Skip to main content

31





အပိုင်း (၃၁)




“အတူတူပဲလား”

ချန်ကျန့်သည် လက်ထဲရှိ ပုတီးလက်ပတ်ကလေးမှာ ရုတ်တရက် ပူလောင်လာသလို ခံစားလိုက်ရသည်။ ကိုင်ထားရမှာလည်း အနေခက်၊ ပြန်ချထားရမှာလည်း အဆင်မပြေ ဖြစ်နေသဖြင့် သေသေချာချာ ကြည့်ရှုစစ်ဆေးနေဟန် ဆောင်နေလိုက်ရသည်။

အတူတူပဲဆိုရင် ဘာလို့ ဗူးနှစ်ဗူးနဲ့ သီးသန့်ခွဲထည့်ထားတာလဲ။

“မတူပါဘူး ။ ကျွန်တော် တမင်ကို ဗူးနှစ်ဗူးနဲ့ ခွဲထည့်ထားတာပါ”

ချန်ကျန့် သက်ပြင်းတစ်ချက် ခိုးချလိုက်ပြီး ရှန်ယွီ၏ လက်ကောက်ဝတ်ကို အမြန်လှမ်းကြည့်မိသည်။ ထို့နောက် သံသယစိတ်က ပြန်ဝင်လာပြန်သည်။ အတူတူပဲ မဟုတ်ဘူးလား။ အကုန်လုံးက သစ်သားပုတီးစေ့တွေချည်းပဲကို။

“ဘာကွာလို့လဲ”

ရှန်ယွီသည်လည်း လက်ပတ်ကို ဟိုလှည့်ဒီလှည့် လုပ်ရင်း မေးသည်။

“ကြည့်လေ”

လျူဝူက သူ၏အင်္ကျီလက်ကို မတင်လိုက်ရာ သူ၏လက်ကောက်ဝတ်တွင်လည်း ဆင်တူလက်ပတ်အချို့ ရှိနေသည်ကို တွေ့ရသည်။ သူက တစ်ခုကို ဖြုတ်ပြလိုက်ပြီး …

“ဒီသုံးခုက ကြည့်ရတာ ဆင်တူပေမဲ့....”

ဒါဆို အရင်ကအတိုင်း အတူတူပဲပေါ့။ ချန်ကျန့် နောက်တစ်ကြိမ် သက်ပြင်းချလိုက်မိပြန်သည်။ ရှန်ယွီနှင့် ပစ္စည်းချင်း တူနေမှာကို သူ စိတ်ပူနေခြင်း မဟုတ်။ အဓိကကတော့ ဖော်ပြမတတ်သော အနေရခက်မှုကြောင့်သာ။ သည်ရက်ပိုင်းအတွင်း ဧည့်သည်တွေနှင့် ပြဿနာတွေကြောင့် အလုပ်များနေသဖြင့် သူ အတွေးမလွန်အားခဲ့ပေ။ အခုမှ စိတ်အေးရုံရှိသေး၊ လျူဝူက ဆင်တူလက်ပတ်နှစ်ခုနှင့် ပေါ်လာသဖြင့် ခေါင်းမွှေးတွေပင် ထောင်တက်သွားမတတ် ခံစားလိုက်ရခြင်း ဖြစ်သည်။

“ဒီပုတီးစေ့က မတူဘူးလေ” လျူဝူက အရောင်အနည်းငယ် ကွဲနေသော ပုတီးစေ့တစ်စေ့ကို လက်ညှိုးညွှန်ပြသည်။ “ဒီအပေါ်မှာ စာလုံးတစ်လုံး ထွင်းထားတာ!”

“စာလုံး?”

ချန်ကျန့် သူ၏လက်ပတ်ကို အကြာကြီး လှည့်ကြည့်ပြီးမှ အရောင်မတူသော ပုတီးစေ့လေးကို တွေ့လိုက်ရသည်။ သူသည် အနုစိတ်ထွင်းထားသော ထိုစာလုံးကို မျက်မှောင်ကြုတ်ကာ ကြည့်နေမိသည်။ မိမိ၏အမည်မှာ ချန်ကျန့် ဖြစ်မှန်းသာ ကြိုမသိထားလျှင် ထိုသေးငယ်လှသော စာလုံးမှာ “ကျန့်” (澗) ဖြစ်မှန်း သူ သိနိုင်မည် မဟုတ်ပါဘူး။

“ဒါက ‘ယွီ’ (Yu) မဟုတ်လား” ရှန်ယွီသည်လည်း သူ၏စာလုံးကို သိသွားပုံရသည်။

“ဟုတ်တယ်၊ ကျွန်တော့်ဟာမှာတော့ ‘ဝူ’ (Wu) လို့ ထွင်းထားတာ။ ကျွန်တော် ကိုယ်တိုင် ထွင်းထားတာပါ”

“ကျေးဇူးပဲ” ချန်ကျန့်က ဆိုလိုက်သည်။ တခြားအရာတွေကို ထည့်မစဉ်းစားလျှင်တောင်မှ လက်ဖြင့် သေသေချာချာ ထွင်းထားသော သည်လက်ဆောင်က သူ့ကို တကယ် စိတ်လှုပ်ရှားစေသည်။ သူ နောက်ဆုံးရခဲ့ဖူးသော လက်လုပ်လက်ဆောင်မှာ ရှောင်သိုအာက သစ်ရွက်ခြောက်တွေပေါ်မှာ စာရေးပြီး ပေးခဲ့သည့် ကတ်ပြားလေးပင် ဖြစ်သည်။

“အားနာမနေပါနဲ့.... အလုပ်သိပ်မရှုပ်ပါဘူး” လျူဝူက သူ၏လက်ပတ်ကို ပြန်ဝတ်လိုက်ရင်း …

“အစ်ကို.... ကျွန်တော့်လက်ရေး ဘယ်လိုလဲ”

