အပိုင်း (၂၇)
“မင်း ရူးနေတာလား”
“အရာအားလုံး ပြီးဆုံးသွားပြီ မဟုတ်လား”
စားပွဲထိုးက ကိုလာသွားယူနေသည့် မိနစ်အနည်းငယ်အတွင်း သီးသန့်အခန်းထဲ၌ မည်သည့်အသံမှ ထွက်မလာခဲ့ချေ။ ရှန်ယွီ၏ စိတ်ထဲတွင်မူ လေသံအမျိုးမျိုးဖြင့် “ပြီးဆုံးသွားပြီ” ဆိုသည့် စကားလုံးများသာ ပြည့်နှက်နေတော့သည်။
ပြီးပြီ။ အကုန်ပျက်စီးသွားပြီ။ အဆုံးသတ်သွားပြီ။ အရာရာ ပျောက်ကွယ်သွားပြီ…
ချန်ကျန့်မှာမူ မလှုပ်မယှက် ရှိနေဆဲပင်။ ထိုပါးရိုက်ချက်ကို ပေးပြီးကတည်းက လုံးဝ တောင့်တင်းနေသော အခြေအနေသို့ ရောက်ရှိသွားခြင်းဖြစ်သည်။ ရှန်ယွီကတော့ သူ တစ်ခုခုကို စောင့်နေမှန်း သိပါသည်။ အစပိုင်းက ထိတ်လန့်မှုနှင့် ဒေါသထွက်မှုများမှာ လျော့ပါးသွားခဲ့ပြီ။ ယခု သူစောင့်နေသည်မှာ စားပွဲထိုးက ကိုလာဘူးကို စားပွဲပေါ်တင်ပြီး ပြန်ထွက်သွားမည့်အချိန်၊ စကားပြောရန် အခွင့်အရေးရမည့် အချိန်ကိုသာ ဖြစ်သည်။
“ကိုလာ ရပါပြီ ခင်ဗျာ။” စားပွဲထိုးက ရှန်ယွီ၏ရှေ့တွင် ကိုလာဘူးကို ချပေးလိုက်သည်။
“ကျေးဇူးပါ” ရှန်ယွီ ကိုလာဘူးကိုယူပြီး အဖုံးကို လှည့်ဖွင့်လိုက်သည်။ စားပွဲထိုး တံခါးပိတ်ပြီး ထွက်သွားသည်နှင့် ချန်ကျန့် စကားမစမီ သူက အရင်ဦးအောင် ပြောလိုက်သည် ။
“ငါ တောင်းပန်ပါတယ်”
ချန်ကျန့်က သူ့ကို တစ်ချက်ကြည့်လိုက်သည်။ ရှန်ယွီ၏ ကြားဖြတ်ပြောဆိုမှုကြောင့် သူ၏အစီအစဉ် ပျက်သွားဟန်ရှိပြီး ဆက်လက် တိတ်ဆိတ်နေလေသည်။
“တောင်းပန်ပါတယ်” ရှန်ယွီ ချောင်းတစ်ချက်ဟန့်လိုက်ပြီး အေးစက်နေသော ကိုလာဘူးကို သူ၏ပါးပြင် အရိုက်ခံလိုက်ရသည့်ဘက် တွင် ကပ်ထားလိုက်သည်။
“ငါ ကျိန်ပြောရဲပါတယ်၊ ခုနကကိစ္စက ငါ ကြိုတင်ကြံစည်ထားတာ ဒါမှမဟုတ် အကွက်ဆင်ထားတာ လုံးဝမဟုတ်ပါဘူး။ အဲ့ဒါက သန့်သန့်လေး...”
ရမ္မက်ကြောင့်လား။ တပ်မက်မှုတွေ လွှမ်းမိုးသွားလို့လား။ စိတ်လှုပ်ရှားမှုကြောင့် မျက်စိကန်းသွားတာလား။
“စိတ်လိုက်မာန်ပါ ဖြစ်သွားတာပါ။ ဒါပေမဲ့... ဒီကိစ္စကြောင့် မင်းကို...”
သူက ဒီကိစ္စကြောင့် ငါ အရင်ကလုပ်ခဲ့တဲ့ ကောင်းမှုတွေအားလုံးက ဒီရည်ရွယ်ချက်အတွက်လို့ မင်းကို မထင်စေချင်ဘူး ဟု ရှန်ယွီပြောချင်သော်လည်း၊ စကားတစ်ဝက်မှာပင် ရပ်လိုက်ပြီး လက်လျှော့လိုက်တော့သည်။ သူ ဘယ်လိုမှ ရှင်းပြလို့ မရနိုင်တော့ချေ။
သူ ချန်ကျန့်အပေါ် ကောင်းပြခဲ့သည်မှာ ဘော့စ်တစ်ယောက်က ဝန်ထမ်းတစ်ယောက်အပေါ် ထားရှိရမည့် ဘောင်ကို ကျော်လွန်ခဲ့သည်မှာ အမှန်ပင်။ အကြောင်းပြချက်များစွာ ရှိခဲ့သော်လည်း တတ်နိုင်သမျှ ကူညီပေးပါဆိုသည့် စကားအပါအဝင်ပေ့ါ၊ အစပိုင်းကတည်းက ချန်ကျန့်အပေါ် အမြင်ကောင်းရှိခဲ့ခြင်းကလည်း စိတ်ရင်းအတိုင်း အမှန်တကယ် ပါဝင်နေခဲ့သည်။ ယခုမူ သူ ရှင်းပြလို့မရတော့သလို၊ ဤကဲ့သို့ စိတ်ခံစားချက် ပြင်းထန်နေသည့် ချန်ကျန့်ကိုလည်း ထိုအမြင်ကောင်းနှင့် ခုနက နမ်းလိုက်ခြင်းမှာ တိုက်ရိုက်မပတ်သက်ကြောင်း နားလည်အောင် လုပ်ပေးနိုင်မည် မဟုတ်ချေ။
တကယ့်ကို ရှုပ်ထွေးသွားပြီပဲ။
