အပိုင်း (၄၂)
“မလောပါဘူး” ဆိုတာက ဘာသဘောလဲ။
မလောဘူးဆိုရင် ဘာလို့ အခုမှ အကောင့်အသစ် ချက်ချင်းဖွင့်လိုက်တာလဲ။ ပြီးတော့ လူတစ်ယောက်တည်းကိုပဲ အပ်ထားသေးတယ်။ မန်နေဂျာကို ပဲ သီးသန့် စောင့်ကြည့်ဖို့များလား...။
ချန်ကျန့် ဘာမှပြန်မပြောပေမဲ့ ရုတ်တရက် ထူးဆန်းပြီး ဖော်ပြမတတ်တဲ့ ခံစားချက်တစ်ခု ဝင်လာမိသည်။
“ဟုတ်ကဲ့”
သူ ပြန်ဖြေလိုက်ပြီး ရှန်ယွီနဲ့ ပြောနေတဲ့ Chat box ထဲကနေ အမြန်ထွက်လိုက်သည်။ ရှန်ယွီလည်း ဘာမှထပ်မပြောတော့ဘဲ ကော်ဖီသောက်ရင်း၊ မုန့်စားရင်းနဲ့ အပြင်က ဆရာမလုပ်နေတဲ့ ဟူဖန်နဲ့ သူမရဲ့ စမ်းသပ်ခံခေါင်း (ဆန်းပင်း) ကို ထိုင်ကြည့်နေတော့သည်။
ချန်ကျန့်လည်း လိုက်ကြည့်နေမိသည်။ တကယ်လို့ သူသာ Afro ပုံစံနဲ့ မလွတ်နိုင်ဘူးဆိုရင် ဆန်းပင်းရဲ့ ရလဒ်ကို အရင်ကြည့်ချင်သေးသည်လေ။ ခဏကြာတော့ ရှန်ယွီ ကော်ဖီသောက်လို့ ပြီးသွားသည်။ သူ ထရပ်လိုက်ပြီး လက်ကျန်မုန့်တွေကို အာဟူရှေ့မှာ တစ်ပုံကြီး ချပေးခဲ့ကာ ဓာတ်လှေကားထဲ ဝင်သွားတော့သည်။
“ဒါက ဘာလဲ”
အာဟူမှာ ဘာမှန်းမသိဘဲ ကြောင်အသွားသည်။
“ဘော့စ်ရှန် မြို့ကနေ ဝယ်လာတာလေ”
အာဟူ ခေတ္တငြိမ်သွားပြီးမှ သဘောပေါက်သွားကာ အော်တော့သည်။
“တောက်! ငါ ဆိုလိုတာက ဒါကို ပြောတာ မဟုတ်ပါဘူး!”
“မင်း ဘာဆိုလိုလဲဆိုတာ သူ ဂရုမစိုက်ဘူးလေ။ ဘယ်လိုပဲဖြစ်ဖြစ် ဒါက သူပေးချင်တဲ့ အဓိပ္ပာယ်ပဲ”
ချန်ကျန့် စကားပြောနေတုန်း ဖုန်းတုန်ခါလာသည်။ ထုတ်ကြည့်လိုက်တော့ ။
[Fa Dan Ke Chen] ။ ငါ့ညစာ အပေါ်ကို ယူလာပေးခဲ့ဦး။
ချန်ကျန့် တစ်မျိုးကြီး ခံစားလိုက်ရသည်။ ကိုယ့်အကောင့်တစ်ခုကနေ ကိုယ့်ဆီ စာပြန်ပို့နေသလိုမျိုးပေါ့။ သူ ဓာတ်လှေကားကို လှမ်းကြည့်လိုက်တော့ ဒုတိယထပ်ကိုပဲ ရောက်သေးသည်။
ဒါကို ပါးစပ်နဲ့ ပြောခဲ့လို့ မရဘူးလား
[ချန်လေး] ။ ဟုတ်ကဲ့။
[Fa Dan Ke Chen] ။ မင်းတို့ ဟို Afro ပုံစံ ဘယ်သူ့ကိုပဲလုပ်လုပ် ငါ့ကို အသိပေးဦးနော်၊ လာကြည့်ချင်လို့။
ချန်ကျန့် ထိုစာကို ဆယ်စက္ကန့်လောက် စိုက်ကြည့်နေမိမှ “ဘယ်သူ” ဆိုတာ ဟူဖန်ကို ပြောတာမှန်း သိလိုက်ရသည်။ ထိုအခိုက်အတန့်မှာတင် သူ ဆွံ့အသွားရကာ ရယ်ချင်စိတ်ကို အတင်းအောင့်ထားလိုက်ရသည်။
[ချန်လေး] ။ ဟုတ်ကဲ့။
ဒီနေ့ ဝန်ထမ်းစာကတော့ တော်တော်လေး စုံလင်လှသည်။ ဧည့်သည်မရှိလို့တင် မဟုတ်ဘဲ ကျောက်ကျဲမှာ အချိန်ပိုရနေလို့လည်း ဖြစ်သည်။
“ဘော့စ်ရှန် လမ်းလျှောက်နိုင်တာကို ဂုဏ်ပြုတဲ့အနေနဲ့လေ”
“သူက အမြဲတမ်း လမ်းလျှောက်နိုင်တာပါပဲဗျာ”
ခေါင်းမှာ တဘက်ပတ်ထားတဲ့ ဆန်းပင်းက ဝင်ပြောသည်။
