Skip to main content

50



အပိုင်း (၅၀)


အမှန်အတိုင်းပြောရလျှင် ထိုအမျိုးသားမှာ အဆင့်အတန်းရှိသူတစ်ဦးနှင့် တူသော်လည်း ရှန်ယွီ့ထံမှ တစ်ခါတစ်ရံ ခံစားရတတ်သည့် ဖော်ပြမတတ်သော လူမိုက်ဆန်သည့် အငွေ့အသက်မျိုးလည်း ရှိနေသည်။

၎င်းပြင် သူသည် တံခါးဝတွင် ကြိုဆိုနေသော ချန်အာဟူကို မမြင်သလိုမျိုး ပြုမူပုံနှင့် အိမ်ထဲမှ သူခြေလှမ်းပင် မလှမ်းရသေးမီ သူ့အား လှမ်းကြည့်လိုက်သည့် အကြည့်မျိုးကို ချန်ကျန့် အကဲခတ်မိနေသည်။ ကြည့်ရတာ ဆက်ဆံရ လွယ်ကူမည့်လူတော့ မဟုတ်ပါဘူး။ ဤလူမှာ ရှန်ယွီနှင့် ပတ်သက်နေသူလား၊ သို့မဟုတ် ရန်သူ လာရှာတာလားဆိုတာ ချန်ကျန့် မသိပါ။ သို့သော် အပြင်လမ်းမပေါ်တွင် အလကားရပ်လို့ရသည့် နေရာများ ရှိပါလျက်နှင့်၊ ဘယ်မှာတည်းမည်ကိုပင် မသေချာဘဲ သူတို့ဝင်းထဲမှာ လာရပ်ပြီး တခြားဆိုင်တွေကို အရင်သွားကြည့်ချင်သည်ဆိုတာမျိုး ချန်းယွီ လက်ထက်ကတောင် ချန်ကျန့် တစ်ခါမှ မကြုံဖူးခဲ့ပါဘူး။

မည်သို့ပင်ဖြစ်စေ သူ တစ်ခုခုကို အရင်ဦးအောင် လုပ်ရန် မရည်ရွယ်ပါဘူး၊ အခြေအနေကို စမ်းသပ်ကြည့်ရုံသာ ဖြစ်သည်။

“တကယ်လို့ တည်းခိုခန်းမှာ တည်းမယ်ဆိုရင်တော့ ကားပါကင်ခကို ပြန်အမ်းပေးမှာပါ....”

ချန်ကျန့် စကားမဆုံးသေးခင်မှာပင် မှိုလေးမှာ အိမ်ထဲမှ ပြေးထွက်လာပြီး အသည်းအသန် ဟောင်တော့သည်။ ကျောပေါ်က အမွေးတွေပင် ထောင်နေကာ ရှေ့သို့ ပြေးထွက်ရန် ပြင်နေလေသည်။ ချန်ကျန့် ခြေထောက်ကိုမြှောက်ကာ မှိုလေး၏ ဗိုက်အောက်မှနေ၍ ပင့်မလိုက်ပြီး ရပ်တန့်လိုက်ရသည်။

ဧည့်သည်အပေါ် သိပ်ပြီး ယဉ်ကျေးရာမကျသော်လည်း ခွေးကိုတော့ လွှတ်မပေးနိုင်ပါဘူး။ မှိုလေးကတော့ အားမလျှော့ဘဲ ချန်ကျန့်၏ ခြေထောက်မှာ တွဲလောင်းခိုရင်း ဆက်ဟောင်နေဆဲပင်။

“ဒီရက်ပိုင်း ဧည့်သည်တွေ တအားများနေလို့ပါ။ ကျွန်တော်တို့ဆီမှာ ကားရပ်ဖို့နေရာက နည်းနည်း ကျဉ်းနေလို့ နားလည်ပေးစေချင်ပါတယ်”

ခြံထဲတွင် ကားအချို့ ရပ်ထားသည်မှာ အမှန်ပင် ဖြစ်သည်။

“ကားပါကင်ခ ပေးလိုက်ပါ။ ဟို ဆံပင်ကောက်ကောက်နဲ့ လူကို ပေးလိုက်”

ချန်ကျန့် စိတ်ဆတ်နေ၍လားတော့မသိ၊ “ဆံပင်ကောက်ကောက်” ဆိုသည့် စကားလုံးကို ထိုသူက တမင် ဖိပြောသွားသလို ခံစားရသည်။

မင်းဆံပင်ကမှ ကောက်နေတာပါကွာ!

သို့သော် ချန်ကျန့်မှာ ချက်ချင်းပင် အံ့သြသွားပြန်သည်။ ကားထဲတွင် တခြားလူတစ်ယောက် ရှိနေတာ သူ မမြင်ခဲ့ပါဘူး။ အခုကြည့်လိုက်မှ နောက်ထိုင်ခုံတွင် လှဲအိပ်နေသော တစ်စုံတစ်ယောက် ထထိုင်လိုက်သည်ကို တွေ့ရသည်။ ထို့နောက် တံခါးပွင့်လာပြီး အမျိုးသမီးတစ်ဦး ဆင်းလာခဲ့သည်။

တောက်!

ရန်သူ မဟုတ်ဘဲ စုံတွဲ ဖြစ်နေတာကိုး။

အမျိုးသမီး၏ ဆံပင်မှာ အိပ်ရာနိုးကာစမို့ အနည်းငယ် ရှုပ်ပွနေသော်လည်း တော်တော်လေး လှပသူဖြစ်ကြောင်း မြင်ရုံနှင့် သိသာလှသည်၊ ပြီးတော့ လူမိုက်ဆန်သည့် အငွေ့အသက်မျိုးလည်း လုံးဝ မရှိပါဘူး။

အခုချိန်မှာ လူမိုက်ဆန်တာတွေကို ဘယ်သူက ဂရုစိုက်နေမှာလဲ။

“ဘယ်လောက်လဲဟင်” အမျိုးသမီးက ချန်ကျန့်ကို ပြုံးပြသည်။

“ယွမ် တစ်ဆယ်ပါ” အာဟူက ဘေးမှ ဝင်ပြောသည် ။ “လက်ငင်းပေးတာ ပိုကောင်းပါတယ်၊ ပြန်အမ်းရတာ လွယ်တာပေါ့”

အမျိုးသမီးမှာ သူမ၏ ပိုက်ဆံအိတ်ကိုဖွင့်ကာ တစ်ဆယ်တန် တစ်ရွက်ကို ချန်ကျန့်ဆီ ကမ်းပေးသည် ။

