အပိုင်း(၅၄)
ရှန်ယွီသည် စကားမပြောဘဲ စားပွဲကိုမှီကာ လက်ပိုက်လျက် ရှိနေဆဲပင်။ သူကိုင်ထားသော ကော်ဖီခွက်မှာ သူ၏မျက်နှာအောက်ပိုင်းကို ဖုံးကွယ်ထားပြီး၊ ထွက်ပေါ်လာသော အငွေ့များက သူ၏မျက်လုံးအစုံမှ အကြည့်များကို ဝေဝါးနေစေသည်။
ဤစကားကို ပြောပြီးသည့်နောက် ချန်ကျန့်မှာ နောက်ထပ် စကားပြောရန် အင်အားပင် မရှိတော့သလို ခံစားလိုက်ရသည်။
“ချန်ကျန့်...”
ရှန်ယွီက သူ၏ခွက်ထဲက ကော်ဖီကို ငုံ့ကြည့်ရင်း ဆိုသည်။
“မင်းက ငါ့ရဲ့ ခန့်မှန်းချက်တွေကို နည်းနည်းတော့ ကျော်လွန်နေတယ်”
“ဒါဆို မင်းရဲ့ တွက်ချက်မှုတွေ မှားတဲ့အချိန်လည်း ရှိတာပေါ့”
ရှန်ယွီ ပြုံးလျက် သူ့ကို မော့ကြည့်သည်။
“ကျေးဇူးပဲ”
ချန်ကျန့် ပြန်လည် တိတ်ဆိတ်သွားပြန်သည်။
“စောင်ကိုတော့ ထားခဲ့လိုက်ပါ။ မင်းက ဘယ်ကို သယ်သွားမလို့လဲ”
“လွှင့်ပစ်မလို့ မဟုတ်ဘူးလား”
ချန်ကျန့်က မေးသည်။
“ငါ အလကားရတဲ့ ပိုက်ဆံ တစ်သိန်းတော့ ရထားတာ မှန်ပါတယ်”
ရှန်ယွီက ဆိုသည်။
“ဒါပေမဲ့ ကြမ်းပြင်ပေါ်မှာ တစ်ည ရောက်သွားရုံနဲ့ စောင်တစ်ထည်ကို လွှင့်ပစ်ရလောက်အောင်တော့ ငါ မကြွယ်ဝသေးပါဘူး။ လျှော်လိုက်ရင် ရတာပဲလေ”
“မင်း ညစ်ပတ်တယ် ထင်နေမလားလို့ပါ။ ဒီကော်ဇောကလည်း မလဲရသေးဘူး၊ အရင်က ချန်းယွီ သုံးခဲ့တာလေ”
“သူက ကော်ဇောပေါ်မှာ အီးပါခဲ့လို့လား”
ရှန်ယွီက မေးလိုက်သည်။
“ဟေး!”
ချန်ကျန့် အော်လိုက်မိသည်။
“ကျွန်တော် အဲ့ဒီပေါ်မှာ တစ်ညလုံး အိပ်ခဲ့တာလေ”
ရှန်ယွီ ရယ်မောရင်း ကော်ဖီကို တစ်ငုံသောက်လိုက်သည်။
“ဒါဆိုလည်း... ကျွန်တော် သွားလျှော်လိုက်ပါ့မယ်”
“အင်း”
ရှန်ယွီ ခေါင်းညိတ်ပြသည်။ ချန်ကျန့် ကိုယ်ကိုကိုင်းကာ ခေါင်းအုံးကိုပါ ယူပြီး ရုံးခန်းထဲမှ ထွက်လာခဲ့တော့သည်။
ရုံးခန်းတံခါး ပိတ်သွားသည့် အခိုက်အတန့်မှာပင် ရှန်ယွီ ကော်ဖီခွက်ကို ချလိုက်ပြီး သက်ပြင်းအသာ ချလိုက်မိသည်။ သူ ပြတင်းပေါက်နားသို့ လျှောက်သွားကာ အောက်ကို ငုံ့ကြည့်လိုက်သည်။ ဝင်းထဲတွင် ဘယ်သူမှ မရှိဘဲ မှိုလေး တစ်ကောင်တည်း သစ်ရွက်ခြောက်တွေကို လိုက်ဆွဲနေသည်ကို တွေ့ရသည်။ လေတိုက်လျှင် သစ်ရွက်နောက်ကို လိုက်ပြေးပြီး၊ လေငြိမ်သွားလျှင်တော့ ဖင်ဘူးတောင်းထောင်ကာ စောင့်နေပြန်သည်....။
ယွဲ့လန်တို့ ကားလည်း မရှိတော့ပါဘူး။ ထိုနှစ်ယောက်ကတော့ တကယ်ကို အားအင် ပြည့်ဝလွန်းလှသည်။ မနေ့က အဲ့ဒီလောက် သောက်စားထားတာကို ဒီနေ့ မနက်စောစော တောင်ပေါ်တက်ပြီး ရေခဲရေတံခွန် သွားကြည့်မယ်ဆိုပြီး ထွက်သွားကြပြီ။
တောင်ပေါ်မှာ ရေခဲရေတံခွန် ရှိလို့လား။ ရှန်ယွီ တကယ် မသိပါဘူး။ ရေတံခွန် ရှိမရှိတောင် သူ မသေချာသလို၊ အဲ့ဒါက ခဲနေမလားဆိုတာလည်း မသိချေ။ သူ ဤတောအုပ်အကြောင်း အသိဆုံးဆို၍ တောင်လယ်က ကျောက်ဆောင်ကြီးနှင့် ချန်ကျန့်၏ မေမေကြီး ရှိသည့် နေရာသာ ဖြစ်သည်။
ပြီးတော့ ချန်ကျန့် အကြောင်းပေါ့။
