Skip to main content

52



အပိုင်း (၅၂)


ညဘက်တွင် အတော်လေး အေးသော်လည်း ပန်းခြံထဲရှိ လူတိုင်းမှာ စိတ်အားထက်သန်နေကြသည်။ ဟူဖန်သည် သူမ၏ ခေတ်ဟောင်း Afro ဆံပင်စတိုင်ဖြင့် ဧည့်သည်တစ်စုကို ဦးဆောင်ကာ မီးပုံးဘေးတွင် ခေတ်ဟောင်းဒစ္စကို ကပြနေလေသည်။

ယောင်ယီသည် မူလက ဓာတ်ပုံရိုက်နေခြင်းဖြစ်သော်လည်း အတော်အသင့် ရိုက်ပြီးသည့်နောက်တွင်တော့ ကပြနေသည့် အဖွဲ့ထဲသို့ ဆွဲခေါ်ခြင်း ခံလိုက်ရသည်။ ယွဲ့လန်ကတော့ ကင်မရာကို ကိုင်ကာ သူ၏ဇနီးကို တဖြတ်ဖြတ် ရိုက်ပေးနေလေသည်။

“မီးက သိပ်မပျင်းသေးဘူး”

ရှန်ယွီက ဆိုသည်။ သူသည် ချန်ကျန့်၏ ဂျာကင်အင်္ကျီအရှည်ကို ဝတ်ထားသော်လည်း လူအုပ်နှင့် ဝေးရာတွင် ထိုင်နေသဖြင့် လေတိုက်နှုန်းက အနည်းငယ် အေးစိမ့်နေဆဲပင်။

“ကျွန်တော် သွားရှာလိုက်မယ်”

ချန်ကျန့်က အသားကင်တစ်တုတ်ကို ပါးစပ်မှာ ခဲထားရင်း ထရပ်လိုက်ပြီး ဆန်းပင်းကို အချက်ပြလိုက်သည်။ ဆန်းပင်းက ကပြနေသည့် အဖွဲ့ထဲမှ ချက်ချင်းထွက်လာပြီး အပြေးရောက်လာသည်။

“ဘာဖြစ်လို့လဲ”

“ပုံးတစ်ပုံး သွားရှာရအောင်။ နောက်ထပ် မီးပုံတစ်ခု ထပ်လုပ်မယ်”

ချန်ကျန့်က ဆိုသည်။

“လျန်ယဲ့ မှာ တစ်ပုံးရှိတယ်”

ဆန်းပင်းက ဆိုသည်။

“သူတို့ မီးဖိုချောင်ထဲမှာ ငါ မြင်ခဲ့တယ်”

“မင်းက သူတို့ မီးဖိုချောင်ထဲအထိ ဘာသွားလုပ်တာလဲ”

ရှန်ယွီက လှမ်းမေးသည်။

“ကျောက်ကျဲ အတွက် ရှာလကာရည် သွားငှားတာလေ”

ဆန်းပင်းက ပြန်ဖြေသည်။

“တာယွင် မှာ ရှာလကာရည်တောင် မရှိဘူးလား။ သူများဆီ သွားငှားနေရတယ်ပေါ့”

ရှန်ယွီက ဝယ်ယူရေး မန်နေဂျာကို အံ့သြတကြီး ကြည့်လိုက်သည်။

“မန်နေဂျာက မှားဝယ်လာတာလေ”

ဆန်းပင်းက တခစ်ခစ် ရယ်ရင်း ဆိုသည်။

“သူဝယ်လာတဲ့ သုံးဗူးစလုံးက ပဲငပိရည်တွေချည်းပဲ”

“တံဆိပ်ချင်း တူနေလို့ပါဗျာ၊ ကြည့်ရတာ ဆင်တူလို့”

ချန်ကျန့် အသားကို ကုန်အောင်စားပြီး တုတ်ကို ချလိုက်သည်။

“သွားကြစို့”

“လာခဲ့”

ဆန်းပင်းက ခုံတန်းလေးကို ကန်ဖယ်ပြီး နောက်ဖေးတံခါးဘက်သို့ ယိမ်းထိုးလျက် လျှောက်သွားသည်။

“ငါတို့က ပုံးသွားငှားမှာနော်၊ ဓားပြတိုက်မှာ မဟုတ်ဘူး”

ချန်ကျန့်က သတိပေးလိုက်သဖြင့် ဆန်းပင်းက သူ၏ လမ်းလျှောက်ပုံကို မော်ဒယ်လ် လမ်းလျှောက်သလိုမျိုး ချက်ချင်း ပြောင်းလဲလိုက်လေသည်။

“မင်းတော့ ထမင်းမစားဘဲ အရက်တွေချည်း သောက်နေပြီ ထင်တယ်....”

ချန်ကျန့်က ညည်းတွားလိုက်သည်။

စည်ကားနေသော တာယွင်နှင့် နှိုင်းယှဉ်လျှင် လျန်ယဲ့မှာ ထူးထူးခြားခြား တိတ်ဆိတ်နေသည်။ အပေါ်ထပ် အခန်းတစ်ခန်း၏ ပြတင်းပေါက် ပွင့်နေပြီး ဧည့်သည်တစ်ယောက်က အပြင်သို့ ထွက်ကာ တာယွင်ဘက်သို့ လှမ်းကြည့်ရင်း ဖုန်းဖြင့် ဓာတ်ပုံရိုက်နေသည်ကို တွေ့ရသည်။

ဒါ့လီက ဝင်းထဲတွင် ဆေးလိပ်သောက်နေလေသည်။ ချန်ကျန့်က သူ့ကို နှုတ်ဆက်ပြီး မီးပုံပွဲအကြောင်း ခေတ္တစကားပြောနေစဉ်၊ ဆန်းပင်းက ဝင်းထဲတွင် ဟိုဟိုဒီဒီ ပတ်ကြည့်ပြီး မီးဖိုချောင်ထဲ ဝင်သွားသည်။ ခဏအကြာတွင် ဆီပုံးအကြီးကြီး တစ်ပုံးကို တရွတ်တိုက် ဆွဲလာလေသည်။

“လီကော.... ဒါလေး ငှားလို့ရမလား”

“မင်းတို့ဆီမှာ မီးက မလောက်သေးဘူးလား”

ဒါ့လီက မေးသည်။

“မလောက်ဘူးဗျ”

ဆန်းပင်းက ပုံးကို ဆွဲထုတ်သွားရင်း ပြန်ဖြေသည်။

“အေးပါ၊ ယူသွားကြ၊ ယူသွားကြ”

ဒါ့လီက မတတ်သာသလို ဆိုသည်။

“အားနာပါတယ် လီကော။ မနက်ဖြန်ကျရင် ပြန်ဆေးပြီး လာထားပေးပါ့မယ်”