“တောင်းပန်ပါတယ်” ရှန်ယွီ သက်ပြင်းချရင်း ခေါင်းကိုနောက်လှန်ကာ ကိုလာကို နှစ်ကျိုက်ခန့် အားရပါးရ မော့သောက်လိုက်သည်။ အေးစက်ပြီး ရှတတဖြစ်သွားသော ခံစားချက်ကြောင့် သူ မျက်မှောင်ကြုတ်သွားမိသည်။
ချန်ကျန့်က သူ့ကို ကြည့်နေပြီးမှ ခဏအကြာတွင် ထရပ်လိုက်သည်။
“ကျွန်တော် ခဏ အပြင်ထွက်လိုက်ဦးမယ်”
“အင်း”
ချန်ကျန့် ဘာသွားလုပ်မည်ကို သူ မသိသလို၊ ဘာပဲလုပ်လုပ် သူ အံ့သြမည်မဟုတ်တော့ချေ။ ချန်ကျန့်က ထရပ်ပြီး ဟင်းပန်းကန်နှင့် သူ၏ခေါင်းကို လှမ်းမပေါက်ခဲ့ခြင်းမှာ နှမြောစရာဖြစ်မှာစိုး၍သာ ဖြစ်ပေလိမ့်မည်။ စားပွဲထိုးက အမဲသားဟော့ပေါ့ကို ယူလာပေးသည့်အချိန်အထိ ချန်ကျန့် ပြန်မရောက်သေးချေ။ ရှန်ယွီ မီးရှိန်ကို အနိမ့်ဆုံးသို့ လျှော့ချလိုက်ပြီး၊ ကုလားထိုင်ပေါ် မှီထိုင်ကာ လက်ချောင်းများဖြင့် စားပွဲပေါ်တွင် အသာအယာ တောက်နေမိသည်။
သုံးမိနစ်နှင့် ၁၂ စက္ကန့်အကြာတွင် တံခါးပွင့်လာပြီး ချန်ကျန့် ဝင်လာခဲ့သည်။ သူ၏ မျက်နှာနှင့် ဆံပင်များမှာ စိုစွတ်နေလေသည်။ ရှန်ယွီ သက်ပြင်းအသာချလိုက်မိသည်။ အနည်းဆုံးတော့ သူ ဒီအတိုင်း ထွက်မသွားခဲ့ဘူးပေါ့။
“ဘော့စ်ရှန်” နောက်ဆုံးတွင် ချန်ကျန့် စကားစလာခဲ့ပြီ။
“အင်း” ရှန်ယွီ ကိုယ်ကိုမတ်၍ တုံ့ပြန်လိုက်သည်။
“ကျွန်တော် ပြောချင်တာကတော့… ဒီတောင်းပန်စကားကိုတော့ ခေတ္တ ထားလိုက်ပါဦး။ ကျွန်တော်လည်း... ရှင်းပြချက်တွေ အများကြီး မလိုပါဘူး။ မင်းမှာ ဘာရည်ရွယ်ချက်မှ မရှိဘူးဆိုတာကိုလည်း ကျွန်တော် ယုံကြည်ပါတယ်။ ဒါပေမဲ့ ဒီကိစ္စကတော့...”
ဒါက နှောင့်ယှက်စော်ကားမှု ပဲလေ၊ ဟုတ်တယ်မလား။
ချန်ကျန့် စကားပြောရန် ခက်ခဲနေသော်လည်း ရှန်ယွီက ငြိမ်သက်စွာ နားထောင်ပေးနေသည်။
“ဒီလိုမျိုး... နောက်တစ်ခါ ထပ်မဖြစ်ဖို့ မျှော်လင့်ပါတယ်”
“ထပ်မဖြစ်စေရပါဘူး” ရှန်ယွီက ကတိပေးလိုက်သည်။
“ကျွန်တော့်မှာ ဒီအလုပ် လိုအပ်တယ်၊ ဒီဝင်ငွေကိုလည်း လိုအပ်တယ်။ ဒါကြောင့် ဘော့စ်နဲ့ ဝန်ထမ်း ဆက်ဆံရေးက ဒီအတိုင်းပဲ ရှိနေဖို့ မျှော်လင့်ပါတယ် ။ တခြားအရာတွေ ရောနှောမလာပါစေနဲ့”
ရှန်ယွီ ခေါင်းငုံ့ကာ သက်ပြင်းအရှည်ကြီး ချလိုက်မိသည်။ ချန်ကျန့်၏ ခက်ခဲစွာ ပြောဆိုလိုက်သော စကားလုံးများက သူ၏ရင်ထဲကို ခါးသက်စွာ နာကျင်စေခဲ့သည်။
“ကောင်းပါပြီ” ဟု ရှန်ယွီက ဆိုလေသည်။
ချန်ကျန့် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက်၊ ဟော့ပေါ့မီးကို ပြန်မြှင့်လိုက်ကာ အိုးထဲက အသားတွေကိုသာ ငြိမ်သက်စွာ စိုက်ကြည့်နေတော့သည်။ ချန်ကျန့်က သူ့ကို ဆဲဆိုခြင်း၊ ရိုက်နှက်ခြင်း သို့မဟုတ် အခြား ပြင်းထန်သော တုံ့ပြန်မှုမျိုး လုပ်လာမည်ကို ရှန်ယွီ ကြိုတင်ပြင်ဆင်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော် နောက်ဆုံးတွင် ချန်ကျန့်က ဤရိုးရှင်းသော စကားသုံးခွန်းကိုသာ ပြောဆိုခဲ့သည်။ ၎င်းမှာ အရိုက်ခံရခြင်းထက်ပင် ပို၍ ထိခိုက်စေခဲ့သည်။
