အခန်း (၁၉) သူ့ကို နောက်တစ်ကြိမ် ထပ်တွေ့ချင်တယ်
နောက်တစ်နေ့ မနက်မှာ ယွီနျန့် နိုးလာတဲ့အခါ ရှဲ့ယို့ဆီက ပြန်စာလေးကို တွေ့လိုက်ရသည်။
[ငါလည်း ပျော်ခဲ့ပါတယ် ။ ဝမ်းအန်း။]
ယွီနျန့် စိတ်ကြည်ကြည်လင်လင်နှင့် အိပ်ရာကထပြီး အညောင်းအညာ ဆန့်လိုက်သည်။ အိမ်စီးဖိနပ်လေးစီးပြီး ဧည့်ခန်းဘက်ကို လျှောက်လာတဲ့အခါ ရေခဲသေတ္တာတံခါးမှာ ယွီချင်း ကပ်ထားခဲ့သည့် စာတိုလေးကို တွေ့လိုက်ရသည်။ လက်ရေးကတော့ ကစဉ့်ကလျားနဲ့ပဲ
"မထွက်သွားခင် မနက်စာ အရင်စားသွားနော်၊ မစားဘဲသွားဖို့ လုံးဝခွင့်မပြုဘူး!!!"
စာကြောင်းအဆုံးက အာမေဍိတ်အမှတ်အသား သုံးခုက စာရွက်တစ်ဝက်လောက်တောင် နေရာယူထားလျက်…
ရေခဲသေတ္တာထဲမှာ ဆန်းဝစ်နှစ်ခု ရှိနေပြီး ယွီနျန့်က နွားနို့တစ်ခွက်ကို အပူပေးလိုက်သည်။ မစားခင်မှာ ယွီချင်းကို ပြဖို့အတွက် ဓာတ်ပုံရိုက်ထားလိုက်သေးတာပေါ့။ ယွီချင်းကတော့ လေယာဉ်ပေါ်ရောက်နေပြီ ထင်ပါရဲ့ စာမပြန်လာဘူး။ ယွီနျန့် ဖုန်းကို ပြန်ချမလို့ လုပ်နေတုန်းမှာပဲ ဖုန်းမှ နိုတီသံ ရုတ်တရက် မြည်လာသည်။
စာတိုက ရှဲ့ယို့ဆီကပါ။ ရိုးရှင်းတဲ့ စကားလုံးနှစ်လုံးတည်းပါပဲ။
[မင်္ဂလာနံနက်ခင်းပါ။]
ယွီနျန့်ကလည်း ချက်ချင်းပဲ ပြန်ရိုက်လိုက်သည်။
[မင်္ဂလာနံနက်ခင်းပါ ခင်ဗျာ]
လတ်လတ်ဆတ်ဆတ် ညှစ်ထားသည့် သစ်သီးဖျော်ရည်တစ်ခွက်ကို ကိုင်ပြီး အကခန်းကိုရောက်တော့ ယွီနျန့်ကို မြင်တာနဲ့ အန်းချန်က စနောက်လိုက်သည်။
"လောင်မုန့်က မင်း လေ့ကျင့်ရေးခန်းမမှာ ကနေတဲ့ ဗီဒီယိုကို တင်ပေးထားတာ။ Weibo ပေါ်မှာ လူတွေအများကြီးက မင်းကတာ အရမ်းတော်တယ်ဆိုပြီး ချီးကျူးနေကြတာ ငါတွေ့တယ်ဟ။"
ယွီနျန့်က နည်းနည်းတော့ ရှက်သွားပြီး
"ကျွန်တော်က လိုပါသေးတယ်ဗျာ။"
ဟာရှင်းရဲ့ နှုတ်ခမ်းထောင့်တွေက အနည်းငယ် လျော့ကျသွားသည်။
"ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်နိုင်တာ ကောင်းပါတယ်။ စကားအနည်းငယ်လောက်နဲ့တင် ဘဝင်မမြင့်သွားနဲ့ဦး။ သီချင်းဆိုတာပဲဖြစ်ဖြစ်၊ ကတာပဲဖြစ်ဖြစ် အခြေခံပညာက ခိုင်မာနေဖို့ လိုတယ်။"
အန်းချန်က မျက်ခုံးပင့်လိုက်ရင်း
"ဆရာဟာရယ်... စကားကောင်းလေး တစ်ခွန်းလောက်တောင် မပြောနိုင်ဘူးလားဗျာ"
"သူ စကားကောင်းတွေ နားထောင်ချင်ရင် သူ့ပရိသတ်တွေ ရေးထားတဲ့ ကွန်မန့်တွေကို သွားဖတ်လို့ရတယ်။ ငါ့ဆီက စကားကောင်းတွေကို သူ မလိုပါဘူး။"