“ကားတာယာတွေကို ဖောက်ဖို့အတွက်ဆိုရင်တော့ တော်တော်ကောင်းတဲ့ လက်ရေးပဲ”

ရှန်ယွီက သူ့ဝစီအတိုင်းပြန်ဖြေပေးသည် ။ ရှန်ယွီ လက်ဖဝါးကို ဖြန့်ကာ လက်ပတ်ကို လက်ကောက်ဝတ်သို့ လျှောချလိုက်သည့်အခါ ပုတီးစေ့လေးများ ထိမိသံ ခပ်တိုးတိုး ထွက်ပေါ်လာသည်။

ချန်ကျန့်လည်း ခေါင်းငုံ့ကာ လက်ပတ်ကို ဝတ်လိုက်သည်။

“မင်းတို့ ဘာဆက်လုပ်ဖို့ စီစဉ်ထားလဲ” ရှန်ယွီက ခြေထောက်တစ်ဖက်ကို စားပွဲပေါ် တင်လိုက်ရင်း မေးသည်။ ခေါင်းဆောင်မပါဘဲ ရောက်နေကြတဲ့ ကျောင်းသားအုပ်စုဆီကို သူတို့ခေါင်းဆောင်ကို ပြန်လွှတ်ဖို့ ပြင်လိုက်ခြင်း ဖြစ်သည်။

“ကျွန်တော် ချန်ကျန့်ကို ပြောပြီးပါပြီ ။ မမျှော်လင့်ထားဘူး မဟုတ်လား.... ကျွန်တော်တို့ အစကတည်းက အဆက်အသွယ် ရှိနေတာလေ”

“တကယ်ပဲ မထင်ထားဘူး” ရှန်ယွီက သူ့ကို တစ်ချက်ကြည့်လိုက်သည်။

“မင်းအမေကိုရော ပြောခဲ့ရဲ့လား”

“ပြောခဲ့ပါတယ်” လျူဝူ၏ လေသံမှာ အနည်းငယ် တုန်ယင်သွားသည်။ ရှန်ယွီက ဘာမှ ပြန်မပြောဘဲ စားပွဲကို လက်ချောင်းဖြင့် အသာအယာ တောက်ရင်း သူ့ကို စိုက်ကြည့်နေသည်။

“တကယ် ပြောတာပါဗျာ”

လျူဝူမှာ စိုးရိမ်သွားပြီး စားပွဲကို လိုက်တောက်ရင်း ပြောပြရတော့သည်။

“သူငယ်ချင်းတွေနဲ့ ခရီးထွက်မယ်လို့ပဲ ပြောလိုက်တာပါ”

“ဘယ်ကိုလဲလို့ မမေးဘူးလား”

“ဒီကိုလို့ပဲ ပြောလိုက်တာပေါ့” လျူဝူက ဆိုကာ ချန်ကျန့်ကို လှမ်းကြည့်သည်။ “မင်း ဒီမှာရှိနေတာကိုတော့ သူ မသိဘူးလေ”

ချန်ကျန့် ခေါင်းကို အနည်းငယ် စောင်းလိုက်မိသည်။

အစကတည်းက အောက်ထပ်ကို အရင်ဆင်းဖို့ ဇွတ်ပြောခဲ့သင့်တာ။ လျူဝူကတော့ အရာအားလုံးကို ထုတ်ပြောပြနေတုန်းပဲ။

“မင်း ဘယ်မှာ ရှိနေလဲဆိုတာ သူတို့ သိနေရင်တော့ ရပါပြီ” ရှန်ယွီက ဆက်ပြီး မမေးတော့ပါဘူး။ “

သွားပြီး စာရင်းသွင်းလိုက်ကြတော့၊ ပြီးမှ သွားကစားကြပေါ့”

“ကျွန်တော်တို့ အခု ဈေးဝယ်ထွက်မလို့လေ၊ အသားတွေ ဘာတွေ ဝယ်ပြီးရင် ချန်ကျန့်က နယ်ပေးမယ် ပြောထားတာ”

လျူဝူမှာ ပျော်စရာကိစ္စ ပြောရသည့်အခါ ချက်ချင်း မျက်နှာဝင်းပသွားသည်။

“ဒီည အသားကင် စားကြမလို့! အစ်ကိုကော လိုက်မလား”

“မလိုဘူး။ ငါက မင်းတို့လို အစိမ်းစားတဲ့လူတွေနဲ့ မယှဉ်နိုင်ပါဘူး”

လျူဝူသည် ဖုန်းကို နားမှာကပ်ရင်း ကျောင်းသားအုပ်စုဆီ ပြန်သွားရန် အောက်ထပ်သို့ ဆင်းသွားလေသည်။ ချန်ကျန့်သည် ကျန်နေသော ဗူးခွံကို ယူကာ အောက်ဆင်းရန် ပြင်စဉ် ရှန်ယွီက လှမ်းခေါ်လိုက်သည်။

“ချန်ကျန့်”

“ဗျာ?” ချန်ကျန့် လှည့်ကြည့်သည်။

“တကယ်လို့ အဲ့ဒါက....” ရှန်ယွီက သူ၏လက်ကောက်ဝတ်ကို ညွှန်ပြရင်းမှ…

“ဝတ်ရတာ အနေခက်တယ်ဆိုရင် မဝတ်လည်း ရပါတယ်၊ သူလည်း လာကြည့်နေမှာ မဟုတ်ဘူး”

ချန်ကျန့် သူ၏လက်ပတ်ကို ငုံ့ကြည့်လိုက်ပြီး ခေတ္တ တုံ့ဆိုင်းသွားသည်။ ရှန်ယွီက အဲ့ဒီလို ပြောလာမှတော့ သူကလည်း အရေးတယူ လုပ်မနေတော့ပါဘူး။

