အပိုင်း (၅၅)
အန်ကယ်လုသည် သိပ်ပြီးဖော်ဖော်ရွေရွေရှိလှသူ မဟုတ်မှန်း ချန်ကျန့် ခံစားမိသည်။ သူသည် ရွာသားတစ်ဦးဖြစ်ပြီး သိကျွမ်းနေကြသူမို့သာလျှင် ယခုကဲ့သို့ အေးစိမ့်သောနေ့တွင် ဒါ့လီကဲ့သို့ “ရေပက်ခံရသည့်” အဖြစ်မျိုးနှင့် မကြုံခဲ့ရခြင်း ဖြစ်သည်။
အခန်းထဲရှိ လူအားလုံးကို ချန်ကျန့် သိပါသည်။ သူတို့မှာ ဤနေရာရှိ အသားကင်ဆိုင် ပိုင်ရှင်များချည်း ဖြစ်ကြသည်။ အားလုံး၏ စီးပွားရေးပုံစံမှာ အတူတူပင် ဖြစ်သည်။ လေကာထားသော တဲအိမ်အသွင်ဆိုင်ခန်းလေးများ ရှိကြပြီး အလယ်တွင်တော့ အများပိုင် အသားကင်ကွင်း ရှိလေသည်။ ဖောက်သည်များက ဆိုင်များတွင် အသားဝယ်ယူကာ အလယ်ကွင်း၌ ကိုယ်တိုင်ကင်စားကြရခြင်း ဖြစ်သည်။ ကိရိယာများနှင့် မီးသွေးများကို ငှားရမ်းနိုင်သလို၊ ကိုယ်ပိုင်အသား ယူဆောင်လာသူများကတော့ နေရာခ ပေးရသည်။
ကျိုးကြောင်းဆီလျော်အောင် တွေးကြည့်လျှင် ဒါ့လီတို့က ကွင်းပြင်အကျယ်ကြီးကို ငှားရမ်းပြီး အခကြေးငွေ အပြည့်အဝ ပေးထားခြင်းဖြစ်ရာ ဤဆိုင်ရှင်များနှင့် ထိပ်တိုက်ပဋိပက္ခ ဖြစ်စရာ မရှိပါ။ သူတို့ ဘာကြောင့် သဘောမတူကြသလဲဆိုတာကို ချန်ကျန့် ချက်ချင်း နားမလည်နိုင်သေးချေ။
ယခုအခါ အခန်းထဲရှိ လူများမှာ လှန်ထားသော တံခါးလိုက်ကာကြားမှ ချန်ကျန့်ကို စိုက်ကြည့်နေကြသည်။ ချန်ကျန့် တံခါးဝတွင် ရပ်နေစဉ် အန်ကယ်လုက အာဏာပြသည့်အနေဖြင့် လိုက်ကာကို ပြန်ချရန် ပြင်လိုက်သော်လည်း ချန်ကျန့်က လျင်မြန်စွာ လှမ်းဖမ်းပြီး ပြန်လှန်တင်လိုက်သည်။ သူသည် တံခါးဘောင်ကို အားပြုကာ အထဲကလူများကို နှုတ်ဆက်လိုက်သည်။
“အန်ကယ်တို့၊ အန်တီတို့”
“စကားပြောစရာ မရှိဘူး” တစ်ယောက်က လက်ကာပြသည်။
“ခုနက လာသွားတဲ့ကောင်တွေ ပြန်ပြောပြမှာပေါ့”
“သူတို့တွေ အအေးမိပြီး သေတော့မလို့ ဖြစ်နေလို့ ဘာမှမပြောနိုင်ကြဘူးဗျ။ တစ်ခုခု မှားပြောမိမလားဆိုပြီး ကျွန်တော်တို့ အမြန် လိုက်လာတာ”
“သူတို့က ဘော့စ်ကြီးရဲ့ လူတွေဆိုတော့ ယုံကြည်ချက်တွေကတော့ အပြည့်ပဲလေ။ ဘာမှားပြောမှာလဲ။ သူတို့ စကားတွေက ရေစည်ကြီးတွေလောက် ရှိတာ၊ တစ်ခွန်းဆိုရင်တင် ငါတို့ကို ဖိသတ်လို့ ရနေပြီပဲ”
အန်ကယ်လုက တံခါးဝကို ပိတ်ရပ်ရင်း အနောက်ကို လှမ်းကြည့်သည် ။
“ဟို ဘော့စ်ရှန် ဆိုတာက ဒုက္ခိတ မဟုတ်ဘူးလား ။ ဘာလို့ အခုတော့ ခြေမထော့နဲ့တော့တာလဲ”
ခြေထောက်ကနေ လက်ကို ပြောင်းသွားလို့လေ
“သူက အရင်က ဒဏ်ရာရထားတာပါ၊ ဒုက္ခိတ မဟုတ်ပါဘူး။ ကိရိယာ ဖြုတ်လိုက်လို့ပါ” ချန်ကျန့်ကလည်း အနောက်ကို လှမ်းကြည့်ရင်း ပြန်ဖြေလိုက်သည်။
ရှန်ယွီ ကားပေါ်က ဆင်းလာခဲ့ပြီ။ သူသည် တစ်ခုခုကို ဂျာကင်၏ အတွင်းအိတ်ထဲသို့ ထိုးထည့်လိုက်ပြီး၊ လက်အိတ်များကို စွပ်ရင်း လျှောက်လာခဲ့သည်။ လက်တစ်ဖက်က ဒဏ်ရာကြောင့် အသုံးမဝင်သဖြင့် ကျန်လက်တစ်ဖက်ဖြင့် လက်အိတ်စွပ်ရသည်မှာ ခက်ခဲနေသည်၊ နောက်ဆုံးတွင် လက်အိတ်အနားစကို သွားနှင့်ကိုက်ကာ ဆွဲစွပ်လိုက်ရလေသည်။
