အပိုင်း (၄၁)
ရှန်ယွီက သူ့ကို လှည့်ကြည့်လိုက်သော်လည်း ချက်ချင်း ပြန်မဖြေသေးပါ။ သို့သော် သူ ဖြေဖို့ကိုလည်း ငြင်းမဆန်ခဲ့ပါဘူး။
ချန်ကျန့်ကတော့ ဒီလို တိတ်ဆိတ်နေတဲ့ အခြေအနေမှာ သူ အနေရခက်သင့်တယ်၊ ဒါမှမဟုတ် ဒီလိုမေးခွန်းမျိုး မေးမိတာကို နောင်တရသင့်တယ်လို့ ထင်ခဲ့ပေမဲ့ ထူးဆန်းစွာပဲ သူ ဘာမှမခံစားရပါဘူး။ ဘာလို့လဲဆိုတော့ ရှန်ယွီရဲ့ မျက်နှာအမူအရာက တကယ်ကို တည်ကြည်နေတာ သူ မြင်နေရလို့ပါ။
“ငါ့သူငယ်ချင်းက... ငါ့ကို လှမ်းပြောတယ်”
ရှန်ယွီက ဘယ်လိုစကားလုံး သုံးရမလဲ စဉ်းစားနေပုံရသည်။
“ငါ့ရဲ့ စီးပွားရေးလုပ်ဖော်ကိုင်ဖက် ထောင်က လွတ်လာပြီတဲ့”
“အဲ့ဒီ လူလိမ်က မင်းရဲ့ လုပ်ဖော်ကိုင်ဖက်ကိုပါ ဒုက္ခပေးခဲ့တာလား”
“အင်း”
ရှန်ယွီ သူ၏ လက်ထဲက ဆီစိမ်မုန့်ပြား ထည့်ခဲ့တဲ့ အိတ်ခွံကို ငုံ့ကြည့်ရင်း ပြန်ဖြေသည်။
“သူ တစ်ခုခု လုပ်ခဲ့လို့လား။ မင်းကို ပြဿနာ လာရှာလို့လား”
ချန်ကျန့်က ထပ်မေးပြီးမှ ခေတ္တတုံ့ဆိုင်းသွားကာ ကားတံခါးကို ဖွင့်လိုက်သည်။
“ကျွန်တော့်ကို ခဏစောင့်နော်”
ရှန်ယွီ ဘာမှမပြောဘဲ သူ့ကို တစ်ချက် ကြည့်လိုက်ရုံသာ ရှိသည်။
ချန်ကျန့် ကားပေါ်က ခုန်ဆင်းသွားပြီး လမ်းဘေးက မုန့်ဆိုင်ထဲ ပြေးဝင်သွားသည်။ ခဏအကြာတွင် နာနတ်သီးအဆာသွပ် ပေါင်မုန့် တစ်လုံး ဝယ်လာပြီး ရှန်ယွီဆီ ကမ်းပေးလိုက်သည်။
“မင်း ဗိုက်မဝသေးဘူး မဟုတ်လား”
ရှန်ယွီ မုန့်အိတ်ကို ယူလိုက်သည်။
“မင်း နေကြာစေ့ သွားဝယ်တာ ထင်နေတာ”
“ဘာတွေ လျှောက်ပြောနေတာလဲ”
ရှန်ယွီသည် နာနတ်သီးမုန့်ကို ကိုင်ထားရင်း ချန်ကျန့်ရဲ့ မေးခွန်းကို အသေအချာ စဉ်းစားပြီးမှ ပြန်ဖြေသည်။
“သူက ငါနဲ့ ငယ်သူငယ်ချင်းလေ၊ ငါ့မိဘတွေနဲ့လည်း တအား ရင်းနှီးတယ်။ ထောင်က လွတ်တာနဲ့ သူ ငါ့အိမ်ကို သွားတယ်တဲ့”
“မင်းအိမ်ကို သွားတယ်။”
ချန်ကျန့် ကြောင်သွားရသည်။
“သူက ဘယ်လို သတ္တိမျိုးနဲ့လဲ”
ရှန်ယွီမှာ တကယ်ပဲ ဗိုက်မဝသေးတာ ဖြစ်ရမည်။ ထိုမုန့်ကို နှစ်လုပ် သုံးလုပ်နှင့်ပင် ကုန်အောင် စားပစ်လိုက်သည်။
“ဘယ်သူသိမှာလဲ။ လမ်းပေါ်မှာ တစ်ယောက်ယောက် ပစ်ထားတဲ့ သတ္တိတွေကို ကောက်ယူလာတာ ဖြစ်မှာပေါ့”
“ဗျာ။”
ချန်ကျန့် နားမလည်ဘဲ မေးလိုက်သည်။
“သတ္တိတွေလေ”
“မင်းမိဘတွေက သူ့ကို မရိုက်ဘူးလား”
“ငါ့မိဘတွေက တော်တော်လေး ပညာတတ်ပြီး ယဉ်ကျေးတဲ့လူတွေလေ”
ရှန်ယွီက တစ်ရှူးဖြင့် လက်ချောင်းတွေကို တစ်ချောင်းချင်း သေသေချာချာ သုတ်ရင်း ဆိုသည်။
“သူက ငါ့သူငယ်ချင်း ဖြစ်နေတာကိုး။ ငါက သူ့အပေါ် ဘယ်လို သဘောထားမျိုး ထားမလဲဆိုတာ သူတို့ မသိသေးသရွေ့တော့ ငါ့မိဘတွေက...”
“ဒါပေမဲ့ သူက မင်းကို ဒီလောက်အထိ ဒုက္ခပေးခဲ့တာလေ!”
ချန်ကျန့်က စိတ်မရှည်စွာ ဆိုသည်။
“ကျွန်တော်သာ မင်းအဖေ ဆိုရင်တော့...”
“ဟေး... ဟေး... ဟေး...”