သူတို့နှစ်ယောက်က တစ်ယောက်တစ်လှည့် စကားနာထိုးနေကြတာကြောင့် ယွီနျန့်မှာ ဝင်ပြောဖို့ အခွင့်အရေးတောင် မရရှာပါဘူး။ သူကတော့ ဘေးနားမှာပဲ သွေးပူလေ့ကျင့်ခန်း လုပ်ရင်း ဆရာနှစ်ယောက် စကားပြောပြီးမယ့်အချိန်ကို စောင့်ကာ စတင်ဖို့ ပြင်ဆင်နေလိုက်သည်။
***
ရှဲ့ယို့ကတော့ တစ်မနက်လုံး စိတ်အခြေအနေ တကယ်ကို ကောင်းနေခဲ့တာပါ။ အထူးလက်ထောက်ဖြစ်သူ ချင်ကျန့်က အလုပ်ကိစ္စတွေ လာတင်ပြပြီးနောက်မှာ
"လှုပ်ရှားမှုလေးတွေ ရှိနေတယ်ခင်ဗျ။" ဟု တင်ပြလာသည်။
ရှဲ့ယို့ရဲ့ ဖောင်တိန်ထိပ်ဖျားက လေထဲမှာတင် ရပ်တန့်သွားပြီး
"ဘာလဲ"
"မနေ့ညက ဒါရိုက်တာ တိန့်က ကျားထင်ဗီလာ မှာ ဒါရိုက်တာ ဆုန့်ကို ဧည့်ခံကျွေးမွေးခဲ့ပါတယ်။ မန်နေဂျာ ဝမ်နဲ့ မန်နေဂျာ ကျောက်တို့လည်း အတူတူ လိုက်ပါခဲ့ကြတယ်။ သူတို့တွေ တော်တော်လေး စကားပြောလို့ ကောင်းသွားကြပုံရပြီး ၁၁ နာရီထိုးမှ ပြန်ကြတာပါ။ ဒါရိုက်တာ တိန့်ကိုယ်တိုင်က ဆုန့်တုံးအတွက် ကားတံခါးတောင် ဖွင့်ပေးခဲ့သေးတယ်ခင်ဗျ။"
ရှဲ့ယို့က စားပွဲခုံကို လက်ချောင်းလေးတွေနဲ့ ခပ်ဖွဖွပုတ်ရင်း မျက်လွှာချထားတာကြောင့် သူ့ရဲ့မျက်နှာအမူအရာကို ခန့်မှန်းရခက်နေစေသည်။
"သူတို့ ဘာတွေပြောနေကြလဲဆိုတာ မင်းသိလား"
"ပြီးခဲ့တဲ့ အစည်းအဝေးမှာ ပြောခဲ့တဲ့ ဖွံ့ဖြိုးရေးစီမံကိန်းနဲ့ ပတ်သက်မယ် ထင်ပါတယ်ခင်ဗျ။ ဒါရိုက်တာတိန့်က ဒါကို စီစဉ်နေတာ တော်တော်ကြာပြီဆိုတော့ ဒီကနေပဲ စတင်ချင်နေပုံရပါတယ်။"
"သူတို့ ဝင်လို့ရမှာမဟုတ်ဘူး။"
ရှဲ့ယို့က စက္ကန့်အနည်းငယ်လောက် စဉ်းစားလိုက်ပြီး
"တခြားရော ဘာရှိသေးလဲ"
ချင်ကျန့်က ဝေခွဲမရသလို တုံ့ဆိုင်းနေမိစဥ် ရှဲ့ယို့ရဲ့ အကြည့်က သူ့မျက်နှာပေါ် ကျရောက်လာသည်။
"ပြောစမ်းပါ"
ချင်ကျန့်က ရှဲ့ယို့ကို တည့်တည့်မကြည့်ရဲတော့ဘဲ ပွင့်ပွင့်လင်းလင်းပဲ ပြောချလိုက်ရတော့၏။
"ဒီမနက်မှာ မန်နေဂျာဝမ်က အတွင်းရေးမှူးရုံးက လူတစ်ယောက်နဲ့ တွေ့ခဲ့တယ်။ ပြီးတော့ ယွီနျန့်ဆိုတာ ဘယ်သူလဲဆိုတာကို မသိမသာ ဟန်ဆောင်ပြီး စပ်စုသွားပါတယ်ခင်ဗျ။"
စကားဆုံးတာနဲ့ ရှဲ့ယို့ရဲ့ မျက်နှာအမူအရာက ရုတ်တရက် အေးစက်သွားပြီး အသံကလည်း ရေခဲတမျှ တောင့်တင်းသွားတာကို သူ သတိထားမိလိုက်သည်။
"နောက်ထပ်ရော"
ချင်ကျန့်က အကြည့်ကို လွှဲလိုက်ပြီး စကားကို အရှိန်မြှင့်ပြောလိုက်သည်။
