Skip to main content

5







အခန်း (၅) ပန်းလေးတွေက တကယ်လှတာပဲ

တစ်ရက်ပြီးတစ်ရက် မြန်မြန်ဆန်ဆန်ကုန်လွန်သွားပြီးနောက်…

ယွီနျန့်တစ်ယောက် အဲဒီနေ့က သူ တုံ့ပြန်လိုက်တဲ့ အမူအရာကြောင့်လား။ ဒါမှမဟုတ် မုန့်ယွမ်ကပဲ ကွယ်ရာမှာ တစ်ခုခု ပြောထားလို့လားတော့ မသိပါဘူး။ အဲဒီနေ့ နောက်ပိုင်းမှာတော့ ဘယ်သူမှ သူ့လမ်းကို လာမပိတ်ကြတော့ပါဘူး။ ဒါပေမဲ့ တစ်ဖက်မှာလည်း သူဟာ သူငယ်ချင်းအသစ် တစ်ယောက်မှ မရခဲ့ပါဘူး။ တစ်ခါတလေ ဘေးက လေ့ကျင့်ရေးခန်းကို သုံးတဲ့သူတွေနဲ့ တိုးမိရင်တောင် သူတို့က ယွီနျန့်ကို တစ်ချက်လှမ်းကြည့်ပြီး အလောတကြီးပဲ ထွက်သွားကြလေ့ရှိသည်။

အန်းချန်က အဖြူရောင်သုတ်ပုဝါတစ်ထည်ကို ယွီနျန့်ဆီ လှမ်းပစ်ပေးလိုက်ပြီး တံခါးဘောင်ကို မှီရပ်ကာ အအေးဘူးကို ဖွင့်သောက်လိုက်၏။ ပြီးနောက် လမ်းထောင့်မှာ ပျောက်ကွယ်သွားတော့မယ့် လူတစ်ယောက်ကို လက်ညှိုးထိုးပြရင်း

"မင်း စိတ်မကောင်းဖြစ်နေတာလား ကြည့်ရတာတော့ မင်းကို ဝိုင်းပြီး ဖယ်ကြဉ်ထားကြတာ သိသာနေတာပဲ "

ယွီနျန့်က သုတ်ပုဝါကို လှမ်းယူပြီး လည်ပင်းက ချွေးတွေကို သုတ်လိုက်သည်။ အန်းချန်ရဲ့ မေးခွန်းကို ကြားတော့ သူက ခေါင်းခါပြကာ ပြုံးလျက်

"ကျွန်တော် ဘာကို လိုချင်တာလဲ၊ ပြီးတော့ အခုအချိန်မှာ ဘာလုပ်သင့်သလဲဆိုတာကို ကျွန်တော် ကောင်းကောင်း သိထားပါတယ်ခင်ဗျာ။"

အန်းချန်က ကိုယ်ကို မတ်မတ်ရပ်လိုက်ပြီး

"မင်းက တော်တော်လေးကို အတွေး ရှင်းလင်းတာပဲ"

အန်းချန်က ရှင်းယောင် မှာ အကနည်းပြအဖြစ် လုပ်သက် ခုနစ်နှစ်၊ ရှစ်နှစ်ရှိနေပြီဖြစ်ပြီး အနုပညာရှင်ပေါင်းများစွာကို သင်ကြားပေးခဲ့ဖူးသူပါ။ နာမည်ကြီးသွားတဲ့သူတွေရော၊ ပျောက်ကွယ်သွားတဲ့သူတွေရော အစုံတွေ့ခဲ့ဖူးပေမဲ့ ယွီနျန့်ရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှုကတော့ တကယ့်ကို ထိပ်တန်းအဆင့်မှာ ရှိနေတယ်လို့ သူ ဝန်ခံရပါလိမ့်မည်။

သူက လက်ကိုဆန့်ပြီး ယွီနျန့်ရဲ့ ပုခုံးကို ပုတ်ပေးလိုက်သည်။

"လူတစ်ယောက်ချင်းစီက မတူကြဘူးလေ။ အလုပ်လုပ်ပုံချင်းလည်း ကွဲပြားကြတာပဲ။ အဲဒါကြောင့် ဒီလို အရေးမပါတဲ့ ကိစ္စတွေမှာ မင်းရဲ့ အချိန်နဲ့ စွမ်းအင်တွေကို အကုန်မခံနေနဲ့။ သင်ခန်းစာတွေကို သေချာလေ့လာ၊ ကကွက်တွေကို ကြိုးစားကျင့်၊ အချိန်တန်ရင် မင်း ကောင်းကင်ပေါ်ကို ပျံတက်သွားနိုင်လိမ့်မယ်။"

အန်းချန်က သူ့မျက်လုံးထောင့်ကို လက်ညှိုးနဲ့ ထောက်ပြရင်း အခိုင်အမာ ပြောလာသည်က

"မင်းရဲ့ ဆရာအန်းရဲ့ အမြင်ကတော့ တကယ့်ကို အမှားအယွင်း မရှိစေရဘူး။" ဟူ၍။

ယွီနျန့်က အနည်းငယ်စိုစွတ်နေသည့် အဖြူရောင်သုတ်ပုဝါကို ဆုပ်ကိုင်ထားရင်း မျက်ဝန်းထဲမှာ အပြုံးရိပ်လေးတွေနဲ့ ပြန်တုံ့ပြန်လိုက်သည်။

