အပိုင်း (၃၃)
အမေဖြစ်သူ၏ အသံကို မကြားရသည်မှာ ကြာပြီဖြစ်သည်။ ဖုန်းထဲကတစ်ဆင့်သာ ကြားရခြင်းဖြစ်သော်လည်း ရှန်ယွီ၏ ရင်ထဲတွင် လွမ်းဆွတ်မှုနှင့် အလှမ်းဝေးမှုတို့ ရောပြွမ်းကာ ခပ်သဲ့သဲ့ တုန်ခါသွားရသည်။
ထောင်ထဲသို့ ရောက်သွားကတည်းက သူသည် မိဘများ၏ ထောင်ဝင်စာ လာတွေ့ခြင်းကို ငြင်းပယ်ခဲ့သည်။ မိဘများတင်မကဘဲ လျူဝူမှလွဲ၍ မည်သူ့ကိုမျှ မတွေ့ခဲ့ချေ။ လျူဝူကို တွေ့ခဲ့ခြင်းမှာလည်း ထိုစဉ်က တက္ကသိုလ်ဝင်စာမေးပွဲ နီးနေပြီဖြစ်ရာ စိတ်မကောင်းဖြစ်ပြီး စာမေးပွဲကို ထိခိုက်မည်စိုးသောကြောင့် ဖြစ်သည်။ ထောင်က ထွက်လာပြီးနောက်တွင်လည်း လျူဝူမှလွဲ၍ တခြား မိသားစုဝင်များ၊ ဆွေမျိုးများကို မတွေ့ရသေးချေ။
ဘာကြောင့်လဲဆိုတာကို သူ အတိအကျ မပြောနိုင်ပါ။ တစ်ခုခုက သူ၏ အသက်ရှူလမ်းကြောင်းကို ပိတ်ဆို့ထားသလို ခံစားရသည်။ သူတို့အပေါ် မည်သို့ ရှင်းပြရမည်၊ မည်သို့ ရင်ဆိုင်ရမည်ကို သူ မသိခဲ့ချေ။ ပြီးတော့ ကြိုးစားကြည့်ဖို့ရာလည်း သူ၏ စွမ်းအင်တွေက မလောက်ငတော့ပါဘူး။
“ဒဏ်ရာက ဘယ်လိုလဲ။ ဘယ်နေရာမှာ ထိထားတာလဲ”
“ဟင်”
ရှန်ယွီ ခေတ္တမျှ ကြောင်သွားသည်။ မားမားက သည်နေရာကို ဖုန်းဆက်နိုင်သည်မှာ အံ့သြစရာ မဟုတ်ပါ၊ လျူဝူက သူတို့ ဘယ်ကို ခရီးထွက်နေသည်ကို ပြောထားပြီးသားဖြစ်ရာ၊ သူမက လိုက်စုံစမ်းလျှင် သည်နေရာကို ခြေရာခံနိုင်မှာ အသေအချာပင်။ သို့သော် ဒဏ်ရာအကြောင်းကိုတော့ လျူဝူကို နှုတ်ပိတ်ထားပြီးသားလေ။ ဒါပေမဲ့ လျူဝူကလည်း ပြောပြခဲ့မှာ မဟုတ်ပါဘူး၊ မဟုတ်ရင် အခုလို ဘယ်နေရာမှာ ဒဏ်ရာရတာလဲလို့ လိုက်မေးနေမှာ မဟုတ်ဘူးလေ။
“ရှောင်ဝူက သူ့အဖေရဲ့ ကားကို ဆေးရုံဆီ နှစ်ခါ မောင်းသွားတယ်၊ နှစ်ခါစလုံးက မင်းကို သွားကြိုတာ မဟုတ်လား။ ကားထဲက မှတ်တမ်းတွေကို ကြည့်ရင် သိနိုင်တာပဲလေ”
“အကွက် လွတ်သွားတာပဲ”
ရှန်ယွီ မျက်မှောင်ကြုတ်လိုက်မိသည်။
“သူ့မှာ ‘အကွက်’ ဆိုတာ မရှိပါဘူး၊ တစ်ခုလုံးက အလွဲတွေချည်းပဲ။ ဒဏ်ရာက ပြင်းထန်လား”
“မပြင်းပါဘူး။ အခု အဆင်ပြေနေပါပြီ”
“ဘယ်တော့ အိမ်ပြန်လာမှာလဲ”
ရှန်ယွီ ခေတ္တမျှ တိတ်ဆိတ်သွားပြီးမှ ပြန်ဖြေလိုက်သည်။
“ကြည့်ရဦးမှာပေါ့။ အခုမှ တည်းခိုခန်းက ဖွင့်ခါစဆိုတော့ အလုပ်များနေလို့…”
“ရှန်ယွီ... ငါ မင်းကို ပြောဖူးပါတယ်၊ မင်းအဖေနဲ့ ငါက မင်းရဲ့ ဘဝလမ်းကြောင်းကို ကြိုတင် သတ်မှတ်မထားပါဘူး။ မင်း ဘာကိုမှ သက်သေပြနေဖို့ မလိုပါဘူး”
“ကျွန်တော် သိပါတယ်”
ရှန်ယွီ မျက်လုံးများကို ခဏမျှ မှိတ်ထားလိုက်သည်။
“ဒါဆိုလည်း... သေသေချာချာ စဉ်းစားကြည့်ပါဦး။ ပြီးတော့ ရှောင်ဝူက သူ့အဒေါ်ရဲ့ ဖုန်းတွေကို မကိုင်ဘဲ နေနေတယ်။ သူ့ကို အိမ်ပြန်ဆက်ခိုင်းလိုက်ဦး။ လျှို့ဝှက်ချက် ထားတယ်ဆိုတာ အဲ့ဒီလို မလုပ်ရဘူး၊ ဒါက ‘ငါ တစ်ခုခု ဖုံးကွယ်ထားတယ်’ လို့ လှမ်းအော်နေသလိုပဲ”
“ဟုတ်ကဲ့”