"သူက ပြီးခဲ့တဲ့ရက်ပိုင်းတွေတုန်းက သခင်လေးက ဘာလို့ ဥက္ကဋ္ဌချွိဆီကို ခဏခဏသွားတာလဲ။ ဘာရည်ရွယ်ချက်ရှိလို့လဲ ဆိုတာကိုလည်း ပတ်ဝန်းကျင်မှာ တိတ်တဆိတ် စုံစမ်းနေပါတယ်။ ပြည်သူ့ဆက်ဆံရေးဌာနက တာဝန်ခံကလည်း ကျွန်တော့်ဆီ လာပြောတယ်။ မန်နေဂျာကျောက်ရဲ့ အတွင်းရေးမှူးက PR ဌာနက လုပ်ဖော်ကိုင်ဖက်တွေနဲ့ စကားပြောရင်း ယွီနျန့်အကြောင်းကို ထည့်ပြောသွားတယ်လို့ ဆိုပါတယ်။"
ရှဲ့ယို့ စကားတစ်ခွန်းမှ မပြောပါဘူး။ ရုံးခန်းထဲက လေထု စီးဆင်းမှု ရပ်တန့်သွားသလိုပဲ အသက်ရှူရတာတောင် မွန်းကျပ်လာစေ၏။
ချင်ကျန့်က ဆက်ပြောပြသည်။
"PR ဌာနက လူတွေက အဲဒီအချိန်တုန်းက သတိမထားမိဘဲ စကားအဖြစ်ပဲ ပြန်ပြောခဲ့ကြတာပါ။ ဒါပေမဲ့ နောက်ပိုင်းမှ တစ်ခုခုမှားနေပြီဆိုတာ သိသွားလို့ ကျွန်တော့်ဆီ လာသတင်းပို့ကြတာပါ။"
သူက ရှဲ့ယို့မျက်နှာကို အကဲခတ်ပေမဲ့ ဘာမှမတွေ့ရတာကြောင့် ကိုယ့်ဘာသာပဲ သုံးသပ်ပြလိုက်ရသည်။
"ကျွန်တော်တို့က ခြေလှမ်း အရမ်းမြန်နေတော့ သူတို့ လုံးဝ လိုက်မမီတော့ဘူး။ အဲဒါကြောင့် သူတို့ အသည်းအသန်ဖြစ်ပြီး ဒီအချက်ကို ကိုင်ပြီး တစ်ခုခု လုပ်ချင်နေကြတာ ဖြစ်ပါလိမ့်မယ်။"
ချင်ကျန့် စကားဆုံးတော့မှ သက်ပြင်းလေး တစ်ချက် ခိုးချလိုက်ရသည်။
သူဟာ အရင်က ရှဲ့ယို့အဖေ၏ အထူးလက်ထောက် ဖြစ်ခဲ့ဖူးသူပါ။ ရှဲ့ယို့ တာဝန်ဆက်ခံပြီးကတည်းက အခုထက်ထိ ရှဲ့ယို့နောက်ကနေ လိုက်ပါလာခဲ့တာဖြစ်ပြီး ရှဲ့ယို့ရ ာထူးနေရာကို တစ်ဆင့်ချင်းစီ ဘယ်လိုခိုင်မာအောင် တည်ဆောက်ခဲ့သလဲဆိုတာကို မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ရသူဆိုလည်း မမှားဘူး။
ရှဲ့ယို့ဟာ အချိန်တိုအတွင်းမှာပဲ တည်ငြိမ်ရင့်ကျက်ပြီး ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်းရှိအောင် အတင်းအကျပ် သင်ယူခဲ့ရပါတယ်။ ကိုယ့်ရဲ့ ဝါသနာနဲ့ နှစ်သက်မှုတွေကို ဖုံးကွယ်ဖို့၊ ဟိုမြေခွေးအိုကြီးတွေကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်ဖို့နဲ့ အေးစက်ခက်ထန်တဲ့ မျက်နှာဖုံးတစ်ခုကို တပ်ဆင်ထားဖို့ သူ သင်ယူခဲ့ရပါတယ်။ ဒါမှသာ လက်အောက်ငယ်သားတွေက သူ့ကို ကြောက်ရွံ့ရိုသေကြမှာဖြစ်ပြီး သူ ငယ်သေးတယ်ဆိုပြီး အနိုင်ကျင့်ဖို့ မဝံ့ရဲကြမှာ မဟုတ်လား။