အမဲသားဟော့ပေါ့မှာ တကယ်ကို အရသာရှိလှသည်။ အသားမှာ လတ်ဆတ်ပြီး ဟင်းရည်မှာလည်း မွှေးကြိုင်လှသည်။ ချန်ကျန့်မှာ စိတ်မပါဘဲ စားနေသော်လည်း အရသာကိုတော့ ခံစားမိနေဆဲပင်။ ရှန်ယွီမှာမူ ဘာမှမပြောဘဲ အစားကိုသာ အာရုံစိုက် စားနေလေသည်။ ရှန်ယွီ၏ မျက်နှာပေါ်က လက်ရာမှာ အနီဖျော့ဖျော့မှနေ၍ ပိုနီလာကာ၊ ယခုအခါတွင်မူ တစ်ပြင်လုံး နီရဲဖောင်းအစ်နေသည်ကို ချန်ကျန့် မြင်နေရသည်။ သူ၏ မရည်ရွယ်ဘဲ ရိုက်လိုက်သော ပါးရိုက်ချက်မှာ ဤမျှလောက်အထိ ထိရောက်လိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။
ရှန်ယွီ၏ လုပ်ရပ်က သူ့ကို တကယ်ပင် ထိတ်လန့်စေခဲ့သည်။ ထိုလုပ်ရပ်တစ်ခုတည်းမှ ရရှိလာသော သတင်းအချက်အလက်များကို တွေးတောရသည်မှာ အလွန်ပင် ရှုပ်ထွေးပြီး ထိခိုက်မှု ပြင်းထန်လှသည်။ သူသည် အိမ်သာထဲရှိ မှန်ရှေ့တွင် ဆယ်မိနစ်ခန့် မိမိကိုယ်ကိုယ် စိုက်ကြည့်နေပြီးမှ စိတ်ကို ပြန်ထိန်းနိုင်ခဲ့ခြင်း ဖြစ်သည်။ ရှန်ယွီ ပြောတာကို သူ ယုံကြည်ချင်ပါသည်။ သို့သော် စိတ်ထဲတွင်မူ အဆင်မပြေဖြစ်နေဆဲပင်။ ရှန်ယွီက ဘာအကွက်မှ ဆင်ထားတာ မဟုတ်ဘူးလို့ ပြောပေမဲ့လည်း၊ သူ အဖေပြောခဲ့တဲ့ စကားရဲ့ အဓိပ္ပာယ်ကိုတော့ ပြန်သတိရနေမိသည်။
ဘာလို့ မင်းက မန်နေဂျာ ဖြစ်လာရတာလဲ
ဟော့ပေါ့မှာ အရသာရှိသော်လည်း၊ ပုံမှန်ဆိုလျှင် အိုးတစ်ဝက်လောက် စားနိုင်သော ချန်ကျန့်မှာ ယနေ့တွင် နှစ်လုပ်၊ သုံးလုပ် စားပြီးသည်နှင့် ဆက်စားလို့ မရတော့ချေ။ ဗိုက်မဆာလို့ မဟုတ်ဘဲ ရင်ထဲမှာ ပြည့်အင့်နေသောကြောင့် ဖြစ်သည်။ သူ တူကို ချလိုက်ပြီး ရှန်ယွီကို ကြည့်လိုက်သည်။ ရှန်ယွီကတော့ အလွန်အာရုံစိုက်ကာ စားနေဆဲပင်။ ပန်းကန်ထဲက နောက်ဆုံးအသားတုံးကို စားပြီးသည့်အခါမှ -
“ပါဆယ် ထုတ်သွားကြရအောင်” ဟု ဆိုလေသည်။
“အင်း”
အခန်းအပြင်သို့ ထွက်ကာ စားပွဲထိုးထံမှ ပါဆယ်ထုတ်မည့် ဗူးများ တောင်းလိုက်သည်။ အားလုံး ထုပ်ပိုးပြီးနောက်တွင် ချန်ကျန့်မှာ အိတ်များကို သယ်ကာ ရှန်ယွီနောက်မှ လိုက်လာခဲ့သည်။ အဖေ ပြန်သွားလောက်ပြီမှန်း သိသော်လည်း သူ ဆေးရုံတံခါးဝဘက်ကို အကြိမ်ကြိမ် လှည့်ကြည့်မိနေသေးသည်။ ဤကိစ္စတွင်တော့ သူ ရှန်ယွီကို အလွန်ပင် ကျေးဇူးတင်မိသည်။ ဤကိစ္စတင်မကပါ၊ အခြား ကိစ္စအတော်များများမှာလည်း သူ ရှန်ယွီကို ကျေးဇူးတင်ပါသည်။ ဟူဖန်ပြောသလို ရှန်ယွီက တကယ်ပဲ သူဌေးကောင်း တစ်ယောက်ပါ။ တည်းခိုခန်းမှာ ပြဿနာတက်တိုင်း ရှန်ယွီက အလိုလိုက်သလို ရှိသော်လည်း လူတိုင်းအတွက် စိတ်အေးရစေသည့် အရှိန်အဝါမျိုး ရှိနေသူ ဖြစ်သည်။ ထိုအချက်များကြောင့်ပင် သူသည် “တာယွင်” ကို အဆင်ပြေပြေ လည်ပတ်နိုင်အောင် အစွမ်းကုန် ကြိုးစားပေးနေခြင်း ဖြစ်သည်။ ထို့ကြောင့်လည်း ယခုကဲ့သို့ အခြေအနေမျိုးတွင် သူ ပို၍ ထိတ်လန့်သွားရခြင်း ဖြစ်ပေလိမ့်မည်။
ပစ္စည်းအားလုံးကို ကားထဲ ထည့်ပြီးနောက်တွင် ချန်ကျန့်က ခေတ္တမျှ တုံ့ဆိုင်းနေပြီးမှ - “ဂိမ်းဆိုင် သွားဦးမှာလား” ဟု မေးလိုက်သည်။ သူသည် အခြေအနေကို မူလအတိုင်း ပြန်ဖြစ်သွားစေချင်သည်။ ဘော့စ်က ဂိမ်းဆိုင်သွားပြီး ကလေးတွေကို နှောင့်ယှက်ချင်တာဆိုတော့၊ မူလစီမံကိန်းအတိုင်း သွားကြတာက အကောင်းဆုံးပင်။
“သွားမယ်” ရှန်ယွီ တိုတိုတုတ်တုတ်ပင် ပြန်ဖြေကာ ကားထဲသို့ ဝင်ထိုင်လိုက်သည်။ ချန်ကျန့် ကားနောက်ဖုံးပိတ်၊ ဘေးကနေ တက်ထိုင်လိုက်တော့သည်။