ရှန်ယွီ ခပ်တိုးတိုး ရယ်လိုက်မိသည်။ သူ ဖုန်းနားကြပ်ကို ပြန်တင်လိုက်သည့်အခါ ချန်ကျန့်သည် ရုတ်တရက် အသက်ပြင်းပြင်း ရှူထုတ်လိုက်ရသည်။ ထိုအခါမှသာ သူသည် ဘယ်လောက်တောင် သတိစွဲထားမိလဲ ဆိုတာ သိလိုက်ရသည်၊ ဧည့်ကြိုကောင်တာမှာ တောင့်တောင့်ကြီး ရပ်နေမိပြီး ဘေးကို ဖယ်ပေးဖို့တောင် မစဉ်းစားမိခဲ့ချေ။
ကံကောင်းထောက်မစွာဖြင့် ဟူဖန်လည်း ဘေးကို မဖယ်ခဲ့ပါဘူး။ သူမသည်လည်း စိတ်လှုပ်ရှားစွာဖြင့် နားစွင့်နေခဲ့ခြင်း ဖြစ်သည်၊ ရှန်ယွီ ဖုန်းချလိုက်သည့်အခါမှသာ သူမသည် ကုလားထိုင်ပေါ်သို့ ပြန်ထိုင်ချလိုက်ပြီး သူမ၏ ရင်ဘတ်ကို ပုတ်ကာ သက်ပြင်းချလေသည်။
“ဟူး”
“စိတ်ဓာတ် ကြံ့ခိုင်မှုက နည်းနည်းတော့ အားနည်းသေးတယ်နော်”
ရှန်ယွီက ဟူဖန်ကို တစ်ချက်ကြည့်ကာ ဆိုသည်။
“ကျွန်မက မိဘတွေဆိုရင် တအား ကြောက်တာ။ ရှင့်အမေက ဆဲလို့လား”
ချန်ကျန့် သူမကို ကြည့်လိုက်သည်။ အခုလို အချိန်မှာ ဒါက မေးသင့်တဲ့ မေးခွန်း မဟုတ်ဘူးလေ။
“မဆဲပါဘူး။ သူက ငါ့ကို ဘာလို့ ဆဲရမှာလဲ”
“မဆဲဘဲနဲ့ ဘာလို့ ဒီလောက် အပင်ပန်းခံပြီး လိုက်ရှာနေမှာလဲ။ ရှင်က မိသားစုနဲ့ အဆက်အသွယ် မရှိဘူး မဟုတ်လား။ သူတို့က ရှင့်ကို ရှာမတွေ့ကြဘူးလေ။ ကျွန်မအမေသာ ဆိုရင်တော့ ကျွန်မကို ဒီလို ခြေရာခံမိတာနဲ့ နေရာတင် အပိုင်းပိုင်း ဆွဲဖြဲခံထိမှာ သေချာတယ်”
“သူ မလုပ်နိုင်ပါဘူး။ ဒီဆိုင်ထဲမှာ မင်းကို ကာကွယ်ပေးမယ့်လူတွေ ဒီလောက်များတာ၊ ဘယ်သူက မင်းကို ထိရဲမှာလဲ”
“အခုတော့ ကျွန်မမှာ အားကိုးရမယ့်လူတွေ ရှိပြီပေါ့!”
ဟူဖန် ပြုံးရွှင်လျက် ဘားကောင်တာ ရေဲခဲသေတ္တာထဲကနေ ကိုလာတစ်ဘူး သွားယူပေးလိုက်သည်။
“ရော့၊ ဘော့စ်ရှန်... ကျေးဇူးတင်တဲ့အနေနဲ့ သကြားပါတာလေး တိုက်တာနော်”
“ကျေးဇူးပါပဲ”
ရှန်ယွီ ပြုံးလိုက်သည်။ ချန်ကျန့်သည် ရှန်ယွီနှင့်အတူ ကဖေးဆိုင်ဘက်သို့ လျှောက်လာပြီး၊ မုန့်နှစ်ခု ယူပေးကာ အတူတူ ထိုင်လိုက်ကြသည်။
“စောစောကတော့ တကယ်ပဲ ပင်ပန်းသွားပြီနော် မန်နေဂျာချန်”
ရှန်ယွီက မုန့်ထုပ်လေးကို ဖောက်ရင်း ဆိုသည်။ ချန်ကျန့် ပြုံးပြလိုက်သော်လည်း စိတ်ကတော့ လုံးဝ မတည်ငြိမ်သေးပါဘူး။ ဖုန်းပြောသံကြောင့်တင် မဟုတ်ဘဲ၊ ရှန်ယွီနှင့် ဟူဖန်တို့၏ စကားပြောပုံကြောင့်လည်း ဖြစ်သည်။ ဟူဖန်သည် ပွင့်လင်းပြတ်သားသော မိန်းကလေးတစ်ဦး ဖြစ်သည်၊ ဘဝက ခက်ခဲသော်လည်း အမြဲတမ်း စည်းကမ်းရှိရုံမက သစ္စာရှိမှုနှင့် နွေးထွေးမှုမျိုး ရှိနေတတ်သည်။ ပြီးတော့ တည်ငြိမ်မှုလည်း ရှိသည်။
ဟုတ်ပါသည်၊ တည်ငြိမ်မှု။ ပေါ့ပေါ့ပါးပါးနှင့် မဟန်ဆောင်တတ်ခြင်း။ ချန်ကျန့်မှာ သူမကို ရုတ်တရက် မနာလို ဖြစ်သွားမိသည်။ ရှန်ယွီနှင့် စကားပြောရသည်မှာ ဘယ်အချိန်ကစပြီး ယခုကဲ့သို့ မပေါ့ပါးတော့တာလဲ သူ မသိချေ။ ဟိုတစ်ခါ “ဘောင်ကျော်မိခဲ့တဲ့” အချိန်ကစလို့လား။ ဖြစ်နိုင်ပါသည်။ ဒါပေမဲ့ အဲ့ဒါတစ်ခုတည်းတော့ မဟုတ်ပါဘူး။ ပိုပြီး တိတိကျကျ ပြောရလျှင် သူသည် ရှန်ယွီအပေါ်တွင် ရှိနေသော စပ်စုလိုစိတ်များကို ထိန်းချုပ်နေမိခြင်းကြောင့် ဖြစ်သည်။ ဘောင်ကျော်မိမှာကိုဖြစ်စေ၊ သို့မဟုတ် အထင်လွဲခံရမှာကိုဖြစ်စေ သူ စိုးရိမ်နေမိသည်။