ရှဲ့ယို့ နောက်ဆုံးအကြိမ် ဘယ်တုန်းက ရယ်မောခဲ့သလဲဆိုတာကိုတောင် ချင်ကျန့် မမှတ်မိတော့ပါဘူး။
ဒီမျက်နှာဖုံးကို တပ်ထားတာ ကြာပြီဖြစ်တဲ့အတွက် အခုအချိန်မှာ ပြန်ခွာချဖို့ဆိုတာ တကယ်ကို ခက်ခဲ နေခဲ့ပြီ။
တခြားသူတွေကတော့ ရှဲ့မိသားစုရဲ့ ခေါင်းဆောင်ငယ်လေးဟာ ပိုပိုပြီး အထက်လူကြီးဆန်လာတယ်၊ သူ့ကို မျက်လုံးချင်းတည့်တည့် ကြည့်ရဲသူတောင် နည်းပါးလာတယ်လို့ပဲ မြင်ကြ၏။ ဒါပေမဲ့ သူဟာ အသက် ၂၃ နှစ်ပဲ ရှိသေးတယ်ဆိုတာကို သတိထားမိသူကတော့ အလွန်နည်းပါး၏။ တကယ်လို့သာ သူဟာ သာမန်ပတ်ဝန်းကျင်မှာ ကြီးပြင်းခဲ့ရင် အခုချိန်မှာ တက္ကသိုလ်ဝင်းထဲကနေ ဘွဲ့ရကာစ လူငယ်လေးတစ်ယောက်ပဲ ဖြစ်နေဦးမှာပါ။
ဒါကို မကြည့်ရက်တော့သည့်အဆုံး ချင်ကျန့်ကပဲ စကားတစ်ခွန်း ဆိုလိုက်ရတော့သည်။
"သခင်လေးအနေနဲ့... ကိုယ့်ကိုယ်ကိုယ် နည်းနည်းတော့ ထိန်းထားဖို့ လိုပါလိမ့်မယ်။"
“မဟုတ်ရင် အဲဒါက သူ့ကို ထိခိုက်စေလိမ့်မယ်။ ဟုတ်တယ်မလား”
ရှဲ့ယို့ရဲ့ အသံက တုန်ယင်နေပြီး အရမ်းကို တိုးညင်းလွန်းနေသည်။
သူ့ရဲ့အကြည့်တွေက ယွီနျန့်ဆီကနေ မနက်ခင်းနှုတ်ဆက်စကား ပို့ထားသည့် ဖုန်းစခရင်လေးပေါ်မှာ ရပ်တန့်နေလျက်…
ချင်ကျန့်က ရှဲ့ယို့ ဖောင်တိန်ကို ကိုင်ထားသောလက်တွေ ဖြူဖျော့သွားသည်အထိ တင်းကြပ်နေတာကို မြင်နေရပေမဲ့လည်း ဆက်ပြီး သတိပေးရမှာက သူ့တာဝန်။
“ဟုတ်ပါတယ်။ ဘာလို့လဲဆိုတော့ အရင်က သခင်လေးမှာ ဘာအားနည်းချက်မှ မရှိခဲ့လို့လေ။”
ဘာအားနည်းချက်မှ မရှိတဲ့အတွက် ရန်သူတွေက ဘယ်လိုမှ တိုက်ခိုက်လို့ မရခဲ့ဘူးလေ။ ဒါပေမဲ့ အခုတော့ အားနည်းချက်တစ်ခု ရှိလာပြီဆိုတာ သိသွားရင် ရန်သူတွေက သေချာပေါက် စိတ်လှုပ်ရှားသွားကြမှာပါ။
အတော်ကြာအောင် တိတ်ဆိတ်သွားပြီးနောက်မှာတော့ ရှဲ့ယို့က ဖုန်းစခရင်ကို ပိတ်လိုက်ပြီး
“ငါ သိပါတယ်။” ဟု ခပ်တိုးတိုးရေရွတ်သည်။
မှောင်မည်းသွားသည့် ဖုန်းစခရင်ကို ကြည့်ပြီး စကားလုံးတွေကို တစ်လုံးချင်းစီကို အလေးအနက်ထားလျက်
“PR ဌာနက လူတွေကို ပြောလိုက်ပါ။ ချွိရှောက်ရန်က သူ့ကို တစ်ခုခု ကူညီပေးဖို့ ငါ့ကို တောင်းဆိုထားတယ်လို့။ မကြာသေးခင်က ငါ ရှင်းယောင်ကို ခဏခဏသွားတာက ချွိရှောက်ရန်နဲ့အတူ မြေအောက်လက်ဝှေ့ပွဲတွေကို စိတ်ဝင်စားသွားပြီး ပိုက်ဆံတွေ အများကြီး သုံးပစ်ခဲ့လို့ဆိုပြီး သတင်းလွှင့်လိုက်။ ယွီနျန့်နဲ့ ပတ်သက်ပြီးတော့ကတော့...”
