Skip to main content

22




အခန်း (၂၂) ဆုချလိုက်ချင်တယ် တကယ်!


သို့သော် ယွီနျန့်အတွက် မနက်စာတင်မကဘဲ ကျန်သည့်အရာများပါ အဆင်ပြေသွားလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ပေ။ သူသည် နောက်ခံအကပညာရှင်များနှင့်အတူ ကကွက်နှစ်ကွက်ကို ပြောင်းလဲရန် ဆွေးနွေးပြီးနောက် တစ်ကြိမ်မျှ စမ်းသပ်လေ့ကျင့်ပြီးချိန်တွင် ရှီးရိုမှာ လေ့ကျင့်ရေးခန်းမထဲသို့ ဝင်လာသည်ကို တွေ့လိုက်ရသည်။

"နျန့်နျန့်... မင်းမှာထားတဲ့ ပါဆယ် ရောက်နေတယ်လေ။"

ပါဆယ်

ပထမတစ်ကြိမ်တုန်းက သူ အံ့အားသင့်သွားခဲ့သော်လည်း ယခုတစ်ကြိမ်တွင်မူ ယွီနျန့်မှာ အလွန်ပင် တည်ငြိမ်နေခဲ့သည်။

"၁၂ နာရီထိုးတော့မယ်ဆိုတော့... အဲဒီပါဆယ်ကို အစ်ကိုမုန့်ရဲ့ ရုံးခန်းထဲမှာပဲ ထားပေးပါလား"

ရှီးရိုက ခေါင်းညိတ်ပြကာ

"ဒါဆိုလည်း မြန်မြန်လာစားနော်။ အေးသွားရင် စားလို့မကောင်းဘဲ နေလိမ့်မယ်" ဟု ဆိုသည်။

ရှီးရို ထွက်သွားပြီးနောက် ယွီနျန့်သည် ဘေးနားရှိ ဖုန်းကိုကောက်ကိုင်ကာ Weibo ကို ဖွင့်ကြည့်လိုက်သည်။ သူ ထင်ထားသည့်အတိုင်းပင် ရှဲ့ယို့သည် ယွီနျန့် ပီယာနိုတီးရင်း သီချင်းဆိုနေသည့် ဗီဒီယိုကို

"သူ့ရဲ့ ပီယာနိုတီးတဲ့ စွမ်းရည်ကတော့ ပုံမှန်အဆင့်လောက်ပါပဲ" ဟူသော စာသားနှင့်အတူForward ထားလေသည်။

ယွီနျန့်မှာ မရယ်ဘဲ မနေနိုင်တော့ပေ။ သူသည် အကပညာရှင်များနှင့် မနက်ဖြန်အတွက် အချိန်ချိန်းဆိုပြီးနောက် မှတ်ချက်ပေးသည့်နေရာကို ကြည့်ရင်း မုန့်ယွမ်၏ ရုံးခန်းဆီသို့ လျှောက်လာခဲ့သည်။

[အခုလို အကြံပေးလမ်းညွှန်ပေးတဲ့အတွက် ဥက္ကဋ္ဌရှဲ့ကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ နျန့်နျန့်မှာ လိုအပ်ချက်တွေ အများကြီး ရှိနေသေးပေမဲ့ သူ ဆက်ပြီး ကြိုးစားသွားမှာပါ!]

[ဟားဟား... ဥက္ကဋ္ဌရှဲ့ကတော့ သွားပြီ။ အသိဉာဏ်မရှိတဲ့ ပရိသတ်တွေကလည်း လျှောက်ပြောနေတုန်းပဲ။ အဓိပ္ပာယ်ရှိရဲ့လား။ ကိုယ့်ဘာသာ အလှောင်ခံရအောင် လုပ်နေတာပဲ! မိသားစုစီးပွားရေးကို မဆက်ခံခင်တုန်းက ဥက္ကဋ္ဌရှဲ့က Leto ဂီတအကယ်ဒမီမှာ ပီယာနိုအထူးပြုနဲ့ တက်ခဲ့တာလေ။ သဘောပေါက်လား]

[!! စိတ်လှုပ်ရှားစရာပဲ! ငါ နားလည်နိုင်တဲ့ နောက်ထပ် Weibo တစ်ခုပါလား! ဒါပေမဲ့... ယွီနျန့် ငါ့ယောကျ်ားက ယွီနျန့်ဆိုတဲ့ ဒီလူနဲ့ ဘာတွေများ ရန်ငြိုးရှိနေလို့လဲ]

[ပီယာနိုကျွမ်းကျင်တဲ့ လမ်းကြုံလာသူတစ်ယောက်အနေနဲ့ (တိုးတိုးလေးပြောပြမယ်)။ ဗီဒီယိုထဲက ဒီညီလေးက ပီယာနိုကို တကယ်ကောင်းကောင်း တီးနိုင်တာပါ။ ငယ်ငယ်ကတည်းက လေ့ကျင့်လာခဲ့တာ သိသာပါတယ်။ ဥက္ကဋ္ဌရှဲ့လို ထိပ်တန်းလူတစ်ယောက်က လှောင်ပြောင်တာကတော့ သဘာဝကျပေမဲ့ ဟိုကီးဘုတ်ဝါးရီးယားတွေက ဘာအရည်အချင်းရှိလို့ လာပြီး ရွဲ့နေကြတာလဲ]

