Skip to main content

1








အခန်း (၁) မင်းသာ နာမည်မကြီးလာရင် နတ်ဘုရားတွေတောင် ကြည့်ရက်မှာ မဟုတ်ဘူး

ယွီနျန့် ဓာတ်လှေကားထဲကို လှမ်းဝင်လိုက်တဲ့အချိန်မှာ အထဲမှာ လူတစ်ယောက် ရောက်နှင့်နေနှင့်လျက်သား။ သူတို့နှစ်ယောက် အကြည့်ချင်း ဆုံမိသွားတဲ့အခါ နှစ်စက္ကန့်လောက် ဆွံ့အသွားကြသည်။ ခဏအကြာမှာတော့ ယွီနျန့်က ဘေးကိုလှည့်ပြီး ၄၂ ထပ် ခလုတ်ကို နှိပ်လိုက်ပေမဲ့ ခုနက မြင်လိုက်ရသည့် ထိုလူရဲ့ ရင်သပ်ရှုမောဖွယ်ရာ ရုပ်ရည်အသွင်အပြင်ကတော့ သူ့မျက်လုံးထဲမှာ တဝဲလည်လည်။

သူ့နောက်ကနေ ဓာတ်လှေကားထဲကို နောက်ကျပြီးမှ အမှီလိုက်ဝင်လာသော စီနီယာချီကျဲ့ ကတော့ ခေါင်းငုံ့ထားတာကြောင့် ထောင့်နားမှာ ရပ်နေသည့် ထိုလူကို သတိမထားမိလိုက်ပုံမရ။ သူက စိုးရိမ်တကြီးနဲ့ သူ့လက်ချောင်းလေးတွေကို ပွတ်သပ်နေရင်း ဓာတ်လှေကားတံခါး ပိတ်သွားတာနဲ့ အသံကိုနှိမ့်ပြီး ပြောလိုက်၏။

"ညီလေး ယွီ... အစ်ကိုက ဒီရှင်းယောင်ကုမ္ပဏီ မှာ အလုပ်သင်တစ်ယောက်ပဲဆိုတော့ သိပ်ပြီးတော့ တတ်နိုင်တာမျိုး မရှိဘူး။ ဒီတစ်ခါတော့ မင်းရဲ့ဓာတ်ပုံကို သူတို့ကို ပြထားလို့ အေးဂျင့်က မင်းကိုတွေ့ဖို့ သဘောတူလိုက်တာ။ ခဏနေရင်တော့ အစွမ်းကုန် ကြိုးစားပြရမယ်နော်။ မင်းရဲ့ ရုပ်ရည်နဲ့တင် မင်းကို သူတို့ လက်ခံထားလိမ့်မယ်လို့ အစ်ကို အာမခံရဲတယ်..."

စီနီယာအစ်ကိုဖြစ်သူရဲ့ စိုးရိမ်ပူပန်မှုတွေနဲ့ ဆန့်ကျင်ဘက်အနေနဲ့ ယွီနျန့်ကတော့ အေးအေးဆေးဆေး ပြုံးနေလျက်…လူကြားထဲမှာမို့လို့ သူက အသံကိုနှိမ့်ပြီး ရိုးရိုးသားသားလေးပဲ ပြောလိုက်သည်။

"ကျွန်တော့်အတွက် ဒီလိုအခွင့်အရေးမျိုး ရအောင် ကူညီပေးလို့ ကျေးဇူးတင်ပါတယ် အစ်ကို... ကျွန်တော် အစွမ်းကုန် ကြိုးစားပါ့မယ်။"

ချီကျဲ့က လက်ခါယမ်းရင်း စကားတွေတောင် ထစ်အငေါ့ဖြစ်သည်အထိ အလောတကြီး ပြန်ပြောရှာလေ၏။

“ကျေးဇူးတင်စရာ မလိုပါဘူးကွာ... ငါက ဘာမှလည်း မလုပ်ပေးရသေးပါဘူး။ ပြီးတော့ မင်းလည်း ငါ့ကို အရင်က အကြိမ်ကြိမ် ကူညီဖူးတာပဲ။ ငါကသာ မင်းကို ကျေးဇူးတင်ရမှာပါ။"

သူ့လက်ချောင်းထိပ်လေးတွေက တုန်ရီနေပြီး နှုတ်ခမ်းတွေကလည်း တလှုပ်လှုပ်နဲ့ဖြစ်နေတုန်းမှာပဲ စကားလမ်းကြောင်းလွှဲပြီး မေးလာသေးသည်။

"ဒါနဲ့... မင်းလက်ထဲမှာ အခု ပိုက်ဆံ ဘယ်လောက်ကျန်သေးလဲ"

ယွီနျန့်က စိတ်ထဲကနေ တွက်ချက်ကြည့်ပြီး အမှန်အတိုင်းပဲ ဖြေလိုက်၏။

"ဒီအင်္ကျီအဖြူလေး ဝယ်ပြီးတော့ လက်ထဲမှာ ၂၀၀ ပဲ ကျန်တော့တယ် အစ်ကို။"

ပြောပြီးတာနဲ့ သူ တကယ်ပဲ ဆင်းရဲလွန်းနေပြီဆိုတာကို တွေးမိပြီး မပြုံးဘဲ မနေနိုင်တော့ပါဘူး။

ချီကျဲ့ကတော့ စိတ်ပူသွားပြီး

"ဒါဆို အပြင်စာမှာတာတောင် ဈေးကြီးနေဦးမယ်။ တကယ်လို့ မင်းသာ ဒီနေ့ အလုပ်မရခဲ့ရင်..."

