အပိုင်း (၅၃)
တောင်ပေါ်က ညရှုခင်းသည် တကယ်ကို လှပလွန်းလှသည်။ ချန်ကျန့်တစ်ယောက် သူအနှစ်နှစ်ဆယ်လုံးလုံး နေထိုင်လာခဲ့သည့် ဤပတ်ဝန်းကျင်၏ အလှတရားကို ယခုမှပင် ပထမဆုံးအကြိမ် အချိန်အကြာကြီး အလေးအနက်ထား၍ ခံစားဖူးခြင်း ဖြစ်သည်။
သူ၏ခြေလှမ်းများမှာ ပေါ့ပါးနေသည်။ ၎င်းမှာ ရှန်ယွီကြောင့်လား သို့မဟုတ် အရက်ရှိန်ကြောင့်လားဆိုသည်ကိုမူ သူ မဝေခွဲတတ်တော့ပါ။ လေနှင့်အတူ လွင့်ပါးသွားပြီး လရောင်အောက်တွင် ငွေရောင်တလက်လက် တောက်ပနေသည့် ထိုကမ္ဘာကြီးထဲသို့ ခုန်ဆင်းသွားချင်သည့် စိတ်ကူးမျိုးပင် ပေါ်လာမိသည်။ ယွဲ့လန်နှင့် ယောင်ယီတို့မှာ ဝိုင်ပုလင်းကိုယ်စီကိုင်ကာ စကားပြောရင်း၊ အရက်သောက်ရင်းနှင့် တစ်ခါတစ်ရံ ဓာတ်ပုံရိုက်ရင်း ပျော်နေကြသည်။
ချန်ကျန့်နှင့် ရှန်ယွီတို့နှစ်ဦးမှာမူ တိတ်ဆိတ်နေကြလေသည်။ ရှန်ယွီက တစ်ခါတစ်ရံမှသာ စကားတစ်ခွန်း၊ နှစ်ခွန်း ဝင်ပြောတတ်ပြီး ကျန်သည့်အချိန်များတွင်တော့ ချန်ကျန့်နှင့်အတူ အဝေးသို့သာ ငေးကြည့်နေခဲ့သည်။ ၎င်းမှာ ရွာဟောင်းမှ ထွက်လာစဉ်တုန်းက မြစ်ကမ်းနားတွင် ငိုင်ပြီးရပ်နေသော ရှန်ယွီကို တွေ့ခဲ့ရသည့် ပုံစံနှင့် ဆင်တူလှသည်။ လေထဲတွင် ရပ်လျက်၊ အကြာကြီး တိတ်ဆိတ်နေခြင်းမျိုးပေါ့။
ရှန်ယွီ ဘာကိုကြည့်နေသည်။ ဘာတွေတွေးနေသည်ကို ချန်ကျန့် မသိသလို၊ ချန်ကျန့်ကိုယ်တိုင်လည်း ဘာကိုမျှ တွေးမနေခဲ့ပါဘူး။ သူသည် ငြိမ်သက်စွာ ရပ်နေရခြင်းကို သဘောကျနေပြီး ထိုနေရာမှ မခွာချင်သေးချေ။ သူ၏ ဂျာကင်အင်္ကျီလက် ထူထူမှတစ်ဆင့် ရှန်ယွီ၏ လက်မောင်းနှင့် တစ်ခါတစ်ရံ ထိတွေ့မိသည်ကို ခံစားနေရသည်။ နားနားမှ ဖြတ်တိုက်သွားသော လေတိုးသံများကြားတွင် သူတို့၏ အင်္ကျီချင်း ပွတ်တိုက်မိသံ သဲ့သဲ့ကို ကြားနေရသည်။ ၎င်းမှာ စိတ်ကို တည်ငြိမ်စေလှသည်။
ထို့ပြင် နောက်ထပ် ဖော်ပြမတတ်သော ခံစားချက်တစ်ခုလည်း ရှိနေသေးသည်။ အသာအယာ ထိတွေ့မိသည့် အကြိမ်တိုင်းမှာ သူ၏အရေပြားပေါ်သို့ ဆိုဒါရည် လောင်းချလိုက်သလိုမျိုး၊ အမြှုပ်ကလေးများ တစီစီ ပေါက်ကွဲနေသလို ခံစားချက်မျိုးပင် ဖြစ်သည်။ နူးညံ့သော်လည်း ရှင်းလင်းလှ၏။
“လှည့်ကြည့်ကြဦး”
ယောင်ယီ၏ အသံမှာ အနောက်မှ ထွက်ပေါ်လာသည်။
ချန်ကျန့်နှင့် ရှန်ယွီတို့ တစ်ပြိုင်နက်တည်း လှည့်ကြည့်လိုက်ကြသည်။ ယောင်ယီသည် သုံးချောင်းထောက်စင် နောက်တွင် ဝိုင်ခွက်ကိုကိုင်ကာ ရပ်နေပြီး၊ မှန်ပြင်ပေါ်က ပုံရိပ်ကိုကြည့်ကာ ခလုတ်ကို နှိပ်လိုက်သည်။
“အခု လရောင်က အနေအထား အတော်ပဲ”
လမင်းကြီးမှာ ဟိုဘက်တောင်ထိပ်က တောအုပ်နောက်ကွယ်သို့ ကွယ်ပျောက်သွားသည့် အချိန်တွင်မှ သူတို့တစ်စု တောင်ပေါ်မှ ဖြည်းဖြည်းချင်း ပြန်ဆင်းလာခဲ့ကြသည်။ လေတိုက်နှုန်းက ပိုပြင်းလာသဖြင့် ချန်ကျန့် သူ၏အင်္ကျီကို လေတိုးဝင်လာသည်ကို ခံစားရသည်။ တော်သေးသည်မှာ ပြန်ဆင်းရမည့်လမ်းက မီတာ ရာဂဏန်းလောက်သာ ရှိနေခြင်း ဖြစ်သည်။ သူသည် ဘေးနားက ရှန်ယွီကို လှမ်းကြည့်လိုက်မိသည်။
ရှန်ယွီကတော့ ပုံမှန်အတိုင်းပင် တည်ငြိမ်လျက် ရှိသည်၊ ယွဲ့လန်တို့ ဇနီးမောင်နှံလိုမျိုး ကိုယ်ကိုကုန်းပြီး ကုပ်ကုပ်လေး သွားနေခြင်းမျိုး မဟုတ်ဘဲ ပေါ့ပေါ့ပါးပါးပင် လျှောက်လှမ်းနေလေသည်။ သူ၏အကြည့်ကို ပြန်မရုပ်သိမ်းနိုင်မီမှာပင် ရှန်ယွီက ခေါင်းလှည့်လာခဲ့သည်။