ရှဲ့ယို့မှာ ပီယာနိုအထူးပြု တက်ခဲ့သည်ဟူသော မှတ်ချက်ကို ဖတ်ပြီးနောက်တွင်တော့ ယွီနျန့်မှာ ကျန်သည့်မှတ်ချက်များကို ဆက်၍ အာရုံမစိုက်တော့ပေ။ Leto ဂီတအကယ်ဒမီ

ယွီနျန့်မှာ အနည်းငယ် အံ့အားသင့်သွားသော်လည်း ပြန်စဉ်းစားကြည့်သည့်အခါ မုန့်ယွမ် အရင်က ပြောခဲ့ဖူးသည်များကို သတိရသွားသည်။ ရှဲ့ယို့နှင့် ချွိရှောက်ရန်တို့မှာ မိသားစု၏ အငယ်ဆုံးသားများဖြစ်ကြပြီး အပေါ်တွင် အစ်ကိုရှိနေသဖြင့် မိသားစုစီးပွားရေးကို ဆက်ခံရန် သူတို့အလှည့် မဟုတ်ခဲ့ပေ။ ထို့ကြောင့် မည်သည့်ကန့်သတ်ချက်မျှ ရှိလိမ့်မည်မဟုတ်ဘဲ ဂီတအကယ်ဒမီသို့သွားကာ ပီယာနိုသင်ယူခြင်းမှာ သဘာဝကျလှသည်။ နောက်ပိုင်းတွင် တစ်ခုခုဖြစ်ပွားခဲ့ပုံရပြီး ရှဲ့ယို့မှာ အမွေဆက်ခံသူ ဖြစ်လာခဲ့ခြင်းဖြစ်သည်။

သို့သော် ရှဲ့ယို့၏ ပီယာနိုစွမ်းရည်မှာ အလွန်ပင် ကောင်းမွန်ပေလိမ့်မည်။ Leto ဆိုသည်မှာ ကမ္ဘာ့ထိပ်တန်း ဂီတအကယ်ဒမီ သုံးခုအနက် တစ်ခုဖြစ်ပြီး ဝင်ခွင့်ရရန်ပင် အလွန်ခက်ခဲလှသည်မဟုတ်လား။

သူသည် ရုံးခန်းတံခါးကို တွန်းဖွင့်လိုက်သောအခါ ယွီနျန့်မှာ ဖုန်းကိုကိုင်ထားသည်ကို မြင်လိုက်ရသဖြင့် ရှီးရိုမှာ အနည်းငယ် ပျာယာခတ်သွားသည်။

"နျန့်နျန့်... မင်း"

ယွီနျန့်က ပြုံးလိုက်ပြီး

"Weibo စစ်ဆေးရင်း ရှဲ့ယို့ရဲ့ Weibo comment ကို ဝင်ကြည့်နေတာပါ။ ဘာမှမဖြစ်ပါဘူး။ လူတိုင်းကို ကိုယ့်ကိုနှစ်သက်လာအောင် လုပ်လို့မရဘူးလေ။ ပြီးတော့…"

သူသည် စားပွဲပေါ်တွင် သေသေသပ်သပ် စီထားသော ဟင်းပွဲများကို မြင်လိုက်ရသဖြင့် စကားစပြတ်သွားသည်။

ထိုဟင်းပွဲများမှာ ပြီးခဲ့သည့်တစ်ခေါက် ယွီချင်း၊ ရှဲ့ယို့၊ ချွိရှောက်ရန်တို့နှင့်အတူ ညစာစားစဉ်က သူအကြိုက်ဆုံး ဟင်းပွဲများဖြစ်ပြီး ကြာပန်းကိတ် သုံးပန်းကန်ပင် ပါဝင်နေသေးသည်။ သူကိုယ်တိုင်ပင် ထိုဟင်းများကို မည်မျှအထိ အကြိမ်ကြိမ် စားခဲ့မိသည်ကို သတိမထားမိခဲ့သော်လည်း ယခုမူ အရာအားလုံးက သူ့ရှေ့မှောက်သို့ ရောက်ရှိနေပြီ။

ရှီးရိုက ယွီနျန့်ကို တူကမ်းပေးလိုက်ပြီး သူလှမ်းမယူသည်ကို မြင်သောအခါ "ဘာဖြစ်လို့လဲဟင်" ဟု မေးလာသည်။

"ဘာမှမဟုတ်ပါဘူး။"

ယွီနျန့် သတိပြန်ဝင်လာပြီး တူကိုယူကာ ကြာပန်းကိတ်တစ်ဖက်ကို အရင်ဆုံး မြည်းစမ်းကြည့်လိုက်သည်။ သူ၏ရင်ထဲတွင်မူ "ရှဲ့ယို့... ခင်ဗျား ဘာတွေဖြစ်နေတာလဲ" ဟု တွေးတောနေမိ၏။

အလုပ်များသည့် နေ့ရက်များသည် အမြဲတမ်း လျင်မြန်စွာ ကုန်ဆုံးသွားတတ်သည်။ ယွီနျန့်မှာ စောစောထ၊ နောက်ကျမှအိပ်ကာ နေ့စဉ်အချိန်များကို လေ့ကျင့်ရေးခန်းမထဲ၌သာ ကုန်ဆုံးစေခဲ့သော်လည်း အချိန်မလောက်ငသလို ခံစားနေရဆဲပင်။ ရိုက်ကူးရေးလုပ်မည့်နေ့တွင် စတူဒီယိုသို့ သွားသည့်လမ်း၌ပင် သီချင်းကို ထပ်ခါတလဲလဲ လေ့ကျင့်နေခဲ့သည်။

