Skip to main content

48





အပိုင်း (၄၈)




“ဘာဖြစ်လို့လဲ”

ဟူဖန် ဘားကောင်တာကနေ အပြေးလေး ရောက်လာသည်။

“သူ လဲသွားတာလေ”

ဆန်းပင်းက ပြောရင်းနှင့် အားရပါးရ ရယ်တော့သည်။

“ဂျွမ်းတစ်ပတ်လောက် ပစ်ပြီး လျှောစီးသလိုမျိုး လျှောဆင်းသွားတာဗျ”

“ရှင်ကတော့ ရယ်နေတုန်းပဲ!”

ဟူဖန်က ဆန်းပင်းကို မျက်စောင်းထိုးလိုက်ပြီးမှ ချန်ကျန့်ကို ကြည့်ကာ မေးသည်။

“တစ်ခုခု ထိခိုက်သွားသေးလား....”

စကားမဆုံးသေးခင်မှာပင် သူမကိုယ်တိုင်လည်း မအောင့်နိုင်ဘဲ လိုက်ရယ်မိတော့သည်။

“ထိ.... ထိခိုက်သွားလား....”

“မထိပါဘူး”

ချန်ကျန့် လက်ဆွဲသေတ္တာကို အနားက စားပွဲပေါ် တင်ပြီး ဖွင့်ပြလိုက်သည်။

“ဒါတွေက ဘော့စ်ရှန် အားလုံးအတွက် ဝယ်လာတဲ့ လက်ဆောင်လေးတွေလေ....”

သေတ္တာထဲတွင် တစ်ခုချင်းစီ အသေအချာ ထုပ်ပိုးထားသော စက္ကူအိတ်ကလေးများမှာ

အလွန်လှပလှသည်။

“ဝါး....”

ဟူဖန် စိတ်လှုပ်ရှားစွာ အပြေးလာကြည့်သည်။

“ဘယ်သူကများ ဒီလောက်အထိ ဘော့စ်ကောင်းမျိုး ရဖူးမှာလဲ!”

“လူကြီးစိတ်ကို နိုင်အောင်ယူတာပဲ.... လူကြီးစိတ်ကို နိုင်အောင်ယူတာပဲ....”

ဆန်းပင်းကလည်း သူ၏ ပန်းကန်ကို ကိုင်ကာ ရောက်လာပြီး လျှောက်ပြောနေသည်။

“အာဟူသာ ကြားရင်တော့ မင်းကို ပါးရိုက်လိမ့်မယ်”

ဟူဖန်က ဆိုကာ စက္ကူအိတ်တစ်အိတ်ကို ယူပြီး ဖြည်ကြည့်လိုက်သည်။

“သူ အခုပဲ အိပ်ပျော်သွားတာလေ”

ဆန်းပင်းက ပြုံးလျက် ဆိုသည်။

“ဒီရက်ပိုင်း သူ တော်တော် တောင့်ခံထားရတာဆိုတော့ အခုတော့လည်း မရတော့ဘူး ထင်တယ်”

ချန်တာဟူ၏ ပြစ်ဒဏ်က ထွက်လာခဲ့ပြီ ဖြစ်သည်။ တစ်နှစ်နှင့် လေးလ။ အရာရာ ပြီးဆုံးသွားပြီဖြစ်သဖြင့် အာဟူတစ်ယောက် စိတ်ပေါ့ပါးသွားဟန် ရှိသော်လည်း အိမ်ကိုတော့ လုံးဝ ပြန်မသွားသေးချေ။ သူသည် ဝန်ထမ်းအိပ်ဆောင်၏ အတွင်းဆုံး ကုတင်ကို အသေအချာ နေရာယူထားလေသည်။ အဖေဖြစ်သူကို တွေ့ဖို့ထက်စာရင် အသေခံလိုက်မှာက ပိုကောင်းမယ်လို့ သူ တွေးနေပုံရသည်။

ထိုအခိုက်အတန့်တွင် ချန်ကျန့်သည် ရှန်ယွီကို ရုတ်တရက် သတိရသွားသည်၊ သူလည်းပဲ မိဘတွေကို သွားမတွေ့ချင်တဲ့ လူတစ်ယောက် မဟုတ်ပါလား။ အခြေအနေချင်းတော့ မတူပါဘူး။ ရှန်ယွီ၏ မိခင်မှာ တင်းကျပ်သော အရှိန်အဝါရှိသော်လည်း ယေဘုယျအားဖြင့်တော့ ဆက်ဆံရ အဆင်ပြေသူ ဖြစ်သည်။

အာဟူ၏ အဖေကတော့ ထိုသို့မဟုတ်ပါဘူး။ ရိုးသားသော လူတစ်ယောက် ဖြစ်သော်လည်း စိတ်တိုတတ်သူ ဖြစ်သည်။ ဇနီးဖြစ်သူနှင့် ကွာရှင်းပြီးနောက် သားနှစ်ယောက်ကို တစ်ယောက်တည်း ပြုစုပျိုးထောင်ခဲ့သူပေါ့။ သူက သားတွေကို တင်းတင်းကျပ်ကျပ် ဆုံးမတတ်သော်လည်း သားတွေကို တအားချစ်မှန်း အားလုံး သိကြသည်။ မဟုတ်လျှင် ချန်တာဟူလိုမျိုး လူဖြစ်ရှုံးတဲ့လူကို အဲ့ဒီလောက်အထိ သည်းခံပြီး ပြုစုပျိုးထောင်မှာ မဟုတ်ဘူးလေ။

ကံကောင်းထောက်မစွာဖြင့် တည်းခိုခန်း အိပ်ဆောင်မှာ အခုလောလောဆယ် အဆောင်ခ ပေးစရာ မလိုပါဘူး။ အာဟူတစ်ယောက် အိပ်ဆောင်မှာ တော်တော်လေး သက်သောင့်သက်သာ ရှိနေပုံရသည်။ နှစ်သစ်ကူးအထိတောင် နေသွားမည့် ပုံပါပဲ။

