အခန်း (၁၇) ငယ်သူငယ်ချင်း သံယောဇဉ်က တကယ်ကို တန်ဖိုးမရှိတာပဲ
ရှိုးအစီအစဉ် မစတင်မီမှာပဲ ယွီချင်းက ယွီနျန့်အိမ်ကို ထမင်းစားဖို့ နောက်တစ်ကြိမ် ရောက်လာပြန်၏။
ယွီချင်းက အိမ်ခန်းကို အလေးအနက် လှည့်ပတ်ကြည့်ရှုရင်း စာကြည့်ခန်းထဲက စားပွဲပေါ်မှာ တင်ထားသည့် ယွင်ယောင်ခေတ်က တိရစ္ဆာန်မျက်နှာပုံစံ ကြွေဖြူစုတ်တံဆေးခွက်ကို မြင်သွားပါတော့သည်။
"နျန့်နျန့်…ဒီစုတ်တံဆေးခွက်က သက်တမ်း ဘယ်လောက်တောင် ရှိပြီလဲ"
ယွီနျန့်ကတော့ ပန်းအိုးထဲက အပင်တွေကို ကိုင်းဖြတ်ပြုပြင်နေရင်း သေချာစဉ်းစားပြီးမှ
"နှစ်ပေါင်း သုံးရာဝန်းကျင်လောက် ရှိပြီထင်တယ်။ အဘိုး ပြောပြဖူးတာတော့ အဘိုးရဲ့ အဘိုးကိုယ်တိုင်တောင် ဒီစုတ်တံဆေးခွက်ကို သုံးခဲ့တာတဲ့။ ဘေးနားက မှင်တုံးကလည်း မျိုးဆက်တစ်ခုပြီးတစ်ခု လက်ဆင့်ကမ်းလာခဲ့တာလေ။"
ယွီချင်းက ကြွေရည်သုတ်မျက်နှာပြင်ကို သူမရဲ့လက်ချောင်းလေးတွေနဲ့ ဂရုတစိုက် ထိတွေ့ကြည့်ပြီးမှ လက်ကို အမြန်ပြန်ရုပ်လိုက်သည်။ သူမက သက်ပြင်းချရင်း
"မင်းတို့ ယွီမိသားစုက ဒီလို ရှေးဟောင်းပစ္စည်းတွေကို သုံးနေတာ တကယ်ကို ဖြုန်းတီးလွန်းရာ ရောက်တယ်!"
ဟု ဆိုလိုက်ပြီးမှ
"ဒါပေမဲ့ ဒါတွေကို မျိုးဆက်တစ်ခုပြီးတစ်ခု သုံးလာခဲ့ကြတာပဲမဟုတ်လား။ အဲဒီတော့လည်း မင်းတို့အတွက်က ထူးပြီး အံ့ဩနေစရာ မရှိတော့ပါဘူးလေ" ဟူ၍ ထပ်ပြော၏။
ယွီနျန့်ကတော့ ကြေးဝါပန်းဖြတ်ကတ်ကြေးကို ကိုင်ထားရင်း ပွပွယောင်းယောင်း တီရှပ်အဖြူနဲ့ ဂျင်းဘောင်းဘီ အနွမ်းလေးကို ဝတ်ထားလျက် တကယ်ကို အေးအေးလူလူ ရှိနေ၏။ သူက ပြုံးရင်းနဲ့မှ
"အဘိုး ပြောဖူးတယ်... ဒီပစ္စည်းတွေကိုသာ အသုံးမပြုဘဲ ထားလိုက်ရင် ထောင့်တစ်နေရာမှာ ဖုန်တက်ပြီး အထီးကျန်နေကြလိမ့်မယ်တဲ့။"
"အင်း... ဒါလည်း ဟုတ်တာပဲ"
ယွီချင်းက မင်တုံးကို နောက်တစ်ကြိမ် ဂရုတစိုက် ထိတွေ့ကြည့်ပြန်သည်။
"ဒီမင်တုံးကို ငါ ကောင်းကောင်းမှတ်မိနေတာ။ မင်းအဘိုး ဒါကို သုံးနေတာ ငါ အရင်က မြင်ဖူးတယ်။"
သူမက မတ်တပ်ရပ်လိုက်ပြီး ဝေဖန်ချက်ပေးလိုက်တာက
"အင်း…မင်းတို့မိသားစုနဲ့ ယှဉ်ရင် ငါ့မိသားစုကတော့ သူဌေးလက်သစ် အဆင့်ပဲရှိတာ။ ဒါကြောင့်လည်း ငါငယ်ငယ်တုန်းက ငါ့အဘွားက ငါ့ကို မင်းအဘွားဆီ ပို့ပြီး ပြုစုပျိုးထောင်ခိုင်းတာနေမှာ။ သူမက ငါ့ကို စာပေနဲ့ ပတ်သက်တဲ့ အသိပညာလေး နည်းနည်းပါးပါး ရစေချင်ရုံသက်သက်ပဲလေ။"
ယွီနျန့်က တစ်ခုခုကို သတိရသွားဟန်နဲ့ ပန်းဖြတ်ကတ်ကြေးကို သိမ်းလိုက်ပြီး ယွီချင်းကို မေးလိုက်သည်။
"အစ်မ... အခု ဘယ်နှစ်နာရီ ရှိပြီလဲ"
"ခုနစ်နာရီ ထိုးပြီလေ။"
ယွီနျန့်က အချိန်ကို တွက်ချက်လိုက်သည်။
"အစ်ကိုမုန့်က ကျွန်တော့်ကို Weibo ပေါ်မှာ ပီယာနိုတီးရင်း သီချင်းဆိုတဲ့ ဗီဒီယိုတစ်ခု တင်ခိုင်းထားတယ်။ အခု ရိုက်မလို့။ အစ်မ ခဏလောက် ကင်မရာရှေ့မှာ ပေါ်မလာနဲ့ဦးနော်"
ယွီချင်းက မျက်ခုံးပင့်လိုက်ပြီး
"ဪ... မုန့်ယွမ်ကတော့ သူ့ရဲ့ အကွက်ဟောင်းကြီးအတိုင်း သုံးနေပြန်ပြီပဲ။ မိတ်ကပ်မပါ၊ အဝတ်အစား အထူးတလည် ပြင်ဆင်မထားဘဲ အိမ်မှာပဲ ပီယာနိုတီးပြတာမျိုး၊ ဒါမှမဟုတ် တူရိယာမပါဘဲ သီချင်းဆိုပြတာမျိုးပေါ့။ ဒါက ငါက ရုပ်လည်းရှိတယ်။ အရည်အချင်းလည်း ရှိတယ်။ သီချင်းလည်း ဆိုနိုင်တယ်ဟေ့! မင်းတို့မှာ အစွမ်းရှိရင် ဆက်ပြီး ဝေဖန်ကြည့်ကြလေ လို့ ပြောင်ပြောင်တင်းတင်း စိန်ခေါ် လိုက်တာနဲ့ အတူတူပဲ!"