သူ ခဏလောက် ရပ်သွားပြီးမှ
“ဒါကို ငါ ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ ငါ သိပါတယ်။”
“ကျွန်တော် အဆင်ပြေအောင် စီစဉ်လိုက်ပါ့မယ် သခင်လေး။”
ရှဲ့ယို့က နေရာကနေ ထရပ်လိုက်ပြီး
“အရင်ဆုံး နေ့လယ်မှာလုပ်မဲ့ အစည်းအဝေး ကို ရွှေ့လိုက်ပါ။”
“သခင်လေး... ဘယ်ကို”
“ဦးလေးချင်... ကျွန်တော် ရှင်းယောင်ကို သွားမလို့”
ရှဲ့ယို့က ဖုန်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး တိုးဖျော့တဲ့အသံနှင့်
“ကျွန်တော် သူ့ကို တစ်ခေါက်လောက်ပဲ ဖြစ်ဖြစ် နောက်ဆုံးအနေနဲ့ ထပ်တွေ့ချင်လို့ပါ။”
ချင်ကျန့်က သက်ပြင်းတစ်ချက်ချလိုက်ပြီး ထပ်မကန့်ကွက်တော့ပါဘူး။
"စိတ်မပူပါနဲ့၊ ဘယ်သူမှ သိမှာမဟုတ်ပါဘူး" လို့ပဲ နှစ်သိမ့်စကားပြောလိုက်ပေမဲ့ အနာဂတ်ကို ဘယ်သူမှ ကြိုမသိနိုင်ဘူးလေ။ အထူးသဖြင့် အနားမှာ ရန်သူတွေ ဝိုင်းပြီး အမဲဖျက်ဖို့ ကြိုးစားနေသည့် ယခုလို အချိန်မျိုးမှာပေ့ါ။
ချွိရှောက်ရန်ကတော့ သူ့ရုံးခန်းထဲမှာ ထိုင်ရင်း ငိုက်မြည်းနေရင်း ရှဲ့ယို့ ရုတ်တရက် ရောက်လာတာကို မြင်တော့ သူ နည်းနည်း ထူးဆန်းသွားပြီး
"မင်း ဘာလို့ ရုတ်တရက်ကြီး ရောက်လာတာလဲ"
ရှဲ့ယို့က စက္ကန့်အနည်းငယ်လောက် တိတ်ဆိတ်နေပြီးမှ ပွင့်ပွင့်လင်းလင်းပဲ ပြောချလိုက်သည်။
"တိန့်ကျောက်ရှန်းက မနေ့ညက ကျားထင်ဗီလာမှာ ဆုန့်ခဲ့ကို ဧည့်ခံကျွေးမွေးခဲ့တယ်"
ချွိရှောက်ရန် တစ်ယောက် ငိုက်နေရာကနေ ချက်ချင်း နိုးကြားသွားပြီး ထရပ်လိုက်မိသည်အထိ။
"တောက်... အေးလေ၊ ဒီသခင်လေး ဆဲမိတော့မလို့! တိန့်ကျောက်ရှန်းနဲ့ ဆုန့်ခဲ့ ဟုတ်လား အဲဒီနှစ်ယောက်က ဘယ်လိုလုပ် ပေါင်းမိသွားတာလဲ ဆုန့်ခဲ့ဘက်က အင်အားစုတွေကို မင်းပဲ အပြတ်ရှင်းခဲ့တာ မဟုတ်ဘူးလား သူက အခုထိ ပြဿနာရှာချင်နေတုန်းလား"
ရှဲ့ယို့က ဘာမှ ပြန်မပြောပါဘူး။
ချွိရှောက်ရန်ရင်ထဲမှာတော့ မကောင်းသည့် အငွေ့အသက်တွေ ခံစားနေရပြီလေ။ ဒါပေမဲ့လည်း သူ့ကိုယ်ပိုင် ဉာဏ်ရည်ကန့်သတ်ချက်ကို သိတာကြောင့် ခေါင်းကို ကုတ်လိုက်ရင်း... များသောအားဖြင့် ရှဲ့ယို့ ဒီလို အရေးကြီးတဲ့ကိစ္စတွေ ကြုံရရင် သူကပဲ ဘေးကနေ အဖော်လုပ်ပေးလေ့ရှိတာမို့