ကုန်တိုက်သို့ ပြန်သည့်လမ်းမှာ ကားပိတ်နေဆဲဖြစ်သော်လည်း ရှန်ယွီမှာ တော်တော်လေးကို သတိထားပြီး မောင်းနေသည်၊ သို့မဟုတ်လျှင်လည်း သူ စိတ်လေနေခြင်း ဖြစ်ပေလိမ့်မည်။ မီးစိမ်းသွားသော်လည်း သူ မထွက်သဖြင့် နောက်ကကားက ဟွန်းတီးပြီး မီးမှိတ်တုတ်လုပ်ပြမှ သူ သတိဝင်လာခဲ့သည်။
“မီးစိမ်းပြီလေ” ချန်ကျန့်က သတိပေးလိုက်သည်။
ထိုအခါမှသာ ရှန်ယွီ ကားကို ရှေ့သို့ မောင်းထွက်လိုက်သည်။
“အာရုံစိုက်ပါအုံး” ချန်ကျန့်က နောက်ကြည့်မှန်ကို တစ်ချက်ကြည့်ရင်း ဆိုလိုက်သည်။
ရှန်ယွီက မဲ့ကာရွဲ့ကာဖြင့် ဟွန့် ဟု အသံထွက်လာပြီးမှ ခေါင်းညိတ်ပြလေသည်။ ဂိမ်းဆိုင်မှာ လူသိပ်မများလှသလို၊ နှောင့်ယှက်စရာ ကလေးတွေလည်း သိပ်မရှိချေ။
“ဆော့ချင်လား” ရှန်ယွီက မေးသည်။
“မဆော့တော့ပါဘူး၊ ကျွန်တော် အဲ့ဒါတွေ မဆော့တတ်ဘူး”
“ဆော့ချင်တာ ရှိရင် ငါ သင်ပေးမယ်လေ” ရှန်ယွီ ဂိမ်းဒင်္ဂါးပြားတွေ လဲလိုက်ပြီး၊ သူ၏ ဝှီးချဲကို မောင်းကာ ဂိမ်းစက်တွေကြားထဲတွင် လှည့်ပတ်ကြည့်ရှုနေသည်။
“ငါ အရင်က ဂိမ်းဆိုင်တွေမှာပဲ တစ်နေကုန် အချိန်ဖြုန်းခဲ့ဖူးတာ ကြာလှပြီ”
လမ်းပေါ်မှာ ရန်ဖြစ်ပြီး အချိန်ဖြုန်းနေတာ ထင်နေတာ
ချန်ကျန့် ဘာမှ ထပ်မပြောတော့ဘဲ၊ ဘယ်လို စကားပြောရင် “ပုံမှန်” ဖြစ်မလဲ၊ “ဘော့စ်နဲ့ ဝန်ထမ်း ဆက်ဆံရေး” ကို တမင်တကာ ထိန်းသိမ်းနေသလိုမျိုး မဖြစ်အောင် ဘယ်လိုနေရမလဲဆိုတာ သူ မသိဘဲ ဖြစ်နေသည်။
“အပျင်းဆုံး ဂိမ်းကနေ စဆော့ကြတာပေါ့”
ရှန်ယွီ အရုပ်ကောက်စက် တစ်လုံးရှေ့တွင် ရပ်လိုက်သည်။
“ဒါက ပျင်းစရာကောင်းတယ်မို့လား ။ ကျွန်တော် တစ်ခါမှ မကောက်ဖူးဘူး”
“ကောက်မရရင်တော့ ပျင်းဖို့ကောင်းတာပေါ့ ” ရှန်ယွီ အကြွေစေ့ ထည့်လိုက်သည် ။
“မင်း ဘယ်အရုပ် ဘာလိုချင်လဲ”
“ကျွန်တော်...” ချန်ကျန့် ရုတ်တရက် ဝေခွဲမရ ဖြစ်သွားသည်။ ဤမေးခွန်းကိုပင် လွယ်လွယ်ကူကူ မဖြေနိုင်တော့ချေ။
“ရှောင်သိုအာကတော့ ဒီအရုပ်လေးတွေကို ကြိုက်မှာပဲ” ရှန်ယွီက စကားကို ပြင်ပြောလိုက်သည်။ “သူ့အတွက် တစ်ခုလောက် ရွေးလိုက်လေ”
“ဒါဆိုရင်...” ချန်ကျန့် စက်ထဲကို အမြန် ကြည့်လိုက်သည်။ ရှောင်သိုအာက အဝါရောင်ဆိုရင် အကုန်ကြိုက်တာလေ။ သူက အနောက်ဘက်ဆုံးမှာရှိတဲ့ အဝါရောင် အမွေးပွအိတ်လေးကို လက်ညှိုးထိုးပြလိုက်သည် ။
“ဟို အဝါရောင် အိတ်လေး”
ရှန်ယွီ၏ လက်မှာ ရပ်သွားပြီး သူ့ကို လှည့်ကြည့်လိုက်သည်။
“ငါ့ကို အထဲဝင်ပြီး သွားယူခိုင်းလိုက်ပါလား”
“...နှိုက်လို့ မရဘူးလား” ချန်ကျန့်က မေးလိုက်သည်။
“စမ်းကြည့်တာပေါ့”
ရှန်ယွီက ဆိုကာ လက်တံကို အထဲသို့ ရွှေ့လိုက်သည်။ တကယ်လည်း ထိုနေရာက နှိုက်ရခက်လှသည်၊ လက်တံနဲ့ ချိတ်ရုံပဲ ရနိုင်သည်။ သို့သော် ရှန်ယွီက အဲ့ဒီလို မလုပ်ခဲ့ချေ။ သူက လက်တံကို လှုပ်ခါလိုက်ပြီး အပေါ်ထပ်က အိတ်လေးတစ်ခုကို အရင် ချိတ်လိုက်သည်။ ထိုအိတ်လေး ပြုတ်ကျသွားသည့် အရှိန်နှင့် အဝါရောင်အိတ်လေးကို သွားတိုက်မိသွားသည်။
“ရပြီ”
