အပိုင်း (၁၂၀)
"ပါး"
ချန်ကျန့်က အဖေ့ကို ကြည့်ပြီး စားပွဲပေါ်က တစ်ရှူးဘူးကို ရှေ့သို့ တိုးပေးလိုက်သည်။
"ဒီကိစ္စကလေ... ဆွန်းနာနာက ဒီမနက်မှ သွားညှိနှိုင်းမှာပါ။ ရလဒ်က ဘယ်လိုထွက်လာမလဲဆိုတာ ကျွန်တော်တို့ မသိသေးဘူး၊ ပြီးတော့..."
"မင်း ဆိုလိုတာကို အဖေ နားလည်ပါတယ်"
အဖေက တစ်ရှူးတစ်ရွက်ယူကာ မျက်ရည်များကို သုတ်လိုက်သည်။
"တကယ်တော့ အိမ်ကို ပြန်ရသည်ဖြစ်စေ။ မရသည်ဖြစ်စေ အရေးမကြီးပါဘူး။ မင်းက ဒါကို စဉ်းစားပေးတယ်ဆိုတာ သိရရုံနဲ့တင် အဖေ့အတွက် လုံလောက်ပါပြီ။"
သူသည်လည်း ဤကိစ္စကို အမြဲတမ်း တွေးနေခဲ့ခြင်း ဖြစ်သည်။ ရွာကို ပြန်ရောက်၍ ရွာအဝင်ကို ဖြတ်သွားတိုင်း စိတ်မကောင်းဖြစ်မိသော်လည်း တွေးရုံမှတစ်ပါး တခြားမတတ်နိုင်ခဲ့ပေ။
"ရှန်ယွီသာ မရှိရင်…"
ချန်ကျန့် လေသံအလိုလိုတိုးတိမ်သွားလျက်
"ကျွန်တော်လည်း ဒီကိစ္စကို ဘယ်တော့မှ စတင်နိုင်မှာ မဟုတ်ဘူး။ သူက တကယ့်ကို ထူးချွန်တဲ့ ဘော့စ်ပဲ"
ဖခင်ဖြစ်သူက စိတ်လှုပ်ရှားစွာ ခေါင်းညိတ်ပြသည်။
"သူ့မှာ အရည်အချင်းလည်း ရှိသလို စိတ်ထားလည်း ကောင်းတယ်။"
"ဟုတ်တယ်နော်" ချန်ကျန့်က ပြုံးလိုက်သည်။
"အကယ်၍ အိမ်ကို ပြန်ရမယ်ဆိုရင်... ပိုက်ဆံကရော..."
အဖေမှာ ထိုအချက်ကို ရုတ်တရက် သတိရသွားပြီး ချန်ကျန့်ကို စိုးရိမ်တကြီး ကြည့်လိုက်သည်။
"ငါတို့မှာ တတ်နိုင်တဲ့ အင်အား မရှိဘူး မဟုတ်လား"
"အစပိုင်းမှာတော့... ကုမ္ပဏီရဲ့ စာရင်းကနေ အရင်သွားမှာပါ။ ကျွန်တော်တို့က မြို့ငယ်လေး ဖွံ့ဖြိုးရေးအမည်နဲ့ သွားညှိနှိုင်းနေတာလေ။ အကယ်၍ ကျွန်တော် ကိုယ်တိုင် အဲဒီမှာ မနေဖြစ်ဘူးဆိုရင်လည်း ဆိုင်ဖွင့်တာမျိုးဖြစ်ဖြစ် ကုမ္ပဏီကို လွှဲပေးပြီး လုပ်ငန်းလည်ပတ်ခိုင်းလို့ ရတာပဲ။"
"ဪ"
အဖေ သက်ပြင်းချကာ စိတ်အေးသွားပုံရသည်။
"အဲဒီမှာ လုပ်ငန်းတွေ စတင်နိုင်ပြီဆိုရင်တော့…"
ချန်ကျန့်က အဖေ့အနားသို့ တိုးကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။
"ပါး လည်း ရွာကို ပြန်ပြောင်းလာဖို့ စဉ်းစားလို့ရပြီပေါ့။ အပြင်မှာ ဒီလောက်ပင်ပင်ပန်းပန်း အလုပ်လုပ်စရာ မလိုတော့ဘူး၊ ကိုယ်ပိုင်အလုပ်လေး တစ်ခုခုပေါ့။"
"ပါး မပင်ပန်းပါဘူး၊ တကယ် မပင်ပန်းပါဘူး"
ဖခင်ဖြစ်သူက အလိုအလျောက် ပြန်ဖြေလိုက်ပြီးမှ ခေတ္တရပ်ကာ သူကလည်း ရှေ့သို့ တိုးလာသည်။
"ကိုယ်ပိုင်အလုပ်... ပါး ဘာလုပ်နိုင်မှာလဲ"
"ဘာမဆို ရတာပေါ့။ တစ်ခုခု ရောင်းတာဖြစ်ဖြစ်၊ လယ်တောစားသောက်ဆိုင် ဖွင့်တာမျိုးဖြစ်ဖြစ်ပေါ့။"
အဖေ ခဏတာ စဉ်းစားပြီးနောက် တဟီးဟီး ရယ်လိုက်သည်။
စက္ကန့်အနည်းငယ်အကြာတွင် သူက သက်ပြင်းတစ်ချက် ထပ်ချပြန်သည်။
"စီးပွားရေးလုပ်ဖို့တော့ ထားလိုက်ပါတော့ကွာ။ ပါးက အဲဒီအတွက် မွေးဖွားလာတာ မဟုတ်ဘူး။ အကယ်၍ ရှန်ယွီ့ကုမ္ပဏီက အဲဒီမှာ တစ်ခုခုလုပ်မယ်ဆိုရင်တော့ ပါး ဝင်ကူပေးလို့ ရတာပေါ့။"
"အဲဒါလည်း ဖြစ်တာပဲ။ မြို့ထဲမှာ ဟိုပြေးဒီပြေး လုပ်နေရတာထက်စာရင် အများကြီး ပိုကောင်းပါတယ်။"
"ပြီးတော့ ကိုယ့်အိမ်မှာ ကိုယ် နေလို့ရတာပေါ့"
“ဟုတ်တာပေ့ါ"
ချန်ကျန့်က ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။
ချန်ကျန့်သည် ထိုမနက်ခင်း လက်ဖက်ရည်ဝိုင်းအတွက် ဟင်းပွဲများစွာ မှာယူခဲ့သည်။ အစပိုင်းတွင် အဖေမှာ အရင်အတိုင်းပင် အလွန်အေးဆေးစွာ စားရင်း သားဖြစ်သူကိုသာ အရင်ဝအောင် စားခိုင်းနေသည်။ သို့သော် နောက်ပိုင်းတွင် ဟင်းပွဲများမှာ မကုန်နိုင်မခမ်းနိုင် ရောက်လာသည်ကို မြင်သောအခါမှ သားဖြစ်သူကို အရင်ကျွေးမည့် အစီအစဉ်ကို လက်လျှော့လိုက်ပြီး၊ ဟင်းများ ပိုလျှံပြီး အလဟဿ ဖြစ်ကုန်မည်ကို စိုးရိမ်ကာ အားသွန်ခွန်စိုက် စားပါတော့သည်။