ယွီနျန့်က ရယ်မောရင်း...
"ဟုတ်တယ်။ မနက်ဖြန်ကျရင်တော့ လေ့ကျင့်ရေးခန်းမမှာ ကျွန်တော် ကပြထားတဲ့ ဗီဒီယိုတစ်ခု ထပ်တက်လာလိမ့်မယ်။ အစ်ကိုမုန့်က ဘယ်တုန်းက အဲဒါကို ခိုးရိုက်ထားမှန်းတောင် ကျွန်တော်တောင် မသိလိုက်ဘူး"
နာရီဝက်ခန့်အကြာတွင် ယွီနျန့်သည် Weibo ပေါ်တွင် ခုနစ်မိနစ်စာ ဗီဒီယိုတစ်ခု တင်လိုက်သည်။ တစ်မိနစ်ပင် မပြည့်သေးမီမှာပင် မှတ်ချက်ပေါင်း ထောင်ချီ စုပြုံတက်လာတော့သည်။
[ဗီဒီယိုကိုတောင် မကြည့်ရသေးဘူး! အရင်ဆုံး လာစစ်တာ! ဘာပဲဖြစ်ဖြစ် ငါ့ရဲ့ နျန့်နျန့်က အချောဆုံးပဲ!]
[WTF... ငါ တကယ်ကို အော်မိသွားတယ်! ပီယာနိုခလုတ်ခုံပေါ်က လက်ချောင်းလေးတွေက အနုပညာလက်ရာတစ်ခုလား မိတ်ကပ်မပါဘဲ ဘယ်လိုဖြစ်ပြီး ဒီလောက်တောင် ကြည့်ကောင်းနေရတာလဲ။ တီရှပ်အဖြူလေးနဲ့တင် ဘယ်လိုလုပ် ဒီလောက်အထိ ခန့်ညားနေရတာလဲ ။ တူရိယာမပါဘဲ ဆိုတာတောင် အသံက အရမ်းကောင်းတာပဲ! ဒီလိုမောင်လေးကိုမှ ချစ်မိတာ ငါ့မျက်စိက တကယ်ကို စူးရှတာပဲ!]
[ဗီဒီယိုထဲကလူက ငါနဲ့ လက်ထပ်ပြီးသားပါ!!]
[စိတ်လှုပ်ရှားမှုကို အတင်းထိန်းပြီး အဆုံးထိ နားထောင်ပြီးမှ ကွန်မန့်လာရေးတာ! ဖုန်းကို ဖက်ပြီး ကုတင်ပေါ်မှာ လူးလိမ့်နေမိတယ်! အသံက တကယ်ကို နားဝင်ချိုလွန်းတယ်! နတ်သမီး အယောက်တစ်ရာက နမ်းရှိုက်ထားတဲ့ အသံအတိုင်းပဲ! သီချင်းဆိုတဲ့ နည်းစနစ်ကလည်း တကယ်ကို ပိုင်နိုင်တာပဲ! အန်တီက သားလေးကို ချစ်တယ်နော်!]
ယွီချင်းကတော့ ဘေးနားကနေ မှတ်ချက်တွေကို ဖတ်ပြီး ပျော်နေလေသည်။
"နျန့်နျန့်... မင်းရဲ့ ပရိသတ်တွေကတော့ ချီးကျူးစကားတွေကို စာအုပ်တစ်အုပ်စာလောက် ရေးနိုင်ကြတာပဲ!"
သူမက မှတ်ချက်အချို့ကို ရွေးပြီး အသံထွက်ဖတ်ပြလိုက်သည်။
“ဗီဒီယိုရဲ့ ထောင့်နားလေးက Celadon အိုးလေးကို စိုက်ကြည့်နေမိတာ။ တစ်နေရာရာမှာ မြင်ဖူးသလိုပဲ!”
“ငါလည်း အတူတူပဲ! တစ်ချက်ကြည့်လိုက်တာနဲ့ သတိထားမိသွားတာ! ဒါပေမဲ့ အတုပဲ ဖြစ်မှာပါနော်။ အစစ်ဆိုရင် ခုနစ်ဂဏန်းတန်တာလေ။ ဘယ်သူကများ ပန်းအိုးအဖြစ် သုံးဖို့ ဝယ်မှာလဲ... ဟုတ်တယ်မလား။ ဒါပေမဲ့ နျန့်နျန့်ရဲ့ အမြင်က တကယ်ကို အဆင့်ရှိတာပဲ။ ဒီလိုလေး ထားထားတာ တကယ်ကြည့်ကောင်းတယ်!”
ယွီချင်းက ချောင်းတစ်ချက်ဟန့်သလို လုပ်လိုက်ပြီး ဆက်ဖတ်ပြပြန်သည်။
“ငါတို့ နျန့်နျန့်က သီချင်းတွေလည်း ရေးနိုင်တယ်ဟေ့! ဘေးနားမှာ သီချင်းစာသား မူကြမ်းတွေကို တွေ့လိုက်ရတယ်! သေချာဖတ်လို့မရပေမဲ့ နျန့်နျန့်က တကယ်ကို အံ့ဩဖို့ကောင်းတာပဲ!”