ရှန်ယွီ သူ့ကို ကြည့်လိုက်သည်။
“ငါတို့က ဒီအတိုင်း စကားပြောနေတာလေ။ မင်းက ဘာလို့ ငါ့အပေါ် အခွင့်ကောင်း လာယူနေတာလဲ”
“ကျွန်တော်သာ...”
ချန်ကျန့် စကားစပြီးမှ ပြန်ရပ်လိုက်သည်။
“မင်းက ငါ့အဖေ မဟုတ်ရင် ငါ့သားလား။ ငါတို့ကြားမှာ သားအဖ ဆက်ဆံရေးပဲ ရှိရမှာလား”
“မင်းသာ ကျွန်တော့်ရဲ့ အစ်ကိုဆိုရင်တော့”
ချန်ကျန့် နောက်ဆုံးတွင် သားအဖ သံသရာထဲမှ ရုန်းထွက်နိုင်သွားသည်။
“အဲ့ဒီလူကို ကျွန်တော် ရိုက်နှက်ပြီးတာ ကြာပြီ”
ရှန်ယွီ ပြုံးလိုက်သည်။ အသုံးပြုပြီးသား တစ်ရှူးတွေနဲ့ အိတ်ခွံကို စုစည်းပြီး အိတ်လေးထဲ ထည့်လိုက်သည်။
“ဒီအချက်မှာတော့ မင်းနဲ့ လျူဝူက တူသားပဲ၊ မင်းတို့ အသက်အရွယ်ရဲ့ စရိုက်အတိုင်းပဲလေ”
ချန်ကျန့် ရှန်ယွီ့လက်ထဲက အိတ်ကို ယူပြီး ပြတင်းပေါက်ကနေတစ်ဆင့် လမ်းဘေးက အမှိုက်ပုံးထဲ လှမ်းပစ်လိုက်သည်။
“အဲ့ဒီတုန်းက သူတို့ ငါ့ကို တားခဲ့ကြပါသေးတယ်၊ ဖန်းရွှီက အားကိုးလို့ မရဘူးဆိုပြီးတော့လေ”
ရှန်ယွီ သူ၏ ထိုင်ခုံကို အနောက်သို့ အနည်းငယ် လှည့်လိုက်ပြီး၊ လက်မောင်းပေါ် ခေါင်းတင်ကာ ရှေ့ကို ငေးကြည့်နေသည်။
“ဒါပေမဲ့ ငါ့ရဲ့ သဘောထားကတော့ ဒါက သူတို့နဲ့ မဆိုင်ဘူးဆိုတာပဲ။ အဲ့ဒါကြောင့် သူတို့လည်း ငါ့ရဲ့ ဆုံးဖြတ်ချက်အပေါ် အတင်းအကျပ် မတားခဲ့ကြတာ”
“သူတို့က... အဲ့ဒီလောက်တောင် ယုံကြည်ပေးတာလား”
ချန်ကျန့်မှာ မိဘများနှင့် အချိန်အကြာကြီး အတူမနေခဲ့ရသလို၊ ဘဝမှာလည်း ကြီးမားတဲ့ ဆုံးဖြတ်ချက်တွေ ချခဲ့ရတာမျိုး မရှိခဲ့ပါဘူး။ ထို့ကြောင့် ဤကဲ့သို့သော ပေါ့ပေါ့ပါးပါး ဆက်ဆံရေးမျိုးကို သူ ကောင်းကောင်း နားမလည်နိုင်ချေ။
“မယုံကြည်ပေးလို့ကော ဘာထူးမှာလဲ။ ငါကမှ နားထောင်မှာ မဟုတ်တာ”
ချန်ကျန့် ကားတံခါးကို မှီပြီး သူ့ကို ဘေးတိုက် ကြည့်နေမိသည်။ ရှန်ယွီ ဤစကားကို ပြောနေသည့်ပုံစံမှာ တခြားလူတစ်ယောက်အကြောင်း ပြောနေသလိုပင်။
“ငါက ဖန်းရွှီနဲ့ အတူတူ ကြီးပြင်းလာတာလေ၊ အတူတူ ဆော့ခဲ့ကြတာ။ ပြောရရင်တော့ သူ ဘယ်လိုလူလဲဆိုတာ ငါ မသိဘူးလို့ ပြောရင် အလိမ်အညာ ဖြစ်မှာပေါ့”
ရှန်ယွီက ဆိုသည် ။
“ငါက သူ ငါ့ကိုတော့ ဒုက္ခပေးမှာ မဟုတ်ဘူးလို့ ထင်နေခဲ့တာ”
“ဒါပေမဲ့ နောက်ဆုံးတော့ သူ မင်းကို အကြီးအကျယ် ဒုက္ခပေးသွားခဲ့တာပဲ မဟုတ်လား”
ရှန်ယွီ ခေါင်းလှည့်ပြီး သူ့ကို ခေတ္တမျှ စိုက်ကြည့်သည်။
“အင်း”
“ဒါဆို သူ မင်းအိမ်ကို ဘာသွားလုပ်တာလဲ။ မင်းကို ဒုက္ခပေးခဲ့တာအတွက် တောင်းပန်ဖို့လား”
ချန်ကျန့် မျက်မှောင်ကြုတ်လိုက်မိသည်။ တောင်းပန်သင့်တာ မှန်ပေမဲ့ ကြားရတာကတော့ တကယ်ကို ဒေါသထွက်စရာပါပဲ။ တောင်းပန်ရုံနဲ့ ဒါတွေက ပြေလည်သွားမှာမလို့လား။
“ငါ့ခြေထောက်အတွက် လာတောင်းပန်တာလည်း ဖြစ်နိုင်တာပဲ”
ရှန်ယွီက ပေါ့ပေါ့ပါးပါး ဆိုရင်း ခြေထောက်ကို အနည်းငယ် လှုပ်ယမ်းပြသည်။
“မင်းခြေထောက်ကလေ...”