“အနည်းဆုံးတော့ ခြေထောက်မှာ ဟိုသံဘောင်ကြီး မရှိတော့ဘူးလေ။ အရင်က သူ ပြဿနာရှာတိုင်း အဲ့ဒီဘောင်ကြီးက အရိုးကို ထပ်ကျိုးအောင် လုပ်မှာ စိုးရိမ်နေရတာ”
ထိုစကားကို ကြားတော့ အာဟူ ခေါင်းငုံ့ကာ ထမင်းကို အသည်းအသန် ငုံ့စားနေတော့သည်။
“ကျောက်ကျဲ... ဘော့စ်အတွက် တစ်ပုံ ဖယ်ထားလိုက်ဦးနော်။ ကျွန်တော် သွားပို့ပေးလိုက်မယ်”
ချန်ကျန့်က အာဟူရဲ့ ပုခုံးကို ပုတ်ရင်း ပြောလိုက်သည်။
“သူက ဘာလို့ အမြဲ တစ်ယောက်တည်း စားတာလဲ”
ကျောက်ဖန်းဖန်းက မေးသည်။
“သူ ထမင်းစားရင် စကားမပြောတာ မင်း သတိမထားမိဘူးလား။ ငါတို့နဲ့ အတူစားရင် သူကော ငါတို့ကော အနေရခက်မှာပေါ့။ ငါတို့က သူ့ကို ဖယ်ထားသလိုမျိုး ဖြစ်နေဦးမယ်”
ဟူဖန်က ပြုံးလျက် ဆိုသည်။
“ဟာ... သူက ဘော့စ်ပဲဟာကို၊ ဘယ်သူက ဖယ်ရဲမှာလဲ”
“ကျွန်တော်တော့ လူတိုင်း ဖယ်ရဲတယ် ထင်တာပဲ။ သူက ဘော့စ်နဲ့တောင် မတူတာ”
ဆန်းပင်းက ဆိုသည်။
ချန်ကျန့် လင်ဗန်းကို ကိုင်ပြီး စတုတ္ထထပ်ကို တက်လာခဲ့သည်။ မှောင်နေပြီ ဖြစ်သည်။ ရှန်ယွီက ပြတင်းပေါက်နားမှာရပ်ပြီး ဝေးလံတဲ့ တောင်တန်းတွေပေါ်က ထွက်လာတဲ့ လမင်းကို ငေးကြည့်နေသည်။
“ဒီနေ့ ဟင်းတွေ အများကြီးပဲ။ ကျောက်ကျဲက မင်း ကိရိယာဖြုတ်တာကို ဂုဏ်ပြုတာတဲ့”
“ကျေးဇူးပဲ”
ရှန်ယွီ ပြုံးပြီး ဆိုဖာမှာ ဝင်ထိုင်လိုက်သည်။
“ခြေထောက် ဘယ်လိုနေလဲ”
“ကောင်းပါတယ်။ မနာတော့ဘူး၊ မဖောင်းတော့ဘူး။ ခုနတင် ငါ့ဘာသာ ပိုးသတ်လိုက်သေးတယ်။ အပေါက်တွေက နောက်နှစ်ရက်ဆို ပိတ်သွားမှာပါ”
“ဟုတ်ကဲ့”
“ဒီလတော့ မင်းအတွက် အပိုလုပ်အားခတွေ မရှိတော့ဘူးနော်”
“သိပါတယ်”
ချန်ကျန့် ပြုံးလိုက်သည်။
“သွားစားတော့လေ”
ရှန်ယွီ တူကို ကိုင်လိုက်သည်။
ချန်ကျန့် အောက်ဆင်းလာတော့ ဧည့်ကြိုကောင်တာမှာ အမျိုးသမီးတစ်ယောက် ရပ်နေတာ တွေ့ရသည်။ ထမင်းစားလက်စ ဟူဖန်က ပန်းကန်ချပြီး ဧည့်ခံနေသည်။
“ငါ လုပ်လိုက်မယ်၊ မင်း သွားစားတော့”
ချန်ကျန့် လွှဲယူလိုက်သည်။
“ဒီမမက အခန်းအရင် ကြည့်ချင်လို့တဲ့”
ဟူဖန်က ပြောသည်။
“ကျွန်တော် လိုက်ပြပေးပါ့မယ်”
“ဟုတ်ကဲ့၊ ဒုက္ခပေးမိပြီ”
ထိုအမျိုးသမီးက ယဉ်ကျေးစွာ ဆိုသည်။
သူမက ဒုတိယထပ် စင်္ကြံလမ်း အဆုံးက အခန်းနှစ်ခန်းကို ကြည့်ချင်တာတဲ့။ ဒီတောင်းဆိုချက်က တော်တော် ထူးဆန်းသည်။ တည်းခိုခန်းက အခန်းတွေက တစ်ဖက်က တောင်တန်းမြင်ရပြီး၊ တစ်ဖက်က မြစ်ကို မြင်ရတာပါ။ လမ်းဆုံးက အခန်းနှစ်ခန်းကတော့ မြင်ကွင်း သိပ်မကောင်းလို့ လူအပြည့်တဲ့အချိန်မှပဲ ငှားဖြစ်တာ။
ချန်ကျန့် သူမကို အပေါ်ခေါ်သွားပြီး အခန်းတံခါးတွေ ဖွင့်ပြလိုက်သည်။
“ဒီအခန်းနှစ်ခန်းကတော့ ရှုခင်း သိပ်မမြင်ရဘူးခင်ဗျ။ တခြားအခန်းတွေကတော့။”