သို့သော် သူ၏ကြိုးစားမှုမှာ အရာထင်ခဲ့ပါသည်။ ယခုတစ်ကြိမ် ယွီနျန့်နှင့်အတူ တွဲဖက်ကပြမည့် အကပညာရှင်များမှာ ကုမ္ပဏီမှဖြစ်ပြီး စင်တင်အတွေ့အကြုံမှာ ယွီနျန့်ထက် များစွာသာလွန်ကြသည်။ တစ်ခေါက် စမ်းသပ်ပြီးနောက် ဟဲချိုးပိုင်က

"နှစ်မိနစ်လောက် နားလိုက်ဦး။ ပြီးရင် နောက်တစ်ခေါက် ထပ်လေ့ကျင့်မယ်" ဟု အချက်ပြလိုက်သည်။

ယွီနျန့်ကလည်း ပြန်လည်အချက်ပြလိုက်၏။

ဟဲချိုးပိုင်သည် ယွီနျန့်၏ သီဆိုကခုန်ပုံနှင့် နောက်ခံအကပညာရှင်များနှင့် ဟန်ချက်ညီပုံကို ကင်မရာမှတစ်ဆင့် ကြည့်ရှုနေသည်။ သူက ပြုံးလျက် မုန့်ယွမ်ကို ပြောလိုက်သည်မှာ

"သူ တော်တော်လေး မြန်မြန်ဆန်ဆန် ရင့်ကျက်လာတာပဲ။ ပထမဆုံးအကြိမ် လေ့ကျင့်တုန်းက သူက ကင်မရာကိုလည်း မကြည့်တတ်၊ ဘယ်လိုလှုပ်ရှားရမှန်းလည်း မသိဘဲ ကင်မရာအပြင်ဘက်ကို ခဏခဏ ရောက်သွားခဲ့တာ ငါမှတ်မိသေးတယ်။ အခုကြည့်ဦး။ အကပညာရှင်တွေနဲ့အတူ စင်ပေါ်တက်တဲ့အခါမှာ ကင်မရာရဲ့ ထောင့်တွေကို အတိအကျ ရှာနိုင်နေပြီ။ ဘာအမှားမှတောင် မရှိတော့ဘူး"

မုန့်ယွမ်က "အင်း" ဟု ဆိုကာ သက်ပြင်းချလိုက်ပြန်သည်။

"ဟူး... သူ မကြာခင်မှာ အကြီးအကျယ် ပေါက်သွားတော့မယ်ဆိုတာကို ငါတစ်ယောက်တည်း သိနေတာ မဟုတ်ဘူး။ ဒီအတောအတွင်း ကြော်ငြာတွေနဲ့ မဂ္ဂဇင်းတွေက တံခါးဝအထိ လာတောင်းဆိုနေကြတာ အများကြီးပဲ!"

မုန့်ယွမ်က ကြွားလုံးထုတ်နေသည်ကို သိသဖြင့် ဟဲချိုးပိုင်က စိတ်မဆိုးဘဲ

"မင်း တစ်ခုမှ လက်မခံလိုက်ဘူး မဟုတ်လား" ဟု မေးလိုက်သည်။

"ဒါပေါ့၊ လက်မခံပါဘူး!" မုန့်ယွမ်က မေးစေ့ကို ပင့်တင်လိုက်ရင်း

"အရာအားလုံးက အပြန်အလှန်ပါပဲ။ သူက ငါ့အပေါ် လုံးဝယုံကြည်မှု ပေးထားတဲ့အတွက် ငါကလည်း သူ့ရဲ့ အစပျိုးမှုကို ပိုပြီး မြင့်မားခိုင်မာအောင် အစွမ်းကုန် ကြိုးစားပေးရမှာပေါ့" ဟု ဆိုသည်။

ထိုအခိုက်အတန့်တွင် ပလတ်စတစ်ထိုင်ခုံပေါ်၌ ထိုင်နေသော ဟဲချိုးပိုင်က ရုတ်တရက် ထရပ်လိုက်ပြီး ရုတ်ရုတ်သဲသဲ ဖြစ်သွားသော စင်ဘက်သို့ လှမ်းအော်လိုက်သည်။

"ဘာဖြစ်တာလဲ"

မုန့်ယွမ်၏ မျက်ဝန်းအိမ်မှာ ကျဉ်းမြောင်းသွားပြီး ယွီနျန့် စင်ပေါ်မှ ပြုတ်ကျသွားသည်ကို မြင်လိုက်ရသောအခါ သူ၏နှလုံးခုန်သံမှာ ရပ်တန့်လုနီးပါး ဖြစ်သွားရသည်။ သူသည် စင်ပေါ်သို့ ခပ်သွက်သွက် လျှောက်သွားပြီး ယွီနျန့်၏ ဘေးနားသို့ ရောက်ရှိသွား၏။

"နျန့်နျန့်... ဘယ်လိုနေလဲ။ ဘယ်နေရာမှာ ထိခိုက်သွားတာလဲ"

ယွီနျန့် ပြုတ်ကျသွားသည့်အချိန်တွင် ခြေကျင်းဝတ်မှ နာကျင်မှုကြောင့် မျက်စိထဲ ပြာဝေသွားခဲ့ရသည်။ သူ အနည်းငယ် သက်သာသွားပြီး မုန့်ယွမ်၏ စိုးရိမ်တကြီး မျက်နှာကို မြင်လိုက်ရသောအခါ