ချန်ကျန့် ခြေထောက်ကို ကြည့်လိုက်သည် ။
“တကယ်တမ်း ဘယ်လို ဖြစ်ခဲ့တာလဲ”
“အရိုက်ခံရတာလို့ ငါ ပြောခဲ့တယ် မဟုတ်လား”
“ဘယ်သူကလဲ။ သူ့ရဲ့ ကြံရာပါတွေလား”
ရှန်ယွီ စကားမပြောဘဲ သူ့ကို လှည့်ကြည့်သည်။ ချန်ကျန့်လည်း ပြန်ကြည့်နေလိုက်သည်။
ဘာလဲ၊ ငါ ဘောင်ကျော်သွားလို့လား။ တစ်နေကုန် ဘောင်တွေ ကျော်နေတာပဲ၊ နောက်တစ်ခွန်းလောက် ထပ်ကျော်လည်း ဘာဖြစ်မှာလဲ။ ပြီးတော့ မင်းက အရင် စတာလေ။
“အင်း”
ရှန်ယွီ ခေါင်းညိတ်ပြသည် ။
“ဒါပေမဲ့ ငါ့မှာ သက်သေမရှိဘူးလေ”
ချန်ကျန့် တိတ်ဆိတ်သွားသည်။ ရှန်ယွီက ထိုသူကို တိုင်တောခဲ့သည့်အတွက် လက်စားချေခြင်း ဖြစ်မှာ သေချာပါသည်။
“သွားကြစို့”
ရှန်ယွီ ကိုယ်ကို မတ်ထိုင်လိုက်ပြီး ထိုင်ခုံကို ပြန်ပြင်ကာ စတီရာကို ပုတ်လိုက်သည် ။
“ပြန်ကြရအောင်”
“မင်း... စားစရာ တစ်ခုခု ထပ်စားချင်သေးလား”
“မင်း ခုနတင် ငါ့မျက်နှာကို နာနတ်သီးမုန့်နဲ့ ထိုးကျွေးပြီး အစားမစားနိုင်အောင် လုပ်ခဲ့တာ မဟုတ်လား”
“အဲ့ဒါက ဗိုက်ဆာတာ အောင့်ထားဖို့ပါဆို။ မင်း ဗိုက်ဆာနေမှာ စိုးလို့ပါ”
“ဘယ်သူက ဆီစိမ်မုန့်ပြားနဲ့ နာနတ်သီးမုန့်ကို ဗိုက်ဆာတာ ခဏ အောင့်ဖို့အတွက် သုံးလို့လဲ”
“ကျွန်တော် သုံးတာလေ”
“မင်းအဖေ ဝယ်ကျွေးတဲ့ ထမင်းဘူးနဲ့ကော ဗိုက်မဝဘူးလား”
“ဝပါတယ်”
ချန်ကျန့် သူ၏ ဝမ်းဗိုက်ကို ပွတ်ရင်း ဆိုသည်။
“ဒါပေမဲ့ ထပ်စားနိုင်သေးတယ် မဟုတ်လား”
ချန်ကျန့် ရယ်လိုက်မိသည်။
“မင်း ဒီနေရာကို ကောင်းကောင်း သိတယ် မဟုတ်လား”
ရှန်ယွီ ကားစနှိုးလိုက်သည်။
“အင်း”
“မင်း ပုံမှန် ဘယ်မှာ စားလေ့ရှိလဲ”
ရှန်ယွီက မေးသည် ။
“မင်း အချိန်ပိုင်း အလုပ်လုပ်တုန်းက ဖြစ်ဖြစ်၊ အတန်းခိုးတုန်းက ဖြစ်ဖြစ်ပေါ့”
“ကျွန်တော်ကတော့ ဘယ်နေရာမဆို စားတာပါပဲ။ လမ်းဘေးဆိုင်လေးတွေမှာလည်း စားတာပဲလေ”
“ငါလည်း အခုချိန်မှာတော့ အဆင့်မြင့်တဲ့ ဆိုင်တွေမှာ သွားစားဖို့ စိတ်မပါဘူး”
ချန်ကျန့် ခဏမျှ တိတ်ဆိတ်သွားပြီးမှ ရှေ့ကို လက်ညှိုးညွှန်ပြလိုက်သည်။
“ဟိုဘက်ကို မောင်းလိုက်။ အဲ့ဒီမှာ မုန့်ပြားကြော်ဆိုင် တစ်ဆိုင် ရှိတယ်၊ ကျွန်တော် အရင်က အဲ့ဒီမှာ ခဏခဏ စားတာ”
“အိုကေ၊ မုန့်ပြားကြော်ပေါ့”
“မုန့်ပြားကြော် တစ်ပွဲလား”
ဆိုင်ရှင်က သူတို့ကို ကြည့်ပြီး မေးသည်။
“ဟုတ်ကဲ့”
ရှန်ယွီ ခေါင်းညိတ်ပြသည် ။
“ပြီးတော့ ပန်းကန်အပို တစ်လုံးပေးပါဦး”
“မရှိဘူး”
ဆိုင်ရှင်က ဆိုသည် ။
“ငါတို့ဆီမှာ ပန်းကန်အကြီးတွေပဲ ရှိတယ်”
“ဒါဆိုလည်း ပန်းကန်အကြီး တစ်လုံးပဲ အပိုပေးပါ”
“ပန်းကန်တွေက မုန့်ပြားကြော် ထည့်ဖို့လေ”
“ဟုတ်တယ်လေ။ ကျွန်တော် မုန့်ပြားကြော် စားမလို့ပါဆို”
“မုန့်ပြားကြော် တစ်ပွဲပဲလေ”
ဆိုင်ရှင်က စိတ်မရှည်ဖြစ်လာပုံရသည်။
“ရပါတယ် ဦးလေး၊ ပုံမှန်အတိုင်း တစ်ပွဲပဲ ပေးပါ”
ချန်ကျန့် အနားသို့ သွားကာ ရှန်ယွီ၏ လက်မောင်းကို ဆွဲပြီး ဆိုင်ဘေးက လမ်းကြားထဲက စားပွဲအသေးလေးဆီ ခေါ်သွားလိုက်သည်။ ခုံတန်းလေး တစ်ခုကို ခြေထောက်ဖြင့် ရှန်ယွီ့ဆီ တွန်းပေးလိုက်ပြီး ။
“ဒီမှာ ထိုင်”
“ဒီဆိုင်ရဲ့ ဝန်ဆောင်မှုကတော့လေ...”