“ရပါတယ်”
သူမက အခန်း ၂၀၈ ထဲ ဝင်သွားသည်။
ချန်ကျန့် နောက်က လိုက်ဝင်သွားတော့ သူမက ဝရန်တာကို မသွားဘဲ ရေချိုးခန်းထဲ တန်းဝင်သွားသည်။ ပြီးတော့ ချက်ချင်း ပြန်ထွက်လာပြီး မျက်နှာချင်းဆိုင် အခန်း ၂၀၉ ထဲ ဝင်သွားပြန်သည်။ အဲ့ဒီမှာလည်း ရေချိုးခန်းကိုပဲ ကြည့်ပြီး ပြန်ထွက်လာသည်။
“တစ်ခုခု အဆင်မပြေတာ ရှိရင် ပြောလို့ရပါတယ်ခင်ဗျ”
“မရှိပါဘူး။ ကျွန်မက ရေချိုးခန်းကိုပဲ အဓိက ကြည့်တာပါ။ အခန်း ၂၀၈ ကိုပဲ ယူမယ်၊ နှစ်ညပေါ့”
ချန်ကျန့် သူမကို အောက်ခေါ်လာပြီး အခန်းအပ်ပေးလိုက်သည်။ မှတ်ပုံတင်တွေကတော့ အကုန် ပုံမှန်ပါပဲ။ ဒါပေမဲ့ ရေချိုးခန်းပဲ ကြည့်တာရယ်၊ မြို့ငယ်လေးကို တစ်ယောက်တည်း လာတာရယ်ကတော့ ထူးဆန်းနေသည်။ ထိုအမျိုးသမီးမှာ လက်ဆွဲသေတ္တာ အသေးလေး တစ်လုံးပဲ ပါပြီး၊ ပုံစံကြည့်ရတာ တစ်ယောက်တည်း ခရီးထွက်တဲ့ backpacker မျိုးလည်း မဟုတ်ဘူး။
သူမ အခန်းထဲ ဝင်သွားတော့မှ ချန်ကျန့် ထမင်းစားခန်းထဲ ပြန်ဝင်ပြီး ထမင်းစားရင်း စကားစလိုက်သည်။
“ဆန်းပင်း”
“ဟင်။ ဘာဖြစ်လို့လဲ။ ငါတို့လည်း အဲ့ဒီအမျိုးသမီးကို ကြည့်ရတာ တစ်မျိုးကြီးပဲလို့ ထင်နေတာ”
“မင်း ညဘက်ဆို နားနေဆောင်မှာ ဆေးလိပ် သွားသောက်နေကျ မဟုတ်လား”
ဆန်းပင်း ကိုယ်ကို မတ်လိုက်ပြီး ။ “ကင်းလှည့်ပြီးမှ သွားတာပါဗျာ၊ မိနစ်နည်းနည်းပဲလေ။”
“သူက မင်း ဆေးလိပ်သောက်တာကို ပြောနေတာ မဟုတ်ဘူး”
အာဟူက ကြားထဲက ဟန့်လိုက်သည်။
“အင်း”
“သြော်...”
“ဟိုဘက်က တည်းခိုခန်းမှာ စုံတွဲတွေ ဘာတွေ တည်းနေတာ ရှိမရှိ စုံစမ်းကြည့်စမ်းပါ”
ချန်ကျန့်က အသံနှိမ့်ပြီး ပြောသည်။
“ဘုရားရေ!”
ဟူဖန်က ချက်ချင်း သဘောပေါက်သွားကာ စားပွဲပေါ် မှောက်လိုက်သည် ။
“သူက ဖောက်ပြန်တာကို လူအမိဖမ်းဖို့ လာတာလား”
“ဒုတိယထပ် အဆုံးက ရေချိုးခန်း ပြတင်းပေါက်ကနေ ကြည့်ရင် ဟိုဘက်က ‘ဆွီယွမ်’ တည်းခိုခန်းရဲ့ အခန်းအချို့ကို မြင်ရတယ်လေ။ မှန်အကြီးကြီးတွေရှိတဲ့ အခန်းတွေပေါ့။ သူက ရေချိုးခန်းကိုပဲ ကြည့်တယ်ဆိုတော့ ဟိုဘက်ကို ချောင်းချင်လို့ ဖြစ်မှာပေါ့”
“ဒါဆို တကယ်သာ မှန်နေရင်...” ကျောက်ကျဲကလည်း စပ်စုချင်စိတ်နဲ့ တိုးလာသည် ။ “ငါတို့ တားသင့်လား”
“...မလိုဘူး ထင်တာပဲ။ ဘာမှမဖြစ်ရင် ငါတို့ ဝင်မပါတာ အကောင်းဆုံးပဲ။ တကယ်လို့ ရန်ဖြစ်ကြရင်တော့ ရဲခေါ်ပေးလိုက်ရုံပေါ့”
“သြော်”
“ဒါဆို ငါက ဘာအတွက် သွားစုံစမ်းရမှာလဲ”
ဆန်းပင်းက အဓိကအချက်ကို မေးသည်။
“တစ်ခုကတော့ ကြိုတင်ပြင်ဆင်ထားဖို့ပေါ့၊ ရန်ဖြစ်ရင် ချက်ချင်း ဝင်ရှင်းလို့ ရအောင်လေ။ ဘာပဲဖြစ်ဖြစ် သူက တစ်ယောက်တည်း ဆိုတော့...”