"ကျွန်တော့်ခြေထောက် ခေါက်သွားတာပါ" ဟု အားတင်းကာ ပြုံးလျက် ပြောလိုက်သည်။

မုန့်ယွမ်၏ရင်ထဲတွင် လေးလံသွားပြီး သူ့ကို အမြန်တွဲထူလိုက်ကာ ဟဲချိုးပိုင်ကို

"ငါ နျန့်နျန့်ကို ဆေးရုံ ခဏခေါ်သွားလိုက်မယ်။ မင်း ဒီမှာ ခဏလောက် ကြည့်ပေးထားဦး" ဟု ဆိုလိုက်သည်။

ကကွက်လေ့ကျင့်စဉ် ယွီနျန့်မှာ ခဏခဏ လဲကျတတ်သည်ကို သူ ကောင်းကောင်းသိပါသည်။ နာကျင်မှုက မပြင်းထန်ပါက ယွီနျန့်သည် တည်ငြိမ်သော အမူအရာဖြင့် ပြန်ထရပ်ကာ ဆက်လက်လေ့ကျင့်လေ့ရှိသည်။ ယခုမူ သူ၏နဖူးတွင် ချွေးစေးများ ထွက်နေပြီး စကားပြောသည့်အခါ အသက်ရှူသံများ တုန်ရီနေသည်။ တစ်ခုခုတော့ မှားယွင်းနေပြီဖြစ်ကြောင်း သူ သိလိုက်၏။

ဟဲချိုးပိုင်ကလည်း မုန့်ယွမ် ဆိုလိုသည်ကို နားလည်သွားပြီး တစ်ခုခုကို သံသယဝင်နေခြင်း ဖြစ်နိုင်ကြောင်း ရိပ်မိလိုက်သည်။ သူက အများကြီး မပြောတော့ဘဲ "ညဘက်မှာ ရိုက်ကူးရေး ရှိသေးတယ်နော်" ဟုသာ သတိပေးလိုက်သည်။

မုန့်ယွမ်က မျက်နှာပျက်ပျက်ဖြင့် "ငါသိတယ်၊ ငါ မင်းဆီ ဖုန်းဆက်လိုက်မယ်" ဟု ပြန်ပြောလိုက်၏။

ကားပေါ်သို့ ရောက်သောအခါ ယွီနျန့်က အသက်ကို ဝဝရှူလိုက်ပြီး ပထမဆုံး ပြောလိုက်သည့် စကားမှာ "အစ်ကိုမုန့်... ကျွန်တော် ပြုတ်ကျတဲ့နေရာက အရမ်းချောနေတယ်" ဟူ၍…

သူ၏ ခန့်မှန်းချက်မှာ အမှန်တရား ဖြစ်လာခဲ့ပြီ။ မုန့်ယွမ်က ထိုင်ခုံနောက်မှီကို လက်သီးဖြင့် ထိုးလိုက်ပြီး

"သူတို့ရဲ့ ဘိုးဘေးတွေကိုပဲ$#@*&%$...!" ဟု ဆဲဆိုလိုက်တော့သည်။

နာကျင်မှုကို တဖြည်းဖြည်း ကျင့်သားရလာသဖြင့် ယွီနျန့်က လက်ကိုမြှောက်ကာ နဖူးမှချွေးများကို သုတ်လိုက်သည်။ သူ၏ မျက်ဝန်းများမှာ အနည်းငယ် အေးစက်နေပြီး

"ညဘက်မှာ ကျွန်တော် ထုံးစံအတိုင်းပဲ ရိုက်ကူးရေး ဝင်ပါ့မယ်" ဟု ဆိုလိုက်ပါတော့သည်။

မုန့်ယွမ်မှာ သူ၏လက်သီးမှာ နီရဲနေသည်အထိ စိတ်ဆိုးဒေါသထွက်နေပြီး ယွီနျန့်၏ ခြေကျင်းဝတ်ကို စိုက်ကြည့်ကာ အော်ဟစ်လိုက်သည်။

"ဘာရိုက်ကူးရေးလဲ။ မင်း မင်းရဲ့ခြေထောက်ကို အသုံးမပြုချင်တော့ဘူးလား"

ယွီနျန့်က ပြုံးနေဆဲဖြစ်သော်လည်း ပုံမှန်ထက် ပို၍ပြတ်သားသောလေသံဖြင့်

"အစ်ကိုမုန့်... တစ်စုံတစ်ယောက်က ကျွန်တော့်ကို အစီအစဉ်မှာ မပါဝင်စေချင်ဘူးလေ။ ဒါပေမဲ့ ကျွန်တော်က သူဖြစ်စေချင်တဲ့အတိုင်း အဖြစ်မခံနိုင်ဘူး" ဟု ဆိုလိုက်သည် ။ မုန့်ယွမ်သည် ယွီနျန့်၏ ကြည်လင်သောမျက်ဝန်းများကို ကြည့်ကာ သူ၏စိတ်ဓာတ်ခိုင်မာမှုကို နားလည်သွားပြီးနောက် သက်ပြင်းချလျက်

"ကောင်းပြီ... မင်းသဘောအတိုင်းပဲ လုပ်ပါတော့" ဟု ခွင့်ပြုလိုက်ရသည် ။

ပုဂ္ဂလိကဆေးရုံတွင် စစ်ဆေးမှုများပြုလုပ်ပြီးနောက် မုန့်ယွမ်က ဆေးစစ်ချက်အစီရင်ခံစာကိုကြည့်ကာ ရင်ကို ဖိလျက်

