အပိုင်း (၃၀)
ချန်အာဟူ၏ လက်အောက်ငယ်သားများမှာ သူတို့၏ဘော့စ်ကို ချန်တာဟူက အကြိမ်ကြိမ် အရိုက်အနှက်ခံနေရသည်ကို အမြဲမြင်တွေ့နေရသဖြင့် ချန်တာဟူကိုသာမက သူ၏ဘေးနားရှိ လူများကိုပါ ကြောက်ရွံ့နေကြခြင်းဖြစ်သည်။
ချန်ကျန့်က တံခါးဝတွင် ပိတ်ရပ်လိုက်သည့်အခါ လောင်စစ်နှင့် လောင်ဝူတို့မှာ တိုက်ရိုက်အနားမကပ်ရဲသော်လည်း၊ သူ၏နောက် နှစ်မီတာခန့်အကွာတွင် တြိဂံပုံစံဖြင့် ရပ်ကာ သတ္တိမွေးနေကြသည်။
“ဒါက ‘ကြိုဆိုပါတယ်’ ဆိုတဲ့ အနေအထားနဲ့တော့ သိပ်မတူဘူးနော်” ဟု လူမိုက်တစ်ယောက် က ဆိုကာ လှေကားထစ်ပေါ်သို့ တက်လာပြီး ချန်ကျန့်နှင့် မျက်နှာချင်းဆိုင် ရပ်လိုက်သည်။
“ဒါက နှုတ်ကျိုးနေတဲ့ စကားတစ်ခုပါပဲ ။ အဓိပ္ပာယ်ကို သေသေချာချာကြီး လိုက်တွေးမနေပါနဲ့”
“ကောင်းပြီလေ” လူမိုက်က ခေါင်းညိတ်ပြပြီး ချန်ကျန့်၏ ပုခုံးကျော်မှတစ်ဆင့် ဆိုင်ထဲသို့ လှမ်းကြည့်လိုက်သည် ။
“စီးပွားရေး တော်တော်ကောင်းပုံရတယ်ပဲ။ ဂုဏ်ပြုပါတယ်”
ချန်ကျန့် ဘာမှပြန်မပြောချေ။ သူသည် ဤလူနှစ်ယောက်နှင့် စကားများပြီး အချိန်မဖြုန်းချင်ပါ။ သူသည် များသောအားဖြင့် ညှိနှိုင်း၍မရနိုင်သော အခြေအနေမျိုးတွင် စကားမပြောဘဲ နေလေ့ရှိသည်။ ထို့ကြောင့်လည်း ယခင်က ချန်အာဟူနှင့် စကားပြောခဲ့သော်လည်း ချန်တာဟူနှင့်ဆိုလျှင် အများအားဖြင့် တိတ်ဆိတ်နေတတ်ခြင်း ဖြစ်သည်။
တစ်ခါတစ်ရံတွင် စကားမပြောခြင်းက ပြဿနာပိုမကြီးထွားအောင် တားဆီးနိုင်သည်။ ရှန်ယွီကတော့ ထိုအချက်ကို ကောင်းစွာနားလည်သော်လည်း အမြဲတမ်း ဆန့်ကျင်ဘက်နည်းလမ်းကိုသာ သုံးလေ့ရှိသည်။ ယခုအချိန်တွင် ဘော့စ်ဖြစ်သူ ဤနေရာ၌ မရှိခြင်းမှာ တည်းခိုခန်းအတွက် တကယ့်ကို ကံကောင်းခြင်းတစ်ရပ်ပင် ဖြစ်သည်။
“ချန်တာဟူက ကတိတည်တဲ့လူပါ။ ပိုက်ဆံကိစ္စကို သေသေချာချာ မရှင်းနိုင်သေးသရွေ့ သူဒီကိုမလာဘူးလို့ ရှန်ယွီနဲ့ သဘောတူထားတယ်လေ...”
အဲ့ဒါက သူ ‘သဘောတူ’ ခဲ့တာလား။
အဲ့ဒါ ရှန်ယွီက တစ်ဖက်သတ် ထုတ်ပြန်လိုက်တဲ့ ပိတ်ပင်မှုလေ။
ချန်တာဟူက ဒီမှာ တစ်ခါ အိပ်ပျော်သွားခဲ့ဖူးပြီ။ သူက ဒီကို တမင်တကာ ထပ်ခါတလဲလဲ လာအိပ်နေလို့မှ မရတာ။
“ဒါပေမဲ့ ငါတို့ကိုတော့ မလာရဘူးလို့ ဘယ်သူမှ မပြောထားဘူးလေ”
ဟု လူမိုက် က ထပ်ပြောလိုက်သည်။
“အင်း”
ချန်ကျန့်က အသိအမှတ်ပြုသည့်ဟန်ဖြင့် ပြန်ပြောလိုက်သော်လည်း လမ်းဖယ်မပေးသေးချေ။
“ဘာလဲ မန်နေဂျာချန်... ဒီနေ့ တံခါးပိတ်ပြီး စီးပွားရေးကို ငြင်းပယ်မလို့လား”
“စောစောက ပြောရမှာပေါ့”
ချန်ကျန့် ဘေးသို့ ဖယ်ပေးလိုက်ပြီး ဧည့်ကြိုကောင်တာဘက်သို့ လှည့်ကာ
“ဖန်ဖန်... တည်းမယ့် ဧည့်သည်တွေ ရောက်နေတယ်၊ အခန်းပေးလိုက်ပါ”
”ဟူဖန်က လက်မြှောက်ပြလိုက်သည်။
“ဒီဘက်ကို ကြွပြီး မှတ်ပုံတင်လေး ပြပေးပါဦးရှင်”
“...အခန်းတွေကို အရင်ကြည့်ချင်တယ်”
လူမိုက်က ကြားဖြတ်ပြောလိုက်သည်။
“အဲ့ဒီနေ့က ကြည့်ပြီးပြီ မဟုတ်လား”
လောင်ဝူက လွှတ်ခနဲ ပြောလိုက်မိသည်။ ချန်ကျန့် သူ့ကို တစ်ချက်ကြည့်လိုက်သည်။ အမှတ်တစ်ရာမှာ ခြောက်ဆယ်လောက် လျော့နေတဲ့ ထို IQ အဆင့်အတန်းမှာ သည် တစ်မျိုးတော့ ရှန်ယွီနှင့် တူညီနေသလိုပင်။
“အဲ့ဒါ ဘာကို ဆိုလိုတာလဲ” လူမိုက်က လောင်ဝူကို လက်ညှိုးထိုးကာ မေးလိုက်သည်။
ချန်ကျန့်သည် ထိုလက်ညှိုးထိုးထားသော လက်မောင်းကို ဖြည်းဖြည်းချင်း ပြန်ဖိချပေးလိုက်ပြီး