“ရော့”

အာဟူ၏ မျက်နှာမှာ ချက်ချင်းပင် ပျက်သွားတော့သည်။ ဝက်ခြံဂိုဏ်း လုံခြုံရေးအဖွဲ့၏ ခေါင်းဆောင်ကြီးမှာ လေထုလိုမျိုး လျစ်လျူရှုခံလိုက်ရသည် မဟုတ်ပါလား။ သူ လက်ကို ဆန့်ထုတ်ကာ ထိုအမျိုးသမီး လက်ထဲက ပိုက်ဆံကို ချန်ကျန့်ထက် အရင်ဦးအောင် လှမ်းယူလိုက်သည်။

“ကျေးဇူးပါ အစ်မ။ အနှောင့်အယှက် ဖြစ်သွားရင် တောင်းပန်ပါတယ်” ချန်ကျန့်က ဆိုလိုက်သည်။

“ရပါတယ်” အမျိုးသမီးက ဝင်းတံခါးအပြင်သို့ ထွက်သွားရင်း လှည့်မေးသည် ။

“မောင်လေး နာမည်က ဘယ်သူလဲ”

“ကျွန်တော့် နာမည်က ချန်ကျန့် ပါ”

“နောက်မှ တွေ့မယ်နော်” အမျိုးသမီးက လက်ပြကာ ထွက်သွားသည်။

ထိုနှစ်ဦးသား လမ်းအတိုင်း လျှောက်သွားကြသည်။ ချန်ကျန့်က သူ၏ ခြေထောက်မှာ တွဲလောင်းခိုနေတဲ့ မှိုလေးကို မြေပေါ်ပြန်ချပေးပြီး ခေါင်းကို ပုတ်လိုက်သည် ။

“အမြဲတမ်း ဟောင်မနေနဲ့လေ!”

မှိုလေး ပန်းခြံထဲ ပြေးဝင်သွားသည်။

“နောက်က လိုက်ကြည့်ရမလား” အာဟူက မေးသည်။

ချန်ကျန့်၏ အစပိုင်းက အမူအရာကို သူ နားမလည်သော်လည်း၊ နောက်ပိုင်း ပြောင်းလဲသွားသည့် အမူအရာကိုတော့ သူ သတိထားမိသည်။ အာဟူကတော့ အဓိကအချက်ကိုပဲ အာရုံစိုက်နေသူ ဖြစ်သည်။

“မလိုပါဘူး၊ အခုလောက်ဆို အဆင်ပြေတယ်။”

“ခြံထဲမှာ ကားလာရပ်ပြီး တခြားဆိုင် သွားကြည့်တယ်ဆိုတာ ရန်စတာ မဟုတ်ဘူးလား”

အာဟူက ဇွတ်ပြောနေပြန်သည်။ အချိန်အတော်ကြာမှ သူ ပြန်လည် တက်ကြွလာခြင်း ဖြစ်သည်။ ချန်ကျန့် စိတ်ထဲမှာတော့ အနည်းငယ် လှုပ်ရှားသွားရသည်။ သို့သော်လည်း သူတို့ကို ထိန်းထားရမည် မဟုတ်လား။

“နည်းနည်းတော့ ထူးဆန်းတာပေါ့၊ ဒါပေမဲ့ အဲ့ဒီလောက်ကြီးတော့ မဟုတ်ပါဘူး”

ချန်ကျန့် အထဲသို့ ပြန်လျှောက်လာခဲ့သည်။

“သူတို့တွေ နောက်ကျရင် Review အညံ့ ပေးမှာကိုပဲ စိုးရိမ်ရတယ်”

“မင်းက Review ညံ့မှာကို ကြောက်နေတာလား။ ခုနက မင်းရဲ့ အမူအရာနဲ့တင် သူတို့ ပေးချင်ရင် ပေးလို့ ရနေပြီပဲဟာကို” အာဟူက ဆိုသည်။

ဟုတ်ပါသည်၊ အဲ့ဒါ အမှန်ပင် ဖြစ်သည်။

ဘယ်လိုလုပ်မလဲ။

မနေ့ကစပြီး သူ စိတ်မတည်မငြိမ် ဖြစ်နေခဲ့သည်လေ။ တစ်ခါတစ်လေ ပျော်လိုက်၊ တစ်ခါတစ်လေ စိတ်ညစ်လိုက်၊ တစ်ခါတစ်လေ လန့်လိုက်၊ တစ်ခါတစ်လေ အံ့သြလိုက်နှင့်ပေါ့။

ဟူဖန် အနားယူနေသဖြင့် ချန်ကျန့် ဧည့်ကြိုကောင်တာသို့ သွားကာ ဆန်းပင်းကို မှာကြားလိုက်သည်။

“ဟိုစုံတွဲ ပြန်လာရင်၊ သူတို့ တည်းတည်း မတည်းတည်း ငါ့ကို ချက်ချင်း အကြောင်းကြားပါ”

တကယ်လို့ သူတို့က ပြဿနာရှာမယ့်လူတွေ မဟုတ်ဘူးဆိုရင်တော့ သူ တောင်းပန်ရမည် မဟုတ်လား။

“အိုကေ” ဆန်းပင်းက လက်မထောင်ပြသည်။

ချန်ကျန့် အိပ်ဆောင်သို့ ပြန်ကာ မျက်နှာသစ်ပြီး ကုတင်ပေါ်တွင် ခဏမျှ ငိုင်နေမိသည်။ လောင်ဝူ အခန်းထဲမှာ ရှိနေလေသည်။ သူက နေ့ခင်း ဂျူတီဖြစ်သော်လည်း နေ့လယ်စာ စားပြီးလျှင် အမြဲတမ်း တစ်ရေးပြန်အိပ်တတ်သူ ဖြစ်သည်။

“ဆူခံရလို့လား” လောင်ဝူက မေးသည်။

ဘာလို့ လူတိုင်းက ဒါကိုပဲ မေးနေကြတာလဲ။ ငါ့မျက်နှာက ဘယ်လို ဖြစ်နေလို့လဲ။

“ဟင်။ ဘယ်သူက ဆူမှာလဲ”

“ငါက ဘယ်လိုသိမှာလဲ၊ မင်းကို မေးနေတာလေ။ မင်းမျက်နှာက ကြည့်လို့ သိပ်မကောင်းဘူး”

“ငါက အမြဲတမ်း ဒီအတိုင်းပါပဲ”

“မင်းကလည်းကွာ၊ မင်း စကားမပြောဘဲ တည်နေရင်တောင် အခုလို ပုံစံမျိုးတော့ မဟုတ်ပါဘူး။ မပြောချင်ရင်လည်း နေပါတော့”