ချန်ကျန့်က ဆိုလိုက်သည်။

“ရပါတယ်၊ ရပါတယ်။ အဲ့ဒီပုံးက အရင်က အာလူးဖုတ်ဖို့ သုံးတာလေ။ မီးမွှေးဖို့ပဲဟာ”

“ကျေးဇူးပါပဲ။ ဒါဆို မီးပုံပွဲအတွက် အဲ့ဒီအတိုင်းပဲ ဆုံးဖြတ်လိုက်ကြရအောင်။ ဝယ်ရမယ့် ပစ္စည်းစာရင်းကိုသာ ကျွန်တော့်ဆီ ပို့ပေးလိုက်ပါ”

ချန်ကျန့်က ဆိုလိုက်သည်။ ဒါ့လီက ခေါင်းညိတ်ပြသည်။

အရင်က ဒါ့လီပေးသော စာရွက်စာတမ်းအရဆိုလျှင် တည်းခိုခန်းတစ်ခုချင်းစီက ပိုက်ဆံကြိုတင် စိုက်ထုတ်ရမည် ဖြစ်သည်။ သို့သော် ရှန်ယွီက သဘောမတူခဲ့ပါဘူး။ နေရာခနှင့် ဝန်ထမ်းစရိတ်အတွက်ကိုသာ ကြိုပေးနိုင်ပြီး၊ ဝယ်ရမည့် ပစ္စည်းများအတွက်မူ တိကျသော စာရင်းပေးရန်နှင့် သူတို့ကိုယ်တိုင် သွားဝယ်မည်ဟု ရှန်ယွီက ဆိုခဲ့သည်။

ဘယ်သူမှ အရူးမဟုတ်ပါဘူး။ သူတို့အတွက် ပိုက်ဆံအမြတ် ကျန်အောင် ငါတို့က ချန်ထားပေးပြီးသားပဲ။ ပစ္စည်းဝယ်တဲ့နေရာမှာပါ အမြတ်ထုတ်ဖို့တော့ မစဉ်းစားနဲ့လေ။ ဟု ရှန်ယွီက ပြောဖူးသည် မဟုတ်ပါလား။

ဆန်းပင်းက ပုံးကို တရွတ်တိုက် ဆွဲလာသည်မှာ မီးနတ်မင်းကြီး ပရိုမီးသီးယပ်စ် လိုပင်၊ လူတိုင်း၏ ကြိုဆိုမှုကို ရရှိလိုက်သည်။ အားလုံး မီးပုံအတွက် အလုပ်ရှုပ်နေကြစဉ် ချန်ကျန့်သည် ရှန်ယွီ၏ ဘေးတွင် ပြန်ထိုင်လိုက်သည်။ ရှန်ယွီက ပေါင်ပေါ်တွင် ငါးဟင်းအိုးပန်းကန်ကို တင်ထားပြီး ရှောင်တောက်အာ၏ ကလေးသုံးတူ ဖြင့် ဘယ်ဘက်လက်ကို သုံးကာ စားနေလေသည်။

ချန်ကျန့် ပန်းကန်ကို လှမ်းကိုင်ပေးလိုက်ပြီး…

“ဘယ်သူကများ ဒီလောက်အထိ အလိုက်သိပြီး မင်းကို ငါးဟင်း လာပေးတာလဲ”

“ကပ်စေးနှဲ ယွဲ့လန် ပေါ့”

ရှန်ယွီက ဆိုသည်။

“အရင်တုန်းက သူ ဆိုင်ကယ်စီးရင်း လက်နှစ်ဖက်လုံး ကျိုးတုန်းက၊ ငါက သူ့ကို ခြေထောက်နဲ့ ထမင်းစားတတ်အောင် လေ့ကျင့်ဖို့ အားပေးခဲ့တာလေ။ အဲ့ဒါကို သူက အခုထိ မှတ်ထားပြီး လက်စားချေနေတာပေါ့”

ချန်ကျန့်မှာ မရယ်ဘဲ မနေနိုင်တော့ပါဘူး၊ ပန်းကန်ကို ကိုင်ထားတဲ့ လက်တွေပင် တုန်ယင်သွားရသည်။

“မင်းကတော့ တကယ်ကို ယုတ်မာတာပဲ”

“ငါက သူ့ကို သင်ကြားရေး ဗီဒီယိုတွေတောင် ရှာပေးခဲ့သေးတာ”

ရှန်ယွီက ငါးဖတ်တစ်ဖက်ကို ယူကာ ဖြည်းဖြည်းချင်း စားရင်း ဆိုသည်။

“မင်းကတော့ တကယ်ကို သနားစရာ မကောင်းဘူးပဲ”

ရှန်ယွီက ဘာမှပြန်မပြောဘဲ ပြုံးနေလေသည်။ ချွင်းချက်ဆိုသည်မှာ တစ်ခါတစ်ရံမှသာ ဖြစ်သင့်သည်ဟု သူက တကယ်ပင် တင်းကျပ်ထားသူ မဟုတ်ပါလား။

“ပိုက်ဆံကိစ္စကို ဒါ့လီကို ပြောပြီးပြီ၊ သူတို့ ကန့်ကွက်တာ မရှိပါဘူး”

ချန်ကျန့်က ဆိုသည်။

“မနက်ဖြန်ကျရင် သူက ကတ်နံပါတ်နဲ့ ပစ္စည်းစာရင်း ပို့ပေးလိမ့်မယ်၊ ကျွန်တော် စီစဉ်လိုက်ပါ့မယ်”

“အင်း”

ရှန်ယွီ ငါးကို မျိုချပြီး ခေါင်းညိတ်ပြသည်။

“ဒါနဲ့... ငါ မင်းကို ပြောဖို့ နည်းနည်း ရှက်နေတဲ့ ကိစ္စတစ်ခု ရှိတယ်”

“ဘာလဲဟင်”

ချန်ကျန့်မှာ အံ့သြသွားရသည်။

မင်းမှာကော ရှက်တတ်တဲ့ ကိစ္စ ရှိလို့လား။

“မင်းရဲ့ ဂျာကင်မှာ အပေါက်တစ်ခု ပေါက်သွားပြီ”

ရှန်ယွီက တူကို ချလိုက်ပြီး ဂျာကင်၏ အနားစကို မပြသည်။ မီးပုံကနေ လွင့်လာတဲ့ မီးပွားကြောင့် ဖြစ်ဟန်တူသော အပေါက်လေးတစ်ခုကို ချန်ကျန့် မြင်လိုက်ရသည်။

“ရပါတယ်၊ အင်္ကျီအဟောင်းပဲဟာကို”

