အခန်း (၁၄) ဒါမှမဟုတ် မင်းက ဘာထင်လို့လဲ
နောက်ထပ် သုံးရက်ဆက်တိုက် ယွီနျန့်၏ Hot Search မှာ ထိပ်ဆုံးဆယ်ခုစာရင်းတွင် ခိုင်ခိုင်မာမာ ချိတ်ဆွဲထားဆဲဖြစ်သည်။ ရှီးရိုက အနည်းငယ် ထူးဆန်းသလို ခံစားရပြီး
"နျန့်နျန့်နဲ့ ဖန်းဟွက အခုထိတော့ အဲဒီလောက်ကြီး နာမည်မကြီးသေးဘူးလေ။ ယုတ္တိ ကျကျပြောရရင် အစောပိုင်း စိတ်လှုပ်ရှားမှုတွေ ပြီးသွားရင်တော့ တခြားသတင်းသစ်တွေက ဒီ Hot Search ကို ဖုံးလွှမ်းသွားရမှာ မဟုတ်လား"
မုန့်ယွမ်က ခြေထောက်ချိတ်ထိုင်ရင်း
"ဒါကြောင့်ပေါ့... မင်းရဲ့ အစ်ကိုမုန့်က မင်းကို နျန့်နျန့်ရဲ့ Weibo follower အရေအတွက်ကို သွားကြည့်ခိုင်းတာပေါ့"
ရှီးရိုက သေသေချာချာ မှတ်မိနေသည်။
"တစ်သန်းနီးပါးတောင် ရောက်တော့မယ်"
မုန့်ယွမ်က လက်ဖျောက်တစ်ချက်တီးလိုက်ရင်း
"ဟုတ်တာပေါ့၊ ဒါက အဓိကအချက်ပဲ။ ဒီကိစ္စရဲ့ နောက်ကွယ်ကလူက နည်းပရိယာယ်တွေကို တော်တော်လေး ကျွမ်းကျင်တာ။ တစ်ဖက်မှာလည်း ဒီဖြစ်ရပ်ကို သုံးပြီး နျန့်နျန့်အတွက် အရှိန်မြှင့်ပေးတယ်။ ရေဆိုးပက်တဲ့အကောင့် တစ်ဖွဲ့က ဖန်းဟွကို ဆဲနေတဲ့အချိန်မှာ နောက်တစ်ဖွဲ့က နေရာအနှံ့မှာ နျန့်နျန့်ကို ဝန်းရံပေးနေတာလေ။ နှစ်ဖက်စလုံးက အကွက်ကျကျပဲ။"
"နောက်တစ်ချက်ကတော့ လူတိုင်းကို စိတ်ပိုင်းဆိုင်ရာ အရိပ်အမြွက် ပေးလိုက်တာပဲ။ နောက်တစ်ခါ နျန့်နျန့်ဆီမှာ တစ်ခုခု ထပ်ဖြစ်လာရင် လူတိုင်းက မသိစိတ်ထဲကနေ လှမ်းတွေးမိကြလိမ့်မယ် 'ဟေး... ဒါက ပြီးခဲ့တဲ့တစ်ခေါက်လိုမျိုးပဲလား၊ ယွီနျန့်က အပြစ်မရှိဘဲ နောက်မှ အဖြစ်မှန်က ပြောင်းပြန်လှန်သွားဦးမှာလား' ဆိုပြီးတော့လေ။"
ရှီးရိုက ရုတ်တရက် သဘောပေါက်သွားပြီး "ဪ... ဒါကြောင့်ကိုး!" ဟု ရေရွတ်လိုက်သည်။
မုန့်ယွမ်က သူ့ဒူးကို လက်ချောင်းဖြင့် ပုတ်ရင်း နိဂုံးချုပ်လိုက်သည်မှာ
"ဒါပေမဲ့ ဒီအကြောင်းအရာက ဒီနေ့ ဒါမှမဟုတ် မနက်ဖြန်ကျရင်တော့ သေချာပေါက် ကျသွားတော့မှာပါ။ အကြာကြီး ဆွဲထားရင် လူတွေက ငြီးငွေ့သွားကြလိမ့်မယ်။"