တစ်နေရာရာမှ ဖုန်းသံ မြည်လာသည်။ သူ ရုံးခန်းထဲမှာ နှစ်ပတ်လောက် ပတ်ရှာသော်လည်း မတွေ့ပါဘူး။ တော်သေးသည်မှာ ဖုန်းက ထပ်မြည်လာသဖြင့် ဘေစင်ဘေးက စင်ပေါ်မှာ ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။ ၎င်းမှာ ချန်ကျန့်ဆီမှ စာဖြစ်နေသဖြင့် သူ အနည်းငယ် အံ့သြသွားရသည်။ ဘော့စ်က အလုပ်ကိစ္စ ခရီးကပြန်လာပြီး ရုံးခန်းထဲမှာ ထိုင်နေတာကို မန်နေဂျာက အခုမှ အလုပ်အကြောင်း သတင်းပို့ဖို့ စဉ်းစားမိတာလား။
သူ နံရံကိုမှီရင်း စာကို ဖွင့်ဖတ်လိုက်သည်။
[ချန်လေး] ။ ကျွန်တော့်မှာ ဘယ်သူ့ကိုမှ သဘောကျဖို့ အချိန်ရော အခွင့်အရေးရော မရှိခဲ့ဖူးဘူး။ ဒါကြောင့် ဘယ်လို ပြုမူရမလဲဆိုတာ ကျွန်တော် တကယ် မသိဘူး။ တစ်ခါတစ်လေ ဘာက ပုံမှန်လဲဆိုတာ မသိလို့ ကျွန်တော် အနေရခက်မိတာမျိုး ရှိတယ်။
[ချန်လေး] ။ ခုနက မျက်နှာချင်းဆိုင် ပြောဖို့ ကျွန်တော် မတတ်နိုင်လို့ အခု စာနဲ့ပဲ ပြောလိုက်တာပါ။
ရှန်ယွီ ထိုစာနှစ်စောင်ကို အကြာကြီး စိုက်ကြည့်နေမိသည်။ ချန်ကျန့် ဘယ်လို ကြီးပြင်းလာခဲ့ရသလဲ။ တစ်ခါတစ်လေ သူ မြင်ယောင်ကြည့်လို့ ရသလို၊ တစ်ခါတစ်လေကျတော့လည်း စဉ်းစားမရနိုင်အောင် ဖြစ်ရသည်။ ချန်ကျန့်မှာ သူငယ်ချင်း နည်းပါးသလို၊ ကိုယ်ပိုင်ဘဝရယ်လို့လည်း မရှိခဲ့ပါဘူး။ အမေ ဆုံးပါးသွားပြီးနောက်ပိုင်း သူသည် ဘယ်သူနဲ့မှ ရင်းနှီးတဲ့ ဆက်ဆံရေးမျိုး မတည်ဆောက်နိုင်ခဲ့ပုံရသည် အဖေဖြစ်သူ၊ ရှောင်သိုအာတို့ မိသားစု၊ ဒါမှမဟုတ် ထန်ရွီနဲ့ ချန်ရှောင်ဟူ တို့နဲ့တောင်မှပေါ့....။ တစ်စုံတစ်ယောက်ကို သဘောကျဖို့ဆိုတာ ဝေးရော၊ သူ့မှာ အချိန်ရော အခွင့်အရေးရော မရှိခဲ့တာ အမှန်ပင်။
သို့သော်.... ရှန်ယွီ သက်ပြင်းအသာ ချလိုက်မိသည်။ ထိုစာနှစ်စောင်ကနေ အများကြီး ခံစားလို့ရသော်လည်း၊ ချန်ကျန့်၏ ကျောင်းတုန်းက တရုတ်စာ အမှတ်တွေကတော့ သိပ်ကောင်းမှာ မဟုတ်ပါဘူး။ စာသားတွေက နိုင်ငံခြားသားတစ်ယောက် ရေးထားသလိုမျိုး ဖြစ်နေသည် မဟုတ်ပါလား။
သူ ချန်ကျန့်ဆီ စာပြန်လိုက်သည်။
[Fa Dan Ke Chen] ။ ကိုယ့်ဘာသာကိုယ်ပဲ နေပါ။ လုပ်ချင်တာလုပ်၊ ပြောချင်တာ ပြောပေါ့။
ချန်ကျန့်ဆီက စာက ချက်ချင်းဆိုသလို ပြန်ရောက်လာသည်။ သို့သော် နောက်ကလိုက်လာတဲ့ စာတွေကတော့ အဖြေနဲ့ ဘာမှ မဆိုင်တော့ပါဘူး။
[ချန်လေး] ။ ဟုတ်ကဲ့။
[ချန်လေး] ။ ?
[ချန်လေး] ။ !!?
[ချန်လေး] ။ WTF! မင်းရဲ့ ပရိုဖိုင်ပုံက ဘာကြီးလဲ????
ရှန်ယွီ သူ၏ ပရိုဖိုင်ပုံကို ပြန်ကြည့်လိုက်သည်။ ဘာဖြစ်လို့လဲ။ အရင်ကတော့ စတိုးဆိုင်တစ်ခုမှာ တွေ့ခဲ့တဲ့ ကြောင်လေးတစ်ကောင်ရဲ့ ပုံကို ထားခဲ့တာပါ။ အခုတော့ ချန်ကျန့်၏ “အခင်းဖြစ်ပွားရာ ဓာတ်ပုံများ” ထဲက အကြည့်အကောင်းဆုံးပုံကို သူ ပြောင်းလိုက်ခြင်း ဖြစ်သည်။ ချန်ကျန့်၏ ဆံပင်တွေကို သူ မဖွပစ်ခင်က ရိုက်ထားတဲ့ပုံမို့ တကယ်ကို ကြည့်ကောင်းလှသည်။
[Fa Dan Ke Chen] ။ ?
[ချန်လေး] ။ ဒါကို ဘယ်တုန်းက ရိုက်လိုက်တာလဲ!
[Fa Dan Ke Chen] ။ မနေ့ညကလေ။
[ချန်လေး] ။ ..................................................................
