Skip to main content

35



အပိုင်း (၃၅)

အခန်း ၁၀၂ က ဧည့်သည်မှာ ခေတ္တမျှ ကြောင်အသွားသည်။

သူသည် တကယ်ပင် ကိုယ့်ကိုယ်ကိုယ် သတ်သေရန် ကြံစည်နေခဲ့လျှင်တောင်မှ တစ်စုံတစ်ယောက်က သူ့ကို ဤမျှလောက်အရှိန်ဖြင့် ပြတ်ပြတ်သားသား တဲ့တိုးမေးလာလိမ့်မည်ဟု လုံးဝ မျှော်လင့်မထားခဲ့သည်မှာ ထင်ရှားလှသည်။ စက္ကန့်အနည်းငယ် ကြာမှ သူက ပြန်ဖြေသည်။

“သြော်... မဟုတ်သေးပါဘူး။ ကျွန်တော် မြင်တွေ့ရတာတွေကို မှတ်တမ်းတင်နေရုံတင်ပါ”

မဟုတ်သေးပါဘူးဆိုတာ… ဒါက ဘယ်လို အဖြေမျိုးလဲ။

ချန်ကျန့်က သူ့ကို ကြည့်လိုက်ပြီး ဤအဖြေမှာ ရှန်ယွီ၏ ထူးဆန်းသော မေးခွန်းထက်ပင် ပို၍ မမှန်ကန်ကြောင်း တွေးနေမိသည်။

“မှတ်တမ်းတင်တာကတော့ ရပါတယ်”

ရှန်ယွီက သူ့ကို စိုက်ကြည့်ရင်း တည်ငြိမ်စွာ ဆိုသည်။

“ဒါပေမဲ့ ခင်ဗျားရဲ့ မှတ်တမ်းက လူသိရှင်ကြား ဖြစ်သွားပြီးတော့၊ မမှန်မကန် ဖြစ်တာမျိုး ဒါမှမဟုတ် မတရားတာမျိုးကြောင့် ငါတို့ တည်းခိုခန်းအပေါ် ထိခိုက်မှု တစ်ခုခု ရှိလာခဲ့ရင်တော့...”

“မဖြစ်စေရပါဘူး”

၁၀၂ က စကားဖြတ်ပြောရင်း လှေကားထစ်များဆီသို့ လျှောက်သွားသည်။

“ကျွန်တော် ဒီနေရာကို သဘောကျပါတယ်။ ကျွန်တော်က ယူကျူ့ဘာလည်း မဟုတ်သလို Influencer လည်း မဟုတ်ပါဘူး”

ရှန်ယွီ ဘာမှ ထပ်မပြောတော့ဘဲ သူ၏ ဝှီးချဲပေါ်တွင် ထိုင်လျက် ထိုသူကိုသာ စိုက်ကြည့်နေတော့သည်။ ဓာတ်လှေကား ရောက်လာသည့်အခါ ချန်ကျန့်သည် ရှန်ယွီနောက်မှ လိုက်ဝင်ခဲ့သည်။ တံခါးပိတ်သွားသည့်အခါမှ သူ စကားစလိုက်သည်။

“အဲ့ဒီလူက တကယ်ပဲ ဘာလုပ်မလို့လဲ”

“သူ့ကို သေသေချာချာ စောင့်ကြည့်ထားပါ”

ရှန်ယွီက ဆိုသည်။

“သူ တကယ်ပဲ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားနိုင်တယ်”

“မင်း နောက်နေတာ မဟုတ်လား”

ချန်ကျန့်မှာ ကျောရိုးထဲမှနေ၍ စိမ့်တက်သွားသလို ခံစားလိုက်ရသည်။ သို့သော် ထူးဆန်းစွာပင် ဒေါသကလည်း ဟုန်းခဲနဲ ထွက်လာခဲ့သည်။

“တကယ်လို့ နောက်တစ်ယောက်ကများ ဒီနေရာမှာ လာသေရဲဦးမယ်ဆိုရင်၊ မသေခင် ငါ သူ့ကို အရင်ဦးအောင် ဝိုင်းရိုက်ပစ်မယ်!”

“အလောင်းကို ရိုက်မလို့လား”

ရှန်ယွီက မျက်ခုံးပင့်ကာ မေးသည်။

“အဲ့ဒါက ရာဇဝတ်မှု မြောက်တယ်နော်။ အလောင်းကို စော်ကားမှုပေါ့”

ချန်ကျန့်မှာ ဆွံ့အစွာဖြင့် သူ့ကို စိုက်ကြည့်နေမိတော့သည်။

“စိတ်အေးအေးထားပါ မန်နေဂျာရာ”

ရှန်ယွီ ပြုံးလိုက်သည်။

“လန့်မနေပါနဲ့။ သူကိုယ်တိုင်ပဲ ပြောသွားတယ်လေ၊ မဟုတ်သေးပါဘူး တဲ့။ သူ အသက်ရှင်နေပါသေးတယ်”

ပထမထပ်တွင် ဓာတ်လှေကားတံခါး ပွင့်သွားသည်။ ချန်ကျန့် အပြင်သို့ လျှောက်ထွက်လာစဉ် လှေကားမှ ဆင်းလာသော ၁၀၂ နှင့် ထိပ်တိုက် တိုးလေတော့သည်။ ၁၀၂ က သူတို့ကို ယဉ်ကျေးစွာ ပြုံးပြပြီး သူ၏ အခန်းထဲသို့ ပြန်ဝင်သွားသည်။ ချန်ကျန့် အသက်ကို ပြင်းပြင်းရှူပြီးမှ ဖြည်းဖြည်းချင်း ပြန်ထုတ်လိုက်ရသည်။