ရှန်ယွီ နောက်ထပ် အကြွေစေ့ ထပ်ထည့်ကာ လက်တံကို ထိန်းကျောင်းပြီး ထိုအိတ်ကို ထွက်ပေါက်နားအထိ သယ်လာနိုင်ခဲ့သည်။ သို့သော် အောက်ကို မချခင်မှာတင် အိတ်လေးက ပြုတ်ကျသွားပြီး ထွက်ပေါက်အစွန်းမှာ တင်နေလေသည်။ ကမ်းပါးယံကနေ ခုန်ချတော့မည့်ဟန်နှင့်ပေါ့။ ရှန်ယွီ မဲ့ကာရွဲ့ကာဖြင့် နောက်ထပ် အကြွေစေ့တွေ ထပ်ထုတ်လိုက်သည်။
ဒါကတော့ အရှုံးပေါ်နေပြီပဲ
ချန်ကျန့်က ထားလိုက်ပါတော့လို့ ပြောရန် ပြင်စဉ်မှာပင်၊ ဘယ်အချိန်က ရောက်လာမှန်းမသိသော ဝဖြိုးဖြိုး ကလေးတစ်ယောက်က မှန်ကိုကပ်ပြီး ရှန်ယွီ လုပ်နေတာကို ကြည့်နေရင်းမှ၊ ရုတ်တရက် နောက်ဆုတ်ပြီး စက်ကို ကိုယ်နှင့် ဝင်တိုက်လိုက်သည်။ စက်က အနည်းငယ် လှုပ်သွားရာ၊ အစွန်းမှာ တင်နေတဲ့ အိတ်လေးမှာ ထွက်ပေါက်ထဲသို့ ပြုတ်ကျသွားတော့သည်။ ချန်ကျန့် ထိုကလေးကို မကြည့်ဘဲ မနေနိုင်တော့ချေ။
“တော်လိုက်တဲ့ ပညာ” ရှန်ယွီ ရယ်မောလိုက်ပြီး ခွက်ထဲက အကြွေစေ့အချို့ကို ယူကာ ထိုကလေးကို ပေးလိုက်သည်။ ကလေးမှာ ပျော်ရွှင်စွာဖြင့် အကြွေစေ့တွေကို ယူပြီး သူဆော့ချင်တဲ့ စက်ဆီကို ပြေးသွားတော့သည်။ ရှန်ယွီ အဝါရောင် အိတ်လေးကို ထုတ်ယူကာ ကြည့်လိုက်သည်။ ၎င်းမှာ ဇစ်ပါသော အိတ်လေးဖြစ်ပြီး ရှောင်သိုအာ ကြိုက်တတ်တဲ့ အမဲသားစပ်ချောင်းတွေနဲ့ ဂျယ်လီတွေ ထည့်လို့ရမည့် အရွယ်အစား ဖြစ်သည်။
“တခြားဟာတွေလည်း ထပ်ကောက်ရအောင်”
ရှန်ယွီ ထိုအိတ်လေးကို ဝှီးချဲနောက်က အိတ်ထဲ ထည့်လိုက်ပြီး၊ စက်တွေကြားထဲမှာ ဖြည်းဖြည်းချင်း မောင်းလာရာ မုန့်ကောက်တဲ့ စက်ရှေ့မှာ ရပ်လိုက်သည် ။
“ဧည့်သည်တွေအတွက် ကောင်တာမှာ ထားဖို့ ကောက်ကြရအောင်”
“အင်း”
ရှန်ယွီ အကြွေစေ့ ထည့်လိုက်ပြီး နေရာဖယ်ပေးလိုက်သည် ။
“မင်း စမ်းကြည့်ဦးလေ”
ချန်ကျန့် လန့်သွားရသည်။ သူ စက်အနားသို့ သွားကာ နှိုက်ရအလွယ်ဆုံးလို့ ထင်ရတဲ့ တစ်ခုကို ချိန်ပြီး လက်တံကို ချလိုက်သည်။ အဲ့ဒါ ဘာမှန်းတောင် သူ မသိပါဘူး။ မလိုက်တဲ့ အခါမှသာ ၎င်းမှာ တော်တော်လေး လေးလံပြီး ချက်ချင်း ပြန်ပြုတ်ကျသွားသည်ကို သိလိုက်ရသည်။
“ဟို မာရှမယ်လို ထုပ်ကို နှိုက်ကြည့်လေ”
ရှန်ယွီက နောက်ထပ် အကြွေစေ့ထည့်ပေးလိုက်ပြန်သည်။ ချန်ကျန့်မှာ အရုပ်ကောက်စက်တွေကို အကြိမ်များစွာ မဆော့ဖူးချေ။ ပိုက်ဆံ အလကား ဖြုန်းတီးရုံသာ ရှိတတ်သည့် ဤကဲ့သို့သော ဖျော်ဖြေရေးမျိုးကို သူ စိတ်မဝင်စားခဲ့သောကြောင့် ဖြစ်သည်။ သူ အကြိမ်ပေါင်းများစွာ လွဲချော်ခဲ့သည်။
“မင်းပဲ လုပ်ပါတော့…ကျွန်တော်သာ ဆက်နှိုက်နေရင်၊ ဒီ မာရှမယ်လိုထုပ် ရလာရင်တောင် အိမ်မှာ ဘုရားစင်ပေါ် တင်ထားရမှာ၊ ဘယ်သူ့ကိုမှ မကျွေးနိုင်ဘူး”
“နောက်တစ်လှမ်းပဲ လိုတော့တာပါ”
ရှန်ယွီ ရယ်မောရင်း လက်တံကို လွှဲယူလိုက်သည်။ ထိုမုန့်ထုပ်မှာ ချန်ကျန့် ကောက်လိုက်လို့ အိတ်က ရှုံ့တွနေပြီ ဖြစ်သည်။ လက်တံ ချလိုက်သည်နှင့် ချက်ချင်းပင် မိသွားတော့သည်။ ထို့နောက် ထွက်ပေါက်ဆီသို့ သယ်လာရာ၊ အိတ်ပေါ်မှာ ကပ်နေတဲ့ စတစ်ကာ တစ်ခုကြောင့် ထွက်ပေါက် အစွန်းမှာ သွားငြိနေပြန်သည်။
ဒါက ဘယ်လို ကံမျိုးလဲ!
“ငါ တကယ်ပဲ...”