"မင်းကလည်းကွာ... အခုမှ ဘဝက နည်းနည်းလေး အဆင်ပြေလာတာကို ဟင်းတွေ အများကြီး မှာရသလား" ဖခင်ဖြစ်သူက စားရင်းပြောသည်။
"ဘဝက ဒီထက် ပိုအဆင်ပြေလာရင် မင်း ဘာတွေ စားဦးမလို့လဲ"
"နဂါးသား စားမှာ"
ချန်ကျန့် နောက်လိုက်သည်။ဖခင်ဖြစ်သူက သူ့ကို မျက်စောင်းထိုးကြည့်သည်။
"ဒါဆိုရင်လည်း တစ်ယောက်ကို ယွမ်ငါးရာတန် ဘူဖေး သွားစားမှာပေါ့"
ချန်ကျန့် ထပ်ပြောတော့ အဖေ့ မျက်နှာမှာ ပွင့်လန်းသွားပြီး ရုတ်တရက် တဟားဟား ရယ်မောတော့သည်။ မနှစ်က ချန်းယွီ ထွက်ပြေးသွားပြီးနောက် ချန်ကျန့် အလုပ်ရှာမရဖြစ်စဉ်က မြို့ထဲရှိ ဖခင်ဖြစ်သူထံသို့ သွားခဲ့ဖူးသည်။ ဖခင်ဖြစ်သူမှာ သားဖြစ်သူကို စိတ်သက်သာရာရစေရန် ကောင်းကောင်းမွန်မွန် ကျွေးချင်ခဲ့သည်။
သူသည် ပင်လယ်စာ ဘူဖေးဆိုင်တစ်ခုကို တွေ့သောအခါ အစားကြီးသော ချန်ကျန့်အတွက် ဘူဖေးစားရသည်မှာ တန်မည်ဟု တွေးခဲ့သည်။ သို့သော် ဆိုင်ရှေ့ရောက်၍ တစ်ယောက်ကို ၄၈၈ ယွမ် ပေးရမည်ကို မြင်သောအခါ သားအဖနှစ်ယောက်စလုံး လန့်သွားပြီး ချက်ချင်းပင် လှည့်ပြန်ခဲ့ကြဖူးသည်။
ထိုအကြောင်းကို ဖခင်ဖြစ်သူမှာ အချိန်အတော်ကြာအောင် ပြောမဆုံး ဖြစ်ခဲ့ရသည်။
ယခုမူ ထိုအကြောင်းကို ပြန်ပြောသည့်အခါတွင် ခံစားချက်မှာ လုံးဝ ကွဲပြားသွားခဲ့ပြီ။ အခုတေ့ာ ထိုအကြောင်းကို ဟာသတစ်ခုလိုပင် ရယ်မောနိုင်နေပြီ။
ခံစားချက်မှာ တကယ့်ကို ထူးခြားလွန်း၏။
လက်ဖက်ရည်ဆိုင်မှ ထွက်လာသောအခါ အဖေက လမ်းဘေးတွင်ရပ်ကာ လေပူတစ်ချက် မှုတ်ထုတ်လိုက်သည်။
"တကယ့်ကို အရသာရှိတာပဲ။"
"ဈေးဝယ်ထွက်ကြမလား"
ချန်ကျန့် မေးလိုက်သည်။ သူ၏ဖခင်မှာ ခဲခဲယဉ်းယဉ်းမှ အလုပ်နားသည်ဖြစ်ရာ သူ့ကို အင်္ကျီအသစ်အချို့ ဝယ်ပေးချင်နေသည်။ သူ့မှာ အင်္ကျီအသစ် မဝယ်ဖြစ်သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီမလား။
"ကောင်းပြီ"
ဖခင်ဖြစ်သူက ခေါင်းညိတ်သည်။
"မြေအောက်ဈေးဝယ်စင်တာ သွားမလား လမ်းလျှောက်သွားရင် နီးနီးလေး..."
"အဲဒီကို မသွားဘူး"
ချန်ကျန့်က ပြောရင်း ကားဆီသို့ လှည့်လျှောက်သွားသည်။
"ဒါဆို ဘယ်ကို သွားမှာလဲ"
ဖခင်ဖြစ်သူက နောက်မှ လိုက်လာလေသည်။ မာစီးဒီး ကားကြီးတစ်စီးကို မောင်းလာမှတော့ ဘာလို့ မြေအောက်ဈေးဝယ်စင်တာကို သွားတော့မှာလဲ။
ထိုနေရာမှာ ချန်ကျန့် အလယ်တန်းကျောင်းသားဘဝက ပစ္စည်းများ ဝယ်ယူခဲ့သည့် နေရာဖြစ်သည်။ ဈေးနှုန်းမှာ ချိုသာလှပြီး၊ ဈေးပေါခြင်းအပြင် အခြားဘာမှ မထူးခြားပေ။ "ဈေးနည်းလျှင် အညံ့ရမည်" ဟူသော အဓိပ္ပာယ်ကိုလည်း ကောင်းကောင်းကြီး ဖော်ပြနေသည့် နေရာဖြစ်သည်။
ယခုမူ သူတို့သည် အလွန်အမင်း အဆင့်မြင့်သည့် နေရာမျိုးကို မသွားလျှင်ပင် အနည်းငယ် ပိုကောင်းသည့် ဈေးဝယ်စင်တာမျိုးကိုတော့ သွားနိုင်ပြီဖြစ်သည်။ အဓိကမှာ အတွေ့အကြုံသစ် ရစေရန်သာ။ သူ၏ဖခင်မှာ ဈေးဝယ်ထွက်ရန် စင်တာတစ်ခုသို့ မရောက်ဖြစ်သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီလေ။ စင်တာထဲ ရောက်လာလျှင်ပင် များသောအားဖြင့် ပါဆယ်ထုပ် လာယူရုံမျှသာ ရှိခဲ့သည်။
သူ၏ဖခင်မှာလည်း ယနေ့တွင် တော်တော်လေး ပူးပေါင်းဆောင်ရွက်ရှာပြီး ဈေးကြီးလွန်းသည်ဟု အော်ဟစ်ကာ ပြန်ထွက်ရန် မပြောခဲ့ပေ။ သူဝတ်ထားသော အင်္ကျီများမှာ ဟောင်းနွမ်းလွန်းနေပြီး သူကိုယ်တိုင်မှာလည်း အနည်းငယ် ရှက်ရွံ့တွန့်ဆုတ်နေပုံရသည်မှာ တစ်ခုတည်းသော အားနည်းချက်ပင်။
သူ့ဘေးနားမှ တိုးတိုးလေး ဆိုသည်။
"ဒီကိုလာမယ်ဆိုတာ အစောကြီး ပြောခဲ့ရမှာ။ ဒါဆို အင်္ကျီအသစ်လေးတွေ လဲလာခဲ့မှာပေါ့။"