“ဟင် ဘာလဲ”
“ဘာမှ မဟုတ်ပါဘူး”
ချန်ကျန့် ရှေ့ကိုသာ ပြန်ကြည့်လိုက်တော့သည်။
“တအား အေးတာပဲကွာ”
ရှန်ယွီက တိုးတိုးလေး ညည်းတွားသည်။
“အေးလို့လား”
ချန်ကျန့် ခေါင်းပြန်လှည့်ကြည့်မိသည်။
“မအေးပါဘူး။ ငါက ပုံမှန်ဆို ဒီလိုရာသီမှာ လက်တိုပဲ ဝတ်တာ”
ရှန်ယွီက ဆိုသည်။
“ကျွန်တော့် ဂျာကင် ဝတ်မလား”
“မလိုပါဘူး။ ခဏလေးပဲဟာကို၊ ချွတ်လိုက် ဝတ်လိုက်နဲ့ အလုပ်ရှုပ်ပါတယ်။ ငါ့ရဲ့ ဒီလက်နဲ့ဆိုရင် ရောက်တဲ့အထိ အင်္ကျီလက်ထဲ လက်ဝင်မှာတောင် မဟုတ်ဘူး”
ရှန်ယွီက ပတ်တီးစည်းထားသော သူ၏လက်ကို လှုပ်ပြရင်း ဆိုသည်။ ချန်ကျန့် ရယ်မောလိုက်မိသည်။
“မင်းရဲ့ အရက်ဒဏ်ခံနိုင်ရည်က သိပ်မကောင်းဘူးပဲ မန်နေဂျာရာ”
ရှန်ယွီက ပြုံးလျက် ဆိုသည်။
“ကျွန်တော်က ပုံမှန်ဆိုရင် သောက်ခွင့် မရလို့ပါ”
ချန်ကျန့် မငြင်းတော့ပါဘူး။ အစပိုင်းတွင် ဘာမှမခံစားရဘဲ ပျော်ရုံသာ ပျော်နေသော်လည်း၊ လေအေးထဲတွင် ခဏနေလိုက်ရသည့်အခါ အရက်ရှိန်က တက်လာခဲ့ပြီ ဖြစ်သည်။ ခြေလှမ်းများက ယိုင်တိုင်တိုင် ဖြစ်လာသလို အမြင်အာရုံကလည်း ဝေဝါးလာလေပြီ။
“ငါလည်း နည်းနည်းတော့ မူးချင်လာပြီ”
ရှန်ယွီက ရှေ့က လျှောက်သွားနေသော ယွဲ့လန်တို့ကို လှမ်းကြည့်သည်။
“အဲ့ဒီနှစ်ယောက်ကတော့ တော်တော် သောက်နိုင်တာပဲ”
ဟုတ်ပါသည်။ တောင်ပေါ်တွင် နောက်ထပ် နှစ်ပုလင်း ထပ်သောက်ခဲ့သော်လည်း သူတို့ကတော့ ဓာတ်ပုံပါ ရိုက်ပေးနိုင်သေးသည်။ ချန်ကျန့် ထိုဓာတ်ပုံများကို တကယ် မြင်ချင်နေမိသည်။ ရှန်ယွီနှင့် ညရှုခင်းပုံတွေအပြင်၊ ဒီလို အဆင့်မြင့် ကင်မရာမျိုးနှင့် ရိုက်ထားသည့် သူ၏ပုံမှာ ဘယ်လိုရှိမလဲဆိုတာ သိချင်မိသောကြောင့် ဖြစ်သည်။ အရင်က ကင်မရာနှင့် ရိုက်ဖူးသမျှပုံတွေမှာ မှတ်ပုံတင်ပုံနှင့် ကျောင်းသားကတ်ပုံတွေသာ ဖြစ်သည် မဟုတ်ပါလား။
လမ်းတစ်ဝက်သို့ ရောက်သည့်အခါ ဟူဖန်ဆီမှ စာဝင်လာသည်။ ပန်းခြံထဲက အသားကင်ပွဲ ပြီးဆုံးသွားပြီ ဖြစ်ကြောင်းတည်း။ ချန်ကျန့် အသံဖိုင် ပို့လိုက်သည်။
“မီးတွေ သေသေချာချာ ငြှိမ်းလိုက်နော်။ ကျန်တဲ့ ပစ္စည်းတွေကိုတော့ အဲ့ဒီအတိုင်း ထားခဲ့လိုက်၊ မနက်ဖြန်မှ အတူတူ သိမ်းကြတာပေါ့။ အားလုံး သွားနားကြတော့”
ဟူဖန်က ပြန်လည် ဝမ်းသာအားရသည့် စတစ်ကာလေးတစ်ခု ပို့လာသည်။ ဤအဖွဲ့မှာ တကယ်ပင် ပင်ပန်းနေကြပြီ ဖြစ်သည်။ တည်းခိုခန်းသို့ ပြန်ရောက်သည့်အခါ ပန်းခြံထဲတွင် မည်သူမျှ မရှိတော့ချေ။ အပေါ်ထပ်တွင် တစ်ယောက်ယောက်က အားရပါးရ သီချင်းဆိုနေသံကိုသာ ကြားရလေသည်။
“မင်းတို့ အရင် တက်နှင့်ကြလေ၊ ကျွန်တော် အနောက်ဘက်ဝင်းကို တစ်ပတ် သွားကြည့်လိုက်ဦးမယ်”
“အင်း”
ရှန်ယွီက ပြန်ထူးပြီး ယွဲ့လန်တို့နှင့်အတူ အထဲသို့ ဝင်သွားသည်။
ချန်ကျန့် အနောက်ဘက်ဝင်းသို့ ထွက်လာခဲ့သည်၊ တာယွင်၏ အတက်ကြွဆုံး အဖွဲ့ဝင် မှိုလေးကလည်း သူ၏နောက်မှ တကောက်ကောက် ပါလာလေသည်။ သူသည် အရင်ဆုံး မီးပုံများကို စစ်ဆေးသည်။ မီးတွင်းနှစ်ခုမှာ နွေးနေသေးသော်လည်း မီးတောက်များကတော့ ငြိမ်းနေပြီ ဖြစ်သည်။ စားပွဲပေါ်က ကျန်နေသော အသားကင်များကိုလည်း မီးဖိုချောင်ထဲသို့ သိမ်းဆည်းပြီးသား ဖြစ်သည်။