ရှန်ယွီ ထိုမုန့်ထုပ်ကို ကြည့်နေမိသည်။ စက္ကန့်အနည်းငယ် ကြာမှ ချန်ကျန့်ဘက်သို့ လှည့်ကြည့်ကာ…
“ဟင်။” ချန်ကျန့် နားမလည်ဘဲ ပြန်ထူးလိုက်သည်။
“သွားပြီး တိုက်လိုက်စမ်းပါ” ရှန်ယွီက ဆိုသည်။
အရွယ်ရောက်ပြီးသား အမျိုးသားတစ်ယောက်က ယွမ်တစ်ဆယ်တန် မုန့်တစ်ထုပ်အတွက် ဂိမ်းဆိုင်ထဲက အရုပ်နှိုက်စက်ကို လှမ်းတိုက်ရမည်တဲ့လား။
“ဝှီးချဲက အားပိုပါတာပဲလေ” ချန်ကျန့်က ဆိုလိုက်သည်။
“အကြံကောင်းပဲ” ရှန်ယွီ ဝှီးချဲကို ပြန်လှည့်ကာ၊ အရှိန်ရအောင် ရှေ့သို့ အနည်းငယ် မောင်းသွားပြီးမှ နောက်လှည့်ကြည့်လိုက်သည်။
သူ တကယ်ကြီး လုပ်မလို့လား
ချန်ကျန့် လန့်သွားပြီး အမြန်သွားကာ ဝှီးချဲဘီးကို နင်းပြီး ဘရိတ်အုပ်ထားလိုက်ရသည်။ ရှန်ယွီ မဲ့ကာရွဲ့ကာဖြင့် ဟွန့် ဟူသော အသံထွက်လာသည်။
“ခဏနေရင် ပြုတ်ကျလာမှာပါ” ချန်ကျန့် မုန့်ထုပ်ကို ထပ်ကြည့်လိုက်သည်။
“ဟို စတစ်ကာက ခဏနေရင် ကွာသွားမှာပါ၊ အဲ့ဒီအခါကျရင် ပြုတ်ကျလာလိမ့်မယ်”
“ကောင်းပြီလေ” ရှန်ယွီ ဝှီးချဲကို ပြန်လှည့်လိုက်သည်။
သူတို့နှစ်ဦးနှင့် ဝှီးချဲကြီးသည် အရုပ်နှိုက်စက်ရှေ့တွင် စတစ်ကာနှင့် အိတ် ကွာကျလာမည့်အချိန်ကို ငြိမ်သက်စွာ စောင့်နေကြတော့သည်။ စတစ်ကာလေးမှာ တဖြည်းဖြည်းချင်း ကွာနေသည်ကို မြင်နေရသော်လည်း၊ မုန့်ထုပ်က ပေါ့လွန်းသဖြင့် အချိန် တော်တော်လေး ကြာနေလေသည်။ ဘယ်သူမှ စကားမပြောကြချေ။ ရှန်ယွီမှာ စောင့်နေခြင်း မဟုတ်ဘဲ ထိုမုန့်ထုပ်ကို ကြည့်ပြီး ငေးနေခြင်းသာ ဖြစ်ကြောင်း ချန်ကျန့် ခံစားရသည်။ သူကိုယ်တိုင်လည်း အတူတူပါပဲ၊ ငြိမ်သက်သွားသည်နှင့် စိတ်ထဲမှာ အတွေးတွေက ရှုပ်ထွေးကုန်တော့သည်။
ဟို ဝဖြိုးဖြိုး ကလေးလေးက ဘယ်အချိန်က ရောက်လာပြန်သည်မသိ၊ သူတို့နှင့်အတူ မုန့်ထုပ်ကို ဝိုင်းကြည့်နေပြန်သည်။
“ထပ်ပြီး နှိုက်လိုက်လေ။ သူက မပြုတ်ကျသေးဘူးဆိုတော့ အခု လက်တံက အားအပြင်းဆုံး အချိန်ပဲ” ကလေးက ဆိုသည် ။
“သေချာပေါက် ရပြီ”
“တကယ်လား” ချန်ကျန့် သတိဝင်လာသည်။
ရှန်ယွီက သူ ကိုင်ထားတဲ့ အကြွေစေ့လေးကို ထိုကလေးကို လှမ်းပေးလိုက်သည်။
“မင်းပဲ နှိုက်လိုက်တော့။ ရလာတဲ့ဟာတွေ အကုန် မင်းယူ၊ ပိုက်ဆံ ကျန်တာလည်း မင်းပဲ ယူတော့”
“တကယ်လားဟင်! အကုန်လုံးလား!” ကလေးမှာ ဝမ်းသာအားရ ဖြစ်သွားသည်။
“အကုန်လုံးပေါ့” ရှန်ယွီက ဆိုသည်။
ကလေးက မဆိုင်းမတွဘဲ အကြွေစေ့တွေကို အမြန်ထည့်ကာ၊ အကြီးဆုံး ပြောင်းဖူးပေါက်ပေါက်ထုပ်ကို ချိန်လိုက်သည် ။
“ကြည့်ထားလိုက်နော်”
“မင်း ဘာလို့ ကျောင်းမသွားတာလဲ” ရှန်ယွီက မေးလိုက်သည်။
“ဝမ်းလျှောနေလို့လေ” ကလေးက လက်တံကို ကြည့်ရင်းကနေ ပြန်ဖြေသည်။
“မားမား က ခွင့်တိုင်ပေးထားတာ... ကြည့်ထားနော်!”
