။ သူက သူ့ပေါင်ကိုသူ ဆွဲလိမ်လိုက်ပြီး
“သေစမ်း... အိပ်မက်မဟုတ်တာ တကယ်ပဲ...”
သူက အိပ်ချင်မပြေဖြစ်နေရင်းမှ
“မဟုတ်သေးပါဘူး၊ မစ္စတာရှဲ့... မင်း အခုအချိန်ဆို ပုံမှန်အစည်းအဝေး လုပ်နေရမှာ မဟုတ်လား ဘယ်လိုဖြစ်ပြီး ဒီကို ရောက်လာတာလဲ”
“အစည်းအဝေး ရွှေ့လိုက်ပြီ”
ရှဲ့ယို့က အေးစက်စက် လေသံဖြင့် အဓိကအချက်ကို အရင်ပြောလာသည်။
“မင်း ဖုန်းမဖြေဘူး”
ချွိရှောက်ရန်က ခေါင်းအုံးအောက်မှ ဖုန်းကို ထုတ်လိုက်ပြီး ရှုံ့မဲ့မဲ့ဖြင့်
“ဟားဟားဟား... မနေ့ညက အမှတ်မထင် Silent လုပ်ထားမိတာ နေမှာပါ နေပါဦး။ ဘာဖြစ်လို့လဲ မင်း ငါ့ဆီကို တစ်ဆက်တည်း ဆယ်ကြိမ်မကတောင် ခေါ်ထားတာလား”
ရှဲ့ယို့က ဒီကိစ္စအတွက် အချိန်မဖြုန်းတော့ဘဲ “ယွီနျန့် ရေဆိုးနဲ့အပက်ခံနေရပြန်ပြီ” ဟု ဆိုလိုက်၏။
ချွိရှောက်ရန်၏ ခန့်မှန်းချက်မှာ မှန်ကန်သွားသည်။
“ငါ သိနေသားပဲ။ မင်းတို့အိမ်က ယွီနျန့် တစ်ခုခုဖြစ်မှသာ မင်းက ငါ့ဆီကို အလောတကြီး ရောက်လာတတ်တာလေ”
ချွိရှောက်ရန် ခေါင်းကို နှစ်ချက်ခန့် ကုတ်လိုက်ပြီးနောက် “ဘာဖြစ်လဲ။ အခြေအနေက ပြင်းထန်လို့လား” ဟု ထပ်မေးလိုက်သည်။
ရှဲ့ယို့၏ မျက်နှာမှာ သိသိသာသာ အေးစက်သွားပြန်ပြီး အသံမှာလည်း တိုးတိမ်ဝင်သွားသည်။
“လူတွေအများကြီးက သူ့ကို ဆဲနေကြတယ်”
ချွိရှောက်ရန်က ဖုန်းကိုဖွင့်ကာ Hot search ကို နှိပ်၍ အောက်သို့ ဆွဲကြည့်လိုက်သည်။
“ဟေး... Hot search မှာ မရှိတော့ဘူးပဲ”
“ငါ အဲဒါကို ဖယ်ခိုင်းလိုက်တာ”
ချွိရှောက်ရန်မှာ လန့်သွားပြီး "Hot Search ဖယ်တာလား မင်း ဒါမျိုးတွေ ဘယ်တုန်းက သင်လိုက်တာလဲ" ဟု ဆိုကာ ယွီနျန့်၏ နာမည်ကို ကိုယ်တိုင်ရိုက်ထည့်၍ အခြေအနေကို စစ်ဆေးလိုက်သည်။
"ပရိသတ်ကို တွန်းထုတ်တယ်။ နောက်ပေါက်ကဝင်တာ။ ပလတ်စတစ်ဆာဂျရီလုပ်တာ စတဲ့သတင်းမျိုးတွေဆိုရင်တော့ ဆိုးကျိုး သိပ်မရှိဘူး။ ပြောရရင် အဲဒါကို အသုံးချပြီး နာမည်ကြီးအောင် Traffic ရအောင်တောင် လုပ်လို့ရသေးတယ်။ ဒါပေမဲ့ ပရိသတ်ကို တွန်းထုတ်တယ်ဆိုတဲ့ သတင်းမျိုးကတော့ တကယ်ကို အကျိုးသက်ရောက်မှု ဆိုးရွားလွန်းတယ်။ သူသာ သတိမထားရင် သူ့ပရိသတ်တွေ အကုန်လုံး ဆုံးရှုံးသွားနိုင်တယ်!"