“အခန်းတွေလည်း ကြည့်လို့ရပါတယ်၊ ဝင်းထဲမှာလည်း လျှောက်ကြည့်လို့ ရပါတယ်။ ပြဿနာမရှိပါဘူး ကျွန်တော်ကိုယ်တိုင် လိုက်ပြပေးပါ့မယ်”
“ဒီလောက်ထိ အဆင့်မြင့် ဝန်ဆောင်မှုပေးဖို့ မလိုပါဘူး” လူမိုက် က လှောင်ပြုံးပြုံးရင်း ဆိုပြန်သည်။
“တာဟူကော ရဲ့ သူငယ်ချင်းတွေပဲလေ ။ အဆင့်မြင့်ဆုံး ဝန်ဆောင်မှုနဲ့ပဲ ထိုက်တန်ပါတယ်”
ချန်အာဟူသည် ဆိုင်တွေကို လိုက်နှောင့်ယှက်တဲ့ နည်းလမ်းတွေကို သူ၏အစ်ကိုဆီကနေ သင်ယူခဲ့ခြင်း ဖြစ်သည်။ ဆိုင်ရှေ့မှာ ခဏခဏ နေမယ်၊ အနားမှာ တဝဲလည်လည် လုပ်နေမယ်၊ အကြီးအကျယ် ပြဿနာမရှာရင်တောင်မှ အသံကျယ်ကျယ်နဲ့ စကားပြောတာ၊ ဆေးလိပ်သောက်တာ၊ ဖဲကစားတာတွေ လုပ်နေရင်ကိုပဲ ဧည့်သည်တွေ လန့်ပြီး ထွက်ပြေးကုန်ဖို့ လုံလောက်နေပြီ ဖြစ်သည်။
ချန်တာဟူ၏ ရည်ရွယ်ချက်မှာလည်း ပိုက်ဆံအနည်းငယ်ရဖို့တင် မဟုတ်ပါဘူး ။ သူက ပိုကြီးမားတဲ့ ပမာဏ၊ လူအင်အား ငှားရမ်းမှု၊ နယ်မြေလုပွဲတွေကိုသာ လိုချင်သူ ဖြစ်သည်။ အရင်က မြို့ဟောင်းမှာ ချန်းယွီအတွက် ဆိုင်နေရာတွေ လုပေးခဲ့ဖူးသလိုမျိုးပေါ့။
အခုချိန်မှာတော့ သူက တာယွင်တည်းခိုခန်းကို နှောင့်ယှက်နေခြင်း ဖြစ်သည်။ စီးပွားရေး ပိုကောင်းလေလေ၊ သူ ပိုပြီး လာပြလေလေ ဖြစ်မှာပါ။ မရှိတဲ့ ယွမ်တစ်သိန်းကို ရှန်ယွီ မမေ့သွားစေဖို့အတွက် နှိုးစက်တစ်ခုလို လာပြီး သတိပေးနေခြင်းသာ ဖြစ်သည်။
ချန်ကျန့်သည် ထို “နှိုးစက်” နှစ်ခုနောက်ကနေ ပထမထပ် တစ်ပတ် လိုက်ပြပေးလေသည်။
“ဘူဖေး လား”
လူမိုက် စားသောက်ခန်းထဲ ဝင်သွားသည့်အခါ ကျောက်ကျဲ အခုတင် ပြင်ဆင်ပြီးသွားသော ပူပူနွေးနွေး ဆန်ပြုတ်နှင့် မုန့်ပြားများကို မြင်သဖြင့် မုန့်ပြားတစ်ချပ်ကို လှမ်းယူစားလိုက်သည်။
ချန်ကျန့် ဘာမှမပြောဘဲ သူတို့နောက်ကနေသာ လိုက်နေသည်။
လောင်စစ်နှင့် လောင်ဝူတို့ကလည်း နောက်က လိုက်လာကြသည်။ တိုက်ရိုက် ဝိုင်းထားခြင်း မဟုတ်သော်လည်း အကွာအဝေးတစ်ခုမှာနေ၍ ချန်ကျန့်နှင့်အတူ တြိဂံပုံစံဖြင့် ဝိုင်းထားသလို ဖြစ်နေသည်။
ဒါက “ဝက်ခြံအဖွဲ့” ရဲ့ ထုံးစံအတိုင်းပါပဲ။ တိုက်ခိုက်နိုင်စွမ်း နည်းသဖြင့် တစ်ယောက်ချင်း မရင်ဆိုင်ရဲကြချေ။ ကြွက်တစ်ကောင်ကို ဖမ်းရင်တောင်မှ အုပ်စုလိုက် ဝိုင်းတတ်ကြသည်။ အနိုင်ရဖို့ မသေချာသောကြောင့် ဖြစ်သည်။
စားသောက်ခန်းကို တစ်ပတ်ပတ်ပြီး အစားအသောက် အချို့ မြည်းစမ်းပြီးနောက်၊ ထိုလူနှစ်ယောက်သည် ဘားကောင်တာကို စစ်ဆေးကာ ကဖေးဆိုင်ထဲသို့ ဝင်လာကြသည်။
“အော်... ကော်ဖီလည်း ရှိတာပဲလား။ အရင်တစ်ခါက သတိမထားမိလိုက်ဘူး” ဟု လူမိုက်က ဆိုသည်။
“တစ်ခွက်လောက် သောက်ရအောင်” လူမိုက်နောက်တစ်ယောက်ကလည်း ကိုယ်ကိုဆန့်ကာ လျှောက်လာသည်။
ချန်ကျန့်က ကဖေးဆိုင် မဖွင့်သေးဘူးဟု ပြောရန် ပြင်သော်လည်း၊ ဧည့်သည်အချို့ မနက်စာစားရန် ဆင်းလာကြသည်ကို မြင်သဖြင့် သူတို့ကို အထဲပေးဝင်လိုက်သည်။
၎င်းကို မြင်သည့်အခါ ဟူဖန်က ကော်ဖီဖျော်ပေးရန် လာခဲ့သည်။ ချန်ကျန့်က လက်မြှောက်ပြကာ သူမကို ပြန်ခိုင်းလိုက်သည်။ ဟူဖန် တစ်ယောက်တည်းသာ ကော်ဖီစစ်စစ်ကို ဖျော်တတ်သော်လည်း၊ ဒီလူနှစ်ယောက်အတွက်ကတော့ ချန်ကျန့်ကိုယ်တိုင်လည်း “ကော်ဖီဖျော်” ပေးနိုင်ပါသည်။