"ဒါဆိုရင်တော့ ဆရာ့ရဲ့ မင်္ဂလာရှိတဲ့ စကားအတိုင်း ဖြစ်ပါစေလို့ပဲ ဆုတောင်းရတော့မှာပေါ့"

မွန်းလွဲပိုင်း အတန်းပြီးတဲ့အခါမှာတော့ ရှီးရို ဝင်လာပြီး မုန့်ယွမ်က ယွီနျန့်ကို ရုံးခန်းဆီ လာခဲ့ဖို့ ပြောထားကြောင်း အသိပေးလာသည်။

"အစည်းအဝေးအသေးစားလေး လုပ်မလို့ ထင်တယ်။ အစ်ကိုမုန့်က ဟိုတယ်ကနေ နေ့လယ်စာအတွက် ပါဆယ် တောင် မှာထားပြီးပြီ"

ယွီနျန့်က ခေါင်းညိတ်ပြရင်း လက်ထဲမှာ သောက်လို့မကုန်သေးသည့် အအေးဘူးကို ကိုင်ကာ ၄၂ ထပ်က မုန့်ယွမ်ရဲ့ ရုံးခန်းဆီ ဓာတ်လှေကားနဲ့ တက်လာခဲ့သည်။

ရုံးခန်းတံခါး ပွင့်သွားတာနဲ့ စားစရာနံ့တွေက သူ့နှာခေါင်းထဲကို အရှိန်အဟုန်နဲ့ တိုးဝင်လာလျက်။ ယွီနျန့်လည်း အားနာမနေတော့ဘဲ နှုတ်ဆက်စကားပြောပြီးနောက် ထိုင်ကာ စားသောက်ပါတော့၏။ တစ်မနက်လုံး လေ့ကျင့်ထားရတာမို့ သူ တကယ်ပဲ ဗိုက်ဆာနေတာပါ။

မုန့်ယွမ်ကတော့ ယွီနျန့်က သူ့အပေါ် အားမနာဘဲ ရင်းရင်းနှီးနှီး ရှိတာကို ကျေနပ်နေပုံရ၏။ သူက လက်ထဲက ဖုန်းကို လှည့်ကစားရင်း တိုက်ရိုက်ပဲ အဓိကအချက်ကို ပြောလိုက်သည်။

"ဒီနေ့ ငါ အဓိကပြောချင်တာက မင်းရဲ့ ပြင်ပပုံရိပ်အကြောင်းပဲ။"

ယွီနျန့်က စကားပြောတဲ့အခါ သူ့ရဲ့ အကျင့်အတိုင်း တူကို ခေတ္တချလိုက်ပြီး "ဆုံးဖြတ်ပြီးသွားပြီလားဟင်" လို့ မေးလိုက်သည်။ လွန်ခဲ့သည့် နှစ်ရက်လောက်က မုန့်ယွမ်ဟာ သူ့ရဲ့ ပုံရိပ်ဖော်ဆောင်ရေးအတွက် အစီအစဉ်ဆွဲနေတယ်လို့ ပြောဖူးတာကို သူ မှတ်မိနေခြင်း။

"ဟုတ်တယ်"

မုန့်ယွမ်က ယွီနျန့်ကို အထက်အောက် အကဲခတ်ကြည့်လိုက်သည်။ ကကွက်တွေကို ရက်သတ္တပတ် နှစ်ပတ်ကျော်လောက် လေ့ကျင့်ပြီးတဲ့နောက်မှာတော့ လူအများရဲ့ အာရုံစိုက်မှုကို အကြိမ်ကြိမ် ရရှိခဲ့သည့် ယွီနျန့်ရဲ့ ခန္ဓာကိုယ်အချိုးအစားက အရင်ကထက်တောင် ပိုပြီး မျက်စိကျစရာ ကောင်းနေပြီ။ သူက ဝါဂွမ်းသား အဖြူရောင် တီရှပ်အစစ်ကို ဝတ်ထားတာက... ကြည့်ရတာ နောက်တစ်စက္ကန့်မှာပဲ မီးရောင်တွေရှေ့မှာ ရပ်ပြီး ဓာတ်ပုံအရိုက်ခံတော့မယ့် ပုံစံမျိုးနှင်‌ပေါ့။

မုန့်ယွမ်က ပေါ့ပေါ့ပါးပါးပဲ မေးလိုက်သည်။

"မင်းဝတ်ထားတဲ့ တီရှပ်က ဘယ်လောက်ပေးရလဲ"

ယွီနျန့်က သူ့အင်္ကျီကို ဆွဲပြရင်း

"ဒါလားဟင် တစ်ထည်ကို ၁၉ ယွမ်နဲ့ ဝယ်ထားတာပါ။ အထူးဈေးလျှော့ပေးတုန်းက တစ်ဒါဇင်လောက် ဝယ်ထားလိုက်တာ"

မုန့်ယွမ် : "....."