“ငါ အသစ်တစ်ထည် ဝယ်ပေးမယ်လေ”

ရှန်ယွီက ဆိုသည်။

“ငါ့အတွက်လည်း ဝယ်ဖို့ လိုနေတာပဲလေ”

“မလိုပါဘူး”

ချန်ကျန့် အမြန်ပင် ငြင်းလိုက်သည်။

“ကျွန်တော့်ဘာသာ အဲ့ဒီလို အပေါက်ဖြစ်ရင်တောင် ကျွန်တော်ကတော့ ဂရုစိုက်နေမှာ မဟုတ်ဘူး”

“ဒီဂျာကင်က မင်းအတွက် အမှတ်တရ တစ်ခုခု ရှိလို့လား”

ရှန်ယွီက မေးသည်။

“ကြည့်ရတာ တော်တော် ဟောင်းနေပြီ၊ ဒါပေမဲ့ မင်းက အမြဲ ဝတ်နေတုန်းပဲ”

“အမှတ်တရ ရှိတာကတော့ အသစ်ဝယ်ဖို့ ပိုက်ဆံ မသုံးချင်တာပဲလေ”

ချန်ကျန့်က ဆိုလိုက်သည်။

“သြော်”

ရှန်ယွီ ရယ်မောလိုက်ပြီး ငါးဟင်းကို ဆက်စားနေတော့သည်။

ဟူဖန်သည် လင်ဗန်းတစ်ခုနှင့် ရောက်လာခဲ့သည်၊ သူမ၏ မျက်နှာမှာ တော်တော်လေး နီမြန်းနေပြီး အရက် အတော်လေး သောက်ထားမှန်း သိသာလှသည်။ လင်ဗန်းပေါ်တွင် အသားကင်တုတ်များအပြင် ဝိုင်ခွက် နှစ်ခွက်ပါ ပါလာသော်လည်း ဖိတ်စင်ခြင်း မရှိတာကတော့ ချီးကျူးစရာပါပဲ။

“ဒါ ကျွန်မ ကိုယ်တိုင် ဖျော်ထားတာ၊ မြည်းကြည့်ပါဦး”

ဟူဖန်က လင်ဗန်းကို ကမ်းပေးသည်။ ချန်ကျန့်သည် လက်ထဲက ပန်းကန်ကို ဘေးချလိုက်ပြီး၊ ရှန်ယွီ့လက်ထဲက ကလေးသုံး တူကို ယူကာ လင်ဗန်းကို လှမ်းယူလိုက်သည်။

“ဘာတွေနဲ့ ဖျော်ထားတာလဲ”

ရှန်ယွီ ဝိုင်တစ်ခွက်ကို ယူလိုက်သည်။

“ဝိုင်အနီနဲ့ သံပရာရည်လေ”

ဟူဖန်က ဆိုသည်။ ရှန်ယွီ တစ်ငုံသောက်လိုက်ပြီး ပြုံးပြလိုက်သည်။

“မဆိုးဘူးပဲ”

ဟူဖန် အလှည့်တွင် ရှန်ယွီက သူမကို လှမ်းခေါ်လိုက်ပြန်သည်။

“ဖန်ဖန်”

“ရှင် ဘော့စ်”

ဟူဖန် ကိုယ်ကိုကိုင်းကာ နားထောင်သည်။

“ဒီရက်ပိုင်း ပင်ပန်းသွားပြီနော်”

ရှန်ယွီ အိတ်ကပ်ထဲက စာအိတ်အနီ တစ်အိတ်ကို ထုတ်ကာ ဟူဖန်၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။

“အမလေး!”

ဟူဖန် စာအိတ်ကို ယူပြီး ချက်ချင်းပင် စမ်းကြည့်လိုက်သည်။

“အနည်းဆုံး နှစ်ထောင်ပဲ၊ ဘော့စ် သက်တော်ရာကျော် ရှည်ပါစေ.... ဒါက နှစ်သစ်ကူး မုန့်ဖိုး လားဟင်”

“နိုဝင်ဘာလကြီးမှာ ဘယ်သူက နှစ်သစ်ကူး မုန့်ဖိုး ပေးလို့လဲ”

ရှန်ယွီက ဆိုသည်။

“ဒါက မင်းတို့ ဘောနပ်ဆုကြေးပါ။ တိတ်တိတ်လေးပဲ သွားပြီး ကျောက်ကျဲ ကို ခေါ်ပေးပါဦး”

“ဟုတ်ကဲ့!”

ဟူဖန် စာအိတ်ကို အင်္ကျီကြားထဲ ထိုးထည့်ကာ အမြန် ပြေးထွက်သွားတော့သည်။

“အစည်းအဝေးကျမှ ဝေမယ်ဆို”

ချန်ကျန့်က ရှန်ယွီကို ကြည့်ကာ ဆိုသည်။

“အခု ငါ ပျော်နေတယ်လေ၊ အရက်ရှိန်နဲ့ စိတ်လှုပ်ရှားနေတာ၊ ဘာဖြစ်လဲ”

ရှန်ယွီက ဆိုသည်။ ကျောက်ဖန်းဖန်း အပြေးလေး ရောက်လာခဲ့သည်။

“ဘော့စ်ရှန်... ကျွန်မကို ရှာနေတာလား”

“ကျောက်ကျဲ... ပင်ပန်းသွားပြီနော်”

ရှန်ယွီ စာအိတ်တစ်အိတ်ကို ထုတ်ပေးလိုက်သည်။

“ကျောက်ကျဲက အလုပ်အများဆုံးပဲ၊ နေ့တိုင်း ဟင်းချက်၊ သန့်ရှင်းရေးလုပ်နဲ့လေ”

“မဟုတ်တာပဲ ဘော့စ်ရယ်။ ဖန်ဖန်တို့လည်း ကူညီကြတာပဲဟာ”

ကျောက်ကျဲ စာအိတ်ကို အိတ်ကပ်ထဲ ထည့်ရင်း ပြုံးမဆုံး ဖြစ်နေရှာသည်။

“ခဏနေရင်အားလုံးသူတို့ဘာသာ သိမ်းကြလိမ့်မယ်၊ ကျောက်ကျဲ မလုပ်နဲ့တော့နော်။ ဒီညတော့ ကောင်းကောင်းစားပြီး ပျော်ပျော်နေလိုက်ပါ”

“ဟုတ်ကဲ့ပါ!”