ချန်အာဟူတို့ လူစုက လက်ဖက်ရည်အရသာကို မခွဲခြားတတ်သလို၊ ချန်တာဟူတို့ လူစုကလည်း ကော်ဖီအရသာကို သိမှာမဟုတ်တာ သေချာသည်။ ထိုလူနှစ်ယောက် ထိုင်လိုက်သည်နှင့် ချန်ကျန့်က စက်နောက်ကွယ်သို့ သွားကာ စက်ကို ဖွင့်လိုက်သည်။ စက်က နိုးလာချိန်မှာပင် သူသည် ဖန်ခွက်နှစ်လုံးကိုယူ၊ ဗီဒိုထဲက အသင့်ဖျော် ကော်ဖီထုပ်နှစ်ထုပ်ကို ထုတ်ပြီး ဖောက်ထည့်လိုက်သည်။
ဒါတွေက လမ်းထိပ်က ဆိုင်မှာ ဝယ်ထားတာတွေပါ။ လောင်ဝူက ဟူဖန်ဖျော်တဲ့ ကော်ဖီကို မြည်းကြည့်ပြီးနောက် အသင့်ဖျော်ထုပ်က ပိုအရသာရှိတယ်လို့ ပြောခဲ့လို့ ဝယ်ထားခြင်း ဖြစ်သည်။
စက်က အဆင်သင့်ဖြစ်သည့်အခါ ချန်ကျန့်က ရေနွေးကို ဖွင့်ကာ ဖန်ခွက် တစ်ဝက်ကျော်အထိ ဖြည့်လိုက်သည်။ ဇွန်းဖြင့် သေသေချာချာ မွှေပေးပြီးနောက် မုန့်နှစ်ခုကို ပန်းကန်ပြားပေါ် တင်ကာ သူတို့ထံ သယ်သွားပေးလိုက်သည်။ ဆန်းပင်း အပြေးဝင်လာပြီး၊ သူ၏မန်နေဂျာက ဧည့်သည်တွေကို ဧည့်ခံနေတာ မြင်သည့်အခါ သူလည်း အနားသို့သွားကာ ချန်ကျန့်ဆီကနေ ဖန်ခွက်တွေကို ယူပြီး စားပွဲပေါ် တင်ပေးလိုက်သည်။
ထိုသူများကို နှုတ်တောင် ဆက်လိုက်သေးသည် ။
“ဘင်းကော... ကျီကော...”
“မင်းတို့ ဘော့စ် ဘယ်မှာလဲ ။ နှုတ်ဆက်ဖို့တောင် ထွက်မလာဘူးလား”
“သူ အပြင်သွားတယ်၊ ပြန်မလာသေးဘူး” ဟု ဆန်းပင်းက ပြန်ဖြေသည်။
“အလုပ်တွေ များနေလို့လား” ဘင်းကောဆိုသူက ကော်ဖီကို တစ်ငုံသောက်လိုက်သည်။
“သူများဆီမှာ အလုပ်လုပ်ရတာဆိုတော့လည်း အဲ့ဒီလိုပါပဲ ။ ခင်ဗျားတို့လို လွတ်လပ်မှုမျိုး ဘယ်ရှိပါ့မလဲ” ဟု ဆန်းပင်းက ဆိုလေသည်။
ချန်ကျန့် စက်နောက်သို့ ပြန်သွားပြီး ဟူဖန်ဆီ စာပို့လိုက်သည် ။
[ချန်လေး] - အာဟူကို ဒီဘက် လုံးဝ လွှတ်မလာနဲ့နော်။
[ဖန်ဖန်] - အိုကေ။
ထို့နောက် သူသည် ထိုလူနှစ်ယောက်၏ မျက်နှာချင်းဆိုင်တွင် သွားထိုင်လိုက်ပြီး၊ ဆန်းပင်းတို့ကိုတော့ သူတို့အလုပ် သူတို့သွားလုပ်ရန် အချက်ပြလိုက်သည်။
သူတို့တွေ အချိန်ဆွဲချင်သရွေ့ ဆွဲပါစေ။ အသင့်ဖျော်ကော်ဖီကတော့ သောက်ချင်သလောက် ရှိသည်လေ။
***
တည်းခိုခန်းမှ တောင်ပေါ်သို့ ဦးတည်သော လမ်းသွယ်လေးမှာ ငြိမ်သက်လှသည် ။ များသောအားဖြင့် တောင်တက်သမားများနှင့် စခန်းချမည့်သူများသာ ရှိတတ်သည်။ ခရီးသည် အများစုကတော့ ရေစီးအတိုင်း မျောပါတဲ့နေရာနားက လမ်းမကြီးကနေပဲ သွားကြတာပါ။
ဒီရက်ပိုင်းမှာတော့ လူတွေ သိသိသာသာ ပိုများလာသည်။ ရှန်ယွီအနေဖြင့် ဆိုင်ထဲမှာ မနေချင်သဖြင့် ဤအချိန်ကို ရွေးပြီး ထွက်လာခဲ့ခြင်း ဖြစ်သည်၊ သူ မရှိမှ မန်နေဂျာကလည်း စိတ်အေးလက်အေး အလုပ်လုပ်နိုင်မှာ မဟုတ်လား။
သူ ဖြည်းဖြည်းချင်း လမ်းလျှောက်လာခဲ့သည်။ တောင်တန်းတွေကတော့ အရောင်တွေ လုံးဝ ပြောင်းလဲသွားခဲ့ပြီ ။ အဝေးကို ကြည့်ကြည့်၊ အပေါ်ကို မော့ကြည့်ကြည့်၊ ဆောင်းဦးရဲ့ သစ်ရွက်နီတွေက နေရောင်အောက်မှာ တောက်ပနေလေသည်။
လှပလိုက်တာ။
သူ ဖုန်းကိုမြှောက်ကာ သစ်ရွက်နီတွေ ဝိုင်းရံထားတဲ့ ပြာလွင်နေတဲ့ ကောင်းကင်ယံကို ဓာတ်ပုံတစ်ပုံ ရိုက်လိုက်သည်။ သူ အဝေးကြီးသွားဖို့ မရည်ရွယ်ပါဘူး။ ဆရာဝန်က သူ့ကို နေ့တိုင်း လမ်းလျှောက်ခိုင်းသော်လည်း တောင်တက်ခိုင်းတာတော့ မဟုတ်ပါဘူး။
သူက ဘယ်လောက်အထိ သွားရင် ပင်ပန်းမလဲဆိုတာနဲ့ သူ၏ခြေထောက် ပြန်ကောင်းလာမှုကို စမ်းသပ်ချင်ရုံသာ ဖြစ်သည်။ ဒီလိုမျိုး သွားရလာရ ခက်ခဲနေတဲ့ ဘဝကို သူ တကယ် ငြီးငွေ့နေပြီလေ။
