Skip to main content

56








အပိုင်း (၅၆)

ထန်ရွီ၏ ကားမှာ ယောင်ယီ၏ ကားလောက် အသံလုံခြင်း မရှိပါဘူး။ အပြင်ဘက်မှ အသံများမှာ အတိုင်းသား ကြားနေရသည် ။ စာမေးပွဲ ကျရှုံးသွားသူတစ်ဦး၏ ညည်းတွားသံ၊ ဖုန်းပြောနေသံများ၊ ကားအဝင်အထွက် အသံများပေါ့။ ထိုဆူညံသံများကြားတွင် ချန်ကျန့်သည် သူ၏ ကိုယ်ပိုင် နှလုံးခုန်သံနှင့် အသက်ရှူသံကို ရှင်းလင်းစွာ ကြားနေရလေသည်။

သူ အသက်ရှူထုတ်လိုက်သည့် လေပူများမှာ နှာသီးဖျားကို လာထိနေသည်။ သူ ရှန်ယွီကို မကြည့်ရဲပါဘူး၊ ခေါင်းငုံ့ကာ ရှန်ယွီ၏ လက်ကိုသာ စိုက်ကြည့်နေမိသည်။ ပတ်တီးစည်းထားသော်လည်း ရှန်ယွီ၏ လက်မှာ အလွန် သန့်ရှင်းနေသလို၊ လက်သည်းများကိုလည်း သေသေသပ်သပ် ညှပ်ထားလေသည်။ နည်းနည်းတော့ အနေရခက်လှသည်။

လက်ချောင်းထိပ်လေးများဆီမှ နွေးထွေးမှုမှာ သူ၏ လက်မောင်းတစ်လျှောက်မှတစ်ဆင့် နားရွက်များအထိ ပျံ့နှံ့သွားခဲ့ပြီ ဖြစ်သည်။ နားရွက်တွေ နီနေမှာတော့ အသေအချာ၊ သို့သော် သူ ရှန်ယွီ၏ လက်ကို မလွှတ်ချင်သေးပါဘူး။ ထို့ကြောင့် ရှန်ယွီ၏ လက်ချောင်းထိပ်လေးများကို ။ လက်ညှိုး၊ လက်ခလယ်၊ လက်သူကြွယ်၊ လက်သန်း ။ တစ်ခုချင်းစီ လိုက်ညှစ်နေမိသည်။

နောက်ပြန်ပြန်ညှစ်ဖို့ ပြင်နေစဉ်မှာပင် သူ၏ ဖုန်းမြည်လာတော့သည်။ ကြည့်လိုက်သည့်အခါ သူ၏ ကားမောင်းသင်တန်းဆရာ ဆရာလီ ဖြစ်နေသည်။

သူ ရှန်ယွီ၏ လက်ကို မလွှတ်ဘဲ လက်တစ်ဖက်တည်းနှင့်ပင် ဖုန်းကိုင်လိုက်သည် ။

“ဟုတ်ကဲ့ ဆရာလီ”

“ခဏနေရင် စာမေးပွဲ ဖြေရတော့မယ် မဟုတ်လား။ ငါ အခု စောင့်ဆိုင်းခန်း အဝင်ဝမှာ ရောက်နေပြီ....”

ချန်ကျန့်မှာ သူခိုးလူမိသလိုမျိုး ရုတ်တရက် ထိတ်လန့်သွားပြီး စောင့်ဆိုင်းခန်းထဲကို လှမ်းကြည့်လိုက်မိသည်....။ ဆရာတွေက အဝတ်အစား ဆင်တူကြသလို ရုပ်တွေကလည်း ဆင်တူနေကြလေသည်။ သူက ဆရာလီကို ဆေးစစ်တုန်းက တစ်ခါပဲ တွေ့ဖူးတာဆိုတော့ မခွဲခြားတတ်ပါဘူး။

“ဟုတ်ကဲ့၊ အချိန်ကတော့....”

ချန်ကျန့် ဖုန်းကို ကြည့်လိုက်ရာ လန့်သွားရသည်။ ဆယ်မိနစ်ပဲ ကျန်တော့သည် မဟုတ်ပါလား ။

“ဆယ်မိနစ်နေရင် စတင်ဖြေဆိုရတော့မှာပါ”

“ဖြေပြီးရင် ပြန်မသွားနဲ့ဦးနော်။ ရောက်တုန်းရောက်ခိုက် မင်းကို အစမ်းမောင်း လေ့ကျင့်ပေးမယ်” ဟု ဆရာလီက ဆိုသည်။

“ဟုတ်ကဲ့ပါ” ချန်ကျန့် ဖုန်းချလိုက်ပြီး ရှန်ယွီဘက်သို့ လှည့်ပြောလိုက်သည် ။

“ဆယ်မိနစ်ပဲ ကျန်တော့တယ်”

“သွားတော့လေ” ရှန်ယွီက ဆိုသည်။

“အင်း”

သူ ငုံ့ကြည့်လိုက်သည့် အခါမှသာ သူကိုယ်တိုင်က ရှန်ယွီ၏ လက်ကို ဆုပ်ကိုင်ထားခြင်း ဖြစ်ကြောင်း သတိရသွားသည်။ သူ အလျင်အမြန် လွှတ်ပေးလိုက်ပြီး ကားတံခါးကို ဖွင့်လိုက်သည်။

သူ ကားပေါ်က ဆင်းလိုက်စဉ် စိုးရိမ်တကြီးနှင့် မေးလိုက်မိသည် ။

“မင်းက ဒီမှာပဲ စောင့်နေမှာလား”

အမှန်အတိုင်း ပြောရလျှင် ဤနေရာမှာ တော်တော်လေး ခြောက်ကပ်လှသည်။ လမ်းတစ်ဖက်မှာ ကုန်စုံဆိုင်လေး တစ်ဆိုင်ပဲ ရှိပြီး၊ နို့လက်ဖက်ရည်ဆိုင် သို့မဟုတ် ကဖေးဆိုင်မျိုး လုံးဝ မတွေ့ရပါဘူး။