“သြော်…ဘော့စ်ရှန်လည်း ဒီမှာ ရှိနေတာပဲ။ ကျွန်တော်က မန်နေဂျာချန်နဲ့ပဲ စကားလာပြောတာ၊ တိုက်ဆိုင်လိုက်တာ”
ပန်းခြံဘက်က ဘေးတံခါးမှ တစ်စုံတစ်ယောက် ဝင်လာခဲ့သည်။ ချန်ကျန့် လှည့်ကြည့်လိုက်ရာ၊ လမ်းသွယ်ထဲက “လျူလန်” တည်းခိုခန်း ပိုင်ရှင် ဟယ်လျန် ဖြစ်နေသည်။ သူ့နောက်တွင်တော့ မျက်နှာပျက်နေသော ဆန်းပင်း ပါလာသည်၊ ကြည့်ရတာ သူ တားဖို့ ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ပုံရသည်။
“ဘော့စ်ဟယ်”
ချန်ကျန့် ထရပ်လိုက်သည်။ ဟယ်လျန်က ရှန်ယွီဆီကို တိုက်ရိုက် လျှောက်သွားဖို့ ပြင်နေတာ မြင်သည့်အခါ ချန်ကျန့်က လမ်းကို ကြားဖြတ် ပိတ်လိုက်သည်။
“ဖုန်းဆက်လိုက်ရင် ရတာကို၊ ဘာလို့ ကိုယ်တိုင် လာခဲ့တာလဲ”
လမ်းသွယ်ထဲက တည်းခိုခန်း သုံးခုမှာ အပြင်ပန်းတွင် တာယွင်နှင့် ပဋိပက္ခ မရှိသော်လည်း၊ ကွယ်ရာမှာတော့ မကျေမနပ် ဖြစ်နေကြမှာ သေချာပါသည်။ အထူးသဖြင့် လျူဝူတို့ အဖွဲ့ ရောက်လာပြီးနောက်ပိုင်းပေါ့။ ထိုကျောင်းသားတွေက ဆိုင်ထဲမှာ ငြိမ်နေသော်လည်း လမ်းပေါ်ထွက်လျှင်တော့ တဝုန်းဝုန်းနှင့် ဆူညံနေကြသဖြင့် တာယွင်တည်းခိုခန်းမှာ လူအပြည့် ဖြစ်နေသလို ခံစားရစေသည်။ ဟယ်လျန်က စီးပွားရေးကိစ္စနဲ့ လာတာလား၊ ဒါမှမဟုတ် ခြေမသန်တဲ့ ဘော့စ်ကို အလစ်အငိုက်မှာ လာနှောင့်ယှက်တာလားဆိုတာ ဘယ်သူသိမှာလဲ။
“ဒီအချိန်ဆို ငါ အမြဲတမ်း လမ်းလျှောက်နေကျလေ၊ လမ်းကြုံလို့ ဝင်လာတာပါ။ ခဏလောက် စကားပြောရအောင်လို့”
“ထိုင်ပါဦး”
ရှန်ယွီက ချန်ကျန့်၏ နောက်ကနေ လှမ်းပြောလိုက်သည်။ ဟယ်လျန် ခေတ္တမျှ တုံ့ဆိုင်းသွားပြီးမှ ဘေးက စားပွဲမှာ ဝင်ထိုင်လိုက်သည်။ ဆန်းပင်းလည်း မထွက်သွားဘဲ တံခါးဘေးက ခုံတန်းမှာ ဝင်ထိုင်နေလေသည်။
“ဘော့စ်ဟယ် ကော်ဖီ သောက်မလား”
ဟူဖန် အမြန်ပင် ပြေးလာမေးသည်။
“ကျေးဇူးပဲ ညီမလေး၊ အမေရိကာနို တစ်ခွက်ပေးပါ”
“ဟုတ်ကဲ့၊ ခဏစောင့်နော်”
“တာယွင်ကတော့ အခုဆို လမ်းကြောင်းပေါ် ရောက်နေပြီပဲ။ စီးပွားရေး တအားကောင်းတာပဲ။ ဘော့စ်ရှန် အတွက် တကယ် ဝမ်းသာပါတယ်”
ဟယ်လျန်က ဧည့်ကြိုကောင်တာဘက်သို့ လှမ်းကြည့်ရင်း ဆိုသည်။ ရှန်ယွီ ဘာမှ ပြန်မပြောသလို၊ သူ့ဘက်ကို လှည့်တောင် မကြည့်ပါဘူး။
“ကျေးဇူးပါ ဘော့စ်ဟယ်။ အားလပ်ရက်ဆိုတော့လည်း လူတိုင်း စီးပွားရေးကောင်းကြမှာပါ”
ချန်ကျန့်က ကြားထဲကနေ ပြန်ဖြေပေးလိုက်ရသည်။
“အထဲက ဆိုင်တွေကတော့ ဒီလောက်အခြေအနေ မကောင်းကြပါဘူး။ တာယွင်ရဲ့ စီမံခန့်ခွဲမှုက တကယ်ကို အထင်ကြီးစရာပဲ”
စကားလုံးတွေကတော့ ကောင်းသော်လည်း လေသံကတော့ တစ်မျိုး ဖြစ်နေသည်။ ချန်ကျန့် ငြိမ်နေလိုက်သည်။ သူ ဘယ်လို ပြန်ပြောရမလဲဆိုတာ မသေချာသောကြောင့် ဖြစ်သည်။
“ဘော့စ်ဟယ်... ငါတို့ရဲ့ စီမံခန့်ခွဲမှုမှာ ပြုပြင်စရာတွေ ရှိရင်လည်း အကြံပေးနိုင်ပါတယ်နော်”
ရှန်ယွီ နောက်ဆုံးတွင် လှည့်ကြည့်လိုက်သည်။
“ကျွန်တော်က ဘယ်လိုလုပ်ပြီး အကြံပေးရဲမှာလဲဗျာ။ ကျွန်တော်တို့က...”