သူက စကားကို ရုတ်တရက် ရပ်လိုက်ပြီး ယွီနျန့် ဝတ်ထားတဲ့ အင်္ကျီအဖြူအသစ်စက်စက်လေး၊ အရောင်လွင့်နေတဲ့ ဂျင်းဘောင်းဘီဟောင်းလေးနဲ့ အနက်ရောင် စနီကာဖိနပ်လေးကို သေချာကြည့် ပြီးမှ ယုံကြည်ချက်အပြည့်နဲ့ ပြန်ပြောသည်။

"မဖြစ်နိုင်တာ... မင်း အလုပ်မရစရာ အကြောင်းမရှိဘူး။ မင်းက ဒီလောက်ကြည့်ကောင်းတာပဲ။ နင်တာတက္ကသိုလ်မှာ လေးနှစ်ဆက်တိုက် ကျောင်းသားပေါင်း နှစ်သောင်းကျော်ကြားထဲမှာ မင်းကို ယှဉ်နိုင်တဲ့ ပြိုင်ဘက် တစ်ယောက်မှ မရှိခဲ့ဘူးလေ!"

ယွီနျန့်ကတော့ ရယ်ချင်သွားမိသည်။ ပြီးတော့မှ ခုနက ဓာတ်လှေကားထဲမှာ တွေ့ခဲ့တဲ့ လူစိမ်းရဲ့ ရုပ်ရည်ကို ရုတ်တရက် ပြန်မြင်ယောင်မိသွား၏။ စက္ကန့်အနည်းငယ်လောက် ကြာပြီးခါမှပဲ သူ ပြန်ဖြေလိုက်သည် ။

"အလုပ်ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ... အစ်ကို့ကို ကျွန်တော် ထမင်းပြန်ကျွေးပါ့မယ်။"

"ထားလိုက်ပါတော့ကွာ၊ ငါပဲ ကျွေးပါ့မယ်။ ကျောင်းရှေ့က အကင်ဆိုင်မှာ အသားကင်ရော၊ အသီးအရွက်ရော ကြိုက်တာသာ မှာစားပေတော့။"

"တင်!" ဆိုသည့် အသံနဲ့အတူ ဓာတ်လှေကားက သတ်မှတ်ထားသော အထပ်ကို ဆိုက်ရောက်လာသည်။

ချီကျဲ့က သူ့ရဲ့ အင်္ကျီကော်လာကို လေးငါးကြိမ်လောက် ပြန်တည့်ရင်း ယွီနျန့်ကို လေသံတိုးတိုးနဲ့ "ရောက်ပြီ" လို့ သတိပေးလာ၏။ သူတို့နှစ်ယောက် နောက်မှာ ဓာတ်လှေကားတံခါးက ပြန်ပိတ်သွားခဲ့ပါပြီ။

"ဒီတစ်ထပ်လုံးက 'ရှင်းယောင်' ရဲ့ စီမံခန့်ခွဲရေးဌာနပဲ။ အစ်ကိုက အစည်းအဝေး တက်ရမှာမို့လို့ မင်းကို လိုက်မပို့နိုင်တော့ဘူး။ ခဏနေရင် တည့်တည့်သွားပြီး ညာဘက်ကို ကွေ့လိုက်ဦး။ အဲဒီမှာ 'မုန့်ယွမ်' ဆိုတဲ့ ဆိုင်းဘုတ်တပ်ထားတဲ့ အခန်းကို ရှာကြည့်လိုက်နော်။"

ချီကျဲ့က ငုံ့ကြည့်လိုက်သည့်အခါ ခပ်ပြုံးပြုံးမျက်နှာလေးနှင့် ယွီနျန့်ကို တွေ့ရတော့ သူလည်း လိုက်ရယ်မိသွားပြီး

"မင်းကတော့ တကယ်ပဲ မတုန်လှုပ်ပါလားနော်။ ကဲ... ငါလည်း ဘာမှ ထပ်မပြောတော့ဘူး၊ သွားတော့!"

တရုတ်နိုင်ငံရဲ့ အဓိက အနုပညာကုမ္ပဏီကြီး သုံးခုထဲက တစ်ခုဖြစ်တဲ့ 'ရှင်းယောင်' အနုပညာကုမ္ပဏီဟာ ယင်းတို့၏ ကြွယ်ဝချမ်းသာမှုနဲ့ အဆင့်အတန်းမြင့်မားလှသော အပြင်အဆင်တွေကို သာမန်မျက်စိနဲ့ ကြည့်ရုံနဲ့တင် အထင်အရှား မြင်တွေ့နိုင်လောက်၏။

ယွီနျန့်တစ်ယောက် ရိုးရှင်းသည့် အင်္ကျီအဖြူနဲ့ ဂျင်းဘောင်းဘီကိုသာ ဝတ်ဆင်ထားပေမဲ့ သူ့ရဲ့ ထူးခြားတဲ့ ရုပ်ရည်နဲ့ ထက်မြက်လှတဲ့ ပင်ကိုယ်စရိုက်ကြောင့် လမ်းတစ်လျှောက်မှာရှိသော လူအများ၏ အာရုံစိုက်မှုကို ခံရလျက်…