"တော်သေးတာပေါ့။ အရိုးအက်တာ မရှိဘူး။ ခွဲစိတ်စရာလည်း မလိုဘူး။ သိပ်ပြီးတော့ မပြင်းထန်ပါဘူး" ဟု စိတ်သက်သာရာရစွာ ဆိုသည် ။ ယွီနျန့်ကလည်း စိတ်အေးသွားကာ

"ကျွန်တော် ခြေလှမ်းလိုက်ကတည်းက တစ်ခုခုမှားနေမှန်း သတိထားမိလို့ ပြုတ်ကျတဲ့အချိန်မှာ ဟန်ချက်ကို ထိန်းလိုက်တာ။ သတိမထားမိခဲ့ရင် ဒူးနဲ့မြေကြီးနဲ့တိုက်မိပြီး ဒူးဆစ်ဒဏ်ရာရကာ အရိုးနုတွေ စုတ်ပြတ်သွားနိုင်တယ်" ဟု ပြန်ပြောသည် ။

တစ်စုံတစ်ယောက်က ယွီနျန့်ကို ကလို့မရတော့အောင် သူ၏ခြေထောက်များကို ဖျက်ဆီးပစ်ချင်နေသည်မှာ ထင်ရှားလှကြောင်း မုန့်ယွမ်နှင့် ယွီနျန့် နှစ်ဦးစလုံး ကောင်းကောင်းသိရှိလိုက်ကြသည် ။ မုန့်ယွမ်က သူ၏ဒေါသကို ထိန်းချုပ်ကာ

"ဆရာဝန်ကတော့ ဒီနှစ်ပတ်အတွင်း လမ်းလျှောက်တာကို အတတ်နိုင်ဆုံး လျှော့ခိုင်းတယ်။ ကတာမျိုးဆိုရင်လည်း…" ဟု ပြောရင်း ယွီနျန့်၏အကြည့်နှင့် ဆုံသောအခါ

"အေးပါ၊ အေးပါ၊ မင်း ကလို့ရပါတယ်! တောက်... ဘာလို့ ဒီလောက်တောင် ခေါင်းမာရတာလဲ" ဟု အလျှော့ပေးလိုက်ရတော့သည်။

ယွီနျန့်က ပြုံးလျက်

"ကျေးဇူးတင်ပါတယ် အစ်ကိုမုန့်။ ကလို့ပြီးသွားရင်တော့ လမ်းလျှောက်တာကို သေချာပေါက် လျှော့ပါ့မယ်" ဟု ကတိပေးသည် ။ မုန့်ယွမ်က စိတ်တိုတိုနှင့်ပင်

"ငါ... ငါ သတင်းထုတ်ပြန်ချက်တချို့ ထုတ်ပြန်လိုက်ဦးမယ်!" ဟု ဆိုရာ ယွီနျန့်က ရယ်မောလျက်

"ဟုတ်ကဲ့။ ဒါဆိုရင်တော့ အစ်ကိုမုန့် ပင်ပန်းရတော့မှာပဲ" ဟု ပြန်ပြောလိုက်ပါတော့သည် ။

စတူဒီယိုသို့ ပြန်ရောက်သောအခါ ရှမင်းရှီးသည် ယွီနျန့်အနားသို့ ပျာပျာသလဲ ပြေးလာပြီး စိုးရိမ်တကြီး ဝိုင်းပတ်ကြည့်ရှုနေသည်။ဟဲချိုးပိုင်ကလည်း မုန့်ယွမ်ကို ဆွဲခေါ်ကာ "သူ လုပ်နိုင်ပါ့မလား" ဟု စိုးရိမ်တကြီး မေးမြန်းသည် ။

"လုပ်နိုင်ရင်တော့ အံ့ဩစရာပဲ!" မုန့်ယွမ်က စိတ်တိုတိုနှင့် ပြန်ဖြေရင်း

"ဒါပေမဲ့ သူကတော့ ကပြဖို့ကိုပဲ ခေါင်းမာမာနဲ့ ဇွတ်ပြောနေတာ!" ဟု ဆိုကာ အသံကိုနှိမ့်၍

"လောင်ဟဲ... စင်ပေါ်မှာ ရေတွေရှိနေတယ်လို့ ယွီနျန့်က ပြောတယ်" ဟု အသိပေးလိုက်သည် ။

ဟဲချိုးပိုင်မှာ မသန့်ရှင်းသည့် အပြုအမူမျိုးစုံကို မြင်ဖူးထားသူဖြစ်၍

"မင်းတို့ ထွက်သွားပြီးတာနဲ့ ငါကိုယ်တိုင် သွားကြည့်ခဲ့တယ်။ အထောက်အထား သိပ်မကျန်တော့ဘူး။ ဒါပေမဲ့ သူ ပထမနှစ်ခါ ကတုန်းက မချော်ခဲ့တာကို ကြည့်ရင် ရေက နောက်မှ ရောက်လာတာ ဖြစ်ရမယ်။ စိတ်မပူပါနဲ့။ ငါ ဒါကို သေချာပေါက် ရှင်းပေးပါ့မယ်" ဟု အာမခံလိုက်သည် ။