“ပညာလာသင်တာလား။ မန်နေဂျာချန်... ဘော့စ်ဟယ်ကို လိုက်ပြပေးလိုက်ပါဦး၊ အတွေ့အကြုံတွေလည်း ဝေမျှပေးလိုက်ပေါ့။ ငါကတော့ ခြေထောက် အဆင်မပြေလို့ ဒီမှာပဲ ထိုင်နေခဲ့မယ်”
“မလောပါနဲ့ဦး၊ မလောပါနဲ့ဦး။ အမှန်တော့ ကျွန်တော့်မှာ အကြံပြုချက်... ဒါမှမဟုတ် စိုးရိမ်စရာလေး တစ်ခု ရှိလို့ပါ”
ဟယ်လျန်၏ မျက်နှာမှာ သိသိသာသာပင် ပျက်သွားပြီး၊ ဟန်ဆောင်ပြုံးများ ပျောက်ကွယ်သွားတော့သည်။
“ပြောပါအုံး”
ရှန်ယွီ သူ၏ ဝှီးချဲကို ဟယ်လျန်ဘက်သို့ လှည့်လိုက်သည်။
“ငါတို့တွေက ရင်းနှီးနေကြပြီပဲ။ တိုက်ရိုက်သာ ပြောပါ၊ မဟုတ်ရင် အထင်လွဲစရာတွေ ဖြစ်နေဦးမယ်”
“ကောင်းပြီလေ၊ ဘော့စ်ရှန်က ပွင့်လင်းတဲ့လူဆိုတော့လည်း ကျွန်တော် တိုက်ရိုက်ပဲ ပြောပါ့မယ်။ အမှန်တော့ တာယွင်ရှေ့က လမ်းက အများပိုင်လမ်းလေ။ မင်းတို့ ပြန်ပြင်ပေးထားတာကိုတော့ ငါတို့ ကျေးဇူးတင်ပါတယ်”
ရှန်ယွီ ဘာမှ ပြန်မပြောချေ။ ချန်ကျန့်လည်း တိတ်ဆိတ်စွာသာ စောင့်ကြည့်နေရသည်။ ဟူဖန် ကော်ဖီများနှင့် ရောက်လာခဲ့သည်၊ ဟယ်လျန်အတွက် အမေရိကာနိုနှင့်၊ ရှန်ယွီနှင့် ချန်ကျန့်တို့အတွက် လတ်တေး နှစ်ခွက် ဖြစ်လေသည်။ ချန်ကျန့် ကော်ဖီကို တစ်ငုံသောက်လိုက်သည်။ အကယ်၍ ဟယ်လျန်သာ ထပ်ပြီး လှည့်ပတ်ပြောနေဦးမည်ဆိုလျှင်တော့ လိမ်ပြောလို့ မိုးကြိုးပစ်ခံရမှာ သေချာသည်။ သူ လုပ်နိုင်တာကတော့ ဟယ်လျန် ဘယ်အချိန်မှာ အဓိကအချက်ကို ပြောမလဲဆိုတာ စောင့်နေဖို့ပါပဲ။
“ဘော့စ်ရှန် အရင်က ပြောခဲ့သလိုပေါ့၊ တာယွင်က လမ်းထိပ်မှာ ရှိနေတာလေ။ ပုံမှန် စီးပွားရေး အခြေအနေအရဆိုရင် အဲ့ဒါက တအားကို... အားသာချက် ရှိတာပေါ့။ နေရာက အထဲက ဆိုင်တွေထက် ပိုကောင်းတယ်။ ဒါပေမဲ့ အဲ့ဒီအပေါ်မှာမှ တခြား... နည်းလမ်းတွေကို သုံးလာမယ်ဆိုရင်တော့ အဲ့ဒီက သိပ်ပြီး မသင့်တော်ဘူးလို့ ထင်တယ်”
“ဘော့စ်ဟယ် ဘာနည်းလမ်းတွေကို ဆိုလိုတာလဲ”
ချန်ကျန့် မျက်တောင်ခတ်ရင်း သူ့ကို ကြည့်လိုက်သည်။ နောက်ဆုံးတော့ ဟယ်လျန် အဓိကအချက်ကို ပြောလာခဲ့ပြီ။ သူက အပြင်က ဆန်းပင်းကို လက်ညှိုးညွှန်ပြသည်။
“ဟို ချန်အာဟူတို့လို လုံခြုံရေးဝန်ထမ်းတွေလေ၊ လမ်းထိပ်မှာ ဧည့်သည်တွေကို အတင်းဆွဲခေါ်နေတာက မကောင်းဘူး မဟုတ်လား။ ဧည့်သည်တွေက သူတို့ဘာသာ စိတ်ကြိုက် ရွေးချယ်သင့်တာလေ”
“ဘာ”
လက်ညှိုးထိုးခံလိုက်ရသဖြင့် ဆန်းပင်း ချက်ချင်းပင် ထရပ်လိုက်ပြီး ရင်ကိုမော့ကာ အထဲဝင်လာဖို့ ပြင်သည်။ ချန်ကျန့်က သူ့ကို စိုက်ကြည့်လိုက်ရာမှ ဆန်းပင်းမှာ မကျေမနပ်နှင့် ပြန်ထိုင်သွားတော့သည်။
“ဘာဖြစ်လို့လဲ”
ရှန်ယွီက ချန်ကျန့်ဘက်သို့ လှည့်မေးသည်။ ချန်ကျန့်လည်း ဘာမှမသိသဖြင့် အမူအရာပြလိုက်သည်။
“ကျွန်တော်တို့ရဲ့ တည်းခိုခန်းတွေက အဆင့်မြင့်မြင့်တွေချည်းလေ။ လမ်းကြုံ ဧည့်သည်တွေ လာရင် သူတို့ဘာသာ စိတ်ကြိုက် လျှောက်ကြည့်ပြီး ကြိုက်တဲ့ဆိုင်ကို ရွေးခွင့်ရှိရမယ်။ အဲ့ဒါမှ တရားမျှတတာပေါ့။ ဒါပေမဲ့ အခုတော့...”