“ဒုတိယအချက်ကကော”
အာဟူက သူ့ကို ကြည့်ပြီး မေးသည်။
“ဒုတိယ အချက်ကတော့...”
ချန်ကျန့် ချောင်းတစ်ချက် ဟန့်လိုက်သည်။
“အတင်းအဖျင်း ပြောဖို့လေ”
ဟူဖန်က ဝင်ဖြည့်ပေးလိုက်သည်။
“ဟုတ်တယ်”
ချန်ကျန့် ပြုံးလိုက်သည်။
“မင်းတို့လည်း စပ်စုချင်နေတာပဲ မဟုတ်လား”
အားလုံး ခေတ္တမျှ ကြောင်သွားပြီးမှ တခစ်ခစ်နဲ့ လိုက်ရယ်ကြတော့သည်။
“ကဲ... ထမင်းမြန်မြန်စား၊ ရယ်မနေနဲ့တော့”
ကျောက်ကျဲက ပြုံးလျက် ဟင်းပန်းကန်တွေကို အလယ်ကို တွန်းပေးလိုက်သည်။
“ဟုတ်ပြီ၊ စားပြီးရင် မင်းရဲ့ ဆံပင်ကို ငါ ပြန်လုပ်ပေးမယ်”
ဟူဖန်က ချန်ကျန့်ကို ကြည့်ကာ ဆိုသည်။
“ငါ့ဟာကျတော့ကော”
ဆန်းပင်းက ပတ်တီးပတ်ထားတဲ့ သူ့ခေါင်းကို ညွှန်ပြသည်။
“ဒီအတိုင်း တစ်ဝက်တစ်ပျက် ထားခဲ့တော့မလို့လား”
“အဲ့ဒါ ဖြည်လိုက်တော့၊ ကိုယ့်ဘာသာ ခေါင်းလျှော်ပြီး ခြောက်အောင် မှုတ်လိုက်”
ဆန်းပင်း ခေါင်းလျှော်ပြီး ပြန်ထွက်လာတော့ သူ၏ ဆံပင်အသစ်ကို လူတိုင်းကို လိုက်ကြွားနေတော့သည်။
“ဘယ်လိုလဲ!”
သူက ခါးထောက်ပြီး မေးသည်။
“ကောင်းပါတယ်။ လူမည်းလေးနဲ့ တူတယ်”
အာဟူက ဆိုသည်။
“ငါက အသားညိုပြီးသားပဲဟာကို”
“ကျွန်တော်ကတော့ မလုပ်ချင်ပါဘူးဗျာ။”
ချန်ကျန့်မှာ ဟူဖန်က ကုလားထိုင်ပေါ် အတင်းဆွဲတင်တာ ခံလိုက်ရသည်။ သူ ဖုန်းထုတ်ပြီး ရှန်ယွီဆီ စာပို့လိုက်သည်။ ဘော့စ်က နောက်မှ လာမကြည့်ရလို့ဆိုပြီး ညည်းနေမှာ စိုးသောကြောင့် ဖြစ်သည်။
[ချန်လေး] ။ လာခဲ့။
စာပို့ပြီးတာနဲ့ ဟူဖန်က သူ့ကို အဝတ်စပတ်ပေးလိုက်သည်။
“Afro ပုံစံက မင်းနဲ့ မလိုက်ဘူး။ ဆန်းပင်းက ဆံပင်တိုလွန်းလို့ အဲ့ဒီပုံစံ လုပ်လိုက်တာ။ မင်းဆံပင်က နည်းနည်း ပိုရှည်တယ်လေ။ ငါ နည်းနည်းပဲ ညှပ်ပြီး လိပ်ပေးမယ်...”