“အချိန်ဖြုန်းမနေနဲ့တော့။ ငါတို့ နာရီဝက် စောရောက်နေတာပဲဟာ၊ နောက်ကျပြီးမှ ပြန်ဖြေနေရတာမျိုး မဖြစ်စေနဲ့ဦး”

ချန်ကျန့် ကားတံခါးကို ပိတ်ပြီး စာမေးပွဲခန်းမဆီသို့ အပြေးထွက်သွားတော့သည်။

ရှန်ယွီ ကားပေါ်ကဆင်းကာ လမ်းလျှောက်ပြီး အနားတစ်ဝိုက် ပတ်ကြည့်ရန် ပြင်သော်လည်း နှစ်မိနစ်တောင် မပြည့်ခင်မှာပင် ကားထဲ ပြန်ဝင်လာခဲ့သည်။ တအား အေးလွန်းလှသည် မဟုတ်ပါလား။ သူ ထိုင်ခုံကို ပြင်လိုက်ပြီး လှဲလျောင်းလျက် ညာဘက်လက်ကို အပေါ်သို့ မြှောက်ထားလိုက်သည်။

ခုနက ချန်ကျန့် သူ၏လက်ကို ဆုပ်ကိုင်ထားတုန်းက၊ ပတ်တီးအောက်တွင် ဒဏ်ရာရထားသည့် လက်ရှိနေသည်ကို မေ့နေပုံရသည်။ သူ တော်တော်လေး တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားခဲ့သဖြင့် ဒဏ်ရာမှာ ကျဉ်ပြီး နာကျင်နေခဲ့သည်။ အခုလို အပေါ်သို့ မြှောက်ထားလိုက်မှ သွေးလှည့်ပတ်မှု လျော့သွားပြီး သက်သာသလို ခံစားရတော့သည်။ ချန်ကျန့်သာ နောက်ထပ် ငါးမိနစ်လောက် ထပ်နေခဲ့လျှင်တော့ သူ၏ ဒဏ်ရာမှာ ပြန်ပွင့်သွားနိုင်သည်လေ။

အပေါ်သို့ မြှောက်ထားရင်း ခေတ္တအကြာတွင် ထင်ထားသည့်အတိုင်းပင် ယွဲ့လန်ဆီမှ ဖုန်းဝင်လာသည်။ သူတို့တွေ လှေစီးလို့ ပြီးသွားကြပြီ ထင်သည်။

“မင်းကတော့ ငါ့ရဲ့ ညီအရင်းကြီးပါပဲကွာ” ယွဲ့လန်က ဆိုသည်။

“ဘာလဲ၊ ငါ့ကို သတ်ပြီး ငါ့အမေရဲ့ ကုမ္ပဏီကို အမွေဆက်ခံချင်လို့လား”

ရှန်ယွီက ပြန်မေးလိုက်သည်။

“ငါ့စီးကရက်တွေ ဘယ်မှာလဲ။ ခုနက မင်း ဘာတွေ လုပ်နေတာလဲ။ ငါ့မိန်းမရဲ့ လက်မှတ်ကိုပါ မင်း ယူသွားတယ် ဟုတ်လား”

“ငါ့အိတ်ကပ်ထဲမှာ ရှိတယ်၊ ပြန်ထားဖို့ မေ့သွားလို့ပါ”

ရှန်ယွီ လက်ကို မြှောက်ထားဆဲဖြစ်ပြီး သူ၏ လက်ချောင်းလေးတွေကို ငေးကြည့်ရင်း ပြန်ဖြေလိုက်သည်။

“ငါ့စီးကရက်တွေကိုရော ပြန်ထားဖို့ မေ့နေတာလား”

“ဆေးလိပ်သောက်တာ ကျန်းမာရေးနဲ့ မညီညွတ်ဘူးလေ။ ဖြတ်လိုက်ပါတော့ လန်ကောရာ”

“သွားစမ်းပါကွာ” ယွဲ့လန်က ဆိုသည်။

“ခုနက မီးပုံပွဲကိစ္စ သွားညှိနေတာလေ။ ဟိုက လူတွေက တော်တော်လေး အလုပ်မတွင်ကျယ်ဘူးဗျ။ မင်းရဲ့ စီးကရက် တစ်ထုပ်တော့ အလကား ကုန်သွားတာပေါ့”

“မီးပုံပွဲက ဘယ်တော့လဲ” ယောင်ယီ၏ အသံမှာ ဖုန်းထဲမှ ထွက်ပေါ်လာသည် ။

“ငါတို့ စောင့်ကြည့်လို့ ရမလား”

“မင်းတို့ နှစ်ယောက်က တကယ်ပဲ ခွင့်ရက်တွေ အကုန်လုံးကို ဒီမှာပဲ ဖြုန်းတော့မလို့လား” ရှန်ယွီ သက်ပြင်းချလိုက်မိသည် ။

“နောက် သုံးရက်နေရင် ပွဲစမှာလေ။ မပြန်သေးဘူးဆိုရင်တော့ ပါဝင်လို့ ရတာပေါ့”

“မင်းမရီးက ဒီနေရာကို တအား သဘောကျနေတာလေ ။ ငါကတော့ သာမန်ပါပဲ။ ဒီနေ့ လှေစီးရတာတော့ တော်တော် စိတ်ဝင်စားဖို့ ကောင်းတယ်၊ မနက်ဖြန်လည်း ထပ်သွားမလားလို့.... မင်း အခု ဘယ်မှာလဲ။ ဒီည တောင်လယ်က စားသောက်ဆိုင်မှာ ညစာ သွားစားကြရအောင်”

တောင်လယ်မှာ စားသောက်ဆိုင် ရှိလို့လား။ သူ တကယ် မသိပါဘူး။ တည်းခိုခန်းပိုင်ရှင် ဖြစ်သော်လည်း ရောက်တာ နှစ်ရက်ပဲ ရှိသေးတဲ့ ခရီးသည်လောက်တောင် သူ မသိပါလား။