ဟူဖန် စက္ကူအိတ်ကို ဖွင့်လိုက်သည်။ ဒေသထွက် ပစ္စည်းတွေနဲ့ မုန့်တွေအပြင် လက်ခ်ကီးအိတ်ကလေး တစ်ခုပါ ပါရှိလေသည်။

“တအား သဘောကျတာပဲ”

ဟူဖန် သူမ၏ ရင်ဘတ်ကို ပုတ်ရင်း ပျော်ရွှင်စွာ ဆိုသည်။

“ကျွန်မရဲ့ နှလုံးသားကိုတော့ သူ သိမ်းပိုက်သွားပြီပဲ”

“ဘာတွေ လျှောက်ပြောနေတာလဲ၊ ကြက်သီးထစရာကြီး”

ဆန်းပင်းက ဆိုကာ အိတ်ထဲကနေ အမဲသားခြောက်ထုပ်ကို အရင်ဆုံး ဆွဲထုတ်လိုက်သည်။ ချန်ကျန့်က ရှောင်သိုအာအတွက် ဝေစုကို တစ်ဖက်မှာ ဖယ်ထားလိုက်သည်။ မနက်ဖြန် ဆန်းပင်းရဲ့ ဆိုင်ကယ် သွားယူတဲ့အခါ ပို့ပေးဖို့ပေါ့။

“မင်းဝေစုကော မယူဘူးလား”

ဟူဖန်က မေးသည်။

“လက်ခ်ကီးအိတ်လေးပဲ ယူလိုက်မယ်။ ကျန်တဲ့ မုန့်တွေကိုတော့ အားလုံး အတူတူ မျှစားကြပေါ့”

ချန်ကျန့်က ဆိုသည်။

“ဒါဆိုလည်း....”

ဆန်းပင်းက ချက်ချင်းပင် သူ၏ဝေစုကို ဖွင့်ကာ အမဲသားခြောက်ထုပ်ကို သူ၏ကိုယ်ပိုင်အိတ်ထဲ ထည့်လိုက်တော့သည်။

“မင်း အိတ်နှစ်အိတ်လုံးကိုပဲ လဲလိုက်ရင် မရဘူးလား”

ချန်ကျန့်၏ စကားကြောင့် ဆန်းပင်း ခဏတန့်သွားသည်။

“အော်.... ဟုတ်သားပဲ”

ချန်ကျန့် ဘာမှ ပြန်မပြောမိပါဘူး။

“ဒါကြောင့်လည်း မင်းက မန်နေဂျာ ဖြစ်နေတာပေါ့”

“ဒါလေးနဲ့တင် မန်နေဂျာ ဖြစ်ရကြေးဆိုရင်တော့ မန်နေဂျာ ရာထူးက တော်တော်လေးကို အဆင့်နိမ့်လွန်းရာ ကျမှာပေါ့”

ချန်ကျန့်က ဆိုလိုက်သည်။

“ကဲ.... ဆက်ပြီးတော့ပဲ ရွဲ့နေလိုက်ပါဦး”

ဆန်းပင်း အမဲသားခြောက်ကို ဝါးရင်း ပြန်ပြောသည်။ ချန်ကျန့် မီးဖိုချောင်ထဲသွားကာ လင်ဗန်းတစ်ခု ယူလိုက်ပြီး၊ ဟူဖန် ပြင်ပေးထားသော သူနှင့် ရှန်ယွီအတွက် မုန့်လုံးရေပေါ် ပန်းကန်နှစ်လုံးကို တင်လိုက်သည်။ ဆေးသေတ္တာထဲက အအေးမိ ပျောက်ဆေး တစ်ဗူးကိုလည်း ယူလိုက်သည်။

“မန်နေဂျာ”

ဟူဖန် သူ့နောက်ကနေ လိုက်လာသည်။

“အားလုံး အဆင်ပြေရဲ့လား”

“ဟင် ။ ပြေပါတယ်၊ ဘာဖြစ်လို့လဲ”

“ဘာမှ မဟုတ်ပါဘူး၊ မေးကြည့်တာပါ”

ဟူဖန် တိုးတိုးလေး ဆိုသည်။

“သူက မင်းကို သွားရှာတာလေ၊ ပြီးတော့ ပြန်လာတာလည်း တော်တော် ကြာသွားတယ် မဟုတ်လား။ တစ်ခုခု ဖြစ်နေပြီလားလို့ စိုးရိမ်လို့ပါ”

တော်တော် ကြာသွားတယ်…

ရွာမှာ ဆုံတုန်းက ရှန်ယွီက သူ ကားပေါ်က ဆင်းတာ မိနစ်နှစ်ဆယ်ပဲ ရှိသေးတယ်လို့ ပြောခဲ့တာလေ။

“သူ ဘယ်အချိန်က သွားတာလဲ”

ချန်ကျန့်က မေးလိုက်သည်။

“ဆန်းပင်းက သူ့ကို ကြိုပြီး ပြန်ခေါ်လာတာနဲ့ သူ ချက်ချင်း ပြန်ထွက်သွားတာလေ”

ဟူဖန် ခေတ္တစဉ်းစားပြီးမှ…

“ခုနစ်နာရီ ကျော်ကျော်လောက်ကပေါ့”

ချန်ကျန့် မှင်သက်သွားရသည်။ သူ တောင်ပေါ်ကနေ ပြန်ဆင်းလာတော့ ကိုးနာရီ ကျော်နေပြီလေ။ သူ ဖုန်းထုတ်ပြီး ထပ်ကြည့်လိုက်သည်။ Fa Dan Ke Chen ဆီကနေ သူ့ကို ကားဂိတ်မှာ လာကြိုဖို့ ပို့ထားတဲ့စာက တကယ်ပဲ ခြောက်နာရီ ကျော်ကျော်က ပို့ထားတာ ဖြစ်နေသည်။

“ဘာဖြစ်လို့လဲ”