"ရပါတယ် ပါး… အသစ်တစ်စုံ ဝယ်ပြီးရင် ခဏနေကျရင် တစ်ခါတည်း လဲဝတ်လိုက်လို့ ရတာပဲ။"
လက်တွေ့အသုံးဝင်မှုကို ထည့်သွင်းစဉ်းစားပြီး သူသည် အလွန်အမင်း လူကြီးဆန်သော အဝတ်အစားများဆီသို့ မခေါ်သွားဘဲ အားကစားဝတ်စုံများဘက်သို့သာ လိုက်ပြခဲ့သည်။ နောက်ဆုံးတွင် အဖေ့အတွက် အားကစားဘောင်းဘီရှည် နှစ်ထည်နှင့် အားကစားဂျာကင် နှစ်ထည်ကို ရွေးချယ်ပေးခဲ့သည်။
ဖခင်ဖြစ်သူ အဝတ်လဲခန်းထဲမှ ထွက်လာသောအခါ မှန်ရှေ့တွင်ရပ်ရင်း အနည်းငယ် အနေရခက်သလိုဖြင့် "ဒါက လူငယ်ဆန်လွန်းနေသလား မသိဘူးနော်" ဟု မေးသည်။
"ပါး အသက်က လေးဆယ်ကျော်ပဲ ရှိသေးတာလေ"
ထိုသို့ပြောလိုက်မိသည့် ခဏတွင် ချန်ကျန့်မှာ ရုတ်တရက် ငိုချင်စိတ် ပေါက်သွားသည်။ သူ၏ဖခင်မှာ အသက်လေးဆယ်ကျော်အရွယ်မျှသာ ရှိသေးသည်ကို ထိုအခါမှသာ ရုတ်တရက် သတိပြုမိလိုက်ခြင်း ဖြစ်သည်။ အဖေ့အကြောင်း တွေးလိုက်တိုင်း သူပိုမိုခံစားရသည်မှာ အချိန်ကာလ၏ ရိုက်ခတ်မှုကြောင့် ဖြစ်ပေါ်နေသော အိုမင်းရင့်ရော်မှု အငွေ့အသက်များသာ ဖြစ်သည်။
"ပါးနဲ့ လိုက်ပါတယ်။"
ချန်ကျန့်က ခေါင်းညိတ်ပြလိုက်သည်။
"လမ်းအများကြီး လျှောက်ရတာ အဆင်ပြေအောင် ဖိနပ်တစ်စုံလည်း ထပ်ရွေးကြတာပေါ့။"
ဖခင်ဖြစ်သူက ခေတ္တမျှ ဝေခွဲမရဖြစ်သွားပြီးမှ အားရပါးရ ခေါင်းညိတ်ပြသည်။
"ကောင်းပြီလေ။"
အင်္ကျီအသစ်၊ ဖိနပ်အသစ်များဖြင့် စင်တာထဲမှ ထွက်လာသောအခါ ဖခင်ဖြစ်သူမှာ အလွန်ပျော်ရွှင်နေပုံရသည်။ ချန်ကျန့် ခံစားရသည်မှာ အဖေမှာ ယခင်ကထက် ပိုမိုမတ်မတ် ရပ်နိုင်လာသလိုပင်။ ပုံမှန်ဆိုလျှင် သူ့ထက် ခေါင်းတစ်ဝက်ခန့် ပုသော ဖခင်ဖြစ်သူမှာ ယခုတွင်မူ သူနှင့် အရပ်ချင်း သိပ်မကွာတော့သလို ထင်ရသည်။
"ဒီဖိနပ်က စီးရတာ တော်တော်သက်သောင့်သက်သာရှိတယ်။ ပြီးတော့ ပေါ့လည်း ပေါ့တယ်။ လမ်းလျှောက်ရတာ ခြေလှမ်းတွေက ကြွနေတာပဲ။ ခုန်တောင် ခုန်ချင်စိတ် ပေါက်လာတယ်။"
ဖခင်ဖြစ်သူက ပြုံးပြီး သူ့ကို ကြည့်လိုက်သည်။
"ဟင်" ချန်ကျန့်ကလည်း ခေါင်းလှည့်ပြီး ပြန် ကြည့်လိုက်သည်။
"အခုတော့ တကယ်ကို ကွဲပြားသွားပြီ။ အဖေလည်း အတိအကျတော့ မပြောပြတတ်ဘူး၊ ဒါပေမဲ့ သားက တစ်ခုခုတော့ ထူးခြားပြီး ကွဲပြားသွားတာပဲ။"
"အဲဒီကွဲပြားတာက ကောင်းတဲ့ဘက်ကလား၊ ဆိုးတဲ့ဘက်ကလား"
"ကောင်းတဲ့ဘက်ကပေါ့။ အရင်တုန်းကဆိုရင် မင်းက စကားသိပ်ပြောတာ မဟုတ်ဘူး။"
"အဖေလည်း အရင်တုန်းက စကားသိပ်မပြောခဲ့တာပဲလေ"
ဖခင်ဖြစ်သူ ပြုံးလိုက်သည်။ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက်
"ဘော့စ်ရှန်က မင်းရဲ့... ကျေးဇူးရှင်ပဲ။"
"အင်း"
ဖခင်ဖြစ်သူ၏ စကားကြားထဲတွင် ခေတ္တရပ်သွားမှုကြောင့် ချန်ကျန့်၏ အသက်ရှူသံမှာလည်း ထိုခဏ၌ ရပ်တန့်သွားသလို ခံစားလိုက်ရသည်။
"သူသာ မရှိရင်" ဖခင်ဖြစ်သူမှာ အလွန်စိတ်လှုပ်ရှားနေပုံရကာ
"မင်း ဘယ်လောက်တောင် ပင်ပင်ပန်းပန်း ဆက်လုပ်နေရဦးမလဲဆိုတာ ငါမသိဘူး... တကယ့်ကို ကျေးဇူးရှင်ပါ။"
"ကျေးဇူးရှင်ဆိုတာထက် ပိုပါတယ်"
"ဟင်"
ဖခင်ဖြစ်သူ မှင်သက်သွားသည်။ ချန်ကျန့်မှာ မိမိဘာသာ ပြောလိုက်မိသော စကားကြောင့် လန့်သွားပြီး မည်သည့်အသံမျှ ထပ်မထွက်မိတော့ပေ။ ထိုခဏ၌ ဖြစ်ပေါ်လာသော စိတ်အရှိန်အဟုန်မှာ ထိုဟိုတယ်လေး၏ အဝင်ဝတွင် ဖြစ်ပေါ်ခဲ့ဖူးသော ခံစားချက်ကဲ့သို့ပင် ပြင်းထန်၏။
သူသည် စကားများ လွတ်ထွက်မသွားစေရန် နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်မိသည်။ မည်သို့ပြောရမည်ကို စဉ်းစားရန် အချိန်အနည်းငယ် လိုအပ်နေသည်။ ဟုတ်သည်။ ဒါဟာ ခဏတာအတွင်း ဆုံးဖြတ်လိုက်တဲ့ ဆုံးဖြတ်ချက်တစ်ခု ဖြစ်နေဆဲပင်။