သို့သော် သူ၏ ပေါ့ပေါ့ပါးပါးနှင့် ယုံကြည်မှုအပြည့်ရှိသော အမူအရာမှာ ဒါ့လီ ပြောခဲ့သည့် “နည်းလမ်းလေးတွေ” ရှိမည့် ပုံစံမျိုးပင် ဖြစ်သည်။ ခြေထောက်ကျိုးနေသည်ဖြစ်စေ၊ လက်ဒဏ်ရာ ရနေသည်ဖြစ်စေ သူ၏ လွှမ်းမိုးနိုင်စွမ်းရှိသော အရှိန်အဝါမှာတော့ ရှန်ယွီ၏ ပင်ကိုယ်စရိုက်ပင် မဟုတ်ပါလား။ သူ ဝတ်ထားသော ဟောင်းနွမ်းလှသည့် အင်္ကျီရှည်ကြီးမှာပင်လျှင် ဓားတစ်လက်ကို ဝှက်ထားသော ကုတ်အင်္ကျီကြီးကဲ့သို့ ထည်ဝါနေလေသည်။
“သူက ဘာလုပ်တဲ့လူလဲ”
အန်ကယ်လုက ရှန်ယွီကို မျက်တောင်မခတ် စိုက်ကြည့်နေသည်။ အခန်းထဲရှိ လူများမှာလည်း တိတ်ဆိတ်သွားပြီး ထိုဘက်ကိုသာ အာရုံစိုက်နေကြသည်။
“သူက တာယွင်ရဲ့ ဘော့စ်လေ” ချန်ကျန့် ဘယ်လို ဖြေရမလဲ မသိသဖြင့်…
“ဘော့စ်တစ်ယောက် လုပ်တဲ့အလုပ်တွေ လုပ်တာပေါ့” ဟု ဖြေလိုက်သည်။ ပြောပြီးမှ အနေရခက်သလို ခံစားရသဖြင့် “သူက စီးပွားရေးသမားပါ” ဟု ထပ်ဖြည့်ပြောလိုက်သည်။
“ငါက သူ့ရဲ့ အပြင်ပန်း အလုပ်အကိုင်ကို မေးတာမဟုတ်ဘူး”
အန်ကယ်လုက အသံနှိမ့်ကာ မျက်မှောင်ကြုတ်၍ ဆိုသည်။ သူ၏ အမူအရာမှာ ရှန်ယွီ၏ တကယ့်နောက်ခံကို သိထားပြီးသားဟု ပြောနေသလိုပင်။
“ဒါဆိုရင်တော့ ကျွန်တော် တကယ် မသိဘူးဗျ”
ချန်ကျန့်က အတည်ပေါက် ပြန်ဖြေလိုက်သည်။
ရုပ်ရှင်ထဲမှာဆိုရင် ဒီလိုလူစားမျိုးတွေက သူတို့ရဲ့ ကိုယ်ရေးရာဇဝင်ကို အလွယ်တကူ ထုတ်ပြောလေ့ မရှိဘူး မဟုတ်လား။ အားတဲ့အခါမှ မင်းအတွက် မေးပေးပါ့မယ်။
“ဘော့စ်တွေ အကုန် ဒီမှာ ရှိနေတာလား” ရှန်ယွီ တံခါးဝသို့ လျှောက်လာခဲ့သည်။
“ဒါက အန်ကယ်လု ပါ။ အထဲက လူတွေကတော့ ဒီက ဆိုင်ပိုင်ရှင်တွေပါပဲ”
ချန်ကျန့်က ရှန်ယွီအား မိတ်ဆက်ပေးလိုက်သည်။
ချန်ကျန့်သည် အစောပိုင်းက တံခါးဝတွင်သာ ရပ်နေခဲ့သော်လည်း အခုတော့ ရှန်ယွီ ရောက်လာပြီဖြစ်ရာ အန်ကယ်လုကို တိုးဝှေ့ပြီး အထဲဝင်ခဲ့သည်။ ရှန်ယွီ ဝင်လာနိုင်ရန် တံခါးလိုက်ကာကိုလည်း အန်ကယ်လု၏ ခေါင်းပေါ်ကနေ လှန်တင်ပေးလိုက်သည်။ ထို့နောက်မှ အခန်းထဲရှိ လူများကို
“ဒါက ကျွန်တော်တို့ တာယွင်ရဲ့ ဘော့စ်ရှန် ပါ” ဟု မိတ်ဆက်ပေးလိုက်သည်။
ရှန်ယွီ ခေါင်းကို အနည်းငယ် ငုံ့ကာ အထဲသို့ ဝင်ခဲ့သည်။ ချန်ကျန့် လိုက်ကာကို ပြန်ချလိုက်သည့် အခါမှသာ အန်ကယ်လုက
“အပြင်မှာ အေးတယ်၊ အထဲဝင်ထိုင်ပြီး စကားပြောကြတာပေါ့” ဟု ဖိတ်ခေါ်လေတော့သည်။
“ဘာတွေ စကားပြောနေစရာ လိုသေးလို့လဲ!” တစ်ယောက်က အသံကျယ်ကျယ်နှင့် ဆိုသည် ။
“ဘယ်သူလာလာ အဖြေက အတူတူပဲ။ ဟို ချန် မျိုးနွယ်တွေ သဘောတူတာက ငါတို့နဲ့ မဆိုင်ဘူး”
ရှန်ယွီ ဘာမှ ပြန်မပြောပါဘူး။ ထိုလူ ခြေတင်ထားသည့် ကုလားထိုင်ကို ဆွဲယူကာ တစ်ပတ်လှည့်ပြီး သူ၏နောက်တွင် ထားကာ ထိုင်လိုက်သည်။ ချန်ကျန့်ကတော့ မထိုင်ပါဘူး၊ ဘေးနားတွင်သာ မတ်တတ်ရပ်နေခဲ့သည်။ အချိန်မရွေး ရန်ပွဲ ဖြစ်သွားနိုင်သည့် ဤအခြေအနေမျိုးတွင် သူ အေးဆေး ထိုင်မနေနိုင်သောကြောင့် ဖြစ်သည်။
“ကျွန်တော်က အဲ့ဒီကိစ္စအတွက် လာတာမဟုတ်ပါဘူး၊ ဘာတွေဖြစ်နေလဲဆိုတာကိုပဲ သိချင်လို့ပါ” ရှန်ယွီ ကုလားထိုင်ပေါ် မှီထိုင်ရင်း၊ သူ၏ လက်အိတ်ကို သွားနှင့်ကိုက်ကာ ဆွဲချွတ်လိုက်သည်။