တစ်နာရီနီးပါး လမ်းလျှောက်ပြီးနောက်၊ လမ်းကွေ့တစ်ခုရှိ ကျောက်ဆောင်ကြီးတစ်ခုဘေးတွင် သူ ရပ်နားလိုက်သည်။ ထိုနေရာမှဆိုလျှင် မျက်နှာချင်းဆိုင် တောင်စောင်းက အရောင်စုံ တောအုပ်ကြီးနှင့် အောက်က တလဲ့လဲ့ စီးဆင်းနေသော မြစ်ပြင်ကို ကောင်းစွာ မြင်ရလေသည်။
သူ ခဏထိုင်နေပြီးနောက်တွင် နောက်သို့ လှဲချလိုက်တော့သည်။
သက်သောင့်သက်သာ ရှိလှသည်။
အရိပ်ထဲမှာ အေးမြနေသော်လည်း၊ နေပူရှိန်ကြောင့် နွေးနေတဲ့ ကျောက်ဆောင်ပေါ်မှာ လှဲနေရတာက တကယ်ကို ဇိမ်ရှိလှသည်။ သူ၏ ကိုယ်ခန္ဓာမှာ တဖြည်းဖြည်း ပျော့ခွေလာပြီး ကျောက်ဆောင်ပေါ်မှာတင် အိပ်ပျော်တော့မလို ဖြစ်လာသည်။
အိပ်မပျော်ခင် နောက်ဆုံး စဉ်းစားမိတာကတော့ - သိရင် နေ့တိုင်း ဒီမှာ လာအိပ်ပါတယ် ဆိုတာပါပဲ။ မျက်လုံးမှိတ်လိုက်တာနဲ့ လောကကြီးနဲ့ ပြတ်တောက်သွားသလိုမျိုး...။
“ဦးလေး! ရုပ်ချောကြီးရေ! ဟေး။”
ရှန်ယွီသည် ထိုအဝေးက အသံမှာ အိပ်မက်မဟုတ်မှန်း သိလိုက်သည်။ တစ်ယောက်ယောက်က သူ့ကို လှမ်းခေါ်နေခြင်း ဖြစ်သည်။
“သူ နိုးတော့မယ် ထင်တယ်” ထိုအသံက ထပ်ထွက်လာသည်။
“ဒါပေမဲ့ မသေချာဘူး... ဒဏ်ရာတော့ မတွေ့ဘူး... ငါတို့ အခု ၃ ကီလိုမီတာလောက်က ရှုခင်းကြည့်တဲ့ နေရာမှာ ရောက်နေတာ...”
ရှန်ယွီ ချက်ချင်းပင် မျက်လုံးပွင့်လာပြီး နိုးသွားတော့သည်။
“သူ နိုးလာပြီ။ ဟေး... ရုပ်ချောကြီး... အဆင်ပြေရဲ့လား”
“ကျွန်တော်... အိပ်ပျော်သွားလို့ပါ”
ရှန်ယွီ ထထိုင်လိုက်သည်။ လူငယ်တစ်ယောက်က သူ၏ဘေးတွင် ရပ်နေပြီး ရှန်ယွီ၏ ဖုန်းကို ကိုင်ကာ တစ်ဖက်နှင့် စကားပြောနေသည်ကို တွေ့လိုက်ရသည်။
“ကျွန်မတို့ လမ်းလျှောက်လာရင်း တွေ့တာပါ။ ရှင့်ဖုန်းက ကျောက်ဆောင်ပေါ်မှာ အဆက်မပြတ် မြည်နေတာကို ရှင်က လုံးဝ မနိုးလာလို့လေ”
မိန်းကလေးတစ်ယောက်က စိတ်အေးသွားသည့်ဟန်ဖြင့် ပြုံးလျက် ရှင်းပြ၏။
“လန့်သွားတာပဲ။ ရှင် တစ်ခုခု ဖြစ်နေပြီ ထင်လို့”
“ရော့... ဆောရီးနော်၊ စိုးရိမ်လို့ ဖုန်းကို ကိုင်လိုက်မိတာ”
ထိုလူငယ်က ဖုန်းကို လှမ်းပေးလိုက်သည်။
“ကျေးဇူးပါ” ရှန်ယွီ ဖုန်းမျက်နှာပြင်ကို ကြည့်လိုက်သည်။ ချန်ကျန့် ဖုန်းခေါ်နေခြင်း ဖြစ်သည်။ အချိန်က ၁၁ နာရီခွဲ ၊ မန်နေဂျာက သူ နေ့လယ်စာ စားမစား လာမေးတာ ဖြစ်မှာပါ။ ရှန်ယွီ ချောင်းတစ်ချက်ဟန့်လိုက်သည် ။
“ချန်ကျန့်။”
“မင်း အိပ်ဆေးတွေ သောက်ထားလို့လား” ချန်ကျန့်၏ အသံမှာ အမောတကော ဖြစ်နေဟန်ရှိသည်။
“ဒီလောက်ထိ နှစ်နှစ်ခြိုက်ခြိုက် မအိပ်ရတာ ကြာပြီလေ… ငါ အခုပဲ ဆင်းလာခဲ့မယ်”
“ခြေထောက်ကော အဆင်ပြေရဲ့လား” ချန်ကျန့်က မေးသည်။
“မပြေရင်လည်း လိမ့်ဆင်းလာမှာပေါ့”
ထိုလူငယ်များက မသွားသေးဘဲ သူ စကားပြောပြီးသည်ကို စောင့်နေကြသည်။ မိန်းကလေးက မေးသည် ။
“အောက်က တည်းခိုခန်း တစ်ခုခုမှာ တည်းနေတာလားဟင်”
“အင်း” ရှန်ယွီ ခေါင်းညိတ်ပြလိုက်သည်။
“ဘယ်တည်းခိုခန်းမှာလဲ” ထိုလူငယ်က အနားသို့ တိုးလာသည်။
“ကျွန်တော်တို့ မနေ့က တောင်ပေါ်မှာ အိပ်တာ... တအား အေးလွန်းလို့။ ဒီနေ့တော့ တည်းခိုခန်း တစ်ခုခုမှာ တည်းမလို့လေ”
“ကျွန်တော်ကတော့... တာယွင် မှာပါ။ ဒါပေမဲ့ အကုန်လုံးလည်း ကောင်းကြပါတယ်”
“အကြံပေးချင်တဲ့ တည်းခိုခန်းရှိလား ” လူငယ်က ထပ်မေးသည်။