မုန့်ယွမ် ခန့်မှန်းခဲ့သည့်အတိုင်းပင် နောက်တစ်နေ့တွင် ယွီနျန့်၏ Hot search များ ပျောက်ကွယ်သွားပြီး အရှိန်အဟုန်လည်း စတင်ကျဆင်းလာခဲ့သည်။ သို့သော် သိပ်မကြာမီမှာပင် "သဘာဝတရား၏ အသံ" ဒုတိယရာသီ၏ တတိယမြောက်အပိုင်းအတွက် အရှိန်မြှင့်တင်မှုများ စတင်လာပြီး ကြော်ငြာမှုများနှင့် သတင်းများမှာလည်း ပြန်လည် ထွက်ပေါ်လာပြန်သည်။
မုန့်ယွမ်က သက်ပြင်းချကာ "ဒါက တကယ်ကို လန်းလွန်းတယ်" ဟု ဆိုလိုက်သည်။ သူသည် ဖျော်ရည်ကို အာရုံစိုက်သောက်နေသော ယွီနျန့်ကို တစ်ချက်ကြည့်လိုက်ပြီး ရှီးရိုကို မေးလိုက်သည်။
"ဘာက အဲဒီလောက်အထိ လန်းနေတာလဲ မင်းသိလား"
ရှီးရိုက ယခုတစ်ကြိမ်တွင်တော့ အချက်ကို တည့်တည့်မှန်အောင် ထောက်ပြလိုက်နိုင်သည်။
"ဖန်းဟွရဲ့ သတင်းတွေ လုံးဝ ပျောက်သွားတာပဲ။"
မုန့်ယွမ်က လက်ခုပ်တီးကာ ထောက်ခံလိုက်သည်။
"မှန်တယ်။ နျန့်နျန့်ရဲ့ Hot Search ပြီးတာနဲ့ ဖန်းဟွရဲ့ သတင်းမှန်သမျှ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ အကုန်ပျောက်သွားတာပဲ။ ဒီလောကမှာ ဘာကို အကြောက်ဆုံးလဲ သိလား လူတွေကြားထဲက ပျောက်ကွယ်သွားရတာပဲ။ အခုတော့ ဖန်းဟွဘက်က ကာကွယ်ပေးမယ့် အမာခံပရိသတ်နည်းနည်းတော့ ကျန်ဦးမှာပါ။ ဒါပေမဲ့ နောက်တစ်လ၊ နှစ်လလောက်နေရင် ဖန်းဟွဆိုတာ ဘယ်သူလဲလို့ ဘယ်နှစ်ယောက်က မှတ်မိနေဦးမှာလဲ ။ ဒါက ရက်စက်ပေမဲ့ လက်တွေ့ဘဝရဲ့ အမှန်တရားပဲ။"
ယွီနျန့်က လက်ထဲက ဖျော်ရည်ခွက်ကို ချလိုက်ပြီး ရုတ်တရက် သတိရသွားဟန်ဖြင့်
"အစ်ကိုမုန့်... ပြီးခဲ့တဲ့တစ်ခေါက်က ဒီကိစ္စမှာ ကျွန်တော့်ကို ဘယ်သူကူညီပေးခဲ့တာလဲဆိုပြီး မေးခဲ့တယ်မလား"
"မင်း ဘယ်သူလဲဆိုတာ သိသွားပြီလား"
"ဟုတ်ကဲ့၊ သိပါပြီ။ ရှဲ့ယို့ ပါ။"
ထိုင်ခုံပေါ်တွင် ပျင်းရိပျင်းတွဲ ထိုင်နေသော မုန့်ယွမ်သည် ထိုနာမည်ကို ကြားလိုက်ရသည်နှင့် ကျောပြင်ကို ချက်ချင်း မတ်လိုက်ပြီး
"နေဦး! ဘယ်သူလဲ ရှဲ့ယို့ ဟုတ်လား"
ယွီနျန့်က ပြုံးလျက် ခေါင်းညိတ်ပြသည်။
"ဟုတ်ကဲ့။ သူပဲ ကျွန်တော့်ကို ကူညီပေးခဲ့တာ။"
မုန့်ယွမ်ကတော့ ဒါဟာ လုံးဝကို ယုတ္တိမရှိဘူးလို့ ခံစားနေရဆဲပါ။