[ချန်လေး] ။ မင်းတော့ တကယ်ပဲ....။
စက္ကန့်အနည်းငယ် ကြာသည့်အခါ လက်ခုပ်တီးနေသော ဟစကီးခွေးပုံ GIF လေး တစ်ခု ပို့လာပြန်သည်။
[ချန်လေး] ။ အထင်ကြီးစရာပဲ။
***
“ဘယ်လောက်ဝယ်ရမလဲ သူတို့နဲ့ အတည်ပြုပြီးပြီလား”
အာဟူ လျှောက်လာပြီး မေးသည်။
“လောင်စစ်နဲ့ ကျွန်တော် သွားဖို့ ပြင်နေပြီလေ”
အာဟူက ဖုန်းကို ကြည့်မနေသော်လည်း ချန်ကျန့်မှာ လန့်သွားသဖြင့် စကားပြောစာရင်းထဲကနေ အမြန် ထွက်လိုက်ရသည်။
“အတည်ပြုပြီးပြီ”
ချန်ကျန့်က ဆိုသည်။
“အခုပဲ သွားမလို့လား၊ ဒါမှမဟုတ် နေ့လယ်စာ စားပြီးမှလား”
ဝယ်ယူရေးစာရင်းက မနက်စောစောကတည်းက ရောက်နေတာလေ။ တာယွင် တာဝန်ယူရမည့် အပိုင်းကို သုံးရက်အတွင်း အဆင်သင့် ဖြစ်အောင် လုပ်ရမည် မဟုတ်ပါလား။
“အခုပဲ သွားလိုက်တော့မယ်”
အာဟူ၏ မျက်လုံးများမှာ မနေ့က ငိုထားသဖြင့် ဖောင်းအစ်နေဆဲဖြစ်သလို၊ အိပ်ရေးလည်း မဝသေးပုံရသော်လည်း၊ သူ၏ အလုပ်အပေါ် စိတ်အားထက်သန်မှုကတော့ အားအင်တွေ ပေးနေပုံရသည်။
“ဟိုကျမှပဲ တစ်ခုခု စားလိုက်တော့မယ်။ ဝယ်စရာတွေက တအား များတာကို။ ပြီးရင် နေ့လယ်ကျရင် မီးဘေးအန္တရာယ် ကာကွယ်ရေး သင်တန်းကို သွားရဦးမှာလေ”
“ကောင်းပါပြီ”
ချန်ကျန့် လောင်စစ်ကို တစ်ချက် ကြည့်လိုက်သည်။ ဦးနှောက်မရှိတဲ့ လောင်စစ်ကတော့ အာဟူထက် ပိုပြီး အိပ်ရေးဝထားမှန်း သိသာလှသည်။
“အဆင်ပြေသလိုပဲ မစားနဲ့ဦးနော်။ မင်းတို့အတွက် စားစရိတ် ပါတယ်လေ”
“အင်း”
အာဟူက ပြန်ထူးသည်။
ချန်ကျန့် သူတို့နှစ်ယောက် ထွက်သွားတာကို စောင့်ကြည့်ပြီးမှ ဝင်းထဲမှာ ခေတ္တ လှည့်ပတ်ကြည့်ရှုကာ အပြင်ဘက်သို့ ထွက်လာခဲ့သည်။ အပြင်လမ်းကလေးမှာ သစ်ရွက်ခြောက်တွေ ကျနေသဖြင့် တကယ်ကို လှပနေသည်။ ဆန်းပင်းနှင့် လောင်ဝူတို့က သန့်ရှင်းရေး လုပ်နေကြသော်လည်း အကုန်လုံးကိုတော့ မလှည်းပစ်ပါဘူး။ လမ်းဘေးက ပုပ်နေတဲ့ သစ်ရွက်တွေကိုပဲ ရှင်းထုတ်ပြီး၊ အသစ်ကျတဲ့ သစ်ရွက်တွေကိုတော့ ဘေးကိုပဲ ပုံပေးထားခြင်း ဖြစ်သည်။
“လှတယ် မဟုတ်လား”
ဆန်းပင်းက တံမြက်စည်းကို အားပြုကာ ခါးထောက်ရင်း ဂုဏ်ယူစွာ မေးသည်။
“လှပါတယ်၊ ရွှေရောင်လမ်းလေးပေါ့”
ချန်ကျန့်က ဆိုသည်။
“ဖန်ဖန် ရဲ့ အကြံ မဟုတ်လား”
“ဘာလို့ သူ့အကြံပဲ ဖြစ်ရမှာလဲ”
ဆန်းပင်းက အနည်းငယ် မကျေမနပ်နှင့် ဆိုသည်။
“ငါတို့မှာ အဲ့ဒီလောက် အလှအပ အမြင်မှ မရှိတာ”
လောင်ဝူက ဘေးမှ ဝင်ပြောသည်။
“တောက်! မင်းကတော့ သူများကို မြှောက်ဖို့ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချနေတာပဲ!”
ဆန်းပင်းက သူ့ကို တစ်ချက်ကြည့်ပြီးမှ ခေါင်းညိတ်ပြသည်။
“ဟုတ်ပါတယ်၊ ဖန်ဖန် ရဲ့ အကြံပါ”
ချန်ကျန့် ပြုံးလိုက်မိသည်။
“ဒီနေ့က ပုံမှန်ထက် ဘွတ်ကင်တွေ ပိုများတယ်ဗျ”
ဆန်းပင်းက ဆိုသည်။
“လမ်းလေးကို လှအောင် လုပ်ထားလိုက်၊ တောင်ပေါ်မှာ နှင်းလေးတွေလည်း ရှိနေပြီဆိုတော့ ခရီးသည်တွေ လာကြတော့မှာပေါ့”
“အင်း”
ချန်ကျန့် အဝေးက တောင်ထိပ်ကို လှမ်းကြည့်လိုက်သည်။
ရွေ့လျားနေသော တိမ်တိုက်များကြားမှ နေရောင်ခြည်က တောအုပ်တစ်ခုလုံးပေါ်သို့ အလင်းနှင့် အရိပ်များကို ကျရောက်စေသည်။ နောက်တစ်ခါ နှင်းထပ်ကျလျှင်တော့ တောင်ထိပ်မှာ ငွေရောင်အတိ ပြီးသွားမှာဖြစ်ပြီး၊ နေထွက်ချိန်မှာဆိုလျှင် တကယ်ကို လှပနေမှာပေါ့။
“ဟော.... လီကော ဘာဖြစ်လာတာလဲ”
ဆန်းပင်းက ချန်ကျန့်၏ နောက်ကို ကြည့်ကာ၊ အံ့သြမှုနှင့် ရယ်ချင်စိတ်ကို အောင့်ထားရသော မျက်နှာဖြင့် မေးလိုက်သည်။
ချန်ကျန့် လှည့်ကြည့်လိုက်သည့်အခါ ဒါ့လီမှာ ဆိုင်ကယ်ကို စီးပြီး မျက်နှာပျက်ပျက်နှင့် ကွေ့လာသည်ကို တွေ့ရသည်။ ဒီလောက် အေးတဲ့နေ့မှာ ဒါ့လီ တစ်ကိုယ်လုံး စိုရွှဲနေလေသည်။ သို့သော် အကုန်လုံး စိုနေတာတော့ မဟုတ်ပါဘူး။ ရေပုံးတစ်ပုံးနှင့် ပက်ခံထားရသလိုမျိုး ဖြစ်နေခြင်း ဖြစ်သည်။ ၎င်းမှာ မြို့ထဲက အဒေါ်ကြီးတွေ ရန်ဖြစ်ရင် သုံးနေကျ နည်းလမ်းနှင့် တူလှသည်။
ဆန်းပင်းတင်မကဘဲ ချန်ကျန့်ပင်လျှင် မရယ်မိအောင် အတင်း ထိန်းထားရလေသည်။ သူက စပ်စုချင်စိတ်ဖြင့် မေးလိုက်မိသည်။
“ဘာဖြစ်တာလဲ လီကော”
“တောက်! ခင်ဗျားကို လာရှာတာဗျ”
ဒါ့လီ သူ၏ ဆိုင်ကယ်ကို ရပ်လိုက်သည်။
“ဘာလဲ၊ ကျွန်တော်တို့ မန်နေဂျာက လုပ်လိုက်တာလား”
ဆန်းပင်းက စိတ်ဝင်တစား မေးသည်။
“အသားကင်တဲ့ နေရာကို ခဏ သွားကြည့်တာလေ....”