ရှမင်းရှီးမှာ အစမ်းလေ့ကျင့်မှု မပြီးသေးသဖြင့် စိုးရိမ်တကြီး မျက်နှာပေးနှင့် စင်ပေါ်သို့ ပြန်တက်သွားရသည် ။ ရှီးရိုသည် ယွီနျန့်၏ အဆိုးရွားစွာ ဖောင်းကြွနေသော ခြေကျင်းဝတ်ကို ကြည့်ကာ မျက်ရည်ဝဲလျက်

"အစ်မ ခဏနေရင် ဖိနပ်ပါး တစ်စုံ သွားဝယ်ပေးမယ်။ ကလို့ပြီးတာနဲ့ အဲဒါပဲ စီးလိုက်တော့… မာတဲ့ ဘွတ်ဖိနပ်တွေ ဆက်မစီးနဲ့တော့နော်" ဟု ဆိုသည် ။

"ဒါဆို အစ်မရိုရိုကိုပဲ ဒုက္ခပေးရတော့မယ်"

ယွီနျန့်က ပြုံးလျက် ခေါင်းညိတ်ပြပြီး

"ဒါပေမဲ့ အခုလည်း ဘွတ်ဖိနပ်စီးဖို့ အဆင်မပြေတော့လို့ အစ်မရိုရိုအနေနဲ့ သားရေဖိနပ် အပါးတစ်စုံလောက် ကူရှာပေးလို့ ရမလားခင်ဗျာ" ဟု မေတ္တာရပ်ခံလိုက်သည် ။

ရှီးရိုက "ကောင်းပြီ၊ အစ်မ သွားလိုက်မယ်" ဟု ဆိုကာ ခပ်သွက်သွက် ထွက်သွားသည် ။

ခြေထောက်တွင် ဒဏ်ရာရထားသော်လည်း ယွီနျန့်မှာ အံကြိတ်ခံထားပြီး ရိုက်ကူးရေးတစ်လျှောက်လုံးတွင် ပုံမှန်မဟုတ်သည့် အမူအရာမျိုး လုံးဝမပြဘဲ ချောမွေ့စွာ ပြီးဆုံးအောင် ဆောင်ရွက်ခဲ့သည် ။ သီချင်းအဆုံးပိုင်း အမြင့်သံကို ဆိုပြီးနောက် နောက်ဆုံး ကကွက်အတိုင်း ယွီနျန့်သည် လက်ကိုမြှောက်ကာ အင်္ကျီကို ခန့်ညားစွာ ဆွဲဖြုတ်ရမည်ဖြစ်ပြီး ထိုအချိန်တွင် "ဗုန်း" ခနဲ အသံအကျိုးသက်ရောက်မှု ပါဝင်မည် ဖြစ်သည် ။

သို့သော် စိတ်ကူးနှင့် လက်တွေ့မှာ ကွာခြားနေပြီး ယွီနျန့်မှာလည်း နာကျင်မှုကို ခံစားနေရသဖြင့် အနက်ရောင်ရှပ်အင်္ကျီ ကော်လာကို အားနှင့် ဆွဲဖြုတ်လိုက်သော်လည်း ကြယ်သီးများက အရမ်းတင်းနေသဖြင့် မအောင်မြင်ခဲ့ပေ ။ ယွီနျန့်မှာ ခဏမျှ ကြောင်အသွားသော်လည်း ထိုအမှားကို ဖုံးကွယ်နိုင်ရန် လှုပ်ရှားမှုကို ချက်ချင်း ပြောင်းလဲလိုက်သည် ။

သူ စင်ပေါ်မှ ဆင်းလာသောအခါ ရှီးရိုက ဖိနပ်ပါး လာစီးပေးပြီး မုန့်ယွမ်က အသစ်ဝယ်လာသည့် ချိုင်းထောက်ကို ကမ်းပေးကာ "ခြေထောက်ကို ဂရုစိုက်ဦး၊ အားမပြုနဲ့တော့!" ဟု သတိပေးသည် ။

ယခုတစ်ကြိမ်တွင်တော့ ယွီနျန့်မှာ ခေါင်းမမာတော့ဘဲ ချိုင်းထောက်ဖြင့် နားနေခန်းသို့ ဖြည်းဖြည်းချင်း လျှောက်သွားရင်း "အစ်ကိုမုန့်... ခုနက ကျွန်တော့်ရဲ့ ဖျော်ဖြေမှု အဆင်ပြေရဲ့လား" ဟု မေးမြန်းသည် ။

သီချင်းတစ်ပုဒ်လုံး ကခုန်သီဆိုနေစဉ် နာကျင်မှုကြောင့် ချွေးများထွက်ကာ အင်္ကျီများပင် စိုရွှဲနေပြီး မိတ်ကပ်သာ မပါပါက မျက်နှာ မည်မျှအထိ ပျက်နေမည်ကို မုန့်ယွမ် ခန့်မှန်းမိသဖြင့် စိတ်မကောင်းဖြစ်ကာ

"မင်း ကတာ အရမ်းကောင်းပါတယ်။ မင်းခြေထောက် ဒဏ်ရာရနေမှန်းတောင် ငါ မသိလိုက်ဘူး" ဟု ပြန်ပြောလိုက်သည် ။

ယွီနျန့်က သက်ပြင်းချလိုက်ရင်း မျက်ဝန်းများ တောက်ပလာကာ

"ဒါဆိုရင်တော့ တော်သေးတာပေါ့" 