"သူက မင်းကို ကူညီတယ် ဟုတ်လား။ မင်းက အမှုဆောင်ချုပ်ရှဲ့နဲ့ ရင်းနှီးလို့လား"
ယွီနျန့်က အမှန်အတိုင်းပဲ ဖြေလိုက်ပါသည်။
"ကျွန်တော် သူနဲ့ အကြိမ်အနည်းငယ်တော့ ဆုံဖူးတာပါ။ ဒါပေမဲ့ အဲဒီလောက်ကြီးတော့ မရင်းနှီးပါဘူး။"
"မင်းနဲ့ သိပ်မရင်းနှီးဘဲနဲ့ သူက မင်းကိုကူညီဖို့ ဒီလောက်တောင် အားစိုက်ထုတ်ခဲ့တာလား"
မုန့်ယွမ်ရဲ့ စိတ်ထဲမှာ အတွေးပေါင်းစုံ လည်ပတ်နေပြီး အကဲခတ်တဲ့ လေသံနဲ့ မေးလိုက်သည်။
"ဒါဆို မင်းသိလား... သူ ဘာကြောင့် မင်းကို ကူညီတာလဲ"
"သူ့မေမေက ကျွန်တော် သီချင်းဆိုတာ နားထောင်ရတာ ကြိုက်လို့ပါတဲ့"
ယွီနျန့်က မုန့်ယွမ် ဘာတွေးနေမလဲဆိုတာ ရိပ်မိတာကြောင့် စိတ်အေးသွားအောင် ပြောပြလိုက်၏။
"ဒါကြောင့်ပဲ သူ ကျွန်တော့်ကို ကူညီပေးတာ ဖြစ်မှာနော်…"
မုန့်ယွမ်ကလည်း တိုးတိုးလေး ရေရွတ်၏။
"အေးလေ၊ တကယ်လို့ တခြား... ရည်ရွယ်ချက်တစ်ခုခု ရှိနေရင်လည်း သတင်းတွေ ထွက်နေလောက်ပြီပေါ့။ သူ့မေမေက မင်းသီချင်းဆိုတာ ကြိုက်လို့နေမှာပါ။ ပြီးတော့ မင်းကလည်း ချွိကုမ္ပဏီက အနုပညာရှင်တစ်ယောက် ဖြစ်နေတာကိုး။ သူ စိတ်ကြည်နေတဲ့အချိန် မင်းကို တစ်ခါတည်း ကူညီပေးလိုက်တာလည်း ဖြစ်နိုင်တာပဲ။"
အဲ့ဒီလိုသာ ပြောနေတာပါ၊ စိတ်ထဲမှာတော့ တစ်မျိုးကြီး ထူးဆန်းနေသလို ခံစားနေရဆဲပဲ။ ဒါပေမဲ့ ဘာလဲဆိုတာတော့ သူ မစဉ်းစားတတ်ဘူး။ ဘာပဲဖြစ်ဖြစ် ရှဲ့ယို့ဆိုတာက လူတစ်ယောက်ကို အလွယ်တကူ ကူညီတတ်တဲ့ လူစားမျိုး မဟုတ်ဘူးလေ။ မုန့်ယွမ်လည်း ဆက်ပြီး မစဉ်းစားတော့ဘဲ အချိန်ရရင် ချွိရှောက်ရန်ဆီ သွားပြီး စကားပြောကြည့်ဖို့ပဲ ဆုံးဖြတ်လိုက်ပါတော့တယ်။
မုန့်ယွမ်က ယွီနျန့်ကို ထပ်မေးလိုက်သည် ။
"ရှဲ့ယို့က ဘယ်သူလဲဆိုတာ မင်းတကယ်ရော သိရဲ့လား"
"ရိုကျဲ ပြောတာတော့... ရှဲ့ယို့က ဥက္ကဋ္ဌချွိနဲ့ အတူတူ ကြီးပြင်းလာတာဆို"
မုန့်ယွမ်က ခေါင်းညိတ်ရင်း အခွင့်အရေးရခိုက် ရှင်းပြလိုက်သည်။