ကျောက်ကျဲ ခေါင်းကို တရစပ် ညိတ်ပြလေသည်။

ချန်ကျန့် ဘာမှမပြောဘဲ ဝိုင်ကိုသာ သောက်ရင်း၊ ဘော့စ်ရှန် တစ်ယောက် လူတွေရဲ့ နှလုံးသားကို ဘယ်လို သိမ်းပိုက်နေသလဲဆိုတာ ထိုင်ကြည့်နေမိသည်။ အားလုံးကလည်း အရက်ရှိန်လေးတွေနှင့် ပျော်နေကြသဖြင့် စာအိတ်အနီ ရသည့်အခါ ပို၍ပင် ဝမ်းသာနေကြတော့သည်။ ရှန်ယွီသည် ဤအချိန်ကို တမင် ရွေးချယ်ခဲ့တာလားဟုပင် သူ သံသယ ဝင်မိသည်။

အာဟူ စာအိတ်ရသည့် အခါတွင်တော့ သူ၏ မျက်လုံးထဲတွင် မျက်ရည်များပင် ဝေ့သီလာခဲ့သည်။ မီးရောင်အောက်တွင် ထိုမျက်ရည်စများကို မြင်နေရလေသည်။

“အာဟူ ဒီရက်ပိုင်း စိတ်ဆင်းရဲခဲ့ရတယ် မဟုတ်လား”

ရှန်ယွီက အာဟူ၏ လက်မောင်းကို ပုတ်ပေးသည်။ အာဟူ ဘာမှပြန်မပြောဘဲ ခေါင်းကိုသာ ခါပြပြီး အမြန် လှည့်ထွက်သွားတော့သည်။ သူသာ နှေးနေလျှင်တော့ ထိုနေရာမှာတင် ငိုချမိမှာ သေချာသည်။

တကယ်ကို သစ္စာရှိသွားကြပြီပဲ....

“အာဟူ ရဲ့ စာအိတ်က တခြားလူတွေထက် ပိုများလား”

ချန်ကျန့်က အသံတိုးတိုးဖြင့် မေးသည်။

“မန်နေဂျာကတော့ မျက်စိ တော်တော်ရှင်တာပဲ”

ရှန်ယွီက လှည့်ကြည့်သည်။

“ဒါကိုတောင် သိတာလား”

“ကျွန်တော်က ပိုက်ဆံဆိုရင် တအား အကဲခတ်မိလို့ပါ”

ချန်ကျန့် အတည်ပေါက် ပြန်ဖြေလိုက်သည်။

“တခြားလူတွေက နှစ်ထောင်၊ သူ့ကိုတော့ ငါးထောင် ထည့်ပေးလိုက်တာ”

ရှန်ယွီက ရှင်းပြသည်။

“ဘာပဲဖြစ်ဖြစ် သူက ဘော့စ်ချန် ပဲလေ။ အဲ့ဒီပိုက်ဆံကလည်း သူ့အစ်ကို့ နာမည်နဲ့ ရထားတာဆိုတော့။ နှစ်သစ်ကူးကျရင်တော့ ပိုပြီး အကြီးကြီး ပေးရမှာပေါ့”

ချန်ကျန့် ပြုံးလိုက်မိသည်။

“ချန်တာဟူ ကို ကျေးဇူးတင်ရမှာပေါ့”

ရှန်ယွီက သူ၏ ဝိုင်ခွက်ကို မြှောက်ကာ ချန်ကျန့်ဘက်သို့ လှမ်းပြသည်။

“ဟုတ်ကဲ့၊ ချန်တာဟူ ကို ကျေးဇူးတင်ရမှာပေါ့”

ချန်ကျန့်လည်း ဝိုင်ခွက်ချင်း အသာအယာ တိုက်လိုက်သည်။ ရှန်ယွီ ဝိုင်ကို အကုန်သောက်ပြီး ခွက်ကို ခြေရင်းမှာ ချလိုက်သည်။ ချန်ကျန့် လှမ်းကြည့်လိုက်သည့်အခါ ရှန်ယွီ၏ ခြေရင်းတွင် ဘီယာခွက်နှင့် ဝိုင်ခွက် စုစုပေါင်း ရှစ်ခွက် ရှိနေသည်ကို တွေ့ရသည်။

လက်မှာ ဒဏ်ရာရှိနေတာကို အရက် အဲ့ဒီလောက် အများကြီး မသောက်သင့်ကြောင်း ပြောချင်သော်လည်း၊ ခြေထောက် ကျိုးနေတုန်းကလည်း ဤလူက အဲ့ဒီလောက် သောက်ခဲ့တာပဲဟု တွေးမိသဖြင့် ချန်ကျန့် မပြောတော့ပါဘူး။ ချန်ကျန့်လည်း သူ၏ ဝိုင်ကို အကုန်သောက်လိုက်သည်။ သူလည်းပဲ ရှန်ယွီထက် သိပ်မလျော့ပါဘူး။ သူ၏ ဘေးက ကျောက်စားပွဲပေါ်မှာ ခုနစ်ခွက် ရှိနေသည်လေ။ ဒီလောက်အထိ မသောက်ဖြစ်တာ ကြာပါပြီ။ ဘာမှမခံစားရသော်လည်း ထူးဆန်းစွာပင် စိတ်ပေါ့ပါးနေမိသည်။ အတွေးတွေကလည်း သွက်လက်နေသလို၊ ပျော်လည်း ပျော်နေမိသည်။

သူ ရှန်ယွီဘက်သို့ လှည့်ကြည့်လိုက်သည့်အခါ ရှန်ယွီက စာအိတ်အနီ တစ်အိတ်ကို သူ၏လက်ထဲသို့ ထည့်ပေးလိုက်သည်။

“ပင်ပန်းသွားပြီနော် မန်နေဂျာ”

“ကျေးဇူးပါ ဘော့စ်”

ချန်ကျန့် စာအိတ်ကို ယူပြီးမှ တန့်သွားသည် ။

“ဒီလောက်တောင် များတာလား”

သူ၏ စာအိတ်မှာ အထူဆုံး ဖြစ်သလို၊ စာအိတ်ကိုယ်တိုင်လည်း အကြီးဆုံး ဖြစ်နေသည်။ အထဲတွင် အတော်လေး လေးလံနေလေသည်။ အကြွေးဆပ်ရင်းနှင့် ပိုက်ဆံတွေကို ကိုင်လာခဲ့ရသူဖြစ်သဖြင့် စမ်းကြည့်ရုံနှင့်ပင် အနည်းဆုံး ရှစ်ထောင်လောက် ရှိမည်မှန်း သူ သိလိုက်ရသည်။

“မင်းက တစ်ဦးတည်းသော စီမံခန့်ခွဲသူလေ။ တည်းခိုခန်းရဲ့ အရာရာကို မင်းပဲ တာဝန်ယူထားရတာ”

ရှန်ယွီက ဆိုသည်။

“ဒါတွေက အလကားရတဲ့ ပိုက်ဆံတွေပဲဟာ၊ မင်းကို နည်းနည်း ပိုပေးလိုက်တာပေါ့”