“တခြားဆိုင်တွေက ရွာနဲ့ ဘယ်လို ညှိနှိုင်းခဲ့သလဲဆိုတာကိုတောင် ကျွန်တော် မသိပါဘူး”
ချန်ကျန့် သဘောပေါက်လိုက်သည်။ ဤလမ်းလျှောက်လာသည့် သုံးလှမ်းခွဲအတွင်းမှာ ရှန်ယွီ လက်အိတ်စွပ်လိုက်၊ ချွတ်လိုက် လုပ်နေခြင်းမှာ အခြားအကြောင်းရင်း မရှိပါဘူး ။ အထာပေးနေခြင်းသာ ဖြစ်သည်။
“နောက်နေတာလား။ မင်းတို့က အတူတူ လုပ်နေကြတာပဲ၊ ဘယ်လိုလုပ် မသိဘဲ နေမှာလဲ”
အန်ကယ်လုက ပြောနေသော်လည်း ရှန်ယွီ ဘာမှပြန်မပြောဘဲ ခေါင်းကို အနည်းငယ် စောင်းပြသည်။
“သူ တကယ် မသိတာပါ၊ ကျွန်တော်တို့ကိုလည်း အခုမှ အကြောင်းကြားတာလေ”
ချန်ကျန့်က ဝင်ပြောပေးလိုက်သည်။ ဆိုင်ရှင်များ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
“ဒါဆို မင်းတို့ အလိမ်ခံလိုက်ရတာပေါ့”
အသံကျယ်ကျယ်နှင့် ပြောခဲ့သော ဆိုင်ရှင်က ဝင်မေး၏။ သူက လူငယ်ဆုံး ဖြစ်ပြီး နာမည်က ဝမ် ဟု သိရသော်လည်း အားလုံးက သူ့ကို တာဝမ်ပါး ဟု ခေါ်ကြသည်။
“အဲ့ဒီလိုလား” ရှန်ယွီ ပြုံးလိုက်သည်။
“ဘော့စ်ရှန် ရဲ့ အတွေ့အကြုံ မရှိတာကို သူတို့ အခွင့်ကောင်း ယူသွားတာပဲ” အန်ကယ်လုက မီးလောင်ရာ လေပင့်ရင်း စပ်စုပြန်သည် ။
“အရင်က ဘာစီးပွားရေး လုပ်ခဲ့တာလဲ”
“ကျွန်တော် စီးပွားရေး မလုပ်ခဲ့ပါဘူး”
ရှန်ယွီက ဆိုကာ အင်္ကျီအိတ်ထဲမှ စောစောက ထိုးထည့်ထားသော အရာကို ထုတ်ပြီး ချန်ကျန့်ဆီ လှမ်းပေးသည်။ ချန်ကျန့် ယူကြည့်လိုက်သည့်အခါ စီးကရက် တစ်ထုပ်ကြီး ဖြစ်နေသည်။ ချန်ကျန့်ကတော့ စီးကရက်အကြောင်း ဘာမှမသိသော်လည်း အန်ကယ်လု၏ မျက်နှာကို ကြည့်ရုံနှင့် ဈေးကြီးတံဆိပ်မှန်း သိသာလှသည်။ ချန်ကျန့် ထိုစီးကရက်ဗူးကို ဖွင့်ကာ အလယ်က စားပွဲပေါ်တွင် တင်ပေးလိုက်သည်။
တာဝမ်ပါးက ရယ်မောရင်း ချက်ချင်းပင် တစ်ဗူးကို ဆွဲယူကာ ဖွင့်ရင်း ဆိုသည် ။
“စီးပွားရေး နောက်ခံမရှိဘဲနဲ့ ဒီလောက်ကြီးတဲ့ တည်းခိုခန်းကို ဘယ်လိုများ လွှဲယူနိုင်ရတာလဲ”
“ကျွန်တော် အခုမှ ထောင်က လွတ်လာတာလေ” ရှန်ယွီက အေးအေးဆေးဆေး ဆိုလိုက်သည် ။
“ဒီတည်းခိုခန်းကို လွှဲယူဖို့ ကျွန်တော် ပိုက်ဆံ တစ်ပြားမှ မကုန်ခဲ့ပါဘူး”
ဒါက တကယ့်ကို ပါးနပ်လှတဲ့ စကားဖြစ်ကြောင်း ချန်ကျန့် စိတ်ထဲကနေ ချီးကျူးလိုက်မိသည်။ စကားပြောလို့ မရသည့်အခါတွင် ခြောက်လှန့်ခြင်း နည်းဗျူဟာကို စတင်လိုက်ပြီ မဟုတ်ပါလား။ အကျိုးသက်ရောက်မှုကလည်း ချက်ချင်းပင် ဖြစ်သည်။ တာဝမ်ပါး၏ မျက်နှာပေါ်က အပြုံးများ ပျောက်ကွယ်သွားသလို စီးကရက်ဗူး ဖွင့်နေသည့် လက်များလည်း ရပ်တန့်သွားသည်။ အခန်းထဲတွင် ခေတ္တမျှ တိတ်ဆိတ်သွားတော့သည်။
ဤဆိုင်ရှင်များမှာ ဆက်ဆံရ ခက်ခဲပြီး အနည်းငယ် စကားများလျှင်ပင် လက်နက်စွဲကိုင်တတ်ကြသော်လည်း အတိုင်းအတာတစ်ခုတော့ ရှိကြသည်။ ထောင်က လွတ်လာပြီး တည်းခိုခန်းတစ်ခုလုံးကို နည်းမျိုးစုံသုံးကာ သိမ်းပိုက်ထားသည့် ရှန်ယွီကို မဆိုထားနှင့်၊ ခေတ္တမျှ အချုပ်ကျဖူးသော ချန်တာဟူကိုပင် သူတို့ ကြောက်ကြသည် မဟုတ်ပါလား။
ချန်ကျန့် အခွင့်အရေးကို အသုံးချကာ စကားကို အဓိကအချက်ဆီသို့ ဆွဲခေါ်လိုက်သည်။