သူ ဘာတွေပြောလဲ ချန်ကျန့် နားမလည်ပါဘူး။ ဒါပေမဲ့ ဟို Poodle ခွေးလေးရဲ့ အမွေးလိုတော့ ဖြစ်မှာမဟုတ်ဘူးဆိုတာ သိလိုက်ရလို့ စိတ်အေးသွားရသည်။
ရှန်ယွီ ဓာတ်လှေကားထဲက ထွက်လာတော့ ဟူဖန်က ချန်ကျန့်ရဲ့ ဆံပင်ကို ရေဖြန်းနေတုန်း ဖြစ်သည်။ နဖူးပေါ်က ဆံပင်စအချို့က နှာတံပေါ်အထိ ဝဲကျနေပြီး ရေစက်လေးတွေ တွဲခိုနေလေသည်။
ထိုအခိုက်အတန့်က ချန်ကျန့်နဲ့ ပထမဆုံး စတွေ့တဲ့နေ့ကို ပြန်ရောက်သွားသလိုမျိုးပင်။ ရှန်ယွီ ခေတ္တမျှ ရပ်ကြည့်နေမိပြီးမှ လျှောက်လာကာ ချန်ကျန့်ရဲ့ မျက်နှာချင်းဆိုင် ဆိုဖာမှာ ထိုင်လိုက်သည်။
“ဘော့စ်ရှန်ကော ဆံပင်လုပ်ဦးမလား”
ကျောက်ကျဲက ပြုံးလျက် မေးသည်။
“သူ့ဆံပင်ကိုတော့ ကျွန်မ မလုပ်တတ်ဘူး။ သူ့ဆံပင်က အသေအချာ ပုံသွင်းထားတာ သိသာတယ်၊ ရှည်လာတာတောင် ကြည့်ကောင်းတုန်းပဲ”
ဟူဖန်က ဆိုသည်။
“ငါက ဒီအတိုင်း လာကြည့်တာပါ”
ရှန်ယွီ ပြုံးပြီး အိတ်ကပ်ထဲက နေကြာစေ့အိတ်ကို ထုတ်လိုက်သည်။
“ဘာလဲဟ!”
ဆန်းပင်းက အံ့သြတကြီး ကြည့်သည် ။
“မင်း နေကြာစေ့တောင် ယူလာတာလား”
“အင်း၊ အတူတူ စားရအောင်လေ”
ရှန်ယွီက နေကြာစေ့အိတ်ကို လှမ်းပေးလိုက်သည်။
“မင်းတို့ တီဗွီသွားကြည့်လို့ မရဘူးလား”
ချန်ကျန့်က မတတ်သာသလို ပြောလိုက်သည်။
“ဒီမှာ စကားပြောရတာ ပိုပျော်ဖို့ကောင်းတယ်လေ”
ဆန်းပင်းက ပန်းကန်တစ်ခုယူ၊ နေကြာစေ့တွေ ထည့်ပြီး အားလုံးရှေ့က စားပွဲပေါ် တင်ပေးလိုက်သည်။ ရှန်ယွီက ဆိုဖာပေါ်မှာ မှီထိုင်ရင်း နေကြာစေ့စားကာ ချန်ကျန့်ကို ထိုင်ကြည့်နေတော့သည်။ဟူဖန်ရဲ့ လက်ရာက မဆိုးပါဘူး။ သူမ အရင်က အချိန်ပိုင်းအလုပ်လုပ်တုန်းက ဆံပင်ဆရာဆီကနေ သေသေချာချာ သင်ခဲ့ပုံရသည်။ ညှပ်တဲ့ပုံစံက သိပ်မကျွမ်းကျင်သေးပေမဲ့ အရှည်ကို နည်းနည်းပဲ ဖြတ်ပြီး နဖူးပေါ်က ဆံပင်တွေကိုတော့ ဒီအတိုင်း ထားပေးထားသည်။
“သူ့ဆံပင်ကျတော့ ဘာလို့ ကြည့်ကောင်းနေတာလဲ။ နည်းနည်းပဲ ညှပ်လိုက်တာကို ချက်ချင်း လှသွားတာပဲ”
ဆန်းပင်းက မေးသည်။
“အဲ့ဒါကတော့ ရုပ်ပေါ်မှာ မူတည်တာပေါ့”
ဟူဖန်က ပြန်ဖြေလိုက်သည်။
အဲ့ဒါကတော့ အမှန်ပါပဲ။ ရှန်ယွီ ချန်ကျန့်ရဲ့ မျက်နှာကို စိုက်ကြည့်နေမိသည်။ ချန်ကျန့် လှမ်းကြည့်လိုက်တော့ ရှန်ယွီက မျက်နှာမလွှဲဘဲ လက်မထောင်ပြလိုက်သည်။
လက်မထောင်ပြတယ်။
ချန်ကျန့် သက်ပြင်းချလိုက်မိသည်။
“ငါ မေးတာက အဲ့ဒါ မဟုတ်ပါဘူး”
ဆန်းပင်းက ညည်းတွားသည်။
“အဲ့ဒါပဲ အဖြေလေ။ မင်းရဲ့ Afro က မလှလို့လား”
ဟူဖန်က ပြန်မေးလိုက်သည်။
“ဒီအတိုင်း မေးကြည့်တာပါဗျာ”