ရှန်ယွီ ထိုင်လိုက်ရင်း ဆိုသည် ။
“အရင်တုန်းကသာ ဆိုရင်တော့...”
“မင်း သူ့ဆိုင်ကို မှောက်ပစ်မှာပေါ့ ဟုတ်လား”
ချန်ကျန့် သူ့ဘေးမှာ ဝင်ထိုင်လိုက်သည်။
“ငါ အဲ့ဒီမှာရပ်ပြီး သူ ပန်းကန်ပေးတဲ့အထိ ဆဲနေမှာပေါ့”
ချန်ကျန့် ဘာမှ ပြန်မပြောဘဲ ခေါင်းငုံ့ကာ ရယ်နေမိသည်။
“လမ်းတစ်ဖက်က မစ်တီးဆိုင်လား”
“အင်း။ ဘော့စ် သောက်ချင်သေးလို့လား။ ခုနတင် သောက်ခဲ့တာ မဟုတ်လား”
“သောက်ဖို့ အချိန်မရလိုက်ဘူးလေ”
“သူတို့က လက်ငင်းငွေ မယူလို့လား”
“လက်ငင်းငွေကို ငြင်းတာက တရားမဝင်ဘူးလေ။ ပြီးတော့ ငါ့မှာ Alipay ရှိသားပဲ”
ချန်ကျန့် ဘာမှ ထပ်မပြောတော့ဘဲ လမ်းတစ်ဖက်ကို ကူးသွားပြီး နို့လက်ဖက်ရည် တစ်ခွက် သွားဝယ်ပေးလိုက်သည်။ ရှန်ယွီ မှာသည့်အတိုင်း သကြားအစားထိုး နဲ့ ဝယ်ပေးလိုက်တာပါ။
“မင်း WeChat မသုံးတာက... ဟိုကိစ္စကြောင့်လား”
ချန်ကျန့် ခေတ္တစဉ်းစားပြီးမှ မေးလိုက်သည်။
“အကြောင်းရင်းတွေ အများကြီး ရှိပါတယ်”
ရှန်ယွီ မစ်တီးကို တစ်ငုံသောက်လိုက်သည်။
“မင်း နံပါတ်အသစ်တစ်ခု ယူသင့်တယ်နော်။ မဟုတ်ရင် မင်းနဲ့ ဆက်သွယ်ရတာ တအား ခက်တာပဲ။ မင်းက စာပြန်လေ့ မရှိဘူးလေ”
“စာကို မမြင်လို့ မပြန်တာပါ။ WeChat မှာကျ စာလာရင် ဖုန်းကနေ ငါ့ကို ပါးရိုက်ပြီး သတိပေးတဲ့ စနစ် ပါလား”
ခဏငြိမ်သွားပြီးမှ
“ပြန်ရောက်ရင် တစ်ခု လုပ်လိုက်ပါ့မယ်”
“ဟုတ်ကဲ့”
ချန်ကျန့် ပြုံးလိုက်သည်။
“မုန့်ပြားကြော် ရပြီ!”
ဆိုင်ရှင်က လှမ်းအော်သည်။
ချန်ကျန့် သွားယူလာခဲ့သည်။
ပမာဏက တော်တော်လေး များလှသည်။ ချန်ကျန့်သာ စောစောက ထမင်းမစားခဲ့လျှင် တစ်ပွဲလုံး ကုန်အောင် စားနိုင်သော်လည်း၊ အခုတော့ ရှန်ယွီနဲ့ မျှစားရုံပဲ ရှိတော့သည်။
“ကျွန်တော် ဟိုဘက်ဆိုင်မှာ သွားပြီး...”