"ဟုတ်တယ် ချွိမိသားစုနဲ့ ရှဲ့မိသားစုက နှစ်အိမ့်တစ်အိမ်လို မိတ်ဆွေမျိုးတွေ။ ဥက္ကဋ္ဌချွိရော၊ ဥက္ကဋ္ဌရှဲ့ရောက မိသားစုရဲ့ အငယ်ဆုံးသားတွေပေါ့။ အရင်ကတော့ သူတို့ရဲ့ အစ်ကိုကြီးတွေကပဲ မိသားစုစီးပွားရေးကို ဆက်ခံဖို့ ရှိခဲ့တာ။ ဒါပေမဲ့ နောက်ပိုင်းမှာ ရှဲ့မိသားစုမှာ တစ်ခုခုဖြစ်ခဲ့ပြီး ဥက္ကဋ္ဌရှဲ့ရဲ့ အစ်ကိုနဲ့ အဖေက တစ်ယောက်ပြီးတစ်ယောက် ဆုံးပါးသွားခဲ့ကြတယ်။ အဲဒီတော့ သူက အရမ်းငယ်သေးတဲ့ အသက်အရွယ်နဲ့ အမြင့်ဆုံးရာထူးကို ရောက်သွားရတာပေါ့။ အစပိုင်းမှာတော့ လူအများက သူ့ကို အယုံအကြည်မရှိခဲ့ကြဘူး။"
"ပထမဆုံး နှစ်နှစ်အတွင်းမှာ ရှဲ့မိသားစုရဲ့ အတွင်းရေးတိုက်ပွဲတွေက အရမ်းကို ပြင်းထန်ခဲ့တာ။ သတင်းအမှား၊ အမှန်တွေရော၊ သွေးထွက်သံယို ဖြစ်ရပ်တွေပါ အစုံပဲ။ အကြီးအကဲတွေက မျိုးဆက်သစ် အမွေခံကို ရာထူးကနေ ဆွဲချပြီး သူတို့ကိုယ်တိုင် နန်းတက်ဖို့ ကြိုးစားခဲ့ကြတာပေါ့။ ဒါပေမဲ့ မစ္စတာရှဲ့က အသက်ငယ်ပေမဲ့ တကယ်ကို အစွမ်းထက်တဲ့သူ ဖြစ်နေခဲ့တယ်။"
မုန့်ယွမ်က သတိပေးသလို ဆက်ပြောသည်။
"ပြီးခဲ့တဲ့ နှစ်နှစ်အတွင်းမှာ မစ္စတာရှဲ့က ရှင်းယောင်ကုမ္ပဏီကို တစ်ခါတလေ လာတတ်တယ်။ ဒါပေမဲ့ ကုမ္ပဏီထဲမှာ ဘယ်သူနဲ့ပဲတွေ့တွေ့ လူတိုင်းက အသက်တောင် ဝဝမရှူရဲဘဲ သူ့ကို မရန်စမိအောင် နေကြရတာ။ ဘာလို့လဲဆိုတော့ အရင်က သူ့ကို မြူဆွယ်ဖို့ကြိုးစားခဲ့တဲ့ အမျိုးသမီးအနုပညာရှင်တစ်ယောက်ဆိုရင် နှစ်ရက်အတွင်းမှာတင် အနုပညာလောကထဲကနေ ပျောက်ကွယ်သွားခဲ့လို့ပဲ။"
သူပြောလေလေ ပိုပြီးတော့ ထူးဆန်းလေလေ ဖြစ်နေတော့သည်။ ရှဲ့ယို့လို လူစားမျိုးက ယွီနျန့်ကို ကူညီဖို့အတွက် တရားမျှတမှုဘက်ကနေ မတ်တပ်ရပ်ပေးခဲ့တယ်ဆိုတာ တကယ်ကို စိတ်ကူးကြည့်ရ ခက်လွန်းလှပါသည်။
သူတို့နှစ်ဦး အကြောင်းအရာအဖြစ် ပြောဆိုခြင်း ခံနေရသည့် ရှဲ့ယို့နှင့် ချွိရှောက်ရန်တို့မှာမူ ထိုအချိန်တွင် အပြင်၌ ညစာ အတူစားနေကြသည်။
ချွိရှောက်ရန်သည် ဂိမ်းစက်ကို ကိုင်ထားပြီး ခေါင်းမော့မကြည့်ဘဲ မေးလိုက်သည်။
"မင်း ဒီနေ့ စိတ်မကြည်မသာ ဖြစ်နေတာလား ငါပြောပြမယ်... မင်းမျက်နှာက နေ့တိုင်း ဒီလောက်တောင် အေးစက်နေတာ။ နောက်ကျရင် ချစ်သူရလာတဲ့အခါ မင်း တကယ် ဒုက္ခရောက်လိမ့်မယ်...