ဟူဖန်က မေးသည်။

“ဘာမှ မဟုတ်ပါဘူး။ သူက ရှောင်သိုအာတို့ အိမ်မှာ ကျွန်တော့်ကို စောင့်နေတာပါ”

ချန်ကျန့်က ဆိုသည်။

“ဒါဆိုလည်း တော်သေးတာပေါ့။ နောက်တစ်ခါ ခွင့်ယူရင် သူ့ကို ပြောခဲ့ဦးလေ။ ရှောင်သိုအာတို့ အိမ်ကိုသာ သူ မသိရင် တစ်ခုခုဖြစ်ရင် ရှာတွေ့မှာ မဟုတ်ဘူး။ ငါ ဖုန်းခေါ်တော့လည်း လိုင်းပြင်ပ ရောက်နေတယ်ပဲ ပြောနေတာကို”

“ဒီလောက်ထိ တိုက်ဆိုင်သွားလိမ့်မယ်လို့ မထင်ထားခဲ့လို့ပါ”

ချန်ကျန့် လင်ဗန်းကို မကာ ဆိုလိုက်သည်။ မုန့်ပေါင်းက တကယ်ကို မွှေး၏။ သူ ရုံးခန်းထဲ ဝင်သွားသည့်အခါ ဆိုဖာပေါ်မှာ မျက်လုံးမှိတ် လှဲနေတဲ့ ရှန်ယွီက ချက်ချင်းပင် မျက်လုံးဖွင့်ပြီး ထထိုင်သည်။ သို့သော် လင်ဗန်းပေါ်က ပန်းကန်အကြီးကြီးကို မြင်သည့်အခါ သူ ခဏတန့်သွားသည်။

“အဲ့ဒါ ဆာလတ် ပန်းကန်ကြီးလား”

“အင်း။ မဟုတ်ရင် မဆံ့ဘူးလေ။ ဟူဖန်က ကျန်တဲ့ ဟင်းရည်တွေ အကုန်လုံးကို ဒီထဲ လောင်းထည့်ပေးလိုက်တာ”

ချန်ကျန့်က လင်ဗန်းကို စားပွဲပေါ် တင်ရင်း ဆိုသည်။

“ငါ ဒီအလုံး ၃၀ ကို ကုန်အောင် စားနိုင်ပါ့မလား မသိဘူး”

ရှန်ယွီက ဆိုသည်။

“ကျွန်တော်သာ ညစာ မစားခဲ့ရရင် ဒီပန်းကန် နှစ်လုံးတောင် မလောက်ဘူး”

ချန်ကျန့်က ဆိုလိုက်သည်။ ရှန်ယွီ မုန့်လုံးတွေကို ဘာမှမပြောဘဲ စိုက်ကြည့်နေသည်။

“အရင် စားလိုက်ပါဦး။ မကုန်ရင် ကျွန်တော့်အတွက် ချန်ထားပေါ့”

ချန်ကျန့်က ပန်းကန်အသေးကို ယူရင်း ဆိုသည်။ ပြောပြီးမှ သူ နည်းနည်း အနေရခက်သွားသဖြင့် အမြန် ထပ်ဖြည့်ပြောလိုက်သည်။

“ဒါမှမဟုတ်လည်း ခွေးလေးအတွက်ပေါ့”

ရှန်ယွီ၏ နှုတ်ခမ်းထောင့်လေး လှုပ်ခါသွားသည်။ သူ ဘယ်ဘက်လက်ဖြင့် ဇွန်းကို ကိုင်လိုက်ပြီး ။

“ကောင်းပြီလေ၊ ခဏနေရင် မင်းနဲ့ ခွေးနဲ့ အတူတူ မျှစားကြပေါ့”

ချန်ကျန့် ဘာမှမပြောဘဲ မုန့်လုံးတွေကိုသာ အသည်းအသန် ငုံ့စားနေတော့သည်။ နှစ်မိနစ်တောင် မပြည့်ခင်မှာတင် ၁၀ လုံးစလုံး ကုန်သွားတော့သည်။ မုန့်လုံးလေးတွေက သေးသော်လည်း အဆာသွပ်က နှစ်မျိုးပါသည် ။ နှမ်းမြေပဲနဲ့ ဆီးသီး ဖြစ်လေသည်။ တကယ်ကို အရသာရှိပြီး သိပ်လည်း မအီပါဘူး။ သူ ဟင်းရည်ကို ဖြည်းဖြည်းချင်း သောက်ရင်း ရှန်ယွီကို လှမ်းကြည့်လိုက်သည်။

ရှန်ယွီကို မုန့်လုံးလုပ်ခိုင်းတာ တကယ်ပဲ မှန်သွားသည်။ အကယ်၍ ခေါက်ဆွဲတို့ ဘာတို့ဆိုရင်တော့ သူ ရှန်ယွီကို ခွံ့ကျွေးနေရမှာ သေချာသည်။ ရှန်ယွီကတော့ ဘယ်ဘက်လက်နဲ့ ဇွန်းကို သိပ်မသုံးတတ်သဖြင့် တော်တော်လေး ဖြည်းဖြည်းချင်း စားနေလေသည်။ ချန်ကျန့် တစ်ခုခု ပြောချင်နေသော်လည်း ရှန်ယွီကတော့ စားတာကို မရပ်ပါဘူး။

ချန်ကျန့် ပန်းကန်ထဲက ဟင်းရည်တွေပါ ကုန်သွားတဲ့အထိ ရှန်ယွီကတော့ အေးအေးဆေးဆေး စားနေဆဲပင်။ ချန်ကျန့်က သူ၏ပန်းကန်ထဲက ဂျင်းဖတ်တွေကိုပါ ဝါးစားရမလားလို့ စဉ်းစားနေစဉ်မှာပင် ရှန်ယွီက ဇွန်းကို ချလိုက်ပြီး မေးလိုက်သည်။

“ဘာပြောမလို့လဲ”

သူ တကယ် ပြောချင်နေတာပါ။ ဒါပေမဲ့ ရှန်ယွီက အခုလို ရုတ်တရက်ကြီး မေးလိုက်တော့မှ သူ အနေရခက်သွားရသည်။