ယွီနျန့်မှာ မတတ်သာတော့ဘဲ
"အစ်မ... ဆက်မဖတ်တော့ဘူးဆိုရင် ခဏနေကျရင် ရှိုးကြည့်ရင်း စားဖို့ ကျောက်သကြားနဲ့ ပုလဲသစ်တော်သီးပြုတ် လုပ်ပေးမယ်လေ။"
ယွီချင်းက ချက်ချင်းဆိုသလို ရပ်လိုက်ပြီး
"မဖတ်တော့ပါဘူး၊ မဖတ်တော့ပါဘူး။ ကျေးဇူးပြုပြီး လုပ်ပေးပါရှင်!"
ရှစ်နာရီထိုးတာနဲ့ ယွီနျန့်က တီဗွီဖွင့်လိုက်ပြီး ယွီချင်းနဲ့အတူ ဆိုဖာပေါ်မှာ ထိုင်လိုက်ကြသည်။ တစ်ယောက်ကို
ကျောက်သကြားနဲ့ ပုလဲသစ်တော်သီးပြုတ် တစ်ပန်းကန်စီ ကိုင်ထားရင်းပေါ့။
ယွီချင်းက စားရင်းနဲ့ ဖြစ်ခဲ့သည့် ကိစ္စဟောင်းများကို ပြန်ပြောလာ၏။
"တကယ်လို့ အဲဒီတုန်းက ငါ့ဘာသာငါ မင်းဆီ ဖုန်းမဆက်ခဲ့ရင်... မင်းက ပါတနာလုပ်ဖို့တို့ ငါ့ကို ရှာဖို့တို့ အစီအစဉ် မရှိဘူး မဟုတ်လား"
ယွီနျန့်က ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်တယ်လေ။ အစ်မက ရုပ်ရှင်ရိုက်ကူးရေးနဲ့ အလုပ်များနေတာ မဟုတ်လား။ အဲဒီတုန်းကတော့ အစီအစဉ်အဖွဲ့က သူတို့စိတ်ကြိုက် တစ်ယောက်ယောက်ကိုပဲ ဖိတ်ခေါ်ခိုင်းမလို့ စဉ်းစားထားတာ။"
ယွီချင်းရဲ့ မျက်လုံးတွေ ပြူးသွားတာကို မြင်တော့ သူက အမြန်ပဲ ချော့ပြောလိုက်ရသည်။
"သစ်တော်သီးပြုတ်လေး ပိုစားလိုက်ဦးနော်။ အခုမှ ဆောင်းဦးရာသီရဲ့ အပူအပုပ်တွေ စင်ကြယ်သွားတာဆိုတော့ စိတ်မတိုပါနဲ့ဦး။"
ယွီချင်းက ဇွန်းနဲ့ ပန်းကန်လုံးအောက်ခြေကို ထိုးဆွရင်း အသံမြည်အောင် လုပ်ရင်း မကျေနပ်ကြောင်း ဆန္ဒထုတ်ဖော်နေ၏။ သူမက မေးစေ့ကို ပင့်လိုက်ပြီး
"ငါ့မန်နေဂျာကတော့ အကုန်လုံး ပြင်ဆင်ထားပြီးသားပဲ။ ရုပ်ရှင်ရိုက်ကူးရေး ပြီးသွားတာလည်း တော်တော်ကြာပြီဆိုတော့… ငါ့ရဲ့ တည်ရှိမှုကို ပြဖို့ Hot Search တွေပေါ် တက်ရမယ့် အချိန်ရောက်ပြီလေ! ပြီးတော့ ဟို အချောင်သမားမလေးတွေကိုလည်း ဘယ်သူက အစ်မကြီးလဲ၊ ဘယ်သူက အစ်မရဲ့လူလဲဆိုတာ သိအောင် ပြရဦးမှာပေါ့!"
အခြားတစ်ဖက်မှာတော့ ဟဲချိုးပိုင်ဟာ သရေစာတွေကို ကိုင်စားရင်းမှ ထုတ်လုပ်သူနဲ့ စကားပြောနေသည်။
"ဒီအပိုင်းရဲ့ ကြည့်ရှုနှုန်း Ratings က ဘယ်လောက်အထိ ရှိမယ်လို့ ခင်ဗျား ထင်သလဲ"
ထုတ်လုပ်သူကတော့ သိပ်ပြီး အကောင်းမြင်မနေပါဘူး။
"အိုရန်ယွီရဲ့ ပရိသတ်တွေက ဒီအစီအစဉ်ကို သပိတ်မှောက်မယ်လို့ ပြောနေကြတယ် မဟုတ်လား"
ဟဲချိုးပိုင်ကတော့ လက်ကာပြပြီး သဘောမတူကြောင်း ပြလိုက်သည်။
"သူ့ပရိသတ်အင်အားက အပေါ်ယံကြည့်ရင်တော့ များသလိုလိုရှိပေမဲ့ တကယ်တမ်းကျတော့ သိပ်ပြီး အခိုင်အမာ ရှိမနေဘူး။ အဲဒီသပိတ်မှောက်တာကို သဘောတူတဲ့သူက သိပ်မရှိပါဘူး။ ပိုဆိုးတာက လူတွေက ဘယ်လို မရိုးသားတဲ့ နည်းလမ်း တွေ သုံးထားသလဲဆိုတာနဲ့ ယွီနျန့်က တကယ်ပဲ ပထမ ထပ်ရဦးမလားဆိုတာကို ပိုပြီး သိချင်နေကြတာ။ ခင်ဗျား စောင့်ကြည့်နေလိုက် ဒီနေ့ ကြည့်ရှုနှုန်းRatings တွေ တက်လာလိမ့်မယ်လို့ ကျွန်တော် အာမခံတယ်။"
ဒီနေ့ အဖွင့်ဖျော်ဖြေမှုကိုတော့ ရွှီရွှမ်က စတင်လိုက်သည်။ သူမက သူမရဲ့ စီနီယာအစ်မနဲ့အတူ ကောင်းကောင်း ထိန်းနိုင်ခဲ့ပြီး စစချင်းမှာတင် ပွဲက တော်တော်လေး အရှိန်ရသွားသည်။
ဟဲချိုးပိုင်က ကြည့်ရှုနှုန်းတွေကို တစ်ချက်ကြည့်လိုက်တော့ ၂ ရာခိုင်နှုန်းတောင် မပြည့်သေးပါဘူး။ ဒါပေမဲ့ သူက တော်တော်လေး စိတ်ရှည်လက်ရှည် ရှိနေပြီး ထုတ်လုပ်သူကိုပါ အတူတူကြည့်ဖို့ ဆွဲခေါ်လိုက်သည်။
"ခင်ဗျား ဟိုကောမန့်တွေကို သေချာကြည့်ဦး။ တချို့လူတွေဆိုရင် ယွီနျန့် စင်ပေါ်တက်လာဖို့ ဘယ်လောက်တောင် စောင့်ရဦးမလဲလို့ မေးနေကြပြီ။"
ထုတ်လုပ်သူလည်း စိတ်လှုပ်ရှားစွာနဲ့ စခရင်ကို စိုက်ကြည့်ရင်း
"တကယ် ဖြစ်လာပါ့မလား"
အဲဒီအချိန်မှာပဲ ဘေးနားက ဝန်ထမ်းတစ်ယောက်က ရုတ်တရက် ထအော်တော့၏။
"တက်လာပြီ! တက်လာပြီဗျ!"