ဒါ့လီက ဆန်းပင်းကို တစ်ချက် ကြည့်လိုက်သည်။ သူသာ သာမန်လူတစ်ယောက် မဟုတ်ဘဲ ဝက်ခြံဂိုဏ်းကို မကြောက်တဲ့လူဆိုရင်တော့ ဆန်းပင်းကို ပါးရိုက်မိမှာ သေချာသည်။
“အဲ့ဒီကို တစ်ယောက်တည်း ဘာသွားလုပ်တာလဲ”
ချန်ကျန့်က မေးသည်။
“တစ်ယောက်တည်း မဟုတ်ပါဘူး၊ ဟို.... ဟိုလူတွေနဲ့ပေါ့။ နေရာ ဘယ်လိုပြင်မလဲဆိုတာ သွားကြည့်တာလေ....”
ဒါ့လီက စကားမှားသွားမှန်း သိသဖြင့် ဝေဝါးဝါးနှင့် ပြန်ပြောသည်။
“သြော်”
ချန်ကျန့် ခပ်ပြုံးပြုံးနှင့် ပြန်ထူးလိုက်သည်။
“ဟို အသားကင်ဆိုင်က ဘော့စ်တွေလေ”
ဒါ့လီ မျက်မှောင်ကြုတ်ကာ ဆိုသည်။
“သူတို့က ငါတို့ကို မောင်းထုတ်လိုက်တယ်ဗျာ!”
“ဘာလို့လဲ”
ချန်ကျန့် အံ့သြသွားရသည်။
“နေရာကိစ္စ ပြတ်ပြီဆို”
“တစ်ယောက်က သဘောမတူဘူးတဲ့”
ဒါ့လီက အသံတိုးတိုးဖြင့် ဆိုသည်။
“ဘယ်သူကလဲ!”
လောင်ဝူက အော်မေးလိုက်သည်။
ဒါ့လီမှာ ရေနှင့်ပက်ခံထားရသည့် ဒဏ်က မပြယ်သေးသဖြင့် လောင်ဝူ၏ အော်သံကြောင့် ဆိုင်ကယ်လက်ကိုင်ကိုပင် လွှတ်တော့မတတ် လန့်သွားရသည်။ သူ လောင်ဝူကို ကြည့်ကာ
“ဘာလို့ အော်နေတာလဲ!”
“ဘယ်သူက သဘောမတူတာလဲဟင်”
ဆန်းပင်းက လေသံကို လျှော့ပြီး ထပ်မေးသည်။
“ခုနစ်အိမ် ရှစ်အိမ်လောက် ရှိတယ်ဗျာ၊ အကုန်လုံးကိုတော့ မမှတ်မိတော့ဘူး။ ဟို အန်ကယ်လု ရဲ့ မိန်းမက စတာလေ”
“ရွာကောင်စီနဲ့ အရင်က သဘောတူထားပြီးသား မဟုတ်လား”
ချန်ကျန့်က မေးလိုက်သည်။
“ရွာက ‘ချန်’ မျိုးနွယ်တွေကိုပဲ စီမံနိုင်တာ၊ တခြားမျိုးနွယ်တွေကိုတော့ မထိန်းနိုင်ဘူးလို့ ပြောနေကြတာဗျ၊ တကယ် စိတ်ပျက်ဖို့ ကောင်းတယ်”
ဒါ့လီက မကျေမနပ်နှင့် ဆိုသည်။ ချန်ကျန့် ဆန်းပင်းကို တစ်ချက်ကြည့်လိုက်သလို၊ လောင်ဝူကိုလည်း ကြည့်လိုက်သည်။
ချန်ကျန့်။
ချန်ကျားလီ (ဆန်းပင်း)။
ချန်ကျီယန် (လောင်ဝူ)။
ချန် မျိုးနွယ်စုဝင် ရွာသား သုံးယောက်မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြသည်။
“ခင်ဗျားတို့ အကုန်လုံးက ချန် တွေချည်းပဲ မဟုတ်လား”
ဒါ့လီလည်း အခုမှ သတိထားမိသွားပုံရသည်။
“ဟုတ်တယ်”
ဆန်းပင်း ခေါင်းညိတ်ပြသည်။ လောင်စစ် (လျူယီထင်) ကလွဲရင် ကျန်တဲ့ ဝက်ခြံဂိုဏ်း တစ်ခုလုံးမှာ ချန် မျိုးနွယ်တွေချည်းပါပဲ။
“ဒါကြောင့် ကျွန်တော် စဉ်းစားနေတာ.... ခင်ဗျားတို့တွေ သွားပြီး စကားပြောပေးလို့ ရမလားလို့ပါ”
ဒါ့လီက ချန်ကျန့်ကို ကြည့်ကာ ဆိုသည်။
“အစတည်းက ငါတို့ကို ဘာလို့ မခေါ်တာလဲ”
ဆန်းပင်းက မေးလိုက်သည်။
ဒါ့လီက အနေရခက်စွာ ပြုံးပြသည်။
“ကိစ္စ မရှိဘူး ထင်လို့ပါ၊ နေရာ သွားကြည့်ရုံပဲကို”
“အဲ့ဒီ ဘော့စ်တွေနဲ့ အရင်ဆုံး စကားပြောပြီးမှ နေရာကိစ္စကို ဆွေးနွေးသင့်တာလေ”
ချန်ကျန့် တော်တော်လေး စိတ်ပျက်သွားရသည်။
“ဒါက ရွာဗျ။ အရာရာကို အဲ့ဒီလိုမျိုး လုပ်လို့ မရဘူး”
“နေရာသာ မရရင် မီးပုံပွဲက လုပ်လို့ ရမှာမဟုတ်ဘူးလေ။ ဇွတ်လုပ်ရင်လည်း ပြဿနာ တက်ဦးမှာပဲ”
ဒါ့လီက ဆိုသည်။
“ဒါဆိုလည်း မလုပ်နဲ့တော့ပေါ့”
လောင်ဝူက ဝင်ပြောသည်။
“အခုက ကြော်ငြာတွေလည်း ပျံ့နေပြီလေ”
ဒါ့လီ မျက်မှောင်ကြုတ်လိုက်သည်။
“အခုတော့ ခင်ဗျားတို့ အကူအညီအပေါ်မှာပဲ မူတည်တော့တာပေါ့.... ခင်ဗျားတို့ ဘော့စ်ရှန် ကော....”