အရာရာ အဆင်ပြေနေသဖြင့် သူ စိတ်အေးလက်အေး နားနိုင်ပြီ ဖြစ်သည်။ သူ မှိုလေးကို ခွေးအိမ်ထဲသို့ ခေါ်သွားခဲ့သည်။ ဤခွေးအိမ်မှာ တစ်နေ့ထက်တစ်နေ့ ပိုမို ပြည့်စုံလာခဲ့ပြီ ဖြစ်သည်။ အစပိုင်းတွင် ဟူဖန်က ခေါင်းအုံးဟောင်း နှစ်လုံး ထည့်ပေးထားရာမှ၊ တစ်စုံတစ်ယောက်က သစ်သားအိမ်ကို ရေစိုခံ ပလတ်စတစ်ဖြင့် လေလုံအောင် ပတ်ပေးထားခဲ့သည်။ ယနေ့တွင်မူ ဂွမ်းစောင် အထူကြီး တစ်ခုပါ ထပ်မံ ထည့်ပေးထားလေသည်။ မှိုလေး ခွေးအိမ်ထဲ တိုးဝင်သွားသည့်အခါ ချန်ကျန့် လက်လှမ်းနှိုက်ကြည့်ရာ အထဲတွင် နွေးနေသည်ကို တွေ့ရသည်။ သူ စောင်ကို မကြည့်လိုက်သည့်အခါမှ ခေါင်းအုံးအောက်တွင် လျှပ်စစ် အပူပေးပြားလေး တစ်ခု ထည့်ပေးထားသည်ကို တွေ့လိုက်ရခြင်း ဖြစ်သည်။
“မင်းရဲ့ ဘဝလေးကတော့ တော်တော် သက်သောင့်သက်သာ ရှိလှချေလား”
သူ အံ့သြစွာနှင့် ရေရွတ်လိုက်မိသည်။ မှိုလေးကတော့ ခေါင်းအုံးပေါ်တွင် ကွေးကာ မျက်လုံးမှိတ်လိုက်လေပြီ။
“ဒီည ဧည့်ကြိုကောင်တာမှာ လူမရှိဘူးနော်။ မဟောင်နဲ့ဦး၊ ဟောင်ရင်လည်း ဘယ်သူမှ ကြားမှာ မဟုတ်ဘူး၊ သိလား”
မှိုလေးက သူ့ကို အရေးမစိုက်ပါဘူး။ ချန်ကျန့် အထဲပြန်ဝင်ကာ ရှေ့တံခါးနှင့် နောက်ဖေးတံခါးနှစ်ခုလုံးကို သော့ခတ်လိုက်သည်။ ညဉ့်သန်းခေါင်တွင် ဧည့်သည်အသစ် ရောက်လာဖို့ မလွယ်သော်လည်း၊ သူသည် ဟူဖန် လုပ်ထားသည့် ဆိုင်းဘုတ်လေးကို မှန်တံခါးမှာ ချိတ်ဆွဲလိုက်သည်။ ၎င်းမှာ ဆိုင်ဖွင့်ထားကြောင်းနှင့် လိုအပ်လျှင် မန်နေဂျာ၏ ဖုန်းနံပါတ်သို့ ဆက်သွယ်နိုင်ကြောင်း ရေးထားခြင်း ဖြစ်သည်။
အထဲတွင်တော့ တအား နွေးနေလေသည်။ ချန်ကျန့်မှာ အပြင်မှာ အေးစိမ့်နေခဲ့သဖြင့် သိပ်မသိသာသော်လည်း၊ အခုလို အဆောက်အအုံထဲက အနွေးဓာတ်နှင့် တွေ့လိုက်သည့်အခါတွင်မူ ရုတ်တရက် မူးဝေလာတော့သည်။ အရက်ရှိန်က တကယ် တက်လာခဲ့ပြီဖြစ်သလို၊ မျက်လုံးတွေပင် မဖွင့်နိုင်လောက်အောင် အိပ်ချင်လာခဲ့သည်။ သူ ဓာတ်လှေကားဆီသို့ လျှောက်သွားစဉ် ကြမ်းပြင်ပေါ်က တစ်ခုခုနှင့် တိုက်မိကာ ယိုင်သွားသည်။
“ဟင်!”
သူ မြေပြင်ကို ငုံ့ကြည့်သော်လည်း ဘာမှ မရှိပါဘူး။ ထို့ကြောင့် လေထဲကို လက်ဖြင့် တစ်ချက် ပုတ်လိုက်သည် ။
“ဟား!”
သူ ပြန်လှည့်အထွက်တွင် ခပ်သဲ့သဲ့ ရယ်သံတစ်ခုကို ကြားလိုက်ရသည်။
“ဘယ်သူလဲ”
ချန်ကျန့် မေးလိုက်သည့် အချိန်မှာပင် ဓာတ်လှေကား တံခါးကို မှီရပ်နေသော ရှန်ယွီကို တွေ့လိုက်ရသည်။ သူ ခေတ္တမျှ တန့်သွားပြီးမှ…
“အပေါ် မတက်သေးဘူးလား”
“စုံတွဲတစ်တွဲနဲ့ ကြားညပ်နေတဲ့ လူပိုတစ်ယောက်က ဓာတ်လှေကားထဲမှာ မဆံ့ဘူးလေ”
ရှန်ယွီက ဆိုသည်။ ချန်ကျန့် ပြုံးလိုက်မိပြီး ခလုတ်ကို သွားနှိပ်လိုက်သည်။
“မင်း ဒီလို အခြေအနေမျိုးနဲ့တောင် အလုပ်တစ်ခုမှ မလစ်ဟင်းစေရဘူးပဲ”
ရှန်ယွီက ဆိုသည်။
“သူများ ပိုက်ဆံ ယူထားတာပဲလေ၊ သူတို့ ပြဿနာတွေကို ဖြေရှင်းပေးရမှာပေါ့”
ချန်ကျန့် နံရံကို လက်ဖြင့် အားပြုရင်း ဆိုလိုက်သည်။
“ပိုက်ဆံအိတ်ကော ရှိသေးရဲ့လား”
ရှန်ယွီက သူ့ကို လှမ်းကြည့်သည်။
“အမလေး!”