လက်တံ ချလိုက်သည့်အခါ တကယ်ပင် မိသွားတော့သည်။ ပြောင်းဖူးပေါက်ပေါက်ထုပ် ပြုတ်ကျသွားသည့် အရှိန်နှင့်အတူ မာရှမယ်လိုထုပ်ပါ ပါသွားတော့သည်။
“ဒါတွေ အကုန် ကျွန်တော့်ဟာတွေနော်” ကလေးက ထပ်မံ အတည်ပြုသည်။
ရှန်ယွီ ဘာမှ မပြောဘဲ လက်ရမ်းပြလိုက်ရာ၊ ကလေးမှာ အကြွေစေ့ခွက်လေးကို ကိုင်ပြီး ပြေးထွက်သွားတော့သည်။
“မဆော့တော့ဘူးလား” ချန်ကျန့်က မေးသည်။
“မဆော့တော့ဘူး” ရှန်ယွီ ကုလားထိုင်ပေါ် မှီထိုင်လိုက်သည်။
“ပြန်ကြရအောင်။ ကျောက်ကျဲဆီ ဖုန်းဆက်လိုက်ပါဦး၊ ငါတို့နှစ်ယောက်အတွက်ပါ ညစာ ချက်ခိုင်းလိုက်လို့”
“အင်း”
ချန်ကျန့် ဖုန်းထုတ်ကာ ကျောက်ဖန်းဖန်းဆီ ဖုန်းဆက်လိုက်သည်။
“မင်းတို့ တော်တော် နောက်ကျမှ ပြန်ရောက်မယ် ဆို” ကျောက်ဖန်းဖန်းက မေးသည်။
“စောစော ပြီးသွားလို့ပါ” ဟု ချန်ကျန့်က ဖြေလိုက်သည်။
“အိုကေ၊ ဒါဆို ပိုချက်ထားလိုက်မယ်”
ဖုန်းချပြီးနောက် သူတို့နှစ်ဦးစလုံး ကားပါကင်အထိ တစ်လမ်းလုံး တိတ်ဆိတ်နေခဲ့ကြသည်။ ရှန်ယွီ ကားထဲရောက်သည်နှင့် သမ်းလေတော့သည်။
“ခဏ အိပ်ချင်လား” ချန်ကျန့်က မေးလိုက်သည်။
“အိပ်မငိုက်ပါဘူး။ ပျင်းလို့ပါ”
တော်တော်လေးကို အသက်ရှူကျပ်စရာ ကောင်းနေတာပဲ။
ကားပါကင်က လေမလတ်ဆတ်လို့တင် မဟုတ်ဘဲ၊ တစ်လမ်းလုံးမှာလည်း ထိုသို့ ခံစားနေရခြင်း ဖြစ်သည်။
ဒါပေမဲ့ အဲ့ဒါက ဘယ်သူ့ကြောင့်လဲ ဘော့စ်ရဲ့။
အသက်ရှူကျပ်နေလို့လား၊ ဒါမှမဟုတ် အောက်ဆီဂျင် မလောက်လို့လားတော့ မသိ၊ ကားပါကင်က မထွက်ခင်မှာပင် ချန်ကျန့်မှာ ငိုက်လာခဲ့သည်။ စောစောကမှ တစ်ဖက်လူကို အိပ်မလားလို့ မေးခဲ့တာလေ။ ချန်ကျန့်မှာ မျက်လုံးကို အတင်း ပြူးထားပြီး ကားပြတင်းပေါက်ဘက်ကိုပါလှည့်ပြီး အနည်းငယ် ဟလိုက်သေးသည်။ သို့သော် နောက်တစ်စက္ကန့်မှာတင် သူ လုံးဝ အိပ်ပျော်သွားတော့သည်။ တစ်လမ်းလုံး လုံးဝ မနိုးခဲ့ချေ။ သို့သော် သူ၏ စိတ်ထဲမှာတော့ နိုးကြားနေသလို ခံစားရသည်၊ အဘယ်ကြောင့်ဆိုသော် ရှန်ယွီက ရုတ်တရက် ဟွန်းတီးမှာကိုဖြစ်စေ၊ သူ၏ပါးကို လာရိုက်မှာကိုဖြစ်စေ သူက အမြဲတမ်း စိုးရိမ်တကြီး စောင့်ကြည့်နေမိသောကြောင့် ဖြစ်သည်။ ထိုသို့တော့ မဖြစ်ခဲ့ပါဘူး။
“ချန်ကျန့်! ချန်ကျန့် ။ ချန် မန်နေဂျာရေ” ရှန်ယွီက လှမ်းအော်လိုက်သည်။
“ဗျာ!”
ချန်ကျန့် ဝုန်းခနဲ ထထိုင်လိုက်ရာ၊ အမြင်အာရုံတွေက ခေတ္တမျှ ဝေဝါးနေပြီးမှ ပြန်ကြည်လာသည်။ သူ အကြာကြီး အိပ်ပျော်သွားခဲ့ခြင်း ဖြစ်သည်။ ရှေ့မှာတော့ မြို့ထဲသို့ ဝင်မည့် လမ်းကို မြင်နေရပြီ။
သူ တော်တော် ပင်ပန်းနေရှာတာပဲ...
“ဆန်းပင်းကို ဖုန်းဆက်လိုက်ဦး။ လမ်းဆုံကို လူလွှတ်ပြီး ဒီသေတ္တာကို လာသယ်ခိုင်းလိုက်”
“ဗျာ။” ချန်ကျန့် လန့်သွားသည်။
“ဒီအတိုင်း မောင်းဝင်သွားလို့ မရဘူးလား။ ဝင်းထဲအထိ ငါးမီတာလောက်ပဲ လိုတော့တာကို”
“ကားနဲ့ မောင်းဝင်သွားရင် တခြားလူတွေ မမြင်ရတော့ဘူးလေ။ ထမ်းပြီး သယ်သွားခိုင်းလိုက်။ လမ်းက ကျောက်ခဲတွေဆိုတော့ တုန်ခါမှု တအားများတယ်။ အထဲက ပစ္စည်းတွေ ကွဲသွားရင် ဘယ်လိုလုပ်မလဲ”
မြို့ထဲဝင်တဲ့ လမ်းဆိုးကြီးက အိမ်ရှေ့လမ်းထက်တောင် ပိုပြီး တုန်ခါနေတာကို...