သူတို့က အရင်က အတွေ့အကြုံဆိုးတွေ ရှိထားပုံရသဖြင့် သေသေချာချာ မေးနေခြင်း ဖြစ်သည်။
“...တာယွင် ပါပဲ” ဟု ရှန်ယွီက ဆိုလိုက်သည်။
“ဘာလို့ အဲ့ဒီတည်းခိုခန်းကိုပဲ ညွှန်းတာလဲ”
လူငယ်က စပ်စုပြန်သည်။
“ဝန်ဆောင်မှုကောင်းတယ်၊ အခန်းတွေ သန့်ရှင်းတယ်၊ ပန်းခြံလှတယ်၊ အစားအသောက်လည်း ကောင်းတယ်။ ဒါပေမဲ့ ဒါကတော့ တစ်ယောက်နဲ့တစ်ယောက် အမြင်ချင်းတော့ မတူနိုင်ဘူးပေါ့”
“ဟင်။” လူငယ်က သူ့ကို စိုက်ကြည့်လိုက်သည်။
“ငါက တာယွင်တည်းခိုခန်းရဲ့ ဘော့စ်လေ”
အားလုံး ခေတ္တမျှ ကြောင်အသွားပြီးမှ ရယ်မောလိုက်ကြတော့သည်။ နောက်ထပ် မိန်းကလေးတစ်ယောက်က ပြုံးလျက်
“တိုက်ဆိုင်လိုက်တာ။ ဒါဆို ကျွန်မတို့ တာယွင် မှာပဲ တည်းတော့မယ်”
“တာယွင်ကနေ ကြိုဆိုပါတယ်။ ခုနက ဖုန်းကို ကိုင်လိုက်တဲ့အကြောင်း မန်နေဂျာကို ပြောလိုက်ဦး၊ လျှော့ဈေး ပေးခိုင်းလိုက်မယ်”
“ကျေးဇူးပါ ဘော့စ်!”
ထိုလူငယ်များမှာ စကားပြောရယ်မောရင်း လမ်းအောက်သို့ ဆင်းသွားကြတော့သည်။ မန်နေဂျာကတော့ အလုပ်ရှုပ်နေလောက်မှာဆိုတော့ သူတို့ကို ကြိုဆိုဖို့ အချိန်ရပါ့မလား မသိချေ။
သူ စောစောက ထွက်လာတုန်းက ချန်တာဟူနဲ့ ပါလာတဲ့ လူနှစ်ယောက် လမ်းဘေးမှာ ဆေးလိပ်ထိုင်သောက်နေတာ သူ မြင်ခဲ့သည်။ သူတို့တွေ ဆေးလိပ်သောက်ပြီးရင် အထဲဝင်သွားကြမှာ သေချာသည်။
အချိန်ကို ကြည့်ရတာ သူတို့ အထဲရောက်နေလောက်ပြီ။ မဟုတ်ရင် မန်နေဂျာက ဖုန်းဆက်မှာ မဟုတ်ဘူးလေ။ အထဲမှာ ဘာတွေ ဖြစ်နေမလဲ သူ သိချင်မိသည်။
ထိုလူနှစ်ယောက်က တစ်ခုခုကို အကြောင်းပြပြီး လျှောက်ကြည့်နေကြလိမ့်မည်၊ ပြီးရင်တော့ ဘော့စ် ဝယ်လာတဲ့ ဟို အလှပြပုလင်းကို ကြည့်ဖို့ ကဖေးဆိုင်ထဲမှာ ထိုင်နေကြမှာပေါ့။
ဧည့်သည်တွေ အများကြီး ရှိနေတဲ့ကြားမှာ သူတို့တွေ ပြဿနာရှာဖို့တော့ မလွယ်ပါဘူး။
ဘယ်သူ့ကိုမှ လက်နဲ့မထိဘဲ သူတို့ကို ပြန်လွှတ်ဖို့ဆိုတာကတော့ တော်တော်လေးကို စိတ်ပျက်စရာ ကောင်းပေလိမ့်မည်။
ဟင်း...
သူ အပြင်ထွက်လာတာ တကယ်ပဲ မှန်သွားသည်။
ရှန်ယွီ အောက်သို့ ပြန်ဆင်းလာခဲ့သည်။ ခုနက တစ်ရေးအိပ်လိုက်ရသဖြင့် ခြေထောက်က တော်တော်လေး သက်သာနေပြီး လမ်းလျှောက်ရတာ အဆင်ပြေလှသည်။
သို့သော် အဆင်းလမ်းမှာတော့ အားစိုက်ရသဖြင့် နာကျင်လာသည်။ သူ ဒီနေ့ ခြေထောက်ကို အထင်ကြီးပြီး အဝေးကြီး လာမိသွားတာကိုး။
မကြာမီမှာပင် ချန်ကျန့်ကို သူ မြင်လိုက်ရသည်။ ရှန်ယွီ ရပ်လိုက်ပြီး မျက်ခုံးပင့်ကာ မေးလိုက်သည်။
“ဘာလို့ အပေါ်တက်လာတာလဲ”
“မင်း တောင်ပေါ်ကနေ လိမ့်ဆင်းလာမလားလို့ လာကြည့်တာလေ”
“အဲ့ဒီလောက်ကြီးလည်း မဆိုးပါဘူး။ ဘာလဲ... မင်းက ငါ့ကို တွန်းချပြီး လိမ့်ဆင်းတာကို ထိုင်ကြည့်ချင်လို့လား”
ချန်ကျန့် ဘာမှမပြောဘဲ ခြေလှမ်းတွေကို သတိထားဖို့သာ မြေပြင်ကို လက်ညှိုးညွှန်ပြလိုက်သည်။
သူတို့တွေ လမ်းပြန့်တဲ့ နေရာကို ရောက်တဲ့အခါ ချန်ကျန့်က
“တာဟူရဲ့ လူတွေ ခုနက ရောက်လာတယ်” ဟု ဆိုသည်။
“ဟုတ်လား ။ ပြန်သွားကြပြီလား”
“အင်း။ ပြဿနာတော့ မရှာပါဘူး ။ ကော်ဖီတစ်ခွက် သောက်ပြီး ပြန်သွားကြတာ”
“နောက်ရက်တွေမှာတော့ နေ့ခင်းဘက်မှာ များများနားထားပါ ။ ညဘက်ကျရင်တော့ နိုးနိုးကြားကြားတာပေါ့”
ချန်ကျန့် ရှန်ယွီ့ကို ကြည့်လိုက်သည်။
“ဘော့စ် က ဘာတွေ စီစဉ်နေတာလဲ...”