“ရပါတယ်၊ ဝတ်ထားလိုက်ပါ့မယ်။ သူ ကိုယ်တိုင် ထွင်းထားတာပဲဟာ”

“ကောင်းပါပြီ ။ သွားတော့လေ”

“ညစာ ဘာစားမလဲ”

ချန်ကျန့်က မေးလိုက်သည်။

“ဒီည ဧည့်သည်တွေ များနေတာရယ်၊ ကျောက်ကျဲကလည်း လျူဝူတို့အတွက် အသားနယ်ပေးရမှာဆိုတော့ ဝန်ထမ်းတွေအတွက် မချက်ခိုင်းတော့ဘူးလေ။ ကျွန်တော် အပြင်ကပဲ ဝယ်လာခဲ့မယ်”

“ဘာဖြစ်ဖြစ် ရပါတယ်။ တခြားလူတွေ ဘာမှာလဲ၊ အဲ့ဒါကိုပဲ ငါ့အတွက် တစ်ပွဲ ပိုဝယ်လာခဲ့ပေါ့”

“ဟုတ်ကဲ့” ချန်ကျန့် ခေါင်းညိတ်ပြလိုက်သည်။

ပထမထပ်က ဆူညံသံများကို တတိယထပ်အထိ ကြားနေရလေသည်။ ချန်ကျန့် အောက်သို့ တန်းမဆင်းဘဲ တတိယထပ်ရှိ အားကစားခန်းမထဲသို့ ဝင်ခဲ့သည်။ အလုပ်များနေသော်လည်း သူ့အတွက်တော့ အခုလောလောဆယ် လုပ်စရာ မရှိသေးပါဘူး။ မွန်းလွဲပိုင်းက အဖေ့ဆီကို ဒဏ်ရာအကြောင်း မေးဖို့ စာပို့ထားသော်လည်း အခုထိ စာပြန်မလာသေးချေ။ သူ တိုက်ရိုက်ပင် ဖုန်းခေါ်လိုက်သည်။

အရင်ကဆိုလျှင် အဖေ စာမပြန်လျှင် သူ ဖုန်းမခေါ်ပါဘူး။ အဖေ အလုပ်ပြီးမှပဲ ပြန်ပြောလိမ့်မည်ဟု သိထားသောကြောင့် ဖြစ်သည်။ အဖေကလည်း ထိုအတိုင်းပါပဲ။ ဒါပေမဲ့ အခုတော့ အခြေအနေက မတူတော့ပါဘူး။ အဖေ ဒဏ်ရာရထားမှန်း သူ သိနေသည် မဟုတ်လား။

စာပြန်မလာသည့်အခါ သူ စိုးရိမ်နေမိသည်။ ဖုန်းအတော်ကြာ ခေါ်ပြီးမှ အဖေက ကိုင်သည်။

“ဟယ်လို!” အဖေ့အသံမှာ အနည်းငယ် တုန်ယင်နေသည် အနားယူနေပုံ မရပါဘူး။

“ပါး မနားဘူးလား ။ အပြင်ထွက်နေတာလား”

“သိပ်ပြီး မထိခိုက်ပါဘူးကွာ၊ ကားမောင်းလို့ ရပါတယ်”

“လက်က အဲ့ဒီလို ဖြစ်နေတာကို ကားမောင်းနေတုန်းပဲလား!”

ချန်ကျန့် အသံကို နှိမ့်ထားသော်လည်း စိုးရိမ်စိတ်နှင့် စိတ်ပျက်မှုတို့မှာ ရောယှက်နေလေသည်။

“နောက်တစ်ခါ ထပ်လဲရင် ဘယ်လိုလုပ်မလဲ!”

“စကားတွေကို လျှောက်မပြောပါနဲ့ကွာ။ ငါ မလဲပါဘူး၊ မောင်းလာတာ နှစ်တွေ ကြာပါပြီ”

“ကျွန်တော် အခု ပိုက်ဆံ အတော်အတန် ရှာနိုင်နေပါပြီ အဖေ။ အဖေ ရှာသလောက်ကို ကျွန်တော် ကာမိပါတယ်၊ တစ်လလောက်ပဲ နားလိုက်ပါဦး”

“အလုပ်တွေက လက်ခံထားပြီးသားလေ....” အဖေ့အသံမှာ ဝေဝါးနေသည်။

ချန်ကျန့် တိတ်ဆိတ်သွားပြီး သက်ပြင်းအသာ ချလိုက်မိသည်။ အဖေ နားမှာမဟုတ်မှန်း သူ သိသလို၊ ပြောလို့လည်း ရမှာမဟုတ်မှန်း သူ သိထားသည်။ သူ ဖုန်းခေါ်ရခြင်းမှာ အဖေ အလုပ်လုပ်ရင်း ဒဏ်ရာကို ပိုဆိုးအောင် လုပ်နေမလားဆိုတာ သိချင်ရုံသာ။ အဖေလည်း ဘာမှ ထပ်မပြောတော့ပါဘူး။ စက္ကန့်အနည်းငယ် ကြာသည့်အခါ ဖုန်းလိုင်း ပြတ်တောက်သွားတော့သည်။

ချန်ကျန့် အလေးမခုံပေါ်တွင် ထိုင်ကာ ခေါင်းငုံ့လျက် အကြာကြီး ငြိမ်နေမိသည်။ သူ တကယ်ကို အားကိုးရာမဲ့သလို ခံစားလိုက်ရသည်။ သားအဖနှစ်ယောက်ကြားက တိတ်ဆိတ်လှသော ဆက်ဆံရေးကို ဖျက်ဆီးဖို့ တွန်းအားပေးခဲ့တဲ့ ရှန်ယွီကို သူ ကျေးဇူးတင်သော်လည်း၊ တကယ်တမ်း လက်တွေ့ရင်ဆိုင်ရသည့် အခါတွင်မူ နာကျင်လှသည်။ အဖေ ဘယ်လိုနေလဲဆိုတာ သူ သိချင်သော်လည်း၊ အဖြေက “မကောင်းဘူး” ဖြစ်နေသည့်အခါ သူ ဘာလုပ်ရမှန်း မသိတော့ချေ။