"ညီလေးရာ... ငါ ဒီနှစ်ရက်အတွင်း အားနေတာပဲ။ ငါတို့ ဆုံပြီး ထမင်းအတူစားကြမလား စကားပြောကြမလား ရှဲ့ရှောင်ယို့... မင်းက တော်တယ်ဆိုတာ ငါသိပါတယ်။ ဒါပေမဲ့ တစ်ယောက်တည်း တိုက်ပွဲဝင်ရတာက တော်တော်လေး အန္တရာယ်များတယ်ကွ။ တိန့်ကျောက်ရှန်းက အခြေခံခိုင်မာတယ်။ အာဏာလည်းရှိသလို နည်းလမ်းတွေကလည်း အရမ်းညစ်ပတ်တာ။ ငါ တကယ်ပဲ မင်းအတွက် စိုးရိမ်တယ်ရော်"
ရှဲ့ယို့က ပြန်မဖြေဘဲ မေးခွန်းတစ်ခုသာ ပြန်မေးလိုက်သည်။
"ဦးလေးချွိ နိုင်ငံထဲမှာ ရှိလား"
ချွိရှောက်ရန်မှာ ကြောင်အသွားပြီးမှ အမြန်ခေါင်းညိတ်ပြသည်။
"သူ့လေယာဉ်က မနက်ဖြန်ညဆို ပြန်ရောက်ပြီ။"
"သဘက်ခါကျရင် ငါ ဦးလေးချွိနဲ့ တွေ့မယ်။"
"အေးအေး၊ ရတာပေါ့"
ချွိရှောက်ရန်က ထပ်ခါတလဲလဲ ခေါင်းညိတ်ရင်း သူ့ရင်ထဲက မကောင်းတဲ့ ခံစားချက်က ပိုပိုပြီး ပြင်းထန်လာကာ မနေနိုင်ဘဲ မေးမိတော့သည်။
"မင်း စိတ်အခြေအနေ မကောင်းဘူးပဲ... တစ်ခုခု ဖြစ်လို့လား"
ရှဲ့ယို့က ဆုပ်ထားသော လက်သီးကို သူ့ကျောနောက်သို့ ပို့ထားလိုက်သည်။
"သူတို့ ယွီနျန့်ကို မျက်စိကျနေကြပြီ။"
ရှဲ့ယို ကိုယ့်ကိုယ်ကိုယ် အစွမ်းကုန် ထိန်းချုပ်ထားသော်လည်း ချွိရှောက်ရန်၏ ရှေ့တွင်တော့ သူ၏အသံမှာ အနည်းငယ် တုန်ယင်နေဆဲ
"သူတို့ ယွီနျန့်ကို ပစ်မှတ်ထားနေကြတာ။"
"တောက်!"
ချွိရှောက်ရန်၏ မျက်လုံးများ ပြူးကျယ်သွားကာ စားပွဲခုံကို လက်ဖြင့် ရိုက်ချလိုက်သည်။
"ဒီအဘိုးကြီးတွေက တကယ့်ကို အရှက်မရှိတဲ့ လူယုတ်မာတွေပဲ!"
နောက်တော့ ရုတ်တရက် သတိဝင်လာပြီး တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်ကာ
"ဒါဆို မင်း ဘာဆက်လုပ်ဖို့ စဉ်းစားထားလဲ"
ချွိရှောက်ရန်သည်လည်း ယနေ့အထိ အဖြစ်အပျက်မှန်သမျှကို စောင့်ကြည့်လာခဲ့သူဖြစ်ရာ ထိုလူများ၏ ယုတ်ယုတ်မာမာနည်းလမ်းများအကြောင်းကို ကောင်းကောင်းသိသည်။ ထိုစဉ်က ရှဲ့ယို့မှာ ခေါင်းတစ်ခြမ်းကိုက်ဝေဒနာ ခံစားခဲ့ရပြီး အိပ်မပျော်သည့်တိုင်အောင် တစ်ဖက်လူ၏ ယုတ်မာသော နည်းလမ်းများကို ကြောက်ရွံ့သဖြင့် ဆရာဝန်နှင့်ပြသရန် မဝံ့ရဲခဲ့ပေ။