“ဘာဖြစ်လို့ အသားကင်ကွင်း သုံးတာကို ကန့်ကွက်နေကြတာလဲဗျာ။ ကျိုးကြောင်းဆီလျော်အောင် တွေးကြည့်ရင် လူတွေ များများလာလေ အားလုံး စီးပွားရေး ကောင်းလေ မဟုတ်ဘူးလား”
“လူတွေက အပြင်မှာချည်းပဲ ရှိနေကြမှာလေ”
အန်ကယ်လု သတိပြန်ဝင်လာပြီး သူလည်း စီးကရက်တစ်ဗူးကို ဖွင့်ကာ ဆိုသည်။
“ဘယ်သူက ဆိုင်ထဲဝင်စားတော့မှာလဲ! ခင်ဗျားတို့က နေရာခ နည်းနည်းပေးပြီး ဧည့်သည်တွေကို ဆွဲခေါ်သွားတော့ ကျွန်တော့်မှာ ဘယ်လောက် ဆုံးရှုံးရမလဲဆိုတာ တွေးကြည့်ဦး”
“ဟုတ်တယ်၊ နေရာခလေး နည်းနည်းပေးပြီး စီးပွားရေးတစ်ခုလုံးကို သိမ်းကျုံးယူတာကတော့ မတရားဘူးလေ။ ဘော့စ်ရှန်... မင်းလည်း လောကအကြောင်း သိမှာပါ၊ ငါ ဘာကို ဆိုလိုသလဲဆိုတာ” တာဝမ်ပါးက ထောက်ခံသည်။
လောကအကြောင်း သိတယ်ဆိုတာ ဘာကို ဆိုလိုတာလဲ။
ချန်ကျန့် ရှန်ယွီနှင့် အပေးအယူ ညီအောင် မျက်နှာထား တင်းတင်းနှင့်သာ နေလိုက်သည်။ ရှန်ယွီ ကုလားထိုင်ပေါ် မှီထိုင်လိုက်ရင်း …
“ဒီလို ပြောရအောင်…ဒီမီးပုံပွဲကတော့ ခင်ဗျားတို့ သဘောတူတူ မတူတူ သေချာပေါက် ဖြစ်လာမှာပါ....”
အားလုံး၏ မျက်နှာများမှာ ချက်ချင်းပင် မှောင်မှောက်သွားတော့သည်။ သို့သော် ရှန်ယွီက သူတို့ကို ကြည့်တောင် မကြည့်ပါဘူး။ သူ၏ လက်ကိုသာ ငေးကြည့်ရင်း ဖြည်းဖြည်းချင်း ဆက်ပြောသည်။
“ပွဲကို မှတ်ပုံတင်ပြီးသား ဖြစ်သလို၊ ကြော်ငြာတွေလည်း လုပ်ပြီးပြီ။ ဒါက မြို့နယ်အဆင့် ပွဲတစ်ခုလို့ သတ်မှတ်လို့ ရတယ်။ အဲ့ဒီအချိန်ကျမှ ပြဿနာ တက်လာခဲ့ရင်တော့ ခင်ဗျားတို့ပဲ နစ်နာလိမ့်မယ်။ ဒါကြောင့် ဒါကို တားနေမယ့်အစား ဘယ်လို ပူးပေါင်းမလဲဆိုတာ ဆွေးနွေးတာက ပိုကောင်းမယ်လို့ ထင်တယ်”
“ငါတို့က ဘာလို့ နစ်နာရမှာလဲ!”
အန်ကယ်လု စီးကရက်ကို မီးညှိရင်း အော်သည်။
“ပွဲက မှတ်ပုံတင်ပြီးသားဆိုတော့ ပြဿနာရှာတဲ့လူကို ဖမ်းမှာပဲလေ”
ချန်ကျန့်ကလည်း အတည်ပေါက်နှင့် လိုက်ပြောပေးလိုက်သည်။
ရှန်ယွီ ရောက်လာပြီး မကြာမီမှာပင် နှစ်ရှည်လောက် ထောင်မကျဘဲ ပုန်းနေနိုင်ခဲ့တဲ့ ချန်တာဟူတစ်ယောက် ထောင်ထဲ ရောက်သွားတာကို သတိရသွား၍လားမသိ၊ အန်ကယ်လု တိတ်ဆိတ်သွားပြန်သည်။ တာဝမ်ပါးကတော့ ပိုပြီး လျင်မြန်သည်၊ ရှန်ယွီကို ကြည့်ကာ…
“ဒါဆို ငါတို့အတွက် အကျိုးရှိမယ့် နည်းလမ်းကော ရှိလား” ဟု မေးသည်။
“အကျိုးအမြတ်ကို ခင်ဗျားတို့ ဘယ်လို သတ်မှတ်သလဲဆိုတဲ့ အပေါ်မှာပဲ မူတည်မှာပေါ့။ နည်းလမ်း နှစ်မျိုး ရှိတယ်” ရှန်ယွီ အဝေးက အသားကင်ကွင်းကို လှမ်းကြည့်ရင်း ဆိုသည်။
“တစ်ခုကတော့ နေရာခွဲလိုက်ဖို့ပဲ။ အများပိုင် နေရာဖြစ်လို့ ဘယ်သူကမှ တစ်ကွင်းလုံးကို မယူနိုင်ဘူးလေ။ ဒါကြောင့် ဇုန်တွေ ခွဲလိုက်မယ်။ သူတို့လည်း သူတို့ဇုန်မှာ နေပေါ့....”
“အဲ့ဒါကတော့ အလကားပဲလေ!” အန်ကယ်လုထ အော်ပြန်သည်။
“နောက်တစ်နည်းကတော့ စီစဉ်ထားတဲ့အတိုင်း အသားကင်ကွင်းကို ငှားပေးလိုက်ပြီး ပွဲကို ဆက်လုပ်မယ်။ ဒါပေမဲ့ ခင်ဗျားတို့က အပြင်မှာ မကစားချင်တဲ့ ဧည့်သည်တွေအတွက် အသားကင် တစ်ပွဲနဲ့ ဘီယာ နှစ်ပုလင်းကို အခမဲ့ ဝန်ဆောင်မှု ပေးရလိမ့်မယ်....”