ဖုန်းမျက်နှာပြင် မှောင်သွားသည့်အခါ အားကစားခန်းမတစ်ခုလုံး အမှောင်အတိ ကျသွားတော့သည်။ အောက်ထပ်မှ ရယ်မောသံများနှင့် စကားပြောသံများမှာ အမှောင်ထဲတွင်တော့ လက်တွေ့မကျသလို ခံစားရစေသည်။ ထိုစဉ် ဓာတ်လှေကား အသံကြားရပြီး တံခါးပွင့်လာသည်။ ထို့နောက် ကြမ်းပြင်ကို တစ်ခုခုနှင့် ထောက်လာသော အသံကို ကြားလိုက်ရသည်။

အတွေးများ ရှုပ်ထွေးနေသော်လည်း ထိုအသံကို ကြားရုံနှင့် ရှန်ယွီမှန်း သူ သိလိုက်ရသည်။ ဒါပေမဲ့ သူ မလှုပ်ရှားမိပါဘူး ထိုနေရာမှာတင် တောင့်တောင့်ကြီးထိုင်နေမိသည်။ ရှန်ယွီ ဖြစ်နေ၍လည်း ဖြစ်နိုင်ပါသည်။ သူသည် ချန်ကျန့်၏ လျှို့ဝှက်ချက်များကို သိထားသူ မဟုတ်ပါလား။

ရှန်ယွီ အားကစားခန်းမ တံခါးဝတွင် ပေါ်လာခဲ့သည်။ သူက တီရှပ်တစ်ထည်နှင့် ပေါ့ပေါ့ပါးပါးပင် ဖြစ်သည်။ သူ၏ချိုင်းထောက်ကို လွှဲရိုက်လိုက်သည့်အခါ မီးခလုတ်ကို တိကျစွာ ထိမှန်သွားပြီး မီးလင်းလာခဲ့သည်။ မီးပွင့်လာသည့်အခါ ရှန်ယွီက ခုံပေါ်မှာ ထိုင်နေတဲ့ ချန်ကျန့်ကို မြင်လိုက်ရသည် ။

“ဟာ! လန့်သွားတာပဲ!”

“ကျွန်တော်ပါ”

ချန်ကျန့် လွှတ်ခနဲ ပြောလိုက်မိသည်။

“မနက်ဖြန်မှ ပြန်ပြောလည်း ရတာပဲကို” ရှန်ယွီက တိုးတိုးလေးနှင့် ရွဲ့ ငေ့ါသည်။

ချန်ကျန့် ပြုံးလိုက်မိသည်။

“ဘာဖြစ်လို့လဲ” ရှန်ယွီ သူ၏ချိုင်းထောက်ဖြင့် တံခါးကို ပိတ်လိုက်သည်။

“ခဏ နားနေတာပါ” ချန်ကျန့် ထရပ်လိုက်သည်။

“ဘော့စ်ရောအားကစား လုပ်မလို့လား”

“နားမလို့လေ” ရှန်ယွီက စက်တစ်ခုပေါ်တွင် ဝင်ထိုင်လိုက်သည်။

“ဒီည အသားကင်ပွဲကို သူတို့ မင်းကို သေချာပေါက် ဖိတ်ကြလိမ့်မယ်၊ ဟူဖန်တို့ကိုလည်း ဖိတ်မှာပဲ”

“သူတို့ပဲ သွားပါစေ။ ကျွန်တော်ပဲ စောင့်နေလိုက်မယ်။ ဒီညတော့ အလုပ် သိပ်မရှိပါဘူး”

“ဘာလို့ ရုတ်တရက်ကြီး စိတ်ဓာတ်ကျနေတာလဲ။ အလုပ်မှာ ပြဿနာရှိလို့လား”

ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ချန်ကျန့်မနေနိုင်။ အခြေအနေကို ထုတ်ပြောလိုက်မိသည်။

“အဖေ အပြင်မှာ အလုပ်ပြန်ဆင်းနေပြီ။ နားပုံမရဘူး”

ရှန်ယွီ နားထောင်ချင်မလားတော့ သူ မသေချာပါဘူး၊ ဒါပေမဲ့ သူ ရင်ဖွင့်ဖို့ တစ်ယောက်ယောက်ကို လိုအပ်နေတာလေ။

“မင်းပြောစကား သူနားမထောင်ဘူးပေ့ါ။”

“အင်း” ချန်ကျန့် ခေါင်းညိတ်ပြသည်။

“နားမှာ မဟုတ်မှန်း သိပါတယ်။ အများဆုံး တစ်ရက် နှစ်ရက်လောက်ပဲ နားမှာပေါ့”

“သူက သူ ပိုလုပ်နိုင်လေ၊ မင်း ပိုပြီး သက်သာလေဖြစ်မယ်လို့ တွေးနေတာ ဖြစ်မှာပေ့ါ”

ချန်ကျန့် သက်ပြင်းချလိုက်မိသည်။

“ဘော့စ် လည်း အဲ့ဒီလိုပဲ တွေးနေတာ မဟုတ်လား”

ချန်ကျန့် ခေါင်းလှည့်ကာ သူ့ကို အကြာကြီး စိုက်ကြည့်နေပြီးမှ ပြုံးလိုက်သည်။

“အင်း။ ဒါက ဖြေရှင်းလို့ရတဲ့ ကိစ္စ မဟုတ်ပါဘူး။ ဖြေရှင်းဖို့လည်း မလိုပါဘူး။ စိုးရိမ်တာ၊ ဂရုစိုက်တာ၊ စိတ်ပူတာတွေကတော့ ဖြစ်ရမှာပဲလေ။ ရင်ထဲမှာ သိမ်းမထားဘဲ ထုတ်ပြောလိုက်ရုံပါပဲ”