မုန့်ယွမ်က သူ့ကို တွဲထားပေးရင်း

"ငါ လောင်ဟဲကို ပြောထားပြီးပြီ။ စင်ပေါ်ကို ဆိုဖာတစ်ခု ချပေးလိမ့်မယ်။ မင်း ထိုင်ဆိုရုံပဲ ထပ်မကနဲ့တော့" 

"ဟုတ်ကဲ့" 

မုန့်ယွမ်က သူ့ကို စိုက်ကြည့်ကာ 

"ဪ... အခုမှ လိမ္မာနေတာလား" 

ယွီနျန့်က ဘာမှပြန်မပြောဘဲ ရယ်ရုံသာ ပြုံးနေခဲ့သည် ။ အစီအစဉ် ထုတ်လွှင့်ပြသသည့်အချိန်တွင် ယွီနျန့်သည် ဆိုဖာပေါ်တွင် ထိုင်ရင်း ရှမင်းရှီး၏ ဗီဒီယိုကောကို လက်ခံဖြေကြားနေ၏ ။

ရှမင်းရှီးက ထုံးစံအတိုင်း ယွီနျန့်၏ခြေထောက် အခြေအနေကို အရင်ဆုံး မေးမြန်းခဲ့သည် ။ ယွီနျန့်ထံမှ သိပ်မနာတော့ကြောင်း ကြားရသည့်အခါမှ စိတ်အေးသွားပြီး ပြန်လည်ရယ်မောကာ

"ဒါနဲ့ ငါ ဘာလို့ ဖုန်းဆက်တယ်ဆိုတာ မင်းသိလား။ ဟားဟား နျန့်နျန့်ရာ မင်း တကယ်ကို ရယ်ရတယ်! အဆုံးသတ်မှာ မင်းက အင်္ကျီကို ဆွဲဖြုတ်ဖို့ ကြံစည်ထားမှန်း ငါမသိခဲ့ဘူး။ ဒါပေမဲ့ မင်း မအောင်မြင်ခဲ့ဘူး မဟုတ်လား။ ဟားဟား! ကောမန့် နဲ့ Weibo ကို သွားကြည့်လိုက်ဦး! ငါတော့ ရယ်လို့ သေတော့မယ်!" ဟု ဆိုလာသည် ။

ဗီဒီယိုကော ချပြီးနောက် ယွီနျန့်သည် ခေတ္တမျှ ဝေခွဲမရဖြစ်နေပြီးမှ တိုက်ရိုက်မှတ်ချက်များကို ကြည့်ရန် လက်လျှော့လိုက်ကာ Weibo ကိုသာ တုံ့ဆိုင်းစွာ ဖွင့်ကြည့်လိုက်သည် ။ သူ ထင်ထားသည့်အတိုင်းပင် သူ ထပ်ဆင့်မျှဝေထားသည့် အစီအစဉ်အဖွဲ့၏ Weibo အောက်တွင် "ဟားဟား" ဆိုသည့် မှတ်ချက်များဖြင့် ပြည့်နှက်နေလေပြီ ။

[ဟားဟားဟား၊ ငါ့နျန့်နျန့်ရဲ့ ကြောင်တောင်တောင် ဖြစ်သွားတဲ့ ပုံစံလေး! ရယ်လို့ သေတော့မယ်! Screenshot တွေ ရိုက်လို့ကို မပြီးနိုင်တော့ဘူး! သိမ်းထားရမယ်!]

[အမျိုးသား၊ အင်္ကျီရဲ့ အရည်အသွေးက အရမ်းကောင်းလွန်းနေတာပဲ။ နျန့်နျန့်လေး မငိုနဲ့နော်၊ တို့တွေ တိုးတိုးလေးပဲ ရယ်ကြမယ်! ဟားဟားဟား။]

[နျန့်နျန့် အင်္ကျီကို ဆွဲမဖြုတ်နိုင်ဘူးလား။ ငါ့ကို လာခွင့်ပေး! ငါ ဆွဲဖြုတ်ပေးမယ်! ကူညီပေးဖို့ တောင်းပန်နေတဲ့သူ ဒီမှာရှိတယ်!]

[နည်းနည်းလေးပဲ! နည်းနည်းလေးပဲ လိုတော့တာ! ငါ့နျန့်နျန့်ရဲ့ ရင်ဘတ်ကို မြင်ရတော့မလို့! အင်္ကျီဆွဲမဖြုတ်နိုင်လို့ ကြောင်အသွားတဲ့ပုံလေးက တကယ် ချစ်ဖို့ကောင်းတယ်!]

အခြားတစ်ဖက်တွင်မူ ရှဲ့ယို့သည် နိုင်ငံဖြတ်ကျော် ဗီဒီယိုကွန်ဖရင့် အစည်းအဝေး ပြီးဆုံးချိန်တွင် ညနှောင်းပိုင်း ရောက်နေပြီ ။ သူသည် အခြားသူများ၏ အခန်းများကို ကျော်ဖြတ်ကာ ယွီနျန့် သီချင်းဆိုသည့် အပိုင်းကိုသာ ကြည့်ရှုခဲ့ပြီး အထူးသဖြင့် နောက်ဆုံးအခန်းကို ရှေ့နောက် ဆွဲကာ အကြိမ်ကြိမ် ပြန်ကြည့်နေမိသည် ။