သို့သော် ယခုမူ ၎င်းကို စိတ်လိုက်မာန်ပါ လုပ်ရပ်ဟု မသတ်မှတ်နိုင်တော့ပေ။ သူ ဤအကြောင်းကို စဉ်းစားနေခဲ့သည်မှာ ကြာပြီ၊ အတော်ကို ကြာခဲ့လေပြီ။
"ပါး…ကျွန်တော်တို့ ဂရင်းအိုင်းလန်း ဘက်မှာ လမ်းခဏသွားလျှောက်ရအောင်"
သူ၏ဖခင်မှာ ချန်ကျန့်၏ စိတ်အခြေအနေ ပြောင်းလဲသွားသည်ကို ရိပ်မိပုံရသော်လည်း၊ အကျင့်အတိုင်းပင် သားဖြစ်သူကိုယ်တိုင် မပြောပြသရွေ့ ဘာမှဝင်မမေးပေ။ ခေါင်းသာ ညိတ်ပြလိုက်သည်။
ချန်ကျန့်သည် ဖခင်ဖြစ်သူ၏လက်မှ အိတ်များကို လှမ်းယူကာ ဂရင်းအိုင်းလန်းဘက်သို့ လျှောက်လာခဲ့သည်။
ဂရင်းအိုင်းလန်းဆိုသည်မှာ စည်ကားလှသော စီးပွားရေးရပ်ကွက်ထဲရှိ တိတ်ဆိတ်အေးချမ်းသော မြက်ခင်းပြင်လေးတစ်ခု ဖြစ်သည်။ အလွန်သေးငယ်သော်လည်း ယနေ့မှာ ပိတ်ရက်မဟုတ်သဖြင့် လူသိပ်မရှိ။ အဘွားအိုနှစ်ဦးသာ ခုံတန်းရှည်တစ်ခုပေါ်တွင် နေပူဆာလှုံနေကြသည်ကို တွေ့ရသည်။
ချန်ကျန့်နှင့် သူ၏ဖခင်တို့သည် ကျောက်ခင်းလမ်းအတိုင်း ဂရင်းအိုင်းလန်းကို တစ်ပတ်ပတ်ကာ စကားတစ်လုံးမှမဆိုဘဲ တိတ်ဆိတ်စွာ လျှောက်နေကြသည်။ သူတို့ကို ကြည့်ရသည်မှာ တော်တော်လေး ထူးဆန်းနေပုံရသည်။ အဘွားအိုနှစ်ဦးမှာလည်း သူတို့ကို ခဏခဏ လှမ်းကြည့်နေကြလေသည်။
နောက်ဆုံးတွင် ချန်ကျန့်သည် အဘွားအိုများနှင့် ဝေးရာ ခုံတန်းရှည်တစ်ခုတွင် ထိုင်လိုက်သည်။
ဖခင်ဖြစ်သူကလည်း သူ့ဘေးတွင်ဝင်ထိုင်ကာ လက်နှစ်ဖက်ကို ပွတ်သပ်ရင်း သက်ပြင်းတစ်ချက်ချလိုက်သော်လည်း တိတ်ဆိတ်နေဆဲပင်။ ချန်ကျန့်မှာ အပြင်ပန်းတွင် တိတ်ဆိတ်နေသော်လည်း သူ၏စိတ်ထဲတွင် မုန်တိုင်းတစ်ခု ပြင်းထန်စွာ တိုက်ခတ်နေသည်။
ပထမဆုံးတစ်ခွန်းကို ဘယ်လိုစပြောရမလဲ။ ဒုတိယတစ်ခွန်းက ဘာဖြစ်မလဲဆိုတာကို သူတိတိကျကျ မစဉ်းစားရသေးသလို ပို၍မှန်အောင်ပြောရလျှင် သူ၏စိတ်ထဲမှ စကားလုံးတိုင်းမှာ မုန်တိုင်းကြောင့် လွင့်စင်ပျောက်ကွယ်ကုန်ပြီး ပြန်စုစည်း၍ မရတော့ပေ။
သူ့အဖေ၏ တုံ့ပြန်မှု အမျိုးမျိုးကိုလည်း သူကြိုတင်စိတ်ကူးကြည့်နေမိသည်။
ဆူပူကြိမ်းမောင်းခြင်း။ တိတ်ဆိတ်သွားခြင်း။ သူ့ကို ရိုက်နှက်ခြင်း။ လမ်းကလေးအတိုင်း သူ့နောက်ကို လိုက်ဖမ်းပြီး ပြေးရင်းလွှားရင်း ရိုက်နှက်ခြင်း။
အဘွားအိုတွေက ရဲတိုင်လိမ့်မည်။ ရဲတွေရောက်လာရင် သူဘာပြောမလဲ သူမသိ။
စကားလုံးတွေက လွင့်စင်နေတုန်း...
"ချန်ကျန့်"
ဖခင်ဖြစ်သူက လက်များကို ပွတ်သပ်ရင်း နောက်ဆုံးတွင် မနေနိုင်ဘဲ စကားစလာသည်။
"မင်း... တစ်ခုခု စိတ်ထဲမှာ ရှိနေတယ် မဟုတ်လား"
ဟုတ်ကဲ့ပါ အဖေ။ ကြီးမားတဲ့ ကိစ္စတစ်ခုပါ။
အဖေက စကားစလိုက်သည့် ထိုခဏ၌ ချန်ကျန့်အတွက် နောက်ဆုတ်စရာ လမ်းမရှိတော့ပေ။ ဘာပဲဖြစ်ဖြစ် သူ့မှာ ရှန်ယွီလိုမျိုး ထူးဆန်းသည့် အကြောင်းပြချက်တွေကို ချက်ချင်းလက်ငင်း ထုတ်ပြောနိုင်သော ဦးနှောက်မျိုး မရှိဘူးလေ။
“ဟုတ်"
ဖခင်ဖြစ်သူ၏ စကားက သူ၏စိတ်အဟုန်ကို ပိုမိုပြင်းထန်စေခဲ့ခြင်းမဟုတ်ဘဲ သူကိုယ်တိုင် ပြန်ထူးလိုက်သည့် "ဟုတ်" ဆိုသည့် အသံမှာပင် သူ့ကိုယ်သူ လန့်သွားစေသည့် မိုးကြိုးသံကဲ့သို့ ဖြစ်သွားကာ သူသည် ခုံမှ ဝုန်းခနဲ မတ်တပ်ထရပ်လိုက်မိသည်။
ဖခင်ဖြစ်သူမှာ နောက်သို့ လန်သွားပြီး သူ့ကို ဇဝေဇဝါဖြင့် ကြည့်နေလေသည်။
ပြောလိုက်တော့၊ အခုချက်ချင်းပဲ။ ဒါပေမဲ့။ ဘယ်လိုစရမလဲ
ပါး ကျွန်တော် တောင်းပန်ပါတယ်။ ချန်မိသားစုရဲ့ မျိုးဆက်က ကျွန်တော့်ဆီမှာပဲ ဆုံးသွားပါလိမ့်မယ်။
ချန်မိသားစုက ကျွန်တော့်မှာတင် ပြီးသွားပြီ။ ပါး… ရှန်ယွီက ကျွန်တော့်ရဲ့ ကျေးဇူးရှင်သက်သက်တင် မဟုတ်ပါဘူး။ သူက ကျွန်တော့်ရဲ့ ချစ်သူ ပါ။ ပါး… ကျွန်တော်...