အရင်တစ်ခါ ယွီနျန့်က လစာကြိုထုတ်ပေးဖို့ တောင်းတုန်းက သူ ငွေကြေးမပြည့်စုံဘူးဆိုတာ မုန့်ယွမ် သိထားပေမဲ့... ဒီလောက်အထိ အခြေအနေဆိုးနေလိမ့်မယ်လို့တော့ မထင်ထားခဲ့မိပါဘူး။

လက်ထဲက ဖုန်းထောင့်လေးနဲ့ စားပွဲခုံကို ခေါက်ရင်း မုန့်ယွမ်တစ်ယောက် ယွီနျန့်အတွက် သူသတ်မှတ်ထားသည့် ပုံရိပ် (Character Design) က မှန်ကန်ရဲ့လားဆိုတာ စတင်သံသယဝင်လာရသည်။ ဒါပေမဲ့ ယွီနျန့်ရဲ့ ရုပ်ရည်နဲ့ အရှိန်အဝါကို ဒုတိယအကြိမ် ပြန်အကဲခတ်ကြည့်ပြီးတဲ့နောက်မှာတော့ သူ မတွေဝေတော့ပါဘူး

"ငါတို့ မင်းကို ပြင်ပလောကဆီ 'မြင်သူတိုင်း ငေးရမယ့် မြင့်မြတ်တဲ့မင်းသားလေး'ပုံစံမျိုးနဲ့ မိတ်ဆက်ပေးဖို့ ဆုံးဖြတ်လိုက်ပြီ။"

ယွီနျန့်က အလေးအနက် နားထောင်နေ၏။

"ဒီနောက်ပိုင်း နှစ်တွေမှာ ဒီလိုပုံစံမျိုးနဲ့ ထွက်လာတဲ့သူတွေ ရှိပေမဲ့ ဘယ်သူမှ မအောင်မြင်ခဲ့ကြဘူး။ ငါ့အမြင်မှာတော့ 'မြင့်မြတ်တဲ့မင်းသားလေး' ဆိုတဲ့ ပုံရိပ်ကိုသာ ပီပြင်အောင် ဖော်ဆောင်နိုင်ရင် တကယ်ကို အကျိုးရှိလိမ့်မယ်။ ပရိသတ်ဆွဲဆောင်နိုင်မှုရော၊ နောင်တစ်ချိန်မှာ ရလာမယ့် ကုန်ပစ္စည်းကြော်ငြာ တွေရဲ့ အဆင့်အတန်းကပါ တခြားသူတွေနဲ့ သိသိသာသာ ကွာခြားသွားလိမ့်မယ်"

မုန့်ယွမ်က ယွီနျန့် စားပုံသောက်ပုံလေးတွေရဲ့ အသေးစိတ်အချက်အလက်တွေကို စေ့စေ့စပ်စပ် စိုက်ကြည့်နေပြီး ကြည့်လေလေ ပိုပြီး ယုံကြည်မှုရှိလာလေပါပဲ။

"ဒါက မင်းရဲ့ လက်ရှိအခြေအနေကို ကြည့်ပြီး ငါဆုံးဖြတ်လိုက်တာ။ မင်း ဒါကို အကောင်းဆုံး လုပ်နိုင်မှာပါ၊ ဒီပုံရိပ်က သေချာပေါက် အောင်မြင်လိမ့်မယ်!"

ယွီနျန့်က လက်ထဲက ဇွန်းကို ချလိုက်တဲ့အခါ ဇွန်းလက်ကိုင်က ပန်းကန်အနားသတ်နဲ့ ထိသွားပေမဲ့ ဘာအသံမှ ထွက်မလာပါဘူး။ သူက ခေါင်းညိတ်ပြရင်း

"အစ်ကိုမုန့်ရဲ့ ဆုံးဖြတ်ချက်ကို ကျွန်တော် ယုံကြည်ပါတယ်။ ဒါဆို နောက်ပိုင်း ကျွန်တော် ဘာတွေလုပ်ဖို့ လိုအပ်မလဲဟင်"

မုန့်ယွမ်က လက်ကာပြလိုက်ပြီး

"မင်း အခုနေထိုင်တဲ့အတိုင်းပဲ ဆက်နေပေး၊ အဲဒါဆိုရင်တင် လူတွေကို လှည့်စားဖို့ လုံလောက်နေပြီ။"

သူက သက်ပြင်းချလိုက်ပြီး

"မင်း အခုဝတ်ထားတဲ့ တီရှပ်ကိုပဲ ကြည့်ဦး၊ ဘယ်သူကြည့်ကြည့် အနည်းဆုံး ၉၉၉ ယွမ်တန်တယ်လို့ပဲ ထင်ကြမှာ"