“ငါလုပ်တဲ့အတိုင်းသာ လိုက်လုပ်ပါ”
ရှန်ယွီ အများကြီး ထပ်မပြောချင်တော့ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ချန်အာဟူက ချန်တာဟူရဲ့ ညီလေ ။ တကယ်လို့ ချန်ကျန့် ပါဝင်ပတ်သက်နေတယ်လို့ သူ ထင်သွားရင် ပြဿနာအသစ်တွေ ဖြစ်လာနိုင်သောကြောင့် ဖြစ်သည်။
“ငါက အာဟူကို သွားပြောမှာ စိုးလို့လား”
ဒါကတော့ ချန်ကျန့်ရဲ့ ထုံးစံအတိုင်း မေးခွန်းပါပဲ။
“အာဟူကို ဘာလို့ သွားပြောရမှာလဲ။ သူ့ဆီ သွားပြီး အမှတ်ယူချင်လို့လား၊ ဒါမှမဟုတ် မင်းက လောင်ဝူရဲ့ နောက်မှာ ‘လောင်လျူ’ (နံပါတ် ၆) အဖြစ် တန်းစီချင်လို့လား”
ရှန်ယွီ့ အပြောတစ်ပေါက်ကြောင့် ချန်ကျန့် ခေတ္တမျှ တန့်သွားပြီးမှ ရယ်မောမိတော့သည်။
“တစ်ခုခု ပြောင်းလဲတာရှိရင် ငါ မင်းကို အသိပေးမှာပါ။ အပြောင်းအလဲတွေက အများကြီးရှိနိုင်တယ်လေ၊ ဒါက ရာနှုန်းပြည့် သေချာတဲ့ စီမံကိန်းတော့ မဟုတ်ဘူး”
“အင်း”
ချန်ကျန့် ကိုယ်ကိုလှည့်ကာ ရှေ့ကနေ ဦးဆောင် လျှောက်သွားလေသည်။ ရှန်ယွီ ခဏလောက် လိုက်လာပြီးနောက် မနေနိုင်တော့ဘဲ “ဖယ်ဦး” ဟု ဆိုလိုက်သည်။
“ဘာလို့လဲ”
ချန်ကျန့် လမ်းဖယ်ပေးပြီး နောက်သို့ လှည့်ကြည့်သည်။
“ငါ လိမ့်ဆင်းတော့မလို့လေ” ဟု ရှန်ယွီက ဆိုလိုက်သည်။
ချန်ကျန့်နှစ်စက္ကန့်လောက် ကြောင်သွားပြီးမှ ရှန်ယွီကို လက်လှမ်းပေးလိုက်သည်။
“လမ်းမလျှောက်နိုင်တော့ဘူးလား”
“ဒီအတိုင်းပဲ လိမ့်ဆင်းချင်လို့ပါဆို” ရှန်ယွီက ပြန်ပြောသည်။
ချန်ကျန့် အနားသို့ ပြန်တိုးသွားပြီး ရှန်ယွီလက်မောင်းကို လှမ်းကိုင်လိုက်သည်။
“နောက်တစ်ခါ လျှောက်လည်ချင်ရင် လမ်းပြန့်တဲ့ နေရာကိုပဲ ရွေးပါဗျာ။ အဲ့ဒါမှ ဝှီးချဲနဲ့ တွန်းလို့ရမှာပေါ့”
“ခြေထောက်ကိရိယာ မဖြုတ်မချင်းတော့ နောက်တစ်ခါ အပြင်မထွက်တော့ပါဘူး”
အဲ့ဒီစကားကို လျူဝူ ရောက်လာတဲ့အခါမှ ပြောကြည့်လိုက်ပါဦး။
လျူဝူနဲ့ သူ၏ သူငယ်ချင်းတွေက မနက်ဖြန် ရောက်လာကြတော့မှာပါ။ သူက ချန်ကျန့်ဆီကို ဖုန်းတွေ အကြိမ်ကြိမ် ဆက်နေလောက်လို့၊ သူ၏ အဆောင်နေဖက် သူငယ်ချင်းတွေက သူ ရည်းစားရနေပြီလို့တောင် ထင်နေကြတာလေ။ ဒီလောက်ထိ စိတ်လှုပ်ရှားနေပြီး သူ၏ အစ်ကိုကို “Surprise” လုပ်ဖို့ အောင့်ထားရတာဆိုတော့…သူတို့ ပြန်တွေ့ကြရင်တော့ ရှန်ယွီရဲ့ နားထဲမှာ အသံတွေ ညံနေမှာ သေချာသည်။
သူတို့ ပြန်ရောက်တဲ့အခါ ဟူဖန်တို့ လူစုက စားသောက်ခန်း ထောင့်က စားပွဲလေးမှာ ထိုင်စားနေကြသည်ကို တွေ့ရသည်။ အလယ်က စားပွဲအကြီးကြီးမှာ မဟုတ်ဘဲ ပထမဆုံးအကြိမ် သီးသန့်ထိုင်စားနေကြခြင်း ဖြစ်သည်။
စားပွဲအကြီးကြီးပေါ်မှာတော့ သစ်သီးတွေနဲ့ မုန့်တွေ အပုံလိုက်ကြီး ရှိနေသလို၊ ဘေးက ခြင်းလေးနှစ်ခြင်းထဲမှာတော့ ဟူဖန်က ဝင်းထဲနဲ့ တောစပ်ကနေ ကောက်လာတဲ့ လှပတဲ့ သစ်ရွက်ကြွေလေးတွေ ရှိနေသည်။ အဲ့ဒါတွေကို သန့်ရှင်းရေးလုပ်ထားပြီးသား ဖြစ်ပြီး ဧည့်သည်တွေ ပန်းခြံထဲမှာ ဓာတ်ပုံရိုက်ရင် အလှဆင်ဖို့အတွက် ထားပေးထားခြင်း ဖြစ်သည်။