မုန့်ယွမ်ရဲ့ ရုံးခန်းတံခါးဝကို ရောက်တဲ့အခါမှာတော့ ယွီနျန့်ဟာ သူ့ရဲ့ လက်မောင်းအနားသတ်တွေကို သေသေချာချာ ပြန်ညှိလိုက်ပြီး တံခါးကို အသာအယာ ခေါက်လိုက်သည်။

မကြာခင်မှာပဲ အတွင်းထဲကနေ "ဝင်ခဲ့ပါ" ဆိုတဲ့ အသံ ထွက်ပေါ်လာသည်။ ယွီနျန့်သည် အေးစက်နေသည့် သတ္တုတံခါးလက်ကိုင်ကို ဆွဲဖွင့်ပြီး အထဲကို ဝင်လိုက်၏။

ရုံးခန်းဟာ အလွန်ကျယ်ဝန်းပြီး အရပ်မျက်နှာအနှံ့ကနေ အလင်းရောင်ရရှိကာ ရိုးရှင်းသေသပ်လျက်။ လေအေးပေးစက်ကို အမြင့်ဆုံးတင်ထားသောကြောင့် လေကို ရှူသွင်းလိုက်တိုင်း အေးစက်သည့်လေထုက နှာခေါင်းထဲကို တိုးဝင်သွားပြီး ယွီနျန့်ကို ပိုမိုတည်ငြိမ်သွားစေသည်။ရုံးခန်းထောင့်မှာရှိသည့် အလှစိုက်ပင်လေးတွေကိုလည်း တစ်ချက်ကြည့်လိုက်မိ၏။ ဂရုစိုက်မှုကင်းမဲ့နေသောကြောင့် အပင်ရဲ့ ကိုင်းညွန့်နဲ့ အရွက်လေးတွေဟာ ညှိုးနွမ်းခြောက်သွေ့နေကြရှာပြီ။

ပစ္စည်းတွေ ရှုပ်ပွနေသည့် စားပွဲခုံနောက်မှာတော့ ဝတ်စုံပြည့်ဝတ်ဆင်ထားသော အမျိုးသားတစ်ယောက် ထိုင်နေပြီး။ ဖုန်းပြောနေရင်း မျက်မှောင်ကြုတ်ထားကာ မျက်နှာအမူအရာကလည်း မကောင်းလှသလို၊ အသံကလည်း စိတ်တိုဒေါသထွက်နေတဲ့ပုံ ပေါက်နေသည်။

ယွီနျန့်က တစ်ဖက်လူကို ခေါင်းတစ်ချက်ငြိမ့်ပြပြီး ဘာစကားမှမဆိုဘဲ ငြိမ်သက်စွာ ရပ်နေခဲ့သည်။ တစ်ဖက်လူက သူ့ကို တစ်ချက်လှမ်းကြည့်ပြီး ဘေးနားက ဆိုဖာကို လက်ညှိုးထိုးပြတော့မှ သူက လျှောက်သွားပြီး တိတ်တိတ်ဆိတ်ဆိတ်ထိုင်စောင့်နေလိုက်သည်။

သူ တံခါးဖွင့်ဝင်လာကတည်းက တစ်ဖက်လူရဲ့ အကဲခတ်တဲ့အကြည့်တွေက သူ့ဆီကနေ တစ်စက္ကန့်လေးတောင် ခွာမသွားတာကို ယွီနျန့် ခံစားမိ၏။ ဒါပေမဲ့ အဲဒီလို အကဲခတ်ခံရတာက စိတ်အနှောင့်အယှက်ဖြစ်စရာ မဟုတ်ဘဲ... ကုန်ပစ္စည်းတစ်ခုကို အဆင့်အတန်းခွဲခြား စစ်ဆေးနေသလိုမျိုးပဲ။

"အခုလောလောဆယ် ကျွန်တော့်လက်ထဲမှာ လူမရှိသေးဘူး... အေးပါ၊ ရှာပေးဖို့ ကူညီပေးပါ့မယ်... သိပါတယ်၊ မင်းကိုင်ထားတဲ့ အစီအစဉ်က နာမည်မကြီးစရာ အကြောင်းမှမရှိတာ..."

ဖုန်းပြောတာက သိပ်မကြာလိုက်ပါဘူး။ မုန့်ယွမ်က ဖုန်းကို စားပွဲပေါ်တင်လိုက်ပြီး ကိုယ်ကိုမတ်မတ်ထိုင်ကာ ယွီနျန့်ကို စိုက်ကြည့်လာသည်။ ပြီးတော့မှ ရုတ်တရက် မေးလိုက်တာက

"မင်းရဲ့ဓာတ်ပုံကို ဘယ်သူရိုက်ပေးတာလဲ" ဟူ၍…

ယွီနျန့်က ချက်ချင်းပဲ ပြုံးလျက်ပြန်ဖြေလိုက်သည်။

"စီနီယာအစ်ကို ချီကျဲ့က အလောတကြီးဖြစ်နေလို့ ကျွန်တော့်ရဲ့ အခန်းဖော်ကိုပဲ ယာယီရိုက်ခိုင်းလိုက်တာပါခင်ဗျာ။"