နောက်ပိုင်းတွင် ရှဲ့ယို့က အသက်ဆက်နိုင်ခဲ့ပြီး ပြန်လည်တိုက်စစ်ဆင်မှုမှာ အောင်မြင်ခဲ့ကာ အဘိုးကြီးအချို့ကို ကန်ထုတ်နိုင်ခဲ့ပြီးမှသာ အခြေအနေများ ငြိမ်သက်သွားခဲ့ခြင်းဖြစ်၏။
ထိုအချိန်က ရှဲ့မိသားစု၏ အတွင်းရေးများမှာ တကယ့်ကို သွေးချောင်းစီးမတတ် ပြင်းထန်ခဲ့ပြီး ရှဲ့ယို့တစ်ယောက် "မတော်တဆမှု" အယောင်ဆောင်ထားသည့် လုပ်ကြံမှုမျိုးနှင့် ကြုံရမလားဆိုသည်ကို သူ နေ့တိုင်း စိုးရိမ်ခဲ့ရသည်။
ယခုမူ ရှဲ့ယို့၏ လေသံမှာ လုံးဝ တည်ငြိမ်သွားပြီဖြစ်သည်။
"ပြီးခဲ့တဲ့တစ်ခေါက် ယွီနျန့်ကို ပရိသတ်တွေက ပြဿနာရှာတုန်းက ငါ အကူအညီတောင်းခဲ့တယ် မဟုတ်လား။"
ချွိရှောက်ရန်က လေးလေးနက်နက် ခေါင်းညိတ်သည်။
"ဟုတ်တယ်လေ။"
"အဲဒီနောက်ပိုင်း ငါ ရှင်းယောင်ကို ခဏခဏ လာနေတာဟာ မင်းနဲ့အတူ မြေအောက်လက်ဝှေ့ပွဲတွေ သွားကြည့်နေလို့…ငါကိုယ်တိုင်လည်း မှောင်ခိုဈေးကွက်က လက်ဝှေ့သမားတွေကို မွေးမြူထားတယ်လို့ပဲ သတင်းလွှင့်လိုက်တော့။"
"အေးပါ၊ ဒီနေ့ပဲ အဲ့ကိစ္စကို အပြတ်ရှင်းလိုက်မယ်။"
ရှဲ့ယို့က အသက်ကို ခပ်ပြင်းပြင်းတစ်ချက်ရှူလိုက်ရင်း
"သူ ဘယ်မှာလဲ"
"ယွီနျန့်က အခုဆိုရင် အသံလေ့ကျင့်နေလောက်ပြီ။ မုန့်ယွမ်က သူ့ကို အပိုအလုပ်တွေ သိပ်မပေးထားဘူးလေ။ ရှိုးရိုက်ကူးရေး မရှိတဲ့ရက်ဆိုရင် သူက မနက်ပိုင်း ကမယ်။ ညနေပိုင်း အသံလေ့ကျင့်မယ်။ တစ်ခါတလေကျရင် တခြားဗဟုသုတလေးတွေ သင်တာမျိုးပေါ့။"
သူက စကားကို ခဏရပ်ပြီးမှ ပြန်မေးလိုက်သည်။
"ရှဲ့ရှောင်ယို့... မင်း... သွားကြည့်ချင်လား"
"အင်း။"
သူတို့နှစ်ယောက် အပေါ်ထပ်ကနေ အထပ် (၃၀) ကို ဓာတ်လှေကားနဲ့ ဆင်းလာခဲ့ကြသည်။ ချွိရှောက်ရန်က ရှဲ့ယို့ကို လေ့ကျင့်ရေးခန်းမ တံခါးဝအထိ ခေါ်သွားပေးပြီး တိုးတိုးလေး မေးလိုက်၏။
"သူ အထဲမှာရှိတယ်။ မင်း အထဲဝင်မလား ငါ တစ်ခုခု အကြောင်းပြပေးမယ်လေ။"
ရှဲ့ယို့က ခေါင်းခါလျက်…
နံရံကိုမှီပြီး အထဲက ထွက်ပေါ်လာမည့် အသံတွေကို အာရုံစိုက် နားစွင့်နေခဲ့ပြီး။ ချွိရှောက်ရန်ကတော့ ဘေးနားမှာ ရပ်နေရင်း စိတ်မရှည်သလို ဖြစ်နေမိ၏။ လေ့ကျင့်ရေးခန်းမတွေ၏ အသံလုံစနစ်က ဘာလို့ ဒီလောက်တောင် ကောင်းနေရတာလဲဆိုပြီး သူ ပထမဆုံးအကြိမ် ကျိန်ဆဲမိတော့မလို့ပဲ!