“မြို့ဟောင်းမှာလေ။ ချန်ကျန့် စာမေးပွဲ ဖြေနေလို့…ဖြေပြီးရင် သူ ကားမောင်း လေ့ကျင့်ရဦးမှာဆိုတော့၊ ပြန်ရောက်ရင် ရှစ်နာရီ ကျော်လောက်မှာပေါ့”

“ဒါဆို ငါတို့ အရင် တက်နှင့်မယ်နော် ။ မင်းတို့ ပြန်ရောက်ရင် အဲ့ဒီကို တန်းမောင်းလာခဲ့လိုက်”

“မင်းက ငါ့ကို အမှောင်ထဲမှာ တောင်ပေါ် ကားမောင်းတက်ခိုင်းမလို့လား”

“လမ်းက ကျယ်ကျယ်ဝန်းဝန်းနဲ့ ချောမွေ့နေတာပဲကို!မင်း ဒီရောက်နေတာ လပေါင်းများစွာ ရှိနေပြီ၊ အဲ့ဒီကို တစ်ခါမှ မရောက်ဖူးဘူးလား”

“မရောက်ဖူးဘူးလေ၊ ငါ့ဝှီးချဲရဲ့ အင်ဂျင်အားက သေးတော့ အဲ့ဒီအထိ မတက်နိုင်ဘူး”

“မင်းဝှီးချဲက လျှပ်စစ်လေ”

“အားက သိပ်မရှိသလို၊ ဘက်ထရီကလည်း သိပ်မခံဘူးလေ”

“အပိုတွေ ပြောမနေနဲ့။ လမ်းမသိရင် ချန်ကျန့်ကို မောင်းခိုင်းလိုက်ပေါ့။ ငါတို့ အရင်ပြန်ပြီး အဝတ်အစား လဲလိုက်ဦးမယ်၊ အခုတော့ ခဲတော့မလို့ပဲ”

ချန်ကျန့်လား?

ချန်ကျန့်လည်း အဲ့ဒီကို ရောက်ဖူးမှာ မဟုတ်ပါဘူး။ သူ့မှာ အချိန်မှ မရှိတာ။ သူ ကြီးပြင်းခဲ့တဲ့ နေရာမှာတောင် လည်ပတ်ဖို့ အချိန်မရခဲ့သူ မဟုတ်ပါလား။ ရှုခင်းတွေကို မြင်ဖူးနေလို့ စိတ်မဝင်စားတာလည်း ဖြစ်နိုင်သလို၊ ချန်ကျန့် အကြွေးဆပ်ဖို့ အသည်းအသန် ကြိုးစားနေတာကို ကြည့်ရင်တော့ သူ့မှာ အချိန်မရှိတာက ပိုသေချာပါသည်။

ရှန်ယွီ မျက်လုံးများကို မှိတ်ထားလိုက်သည်။ မနေ့က ကောင်းကောင်း မအိပ်ခဲ့ရသော်လည်း အခုတော့ အိပ်ချင်စိတ် မရှိပါဘူး၊ သို့သော် ဘာကြောင့်လဲတော့မသိ ရုတ်တရက် ငိုက်မြည်းလာခဲ့သည်။ သူ ခေတ္တမျှ မှိန်းနေလိုက်သည်။ သို့သော် အကြာကြီး မကြာလိုက်ပါဘူး၊ ကားတံခါး ဖွင့်လိုက်သံကို ကြားလိုက်ရသည်။

သူ မျက်လုံးဖွင့်ကြည့်လိုက်သည့်အခါ ချန်ကျန့်သည် အအေးဓာတ်များနှင့်အတူ ကားထဲသို့ ဝုန်းခနဲ ဝင်ထိုင်လိုက်သည်ကို တွေ့ရသည်။

“ဘယ်လိုလဲ” ရှန်ယွီ သူ့ကို ကြည့်ကာ မေးလိုက်သည်။

“၉၆ မှတ်နဲ့ အောင်တယ်ဗျ။ ကျွန်တော် စောစော ပြီးသွားလို့”

“မဖြေခင်ကတော့ အသည်းအသန် စိုးရိမ်နေပြီး၊ ဖြေတော့လည်း စောစော ပြီးတာပေါ့ ဟုတ်လား”

“မေးခွန်းတွေက ကျွန်တော် လေ့ကျင့်ထားတာထက် ပိုလွယ်နေလို့ပါ၊ မြင်တာနဲ့တင် အဖြေ သိနေတာလေ”

ချန်ကျန့်က ပြုံးလျက် ဆိုသည်။

“အခု ဘာဆက်လုပ်မလဲ”

“ကားမောင်း ခဏ လေ့ကျင့်ရဦးမယ်” ချန်ကျန့် အနည်းငယ် တုံ့ဆိုင်းသွားပြီးမှ ။ “မင်းကကော....”

“ငါ့အတွက် စိတ်မပူပါနဲ့။ ငါကိစ္စမရှိပါဘူး” ရှန်ယွီက ဆိုသည်။

“ဒါဆို ခဏစောင့်ဦးနော်”

ချန်ကျန့် ဂျာကင်ဇစ်ကို ဖြည်လိုက်ပြီး အိတ်ထဲမှ ပလတ်စတစ်နှင့် အုပ်ထားသော စက္ကူအိတ် နှစ်အိတ်ကို ထုတ်ကာ တစ်အိတ် ကမ်းပေးလိုက်သည် ။

“အရင်ဆုံး နေ့လယ်စာ စားလိုက်ကြရအောင်”

“မင်း ဒါကို အခုထိ မှတ်မိနေတာလား ။ ငါဖြင့် မင်း မေ့နေပြီ ထင်တာ”

ရှန်ယွီ့ တအံ့တသြဖြစ်ရသည်။

“ကျွန်တော် တစ်ချိန်လုံး မှတ်မိနေတာပါ၊ မင်းကသာ မေ့နေပြီ ထင်နေတာ” ချန်ကျန့် စက္ကူအိတ်ကို ဖြည်လိုက်သည့်အခါ မွှေးကြိုင်လှသော ရနံ့တစ်ခု လွင့်ပျံလာသည် ။