ဒါ့လီက အသံနှိမ့်လိုက်သည်။
“သူ့မှာ.... တခြား နည်းလမ်းလေးတွေ မရှိဘူးလား”
***
“ခဏနေရင် ငါ နတ်ကပြပေးမယ်လေ”
ရှန်ယွီက ဆိုဖာပေါ်မှာ မှီထိုင်ရင်း၊ သူ၏ ကုလားထိုင်ကို ဘယ်တစ်ပတ် ညာတစ်ပတ် ဖြည်းဖြည်းချင်း လှည့်ကာ ပြောလိုက်သည်။
“သူတို့တွေက အစကတည်းက တိုင်ပင်နေကြတာလေ။ ကျွန်တော်တို့ဆီ မလာခင်ကတည်းက ကြော်ငြာတွေ စလုပ်နေကြတာ”
ချန်ကျန့် စားပွဲရှေ့မှာ မတ်တတ်ရပ်ရင်း မကျေမနပ်နှင့် ဆိုသည်။
“အခု သူတို့ဘာသာ မရှင်းနိုင်တော့မှ ကျွန်တော်တို့ကို လာခိုင်းနေတာ၊ အိပ်မက် မက်နေလိုက်!”
“တခြား ပေးစရာ မရှိရင်လည်း အသံလေး ဘာလေးပဲ ပေးလိုက်ပေါ့”
ရှန်ယွီက ဆိုသည်။ ချန်ကျန့် သူ့ကို ကြည့်ပြီး ခဏမျှ ဆွံ့အသွားရကာမှ စားပွဲကို အားပြုရင်း ရယ်မောမိတော့သည်။
“ဘယ်လိုလုပ်ကြမလဲ”
ရှန်ယွီက မေးသည်။
“ကျွန်တော့်ကို မေးနေတာလား”
ချန်ကျန့်က ပြန်မေးလိုက်သည်။
“မင်းလည်း ချန် ပဲလေ”
ရှန်ယွီက ဆိုသည်။
“ဒါပေမဲ့ အခု ပူးပေါင်းမနေတာက ‘ချန်’ မဟုတ်တဲ့ မိသားစုတွေလေ”
ချန်ကျန့်က ရှင်းပြသည်။
“အဲ့ဒီ ဘော့စ်တွေနဲ့ မင်း ရင်းနှီးလား”
“အတော်အသင့်ပေါ့”
ချန်ကျန့်က ဆိုသည်။
“သူတို့ထဲက အချို့ဆီမှာ ကျွန်တော် အချိန်ပိုင်း အလုပ်လုပ်ခဲ့ဖူးတယ်”
“လူတွေကိုလည်း ခွဲခြားတတ်သလို၊ သူတို့ရဲ့ ပတ်သက်မှုတွေကိုလည်း မင်း သိတယ် မဟုတ်လား”
“ဟုတ်ကဲ့”
ချန်ကျန့် ခေါင်းညိတ်ပြလိုက်သည်။
“သွားကြစို့”
ရှန်ယွီ ထရပ်ကာ ဆိုဖာပေါ်က ချန်ကျန့်၏ ဂျာကင်ကို ဆွဲယူလိုက်သည်။
“ဘာတွေ ဖြစ်နေလဲဆိုတာ သွားကြည့်ရအောင်”
“သူတို့လူတွေကို ခေါ်ဦးမလား”
“မင်းကတော့ အတာပဲ။ ငါတို့တွေ ဒါကို အောင်အောင်မြင်မြင် ညှိနှိုင်းနိုင်ခဲ့ရင် သူတို့နဲ့ ဂုဏ်ပြုခံရတာကို မျှဝေချင်လို့လား”
ရှန်ယွီက ဆိုသည်။
“တကယ်လို့ ညှိလို့ မရရင်ကော”
“ဘယ်သူမှ ညှိလို့ မရရင်တော့ ကြော်ငြာတဲ့လူတွေပဲ အရှက်ကွဲမှာပေါ့”
ရှန်ယွီ ရုံးခန်းထဲကနေ ထွက်လာခဲ့သည်။
“အစတည်းက သူတို့ ကြော်ငြာတုန်းက ငါတို့ကို ထည့်မှ မပြောတာပဲဟာ”
“အမှန်တော့....”
ချန်ကျန့် မျက်မှောင်ကြုတ်လိုက်မိသည်။
“ဒါကြီးကို ပျက်သွားအောင်ပဲ လွှတ်ထားလိုက်ပြီး၊ ပိုက်ဆံတွေ ပြန်တောင်းလိုက်ရင် မကောင်းဘူးလား....”
“အခုကျတော့ မင်းက စီးပွားရေးအကြောင်း မစဉ်းစားတော့ဘူးလား မန်နေဂျာရာ”
ရှန်ယွီက လှည့်ကြည့်ကာ ပြုံးပြသည်။ ချန်ကျန့် ဘာမှ ပြန်မပြောပါဘူး။ ပြောချင်သော်လည်း ရှန်ယွီ၏ အပြုံးကြောင့် သူ ခဏမျှ ငိုင်သွားရသောကြောင့် ဖြစ်သည်။ ထိုစက္ကန့်ပိုင်းအတွင်း သူ ဘာပြောမလို့လဲဆိုတာ မေ့သွားခဲ့လေပြီ။
တောက်!