“ကျေးဇူးပဲ” ချန်ကျန့် ထရပ်ကာ လောင်ဝူကို ပုတ်လိုက်သည်။ လောင်ဝူမှာ ကြောင်အသွားရလေသည်။

ချန်ကျန့် အိပ်ဆောင်ထဲမှ ထွက်လာပြီး ရုံးခန်းဘက်သို့ လျှောက်လာစဉ် စင်္ကြံလမ်းက မှန်ပြတင်းပေါက်မှာ သူ၏ ပုံရိပ်ကို လှမ်းကြည့်လိုက်မိသည်။ မျက်နှာအမူအရာက ဘယ်လိုရှိလဲဆိုတာ သိချင်သော်လည်း သေသေချာချာတော့ မမြင်ရပါဘူး။ ရုံးခန်းတံခါးမှာ ဟနေဆဲပင် ဖြစ်သည်။ သူ တံခါးခေါက်လိုက်သည်။

“ဝင်ခဲ့ပါ” ရှန်ယွီ၏ အသံ ထွက်ပေါ်လာသည်။

“ဘော့စ်ရှန်” ချန်ကျန့် တံခါးတွန်းဖွင့် ဝင်သွားသည့်အခါ ရှန်ယွီမှာ ဆိုဖာပေါ်တွင် ထိုင်ကာ သူ၏ ပတ်တီးကို ဖြည်ဖို့ ပြင်နေသည်ကို တွေ့ရသဖြင့် အနားသို့ အမြန် တိုးသွားသည်။

“ကျွန်တော် လုပ်ပေးပါ့မယ်”

“အင်း” ရှန်ယွီ ခေါင်းညိတ်ပြသည်။

ချန်ကျန့် သူ၏ဘေးတွင် ဝင်ထိုင်လိုက်ပြီး ပတ်တီးကို ဖြည်ပေးရင်း မေးသည်။

“ဘာလို့ တစ်ယောက်ယောက်ကို မခေါ်တာလဲ။ လက်တစ်ဖက်တည်းနဲ့ ဘယ်လိုလုပ်မှာလဲ”

“ကလေးသုံး တူနဲ့ပဲ ထိုးဆွပြီး ဖြည်လိုက်မှာပေါ့…လွယ်လွယ်လေးပါပဲ”

ချန်ကျန့် ခေတ္တမျှ တန့်သွားပြီးမှ ရှန်ယွီ့ ကို လှည့်ကြည့်လိုက်သည်။

“သူနာပြုခ မပေးချင်လို့ပါ” ရှန်ယွီ ဆိုဖာပေါ် မှီချလိုက်သည် ။

“နောက်ပြီး ကိုယ့်ဘာသာ စမ်းလုပ်ကြည့်ချင်လို့ပါ”

“ဆေးထည့်ပြီး ဂွမ်းစလဲပေးရုံနဲ့တော့ သူနာပြုခ တောင်းစရာ မလိုပါဘူးဗျာ”

ရှန်ယွီ ပြုံးရုံသာ ပြုံးပြပြီး ဘာမှ ထပ်မပြော။

“ခုနက ကားတစ်စီး ရောက်လာတယ်၊ လိုင်စင်နံပါတ်က မင်းရဲ့ ဇာတိမြို့က ဖြစ်နေလို့လေ ။ အဲ့ဒါကြောင့် ကျွန်တော် စိုးရိမ်ပြီးတော့....”

“ဖန်းရွှီက လက်စားချေဖို့ လာတယ်ထင်ပြီး လူတွေကို ကားပေါ်က ဆွဲချပြီး ရိုက်မလို့လား” ရှန်ယွီက ဝင်နောက်သည်။

“ကျွန်တော်က အဲ့ဒီလောက် မရမ်းကားပါဘူး။ နည်းနည်းတော့ မယဉ်ကျေးသလို ဖြစ်သွားပေမဲ့၊ သူတို့က သာမန် ခရီးသည်တွေပဲ ဖြစ်မှာပါ”

“ကြောက်စရာ ဘာရှိလဲ ။ ငါလည်း နေ့တိုင်း အမူအရာက သိပ်ကောင်းတာမှ မဟုတ်တာ”

ချန်ကျန့် သူ့ကို ကြည့်ပြီး ရယ်မောလိုက်မိသည်။

“ဘာကားလဲ”

“Range Rover လေ၊ လိုင်စင် နောက်ဆုံး သုံးလုံးက 520”

“ဖန်းရွှီ မဟုတ်ပါဘူး။ သူကတော့ ငါ့ကို ထပ်ပြီး ပြဿနာရှာရဲမှာ မဟုတ်တော့ပါဘူး ။ စိတ်မပူပါနဲ့။ အခု လောလောဆယ် ခက်ခက်ခဲခဲ လုပ်ရမှာက ချန်းယွီ ဆီကနေ ပိုက်ဆံပြန်ရဖို့ပဲ ရှိတော့တာ.... ဒီည အားလုံးနဲ့ အစည်းအဝေး ခဏ လုပ်ကြရအောင်”

“အစည်းအဝေး”

ချန်ကျန့် အံ့သြသွားရသည်။ မဖွင့်ခင်တုန်းက အစည်းအဝေး လုပ်ခဲ့တာကလွဲရင် ဒါ ပထမဆုံးအကြိမ်ပင် ဖြစ်သည်။

“အင်း၊ ဟုန်ပေါင်း ဝေပေးဖို့လေ” ရှန်ယွီက ဆိုသည်။

“ဘာအတွက်လဲ”

ချန်ကျန့် ဂွမ်းစကို မလိုက်သည့်အခါ ရှန်ယွီ၏ လက်ဖဝါးပေါ်က ဒဏ်ရာမှာ အခုထိ ကြောက်စရာ ကောင်းနေဆဲပင်၊ သို့သော် မနေ့ကလောက်တော့ သွေးမထွက်တော့ပါဘူး။

“ချန်းယွီ ဆီကနေ ပိုက်ဆံအချို့ ရခဲ့တယ်လေ၊ သူ အကြွေးတင်နေတဲ့ မီးခိုးခတွေနဲ့၊ ပြီးတော့ ချန်တာဟူဆီက ရတဲ့ တစ်သိန်းပေါ့....”