“စားလို့ မရတော့ဘူးလား”

ချန်ကျန့်က မေးလိုက်သည်။ ရှန်ယွီကတော့ သူ ဘာမေးချင်နေမှန်း သိနေလောက်မှာပါ။

“ထပ်စားလို့ ရပါသေးတယ်”

ရှန်ယွီ ပန်းကန်ထဲက မုန့်လုံးတွေကို ကြည့်ရင်း ဆိုသည်။

“ဒါပေမဲ့ ငါ ဆီးသီးအဆာသွပ်တဲ့ဟာပဲ စားချင်တာ။ ခွဲလို့လည်း မရဘူး၊ နှမ်းနဲ့က ကြည့်ရတာ အတူတူပဲကို”

“ဒါလေးလေ”

ချန်ကျန့်က မုန့်လုံးတစ်လုံးကို ညွှန်ပြသည် ။

“ဒါရော၊ ဒါရော.... ဒါတွေ အကုန်လုံးက ဆီးသီးတွေပဲ”

“ဘယ်လိုလုပ် သိတာလဲ”

ရှန်ယွီက မေးသည်။

“အရောင်က မတူဘူးလေ။ နှမ်းက ဆီးသီးလောက် မဖြူဘူး”

ချန်ကျန့်က ရှင်းပြသည်။ ရှန်ယွီ မုန့်လုံးတွေကို ခဏမျှ ထပ်စိုက်ကြည့်နေပြီးမှ ။

“ဒါဆိုလည်း နှမ်းမြေပဲ အလုံးတွေကို မင်း ရွေးစားလိုက်လေ။ ဆီးသီးတွေကိုပဲ ငါ့အတွက် ချန်ခဲ့”

“ဟုတ်ကဲ့”

ချန်ကျန့် ဇွန်းကိုယူကာ နှမ်းမြေပဲ မုန့်လုံးတွေကို သူ၏ပန်းကန်ထဲ တစ်လုံးချင်းစီ ရွေးထည့်လိုက်တော့သည်။

“ခုနက ဘာပြောမလို့လဲဆိုတာ ပြောလေ”

ရှန်ယွီက ထပ်မေးပြန်သည်။ ချန်ကျန့် နောက်ဆုံးတစ်လုံးကို ရွေးပြီးမှ ဆိုလိုက်သည်။

“မင်း ရှောင်သိုအာတို့ အိမ်မှာ ဘယ်လောက်ကြာကြာ စောင့်နေခဲ့တာလဲ”

ရှန်ယွီ ပြုံးလိုက်သည်။

“အဲ့ဒါပဲ မေးမလို့လား”

“အင်း။ ဟူဖန်ပြောတာတော့ မင်း ခုနစ်နာရီကတည်းက ရောက်နေတာဆို”

“အချိန်ကိုတော့ သတိမထားမိပါဘူး။ မင်းဆီ ဖုန်းခေါ်လို့ မရတာနဲ့ တန်းသွားလိုက်တာပဲလေ”

ရှန်ယွီ၏ အသံမှာ အနည်းငယ် အက်ကွဲနေသည်ကို ချန်ကျန့် သတိထားမိလိုက်သည်။

“မင်း တစ်ချိန်လုံး ခြံထဲမှာပဲ နေနေတာလား။ အထဲ မဝင်ဘူးလား”

“အဖွားက အိပ်နေတာလေ၊ ငါက ဘာလို့ အထဲဝင်ရမှာလဲ”

“ကျွန်တော့် အခန်းထဲကို ဝင်နေလို့ ရတာပဲ။ ကျွန်တော့်အခန်းက သော့ခတ်မထားပါဘူး။ မင်းက ဒီလေပြင်းတွေကြားထဲမှာပဲ တစ်ချိန်လုံး ရပ်နေတာလား”

“ရှောင်သိုအာကလည်း ငါ့ကို ဝင်ပါလို့ မပြောဘူးလေ”

ရှန်ယွီက ဆိုသည်။

“သူက ငါးနှစ်ပဲ ရှိသေးတာလေ၊ မင်းကို ဧည့်ခံဖို့ မျှော်လင့်နေတာလား”

ချန်ကျန့် သက်ပြင်းချလိုက်ပြီး အအေးမိ ပျောက်ဆေးကို ထုတ်ပေးလိုက်သည်။

“ဒါ မြန်မြန်သောက်လိုက်။ မင်း အခုပဲ အအေးမိနေပြီ ထင်တယ်”

“ငါ အအေးမမိပါဘူး။ ဒီနှစ်ရက်အတွင်း ကောင်းကောင်း မနားရလို့ အသံအက်နေတာပါ”

“မနားရတဲ့ အချိန်မှာပဲ အအေးမိဖို့ ပိုလွယ်တာလေ။ အဲ့ဒါက အတူတူပဲ”

“မင်းက ငါ့ကို ကျိန်ဆဲနေတာလား”

ရှန်ယွီ ဆေးဗူးကို လက်တစ်ဖက်တည်းနဲ့ ဖွင့်ဖို့ ကြိုးစားနေသည်။ ချန်ကျန့် ဆေးဗူးကို ယူကာ ဆေးတစ်လုံး ထုတ်ပေးလိုက်ပြီး ရေတစ်ခွက် သွားခပ်ပေးလိုက်သည်။ ရှန်ယွီ ဆေးသောက်ပြီးနောက် ကျန်တဲ့ မုန့်လုံးတွေကို ကုန်အောင်စားကာ ဟင်းရည်တွေကိုပါ ကုန်အောင် သောက်လိုက်တော့သည်။

“ဗိုက်ပြည့်သွားပြီလား”

ချန်ကျန့်မှာ အံ့သြတကြီးနှင့် မေးလိုက်မိသည်။

“အခုဆို ရင်ပြည့်နေပြီ”

ရှန်ယွီက ဆိုသည်။

“ဒါဆို ဘာလို့ အကုန် ကုန်အောင် သောက်တာလဲ”