ဟာ! ဒီကောင်ကတော့ ဝက်လိုမျိုး အသုံးမကျတဲ့ အဖွဲ့သားပဲ!"
ဂိမ်းစက်ကို ပစ်ချလိုက်ပြီး ရှဲ့ယို့ကို အလေးအနက်ထားကာ စကားပြောလာသည်။
"မင်းဘက်က လူတချို့ နောက်တစ်ခါ ထပ်ပြီး ပြဿနာရှာနေကြပြန်ပြီလို့ ငါ့အစ်ကိုဆီက ကြားတယ်။ နှစ်တွေလည်း အတော်ကြာနေပြီကို သူတို့က အခုထိ မရပ်တန့်နိုင်ကြသေးဘူးနော်။"
"အင်း။" ရှဲ့ယို့၏ လေသံမှာ အေးစက်ပြီး သိပ်ပြီး ဂရုမစိုက်သည့်အလား "လွန်ခဲ့တဲ့ လေးနှစ်တုန်းကလည်း သူတို့ ငါ့ကို မနိုင်ခဲ့ဘူး။ အနာဂတ်မှာလည်း နိုင်မှာ မဟုတ်ဘူး။"
"အေးပါ သူငယ်ချင်းရာ... ငါ မင်းကို ယုံပါတယ်။ ဒါပေမဲ့ သတိတော့ထားဦး။ ဘေးကင်းဖို့ကို အမြဲဂရုစိုက် လမ်းမှားကိုလည်း မရောက်စေနဲ့ဦး။"
ချွိရှောက်ရန်က သူ့နဖူးကို ရိုက်လိုက်ရင်း
"ဪ... ဒါနဲ့ ငါ့အဖေက မင်းကို ကိုယ်တိုင်မပြောနိုင်လို့ ငါ့ကို မှာလိုက်သေးတယ်။ တစ်ခုခု အကူအညီလိုရင် အားမနာဘဲ ပြောပါတဲ့။"
ရှဲ့ယို့၏ မျက်နှာပေါ်က အေးစက်မှုမှာ အနည်းငယ် လျော့ပါးသွားပြီး
"ဦးလေးချွိ ကူညီပေးချင်တာကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ လောလောဆယ်တော့ ငါကိုယ်တိုင် ကိုင်တွယ်နိုင်ပါသေးတယ်။"
"ကိုင်တွယ်နိုင်ရင်လည်း ပြီးတာပါပဲ။"
ချွိရှောက်ရန် စိတ်အေးသွားစဉ်မှာပင် မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ရှဲ့ယို့က ဖုန်းကို ထုတ်လိုက်သည်ကို တွေ့လိုက်ရသည်။ ခဏအကြာတွင်တော့ ဖုန်းထဲမှ "'သဘာဝတရား၏ အသံ' ဒုတိယရာသီ၊ တတိယမြောက် အပိုင်းကနေ ကြိုဆိုပါတယ်..." ဟူသော အသံ ထွက်ပေါ်လာတော့သည်။
ချွိရှောက်ရန်မှာ မျက်လုံးအဝိုင်းသားဖြစ်သွားပြီး မယုံနိုင်လောက်အောင် ရေရွတ်လိုက်သည်။
"တောက်... ရှဲ့ရှောက်ယို့ရာ၊ မင်း ဒီနေ့ည ငါ့ကို ပထမဆုံးအကြိမ် ညစာ ဖိတ်ကျွေးတာက မင်းနဲ့အတူ ဒီရှိုးကို ထိုင်ကြည့်ဖို့အတွက်လို့တော့ မပြောနဲ့နော်"
ရှဲ့ယို့က ခေါင်းမော့ကာ သူ့ကို တစ်ချက်ကြည့်လိုက်သော်လည်း ဘာမှပြန်မပြောပေ။ သို့သော် သူ၏မျက်ဝန်းထဲတွင်တော့ "ဒါမှမဟုတ် မင်းက ဘာထင်လို့လဲ" ဟူသော အဓိပ္ပာယ်က အထင်းသား ပေါ်လွင်နေသည်။
ချွိရှောက်ရန်က ရင်ဘတ်ကို ဖိလိုက်ရင်း
"သွားပြီ... ငါတို့ရဲ့ ငယ်သူငယ်ချင်း သံယောဇဉ်ကတော့ ပြတ်တော့မှာပဲ..."