“ပစ္စည်းတွေ တော်တော် စုံတာပဲ”
ရှန်ယွီ လျှောက်သွားပြီး လိမ္မော်သီး တစ်လုံးယူလိုက်သည်။ ထို့နောက် ဂျယ်လီ တစ်တုံးကိုယူကာ အိတ်ကပ်ထဲ ထည့်လိုက်သည်။
“ဘော့စ် ရုံးခန်းထဲမှာလည်း အဲ့ဒါတွေ အစုံရှိပါတယ်။ ဖန်ဖန်က မင်းအတွက် သီးသန့် သွားပို့ပေးထားတယ်လေ”
ရှန်ယွီ ခေတ္တမျှ တုံ့ဆိုင်းသွားပြီးမှ ဂျယ်လီကို ပြန်ထုတ်ကာ စားပွဲပေါ် ပြန်တင်လိုက်သည်။
“ယူပြီးမှတော့ ထားလိုက်ပါတော့ ။ ဂျယ်လီ တစ်တုံးတည်းဟာကို” ချန်ကျန့် သက်ပြင်းချလိုက်မိသည်။
“မင်းက ငါ့ကို လာစနေတာလား” ရှန်ယွီက သူ့ကို လှည့်ကြည့်သည်။
“...ပြောပြရုံတင်ပါ”
ရှန်ယွီ ဂျယ်လီကို ပြန်ယူလိုက်ပြီး ယခုတစ်ကြိမ်တွင်တော့ အခွံခွာကာ ပါးစပ်ထဲ ထည့်လိုက်တော့သည်။
“မင်းတို့ စားပြီးရင် ငါ့အတွက် စားစရာ တစ်ခုခု ယူလာပေးပါဦး။ ငါ ရုံးခန်းထဲမှာပဲ စားတော့မယ်”
“အင်း”
ညနေပိုင်းကတော့ မနက်ပိုင်းထက် ပိုပြီး အလုပ်များလှသည်။ ဧည့်သည် အများစုမှာ ထိုအချိန်တွင် ရောက်လာကြခြင်း ဖြစ်သည်။ လူတွေ တစ်ပြိုင်နက်တည်း ရောက်လာသည့်အခါ ချန်အာဟူတို့ လူစုက ဟူဖန်ကို ဝိုင်းကူပေးကြရလေသည်။
ချန်ကျန့်ကတော့ ပြဿနာရှိမရှိနှင့် ချန်တာဟူတို့ အရိပ်အယောင် ရှိမရှိကို အချိန်မှန် ပတ်ကြည့်နေရသည်။ ပုံမှန်အားဖြင့်တော့ နေ့ခင်းကြောင်တောင်မှာ ဘာမှမဖြစ်နိုင်သော်လည်း ချန်တာဟူကတော့ သာမန်လူတွေလို တွေးတတ်သူ မဟုတ်လေရာ သတိထားရမည် မဟုတ်လား။
ဒါပေမဲ့ လျူဝူနဲ့ သူ၏ ကျောင်းသားတွေ ရောက်လာတဲ့ အခါမှာတော့ ဘာမှ စောင့်ကြည့်နေစရာ မလိုတော့ပါဘူး။ ထို ‘ပျော်ရွှင်ခြင်း အဖွဲ့သားတွေ’ နဲ့သာ ဆုံလိုက်ရင် ချန်တာဟူပဲ ဖြစ်ဖြစ်၊ ဝံပုလွေကြီးပဲ ဖြစ်ဖြစ် အားလုံးက ပျော်ရွှင်ခြင်း အဖွဲ့သားတွေအဖြစ် ပြောင်းလဲသွားကြမှာ သေချာသည်။
“ချန်ကျန့်” လျူဝူ ဝင်းထဲကို ဝင်လာတာနဲ့ လက်နှစ်ဖက်ကို ဘေးသို့ အစွမ်းကုန် ဖြန့်လိုက်ပြီး အော်ခေါ်တော့သည် ။
“ချန်ကျန့် ။ မန်နေဂျာချန်ရေ”
သူ့နောက်က ကျောင်းသားတွေကလည်း တစ်ပြိုင်နက်တည်း လိုက်အော်ကြသည်။
“မန်နေဂျာချန်ရေ”
ချန်ကျန့် အမြန် ပြေးထွက်လိုက်ရတော့၏။
“ငါ ဒီမှာ”
“မတွေ့တာ ကြာပြီနော်!” လျူဝူက ချန်ကျန့်၏ ပုခုံးကို လှမ်းဖက်လိုက်သည် ။
“အစ်ကိုရေ တကယ်ကို ကြာသွားပြီ!”
လူတွေ ပျော်နေတဲ့ အချိန်မှာတော့ အချိန်တွေက တကယ်ကို မြန်မြန် ကုန်ဆုံးသွားတာပဲလေ။
“ခဏနေရင် မင်းလူတွေ ဝန်ထမ်းတွေနောက် လိုက်သွားပြီး အိတ်တွေကို အခန်းထဲ သွားထားလိုက်ကြဦး။ နေရာချပြီးရင် မှတ်ပုံတင်တွေကို ဧည့်ကြိုကောင်တာမှာ လာပေးကြပေါ့...”