မုန့်ယွမ်က ခေါင်းညိတ်ပြီး အားမနာတမ်း ဝေဖန်လေတော့၏။

"ဓာတ်ပုံရိုက်တဲ့သူက တကယ်ကို အရည်အချင်းမရှိတာပဲ။ မင်းရဲ့အလှပဆုံးပုံရိပ်ပေါ်အောင်တောင် မရိုက်တတ်ဘူး။"

ယွီနျန့်ကတော့ ဘာမှပြန်မပြောဘဲ ပြုံးရုံသာ ပြုံးနေခဲ့သည်။ သူ့ရဲ့အပြုံးက သန့်ရှင်းစင်ကြယ်လွန်းတာကြောင့် မြင်ရသူကို စိတ်ချမ်းမြေ့စေ၏။

"ယွီနျန့်... အသက်က ၂၁ နှစ်လား"

"ဟုတ်ကဲ့၊ ကျွန်တော့်မွေးနေ့က နှစ်စပိုင်းမှာပါ"

မုန့်ယွမ်သည် ယွီနျန့်ကို ခဏမျှ စိုက်ကြည့်နေမိသည်။ ယွီနျန့်၏ ဆံပင်များက ကတ္တီပါရောင်ကဲ့သို့ နက်မှောင်နေပြီး အသားအရေမှာလည်း ဖြူစင်ဝင်းပကာ ချောမွေ့လွန်းလှသည်။ နှာတံက စင်းတည့်နေပြီး နှုတ်ခမ်းလွှာများက ပါးလျကာ ပုံသဏ္ဌာန်မှာလည်း တိကျပြတ်သားသည်။ မေးရိုးအလှကလည်း အပြစ်ဆိုဖွယ်မရှိအောင် ပြည့်စုံလွန်းလှသည်။

သူ့ရုပ်ရည်၏ အထူးခြားဆုံးအင်္ဂါရပ်မှာ မျက်ဝန်းများပင်။ ပင်ကိုယ်ကပင် ပြုံးယောင်သန်းနေတတ်သည့် ထိုမျက်ဝန်းအစုံမှာ ကြည်လင်တောက်ပနေပြီး ရေပြင်ကဲ့သို့ စင်ကြယ်လှသည်။ မျက်လုံးအိမ်ကြီးသော်လည်း မျက်လုံးအဆုံးသတ်လေးများက အနည်းငယ် ရှည်မျောမျောရှိနေသည်။ ထို့အပြင် ညာဘက်မျက်လုံးအိမ်အောက်နားတွင် ဖျော့တော့တော့ မျက်ရည်မှဲ့လေးတစ်လုံး ရှိနေခြင်းက သူ၏အကြည့်များ ရွေ့လျားလိုက်တိုင်း ထူးခြားသည့် ဆွဲဆောင်မှုအရှိန်အဝါကို ပေါ်လွင်စေသည်။

ဆယ်စုနှစ်တစ်ခုကျော် ဖြတ်သန်းခဲ့သည့် အတွေ့အကြုံများအရ မုန့်ယွမ်သည် ဤမျက်နှာမှာ အခြေခံကောင်းလွန်းလှကြောင်း၊ နောင်ဆယ်နှစ်ကြာလျှင်ပင် ဆက်လက်ကြည့်ကောင်းနေဦးမည်ဖြစ်ကြောင်း ကောက်ချက်ချမိသည်။ လက်ရှိတွင် လူလားမြောက်ရုံအရွယ်သာရှိသေးသော်လည်း နောက်ထပ် နှစ်နှစ် သုံးနှစ်ခန့်ကြာလျှင်မူ သူ၏ရုပ်ရည်မှာ အထွတ်အထိပ်သို့ ရောက်ရှိလာပေလိမ့်မည်။

ထိုထက်ပို၍ အံ့ဩစရာကောင်းသည်မှာ ယွီနျန့်သည် ယခုအချိန်တွင် မိတ်ကပ်တစ်စက်မျှပင် လိမ်းခြယ်ထားခြင်း မရှိသေးခြင်းပင်။

ယွီနျန့်မှာ ဘာအရည်အချင်းမှ မရှိခဲ့ရင်တောင် ဒီမျက်နှာလေးတစ်ခုတည်းနဲ့တင် နောင်တစ်ချိန်မှာ မလွဲဧကန် နာမည်ကြီးလာလိမ့်မယ်လို့ မုန့်ယွမ်က အခိုင်အမာ ဆုံးဖြတ်နိုင်သည်။

ယွီနျန့်ကတော့ မုန့်ယွမ် သူ့ကို အကဲခတ်နေတာကို စိုးစဉ်းမျှ စိတ်အနှောင့်အယှက်မဖြစ်ဘဲ အေးအေးဆေးဆေးပဲ ထိုင်နေလျက်။ သူ့ရဲ့ အမူအရာက အလွန်သဘာဝတကျ။ သူ့ရဲ့ ပြုစုပျိုးထောင်ခံခဲ့ရတဲ့ နောက်ခံအခြေအနေကြောင့်ပဲလားမသိ၊ ပေါ့ပေါ့ပါးပါး ထိုင်နေတာတောင် ပုခုံးတွေက တွဲကျမနေဘဲ ကျောပြင်က မတ်နေသည်။ ကိုယ်ကို ဘေးဘက်ကို အနည်းငယ် စောင်းထားရင်း တစ်ဖက်လူရဲ့စကားကို အာရုံစိုက်နားထောင်နေတဲ့ ပုံစံက ကြည့်ရသူကို လေးစားမှုအပြည့် ။