သူက ပါဆယ်ဗူး သွားဝယ်မလို့ ပြောရန် ပြင်လိုက်သော်လည်း၊ ရှန်ယွီကတော့ တူကို ကိုင်ပြီး စားနေလေပြီ။
“ဒီအတိုင်းပဲ စားမှာလား”
ရှန်ယွီ ခေါင်းညိတ်ပြသည်။ ချန်ကျန့်လည်း မတတ်သာဘဲ သူ၏ဘက်ကနေ စပြီး စားလိုက်ရတော့သည်။
“အရသာ မဆိုးဘူးပဲ”
ရှန်ယွီ နှစ်လုပ် သုံးလုပ် စားပြီးနောက် ရပ်လိုက်သည်။
“မစားတော့ဘူးလား”
ချန်ကျန့် လှမ်းကြည့်လိုက်သည့်အခါ ရှန်ယွီက အနည်းငယ်သာ စားရသေးသည်ကို တွေ့ရသည်။
“ငါ စကားတစ်ခွန်း ပြောလိုက်တာနဲ့ စားခွင့် ဆုံးရှုံးသွားရမှာလား”
ရှန်ယွီ မစ်တီးကို ထပ်သောက်လိုက်သည် ။
“မင်းက ငါ့အဖေထက်တောင် စည်းကမ်းကြီးနေသေးတယ်”
“စားပါ၊ စားပါ၊ စားပါ”
ဆိုင်ရှင်က သူတို့ တကယ်ပဲ တစ်ပွဲတည်းကို မျှစားနေတာလားဆိုတာ အတည်ပြုဖို့အတွက် ခိုးချောင်းကြည့်နေသေးသည်။ ဤဆိုင်ရှင်က ဝန်ဆောင်မှု ညံ့သလို ကပ်စေးလည်း နှဲလှသော်လည်း၊ မုန့်ပြားကြော်ကတော့ တကယ်ကို အရသာရှိသဖြင့် ချန်ကျန့် အရင်က အမြဲ လာစားဖြစ်တာပါ။ ဤဆိုင်အစုတ်လေးသို့ များသောအားဖြင့် အစားကြီးတဲ့ အလုပ်သမားတွေပဲ လာတတ်ကြတာလေ။ မိန်းကလေးငယ်လေးတွေတောင် တစ်ပွဲလုံး ကုန်အောင် စားနိုင်ကြတာပါ။ အရွယ်ရောက်ပြီးသား အမျိုးသား နှစ်ယောက် တစ်ပွဲတည်း မျှစားနေတာကတော့ တကယ်ကို ရှားပါးလှသည်။
ချန်ကျန့်ကတော့ ဆိုင်ရှင် ကြည့်နေတာကို ဂရုမစိုက်ပါဘူး၊ ဒါပေမဲ့ ရှန်ယွီကတော့ တူကို ချလိုက်ပြီး ခေါင်းလှည့်ကြည့်လိုက်သည် ။
“ပန်းကန် ရှိလား”
ဆိုင်ရှင်က ခေါင်းကို ချက်ချင်း ပြန်ရုပ်သွားတော့သည်။
“မင်းကိုတော့ ကျွန်တော် တကယ် အထင်ကြီးတယ်”
“ငါက မင်းရဲ့ ဘော့စ်ပဲလေ”
ချန်ကျန့် သူ့ကို ကြည့်ပြီး ဘာပြန်ပြောရမှန်း မသိတော့ဘဲ တိတ်တဆိတ်သာ ဆက်စားနေမိသည်။
ရှန်ယွီက တစ်ဝက်လောက် စားပြီး၊ ချန်ကျန့်က ကျန်တာတွေကို အကုန် စားပစ်လိုက်သည်။ တကယ်တမ်းတော့ သူ တအား ဗိုက်ပြည့်နေပါပြီ၊ ဒါပေမဲ့ ပန်းကန်ထဲမှာ အစာမကျန်အောင် စားတတ်တဲ့ အကျင့်ကြောင့် အကုန် ကုန်အောင် စားလိုက်ခြင်း ဖြစ်သည်။
နောက်ဆုံး ဟင်းရွက်ဖတ်လေးကို စားပြီးသည့်အခါ ရှန်ယွီက မှတ်ချက်ပေးလိုက်သည်။
“ကြည့်ရတာ တာယွင် ရဲ့ ဘော့စ်ကတော့ သိပ်ပြီး အခြေအနေ မကောင်းဘူး ထင်တယ်”
“ဗျာ။”
“မန်နေဂျာတောင်မှ ဆိုင်မှာ ထမင်းဝအောင် မစားရဘူး မဟုတ်လား”
“နှမြောလို့ စားတာပါဗျာ”
ချန်ကျန့် သူ၏ ဗိုက်ကို ဖိထားရင်း ဆိုသည် ။
“မင်း... ခဏ စောင့်ဦးနော်”
“မင်းရဲ့ အူက တည့်တည့်ကြီးလား”
ရှန်ယွီ မျက်မှောင်ကြုတ်ကာ မေးသည်။
“မဟုတ်ပါဘူး... ကျွန်တော်...”
ချန်ကျန့် ထရပ်လိုက်သည် ။
“ဘေးက ဆေးဆိုင်မှာ အစာကြေဆေး သွားဝယ်မလို့ပါ”
“ငါလည်း လိုက်မယ်”
ရှန်ယွီ ထရပ်လိုက်သည် ။
“ငါ့ခြေထောက်မှာ ဘာမှ မရှိဘဲနဲ့ လမ်းမလျှောက်ရတာ ကြာပြီလေ။ လမ်းလျှောက်ချင်လို့ပါ”
မီတာ နှစ်ဆယ်လောက်ပဲ ဝေးတာပါ။
ဆေးဆိုင်ကလူက ချန်ကျန့်ကို အစာကြေဆေး တစ်ဗူး ပေးသည်။ သူ ကြည့်လိုက်ပြီးနောက် ကလေးဆေး ကိုပဲ ပြန်တောင်းလိုက်သည်။
ဆေးဆိုင်က ထွက်လာသည့်အခါ ရှန်ယွီက ချန်ကျန့်လက်ထဲက ဆေးဗူးကို ကြည့်ပြီး ။
“ဘာလို့ ကလေးဆေးကို ဝယ်တာလဲ”
“ကလေးဆေးက ဝါးစားလို့ ရတယ်လေ”
ချန်ကျန့် ဆေးပြားအချို့ကို ပါးစပ်ထဲ ထည့်ကာ ဝါးစားပြလိုက်သည် ။
“အရသာလည်း ပိုကောင်းတယ်၊ ပိုချိုတယ်လေ”
“ငါ့ကို ပေးမြည်းကြည့်”
ရှန်ယွီ လက်လှမ်းလိုက်သည်။ ချန်ကျန့် ဆေးပြားအချို့ကို ပေးလိုက်သည်။