“ဘာလဲဟ!”
တာဝမ်ပါး ကြောင်အသွားရသည်။ သူသည် သောက်လက်စ စီးကရက်ကို မြေပေါ်သို့ ထွေးထုတ်လိုက်ပြီး ထရပ်ရန် ပြင်လေသည်။ ထိုအချိန်မှာပင် ချန်ကျန့် သူ မှီထားသော စားပွဲပေါ်က ရှာလကာရည်ပုလင်းကို တစ်ချက် လှမ်းကြည့်လိုက်မိသည်။ ရန်ဖြစ်လျှင် အသင့်ယူရန် ပြင်ထားခြင်း ဖြစ်သည်။
“တာယွင်ကနေ စိုက်ပေးမှာပါ၊ ဒါပေမဲ့ အကန့်အသတ်နဲ့ပေါ့” ရှန်ယွီက ထိုလူ၏ ရမ်းကားမည့် ပုံစံကို လုံးဝ ဂရုမစိုက်ဘဲ ဆက်ပြောသည်။
“လူအများစုက အခမဲ့ရတဲ့ အစားအစာကို စားပြီးတာနဲ့ ပြန်သွားကြမှာ မဟုတ်ပါဘူး။ သူတို့တွေ သောက်ရင်း ပြောရင်းနဲ့ ထပ်ပြီး မှာကြမှာ သေချာပါတယ်”
အခန်းထဲရှိ လူများမှာ ထိုစကားကို စဉ်းစားနေကြပြီး၊ ယုတ္တိရှိသည်ဟု ယူဆပုံရသည်။ တာဝမ်ပါးလည်း မြေပေါ်က စီးကရက်ကို ကောက်ပြီး ပါးစပ်ထဲ ပြန်ထည့်လိုက်သည်။
“တကယ်လို့ သူတို့က အလကားရတာပဲ စားပြီး ပြန်သွားရင်ကော”
အန်ကယ်လု၏ ဇနီးက တံခါးကို မှီကာ နားထောင်နေရင်းမှ မေးလိုက်သည်။
“အစ်မကြီး....” ရှန်ယွီ သူမကို လှမ်းကြည့်သည်။
“ကျွန်တော်က အစ်မတို့ဆီကို ဧည့်သည်တွေ ရောက်အောင် လုပ်ပေးတာလေ။ ပုံမှန်ထက် အများကြီး ပိုများမှာ သေချာတယ်။ သူတို့ကို ဆွဲထားနိုင်မနိုင် ဆိုတာကတော့ အစ်မတို့ရဲ့ လက်ရာအပေါ်မှာပဲ မူတည်တာပေါ့။ ပုံမှန် ဧည့်သည်တွေ အစားနည်းတာ များတာကိုတော့ ကျွန်တော့်ကို လာပြီး တာဝန်ယူခိုင်းလို့ မရဘူး မဟုတ်လား”
ချန်ကျန့် ရှန်ယွီကို လှမ်းကြည့်လိုက်မိသည်။
ဘော့စ်ရယ်.... ကျွန်တော်တောင် အန်ကယ်လုရဲ့ မိန်းမကို ‘အန်တီ’ လို့ ခေါ်တာကို မင်းက ‘အစ်မကြီး’ တဲ့လား။
“နောင်ကျရင် ဒီလိုပွဲတွေ အများကြီး ရှိလာဦးမှာပါ”
ရှန်ယွီ အိတ်ကပ်ထဲမှ ယောင်ယီ၏ လက်မှတ်ကို ထုတ်ကြည့်ရင်း ဆိုသည်။
“ဟိုတစ်နေ့က အစည်းအဝေးမှာတောင် ဆွေးနွေးခဲ့ကြတာလေ၊ အဲ့ဒါ နာမည်က ဘယ်လိုလဲ....”
“ပြည်နယ်အဆင့် ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှုဆိုင်ရာ အစည်းအဝေး ပါ”
ချန်ကျန့် အမြန်ပင် ဝင်ပြောလိုက်ရသည်။ မဟုတ်လျှင် သူတို့တွေ လက်မှတ်ကို လုကြည့်ပြီး အနောက်က ယောင်ယီပုံကို မြင်သွားမှာ စိုးသောကြောင့် ဖြစ်သည်။
“အေး.... အဲ့ဒီမှာလည်း ဒါတွေကို ဆွေးနွေးခဲ့ကြတာပဲ” ရှန်ယွီ လက်မှတ်ကို အိတ်ကပ်ထဲ ပြန်ထည့်လိုက်သည်။ အခန်းထဲရှိ လူများမှာ တစ်ယောက်ကိုတစ်ယောက် ထပ်မံ ကြည့်လိုက်ကြပြန်သည်။
“တာယွင် တစ်ဆိုင်တည်းကပဲ အခမဲ့ ဝန်ဆောင်မှုကို စိုက်ပေးမှာလား” အန်ကယ်လုက မေးသည်။
“ကျွန်တော် သူတို့နဲ့ ဘယ်လိုညှိမလဲဆိုတာကိုတော့ ခင်ဗျားတို့ စိတ်မပူပါနဲ့။ တစ်ခုခုဆိုရင် ချန်ကျန့်ကိုပဲ ဆက်သွယ်လိုက်ပါ”
“တကယ်လို့ သူတို့ဘက်က လူတွေ လာရင်ကော၊ ဘယ်သူက အဆုံးအဖြတ် ပေးမှာလဲ”
တာဝမ်ပါးက စပ်စုပြန်သည်။
“ခင်ဗျားတို့အတွက် အလုပ်ဖြစ်အောင် လုပ်ပေးနိုင်တဲ့လူက အဆုံးအဖြတ် ပေးမှာပေါ့”
ရှန်ယွီ ပြုံးလျက် ဆိုသည်။
“ကောင်းပြီလေ၊ မင်းနဲ့ပဲ ငါ စကားပြောမယ်။ မင်းကတော့ အလကား လေထဲမှာ စကားပြောမယ့်လူ မဟုတ်မှန်း သိသာပါတယ်”
တာဝမ်ပါးက ရှန်ယွီကို လက်ညှိုးညွှန်ရင်း ဆိုသည်။