“သူတို့က လမ်းပေါ်မှာ ဧည့်သည်တွေကို လိုက်ဆွဲနေကြတာလား”
ချန်ကျန့်က အတည်ပြုရန်အတွက် စကားဖြတ်မေးလိုက်သည်။
“ဟုတ်တယ်၊ အမှန်အတိုင်း ပြောရရင် အဲ့ဒါက နည်းနည်းတော့ အောက်တန်းမကျလွန်းဘူးလား”
ဟယ်လျန် မျက်မှောင်ကြုတ်လိုက်သည်။ ဂိတ်ဝမှာတင် ဧည့်သည်တွေကို ဖြတ်ခေါ်နေတာကတော့ သိပ်တော့ မမှန်ပါဘူး။ ဒါပေမဲ့ ဘယ်လို ပြန်ဖြေရမလဲ။ အကယ်၍ ဒါက ချန်အာဟူသာ ဆိုလျှင် ချန်ကျန့် ဘာပြောရမလဲဆိုတာ ကောင်းကောင်း သိပါသည်၊ ဒါပေမဲ့ ဟယ်လျန်နဲ့ကျတော့ သူ မသေချာတော့ချေ။
“အနှောင့်အယှက် ဖြစ်သွားတဲ့အတွက် တောင်းပန်ပါတယ်။ ငါ့ရဲ့ ဝန်ထမ်းတွေက တာယွင်ကို ကိုယ့်အိမ်လို သဘောထားကြတာလေ။ ကိုယ့်အိမ်အတွက်ဆိုရင်တော့ ဘယ်သူကမှ အားမနာတမ်း လုပ်ကြတာပဲ။ အဲ့ဒီလို... အားတက်သရော ဖြစ်သွားတဲ့ လုပ်ရပ်တွေအတွက် ငါ သူတို့ကို သတိပေးလိုက်ပါ့မယ်”
ရှန်ယွီက ကော်ဖီကို တစ်ငုံသောက်ပြီးမှ ပြန်ချကာ ဟယ်လျန်ကို စိုက်ကြည့်ရင်း ဆိုသည်။
“ကောင်းပါတယ်၊ ကောင်းပါတယ်၊ ဘော့စ်ရှန်နဲ့ မန်နေဂျာချန်တို့ မသိသေးလို့ ဖြစ်မှာပါလို့ ကျွန်တော် ထင်နေတာ”
“ဒါပေမဲ့ ဘော့စ်ဟယ်လည်း တစ်ခုတော့ သတိထားဖို့ လိုမယ်။ လမ်းထိပ်မှာ ဧည့်သည်ခေါ်တာက တရားမဝင်တာလည်း မဟုတ်သလို ဘယ်စည်းကမ်းကိုမှလည်း ချိုးဖောက်တာ မဟုတ်ပါဘူး။ ငါတို့ မလုပ်တာက အားလုံးရဲ့ ဘုံအကျိုးစီးပွားအတွက် ငဲ့ညှာလို့ပါ”
“ဒါပေါ့၊ ဒါပေါ့။ အားလုံးသာ လမ်းထိပ်မှာ လူလွှတ်ပြီး ဧည့်သည် လုနေကြရင်တော့ ပွက်လောရိုက်ကုန်မှာပေါ့။ ဒါဆိုရင် မင်းတို့လည်း အသာစီး ရချင်မှ ရတော့မှာလေ”
“မသေချာပါဘူး”
ရှန်ယွီက ပြန်ဖြေလိုက်လေသည်။
“နားလည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဘော့စ်ဟယ်။ ကျွန်တော်တို့ အားလုံးရဲ့ အကျိုးစီးပွားကို ကာကွယ်သွားမှာပါ။ အတူတူ ကောင်းမွန်စွာ တိုးတက်ကြတာပေါ့”
ချန်ကျန့် စကားလမ်းကြောင်းကို အမြန်လွှဲလိုက်သည်။
“မန်နေဂျာချန်က ငယ်ပေမဲ့ တော်တော်လေး လူကြီးဆန်သားပဲ။ ဘော့စ်ရှန်ကတော့ လူသုံးတတ်တာပဲနော်။ ဒါဆိုရင် ကျွန်တော်...”