“အထဲက ဂျင်းတွေက အအေးမိတာကို ကာကွယ်ပေးတယ် မဟုတ်လား။ ငါသာ အကုန်မသောက်ရင် မင်းက ငါ့ကို ထပ်ပြီး ကျိန်ဆဲနေဦးမှာလေ”

ရှန်ယွီ၏ စကားကြောင့် ချန်ကျန့်မှာ ဆွံ့အသွားရသည်။

“ကျွန်တော်က.... ကောင်းပါပြီလေ”

သူသည်လည်း သူ၏ပန်းကန်ထဲက မုန့်လုံးတွေကို ကုန်အောင်စားလိုက်သည်။ ခွေးလေးအတွက်တော့ မချန်ထားတော့ပါဘူး။ ရှောင်သိုအာ၏ အဖွားက ခွေးတွေကို ကောက်ညှင်းနဲ့လုပ်တဲ့ အစားအစာတွေ မကျွေးသင့်ဘူး၊ အူထဲမှာ ကပ်တတ်တယ်လို့ ပြောဖူးသည် မဟုတ်လား။

“လက်ဆောင်တွေကော ဝေပေးပြီးပြီလား”

ရှန်ယွီ ထရပ်ကာ ဗိုက်ကိုပွတ်ရင်း ကိုယ်ကို ဆန့်လိုက်သည်။

“အင်း၊ ဝေပေးပြီးပြီ။ ဒါလေးပဲ ကျွန်တော် ယူထားတယ်”

ချန်ကျန့်က သူ၏ အဆောင်အိတ်လေးကို လှုပ်ပြသည်။

“မင်းအတွက်တော့ ငါ သီးသန့် လက်ဆောင်တစ်ခု ယူလာသေးတယ်”

ရှန်ယွီ၏ စကားကြောင့် ချန်ကျန့်၏ နားရွက်ဖျားလေးတွေ ထပ်ပြီး ပူလာပြန်သည်။ ရှန်ယွီသည် စားပွဲပေါ်က ဖဲပြားလေးနဲ့ ချည်ထားတဲ့ ဗူးအရှည်လေး တစ်ဗူးကို ကမ်းပေးလိုက်သည်။

“ဘာလဲဟင်။ ဈေးကြီးလား”

ချန်ကျန့်က မနေနိုင်ဘဲ မေးလိုက်မိသည်။

“မကြီးပါဘူး။ ဈေးကြီးရင် မင်းက မယူဘူး မဟုတ်လား”

“အဲ့ဒီလိုတော့ မဟုတ်ပါဘူး....”

“ဒါဆိုရင်တော့ ဈေးကြီးတယ်ပေါ့”

ရှန်ယွီက ပြုံးစိစိနှင့် ဆိုသည်။

မင်းကတော့ ကျွန်တော့်ကို လာစနေတာပဲ ဘော့စ်ရာ။

ချန်ကျန့် ဘာမှမပြောဘဲ ဗူးကို ကြည့်လိုက်သည်။ အင်္ဂလိပ်စာလုံးတွေချည်းပဲ ဖြစ်သော်လည်း “Hand” ဆိုတဲ့ စကားလုံးကိုတော့ သူ သိပါသည်။

လက်လိမ်းခရင်မ်လား

သူ သက်ပြင်းချလိုက်မိသည်။ သို့သော် အထဲက ဗူးကို ထုတ်ကြည့်လိုက်သည့်အခါ ထုပ်ပိုးထားပုံက တကယ့်ကို အဆင့်မြင့်လှသဖြင့် ဈေးမပေါမှန်း သိသာလှသည်။

“ယွမ် နှစ်ရာကျော်တယ်”

ရှန်ယွီ စားပွဲကို မှီရပ်ရင်း ဆိုသည်။

“တကယ်လို့ ဈေးကြီးတယ် ထင်ရင်လည်း မျက်နှာမှာပဲ လိမ်းလိုက်ပေါ့”

“ကျွန်တော့် မျက်နှာမှာတောင် အဲ့ဒီလောက် ဈေးကြီးတာမျိုး မသုံးပါဘူးဗျာ”

ချန်ကျန့်၏ စကားကြောင့် ရှန်ယွီမှာ ဆွံ့အသွားရလေသည်။ ခဏကြာမှ ရှန်ယွီက ထပ်မေးသည် ။

“မင်း ပုံမှန်သုံးတဲ့ လက်လိမ်းခရင်မ်က ဘယ်လောက်လဲ”

“ယွမ် တစ်ဆယ်ကို သုံးဗူးလေ”

ရှန်ယွီ မှင်သက်သွားပြီးမှ ခေါင်းညိတ်ပြသည်။

“တကယ်ကို အံ့သြစရာပဲ”

ချန်ကျန့် မရယ်ဘဲ မနေနိုင်တော့ပါဘူး။

“တကယ်ပဲ တစ်ဗူးကို သုံးယွမ်ကျော်ပဲလား”

ရှန်ယွီလည်း လိုက်ရယ်တော့သည်။

“တွက်ပုံက အဲ့ဒီလို မဟုတ်ဘူးလေ။ တစ်ဗူးဆိုရင် လေးကျပ်ခွဲ၊ သုံးဗူးယူမှ တစ်ဆယ်ပေးရတာ”

“ကဲ.... ဒါလေး သုံးကြည့်ဦး၊ ဘာထူးခြားလဲလို့”

“မင်းလည်း ဟိုတစ်နေ့က ကျွန်တော့်ဟာကို သုံးဖူးတာပဲလေ။ ဒါက မင်း ပုံမှန်သုံးနေကျဟာနဲ့ ထူးခြားလို့လား”

ချန်ကျန့်က ဆေးကို အနည်းငယ် ညှစ်ထုတ်ပြီး လိမ်းကြည့်ရင်း မေးသည်။

“ငါက ဒါမျိုးကို ပုံမှန် မသုံးပါဘူး”