“ဗိုက် တအားဆာနေတာလေ၊ စာမေးပွဲ ဖြေနေတုန်း တစ်ပုဒ်ဖြေတိုင်း ဗိုက်က မြည်နေတာ”

“ဒါက ဘာလဲ” ရှန်ယွီ ထိုင်ခုံကို ပြန်ပြင်ကာ ထိုင်လိုက်သည်။

“ထမင်းလုံးလေ။ ခုနက ဆရာလီဆီ ဖုန်းဆက်ပြီး ထမင်းဘူး ဘယ်မှာ ဝယ်လို့ရမလဲ မေးတော့၊ သူက ဒီထမင်းလုံးကိုပဲ ညွှန်းတာလေ၊ ထမင်းဘူးထက် ပိုစားလို့ကောင်းတယ်တဲ့”

“အနံ့ကတော့ တော်တော်မွှေးသားပဲ” ရှန်ယွီ စက္ကူအိတ်ကို ဖွင့်ကြည့်လိုက်ရာ အငွေ့တထောင်းထောင်း ထနေလေသည်။ အစကတော့ ဗိုက်မဆာသလို ရှိသော်လည်း အခုတော့ ချက်ချင်းပင် ဆာလာတော့သည်။

“လေ့ကျင့်မယ့် နေရာက ဒီကနေ လမ်းတစ်လမ်းပဲ ဝေးတာလေ” ချန်ကျန့်က စားရင်း ပြောသည် ။

“ခဏနေရင် ကျွန်တော် လမ်းလျှောက်သွားလိုက်မယ်”

“အပိုတွေ လုပ်မနေပါနဲ့…ကိစ္စမရှိဘူး၊ ငါ ကားမောင်းပို့ပေးမှာလေ၊ ကျောပိုးပြီး ပို့မှာမှ မဟုတ်တာ”

ချန်ကျန့် ခေတ္တစဉ်းစားပြီးနောက် ရယ်မောလိုက်မိသည်။ နေ့လယ်စာကတော့ ရိုးရိုးရှင်းရှင်းပါပဲ၊ ဒါပေမဲ့ ထမင်းလုံးကတော့ တကယ်ကို အရသာရှိလှသလို အလုံးကလည်း တော်တော် ကြီးမားလှသည်။ စားပြီးသည့်အခါတွင်တော့ တော်တော်လေး ဗိုက်ပြည့်သွားတော့သည်။ စားပြီးနောက် ရှန်ယွီ ချန်ကျန့်ကို လှမ်းကြည့်လိုက်သည့်အခါ ချန်ကျန့်က အိတ်ကပ်ထဲမှ ဒိန်ချဉ်ဗူး နှစ်ဗူး ထပ်ထုတ်လာပြန်သည်။

“ငါ ထပ်မစားနိုင်တော့ဘူးနော်”

ရှန်ယွီ အမြန် တားလိုက်သည်။

“ကျွန်တော်ကတော့ အဆင်ပြေပါတယ်”

ချန်ကျန့်က ဆိုကာ ဒိန်ချဉ်ကို စတင် သောက်တော့သည်။

“မင်းကတော့ နှစ်ဗူးလုံး ကုန်အောင် သောက်နိုင်တာပဲ။ တစ်ကျိုက်လောက် လျော့သွားရင် မင်း ဆရာ့ကားကို လိုက်ကိုက်နေမှာ စိုးလို့ပါ”

ချန်ကျန့် ရယ်မောရင်း နှစ်ကျိုက်လောက် ထပ်သောက်လိုက်ပြီးမှ ။

“အဲ့ဒီဆရာ့ကားက တကယ် ညစ်ပတ်တာဗျ”

“ဒါဆိုလည်း ပြန်ရောက်ရင် ယောင်ယီ့ကားကိုပဲ စားလိုက်ပေါ့၊ သူ့ကားက အသစ်စက်စက်၊ သန့်ရှင်းပြီး အနံ့လည်း မွှေးတယ်လေ”

“မင်းတော့ တကယ် ရူးနေပြီ ။ ငါတို့ စကားတွေက ဘယ်လိုဖြစ်ပြီး ဒီလမ်းကြောင်း ရောက်သွားတာလဲ”

“ဒီည ယွဲ့လန်က ဒကာခံမှာလေ ။ တောင်လယ်က စားသောက်ဆိုင်အကြောင်း မင်း သိလား”

“သိတာပေါ့” ချန်ကျန့် ခေါင်းညိတ်ပြသည် ။

“တောင်လယ်မှာ တည်းခိုခန်းတွေ ရှိတယ်လေ။ အဲ့ဒီဆိုင်က လမ်းကွေ့ အပေါ်နားမှာ ရှိတာ၊ တော်တော်လေး အဆင့်မြင့်တယ်ဗျ။ ဆောက်တာတောင် ကုန်ကျစရိတ် တော်တော် များတယ်လို့ ကြားတယ်”

“မင်း တော်တော် သိသားပဲ၊ ငါဖြင့် မင်း မသိဘူး ထင်နေတာ”

ရှန်ယွီ ကားစမောင်းလိုက်သည်။

“သူများတွေ ပြောတာ ကြားဖူးလို့ပါ၊ ကျွန်တော်ကိုယ်တိုင်တော့ တစ်ခါမှ မရောက်ဖူးပါဘူး”

“ဒီညတော့ သွားကြည့်ရမှာပေါ့။ မင်း ဒီမှာ နေတာ အနှစ်နှစ်ဆယ် ရှိပြီပဲ၊ တစ်ခါလောက်တော့ ရောက်ဖူးသင့်တာပေါ့”

“အင်း”

ချန်ကျန့် ဒိန်ချဉ်ပိုက်ကို ကိုက်ရင်း ညစာစားပွဲကို လိုက်နိုင်မလား အမြန် တွက်ချက်နေမိသည်။