“ပင်ပန်းသွားပြီနော် ဘော့စ်ဟယ်၊ ဒီအထိ လာခဲ့ရတာ”
ချန်ကျန့်သည် ဟယ်လျန်ကို ဝင်းတံခါးအထိ လိုက်ပို့ပေးလိုက်သည်။ အပြန်လမ်းတွင် ဆန်းပင်းက အနားသို့ ကပ်လာသည်။
“ဘာဖြစ်တာလဲ”
“မင်းတို့ထဲက ဘယ်သူက လမ်းပေါ်မှာ ဧည့်သည်တွေကို အတင်းဆွဲခေါ်နေတာလဲ”
“လောင်စစ်နဲ့ လောင်ဝူလေ။ ဒီရက်ပိုင်း ဧည့်သည်တွေ အများကြီးပဲလေ၊ အများစုက လမ်းထိပ်မှာ ကားရပ်ပြီး လျှောက်ကြည့်နေကြတာ။ အဲ့ဒီလို စီးပွားရေး ရောက်လာတာကို မြင်နေရတာကို မနှုတ်ဆက်ဘဲ နေရမှာလား”
“နောက်ဆို အဲ့ဒီလို မလုပ်နဲ့တော့၊ သူတို့ လာမေးမှပဲ ဖြေလိုက်ပါ။ မဟုတ်ရင် အထဲက တည်းခိုခန်းတွေက ငါတို့ ဧည့်သည်တွေ အကုန် ဖြတ်လုနေတယ်ဆိုပြီး လာတိုင်ကြလိမ့်မယ်”
“တောက်”
ဆန်းပင်းက မဲ့ကာရွဲ့ကာဖြင့် ပြန်ပြောသည်။
“ဒါဆိုရင် သူတို့ကော ဘာလို့ လမ်းထိပ်က နေရာကို လုပြီး ဆိုင်မဆောက်ခဲ့ကြတာလဲ။ လူတိုင်းက ပိုက်ဆံချင်း အတူတူ သုံးထားတာမှ မဟုတ်တာ”
“တော်တော့၊ ရန်စတွေ ထပ်မဖြစ်ချင်တော့ဘူး။ သွားပြီး သူတို့ကို ပြောလိုက်ပါဦး”
ချန်ကျန့်က သူ့ကို ပုတ်ကာ ဆိုသည်။ ဆန်းပင်း ခေါင်းညိတ်ပြလိုက်သည်။ ကဖေးဆိုင်ထဲ ပြန်ရောက်သည့်အခါ ရှန်ယွီမှာ ကော်ဖီ သောက်နေဆဲ ဖြစ်သည်။
“မုန့် ကျန်သေးလား”
“ရှိတယ်။ မင်းရဲ့ စရိုက်ကတော့လေ...”
ချန်ကျန့် မုန့်အချို့ ယူပြီး ရှန်ယွီ လက်ဘေးမှာ တင်ပေးလိုက်သည်။
“အင်း။ သိပ်တော့ မကောင်းဘူး မဟုတ်လား”
“မင်းရဲ့ ခြေထောက်ကသာ ဒဏ်ရာမရထားဘူးဆိုရင်၊ အခုနက မင်း အရိုက်ခံရဖို့ သေချာနေပြီ”
“အဲ့ဒီလိုလား။ ခြေထောက် ကောင်းသွားရင် နောက်တစ်ခါ ထပ်စမ်းကြည့်ရမှာပေါ့”
ရှန်ယွီ ရယ်မောလိုက်သည်။ ချန်ကျန့် သူ့ကို ကြည့်လိုက်သော်လည်း ဘာမှ ထပ်မပြောတော့ပါဘူး။
“ငါသာ မရှိရင်၊ မင်း သူ့ကို ကိုင်တွယ်နိုင်ပါ့မလား”
“မင်းလောက်တော့ အချက်အလက်တွေ အကုန်လုံး စုံစုံလင်လင် ပြောနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့...”
“ဒါပေမဲ့ ဘာဖြစ်လဲ”
ရှန်ယွီ မုန့်တစ်ဖက်ကို ယူကာ ပါးစပ်ထဲ ထည့်လိုက်သည်။
“မလိုအပ်တဲ့ ပဋိပက္ခတွေကိုတော့ ကျွန်တော် ရှောင်ရှားနိုင်လိမ့်မယ် ထင်တာပဲ”
ချန်ကျန့်က သူ့ကို စိုက်ကြည့်ရင်း ဆိုလိုက်သည်။ ရှန်ယွီကတော့ အေးအေးဆေးဆေးပင် မုန့်စားနေသည်။
“ငါကတော့ အဲ့ဒီလိုမျိုး ဆက်ဆံရေးမျိုးကို ငြီးငွေ့နေပြီ။ မင်းက တအား သဘောကောင်းလွန်းတော့ သူတို့က မင်းကို အနိုင်ကျင့်ချင်လာကြမှာပေါ့။ ငါတို့က အဲ့ဒီလောက်ထိ အလျှော့ပေးမယ့်လူတွေ မဟုတ်ဘူးဆိုတာနဲ့ ပြဿနာတက်မှာကို မကြောက်ဘူးဆိုတာ သူတို့ သိထားဖို့ လိုတယ်”
“ဟုတ်တာပေါ့။ ပြဿနာ မရှိရင်တောင်မှ မင်းက ပြဿနာဖြစ်အောင် လုပ်ဖို့ မကြောက်ဘူး မဟုတ်လား”
ချန်ကျန့် စကားကြောင့် ရှန်ယွီ အားရပါးရ ရယ်မောမိတော့သည်၊ ကော်ဖီတွေတောင် ဖိတ်တော့မတတ် ဖြစ်သွားသဖြင့် အမြန် ပြန်ချလိုက်ရသည်။
“မင်းက ငါ့အပေါ်မှာ အဲ့ဒီလောက်တောင် မကျေနပ်တာတွေ များနေတာလား”
“အဲ့ဒီလိုတော့ မဟုတ်ပါဘူး”
ပြဿနာရှာတတ်တဲ့ ပါးစပ်ကလွဲရင်၊ ရှန်ယွီဆီမှာ သင်ယူရမည့် အချက်တွေ အများကြီး ရှိနေသေးသည် မဟုတ်လား။