ယွီနျန့်ရဲ့ မျက်ဝန်းတွေထဲမှာ အပြုံးရိပ်တွေ ဖြတ်ပြေးသွားပြီး

"အဲဒီတုန်းက ကျွန်တော် တစ်ဒါဇင်ဝယ်လိုက်တော့ ဆိုင်ရှင်က ဈေးလျှော့ပေးလိုက်တာပါ။ တွက်ကြည့်လိုက်ရင် တစ်ထည်ကို ၁၆ ယွမ်ပဲ ကျပါတယ်။ ၉၉၉ ယွမ်ဆိုရင်တော့ ကျွန်တော် တီရှပ်အထည်ပေါင်း ခြောက်ဆယ်ကျော်တောင် ဝယ်လို့ရတယ်"

အဲဒီအချိန်မှာပဲ မုန့်ယွမ်တစ်ယောက် 'ဒီလူဟာ ဒီပုံရိပ်နဲ့ တကယ်ပဲ ကိုက်ညီရဲ့လား' ဆိုတာကို ဒုတိယအကြိမ် ထပ်ပြီး သံသယဝင်သွားရပြန်သည်။ ၁၆ ယွမ်တန် တီရှပ်ဝတ်တဲ့ မြင့်မြတ်တဲ့မင်းသားလေးဆိုတာ ဘယ်မှာရှိလို့လဲ။

လမ်းကြောင်းကလည်းသတ်မှတ်ပြီးသွားပြီဖြစ်တာကြောင့် ဦးတည်ချက်က ရှင်းလင်းသွားပါပြီ။ ‘သဘာဝတရား၏ အသံ’ ရိုက်ကူးရေးကလည်း စတင်ဖို့ နီးကပ်လာပြီ။ မုန့်ယွမ်က သူ့အဖွဲ့ကိုစုပြီး ယွီနျန့်ကို ဘယ်လိုပုံစံနဲ့ ပွဲထုတ်မလဲဆိုတာ အသေအချာ စီစဉ်ပါတော့သည်။ တစ်ဖက်မှာတော့ ယွီနျန့်က ဘာမှထူးထူးခြားခြား လုပ်စရာမရှိတာကြောင့် အရင်အတိုင်းပဲ အချိန်ဇယားအတိုင်း နေ့တိုင်း ပုံမှန်အတန်းတက်နေခဲ့လျက်…

မကြာခင်မှာပဲ ဩဂုတ်လကို ရောက်ရှိလာပါတော့သည်။

ယွီနျန့်က ချိန်းဆိုထားတဲ့အချိန်မှာ စတူဒီယိုအဝင်ဝကို ရောက်လာခဲ့ပြီး ဟဲချိုးပိုင်ရဲ့ လက်ထောက်က သူ့ကို အထဲသို့ ခေါ်ဆောင်သွားသည်။ ဟဲချိုးပိုင်ကတော့ နွမ်းဖတ်နေသည့် အကွက်စိတ်အင်္ကျီကို ဝတ်ထားပြီး လက်ထဲမှာ ရေသန့်ဘူးတစ်ဘူးကို ကိုင်ထား၏။ ယွီနျန့်နဲ့ မုန့်ယွမ်တို့ လျှောက်လာတာကို မြင်တော့ သူက ဘေးကလူတွေကို စကားအနည်းငယ်မှာကြားလိုက်ပြီးနောက်

သူတို့သုံးယောက် စင်နောက်ဘက်က နားနေခန်းထဲကိုဝင်ပြီး တံခါးပိတ်လိုက်ကြသည်။ ဆူညံသံတွေ ပြတ်တောက်သွားပြီးတဲ့နောက် အခန်းထဲမှာ တိတ်ဆိတ်သွားပါတော့၏။

ဟဲချိုးပိုင်က သူ့ရဲ့ပုံရိပ်ကို ဂရုမစိုက်နိုင်တော့ဘဲ ဆိုဖာပေါ်မှာ ပစ်ထိုင်လိုက်ပြီး။ သူ့အသံကလည်း ဝင်နေပြီး

"ငါ သောက်ကျိုးနည်း သုံးရက်တောင်ရှိပြီ၊ အိပ်ရေးမဝဘူး။ တွေ့တဲ့လူတိုင်းကို လိုက်ဆဲချင်နေတာ!"

မုန့်ယွမ်က ယွီနျန့်ကို ဆိုဖာဆီ ခေါ်သွားရင်း မျက်ခုံးပင့်ကာ စနောက်လိုက်သည်။

"ဒီလောက်တောင် စိတ်တိုနေရတာလား လာ... ဒီအဖေကြီးကို အကုန်ပြောပြစမ်းပါဦး"

ဟဲချိုးပိုင်က ဘေးက စာရွက်ပုံနဲ့ မုန့်ယွမ်ကို လှမ်းပေါက်ပြီး ပြုံးလျက် ဆဲဆိုလိုက်သည်။

"ရူးမနေနဲ့စမ်းပါ၊ ငါ့အဖေ လုပ်ချင်တယ်ပေါ့... မင်း အသက်မရှည်မှာ မကြောက်ဘူးလား"

မုန့်ယွမ်ကို ဆဲလိုက်ပြီးတဲ့နောက် သူ တော်တော်လေး စိတ်ပေါ့ပါးသွားပုံရသည်။ သူက ကိုယ်ကို မတ်မတ်ထိုင်လိုက်ပြီး ယွီနျန့်ကို ပြုံးလျက် ကြည့်လျက်။ ခဏကြာတော့