“မင်း တစ်ခါမှ မစားဖူးဘူးလား”
“ငါက ဘာအကြောင်းမှ မရှိဘဲနဲ့ အစာကြေဆေး ဘာလို့ စားရမှာလဲ”
“ဒါဆို အခုကျတော့ ဘာလို့ စားနေတာလဲ”
“ဗိုက်ပြည့်နေလို့လေ”
ရှန်ယွီ ဆေးပြားတွေကို ပါးစပ်ထဲ ထည့်ကာ ဝါးစားလိုက်သည် ။
“တကယ်ပဲ ဝါးလို့ ကောင်းသားပဲ။ ဦးနှောက်တောင် တုန်သွားသလိုပဲ။ အာဟူတို့ လူစုက ငယ်ငယ်က ဒါတွေပဲ စားခဲ့ကြတာလား”
ချန်ကျန့် ရယ်မောလိုက်သည်။
“တကယ် မေးနေတာလား။၊ မင်း အဲ့ဒီလိုမျိုး စကားတွေကို လျှောက်ပြောလို့ အရိုက်ခံခဲ့ရဖူးလား”
“မခံရပါဘူး”
ရှန်ယွီ ကိုယ်ကို ဆန့်လိုက်သည် ။
“ငါက ငါ့ မနိုင်မယ့်လူတွေ ရှေ့မှာပဲ ဒီလိုမျိုး အပေါက်ပေ့ါ”
အဲ့ဒါကတော့ တကယ်ကို ကျိုးကြောင်းဆီလျော်လှပါသည်။ ချန်ကျန့် သူ့ကို ကြည့်နေမိသည်။
ရှန်ယွီ လက်မြှောက်လိုက်သည့်အခါ အင်္ကျီလက်စက အောက်ကို လျှောကျသွားပြီး လက်ကောက်ဝတ်က ပုတီးလက်ပတ်ကို မြင်လိုက်ရသည်။
ရာသီဥတုက အေးလာသဖြင့် လူတိုင်း ဂျာကင်တွေ ဝတ်ထားကြတာလေ။ ချန်ကျန့် ရှန်ယွီရဲ့ လက်ကောက်ဝတ်ကို မမြင်ရတာ ကြာပါပြီ၊ သူကိုယ်တိုင်လည်း သူ့လက်ကောက်ဝတ်ကို သတိမထားမိခဲ့ပါဘူး။ အခု ရုတ်တရက် မြင်လိုက်ရသည့်အခါ ထူးဆန်းပြီး ဖော်ပြမတတ်တဲ့ ခံစားချက်တစ်ခု ပေါ်လာခဲ့သည်။
သူ သူ၏ လက်ကောက်ဝတ်က လက်ပတ်ကို စမ်းကြည့်လိုက်သည်။ ဘာကြောင့်လဲတော့ မသိပါဘူး၊ သူ ဒါကို တစ်ခါမှ မဖြုတ်ခဲ့မိပါဘူး။
ဒါက အကျင့်တစ်ခုလို ဖြစ်နေပြီး၊ ပုံမှန်ဆိုရင် ရှိနေမှန်းတောင် သတိမထားမိတော့တာပါ။
အခု သေသေချာချာ ကြည့်လိုက်သည့်အခါမှသာ သူ ဒါကို အချိန်အကြာကြီး ဝတ်ထားခဲ့မိမှန်း သိလိုက်ရသည်။
သူ ဒါကို ဖြုတ်ဖို့ အကြောင်းရင်းလည်း ရှာမတွေ့တော့ပါဘူး။
အလုပ်ကိစ္စ ခရီးစဉ်ဆိုတာ များသောအားဖြင့် ဆိုင်အတွက် ပစ္စည်းဝယ်တာမျိုး ပါတတ်သည်လေ။ ဒီတစ်ခါတော့ ဘယ်သူမှ ဘာမှ မလိုကြသဖြင့် ရှန်ယွီက မုန့်ဆိုင်တစ်ဆိုင်မှာ မုန့်တွေ အပုံလိုက် ဝယ်လိုက်သည်။ ကဖေးဆိုင်မှာ ထားလေ့ရှိတဲ့ မုန့်လေးတွေလည်း အများကြီး ပါတာပေါ့။
“ဒါတွေကို မြို့ဟောင်းမှာလည်း ဝယ်လို့ ရတာပဲကို”
ချန်ကျန့်က ဆိုသည် ။
“ဒီလောက် အများကြီး ဝယ်စရာ မလိုပါဘူး။ ကုန်သွားရင် အာဟူတို့ ဆိုင်ကယ်နဲ့ သွားဝယ်လိုက်ရင် ရတာပဲ”
“အဲ့ဒါကြောင့်ပဲ ငါ ဝယ်တာလေ”
ရှန်ယွီက ဆိုသည် ။
“အာဟူက ငါ့ကို စားခွင့် မပေးလို့ပေါ့”
“ဗျာ။”
ချန်ကျန့် ကြောင်သွားရသည်။
“သူက ငါ့ကို ဒီမုန့်တွေ စားခွင့် မပေးဘူးလေ!”
“သူကတော့...”
ချန်ကျန့် အကြာကြီး တိတ်ဆိတ်သွားပြီးမှ ။
“သူ့ရဲ့ တာဝန်ကို တအား တန်ဖိုးထားတာ ဖြစ်မှာပါ”
“မင်းရဲ့ နာမည်က ဘာလို့ ချန်ယွီလော့ယန့် ဖြစ်နေတာလဲ”
ရှန်ယွီက ဆိုသည် ။
“မင်းကို ချန်ငြိမ်းချမ်းရေးသမားလေး လို့ပဲ ခေါ်သင့်တာ”
ချန်ကျန့် ရယ်မောလိုက်သည်။
“ဒါဆို ကျွန်တော် ဘာလုပ်ပေးရမလဲ။ ဘော့စ်ရဲ့ ဒေါသကို ပြေအောင် အာဟူကို သွားရိုက်ပေးရမလား”
“ထားလိုက်ပါတော့”
ရှန်ယွီ ပိုက်ဆံပေးပြီး မုန့်အချို့ကို လက်နဲ့ ယူကာ အိတ်ကပ်ထဲ ထည့်လိုက်သည် ။
“ဘော့စ်က ကိုယ်တိုင် ဝယ်စားမယ်၊ ကိုယ်တိုင်ပဲ စားမယ်”
တာယွင် သို့ ပြန်ရောက်သည့်အခါ ညစာ စားဖို့ အချိန် အနည်းငယ် လိုသေးသည်။ ကျောက်ဖန်းဖန်းမှာ ဟင်းချက်ဖို့ အလုပ်ရှုပ်နေလေသည်။ ဟူဖန်ကတော့ Afro ဆံပင်ပုံစံကြီးနှင့် ကဖေးဆိုင် အပြင်ဘက် ပန်းခြံထဲတွင် ဆန်းပင်းရဲ့ ဆံပင်ကို လိပ်ပေးနေလေသည်။
“ပြန်ရောက်ပြီလား!”