“ကြိုးစားပါ မန်နေဂျာချန်ရာ။ မင်း အရာရာကို ကိုင်တွယ်နိုင်ပြီဆိုရင်တော့ ငါလည်း နောက်ဆုံးတော့ အားလပ်ရက် အေးအေးဆေးဆေး အနားယူလို့ ရပြီပေါ့”
ချန်ကျန့် သူ့ကို တစ်ချက်ကြည့်လိုက်သော်လည်း ဘာမှ ထပ်မပြောတော့ချေ။
တာယွင်တည်းခိုခန်းမှာ တစ်နေ့လုံး အေးအေးချမ်းချမ်း ရှိနေခဲ့သည်၊ အရာရာ ပုံမှန်ပါပဲ။ ထူးခြားချက် တစ်ခုတည်းကတော့ အခန်း ၁၀၂ က ဧည့်သည်ပါ၊ သူသည် အခန်းထဲကနေ လုံးဝ ထွက်မလာခဲ့ချေ။ လိုက်ကာ မပိတ်ထားသော ပြတင်းပေါက်မှတစ်ဆင့် ကြည့်လျှင် သူသည် ကုတင်ပေါ်မှာ လှဲရင်း ဖုန်းဆော့နေသည်ကို တွေ့ရသည်၊ ထမင်းစားဖို့တောင် ထွက်မလာခဲ့ပါဘူး။
“သေသေချာချာ စောင့်ကြည့်ထားပါ၊ ဘာမှ မဖြစ်စေနဲ့ဦး”
ချန်ကျန့်က ညဂျူတီကျနေတဲ့ ဆန်းပင်းနှင့် ချန်အာဟူကို ထပ်မံ မှာကြားလိုက်သည်။
“တောက်! တကယ်လို့ သူက ဟိုဘက်က လူသာ ဆိုရင်တော့။”
ချန်အာဟူ၏ စကားမှာ ဆန်းပင်းက ပါးစပ်ကို လက်နှင့် လှမ်းအုပ်လိုက်သဖြင့် ရပ်သွားရသည်။
“အာဟူ၊ အာဟူ ။ စကားတွေကို လျှောက်မပြောပါနဲ့”
“သူ့ကို သေသေချာချာ စောင့်ကြည့်စမ်းပါ၊ ပြတင်းပေါက်နားကနေကို မခွာဘဲ စောင့်ကြည့်လိုက်”
ချန်အာဟူက အံကြိတ်ကာ ဆိုသည်။
“သတိထားဦးနော်။ ဧည့်သည်က ရဲတိုင်တာမျိုးတော့ အဖြစ်မခံနဲ့ဦး”
“စိတ်ချပါ”
ချန်အာဟူက ခေါင်းခါရင်း ဆိုသည်။ အမှန်အတိုင်း ပြောရလျှင် ချန်ကျန့်လည်း ထိုအတိုင်းပင် တွေးနေမိပါသည်။ တကယ်လို့ အဲ့ဒါသာ အမှန်ဆိုလျှင်တော့၊ ရှန်ယွီကို ဘုရားကျောင်း ခေါ်သွားပြီး အမွှေးတိုင် သွားထွန်းခိုင်းရတော့မည်။ ပျော်ရွှင်ခြင်း အဖွဲ့သားတွေက မနက်ပိုင်းမှာတော့ အချိန်မှန် မနိုးကြသော်လည်း၊ ညစာ စားချိန်မှာတော့ အလွန်ပင် တိကျကြသည်။ သူတို့တွေ ပင်ပန်းနွမ်းနယ်စွာနှင့် ဝင်းထဲသို့ ယိုင်တိယိုင်တိုင် ဝင်လာကြလေသည်။
“အို”
ဟူဖန် ဧည့်ကြိုကောင်တာမှာ မေးထောက်ရင်း သူတို့ကို ကြည့်နေသည်။
“အပြေးသွားပြီး အပြေးပြန်လာကြတာလား။ ဒီလောက်တောင် ပင်ပန်းနေကြတာလား”
“ရေတံခွန်အထိ ရောက်ခဲ့တယ်လေ! ဆင်းတဲ့လမ်းကမှ တကယ် ပင်ပန်းတာ”
လျူဝူက လက်လှမ်းပြသည်။
“ရေချိုးပြီးတဲ့လူတွေ စားသောက်ခန်းကို သွားကြတော့၊ အကုန် အဆင်သင့် ဖြစ်နေပြီ”
ဟူဖန်က ပြုံးလျက် ဆိုသည်။
“မင်းကော အဲ့ဒီကို ရောက်ဖူးလား”
“မရောက်ဖူးသေးဘူး”
“နောက်မှ ဓာတ်ပုံတွေ ပြမယ်လေ။ အားတဲ့ရက်ကျရင် သွားကြည့်ဦး၊ ရှုခင်းက တကယ် လှတယ်”
“ဟုတ်ကဲ့”
သူမ ခေါင်းညိတ်ပြလိုက်သည်။ ဓာတ်လှေကားမှာ ထိုကျောင်းသားတွေနှင့် ပြည့်နေသဖြင့်၊ ချန်ကျန့်သည် ရှန်ယွီ၏ ညစာကို လှေကားမှတစ်ဆင့် သယ်သွားပေးရလေသည်။ ကံကောင်းထောက်မစွာဖြင့် ယနေ့တွင် ဟင်းရည် ပါမလာသဖြင့် သူ စတုတ္ထထပ်အထိ ပြေးတက်လာခဲ့သည်။ ရုံးခန်းတံခါးမှာ ပွင့်နေပြီး ရှန်ယွီမှာ ဖုန်းပြောနေလေသည်။ နားစွင့်ကြည့်ရုံနှင့်ပင် လျူဝူနှင့် စကားပြောနေမှန်း သိသာလှသည်။
“မင်းရဲ့ ဟိုစာတွေကို နေရာတကာမှာ လျှောက်ဖြန့်နေတာပဲ၊ ပျောက်နေချင်ယောင်ဆောင်တာက ဘာထူးမှာလဲ။ ခဏနေရင် မင်းအမေဆီ ဖုန်းပြန်ဆက်လိုက်ဦး။ ငါ မင်းကို တောင်ပေါ်မှာ သွားရောင်းစားလိုက်ပြီလို့ မထင်ပါစေနဲ့။ မင်းရဲ့ ခြေလက်တွေနဲ့ ဒီဦးနှောက်နဲ့ဆိုရင် နှစ်ဒေါ်လာတောင် ရမှာ မဟုတ်ဘူး”