ရှန်ယွီက ဆိုသည်။ ချန်ကျန့် သူ့ကို တစ်ချက်ကြည့်လိုက်သည်။

“ချန်ယွီလော့ယန့်”

ရှန်ယွီက ခေါ်လိုက်သည့်အခါ ချန်ကျန့် ပြုံးလိုက်ပြီး လက်ကို ဖြည်းဖြည်းချင်း ပွတ်နေမိသည်။

“ဘယ်လိုနေလဲ”

ရှန်ယွီ လျှောက်လာပြီး ဆိုဖာပေါ်မှာ လှဲအိပ်လိုက်သည်။

“အနံ့လေးက ကောင်းသားပဲ”

“အနံ့ကောင်းတာက ဘာထူးမှာလဲ၊ သုံးရတာကော ကောင်းရဲ့လား”

“အမှန်အတိုင်း ပြောရမလား”

ရှန်ယွီက မဲ့ကာရွဲ့ကာဖြင့် ပြန်ကြည့်သည်။

“မဆိုးပါဘူး၊ သိပ်လည်း မစေးဘူးလေ”

“မင်းကတော့ အကျင့်ဆိုးတွေ တတ်လာပြီပဲ မန်နေဂျာ”

ချန်ကျန့် ပြုံးလိုက်ပြီး ဗူးကို ပြန်ပိတ်ကာ သိမ်းလိုက်သည်။

“ကျေးဇူးပါပဲ”

“ရပါတယ်”

ချန်ကျန့် ပစ္စည်းတွေ သိမ်းဆည်းပြီး အောက်ဆင်းဖို့ ပြင်လိုက်သည်။

“ဟေး.... မန်နေဂျာ”

“ဗျာ”

“အလုပ်အကြောင်း သတင်းပို့ဦးလေ”

ရှန်ယွီက ဆိုသည်။

“အော်.... ဟုတ်သားပဲ”

ချန်ကျန့် ပန်းကန်တွေကို ပြန်ချလိုက်ပြီး ခေတ္တစဉ်းစားလိုက်သည် ။

“အရေးကြီးတဲ့ ကိစ္စတွေကနေပဲ စပြောရအောင်....”

“ဒါဆို အရေးကြီးတဲ့ ကိစ္စတွေ ရှိခဲ့တာပေါ့ ဟုတ်လား”

ရှန်ယွီက စကားဖြတ်မေးသည်။

“အတော်အသင့်တော့ အရေးကြီးပါတယ်”

“ကဲ.... ပြောပါဦး”

ချန်ကျန့် တိတ်ဆိတ်သွားသည်။ ရှန်ယွီလည်း သူ့ကို စိုက်ကြည့်နေသည်။

“မင်းရဲ့ ကိုယ်ရေးကိုယ်တာ ခရီးစဉ်ကို နှောင့်ယှက်ရလောက်အောင်တော့ မကြီးပါဘူး။ မင်း ဘာလုပ်နေလဲဆိုတာ ကျွန်တော် မသိသလို၊ မင်း စာကြည့်ဖို့ အဆင်ပြေမပြေလည်း မသေချာလို့ပါ”

“နောက်တစ်ခါကျရင်တော့ စမ်းကြည့်လိုက်ပေါ့”

ရှန်ယွီ မျက်လုံးမှိတ်လျက် ဆိုသည်။

“ဟုတ်ကဲ့”

ချန်ကျန့် ဆက်ပြောသည်။

“၁၀၂ က ကျိုးလဲ့ချန် ကျွန်တော့်ကို လာတွေ့တယ်လေ။ သူက ဖိုရမ်တစ်ခုမှာ ပို့စ်တင်ထားတာ၊ သူ ကင်ဆာနောက်ဆုံးအဆင့် ဖြစ်နေတာကို မှတ်တမ်းတင်ထားတာလေ....”

ရှန်ယွီက နားထောင်နေသည်။

“အဲ့ဒီပို့စ်က တော်တော်လေး လူကြိုက်များတယ်လေ။ သူ တည်းခိုခန်းအကြောင်း ရေးထားပေမဲ့ ဘယ်နေရာလဲဆိုတာတော့ မပြောထားဘူး။ လူအများကြီးက သိချင်နေကြတာ။ သူကတော့ သူ မသေခင်မှာ ပြောပြချင်တယ်လို့ ဆိုတယ်၊ ကျွန်တော်တို့ဘက်က သဘောတူမတူ သိချင်လို့ပါ”

“ငါတို့ သဘောမတူရင်တောင်မှ အဲ့ဒါက ပေါ်သွားမှာပဲလေ”

ရှန်ယွီက ဆိုသည်။

“မပေါ်နိုင်ပါဘူး၊ သူက လူကောင်းတစ်ယောက်ပါပဲ။ ဒီမှာ လူသေခဲ့တဲ့ အကြောင်းတောင် သူ မထည့်ရေးပါဘူး”

“သူက မပြောရင်တောင် တခြားလူတွေက ပြောကြမှာပေါ့”

“ဘယ်သူလဲဟင်”

ချန်ကျန့်မှာ အံ့သြသွားရသည်။

“ဒီမှာ လူသေခဲ့တယ်လို့ သူ့ကို ပြောပြတဲ့လူပေါ့။ အဲ့ဒီလူကပဲ ဒါက သရဲအိမ်ကြီး ဖြစ်ကြောင်းကို လိုက်ပြောမှာပေါ့”

တောက်! ချန်ကျန့် အဲ့ဒါကို လုံးဝ မစဉ်းစားမိခဲ့ပါဘူး။ ကျိုးလဲ့ချန် စတုတ္ထထပ်ကို ရောက်လာတုန်းက သူတို့ထဲက ဘယ်သူမှ ပြောပြခဲ့တာ မဟုတ်ဘူးလေ။ ဒါဆို သူ တခြားတစ်ယောက်ဆီက ကြားခဲ့တာပေါ့။