သူမက လှမ်းအော်သည်။ ရှန်ယွီမှာတော့ မရယ်ဘဲ မနေနိုင်တော့ချေ။ ဟူဖန်က ခေါင်းမှာ ဖဲပြားအနီကြီး တစ်ခု ပတ်ထားသဖြင့် ကြည့်ရတာ တစ်မျိုးလေး ချစ်စရာ ကောင်းနေလေသည်။
“ဘယ်လိုနေလဲ”
ဟူဖန် ခေါင်းကို လှုပ်ခါပြသည်။
“ကြည့်ကောင်းပါတယ်”
ချန်ကျန့်က ပြုံးလျက် ဆိုသည်။
“မိတ်ကပ်လိမ်းတဲ့ ဘရပ်စ် နဲ့ တူတယ်”
ရှန်ယွီ ကဖေးဆိုင်ထဲမှာ ဝင်ထိုင်ရင်း မုန့်တစ်ဖက်ကို ယူစားလိုက်သည်။ ဟူဖန်မှာ ဆန်းပင်းရဲ့ ဆံပင်ကို ကိုင်ထားရင်း အားရပါးရ ရယ်မောတော့သည် ။
“ကျွန်မလည်း အဲ့ဒီလို ထင်နေတာ။ ဖဲပြားမပါရင်တော့ မဟုတ်ဘူး၊ ဖဲပြားပါတော့မှ ကျွန်မရဲ့ ပေါင်ဒါခြယ်တဲ့ ဘရပ်စ်ကြီးနဲ့ တကယ် တူသွားတာ”
“ကျွန်တော့်ဆံပင်... ကျွန်တော့်ဆံပင်...”
ဆန်းပင်းရဲ့ ခေါင်းမှာ သူမရဲ့ လက်နောက်ကို အသည်းအသန် လိုက်နေရသည်။
“ငြိမ်ငြိမ်နေစမ်း!”
ဟူဖန်က သူ့ခေါင်းကို လှမ်းပုတ်လိုက်သည်။
“ငါက လှုပ်နေလို့လား!”
ဆန်းပင်း လှမ်းအော်သည် ။
“မင်းက ငါ့ခေါင်းကို တံခါးအပြင် ရောက်အောင် ဆွဲနေတာလေ!”
ချန်ကျန့် ဝယ်လာတဲ့ မုန့်တွေကို ဘားကောင်တာ ဗီဒိုထဲ ထည့်လိုက်ပြီး၊ ဧည့်ကြိုကောင်တာမှာ ထိုင်နေတဲ့ အာဟူကို နှုတ်ဆက်လိုက်သည်။
“ဒီပိတ်ရက်တော့ ဘွတ်ကင် သိပ်မရှိဘူးပဲ”
အာဟူက ဆိုသည်။
“ပုံမှန်ပါပဲ၊ သစ်ရွက်တွေက ကြွေတော့မှာလေ”
ချန်ကျန့်က ဆိုသည် ။
“တောင်ပေါ်မှာ နှင်းကျဖို့က အနည်းဆုံး နောက်ထပ် လဝက်လောက် လိုဦးမယ်။ အခုချိန်ကတော့ ကြည့်စရာ သိပ်မရှိဘူးလေ”
“အင်း”
အာဟူ ခေါင်းညိတ်ပြသည်။
“ဘော့စ်ချန် လုပ်စရာ မရှိရင် သွားနားလိုက်လေ။ ဒီမှာ ကျွန်တော် ဆက်လုပ်လိုက်ပါ့မယ်။”
“ဒီမှာ ရှိနေတာကလည်း နားနေတာပါပဲ”
အာဟူ၏ ဒဏ်ရာတွေက တော်တော်လေး ပျောက်နေပြီဖြစ်သဖြင့် ပတ်တီးတွေ မလိုတော့ပါဘူး၊ ဒါပေမဲ့ သူ ကြည့်ရတာ အခုထိ စိတ်မပျော်သေးတာ သိသာလှသည်။
“ကောင်းပါပြီ”
ချန်ကျန့် ဆက်မပြောတော့ပါဘူး။
ချန်တာဟူ၏ အမိန့်ကို နောက်နှစ်ရက်လောက်ဆိုရင် သိရတော့မှာပါ။ ကိုယ့်အစ်ကိုကို ကိုယ်တိုင် ဖမ်းပေးခဲ့ရသူ ဖြစ်သဖြင့် အာဟူရဲ့ စိတ်အခြေအနေကတော့ ထိခိုက်နေမှာ အသေအချာ။
ချန်ကျန့် ကဖေးဆိုင်ဘက်ကို ပြန်သွားပြီး ဟူဖန် ဆန်းပင်းရဲ့ ဆံပင်ကို ဘာလုပ်နေလဲ သွားကြည့်လိုက်သည်။ သူမ ဒီညတော့ တတိယမြောက် ခေါင်းကို သေချာပေါက် လုပ်တော့မှာဆိုတော့ ချန်ကျန့်မှာ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားရမည် မဟုတ်လား။
“ငါ့ကို ကော်ဖီ တစ်ခွက် ဖျော်ပေးဦး”
ရှန်ယွီက ဆိုသည်။
“အသင့်ဖျော်လား”
“ဟိုစက်နဲ့ပဲ Espresso နှစ်ခွက်စာလောက် နှိုက်ပြီး နို့ထည့်ပေးလိုက်ပါ”
ရှန်ယွီက ဆိုသည် ။
“နို့အမြှုပ်တွေ တင်ခိုင်းတာလည်း မဟုတ်ဘူး၊ ပန်းချီဆွဲခိုင်းတာလည်း မဟုတ်ပါဘူး”
“အာဟူ သိရင်တော့ မင်းကို ဆဲလိမ့်မယ်”