မုန့်ယွမ်က စိတ်ထဲကနေ တိတ်တဆိတ် ခေါင်းညိတ်မိပြီး သူ့ရဲ့ မှတ်တမ်းစာအုပ်ထဲမှာ ယွီနျန့်အတွက် အမှတ် ၁၀ မှတ် ထပ်တိုးပေးလိုက်သည်။ ပြီးမှ…

"မင်း သီချင်းဆိုတတ်တယ်လို့ ချီကျဲ့က ပြောတယ်နော်"

"ဟုတ်ကဲ့... ငယ်ငယ်ကတည်းက ဝါသနာပါခဲ့တာပါ"

အမေးအဖြေလုပ်နေရင်းမှာပဲ မုန့်ယွမ်ရဲ့ ခေါင်းထဲမှာ အသံပြင်ပေးမယ့်သူတွေ၏ စာရင်းကို ကြိုတင်စဉ်းစားနေမိသည်။ ဒါပေမဲ့ သူကတော့ ပုံမှန်အတိုင်းပဲ

"ဒါဆို အခုလောလောဆယ် သီချင်းတစ်ပုဒ်လောက် ဆိုပြလို့ရမလား"

ယွီနျန့်က ခေတ္တမျှ စဉ်းစားလိုက်ပြီး

"ဒါဆို ကျွန်တော် အစ်ကို့ကို ကျောင်းသီချင်းလေး တစ်ပုဒ်လောက် ဆိုပြပါရစေခင်ဗျာ"

မုန့်ယွမ် တစ်ယောက် စိတ်ဝင်တစား ဖြစ်သွားရပြန်သည်။

သူ လက်ပျိုးထောင်ပေးခဲ့တဲ့ အနုပညာရှင်က နာမည်ကြီးပြီးနောက် သူ့ကို ထားခဲ့ကတည်းက လူအတော်များများနဲ့ သူ ဆုံခဲ့ဖူးပါသည်။ တချို့က ပေါ့ပ်သီချင်းတွေ ဆိုပြကြသလို၊ တချို့ကလည်း ရော့ခ် သီချင်းတွေ ဆိုပြကြသည်။ ဒါပေမဲ့ အစမ်းဆိုပြတဲ့ပွဲမှာ "ကျောင်းသီချင်း" ဆိုပြမယ့်သူမျိုးတော့ သူတစ်ခါမှ မကြုံဖူးသေး။

သူဘောပင်တစ်ချောင်းကို ကောက်ကိုင်ပြီး လက်ချောင်းကြားမှာ ညှပ်ထားရင်း စားပွဲခုံကို ခေါက်ကာ စိတ်လှုပ်ရှားစွာ ပြောလိုက်၏။

"ရပါတယ်... အဓိကက မင်းရဲ့ အသံနေအထားကို နားထောင်ချင်တာပါ။"

သီချင်းဆိုသည့် နည်းစနစ်နဲ့ အသံအနိမ့်အမြင့်ပိုင်းမှာတော့ သူ သိပ်ပြီး မျှော်လင့်မထားပါဘူး။ ယွီနျန့်က သီချင်းဆိုရင် စာသားတွေကို သေချာမှတ်မိလေ့မရှိပါဘူး။ ဒါပေမဲ့ အခုလို အချိန်မျိုးမှာတော့ ထုံးစံအတိုင်း ပေါ့ပေါ့ပါးပါး ညည်းဆိုနေလို့ မရမှန်း သူသိသည်။ ဒါကြောင့် သူက အိတ်ကပ်ထဲကနေ ဖုန်းကို တည်တည်ငြိမ်ငြိမ်ပဲ ထုတ်လိုက်ပြီး သီချင်းစာသားကို ရှာလိုက်သည်။ ပြီးနောက် အသက်ရှူနှုန်းကို ပြန်ညှိပြီး စဆိုပါတော့၏။

"ဖြောက်" ဆိုသည့် အသံအသေးလေးနဲ့အတူ မုန့်ယွမ် လက်ထဲက ဘောပင်လေး လွတ်ကျသွားရသည်။

ယွီနျန့်ကတော့ ဘာကိုမှ ဂရုမစိုက်မိပါဘူး။ သူ့မျက်ဝန်းတွေက ဖုန်းမျက်နှာပြင်ပေါ်က စာသားတွေဆီမှာပဲ အာရုံစိုက်ထားတာကြောင့် မုန့်ယွမ်ရဲ့ ရုတ်တရက် ပြောင်းလဲသွားတဲ့ တုန်လှုပ်ချောက်ချားဖွယ် အမူအရာကို သတိမထားမိလိုက်ဘူး။ တစ်ဖက်လူဆီကနေ "တော်ပြီ... ရပ်လိုက်တော့" ဆိုတဲ့ အသံကြားရတဲ့အထိ သူကတော့ ဆက်ဆိုနေခဲ့သည်။

သူက ပြောတဲ့အတိုင်း သီချင်းဆိုတာကို ရပ်လိုက်ပြီး ခေါင်းမော့ကာ တစ်ဖက်လူကို အကြည့်နဲ့ မေးခွန်းထုတ်လိုက်၏။