ချန်ကျန့်နှင့်အတူ လေ့ကျင့်မည့်သူ နောက်ထပ် သုံးယောက် ရှိသေးသည် ။ အဘိုးကြီး တစ်ယောက်၊ အဘွားကြီး တစ်ယောက်နှင့် ချန်ကျန့်နှင့် ရွယ်တူ လူငယ်တစ်ယောက် ဖြစ်လေသည်။ ထိုသုံးယောက်စလုံးမှာ ပထမဆုံးအကြိမ် မဟုတ်ကြသော်လည်း၊ ဆရာ့၏ စိတ်ဆတ်လှသော အမူအရာကို ကြည့်ရလျှင်တော့ သူတို့၏ တိုးတက်မှုက သိပ်မမြန်လှမှန်း သိသာလှသည်။

ယခုသင်ခန်းစာတွင် ဆရာလီက တခြားကျောင်းသား သုံးယောက်ကို ဆဲဆိုနေစဉ်မှာပင် ချန်ကျန့်ကတော့ ကားမောင်းသူ နေရာ၏ ဖွဲ့စည်းပုံများကို အရင်ဆုံး လေ့လာနေခဲ့သည်။ ထို့နောက် လက်ကိုင်ဘီး၊ ထိုင်ခုံနှင့် မှန်များကို ချိန်ညှိနည်းများကို သင်ယူသည်။ ထို့နောက် ဂီယာထိုးနည်းကို စတင် သင်ယူလေသည်။

ချန်ကျန့် ဂီယာထိုးနေစဉ် ဆရာက အပြင်က ကျောင်းသားများကို လှမ်းအော်သည် ။

“ကြည့်ကြစမ်း! သူက တစ်ခါတည်းနဲ့ ရတာလေ! ဘေးတိုက်၊ ဒေါင်လိုက် တည့်တည့် ထိုးရုံပဲကို! မင်းတို့ကတော့ ဒါလေးကိုတောင် ဘယ်လောက်ကြာအောင် ရှုပ်နေကြမှာလဲ! ငါ့မျက်နှာပေါ်က အရေးအကြောင်းတွေက မင်းတို့ ဂီယာထိုးတာကို ကြည့်ရင်းနဲ့ ဖြစ်လာတာ!”

ချန်ကျန့်မှာတော့ မရပ်ရဲပါဘူး၊ ပထမဂီယာ၊ Neutral၊ Reverse ဆိုပြီး ကြိုးကြိုးစားစား လေ့ကျင့်နေမိသည်၊ ဆရာ့၏ ဒေါသက သူ့ဆီ ကူးလာမှာ စိုးသောကြောင့် ဖြစ်သည်။

“ဟုတ်ပြီ၊ တော်တယ်၊ မင်းက သင်ရတာ မြန်သားပဲ။ လူတိုင်းသာ မင်းလိုဆိုရင် ငါလည်း သင်ရတာ တော်တော် ပျော်ဖို့ကောင်းမှာပေါ့။ ကဲ.... ကား စနှိုးကြည့်စမ်း”

“ဟုတ်ကဲ့” ချန်ကျန့် ကားစနှိုးလိုက်သည်။

“နည်းနည်းလောက် မောင်းကြည့်ရအောင်။ မင်းအစ်ကိုက မင်း အလျင်လိုနေတယ်လို့ ပြောထားလို့ ငါ နည်းနည်း မြန်မြန် သင်ပေးမယ်။ အာရုံစိုက်ပြီး သေသေချာချာ လုပ်နော်”

ချန်ကျန့် ခေါင်းညိတ်ပြကာ ဆရာသင်ပေးသည့်အတိုင်း ။ လက်ဘရိတ် ချ၊ Clutch နင်း.... ကားလေးမှာ ဖြည်းဖြည်းချင်း ရှေ့သို့ ရွေ့လျားသွားခဲ့သည်။

“ကောင်းတယ်၊ ဘရိတ်အုပ်၊ ရပ်လိုက်” ဆရာလီ သူ့ကို ကြည့်ကာ ။

“အရင်က မောင်းဖူးလား”

“မမောင်းဖူးပါဘူး၊ ဆိုင်ကယ်ပဲ မောင်းဖူးတာပါ”

“မင်း က သင်လွယ်တတ်လွယ် တာ မဆိုးဘူးပဲ”

ခေတ္တမျှ လေ့ကျင့်ပြီးနောက် ချန်ကျန့် ကားပေါ်ကဆင်းကာ ဘေးမှာ ဆောင့်ကြောင့်ထိုင်လျက် တခြားလူတွေ လေ့ကျင့်တာကို ထိုင်ကြည့်နေမိသည်။ သူ ကားပါကင်ဘက်ကို လှမ်းကြည့်လိုက်သည့်အခါ ရှန်ယွီမှာ ကားထဲတွင် စောင့်မနေဘဲ အပြင်သို့ ထွက်ကာ လက်ရန်းကို မှီရင်း သူ့ကို စိုက်ကြည့်နေသည်ကို တွေ့ရသည်။

သူ ဖုန်းထုတ်ကာ စာပို့လိုက်သည်။

[ချန်လေး] ။ လေတိုက်နေလား။

[Fa Dan Ke Chen] ။ အင်း၊ ဘာလဲ.... မင်းက လေကို ရပ်အောင် လုပ်ပေးနိုင်လို့လား။

[ချန်လေး] ။ ............................................

[ချန်လေး] ။ ကားထဲ ပြန်ဝင်ပြီး စောင့်နေပါဦး။

[Fa Dan Ke Chen] ။ ခဏလောက် ထပ်ကြည့်ဦးမယ်။

ချန်ကျန့်သည် ရှန်ယွီ၏ ပရိုဖိုင်ပုံကို ထပ်မံ မြင်လိုက်ရပြန်သည်။ ရှန်ယွီ၏ ဤအကောင့်မှာ သူတစ်ယောက်တည်းသာ သူငယ်ချင်း ရှိမှန်း သိသော်လည်း၊ Chat ဖွင့်လိုက်တိုင်း စောင်ခြုံပြီး ကြမ်းပြင်ပေါ်မှာ အိပ်နေတဲ့ မိမိ၏ အနီးကပ်ပုံကို မြင်ရသည်မှာ။ သူ၏ အကြည့်များက အလိုအလျောက် ရှောင်လွှဲမိပြီး သေသေချာချာ မကြည့်ရဲပါဘူး။ သူ အခုထိ ထိုပုံကို သေသေချာချာ မကြည့်ရသေးပါဘူး။

[ချန်လေး] ။ မင်းရဲ့ ပရိုဖိုင်ပုံကလေ....