ရှန်ယွီက စားပွဲပေါ်က ဖုန်းကို ညွှန်ပြရင်း ဆိုသည်။ ချန်ကျန့် ထမင်းလင်ဗန်းကို စားပွဲပေါ် တင်ပေးလိုက်သည်။ ဖုန်းချပြီးနောက် ရှန်ယွီ အနားသို့ လျှောက်လာသည်။
“ထမင်း စားပြီးပြီလား”
“စားပြီးပါပြီ”
“မနက်ဖြန် ထူးထူးခြားခြား မရှိရင် ငါနဲ့အတူ ချန်အဘိုးကြီးဆီ လိုက်ခဲ့ပါဦး”
ရှန်ယွီ ဆိုဖာပေါ်မှာ ထိုင်ရင်း တူ ကို ကိုင်လိုက်သည်။
“ခေါင်း ထပ်ကိုက်လို့လား”
“မဟုတ်ပါဘူး၊ အိပ်မပျော်လို့ပါ။ သူ့ဆေးက အရင်တစ်ခါက တော်တော် ထိရောက်တယ်လေ။ နောက်ထပ် ဆေးထပ်ယူမလို့”
“ဟုတ်ကဲ့။ ရွာကို သွားမယ်ဆိုရင်၊ ပြီးရင် ကျွန်တော့်ကို တစ်နာရီလောက် ခွင့်ပေးပါဦး”
ချန်ကျန့် ခေတ္တမျှ တုံ့ဆိုင်းသွားပြီးမှ ဆိုလိုက်သည်။ ရှန်ယွီ ခေါင်းညိတ်ပြသည်။
“ဘာလုပ်မလို့လဲ”
“ရွာသစ်ကို သွားပြီး လူတစ်ယောက်ကို အကြွေးသွားဆပ်မလို့ပါ။ ဘောင်ချာလည်း သွားယူရမှာမလို့”
ရှန်ယွီ သူ့ကို ကြည့်လိုက်ပြီး ပြန်ဖြေသည်။
“အင်း”
ကျောင်းသားတွေကတော့ ယနေ့ည စောစော အိပ်ကြလေသည်။ တောင်တက်လို့ ပင်ပန်းနေကြသလို၊ မနက်ဖြန် မြစ်ထဲမှာ လှေစီးဖို့အတွက်လည်း စောစော တန်းစီရဦးမည် မဟုတ်လား။ ဆယ်နာရီ မထိုးခင်မှာတင် မီးတွေ အကုန် ပိတ်ကုန်ကြတော့သည်။ ချန်ကျန့် အိပ်ဆောင်မှာ ခဏ အိပ်လိုက်သော်လည်း၊ မနက် နှစ်နာရီ မထိုးခင်မှာပင် သူ ပြန်နိုးလာခဲ့သည်။ ဘာကြောင့်လဲဆိုတာ သူကိုယ်တိုင်လည်း မသိပါဘူး။ တည်းခိုခန်းက အလုပ်များနေတာကြောင့် ဖြစ်နိုင်သလို၊ ဧည့်သည်တွေ များနေတာနဲ့ ဟို ထူးဆန်းတဲ့ အခန်း ၁၀၂ ကြောင့်လည်း ဖြစ်နိုင်တာပေါ့။ သူ ထရပ်လိုက်ပြီး၊ အဝတ်အစားလဲကာ စတုတ္ထထပ်ကနေ အောက်ထပ်အထိ ဖြည်းဖြည်းချင်း လှည့်ပတ်ကြည့်ရှုလေသည်။
မိုးအုံ့နေသဖြင့် လရောင်လည်း မရှိချေ။ ပန်းခြံထဲက လမ်းပြမီးလေးတွေကလွဲရင် ကျန်တဲ့နေရာတွေက အလွန်ပင် မှောင်မည်းနေလေသည်။ ချန်ကျန့် ထိုမီးလေးတွေအတိုင်း လျှောက်လာခဲ့သည်။ သူသည် အခန်း ၁၀၂ ရဲ့ ပြတင်းပေါက်ကို တစ်ပတ်ပတ်ကြည့်ပြီးမှ ဧည့်ခန်းမဆောင်ကို ပြန်ဖို့ စဉ်းစားထားခြင်း ဖြစ်သည်။ ၁၀၂ ရဲ့ လိုက်ကာက အခုထိ ပွင့်နေဆဲဖြစ်ပြီး၊ စားပွဲတင်မီးလည်း လင်းနေသည်။ ချန်ကျန့် သူ၏ လက်နှိပ်ဓာတ်မီးကို မြှောက်ကာ ဝင်းဘက်သို့ အသာအယာ ထိုးလိုက်သည်။ ဧည့်သည်က အပြင်မှာ လူတစ်ယောက် ရှိနေတာ မြင်လျှင် လန့်မသွားစေရန် ဖြစ်သည်။
သူ ဖြတ်သွားရင်း မျက်လုံးထောင့်မှ ကြည့်လိုက်သည့်အခါ ထိုလူမှာ ဖုန်းဆော့နေဆဲပင် ဖြစ်သည်၊ အခုတော့ ကုတင်ပေါ်မှာ မဟုတ်ဘဲ ဆိုဖာပေါ်မှာ ထိုင်နေခြင်း ဖြစ်သည်။ သူ မသေသေးသရွေ့တော့ အေးဆေးပါပဲ။ ချန်ကျန့် လက်နှိပ်ဓာတ်မီးကို ပိတ်လိုက်သည်။ ဘေးတံခါးက ဂိုဒေါင်နား ရောက်သည့်အချိန်မှာပင် ရှေ့ဝင်းထဲက ချန်အာဟူ၏ အော်သံကို ကြားလိုက်ရသည်။
“ဘယ်သူလဲ!”
ထို့နောက် ဆန်းပင်း၏ အသံ ထွက်ပေါ်လာသည်။
“ရပ်စမ်း!”
တောက်။ တစ်ခုခု ဖြစ်ပြီလား။ ချန်ကျန့်သည် ဝင်းတံခါးမကြီးဘက်သို့ အမြန်ဆုံး အရှိန်ဖြင့် ပြေးထွက်သွားတော့သည်။
_____________________________________________________________________
Comments
Post a Comment