မုန့်ယွမ်က အသက်ကို ဝဝရှူလိုက်ရင်း "ဆက်ဆိုပါ" လို့ ပြောလိုက်သည်။

ယွီနျန့်က ခုနက ရပ်လိုက်တဲ့နေရာကနေ နောက်ဆုံးစာသားလေးကို ပြန်ကောက်ပြီး အနှောင့်အယှက်မရှိ ဆက်ဆိုသွားသည်။ သူ့အသံနေအထားက တောတောင်လျှိုမြောင်ကြားက စီးဆင်းနေသည့် စမ်းချောင်းလေးလို ကြည်လင်နေပြီး သီချင်းအဆုံးသတ်လေးကလည်း သာယာနာပျော်ဖွယ် လှိုင်းခတ်သံလေးလို ဖြစ်နေလျက်။ စာလုံးတိုင်း၊ စာသားတိုင်းကလည်း အံဝင်ခွင်ကျ ရှိလှသည်။

သူ့သီချင်းဆိုသံကို နားထောင်ပြီးတဲ့နောက်မှာတော့ မုန့်ယွမ်ရဲ့ မျက်ဝန်းတွေက စိတ်လှုပ်ရှားမှုကြောင့် တောက်ပလာပြီး

"မင်း အရင်က ဒီဘာသာရပ်ကို အထူးပြုလေ့လာခဲ့ဖူးတာလား" လို့ ထုတ်မေးရသည်အထိ။

ယွီနျန့်ရဲ့ အသက်ရှူသံက ပုံမှန်အတိုင်းပဲ မပြောင်းလဲဘဲ ရှိနေပြီး သူက မျက်ဝန်းလေးတွေ ဝိုင်းသွားအောင် ပြုံးပြရင်း ပြန်ဖြေပေးသည်။

"ကျွန်တော် မသင်ယူခဲ့ဖူးပါဘူး။ တက္ကသိုလ်မှာ သမိုင်းဘာသာရပ်ကိုပဲ အဓိကထား တက်ခဲ့တာပါ။ ဒါပေမဲ့ ကျွန်တော့်ရဲ့ လူကြီးသူမတွေက သီချင်းဆိုတာ ဝါသနာပါကြတော့ ငယ်ငယ်တည်းက သူတို့နောက်ကနေ လိုက်ညည်းဆိုခဲ့တာပါပဲ။"

ဘာ! ဒါက "လိုက်ညည်းဆိုရုံ" ရှိသေးတဲ့ အဆင့်လား။

မုန့်ယွမ်က စားပွဲခုံကို လက်ချောင်းလေးတွေနဲ့ အချက်ကျကျ ခေါက်လိုက်ပြီး တည်ငြိမ်သော လေသံနဲ့ ပြန်ပြောလိုက်သည်။

"ချီကျဲ့က မင်းရဲ့ ဓာတ်ပုံကို ငါ့ကို ပြခဲ့တယ်။ အခု မင်းကိုယ်တိုင်လည်း ဒီကို ရောက်လာပြီဆိုတော့... မင်း ဒီအနုပညာလောကထဲကို ဝင်ဖို့ ဆန္ဒရှိတယ်လို့ ငါယူဆလို့ရမလား"

ယွီနျန့်ရဲ့ လေသံကလည်း တရားဝင်ဆန်လာပြီး "ဟုတ်ကဲ့" လို့ ဖြေလိုက်၏။

"ကောင်းပြီလေ" မုန့်ယွမ်က တောင့်တင်းနေသည့် သူ့ရဲ့ ကျောပြင်ကို ခုံနောက်မှီမှာ အလိုက်သင့် မှီချလိုက်ရင်း ပေါ့ပေါ့ပါးပါး လေသံနဲ့ပဲ

"ငါ မင်းကို တာဝန်ယူ စောင့်ရှောက်ပေးမယ်။ မင်းရဲ့ အရည်အချင်းတွေ အလဟဿ အဖြစ်မခံပါဘူး။ အခု ပြဿနာက... မင်း ဘာကြောင့် အနုပညာလောကထဲကို ဝင်ချင်ရတာလဲဆိုတာ ငါသိချင်တယ်။ မင်းရဲ့ စိတ်ကူးယဉ် အိပ်မက်တွေ၊ ရည်မှန်းချက်ပန်းတိုင်တွေ... အဲဒါတွေကို ငါတို့ ဆွေးနွေးဖို့ လိုမယ်။"

ယွီနျန့်ရဲ့ နှုတ်ခမ်းလွှာတွေက ခဏမျှ တင်းသွားပြီးမှ ပြန်ပြုံးလိုက်ကာ ခိုင်မာတဲ့ လေသံနဲ့ ပြောလိုက်သည်။

"ကျွန်တော် ပိုက်ဆံရှာဖို့ လိုအပ်နေလို့ပါ၊ ပိုက်ဆံအများကြီး ရှာဖို့ လိုပါတယ်"

မုန့်ယွမ်ကတော့ သိပ်ပြီး အံ့ဩမသွားပါဘူး။ ဒီလောကထဲက လူတွေဟာ အမြဲတမ်း ရည်မှန်းချက်တစ်ခုခုရှိတတ်ကြပြီး နာမည်ဂုဏ်သတင်းနဲ့ စည်းစိမ်ဥစ္စာအတွက် ပြေးလွှားနေကြတာပဲ မဟုတ်လား။ သူက ဘာဝေဖန်ချက်မှ မပေးဘဲ