"'သဘာဝတရား၏ အသံ' အကြောင်း မင်း ဘယ်လောက်အထိ သိထားလဲ" ဟု မေးလာသည်။

ယွီနျန့်က ချက်ချင်းပဲ ပြန်ဖြေလိုက်သည်။

"စုစုပေါင်း ၈ ပတ် ရိုက်ကူးမှာပါ။ ပထမ ၇ ပတ်က လူရွေးထုတ်တဲ့ပွဲတွေဖြစ်ပြီး နောက်ဆုံးတစ်ပတ်ကတော့ ဗိုလ်လုပွဲအဆင့်ထိ ကျန်ခဲ့တဲ့သူတွေ အဆင့်သတ်မှတ်ဖို့ ပြိုင်ရမှာပါ။ ပထမအဆင့်မှာ ပြိုင်ပွဲဝင် ၅ ယောက် စင်ပေါ်တက်ရမယ်။ ပရိသတ်နဲ့ ဒိုင်လူကြီးတွေဆီက အမှတ်အနည်းဆုံးရတဲ့သူက ပြိုင်ပွဲက ထွက်ရမှာပါ။ ကျန်တဲ့ ၄ ယောက်ကတော့ လူသစ်တွေနဲ့အတူ နောက်တစ်ဆင့်ကို တက်ရမှာဖြစ်ပြီး ဒီပုံစံအတိုင်းပဲ ဆက်သွားမှာပါ"

ဟဲချိုးပိုင်က လက်ထဲက ရေသန့်ဘူးကို ဖွင့်ပြီး တစ်ငုံသောက်ပြီး

"အင်း... 'သဘာဝတရား၏ အသံ' ရဲ့ ထူးခြားချက်က ပြိုင်ပွဲဝင်တွေအားလုံးဟာ အနုပညာလောကထဲ ရောက်တာ သိပ်မကြာသေးတဲ့ အဆိုတော်တွေ၊ ဒါမှမဟုတ် မင်းလိုမျိုး လုံးဝလူသစ်တွေ ဖြစ်နေတာပဲ။ ဒါက ပရိသတ်အတွက် အရမ်း လတ်ဆတ်နေစေတယ်။ ဒုတိယအချက်က အဆင့်တိုင်းမှာ တစ်ယောက်ကို ဖယ်ထုတ်တာ။ အပြောင်းအလဲက အရမ်းမြန်ပြီး မျက်နှာသစ်တွေ အမြဲရှိနေတတ်တယ်။ ဒါပေမဲ့ အစကတည်းက အဆုံးထိ ကျန်နေနိုင်တဲ့သူတွေကတော့ ပရိသတ်တွေရဲ့ ရင်ထဲမှာ သေချာပေါက် စွဲကျန်ရစ်ခဲ့လိမ့်မယ်"

သူက တစ်ဝက်ပဲ ကျန်တော့တဲ့ ရေသန့်ဘူးကို စားပွဲပေါ်တင်လိုက်ပြီး ယွီနျန့်ကို စိုက်ကြည့်ကာ

"မင်းရော အဆုံးထိ ကျန်နေနိုင်မယ်လို့ ယုံကြည်မှုရှိရဲ့လား"

ယွီနျန့်က နှိမ့်ချမနေပါဘူး။ သူ့ရဲ့ အမူအရာက ခိုင်မာနေပြီး မျက်ဝန်းတွေထဲမှာလည်း အလင်းရောင်တွေ ပြည့်နှက်နေသလိုပါပဲ။

"ရှိပါတယ်ခင်ဗျာ။"

ဟဲချိုးပိုင်က လက်နှစ်ဖက်ကို ပွတ်လိုက်ရင်း ရယ်မောကာ

"ကောင်းပြီလေ! ရည်မှန်းချက်ကြီးတာ တကယ်ကောင်းတယ်။ ငါနဲ့ မုန့်ယွမ် လူရွေးမမှားဘူးဆိုတာ သေချာသွားပြီ!"

တရားဝင် ရိုက်ကူးရေးကတော့ နောက်နေ့မှ စတင်မှာပါ။ စတူဒီယိုပတ်ဝန်းကျင်ကို လေ့လာရင်း ရင်းနှီးအောင် လုပ်ပြီးတဲ့နောက် မုန့်ယွမ်က ယွီနျန့် စိတ်လှုပ်ရှားနေမှာစိုးတာကြောင့် အပြင်မှာ ထမင်းသွားစားဖို့ ဖိတ်လိုက်သည်။

ကားလေးက မြို့အနောက်ဘက်ဆီ ဦးတည်မောင်းနှင်လာခဲ့ပြီး ကောင်းကင်ယံကလည်း တဖြည်းဖြည်း မှောင်ရီပျိုးလာပြီ။ ကျဉ်းမြောင်းသည့် ကျောက်ခင်းလမ်းလေးအတိုင်း မောင်းလာတဲ့အခါ လမ်းဘေးဝဲယာက လမ်းမီးတိုင်လေးတွေက ဝေဝေဝါးဝါး လင်းထိန်နေပြီး မုန့်ယွမ်ကလည်း ကားအရှိန်ကို လျှော့လိုက်သည်။