ဟဲချိုးပိုင်က မျက်လုံးမှေးပြီး ရယ်မောလိုက်သည်။
"ကျွန်တော် ပြောသားပဲ။ ယွီနျန့်နဲ့ ယွီချင်းတို့ စင်ပေါ်တက်လာတာနဲ့ Ratings တွေ ပေါက်ကွဲကုန်တော့မှာပါဆိုတာ"
ကိန်းဂဏန်းတွေ တရိပ်ရိပ် တက်လာတာကို မြင်တော့ ထုတ်လုပ်သူလည်း ပြုံးပျော်သွားတာပေါ့၊ ကြည့်ရှုနှုန်းတက်တယ်ဆိုတာ ပိုက်ဆံတွေ တက်လာတာနဲ့ အတူတူပဲလေ။ သူက အနားတိုးပြီး မေးလိုက်သေး၏။
"လောင်ဟဲ... ခင်ဗျား ဘာလို့ ယွီနျန့်အပေါ် ဒီလောက်တောင် အယုံအကြည် ရှိနေရတာလဲ"
"ကဲ... ဒီမြင်ကွင်းကို သေသေချာချာ ကြည့်လိုက်ဦး။ ယွီချင်းရဲ့ အရှိန်အဝါက အမြဲတမ်း လွှမ်းမိုးနိုင်စွမ်း ရှိတယ်။ အထူးသဖြင့် ဒီအပိုင်းမှာ သူက လှပပြီး အေးစက်တဲ့ စီနီယာအစ်မကြီး ပုံစံမျိုးနဲ့လေ။ နှုတ်ခမ်း အနီရောင်၊ အနက်ရောင် သားရေဂျာကင်နဲ့ သားရေဘောင်းဘီ၊ ဒေါက်ဖိနပ်တွေနဲ့... စင်ပေါ်မှာ ရပ်နေတဲ့အချိန် သူမက တစ်ဦးတည်းသော အာရုံစိုက်ရာ ပဲ။
ဒါပေမဲ့ ယွီနျန့်က သူမရဲ့ အရှိန်အဝါအောက်မှာ လုံးဝ နစ်မသွားဘူး။ သူက အင်္ကျီအဖြူလေး ဝတ်ပြီး စင်ပေါ်တက်လာတာတောင် ယွီချင်းရဲ့ ဘေးမှာရပ်နေတဲ့ သူ့ဆီကနေ အကြည့်လွှဲဖို့ ခက်ခဲနေတုန်းပဲ။ အဲဒီအချက် တစ်ခုတည်းနဲ့တင် လုံလောက်နေပါပြီဗျာ။"
သူတို့နှစ်ယောက် စင်ပေါ်တက်လာတာနဲ့ တစ်ပြိုင်နက် ရိုက်ကူးရေးကွင်းတစ်ခုလုံး နေရာအနှံ့က အော်ဟစ်အားပေးသံတွေနဲ့ ပြည့်နှက်သွားသည်။ ကောမန့်တွေ ကလည်း အရူးအမူး တက်လာပြီး စခရင်တစ်ခုလုံး ပြည့်နှက်သွားတော့တာပဲ။
[ယွီချင်းကတော့ ပွဲကို ပေါက်ကွဲစေလိုက်ပြီ!! ဒီအရှိန်အဝါမျိုးကတော့... ဝပ်တွားပြီး အရိုအသေပေးလိုက်ပြီနော်!]
[ယွီနျန့်ရဲ့ အိုင်းလိုင်နာနဲ့ မျက်ရည်မှဲ့လေးက တကယ်ကို ဆွဲဆောင်မှုရှိလွန်းတယ် အား... အား... အား! မသိလိုက်မသိဘာသာကို လူတွေကို မြှူဆွယ်နေသလိုပဲ! နှာခေါင်းသွေးတွေတောင် ထွက်တော့မယ်!]
[ဘုရင်မကြီးနဲ့ မင်းသားလေးက ဘယ်ကနေ ဆင်းသက်လာတာလဲ! သူတို့နှစ်ယောက်ရဲ့ ရုပ်ရည်ကတော့ တကယ်ကို လွန်လွန်းတယ်! ဘယ်လောက်တောင် လိုက်ဖက်တဲ့ အတွဲအစပ်လဲ!]