မုန်တိုင်းကြောင့် လွင့်စင်သွားသော စကားလုံးများသည် ယခုအခါ ရှုပ်ထွေးပွေလီစွာဖြင့် သူ၏စိတ်ထဲသို့ ပြန်လည်ဝင်ရောက်လာသည်။
ထိုကဲ့သို့သော စကားစတင်မှုများ၏ လှုံ့ဆော်မှုအောက်တွင် ချန်ကျန့်သည် ပါးစပ်ပင် မဟနိုင်သေးမီမှာပင် ဖခင်ဖြစ်သူ၏ ရှေ့၌ တိုက်ရိုက် ဒူးထောက်ချလိုက်လေတော့သည်။
"ပါး..."
စကားပြောလိုက်သည့်အခါ သူ၏အသံမှာ စိတ်လှုပ်ရှားမှုကြောင့် တင်းမာနေသည်။
"ချန်ကျန့်..."
ဖခင်ဖြစ်သူမှာလည်း ထိုအပြုအမူကြောင့် ကြောင်အမ်းသွားကာ လက်များကို ဝှေ့ယမ်းရင်း၊ ရုတ်တရက် ခုံပေါ်မှ လျောဆင်းကာ ချန်ကျန့်၏ရှေ့၌ ပြန်လည်ဒူးထောက်လိုက်လေသည်။
“အဖေတောင်းပန်ပါတယ်ကွာ။"
ချန်ကျန့်မှာ အံ့သြလွန်းသဖြင့် ပါးစပ်အဟောင်းသားနှင့် စကားပင် မပြောနိုင်တော့ပေ။
သူ၏ မျက်လုံးထောင့်မှ မြင်လိုက်ရသည်မှာ ဟိုဘက်မှ အဘွားအိုနှစ်ဦးမှာလည်း သူတို့ကဲ့သို့ပင် အံ့သြတုန်လှုပ်နေကြပြီး တုန်တုန်ယင်ယင်ဖြင့် မတ်တပ်ထရပ်နေကြခြင်းဖြစ်သည်။
ချန်ကျန့်က ဖခင်ဖြစ်သူကို ကြည့်လိုက်သည်။
"ပါး ဘာတွေ ပြောနေတာလဲ"
"အဖေ... အဖေလည်း မသိတော့ဘူး"
ဖခင်ဖြစ်သူမှာလည်း အနည်းငယ် ဇဝေဇဝါဖြစ်နေပုံရပြီး သူကိုယ်တိုင် ဘာကြောင့် ဒူးထောက်လိုက်မိသည်ကို နားမလည်ပုံရသည်။
"မင်းက... ဘာလို့ ဒီလို..."
"ပါး ထပါဦး!" ချန်ကျန့်သည် နောက်ဆုံးတွင် သတိပြန်ဝင်လာပြီး ဖခင်ဖြစ်သူ၏ လက်မောင်းကို ကိုင်ကာ ဆွဲထူလိုက်သည်။
"ပါး ဘာလုပ်နေတာလဲ!"
"မင်း အရင်ထစမ်းပါ"
သူ၏ဖခင်မှာ ကြောင်အမ်းအမ်းဖြင့် မတ်တပ်ထရပ်ရင်း သူ့ကိုပါ ဆွဲထူတော့သည်။
"ထစမ်းပါ..."
"ကျွန်တော် ပြောစရာရှိတာ ပြောပြီးမှ ထပါ့မယ်"
ချန်ကျန့်သည် ယခုအခါ စိတ်မလှုပ်ရှားတော့ဘဲ အဖေဖြစ်သူကဲ့သို့ပင် အကြောင်းပြချက်မရှိဘဲ ဇဝေဇဝါ ဖြစ်နေမိသည်။
"အေး... ပြော၊ ပြော"
ဖခင်ဖြစ်သူက သူ့ကို စိုက်ကြည့်ရင်း အနောက်ဘက်ရှိ ကုလားထိုင်ကို စမ်းရှာကာ ပြန်ထိုင်လိုက်သော်လည်း လက်တစ်ဖက်ကတော့ ချန်ကျန့်၏ လက်မောင်းကို ဆုပ်ကိုင်ထားဆဲပင်။
"ပါး... ကျွန်တော် ပါး ကို ပြောစရာ တစ်ခုရှိတယ်။ ပါး..."
ချန်ကျန့်သည် ဘေးနားရှိ လမ်းမကို လှမ်းကြည့်လိုက်သည်။ ဤ ဂရင်းအိုင်းလန်းကို ထိုသို့ခေါ်ရခြင်းမှာ ၎င်းသည် ကားလမ်းများ ဝိုင်းရံထားသော ဧရာမ အဝိုင်းပတ်ကြီး ဖြစ်နေသောကြောင့်ပင်။ ကျွန်းပေါ်တွင် လူမရှိသော်လည်း ပတ်ပတ်လည်တွင် ကားများ အပြည့်ရှိနေသည်။
ယခု သူ ဒီမှာ ဒူးထောက်နေခြင်းကြောင့် ဖြတ်မောင်းသွားသော ကားနှစ်စီးမှာ တစ်ပြိုင်နက်တည်း အရှိန်လျှော့သွားကြသည်။
ငါ ဘာလို့ ဒူးထောက်မိပါလိမ့်! စကားပြောပြီးမှ ဒူးထောက်ရင်လည်း မနှောင်းပါဘူး! ချန်ကျန့်... မင်းရဲ့ ဦးနှောက်ကတော့ တကယ်ပါပဲ... ဆန်းပင်းရဲ့ ဦးနှောက်နဲ့တောင် မနှိုင်းနဲ့တော့။ တကယ်တော့ အတူတူပါပဲ။
ယခု စဉ်းစားနေဖို့ အချိန်မရှိတော့ပေ။ မကြာခင် ယာဉ်ထိန်းရဲတွေ ရောက်လာတော့မည်။
သူ အံကြိတ်လိုက်ပြီး ဖခင်ဖြစ်သူကို ကြည့်ကာ ပြောချလိုက်သည်။
"ပါး..တကယ်တော့ ရှန်ယွီက ကျွန်တော့်ရဲ့ ချစ်သူပါ။"
"ဟင်" ဖခင်ဖြစ်သူက သူ့ကို ကြည့်ကာ ခေတ္တမျှ မှင်သက်သွားပြီးနောက် သူ၏လက်မောင်းကို ဆက်လက် ဆွဲထူပြန်သည်။
"ဪ... အဖေ သိပါတယ်။ ထပါတော့။"
သိတယ်။
ချန်ကျန့်သည် ကြောင်အမ်းအမ်းဖြင့် ထလိုက်ပြီး ဖခင်ဖြစ်သူ၏ ဘေးတွင် ပြန်ထိုင်လိုက်သည်။
"မင်းကလည်း တကယ်ပဲ"