ချန်ကျန့် လန့်သွားပြီး သူ၏ရင်ဘတ်ကို အသည်းအသန် စမ်းကြည့်မိသည်။ ထူထဲလှသော စာအိတ်ကို ခံစားမိသည့် အခါမှသာ စိတ်အေးသွားရသည်။
“ရှိပါသေးတယ်ဗျာ။ မင်းကတော့ ကျွန်တော့်ကို လန့်အောင်လုပ်ပြီး အမူးတောင် ပြေစေချင်တာလား”
ဓာတ်လှေကား တံခါး ပွင့်သွားသည်။ ရှန်ယွီ ပြုံးလျက် အထဲဝင်သွားပြီး ချန်ကျန့်ကလည်း နံရံကို မှီရင်း နောက်မှ လိုက်ဝင်ခဲ့သည်။ ဓာတ်လှေကားမှာ တော်တော်လေး နှေးလှသည်။ ချန်ကျန့်သည် အမြဲတမ်း ဓာတ်လှေကားက နှေးသည်ဟု ယူဆသဖြင့် လှေကားမှသာ တက်လေ့ရှိသည်။ ယနေ့တွင်မူ စတုတ္ထထပ်သို့ အသွားလမ်းမှာ ထူးထူးခြားခြား ရှည်လျားနေသလို ခံစားရစေသည်။ ကျဉ်းမြောင်းလှသော နေရာလေးအတွင်းတွင် အရက်ရှိန်ကြောင့် သူ၏ အကြားအာရုံမှာလည်း ပို၍ ထက်မြက်နေလေသည်။
သူ၏ ကိုယ်ပိုင် အသက်ရှူသံကို သူ ကြားနေရသလို၊ ရှန်ယွီ၏ အသက်ရှူသံကိုလည်း ကြားနေရသည်။ သူ ရှန်ယွီကို လှမ်းကြည့်လိုက်သည်။ ရှန်ယွီသည်လည်း သူ့ကို ပြန်ကြည့်နေလေသည်။ အနွေးဓာတ်တစ်ခုက သူ့ကို လွှမ်းခြုံထားသည်.... အဓိကအားဖြင့် သူ၏ ဦးခေါင်းတစ်ခုလုံးကိုပေါ့....။ ချန်ကျန့်သည် သူ၏ မျက်နှာနှင့် နားရွက်တွေတင်မကဘဲ တစ်ခေါင်းလုံး ပူနေသည်ဟု ခံစားရသည်။ သူသည် ဘေးနားက သံကူပြားမှာ မိမိ၏ ပုံရိပ်ကို လှမ်းကြည့်လိုက်မိသည်။ တော်သေးသည်မှာ သူ ထင်သလို တစ်ခေါင်းလုံး နီရဲနေခြင်း မဟုတ်ပါဘူး။ သူ၏ မျက်လုံးများ၊ နှာသီးဖျားနှင့် နားရွက်ဖျားလေးများသာ အနည်းငယ် နီနေခြင်း ဖြစ်သည်။
သူ သက်ပြင်းအသာ ချလိုက်မိသည်။ မဆိုးပါဘူး။ နည်းနည်းတော့ မူးနေသည်။ ပျော်လည်း ပျော်နေသည်၊ ဦးနှောက်ကလည်း အလုပ်လုပ်နေဆဲပင်။ နည်းနည်းတော့ နှေးနေပေမဲ့ပေါ့။
စတုတ္ထထပ်တွင် တံခါးပွင့်သွားသည်။ ရှန်ယွီ ဓာတ်လှေကားထဲမှ ထွက်သွားသည်။ ချန်ကျန့်ကတော့ ထိုနေရာမှာတင် ရပ်နေမိပြီး ရှန်ယွီ၏ ကျောပြင်ကိုသာ ငေးကြည့်နေမိသည်။ တံခါး ပြန်ပိတ်တော့မည့် အချိန်ကျမှ သူ အတင်း တိုးထွက်လာခဲ့ရသဖြင့် တံခါးနှင့်ပင် ညပ်တော့မတတ် ဖြစ်သွားရသည်။ ရှန်ယွီ သူ့ကို လှည့်ကြည့်သည်။
“မြန်မြန် အခန်းပြန်ပြီး အိပ်တော့လေ။ ခဏနေရင် ဓာတ်လှေကားနဲ့ ရန်ဖြစ်နေဦးမယ်။ အခု မင်းပုံစံနဲ့ဆိုရင်တော့ ဓာတ်လှေကားကို နိုင်မှာ မဟုတ်ဘူးနော်”
ချန်ကျန့် ဘာမှပြန်မပြောဘဲ ပြုံးနေမိသည်။ အိပ်ဆောင်ထဲက လူတွေ စကားပြောနေသံကို ကြားနေရသဖြင့် အားလုံး မအိပ်ကြသေးမှန်း သိရသည်။ သူ တအား အိပ်ချင်နေသော်လည်း မအိပ်ချင်သေးပါဘူး။ ဒီည တစ်ညလုံး သူ စကား သိပ်မပြောဖြစ်ခဲ့သလို၊ ဘာမှလည်း တွေးမနေဘဲ ငိုင်နေခဲ့သည်ဟု သူ ယူဆခဲ့သည်။ သို့သော် ယခုအခါမှသာ သူ အများကြီး တွေးနေခဲ့မိမှန်း သိလိုက်ရသည်။ အရက်ရှိန်ကြောင့် သူ တွေးရဲသည့် အရာများရော၊ မတွေးရဲသည့် အရာများကိုပါ အကုန် တွေးမိနေခဲ့ခြင်း ဖြစ်သည်။
မည်သို့မျှ တုံ့ဆိုင်းမနေတော့ဘဲ သူ ရုံးခန်းဘက်သို့ လျှောက်သွားခဲ့သည်။ ရှန်ယွီ၏ ဘေးမှ ဖြတ်သွားသည့် အခိုက်အတန့်တွင် ချန်ကျန့်က
“စကားခဏ ပြောရအောင်” ဟု ဆိုလိုက်သည်။
ရှန်ယွီ၏ အဖြေကို မစောင့်ဘဲ သူ ဆက်လျှောက်လာခဲ့သည်။ ရှန်ယွီသည်လည်း ဘာမှပြန်မပြောဘဲ ရုံးခန်းထဲသို့ လိုက်ဝင်လာခဲ့လေသည်။ အထဲရောက်သည့်အခါ ချန်ကျန့် ရပ်လိုက်ပြီး ရှန်ယွီဘက်သို့ လှည့်ကြည့်လိုက်သည်။ ရှန်ယွီက တံခါးဝမှာ ရပ်နေသည်။ တံခါးပိတ်ပြီးသည့်တိုင်အောင် သူ မလှုပ်ရှားသေးပါဘူး။ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ရှန်ယွီကပင် အရင် စကားစလိုက်သည်။
“မတ်တတ်ရပ်ပြီး ပြောမှာလား”
“အင်း”
ချန်ကျန့် ခေါင်းညိတ်ပြသည် ။
“ခဏလေးပါပဲ”
“ကောင်းပါပြီ”
ရှန်ယွီ ပြုံးလိုက်သည်။
“ဒီနေ့ ကျွန်တော် နည်းနည်း.... အရက်တွေ အများကြီး သောက်မိသွားတယ် ထင်တယ်....”