[ဟာသပဲ၊ ငါ့အာရုံက တစ်လွဲဖြစ်နေတာလား နျန့်နျန့်နဲ့ ချင်းကျဲ ရဲ့ နှာခေါင်းလေးတွေက တူနေသလိုပဲ! နှစ်ယောက်လုံး အရမ်းကြည့်ကောင်းတယ်!]
သူတို့နှစ်ယောက် ဖျော်ဖြေနေစဉ်မှာပဲ #ယွီချင်းယွီနျန့် ဆိုတဲ့ Topic ဟာ တစ်ဟုန်ထိုးနဲ့ ပဉ္စမနေရာကို ရောက်ရှိသွားတော့၏။ အဲဒီအပြင် #ယွီချင်းသဘာဝတရား၏အသံ နဲ့ #ယွီနျန့်မရိုးသားသောလုပ်ရပ်များ ဆိုတဲ့ Topic တွေကလည်း Top 10 ထဲကို တိုးဝင်လာခဲ့သည်။ ဖျော်ဖြေမှုအပြီးမှာတော့ အိုရန်ယွီရဲ့ Topic ကလည်း စတုတ္ထနေရာကို ရောက်လာခဲ့ပေမဲ့ အရင်လို ဝေဖန်တိုက်ခိုက်တဲ့ လေသံမျိုး မဟုတ်တော့ဘဲ အင်တာနက်ပေါ်က မှတ်ချက်တွေက တစ်ဖက်သတ် ပြောင်းလဲသွားခဲ့ပါပြီ။
[#ယွီနျန့်မရိုးသားသောလုပ်ရပ်များ... အင်း... အမှန်အတိုင်း ပြောရရင် အိုရန်ယွီ ပြိုင်ပွဲက ထွက်လိုက်ရတာ မတရားဘူးလို့ မထင်တော့ဘူး! နှိုင်းယှဉ်ကြည့်ရင် အိုရန်ယွီသာ ယွီချင်းနဲ့ တွဲရရင် သူ့ကို တစ်ချိန်လုံး ငါ မြင်ရမှာတောင် မဟုတ်ဘူး! လူတစ်ယောက်မှာ အရှိန်အဝါ ဆိုတာ တကယ်ရှိတာပဲ! စိတ်မကောင်းစရာက သူ့မှာ အဲဒါ မရှိတာပဲ။]
[တောက်... ငါက ဒီမှာ ဘယ်လို မရိုးသားတာတွေ ရှိလဲဆိုတာ လာကြည့်တာပါ၊ ဒါပေမဲ့ နျန့်နျန့်ကို မြင်တာနဲ့တင် အော်မိသွားတယ် 'မင်း ဘာလို့ ဒီလောက်တောင် တော်နေရတာလဲ!' အား... ငါတော့ ဒီတွင်းနက်ထဲကို ကျသွားပြီ ထင်တယ်!]
[#ယွီချင်းယွီနျန့် စင်တစ်ခုတည်းမှာ အတူရှိနေတာတောင် လူသစ်ဖြစ်တဲ့ ယွီနျန့်က ယွီချင်းရဲ့ အရှိန်အဝါကို ဘယ်လိုမျိုး ပြန်ပြီး လွှမ်းမိုးနိုင်ရတာလဲ! အရင်က သူ့တစ်ယောက်တည်း ဖျော်ဖြေတာကို ကြည့်တုန်းက ဒါကို သတိမထားမိခဲ့ဘူး!]
[အမှန်အတိုင်း ပြောရရင် အစီအစဉ်အဖွဲ့ကသာ အိုရန်ယွီကို ပထမပေးလိုက်ရင်... မဟုတ်သေးပါဘူး၊ Top 3 ထဲ ထည့်ပေးလိုက်ရင်တောင် အဲဒါကမှ တကယ့် မရိုးသားတဲ့ အပေးအယူ အစစ်အမှန် ဖြစ်သွားမှာ!]
ယွီချင်းကတော့ သူမရဲ့ မင်းသမီးပုံရိပ်ကိုတောင် ဂရုမစိုက်နိုင်တော့ဘဲ ဖုန်းကိုကိုင်ရင်း ဆိုဖာပေါ်မှာ လူးလိမ့်နေအောင် ရယ်မောနေတော့သည်။
"ဟားဟားဟား... ဒီလူတွေက ဘာလို့ ဒီလောက်တောင် ရယ်ရတာလဲ။ အိုရန်ယွီသာ ဒါကို မြင်ရင် ဒေါသတွေ ထွက်ပြီး ပေါက်ကွဲသွားမလားပဲ"
သူမက ဖုန်းကို ဘေးပစ်ချလိုက်ပြီး ရင်ထဲမှာ အောင့်ထားခဲ့သမျှ ဒေါသတွေလည်း အကုန်ပြေပျောက်သွားသလို ခံစားလိုက်ရသည်။
"ငါတို့နှစ်ယောက် ပထမဆုံးအကြိမ် စင်တစ်ခုတည်းမှာ အတူတူရှိခဲ့ကြတာ။ မင်းလည်း တကယ်ကို အမွှမ်းတင်ခံလိုက်ရပြီပဲ။ ဒါက တကယ်ကို ဂုဏ်ပြုသင့်တဲ့ ကိစ္စပဲဟေ့။ သွားကြစို့။ အစ်မက မင်းကို အရသာရှိတဲ့ စားစရာတွေ သွားကျွေးမယ်"
သူတို့နှစ်ယောက်လုံးက ရှိုးအစီအစဉ် မပြီးခင်မှာတင် ဘာကိုမှ သိပ်စိုးရိမ်မနေဘဲ အိမ်ပြင်ကို တန်းထွက်လာခဲ့ကြသည်။ ယွီချင်းက ကားမောင်းရင်း ယွီနျန့်ကို မေးလိုက်၏။