ဖခင်ဖြစ်သူက ချန်ကျန့်၏ ဘောင်းဘီပေါ်မှ ဖုန်များကို ပုတ်ပေးလိုက်သည်။
"ဘယ်လောက်ကြီးမားတဲ့ ကိစ္စမို့လို့ ဒူးတောင် ထောက်ရတာလဲ"
ဘာလဲ
ချန်ကျန့် တကယ်ကို သတိပြန်မဝင်နိုင်တော့ပေ။ သူသည် ဖခင်ဖြစ်သူ၏ ရှေ့သို့ တိုးကပ်ကာ
"ပါး…"
"အေး... ပြောလေ"
ဖခင်ဖြစ်သူက ခေါင်းညိတ်ပြသည်။
"ကျွန်တော် ပြောတာက ရှန်ယွီက ကျွန်တော့်ရဲ့ ချစ်သူလို့"
ချန်ကျန့် ထပ်ပြောသည်။
"သူက ကျွန်တော့်ရဲ့ ချစ်သူပါ။ ကျွန်တော်တို့ တွဲနေကြတာ။"
သူ ထပ်ပြောလိုက်ချိန်တွင် နားထဲ၌ ဝီခနဲ အူသွားသည်။ ဖြတ်မောင်းသွားသော ကားသံများ ပျောက်ကွယ်သွားသလို ခံစားရပြီး ကမ္ဘာကြီးမှာ သုံးစက္ကန့်ခန့် ရပ်တန့်သွားကာ ထိုစူးရှသော အူသံကိုသာ ကြားနေရသည်။
နားထဲမှ အူသံ တဖြည်းဖြည်း ပျောက်ကွယ်သွားသောအခါ ချန်ကျန့်သည် တစ်ခါမှ မခံစားဖူးသော စိတ်သက်သာရာရမှုကို ခံစားလိုက်ရသည်။ မည်သည့် နောက်ဆက်တွဲရလဒ်ကိုမျှ ဂရုမစိုက်တော့သည့် စိတ်သက်သာရာရမှု။ ချောက်ကမ်းပါးပေါ်မှ ခုန်ချလိုက်ပြီး မြေပြင်ပေါ်မကျမီ လေထဲတွင် ပျံသန်းနေရသလို ခံစားချက်မျိုး။
မိုက်မဲစွာဖြင့် ရရှိလာသော စိတ်အေးချမ်းမှု။ ဖခင်ဖြစ်သူမှာ ဘာမှမပြောဘဲ သူ့ကို ကြည့်နေသည်။
ထို စိတ်သက်သာရာရမှု ဒီလှိုင်းများ ဖြတ်ကျော်သွားပြီးနောက် ချန်ကျန့်သည် ဂရင်းအိုင်လန်ရှိ ခုံတန်းရှည်ပေါ်သို့ စိတ်ပြန်ရောက်လာသည်။ သူ အားအင်ကုန်ခမ်းသွားသလို ခံစားရသည်။ လက်မောင်းများကို ဒူးပေါ်တင်ကာ ဖခင်ဖြစ်သူကို ပြန်ကြည့်ရန် သတ္တိများ ရုတ်တရက် ပျောက်ဆုံးသွားသည်။
"ပါး"
သူ ခုနက သူဒူးထောက်ခဲ့သော မြေပြင်ပေါ်ကိုသာ စိုက်ကြည့်ရင်း
"ကျွန်တော် တောင်းပန်ပါတယ်။"
ဖခင်ဖြစ်သူက ဘာမှမပြောသေးပေ။ ချန်ကျန့်လည်း မကြည့်ရဲဘဲ မြေပြင်ကိုသာ ကြည့်ရင်း နောက်တစ်စက္ကန့်တွင် ဘာဖြစ်မလဲဆိုသည်ကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေမိသည်။
နောက်တစ်စက္ကန့်… နောက်ထပ် တစ်စက္ကန့်...
"အင်း"
ဖခင်ဖြစ်သူက နောက်ဆုံးတွင် တုံ့ပြန်လိုက်သည်။
"တွဲကြလေ။"
ဘာတွေလဲဗျာ
ချန်ကျန့် တကယ်ကို မအောင့်နိုင်တော့ဘဲ ဖခင်ဖြစ်သူကို လှည့်ကြည့်လိုက်မိသည်။
ဖခင်ဖြစ်သူကလည်း သူ့ကို ပြန်ကြည့်နေသည်။ သူ၏ မျက်နှာအမူအရာမှာ တည်ငြိမ်နေသလို အကြည့်များမှာလည်း အေးဆေးနေသည်။ ထိုခဏ၌ ချန်ကျန့်သည် သူပြောသည်ကို ဖခင်ဖြစ်သူ လုံးဝနားမလည်ခဲ့ခြင်းဖြစ်မည်ဟု ပြင်းပြင်းထန်ထန် သံသယဝင်မိသည်။
"ပါး" ချန်ကျန့် အသက်ပြင်းပြင်းရှူလိုက်သည်။
"ကျွန်တော်ပြောတာကို ပါး တကယ် နားလည်ရဲ့လား"
"နားလည်ပါတယ်။ မင်းတို့ တွဲနေကြတာပဲ။ အဲဒါ ကောင်းပါတယ်။"
"ကျွန်တော် ဘယ်သူနဲ့ တွဲနေတယ်ဆိုတာ ပါး သေချာနားလည်ရဲ့လား"
ချန်ကျန့် ထပ်မေးပြန်သည်။
"ရှန်ယွီလေ"
အဖေက ခပ်အေးအေးပဲ ရှန်ယွီနာမည်ကို ထုတ်ပြောလာ၏။ သူ နားကြားမှားတာ မဟုတ်ပါဘူး။
အရိုက်အနှက် ခံရတာ အဆူအဆဲ ခံရတာ ဒါမှမဟုတ် နာကျင်စရာကောင်းသည့် တိတ်ဆိတ်မှုမျိုးနဲ့ ကြုံရတာထက်စာရင် ဖခင်ဖြစ်သူရဲ့ ဘာမှမဖြစ်သလို တည်ငြိမ်နေသော တုံ့ပြန်မှုက ချန်ကျန့်ကို ပိုပြီး ထိတ်လန့်သွားစေသည်။
"ပါး..အဟမ်း"
ချန်ကျန့် ချောင်းတစ်ချက်ဟန့်လိုက်သည်။
"ဒီကိစ္စကလေ... လူအများစုရဲ့ အမြင်မှာတော့... လက်ခံဖို့ တော်တော်ခက်ခဲတယ်ဆိုတာ ကျွန်တော် သိပါတယ်။ ကျွန်တော်... ကျွန်တော်ကိုယ်တိုင်လည်း ဒါမျိုးဖြစ်လာမယ်လို့ မမျှော်လင့်ထားဘူး..."