[Fa Dan Ke Chen] ။ ဘာဖြစ်လို့လဲ။

သူ တုံ့ပြန်ဖို့ အချိန်မရခင်မှာပင် ရှန်ယွီက ထိုပုံကို ပို့လိုက်လေပြီ။

“တောက်! ဒီကောင်ကတော့....”

ချန်ကျန့် ဖုန်းကို လွှင့်ပစ်လိုက်ချင်စိတ် ပေါ်လာတော့သည်။ သူ ခေါင်းလှည့်ကာ ရှန်ယွီကို လှမ်းကြည့်လိုက်ရာ၊ ရှန်ယွီမှာ တော်တော်လေး ပျော်ရွှင်စွာ ပြုံးနေသည်ကို တွေ့ရသည်။

သူ သက်ပြင်းချလိုက်ပြီး၊ ဖုန်းကို ပြန်ကြည့်ကာ အံကြိတ်လျက် ထိုပုံကို နှိပ်ကြည့်လိုက်မိသည်။

မဆိုးပါဘူး။ သွားရည်လည်း မကျပါဘူး။ မျက်လုံးကလည်း တစ်ဝက်တစ်ပျက် ပွင့်မနေပါဘူး။ တစ်ညက သူ အိပ်ဆောင် ပြန်သွားတော့ လောင်စစ်က မျက်လုံးတစ်ဝက် ပွင့်ပြီး အိပ်နေတာ တွေ့ဖူးသည်လေ။ တကယ့်ကို သူခိုးဖမ်းတဲ့ ပုံစံကြီးပေါ့။ အဲ့ဒီမြင်ကွင်းကြောင့် သူ တော်တော်လေး လန့်သွားခဲ့တာပါ။ နောက်ဆုံးတော့ လောင်စစ် အိပ်ပျော်နေမှန်း အတည်ပြုပြီးမှ သူ အသာအယာ သွားပြီး မျက်ခွံကို ပိတ်ပေးခဲ့ရသည်။ ထိုနေ့မှစ၍ သူလည်း ထိုကဲ့သို့ ဖြစ်နေမလားဟု သံသယ ဝင်ခဲ့သော်လည်း ဘယ်သူ့ကိုမှ စစ်ခိုင်းဖို့ရာ ရှက်နေမိသည်။

တော်သေးတာပေါ့၊ သူ မျက်လုံးမှိတ်ထားမိလို့။

လမ်းဘေးမှာ အကြာကြီး ထိုင်မနေလိုက်ရပါဘူး၊ သူ ကားပေါ် ပြန်တက်ရမည့် အလှည့် ရောက်လာခဲ့လေပြီ။

သင်ယူတာ မြန်သလို၊ သူ့အစ်ကိုကလည်း အလျင်လိုနေသည်ဟု မှာထားသဖြင့် အကြိမ်အနည်းငယ် စမ်းပြီးနောက် ဆရာက သူ့ကို တခြားကျောင်းသားတွေနဲ့အတူ နောက်ဆုတ်ခြင်း ကို စတင် သင်ယူခိုင်းလိုက်သည်။ အလှည့်ကျ မောင်းရသည်မှာ တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းလှသဖြင့်၊ သူကိုယ်တိုင်ပင် မြို့ငယ်လေးကို မောင်းပြန်ချင်သည့် စိတ်ကူးမျိုး ပေါ်လာမိသည်။ ဆရာက ယနေ့အတွက် သင်ခန်းစာ ပြီးပြီဟု ကြေညာလိုက်သည့် အချိန်တွင်မှ မိုးချုပ်နေပြီမှန်း သူ သတိပြုမိတော့သည်။

ရှန်ယွီမှာလည်း လက်ရန်းနားတွင် မရှိတော့ပါဘူး၊ လေပြင်းတိုက်နေသဖြင့် ကားထဲ ပြန်ဝင်နေပြီ ထင်သည်။ ဆရာ့ကို နှုတ်ဆက်ပြီးနောက် သူ ကားပါကင်ဆီသို့ အပြေးသွားခဲ့သည်။ ကားနားရောက်သည့်အခါ ရှန်ယွီမှာ ကားထဲတွင် ဖုန်းကြည့်နေသည်ကို တွေ့ရသည်။ ဖုန်းမျက်နှာပြင်ပေါ်တွင် သူ၏ပုံကို မြင်လိုက်ရသည်၊ ၎င်းမှာ ကြမ်းပြင်ပေါ်ကပုံ မဟုတ်ဘဲ အသားကင်ပွဲတုန်းကပုံ ဖြစ်လေသည်။

“ပုံတွေ ပို့လိုက်ကြပြီလား”

“တစ်ပုံပဲ ပြင်ပြီးလို့ နမူနာ ပို့လိုက်တာလေ”

ရှန်ယွီ ဖုန်းပိတ်လိုက်ပြီး သူ့ကို ကြည့်ကာ မေးသည် ။

“လေ့ကျင့်လို့ ပြီးပြီလား”

“ပြီးပါပြီ။ ကျွန်တော့်ရဲ့ တိုးတက်မှုကတော့ အံ့သြစရာပဲ၊ ဆရာ့ဆီကတောင် ချီးကျူးခံရသေးတယ်” ချန်ကျန့် ရှန်ယွီ့အနားသို့ တိုးသွားသည် ။

“ပုံလေး ကြည့်လို့ ရမလား”

“ညကျရင် သူတို့ ကွန်ပျူတာထဲမှာ ကြည့်တာက ပိုပြီး အထာကျလိမ့်မယ်” ရှန်ယွီက ဆိုသော်လည်း သူ၏ဖုန်းကို ဖွင့်ကာ ကမ်းပေးလိုက်သည် ။