မဟုတ်သေးပါဘူး။ မဟုတ်သေးပါဘူး။

ပထမထပ်တွင် အရာရာမှာ ပုံမှန်အတိုင်း ရှိနေသည်။ စောစောနိုးသော ဧည့်သည်အချို့ စားသောက်ခန်းတွင် မနက်စာ စားနေကြသော်လည်း၊ များသောအားဖြင့် ခရီးသည်များမှာ နေ့လယ်နားနီးမှ ရောက်တတ်ကြသဖြင့် မနက်ခင်းမှာတော့ ငြိမ်သက်နေဆဲပင်။ “ပျော်ရွှင်ခြင်း အဖွဲ့သားတွေ” ကတော့ လူတိုးမှာစိုး၍ ဒီနေ့ စောစောထမယ်လို့ ကတိပေးထားကြသော်လည်း၊ မနေ့ညက အသည်းအသန် လှုပ်ရှားထားကြသဖြင့် အခုထိ အိပ်မောကျနေကြဆဲ။ ၎င်းမှာ အိပ်ဖို့အတွက် ခိုင်လုံတဲ့ အကြောင်းပြချက်တစ်ခုတော့ ဖြစ်နေတာပေါ့လေ။

“ကျောက်ကျဲကို မုန့်အချိုတွေ ပိုလုပ်ထားဖို့ ပြောလိုက်ပါဦး”

ရှန်ယွီက ဧည့်ကြိုကောင်တာရှိ ဟူဖန်ကို မှာကြားသည်။

“ဧည့်သည်တိုင်းကို အလကားကျွေးလိုက်ပါ။ ကော်ဖီလည်း အတူတူပဲ။ မလောက်ရင် မုန့်တွေ ထပ်ဝယ်လိုက်ပေါ့။ မန်နေဂျာက ပိုက်ဆံ လွှဲပေးလိမ့်မယ်”

“ဟုတ်ကဲ့”

ဟူဖန် ခေါင်းညိတ်ပြသည်။

“ရှင်တို့ နှစ်ယောက် အပြင်ထွက်ကြမလို့လား”

“နေ့လယ်လောက် ပြန်ရောက်မှာပါ”

ချန်ကျန့်က ဟူဖန် စိတ်မအေးဖြစ်နေသည်ကို မြင်သဖြင့် ပြောလိုက်သည်။

“တစ်ခုခုဖြစ်ရင် ဖုန်းဆက်လိုက်ပါ။ လောင်စစ်နဲ့ လောင်ဝူတို့ ဒီနေ့ ဂျူတီရှိတယ်လေ”

“အင်း”

ဟူဖန်က သူမ၏ နဖူးကို လက်ဖြင့် တို့ပြပြီးမှ အထာကျကျ လက်ခါပြသည်။

“စိတ်မပူပါဘူး”

ချန်ကျန့် ရယ်မောလိုက်သည်။

“ဘာမှ မဖြစ်ပါဘူး။ ချန်တာဟူလည်း မိသွားပြီပဲ။ သူ့လူတွေလည်း အခုချိန် ထွက်ပြေးဖို့ပဲ အလုပ်ရှုပ်နေကြမှာ၊ ငါတို့ကို လာနှောင့်ယှက်မှာ မဟုတ်တော့ပါဘူး”

ထိုအချိန်မှာပင် လျူဝူတစ်ယောက် သမ်းဝေရင်း လှေကားမှ ဆင်းလာခဲ့သည်။ ချန်ကျန့် သူ့ကို လှမ်းကြည့်လိုက်မိသည်။ မင်းကတော့ တကယ့်ကို အချိန်ကိုက်ပဲနော် ကျောင်းသား သူရဲကောင်းလေး။

“မင်္ဂလာနံနက်ခင်းပါ”

လျူဝူက ရွှင်ပျစွာ နှုတ်ဆက်သည်။

“မင်း... ဒီကို လာဦး”

ရှန်ယွီက သူ၏ ခေါက်ချိုင်းထောက်ကို လက်ညှိုးတစ်ခုလို မြှောက်ပြကာ ခေါ်လိုက်သည်။

“ကျောင်းသားလျူ”

လျူဝူက ချန်ကျန့်ကို အကူအညီတောင်းသည့်ဟန်ဖြင့် လှမ်းကြည့်သည်။ ချန်ကျန့်က ရှန်ယွီ၏ နားနားသို့ တိုးကပ်ကာ တိုးတိုးလေး ဆိုသည်။

“အခုချိန်မှာ သူက မင်းရဲ့ ညီမဟုတ်ဘူး၊ သူက ဧည့်သည်လေ”

“ဒါပေါ့။ ငါက ဧည့်သည်ကို ဆဲနေတာလေ”

ရှန်ယွီ သူ၏ ဝှီးချဲကို တစ်ပတ်လှည့်ကာ ဂိုဒေါင်ဘေးက တံခါးဆီသို့ ဦးတည်သွားတော့သည်။ လျူဝူမှာလည်း ခေါင်းငုံ့ကာ သူ့နောက်မှ ကုပ်ကုပ်လေး လိုက်သွားရလေသည်။

“ဘာဖြစ်လို့လဲဟင်”

ဟူဖန်က စပ်စုချင်စိတ်ဖြင့် တိုးတိုးလေး မေးသည်။

“မနေ့ညက သူတို့ သူခိုးနောက်ကို လိုက်ဖမ်းတာက တအား အန္တရာယ်များတယ်လေ။ သူတို့က ကလေးတွေပဲရှိသေးတာ၊ တစ်ခုခုဖြစ်သွားရင် ငါတို့ ဒုက္ခရောက်ကုန်မှာပေါ့”