“ငါ့ကား ဘယ်မှာလဲ”
ရှန်ယွီ ခြံထဲတွင် ရပ်ကာ ဗလာဖြစ်နေသော ကားရပ်နားရာ နေရာကို ကြည့်ရင်း မေးသည်။
“အဲ့ဒါ တာယွင် ရဲ့ ကားလေ”
ချန်ကျန့်က ဆိုသည်။
“ဒါဆို တာယွင် ရဲ့ ကားကော ဘယ်မှာလဲ”
“အာဟူနဲ့ လောင်စစ် စီးသွားတယ်လေ။ ပစ္စည်းတွေ ဝယ်ဖို့ပေါ့။ အာဟူက နေ့လယ် နှစ်နာရီခွဲမှာ သင်တန်းရှိသေးတယ်ဆိုတော့ ညနေမှ ပြန်ရောက်ကြမှာ”
“စီးပွားရေး လုပ်ရတာ တကယ် ခက်ခဲပါလား။ ပစ္စည်းသယ်ဖို့ရော၊ လူကြိုဖို့ရော၊ ကိစ္စတွေ သွားလုပ်ဖို့ရော ကားတစ်စီးတည်းနဲ့လေ....”
ရှန်ယွီက ဧည့်သည်တွေရဲ့ ကားနှစ်စီးကို ကျော်ဖြတ်ကာ အခြားနေရာလွတ်တစ်ခုမှာ ရပ်လိုက်သည်။ ထို့နောက်မှ ဖုန်းကို ထုတ်လိုက်သည်။
“အရံကား ရှိနေလို့ တော်သေးတာပေါ့”
“သူတို့ မနက်စောစောကတည်းက ထွက်သွားတာ မဟုတ်လား”
“ငါ အရင် မေးကြည့်လိုက်မယ်”
ရှန်ယွီ ယွဲ့လန်ဆီ ဖုန်းခေါ်လိုက်သည်။ ချက်ချင်းပင် ကိုင်သည်။ ချန်ကျန့်ပင်လျှင် ယွဲ့လန်၏ အော်သံကို ကြားနေရလေသည်။
“ဟယ်.... လို....”
“မင်းတော့ အဆိပ်မိနေပြီ ထင်တယ်”
ရှန်ယွီ ဖုန်းကို နားကနေ ခဏ ခွာလိုက်သည်။
“မင်းကား ဘယ်မှာ ရပ်ထားတာလဲ”
“လှေစီးတဲ့ နေရာမှာလေ.... ရေခဲရေတံခွန်တော့ မတွေ့ဘူး။”
ယွဲ့လန်က အော်နေဆဲပင်
“ဒီလှေစီးရတာကတော့ တကယ်ကို....”
“အရံသော့ ရှိလား”
ရှန်ယွီက စကားဖြတ်မေးလိုက်သည်။
“ငါ့မိန်းမရဲ့ ကျောပိုးအိတ်ထဲမှာလေ”
ယွဲ့လန် နောက်ဆုံးတော့ အော်တာ ရပ်သွားသည်။
“ကား သုံးမလို့လား”
“အင်း”
“ဒါဆိုလည်း တံခါးဖွင့်ပြီး ကိုယ့်ဘာသာ ယူလိုက်တော့။ သူ့အိတ်က ကုတင်ဘေးက ကြမ်းပြင်ပေါ်မှာပဲ ပစ်ထားတာ”
ရှန်ယွီ ဖုန်းချလိုက်ပြီး ချန်ကျန့်ဆီ လက်လှမ်းလိုက်သည်။
“အခန်းကတ် ပေးပါဦး”
“ကျွန်တော်တို့ သူတို့ အခန်းထဲကို ဝင်ကြမလို့လား၊ ဇနီးမောင်နှံ အခန်းထဲကိုလေ”
ချန်ကျန့် အခန်းကတ်ကို ထုတ်ပေးရင်း၊ ရုတ်တရက် သူခိုးတစ်ယောက်လို ခံစားလိုက်ရသည်။
“အဲ့ဒါ ငါတို့ အခန်းလေ”
ရှန်ယွီက ကတ်ကိုယူကာ အထဲသို့ လှည့်ဝင်သွားသည်။ ချန်ကျန့်လည်း နောက်မှ လိုက်သွားခဲ့သည်။
“မင်း အောက်မှာပဲ စောင့်နေလို့ ရပါတယ်”
ရှန်ယွီက ဆိုသည်။
“နှစ်ယောက်ဆိုရင်တော့... ပိုကောင်းမှာပေါ့”
ရှန်ယွီ အနည်းငယ် ဆွံ့အသွားပြီးမှ သူ့ကို တစ်ချက် ကြည့်လိုက်သည်။
“ဗီဒီယိုပါ ထပ်ရိုက်မလို့လား”
ချန်ကျန့် ရယ်မောလိုက်ပြီး ဘာမှ မပြောပါဘူး။
“ကောင်းပါပြီလေ”
ရှန်ယွီ ခေတ္တ စဉ်းစားလိုက်သည်။
“ဘာပဲဖြစ်ဖြစ် သူတို့က ပိုက်ဆံပေးထားတဲ့ တရားဝင် ဧည့်သည်တွေပဲလေ”
တစ်ရက်တည်းတင် ရှိသေးသော်လည်း ယွဲ့လန်နှင့် ယောင်ယီတို့ အခန်းမှာတော့ ပစ္စည်းတွေ ပြန့်ကျဲနေသဖြင့် လုယက်ခံထားရသလိုပင် ဖြစ်နေသည်။ လက်ဆွဲသေတ္တာထဲက ပစ္စည်းတွေက အပြင်မှာချည်းပါပဲ။ ချန်ကျန့်မှာ သူတို့ ပြန်သွားရင် ဘယ်လိုတွေ သိမ်းကြမလဲဆိုတာကိုပင် တွေးပြီး စိတ်မကောင်း ဖြစ်နေမိသည်။
ကံကောင်းထောက်မစွာဖြင့် ကျောပိုးအိတ်မှာ ယွဲ့လန် ပြောသလိုပင် ရှိနေခဲ့သည်။ ရှန်ယွီ လက်လှမ်းနှိုက်ကာ အိတ်ထဲက ကားသော့ကို ထုတ်ယူလိုက်သည်။
“သွားကြစို့”