ယွီနျန့်က ကားပြတင်းပေါက်ကနေ အပြင်ကို ငေးကြည့်နေတာကို မြင်တော့ မုန့်ယွမ်ကလည်း သူ့အကြည့်အတိုင်း လိုက်ကြည့်ရင်း

"မင်း ဒီဘက်ကို ခဏခဏ မရောက်ဖူးဘူးမလား အခု ငါတို့က 'ချင်းရှီး' လမ်းပေါ်မှာ။ ခုနကတင် 'စစ်နဥ်စံအိမ်' ဆိုတဲ့ စံအိမ်ဟောင်းကြီးကို ကျော်လာခဲ့တာ။ အခုထိ အဲဒီမှာ လူတွေ နေနေကြတုန်းပဲထင်တယ်။ အိမ်ရှင်ကတော့"

"ချင်းရှန်းက ယွီမျိုးနွယ်စု လို့ ကြားဖူးတယ်မလား"

"အေး... ဟုတ်တယ်၊ အဲဒါပဲ။ တကယ်ကို တိုက်ဆိုင်တာပဲနော်၊ သူတို့က မင်းနဲ့ မျိုးရိုးနာမည်ချင်း တူနေတာပဲ။"

မုန့်ယွမ်က ရှေ့က မှောင်နေသည့် လမ်းကို သေသေချာချာ ကြည့်ရင်း မှတ်ချက်ပေးလိုက်၏။

"ဒီနေရာက တိတ်ဆိတ်ပြီး ကားလည်း ရှင်းတယ်။ ဒါပေမဲ့ မြို့ထဲသွားဖို့ဆိုရင်တော့ တစ်နာရီလောက် မောင်းရတာမို့ တော်တော်လေးတော့ ပင်ပန်းရလိမ့်မယ်။"

"ဟုတ်တယ်၊ တကယ်ကို သွားရလာရ အဆင်မပြေဘူး။"

ယွီနျန့်က စိတ်ထဲကနေ ထပ်ဖြည့်တွေးလိုက်မိတာက... တကယ်လို့ လူသွားလူလာများတဲ့ အချိန်မျိုးမှာ ယာဉ်ကြောပိတ်ဆို့မှုသာ ရှိနေရင် လမ်းပေါ်မှာ နှစ်နာရီနီးပါး အချိန်ကုန်မှာဖြစ်လို့ အပြင်သွားမယ်ဆိုရင် စောစောထ ပြင်ဆင်ရမှာပါ။

လမ်းက တဖြည်းဖြည်း ပိုကျဉ်းလာပြီး မိနစ်အနည်းငယ် ကြာတဲ့အခါမှာတော့ မုန့်ယွမ်က ကားကို ရပ်လိုက်၏။

"ရောက်ပြီ။ ဒီနေ့တော့ မင်းရဲ့ အစ်ကိုမုန့်က မင်းကို အားရှိသွားအောင် သီးသန့်စားသောက်ဆိုင်လေးမှာ ထမင်းကျွေးပြီး အားပေးမယ်!"

ယွီနျန့် ကားပေါ်ကဆင်းပြီး အပြာရောင်ကျောက်ပြားခင်းထားတဲ့ ကြမ်းပြင်ပေါ်မှာ ရပ်ကာ ခြေလက်တွေကို ဆန့်ထုတ်ရင်း ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။ မုန့်ယွမ်ပြောသည့် စားသောက်ဆိုင်က ရှေးဟောင်းအိမ်ကို ပြန်လည်ပြင်ဆင်ထားပုံမျိုး။ ဂိတ်တံခါးကနေ ဝင်လိုက်တာနဲ့ အခုံးပုံစံ တံတားလေးတစ်ခုရှိပြီး ရေပြင်ပေါ်မှာ ကြာပန်းလေးအချို့ ပေါလောပေါ်နေကြ၏။

မုန့်ယွမ်က ရှေ့ကနေ ဦးဆောင်လမ်းပြရင်း

"ဒီဆိုင်က ဟင်းတွေက အရသာ တော်တော်ကောင်းတာ။ ဒါပေမဲ့ မြို့နဲ့ အရမ်းဝေးတော့ ရှာရခက်တယ်၊ ကြော်ငြာလည်း မရှိတော့ စားဖူးတဲ့သူတွေ တစ်ဆင့်စကားတစ်ဆင့် နားထောင်ပြီး လာကြရတာပဲ"