“ရွာထဲကလူက ပြောတာဆိုရင်တော့ ကိစ္စမရှိပါဘူး။ ဒါပေမဲ့ ဒီနားက တည်းခိုခန်းတွေကလူတွေသာ အဲ့ဒီပို့စ်ကို မြင်သွားရင်တော့ မလွယ်ဘူးလေ”

ရှန်ယွီက ဆက်ပြောသည်။

“ဒါကြောင့် သူ ပြောချင်ရင်လည်း ပြောပါစေပေါ့။ အနည်းဆုံးတော့ သူက ငါတို့အကြောင်း ကောင်းကောင်း ရေးပေးနေတာပဲ မဟုတ်လား”

ချန်ကျန့် ခေါင်းညိတ်ပြသည်။

“နောက်ထပ် ဘာရှိသေးလဲ”

“ဒုတိယထပ်က အမျိုးသမီးတစ်ယောက်ကတော့ လူအမိဖမ်းဖို့ လာတည်းတာလေ။ ဟိုဘက်က ဆွီယွမ် မှာ တည်းနေတဲ့ သူ့ယောကျ်ားကို မိသွားတယ်၊ ကျွန်တော်တို့လည်း လိုက်သွားပြီး ကူညီပေးခဲ့ပါတယ်၊ သူ တစ်ယောက်တည်းဆိုတော့ အသားနာမှာ စိုးလို့ပါ”

“အင်း”

“သူ မနေ့က အခန်းအပ်သွားပါပြီ.... ပြီးတော့ မီးဘေးအန္တရာယ် ကာကွယ်ရေး သင်တန်းအတွက် လူတစ်ယောက် လွှတ်ပေးပါလို့ အကြောင်းကြားစာ ရောက်လာတယ်”

ရှန်ယွီ ဘာမှ ပြန်မပြောပါဘူး။

“ကျွန်တော် အာဟူကို လွှတ်မလို့ စဉ်းစားထားတယ်။ သူ ဒီရက်ပိုင်း စိတ်မကြည်မလင် ဖြစ်နေတာဆိုတော့ တစ်ခုခု အလုပ်ပေးထားတာ ပိုကောင်းမယ် ထင်လို့ပါ”

ရှန်ယွီကတော့ တိတ်ဆိတ်နေဆဲပင်။

“ပြီးတော့ ကားမောင်းဆရာဆီက ဖုန်းလာတယ်လေ။ မနက်ဖြန် သန်ဘက်ခါကျရင် ကျွန်တော် စာမေးပွဲ သွားဖြေရတော့မယ်”

ချန်ကျန့် ရှန်ယွီကို လှမ်းကြည့်လိုက်သော်လည်း၊ ရှန်ယွီကတော့ မျက်လုံးမှိတ်ထားဆဲ ဖြစ်သလို လုံးဝ မလှုပ်မယှက် ရှိနေသည်။

“တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး.... တောင်ပေါ်တက်ပြီး ကျားဖမ်းမယ်”

ချန်ကျန့်က ဆိုလိုက်သော်လည်း ရှန်ယွီကတော့ ငြိမ်နေဆဲပင်။ အိပ်ပျော်သွားပြီလား။ ချန်ကျန့် ခဏစောင့်ကြည့်နေသော်လည်း ရှန်ယွီဆီက ဘာအသံမှ ထွက်မလာတော့ပါဘူး။ အသက်ရှူသံကတော့ မှန်မှန်လေး ရှိနေသဖြင့် အိပ်ပျော်သွားပြီမှန်း သိလိုက်ရသည်။ ပင်ပန်းနေတဲ့အပြင် ဆေးရှိန်လည်း ပါနေမှာပေါ့။

“ကျွန်တော် အောက်ဆင်းတော့မယ်နော်”

ချန်ကျန့်က ဆိုသော်လည်း အကြောင်းမပြန်ပါဘူး။ သူ အသာအယာ ထရပ်လိုက်သည်။ ပန်းကန်တွေကို သယ်ဖို့ ပြင်လိုက်ပေမဲ့ ရှန်ယွီက အင်္ကျီတစ်ထည်တည်းနဲ့ ဆိုဖာပေါ်မှာ အိပ်နေတာလေ။ ညဉ့်နက်လာရင် အအေးမိသွားနိုင်သည် မဟုတ်လား။ သူ ခေတ္တမျှ တုံ့ဆိုင်းနေပြီးမှ၊ အိပ်ခန်းထဲသို့ ခြေဖျားထောက်ကာ ဝင်သွားခဲ့သည်။

ရှန်ယွီ ရောက်လာကတည်းက သူ ဤအခန်းထဲကို တစ်ခါမှ မဝင်ဖူးခဲ့ပါဘူး။ အခုတော့ အသက်အောင့်ပြီး ခိုးဝင်နေရတာက တကယ့် သူခိုးတစ်ယောက်လို ခံစားရစေသည်။ သူ ကုတင်ပေါ်က စောင်အပါးလေး တစ်ထည်ကို အမြန်ဆွဲယူကာ ပြန်ထွက်လာခဲ့သည်။

“ရှန်ယွီ”

သူ ရှန်ယွီ၏ အနားတွင် ရပ်ပြီး ခေါ်လိုက်သော်လည်း ရှန်ယွီကတော့ မလှုပ်မယှက်ပါပဲ။ သူ တကယ် အိပ်ပျော်သွားတာပါ။ ချန်ကျန့် အသက်ကိုအောင့်ပြီး ရှန်ယွီ့အပေါ်ကို စောင်လေး အသာအယာ လွှမ်းပေးလိုက်သည်။ အိမ်ထဲကို ခိုးဝင်တဲ့ သူခိုးတောင်မှ ဒီလောက်အထိ သတိထားမှာ မဟုတ်ပါဘူး။ သူ ဘာလို့ ဒီလောက်အထိ စိုးရိမ်နေမိသလဲ သူလည်း မသိပါဘူး။ ရှန်ယွီသာ ရုတ်တရက် နိုးလာရင် တော်တော်လေး အနေရခက်မှာ စိုးလို့ ဖြစ်မှာပါ။