ရှန်ယွီ သော့ကို လေထဲမြှောက်ကာ လက်ဖျောက်တစ်ချက်တီးပြီး ဖမ်းလိုက်သည်။
ရှန်ယွီ၏ အစီအစဉ်အရ သူတို့နှစ်ယောက် ဆိုင်ကယ်နှင့် လှေစီးသည့်နေရာသို့ အရင်သွားမည်၊ ထို့နောက် ယောင်ယီ၏ ကားကို ယူကာ အသားကင်သည့် နေရာသို့ ပြန်လှည့်လာမည် ဖြစ်သည်။ ဘာကြောင့် ကားမောင်းသွားရသလဲဆိုတဲ့ အကြောင်းရင်းကတော့ ရိုးရှင်းလှသည်။
“ဘာလို့လဲဆိုတော့ ဆိုင်ကယ်နဲ့ သွားညှိတဲ့လူက ရှုံးနိမ့်လာခဲ့လို့ပေါ့”
ရှန်ယွီက ဆိုသည်။
ချန်ကျန့် ဆိုင်ကယ်ကို နှိုးလိုက်ပြီး၊ တက်ထိုင်နေသော ရှန်ယွီကို လှည့်ကြည့်သည်။
“အင်္ကျီ လောက်ရဲ့လား”
“လောက်ပါတယ်”
ရှန်ယွီက လည်ပင်းက မာဖလာကို ဆွဲပြင်လိုက်သည်။
“ဒါကိုပါ တင်းတင်းချည်ထားတာလေ”
“အင်း”
ချန်ကျန့်လည်း သူ၏ ဂျာကင်ဇစ်ကို အပေါ်အထိ ဆွဲတင်လိုက်သည်။
“မင်းရဲ့ လည်ပင်းကော မအေးဘူးလား”
ရှန်ယွီ နောက်ထိုင်ခုံမှာ ခြေထောက်ကို ခွတင်လိုက်ပြီး၊ ဘယ်ဘက်လက်မောင်းက ချန်ကျန့်၏ ခါးကို လာဖက်သည်။
“ကျွန်တော်.... အကျင့်မဖြစ်သေးလို့ပါ”
ချန်ကျန့် ကြိုတင်ပြင်ဆင်ထားသော်လည်း ရှန်ယွီ၏ ဖက်ထားမှုကြောင့် လေသံပင် မြင့်သွားရသည်။ သူ ချောင်းဟန့်လိုက်သည်။
“အရင်က အချိန်ပိုင်း အလုပ်လုပ်တုန်းက မာဖလာ သုံးထည်လောက် ပျောက်ဖူးလို့လေ။ အလုပ်လုပ်ရင် ချွတ်ထားရတယ်၊ ချွတ်ထားရင် ပျောက်သွားတာနဲ့ မသုံးတော့တာ”
“သြော်”
ရှန်ယွီက ပြန်ထူးသည်။ ချန်ကျန့် လီဗာကို ဆွဲလိုက်ရာ ဆိုင်ကယ်မှာ ရှေ့သို့ ထွက်ခွာသွားတော့သည်။
လှေစီးသည့်နေရာသို့ အသွားလမ်းမှာ အသစ်ခင်းထားသဖြင့် ကျဉ်းသော်လည်း အခြေအနေ အလွန်ကောင်းမွန်လှသည်။ ချန်ကျန့် ဤလမ်းအတွက် ကျေးဇူးတင်မိသည်။ မဟုတ်လျှင်တော့ သူ၏ အာရုံတစ်ဝက်မှာ သူ၏ခါးဆီသို့ ရောက်နေသဖြင့် ချိုင့်တွေကို အချိန်မီ ရှောင်နိုင်မှာ မဟုတ်ပါဘူး။ ခရီးသည်တွေ ရောက်လာသည့်အခါ အများစုက ရေခဲရေစီးဆင်းမှု လှေစီးခြင်းကို လာရောက် စမ်းသပ်ကြသည်လေ။ အခုချိန်မှာတော့ ခဲနေသည့် နေရာ သိပ်မရှိသေးသော်လည်း ကားပါကင်မှာတော့ ကားတွေ အပြည့်ပါပဲ။
ယောင်ယီ၏ ကားမှာ ကားဂိတ် အနားမှာတင် ရပ်ထားလေသည်။ ထိုနှစ်ယောက်ကတော့ တစ်လှမ်းတည်းတင် ပိုမလျှောက်ချင်ကြမှန်း သိသာလှသည်။ သူတို့တွေ ကားထဲ ဝင်ထိုင်လိုက်သည့်အခါ တံခါးပိတ်သွားသည်နှင့် လေတိုးသံများမှာ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။ ချန်ကျန့် ထိုင်ခုံကို မှီကာ သက်ပြင်းချလိုက်မိသည်။
“အေးတယ် မဟုတ်လား”
ရှန်ယွီ ကားစနှိုးကာ အပူပေးစက်ကို ဖွင့်လိုက်သည်။
“ခဏနေရင် နွေးသွားမှာပါ”
“Helmet မပါလို့လေ။ ပါရင်တော့ ပိုကောင်းမှာပေါ့”
“ Helmet ဆောင်းရင် မင်းရဲ့ ဆံပင်ပုံစံ ပျက်သွားမှာ မဟုတ်လား”
ရှန်ယွီက ပြုံးလျက် လှမ်းကြည့်သည်။
“လက်နဲ့ နည်းနည်း ပြန်သပ်လိုက်ရင် ရပါတယ်၊ ကျွန်တော့်ဆံပင်က ပုံသွင်းရတယ်လေ”
ချန်ကျန့် ဆံပင်ကို လက်နှင့် နှစ်ချက် သုံးချက် သပ်လိုက်ပြီးမှ၊ ရှန်ယွီ၏ ပရိုဖိုင်ပုံကို သတိရသွားသဖြင့် သူ့ကို လှမ်းကြည့်လိုက်မိသည်။
“မင်းရဲ့ ပရိုဖိုင်ပုံကလေ....”