ခဏအကြာမှာတော့ တိုးညင်းသည့် သီချင်းသံလေး အပြင်ဘက်ကို လွင့်ပျံ့လာသည်။ ချွိရှောက်ရန်က ကြားလိုက်တာနဲ့တင် ဒါ ယွီနျန့်ရဲ့ အသံဆိုတာ ချက်ချင်း သိ၏။
သူက ရှဲ့ယို့ကို တိတ်တဆိတ် ခိုးကြည့်လိုက်တဲ့အခါ... ရှဲ့ယို့ဟာ အရင်နေရာမှာပဲ ရပ်နေဆဲ… တစ်ကိုယ်လုံးကတော့ အရင်ကနဲ့မတူဘဲ စိတ်ရောကိုယ်ပါ လျှော့ချထားပြီး အေးချမ်းသွားသလို မြင်တွေ့လိုက်ရသည်။
ဘာကြောင့်မှန်းမသိပေမဲ့ ချွိရှောက်ရန် ရင်ထဲမှာတော့ တစ်မျိုးကြီး ခံစားလိုက်ရပြီး စိတ်မကောင်း ဖြစ်သွားမိသည်။
တကယ်လို့သာ ရှဲ့ရှောင်ယို့ရဲ့ အဖေနဲ့ အစ်ကိုသာ သက်ရှိထင်ရှား ရှိနေသေးရင်၊ သူလည်းပဲ ကိုယ့်လိုမျိုး အလုပ်မှာ ဂိမ်းဆော့လိုက်၊ ငိုက်လိုက်၊ အလုပ်ဆင်းရင်လည်း သန်းခေါင်ယံထိ လျှောက်လည်ချင် လည်နေမှာပဲ။ ပြဿနာတစ်ခုခု တက်လာရင်လည်း သူ့အတွက် ဖြေရှင်းပေးမယ့် အစ်ကိုကြီး ရှိနေမှာပေါ့။
အခုတော့... တစ်စုံတစ်ယောက်ကို ချစ်မိရတာတောင်မှ ကိုယ့်ရဲ့ အချစ်က သူတစ်ပါးရဲ့ အသုံးချခံဖြစ်သွားပြီး တစ်ဖက်လူကို ပြန်ထိုးနှက်မယ့် ထက်မြက်တဲ့ ဓားတစ်စင်း ဖြစ်သွားမှာကို စိုးရိမ်နေရရှာသည်။
ငါးမိနစ်လောက် မတ်တပ်ရပ်နေပြီးနောက်မှာတော့ ရှဲ့ယို့က ခေါင်းလေးစောင်းပြီး
"သွားကြစို့။" ဟု ဆော်သြသည်။
ချွိရှောက်ရန် ရုတ်တရက် သတိပြန်ဝင်လာပြီး
"မင်း... နောက်ထပ် ခဏလောက် ထပ်ပြီး နားမထောင်ချင်တော့ဘူးလား"
"မလိုတော့ပါဘူး။"
ဆက်ပြီး နားထောင်နေမိရင် သူ တံခါးကို ဝုန်းကနဲ တွန်းဖွင့်ပြီး ယွီနျန့်ကို တစ်ချက်လောက်ဖြစ်ဖြစ် ပြေးကြည့်ချင်စိတ်တွေ ထိန်းမရတော့မှာမို့လို့ပါ။
_______________________________________________________________________
TN // သနားပါတယ်။ စဖတ်တုန်း သူ့ကို 28လောက်ထင်ခဲ့တာသိလား။ ဒီနားလေးမှာ 23ပဲ ရှိသေးတာသိပြီး ဟယ်…ငါတို့ အိမ်က ကလေး အရွယ်လေးက လူကြီးအတင်းလုပ်နေရတာပဲဆိုပြီး တအားစိတ်မကောင်းဖြစ်သွားတာ။ သနားပါတယ်။
သူ့ရဲ့အသက်အရွယ်နဲ့သူရောက်နေတဲ့နေရာကိုကြည့်ရင် ဒီနှစ်တွေထဲလူငယ်ဘဝကို သူဘယ်လိုတွေဖြတ်သန်းခဲ့ရသလဲဆိုတာတွေးမိပြီး ရင်ထဲလေးသွားတာပဲ။အပြင်ပန်းမှာအများကြီးသန်မာပေမယ့်dying insideဖြစ်နေတဲ့သူ့ကို ကူရာကယ်ရာက နျန့်နျန့်ပဲရှိခဲ့တာ အခု နျန့်နျန့်ဘေးကနေပါ ကိုယ်ယောင်ဖျောက်နေရတော့မယ်ဆိုတော့ ဘယ်လောက်ဝမ်းနည်းစရာကောင်းလဲ :-(
ReplyDeleteဖုန်းနံပတ်လဲ ပြီးတော့ သူပျော်ရတော့မယ် ထင်ထားတာ သနားပါတယ် အရမ်းငယ်ကြပါသေးတယ်။
ReplyDelete