ရှန်ယွီ နဖူးကို လက်နဲ့ထောက်ပြီး ရယ်နေမိသည်။ ညှပ်ပြီးတော့ ဟူဖန်က ဆံပင်လိပ်တွေ စထည့်ပေးသည်။ ဆန်းပင်းရဲ့ဟာထက် အများကြီး ပိုကြီးတဲ့ လိပ်တွေပါ။ ချန်ကျန့် စိတ်သက်သာရာရသွားတာကို ရှန်ယွီ မြင်လိုက်ရသည်။
ရှန်ယွီရဲ့ ဖုန်းမြည်လာသည်။ မကြည့်လည်း ယွဲ့လန်မှန်း သိပါသည်။ သူက ဒီရက်ပိုင်း ဖန်းရွှီရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်ပေးနေတာလေ။ ဖန်းရွှီက ရှန်ယွီရဲ့ မိဘတွေဆီ သွားတာကတော့ မကောင်းတာလုပ်ဖို့ မဟုတ်ပါဘူး။ ယွဲ့လန်ပြောသလိုပဲ တောင်းပန်ဖို့ သက်သက်ပါပဲ၊ တကယ်ကို ရိုးသားတဲ့ ပုံစံနဲ့ ငိုတောင် ငိုပြဦးမှာပေါ့။
ဒါပေမဲ့ ဒီကိစ္စက တကယ်ကို ဒေါသထွက်စရာပါ။ သူက ရှန်ယွီရဲ့ ဘဝထဲကို ထပ်ပြီး ဝင်လာဖို့ ကြိုးစားတာကတင် ရန်စနေသလိုမျိုးပါပဲ။
“ဟင်။”
ရှန်ယွီ ဖုန်းကိုင်လိုက်သည်။
“သူ အခု ရက်ပိုင်း သူ့အိမ်ဟောင်းမှာပဲ ရှိနေတယ်။ ငါ့လူတွေ စောင့်ကြည့်ခိုင်းထားတယ်။ မင်း လာမလား။ ဒါမှမဟုတ် ငါပဲ ရှင်းပေးလိုက်ရမလား”
“ဘယ်သူတွေ စောင့်ကြည့်နေတာလဲ”
ရှန်ယွီ နေကြာစေ့တွေကို ပန်းကန်ထဲ ပြန်ထည့်ပြီး ထရပ်ကာ ပန်းခြံဘက်ကို လျှောက်သွားသည်။
“ရှောင်လုတို့ လူစုပေါ့”
ယွဲ့လန်က ပြောသည်။
“ငါ ပြောထားတယ် မဟုတ်လား။”
ရှန်ယွီ ချက်ချင်း စိတ်တိုသွားပေမဲ့ ယွဲ့လန်က စကားဖြတ်ပြောလိုက်သည်။
“သိပါတယ်၊ သိပါတယ်၊ သူတို့ကို ဒီကိစ္စတွေထဲ ထပ်မပါခိုင်းနဲ့၊ လူကောင်းလို နေခိုင်းပါဆိုတာ မင်းပြောတာ အကြိမ်ကြိမ်ပဲ၊ သေတမ်းစာ ဖတ်နေရသလိုပဲ။ ဒါပေမဲ့ သူတို့ကကော မင်းကိစ္စကို ဝင်မပါဘဲ နေနိုင်မယ် ထင်လို့လား။ ငါ့မှာ တစ်ခုခုဖြစ်ရင်ကော မင်းက လက်စားချေပေးမှာ မဟုတ်ဘူးလား။”
“မချေပေးဘူး။ မင်းရဲ့ အုတ်ဂူမှာပဲ သွားငိုပေးမယ်”
“တောက်! မင်းကတော့လေ...”
“ငါ မနက်ဖြန် ပြန်လာခဲ့မယ်။ သူတို့ကိုတော့ စောင့်ကြည့်ရုံကလွဲလို့ ဘာမှမလုပ်ဖို့ ပြောထားလိုက်”
“စိတ်ချပါ၊ လွန်လွန်ကျူးကျူး ဘာမှ မဖြစ်စေရပါဘူး။ ငါ လာကြိုဖို့ လိုမလား”
“မလိုဘူး။ မင်းရဲ့ ကိစ္စတွေပဲ သွားလုပ်ပါ”
“မမေးသင့်တဲ့ မေးခွန်းကို မေးမိပြန်ပြီ။ လက်မှတ်ဝယ်ပြီးရင် ဘယ်အချိန် ရောက်မလဲဆိုတာပဲ အသိပေးလိုက်တော့”
ဟူဖန်က ချန်ကျန့်ရဲ့ ခေါင်းကို တဘက်နဲ့ ပတ်ပေးလိုက်ပြီးမှ အဝတ်စကို ဖြုတ်ပေးလိုက်သည်။
“ကဲ... မင်းဆံပင်ကတော့ နောက် တစ်နာရီခွဲလောက်ဆို ရပြီ”
“ဟုတ်ကဲ့”
ချန်ကျန့်က ပြန်ဖြေရင်း ရှန်ယွီ ထွက်သွားတဲ့ တံခါးဘက်ကို လှမ်းကြည့်လိုက်သည်။ ဖုန်းကိုင်ပြီး ထွက်သွားကတည်းက အခုထိ ပြန်မဝင်လာသေးပါဘူး။ တခြားအချိန်ဆို ချန်ကျန့် ဂရုစိုက်မှာ မဟုတ်ပေမဲ့ ဒီနေ့ ရှန်ယွီ ဖုန်းကိုင်တုန်းက ထွက်လာတဲ့ ဒေါသသံက သူ့စိတ်ထဲမှာ စွဲနေလို့ပါ။