တော်သေးတာပေါ့၊ သူ နိုးမလာခဲ့ပါဘူး။ ရှန်ယွီ တကယ်ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတာပါ။ ချန်ကျန့် ပန်းကန်တွေကို သယ်ပြီး တံခါးဝသို့ လျှောက်သွားခဲ့သည်။ မီးမပိတ်ခင် သူ ဆိုဖာဘက်ကို နောက်ဆုံးတစ်ခေါက် လှည့်ကြည့်လိုက်မိသည်။ ရွာထဲက လမ်းသွယ်လေးမှာ ဖက်ခဲ့ကြတဲ့ ပုံရိပ်က ရုတ်တရက် ခေါင်းထဲ ပေါ်လာခဲ့သည်။

သူ အလျင်အမြန် မီးပိတ်လိုက်ရသည်။ သို့သော် ထိုဖက်ထားမှု၏ ခံစားချက်ကတော့ သူ၏ ပုခုံးနှင့် လက်မောင်းတွေပေါ်မှာ အထင်အရှား ကျန်ရစ်နေဆဲ ဖြစ်သည်။ သူ သက်ပြင်းအရှည်ကြီး ချလိုက်မိသည်။

“ဆူခံရလို့လား”

အနားက ထွက်လာတဲ့ အသံကြောင့် ချန်ကျန့်မှာ လန့်သွားပြီး လက်ထဲက ပန်းကန်တွေတောင် လွတ်ကျတော့မတတ် ဖြစ်သွားရသည်။ လှည့်ကြည့်လိုက်တော့ အာဟူ ဖြစ်နေလေသည်။

“မဟုတ်ပါဘူး”

ချန်ကျန့် အောက်ထပ်သို့ အမြန် ဆင်းလာခဲ့သည်။ အာဟူကလည်း နောက်က လိုက်လာသည်။

“ဘော့စ် ဒဏ်ရာရလာတယ်လို့ ဆန်းပင်းပြောတာနဲ့ လာမေးမလို့လေ”

“မနက်ဖြန်မှပဲ မေးတော့၊ သူ အိပ်ပျော်သွားပြီ”

“အော်.... ဒါနဲ့ သူ တကယ် မင်းကို မဆူဘူးလား”

“ဘာလို့ ဆူရမှာလဲ”

“မင်းမျက်နှာက ဒေါသထွက်ပြီး နီမြန်းနေလို့လေ”

အာဟူ၏ စကားကြောင့် ချန်ကျန့်စိတ်ထဲ…

နောက်တစ်ခွန်းသာ ထပ်ပြောကြည့်စမ်းပါ၊ မင်းကို ငါ အခုချက်ချင်း ပါးရိုက်ပစ်မယ်

_____________________________________________________________
_________


TN // အဲ့ဒါကြောင့် လူကြီးတွေ ဆုံးမတာ။ လူပေါင်း မမှားစေနဲ့ဆိုတာ…အခုဆို ရွှေရင်အေးလေးတောင် လူကို ရိုက်မယ် နှပ်မယ်ချည်း ဖြစ်နေပြီ၊ ဘယ်သူ့ကြောင့်လဲ ။ ဒါဘယ်သူ့ အကျင့် တွေလဲ !!!




Comments

  1. သူ့လူကြီး အကျင့်တွေကူးပြီး ရန်ဖြစ်တတ်လာပြီ

    ReplyDelete

Post a Comment

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

2

အခန်း (၂) မိုးမှာ တဖွဲဖွဲတစ်လှည့်၊ သည်းထန်စွာတစ်လှည့် ဆက်လက်ရွာသွန်းနေဆဲ…ဆိုင်တံခါးအပြင်ဘက်ရှိ မိုးကာအမိုးပေါ်တွင် ရေများပြည့်လျှံနေပြီး အချိန်မရွေး ပြိုကျတော့မည့်အလား ။ လျူဝူသည် ထိုအမိုးကို ခေတ္တမျှ စောင့်ကြည့်နေပြီးနောက် လက်ညှိုးထိုးပြကာ မေးမြန်းစူးစမ်းခန်းစသည်။ “အဲ့ဒီဟာက ရေတွေကို အလိုအလျောက် စီးဆင်းအောင် လုပ်ပေးနိုင်တာလား” “ဟုတ်တယ်” ချန်ကျန် ခပ်တိုတိုပဲ ပြန်ဖြေ၏။ “ဟင်” လျူဝူသည် အံ့အားသင့်သွားပြီး “တကယ်ကြီး အလိုအလျောက်လား” ဟု ထပ်မေးသည်။ “အသံနဲ့ ခိုင်းရတာလေ” “ဗျာ” ချန်ကျန့် အဖြေကြောင့် လျူဝူမှာ ပို၍ပင် ဝေခွဲမရဖြစ်သွားတော့သည်။ ရှန်ယွီသည် သက်ပြင်းချရင်း မျက်နှာကို အခြားတစ်ဖက်သို့ လွှဲလိုက်ရ‌တော့၏။ ချန်ကျန် မတ်တတ်ရပ်လိုက်ပြီး တံခါးဘေးရှိ ခွတစ်ခုကို ယူကာ မိုးကာအမိုးအောက်သို့ လမ်းလျှောက်သွားသည်။ ထို့နောက် အမိုး၏ အပေါ်ဘက်ကို နှစ်ချက်ခန့် ဆွလိုက်ရာ စုပုံနေသော မိုးရေများမှာ ဝေါကနဲ စီးကျသွားပြီး မိုးကာအမိုးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ “မင်း ပြောလိုက်တဲ့ ခဏမှာပဲ ရေတွေက စီးဆင်းသွားတာလေ” ချန်ကျန် ပြန်လည်ထိုင်လိုက်ရင်း “အသံနဲ့ ခိုင်းရတာဆိုတာ အဲ့ဒါကို ပြောတာ” ဟု ဆိုသည်။ “အသံနဲ့ ခိုင်းရတယ်ဆို...