ချန်ကျန့် သူ့ကို ကြည့်ကာ ဆိုသည်။ စကားပြောနေစဉ်တွင် သူ၏ ကိုယ်ပိုင်အသံမှာပင် ဝေးကွာနေသလို၊ လက်တွေ့မကျသလို ခံစားနေရသည်။
“သေချာတာပေါ့၊ မင်း တော်တော် သောက်ထားတာပဲ”
ရှန်ယွီက ဆိုသည်။
“မပြောနဲ့ဦး”
ချန်ကျန့်က တားလိုက်သည်။ ရှန်ယွီ မျက်နှာလွှဲကာ ပြုံးလိုက်ပြီးမှ သူ့ကို ပြန်ကြည့်သည် ။
“အင်း”
“ကျွန်တော် ပြောချင်တာက....”
ချန်ကျန့် ရှေ့သို့ တစ်လှမ်း တိုးလိုက်သည်၊ မိမိ၏ လက်တွေ့မကျလှသော အသံကို ရှန်ယွီ ပိုပြီး ရှင်းရှင်းလင်းလင်း ကြားစေချင်သောကြောင့် ဖြစ်သည်။
“ကျွန်တော် အရင်က ပြောခဲ့ဖူးပါတယ်၊ ဘော့စ်နဲ့ ဝန်ထမ်း ဆိုတဲ့ ဆက်ဆံရေးထက် ပိုပြီး ဘာမှ မရှိစေရဘူး ဆိုတာလေ....”
ရှန်ယွီ ဘာမှမပြောဘဲ တံခါးကို မှီရပ်ရင်း သူ့ကို စိုက်ကြည့်နေသည်။
“အမှန်တော့ တောက်လျှောက်လုံး....”
ချန်ကျန့် တကယ်ကို အလေးအနက် စဉ်းစားလိုက်မိသည်။
“ကျွန်တော် အဲ့ဒီအတိုင်း မလုပ်နိုင်ခဲ့ဘူး မဟုတ်လား”
“ငါက မလုပ်နိုင်တာလား၊ ဒါမှမဟုတ် မင်းက မလုပ်နိုင်တာလား”
ရှန်ယွီက မေးသည်။
“ကျွန်တော် မသိဘူး။ ကျွန်တော်ပဲ ထင်ပါတယ်”
“ဖြစ်နိုင်ပါတယ်”
ရှန်ယွီက ဆိုသည်။
“ဒီကိစ္စက.... ဘယ်လိုမှ မဖြစ်နိုင်တဲ့ ကိစ္စပဲ မဟုတ်လား”
ချန်ကျန့်က ဆိုလိုက်သည်။ ရှန်ယွီ ခဏမျှ တိတ်ဆိတ်သွားပြီးမှ ပြန်ဖြေသည်။
“မင်း ဘယ်လို တွေးသလဲ ဆိုတဲ့ အပေါ်မှာပဲ မူတည်မှာပေါ့”
“ကျွန်တော်... ဖြစ်နိုင်တာကတော့....”
ချန်ကျန့် ပြောစရာတွေ အများကြီး ရှိသည်ဟု ခံစားနေရသည်၊ အစီအစဉ်တကျ ရှိနေသည်ဟုလည်း ထင်ရသည်။ သို့သော် ပါးစပ်ကို ဖွင့်လိုက်သည့် အခါတွင်မူ သူ၏ ဦးနှောက်နှင့် ပါးစပ်မှာ အသစ်တပ်ဆင်ထားသော အစိတ်အပိုင်းများပမာ တစ်ခုမှ အလုပ်မလုပ်ဘဲ တစ်နေတော့သည်။ သူ ရပ်လိုက်မိသည်။ ရှန်ယွီကတော့ မည်သည့် အမူအရာမျှ မပြဘဲ ငြိမ်သက်စွာသာ စောင့်နေပေးသည်။
“ကျွန်တော်... မင်းအပေါ်မှာ....”
ချန်ကျန့် စိတ်လှုပ်ရှားစွာဖြင့် နောက်ထပ် တစ်လှမ်း ထပ်တိုးလိုက်သည်။ သူ၏ခြေထောက်မှာ ကော်ဇောနှင့် တိုက်မိကာ ထပ်မံ ယိုင်သွားပြီး ရှန်ယွီ၏ ကိုယ်ပေါ်သို့ ဝုန်းခနဲ တိုးဝင်မိတော့သည်။ ကံကောင်းထောက်မစွာဖြင့် သူ၏ ဦးနှောက်က နှေးနေသော်လည်း ခန္ဓာကိုယ်ကတော့ ပုံမှန်ရှိနေဆဲပင်။ သူ လက်တစ်ဖက်ကို ဆန့်ထုတ်ကာ တံခါးကို အားပြုလိုက်သည်။ “ဗုန်း” ခနဲ အသံကြောင့် တံခါးပင် တုန်ခါသွားရသည်။ သူကိုယ်တိုင်ပင် လန့်သွားရသည်။ ရှန်ယွီ၏ ဒဏ်ရာရနေသော လက်မှာလည်း သူ့ကို ရှောင်ရန်အတွက် ဘေးသို့ ရွှေ့လိုက်ရလေသည်။
သူ သက်ပြင်းအသာ ချလိုက်မိသည်။
“ကျွန်တော် မင်းအပေါ်မှာ ခံစားချက်တွေ ရှိနေတယ်”
ယခုတစ်ကြိမ်တွင်တော့ သူ ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။ သူ၏ အသံမှာ ဝေးကွာမနေတော့ဘဲ ရှန်ယွီနှင့် မျက်နှာချင်းဆိုင် ပြောလိုက်သလို ရှင်းလင်းလှသည်။
“အင်း”
ရှန်ယွီက ခပ်တိုးတိုးပဲ ပြန်တုံ့ပြန်သည်။ စင်တီမီတာ နှစ်ဆယ်လောက်သာ ဝေးသော အကွာအဝေးမှ ရှန်ယွီ၏ အသံမှာလည်း အလွန်ပင် ရှင်းလင်းနေလေသည်။
“ဒါပေမဲ့....”