ရှန်ယွီက ရှင်းပြသည်။

“ချန်တာဟူ ဆီမှာ တကယ်ပဲ တစ်သိန်း ရှိတာလား” ချန်ကျန့်မှာ အံ့သြလွန်းသဖြင့် မေးလိုက်မိသည်။

ရှန်ယွီ မဲ့ကာရွဲ့ကာဖြင့် သူ့ကို ကြည့်သည် ။

“မရှိဘူးလား”

“မရှိပါဘူး” ချန်ကျန့် ကြောင်တောင်တောင်နှင့် ပြန်ဖြေသည်။

“ငါ ရှိတယ်လို့ ပြောရင် ရှိတာပဲလေ” ရှန်ယွီက ဆိုလိုက်သည်။

“အဲ့ဒီလို လုပ်လို့ ရတာလား” ချန်ကျန့် ထပ်မံ အံ့သြသွားပြန်သည်။

ရှန်ယွီ ဘာမှမပြောဘဲ အကြာကြီး စိုက်ကြည့်နေပြီးမှ အားရပါးရ ရယ်တော့သည် ။

“ဟား ဟား ချန်ကျန့်... မင်းကို တစ်ခု ပြောပြရမလား”

“ဘာလဲဟင်”

“မင်းက အပြင်ပန်းကြည့်ရင်တော့ တအား တည်ငြိမ်ပြီး အထာကျတဲ့ လူတစ်ယောက်ပါပဲ”

ပြီးတော့ကော? ...ကောင်းပါပြီ၊ ကျွန်တော် သဘောပေါက်ပါပြီ။

ချန်ကျန့် ခေါင်းငုံ့ကာ အိုင်အိုဒင်း စိုနေတဲ့ ဂွမ်းတံလေးနဲ့ ရှန်ယွီ၏ လက်ဖဝါးပေါ်က ဒဏ်ရာကို အသာအယာ တို့ပေးလိုက်သည်။ ရှန်ယွီ၏ လက်ချောင်းလေးများ လှုပ်ခါသွားသည်။

“နည်းနည်း ယားသလိုပဲ”

“ခဏလေးပါ....”

ချန်ကျန့် ရှန်ယွီ လက်ချောင်းတွေကို ကိုင်ထားရင်း ဒဏ်ရာကို ဆက်ပြီး တို့ပေးနေလိုက်သည်။

သို့သော် ရုတ်တရက် သူ ငိုင်သွားမိသည်။ ၎င်းမှာ ရိုးရှင်းလှသော လုပ်ရပ်တစ်ခုပါပဲ၊ ခြေထောက်က ကိရိယာကို ပိုးသတ်ပေးတာထက် အများကြီး ပိုလွယ်ပါသည်။ သို့သော် ယခုအခါ သူ၏ အာရုံများမှာ ရှန်ယွီ၏ လက်ပေါ်သို့ ရောက်ရှိနေလေပြီ။ ခြေထောက်ကို ပိုးသတ်စဉ်တုန်းကတော့ ထိတွေ့မှု မရှိသလောက်ပါပဲ။

အခုတော့ ရှန်ယွီလက်က သူ့လက်ထဲမှာ။ သူ၏ လက်ဆီမှ နွေးထွေးမှုနှင့် လက်ချောင်းလေးများ၏ မသိမသာ လှုပ်ရှားမှုတိုင်းကို သူ ခံစားနေရသည်။ ထိုခံစားချက်မှာ အလွန်ပင် သိမ်မွေ့လှသည်၊ စိတ်လှုပ်ရှားမိသလို၊ ဖရိုဖရဲ ဖြစ်မိသလိုနှင့် တစ်ဖက်မှာတော့ ဖော်ပြမတတ်အောင် သက်သောင့်သက်သာရှိပြီး စိတ်အေးချမ်းရမှုကိုလည်း ပေးစွမ်းနေလေသည်။

ဒါက....

ချန်ကျန့် သက်ပြင်း သဲ့သဲ့လေး တစ်ချက် ချလိုက်မိသည်။

“မှုတ်ပေးဖို့ မလိုပါဘူး၊ မနာပါဘူး” ရှန်ယွီက ဆိုသည်။

“ကျွန်တော် မမှုတ်ပါဘူး” ချန်ကျန့် ကြောင်သွားရသည်။

၎င်းမှာ နှာခေါင်းမှ ထွက်လာသော သက်ပြင်းသံ ဖြစ်လေသည်။

ကံကောင်းထောက်မစွာဖြင့် အိတ်ကပ်ထဲက ဖုန်းမြည်လာသဖြင့် သူ စိတ်သက်သာရာ ရသွားတော့သည်။ ဖုန်းလက်ခံရတာကို သူ ဤမျှလောက် ဝမ်းသာဖူးတာ ဒါ ပထမဆုံးပင် ဖြစ်သည်။ ချန်ကျန့် ဖုန်းထုတ်ကြည့်လိုက်ရာ ဆန်းပင်း ဖြစ်နေသည်။

“မင်း အပေါ်မှာလား။ ဟိုစုံတွဲက ဘော့စ် စတုတ္ထထပ်မှာလားလို့ လာမေးတယ်၊ ငါလည်း ဘာမှမစဉ်းစားဘဲ ဟုတ်တယ်လို့ ဖြေလိုက်မိလို့ သူတို့ အပေါ်တက်လာကြပြီ။ ငါ အခုပဲ လိုက်လာနေတယ်နော်....”

ဆန်းပင်း၏ အသံမှာ အလျင်စလို ဖြစ်နေသည်။

“မင်း အိပ်ဆောင်မှာပဲ နေလိုက်ပါ၊ လောလောဆယ် လာမတွေ့နဲ့ဦး”

ချန်ကျန့်က ဖုန်းချလိုက်သည်။

ထိုစုံတွဲမှာ ရန်သူတော့ မဟုတ်လောက်ပါဘူး။ ဘယ်ရန်သူကများ ပြုံးရွှင်နေတဲ့ အလှပဂေး တစ်ယောက်ကို လွှတ်လိုက်မှာမို့လို့လဲ။ ရုပ်ရှင်ထဲကလိုမှ မဟုတ်တာ။ ရှန်ယွီ၏ သူငယ်ချင်းတွေ ဖြစ်မှာပေါ့။

“ဘာဖြစ်လို့လဲ” ရှန်ယွီက မေးသည်။

“ဟို ဧည့်သည် နှစ်ယောက် အပေါ်တက်လာနေကြတယ်” ချန်ကျန့် ထရပ်ကာ တံခါးဝသို့ သွားပြီး ဟနေသော တံခါးကို ပိတ်လိုက်သည် ။

“သူတို့က ဘော့စ်ကို လာရှာတာတဲ့။ မင်းရဲ့ သူငယ်ချင်းတွေလား”