ချန်ကျန့်က ရှန်ယွီအတွက် ဆင်ခြေပေးလိုက်သည်။

“ဟုတ်သားပဲ”

ဟူဖန် ခေါင်းညိတ်ပြသည်။

“ဒါနဲ့ လျူဝူက ရှင့်ဘော့စ်ရဲ့ အမျိုး မဟုတ်လား”

ချန်ကျန့် မျက်တောင်ခတ်မိသွားသည်။

“...မင်း ဘယ်လို သိတာလဲ”

“သူ့အမေက ဒီကို ဖုန်းဆက်ပြီး တက္ကသိုလ်ကျောင်းသားတွေ ရောက်နေလားလို့ မေးပြီး ဘော့စ်ရှန်ကို တန်းရှာတာလေ။ ပြီးတော့ လျူဝူကလည်း မင်းနဲ့ အစကတည်းက ရင်းနှီးနေတာပဲ မဟုတ်လား။ ဒါက သိသာလှပါတယ်”

“ဟုတ်ပါတယ်”

ချန်ကျန့် ဝန်ခံလိုက်ရသည်။

“ငါ သိသားပဲ”

ဟူဖန် ရယ်မောလိုက်သည်။

“တစ်ရက်လောက်ကျရင် မေးကြည့်မလို့ စဉ်းစားနေတာ”

လမ်းခရီးတွင် ရှန်ယွီသည် ကားကို ကိုယ်တိုင် မောင်းနေသဖြင့် ချန်ကျန့်မှာ ဘေးကနေ အနေရခက်စွာ လိုက်ပါလာခဲ့ရသည်။ ခြေမသန်သော ဘော့စ်က သူ့ကို ကားမောင်းပို့ပေးနေရခြင်းမှာ သူ့ကို စိတ်မအေး ဖြစ်စေသောကြောင့် ဖြစ်သည်။

“ဘာစားချင်လဲ”

ရှန်ယွီက မေးသည်။

“တရုတ်စာလား၊ အနောက်တိုင်းစာလား...”

ချန်ကျန့် စကားစလိုက်သော်လည်း ရှန်ယွီက ချက်ချင်းပင် ဖြတ်ပြောလိုက်သည်။

“တရုတ်စာ။ တရုတ်စာပဲ စားမယ်”

ချန်ကျန့် ပြုံးလိုက်သည်။

“ကောင်းပြီလေ။ ရှောင်ဖန်းရဲ့ ခေါက်ဆွဲဆိုင်ကို ကျော်သွားရင် ဆိုင်အချို့ ရှိတယ်၊ ဆန်ပြုတ်၊ ပေါက်စီ၊ မုန့်ပြား၊ ပဲနို့ အကုန်ရတယ်”

“ဟိုတစ်ခါ မင်းစားတဲ့ ပေါက်စီဆိုင်က ကောင်းလား”

ရှန်ယွီက မောင်းရင်း မေးသည်။

“တအားကောင်းတယ်။ အဆာသွပ်ကလည်း တော်တော်များတယ်။ ပြီးတော့ သူတို့ဆီက ကော်ပြန့်ထုပ်လေးတွေကလည်း စားလို့ကောင်းတယ်”

“ဒါဆို အဲ့ဒီကိုပဲ သွားကြတာပေါ့”

ရှောင်ဖန်းရဲ့ ခေါက်ဆွဲဆိုင်ရှေ့ကနေ ဖြတ်မောင်းသွားချိန်မှာတော့ သူတို့နှစ်ဦးစလုံး စပ်စုချင်စိတ်ဖြင့် အထဲကို လှမ်းကြည့်မိကြသည်။

“ဘာကြည့်နေတာလဲ”

ချန်ကျန့် ရယ်မောရင်း မေးလိုက်သည်။

“ဟို အဒေါ်ကြီး ငါတို့ကို မြင်သွားမလားလို့ ကြည့်တာပါ”

ရှန်ယွီက ဆိုသည်။

“ငါတို့က ကားထဲမှာပဲ ရှိတာလေ၊ သေသေချာချာ မမြင်နိုင်ပါဘူး။ ပြီးတော့ သူက ငါတို့ကားကိုလည်း သိမှာမှ မဟုတ်တာ”

လမ်းဘေးတွင် ကားရပ်ပြီးနောက် သူတို့ အမြန်ဝင်သွားကြသည်။ ရှန်ယွီသည် လူမိမှာစိုးသဖြင့် မြန်မြန်ဆန်ဆန် လှုပ်ရှားနေလေသည်။ အသိအကျွမ်းတွေနဲ့ ဆုံမှာကြောက်ရင်တော့ သူ၏ ခြေထောက်တွေက အံ့သြစရာကောင်းလောက်အောင် သွက်လက်သွားတတ်သည်လေ။

ပဲနို့၊ ပေါက်စီ၊ ကော်ပြန့်ထုပ် စသည့် မနက်စာတွေကို သူတို့ တိတ်တဆိတ် စားနေမိကြသည်။ ထမင်းစားရင် စကားမပြောရဟူသော စည်းကမ်းမှာ လိုက်နာရ အလွယ်ဆုံးလို့ ထင်ရသော်လည်း တကယ်တမ်းတော့ မဟုတ်ပါဘူး။ ချန်ကျန့်သည် စကားပြောချင်စိတ်ကို အကြိမ်ကြိမ် အောင့်ထားရသည်။ မနေ့ညက ကိစ္စအကြောင်းဖြစ်ဖြစ်၊ ချန်အာဟူအကြောင်းဖြစ်ဖြစ်ပေါ့။

“ဘာပြောချင်လို့လဲ”

ပေါက်စီ သုံးလုံးစားပြီးနောက် ရှန်ယွီက မေးလိုက်သည်။

“ဘာမှ မဟုတ်ပါဘူး။ မနေ့က လျူဝူက ထမင်းစားပွဲ ကျင့်ဝတ်တွေအကြောင်း ပြောရင်းနဲ့ ပြက်လုံးထုတ်နေလို့ပါ၊ ဒီ ‘စားနေတုန်း စကားမပြောရ’ ဆိုတဲ့ ကိစ္စလေ...”