ချန်ကျန့် ခေတ္တမျှ တုံ့ဆိုင်းနေပြီးမှ ဘာမှထပ်မပြောတော့ဘဲ စာအိတ်ကို ဂျာကင်၏ အတွင်းအိတ်ထဲသို့ ထိုးထည့်လိုက်သည်။ တအား ထူလွန်းနေသဖြင့် တခြားလူတွေ မြင်မှာစိုး၍ ခက်ခက်ခဲခဲ ထည့်နေရလေသည်။ ရှန်ယွီက သက်ပြင်းချလိုက်ပြီး၊ သူ၏ ပတ်တီးစည်းထားသော လက်ဖြင့်ပင် ချန်ကျန့်၏ ဂျာကင်ကို ဆွဲဖွင့်ကာ စာအိတ်ကို သေသေချာချာ ထိုးထည့်ပေးလိုက်သည်။

“မင်းရဲ့ လှုပ်ရှားမှုတွေနဲ့သာဆိုရင်၊ တစ်ခါ ခိုးရင် ဆယ်ခါလောက် အဖမ်းခံရမှာ သေချာတယ်”

“တစ်ခါ အရိုက်ခံရရင်တောင် နောက်တစ်ခါ မဖြစ်အောင် ပြင်မှာပေါ့ဗျာ။ ဆယ့်နှစ်ခါလောက်အထိ အရိုက်ခံရဖို့ဆိုတာကတော့ အာဟူတောင်မှ အဲ့ဒီလောက်အထိ မအပါဘူး”

ချန်ကျန့်က ပြန်ရွဲ့လိုက်သည်။ ရှန်ယွီ ကုလားထိုင်ပေါ် မှီထိုင်ရင်း အားရပါးရ ရယ်မောတော့သည်။

လှုပ်ရှားမှုက အနည်းငယ် ပြင်းသွားသဖြင့် ရှန်ယွီ၏ ကိုယ်ဆီမှ ရနံ့တစ်ခု လွင့်ပျံလာသည်။ အခန်း ၃၀၇ မှာ ရှန်ယွီကို ပထမဆုံး စတွေ့တုန်းက ရခဲ့တဲ့ ပင်လယ်ရနံ့ သင်းသင်းလေးပေါ့။ တကယ်ကို မွှေးပျံ့လှသည်။ ချန်ကျန့်လည်း ကုလားထိုင်ပေါ် မှီထိုင်ရင်း စိတ်ကို ပြန်ထိန်းလိုက်ရသည်။

“တအား များမနေဘူးလား”

သူ အရင်ကိစ္စကို ပြန်မေးလိုက်သည်။

“အစကတော့ တစ်သောင်း ထည့်မလို့ပဲ၊ ဒါပေမဲ့ မင်းက တအား များတယ်လို့ ထင်မှာစိုးလို့ပါ”

ရှန်ယွီက ဆိုသည်။

“အကြောင်းရင်း လိုချင်ရင်လည်း အများကြီး ရှိပါတယ်။ မန်နေဂျာက အလုပ်တွေ အများကြီး လုပ်ရတယ်၊ ကောင်းကောင်းလည်း မနားရဘူးလေ။ ကိုယ်ရေးကိုယ်တာ အကြောင်းရင်း ပြောရရင်လည်း ရှိတာပေါ့”

ချန်ကျန့် ဘာမှ ပြန်မပြောပါဘူး။

“ငါ အတတ်နိုင်ဆုံးတော့ ထိန်းချုပ်ထားတာပဲ”

ရှန်ယွီက ဆက်ပြောသည်။

“ဒါပေမဲ့ လုံးဝ မရှိဘူးလို့တော့ ပြောလို့ မရဘူးလေ။ ဒီပိုက်ဆံတွေက အလကားရတာလို့ပဲ မှတ်ထားလိုက်ပါ။ ငါ့ရဲ့ ကိုယ်ပိုင်ပိုက်ဆံဆိုရင်တော့ ငါ ဒီလို မလုပ်ပါဘူး”

ဤစကားမှာ တကယ်ကို ပွင့်လင်းလွန်းလှသဖြင့် ချန်ကျန့်မှာ စဉ်းစားစရာပင် မလိုတော့ပါဘူး။ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူက…

“ကျေးဇူးပါပဲ” ဟု ဆိုလိုက်သည်။

“ကျေးဇူးတင်မနေပါနဲ့။ ဒါက ဘော့စ်ကောင်းတစ်ယောက် လုပ်ရမယ့် အလုပ်ပဲလေ”

ရှန်ယွီက ဆိုသည်။ ချန်ကျန့် ခဏတန့်သွားပြီးမှ ခေါင်းလှည့်ကာ ရယ်မောမိတော့သည်။

“နှင်းကျတဲ့ ရာသီကျရင် အရင်ကထက် ပိုပြီး ဝင်ငွေကောင်းမှာ သေချာတယ်”

ရှန်ယွီက ဆိုသည်။

“ငါ့ဆီက ပိုက်ဆံယူပြီးပြီဆိုတော့ ကြိုးစားကြရအောင်။ နှင်းကျတဲ့ ရာသီမှာ အများကြီး ရှာကြတာပေါ့”

“လူတွေကို ကြိုပြီး စည်းရုံးထားတာပေါ့ ဟုတ်လား”

ချန်ကျန့်က ဆိုလိုက်သည်။ ရှန်ယွီက သူ့ကို ကြည့်ကာ ခေါင်းညိတ်ပြသည်။

တည်းခိုခန်းမှာ အသားတွေ အများကြီး ပြင်ထားသည်လေ။ ကျောက်ကျဲ ပြင်ထားတာတွေအပြင် အသင့်စား မုန့်တွေလည်း အများကြီး ဝယ်ထားတာပါ။ လျန်ယဲ့ က ဧည့်သည်တွေလည်း လာကစားကြသည်။ ဒါ့လီကလည်း သူတို့ မီးဖိုချောင်ကနေ အာလူးဖုတ်တွေနဲ့ ကြက်တောင်ပံတွေကို လာပို့ပေးသေးသည်။ အားလုံးက စားသောက်ရင်း၊ ဆူညံရင်းနှင့် တကယ့်ကို ပျော်စရာ ကောင်းနေလေသည်။ ကျိုးလဲ့ချန်ပင်လျှင် မီးပုံပွဲမှာ ပါဝင်ပြီး တစ်နာရီနီးပါး ကပြနေခဲ့သေးသည်။ နောက်ဆုံးတော့ သက်လုံမရှိတော့သဖြင့် ဘေးမှာထိုင်ကာ ဖျော်ရည် သောက်နေရှာသည်။