ရှဲ့ယို့တစ်ယောက် အလေးအနက် စောင့်ကြည့်နေသည်ကို မြင်ရသောအခါ သူသည်လည်း ကြောင်လေးတစ်ကောင်လို စပ်စုချင်စိတ် ပြင်းပြလာပြီး အနားသို့ ဖြည်းဖြည်းချင်း တိုးကပ်သွားကာ တိုးတိုးလေး ဆိုလိုက်သည်။
"ငါလည်း ကြည့်ကြည့်ရမှာပေါ့... မင်း ဒီလောက်တောင် ကာကွယ်ပေးနေတဲ့ ဒီ ယွီနျန့် ဆိုတဲ့ကောင်လေးက ဘယ်လောက်တောင် စွမ်းလို့လဲဆိုတာ..."
"သဘာဝတရား၏ အသံ" တတိယမြောက်အပိုင်း ထုတ်လွှင့်ပြသလို့ မပြီးခင်မှာတင် Hot Search စာရင်းကို အလျင်အမြန် သိမ်းပိုက်သွားခဲ့သည်။ စင်ပေါ်သို့ ပထမဆုံး တက်ရောက်လာသူမှာ ရှမင်းရှီး ဖြစ်ပြီး သူ Cello တီးခတ်နေသည့် ဘေးတိုက်ပုံရိပ်မှာလည်း ဖန်သားပြင်ပေါ်တွင် ပထမဆုံး ပျံ့နှံ့သွားခဲ့သည်။ မျိုးရိုးစဉ်ဆက် အားပေးလာကြသည့် ပရိသတ်များမှာ မျက်ရည်ကျမတတ် ဖြစ်သွားကြပြီး ဒါဟာ အဆိုတော်နဲ့ အနုပညာဘုရင်မတို့ရဲ့ အားကောင်းတဲ့ မျိုးရိုးဗီဇ ပေါင်းစပ်မှုပဲလို့ ချီးကျူးကာ ဘယ်လောက်တောင် ပြည့်စုံတဲ့ ဘေးတိုက်ပုံရိပ်လဲလို့ အော်ဟစ်နေကြတော့သည်။ ထို့နောက်တွင် ရွှီရွှမ်က ပီယာနိုတီးရင်း သီချင်းဆိုခဲ့သော်လည်း အလွန်အမင်း အံ့ဩစရာ မကောင်းသော်လည်း ကျေနပ်ဖွယ် အဆင့်မှာတော့ ရှိခဲ့သည်။
နောက်ဆုံးမှ စင်ပေါ်သို့ တက်လာသူမှာ ယွီနျန့် ဖြစ်သည်။
သူသည် ပွပွယောင်းယောင်း အဖြူရောင် အင်္ကျီကို ဝတ်ဆင်ထားပြီး အသားမှာ ပေါ့ပါးကာ လျှောက်လှမ်းပုံမှာလည်း တင့်တယ်လွန်းလှသည်။ သူ၏ နူးညံ့သောအနက်ရောင် ဆံနွယ်များသည် ပုံသွင်းမထားဘဲ သဘာဝအတိုင်း ဝဲကျနေပြီး အသားအရေမှာလည်း ဖြူဝင်းသော ကြွေထည်မြေထည်ကဲ့သို့ ချောမွတ်နေ၏။