“ဒီတစ်ပုံတည်းပဲ ရှိသေးတာ၊ ကျန်တဲ့ပုံတွေကိုတော့ ယောင်ယီက ဖြည်းဖြည်းချင်း ရွေးပြီးမှ ပို့ပေးမယ်တဲ့”

ချန်ကျန့် ရှန်ယွီ၏ အနောက်မှာ ရပ်ပြီး အသားကင်တုတ်တွေကို ကိုင်ကာ စားနေသည့် သူ၏ပုံကို မြင်လိုက်ရသည်။ အရောင်က ရွှေဝါရောင်သန်းနေပြီး၊ သူကတော့ အသည်းအသန် စားနေသလို၊ ရှန်ယွီကတော့.... နွေးထွေးစွာ ပြုံးနေလေသည်။ သို့သော် ၎င်းမှာ ယွဲ့လန်နှင့် ရှန်ယွီတို့၏ စကားပြောစာရင်း ဖြစ်နေသည်ကို သူ သတိထားမိလိုက်သည်။

“မင်းရဲ့ Main account ကို သုံးနေတာလား”

“အင်း၊ မဟုတ်ရင် သူတို့က ပုံတွေကို ဘယ်လို ပို့မှာလဲ။ ငါ့ကို အပ်ချင်လို့လား။ ပြန်ရောက်ရင် အချင်းချင်း အပ်လိုက်ကြတာပေါ့”

“ဟုတ်ကဲ့”

ချန်ကျန့် ခေါင်းညိတ်ပြရင်း ဖုန်းကို ပြန်ပေးလိုက်သည်။ သူ အခုချက်ချင်းပင် အပ်လိုက်ချင်နေမိသည်၊ ရှန်ယွီ၏ အရင် နာမည်က ဘာလဲ၊ သူ၏ Moments ထဲမှာ ဘာတွေ ရှိမလဲဆိုတာ သိချင်မိသောကြောင့် ဖြစ်သည်။

သူ့ရဲ့ Moments ကော ‘နောက်ဆုံး သုံးရက်ပဲ မြင်ရမည်’ ဆိုတာမျိုး လုပ်ထားမလား မသိဘူး။

“မနက်ဖြန် ကားပြန်ပေးမယ်လို့ ရှောင်ဟူကို ပြောခဲ့လား” ရှန်ယွီ ကားမောင်းထွက်ရင်း မေးသည်။

“ဟုတ်ကဲ့။ အခု တောင်ပေါ်ကိုပဲ တန်းသွားကြရအောင်။ တည်းခိုခန်းကို အရင်ပြန်ရင် အချိန်နောက်ကျပြီး ပြန်ထွက်ရမှာ ပျင်းနေမှာ စိုးလို့ပါ၊ လူတွေကို အကြာကြီး စောင့်ခိုင်းတာလည်း မကောင်းဘူး မဟုတ်လား”

“သူတို့ကတော့ စောင့်နေမှာ မဟုတ်ပါဘူး ။ သူတို့ စားနှင့်ကြမှာ သေချာတယ်။ ငါတို့ ရောက်ရင်တော့ ငါတို့နဲ့အတူ နောက်တစ်ခေါက် ထပ်စားကြမှာပေါ့”

ချန်ကျန့် ရယ်မောလိုက်မိသည်။ ယခုရာသီတွင် နေ့တာတိုပြီး နေဝင်အလွန်စော၏။ မြို့ငယ်လေးသို့ သွားသည့် လမ်းခွဲသို့ ရောက်သည့်အခါတွင်တော့ လုံးဝ မှောင်နေလေပြီ။ လမ်းတွင် လမ်းမီးများ မရှိသလို၊ သူတို့ ကားတစ်စီးတည်းသာ ရှိလေသည်။ ကားမီးရောင်က ရှေ့ကလမ်းကို ထိုးပြနေပြီး၊ လေထဲတွင် လွင့်ပါးနေသော သစ်ရွက်စလေးများနှင့် အမှုန်အမွှားများမှာ နှင်းကျနေသလိုမျိုး ထင်ယောင်ထင်မှား ဖြစ်စေသည်။ အလွန်ပင် တိတ်ဆိတ်အေးချမ်းလှသည်။ သူ ကြီးပြင်းခဲ့ရာ ဤနေရာ၏ ထူးခြားလှသော အေးချမ်းမှုမျိုးပေါ့။

ခဏအကြာတွင်မူ ထိုအေးချမ်းမှုမှာ ပျက်ပြားသွားခဲ့သည်။ ကားအပြင်ဘက်မှ “ဗုန်း” ခနဲ အသံကျယ်ကြီး ထွက်ပေါ်လာသည်။

“ဘာသံလဲ။ ဘီးပေါက်သွားတာလား”

“မသိဘူး”

ရှန်ယွီ အရှိန်လျှော့ကာ ကားကို လမ်းဘေးသို့ ဖြည်းဖြည်းချင်း ကပ်ရပ်လိုက်သည် ။

“အပြင်ထွက်ပြီး စစ်ကြည့်ရအောင်”

သူတို့နှစ်ဦးစလုံး ဂျာကင်တွေ ဝတ်ကာ အပြင်သို့ ထွက်ခဲ့ကြသည်။ ဖုန်းလက်နှိပ်ဓာတ်မီးများဖြင့် ကားကို နှစ်ပတ်လောက် ပတ်ကြည့်ကြသော်လည်း၊ ဘီးတွေကတော့ ကောင်းနေဆဲဖြစ်သလို ကားကိုယ်ထည်မှာလည်း သိသာတဲ့ ဒဏ်ရာ မတွေ့ရပါဘူး။

“ကျောက်ခဲတစ်လုံးက ဘီးခွေကို လာမှန်တာ ဖြစ်မှာပါ” ရှန်ယွီက ကားတံခါးကို မှီရပ်ရင်း လက်ပိုက်ကာ ဆိုလိုက်သည်။