“ဒါဆို ခင်ဗျားတို့ အရင် တိုင်ပင်လိုက်ကြဦးလေ” ရှန်ယွီ ထရပ်ကာ ချန်ကျန့်ကို အချက်ပြသည် ။
“မင်းလည်း ဘော့စ်တွေနဲ့ ဆက်သွယ်ထားလိုက်ဦး”
“ဟုတ်ကဲ့” ချန်ကျန့် ရှန်ယွီအတွက် လိုက်ကာကို မပေးထားလိုက်သည်။ ရှန်ယွီ အပြင်ရောက်မှ လိုက်ကာကို ပြန်ချပြီး အန်ကယ်လုကို လှည့်ပြောလိုက်သည်။
“အန်ကယ်လု.... တိုင်ပင်လို့ ပြီးရင် ကျွန်တော့်ကို အကြောင်းကြားပေးပါနော်။ ဒါမှ ကျွန်တော်တို့ အသေးစိတ်တွေကို အတည်ပြုလို့ ရမှာပါ”
“အေးပါ” အန်ကယ်လု ခေါင်းညိတ်ပြရင်း လိုက်ကာကို ကြည့်ကာ…
“မင်းတို့ ဘော့စ်က... အရင်က ဘာအမှုနဲ့ ကျခဲ့တာလဲ” ဟု မေးလိုက်သည်။
“အဲ့ဒါတော့ သူ ကျွန်တော့်ကို မပြောဘူးဗျ။ ကျွန်တော်က ဝန်ထမ်းပဲဟာ”
ချန်ကျန့်က ပြန်ဖြေလိုက်သည်။
အန်ကယ်လု ခဏမျှ တိတ်ဆိတ်သွားပြီးမှ
“ဟုတ်တာပဲ၊ မင်းက ကလေးပဲ ရှိသေးတာ၊ သူ မပြောတာ မဆန်းပါဘူး”
ဆိုင်ထဲက ထွက်လာသည့်အခါ ချန်ကျန့် သက်ပြင်းအရှည်ကြီး ချလိုက်မိသည်။ ကားမောင်းသူနေရာမှာ ထိုင်နေတဲ့ ရှန်ယွီကို ကြည့်ရင်း သူ ထူးဆန်းစွာ စိတ်ပေါ့ပါးသွားရသည်။ သူ ကားမှန်ကို လှမ်းခေါက်လိုက်သည်။
“ဘာဖြစ်လို့လဲ” ရှန်ယွီ မှန်ချကာ မေးသည်။
“လိုင်စင်မရှိဘဲ မောင်းချင်လို့လား”
“ဘော့စ်... မင်း တကယ်ကို တော်တာပဲ”
“ကားပေါ်တက်ပြီးမှ ပြောရင်ကော ဘော့စ်က မတော်တော့ဘူးလား”
“အခုပဲ ပြောချင်လို့ပါဗျာ” ချန်ကျန့် ကားရှေ့ကနေ ပတ်ပြီး ဘေးမှာ ဝင်ထိုင်လိုက်သည် ။
“ခုနက မင်းကို သူတို့ ရိုက်တော့မလားလို့ ကျွန်တော် စိုးရိမ်နေတာ”
“အဲ့ဒါကြောင့် ဟို ရှာလကာရည်ပုလင်းကို အသင့်ပြင်ထားတာပေါ့ ဟုတ်လား”
ရှန်ယွီက ပြုံးလျက် ကားမောင်းထွက်လိုက်သည်။
“မင်း မြင်လိုက်တာလား” ချန်ကျန့် သူ့ကို လှည့်ကြည့်သည်။
“ဝင်ဝင်ချင်းကတည်းက မြင်တာပေါ့” ရှန်ယွီက ဆိုသည်။
“အန်ကယ်လုက မင်းအရင်က ဘာလုပ်လဲဆိုတာ မေးနေတာ မဆန်းပါဘူး”
“ဒီအတိုင်း ဟိုဟိုဒီဒီ လျှောက်လုပ်နေတာပါ၊ ဘာမှ မဟုတ်ပါဘူး”
“တကယ်လား။ ဒါဆို ဒီလို ညှိနှိုင်းတဲ့ အကွက်တွေကို ဘယ်မှာ သင်ခဲ့တာလဲ။ ကျွန်တော်တောင် နားမလည်လိုက်ဘဲ အရာရာ ပြေလည်သွားတာပဲ”
“အရင်ဆုံး သူတို့ရဲ့ မာန်ကို ချလိုက်ရမယ်၊ ပြီးတော့ ကိုယ်က စေတနာရှိကြောင်း ပြဖို့အတွက် အကျိုးအမြတ်လေး နည်းနည်း ပေးလိုက်ရမယ်၊ အဲ့ဒီနောက်မှာမှ ကောင်းကွက် ဆိုးကွက်တွေကို ခွဲခြမ်းပြပြီး ဖြေရှင်းနည်း ပေးရတာလေ။ ဒါ ညှိနှိုင်းတဲ့ နည်းဗျူဟာပဲ”
“တကယ်လို့ သူတို့ သဘောမတူရင်ကော”
“ဆဲတာဖြစ်ဖြစ်၊ ရန်ဖြစ်တာဖြစ်ဖြစ် အားလုံးက အကျိုးအမြတ်အတွက်ချည်းပဲလေ။ ကိုယ်က သူတို့အတွက် အကျိုးရှိအောင် လုပ်ပေးနိုင်ရင် ညှိလို့ ရတာပါပဲ။ တကယ်လို့ ကိုယ့်အတိုင်းအတာထက် ကျော်သွားရင်တော့ လက်လျှော့လိုက်ရုံပေါ့”
ချန်ကျန့် ဘာမှမပြောဘဲ ရှန်ယွီကိုသာ စိုက်ကြည့်နေမိသည်။
တော်သေးတာပေါ့ သူ ကားမမောင်းရလို့။ ညှိနှိုင်းနေတဲ့ ရှန်ယွီနဲ့ ရုံးခန်းထဲမှာ လှဲနေတဲ့ ရှန်ယွီကတော့ လုံးဝ ကွာခြားလှသည်။ နှစ်မျိုးစလုံးကတော့ တကယ်ကို ဆွဲဆောင်မှု ရှိလှ၏။
ရှန်ယွီ ခေတ္တမျှ တုံ့ဆိုင်းနေပြီးမှ … “မားမား သင်ပေးတာပါ” ဟု ထပ်ဖြည့်ပြောလိုက်သည်။
“သြော်....”