သူသည် ပြာလွင်သော အရောင်ရှိသည့် ပုလွေလေးကို ထုတ်ယူကာ လက်ချောင်းဆယ်ချောင်းဖြင့် အပေါက်ငယ်လေးများကို ပိတ်ဆို့ပြီး နှုတ်ခမ်းဖျားတွင် တေ့ကာ မျက်တောင်လေးများ မှေးစင်းလျက် သာယာနာပျော်ဖွယ် ဂီတသံစဉ်ကို စတင်မှုတ်လိုက်သောအခါ ဖန်သားပြင်ပေါ်မှ မှတ်ချက်များမှာ ချက်ချင်းပင် ပေါက်ကွဲထွက်သွားတော့သည်။
[အား... အား... ငါတော့ သေတော့မှာပဲ! အဲဒီပုလွေနေရာမှာ ငါသာဆိုရင် သိပ်ကောင်းမှာပဲ! ငါ့ကို မလုကြနဲ့နော်!]
[ဒီလက်ကောက်ဝတ်လေး၊ ဒီပြည့်စုံတဲ့ မေးရိုးတန်းလေး၊ ဒီမျက်တောင်လေးတွေ! မောင်လေး နျန့်နျန့် တူရိယာတီးခတ်နေတာကို မြင်တော့ ငါ ရူးသွားပြီ! သူ ဘယ်လိုဖြစ်ပြီး ဒီလောက်တောင် ချောနေရတာလဲ! သူက လူ့ပြည်ကို ဆင်းသက်လာတဲ့ နတ်သားလေးလား!]
[မင်းရှီး မိသားစုရဲ့ ပရိသတ်တွေကတောင် ပြောကြတယ်။ ရုပ်ရည်ချင်း ယှဉ်နိုင်တာဆိုလို့ ယွီနျန့် တစ်ယောက်ပဲ ရှိတယ်တဲ့!]
[ဒီတစ်ခေါက်ပြိုင်ပွဲဝင်တွေက သူတို့ရဲ့ ကိုယ်ပိုင်အရည်အချင်းတွေကို ပြသရမယ်လို့ ကြားကတည်းက ကျွန်မ သူငယ်ချင်းမတွေနဲ့ လောင်းကြေးထပ်ခဲ့တာ။ အားလုံး မှားကုန်ကြမယ်လို့ လုံးဝ မထင်ထားဘူး! ပုလွေမှုတ်တာ ဖြစ်နေလိမ့်မယ်လို့ ဘယ်သူမှ မတွေးမိကြဘူး! ဒါက ဘယ်လိုမျိုး အရည်အချင်းလဲ! စာလုံးရေ ရှစ်ထောင်လောက်ရှိတဲ့ ချီးကျူးစကား နဲ့တောင် ကျွန်မရဲ့ စိတ်လှုပ်ရှားမှုကို ဖော်ပြဖို့ မလောက်တော့ဘူး!]
ချွိရှောက်ရန်သည် ဖန်သားပြင်ပေါ်တွင် ပြည့်နှက်နေသော မှတ်ချက်များကို ကြည့်ကာ နားမလည်နိုင်သလို ဖြစ်နေသည်။
"သူက ကြည့်ကောင်းပြီး သီချင်းဆိုတာ တော်တာတော့ မှန်ပါတယ်၊ ဒါပေမဲ့"
သူသည် ရှဲ့ယို့ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး နှုတ်ခမ်းဖျားသို့ ရောက်နေသော စကားလုံးများကို ပြန်မျိုချလိုက်ကာ "တကယ်ကို ထူးချွန်လွန်းတာပဲ!" ဟု ပြောင်းလဲပြောဆိုလိုက်တော့သည်။
Comments
Post a Comment