ဟူဖန်၏ သက်လုံကတော့ အံ့သြစရာပါပဲ။ သူမက ဆန်းပင်းတို့ကို ဆွဲခေါ်ကာ ဧည့်သည်များကို ဦးဆောင်ပြီး ဆက်တိုက် ကပြနေဆဲပင်။ ဆန်းပင်းမှာတော့ တော်တော်လေး ပင်ပန်းနေမှန်း သိသာလှသည်။ သူ၏ Afro ဆံပင်ကြီးတောင် ပြားသွားပြီဖြစ်သော်လည်း ဟူဖန်ကတော့ မရပ်သေးသဖြင့် သူလည်း လိုက်ကနေရရှာသည်။ ချန်ကျန့်သည် မနက်ဖြန် အချိန်ဇယားကို ပြန်ညှိပြီး ဆန်းပင်းကို စောစော မနိုးအောင် လုပ်ပေးရမည်ဟု တွေးလိုက်မိသည်။

“ငါတို့ ညဘက် လမ်းထွက်လျှောက်မလို့”

ယွဲ့လန် ဝိုင်ပုလင်းကို ကိုင်ကာ ရောက်လာပြီး မော့သောက်လိုက်သည်။ သူက သူတို့နှစ်ယောက်ကို ကြည့်ကာ…

“လိုက်မလား”

ချန်ကျန့် ဘာမှ ပြန်မပြောပါဘူး၊ ဘယ်သူ့ကို မေးတာလဲ သူ မသေချာသောကြောင့် ဖြစ်သည်။ ရှန်ယွီက ယွဲ့လန်ကို ကြည့်ကာ…

“ဘာပြောလိုက်တာလဲ”

“ညဘက်! လမ်းလျှောက်တာလေ!”

ယောင်ယီ ရောက်လာပြီး ယွဲ့လန်၏ ပုခုံးကို မှီလိုက်သည်။

“ဘာပဲဖြစ်ဖြစ် အခန်းပြန်ရင်လည်း မင်းက အရင်အတိုင်း အိပ်မပျော်ဖြစ်နေမှာပဲ မဟုတ်လား။ အဲ့ဒီတော့ အပြင်ထွက် လမ်းလျှောက်ရင်း အရက်နာ သက်သာအောင် လုပ်၊ ပြီးတော့ ညဘက် ပုံလေးတွေလည်း ရိုက်တာပေါ့။ ငါ့ရဲ့ ကင်မရာတွေနဲ့ မှန်ဘီလူးတွေ အလကား သယ်လာတာ မဖြစ်စေချင်ဘူးလေ”

“မင်းက သယ်လာတာမှ မဟုတ်တာ၊ သယ်ပေးတဲ့လူ ပါတာပဲဟာ”

ရှန်ယွီက ဆိုသည်။

“ဒါဆို ငါတို့ သွားပြီနော်။ အဝေးကြီး မဟုတ်ပါဘူး၊ မင်းပြောတဲ့ မီတာ ငါးရာလောက်က ရှုခင်းကြည့်ဆောင်အထိပဲ”

ယွဲ့လန်က ဝိုင်ပုလင်းကို လှုပ်ပြပြီး ယောင်ယီနှင့်အတူ နောက်ဖေးတံခါးမှ ထွက်သွားတော့သည်။

ရှန်ယွီ ထရပ်လိုက်သည်။ သူ စိုးရိမ်နေပုံရပြီး သူတို့နောက်က လိုက်သွားဖို့ ပြင်လေသည်။ ချန်ကျန့်လည်း လိုက်ပါ ထရပ်လိုက်သည်။

“မင်းလည်း လိုက်မလို့လား”

ရှန်ယွီက မေးသည်။

“လိုက်မယ်လေ”

ချန်ကျန့် နောက်ဖေးတံခါးဆီသို့ လျှောက်လှမ်းရင်း ဆိုသည်။

“သူတို့နှစ်ယောက်လုံး အရက်တွေ သောက်ထားကြတာလေ။ တစ်ခုခုဖြစ်ရင် မင်းရဲ့ အဲ့ဒီလက်ကို အားကိုးလို့ မရဘူး မဟုတ်လား”

“မင်းကိုယ်တိုင်လည်း တော်တော် သောက်ထားတာပဲ မဟုတ်လား”

ရှန်ယွီက သူ့နောက်က လိုက်လာသည်။

“ပိုက်ဆံအိတ်ကို မြဲမြဲကိုင်ထားနော်၊ ပျောက်မသွားစေနဲ့ဦး”

ချန်ကျန့် သူ၏ အတွင်းအိတ်ထဲက စာအိတ်ကို စမ်းကြည့်လိုက်သည်။

“တအား လေးနေတော့ မေ့သွားဖို့က မလွယ်ပါဘူးဗျာ”

ရှန်ယွီ သူ့ကို ကြည့်လိုက်သည်။

“အရက် နည်းနည်း သောက်လိုက်တော့မှ မင်းရဲ့ ‘ချန်ယွီလော့ယန့်’ စရိုက်က ထွက်လာတာလား”

ချန်ကျန့် ဘာမှပြန်မပြောဘဲ ရယ်မောလိုက်မိသည်။ တကယ်ကို ပျော်စရာ ကောင်းလှသည်။

ကံကောင်းထောက်မစွာဖြင့် ရှုခင်းကြည့်ဆောင်သို့ အသွားလမ်းတွင် လေတိုက်နှုန်းမှာ အရင်ကထက် ငြိမ်သက်နေလေသည်။ သို့သော် ညဉ့်နက်နေပြီဖြစ်သဖြင့် အပူချိန်ကတော့ တော်တော်လေး ကျနေပြီ ဖြစ်သည်။ ချန်ကျန့် လမ်းလျှောက်ရင်း ရှန်ယွီကို လှည့်ကြည့်လိုက်သည်။

“အေးလား”

“ရပါတယ်”

ရှန်ယွီက ဆိုသည်။

“မင်းဝတ်ထားတဲ့ အင်္ကျီက ကျွန်တော့်ဟာထက် ပိုပါးတယ်လေ”

ချန်ကျန့်က ဆိုသည်။

“အေးရင်.... ဒါကို ဝတ်လိုက်လေ”

“နောက်နှစ် နွေရာသီကျမှ ပြောပါလား”

ရှန်ယွီက ပြန်ရွဲ့သည်။

“ငါတို့တွေက အရူးတွေလို ညဉ့်သန်းခေါင်မှာ တောင်ပေါ် တက်မလာကြဘူးဆိုရင်တော့ အဲ့ဒီအင်္ကျီက လောက်ပါတယ်”