ချန်ကျန့် ခေါင်းငုံ့ကာ ဘယ်လိုပြောရမလဲ စဉ်းစားနေမိသည်။ သူ အရက် အများကြီး မသောက်ခဲ့တာ သေချာသော်လည်း၊ တစ်ကိုယ်လုံးသို့ အရက်များ လောင်းချလိုက်သလိုမျိုး သူ၏ ဦးနှောက်မှာ ရှုပ်ထွေးနေလေသည်။
“ဘယ်လိုပြောရမလဲ ကျွန်တော် မသိဘူး.... ကျွန်တော်....”
“ချန်ကျန့်”
ရှန်ယွီက သူ၏နာမည်ကို ခေါ်လိုက်သည်။
“ဗျာ”
ချန်ကျန့် သူ့ကို မော့ကြည့်သည်။
“ဒီလို ခံစားချက်မျိုးတွေက ဘယ်တော့မှ တူညီနေမှာ မဟုတ်ဘူးလေ။ အချို့လူတွေက ပိုခံစားရမယ်၊ အချို့က လျော့ခံစားရမယ်။ အချို့က စောမယ်၊ အချို့က နောက်ကျမယ်။ ဒါတွေက အတိအကျ တူညီနေမှာ မဟုတ်သလို၊ တူညီနေဖို့လည်း မလိုပါဘူး....”
ရှန်ယွီ၏ အသံကို နားထောင်ရင်း ချန်ကျန့် ငိုင်နေမိသည်။
“ပြီးတော့ တစ်ဖက်လူက ဘယ်လောက်အထိ ပေးဆပ်ထားလဲဆိုတာ မင်း ဘယ်တော့မှ သိမှာ မဟုတ်ဘူး။ အဲ့ဒါက သုံးဆယ်ရာခိုင်နှုန်းလား၊ ငါးဆယ်ရာခိုင်နှုန်းလား၊ ဒါမှမဟုတ် အားလုံးလား ဆိုတာပေါ့”
ရှန်ယွီက ဆက်ပြောသည် ။
“ဒါကြောင့် ငါ မင်းကို သဘောကျတယ် ဆိုတာက ရိုးရှင်းတဲ့ ဖော်ပြချက် တစ်ခုပါပဲ။ အဲ့ဒါကို တိုင်းတာနေဖို့ မလိုသလို၊ အပြန်အလှန် ဖြစ်နေဖို့လည်း မလိုပါဘူး”
“အင်း”
“မနက်ဖြန် မင်းနိုးလာတဲ့အခါ မင်း ဘာတွေပြောခဲ့လဲဆိုတာ မှတ်မိချင်မှ မှတ်မိမှာပါ။ ဒါပေမဲ့ ငါ ပြောခဲ့တာတွေကိုတော့ မင်း မှတ်မိနေရင် ပိုကောင်းမယ်”
“ဟုတ်ကဲ့”
ချန်ကျန့် သူ့ကို ကြည့်လိုက်သည်။
“ဒါဆို ကျွန်တော် ပြောခဲ့တာတွေကိုကော မင်း မှတ်မိနိုင်မလား”
“မင်း မမှတ်မိရင် ငါလည်း မမှတ်မိဘူးပေါ့”
“ကျွန်တော်....”
ချန်ကျန့် တံခါးကို အားပြုထားသော လက်မောင်းမှာ အားနည်းလာခဲ့ပြီ ဖြစ်သည်။ ရှန်ယွီ၏ အသက်ရှူသံက ပို၍ နီးကပ်လာသလို ခံစားရသော်လည်း၊ သူ မြင်နေရသော ရှန်ယွီ၏ မျက်နှာမှာမူ တစ်ဖြည်းဖြည်းနှင့် ဝေဝါးလာလေသည်။
နီးလွန်းနေပြီ။
“ကျွန်တော် မင်းကို သဘောကျတယ်”
ချန်ကျန့် ဤစကားကို ပြောလိုက်သည့် အခိုက်အတန့်တွင် သူ၏ နှုတ်ခမ်းမှာ ရှန်ယွီ၏ နှုတ်ခမ်းထောင့်ကို ထိတွေ့သွားခဲ့သည်။ ထို့နောက်တွင်မူ သူ အားပြုထားသော လက်မောင်းမှာ လုံးဝ အားပျော့သွားတော့သည်။ သူ၏ နောက်ဆုံး အမှတ်တရမှာ ရှန်ယွီကို ဖက်တွယ်လျက် ဒူးထောက်လျက်သားနှင့် ကြမ်းပြင်ပေါ်သို့ လျှောကျသွားခြင်းပင် ဖြစ်လေသည်။
“ဟေး....”
ရှန်ယွီက ချန်ကျန့်ကို လှမ်းဖမ်းရန် လက်လှမ်းလိုက်သည်။ သို့သော် ချန်ကျန့်၏ လျှောကျသွားမှုကို မတားနိုင်ခဲ့ပါဘူး။ သူသည် ရှန်ယွီ၏ အင်္ကျီကို ဆုပ်ကိုင်ထားရင်းနှင့် လဲကျသွားခြင်းဖြစ်ရာ၊ ရှန်ယွီသည်လည်း သူနှင့်အတူ လိုက်၍ ဆောင့်ကြောင့် ထိုင်လိုက်ရလေသည်။ မဟုတ်လျှင် သူ၏ အင်္ကျီမှာ ချန်ကျန့်၏ လက်ချက်နှင့် ပြဲထွက်သွားမှာ သေချာသည် မဟုတ်ပါလား။
ချန်ကျန့်သည် ကြမ်းပြင်ပေါ်တွင် စက္ကန့်အနည်းငယ်မျှ ဒူးထောက်နေပြီးမှ၊ နောက်ဆုံးတွင် အားလုံးကို လက်လျှော့လိုက်ကာ ဘေးသို့ စောင်းလျက် ကော်ဇောပေါ်သို့ လဲကျသွားတော့သည်။
“ချန်ကျန့်”
ရှန်ယွီ ကိုယ်ကိုကိုင်းကာ သူ့မျက်နှာကို ပုတ်ပြီး ခေါ်ကြည့်သည်။
“မန်နေဂျာ။ ကောက်ကောက်”