“အင်း” ချန်ကျန့် ဖုန်းထုတ်လိုက်သည်။ နားမလည်သော်လည်း မှာတဲ့အတိုင်း ဆန်းပင်းဆီ ဖုန်းဆက်လိုက်ရလေသည်။
“ဆူဆူညံညံလေး လုပ်ခိုင်းလိုက်ဦးနော်” ရှန်ယွီက ထပ်မှာသည်။
“သေတ္တာထဲမှာ ဘာပါလို့လဲ” ချန်ကျန့် မနေနိုင်ဘဲ မေးလိုက်မိသည်။
“ငါလည်း မသိသေးဘူး ။ ပုလင်းတွေ၊ အိုးတွေ ဒါမှမဟုတ် တခြား ကြွေထည် ပစ္စည်းတစ်ခုခု ဖြစ်မှာပေါ့”
ဒီလောက် အကြီးကြီးကို မှတ်ပုံတင်နဲ့ သွားယူရတယ်ဆိုတော့…Blind box များလား
ဆန်းပင်းကတော့ တကယ်ကို ချန်အာဟူ၏ လက်ရုံးပါပဲ။ ဘာကြောင့်လဲဆိုတာကို သူလည်း မသိသော်လည်း၊ ဘော့စ်မှာ လုပ်သင့်လုပ်ထိုက်တဲ့ အကြောင်းရင်း ရှိမှာပဲဆိုတဲ့ မူဝါဒအရ သူသည် လောင်ဝူနှင့် ဟူဖန်ကိုပါ ခေါ်ပြီး လမ်းဆုံတွင် ကြိုစောင့်နေလေသည်။ သူတို့အားလုံးက တစ်ခုခုကို စိတ်လှုပ်ရှားစွာ စောင့်မျှော်နေသည့် ပုံစံမျိုးပေါ့။ ဆန်းပင်းဆိုလျှင် လက်ကို နဖူးပေါ်တင်ပြီး သူတို့လာမည့်ဘက်ကိုတောင် လှမ်းကြည့်နေသေးသည်။ သရုပ်ဆောင်တာ နည်းနည်းတော့ လွန်နေသလိုပဲ။
ကား သူတို့အနားသို့ ရောက်သည့်အခါ ချန်ကျန့် ရှန်ယွီကို လှမ်းကြည့်လိုက်ရာ ရှန်ယွီ၏ မျက်နှာပေါ်က အနီကွက်တွေက အခုထိ မကျသေးတာကို သတိထားမိလိုက်သည်။
“မင်းရဲ့ မျက်နှာက...” သူ အနေရခက်စွာဖြင့် သတိပေးလိုက်သည်။
“ကိစ္စမရှိပါဘူး။ ဘယ်သူကမှ ငါ့ တိုက်ရိုက် လာမေးမှာ မဟုတ်ပါဘူး”
ကားရပ်သွားသည်နှင့် ဆန်းပင်းက ပြတင်းပေါက်ကို လှမ်းကိုင်လိုက်သည်။
“ဘော့စ်... ပြန်ရောက်ပြီလား! ကျွန်တော်တို့ကို ဒီမှာ စောင့်ခိုင်းထားတာ... ဟင်... မင်းရဲ့ မျက်နှာက ဘာဖြစ်တာလဲ”
ဆန်းပင်းကတော့ မင်းကို တိုက်ရိုက် မေးလိမ့်မယ်လေ။
“ဝှီးချဲက မှောက်သွားပြီး တံခါးနဲ့ တိုက်မိတာပါ” ရှန်ယွီက ဆိုသည် ။
“ကားပေါ်က ပစ္စည်းတွေ ချလိုက်ဦး။ ဟိုသေတ္တာကို သေသေချာချာ ထမ်းသွားကြ၊ မတိုက်မိစေနဲ့နော်”
“ဟုတ်ကဲ့၊ လာကြဟေ့၊ သေတ္တာ ထမ်းကြစို့။ သတိထားနော်၊ မတိုက်မိစေနဲ့...”
ဆန်းပင်းက ချက်ချင်းပင် အချက်ပြလိုက်သည်။
ချန်ကျန့်လည်း ကားပေါ်ကဆင်းကာ နောက်ဖုံးကို ဖွင့်ပေးလိုက်သည်။ သစ်သားသေတ္တာက သိပ်မလေးလှပါဘူး၊ ချန်ကျန့် တစ်ယောက်တည်းတောင် သယ်နိုင်သော်လည်း၊ ဒီလူတွေ ရှိနေသဖြင့် အတူတူ သယ်ခိုင်းလိုက်ရုံပါပဲ။ ဆန်းပင်း၊ လောင်ဝူနှင့် ချန်ကျန့် သုံးယောက်ပေါင်းပြီး အားနှင့် မလိုက်ကြရာ၊ သေတ္တာမှာ ကားခေါင်မိုးကိုတောင် သွားတိုက်မိသွားသည်။
“တောက်! ဒါကြီးကို ထမ်းဖို့ လူတွေ အများကြီး လိုလို့လား” လောင်ဝူ ကြောင်သွားရသည်။
“သယ်စမ်းပါ” ဟု ဆန်းပင်းက ဆိုသည်။
သုံးယောက်သား သေတ္တာကို ဝင်းထဲသို့ ထမ်းယူလာကြရာ၊ ဟူဖန်က နောက်ကနေ
“သတိထားဦး၊ ဟေး... ငြိမ်ငြိမ်လေး၊ ဟုတ်ပြီ၊ ရပြီ!” ဟု ညွှန်ကြားပေးနေလေသည်။
သေတ္တာကို အိမ်ထဲသို့ သယ်လာပြီးသည်နှင့် ရှန်ယွီသည် သူ၏ ဝှီးချဲကို ချက်ချင်းမောင်းကာ ဓာတ်လှေကားထဲသို့ ဝင်သွားပြီး စတုတ္ထထပ်သို့ တက်သွားတော့သည်။ သေတ္တာကို ဘာလုပ်ရမလဲဆိုတာတောင် မပြောခဲ့ချေ။ ထို့ကြောင့် လူစုမှာ သေတ္တာကို ဂိုဒေါင်ထဲသို့သာ ရွှေ့ထားလိုက်ကြရသည်။
“ချန်ကျန့်” လူအကုန် ထွက်သွားသည့်အခါမှ ဆန်းပင်းက ချန်ကျန့်ကို လှမ်းခေါ်လိုက်သည် - “ဟေး... တစ်ခုလောက် မေးပါရစေဦး”
မမေးပါနဲ့ဦး
“ဘော့စ်ရှန်ကို တစ်ယောက်ယောက်က ရိုက်လိုက်တာလား”
ဆန်းပင်းက မေးလိုက်သည်။ ချန်ကျန့် ဘာပြန်ဖြေရမှန်း မသိသဖြင့် တိတ်ဆိတ်နေမိသည်။
“ဘယ်ကကောင်ကများ အဲ့ဒီလောက်တောင် အစွမ်းထက်လို့ သူ့မျက်နှာကို ရိုက်ရဲတာလဲ”
ဆန်းပင်းက အသံတိုးတိုးဖြင့် မေးလိုက်လေတော့သည်။
အခုထိကြောင်နေတုန်း ဘော့စ်က ဘာဖြစ်သွားတာလဲဟင် xD
ReplyDeleteခြောက်နှစ်သားအကွက်သုံးလိုက်တာ ပါးရိုက်ခံရလို့ ပြန်စိတ်ကောက်သွားတာ 😆
Deleteဆန်းမင်းနဲ့တွေ့မှပဲ မဟာအရှက်တော်ကွဲ
ReplyDelete