သူ စကားမဆုံးသေးခင်မှာပင် ရှန်ယွီက မဲ့ကာရွဲ့ကာဖြင့် ဟွန့် ဟူသော အသံထွက်လာခဲ့သည်။

“ဒါဆို ဒီစည်းကမ်းကို မင်းတစ်ယောက်တည်းပဲ လိုက်နာနေရတာပေါ့”

ချန်ကျန့်က ဆိုလိုက်သည်။

“သူကတော့ တကယ်ကို ပါးစပ်ပိတ်ထားသင့်တဲ့လူလေ။ သူ့ကိုတော့ စကားပြောခွင့်ကိုပါ လုံးဝ ပိတ်ပင်ထားသင့်တာ”

ရှန်ယွီက ပြန်ဖြေသည်။ ချန်ကျန့် ရယ်မောလိုက်ပြီး ထိုအကြောင်းကို ဆက်မပြောတော့ချေ။

“ငါက ငယ်ငယ်တုန်းက တအား စကားများတာလေ။ ထမင်းစားချိန်တိုင်း စကားပြောနေမိတာက ငါ့အမေရဲ့ ဟင်းချက်လက်ရာက တအား ညံ့လွန်းလို့ပါ။ ငါ့အဖေကလည်း အတူတူပါပဲ”

“ကျွန်တော့်အမေကတော့ ဟင်းချက် တအားကောင်းတာ။ ကျွန်တော် ဘယ်လိုပဲ ကြိုးစားချက်ချက်၊ အမေ့လက်ရာမျိုး မရနိုင်ဘူး”

ချန်ကျန့်က ခပ်တိုးတိုး ဆိုသည်။

“ငါလည်း အတူတူပါပဲ။ ငါ့အမေရဲ့ ဟင်းလက်ရာကို ငါလည်း မတုပနိုင်ပါဘူး။ ဒါပေမဲ့ ငါချက်တဲ့ ဘယ်ဟင်းမဆို ငါ့အမေချက်တာထက်တော့ အဆပေါင်းများစွာ သာပါတယ်”

ရှန်ယွီ ခေါင်းညိတ်ပြသည်။ ချန်ကျန့် ခပ်တိုးတိုး ရယ်လိုက်မိသည်။

“ဒါပေမဲ့ မား ချက်တဲ့ ထမင်းကို မစားရတာ တော်တော် ကြာပြီပဲ”

ရှန်ယွီက ထပ်ပြောလေသည်။

“ဘော့စ် အိမ်မပြန်ဖြစ်တာ ကြာပြီပေါ့။ ငါဆိုလိုတာက... မင်း ထွက်လာကတည်းက အိမ်ကို တစ်ခါမှ ပြန်မရောက်သေးဘူး မဟုတ်လား”

“အင်း။ အဆင်သင့် မဖြစ်သေးလို့ပါ။ တစ်နေ့နေ့တော့ ပြန်မှာပေါ့”

ရှန်ယွီ ကော်ပြန့်ထုပ်လေး တစ်ခုကို ပါးစပ်ထဲ ထည့်လိုက်လေသည်။

အနှိပ်သည်ချန်၏ ဆေးခန်းသို့ ရောက်သည့်အခါ ရှန်ယွီက မေးလိုက်သည်။

“ဆေးက အစွမ်းထက်ရဲ့လား”

“တော်တော်လေး အဆင်ပြေပါတယ်”

ရှန်ယွီ ခေါင်းညိတ်ပြသည်။

“ဒါပေမဲ့ ဆေးဖြတ်လိုက်ရင်တော့ အိပ်ရပြန်ခက်လာတာပဲ”

“အချိန်တော့ ယူရမှာပေါ့။ လာ... နောက်တစ်ခေါက် ထပ်စစ်ပေးမယ်”

“မင်းတို့ တည်းခိုခန်း မဟုတ်လား”

အဘိုးအိုတစ်ယောက်က ချန်ကျန့်ကို ကြည့်ရင်း ရုတ်တရက် မေးလိုက်သည်။ မနေ့ညက ကိစ္စကို ပြောတာ ဖြစ်မှာပါ။ ထိုသူမှာ မြို့ဟောင်းက စူပါမားကတ်ပိုင်ရှင် အဘိုးကြီး ဖူ ဖြစ်သည်။

“hero တွေပဲ! မကောင်းဆိုးဝါးကို နှိမ်နင်းလိုက်တာပဲ!”

အဘွားအိုတစ်ယောက်က ရုတ်တရက် အော်ဟစ်လိုက်သည်။ ထိုအော်သံကြောင့် ရှန်ယွီမှာ လန့်သွားပြီး ကုလားထိုင်ပေါ်မှပင် လွှားခနဲ ခုန်ထမိတော့မတတ် ဖြစ်သွားရသည်။

“သူ ဘယ်လောက်အထိ ပြစ်ဒဏ်ကျမလဲ”

အဘိုးကြီးဖူက မေးသည်။ ချန်ကျန့်က ပြန်ဖြေသည်။

“မသေချာသေးပါဘူး။ အချိန်တော့ စောင့်ရမှာပေါ့”

“အနည်းဆုံးတော့ ငါတို့တွေ အေးအေးချမ်းချမ်း နေရတော့မှာပေါ့။ သူက တကယ့်ကို အန္တရာယ်ကောင်ပဲ!”