ချန်ကျန့်ကတော့ ဘာမှ ပြန်မထူးပါဘူး။ ရှန်ယွီ သက်ပြင်းချလိုက်မိသည်။ ခေတ္တမျှ တိတ်ဆိတ်သွားပြီးမှ သူ အိပ်ခန်းထဲသို့ လျှောက်သွားသည်။ ခြေလှမ်းအနည်းငယ် ရောက်မှ နောက်သို့ ပြန်လှည့်လာပြီး ။
“ချန်ယွီလော့ယန့်” ဟု ခေါ်ကြည့်ပြန်သည်။
ချန်ကျန့်မှာမူ မလှုပ်မယှက် ရှိနေဆဲပင် ဖြစ်သည်၊ အသက်ရှူသံကတော့ မှန်မှန်လေး ရှိနေလေသည်။ ရှန်ယွီ အိပ်ခန်းထဲဝင်ကာ စောင်တစ်ထည် ယူလာပြီး သူ့အပေါ် လွှမ်းပေးလိုက်သည်။ ထို့နောက် ခေါင်းအုံးတစ်လုံးကို ယူကာ သူ၏ ခေါင်းအောက်သို့ ထိုးထည့်ပေးလိုက်သည်။ သူသည် အိပ်ဆောင်သို့ သွားကာ ဆန်းပင်းတို့ကို ခေါ်ပြီး ချန်ကျန့်ကို ပြန်သယ်ခိုင်းဖို့ စဉ်းစားသော်လည်း၊ တကယ်လို့ အဲ့ဒီလိုသာ လုပ်ခဲ့လျှင်တော့ မနက်ဖြန် မန်နေဂျာချန် နိုးလာသည့်အခါ အိပ်ဆောင်ထဲက လူအားလုံးကို နှုတ်ပိတ်ပစ်မှာ သေချာသည်။
သို့သော် ချန်ကျန့်၏ အခြေအနေမှာ အရက်မူးနေရုံတင် မဟုတ်ပါဘူး။ တစ်ခုခုက သူ့ကို အတွင်းစိတ်ထဲကနေ ထောက်ပံ့ပေးနေခဲ့ရာမှ အားလုံးမှာ ရုတ်တရက် ပျောက်ကွယ်သွားသလိုမျိုး ဖြစ်နေခြင်း ဖြစ်သည်၊ အရက်ရှိန်နှင့်လည်း ပေါင်းစပ်သွားတာပေါ့လေ....။ ရှန်ယွီ သူ၏ဘေးတွင် ခဏမျှ ရပ်နေပြီးမှ၊ အိတ်ကပ်ထဲက ဖုန်းကိုထုတ်ကာ ငုံ့လျက် ပုံအချို့ ရိုက်လိုက်သည်။ ဆောင့်ကြောင့်ထိုင်ကာ ချန်ကျန့်၏ မျက်နှာကိုလည်း အနီးကပ်ပုံတွေ အများကြီး ရိုက်လိုက်သေးသည်။ ဤပုံများကိုသာ ချန်ကျန့် မြင်သွားခဲ့လျှင်တော့ ရှန်ယွီ့ကို သေချာပေါက် လိုက်သတ်မှာပါပဲ။
ရှန်ယွီ ဖုန်းကို ဆိုဖာပေါ် ပစ်တင်လိုက်ပြီး၊ ချန်ကျန့်၏ ဘေးတွင် ဆောင့်ကြောင့်ထိုင်ကာ ခဏမျှ ငိုင်နေမိသည်။ သူသည် လက်လှမ်းကာ ချန်ကျန့်၏ နဖူးပေါ်က ဆံပင်များကို သပ်ပေးလိုက်ပြီး၊ လက်ချောင်းထိပ်လေးဖြင့် နဖူးမှတစ်ဆင့် နှာသီးဖျားအထိ မျဉ်းတစ်ကြောင်းဆွဲသလိုမျိုး အသာအယာ တို့လိုက်မိသည်။ ခဏအကြာတွင် သူ ဖုန်းကို ပြန်ယူလိုက်ပြန်သည်။ သူသည် ချန်ကျန့်၏ ဆံပင်ကို အလယ်ခွဲ ပုံစံလုပ်ကာ တစ်ပုံရိုက်သည်၊ ထို့နောက် အနောက်ကို အကုန်သပ်တင်ကာ နောက်တစ်ပုံ ထပ်ရိုက်ပြန်သည်။ ချန်ကျန့်မှာ တကယ်ကို ရုပ်ချောသူဖြစ်ကြောင်း သူ ဝန်ခံလိုက်ရသည်။ တခြားလူသာဆိုလျှင်တော့ ဤပုံစံမျိုးတွေနှင့် ရိုက်ထားတဲ့ ပုံတွေကို သူ၏ဖုန်းထဲမှာ စက္ကန့်သုံးဆယ်တောင် ထားမှာ မဟုတ်ပါဘူး။
***
သူ့ဘဝတွင် ဤမျှလောက်အထိ ရှုပ်ထွေးလှသော အိပ်မက်မျိုးကို သူ တစ်ခါမှ မမက်ဖူးခဲ့ပါဘူး။ ချန်ကျန့်သည် မျက်စိရှေ့တွင် ပြင်းထန်လှသော နေရောင်ခြည်ကို ခံစားနေရပြီး၊ သူ အိပ်ရာမှ တဖြည်းဖြည်း နိုးလာနေပြီမှန်း သိနေသော်လည်း၊ ရှုပ်ထွေးနေသော အခြေအနေများမှတော့ မရုန်းထွက်နိုင်သေးပါဘူး။ သူသည် မျက်လုံးများကို အားယူကာ ဖွင့်ကြည့်လိုက်သည်။ စူးရှလှသော နေရောင်ခြည်မှာ သူ၏မျက်စိရှေ့တွင် ကျယ်ပြန့်စွာ ပျံ့နှံ့နေလေသည်။
သူသည် သူ၏ကိုယ်ပေါ်က စောင်ကို တင်းတင်းဖက်ကာ မျက်လုံးပြန်မှိတ်လိုက်သည်၊ ထို့နောက်မှ ဖြည်းဖြည်းချင်း ပြန်ဖွင့်ကြည့်ပြန်သည်။ အနည်းငယ် ဝေဝါးနေသေးသော်လည်း၊ မြင်ကွင်းက ရှင်းလင်းလာသည့်အခါ တစ်ခုခု မှားနေပြီမှန်း သူ သိလိုက်ရသည်။
ဘယ်အချိန်ကစပြီး အိပ်ရာက အဲ့ဒီလောက် တောင့်တင်းသွားရတာလဲ။ဘယ်အချိန်ကစပြီး အိပ်ရာက အဲ့ဒီလောက်အထိ ကျယ်ပြန့်သွားရတာလဲ....