“တကယ်လား” ရှန်ယွီ မျက်မှောင်ကြုတ်ကာ စဉ်းစားနေပုံရသည်။

နောက်တစ်စက္ကန့်မှာပင် ရုံးခန်းတံခါးကို ခေါက်သံ ကြားလိုက်ရသည်။ ရှန်ယွီက တံခါးဖွင့်ရန် အချက်ပြလိုက်သဖြင့် ချန်ကျန့် တံခါးဖွင့်လိုက်ရာ၊ အပြင်မှာ စောစောက အမျိုးသားနှင့် သူ့နောက်တွင် အမျိုးသမီးတို့ ရပ်နေကြသည်ကို တွေ့ရသည်။

“ဘော့စ်ရှန်” ထိုအမျိုးသား အထဲသို့ လျှောက်ဝင်လာခဲ့သည် ။

“ပြန်ဆုံကြပြန်ပြီနော်”

ရှန်ယွီမှာ ဆိုဖာပေါ်တွင် ထိုင်လျက် ထိုသူကို ဘာမှမပြောဘဲ စိုက်ကြည့်နေသည်။ သို့သော် ရှန်ယွီ၏ မျက်လုံးထဲတွင် အံ့သြမှုနှင့်.... ဝမ်းသာမှုများကို ချန်ကျန့် အတိုင်းသား မြင်နေရသည်။ အနည်းဆုံး သုံးစက္ကန့်ခန့် ကြာမှ ရှန်ယွီ ထရပ်လိုက်ပြီး…

“မင်းကတော့ တကယ့်ကို အရူးပဲ!”

“ငါ့အတွက် ဆေးလေး ဘာလေး မညွှန်းပေးချင်ဘူးလား”

“ချန်ကျန့်” ရှန်ယွီ ကြောင်ကြည့်နေသော ချန်ကျန့်ကို လှည့်ကြည့်ကာ ပြုံးပြသည်။

“ဒါ ငါ့သူငယ်ချင်း ယွဲ့လန် လေ။ လန်ကော လို့ပဲ ခေါ်လိုက်ပါ။ ဒီ လှပတဲ့ အစ်မကြီးကတော့ သူ့မိန်းမ ယောင်ရီ ပေါ့”

ချန်ကျန့်သည် ယွဲ့လန် ဆိုသည့် နာမည်ကို မြင်ဖူးပါသည် ။ ချန်တာဟူကို ထောင်ထဲပို့လိုက်သည့် ပုလင်းကို ပို့ပေးခဲ့သူမှာ ယွဲ့လန် မဟုတ်ပါလား။

“ဒါက ငါ့ရဲ့ မန်နေဂျာ ချန်ကျန့် လေ” ရှန်ယွီက ထပ်မံ မိတ်ဆက်ပေးသည်။

“ခုနတင် ဆုံခဲ့ကြပါတယ်” ယွဲ့လန်က ချန်ကျန့်ကို ကြည့်ကာ ပြုံးလျက် ဆိုသည်။

“တော်တော်လေး တည်ငြိမ်တဲ့ လူငယ်လေးပဲ”

ကျေးဇူးပြုပြီး ဘာမှ ထပ်မပြောပါနဲ့တော့ဗျာ။

“လန်ကော” ချန်ကျန့် ယွဲ့လန်ကို နှုတ်ဆက်ပြီး ယောင်ရီကို ကြည့်ကာ မမကြီးလို့ ခေါ်ရမလား၊ နာမည်ပဲ ခေါ်ရမလား ဝေခွဲမရ ဖြစ်နေသည်။

“ရှောင်ရီ လို့ပဲ ခေါ်ပါ” ယောင်ရီက ပြုံးလျက် ဆိုသည်။

“ရှောင်ရီကျဲ” ချန်ကျန့်က ဆိုလိုက်သည်။

“မင်္ဂလာပါ မန်နေဂျာကြီး!” ယောင်ရီက လက်ယမ်းပြကာ နှုတ်ဆက်သည်။

“အရင်ဆုံး မင်းရဲ့ လက်ကို အရင် ဂရုစိုက်လိုက်ပါဦး....”

ယွဲ့လန်က ရှန်ယွီ၏ လက်ကို ညွှန်ပြသည်။ ရှန်ယွီ ဆိုဖာပေါ် ပြန်ထိုင်လိုက်သည်။ ချန်ကျန့် အလျင်အမြန်ပင် ဆေးသေတ္တာထဲမှ ဂွမ်းစအသစ်ကို ယူကာ အိုင်အိုဒင်းဖြင့် စိုစေပြီး၊ ရှန်ယွီ ယားမှာလား နာမှာလားဆိုတာကို ဂရုမစိုက်တော့ဘဲ ဒဏ်ရာကို အမြန် တို့ပေးကာ ဂွမ်းစဖြင့် အုပ်ပေးလိုက်တော့သည်။

“မင်းတို့ နှစ်ယောက်ကလည်းကွာ” ရှန်ယွီက ယွဲ့လန်နှင့် ယောင်ရီကို ကြည့်ကာ ဆိုသည်။

“လာမယ်ဆိုရင်လည်း ကြိုပြောဦးလေ။ ငါ ရောက်တာမှ မကြာသေးဘူး၊ မင်းတို့က ချက်ချင်း လိုက်လာတာကိုး”

“ကြိုပြောလိုက်ရင် Surprise ဖြစ်မှာ မဟုတ်တော့ဘူးလေ” ယွဲ့လန်က ဆိုသည်။

ချန်ကျန့် လျူဝူကို ဖုန်းဆက်လိုက်ချင်မိသည်။

ညီလေး... လာကြည့်ဦး။

Surprise တဲ့။

တကယ့်ကို Surprise ကြီးပဲ။

“ဘယ်သူ့ကားကို မောင်းလာတာလဲ၊ ငါ တစ်ခါမှ မမြင်ဖူးပါဘူး” ရှန်ယွီက မေးသည်။

“သူ့ကားလေ” ယွဲ့လန်က ယောင်ရီကို ညွှန်ပြသည် ။

“ကားအသစ်လေ၊ ခရီးဝေး သိပ်မထွက်ဖူးသေးဘူး”

ရှန်ယွီ သက်ပြင်းချလိုက်သည် ။

“မင်းတို့ နှစ်ယောက်ကတော့ တကယ်ပါပဲ”

“ငါတို့ ခုနက တခြား တည်းခိုခန်းတွေကို သွားကြည့်ခဲ့တာလေ။ မင်းလည်း သွားမကြည့်ရသေးဘူး မဟုတ်လား”