“သူ့ညီ ချန်အာဟူကပဲ သူ့ကို ဖမ်းပေးတာဆို။”

အဘိုးကြီးဖူက ထပ်မံစပ်စုသည်။

“ချန်အာဟူကလည်း သူတော်စင်တော့ မဟုတ်ပါဘူး။ သူ့အစ်ကိုက လမ်းမှားခေါ်ခဲ့တာလေ။ သူ ကျွန်တော်တို့နဲ့အတူ အလုပ်လုပ်နေတာ အဆင်ပြေပါတယ်”

ချန်ကျန့်က ဆိုလိုက်သည်။ အဘိုးကြီးက ချန်ကျန့် အနားသို့ တိုးသွားကာ မေးသည်။

“နေဦး။ မင်းတို့အားလုံးက မနေ့ညက ကိစ္စကို အသေးစိတ် သိနေကြတာလား”

“ဒီလို နေရာငယ်လေးမှာလေ၊ သတင်းကတော့ အမြန်ပျံ့တာပေါ့။ သူတို့တွေ ပြောနေကြတာကတော့ ဘော့စ်က တော်တော်တော်တာပဲတဲ့၊ သူ့လူတွေကို ဦးဆောင်ပြီး ချန်တာဟူကို ဖမ်းလိုက်တာဆို”

“အဲ့ဒါ သူပဲလေ။ ဟို ခြေမသန်တဲ့ ဘော့စ်ကြီးလေ”

အဘွားအိုက ရှန်ယွီကို တိုက်ရိုက် လက်ညှိုးထိုးပြသည်။

“ဟုတ်ပါတယ်၊ ကျွန်တော်ပါပဲ”

ရှန်ယွီ ခေါင်းညိတ်ပြသည်။

“ဒီခြေထောက်နဲ့။ ဘယ်လိုလုပ်ပြီး ဦးဆောင်တာလဲ”

အဘိုးကြီးဖူက ရှန်ယွီ၏ ဘောင်းဘီအောက်က ကိရိယာကို စိုက်ကြည့်ရင်း မေးသည်။

“ကျွန်တော်က အထဲကနေပဲ အမိန့်ပေးနေတာပါ။ သူတို့အားလုံးက နားကြပ်တွေ တပ်ထားကြတာလေ၊ တစ်ယောက်တည်းလို လှုပ်ရှားနိုင်အောင်လို့ပေါ့”

ရှန်ယွီက အတည်ပေါက်နှင့် လိမ်ပြောလိုက်သည်။

“အို။ နည်းပညာမြင့်ကြီးပါလား!”

အခန်းထဲရှိ လူအားလုံး တစ်ပြိုင်နက်တည်း အံ့သြတကြီး အသံထွက်လာကြသည်။ ချန်ကျန့်မှာမူ ရှန်ယွီကို ဆွံ့အစွာဖြင့် စိုက်ကြည့်နေမိတော့သည်။

ဆေးခန်းမှ ထွက်လာပြီးနောက် ချန်ကျန့်က တိုးတိုးလေး ဆိုသည်။

“မင်းကတော့ ဘာမဆို ပြောရဲတာပဲနော်”

“ငါတို့ တည်းခိုခန်းမှာ လူနှစ်ယောက် သေခဲ့တယ်ဆိုတဲ့ ကိစ္စကို ပြောနေကြတာထက်စာရင်၊ ဒါကို ပြောနေကြတာက ပိုကောင်းပါတယ်”

ရှန်ယွီက ဆိုသည်။ ချန်ကျန့် တိတ်ဆိတ်သွားသည်။ ရှန်ယွီ၏ ကျိုးကြောင်းပြချက်များမှာ အမြဲတမ်း ဤကဲ့သို့ ကလိန်ကကျစ် ဆန်နေတတ်သည်။

“အခု ဘယ်လမ်းက သွားမလဲ”

ရှန်ယွီက မေးသည်။

“တာယွင်ကို ပြန်မယ့်လမ်းကို မေ့သွားတာတော့ မဟုတ်ပါဘူးနော်”

“ငါတို့ ရွာသစ်ကို သွားရမှာ မဟုတ်လား”

ရှန်ယွီက ကားစနှိုးရင်း ပြန်မေးသည်။ သူ ချန်ကျန့်ကို တစ်ချက်ကြည့်ကာ ထပ်မေးသည်။

“မင်း အကြွေးသွားဆပ်ပြီး ဘောင်ချာ ယူရမယ်ဆို”

“ကျွန်တော့်ဘာသာ သွားလို့ ရပါတယ်၊ မင်း လိုက်ပို့နေဖို့ မလိုပါဘူး”

“မင်းက ဆိုင်ကယ်နဲ့ ပြန်သွားပြီးမှ၊ နောက်တစ်ခေါက် ပြန်ထွက်လာမှာလား။ အဲ့ဒါက ၁၈ မိုင်လောက် ပိုမောင်းရမှာလေ။ လမ်းဆုံက ဆိုင်းဘုတ်မှာ ရွာသစ် ဆိုတာကို ရှင်းရှင်းလင်းလင်း မြင်နေရတာပဲကို”

ရှန်ယွီက ဆိုသည်။ ချန်ကျန့် တိုးတိုးလေး ရေရွတ်လိုက်သော်လည်း ရှန်ယွီ ဘာမှ ထပ်မပြောတော့ဘဲ ကားကိုသာ ဆက်မောင်းနေလေသည်။

လမ်းဆုံသို့ ရောက်သည့်အခါတွင်တော့ သူသည် ရွာသစ်ဘက်သို့ တိုက်ရိုက် ကွေ့ဝင်လိုက်လေတော့သည်။ ချန်ကျန့် သက်ပြင်းချလိုက်သည်။