ချန်ကျန့်က ဆိုလိုက်သည်။

“မအေးပါဘူး။ သွားကြစို့”

ရှန်ယွီ ပြုံးလိုက်သည်။

“အရက်က တကယ်ကို ကောင်းတဲ့ အရာပဲနော်”

ယွဲ့လန် စုံတွဲ၏ အရက်ဒဏ်ခံနိုင်ရည်မှာ တော်တော်လေး ကောင်းလှသည်။ တစ်ညလုံး သောက်ထားသော်လည်း တောင်တက်လမ်းမှာ ခြေလှမ်းတွေက တည်ငြိမ်နေဆဲ ဖြစ်သလို အရှိန်ကလည်း မနှေးပါဘူး။ ယောင်ယီက သီချင်းတောင် ဆိုနိုင်သေးသည်။

“ရှောင်ရီကျဲ သီချင်းဆိုတာ တော်တော် ကောင်းတာပဲ”

ချန်ကျန့်က ဆိုလိုက်သည်။

“ဟုတ်တယ်။ သူက ငါတို့ကျောင်းတုန်းက ကျောင်းသူအလှပဂေးလေ၊ သီချင်းလည်း ဆိုနိုင်၊ ကလည်း ကနိုင်သလို စာလည်း တအားတော်တာ”

ရှန်ယွီက ဆိုသည်။

“မင်းတို့က အတန်းဖော်တွေလား”

“အင်း”

ရှန်ယွီ ခေါင်းညိတ်ပြသည်။

“ငါသာ မရှိရင် ယွဲ့လန် သူ့ကို တွေ့ဖို့ အခွင့်အရေးတောင် ရှိမှာမဟုတ်ဘူး”

“ငါ ကြားတယ်နော်!”

ယွဲ့လန်က ရှေ့ကနေ လှမ်းအော်သည်။ ရှန်ယွီ ပြုံးလိုက်သည်။

ခဏအကြာတွင် သူတို့ ရှုခင်းကြည့်ဆောင်သို့ ရောက်ရှိလာခဲ့ကြသည်။ ဤနေရာမှာ ရှန်ယွီ အရင်တစ်ခါ အိပ်ခဲ့တဲ့ နေရာလောက် ရှုခင်းမလှသော်လည်း၊ ညရှုခင်းကတော့ တကယ့်ကို ရှုမောဖွယ်၊ လရောင်အောက်က တိတ်ဆိတ်နေသော ရွာကလေးကို ပို၍ ရှင်းလင်းစွာ မြင်ရသဖြင့် အေးချမ်းလှသော အလှတရားမျိုး ရှိလေသည်။

“လှလိုက်တာ။ ဒီကို လာတာ တကယ် မှန်သွားတယ်”

ယောင်ယီ ရှုခင်းကြည့်ဆောင် လက်ရန်းနားမှာ ရပ်ကာ ဆိုသည်။

“ချန်ကျန့်”

ယွဲ့လန်က အောက်က ရွာကလေးကို ညွှန်ပြသည်။

“အဲ့ဒါ မင်းတို့ ရွာဟောင်းလား”

“ဟုတ်တယ်”

ချန်ကျန့် အနားသို့ တိုးသွားသည်။

“မီးရောင်တွေ ပိုများတဲ့ ဘက်ကတော့ ရွာသစ် ပေါ့”

ယောင်ယီသည် ယွဲ့လန် သယ်လာသော အိတ်ထဲမှ သုံးချောင်းထောက် စင်ကို ထုတ်ကာ ကင်မရာကို တပ်ဆင်လိုက်ပြီး အောက်က မြင်ကွင်းကို ဓာတ်ပုံရိုက်တော့သည်။

“မနက်ဖြန်ည ထပ်လာကြရအောင်။ နည်းနည်း စောစောလာရင် ရွာကလေးက နတ်ပြည်လိုမျိုး ပိုပြီး လှနေမှာ သေချာတယ်”

ရှန်ယွီ ချန်ကျန့်၏ ဘေးတွင် လျှောက်လာပြီး အတူတူ ငုံ့ကြည့်နေမိသည်။

“မင်း ဒီကို ညဘက် လာဖူးလား”

“မလာဖူးဘူး”

ချန်ကျန့်က ဆိုသည်။

“ညဘက်မှာ ဒီလိုမျိုး ဖြစ်နေမယ်လို့ ကျွန်တော် မသိခဲ့ဘူး”

“အထဲမှာ ရှိနေတဲ့လူကတော့ ခံစားမိမှာ မဟုတ်ပါဘူး”

ယောင်ယီက ဝင်ပြောသည်။

“ကောင်းတဲ့ အရာအချို့ကိုတော့ အပြင်လူတွေကမှ ပိုပြီး မြင်နိုင်တာလေ”

“စုံတွဲပုံလေး တစ်ပုံလောက် ရိုက်ရအောင်”

ယွဲ့လန်က ဆိုသည်။ ထိုစကားကြောင့် ချန်ကျန့် ခဏမျှ ကြောင်သွားရသည်။

“မောင်လေး... ငါတို့ကို ရိုက်ပေးပါလား”

ယောင်ယီက ဆိုသည်။

“သြော်... ဟုတ်ကဲ့”

ချန်ကျန့် သတိပြန်ဝင်လာသည်။

“ဒါပေမဲ့ ကျွန်တော် ကင်မရာ မသုံးတတ်ဘူးဗျ”

“ရပါတယ်၊ ငါ အကုန် ချိန်ပေးမယ်”

ယောင်ယီက သုံးချောင်းထောက် စင်ကို အနည်းငယ် နောက်ဆုတ်လိုက်ပြီး ယွဲ့လန်၏ အကူအညီဖြင့် အရာရာကို ပြင်ဆင်လိုက်သည်။

“မင်းက ခလုတ်ကိုပဲ နှိပ်ပေးရုံပါပဲ”

“Auto။timer သုံးလိုက်ရင် မပြီးဘူးလား”

ရှန်ယွီက မေးသည်။

“အဲ့ဒီ အချိန်လေးက သူ ပိုစ့်ပေးဖို့ မလောက်ဘူးလေ”

ယွဲ့လန်က ဆိုသည်။

“မှန်တယ်”

ယောင်ယီ ယွဲ့လန်၏ ဘေးသို့ ပြန်ပြေးသွားကာ၊ သူ၏ လည်ပင်းကို ဖက်ပြီး မော့ကြည့်လိုက်သည်။ ချန်ကျန့် မှန်ဘီလူးထဲကနေ ကြည့်လိုက်သည့်အခါ တကယ့်ကို လှပသော မြင်ကွင်းတစ်ခု ဖြစ်နေလေသည်။

“ငါ မင်းကို နမ်းရမလား”