ယွဲ့လန်က အခြေအနေကို ရှင်းပြရင်း မေးမြန်းသည်။

“မကြည့်ရသေးဘူး၊ လှလား”

“သာမန်ပါပဲ။ ငါတို့တွေ ဟိုဟိုဒီဒီ လိုက်ရွေးနေတာ၊ စိတ်တိုင်းကျတဲ့ အခန်း ရှာမတွေ့တာနဲ့ ပြန်လာခဲ့တာပေါ့”

“မင်းက ငါ့ကို ပြဿနာ လာရှာနေတာလား” ရှန်ယွီက မဲ့ကာရွဲ့ကာဖြင့် ဆိုသည်။

“မင်းကော ပြဿနာတွေကို ကိုယ့်ဘာသာ ရှာပြီးသား မဟုတ်ဘူးလား” ယွဲ့လန်က ပြန်ပက်လိုက်သည်။

ချန်ကျန့် ပတ်တီးစည်းပြီးသည့်နောက် ဆေးသေတ္တာကို သိမ်းဆည်းလိုက်သည်။

“ကျွန်တော် အောက်ဆင်းတော့မယ်နော်”

ချန်ကျန့်က ရှန်ယွီကို ကြည့်ကာ ဆိုလိုက်သည်။

“အင်း…ခဏနေရင် ငါ သူတို့နဲ့အတူ အပြင်မှာ ထမင်းသွားစားလိုက်မယ်”

“ဟုတ်ကဲ့” ချန်ကျန့် ပြန်ဖြေပြီးမှ ခေတ္တစဉ်းစားကာ မေးလိုက်သည် ။

“Check။in ကိစ္စကော....”

“သူတို့အတွက်တော့ မင်း စိတ်မပူပါနဲ့။မင်း အလုပ်ပဲ မင်းလုပ်ပါ”

“ကောင်းပါပြီ။ လန်ကော၊ ရှောင်ရီကျဲ.... ကျွန်တော် သွားတော့မယ်နော်၊ စကားပြောကြပါဦး”

“သွားတော့ မောင်လေး” ယောင်ရီက ပြုံးလျက် ဆိုသည်။

“ကားပါကင်ခ ပြန်အမ်းဖို့ မမေ့နဲ့ဦးနော်”

“ဟုတ်ကဲ့” ချန်ကျန့် ချက်ချင်းပင် ထိုနေရာမှ ထွက်ပြေးချင်စိတ် ပေါ်လာတော့သည်။

အစ်မရယ်... ကျေးဇူးပြုပြီး ဘာမှ ထပ်မပြောပါနဲ့တော့။

သူ အမြန်ဆုံး ရုံးခန်းထဲက ထွက်ကာ တံခါးပိတ်ပေးလိုက်ရတော့သည်။ သူ သက်ပြင်း အသာအယာ ချလိုက်မိသည်။

“ချန်ကျန့်” အိပ်ဆောင်ဘက်မှ ခေါင်းပြူထွက်လာသည်၊ ဆန်းပင်း ဖြစ်လေသည်။ ချန်ကျန့် အနားသို့ လျှောက်သွားလိုက်သည် ။

“အဆင်ပြေပါတယ်၊ သူတို့က ဘော့စ်ရှန်ရဲ့ သူငယ်ချင်းတွေပါ”

“ဟူး….ငါဖြင့် ရန်လာရှာတာ ထင်နေတာ။ အဲ့ဒီ အစ်ကိုကြီးက ကြည့်ရတာ တော်တော် သန်မာမယ့်ပုံပဲ။ တကယ်လို့ ရန်ဖြစ်ကြရင်တော့ ငါ သူ့ကို နိုင်မှာ မဟုတ်ဘူး”

ဆန်းပင်း၏ ကိုယ်လုံးကိုယ်ဖန်နှင့်ဆိုလျှင် ထိုအစ်မကြီးကိုတောင် နိုင်ပါ့မလား မသိပါဘူး။

“ဟားဟား ဆန်းပင်း …မင်းရဲ့ စိတ်ကူးယဉ်မှုကလည်း တော်တော် လွန်နေပြီနော်”

“ငါ ပြောသားပဲ၊ ဘာမှမဖြစ်ပါဘူးလို့…ထိုအလှပဂေးလေးက ကြည့်ရတာ တအား နူးညံ့တာပဲကို”

လောင်ဝူက အိပ်ဆောင် ဧည့်ခန်းမှာ ထိုင်နေရင်း ဆိုသည် ။

“ဒါဆို သူတို့ တည်းမှာလား ။ဘယ်အခန်း စီစဉ်ပေးရမလဲ”

ဆန်းပင်း ဝင်မေးသည်။

“ဘော့စ်ရှန် စီစဉ်ပေးလိမ့်မယ်၊ အခုတော့ သူတို့ အထုပ်တွေကိုပဲ အရင် ဖယ်ထားပေးလိုက်ဦး”

“ဘော့စ်ရှန်ရဲ့ သူငယ်ချင်းဆိုတော့လည်း” ဆန်းပင်းက အောက်ထပ်သို့ ဆင်းလာရင်း တိုးတိုးလေး ဆိုသည် ။

“ကြည့်ရတာ သူနဲ့ ပုံစံတူပဲ၊ တော်တော်လေး အထာကျတယ်”

“အင်း” ချန်ကျန့် ခေါင်းညိတ်ပြလိုက်သည်။

ဟုတ်ပါသည်၊ ယွဲ့လန်မှာ ရှန်ယွီ၏ သူငယ်ချင်းဆိုသည်မှာ သိသာလှပါသည်၊ တကယ့်ကို ရင်းနှီးတဲ့ သူငယ်ချင်းမျိုးပေါ့။

အောက်ထပ်တွင် ပစ္စည်းပို့ကားတစ်စီး ရောက်နေသဖြင့် အာဟူမှာ ပစ္စည်းများ သယ်ယူနေလေသည်။ ချန်ကျန့်က ဆန်းပင်းကို ခေါ်ကာ ပစ္စည်းများ သိုလှောင်ရုံထဲသို့ ထည့်ရန် ကူညီခိုင်းလိုက်သည်။

“အာဟူ... မနက်ဖြန် မြို့ဟောင်းကို သွားလိုက်ဦးနော်။ မီးဘေးအန္တရာယ် ကာကွယ်ရေး သင်တန်းကို မင်းပဲ သွားတက်လိုက်ပါ။ အမှတ်အသားလေးတွေ လုပ်လာပြီး ငါတို့ကို ပြန်သင်ပေးပေါ့”