အထဲကို ပိုဝင်လေလေ၊ ပန်းပင်နဲ့ သစ်ပင်တွေက ပိုပြီး ဝေဝေဆာဆာ ရှိလာလေပါပဲ။ လမ်းကျဉ်းလေးက အကွေ့တစ်ခုအရောက်မှာ ယွီနျန့်က ခေါင်းလေးငုံ့ပြီး နှင်းဆီချုံတစ်ခုဘေးကနေ ဖြတ်အသွား... သူ့ရဲ့နောက်ကျောဘက်ကနေ တစ်စုံတစ်ယောက်က စိုက်ကြည့်နေသလို ခံစားလိုက်ရသည်။ သူ ခြေလှမ်းတန့်ပြီး လှည့်ကြည့်လိုက်တဲ့အခါ မလှမ်းမကမ်းမှာ ရပ်နေပြီး သူ့ကို အသေအချာ စိုက်ကြည့်နေတဲ့ ရှဲ့ယို့ ကို တွေ့လိုက်ရပါတော့၏။

ယွီနျန့်က မသိစိတ်ကနေ ပြုံးလိုက်မိပြီး "ရှဲ့ယို့" လို့ ခေါ်လိုက်မိသည်။

ရှဲ့ယို့က တစ်ခုခုကို ဝေခွဲမရဖြစ်နေသလိုမျိုး စက္ကန့်အနည်းငယ်လောက် ထပ်ရပ်နေ ပြီးမှ သူ့ရဲ့ ခြေတံရှည်ကြီးတွေနဲ့ ယွီနျန့်ဆီ လျှောက်လာပြီး နှုတ်ခမ်းကို တင်းတင်းစေ့ကာ အသံတိုးတိုးနဲ့ ပြောလိုက်သည်။

"မလှုပ်နဲ့။"

ယွီနျန့် လှုပ်ရှားမှုတွေကို ရပ်လိုက်ပြီး သူ့ကို မော့ကြည့်နေမိ၏။

ရှဲ့ယို့က လက်ကို မြှောက်လိုက်ပြီး ယွီနျန့်ရဲ့ ဆံပင်ကြားမှာ ကပ်နေသော ပန်းရောင်ဖျော့ဖျော့ ပွင့်ဖတ်လေး နှစ်ခုကို ဖယ်ပေးလိုက်သည်။ သူ့လက်ချောင်းလေးတွေကြားမှာ မသိမသာ ပွတ်သပ်မိသွားတော့ ဆံပင်လေးတွေက တကယ်ကို နူးညံ့တာပဲ လို့လည်း သူ တွေးလိုက်မိသည်။

ယွီနျန့်က ရှဲ့ယို့ရဲ့ လက်ချောင်းကြားက ပန်းပွင့်ဖတ်လေးတွေကို မြင်တော့ ပြုံးလိုက်ပြီး "ကျေးဇူးတင်ပါတယ်" ဟူ၍ ပြောပြီးမှ ဆက်မေးလိုက်သည်။

"ရှဲ့ယို့လည်း ဒီကို ထမင်းစားလာတာလား"

ရှဲ့ယို့က ပန်းပွင့်ဖတ်လေးတွေကို ဆုပ်ကိုင်ထားရင်း လက်ကို ဘောင်းဘီအိတ်ထဲ ထည့်လိုက်ပြီး

"အင်း... သူငယ်ချင်းတွေနဲ့" လို့ ပြန်ဖြေသည်။

"ကျွန်တော်လည်း အတူတူပဲ၊ အေးဂျင့်နဲ့ ထမင်းလာစားတာ။"

ယွီနျန့်က နောက်ကို ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီး တက်ကြွတဲ့လေသံနဲ့

"ဒါဆို ကျွန်တော် မနှောင့်ယှက်တော့ဘူးနော်။ ရှဲ့ယို့နဲ့ ရှဲ့ယို့သူငယ်ချင်းတွေ ပျော်ပျော်ရွှင်ရွှင် စားသောက်နိုင်ကြပါစေ"

ရှဲ့ယို့က ယွီနျန့်ကို ငုံ့ကြည့်ပြီး တိုးတိုးလေး ပြန်ဖြေသည်။

"ကောင်းပါပြီ"

ယွီနျန့်က တစ်ဖက်လူဟာ ရုတ်တရက်ကြီး... စိတ်မကောင်းဖြစ်သွားသလိုမျိုး ခံစားလိုက်ရသည်။ ဒါပေမဲ့ ရှဲ့ယို့၏ မျက်နှာအမူအရာက ပြောင်းလဲသွားတာကြောင့် သူပဲ ထင်ယောင်ထင်မှား ဖြစ်တာများလားလို့ တွေးမိသည်။

ယွီနျန့်ရဲ့ ကျောပြင်လေး ပျောက်ကွယ်သွားသည်အထိ ရှဲ့ယို့က အဲဒီနေရာမှာတင် လှုပ်မရဘဲ ရပ်နေဆဲ။ မကြာခင်မှာပဲ ချွိရှောက်ရန်ရဲ့ အသံ ထွက်ပေါ်လာသည်။

"တံခါးဝက နောက်ဆုံး ကားပါကင်နေရာက အပြည့်ဖြစ်နေလို့ ငါ ကားကို တော်တော်ဝေးဝေးမှာ သွားရပ်ခဲ့ရတယ်။ မင်းက ငါ့ကို စောင့်နေတာပဲ"

စကားလုံးတွေက သူ့လည်ချောင်းထဲမှာတင် တစ်ဆို့သွားပါသည်။ သူက ရှဲ့ယို့ကို ထိတ်လန့်တကြား ကြည့်လိုက်ရင်း