"ငါတို့ အကောင်းဆုံးလုပ်ကြတာပေ့ါ။ မင်းရမယ့် ပိုက်ဆံကလည်း နည်းမှာမဟုတ်ဘူး။ ဒါပေမဲ့ ကြိုပြောထားရမယ်... ငါကတော့ လူကုန်ကူးတာမျိုး၊ အပေးအယူလုပ်တာမျိုးတွေတော့ မလုပ်ဘူးနော်။ တကယ်လို့ မင်းမှာ အဲဒီလို လိုအပ်ချက်မျိုး ရှိတယ်ဆိုရင်တော့ တခြားလူတွေကို ငါ လွှဲပေးလို့ရတယ်။"

ယွီနျန့်က ခေါင်းခါပြလိုက်သည်။ လှုပ်ရှားမှုနဲ့အတူ သူ့ရဲ့ နူးညံ့သည့် ဆံပင်လေးတွေက ဝဲကျသွားပြီး မျက်ဝန်းထဲမှာ အပြုံးရိပ်လေးတွေ ပေါ်လာကာ

"စိတ်မပူပါနဲ့၊ ကျွန်တော်ကတော့ ကြိုးကြိုးစားစား အလုပ်လုပ်ပြီး ပိုက်ဆံပဲ ရှာချင်တာပါ"

မုန့်ယွမ် စိတ်အေးသွားရ၏။ သူ့လက်အောက်က အနုပညာရှင်တွေဟာ အမြဲတမ်း စကားနားထောင်သူတွေ ဖြစ်လိမ့်မယ်လို့ သူ ဘယ်တုန်းကမှ မမျှော်လင့်ထားပါဘူး။ လူတိုင်းက လူသားတွေပဲလေ၊ ကြိုးဆွဲရာကတဲ့ ရုပ်သေးရုပ်တွေမှ မဟုတ်တာ။ ဒါပေမဲ့ အနည်းဆုံးတော့ အပြန်အလှန် နားလည်မှုရှိဖို့နဲ့ ကိုယ်ပိုင်စည်းကမ်း ရှိဖို့တော့ လိုအပ်သည်လေ။ နာမည်မကြီးခင်ကတည်းက ရှုပ်ထွေးပွေလီတဲ့ ကိစ္စတွေထဲမှာ ပါဝင်ပတ်သက်မနေဖို့က အရေးကြီးဆုံးပဲ။

မုန့်ယွမ်ရဲ့ လေသံက ပြန်လည်ပျော့ပျောင်းသွားပြီး

"ကောင်းပြီလေ၊ ဒါဆိုရင်တော့ ငါတို့ကြားမှာ သဘောတူညီမှု ရပြီလို့ ဆိုရမှာပေါ့။"

သူက အနီးနားမှာရှိသည့် ပထမဆုံး စားပွဲဆွဲအံဆွဲကို ဖွင့်လိုက်ပြီး စာရွက်စာတမ်းတချို့ကို ကိုယ်တိုင် ကမ်းပေးလိုက်သည်။

"ဒါက 'ရှင်းယောင်' ရဲ့ Blevel စာချုပ်ပဲ။ မင်းက အနုပညာလောကထဲကို အခုမှ စဝင်မယ့်သူ ဆိုတော့ Blevel စာချုပ်က ငါ့ရဲ့ လုပ်ပိုင်ခွင့်ထဲမှာ အမြင့်ဆုံးအဆင့်ပဲ။ ငါးနှစ်သက်တမ်း စာချုပ်ချုပ်ပြီးသွားရင်တော့ မင်းရဲ့ အဆင့်အတန်းကို ပြန်ပြီး သတ်မှတ်ပေးလို့ရတယ်။ တကယ်လို့ မင်း စိတ်မချဘူးဆိုရင်တော့ ဒါကို အိမ်ပြန်ယူသွားပြီး တခြားသူတွေကို သေချာပြသစစ်ဆေးခိုင်းပြီးမှ ဆုံးဖြတ်ချက်ချလို့ ရပါတယ်"

ယွီနျန့်က စာချုပ်ကို လက်နှစ်ဖက်နဲ့ ရိုရိုသေသေ လှမ်းယူလိုက်ပြီး

"အဲဒီလောက်အထိ ဒုက္ခခံစရာ မလိုပါဘူးခင်ဗျာ"

သူက ဆယ်မျက်နှာနီးပါးရှိတဲ့ စာချုပ်ကို အသေးစိတ် ဖတ်ရှုလိုက်ပြီးနောက် ဘောပင်စင်ထဲက အနက်ရောင် လက်မှတ်ထိုးဘောပင်တစ်ချောင်းကို ထုတ်ယူကာ သူ့ရဲ့နာမည်ကို သေသေသပ်သပ် လက်မှတ်ထိုးလိုက်သည်။

"လက်ရေးက တကယ်လှတာပဲ!"