"ဘာစားချင်လဲ ဒီနေ့ အစ်မ ဝယ်ကျွေးမယ်"
ယွီနျန့်က ထိုင်ခုံခါးပတ် ပတ်လိုက်ရင်း
"ဦးလေးရှန်က ဟိုဘက်က သီးသန့်စားသောက်ဆိုင်မှာ ချက်ပြုတ်ပေးနေတယ်။ အစ်မ စမ်းစားကြည့်ချင်လား"
"ရတာပေါ့ ဘယ်လောက်တောင် ကြာသွားပြီလဲ ။ ဦးလေးရှန် ချက်တဲ့ ဟင်းတွေကို မစားရတာ နှစ်တွေတောင် အတော်ကြာနေပြီပဲ။"
ညဘက်မှာ လမ်းပေါ်မှာ ကားသိပ်မရှုပ်တာကြောင့် မြို့အနောက်ဘက်ကို တန်းမောင်းလာခဲ့ကြသည်။ စီနင် အိမ်တော်ကြီးကို ဖြတ်သွားတဲ့အခါ ယွီချင်းက ကားကို အရှိန်လျှော့လိုက်ပြီး
"မင်း ဘာလို့ အပြင်ကို ပြောင်းနေဖို့ စဉ်းစားခဲ့တာလဲ"
လမ်းမီးမှိန်မှိန်အောက်က အိမ်ဟောင်းကြီးရဲ့ ပုံရိပ်ကို ယွီနျန့် လှမ်းကြည့်လိုက်မိတော့ သူ့ရဲ့ အပြုံးလေးက နည်းနည်းလေး မှေးမှိန်သွားလျက်
"ဒီနေရာက အရမ်းဝေးလို့လေ။ တကယ်လို့ ကားပါပိတ်ရင် မြို့ထဲကို ရောက်ဖို့ နှစ်နာရီလောက်တောင် ကြာနိုင်တယ်။"
ယွီချင်းကတော့ ထုံးစံအတိုင်း ပြုံးနေပေမဲ့ ယွီနျန့်ရဲ့ မျက်နှာအမူအရာကို မြင်လိုက်ရတဲ့အခါ... ယွီနျန့်ဟာ အိမ်ဟောင်းကြီးမှာ နေရင်း သူ့ရဲ့ အဘိုးအဘွားတွေကို လွမ်းဆွတ်နေမိတာကြောင့် ဖြစ်မယ်လို့ ခန့်မှန်းမိ၏။ ဒီအကြောင်းအရာကို မပြောခဲ့သင့်ဘူးဆိုပြီးနောင်တလည်းရသည်။ ယီချင်း ချက်ချင်းစကားလမ်းကြောင်း လွှဲလိုက်သည်။
"ဟုတ်ပါရဲ့ … အခု မင်း အိမ်လေးကလည်း သေသေသပ်သပ် ရှိပါတယ်လေ။ ဝရန်တာမှာ ကြက်သွန်မြိတ်အိုးလေး တွေ့လိုက်တယ်။ တကယ်ကို ကြည့်ကောင်းတယ်"
သီးသန့်စားသောက်ဆိုင်ရဲ့ တံခါးဝကို ရောက်တဲ့အခါ ယွီချင်းက စတီယာရင်ကို ပုတ်ရင်း
"နျန့်နျန့်... မင်း အရင်ဝင်နှင့်…ဒီမှာ ကားပါကင်နေရာ မရှိတော့ဘူး။ အစ်မ နည်းနည်းဝေးတဲ့နေရာမှာ သွားရပ်လိုက်ဦးမယ်။"
ယွီနျန့်က စိုးရိမ်တကြီးနဲ့ "ကျွန်တော်ပါ အတူတူ လိုက်ခဲ့ရမလား"
ယွီချင်းက နှာခေါင်းရှုံ့လိုက်ရင်း
"စိတ်မပူနဲ့။ မင်းအစ်မက ကိုယ်ခံပညာပေါင်းစုံ၊ လက်ဝှေ့နဲ့ တိုက်ကွမ်ဒိုပါ တတ်တာ။ ငါ့ကို လာလုတဲ့သူကတော့ ကံဆိုးဖို့သာ ပြင်ထားလိုက်တော့!"
မြို့အနောက်ဘက်က ဒီအရပ်ဟာ အဆောက်အဦးဟောင်းတွေနဲ့ ပြည့်နေပြီး စည်ကားမှုနည်းကာ ပိုပြီး သန့်ရှင်းအေးချမ်းသည်။ ယွီနျန့်က လမ်းကလေးအတိုင်း လျှောက်လာရင်း နှင်းဆီနွယ်တွေ ယှက်ဖြာနေတဲ့ စင်လေးကို ဖြတ်သွားတဲ့အခါ... ပြီးခဲ့တဲ့တစ်ခေါက်က ရှဲ့ယို့နဲ့ ဒီမှာဆုံခဲ့တာကို ရုတ်တရက် သတိရသွားပြန်သည်။ သူက မြေပြင်ပေါ်မှာ ကြွေကျနေသည့် ပန်းလေးတစ်ပွင့်ကို ကောက်ယူလိုက်ပြီး အထဲကို ဆက်လျှောက်လာခဲ့၏။
ဒီကိုမလာခင် ကြိုတင်အကြောင်းကြားထားတာကြောင့် ယွီနျန့် သီးသန့်ခန်းဆီမရောက်ခင်မှာတင် တံတားကွေးလေးရဲ့ အဆုံးမှာ စောင့်နေပေးသည့် ရှန်ဝေ ကို တွေ့လိုက်ရသည်။