ချန်ကျန့် ကော်ဖီစက် နောက်ကွယ်သို့ သွားကာ ဖျော်ပေးလိုက်သည်။
ရှန်ယွီ ဖုန်းထုတ်ပြီး ဘေးက QR code ကို စကင်ဖတ်လိုက်သည် ။
“ပိုက်ဆံ ပေးပြီးပြီ”
“ငါးယွမ် ဆို ရပါပြီ”
ချန်ကျန့်က ဆိုသည် ။
“ကျွန်တော် ဖျော်တဲ့ ကော်ဖီက ဘာလို့ အရသာ ဆိုးနေမှန်း မသိဘူး”
ရှန်ယွီ ငါးယွမ် စကန် ဖတ်လိုက်သည်။ ချန်ကျန့် လတ်တေး တစ်ခွက် ဖျော်ပြီး သူ့ရှေ့ ချပေးလိုက်သည်။
ရှန်ယွီ ယူပြီး တစ်ငုံသောက်လိုက်သည်။ ချန်ကျန့်ကတော့ သူ့ရဲ့ တုံ့ပြန်မှုကို စောင့်နေမိသည်။
ဒါပေမဲ့ သူကတော့ ဖုန်းကိုပဲ ငုံ့ကြည့်နေပြီး ဘာမှ မပြောပါဘူး။
“အရသာ ဘယ်လိုလဲ”
“နို့ထည့်ထားတဲ့ ကော်ဖီ အရသာပေါ့”
“အရသာ ဆိုးလို့လား”
“မင်းကိုယ်တိုင်ပဲ ဆိုးတယ်လို့ ပြောခဲ့တာလေ”
ရှန်ယွီက ဆိုသည် ။
“ငါက ကောင်းတယ်လို့ ပြောရင်လည်း ဟန်ဆောင်ရာ ကျနေမှာပေါ့”
ချန်ကျန့် ရယ်လိုက်မိသည်။
“ဒါပေမဲ့ ငါးယွမ် နဲ့တော့ ထိုက်တန်ပါတယ်”
ချန်ကျန့် ဖုန်း တုန်ခါလာသည်။ သူ ထုတ်ကြည့်လိုက်သည့်အခါ Friend request တစ်ခုကို တွေ့လိုက်ရသည်။ သူ ဖွင့်ကြည့်လိုက်သည့်အခါ နှစ်စက္ကန့်လောက် ကြောင်သွားပြီးမှ ရှန်ယွီကို မော့ကြည့်လိုက်သည် ။
“ဒါ မင်းလား”
“ဒါက မေးစရာ လိုသေးလို့လား”
ရှန်ယွီက ဆိုသည် ။
“သိသာလွန်းလှတာကို”
နာမည်က Fa Dan Ke Chen တဲ့။
ထိုနာမည်က ချန်ကျန့် အရင်က သုံးခဲ့တဲ့ နာမည်နဲ့ တအား ဆင်နေသဖြင့် သူ ခဏမျှ တန့်သွားရသည်။
ချန်ကျန့် သူငယ်ချင်းအဖြစ် လက်ခံလိုက်ပြီး၊ စတစ်ကာ တစ်ခု ပို့လိုက်ကာ သူ၏ ပရိုဖိုင်ကို ဝင်ကြည့်လိုက်သည် ။
“အကောင့်အသစ်လား”
“အင်း”
ရှန်ယွီ ခေါင်းညိတ်ပြသည် ။
“မင်းက တစ်ဦးတည်းသော သူငယ်ချင်းပဲ”
“ကျွန်တော် ဖန်ဖန်တို့ရဲ့ နံပါတ်တွေ ပို့ပေးလိုက်မယ်လေ”
“မလောပါဘူး”
_______________________________________________________________________
TN // အား နောက်တစ်ခု ထပ်ရှင်းပြရအုံးမယ်။ Fa Dan Ke Chen က တရုတ်စကားပုံ Fá Shàn Kě Chén (乏善可陈) ကို စာလုံးအစားထိုး သုံးထားတာလိုမျိုး။ ပြောနေရလောက်အောင် မထူးခြားပါဘူး ဆိုတဲ့ မူရင်းဆိုလိုရင်းကို 单 ။ Dan ဆိုတဲ့ တစ်လုံးအစားထိုးလိုက်တော့ …
ချန် အကြောင်းကလွဲဘာမှမရှိ ဆိုတာမျိုး အနီးစပ်ဆုံး ဘာသာပြန်လို့ရတယ်။ ချန်လေးက သာ တစ်ဦးတည်းသော လေးပါပေ့ါ။ တခြားသူ့အတွက် ဘာမှ မရှိပါဘူးပေ့ါ။ အဲ့လိုပေ့ါလေ။ အမယ်လေးနော် ။ ဒါက ကိုယ်သိသလောက် ဆီလျော်အောင် ဆက်စပ် တွေးပြီးပြောတာမျိုးပါ။ တရုတ်စာ Level မြင့်တဲ့ သူငယ်ချင်းတွေလည်း ဝင်ထောက်ပြ ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်နော် ။
တအားနော် သူ ကလ ိ ကလိဖြစ်အောင်
ReplyDeleteရိုတတ်တယ်။
မြေခွေးကြီး တအား တတ်နိုင်တယ်နော်
ReplyDelete