“တကယ်ကို မလိုအပ်တဲ့ ကိစ္စကြီးပါဗျာ”

“ကားရှိတာက အကျိုးကျေးဇူးတွေ အများကြီး ရှိပါတယ်၊ ကားဟောင်း ဖြစ်နေရင်တောင်မှပေါ့။ မင်းရဲ့ အစုတ်ပလုတ် ဆိုင်ကယ်လေးနဲ့စာရင်တော့ ကြည့်ရတာ ပိုကောင်းတာပေါ့။ မင်းရဲ့ အကြွေးရှင်တွေ မြင်ရင်လည်း မင်း အခု အခြေအနေ ကောင်းနေပြီ၊ အကြွေးဆပ်နိုင်တဲ့ အင်အား ရှိနေပြီဆိုတာ သိသွားပြီး ဖိအားတွေ လျော့သွားနိုင်တာပေါ့”

ရှန်ယွီက ဆိုသည်။

“တကယ်လို့ သူတို့က ကျွန်တော့်ကို အခြေအနေကောင်းနေတယ် ထင်ပြီး ပိုပြီး ဖိတောင်းလာရင်ကော”

“ဒီကားက မင်းဟာလို့ ဘယ်သူက ပြောလို့လဲ။ ငါက မင်းရဲ့ ယာဉ်မောင်းပဲလေ၊ ဟုတ်တယ်မလား”

ရှန်ယွီက လှောင်ပြုံးပြုံးရင်း ဆိုသည်။ ချန်ကျန့် ရယ်မောလိုက်မိသည်။

“ပိုကောင်းတဲ့ ဇာတ်လမ်းကတော့၊ နည်းပညာမြင့် သူခိုးဖမ်းတဲ့ ဘော့စ်ကြီးက သူ့ရဲ့ မန်နေဂျာကို အကြွေးဆပ်ဖို့အတွက် ကားနဲ့ လိုက်ပို့ပေးတာပေါ့။ ဒါက မင်း ပုံမှန် ဝင်ငွေရှိနေပြီ၊ အကြွေးဆပ်နိုင်တာ သေချာတယ်ဆိုတာကို ပြနေတာပဲလေ”

“အင်း”

ချန်ကျန့် ခပ်တိုးတိုး ပြန်ဖြေလိုက်သည်။ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် သူ ရှန်ယွီကို လှမ်းကြည့်ကာ ဆိုသည်။

“ဒီစကားက ဘာမှ အဓိပ္ပာယ်မရှိသလို ဖြစ်နေမှာ သိပေမဲ့၊ ကျွန်တော် ပြောချင်တာကတော့။”

“ကျေးဇူးတင်စရာ မလိုပါဘူး။ ငါတို့ အချိန်ကုန် သက်သာအောင် လုပ်တာပဲလေ၊ မဟုတ်ရင် မင်း အလုပ် နောက်ကျနေမှာပေါ့”

ရှန်ယွီက စကားဖြတ်ပြောလိုက်သည်။

ရွာသစ်သို့ ရောက်သောအခါ ချန်ကျန့် လမ်းညွှန်ပြသည့်အတိုင်း ရှန်ယွီ ကားကို မောင်းလာပြီးနောက်၊ နှစ်ထပ်အိမ်တစ်လုံး ရှေ့တွင် ရပ်လိုက်သည်။ ချန်ကျန့် ကားပေါ်ကဆင်းကာ လူခေါ်ခေါင်းလောင်းကို နှိပ်လိုက်သည်။ အထဲမှ အမျိုးသမီးတစ်ယောက် ထွက်လာပြီး တံခါးဖွင့်ပေးသည်။

ကားထဲကနေ ရှန်ယွီသည် ထိုပုံရိပ်ကို စောင့်ကြည့်နေမိသည်။ ခွေးဟောင်သံတွေကြားမှာ တစ်ယောက်တည်း ရပ်နေပြီး၊ အကြွေးဆပ်ကာ ဘောင်ချာရဖို့ စောင့်ဆိုင်းနေတဲ့ လူငယ်လေးပေါ့။ သူ ကြည့်ရတာ တည်ငြိမ်လှသည်။ ဤကဲ့သို့သော အလုပ်မျိုးကို အကြိမ်ပေါင်း ထောင်ချီ လုပ်ခဲ့ဖူးမှန်း သိသာလှသည်။

ရှန်ယွီ၏ အမြင်တွင်မူ ဤမြင်ကွင်းမှာ နာကျင်စရာ ကောင်းလှသည်။ ချန်ကျန့်က သူ့ကို မလိုက်ခဲ့စေချင်တာက၊ သူ၏ ဘဝထဲက သိက္ခာကျစရာကောင်းလှတဲ့ ဤအပိုင်းကို တစ်စုံတစ်ယောက်အား မမြင်စေချင်သောကြောင့် ဖြစ်ပေလိမ့်မည်။ မိနစ်အနည်းငယ် ကြာသည့်အခါ အမျိုးသားတစ်ယောက် ထွက်လာပြီး ချန်ကျန့်ကို စာရွက်လေးတစ်ရွက် လှမ်းပေးလိုက်သည်။ ချန်ကျန့် ဘောင်ချာကိုယူ၊ ဘာမှ ထပ်မပြောဘဲ ကိုယ်ကိုလှည့်ကာ ထွက်လာခဲ့သည်။

ချန်ကျန့် ကားပေါ်ပြန်တက်လာသည့်အခါ ရှန်ယွီက မေးသည်။

“ဘာဖြစ်နေတာလဲ”

“ဗျာ။ ဘာမှ မဖြစ်ပါဘူး”