ကင်မရာအောက်တွင် ယွီနျန့်သည် စင်ပေါ်၌ ရပ်နေပြီး အကပညာရှင်များက သူ့နောက်တွင် ဒူးတစ်ဖက်ထောက် ထိုင်နေကြသည် ။ မီးမောင်းများကြောင့် သူ၏ မျက်ခုံးတန်းများမှာ တောက်ပနေပြီး မျက်ဝန်းထောင့်မှ မျက်ရည်များကြောင့် သူ၏အကြည့်များမှာ ရေပြင်ကဲ့သို့ ဝင်းလက်နေ၏ ။

ကခုန်ထားရသဖြင့် သူ၏ အသက်ရှူသံများ ပြင်းထန်နေပြီး ကိုယ်ကြပ် အနက်ရောင် ရှပ်အင်္ကျီမှာ ချွေးများဖြင့် စိုရွှဲနေသည် ။ သူ၏ နဖူးမှာ စိုစွတ်နေသော်လည်း မျက်ဝန်းများမှာမူ တောက်ပနေဆဲပင် ။ ရှပ်အင်္ကျီကော်လာမှာ ကျယ်ပြန့်စွာ ပွင့်ဟနေပြီး နှင်းပွင့်ကဲ့သို့ ဖြူစင်သော အသားအရေနှင့် လှပသည့် ညှပ်ရိုးများကို မြင်တွေ့နေရသည် ။

နောက်ဆုံး ကကွက် ရပ်တန့်သွားချိန်တွင် သူသည် အင်္ကျီကို ဆွဲဖြုတ်ချလိုသော်လည်း မအောင်မြင်ခဲ့ဘဲ သူ၏ အမူအရာမှာ ခေတ္တမျှ ကြောင်အသွားခဲ့ရသည် ။ သို့သော် သူသည် ချက်ချင်းပင် လက်ကိုမြှောက်ကာ အင်္ကျီဆွဲဖြုတ်ရန်ကို လက်လျှော့လိုက်တော့၏ ။

တိုက်ရိုက်မှတ်ချက်များတွင် "ဟားဟားဟား ခန့်ညားဖို့ ကြိုးစားတာ မအောင်မြင်ဘူး!"၊ "ဒါ ဝတ်စုံဒီဇိုင်နာရဲ့ အမှားပဲ!"၊ "သနားစရာ နျန့်နျန့်လေး၊ စိတ်မကောင်းလိုက်တာ!" စသည်တို့ဖြင့် ပြည့်နှက်နေသည် ။

ရှဲ့ယို့သည် စားပွဲကို လက်ချောင်းများဖြင့် ခေါက်ရင်း စင်မြင့်ကို စိုက်ကြည့်နေမိသည် ။ လည်ပင်းဟိုက်နေသော်လည်း ယွီနျန့် အတင်းဆွဲဖြုတ်သော်လည်း မပြဲသွားသည့် အင်္ကျီကို ကြည့်ကာ ထိုဝတ်စုံဒီဇိုင်နာကို သူ တကယ်ပင် ဆုကြေးငွေ ပေးချင်နေတော့သည် ။


Comments

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

2

အခန်း (၂) မိုးမှာ တဖွဲဖွဲတစ်လှည့်၊ သည်းထန်စွာတစ်လှည့် ဆက်လက်ရွာသွန်းနေဆဲ…ဆိုင်တံခါးအပြင်ဘက်ရှိ မိုးကာအမိုးပေါ်တွင် ရေများပြည့်လျှံနေပြီး အချိန်မရွေး ပြိုကျတော့မည့်အလား ။ လျူဝူသည် ထိုအမိုးကို ခေတ္တမျှ စောင့်ကြည့်နေပြီးနောက် လက်ညှိုးထိုးပြကာ မေးမြန်းစူးစမ်းခန်းစသည်။ “အဲ့ဒီဟာက ရေတွေကို အလိုအလျောက် စီးဆင်းအောင် လုပ်ပေးနိုင်တာလား” “ဟုတ်တယ်” ချန်ကျန် ခပ်တိုတိုပဲ ပြန်ဖြေ၏။ “ဟင်” လျူဝူသည် အံ့အားသင့်သွားပြီး “တကယ်ကြီး အလိုအလျောက်လား” ဟု ထပ်မေးသည်။ “အသံနဲ့ ခိုင်းရတာလေ” “ဗျာ” ချန်ကျန့် အဖြေကြောင့် လျူဝူမှာ ပို၍ပင် ဝေခွဲမရဖြစ်သွားတော့သည်။ ရှန်ယွီသည် သက်ပြင်းချရင်း မျက်နှာကို အခြားတစ်ဖက်သို့ လွှဲလိုက်ရ‌တော့၏။ ချန်ကျန် မတ်တတ်ရပ်လိုက်ပြီး တံခါးဘေးရှိ ခွတစ်ခုကို ယူကာ မိုးကာအမိုးအောက်သို့ လမ်းလျှောက်သွားသည်။ ထို့နောက် အမိုး၏ အပေါ်ဘက်ကို နှစ်ချက်ခန့် ဆွလိုက်ရာ စုပုံနေသော မိုးရေများမှာ ဝေါကနဲ စီးကျသွားပြီး မိုးကာအမိုးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ “မင်း ပြောလိုက်တဲ့ ခဏမှာပဲ ရေတွေက စီးဆင်းသွားတာလေ” ချန်ကျန် ပြန်လည်ထိုင်လိုက်ရင်း “အသံနဲ့ ခိုင်းရတာဆိုတာ အဲ့ဒါကို ပြောတာ” ဟု ဆိုသည်။ “အသံနဲ့ ခိုင်းရတယ်ဆို...