ချန်ကျန့် ထရပ်လိုက်ပြီး စင်္ကြံလမ်းအတိုင်း ပန်းခြံဘက်ကို လျှောက်လာခဲ့သည်။ အရင်ဆုံး ဒုတိယထပ်ကို မော့ကြည့်လိုက်တော့ အခန်း ၂၀၈ ရဲ့ ရေချိုးခန်းမီးက မှောင်နေသည်၊ ဒါပေမဲ့ ဟိုဘက်က ‘ဆွီယွမ်’ ရဲ့ ဒုတိယထပ်မှာတော့ မီးလင်းနေသည်။ ခဏလောက် ကြည့်ပေမဲ့ ဘာမှ မထူးခြားတာနဲ့ ဝင်းရှေ့ဘက်ကို လျှောက်လာခဲ့သည်။ ရှန်ယွီ အပြင်ထွက်သွားသလား၊ ဒါမှမဟုတ် ပန်းခြံထဲမှာပဲ ရှိနေသလားဆိုတာ သိချင်လို့ပါ။
ခြေလှမ်းအနည်းငယ် ရောက်တော့ အမှောင်ထဲကနေ လေချွန်သံတစ်ခု ကြားလိုက်ရသည်။ ချန်ကျန့် ရပ်လိုက်ပြီး အနားကို သွားကြည့်တော့ ဒန်းပေါ်မှာ ထိုင်နေတဲ့ ရှန်ယွီကို တွေ့ရသည်။
“မပြီးသေးဘူးလား”
“နောက် တစ်နာရီခွဲလောက် ထပ်စောင့်ရဦးမယ်။ လည်ပင်းတောင် တောင့်လာပြီ”
ရှန်ယွီက ဘေးက ခုံတန်းကို ညွှန်ပြလိုက်သည်။
“ခဏလောက် လှဲနေမလား”
“...ရပါတယ်၊ အဲ့ဒီလောက်ကြီး မဟုတ်ပါဘူး”
ရှန်ယွီ ပြုံးလိုက်ပြီး ခဏငြိမ်သွားကာမှ ပြောလိုက်သည်။
“ငါ မနက်ဖြန် နေ့လယ် ပြန်သွားမယ်”
“ဟင်။ ဘယ်ကိုလဲ”
“ငါ့ဇာတိကိုလေ။ နောက် နှစ်ရက် သုံးရက်လောက်ဆို ပြန်ရောက်မှာပါ”
ဇာတိ။ အိမ်တော့ မဟုတ်ဘူး။
“ဟို ဖန်းရွှီ ဆိုတဲ့လူကို သွားရှာမလို့လား”
“မင်း မှတ်ဉာဏ်ကတော့ တော်တော်ကောင်းတာပဲ၊ သူ့နာမည်ကိုတောင် မှတ်မိနေတာလား”
“နာမည်က နှစ်လုံးတည်းဟာကို၊ မှတ်နေဖို့တောင် မလိုပါဘူး”
ရှန်ယွီ နှစ်စက္ကန့်လောက် ကြောင်သွားပြီးမှ အားရပါးရ ရယ်တော့သည်၊ ဒန်းပေါ်ကတောင် ပြုတ်ကျတော့မတတ်ပါပဲ။
“ဟေး... မင်းက တကယ်ကို... ချစ်ဖို့ကောင်းတာပဲ”
ချန်ကျန့် ဘာမှပြန်မပြောမိပါဘူး။
“ငါ ချန်းယွီကိုတောင် ထပ်ပြီး အလုပ်မရှုပ်စေချင်တော့ဘူး။ မနက်ဖြန် မြို့ကိုသွားမယ့် ကားအချိန်ဇယားလေး ကြည့်ပေးပါဦး။ ညနေ ၃ နာရီ ၁၅ မှာ ရထားရှိတယ်”
“မင်း ကားမမောင်းသွားဘူးလား”
“ကားကို ဘယ်သူက ပြန်မောင်းပေးမှာလဲ။ အာဟူကိုပဲ ခေါ်သွားရမှာလား”
ဘော့စ်က ရောက်ကတည်းက တစ်ခါမှ မြို့ပြင် မထွက်ဖူးသေးတော့ တည်းခိုခန်းက လူတွေ တကယ်ပဲ ပျာယာခတ်ကုန်ကြသည်။ ကျောက်ကျဲဆိုရင် ရှန်ယွီ လမ်းမှာစားဖို့ ပေါက်စီတွေတောင် လုပ်ပေးရမလားလို့ စဉ်းစားနေသေးသည်။
“ငါက စစ်ဘေးရှောင်နေတာ မဟုတ်ပါဘူးဗျာ။ အိတ်က အသေးလေးဆိုတော့ အစားအသောက်တွေ ထည့်ဖို့ နေရာမရှိဘူး”
ရှန်ယွီက အိတ်ကို လှုပ်ပြရင်း ဆိုသည်။
“စိတ်ချပါ ဘော့စ်၊ ဒီရက်ပိုင်း ကျွန်မတို့ ရှိနေမှာပဲ။ ဘာပြဿနာမှ မရှိစေရပါဘူး”
ဟူဖန်က ကတိပေးသည်။
“သူက အဝေးကြီး သွားတာမှ မဟုတ်တာ။ မင်းတို့ကလည်း သူ ပြန်မလာတော့မယ့်အတိုင်းပဲ”