ယွီနျန့်က ခြေလှမ်းသွက်သွက်နဲ့ လှမ်းနှုတ်ဆက်လိုက်သည်။
"ဦးလေးရှန်၊ မင်္ဂလာညချမ်းပါဗျ"
ရှန်ဝေက ငယ်ငယ်တုန်းကအတိုင်းပဲ ဆေးကြောထားသည့် ခရမ်းချဉ်သီးအနည်းငယ်ကို ကြင်နာတဲ့အပြုံးနဲ့ ကမ်းပေးလိုက်ရင်း
"မမလေးယွီချင်းရော အတူတူမပါဘူးလား"
ယွီနျန့်က ခရမ်းချဉ်သီးလေးတစ်လုံးကို ကိုက်စားရင်း ပြုံးပြီးပြန်ဖြေသည်။
"အတူတူလာတာပါ။ အစ်မက ကားသွားရပ်နေလို့။ ဦးလေးချက်တဲ့ ဟင်းတွေကို မစားရတာ တော်တော်ကြာပြီလို့လည်း ပြောနေသေးတယ်"
ရှန်ဝေက ပြုံးလျက်
"ဒီနေ့ သခင်လေး ဘာစားချင်လဲ ဦးလေးရှန် ချက်ပေးမယ်လေ။"
ယွီနျန့်က ဝေခွဲမရသလို ဟန်ဆောင်လိုက်ရင်း
"ရွေးရခက်လိုက်တာဗျာ။ အကုန်လုံးက အရသာရှိတာပဲကို။ ဦးလေးရှန်ပဲ စိတ်ကြိုက်ချက်ပေးပါတော့"
ရှန်ဝေ တအား သဘောကျသွားပြီး
"ကောင်းပါပြီဗျာ၊ ဒါဆိုရင်တော့ ခဏလောက် စိတ်ရှည်ရှည်နဲ့ စောင့်နေလိုက်ဦးနော်"
ရှန်ဝေ ထွက်သွားတဲ့အခါ ယွီနျန့်က ခရမ်းချဉ်သီးစားရင်း အထဲကို ဆက်လျှောက်ဝင်လာခဲ့သည်။
"လရိပ်" လို့ အမည်ပေးထားသည့် အခန်းရှေ့ကို အဖြတ်မှာတော့ တံခါးက အတွင်းကနေ ရုတ်တရက် ပွင့်လာ၏။
တစ်ဖက်လူကို မြင်လိုက်ရတဲ့အခါ ယွီနျန့်က အရင်ဆုံး နှုတ်ဆက်လိုက်သည်။
"မင်္ဂလာပါ မစ္စတာချွိ။"
ချွိရှောက်ရန်က မျက်တောင်တဖျတ်ဖျတ်ခတ်ရင်း သူ မြင်နေရတာ အမြင်မှားတာ မဟုတ်မှန်း အတည်ပြုလိုက်ပြီးမှ အထဲကို လှမ်းအော်လိုက်တော့တာပဲ
"ရှဲ့ရှောင်ယို့! မင်းမိသားစု နျန့်နျန့်... အား! မဟုတ်ပါဘူး။ မင်း ဒီကို မြန်မြန်လာခဲ့စမ်း!"
ချွိရှောက်ရန်က စိတ်ထဲမှာတော့ ကြိတ်ရယ်နေမိသည်။ ရှဲ့ရှောင်ယို့က သူ အစားမက်တယ်။ ဒီအဝေးကြီးအထိ တကူးတကလာစားတယ်၊ သူ ရှိုးကြည့်တာကို နှောင့်ယှက်တယ်ဆိုပြီး စောစောကမှ အပြစ်တင် ပြောဆိုထားတာလေ။ အခုတော့ ကြည့်စမ်း... တီဗွီထဲက ရှိုးက ဘာအရေးပါတော့မှာလဲ လူ ကောင်လုံးလိုက်ကြီးက ဒီမှာ အပြင်မှာ ရောက်နေပြီပဲဥစ္စာ!
ရှဲ့ယို့က ယွီနျန့်ရဲ့ အသံကို ကြားလိုက်တာနဲ့ တံခါးဝဆီကို ခြေလှမ်းကျဲကျဲနဲ့ လျှောက်လာပါတော့သည် ။ သူက တံခါးအပြင်ဘက်မှာ ပြုံးပြုံးလေး ရပ်နေတဲ့ ယွီနျန့်ကို စိုက်ကြည့်ရင်း
"ယွီနျန့်။" ကို တအံ့တသြ ဖြစ်လျက် နာမည်တစ်စက အလိုလိုထွက်ကျလာသည်။
ယွီနျန့်ကလည်း အံ့ဩသွားပုံရပြီး "ရှဲ့ယို့" လို့ တိုးတိုးလေးရေရွတ်မိပြီးမှ အခြေအနေကို သဘောပေါက်သွားကာ ပြုံးလျက် မေးလိုက်သည်။
"လူကြီးမင်းရှဲ့တို့လည်း ဒီကို ညစာလာစားတာလားဟင်"
ချွိရှောက်ရန်က ဘေးကနေ ရှဲ့ယို့ကို မိနစ်ဝက်လောက် စောင့်ကြည့်နေပေမဲ့ ဘာစကားမှ ထွက်မလာတာကို တွေ့တော့ စိတ်မရှည်နိုင်တော့ဘဲ သူ့ဘာသာသူပဲ ဝင်ပြောလိုက်ရတော့သည်။
"ဟုတ်တယ်လေ၊ ဒီက ဟင်းတွေက တကယ်ကို အရသာရှိတာ!"
သူက ရယ်မောရင်း ထပ်ပြောပြန်သည်။
"ဒါနဲ့... ပထမ ထပ်ရပြန်တဲ့အတွက် မင်းကို ဂုဏ်ပြုပါတယ်နော်!"