သူသည် မြင်ကွင်းတစ်လျှောက် လိုက်ကြည့်မိသည့်အခါ ဖိနပ်တစ်စုံကို တွေ့လိုက်ရသည်။ တိတိကျကျ ပြောရလျှင် လူတစ်ယောက် စီးထားသော Sneakers ဖိနပ်တစ်စုံ ဖြစ်လေသည်။ ၎င်းမှာ သူ၏ မြင်ကွင်းနှင့် တစ်တန်းတည်း ရှိနေခြင်း ဖြစ်သည်။ ထိုဖိနပ်မှတစ်ဆင့် အပေါ်သို့ လိုက်ကြည့်လိုက်သည့်အခါ ချောင်ချိလှသော အားကစားဘောင်းဘီကို တွေ့ရသည်။ ၎င်းမှာ ရှန်ယွီ၏ ဘောင်းဘီမှန်း သူ မှတ်မိလိုက်သည်။
အပေါ်ကို ဆက်ကြည့်ဖို့ မလိုတော့ပါဘူး။ ရှန်ယွီသည် စားပွဲကို မှီရပ်ရင်း သူ့ကို စိုက်ကြည့်နေသည်။ လက်ထဲတွင်တော့ အငွေ့တထောင်းထောင်း ထနေသော ကော်ဖီခွက်လား လက်ဖက်ရည်ခွက်လား ကိုင်ထားလေသည်။
ကော်ဖီ ဖြစ်မှာပါ။ သူ ကော်ဖီနံ့ကို ရနေသည်လေ။
“မင်္ဂလာနံနက်ခင်းပါ”
ရှန်ယွီက ကော်ဖီတစ်ငုံ သောက်ရင်း သူ့ကို နှုတ်ဆက်လိုက်သည်။
“ဟင်!”
ချန်ကျန့်မှာ ချက်ချင်းပင် သတိဝင်လာပြီး ကြမ်းပြင်ပေါ်မှ ဝုန်းခနဲ ထထိုင်လိုက်သည်၊ စောင်နှင့်လည်း ပတ်မိနေသေးသည်။ စောင်မှာ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသည့် အခိုက်အတန့်တွင် ငုံ့ကြည့်လိုက်မိ၏။ ဘော့စ်၏ ရုံးခန်း ကြမ်းပြင်ပေါ်မှာ တစ်ညလုံး အိပ်ခဲ့တာကိုး။ သူ ဖုန်းထုတ်စစ်လိုက်သည်။ တစ်ညတည်းတင် မဟုတ်ပါဘူး၊ တစ်ညနှင့် တစ်မနက်ခင်းလုံး ဖြစ်နေလေပြီ။
“၁၀ နာရီခွဲ ရှိပြီလား!”
သူ ရှန်ယွီကို အံ့သြတကြီး လှမ်းကြည့်လိုက်သည်။
“အင်း”
ရှန်ယွီ ခေါင်းညိတ်ပြသည်။
“သူတို့တွေ အကုန် နိုးကုန်ကြပြီလား”
ချန်ကျန့် စောင်ကို အလျင်အမြန် ကောက်ယူကာ လုံးထွေးသိမ်းလိုက်သည်။
“ဘာလို့ ကျွန်တော့်ကို မနှိုးတာလဲ”
“မင်း တော်တော်လေး နှစ်နှစ်ခြိုက်ခြိုက် အိပ်နေတာလေ။ ငါ ဒီကို ရောက်ကတည်းက မင်း အခုလို စောစောစီးစီး အိပ်နေတာ တစ်ခါမှ မမြင်ဖူးဘူးလေ”
“ဒီနေ့ လုပ်စရာတွေ အများကြီး ရှိတာကို…”
ချန်ကျန့် စောင်ကို ဆိုဖာပေါ် တင်ဖို့ ပြင်သော်လည်း၊ ညစ်ပတ်နေမလားဟု တွေးမိသဖြင့် ဒီအတိုင်းသာ ကိုင်ထားလိုက်သည်။
“အားလုံး နိုးနေကြပါပြီ ။ အားလုံးလည်း ပုံမှန်ပါပဲ။ မန်နေဂျာ မိနစ်အနည်းငယ်လောက် မရှိတာနဲ့တင် တာယွင် ကတော့ ဒေဝါလီခံမှာ မဟုတ်ပါဘူး”
ချန်ကျန့် ဘာမှ ပြန်မပြောပါဘူး။ ရှန်ယွီသည်လည်း ကော်ဖီကို သောက်ရင်း တိတ်ဆိတ်နေခဲ့သည်။ ခဏအကြာတွင်မှ သူ၏ ဦးနှောက်မှာ လုံးဝ သတိဝင်လာခဲ့လေပြီ။ အမှတ်တရများမှာလည်း ပြန်လည် ပေါ်ထွက်လာတော့သည်။
သူ အားလုံးကို မှတ်မိပါသည်။ အိပ်မက်တစ်ခုကို ပြန်ပြောင်း သတိရနေသလိုမျိုး ဖြစ်နေသော်လည်း၊ သူ အရာရာကို မှတ်မိနေခဲ့၏။ ချန်ကျန့်အနေဖြင့် လက်ထဲတွင် စောင်ကို ကိုင်ထားမိတာ တော်သေးသည်ဟု တွေးလိုက်မိသည်။ မဟုတ်လျှင် သူ၏ လက်တွေကို ဘယ်မှာ ထားရမှန်း သိမှာ မဟုတ်ပါဘူး။ သူ ရှန်ယွီကို လှမ်းကြည့်လိုက်သည်။
မနက်ဖြန် မင်းနိုးလာတဲ့အခါ မင်း ဘာတွေပြောခဲ့လဲဆိုတာ မှတ်မိချင်မှ မှတ်မိမှာပါ....
“ကျွန်တော် မှတ်မိတယ်”
ချန်ကျန့်က ဆိုလိုက်သည်။
“ဟင်?”
ရှန်ယွီ မေးသည် ။
“ဘာကိုလဲ”
“အရာအားလုံးကိုပေါ့”
ချန်ကျန့်က တည်ငြိမ်စွာပင် ပြန်ပြောလိုက်လေတော့သည်။
__________________________________________________________________________
TN // တွေ့လား စောင့်ကြည့်ပါလို့ ယူတို့ကို မီ မပြောဘူးလား။
အငယ်လေးရဲ့ အချစ်က ငြိမ့်ငြိမ့်လေး မသိသာလောက်အောင်ပဲ။အကြာကြီးနေမှ ပြန်ကြိုက်မယ်ထင်ခဲ့တာ။
ReplyDeleteနောက်ဆုံးတော့ မြေခွေးအိုကြီး မြက်နုလေးရခဲ့ပြီပေါ့
ReplyDeleteမမှတ်မိချင်ယောင် ဆောင်ဦးမယ် မှတ်တာ ဖြစ်ရလေ အလှလေးချန်ရယ် ချစ်စရာလေး
ReplyDelete