အာဟူက ဝင်ပြောသည်။
အဝေးကြီးတော့ မဟုတ်ပေမဲ့ ကီလိုမီတာ ၅၀၀ ကျော်ဆိုတော့လည်း သိပ်တော့ မနီးပါဘူး။
“ငါတို့က အကျင့်မဖြစ်သေးလို့ပါ”
ဆန်းပင်းက ဆိုသည်။
“သွားကြစို့ မန်နေဂျာ၊ ငါ့ကို ကားဂိတ်အထိ လိုက်ပို့ပေးဦး”
ရှန်ယွီ အိတ်ကို လွယ်ပြီး ထွက်လာခဲ့သည်။
ချန်ကျန့် ချက်ချင်း လိုက်သွားပြီး ဝင်းထဲက ဆိုင်ကယ်ကို နှိုးလိုက်သည်။ ရှန်ယွီက နောက်ကနေ တက်ထိုင်ရင်း တိုးတိုးလေး ပြောသည်။
“မြန်မြန်မောင်းစမ်းပါ၊ သူတို့တွေ ကားနောက်ကို ပြေးလိုက်နေကြဦးမယ်”
ချန်ကျန့် ပြုံးပြီး လီဗာကို ဆွဲလိုက်ရာ ဆိုင်ကယ်လေး ဝုန်းခနဲ ထွက်သွားတော့သည်။ ကားဂိတ်က မြို့အထွက် လမ်းဘေးက နားနေဆောင်လေးမှာပါ။
“ကားပေါ်ရောက်မှ ပိုက်ဆံပေးလိုက်ရင် ရပြီနော်”
ချန်ကျန့်က မှာသည်။
“ဟုတ်ပြီ”
“နောက်ဘက်မှာ နေရာလွတ်ရင် နောက်မှာပဲ သွားထိုင်။ ရှေ့နားမှာ ပစ္စည်းတွေ ပုံထားတတ်လို့ ရှုပ်နေမှာစိုးလို့”
“အင်းပါ”
ချန်ကျန့် ခေါင်းလှည့်ကြည့်လိုက်သည်။
“ငါက ၂၆ နှစ် ရှိပြီနော်။ မင်းထက် အသက် ၆ နှစ်တောင် ကြီးတာပါ”
ချန်ကျန့် ပြုံးပြီး မျက်နှာလွှဲလိုက်သည်၊ ဘာမှ ထပ်မပြောတော့ပါဘူး။
“တစ်ခုခု လိုအပ်ရင် စာပို့လိုက်လေ။ ငါ ဖုန်းဖွင့်ထားပါ့မယ်”
“ဟုတ်ကဲ့”
ကားက အချိန်မှန် ရောက်လာပေမဲ့ လူတော်တော် များနေသည်။ တံခါးဝမှာ ကြက်ခြင်းတွေတောင် ပါသေးသည်။ ရှန်ယွီ တိုးဝှေ့တက်သွားပြီးနောက်မှာတော့ မြင်ကွင်းထဲကနေ ပျောက်ကွယ်သွားတော့သည်။ ချန်ကျန့် ကားထွက်သွားတဲ့အထိ စောင့်ကြည့်နေပြီးမှ ဆိုင်ကယ်ပေါ် ပြန်တက်လိုက်သည်။
မြို့ထဲကို ပြန်လာတဲ့လမ်းမှာတင် ဖုန်းမြည်လာသည်။ ထုတ်ကြည့်လိုက်တော့ မသိတဲ့ နံပါတ်တစ်ခု ဖြစ်နေသည်။ ချန်ကျန့် ခေတ္တမျှ ကြောင်သွားပြီးမှ ကိုင်လိုက်သည်။
“ဟယ်လို။”
“ချန်ကျန့်လား။ ငါ ဆရာလီပါ”
တစ်ဖက်က အမျိုးသားက မေးသည်။
“ဘယ်ဆရာလဲခင်ဗျ။”
“မင်းရဲ့ အစ်ကိုက လဆန်းပိုင်းကတည်းက ငါ့ကို ဆက်သွယ်ထားတာလေ။ မင်း ကားမောင်းသင်ချင်လို့ ဆို။ အခု လူတွေ တအားများနေပေမဲ့ နေရာလွတ် တစ်ခု ရလာလို့လေ။”
ချန်ကျန့် ခဏတာ မှင်သက်သွားရသည်။
“သူက မင်းကို အမြန်ဆုံး စီစဉ်ပေးပါလို့ မှာထားတာ၊ ဘော့စ်ကို ကားမောင်းပေးရမှာမို့လို့တဲ့။ အဲ့ဒါကြောင့် နေရာရတာနဲ့ ချက်ချင်း အကြောင်းကြားလိုက်တာပါ”
“ဟုတ်ကဲ့... ကျေးဇူးပါ ဆရာ”
ချန်ကျန့် ပြုံးလျက်ပြန်ဖြေလိုက်သည်။
_________________________________________________
ဂရုစိုက်တတ်လိုက်တာ
ReplyDeleteကဲ ရှင်တို့ ဆံပင်ပြင်တာ ပြုံးပြုံးကြီးဘယ်သူထိုင်ကြည့်တာခံဘူးလဲ
ReplyDeleteသူတအားသဲနော်