စကားအဆုံးမှာတော့ သူက သူ့နောက်မှာ ရပ်နေသည့် ရှဲ့ယို့ အင်္ကျီလက်ကို တိတ်တဆိတ် ဆွဲလိုက်တော့မှ
ရှဲ့ယို့ကလည်း "ဂုဏ်ပြုပါတယ်" ဟု ပြောနိုင်လိုက်၏။
ချွိရှောက်ရန်ကတော့ စိတ်ထဲ အတော်လေးကို စိတ်ပျက်နေမိပါပြီ။ အခုလိုအချိန်မျိုးမှာ ရှဲ့ရှောင်ယို့အနေနဲ့ ယွီနျန့်ကို အရည်အချင်းတွေ အပြည့်ရှိပြီး တကယ့်ကို အဖိုးတန်တဲ့သူပါလို့ မြှောက်ပင့်ပြောဆိုပြီး အမှတ်ယူသင့်တာလေ။ ဒါကို နောက်ဆုံးတော့ ရှဲ့ယို့ဆီက ထွက်လာတာက စကားတစ်ခွန်းတည်းလား အဲဒီတစ်ခွန်းပြောဖို့ကပဲ မင်းရဲ့အသက်တစ်ဝက်လောက် ပေးလိုက်ရလို့လားကွ။
"ကျေးဇူးတင်ပါတယ်ဗျာ"
ယွီနျန့်က ရှဲ့ယို့ကို ကြည့်ပြီး နှုတ်ခမ်းထောင့်လေးတွေ ကော့တက်သွားအောင် ပြုံးပြလိုက်သည်။
"ပြီးခဲ့တဲ့တစ်ခေါက်က ပေးတဲ့မုန့်တွေကို ကျွန်တော် အရမ်းကြိုက်ပါတယ်။ မင်းရှီးပြောတာတော့ အဲဒီမုန့်က အခုဝယ်ဖို့ တော်တော်ခက်တယ်ဆိုပဲ၊ လူကြီးမင်း တော်တော်လေး အပင်ပန်းခံလိုက်ရပြီထင်တယ်။"
မင်းရှီးဆိုတာ... ရှမင်းရှီးကို ပြောတာလား
"မင်း ကြိုက်တယ်ဆိုရင် နောက်တစ်ခါ ထပ်ဝယ်ပေးမယ်လေ။"
ရှဲ့ယို့ရဲ့ လေသံကတော့ ထုံးစံအတိုင်း အေးစက်နေတုန်းပါပဲ။ ဒါပေမဲ့ ချွိရှောက်ရန်က ရှဲ့ယို့နဲ့ ငယ်သူငယ်ချင်းတွေ ဖြစ်တာကြောင့် ဒီလေသံရဲ့ နောက်ကွယ်က အဓိပ္ပာယ်ကို သူ အသိဆုံးပါ။ ဒါကို ကြားလိုက်ရတဲ့အခါ သူ တကယ်ကို လန့်သွားမိသည်။
ဘာတွေလဲဟ၊ ဒီလောက်တောင် နူးညံ့နေတာလား မင်းက အဲဒီမုန့်တွေကို တကူးတကကို တန်းစီဝယ်ပေးခဲ့တာပေါ့လေ။
ငယ်ငယ်တုန်းက လည်ပင်းဖက်ပေါင်းလာတဲ့ သံယောဇဉ်က တကယ်ကို တန်ဖိုးမရှိတာပဲ လို့ ချိရှောင်ရန် အသည်းထဲကနေကို ခံစားလိုက်ရပါတော့သည်။ နာကျင်လွန်းပါဘိ ငါ့ကောင်ရယ်…
အဲဒီအချိန်မှာပဲ အဝေးကနေ ကြမ်းပြင်ကို ရိုက်ခတ်လိုက်သည့် ဒေါက်ဖိနပ်သံတွေ ကြားလိုက်ရပြီးနောက်
ယွီချင်းရဲ့ ညည်းညူသံက ကပ်လျက်ပါလာပါတော့သည်။
"နျန့်နျန့်... အပြင်မှာ ကားရပ်ရတာ တကယ်ကို ခက်တာပဲဟေ့! ဟေး... မင်း သိတဲ့သူနဲ့ တွေ့နေတာလား"
ယွီချင်းက လျှောက်လာရင်းနဲ့ ရှဲ့ယို့နဲ့ ချွိရှောက်ရန်တို့ကို မြင်သွားတဲ့အခါ ခြေလှမ်းတွေ တန့်သွားလျက်။ သူမက မျက်ခုံးပင့်လိုက်ပြီး မျက်ဝန်းတွေထဲမှာ စပ်စုချင်တဲ့ အရိပ်အယောင်တွေ အပြည့်နဲ့
"အိုး... ဒါက ရှင်းယောင်ရဲ့ သခင်လေး ချွိနဲ့... ပြီးတော့ ရှဲ့မိသားစုရဲ့ သခင်လေး ရှဲ့ယို့ မဟုတ်လား"
ချွိရှောက်ရန်က ယွီချင်းကို မြင်တော့ မျက်လုံးတွေ တောက်ပသွားပြီး ချက်ချင်း နှုတ်ဆက်လိုက်သည်။
"စီနီယာယွီချင်း! ဒီနေ့ ရှိုးထဲမှာ စီနီယာရဲ့ ဖျော်ဖြေမှုက တကယ်ကို လန်းတယ်ဗျာ! ကျွန်တော်တို့က ဒီမှာ ညစာလာစားရင်းနဲ့ ယွီနျန့်နဲ့ တိုက်တိုက်ဆိုင်ဆိုင် ဆုံတာပါ။"
ရှဲ့ယို့ကတော့ ယွီချင်းကို မြင်တဲ့အခါ မျက်နှာအမူအရာက အနည်းငယ် တင်းမာသွားသလိုပါပဲ။ သူက ယွီနျန့်နဲ့ ယွီချင်းတို့ရဲ့ ရင်းနှီးမှုကို ကြည့်ပြီး ရင်ထဲမှာ တစ်မျိုးကြီး ခံစားနေပုံပဲ။
ယွီချင်းကတော့ ရှဲ့ယို့ရဲ့ အကြည့်တွေကို သတိထားမိပုံမရဘဲ ယွီနျန့်ရဲ့ ပုခုံးကို ခင်မင်ရင်းနှီးစွာ ဖက်လိုက်ရင်း
"ဒါဆိုရင်တော့ တိုက်ဆိုင်တာထက် ပိုနေပြီပဲ။ ကျွန်မတို့လည်း ဒီမှာပဲ စားမှာဆိုတော့ အတူတူ ထိုင်စားကြမလား ရှဲ့သခင်လေးကရော ဘယ်လိုသဘောရလဲ"
_________________________________________________________________________-
Comments
Post a Comment