“ဖြစ်နိုင်ပါတယ်၊ ဘီးမပေါက်ရင် တော်ပြီပေါ့၊ မဟုတ်ရင် လဲနေရဦးမယ်” ချန်ကျန့်က ဆိုကာ ဘီးခွေကို ဖုန်းမီးဖြင့် ထပ်မံ စစ်ဆေးနေသည်။

သူ ကိုယ်ကို မတ်လိုက်သည့် အခိုက်အတန့်တွင် လေတစ်ချက် ဝှေ့တိုက်သွားပြီး ရှန်ယွီ၏ ဆံပင်များကို လွင့်ပျံသွားစေသည်။ မြင်ကွင်းက ကွာခြားသော်လည်း ချန်ကျန့်မှာ ခဏမျှ မှင်သက်သွားရသည်၊ ရှုခင်းကြည့်ဆောင် လက်ရန်းနားမှာ ရှန်ယွီ လှည့်ကြည့်ခဲ့သည့် ထိုပုံရိပ်က သူ၏ ခေါင်းထဲသို့ ပြန်လည် ပေါ်လာခဲ့သည်။ ထိုအခိုက်အတန့်က သူ၏ အသက်ရှူသံလေး ခေတ္တမျှ လမ်းပျောက်သွားခဲ့ဖူးသည် မဟုတ်ပါလား။ သူသည် ရှန်ယွီနှင့် မျက်နှာချင်းဆိုင် ရပ်နေမိသည်။

“ဟင်?” ရှန်ယွီ ခေါင်းကို အနည်းငယ် စောင်းလိုက်သည်။

ချန်ကျန့် ဘာသံမှ မထွက်ပါဘူး။ နားထဲတွင် လေတိုက်သံများမှာ ယခုအခါ ဗုံတီးသံကဲ့သို့ ကျယ်လောင်နေလေသည်။ ရှန်ယွီသည်လည်း မလှုပ်မယှက် ရှိနေသည်။ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက်တွင် ရှန်ယွီက သူ၏ လက်မောင်းများကို ဖြန့်ပေးလိုက်သည်။

မည်သို့မျှ တုံ့ဆိုင်းမနေတော့ဘဲ၊ လေက တွန်းပို့လိုက်သလိုမျိုး ချန်ကျန့် ရှေ့သို့ တစ်လှမ်း တိုးဝင်လိုက်သည်။ သူ၏ လက်များမှာ ရှန်ယွီ၏ ဟနေသော ဂျာကင်အင်္ကျီအောက်သို့ တိုက်ရိုက် ဝင်ရောက်သွားပြီး ရှန်ယွီကို ဖက်တွယ်လိုက်တော့သည်။ စက္ကန့်ပိုင်းအတွင်းမှာပင် နွေးထွေးမှုတစ်ခုက သူ့ကို လွှမ်းခြုံသွားခဲ့သည်။ သူသည် ရှန်ယွီကို တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်ပြီး၊ ခေါင်းကို စောင်းကာ ရှန်ယွီ၏ လည်ပင်းကြားသို့ သူ၏ မျက်နှာကို ဝှက်ထားလိုက်လေတော့သည်။
___________________________________________________________________

TN // အချစ်ရူးလေး ။ အချစ်ဦးလည်း ဖြစ်နေတော့ သူ့မှာ ရူးနေရော…

Comments

  1. အငယ်လေးက တစိမ့်စိမ့်ချစ်ပြနေတာဟေးးး။အသဲယား

    ReplyDelete
  2. အွန်း ချစ်တတ်နေမှုလေး

    ReplyDelete

Post a Comment

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

2

အခန်း (၂) မိုးမှာ တဖွဲဖွဲတစ်လှည့်၊ သည်းထန်စွာတစ်လှည့် ဆက်လက်ရွာသွန်းနေဆဲ…ဆိုင်တံခါးအပြင်ဘက်ရှိ မိုးကာအမိုးပေါ်တွင် ရေများပြည့်လျှံနေပြီး အချိန်မရွေး ပြိုကျတော့မည့်အလား ။ လျူဝူသည် ထိုအမိုးကို ခေတ္တမျှ စောင့်ကြည့်နေပြီးနောက် လက်ညှိုးထိုးပြကာ မေးမြန်းစူးစမ်းခန်းစသည်။ “အဲ့ဒီဟာက ရေတွေကို အလိုအလျောက် စီးဆင်းအောင် လုပ်ပေးနိုင်တာလား” “ဟုတ်တယ်” ချန်ကျန် ခပ်တိုတိုပဲ ပြန်ဖြေ၏။ “ဟင်” လျူဝူသည် အံ့အားသင့်သွားပြီး “တကယ်ကြီး အလိုအလျောက်လား” ဟု ထပ်မေးသည်။ “အသံနဲ့ ခိုင်းရတာလေ” “ဗျာ” ချန်ကျန့် အဖြေကြောင့် လျူဝူမှာ ပို၍ပင် ဝေခွဲမရဖြစ်သွားတော့သည်။ ရှန်ယွီသည် သက်ပြင်းချရင်း မျက်နှာကို အခြားတစ်ဖက်သို့ လွှဲလိုက်ရ‌တော့၏။ ချန်ကျန် မတ်တတ်ရပ်လိုက်ပြီး တံခါးဘေးရှိ ခွတစ်ခုကို ယူကာ မိုးကာအမိုးအောက်သို့ လမ်းလျှောက်သွားသည်။ ထို့နောက် အမိုး၏ အပေါ်ဘက်ကို နှစ်ချက်ခန့် ဆွလိုက်ရာ စုပုံနေသော မိုးရေများမှာ ဝေါကနဲ စီးကျသွားပြီး မိုးကာအမိုးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ “မင်း ပြောလိုက်တဲ့ ခဏမှာပဲ ရေတွေက စီးဆင်းသွားတာလေ” ချန်ကျန် ပြန်လည်ထိုင်လိုက်ရင်း “အသံနဲ့ ခိုင်းရတာဆိုတာ အဲ့ဒါကို ပြောတာ” ဟု ဆိုသည်။ “အသံနဲ့ ခိုင်းရတယ်ဆို...