“အင်း”

“မင်း အားနေတုန်း တစ်ခုလောက် ခိုင်းရဦးမယ်။ ငါ့ရုံးခန်းထဲက အံဆွဲထဲမှာ စက္ကူအိတ် တစ်အိတ် ရှိတယ်။ သွားယူလာပေးပါလား”

“အခုလား”

“မဟုတ်ရင်လည်း မင်း အလုပ်ရှုပ်နေတဲ့ အချိန်အထိ စောင့်လိုက်ရမလား” ရှန်ယွီက ဆိုသည်။

ချန်ကျန့် ပြုံးလိုက်ပြီး အားကစားခန်းမထဲမှ ထွက်လာခဲ့သည်။ ၎င်းမှာ စက္ကူညိုအိတ် တစ်အိတ် ဖြစ်လေသည်။ သူ ယူလိုက်သည့်အခါ အိတ်မှာ ပွင့်နေပြီး အထဲတွင် လက်ငင်းငွေတွေ ပါနေမှန်း သိလိုက်ရသည်။

ဘာပိုက်ဆံလဲ။ ဘာအတွက်လဲ။

“မင်းရဲ့ လစာလေ” ရှန်ယွီက ချန်ကျန့်၏ အတွေးတွေကို ချက်ချင်း ဖြတ်ပြောလိုက်သည်။

“တခြားလူတွေကိုတော့ ဘဏ်ကနေ လွှဲပေးလိုက်ပြီ။ မင်းဟာကိုတော့ ငါ စောစောကတည်းက ထုတ်ထားတာ၊ ခရီးသွားတဲ့နေ့ကတည်းက ပေးမလို့လေ....”

အကြောင်းအမျိုးမျိုးကြောင့် ထိုစဉ်က မပေးဖြစ်ခဲ့တာ အားလုံး အသိပင်။ ချန်ကျန့် ခေတ္တမျှ ငိုင်သွားပြီးမှ သတိပြန်ဝင်လာသည် ။

“ကျွန်တော် လစာ ရပြီးပြီ မဟုတ်လား”

“မင်းက ပိုက်ဆံကို ဂရုမစိုက်ဘူးဆိုရင်၊ အစတုန်းက ဘာလို့ လစာကို အပိုတောင်းခဲ့တာလဲ” ရှန်ယွီက မဲ့ကာရွဲ့ကာဖြင့် ဆိုသည်။

“ဂရုစိုက်တယ်ဆိုရင်ကော၊ ဘာလို့ မန်နေဂျာ အလုပ်ကို အလကား လုပ်ပေးချင်နေရတာလဲ”

ချန်ကျန့် အကြာကြီး စိုက်ကြည့်နေမိသည်။

“ဗျာ?”

“မန်နေဂျာလစာက ယွမ် ခြောက်ထောင်လေ၊ ဒါပေမဲ့ အဲ့ဒီထဲမှာ လေးထောင်ပဲ ပါတယ် ။ ဘာလို့လဲဆိုတော့ ငါ့ကို ပြုစုပေးတဲ့ သူနာပြုခအတွက် နှစ်ထောင် နှုတ်လိုက်လို့လေ။ နောက်လလည်း ဒီအတိုင်းပဲ၊ သူနာပြုခ နှုတ်ပြီး လေးထောင်ပဲ ပေးမယ်။ ငါ့ခြေထောက် ကောင်းသွားလို့ မင်း ငါ့နောက် လိုက်နေဖို့ မလိုတော့မှ အကုန် ပြန်ပေးမယ်”

ချန်ကျန့် သူ့ကို ကြည့်နေမိသည်။

“တွက်ချက်ပုံကို နားလည်ရဲ့လား မန်နေဂျာ” ရှန်ယွီက မေးလိုက်သည်။

“ဟုတ်၊ နားလည်ပါတယ်” ချန်ကျန့် ခေါင်းညိတ်ပြလိုက်သည်။

“ငါက မင်းတစ်ယောက်တည်းကိုပဲ ပေးတာ မဟုတ်ပါဘူး။ ဘာမှမရှိတဲ့ အခြေအနေကနေ အခုလို ဖြစ်လာတာ၊ ဒီလူတွေ မပါရင် တည်းခိုခန်း ရှိလာမှာ မဟုတ်ဘူးလေ။ ပေးသင့်တာ ပေးရမယ်၊ တိုးပေးသင့်ရင် တိုးပေးရမှာပေါ့။ နောက်ပိုင်း စီးပွားရေး ကျသွားရင်တော့လည်း နှုတ်ရမှာ”

“ကိုယ့်စီးပွါးရေးကြောင်းကိုတော့ ကောင်းတာလေးပဲ ပြောပါ ဘော့စ်ရာ” ချန်ကျန့် မနေနိုင်ဘဲ ကြားဖြတ်ပြောလိုက်မိသည်။

“မင်းက တော်တော် အယူသီးတာပဲ” ရှန်ယွီ ရယ်မောလိုက်သည်။

“ပိုက်ဆံကိုသာ ရက်ရက်ရောရော သုံးနေတာ၊ စကားလေး ဘာလေးလည်း ချန်ပြောပါဦး။ ပါးစပ်ပိတ်ထားတာက ပိုက်ဆံ တစ်ပြားမှ မကုန်ပါဘူး”

ရှန်ယွီ ဘာမှ ပြန်မပြောဘဲ ပါးစပ်ကို ဇစ်ဆွဲပြသည့် အမူအရာ လုပ်ပြလေသည်။

“ကျွန်တော် အောက်ဆင်းတော့မယ် ။ လျူဝူတို့ အဖွဲ့ ဈေးဝယ်ထွက်တော့မယ် ထင်တယ်....”