"မင်း... မင်း... မင်း ပြုံးနေတာလား"

ရှဲ့ယို့က သူ့နှုတ်ခမ်းထောင့်က မသိစိတ်က ဖြစ်ပေါ်နေသော အပြုံးကို ချက်ချင်း ပြန်ရုပ်သိမ်းလိုက်ပြီး ထုံးစံအတိုင်း အေးစက်စက် အမူအရာနဲ့ "မင်း အကြည့်မှားတာပါ" လို့ ဆိုလာ၏။

ချွိရှောက်ရန်ကတော့ စိတ်နဲ့ကိုယ်နဲ့ မကပ်သလို ဖြစ်နေဆဲပါ။

"ငါလည်း ငါ့မျက်စိကို ငါ မယုံနိုင်ဘူး၊ ငါ အကြည့်မှားတာပဲ ဖြစ်ရမယ်!"

သူက ရှဲ့ယို့ရဲ့ မျက်နှာကို သေသေချာချာ အကဲခတ်ကြည့်ပြီးမှ အခိုင်အမာ ပြောလိုက်သည်။

"ဒါပေမဲ့ မင်း စိတ်အခြေအနေ အရမ်းကောင်းနေတာတော့ ငါ သေချာပေါက် အကြည့်မမှားဘူး! ငါ ကားသွားရပ်နေတဲ့ ခဏလေးအတွင်းမှာ ဘယ်လို သတင်းကောင်းတွေများ ကြားလိုက်ရလို့လဲ"

ရှဲ့ယို့ရဲ့ အကြည့်တွေက ပန်းပွင့်ဖတ်လေးတွေ ကြွေကျနေတဲ့ အပြာရောင်ကျောက်ပြားလမ်းလေးပေါ်မှာ ခဏမျှ ရပ်တန့်နေသည်။ စက္ကန့်အနည်းငယ် ကြာတဲ့အခါမှာတော့ သူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။

"ပန်းတွေက တကယ်လှတာပဲ။"

ချွိရှောက်ရန်က လမ်းဘေးက ပန်းပင်ကြီးတွေကို မော့ကြည့်ရင်း ဝေခွဲမရဖြစ်နေသည်။

"ပန်းရောင်နဲ့ အဖြူရောင်တွေပဲလေ... ကြည့်ရတာ အဲလောက်ကြီးလည်း မလှပါဘူး..."

____________________________________________________________________

Comments

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

2

အခန်း (၂) မိုးမှာ တဖွဲဖွဲတစ်လှည့်၊ သည်းထန်စွာတစ်လှည့် ဆက်လက်ရွာသွန်းနေဆဲ…ဆိုင်တံခါးအပြင်ဘက်ရှိ မိုးကာအမိုးပေါ်တွင် ရေများပြည့်လျှံနေပြီး အချိန်မရွေး ပြိုကျတော့မည့်အလား ။ လျူဝူသည် ထိုအမိုးကို ခေတ္တမျှ စောင့်ကြည့်နေပြီးနောက် လက်ညှိုးထိုးပြကာ မေးမြန်းစူးစမ်းခန်းစသည်။ “အဲ့ဒီဟာက ရေတွေကို အလိုအလျောက် စီးဆင်းအောင် လုပ်ပေးနိုင်တာလား” “ဟုတ်တယ်” ချန်ကျန် ခပ်တိုတိုပဲ ပြန်ဖြေ၏။ “ဟင်” လျူဝူသည် အံ့အားသင့်သွားပြီး “တကယ်ကြီး အလိုအလျောက်လား” ဟု ထပ်မေးသည်။ “အသံနဲ့ ခိုင်းရတာလေ” “ဗျာ” ချန်ကျန့် အဖြေကြောင့် လျူဝူမှာ ပို၍ပင် ဝေခွဲမရဖြစ်သွားတော့သည်။ ရှန်ယွီသည် သက်ပြင်းချရင်း မျက်နှာကို အခြားတစ်ဖက်သို့ လွှဲလိုက်ရ‌တော့၏။ ချန်ကျန် မတ်တတ်ရပ်လိုက်ပြီး တံခါးဘေးရှိ ခွတစ်ခုကို ယူကာ မိုးကာအမိုးအောက်သို့ လမ်းလျှောက်သွားသည်။ ထို့နောက် အမိုး၏ အပေါ်ဘက်ကို နှစ်ချက်ခန့် ဆွလိုက်ရာ စုပုံနေသော မိုးရေများမှာ ဝေါကနဲ စီးကျသွားပြီး မိုးကာအမိုးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ “မင်း ပြောလိုက်တဲ့ ခဏမှာပဲ ရေတွေက စီးဆင်းသွားတာလေ” ချန်ကျန် ပြန်လည်ထိုင်လိုက်ရင်း “အသံနဲ့ ခိုင်းရတာဆိုတာ အဲ့ဒါကို ပြောတာ” ဟု ဆိုသည်။ “အသံနဲ့ ခိုင်းရတယ်ဆို...