“ဘာဖြစ်လို့လဲ၊ မကျေနပ်လို့လား”
ရှန်ယွီက ဆိုကာ ကားရှေ့က ကတ်ပြားတစ်ခုကို ယူကြည့်သည်။
“ဒါလေး ယူထားလိုက်ဦး။ အခြေအနေ ကြည့်ပြီး တစ်ယောက်ယောက်ကို ခြောက်လို့ ရမလား ကြည့်ရအောင်”
“ဘာကြီးလဲဟင်”
ရှန်ယွီ ထိုကတ်ပြားကို ပြပြီး အိတ်ကပ်ထဲ ထည့်လိုက်သည်။ ၎င်းပေါ်တွင် “ပြည်နယ်အဆင့် ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှုဆိုင်ရာ အစည်းအဝေး တက်ရောက်ခွင့် လက်မှတ်” ဟု ရေးထားလေသည်။
“ဒါ ယောင်ယီ ရဲ့ဟာ မဟုတ်လား”
ချန်ကျန့် အံ့သြသွားရသည်။
“ဒါနဲ့ ဘယ်သူ့ကို သွားခြောက်မလို့လဲ။ အနောက်မှာ ဓာတ်ပုံပါတာ မဟုတ်လား”
“ဘယ်သူက သူတို့ကို အနောက်ဘက်ကို ပြမှာမို့လို့လဲ”
ရှန်ယွီက ဆိုသည်။
“တစ်ခုခုဖြစ်ရင် သုံးလို့ရအောင် ဆောင်ထားတာပေါ့”
“သူတို့သာ သိသွားရင်တော့ မင်း အရိုက်ခံရမှာပဲ”
ချန်ကျန့်က ဆိုလိုက်သည်။
“စမ်းကြည့်ခိုင်းလိုက်လေ၊ သူတို့ရဲ့ လက်တွေ ခြေထောက်တွေ ကျိုးကုန်မှာပေါ့”
ရှန်ယွီက ဆိုသည်။
ဒါ့လီ ပြောပြချက်အရ အသားကင်တဲ့ နေရာမှာ ပြဿနာစတာက အန်ကယ်လု ရဲ့ မိန်းမ ဖြစ်သည်ဆိုတော့…အဓိက လက်သည်မှာ အန်ကယ်လု ပေါ့။ အန်ကယ်လုက ပုံမှန်ဆိုရင်တော့ မရမ်းကားပါဘူး။ ဒါပေမဲ့ ရွာသားအများစုက ချန် မျိုးနွယ်တွေဖြစ်ပြီး စည်းလုံးကြတဲ့ နေရာမှာတော့၊ နည်းနည်းတော့ မာန်ပါမှ စီးပွားရေး လုပ်လို့ ရသည် မဟုတ်ပါလား။
ရှန်ယွီသည် အန်ကယ်လု၏ ဆိုင်ရှေ့တွင် ကားရပ်လိုက်သည်။ ထိုအချိန်တွင် ဆိုင်ထဲမှာ လူအချို့ ရှိနေလေသည်။ ချန်ကျန့် ကားပေါ်က ဆင်းလိုက်သည့်အခါ တစ်စုံတစ်ယောက်က တံခါးလိုက်ကာကို မပြီး လှမ်းချောင်းကြည့်ကာ ပြန်ချလိုက်သည်ကို တွေ့ရသည်။ ချန်ကျန့် ဆိုင်တံခါးဝသို့ ရောက်သည့်အခါ အန်ကယ်လု အပြင်သို့ ထွက်လာခဲ့သည်။
“အန်ကယ်လု”
ချန်ကျန့်က နှုတ်ဆက်လိုက်သည်။
“ဘာလို့ မင်းကိုပဲ ထပ်လွှတ်ပြန်တာလဲ”
အန်ကယ်လုက မျက်နှာထား တင်းတင်းနှင့် ဆိုသည်။
“ငါ ပြောလိုက်မယ်၊ ဘယ်သူလာလာ အလကားပဲ”
“ကျွန်တော်တို့ ဘော့စ် ရောက်နေပါတယ်”
ချန်ကျန့်က သူ၏နောက်က ကားကို လှမ်းကြည့်ရင်း ဆိုလိုက်သည်။
ဘာကြောင့်လဲတော့ မသိပါဘူး၊ ဤစကားကို ပြောလိုက်သည့် အခါတွင်တော့ သူသည် “ကျွန်တော်တို့ရဲ့ အကြီးအကဲ ရောက်နေပြီ” ဟု ပြောနေသလိုမျိုး ထင်ယောင်ထင်မှား ဖြစ်မိသည်။ ဝမ်းနည်းစရာ ကောင်းသည်မှာ မန်နေဂျာက ကားမမောင်းတတ်သဖြင့် ဘော့စ်ဖြစ်သူက ယာဉ်မောင်းထိုင်ခုံမှနေ၍ ဒဏ်ရာရနေသော လက်နှင့် ဆင်းလာရမည် ဖြစ်သဖြင့်၊ ကြည့်ရတာ သိပ်တော့ အရှိန်အဝါ ရှိမှာ မဟုတ်ပါဘူး။
“မင်းတို့ ဘော့စ်?”
အန်ကယ်လု ကားကို လှမ်းကြည့်သည်။
“ဟို ဘော့စ်ရှန် ဆိုတာလား”
“ဟုတ်ကဲ့”
ချန်ကျန့် ခေါင်းညိတ်ပြလိုက်သည်။ ဝက်ခြံဂိုဏ်း တစ်ခုလုံးကို သိမ်းပိုက်ထားသလို၊ နည်းပညာမြင့် ပစ္စည်းတွေသုံးပြီး ချန်တာဟူကို ထောင်ထဲ ပို့လိုက်တဲ့၊ အရင်က ခြေထောက် ကျိုးခဲ့ပြီး အခု လက်ဒဏ်ရာ ရနေတဲ့ ဘော့စ်ရှန် ပေါ့။
အန်ကယ်လု၏ မျက်နှာထားမှာ နောက်ဆုံးတွင်တော့ ပြောင်းလဲသွားခဲ့လေပြီ။
“သူ ဘာလာလုပ်တာလဲ”
“စကားပြောဖို့ပါ”
ချန်ကျန့်က ဆိုလိုက်သည်။
စကားပြောလို့ မရရင်တော့ လိမ်ညာဖို့ပေါ့လေ။
________________________________________________________________________
နှစ်ယောက်ပေါင်းပြီး တရွာလုံးသိမ်းပိုက်နေတာကြာဟေးးးး
ReplyDelete