“အဲ့ဒီ သုံးလှမ်းလောက် လမ်းလျှောက်တာက နှိပ်စက်ခံနေရတဲ့ ပုံစံမျိုး ဖြစ်နေတာကိုး။ ကားပေါ် မတက်ချင်ရင်လည်း အိမ်အထိ လမ်းလျှောက်ပြန်ပေါ့”

ရှန်ယွီက အေးအေးဆေးဆေး ဆိုသည်။ ချန်ကျန့် ဘေးက ထိုင်ခုံမှာ ဝင်ထိုင်လိုက်သည်။ ရှန်ယွီက ထိုအိမ်ဘက်ကို စိုက်ကြည့်နေဆဲ ဖြစ်သည်ကို သတိထားမိလိုက်သည်။

“ဘာကြည့်နေတာလဲ”

“မသိဘူး။ မင်းရဲ့ အကြွေးရှင်တွေက ငါ့ကို စိုက်ကြည့်နေကြသလို ခံစားရလို့ပါ”

ရှန်ယွီက တမင်တကာ မျက်နှာလွှဲရင်း ဆိုသည်။ ချန်ကျန့်လည်း လှမ်းကြည့်လိုက်သည်။ သေချာပေါက်ပင်၊ ဟို ဇနီးမောင်နှံနှစ်ဦးမှာ ဝရန်တာကနေ သူတို့ဘက်ကို စိုက်ကြည့်နေကြခြင်း ဖြစ်သည်။ သူ ခေတ္တမျှ တန့်သွားပြီးမှ၊ ထိုင်ခုံပေါ်သို့ ပြန်မှီကျသွားကာ ရုတ်တရက် အားရပါးရ ရယ်မောတော့သည်။

“အကြွေး ဘယ်လောက်တောင် ဆပ်လိုက်ရလို့လဲ။ ဒီလောက်အထိ ရယ်နေတာဆိုတော့ လူတွေက မင်းကို အကြွေးတောင်းတဲ့လူလို့ ထင်ကုန်ကြဦးမယ်”

“ဘာမှ မဟုတ်ပါဘူး”

ချန်ကျန့် သူ၏ မျက်နှာကို ပွတ်လိုက်ရင်း ရှေ့ကိုသာ စိုက်ကြည့်နေလိုက်သည်။ ခဏအကြာတွင် သူ မနေနိုင်တော့ဘဲ သက်ပြင်းတစ်ချက် ချလိုက်မိသည်။ ရှန်ယွီက မလှောင်မီမှာပင် သူက အရင်ဦးအောင် ပြောလိုက်သည်။

“အောက်ဆီဂျင် ပြတ်နေလို့ပါ။ အောက်ဆီဂျင်ဘူး တစ်ဘူးလောက် ဝယ်ရအောင်”

“မင်းကတော့ တကယ့်ကို အရူးပဲ”

ရှန်ယွီလည်း လိုက်ပြီး အားရပါးရ ရယ်မောမိတော့သည်။

အပြန်လမ်းတွင် လမ်းဘေးတစ်ဖက်တစ်ချက်ရှိ ပြောင်းဖူးခင်းများကို ရှန်ယွီ အရှိန်လျှော့ကာ ငေးကြည့်နေမိသည်။

“အန္တရာယ် များတယ်နော်၊ ကားမောင်းရင်း ရှုခင်းတွေ ငေးမနေနဲ့”

ချန်ကျန့်က သတိပေးလိုက်သည်။

“ဟုတ်ကဲ့ပါခင်ဗျာ”

ရှန်ယွီ ချက်ချင်းပင် ကားကို လမ်းဘေးမှာ ရပ်လိုက်သည်။

“ဒါဆို မင်း အလုပ်နောက်ကျကုန်မှာပေါ့”

“အရင်က တောင်ပေါ်ကနေ ကြည့်ဖူးတယ်လေ။ ကြည့်ရတာ စောင်အထူကြီး တစ်ထည် ခင်းထားသလိုပဲ။ အခု အနီးကပ်ကြည့်တော့မှ တကယ့်ကို မြင့်မားတာပဲ”

“ဘော့စ်က ကျေးလက်ကို တစ်ခါမှ မရောက်ဖူးဘူးလား”

“ရောက်ဖူးပါတယ်။ ဒါပေမဲ့ သေသေချာချာ မကြည့်မိခဲ့တာပါ။ အကြာကြီး စိုက်ကြည့်နေရင် အိပ်မက် မက်နေသလိုမျိုး ခံစားရတယ်”

“ကျွန်တော်လည်း တစ်ခါတစ်လေ အိပ်မက် မက်တတ်ပါတယ်”

ချန်ကျန့်က ခပ်တိုးတိုး ဆိုသည်။

“မြို့ပေါ်မှာ ကျောင်းတက်နေတုန်းကဆို တောင်တွေ၊ လယ်ကွင်းတွေကို ခဏခဏ အိပ်မက် မက်တာ”

“ဒါကို အိမ်လွမ်းစိတ်လို့ ခေါ်တာပေါ့။ ဝေးလေလေ၊ ပိုပြီး လွမ်းရလေလေပေါ့”

ရှန်ယွီက ပြုံးလျက် ဆိုသည်။

“ဒီမနက် ချန်အာဟူ ပြောပြတယ်၊ သူ့အစ်ကို ထောင်က မထွက်ခင်အထိ ကြိုးစားပြီး၊ ပြီးရင်တော့ ဒီနေရာကနေ ထွက်သွားချင်တယ်တဲ့”

“ဟုတ်လား”

“အင်း။ သူ ကျွန်တော့်ကို မေးသေးတယ်၊ ချန်တာဟူကို မင်းက တမင် ထောင်ဖမ်းလိုက်တာလား တဲ့”