ရှန်ယွီက ဇစ်ဆွဲပြသည့် အမူအရာကို ထပ်လုပ်ပြပြန်သည်။

ဘယ်အချိန်ကစလို့ မန်နေဂျာက ဧည့်သည်တွေ ဈေးဝယ်ထွက်တာကို လိုက်ပို့ပေးရတာလဲ။ ငါတို့ဆီမှာ အဲ့ဒီလို ဝန်ဆောင်မှု မရှိဘူးလေ။ ညီအစ်ကိုတွေ ဖြစ်နေရင်တောင်မှပေါ့။

“သူတို့ ထွက်သွားမှပဲ အောက်ဆင်းတော့မယ်၊ အဲ့ဒါမှ ပိုပြီး တိတ်ဆိတ်မှာပေါ့”

ကျောင်းသားတွေ အကုန်လုံး ဈေးမထွက်ကြပါဘူး။ သူတို့က တာဝန်ခွဲထားကြသည်လေ မိန်းကလေးအချို့နှင့် အထုပ်သယ်ပေးမည့် ယောကျ်ားလေးအချို့က ဈေးသွားကြပြီး၊ ကျန်တဲ့လူတွေက တည်းခိုခန်းမှာ ကျန်ခဲ့ကြသည်။ အချို့က ပန်းခြံထဲမှာ၊ အချို့က လမ်းသွယ်ထဲမှာ၊ အချို့ကတော့ ကဖေးဆိုင်ထဲမှာ ထိုင်နေကြသည်။ ဟူဖန်ကတော့ ကဖေးဆိုင်ထဲမှာ သူတို့အတွက် ကော်ဖီတွေ ဖျော်ပေးနေလေသည်။

“ဟူဖန်… ကျောင်းသားတွေ အားလုံး အခန်းတွေ အကုန် စာရင်းသွင်းပြီးပြီလား”

ချန်ကျန့် လျှောက်လာရင်း ဟူဖန်ကို မေးလိုက်သည်။

“ဟုတ် သွင်းပြီးပြီ ။ လတ်တေး တစ်ခွက်လောက် သောက်မလား မန်နေဂျာ၊ နို့နည်းနည်း ကျန်သေးတယ်”

“မင်းကော မသောက်ဘူးလား”

“ကျွန်မက စက်စမ်းကြည့်ရင်းနဲ့ တအား သောက်မိသွားလို့ အခု ရင်တုန်နေတာလေ”

ဟူဖန်က ပြုံးလျက် ဆိုကာ လတ်တေးတစ်ခွက် ကမ်းပေးလိုက်သည်။

“ဒီညတော့ အိပ်ရမှာ မဟုတ်တော့ဘူး ထင်တယ်”

“အစ်မ!” မိန်းကလေးတစ်ယောက် ကင်မရာတစ်လုံးနှင့် ပြေးလာသည် ။

“အစ်မရဲ့ ပုံလေးတစ်ပုံလောက် ရိုက်လို့ ရမလားဟင်”

“ဝါး.... ကင်မရာအစစ်ကြီးပါလား၊ ရတာပေါ့”

ဟူဖန်က စိတ်ရင်းစေတနာအပြည့်ဖြင့် ဆိုကာ ကော်ဖီဖျော်စက်ကို ကိုင်ပြီး မှန်ဘီလူးကို ကြည့်ကာ ပြုံးပြလိုက်သည်။ ချန်ကျန့် ဘေးသို့ ဖယ်ပေးလိုက်သည်။

“အစ်မက ကြည့်ရတာ တော်တော်လေး ထူးခြားပြီး လှတယ်နော်။ ပုံတွေ ပြင်ပြီးရင် အစ်မဆီ ပို့ပေးမယ်လေ”

“ကျေးဇူးပါပဲ” ဟူဖန် ပြုံးလိုက်သည်။

ထိုမိန်းကလေး ပုံအချို့ရိုက်ပြီးနောက် သူမ၏ သူငယ်ချင်းများရှိရာ ပန်းခြံထဲသို့ ပြေးထွက်သွားတော့သည်။

“ဟူး....” ဟူဖန် မေးထောက်ရင်း ငေးကြည့်နေသည် ။

“သူတို့တွေ တကယ် ပျော်နေကြတာပဲနော်”

“ကျောင်းသားတွေပဲလေ....” ချန်ကျန့် ပြုံးလိုက်မိသည်။

“တောက်!” ဟူဖန် ပြတင်းပေါက် အပြင်ဘက်ကို ကြည့်ကာ နှုတ်ခမ်းမဲ့လိုက်သည်။

“လောင်ဝူကို ကြည့်စမ်း၊ အရူးတစ်ယောက်လို ဖြီးနေတာ”

ချန်ကျန့် လှမ်းကြည့်လိုက်သည့်အခါ လောင်ဝူတင်မကဘဲ အာဟူပါ ပါနေသည်ကို တွေ့ရသည်။ သူတို့တွေက ကျောင်းသားတွေ ဓာတ်ပုံရိုက်တာကို ကူညီပေးနေကြခြင်း ဖြစ်သည် သစ်ရွက်တွေကို ကျဲပေးလိုက်၊ ဦးထုပ်ကို ယပ်ခတ်ပေးပြီး လေတိုက်တဲ့ ပုံစံလုပ်ပေးလိုက်နှင့်ပေါ့....။ တာယွင်၏ လုံခြုံရေး စနစ်တစ်ခုလုံး ပြိုလဲသွားခဲ့လေပြီ။

“ဖန်ဖန်” လျူဝူ ပြေးလာသည် ။

“ဒီည အားလား၊ ကျွန်တော်တို့နဲ့ အသားကင် လာစားလေ”