ချန်ကျန့် မှင်သက်သွားရသည်။
အမှန်တော့ ရှန်ယွီ ပြောမှသာ သူ မြင်ယောင်ကြည့်လို့ ရတော့သည်။ ရှန်ယွီ၏ မိခင်နှင့် ဖုန်းပြောခဲ့ရသော အတွေ့အကြုံက ချန်ကျန့်၏ မှတ်ဉာဏ်ထဲမှာ ရှိနေဆဲ ဖြစ်သည်လေ။ သို့သော် ရှန်ယွီက မိဘများအကြောင်း သိပ်မပြောသဖြင့် သူ မစဉ်းစားမိခဲ့ခြင်း ဖြစ်သည်။
“အချိန်ရရင် ဖြည်းဖြည်းချင်း ပြောပြမယ်လေ။ ဒီနေ့ စာမေးပွဲ ဖြေဖို့ စာရင်းသွင်းထားတယ် မဟုတ်လား”
“ဟုတ်ကဲ့၊ နေ့လယ် နှစ်နာရီခွဲမှာပါ”
“မြို့ဟောင်းမှာ ဖြေရမှာလား၊ ဘယ်လိုသွားမှာလဲ”
“ဆိုင်ကယ်နဲ့ သွားမှာပါ” ချန်ကျန့်က ဆိုသည်။
ရှန်ယွီ သူ့ကို တစ်ချက် လှမ်းကြည့်သည်။ ချန်ကျန့် စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာပြီး၊ မစဉ်းစားဘဲ မေးလိုက်မိသည် ။
“မင်း အလုပ်ကိစ္စ ခရီးထွက်မလို့လား”
မေးပြီးမှ သူ ကိုယ့်ကိုယ်ကိုယ် အရူးလို့ ခံစားလိုက်ရသည်။
“အင်း” ရှန်ယွီ ရယ်မောလိုက်သည်။
“ငါ အလုပ်ကိစ္စ ခရီးထွက်မလို့လေ”
“...ဒါဆို ဘတ်စ်ကားနဲ့ သွားရမှာလား” ချန်ကျန့် တုံ့ဆိုင်းစွာ မေးလိုက်သည်။
“မသွားဘူး!” ရှန်ယွီက ချက်ချင်း ငြင်းဆိုလိုက်သည်။
“ဒါဆိုရင်တော့.... ရွီကော ဆီ အရင်သွားပြီး ကားငှားရအောင်၊ ပြီးတော့မှ....”
ချန်ကျန့် ပြောရင်းနှင့် သူကိုယ်တိုင်လည်း ရယ်မိသွားသည်။
“ပြီးတော့မှ မင်းပဲ မောင်းပေါ့”
ဘယ်ဘော့စ်ကများ ဒီလောက်အထိ ပင်ပန်းရပါလိမ့်။ ထန်ရွီ၏ ကားက ဝပ်ရှော့မှာ ရှိသော်လည်း သူ မရှိပါဘူး၊ ချန်ရှောင်ဟူ ပဲ ရှိလေသည်။ ချန်ကျန့် သူမနှင့် စကားပြောနေစဉ် ရှန်ယွီက ရေခဲသေတ္တာဆီ လျှောက်သွားကာ အထဲကို လှမ်းကြည့်သည်။
ရေခဲသေတ္တာထဲမှာတော့ အရင်အတိုင်း ရေပုလင်း အနည်းငယ်သာ ရှိသည်။ သို့သော် အောက်ဆုံးအလွှာမှာ ထူးဆန်းသည့် အရာတစ်ခုကို သူ တွေ့လိုက်ရသည်။ ကွင်းလေးကွင်း ပါသည့် ရေခဲမုန့် နှစ်ချောင်း ဖြစ်လေသည်။
“ဒီပစ္စည်းတွေ အခုထိ ရှိနေတုန်းလား” သူ မနေနိုင်ဘဲ မေးလိုက်မိသည်။
“အဲ့ဒါ နောက်ဆုံး နှစ်ချောင်းပဲ။ ချန်ကျန့်က လွန်ခဲ့တဲ့ ရက်ပိုင်းက ဆယ်ချောင်းလောက် ဝယ်သွားပြီး အကုန် စားပစ်လိုက်တာလေ”
သူ အလုပ်ကိစ္စ ခရီးထွက်နေတုန်းမှာ မန်နေဂျာချန်က စာတစ်စောင်တောင် မပို့ဘဲ၊ ဒီမှာ လာပြီး ရေခဲမုန့်တွေ အသည်းအသန် စားနေခဲ့တာပေါ့။
တော်လိုက်တာ မန်နေဂျာရာ။
သူ ရေခဲသေတ္တာ အဖုံးကို ဖွင့်ကာ ရေခဲမုန့် နှစ်ချောင်းလုံးကို ထုတ်ယူလိုက်သည်။
“အခု စားမလို့လား”
ချန်ကျန့် ကားသော့ကို ကိုင်ကာ ရောက်လာခဲ့သည်။
“အင်း” ရှန်ယွီက တစ်ချောင်း ကမ်းပေးလိုက်သည်။
“အခုတော့ မစားချင်သေးဘူးဗျာ” ချန်ကျန့် ရေခဲမုန့်ကို လှမ်းယူလိုက်သည်။
“လူနှစ်ယောက် အတူစားရင် အဆိပ်တက်မှာမလို့လား”