ချန်ကျန့်က သူတို့ကို အထဲသို့ ခေါ်ဆောင်လာခဲ့သည်။
“ငါ့အစ်ကို ရှိလား” လျူဝူက တိုးတိုးလေး မေးသည်။
“ငါလာမယ်ဆိုတာ မင်း သူ့ကို မပြောပြဘူး မဟုတ်လား”
“မပြောပါဘူး” ချန်ကျန့်က အသံနှိမ့်၍ ဆိုသည်။
“ဒီနေ့ အခန်း ၁၅ ခန်း ရောင်းထွက်သွားပြီ ဆိုတာပဲ သူ သိတာ”
“လာကြဟေ့။ သွားရှာရအောင်”
လျူဝူက ပြုံးရွှင်လျက် သူ၏ သူငယ်ချင်းများကို လက်ဝှေ့ယမ်းပြလိုက်သည်။
“မင်းတို့ ဝန်ထမ်းတွေနောက် လိုက်သွားကြ။ ငါကတော့ သူတို့ ဘော့စ်ကို သွားတွေ့လိုက်ဦးမယ်”
ပြောလိုက်တာကတော့ တကယ့်ကို ခန့်ညားလှပေတယ်။
“ပထမထပ်ကလူတွေ ကျွန်မနောက် လိုက်ခဲ့ပါ” ဟူဖန်က လက်မြှောက်ပြသည် ။
“ဒုတိယထပ်ကလူတွေကတော့ သူ့နောက် လိုက်သွားကြပေါ့”
“ဒုတိယထပ်။ ဒုတိယထပ်။” ဆန်းပင်းက လက်မြှောက်ပြကာ လှေကားဘက်သို့ ဦးတည်သွားသည်။
“အိတ်အလေးကြီး ပါတဲ့လူတွေကတော့ ဓာတ်လှေကား စီးလို့ ရပါတယ်”
လျူဝူမှာ ကျောပိုးအိတ် တစ်လုံးတည်းသာ ပါသဖြင့် ဓာတ်လှေကားကို ကျော်ပြီး စတုတ္ထထပ်အထိ ပြေးတက်သွားတော့သည်။
“ဟို ရုံးခန်းဟောင်းကြီးကိုပဲ သုံးနေတုန်းလား။ တအား ခေတ်နောက်ကျနေတာပဲ။ ကျွန်တော်က သူ ပြန်ပြင်လိုက်မယ်လို့ ထင်နေတာ”
“အဲ့ဒါက ပိုက်ဆံကုန်တယ်လေ ညီလေးရဲ့”
ရုံးခန်းတံခါးဝသို့ ရောက်သည့်အခါ ချန်ကျန့် တံခါးခေါက်လိုက်သည်။
“ဝင်ခဲ့ပါ” ရှန်ယွီက လှမ်းထူးလိုက်သည်။
လျူဝူ တံခါးကို ဝုန်းခနဲ တွန်းဖွင့်ဝင်သွားပြီး -
“ချစ်လှစွာသော ဝမ်းကွဲအစ်ကိုကြီးရေ ။ ဘယ်သူလဲဆိုတာ ခန့်မှန်းကြည့်စမ်း”
“မင်း ဘာလာလုပ်တာလဲ” ရှန်ယွီ ကုလားထိုင်ပေါ် မှီထိုင်နေရာမှ ချန်ကျန့်ဘက်သို့ လှည့်ကြည့်လိုက်သည် ။
“သူ့ကို အပြင်ကို ပြန်မောင်းထုတ်လိုက်စမ်းပါ”
ချန်ကျန့် ပြုံးနေသော်လည်း မလှုပ်မယှက် ရှိနေသည်။
“အံ့သြသွားလား” လျူဝူ စားပွဲပေါ် လက်ထောက်ပြီး သူ့အစ်ကိုကို စိုက်ကြည့်ရင်း မေးသည်။
“ဒါဆို ဟို အခန်း ၁၅ ခန်းက မင်းလက်ချက်ပေါ့ ဟုတ်လား”
ရှန်ယွီ၏ လေသံမှာ ပျင်းရိနေဆဲဖြစ်သလို မျက်နှာအမူအရာကိုလည်း မပြောင်းလဲအောင် ထိန်းထားသော်လည်း လျူဝူကိုတော့ ပြန်နောက်ပေးနေသည်။
“မမျှော်လင့်ထားဘူး မဟုတ်လား။ အကုန်လုံးက ငါ့အတန်းဖော်တွေချည်းပဲ ။ နောက်မှ အသေးစိတ် ပြောပြမယ်” လျူဝူ သူ၏ ကျောပိုးအိတ်ကို ဆိုဖာပေါ် ပစ်တင်လိုက်ပြီး ရေခဲသေတ္တာလေးကို ဖွင့်ကြည့်လိုက်သည် ။
“ကိုလာ တစ်ဘူးလောက် သောက်ဦးမယ် ။ ဒါက ဘာလို့ သကြားမပါတဲ့ဟာ ဖြစ်နေတာလဲ”
“သကြားပါတာ သောက်ချင်ရင် အောက်ထပ်ဆင်းသောက်လေ”
“မလိုပါဘူး။ သကြားမပါလည်း ရပါတယ်”
လျူဝူက ကိုလာကို သောက်ရင်း သူ၏ ကျောပိုးအိတ်ကို ဖွင့်လိုက်သည်။
“ခဏလေးနော်။ အစ်ကိုတို့ နှစ်ယောက်အတွက် လက်ဆောင်တွေ ယူလာတယ်”
“လက်ဆောင်။”
ချန်ကျန့် မျက်တောင်ခတ်ရင်း သတိဝင်လာသည်။
“ဒါပေါ့။ ငါနဲ့ ငါ့အစ်ကို ခရီးသွားတိုင်း တစ်ယောက်ကိုတစ်ယောက် လက်ဆောင် ဝယ်ပေးနေကျလေ”
လျူဝူက ဗူးနှစ်ဗူး ထုတ်ယူလိုက်သည်။ သူ ဗူးတွေကို တစ်ချက်ကြည့်ပြီး ရှန်ယွီရှေ့သို့ တစ်ဗူး ချပေးလိုက်သည် ။
“အစ်ကို ဖောက်ကြည့်ဦး ။ ကြိုက်လားလို့”
နောက်တစ်ဗူးကိုတော့ ချန်ကျန့်ရှေ့မှာ ချပေးလိုက်သည်။
“ဒါက မင်းအတွက်၊ ကြည့်လိုက်ဦး”
“ကျေးဇူးပဲ” ချန်ကျန့် ဗူးကို ဖွင့်ကြည့်လိုက်သည်။ အထဲတွင် ပုတီးလက်ပတ်တစ်ခု။ လျူဝူကတော့ ဒါတွေကို တကယ် ကြိုက်ပုံရသည်။ အမြဲတမ်း ဒါတွေကိုပဲ လက်ဆောင်ပေးနေကျ မဟုတ်လား။
ရှန်ယွီ၏ ဗူးထဲတွင်လည်း အတူတူပင် ဖြစ်သည်။
“နှစ်ခုလုံးက အတူတူပဲလား”
ရှန်ယွီ မေးလိုက်ခြင်းဖြစ်သည်။
လက်ပတ်ဆင်တူနဲ့ပေါ့ မခန့်တာ
ReplyDelete