အဖေက သူ့ကို ကြည့်ပြီး ခေါင်းညိတ်ပြကာ ချန်ကျန့်လက်ကို ညင်သာစွာ ပုတ်ပေးသည်။
"မင်း အဆင်ပြေနေသရွေ့ အဲဒါပဲ အရေးကြီးပါတယ်။ မင်း အဆင်ပြေနေဖို့ပဲ လိုပါတယ်။"
ချန်ကျန့် ဘာမှထပ်ပြောစရာ မရှိတော့ပေ။ သူသည် ဖခင်ဖြစ်သူကို ငေးကြည့်နေမိသည်။
အနည်းဆုံး ဆယ်စက္ကန့်လောက် ကြာသွားပြီးတဲ့နောက်မှာတော့ ဒါဟာ အမှန်တရားပဲဆိုတာ သူ အတည်ပြုနိုင်လိုက်ပြီ။ သူ့အဖေက တကယ့်ကို အေးအေးဆေးဆေး လက်ခံပေးလိုက်တာပဲ။
"ပါးက..."
ချန်ကျန့် ဘယ်လိုဖော်ပြရမှန်းတောင် မသိတော့ဘူး။ သူ့အဖေကို ဒေါသထွက်စေချင်တာ ဒါမှမဟုတ် သူ့အတွက်ကြောင့် အောင့်အည်းသည်းခံစေချင်တာ မဟုတ်ပေမဲ့ ဒီမြင်ကွင်းက သူစိတ်ကူးထားတာနဲ့ အရမ်းကို ဝေးကွာလွန်းနေသည်။
ရှန်ယွီလို ထူးထူးဆန်းဆန်း တွေးတတ်တဲ့သူတောင် ဒီလိုဖြစ်လာမယ်လို့ ထင်မှာမဟုတ်ဘူး။
"ဒီနှစ်တွေတစ်လျှောက် အဖြစ်အပျက်တွေ အများကြီး ကြုံခဲ့ပြီးပြီဆိုတော့ ။ ဘာဖြစ်ဖြစ် ရပါတယ်။ မင်း ဘေးကင်းပြီး အဆင်ပြေနေရင် အဲဒါပဲ အရေးကြီးဆုံးပဲ။"
အဖေက ဖြည်းဖြည်းချင်းပြောနေသည်။ ချန်ကျန့် ဘာမှပြန်မပြောမိပေ။ သူ၏ရင်ထဲတွင် ခံစားချက်ပေါင်းစုံ ရောထွေးလျက်။
"ငါ့သားက…ကလေးဘဝကတည်းက အရာရာကို ကိုယ်တိုင်ကိုင်တွယ်နိုင်ခဲ့တာ။ တာဝန်ယူတတ်တယ်။ ငါ့ကိုသိတဲ့သူတိုင်းက ဒီလိုသားမျိုးရတာ ငါ့ကံကောင်းတယ်လို့ပဲ ပြောကြတာ..."
ချန်ကျန့် နှာတစ်ချက်ရှုံ့လိုက်ပြီး ဖခင်ဖြစ်သူ၏လက်ကို တင်းတင်းဆုပ်ကိုင်ထားလိုက်သည်။
ထိုအခါမှ ဖခင်ဖြစ်သူ၏လက်ကလေး အနည်းငယ် တုန်ယင်နေခြင်းမှတစ်ဆင့် အဖေ့၏ စိတ်လှုပ်ရှားမှုကို ချန်ကျန့် ခံစားလိုက်ရသည်။
"ဘာမှ အရေးမကြီးတော့ပါဘူး။ ဒါက ကိစ္စအကြီးကြီး မဟုတ်ပါဘူး သားရယ်…"
***
တစ်ဖက်တွင်တော့... ရှန်ယွီသည် လှေကားပေါ်မှ ပြေးဆင်းလာပြီး ဟူဖန်၏ ကင်မရာရှေ့သို့ ခုန်ဝင်လိုက်သည်။ ဟူဖန် တောင်းဆိုထားသည့်အတိုင်း ပို၍တိတိကျကျပြောရလျှင် လျိုဝူ၏ ဇာတ်ညွှန်းအတိုင်း သူသည် ခေါင်းကို အနည်းငယ်ငုံ့ကာ ကင်မရာအနောက်ဘက်သို့ ကြည့်လိုက်သည်။
ထို့နောက် သူလှည့်ထွက်သွားရာ သူ၏ ကုတ်အင်္ကျီစမှာ လေထဲတွင် ဝဲတက်သွားသည်။
လေမရှိသည့် အထဲတွင် အင်္ကျီစ ဝဲတက်သွားစေရန်အတွက် ချန်အာဟူက အင်္ကျီအနားသတ်တွင် အပ်ချည်ကြိုးအမျှင်လေးတစ်ချောင်း ချည်ထားပေးခြင်းဖြစ်သည်။
သူ လှည့်လိုက်သည့်အချိန်တွင် အင်္ကျီစမှာ ကြိုးဖြင့် အဆွဲခံလိုက်ရပြီးနောက် ချန်အာဟူက လွှတ်ပေးလိုက်သည်။ ရှန်ယွီသည် လူလုပ်လေဖြင့် ဝဲနေသော အင်္ကျီစနှင့်အတူ ဓာတ်လှေကားဆီသို့ လျှောက်သွားလေသည်။
ဓာတ်လှေကားတံခါးကို လောင်စစ်က ကြိုဖွင့်ထားပေးရာ သူသည် တန်းဝင်သွားလိုက်သည်။
"Cut!" ဟူဖန်က အော်လိုက်သည်။
"မိုက်တယ် ဘော့စ်"
"အားလုံး ပြီးပြီလား"
ရှန်ယွီက ဓာတ်လှေကားထဲတွင် မက်ခ်ကို ချွတ်ရင်း မေးသည်။
"ပြီးပြီ!"