"သူ မတွန်းဘူး၊ ဒါ ကောလာဟလပဲ" ရှဲ့ယို့က စကားအရှည်ကြီး မပြောချင်တော့ဘဲ "နောက်ထပ် ငါ ဘာလုပ်ရမလဲ" ဟုသာ လိုတိုရှင်းမေးလိုက်သည်။
ချွိရှောက်ရန်က သူ၏ လေးလံထိုင်းမှိုင်းနေသော ဦးနှောက်ကို အစွမ်းကုန် အလုပ်ပေးကြည့်လိုက်သည်။
"သူ ဘယ်မှာ တွန်းလိုက် အဲ မဟုတ်ဘူး... သူ ဘယ်မှာ အကွက်ဆင်ခံရတာလဲ။ အကောင်းဆုံးကတော့ သူ ဘာမှမလုပ်ခဲ့ဘူးဆိုတာ သက်သေပြဖို့ အဲဒီအချိန်က စီစီတီဗီကို စစ်ကြည့်ဖို့ပဲ။ ဒါပေမဲ့ သူ့အေးဂျင့်က ဘာမှမလုပ်သေးဘူးဆိုတော့ စီစီတီဗီကို စစ်ပြီးလောက်ပြီ။ ဒါကလည်း အသုံးမဝင်လို့ ဖြစ်မှာပေါ့။ အဲဒီလိုဆိုရင်တော့ နည်းနည်း လက်ဝင်သွားပြီ။ သက်သေသာ မပြနိုင်ရင် သူ တကယ်မတွန်းခဲ့ရင်တောင် တခြားလူတွေက ယုံကြမှာ မဟုတ်ဘူး"
"သက်သေ လိုတာလား"
"အင်းပေါ့ ယွီနျန့် အကွက်ဆင်ခံရတာကို တိုက်ရိုက်သက်သေပြနိုင်ရင် အကောင်းဆုံးပဲ"
ချွိရှောက်ရန်သည် ယွီနျန့်နှင့် တစ်ခါမှ မဆုံဖူးသေးသဖြင့် အခြေအနေများ ပြောင်းလဲသွားပါက ရှဲ့ယို့၏နှလုံးသားမှာ အကြီးအကျယ် ဒဏ်ရာရသွားမည်ကို စိုးရိမ်ကာ သတိထား၍ မေးလိုက်သည်။
"ဒါပေမဲ့ မင်း သေချာလား... သူ တကယ်ကြီး မတွန်းခဲ့ဘူးဆိုတာ"
"သူက တကယ်ကို စိတ်ထားကောင်းတဲ့သူပါ၊ အဲဒီလိုမျိုး မလုပ်ဘူး" ရှဲ့ယို့က ထပ်မပြောတော့ဘဲ
"ငါ သွားတော့မယ်။ မင်း ဆက်အိပ်တော့" ဟုသာ ဆိုလိုက်၏။
ချွိရှောက်ရန်သည် အိပ်ခန်းတံခါး ပိတ်သွားသည်ကို ကြည့်ကာ ကုတင်ပေါ်သို့ ပစ်လှဲလိုက်ပြီး ရုတ်တရက် စိတ်လှုပ်ရှားသွားသည်။
"တောက်... ရှဲ့ရှောက်ယို့ တစ်ယောက်တော့ ပေါက်ကွဲတော့မှာ ထင်တယ်"
_____________________________________________________________________
TN // ရှဲ့ယိုကို ကြည့်ရင် အခုမှ Idol စ stan တဲ့ သူငယ်ချင်း ရနေသလိုပဲ။ ဘာနေနေ ဖန်ဒမ်းထဲက ကိစ္စ အကုန်လာမေးရတာ။ ဟား ဟား
မင်း ငါ့ဖုန်းမကိုင်ဘူးဆိုရင်ကို ရယ်ချင်နေပြီ။ရုပ်တည်ကြီးနဲ့ပြောမယ့်ပုံ🤣🤣
ReplyDelete