ချန်ကျန့်လည်း ရှိတာ သတိထားမိမှ…

“မန်နေဂျာချန်လည်း လာခဲ့လေ” လျူဝူက ထပ်မံ ဖိတ်ခေါ်သည်။

“မန်နေဂျာကတော့ မလာတော့ပါဘူး၊ ဖန်ဖန်ပဲ သွားပါစေ” ချန်ကျန့် ခွင့်ပေးလိုက်၏။

“တကယ်လား။ ဒီည ကျွန်မ ဧည့်ကြိုကောင်တာမှာ ဂျူတီလေ”

“ငါ လဲပေးမယ်”

“ကျေးဇူးပါပဲ မန်နေဂျာကြီး!” ဟူဖန် မျက်ခုံးပင့်ကာ ဝမ်းသာသွားတော့သည်။

“ဒါဆို ကျွန်မအတွက် ညစာ ဝယ်မလာနဲ့တော့နော်”

“အင်း” ချန်ကျန့် ခေါင်းညိတ်ပြလိုက်သည်။

သူမ ညစာတင်မကဘဲ အာဟူ၊ လောင်စစ်နှင့် လောင်ဝူတို့အတွက်လည်း ဝယ်စရာ မလိုတော့ပါဘူး။ ဆန်းပင်းကိုပါ လွှတ်ချင်သော်လည်း ဆန်းပင်းက မသွားပါဘူး။

“မနေ့က ချန်တာဟူရဲ့ လူတွေ ရောက်လာသေးတယ်လေ၊ ဒီနှစ်ရက်တော့ တစ်ယောက်ယောက် ရှိနေမှ ဖြစ်မယ်။ ပြီးတော့.... ကျွန်တော် အလုပ်ကို ပိုပြီး ကြိုးစားချင်လို့ပါ....”

ချန်ကျန့်ကို ဆန်းပင်းကို ကြည့်မိသည်။ ဆန်းပင်းက သူ့စကားကို ထပ်ရှင်းပြသည်။

“နောက်မှ ပြောမလို့ပါပဲ၊ ကျွန်တော် တည်းခိုခန်းရဲ့ တရားဝင် ဝန်ထမ်းအဖြစ် ဝင်ချင်လို့ပါ”

ချန်ကျန့် ခဏမျှ တန့်သွားသည်။ အခုလောလောဆယ် ဆန်းပင်းတို့မှာ အာဟူ၏ လူများအဖြစ် အလုပ်လုပ်နေကြခြင်း ဖြစ်သည်။ တရားဝင် ဝန်ထမ်းအဖြစ် ဝင်ရောက်ခြင်းမှာ တစ်နည်းအားဖြင့် ဝက်ခြံဂိုဏ်းကနေ ထွက်ခွာခြင်းပင် ဖြစ်သည်။

“အာဟူကို ပြောပြီးပြီလား” ချန်ကျန့်က မေးလိုက်သည်။

“အင်း…ပြောပြီးပြီ။ သူလည်း ကောင်းတယ်လို့ ပြောတယ်”

၎င်းမှာ ချန်ကျန့်ကို အံ့သြသွားစေသည် အာဟူက သူ၏ လက်ရုံးကို “ဘက်ပြောင်း” ဖို့ သဘောတူခဲ့သည်ပေါ့။

“သူလည်း ဒီမှာပဲ နေချင်တာလေ။ လောင်စစ်နဲ့ လောင်ဝူကတော့ နှစ်သစ်ကူးပြီးရင် လက်လုပ်လက်စား သင်တန်းတွေ သွားတက်ကြမှာဆိုတော့.... သူလည်း နောက်ကျရင် နောက်လိုက်မရှိတဲ့ ဘော့စ် ဖြစ်တော့မှာလေ” ဆန်းပင်းကထပ် ရှင်းပြသည်။

“အင်း ။ ဒါဆို သူတို့တွေ ထွက်သွားမှ သူလည်း ဒီကို ပြောင်းလာမှာပေါ့ ဟုတ်လား”

“ဟုတ်တယ်။ သူ့အစ်ကို ကိစ္စက သူ့ကို တော်တော် ထိခိုက်သွားပုံရတယ်၊ ရုတ်တရက် လောကကြီးကို နားလည်သွားသလိုပဲ.... ဒါနဲ့လေ ရှန်ယွီကော သဘောတူပါ့မလား”

“ဘာလို့ သဘောမတူရမှာလဲ” ရှန်ယွီ၏ အသံမှာ တတိယထပ် ဝရန်တာမှ ထွက်ပေါ်လာသည်။ လက်ထဲတွင် ဘာဂါတစ်ခု ကိုင်ထားလေသည်။

“ဘော့စ်ချန်ကနေ လုံခြုံရေးချန် ဖြစ်သွားတာပေါ့။ ငါ့အတွက်တော့ အကျိုးပဲ ရှိတာပါ၊ အရှုံးမှ မရှိတာ”

***

ချန်ကျန့် ဘာဂါကို တစ်လုပ်ကိုက်ရင်း အောက်ထပ်သို့ လှမ်းကြည့်လိုက်သည်။ ခြံထဲက မီးရောင်များ လင်းနေသလို၊ လမ်းသွယ်တစ်လျှောက်က မီးရောင်များကလည်း လှုပ်ခါနေသည် အေးချမ်းပြီး သက်ဝင်လှုပ်ရှားနေလေသည်။

“ဆန်းပင်းနဲ့ ကျောက်ကျဲတို့ ဘာစားနေကြလဲ” ရှန်ယွီက မေးသည်။

“ခရမ်းချဉ်သီး အမဲသား ထမင်းပေါင်းလေ” ချန်ကျန့်က ဆိုသည်။

ရှန်ယွီ တိတ်ဆိတ်သွားပြီး သူ့ကို စိုက်ကြည့်နေသည်။

“ဘာဖြစ်လို့လဲ” ချန်ကျန့် နောက်တစ်လုပ် ထပ်ကိုက်ရင်း ပြန်ကြည့်လိုက်သည်။

“ငါ့ကိုကျတော့ ဘာလို့ ဒါကျွေးရတာလဲ”