ရှန်ယွီ ဓာတ်လှေကားထဲက ပြန်မထွက်တော့ဘဲ တံခါးပိတ်ကာ စတုတ္ထထပ်သို့ တက်သွားလိုက်သည်။
ဒါရိုက်တာ ဟူဖန်ရဲ့ "အခွင့်အရေးရရင် ရသလိုရိုက်" ဆိုတဲ့ နည်းလမ်းက တော်တော်လေး အလုပ်တွင်လှသည်။ ဒီမနက် ရှန်ယွီ ပထမထပ်ကို နှစ်ခါပဲ ဖြတ်သွားရသေးသည်။ နှစ်ခန်းစာ ရိုက်ပြီးသွားပြီ။
သူ့အိတ်ထဲက ဖုန်းမြည်လာသဖြင့် ထုတ်ကြည့်လိုက်ရာ ချန်ကျန့် ဖြစ်နေသည်။
သူလည်း ချန်ကျန့်ဆီ ဖုန်းဆက်မလို့ လုပ်နေတာ။ ဆွန်းနာနာက ခုတင်တင်ပဲ သူ့ကို သတင်းပေးထားသည်။ ညှိနှိုင်းမှုက အဆင်ပြေသွားပြီး ညနေပိုင်းတွင် စာချုပ်အသေးစိတ် ဆွေးနွေးရန် ချိန်းထားလိုက်ပြီ။ ချန်ကျန့်ရဲ့အဖေပါ ရှိနေလျှင် အကောင်းဆုံးဖြစ်သည်။
သူ ဖုန်းဖြေလိုက်သည်။
"တိုက်ဆိုင်လိုက်တာ၊ ငါလည်း မင်းဆီ ဖုန်းဆက်မလို့ပဲ။"
"ကျွန်တော် သူ့ကို ပြောလိုက်ပြီ"
ချန်ကျန့်၏ အသံမှာ ဖော်ပြမတတ်အောင် စိတ်လှုပ်ရှားနေသလို ထိန်းချုပ်ထားရသည့် ခံစားချက်လည်း ပါဝင်နေသည်။
"သူတို့က မင်းကို ဘယ်လိုများ နှိပ်စက်လိုက်လို့ ဒီလောက်မြန်မြန်ကြီး ငါတို့ကို သစ္စာဖောက်လိုက်ရတာလဲ"
ရှန်ယွီက နောက်ပြောင်လိုက်သည်။
"ကျွန်တော် ပြောလိုက်ပြီ။ အခုတင်ပဲ။ အဖေ့ကို ကျွန်တော် ပြောလိုက်ပြီ။"
ရှန်ယွီ မှင်သက်သွားသည်။ ဓာတ်လှေကားတံခါး ပွင့်သွားသော်လည်း သူ အပြင်ထွက်ဖို့ မေ့နေခဲ့သည်။ လူသွားလမ်းက မီးသတ်ဗူးကိုပဲ စိုက်ကြည့်နေမိသည်။
ထို့နောက် ဓာတ်လှေကားတံခါး ပြန်ပိတ်သွားသည်။ ဓာတ်လှေကား ပြန်ဆင်းသွားတော့မှ သူ မေးနိုင်သည်။
"မင်း ဘာပြောလိုက်တာလဲ ငါတို့ကိစ္စကို ပြောလိုက်တာလား"
"အင်း"
"မင်းအဖေက ဘယ်လိုတုံ့ပြန်လဲ"
"ထွေထွေထူးထူး တုံ့ပြန်မှု မရှိဘူး။ ကျွန်တော် မိန်းကလေးတစ်ယောက်နဲ့ တွဲနေတယ်လို့ ပြောလိုက်သလိုမျိုးပဲ အေးဆေးပဲ။"
"မင်း 'ရှန်ယွီ' လို့ ပြောလိုက်တာ သေချာရဲ့လား။ မင်း အရမ်းစိတ်လှုပ်ရှားပြီး 'ဟူဖန်' လို့ ပြောလိုက်တာတော့ မဟုတ်ပါဘူးနော်"
"ကျွန်တော့်လျှာ ပြတ်သွားရင်တောင် 'ဟူဖန်' လို့တော့ ပြောမှာမဟုတ်ဘူးလေ"
ရှန်ယွီ ခေတ္တမျှ တိတ်ဆိတ်သွားပြီး ဘာပြောရမှန်း မသိဖြစ်နေသည်။
"သူ ကျွန်တော့်ကို ရိုက်လိမ့်မယ်လို့ ထင်ထားတာ။ ဒါပေမဲ့ သူက တစ်ခွန်းပဲ ပြောတယ် ။ မင်း အဆင်ပြေနေရင် အဲဒါ ကိစ္စအကြီးကြီး မဟုတ်ပါဘူး တဲ့။"
"တကယ်လား"
ရှန်ယွီ မျက်မှောင်ကြုတ်လိုက်မိသည်။ တကယ်ကို အံ့သြသွားရသည်။
"ကျွန်တော်တို့ ခဏနေရင် ရွာဘက် ပြန်လာခဲ့မယ်"
"အင်း"
ဓာတ်လှေကားတံခါး ပြန်ပွင့်သွားသည်။ ခါးမှာ ကုတင်ခင်း ပတ်ထားတဲ့ လောင်ဝူ က ဓာတ်လှေကားတံခါးဘောင်ကို မှီပြီး ခန့်ခန့်ကြီး ရပ်နေသည်။ ဒါရိုက်တာ ဟူဖန်က ဟိုဘက်မှာ ရိုက်နေတုန်း။
"ဘော့စ်က ဘာလို့ ပြန်ဆင်းလာတာလဲ"
လောင်ဝူက ဇာတ်ဝင်ခန်းထဲက အတိုင်း ခပ်တည်တည်နဲ့ လှည့်ကြည့်ပြီး မေးသည်။ ရှန်ယွီ ဘာမှပြန်မပြောဘဲ ပိတ်တဲ့ခလုတ်ကို နှိပ်ကာ စတုတ္ထထပ်ခလုတ်ကို ပြန်နှိပ်လိုက်သည်။
"ဒါဆို ကျွန်တော် ဖုန်းချလိုက်ပြီနော်" ချန်ကျန့်က ပြောသည်။
"နေဦး"
ရှန်ယွီ ဓာတ်လှေကားနံရံကို မှီပြီး ခေတ္တစဉ်းစားလိုက်သည်။
"မင်းအဖေက မင်းကိုပဲ မရိုက်ချင်တာ မဟုတ်ဘူးလားလို့လေ… ငါ့ကိုကျမှ အငြိုးနဲ့ လာရိုက်ဖို့ ကြံနေတာလား မသိဘူးနော်"
________________________________________________________________
TN // အဖေကြီးနေရာကနေ တွေးပြီး စိတ်မကောင်းဘူး ။ သူက သားငယ်လေးကို တာဝန်မကျေနိုင်ခဲ့လို့ ဒီလို ကိစ္စမျိုးမှာ ဝင်ပါဖို့ မသင့်ဘူးလို့ တွေးနေမလားပေ့ါဆိုပြီးလေ…ဒါပေမဲ့ ကိစ္စတွေ အများကြီး ကြုံပြီးနောက် ဒီလိုကောင်းကောင်းမွန်မွန်လေး ဖြစ်နေတာတင် တော်လှပြီလို့ တွေးလိုက်တာသိလား။ အသက် 20 ဆိုတာ ကလေးလေးလေနော်။ အာအီဂူး ငါတို့ မုန်လာထုပ်လေး….
NEXT
ဟုတ်မယ်နော်။မိဘနေရာက ကြည့်ရင် သားလေးကို သေချာဂရုမစိုက်ပေးရဘူးဆိုတဲ့စိတ်လေးနဲ့ စိတ်မကောင်းဖြစ်နေရှာမှာ။အခုလိုလေးတွေ့တော့လဲ သူ့စိတ်ထဲ အေးသွားမယ်ထင်တယ်
ReplyDeleteဘဝတစ်လျှောက် မပျော်ခဲ့ရ မပြည့်စုံခဲ့ရတော့ ချစ်တဲ့သူနဲ့ ပျော်ပါစေ ဆိုတဲ့ စေတနာမျိုးဖြစ်မယ်ထင်ပါတယ်။
ReplyDeleteအတ္တမရှိတဲ့ မိဘမလို့ အဲလိုလေးတွေးပေးနိုင်တာပါ။