ချန်ကျန့် ရယ်မောရင်း ခေါင်းငုံ့ကာ ရေခဲမုန့်ကို ဖြည်ပြီး ကိုက်စားလိုက်တော့သည်။ ရှန်ယွီ ဘာကြောင့်လဲတော့ မသိပါဘူး၊ ချန်ကျန့် တစ်ယောက်တည်း ဒီမှာထိုင်ပြီး ရေခဲမုန့် စားနေခဲ့တဲ့ ခံစားချက်ကို သူလည်း သိချင်နေခဲ့ပုံရသည်။ သူတို့နှစ်ဦးသား အေးစက်လှသော လေထဲတွင်၊ ချန်ရှောင်ဟူ၏ နားမလည်နိုင်သော အကြည့်အောက်၌ ရေခဲမုန့် ရှစ်ကွင်းစလုံးကို ကုန်အောင် စားပစ်လိုက်ကြသည်။ အထဲကော အပြင်ပါ အေးစိမ့်သွားတော့သည်ပေါ့။
မြို့ဟောင်းသို့ ကားမောင်းသွားရခြင်းမှာ ဆိုင်ကယ် သို့မဟုတ် ဘတ်စ်ကားနှင့် သွားရတာထက် ပိုမြန်သလို ခံစားရသည်။ အဓိကကတော့ နွေးထွေးနေသလို၊ လူတွေ တိရစ္ဆာန်တွေနှင့် တိုးဝှေ့နေစရာ မလိုသောကြောင့် ဖြစ်သည်။ သို့သော် ချန်ကျန့်မှာ လမ်းမှာ မအိပ်ပါဘူး၊ ဖုန်းထဲက မေးခွန်းဟောင်းတွေကိုပဲ ထပ်ခါတလဲလဲ ဖတ်နေမိသည်။ အောင်ပါ့မလားဆိုတာ သူ စိုးရိမ်နေမိသည်လေ။ သူ ရှန်ယွီကို တစ်ချက် လှမ်းကြည့်လိုက်သည်။
ရှန်ယွီကတော့ ရှေ့ကိုသာ စိုက်ကြည့်နေသည်။ စာမေးပွဲ မဖြေခင် စာတွေကို ထပ်ပြီး ဖတ်ထားတာက ပိုကောင်းမှာပေါ့။ သူ ရှန်ယွီကို ထပ်ကြည့်မိပြန်သည်။ ရှန်ယွီကတော့ ရှေ့ကိုပဲ ကြည့်နေတုန်းပါပဲ။ စာမေးပွဲ ဖြေမယ့် နေရာရောက်ရင် အချိန် နည်းနည်း ကျန်ဦးမှာဆိုတော့ ထပ်ဖတ်လို့ ရပါသေးတယ်....။
သူ ရှန်ယွီကို ထပ်ပြီး လှမ်းကြည့်လိုက်မိသည်။
ယခုတစ်ကြိမ်တွင်တော့ ရှန်ယွီက သူ့ကို ပြန်ကြည့်နေလေပြီ။
“ဟေး.... လမ်းကိုပဲ ကြည့်ပါဦး” ချန်ကျန့် အနည်းငယ် အနေရခက်စွာ ဆိုလိုက်သည်။
“ကြည့်နေပါတယ်” ရှန်ယွီ ရှေ့ကို ပြန်လှည့်ကြည့်လိုက်သည်။
စာမေးပွဲ ဖြေမည့် နေရာသို့ ရောက်သည့်အခါ လူသိပ်မများ။ သို့သော် ချန်ကျန့် အလှည့်ရောက်ဖို့ နာရီဝက်လောက် လိုသေးသဖြင့် ကားထဲမှာပဲ စောင့်နေကြသည်။
“နည်းနည်းတော့ စိတ်လှုပ်ရှားနေတယ်” ချန်ကျန့် လက်ထဲက ဖုန်းကို လှည့်ပတ်ကစားရင်း ဆိုသည် ။
“စာမေးပွဲ မဖြေရတာ ကြာပြီလေ”
“စိတ်အေးသွားအောင် စာတွေ ထပ်ဖတ်ဦးမလား” ရှန်ယွီက မေးသည်။
“မဖတ်တော့ပါဘူး၊ ဖတ်လေလေ ခေါင်းတွေ ရှုပ်လေလေပဲ”
ချန်ကျန့် ဖုန်းကို ဆက်လက် လှည့်နေမိသည်။
“ဒီကို မရောက်ခင်ကတော့ မလှုပ်ရှားဘူး၊ ရောက်တော့မှပဲ ထိတ်လန့်လာသလိုပဲ”
ရှန်ယွီ လက်လှမ်းကာ ဖုန်းကို လှည့်နေတဲ့ ချန်ကျန့်၏ လက်ကို လှမ်းဖိလိုက်သည်။
“မအောင်ရင်လည်း နောက်တစ်ခါ ပြန်ဖြေရုံပေါ့။ ဘာကို လန့်နေတာလဲ”
ချန်ကျန့် သူ၏ လက်ကို ငုံ့ကြည့်လိုက်သည်။ ပတ်တီးစည်းထားသဖြင့် ရှန်ယွီ၏ လက်ချောင်းထိပ်လေးများက သူ၏ လက်ဖဝါးပေါ်သို့ နွေးထွေးစွာ ဖိထားသည်ကိုသာ ခံစားရလေသည်။ ထိုနွေးထွေးမှုမှာ သူ၏ သွေးကြောများမှတစ်ဆင့် လက်ကောက်ဝတ်၊ လက်မောင်းများဆီသို့ တစ်ဆင့်ချင်း စီးဆင်းသွားလေသည်။
သူ ရှန်ယွီကို လှည့်ကြည့်လိုက်ပြီး၊ လက်ကို တင်းတင်းဆုပ်ကာ ရှန်ယွီ၏ လက်ကို ပြန်လည် ဆုပ်ကိုင်ထားလိုက်လေတော့သည်။
Arrrrr
ReplyDelete