“ဘော့စ် ပဲ ဘာဖြစ်ဖြစ် ရတယ်၊ တခြားလူတွေ မှာတာကိုပဲ တစ်ခု ပိုမှာလိုက်လို့ ပြောတာလေ” ချန်ကျန့်က ဆိုသည်။

“ဒါက အနောက်တိုင်းစာလေ.... ကိုလာလည်း ပါသေးတယ်။ သကြားပါတဲ့ဟာနော်”

ရှန်ယွီ ခပ်တိုးတိုး ရယ်မောလိုက်သည်။

“အေးပါလေ”

“မကြိုက်ရင် ဆန်းပင်းနဲ့ လဲလိုက်လေ ။ သူ ကင်းလှည့်နေတုန်းပဲ၊ မစားရသေးဘူး”

“ရပါတယ်၊ ဒါပဲ စားမယ်” ရှန်ယွီက ဆိုသည်။

“မင်းက ‘အစားမရွေးဘူး’ မဟုတ်လား ။ တကယ် အစားမရွေးဘူးလို့ ကျွန်တော် ထင်နေတာ”

“ရွေးစရာ မရှိတဲ့ အချိန်ကျမှ မရွေးတာပါဗျာ။ ဘယ်လောက် ဆိုးဆိုး စားတာပေါ့ ။ ရွေးခွင့်ရှိရင်တော့ ကိုယ်ကြိုက်တာကိုယ် ရွေးတာပေါ့”

“အခုတော့ မင်းမှာ ရွေးခွင့်မရှိဘူးလေ” ချန်ကျန့်က ဆိုလိုက်သည်။

“အင်း” ရှန်ယွီ တစ်လုပ်ကိုက်လိုက်သည်။

“မင်းက အမြဲတမ်း အဲ့ဒီလိုပဲလား” ချန်ကျန့်က အတူတူ ကိုက်ရင်း မေးလိုက်သည်။

ရှန်ယွီ ဘာမှမပြောဘဲ ဖြည်းဖြည်းချင်း ဝါးနေရင်း သူ့ကို စိုက်ကြည့်နေသည်။ ချန်ကျန့်လည်း လိုက်ကိုက်ရင်း အဖြေကို စောင့်နေလိုက်သည်။ မျိုချပြီးသည့်နောက်တွင် ရှန်ယွီက ဘာဂါကို ဗူးထဲ ပြန်ထည့်လိုက်ပြီး…

“ငယ်ငယ်ကတည်းကပဲ။ ငါ့အဖေ သတ်မှတ်ထားတဲ့ စည်းကမ်းလေ” ဟု ပြန်ဖြေလေ၏။

Comments

  1. အဘိုးကြီးက ဘယ်လိုထိန်းကျောင်းလဲ မသိ😬စည်းကမ်းချည်းပဲ

    ReplyDelete
  2. သူ့အဖေကောင်းလို့ တို့ဘောစ့် လိမ္မာတာ

    ReplyDelete

Post a Comment

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

2

အခန်း (၂) မိုးမှာ တဖွဲဖွဲတစ်လှည့်၊ သည်းထန်စွာတစ်လှည့် ဆက်လက်ရွာသွန်းနေဆဲ…ဆိုင်တံခါးအပြင်ဘက်ရှိ မိုးကာအမိုးပေါ်တွင် ရေများပြည့်လျှံနေပြီး အချိန်မရွေး ပြိုကျတော့မည့်အလား ။ လျူဝူသည် ထိုအမိုးကို ခေတ္တမျှ စောင့်ကြည့်နေပြီးနောက် လက်ညှိုးထိုးပြကာ မေးမြန်းစူးစမ်းခန်းစသည်။ “အဲ့ဒီဟာက ရေတွေကို အလိုအလျောက် စီးဆင်းအောင် လုပ်ပေးနိုင်တာလား” “ဟုတ်တယ်” ချန်ကျန် ခပ်တိုတိုပဲ ပြန်ဖြေ၏။ “ဟင်” လျူဝူသည် အံ့အားသင့်သွားပြီး “တကယ်ကြီး အလိုအလျောက်လား” ဟု ထပ်မေးသည်။ “အသံနဲ့ ခိုင်းရတာလေ” “ဗျာ” ချန်ကျန့် အဖြေကြောင့် လျူဝူမှာ ပို၍ပင် ဝေခွဲမရဖြစ်သွားတော့သည်။ ရှန်ယွီသည် သက်ပြင်းချရင်း မျက်နှာကို အခြားတစ်ဖက်သို့ လွှဲလိုက်ရ‌တော့၏။ ချန်ကျန် မတ်တတ်ရပ်လိုက်ပြီး တံခါးဘေးရှိ ခွတစ်ခုကို ယူကာ မိုးကာအမိုးအောက်သို့ လမ်းလျှောက်သွားသည်။ ထို့နောက် အမိုး၏ အပေါ်ဘက်ကို နှစ်ချက်ခန့် ဆွလိုက်ရာ စုပုံနေသော မိုးရေများမှာ ဝေါကနဲ စီးကျသွားပြီး မိုးကာအမိုးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ “မင်း ပြောလိုက်တဲ့ ခဏမှာပဲ ရေတွေက စီးဆင်းသွားတာလေ” ချန်ကျန် ပြန်လည်ထိုင်လိုက်ရင်း “အသံနဲ့ ခိုင်းရတာဆိုတာ အဲ့ဒါကို ပြောတာ” ဟု ဆိုသည်။ “အသံနဲ့ ခိုင်းရတယ်ဆို...