“ဟုတ်ကဲ့” အာဟူ မော့ကြည့်လိုက်ပြီးမှ အသံနှိမ့်ကာ… “စာမသင်ရတာ ကြာပြီပဲ”

“ရပါတယ်၊ ကျောင်းမှာ သင်ရသလိုမျိုး ခက်မှာ မဟုတ်ပါဘူး။ မင်း လုပ်နိုင်မှာပါ။ တခြားလူ လွှတ်ရင် ငါ စိတ်မချလို့ပါ”

“ဟုတ်ကဲ့ပါ” အာဟူ ပြန်လည် တက်ကြွလာဟန် ရှိသည်။

ချန်ကျန့် အထဲဝင်ကာ ဧည့်ကြိုကောင်တာတွင် အော်ဒါများကို စစ်ဆေးနေစဉ် ရှန်ယွီနှင့် ယွဲ့လန် စုံတွဲတို့ ဓာတ်လှေကားထဲမှ ထွက်လာကြသည်။ ဆန်းပင်းက နှုတ်ဆက်လိုက်သည် ။

“ဘော့စ်ရှန်”

“သူတို့အတွက် စတုတ္ထထပ်မှာ အခန်းတစ်ခန်း စီစဉ်ပေးလိုက်။ ရုံးခန်းနဲ့ နီးတဲ့နေရာပေါ့”

ရှန်ယွီ လျှောက်လာရင်း ဆိုသည် ။

“ဟုတ်ကဲ့၊ ဒါဆို ၄၁၀ ပေါ့။ အထုပ်တွေကို ခဏနေရင် အပေါ် ပို့ပေးလိုက်မယ်” ဆန်းပင်းက ဆိုသည်။

“အင်း။ ငါ သူတို့နဲ့ အပြင်ခဏ ထွက်လိုက်ဦးမယ်။ ငါ့ရဲ့ နေ့လယ်စာအတွက် စိတ်မပူနဲ့တော့” ရှန်ယွီက ဆိုလိုက်သည်။

ဘယ်မှာ သွားစားမလို့လဲ။

ချန်ကျန့် တကယ် မေးချင်မိသော်လည်း....

“ဘယ်မှာ သွားစားကြမလို့လဲဟင်” ဆန်းပင်းက အရင်ဦးအောင် မေးလိုက်သည်။

“မြို့ဟောင်းအထိ သွားရမှာ မဟုတ်လား။ ဒီနားမှာတော့ အဲ့ဒီလောက် ကောင်းတဲ့ ဆိုင်မရှိဘူးလေ”

“လယ်တောထဲက ဆိုင်တွေလည်း ရပါတယ်ဗျာ။ ဒီကို ရောက်နေမှတော့ အဆင့်မြင့်တဲ့ ဆိုင်တွေ သွားစားနေစရာ မလိုပါဘူး” ရှန်ယွီက ဆိုသည်။

ဒါဆို အန်ကယ်ကျန်း ဆီမှာ ငါးသွားစားကြပေါ့။

“ဒါဆိုလည်း ဘော့စ်ကျန်း ဆီမှာ ငါးသွားစားကြလေ” ဆန်းပင်းက ဆိုလိုက်သည်။

“အဲ့ဒီကို သွားချင်နေတာလေ” ရှန်ယွီ ချန်ကျန့်ကို လှမ်းကြည့်သည် ။

“ဟို....ဖုန်းနံပါတ်လား။ ကျွန်တော် ရှာပေးမယ်လေ”

ချန်ကျန့်က ဖုန်း ထုတ်ရင်း ပြောလာသည်။

“ငါ့ဆီပဲ ပို့ပေးလိုက်ပါ။ ပြီးတော့ သူ့ကိုလည်း အကြောင်းကြားပေးလိုက်ဦး”

“ဟုတ်ကဲ့” ချန်ကျန့် ခေါင်းညိတ်ပြသည်။

ရှန်ယွီ ဧည့်ကြိုကောင်တာကို လက်နဲ့မှီရင်း ခဏမျှ တိတ်ဆိတ်သွားသည်။

“မသွားသေးဘူးလားဘော့စ် ။ နောက်ကျရင်တော့ လူတွေ များကုန်လိမ့်မယ်၊ ငါးကောင်းကောင်းတွေလည်း ကုန်ကုန်လိမ့်မယ်”

ဆန်းပင်းက ဝင်ပြောသည်။ ရှန်ယွီ သက်ပြင်းချကာ ကောင်တာပေါ်ကို လက်နဲ့ အသာအယာ ပုတ်လိုက်သည် ။

“မမေ့နဲ့ဦးနော်”

ချန်ကျန့် စကားပြန်ရန် ပြင်စဉ်မှာပင် ဆန်းပင်းက ကြားဖြတ်ပြောလိုက်ပြန်သည် ။

“သူ မမေ့ပါဘူးဗျာ၊ ချန်ကျန့်က မှတ်ဉာဏ် တအားကောင်းတာ”

ရှန်ယွီ ရယ်မောရင်း ယွဲ့လန်တို့နှင့်အတူ အပြင်သို့ ထွက်သွားတော့သည်။

“ဒီငါးက တကယ် စားလို့ကောင်းတာပဲ…ဗိုက်ပြည့်နေပေမဲ့ ထပ်စားချင်သေးတယ်”

ယောင်ရီ သူမ၏ ပန်းကန်ထဲက ငါးကို ကြည့်ရင်း ဆိုသည် ။

“ဒါဆိုလည်း အပြင်မှာ နှစ်ပတ်လောက် ပြေးလာခဲ့လေ၊ ပြီးမှ ထပ်စားပေါ့” ယွဲ့လန်က ဆိုသည်။

“မပြေးနိုင်ပါဘူး”

“ငါ မင်းကို ပွေ့ပြီး ပြေးပေးမယ်လေ”

“ပြီးရင် ရှင်ကပဲ ကျွန်မအစား ပြန်စားပေးမှာ မဟုတ်လား”

ယောင်ရီ၏ စကားကြောင့် ရှန်ယွီ ပြုံးလိုက်မိသည် ။

“ထပ်စားချင်ရင် မနက်ဖြန် ထပ်လာစားတာပေါ့”