ရှန်ယွီ လှောင်ပြုံးပြုံးလိုက်သည်။

“အာ့ဟာ။ သူလည်း လုံးဝ ဦးနှောက်မရှိတာတော့ မဟုတ်ဘူးပဲ... ရက်အနည်းငယ်ကြာရင် ငါ သူ့ကို ကိုယ်တိုင် စကားပြောလိုက်ပါ့မယ်”

“မလိုပါဘူး။ သူ မင်းကို စိတ်မဆိုးပါဘူး။ တကယ်တမ်းတော့ မင်း သူ့ကို ကယ်လိုက်တာပဲလေ။ အနည်းဆုံးတော့ အခုဆိုရင် ချန်တာဟူက သူ့ကိုရော၊ သူတို့အဖေကိုပါ ထပ်ပြီး ရိုက်လို့ မရတော့ဘူး မဟုတ်လား”

“အခုတော့ သူ ငါ့ကို အပြစ်မတင်ဘူးပေါ့။ ဒါပေမဲ့ ငါ သေသေချာချာ မရှင်းပြခဲ့ရင် သူ့စိတ်ထဲမှာ အဖုအထစ် ရှိနေဦးမှာပဲ။ ငါတို့တွေ ဒီလောက်အထိ ရောက်လာမှတော့၊ လျှို့ဝှက်ချက်တွေ မထားတာ ပိုကောင်းပါတယ်”

ရှန်ယွီက ဆိုသည်။ ချန်ကျန့် နှုတ်ဆိတ်နေခြင်းဖြင့် သဘောတူကြောင်းပြလိုက်သည်။ ရှန်ယွီ ကားကို ပြန်နှိုးလိုက်သည့် အချိန်မှာပင် ချန်ကျန့် မနေနိုင်တော့ဘဲ မေးလိုက်မိသည်။

“မင်းကော ဒီမှာ ဘယ်လောက်ကြာကြာ နေမှာလဲ”

“ဟင်။”

ရှန်ယွီ ဘရိတ်ကိုနင်းကာ လှည့်ကြည့်သည်။

“အာဟူ ပြောတာတော့... လူတိုင်းက တစ်နေ့နေ့မှာ ထွက်သွားကြမှာပဲတဲ့”

ချန်ကျန့် တိုးတိုးလေး ဆိုသည်။

“အချို့လူတွေက ပိုက်ဆံရှာဖို့ ထွက်သွားကြတယ်။ အချို့လူတွေကတော့ ပိုက်ဆံရှာဖို့ ဒီကို လာကြတာလေ”

ရှန်ယွီက ပြုံးလျက် ဆိုသည်။ ချန်ကျန့် တိတ်ဆိတ်သွားသည်။

“ငါကတော့ ထွက်သွားဖို့ အခုထိ မစဉ်းစားရသေးပါဘူး”

ရှန်ယွီက ခပ်အေးအေးပဲတုံ့ပြန်လေ၏။

_______________________________________________________________________


Comments

  1. ကောင်လေး စိတ်ပူနေပြီ မြေခွေးကြီးကို

    ReplyDelete

Post a Comment

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

2

အခန်း (၂) မိုးမှာ တဖွဲဖွဲတစ်လှည့်၊ သည်းထန်စွာတစ်လှည့် ဆက်လက်ရွာသွန်းနေဆဲ…ဆိုင်တံခါးအပြင်ဘက်ရှိ မိုးကာအမိုးပေါ်တွင် ရေများပြည့်လျှံနေပြီး အချိန်မရွေး ပြိုကျတော့မည့်အလား ။ လျူဝူသည် ထိုအမိုးကို ခေတ္တမျှ စောင့်ကြည့်နေပြီးနောက် လက်ညှိုးထိုးပြကာ မေးမြန်းစူးစမ်းခန်းစသည်။ “အဲ့ဒီဟာက ရေတွေကို အလိုအလျောက် စီးဆင်းအောင် လုပ်ပေးနိုင်တာလား” “ဟုတ်တယ်” ချန်ကျန် ခပ်တိုတိုပဲ ပြန်ဖြေ၏။ “ဟင်” လျူဝူသည် အံ့အားသင့်သွားပြီး “တကယ်ကြီး အလိုအလျောက်လား” ဟု ထပ်မေးသည်။ “အသံနဲ့ ခိုင်းရတာလေ” “ဗျာ” ချန်ကျန့် အဖြေကြောင့် လျူဝူမှာ ပို၍ပင် ဝေခွဲမရဖြစ်သွားတော့သည်။ ရှန်ယွီသည် သက်ပြင်းချရင်း မျက်နှာကို အခြားတစ်ဖက်သို့ လွှဲလိုက်ရ‌တော့၏။ ချန်ကျန် မတ်တတ်ရပ်လိုက်ပြီး တံခါးဘေးရှိ ခွတစ်ခုကို ယူကာ မိုးကာအမိုးအောက်သို့ လမ်းလျှောက်သွားသည်။ ထို့နောက် အမိုး၏ အပေါ်ဘက်ကို နှစ်ချက်ခန့် ဆွလိုက်ရာ စုပုံနေသော မိုးရေများမှာ ဝေါကနဲ စီးကျသွားပြီး မိုးကာအမိုးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ “မင်း ပြောလိုက်တဲ့ ခဏမှာပဲ ရေတွေက စီးဆင်းသွားတာလေ” ချန်ကျန် ပြန်လည်ထိုင်လိုက်ရင်း “အသံနဲ့ ခိုင်းရတာဆိုတာ အဲ့ဒါကို ပြောတာ” ဟု ဆိုသည်။ “အသံနဲ့ ခိုင်းရတယ်ဆို...