ယွီနျန့် လက်မှတ်ထိုးလိုက်တာကို မြင်တော့ မုန့်ယွမ်ရဲ့ လေသံက ပိုပြီး ရင်းနှီးသွား၏။ သူက စာချုပ်ကို ပြန်ယူပြီး သူ့ရဲ့နာမည်ကို လက်မှတ်ထိုးလိုက်ကာ စိတ်ကျေနပ်မှုအပြည့်နဲ့

"ငါ ဒီနေရာကနေပဲ ပြောလိုက်မယ်... မင်းသာ နာမည်မကြီးလာရင်တော့ အဲဒါ တကယ်ကို ခက်ခဲတဲ့ကိစ္စပဲ ဖြစ်လိမ့်မယ်!" (TN // မင်းရဲ့ အရည်အချင်းနဲ့ ရုပ်ရည်အရ နာမည်ကြီးဖို့က သေချာပေါက်ပဲလို့ ဆိုလိုတာပါ)

"ကျေးဇူးအများကြီးတင်ပါတယ်"

ယွီနျန့်က ဘောပင်အဖုံးကို ပြန်ပိတ်ပြီး ဘောပင်စင်ထဲကို စနစ်တကျ ပြန်ထည့်လိုက်၏။

ယွီနျန့် ထွက်သွားပြီးတဲ့နောက်မှာတော့ မုန့်ယွမ်တစ်ယောက် သူ့ရဲ့ပုံရိပ်ကို ဂရုမစိုက်နိုင်တော့ပါဘူး။ လက်ထဲက ဘောပင်ကို ပစ်ချလိုက်ပြီး ဖုန်းကို ကောက်ကိုင်ကာ တစ်စုံတစ်ယောက်ဆီကို ချက်ချင်း ဖုန်းဆက်တော့၏။

"အခုနက မင်းပြောတဲ့ အစီအစဉ်လေ... အေး၊ ဟုတ်တယ်၊ သီချင်းဆိုပြိုင်ပွဲပဲ..."

တစ်ဖက်လူက ဘာပြန်ပြောလိုက်လဲမသိပေမဲ့ မုန့်ယွမ်ကတော့ မျက်ခုံးတစ်ချက် ပင့်လိုက်ပြီး ဂုဏ်ယူဝင့်ကြွားစွာနဲ့

"ဟုတ်တယ်။ အဲဒီနေရာကို ငါ့အတွက် ချန်ထားလိုက်တော့။ ငါ့လက်ထဲမှာ လူတစ်ယောက် ရောက်နေပြီဟေ့!"

AN // ဇာတ်လမ်းအစမှာ Gong (ရှဲ့ယို့) နဲ့ Shou (ယွီနျန့်) တို့ဟာ တစ်ဦးကိုတစ်ဦး စိုက်ကြည့်ခဲ့ကြပါတယ်။ဓာတ်လှေကားထဲမှာ နျန့်နျန့်နဲ့အတူ ပါလာတဲ့ ရှဲ့ယို့ ကတော့ စိတ်ထဲကနေ အခုလို ညည်းတွားနေမှာပါ "ငါလည်း နာမည်အဖျားအနားလေးတော့ ပါချင်သေးတာပေါ့!"


NEXT

Comments

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

2

အခန်း (၂) မိုးမှာ တဖွဲဖွဲတစ်လှည့်၊ သည်းထန်စွာတစ်လှည့် ဆက်လက်ရွာသွန်းနေဆဲ…ဆိုင်တံခါးအပြင်ဘက်ရှိ မိုးကာအမိုးပေါ်တွင် ရေများပြည့်လျှံနေပြီး အချိန်မရွေး ပြိုကျတော့မည့်အလား ။ လျူဝူသည် ထိုအမိုးကို ခေတ္တမျှ စောင့်ကြည့်နေပြီးနောက် လက်ညှိုးထိုးပြကာ မေးမြန်းစူးစမ်းခန်းစသည်။ “အဲ့ဒီဟာက ရေတွေကို အလိုအလျောက် စီးဆင်းအောင် လုပ်ပေးနိုင်တာလား” “ဟုတ်တယ်” ချန်ကျန် ခပ်တိုတိုပဲ ပြန်ဖြေ၏။ “ဟင်” လျူဝူသည် အံ့အားသင့်သွားပြီး “တကယ်ကြီး အလိုအလျောက်လား” ဟု ထပ်မေးသည်။ “အသံနဲ့ ခိုင်းရတာလေ” “ဗျာ” ချန်ကျန့် အဖြေကြောင့် လျူဝူမှာ ပို၍ပင် ဝေခွဲမရဖြစ်သွားတော့သည်။ ရှန်ယွီသည် သက်ပြင်းချရင်း မျက်နှာကို အခြားတစ်ဖက်သို့ လွှဲလိုက်ရ‌တော့၏။ ချန်ကျန် မတ်တတ်ရပ်လိုက်ပြီး တံခါးဘေးရှိ ခွတစ်ခုကို ယူကာ မိုးကာအမိုးအောက်သို့ လမ်းလျှောက်သွားသည်။ ထို့နောက် အမိုး၏ အပေါ်ဘက်ကို နှစ်ချက်ခန့် ဆွလိုက်ရာ စုပုံနေသော မိုးရေများမှာ ဝေါကနဲ စီးကျသွားပြီး မိုးကာအမိုးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ “မင်း ပြောလိုက်တဲ့ ခဏမှာပဲ ရေတွေက စီးဆင်းသွားတာလေ” ချန်ကျန် ပြန်လည်ထိုင်လိုက်ရင်း “အသံနဲ့ ခိုင်းရတာဆိုတာ အဲ့ဒါကို ပြောတာ” ဟု ဆိုသည်။ “အသံနဲ့ ခိုင်းရတယ်ဆို...