“ဒီညတော့ ငါတို့ ပြန်လာမှာနော်” ယွဲ့လန်က ဆိုသည်။

“ဒီညတော့ ငါတို့ ဝန်ထမ်းစာကို ငါနဲ့အတူ စားကြရအောင်” ရှန်ယွီက ဖိတ်ခေါ်လိုက်သည်။

“မင်းကတော့လေ....” ယွဲ့လန် သူ့ကို ကြည့်လိုက်သည်။

“ငါတို့ ကျောက်ကျဲ ရဲ့ လက်ရာက တအားကောင်းတာလေ ။ ငါးစားချင်ရင်လည်း ဆိုင်ရှင်ကို မှာလိုက်လို့ ရတာပဲ၊ ကျောက်ကျဲကို ချက်ခိုင်းလိုက်ပေါ့”

ယွဲ့လန် မျက်မှောင်ကြုတ်ကာ အကြာကြီး စဉ်းစားနေပြီးမှ …

“မင်းကတော့.... ဘာလို့ သူ့ကိုပါ အပြင်ခေါ်ပြီး ငါတို့နဲ့ အတူ မစားခိုင်းတာလဲ”

အဲ့ဒီလိုဆိုရင် သူ တအား အနေရခက်သွားမှာပေါ့။

“မင်း ကိစ္စမဟုတ်တာကို ဝင်မပါနဲ့ဦး” ရှန်ယွီက ဆိုသည်။

“မပါပါဘူး!” ယောင်ရီက ယွဲ့လန်ကို လှမ်းရိုက်လိုက်သည်။

“ကြားလား၊ ဘော့စ်ရဲ့ ကိစ္စတွေကို ဝင်မပါနဲ့လေ”

“မင်းတို့ နှစ်ယောက်ကတော့ တကယ် နားညည်းတာပဲ။ ဘယ်တော့ ပြန်မှာလဲ”

ရှန်ယွီ ဖုန်းထုတ်ကာ ချန်ကျန့်နှင့် ပြောထားသော Chat ကို ဖွင့်ကြည့်လိုက်သည်။

“ခဏတော့ စိတ်ပျက်ရဦးမှာပေါ့။ ငါတို့က ဒီကို လာရတာ မလွယ်ဘူးလေ၊ တောင်ပေါ်တက်ပြီး နှင်းကြည့်မယ်၊ မြစ်ထဲမှာ လှေစီးမယ်....”

ရှန်ယွီ မဲ့ကာရွဲ့ကာဖြင့် ချန်ကျန့်ဆီ စာပို့လိုက်သည်။

[Fa Dan Ke Chen] ။ အန်ကယ်ကျန်း ဆီက ငါးနှစ်ကောင်လောက် လာပို့ခိုင်းလိုက်ဦး။ ကျောက်ကျဲကို ပြောလိုက်၊ ဒီည ငါးစားမယ်လို့။

ချန်ကျန့်ဆီက စာက ချက်ချင်း ပြန်ရောက်လာသည်။

[ချန်လေး] ။ ဟုတ်ကဲ့။

ဟုတ်ကဲ့ တဲ့လား!

ဒီမန်နေဂျာမှာ အဆစ်အမြစ် ရောင်ရမ်းတဲ့ ရောဂါ ရှိလို့လား။ စာရိုက်ရတာ အဲ့ဒီလောက်တောင် ခက်နေတာလား။

ရှန်ယွီ ဖုန်းကို ဘေးက ကုလားထိုင်ပေါ် ပစ်တင်လိုက်သည်။

“နင့် ဖုန်းကို သိမ်းထားလိုက်ပါဦး ။ ခဏနေရင် ရှာမတွေ့လို့ ပျာယာခတ်နေဦးမယ်”

ရှန်ယွီ ဖုန်းကို ပြန်ယူပြီး အိတ်ကပ်ထဲ ထည့်ဖို့ ပြင်စဉ်မှာပင် ဖုန်းက တုန်ခါလာပြန်သည်။

[ချန်လေး] ။ ဒီည တည်းခိုခန်းမှာပဲ စားကြမှာလား။

အဆစ်အမြစ် ရောင်တာ ပျောက်သွားပြီလား။

[Fa Dan Ke Chen] ။ အင်း။

____________________________________________________________________________

Comments

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

2

အခန်း (၂) မိုးမှာ တဖွဲဖွဲတစ်လှည့်၊ သည်းထန်စွာတစ်လှည့် ဆက်လက်ရွာသွန်းနေဆဲ…ဆိုင်တံခါးအပြင်ဘက်ရှိ မိုးကာအမိုးပေါ်တွင် ရေများပြည့်လျှံနေပြီး အချိန်မရွေး ပြိုကျတော့မည့်အလား ။ လျူဝူသည် ထိုအမိုးကို ခေတ္တမျှ စောင့်ကြည့်နေပြီးနောက် လက်ညှိုးထိုးပြကာ မေးမြန်းစူးစမ်းခန်းစသည်။ “အဲ့ဒီဟာက ရေတွေကို အလိုအလျောက် စီးဆင်းအောင် လုပ်ပေးနိုင်တာလား” “ဟုတ်တယ်” ချန်ကျန် ခပ်တိုတိုပဲ ပြန်ဖြေ၏။ “ဟင်” လျူဝူသည် အံ့အားသင့်သွားပြီး “တကယ်ကြီး အလိုအလျောက်လား” ဟု ထပ်မေးသည်။ “အသံနဲ့ ခိုင်းရတာလေ” “ဗျာ” ချန်ကျန့် အဖြေကြောင့် လျူဝူမှာ ပို၍ပင် ဝေခွဲမရဖြစ်သွားတော့သည်။ ရှန်ယွီသည် သက်ပြင်းချရင်း မျက်နှာကို အခြားတစ်ဖက်သို့ လွှဲလိုက်ရ‌တော့၏။ ချန်ကျန် မတ်တတ်ရပ်လိုက်ပြီး တံခါးဘေးရှိ ခွတစ်ခုကို ယူကာ မိုးကာအမိုးအောက်သို့ လမ်းလျှောက်သွားသည်။ ထို့နောက် အမိုး၏ အပေါ်ဘက်ကို နှစ်ချက်ခန့် ဆွလိုက်ရာ စုပုံနေသော မိုးရေများမှာ ဝေါကနဲ စီးကျသွားပြီး မိုးကာအမိုးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ “မင်း ပြောလိုက်တဲ့ ခဏမှာပဲ ရေတွေက စီးဆင်းသွားတာလေ” ချန်ကျန် ပြန်လည်ထိုင်လိုက်ရင်း “အသံနဲ့ ခိုင်းရတာဆိုတာ အဲ့ဒါကို ပြောတာ” ဟု ဆိုသည်။ “အသံနဲ့ ခိုင်းရတယ်ဆို...