ယွဲ့လန် ယောင်ယီကို ငုံ့ကြည့်ရင်း မေးသည်။

“မနမ်းနဲ့ဦး”

ယောင်ယီက ဆိုသည်။

“နမ်းလိုက်ရင် အငွေ့အသက်တွေ ပျက်ကုန်မှာပေါ့”

“အခုက ဘာ အငွေ့အသက်လဲ”

ယွဲ့လန်က မေးသည်။

“ငါ့မိန်းမက ဘယ်လောက်တောင် လှလဲဆိုတာကို ကြည့်စမ်းပါ၊ ငါ တကယ် ဂုဏ်ယူမိတယ် ဆိုတဲ့ အငွေ့အသက်ပေါ့”

ရှန်ယွီက ကြားထဲက ဝင်ပြောလိုက်သည်။

“ဟား ဟား”

ယွဲ့လန် ရယ်မောလိုက်တော့သည်။ ယောင်ယီ လိုက်ရယ်နေစဉ်မှာပင် ချန်ကျန့် ခလုတ်ကို နှိပ်လိုက်သည်။ ထို့နောက် ယောင်ယီ၏ ညွှန်ကြားချက်အရ သူတို့နှစ်ဦး၏ ပုံစံမျိုးစုံကို သူ ရိုက်ပေးလိုက်ရသည်။ ချစ်စရာ ပုံလေးတွေကော၊ ရယ်စရာ ပုံလေးတွေပါပေါ့....။

“သူ့ကိုပါ ရိုက်ပေးလိုက်ဦး၊ မြန်မြန်”

မှန်ဘီလူးထဲက ယောင်ယီက ဘေးသို့ ရုတ်တရက် လက်ညှိုးညွှန်ပြသည်။ ချန်ကျန့် သူမ၏ လက်ညှိုးအတိုင်း ကင်မရာကို အနည်းငယ် လှည့်လိုက်သည့်အခါ၊ ရှန်ယွီမှာ လက်ရန်းကို မှီရင်း ဟိုဘက်က ရွာကလေးကို ငေးကြည့်နေသည်ကို တွေ့လိုက်ရသည်။

ချန်ကျန့် ခလုတ်ကို နှိပ်လိုက်သည်။ ထိုအခါမှသာ ရှန်ယွီမှာ သူ ဓာတ်ပုံအရိုက်ခံနေရမှန်း သိသွားပြီး လှည့်ကြည့်လာသည်။ လေက တိုက်ခတ်နေသဖြင့် ရှန်ယွီ၏ ဆံပင်များမှာ လေထဲတွင် လွင့်ပျံနေလေသည်။ လရောင်ကလည်း ကျရောက်နေသဖြင့် သူ၏ ရှင်းလင်းပြီး နူးညံ့လှသော မျက်နှာသွင်ပြင်ကို ပေါ်လွင်စေသည်။

“မလှုပ်နဲ့! မြန်မြန် ရိုက်၊ ရိုက်!”

ယောင်ယီ အနားသို့ ပြေးလာရင်း အော်သည်။

ချန်ကျန့် ခလုတ်ကို ထပ်မံ နှိပ်လိုက်သည်။ မှန်ဘီလူးထဲကနေ ရှန်ယွီ၏ မျက်လုံးများနှင့် ဆုံမိလိုက်သည့် အခိုက်အတန့်တွင်မူ၊ ခလုတ်နှိပ်သံနှင့်အတူ သူ၏ အသက်ရှူသံမှာလည်း ခေတ္တမျှ ရပ်တန့်သွားခဲ့ရလေတော့သည်။
______________________________________________________________________

TN // Face card always win ပါတယ် ညီအစ်မတွေရေ…မြေခွေးကြီး ဖြစ်နေရင်တောင် လရောင်အောက်မှာ လှတပတလေး ဖြစ်သွားရင် Win ပါတယ်နော် ။ မယုံရင် Just you Wait!!!




Comments

  1. နော်..မြေခွေးအိုကြီးကတော့..

    ReplyDelete
  2. အလှလေးချန်ကြွေသင့်ပါတယ်။

    ReplyDelete

Post a Comment

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

2

အခန်း (၂) မိုးမှာ တဖွဲဖွဲတစ်လှည့်၊ သည်းထန်စွာတစ်လှည့် ဆက်လက်ရွာသွန်းနေဆဲ…ဆိုင်တံခါးအပြင်ဘက်ရှိ မိုးကာအမိုးပေါ်တွင် ရေများပြည့်လျှံနေပြီး အချိန်မရွေး ပြိုကျတော့မည့်အလား ။ လျူဝူသည် ထိုအမိုးကို ခေတ္တမျှ စောင့်ကြည့်နေပြီးနောက် လက်ညှိုးထိုးပြကာ မေးမြန်းစူးစမ်းခန်းစသည်။ “အဲ့ဒီဟာက ရေတွေကို အလိုအလျောက် စီးဆင်းအောင် လုပ်ပေးနိုင်တာလား” “ဟုတ်တယ်” ချန်ကျန် ခပ်တိုတိုပဲ ပြန်ဖြေ၏။ “ဟင်” လျူဝူသည် အံ့အားသင့်သွားပြီး “တကယ်ကြီး အလိုအလျောက်လား” ဟု ထပ်မေးသည်။ “အသံနဲ့ ခိုင်းရတာလေ” “ဗျာ” ချန်ကျန့် အဖြေကြောင့် လျူဝူမှာ ပို၍ပင် ဝေခွဲမရဖြစ်သွားတော့သည်။ ရှန်ယွီသည် သက်ပြင်းချရင်း မျက်နှာကို အခြားတစ်ဖက်သို့ လွှဲလိုက်ရ‌တော့၏။ ချန်ကျန် မတ်တတ်ရပ်လိုက်ပြီး တံခါးဘေးရှိ ခွတစ်ခုကို ယူကာ မိုးကာအမိုးအောက်သို့ လမ်းလျှောက်သွားသည်။ ထို့နောက် အမိုး၏ အပေါ်ဘက်ကို နှစ်ချက်ခန့် ဆွလိုက်ရာ စုပုံနေသော မိုးရေများမှာ ဝေါကနဲ စီးကျသွားပြီး မိုးကာအမိုးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ “မင်း ပြောလိုက်တဲ့ ခဏမှာပဲ ရေတွေက စီးဆင်းသွားတာလေ” ချန်ကျန် ပြန်လည်ထိုင်လိုက်ရင်း “အသံနဲ့ ခိုင်းရတာဆိုတာ အဲ့ဒါကို ပြောတာ” ဟု ဆိုသည်။ “အသံနဲ့ ခိုင်းရတယ်ဆို...